ကြွေးဟောင်း

ကြွေးဟောင်း (စ/ဆုံး)

———————–

၁၉၉၀ ခုနှစ်ဝန်းကျင်ခန့်ကဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ၊ ရွှေလင်ပန်းကျေးရွာတွင် ဘုရားထီးတင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေချိန်ဖြစ်သည်။ မိုးဦးကျကာလမို့ မိုးက တဖွဲဖွဲရွာနေသည့်တိုင် အလှူရှင်များနှင့် ဘုရားပွဲလာ ပရိတ်သတ်များက မိုးထဲရေထဲတွင် စောင့်မျှော်နေလျှက်ရှိသည်။ မကြာခင် ဆရာတော် အရှင် အာစာရ ကဦးဆောင်ကာ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ဘုရားအားလက်ယာရစ် လှည့်ပတ်သယ်ဆောင်ပြီးနောက် ဘုရားငြမ်းမှတဆင့် စိန်ဖူးတော်တင်လှူပူဇော်ကြသည်။ ထို့နောက် ထုံးစံအတိုင်း ရတနာရွှေမိုးငွေမိုးများအဖြစ် ပိုက်ဆံများကို ကြဲချကြသည်။ ပိုက်ဆံများမှာ မိုးသက်လေနှင့်အတူ အောက်မှ လူပရိတ်သတ်များအပေါ်သို့ တလွင့်လွင့်ဖြင့် ကျဆင်းသွားကြတော့သည်။

ဘုရားဘွဲ့အမည်ကို ရွှေရင်အေး စေတီတော်ဟု အမည်ပေးထားပြီး ဉာဏ်တော် ၁၈ တောင်မြင့်သည့် စေတီကလေးဖြစ်သည်။ စေတီတွင် မုခ်လေးခုရှိပြီး ဘုရားဆင်းတုတော်လေးဆူကို ထုလုပ်ပူဇော်ထားလေသည်။ စေတီတော်အတွင်း တန်ဆောင်းတစ်ခုနှင့် စကြံနတ်လမ်းတစ်ခုရှိပြီး စေတီဝန်းကျင် ရင်ပြင်တော်ကို သံမံတလင်းခင်းထားသည်။ ဆရာတော် အရှင် အာစာရ ကရွာခံဆရာတော်မဟုတ်ဘဲ နယ်လှည့်သာသနာပြုဆရာတော်ဖြစ်သည်။ ယခုလဲ ရွှေရင်အေး စေတီကို ဆရာတော်က ဦးဆောင်၍ ရွာခံများဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။

“ဆရာတော်ဘုရား ထူးဆန်းတာ တစ်ခုဖြစ်နေပါတယ် လာကြည့်ပါဦးဘုရား”

ကျေးရွာလူကြီးက ခေါ်သဖြင့် ဆရာတော်လဲ တန်ဆောင်းထဲမှထွက်လာခဲ့သည်။ စေတီလေး၏ မြောက်ဘက်ထောင့်တွင် လူများက စုရုံးပြီး အုံခဲနေကြသည်ကို တွေ့လိုက်ရသဖြင့် ဆရာတော်ကလဲ ထူးဆန်းတာ တစ်ခုခုဖြစ်နေပြီဟု ထင်မှတ်လိုက်သည်။ ဆရာတော်နှင့် လူကြီးများ ရောက်လာတော့ လူအုပ်ကြီးက ဆရာတော်ကို လမ်းဖယ်ပေးလိုက်ကြသည်။

“အလို”

ဆရာတော်လဲ အံ့သြပြီး ရေရွတ်လိုက်မိသည်။ ကျွဲကြီးတစ်ကောင်က ဘုရားရင်ပြင်တွင် ဝပ်နေပြီး ဘုရားကို ဦးတိုက်နေသည်။ ထိုကျွဲကြီး၏ မျက်လုံးများမှလဲ မျက်ရည်များက တသွင်သွင် စီးကျနေသည်။

“ကျွဲကြီးက ဘုရားလာဖူးတာဟေ့”

“ဟုတ်ပ မျက်ရည်တွေလဲ ကျလို့တော်”

