ခေါ်၍လိုက်လာရပါသည်(စ/ဆုံး)
——————————-
မှောင်သည်။ အ,ကာလ ညဉ့်သန်းခေါင်သည် မှောင်မိုက်လို့နေပါသည်။ထိုအမှောင်ထုထဲမှ ရာသီအပူကြောင့် ရင်ကွဲပုစဉ်းငယ်တို့သည် အသက်ပြတ်ထွက်လုမတတ် အဆက်မပြတ် အော်ဟစ်နေကြပါသည်။
နွေည သန်းခေါင်ယံတွင် အငယ်ဆုံး နို့စို့ကလေး တရေးနိုးလာပါသဖြင့် မခင်စန်း တစ်ယောက် အိပ်ချင်မူတူးဖြင့် နို့တိုက်နေရသည်။
ကလေးနို့တိုက်ရင်း မှေးကနဲ အိပ်ချင်ချင် ဖြစ်နေတုန်း ခပ်အုပ်အုပ် ဆူညံပွက်သံကြောင့် သူမ မျက်လုံး ပြူးကျယ်သွားရသည်။
အိမ်အနောက်ဘက် ကြက်ခြံမှ ကြက်အော်သံတွေ ခပ်စိပ်စိပ် ထွက်ပေါ်လာသောကြောင့်ဖြစ်ပါ၏။
” ကတော် … ကတော် … ကွတ် … ကွတ် … ”
နောက်ဖေးမှာ မွေးထားသော ကြက်များသည် ဒီကနေ့ညမှ ထူးခြားစွာ အုတ်အုတ်ကျက်ကျက် အသံပေးနေကြ၏။ခါတိုင်း ဤညကဲ့သို့မဟုတ်။
ကြက်များ၏ သဘောက မြွေကဲ့သို့သော သူတို့၏ ဥများကို အန္တရာယ်ပေးမည့် အကောင်တွေ့ပါက ဤသို့ ဆူညံလေ့ရှိကြ၏။
အပို ဝင်ငွေလေး ရအောင် လင်မယားနှစ်ယောက် ကိုယ်တိုင် ဝါးထရံ ခပ်ကျဲကျဲ ခတ်ကာ၊ သက်ကယ်မိုး တဲဖြင့် ကြက် ကောင်ရေ အနည်းငယ်ကို မွေးထားခြင်း ဖြစ်သည်။ အလွန်ရှိလှ ၁၅ကောင် ၂၀ပေါ့။ဒါက တိုးပွားလာခြင်းဖြစ်သည် ။ သူတို့လင်မယား စမွေးမြူကာစက နှစ်စုံ ၄ကောင်တည်း ဖြစ်၏။
ခုတလော ကြက်များကို လင်းမြွေကြီးတစ်ကောင် လာချောင်းနေသည်ဟု နို့ညှာကောင် နေထက်လင်းက အမေကို သတိပေး၏။ ဒီကောင်က ကြက်ခြံကို ဂရုစိုက်သည်။ အကြီးကောင်လို ကစားမက်သည်မဟုတ်။ကြက်ဥ ကောက်လည်း သူပင်။ အားကိုးရ၏။
” အမေ … လင်းမြွေကြီးဗျ ၊ ကြက်ခြံကို လာချောင်းတာ ၊ ကျနော် ဘတ်ခွနဲ့ ထုလွှတ်လိုက်တာ အနောက်ဘက် ချောင်းကျယ်ထဲ ဆင်းပြေးသွားတယ် ။ နောက်တစ်ခါ မိလို့ကတော့ အသေဆော်ပြီပဲ ”
မခင်စန်းသည် စိုးရိမ်စိတ်ဖြင့် ကိုဖိုးလုံးကို ကြက်ခြံထဲ ဆင်းကြည့်ဖို့ ပြောရန် ပြင်လိုက်သည်။
ဒါပေမယ့် တခူးခူးနဲ့ ဟောက်နေသော ဘေးနားက လင်ယောက်ကျားကို ကြည့်၍ မခင်စန်းသည် သက်ပြင်းမောကို ဟင်းကနဲ ချလိုက်မိသည်။
ခမျာလည်း တစ်နေကုန်လုံး လွှဆွဲ၊ ထင်းတိုက် စတဲ့အလုပ်ကို ကြမ်းတမ်းစွာ လုပ်ရ၍ ပင်ပမ်းလိမ့်မည်ဟု စာနာတွေးလေး တွေးကာ ခပ်ကွေးကွေး အိပ်နေသည့် ကိုဖိုးလုံးကို မနှိုးရက်ရှာ။မနက်လည်း ထင်းတိုက်အဖွဲ့နဲ့ တောထဲ စောစောထ သွားရဦးမည်မဟုတ်လား။
နို့ပိန်ကို တလိမ်လိမ်နဲ့ ရေကုန်ရေခမ်း ဆွဲစို့နေရှာသည့် သားငယ်လည်း သရေဖတ်ကို ကိုက်ရသည့်နှယ် အရသာ မတွေ့တော့ထင်ရ၏။ နို့ကို လွှတ်၍ ပက်လက်လေး လန်ကာ အိပ်ရှာပြီ ။
ဟိုဘက် ခြင်ထောင်ကို လှမ်းကြည့်တော့ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က မှောက်ရက်၊ ကျန်တစ်ယောက်က ခြင်ထောင်အလယ် ကန့်လန့်။တခူးခူးနဲ့ အိပ်ပျော်နေကြသည်။
နို့ညှာကောင်မှာ အသက်သာ ၇နှစ်ပြည့်ပြီ ၊ အခုထိ အတန်းကျောင်း မတက်ရသေး။ အကြီးကောင်ကတော့ ဒီနှစ် ကျောင်းဖွင့်ရင် ၄တန်းတက်ရမည် ဖြစ်သည်။ကျောင်းထား နောက်ကျသဖြင့် ၁၁နှစ်မှ ၄တန်းသာ ရှိသေး၏။