“နတ်တွေကများဖန်ဆင်းပြီးလာသလားမသိဘူး”

ဝိုင်းကြည့်နေကြသည့် ပရိတ်သတ်မှ တစ်ယောက်တစ်မျိုးဖြင့် ထင်ကြေးဝိုင်းပေးနေကြသည်။ ဆရာတော်ကတော့ ကျွဲကြီးကိုကြည့်ပြီး ဂရုဏာသက်မိသွားကာ ကျွဲကြီးအနားသို့ ကပ်သွားလိုက်သည်။ ထို့နောက် ကျွဲကြီး၏ ချို(ဂျို) အလယ်နေရာကို လက်ဖြင့်အသာလေး သပ်ပေးလိုက်သည်။ ကျွဲကြီးမှာ ခွေးငယ်ကလေးပမာ ဆရာတော်၏ လက်ဖြင့် ပွတ်ပေးမှုကို ခေါင်းငုံ့ခံနေပြီးနောက် မျက်ရည်များလဲ တသွင်သွင်စီးကျလာပြန်သည်။

“ကျွဲကြီးရေ မင်းဘာကြောင့် ဒီလိုဖြစ်နေရတာလဲတော့ ဆရာတော်မသိဘူး၊ ဒါပေမယ့် ရွှေရင်အေးစေတီကို လာရောက်ဖူးမျှော်ရတဲ့ အကျိုးကြောင့် မင်းခံစားနေရတဲ့ အပူတွေငြိမ်းပြီး ရင်အေးနိုင်ပါစေလို့ ဆရာတော် ဆုတောင်းပေးလိုက်ပါတယ်”

ဆရာတော် ပြောလိုက်တော့ ကျွဲကြီးက ခေါင်းကိုမြေကြီးနှင့် ထိအောင် ကပ်လိုက်ပြီး ဦးချသည့်ပုံစံပြုလုပ်လိုက်သည်။ ထို့နောက် ကျွဲကြီးက ထရပ်လိုက်ပြီးနောက် ပရိတ်သတ်များကြားမှ လယ်ကွင်းများအတွင်းသို့ လေးလံသော ခြေလှမ်းများနှင့် တစ်လှမ်းခြင်းထွက်သွားလေတော့သည်။

ထိုနေ့ည

“အရှင်ဘုရား . . . အရှင်ဘုရား”

ဆရာတော်လဲ ခေါ်သံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ အချိန်က ညည့်သန်းခေါင်ယံဖြစ်နေပြီး ညည့်နက်နေပြီဖြစ်သည်။ ဆရာတော်ကြည့်လိုက်တော့ အဝတ်အစားနွမ်းနွမ်းနှင့် လူတစ်ယောက် ဆောင့်ကြောင့်ကလေးထိုင်နေသည်ကိုတွေ့ရသည်။

“ဘယ်သူတုန်းဟဲ့”

“မှန်ပါ၊ လက်ပံရွာက သိန်းတန်ပါဘုရား”

ဆရာတော်က မျက်မှောင်ကြုတ်လိုက်သည်။

“ငါလဲ မသိပါလား”

ထိုအခါ ထိုသူက ဆရာတော်ကို ပြုံးပြလိုက်သည်။

“ဆရာတော် နေ့လည်က တွေ့ခဲ့တဲ့ ကျွဲကြီးပါ”

“ဟေ”

ဆရာတော်က အံ့သြပြီး ရေရွတ်လိုက်လေသည်။

“ကျွဲကြီးက ဘယ်လိုလုပ် လူဖြစ်သွားသလဲကွဟေ”

“တင်ပါ့။ ကွင်းပိုင်ကြီးဆီ ခွင့်တောင်းပြီး ဆရာတော့်ကို ပြောစရာရှိလို့ လာတွေ့ရခြင်းဖြစ်ပါတယ်”

ဆရာတော်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

“ကဲ ပြောပါဦး၊ ဘာပြောစရာရှိလဲ”

“တပည့်တော်ကို ဆရာတော် ကယ်တင်ပေးပါဘုရား”