” ကွတ် … ကွတ် … ကတော် ”
ကြက်တွေရဲ့ အသံက အန္တရာယ်တစ်ခုခုကို ကြုံဆုံနေရသည့်အလား အဆက်မပြတ် အော်ဟစ်လာကြသည်။
မခင်စန်း မနေနိုင်တော့ချေ။ သူ့ ကြက်တွေက အစာကောင်းကောင်း စားရ၍ ဆူဖြိုးနေကြသည်မဟုတ်လား ။ တစ်ကောင်ပါသွားလျင်ပင် တစ်ပိသာနှစ်ဆယ် အသာလေး။ ကြက်ဈေးက ခုချိန်ခါ ကောင်းနေ၏။ ပြီးတော့ သူ့ကြက်တွေက စီပီကြက်မဟုတ်။ ဗမာ အသားတိုးကြက်များ ဖြစ်ကြသည်။ ဥလည်း ချကြပြီဖြစ်၏။
သူမ ကြက်တွေ တစ်ကောင်တလေပင် အဆုံးအရှုံး မခံနိုင်ပေ။ပြေလျော့နေသော ဆံစတို့ကို ဖြစ်သလို စုစည်းလိုက်သည်။ကလေးနိုးမည်စိုး၍ ခြေကို အသာဖွ အိမ်အနောက်ဖက်သို့ ထမိန်ကို တိုတိုတုတ်တုတ် ပြင်ဝတ်ကာ ထလာခဲ့သည်။ အခန်းဝက စင်ပေါ်မှာ တင်ထားသော ကိုဖိုးလုံး၏ အယ်အီးဒီ ခေါင်းစွပ်မီးကို ကောက်စွပ်လိုက်သည်။
ဒါလေးက ကိုဖိုးလုံး ရံဖန်ရံခါ ညဘက် ဖားရှာငါးရှာ သွားသည့်အခါ အသုံးပြုသော ဓာတ်မီးပင် ဖြစ်၏။
နောက်ဖေးရောက်သည့်အခါ တဲနံရံမှာ အသင့် ထောင်ထားသည့် ကောက်ရိုးဆွသည့် ခက်ရင်းကို ယူပြီး ကြက်ခြံရှိရာသို့ ထွက်လာခဲ့သည်။အခန့်မသင့်လို့ မြွေနဲ့ ပက်ပင်းတိုးပါက ဘေးဆီးရန်ကာ ခြောက်လှန့် လွှတ်ရန် ရည်ရွယ်ထားသည်။
ခေါင်းပေါ်မှ အယ်အီးဒီမီးက မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
အယ်အီးဒီ မီးရောင်က သစ်ပင်များပေါ်သို့ အလင်းရောင်ကျသည့်အခါ ရိပ်ကနဲ ရိပ်ကနဲ လှုပ်ရှားသွားသကဲ့သို့ပင်။
စိုက်ထားတဲ့ သင်္ဘောပင် နှစ်ပင်ကို ဖြတ်လျှောက်လာအပြီးမှာ ကြက်ခြံတဲ၏ အရှေ့ကို ရောက်လေ၏။
” ဝု … အု … အူး ”
ခြံအပြင်က ခွေးလေခွေးလွင့်အချို့က တိုက်တိုက်ဆိုင်ဆိုင်ကြီး သူမ ခြံထဲသို့ ခေါင်းထိုး လှည့်ကာ အူလိုက်ကြသည်။
အ,ကာလ ညနက်ကြီးမှာ ခွေးအူသံ စူးစူးကြာင့် မခင်စန်း တုန်ကနဲ ရင်ဖိုသွားသည်။ လက်ထဲက ခက်ရင်းခွကို တင်းတင်းဆုပ်ကိုင် ထားလိုက်မိသည်။ ဘာရယ်မဟုတ် ၊ မိန်းမသားဆိုတော့ ဟိုတွေးသည်တွေး တွေးမိကာ ကြောက်လန့်သွားခြင်း ဖြစ်သည်။
တဲအတွင်းကို ခေါင်းငုံ့ ဝင်လိုက်သည်။ ကိုဖိုးလုံးက သူ့ ကြက်ခြံကို ညတိုင်း ဘက်ထရီ မီးချောင်းတစ်ချောင်း အမြဲ ထွန်းပေးထားသည် ။ ဒါပေမယ့် အခု ထိုဘက်ထရီ မီးချောင်းမှာ ငြိမ်းနေ၏။
မီးခေါင်း လွတ်နေသည်ဟု ထင်မိသည်။
” ကတော် ကတော် ကွတ် ကွတ် ”
” ဖျန်း … ဖျန်း … ဖျန်း ”
ကြက်တွေက ဟိုဘက်သည်ဘက် ပြေးလွှားနေကြသည်။ တချို့ကြက်များဆို အတောင် တဖျန်းဖျန်းခတ်ကာ ကြောက်လန့် ခုန်နေကြသည်။
မခင်စန်းသည် ခက်ရင်းခွကို တင်းတင်းဆုပ်ကိုင်ကာ ကြက်ခြံထဲကို သူမ၏ ခေါင်းပေါ်က အယ်အီးဒီမီးဖြင့် နေရာအနှံ့ ထိုးရှာကြည့်လိုက်သည်။
နို့ညှာကောင် ပြောသည့် လင်းမြွေကြီးကိုများ တွေ့ရလေမလားလို့ ရှာဖွေကြည့်ပေမယ့် ၊ လင်းမြွေကြီးကိုတော့ မတွေ့ရချေ။ ကြက်ခြံ၏ ထောင့်တွင် အမွှေးအမှင် စုပ်တိစုပ်ဖွားဖြင့် ၊ ကုန်းကုန်းကွကွကြီး လုပ်နေသူတစ်ယောက်၏ နောက်ကျောပြင်ကို မြင်တွေ့လိုက်ရသည်။
ရုတ်တရက် မြင်ကွင်းဆန်းကြောင့် သူမ ထိတ်လန့်သွားသည်။
” အောင်မယ်လေး ! ဘာကောင်ကြီးလဲ ”
လက်ထဲက ခက်ရင်းခွ အောက်သို့ လွတ်ကျသွားသည်။ သူမ ရင်ဘတ်ကို လက်ဖြင့် အသာ ဖိထားလိုက်မိသည်။
ကုန်းကုန်းကွကွကြီးသည် အသံကြောင့် မခင်စန်းရှိရာဘက်သို့ လှည့်လာသည်။ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ မခင်စန်းက ငြိမ်သက်နေတာကြောင့် ထိုအကောင်ကြီးပေါ်သို့ အယ်အီးဒီမီးက ဖြာကျနေပါသည်။
ဟောက်ပက်ပက် မျက်တွင်းချိုင့်ကြီးများ ၊ အသားမရှိသော နှာခေါင်းပေါက်၊ ရိတွဲ ပြတ်ကျလုလု ပါးရိုးပေါ်က အသားမျှင်များ နဲ့အတူ ၊ ဦးခေါင်းကြီးက တခြမ်းပိန်ရှုံ့နေသည်။ သူမ မြင်နေရသည်က သရေများ ပါးစောင်က စီးကျနေသည့် မကောင်းဆိုးဝါးကြီး တစ်ကောင်၏ မသတီစဖွယ် မျက်နှာကြီးပင် ။
ထိုမကောင်းဆိုးဝါး၏ ပါးစပ်တွင် ကြက်မွှေးများက ပွစာခတ်နေသည်။ အသေအချာ ကြည့်မှ ပါးစောင်မှ စီးကျနေသည်မှာ သရေ မဟုတ်ပဲ ၊ ကြက်တစ်ကောင်၏ လည်ချောင်းသွေး စေးပျစ်ပျစ်များ ဖြစ်နေသည်။ ၎င်း၏လက်ထဲတွင် လည်လိမ်ပြီး သေနေသော ကြက်ဖကြီးတစ်ကောင်ကို ကိုင်ထားသည်ကို မြင်တွေ့လိုက်ရသည့်အခါ …
” အောင်မယ်လေး သရဲ သရဲ …”
မခင်စန်းသည် ခေါင်းငုံ့ဝင်ရသည့် ကြက်ခြံတဲကို သတိမေ့လျော့ကာ မတ်တတ်ထပြေး၏။ သူ၏ ခေါင်းနှင့် ကြက်ခြံတဲ၏ နဖူးစည်းတန်းနှင့် ဝင်တိုက်ကာ ဘိုင်းကနဲ နောက်ပြန်လဲကျလေ၏။
တိုက်မိသည့် အရှိန်ကြောင့် အနည်းငယ် မူးဝေသွားသည်။
ခြံထဲက ကြက်များကလည်း တဖျန်းဖျန်း အတောင်ခတ်ကြသလို ၊ တကွတ်ကွတ်နဲ့ ကြောက်လန့်တကြား အော်ဟစ် ဆူညံပွက်လောရိုက်ကုန်ကြသည်။
မခင်စန်းလည်း လဲကျနေရာမှ အမြန်ထကာ နောက်ကို လှည့်မကြည့်ပဲ ပြေးလေ၏။ ကြက်ခြံတစ်ခုလုံးသည် မခင်စန်း ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ကြက်များ၏ အော်ဟစ်ဆူညံများကြောင့် ဝရုန်းသုန်းကား ဖြစ်ကျန်ရစ်ခဲ့လေတော့သည်။
မခင်စန်း ကြက်ခြံတဲမှ ခေါင်းစည်းတန်းနှင့် တိုက်မိ၍ အယ်အီးဒီ ခေါင်းစွပ်မီးသည် ပြုတ်ကျ ကျန်ရစ်ခဲ့သည်။
အယ်အီးဒီ မီးတန်းသည် ပိုးလို့ပက်လက် ဖြင့် ကြက်ခြံတဲ၏ ခေါင်မိုးသက်ကယ်ကို အလင်းဖြာနေတော့သည်။
သက်ကယ် အမိုးတွင် အရိပ်မည်းကြီးတစ်ခု ရိပ်ကနဲ လှုပ်ရှား ပြေးထွက်သွားသည်။ကြက်များက အော်ဟစ်နေဆဲပင်။
မခင်စန်း၏ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် ကိုဖိုးလုံးသည် အိပ်ယာမှ နိူးလာသည်။ အိမ်ထဲသို့ အပြေးဝင်လာသည့် မခင်စန်းမှာ ဆံပင်ဖို့ယို့ဖားလျား ပြေကျလျက်ရှိရာ ညအမှောင်တွင် ကြောက်မက်ဖွယ်ရာ ဖြစ်နေသည်။
“ကိုဖိုးလုံးရေ ကယ်ပါအုံး ၊သရဲ သရဲ ကြက်ခြံထဲမှာ သရဲ ”
သို့သော် မခင်စန်းက အသံပေးသဖြင့် ကိုဖိုးလုံးသည် ပြေးလာသော ဆံပင်ဖားလျားနဲ့မိန်းမသည် သူ့မိန်းမ မခင်စန်းမှန်း သိသွားလေ၏။ လဲကျလုလု မခင်စန်းကို ကိုဖိုးလုံးက ဆီးကြို ပွေ့ကာ ၊
” ဟေ … ကြက်ခြံထဲမှာ သရဲ ဟုတ်လား ၊ နင် အမြင်မှားတာများလား ခင်စန်းရယ် ”
မခင်စန်းက မဖြေနိုင်တော့ ၊ အားကိုး တွေ့ပြီဆိုတာနဲ့ စိတ်ကို လျော့ချပစ်လိုက်ပုံရသည်။ ကိုဖိုးလုံး လက်ပေါ် ပျော့ခွေ လဲကျသွားလေ၏။