“ဆရာတော်က ခုနှစ်ရက်သားသမီးတွေ အားလုံးကို ကယ်တင်နိုင်တယ်ဆိုရင် ကယ်တင်ပေးပါတယ်၊ မင်းက ဘာအခက်အခဲဖြစ်နေလို့လဲကွ”

“မှန်ပါ တပည့်တော် ကြွေးဟောင်းတစ်ခုကြောင့် ကျွဲဖြစ်ပြီး ကြွေးပြန်ဆပ်နေရလို့ပါဘုရား”

“မင်းပြောတာ အဆန်းပါလား၊ ဘယ်လိုအကြွေးဟောင်းကြောင့်လဲ”

ထိုအခါ လက်ပံရွာက ဦးသိန်းတန်ခေါ်ကျွဲကြီးသည် သူ့အဖြစ်အပျက်များကို ဆရာတော်အား ပြောပြလေတော့သည်။

(မှတ်ချက်၊ ဦးသိန်းတန်က အမြန်အတိုချုံ့ပြီးပြောသော်လည်း ရသမြောက်စေရန် စီကာပတ်ကုံး ပြန်လည်ရေးသားပါမည်)

(၂)

လက်ပံရွာ။ ရွှေလင်ပန်းရွာနှင့် ရွာချင်းကပ်ဖြစ်သည်။ လက်ပံရွာတွင် ဦးသိန်းတန်နှင့် မိသားစုနေထိုင်လေသည်။ ဦးသိန်းတန်ထံတွင် ဦးစံရွှေဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။ ဦးသိန်းတန်ကော ဦးစံရွှေပါ လယ်သမားများဖြစ်ကြသည်။ ဘိုးစဉ်ဘောင်ဆက် ထိုရွာတွင် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသူများဖြစ်သည်။ ဦးသိန်းတန်နှင့် ဦးစံရွှေမှာ ငယ်သူငယ်ချင်းတွေလဲဖြစ်ပြန်၊ လယ်နီးချင်းတွေလဲ ဖြစ်သဖြင့် အလွန်ခင်မင်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ဘယ်လိုပြောပြော၊ ဘယ်လိုဆိုဆို စိတ်မဆိုးကြ။

တစ်နေ့တော့ ဦးသိန်းတန်နှင့် ဦးစံရွှေ ကျိုက်လတ်သို့ ထွက်ခဲ့ကြသည်။ စပါးဈေး စုံစမ်းရန်ဖြစ်သည်။ ကျိုက်လတ်ရောက်တော့ ဦးသိန်းတန်တို့ စုံစမ်းသင့်သည်များ စုံစမ်းပြီး ကျိုက်လတ်ဈေးသို့ ဝင်ကာ လိုအပ်သည့် ပစ္စည်းကိရိယာများကို ဝယ်ယူကြသည်။ အစက ပစ္စည်းဝယ်ရန် မစီစဉ်ထားသော်လည်း ပစ္စည်းများမှာ အရည်အသွေးကောင်းပြီး ထိုပစ္စည်းမျိုးရခဲသည်မို့ နှစ်ဦးသား တစ်ခါတည်းဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ဦးသိန်းတန်မှာ ငွေများများစားစားမပါ။ လယ်ယာသုံး ကိရိယာကလဲ ပစ္စည်းကောင်းတုန်း၊ ဈေးတန်တုန်း၊ ကြုံတုန်းဝယ်ထားတာ တော်ကာကျမည်ဖြစ်သည်။ သို့နှင့် ဦးစံရွှေထံ ငွေချေးရတော့သည်။

“စံရွှေ၊ မင်းမှာ သုံးရာလောက်လွယ်သလား”

“အေးကွ သိန်းတန်ရ၊ မင်းလိုလို့လား”

“အေးကွာ၊ မင်း အဲ့ဒီ သုံးရာ ငါ့ကို ခဏချေးထားပါကွာ၊ ငါစပါးရောင်းပြီးတော့ မင်းကိုပြန်ဆပ်ပါ့မယ်”

“အချင်းချင်းတွေပဲကွာ ပြောစရာလိုသေးလို့လား၊ ရော့ သုံးရာ”