ဆူညံသံတွေကြောင့် ကလေးတွေလည်း လန့်နိုးလာကြသည်။ နို့စို့ကလေးကတော့ အိပ်နေဆဲ ဖြစ်၏။ ကိုဖိုးလုံးက နိုးလာသည် သားနှစ်ယောက်မှ အကြီးကောင် ဝေဠုကို လှမ်းခိုင်းသည်။
” သားကြီး ဝေဠု ၊ ခေါင်းရင်းက ဘက်ထရီညှပ်ကို တပ်လိုက်စမ်း ”
အကြီးကောင် ဝေဠုက ဘက်ထရီညှပ်ကို တပ်လိုက်သည်။ သူတို့အိမ်လေးထဲ လင်းချင်းသွားပါ၏။ နို့ညှာကောင် နေထက်လင်းက သိတတ်၏။ သူ့ အမေအတွက် သောက်ရေအိုးက ရေတစ်ခွက် ပြေးခပ်ပေးသည်။
ကိုဖိုးလုံးက သူ့မိန်းမ မခင်စန်းကို ရေတိုက်၏။ မခင်စန်းက အခုထိ ကြောက်စိတ် မပြယ်သေး။ မျက်လုံးပြူးကာ ရင်ဘတ်က ဖိုလှိုက် ဖိုလှိုက် ဖြစ်နေဆဲ။
” ခင်စန်း … ခင်စန်း ၊ သတိထားဦးလေ ”
အဲ့ဒီအချိန် ခြံအပြင်က ခွေးဟောင်သံတွေနဲ့အတူ …
” ဟဲ့ ဖိုးလုံးတို့ ခင်စန်းတို့ ဘာဖြစ်ကြတာလဲ ၊ အသံတွေလည်း ဆူညံလို့ ၊ ငါတို့ ဝင်ခဲ့ပြီဟေ့ ”
လက်နှိပ်ဓာတ်မီးရောင်တွေ တဝင်းဝင်းနဲ့ အိမ်နီးချင်းများဖြစ်ကြတဲ့ ဘဒွေးတင်သောင်းတို့ လင်မယားရယ်၊ ဂျီးဒေါ်မဂျမ်းတို့သားအမိတတွေရယ် လူလေးငါးယောက်သည် ခြံတံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်လာကြသည်။
အိမ်နီးချင်းများက အားကိုးရသည်။
အိမ်ထဲရောက်သည့်အခါ မခင်စန်း အဖြစ်ကို မြင်တွေ့သွားကြပြီး ၊ တစ်ယောက်တစ်ပေါက် သူ့ထက်ငါ အလုအယက် မေးကြသည်။
” ဟဲ့ … ခင်စန်း ဘာဖြစ်တာလဲ ”
“နင့်မိန်းမ နေမကောင်းဖြစ်တာလား ဖိုးလုံး ၊ အခု ဘာဆေးတိုက်ထားလဲ ”
” တက်နေတာလား … ခြေမချိုး ခြေမချိုး …”
ဘဒွေး တင်သောင်းက …သူ့အထင်ကို ပြောပြသည်။
” ငါတို့က လင်မယား ရန်ထသတ်တယ် ထင်နေတာ ၊ ညနေက ဖိုးလုံး မူးလာတယ်မဟုတ်လား ”
ဂျီးဒေါ်မဂျမ်းက ထောက်ခံ၏။
” ဟုတ်တယ် … ကျမလည်း သူတို့ လင်မယား ရန်ထဖြစ်တယ် ထင်နေတာ ”
ကိုဖိုးလုံးက ပြန်ဖြေရှာသည်။
” ခင်စန်း သတိမေ့မလို ဖြစ်နေလို့ ဂျီးဒေါ်ရေ ၊ ဘာဖြစ်လဲကို… မေးလို့ မရသေးဘူးဗျ ၊ ကျုပ်တို့လင်မယား ရန်မဖြစ်ပါဘူးဗျ ”
” အခုကော နင့်မိန်းမက သတိရပြီလားဟဲ့ ”
အငယ်ကောင်ကို ခေါ်ပြီး ချီပိုးနေကျ ဂျီးဒေါ်မဂျမ်းက အိပ်နေတဲ့ ကလေးကို ကောက်ယူ ပွေ့ချီပြီး …
” ဟယ် … ငါက အငယ်ကောင်လေးများ တစ်ခုခု ဖြစ်သလားလို့ ၊ လန့်သွားတာပဲ ၊ ကလေးက အိပ်နေတာကိုး ။ ဘာဖြစ်ကြတာလဲဟဲ့ ငါတို့ကို ပြောပါဦး… ”
ဘဒွေးက ဖိုးလုံးကို တည့်တည့်ကြည့်ကာ …
” ဘာဖြစ်ကြတာလဲ ဖိုးလုံး ငါတို့ကို သေသေချာချာ ရှင်းပြပါဦး”
ကိုဖိုးလုံးက …
” ကျနော်လည်း ခင်စန်း အော်သံကြားလို့ ရုတ်တရက် လန့်နိုးလာတာ ၊ ခင်စန်းက အိမ်အနောက်ဖက်ကနေ ပြေးလာတာပဲ ၊ သူ့ပါးစပ်က သရဲ သရဲလို့ အော်လာတယ် ဘဒွေးရ ၊ အနောက်က ကြက်ခြံထဲလည်း အော်သံတွေ ဆူပွက်လို့ ၊ ဘာဖြစ်လဲ ကျနော်လည်း သွားမကြည့်ရသေးဘူး ။ ခင်စန်းကို ပြုစုနေရတာနဲ့ ”
ဘဒွေးက …
” ကဲ … ဒါဖြင့်လဲ ၊ ခင်စန်းကို မင်း ဒေါ်လေးလက်ထဲ ပေးထားခဲ့လိုက် ၊ ကြက်ခြံတဲကို မင်းနဲ့ငါ သွားကြည့်ကြရအောင် ”