သို့နှင့် သူငယ်ချင်းနှစ်ယောက် အတူတူ ပစ္စည်းများကို ဝယ်ယူကာ ပြန်ခဲ့ကြသည်။
(ထိုခေတ်က သုံးရာမှာ ယခုခေတ် သုံးသောင်းလောက်နှင့် ညီမျှသည်)

သို့သော် စပါးရောင်းပြီးတော့ ဦးသိန်းတန်မှာ ထိုအကြွေးကို မဆပ်ဖြစ်။ သတိမရသောကြောင့်ဖြစ်သည်။ ဦးစံရွှေကလဲ သူငယ်ချင်းဦးသိန်းတန်ကို ငွေလေးသုံးရာလောက်နှင့် မတောင်းတော့။ ဒီတော့ ကြာတော့ ဦးသိန်းတန်လဲ ထိုသုံးရာကို မေ့လာသည်။ ဦးစံရွှေကလဲ ပြန်မတောင်းတော့။

သို့နှင့် လေးငါးနှစ်ခန့်အကြာတွင် ဦးသိန်းတန်တစ်ယောက် ကြမ္မာငင်လေပြီ။ ဦးစံရွှေနှင့် နှစ်ယောက်သား ရွာလယ်က အလှူပွဲသို့သွုားကြလေသည်။ စပါးပေါ်ချိန်တွင် ကျင်းပသည့် ရှင်ပြုပွဲဖြစ်သည်။ ရှင်ပြုပွဲတွင် ဒံပေါက်ကျွေးသည်။ ထိုခေတ်က ဒံပေါက်မှာ ကျေးလက်နေပြည်သူများ စားရခဲသည်။ မြို့ကြီး ပြကြီးများတွင်သာ စားလို့ရနိုင်ပေသည်။ ထို့ကြောင့် ဦးသိန်းတန်တို့ ဒံပေါက်များကို အပီစားသောက်ကြတော့သည်။

ဦးသိန်းတန်မှာ ဒံပေါက်လဲ အလွန်ကြိုက်သည်။ မြို့တက်တော့မှ တစ်ခါ နှစ်ခါ စားဖူးသည်မို့ အခု ရွာရှိအလှူတွင်အလကားကျွေးသော ဒံပေါက်ကို အလွန်ကြိုက်နှစ်သက်နေသည်။ ဒံပေါက်နှင့် ကြက်သားဟင်းသည် ဟင်းခတ်အမွှေးအကြိုင်များများဖြင့် အလွန်စားကောင်းလေသည်။ ဦးသိန်းတန်က ဒံပေါက်ကို သုံးပွဲခန့် အဝစားသောက်လိုက်သည်။ ထို့နောက် စားပြီးသောက်ပြီးတော့ ဦးစံရွှေနှင့်အတူ ပြန်လာကြသည်။

ရွာလယ်လမ်းအရောင် ဦးသိန်းတန် ခေါင်းတွေ မူးလာလေသည်။ ချွေးစေးတွေလဲ ထွက်လာသည်။ အတူလာသည့် ဦးစံရွှေက ဦးသိန်းတန်အခြေအနေကို သိသဖြင့် လက်ကိုဖမ်းဆွဲထားရသည်။

“သိန်းတန်၊ ဟေ့ကောင် ဘာဖြစ်တာလဲ”

“ခေါင်း . . . ခေါင်းတွေတအားမူးပြီး ချာချာလည်နေလို့ကွ”

ထို့နောက် အလွန်ပြင်းထန်လှသည့် အားတစ်ခုက ဦးသိန်းတန်ကို မြေပြင်ပေါ်မှနေ၍ တွန်းတင်လိုက်သလို ခံစားလိုက်ရပြီး ဦးသိန်းတန် အမှောင်ထုထဲ ရောက်သွားလေတော့သည်။ စင်စစ်မှာ သွေးတိုးရှိသော ဦးသိန်းတန်သည် သွေးတိုးလွန်ပြီး ဦးနှောက်သွေးကြောပြတ်ကာ ဦးစံရွှေလက်ထဲတွင်ပင် သေဆုံးသွားပြီဖြစ်သည်။