ဖိုးလုံးလည်း မခင်စန်းကို ဘဒွေးမိန်းမ ဒေါ်လေးသိန်းလက်သို့ ခဏ ပေးကာ ဘဒွေးနဲ့အတူ အနောက်က ကြက်ခြံတဲကို ထွက်လာခဲ့သည်။
လိုကာမယ်ကာ ဆိုပြီး ၊ သူ၏ ထင်းခွဲသည့် ပုဆိန်ကို လက်တစ်ဖက်က ကိုင်လာခဲ့သည်။
ဘဒွေးက သူ့မှာ ပါလာသည့် ၃ခဲထိုး လက်နှိပ်ဓာတ်မီးဖြင့် ကြက်ခြံထဲကို ထိုးကြည့်သည်။
ကြက်များသည် တစ်ဖက်တည်းသို့ စုပြုံ တိုးဝှေ့နေကြသည်။သေချာသည်မှာ ကြက်များ ကြောက်ရွံ ထိတ်လန့်နေခြင်း ဖြစ်၏။တခြား တစ်ဖက်တွင်တော့ ကြက်တစ်ကောင်သည် ဇက်ကျိုးလဲကျနေပြီး ရင်ပွင့်ကာ ကလီစာများ ထွက်ကျ သေနေ၏။
ရုန်းကန်ရာမှ ကျွတ်ကျဟန်တူသော ကြက်မွှေးများက ထိုနေရာတွင် ပွစာကြဲနေပါသည်။ ကြက်သွေးများသည်လည်း ခြံထဲမှတဆင့် အနောက်ဘက်သို့ တောက်လျောက် ကြဲပက်ထားသလို မြေပေါ်၌ ရဲပတမ်းခတ် စက်လက်ကျနေကြ၏။အခြေအနေက ကြက်ခြံထဲသို့ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်ခဲ့သလိုပင်။
ကိုဖိုးလုံးသည် ကြက်ခြံထဲသို့ ဝင်၍ ဇက်လိမ်ကျိုးကာ သေနေသော ကြက်ဖကြီးကို နှမြောတသစွာ ကောက်ယူလိုက်သည်။
ကြက်ခြံထဲက လွတ်နေသော ဘက်ထရီမီးညှပ်ကို ပြန်တပ်လိုက်သည်။ ဘက်ထရီ မီးချောင်းက လင်းထိန်သွားသည်။ ထိုအခါ သူ့လက်ထဲက ကြက်ဖကြီးကို ကိုဖိုးလုံး အသေအချာ ကြည့်လိုက်၏။
ရင်ခွဲခံထားရသည့် ကြက်ဖကြီး၏ အတွင်းပိုင်း ကလီစာများမှာ မီးကျွမ်းသကဲ့သို့ မည်းနက်နေသည်ကို တအံတဩ တွေ့လိုက်ရသည့်အခါ …
” ဟာ … ဘဒွေး ဒီမှာ ကြည့်ပါဦး ”
ဘဒွေးတင်သောင်းလည်း ဖိုးလုံးပြသော ကြက်ဖကြီး၏ ရင်ဘတ်ဟောင်းလောင်းပေါက် မည်းမည်းကြီးကို ကြည့်၍ အံအားသင့်စွာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။
” မြတ်စွာဘုရား … ဒါ ဒါ … အကောင်းတော့ ဟုတ်ဟန်မတူဘူး ဖိုးလုံး ၊ မင်းတို့ တစ်ခုခုတော့ မှားထားလိမ့်မယ်ကွ ၊ မင်းကြက်ကို သရဲ စားထားတာ ဖြစ်လိမ့်မယ်ကွ ”
” ဗျာ ! … ”
ကိုဖိုးလုံးခမျာ ဗျာ တစ်ခွန်းသာ ဆိုနိုင်တော့လေ၏။
____________
၂။
အရီးမဂျမ်းက သူ့သမီးကို အိမ်ပြန်ပြီး ဘုရားစင်ပေါ်က ပရိတ်ရေဘူး အယူခိုင်းလိုက်သည်။
ပရိတ်ရေကို မခင်စန်းရဲ့ ခေါင်းနဲ့ မျက်နှာပေါ် တောက်ဖျန်းပေးသလို၊ ပန်းကန်လုံးထဲထည့်ပြီးလည်း မခင်စန်း ပါးစပ်ကို တေ့ပြီး တိုက်၏။
” ဒါက ဆရာတော်ဦးဩဘာသရဲ့ ပရိတ်ရည်အေ့ ။ ငါ သိမ်းထားတာလေ ။ အရမ်းစွမ်းတယ် ။ သီလ သမာဓိရှိတဲ့ ရဟန်းသံဃာတော်တွေ ရွတ်ဖတ်ပူဇော်ထားတဲ့ ပရိတ်တော်ဟာ ဘာနဲ့မှ မတူဘူး ။ လောကီကိစ္စရပ်များမှာ အင်မတန် ထိထိရောက်ရောက် ကာကွယ်ပေးတာ။ အန္တရာယ်ကင်းတယ် သောက်လိုက် သောက်လိုက် ခင်စန်း ”
မခင်စန်း ပရိတ်ရေကို သောက်၏။
မခင်စန်းလည်း အဲ့တော့ကျမှ မျက်လုံးတွေ ငြိမ်လာသည်။ လေသံ မှန်လာ၏။
မခင်စန်းက သူမ မြင်တွေ့ခဲ့ရသော ကြက်ခြံထဲက သရဲကြီးအကြောင်း ပြောပြ၏။မခင်စန်း ပြောပြသည့် ကြက်ကို လည်ပင်းလိမ်ချိုးပြီး ရင်ခွဲကာ အားရပါးရ စားနေသည့် သရဲ၏ ပုံပန်းသဏ္ဍာန်မှာ ကြားရသူအပေါင်း ရင်သိမ့်တုန်အောင် ကြောက်ရွံသွားကြလေ၏။ နားထောင်နေသူ မိန်းမအချို့ဆို ကြက်သီးမွေးညင်း ထကုန်ကြသည်။ ခြေဖျားလက်ဖျားများ အေးစက်သွားသည်အထိပင်။
” ကျမက နို့ညှာကောင် နေ့ခင်းက ပြောထားတဲ့ လင်းမြွေကြီး လာတယ်ပဲ အောက်မေ့တာပေါ့ ။ ကြက်ခြံထဲ ရောက်မှ အဲ့ဒါကြီးက ငုတ်တုတ်ကြီး ထိုင်နေတာကို ဘွားကနဲ တွေ့လိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ဘူး ။ လူတစ်ကိုယ်လုံးက အားအင်တွေလည်း ကုန်ခမ်းသွားသလိုပဲ ။ ကြောက်လိုက်တာများဆို ၊ ဘယ်လို ပြောပြရမှန်းတောင်မသိဘူး ။ သတိဝင်တာနဲ့ ချက်ချင်း ထွက် ပြေးလာတာပါပဲ ”
ဘဒွေးက ချင့်ချင့်ချိန်ချိန်နဲ့ ပြော၏။
” အေးကွာ … ငါတို့ ဒီနားက အိမ်တန်းမှာ အရင်က ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး ။ နေလာတာလည်း ဆယ်နှစ် ဆယ့်ငါးနှစ် မကတော့ဘူး ။ ခင်စန်း …ဘဒွေး မေးတာ မှန်မှန်ဖြေနော် ။ နင် ဘာအမှားများ ကျုးလွန်ထားသေးလဲ ။ နင်တို့ အနောက်က လက်ပံပင်ကြီးမှာများ အညစ်အကြေးတွေ ဘာတွေ သွန်မိသေးလား ”
ဘဒွေးက အိမ်နောက်ဖေး ချောင်းစပ်က သက်တမ်းရင့် လက်ပံပင်ကြီးမှာ ရုက္ခစိုး ရှိသည်ဟု ယုံကြည်ထား၍ မေးမြန်းခြင်း ဖြစ်သည်။
” ဟင့်အင်း ဘဒွေး ။ ကျမ ဘာအညစ်အကြေးမှ မသွန်ပါဘူး ။ ကြက်ချေးတောင် ချောင်းထဲ မပစ်ဘူး ဘဒွေး ”
ကွပ်ပျစ်ဒေါင့်မှာ အိမ်ထရံကို ကျောမှီ ထိုင်ကာ ဆေးပေါ့လိပ်ဖွာနေတဲ့ ဖိုးလုံးက ဘဒွေးစကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ကိုဖိုးလုံးက ပြောသင့် မပြောသင့် တွေးဆနေရင်း ၊ နောက်ဆုံး မနေနိုင်တာနဲ့ ဖွင့်ပြောပြလိုက်သည်။
” ဘဒွေး … ကျုပ်နဲ့ ထွန်းကျော် မနေ့ နေ့ခင်းက တောထဲ ထင်းခုတ်သွားကြတယ် ၊ ညနေ တောက အပြန်မှာ ထွန်းကျော်နဲ့ကျုပ် အရက်တွေ မူးပြီး စနောက်မိတာနဲ့များ ဆိုင်နေမလားလို့ …”
” ဟေ ! မင်းတို့က ဘာကို စနောက်ခဲ့ကြတာလဲ ”
” တလောက … သစ်လုံးပိပြီး သေသွားတဲ့ ပွားကြီးကို စစနောက်နာက်နဲ့ ခေါ်ခဲ့မိတယ် ၊ ကျုပ်တို့က အချင်းချင်း စနောက်လိုက်တာပါ ”
ဘဒွေး သတိရသွားသည်။ ပွားကြီးဆိုတာက လွန်ခဲ့သော တစ်လကျော်က သစ်လုံးက ခေါင်းပေါ်တည့်တည့် ပိကျကာ ရုပ်ပျက်ဆင်းပျက် သေသွားသော သစ်ခုတ်သမားတစ်ဦး ဖြစ်သည်။ ဖိုးလုံးတို့နဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သလို ၊ သောက်ဖော်စားဖက်လည်း ဖြစ်လေ၏။ ခင်စန်း ပြောပြသည့် သရဲသည် ခေါင်းတစ်ခြမ်း ပိန့်ရှုံ့နေသည်ဆိုတော့
သရဲသည် အစိမ်းသေ သေထားသော ငပွားပင် ။
” ဟာ ! မိုက်လိုက်ကြတာ ဖိုးလုံးရာ ၊ ဘယ့်နှယ် အစိမ်းသေ သေထားတဲ့ လူကို မင်းတို့မို့ မကြောက်မရွံ ခေါ်ဝန့်တယ်ကွာ ၊ မကြောက်ကြဘူးလား ”
” ကျုပ်တို့လည်း မူးနေကြတာဆိုတော့ ၊ တစ်ယောက်နဲ့ တစ်ယောက် မခံချင်အာင် စနောက်ရင်း ခေါ်မိလိုက်တယ် ။ ဒီလိုလည်း မဖြစ်ဘူးထင်တာပေါ့ ”
ဘဒွေးက ဖိုးလုံး၏ ပေါ့တိပေါ့ဆ စကားကြောင့် ဒေါသထွက်သွားသည်။