“သိန်းတန်၊ သူငယ်ချင်း . . . သိန်းတန်”

ဦးစံရွှေ၏ ခေါ်သံ သဲ့သဲ့ကို နားထဲကြားနေမိသည်။ ထို့နောက် ချက်ချင်းဆိုသလို မျက်လုံးထဲ အလင်းရောင်များကတိုးဝင်လာလေသည်။

“ညွှံ့ . . . ညွှံ့”

ကျွဲအော်သံများကိုလဲ ကျယ်လောင်စွာကြားနေရသဖြင့် ဦးသိန်းတန် မျက်လုံးများကို အတင်းဖွင့်ကြည့်လိုက်သည်။ ထိုအခါ ကျွဲမကြီးတစ်ကောင်ကို မြင်လိုက်ရပြီးနောက် ကျွဲမကြီးက ဦးသိန်းတန်ကို ကြမ်းတမ်းသည့် လျှာကြီးဖြင့် လျှက်နေလေသည်။

“အလို ငါဘာဖြစ်နေပါလိမ့်”

မျက်လုံးများမှာ အလင်းရောင်ကိုမြင်ရသော်လည်း ေ၀ဝါးနေသည်။ ဦးသိန်းတန်လဲ အားယူပြီး ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ သူက တင်းကုပ်တစ်ခုထဲတွင် ရောက်နေခြင်းဖြစ်သည်။ ထိုအခါ ဦးသိန်းတန်လဲ လန့်သွားပြီး သူ့လက်တွေကို ကြည့်မိလိုက်သည်။ မည်းနက်သည့် အသားအရေနှင့် ခွာတွေကိုတွေ့လိုက်ရသည်။

“ဟာ . . . . ငါကျွဲဖြစ်နေပြီပဲ”

(၃)

ဟုတ်ပါသည်။ ဦးသိန်းတန်တစ်ယောက် ရွာထဲရှိ ဦးစိန်၏ ကျွဲမကြီးထံတွင် သွားပေါက်လေသည်။ ထို့နောက် ကျွဲအဖြစ်နှင့် နေထိုင်ရတော့သည်။ တစ်ခုရှိတာက ဦးသိန်းတန်က ဘဝကူးတာမြန်သဖြင့် အရင်ဘဝကို မှတ်မိနေခြင်းဖြစ်သည်။ ဦးစိန်ထံတွင် နှစ်နှစ်ခန့်နေထိုင်ပြီးနောက် တစ်နေ့ ဦးစံရွှေ ဦးစိန်ဆီသို့ရောက်လာသည်။

“ပြော၊ စံရွှေ ဘာကိစ္စ”

“ဒီနှစ် မြေရိုင်းတွေ လုပ်မလားလို့၊ ကျွဲလေးတစ်ကောင်လောက် ဝယ်မယ်”

“ဒါဆိုရင် တနှစ်ကပေါက်တဲ့ ကျွဲထီးလေးကို ကြည့်ပါလား၊ နောက်ဆိုရင် ခိုင်းကောင်းတော့မှာ”

ဦးစံရွှေက ကျွဲတင်းကုပ်ထဲဝင်လာသည်။ ထိုအခါ ဦးသိန်းတန်ကို တွေ့သွားပြီး ကျေနပ်သွားတော့သည်။

“ယူမယ်ဗျာ၊ ဒီကောင်လေးကို ကျုပ်ကြိုက်တယ်”

ငွေချေပြီးတော့ ဦးစံရွှေက ကျွဲကလေးကို မောင်းလာခဲ့သည်။ လမ်းလျှောက်ရင်း ဘာရယ်မဟုတ်ဘဲ ကျွဲကလေးကို ကြိမ်လုံးကြီးဖြင့် တင်ပါးကို ခဏခဏရိုက်လေသည်။

ထို့နောက် တစ်သက်လုံး ဦးစံရွှေနှင့်အတူ ဦးသိန်းတန်က ကျွဲအဖြစ်နှင့် ရုန်းရတော့သည်။ ဦးစံရွှေကလဲ ဦးသိန်းတန်ကို ကျွဲရိုက်နွားရိုက် ရိုက်လေသည်။ ရုန်းရတာလဲ အလွန်ပင်ပန်းလေသည်။ မြေရိုင်းများမှာ ထွန်ယက်ရန် အလွန်ခက်ခဲလေသည်။ ကျွဲမှာ နွားထက်ကြံ့ခိုင်ပြီး ကရိကထလဲ နည်းသဖြင့် အများစုမှာ ကျွဲဖြင့် ထွန်ယက်ကြလေသည်။ ဦးသိန်းတန်မှာ သူချေးခဲ့သည့် ငွေသုံးရာအတွက် ဘဝနှင့်ရင်းပြီး ပင်ပန်းဆင်းရဲစွာဖြင့် ကျွဲအဖြစ်ဆပ်ရလေပြီ။

“ဒါဆို မင်းကျွဲဖြစ်ပြီး စံရွှေဆီမှာ လုပ်နေတာ ဘယ်လောက်ကြာပြီလဲ”

“တပည့်တော်လဲ သေချာမသိတော့ပါဘူးဘုရား၊ ခန့်မှန်းခြေ လေးငါးဆယ်နှစ်လောက် ရှိရောပေါ့ဘုရား”

“အင်း . . . အကြွေး . . . အကြွေး သိပ်ပြီးကြောက်စရာကောင်းပါလား၊ ဒါနဲ့လေ စံရွှေက မင်းဆီက ပြန်မှမတောင်းတာ၊ မင်းအကြွေးတွေက မကျေဘူးလား”

“မကျေပါဘုရား၊ အကြွေးဆိုတာ ပြန်ဆပ်မှ ကျေပါတယ်တဲ့”

“အင်း၊ ဒါဆိုဒီလိုလုပ်လေ၊ မင်းချေးခဲ့တဲ့ အကြွေးကို ငါစံရွှေဆီသွားပြီး ဆပ်ပေးမယ်ဆိုရင်ကော”

ထိုအခါ ဦးသိန်းတန်က ခေါင်းခါလေသည်။

“မရပါဘုရား၊ အကြွေးယူတဲ့သူကိုယ်တိုင်ဆပ်မှ ရမှာပါ”

ဆရာတော်လဲ ကတုံးကို လက်ဖြင့်ပွတ်လိုက်လေသည်။

“ဒါဖြင့် ဘယ်လိုလုပ်ပေးရမလဲ”

“တပည့်တော် ပြောသလိုသာ စီစဉ်ပေးပါဘုရား”

သို့နှင့် ဆရာတော် တစ်ယောက် ရန်ကုန်မပြန်ဖြစ်သေးဘဲ လက်ပံရွာသို့ ခရီးဆက်ခဲ့ရပြန်သည်။ ရွှေလင်ဗန်းမှ ဒါယိကာများက လှည်းဖြင့် လိုက်ပို့ပေးကြသည်။ ရွှေလင်ဗန်းရောက်တော့ ဦးစံရွှေအိမ်သို့ စုံစမ်းပြီး သွားရတော့သည်။ ဦးစံရွှေက ထိုနေ့က လယ်ထဲမသွား၊ အသက်အရွယ်လဲ ရလာပြီဖြစ်သဖြင့် သားသမီးများကို လုပ်ကိုင်စေသည်။ ဆရာတော် ရုတ်တရက်ကြွလာတော့ ဦးစံရွှေက အံ့သြသွားလေသည်။

“ဆရာတော်က ဘာအတွက်ကြောင့် ကြွလာတာလဲဘုရား”

ထိုအခါ ဆရာတော်က ဦးစံရွှေကို ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။ ဦးစံရွှေကလဲ ယုံတစ်ဝက် မယုံတစ်ဝက်နှင့်။ သို့သော် ပြောပြသည့် ဆရာတော်ကလဲ နယ်လှည့်သာသနာပြု ဆရာတော်ဖြစ်နေသဖြင့် ယုံလိုက်ရလေသည်။