” ကောင်းကွာ ၊ မင်းတို့ကတော့ စကြ နောက်ကြတာပေါ့ ။ အေး … အခု မင်းယောက်ဖသရဲက အိမ်အထိ ပါလာပြီလေ ။ မင်း အခေါ်ကောင်းတာက အရေးမဟုတ်ဘူး ဖိုးလုံး ၊ မင်းသားတွေက ငယ်ကြသေးတယ် ။ သရဲက ကလေးတွေကို ဒုက္ခပေးမှာ မင်း မစိုးရိမ်ဘူးလား ၊ ဒီတစ်ညပဲဆို တော်သေးရဲ့ ။ နောက်ညတွေပါ မင်းမိသားစုကို ခြောက်လှန့်နေရင် ၊ မင်း မွေးထားတဲ့ ကြက်တွေကို ညတိုင်း လာစားသောက်နေရင် မင်း ဘယ်လိုလုပ်မလဲ ဖိုးလုံးရဲ့ ။ မိုက်လိုက်တဲ့ ကောင်ကွာ ”
ထိုအခါမှ ဖိုးလုံးလည်း ကြောက်ရမှန်း သိသွားပုံရသည်။ စိုးရိမ်တကြီးနဲ့
” အဲ့ အဲ့ဒါဆို ၊ ကျုပ် ဘာဆက်လုပ်ရမလဲ ဘဒွေး ။ ခေါ်တာက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး ။ ဟိုကောင် ထွန်းကျော်လည်းပါတယ် ။ သူ့အိမ်ကျ မသွားပဲ ၊ သရဲက ကျုပ်အိမ်မှ ရွေးပြီး လိုက်ရသလား ။ ကျုပ်ကို ကယ်ပါဦး ဘဒွေးရာ ”
” အေးပေါ့ …သရဲ အခြောက်ခံရတာ မင်းပဲ သိသေးတာကိုး ။ ဟိုကောင် ထွန်းကျော် အိမ်မှာလည်း သရဲက ဘယ်လောက် သောင်းကျန်းနေမလဲဆိုတာ ၊ မနက်မိုးလင်းတော့ မင်း သိရမှာပါ ၊ ကဲ ကဲ ဒီညတော့ ပရိတ်ရေလေး ခြံစည်းရိုး ဖျန်းပြီး အိပ်ပေါ့ ။ မနက်ကျမှ ဘာလုပ်ရမလဲဆိုတာ တိုင်ပင်ကြတာပေါ့ ”
ဖိုးလုံးကို အားလုံးက အပြစ်တင်ကြသည်။ ဖိုးလုံးမှာလည်း သူ့အပြစ်နဲ့သူဆိုတော့ ဘာမှ ပြန်မပြောရဲရှာ။ အားလုံး ပြန်သွားတော့ မခင်စန်းက ကိုဖိုးလုံးကို ဒါသ အမျက်ချောင်းချောင်းထွက်ကာ ကျောကုန်းကို တဘုန်းဘုန်း ထုလေ၏။
______________
၃။
အဲသည့်နေ့က သူ နဲ့ ထွန်းကျော် သစ်ခုတ်ပြီး မပြန်ခင်မှာ ပါလာသည့် အရက်ဘူးတွေကို ထုတ်၍ သောက်ကြ၏။
အမြည်းက နေ့လယ်စာ စားရင်း ကျန်နေသော ကြွက်ကြော်လက်ကျန် ဖြစ်၏။
ထွန်းကျော်ဆိုတာက နေရာတကာ ဆရာကြီး လုပ်တတ်သူ။ တတ်ယောင်ကား ဆရာကြီးပေါ့ ။ ဟိုနေရာ စပ်စပ် ၊ သည်နေရာ စပ်စပ်နဲ့ သူမသိတာ မရှိသည့်အပေါက်မျိုး ။
ထုံးစံအတိုင်း သောက်တော့ မူး၏။ မူးလာတော့ ထွန်းကျော်က ဟောင်ဖွာဖွာ ။ ဖိုးလုံးကလည်း ပေကပ်ကပ် ။ နှစ်ယောက်သား တွေ့ကြပြီ။
ထွန်းကျော်က စကားစ၏။
” ငပွားသေတာလည်း မပြောနဲ့ ။ ဒီကောင်က ငတ်လို့ လုပ်စားတာ ၊ သစ်တောရဲ့ အထာကို ဘာမှ သိတာမဟုတ်ဘူး ။ ဒါခုတ်ဆို ခုတ်တဲ့ကောင်။ သစ်ပင်ရဲ့ အကြောကို ငါ့လောက် မသိရှာဘူးလေ။ ငါတို့ သစ်ခုတ်နေတာ ကြာပြီ ၊ ဘာများ ကြီးကြီးကျယ်ကျယ် ဖြစ်ဖူးလို့လဲ ။ အဲ့ဒါ လုပ်ငန်းကျွမ်းကျင်မှု ၊ သမ္ဘာရင့်မှု တွေ အများကြီးလိုတာကို ပြောပြတာပဲကွ ”
ထွန်းကျော် ပြောတာကို ဖိုးလုံးက လက်သင့်မခံ။
” မဆိုင်ပါဘူး ထွန်းကျော်ရာ ၊ ငပွားဆိုတာလည်း မင်းတို့ငါတို့လို သစ်ခုတ်စားနေတာ ကြာပါပြီကွာ ၊ အဲ့ဒီနေ့က ငပွားက နေ့ခင်းဘက် အလုပ်ချိန်မှာ သောက်ထားတာ များတယ်လို့ ပြောတယ်။ ဒီကောင် မူးနေလို့ ဖြစ်သွားတာပါ ၊ သေသွားတဲ့သူကို မနှိမ့်ချချင်စမ်းပါနဲ့ ”
” ဟ … ငါက နှိမ်တာမဟုတ်ဘူး ဖိုးလုံး ။ မင့်ကောင် ငပွားက ဘာမှ အဖြစ်ရှိတာမဟုတ်ဘူး ။ ဘယ်ဟာမှ မကြည့်နဲ့ သစ်ခုတ်တဲ့ အဖွဲ့တွေ ဒီကောင်နဲ့ဆို အလုပ် မလုပ်ချင်ကြဘူး ။ အဲ့တာ ဒီကောင် လုပ်ငန်း မကျွမ်းကျင်လို့ပေါ့ …”