” ဟုတ်တော့ ဟုတ်မယ် ဆရာတော်ရဲ့၊ ဒီကျွဲကလေးကို တပည့်တော် မြင်ကတည်းက ဘယ်လိုရိုက်ချင်မှန်းကိုမသိဘူး၊ စိတ်ထဲမှာ အလကားနေရင်း ရိုက်နှက်ချင်စိတ်တွေပေါ်လာတယ်၊ နောက်ပြီး ကျွဲလေးကလဲ ခိုင်းကောင်းတော့ သူ့ချည်းပဲ ဒိုင်ခံ ခိုင်းနေမိတာ”

ပြောနေရင်း ဦးစံရွှေမှာ မျက်ရည်တွေစို့လာသည်။ ထိုအခါ ဆရာတော်က ဦးစံရွှေကို ထီလတ်မှတ် သုံးစောင်ထုတ်ပေးလိုက်သည်။ ဦးစံရွှေက ထီလက်မှတ်များကို ယူလိုက်လေသည်။

“ဘာလုပ်တာလဲ အရှင်ဘုရား”

“မင်းသူငယ်ချင်း သိန်းတန်မှာတဲ့အတိုင်း ငါလုပ်ပေးတာပဲ”

ဆရာတော်ကထိုသို့ပြောပြီး ကျွဲတင်းကုပ်ကို ဆင်းကြည့်သည်။ ဦးစံရွှေလဲ နောက်ကနေလိုက်လာလေသည်။ ဆရာတော်ကို မြင်သည်နှင့် ဦးသိန်းတန်ကျွဲကြီးက အမေတွေ့သည့် ကလေးလေးတစ်ယောက်လို ဆရာတော်အနားရောက်သည်နှင့် ဆရာတော်ကိုခေါင်းဖြင့် ပွတ်သပ်နေလေသည်။ ထို့နောက် ဦးစံရွှေက ကျွဲခေါင်းကို ပွတ်သပ်ပေးနေလေသည်။

“ငါတောင်းပန်ပါတယ်၊ သူငယ်ချင်းရာ၊ မင်းမှန်းမသိလို့ ငါရိုက်မိခဲ့ ခိုင်းမိခဲ့ပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါကွာ”

ပြောရင်း ဦးစံရွှေ၏ မျက်ဝန်းများမှာ မျက်ရည်များ စီးကျလာလေသည်။ ကျွဲကြီး၏ မျက်ဝန်းမှလဲ မျက်ရည်များ စီးကျနေလေသည်။

(၄)

ဆရာတော်က ခြောက်လကျော်မှ ရန်ကုန်ရှိ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်တော့သည်။ အထက်အညာဒေသသို့ နယ်လှည့်သာသနာပြု ခရီးစဉ်တွေ ထွက်နေရသဖြင့် ကျောင်းကိုအခုမှပဲပြန်ရောက်သည်။ ကျောင်းတွင် သုံးရက်ခန့်နားပြီးသော် ကျောင်းကိုရောက်နေသည့် စာများကို ဖွင့်ဖောက်ကြည့်ရသည်။ စာများမှာ ဆရာတော်၏ လက်ထောက်ဆရာတော်များက ဖွင့်ဖောက်ဖတ်ပြီး စာပြန်သင့်သည်များ၊ အလှူကိစ္စ၊ သာသနာရေးနှင့်ဆိုင်သည့် ကိစ္စများကို စီမံပြီဖြစ်သည်။ ကျန်သည့်စာများမှာ အနယ်နယ်အရပ်ရပ်မှ လူပုဂ္ဂိုလ်များ၊ မိတ်ဆွေများမှ ပို့ထားသည့် စာများဖြစ်သည်။

အတန်ကြာစာဖတ်ပြီးနောက် စာအိတ်ကလေးတစ်စောင်ကိုတွေ့လိုက်ရသည်။

“မှ ဦးစံရွှေ၊ လက်ပံရွာ၊ ကျိုက်လတ်မြို့နယ်”

ထိုလိပ်စာကလေးကို ဖတ်လိုက်ရသဖြင့် လွန်ခဲ့သော ခြောက်လကျော်က ဖြစ်ခဲ့သည့် အဖြစ်အပျက်ကလေးကို ပြန်သတိရသွားပြီး သိချင်စိတ်ဖြင့် စာကိုအမြန်ဖွင့်ဖတ်လိုက်တော့သည်။

“သို့ ဆရာတော် အာစာရ

ဆရာတော် ပေးခဲ့တဲ့ ထီလက်မှတ်ကလေးက ထီ ၃ သောင်းဆုပေါက်ပါတယ်ဘုရား၊ ဆရာတော်ပြန်သွားပြီးကတည်းက တပည့်တော်လဲ ဦးသိန်းတန်ကျွဲကို အလုပ်မခိုင်းတော့ပဲ ကောင်းကောင်းမွန်မွန် ကျွေးမွေးပါတယ်ဘုရား၊ ထီပေါက်ပြီးတော့ တပည့်တော်လဲ အဲဒီကျွဲကြီးကို ဦးချိုအဖြားမှာ ရွှေချပြီးတော့ ဘေးမဲ့လွှတ်ပေးလိုက်ပါတယ်ဘုရား၊

အရှင်ဘုရား နောက်တစ်ခါ ရွှေရင်အေးစေတီကိုရောက်ရင် စေတီအနီးတစ်ဝိုက်မှာ ဘေးမဲ့ကျက်စားနေတဲ့ ဦးသိန်းတန် တဖြစ်လဲ ကျွဲကြီးကို မြင်တွေ့ရမှာပါဘုရား၊ ဆရာတော်ဘုရား အသက်ရှည်ကျန်းမာပြီး သာသနာ့တာဝန်တွေကို ထမ်းဆောင်နိုင်ပါစေလို့ တပည့်တော့ ဆုတောင်းပေးနေပါတယ်ဘုရား။

စံရွှေ
လက်ပံရွာ”

ဟု မညီမညာရေးသားထားသည့် စာလုံးများကို ဆရာတော်က ဖတ်ပြီးပြုံးလိုက်မိသည်။ ဆရာတော်၏ ရင်တွင် သူတစ်ပါးကို ကူညီကယ်တင်လိုက်ရသည့် ပီတိတစ်မျိုးဖြစ်ပေါ်သွားလေသည်။ ထို့နောက်ဆရာတော်သည် စာကိုစာအိတ်ကလေးထဲ ပြန်ထည့်လိုက်ပြီး စဉ်းစားနေလိုက်မိသည်။ ဆရာတော် စဉ်းစားနေသည်မှာ အလွန်ကြောက်စရာကောင်းသည့် အကြွေးဟူသော စကားကိုပင်ဖြစ်သည်။

နှစ်လုံးတည်းနှင့် အလွန်ကြောက်စရာကောင်းလှသည်။ ကြွေးရှင်က ပြန်မတောင်းသည့်တိုင်အောင် ကြွေးမဆပ်နိုင်သရွေ့ အကြွေးမကျေသေးဘဲ ဖြစ်လေရာဘ၀ ထိုအကြွေးကို လိုက်ဆပ်ရသည့် ဦးသိန်းတန်၏ အဖြစ်ကိုလဲ သံဝေဂရမိသည်။ အကြွေးဟူသည် ပမာဏ နည်းသည် များသည်မဟုတ် ပြန်မဆပ်နိုင်လျှင် ဘဝခြားသည့်တိုင် ပေးဆပ်နေရသည့် ကြောက်စရာ ဝဋ်ကြွေးတစ်ခုပါတကား။

ဖြစ်ရပ်မှန်ဖြစ်ပါသည်။ စာရေးသူ မေးသမျှကို ပြန်လည်ဖြေကြားပေးသည့် ဆရာတော်အားလဲ လက်အုပ်ချီမိုး ရှိခိုးအပ်ပါသည်။ နေရပ်ဒေသ အမှန်ဖြစ်သော်လည်း ရွာအမည်များနှင့် လူအမည်များ ပြောင်းလဲထားခြင်းဖြစ်ပါသည်။

ကြိုးစားပါဦးမည်
#အဂ္ဂဇော်

Credit