” မဟုတ်ဘူး ထွန်းကျော်။ အရင်က ငပွားက ဒီလိုမဟုတ်ဘူး ။ သိပ်တက်ကြွတဲ့အကောင် ၊ လာဘ်မြင်တဲ့ကောင် ။ သူ့မိန်းမ မြရင် ၊ လင်ငယ်နောက်လိုက်သွားပြီးကတည်းက အရက်ပဲ ဖိသောက်နေလို့ လူတွေက မတွဲချင်တော့တာပါကွာ ။ ငါတို့သစ်ခုတ်အလုပ်က မူးနေလို့ မဖြစ်ဘူးလေ။ မြရင်ကလည်း တနှာကို ရူးလွန်းပါတယ် ။ ကလေးနှစ်ယောက်ကို ငပွားနဲ့ ထားသွားတယ် ။အဲ့ကောင်မ ခွေးထက်တောင် မိုက်သေး ”
ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ ငပွားအကြောင်း ဟိုပြောသည်ပြောနဲ့ ငြင်းကြခုန်ကြသောက်ကြပေါ့ ။
သူတို့ နှစ်ယောက်အလယ်မှာ လယ်ကြွက် အစပ်ကြော်နဲ့ အရက်ဘူး ချထားကြ၏။ အရက်က သူတို့တွေ ရေသန့်ဘူးနဲ့ ထည့်ယူလာကြတာ။ ရေမရောရသေးတဲ့ ချက်အရက်စစ်စစ်တွေ။
သူတို့ ထိုင်ပြီးပြောနေတဲ့ သောက်နေတဲ့ နေရာက ၊ ငပွား သစ်လုံး ပိသေထားတဲ့ နေရာနဲ့က သိပ်မဝေးဘူး ။ ခပ်လှမ်းလှမ်းက ခုတ်လှဲထားတဲ့ သစ်တွေ စုပုံထားတဲ့နေရာမှာ ငပွားက သစ်လုံး ပိသေထားတာ။ သေတာက တစ်လကျော် ကြာပြီဆိုတော့ အားလုံးက မေ့မေ့ပျောက်ပျောက်ပါပဲ ။ ဒီလိုပဲ သွားကြလာကြနဲ့ ။ စားကြသောက်ကြပေါ့။ လူကြမ်းစိတ်ကြမ်းတွေဆိုတော့ ကြောက်လည်း မကြောက်ကြပါဘူး။
မှတ်မှတ်ရရ ငပွားဆီက ငယ်သံပါအောင် အော်သံကြီး ကြားရတဲ့ အချိန် အနီးအနားက သစ်ခုတ်လုပ်သားတွေ ငပွား ရှိရာကို အပြေးအလွှား သွားကူကြ၏။ဒါပေမယ့် သစ်လုံးက ငပွားရဲ့ ခေါင်းတခြမ်းကို ကြေမွသွားစေတာကြောင့် ဘယ်သူမှ မကယ်လိုက်နိုင်ကြဘူး ။ အရက်ကြိုက်တဲ့ ငပွားဟာ အရက်ကြောင့်ပဲ လုပ်ငန်းခွင် မတော်တဆ ဖြစ်ပြီး ပွဲချင်းပြီး ဆုံးပါးသွားရှာသည်။
နှစ်ယောက်သား အတူတူ သောက်နေရင်းနဲ့ ထွန်းကျော်ဟာ ဘာထကြောင်လဲ မသိပါဘူး ။ အရက်ခွက်ကို ယူကာ သစ်လုံးတွေ စီထားရာကို ဒယိမ်းဒယိုင်နဲ့ လျှောက်သွား၏။လူက မူးနေပြီဆိုတာ သူ လမ်းလျှောက်ပုံကို ကြည့်ပြီး သိနိုင်၏။
သစ်လုံးပုံကြီး ရောက်သည့်အခါ ထွန်းကျော်က မူးမူးရူးရူးဖြင့် …၊
” သူငယ်ချင်း ငပွား ၊ မင်းအတွက် ငါ စိတ်မကောင်းဘူး ။ ငါတို့ သောက်နေကျ ၃ယောက်မှာ မင်း တစ်ယောက် မပါတော့ … ငါ ဝမ်းနည်းမိတယ် ။ ဒါကြောင့် မင်းကို ငါ အရက်လာတိုက်တာ သူငယ်ချင်း ၊ ချကွာ … သောက် သောက် မင်းအကြိုက် ရေမရော ချက်အရက်စစ်စစ်လေး … ”
ထွန်းကျော်က သူ ယူလာတဲ့ အရက်ခွက်ထဲက အရက်တွေကို ငပွား သစ်လုံးပိသေခဲ့တဲ့ နေရာမှာ မူးမူးနဲ့ လျှောက်ဖြန်း၏။
ပါးစပ်ကလည်း ‘ ငပွားရေ … လာဟေ့ ၊ ငါတို့ အတူတူ သောက်ကြရအောင် ‘ ဟုဖိတ်ခေါ်လိုက်၏။
ဘာထူးလဲ ။ ဖိုးလုံးကလည်း မူးနေတော့ လယ်ကြွက်ကြော်ပန်းကန်ကို ယူလာပြီး အသားဖတ် … တစ်ဖတ်စ နှစ်ဖတ်စကို ရှေ့က ထွန်းကျော် အရက်တွေ ဖျန်းသလိုပဲ မြေပေါ်ကို ကြဲချပေးရင်း …
” ငပွား … အမြည်းကတော့ သိပ် ဖောဖောသီသီ မရှိဘူးကွာ ၊ ကြွက်ကြော်လေးပဲ အာသာပြေ မြည်းလိုက်တော့ ။ ငါတို့လည်း ဒါပဲ ပါခဲ့တယ် ”
အဲ့ဒီမှာ မူးနေတဲ့ ထွန်းကျော်က ကွန့်တယ်။ အမှန်တော့ ထွန်းကျော်က ဖိုးလုံးကို စလိုက်ခြင်း ဖြစ်၏။
” ဟေ့ကောင် ဖိုးလုံး ၊ မင်းပဲ ငပွား မသေခင်က မင်းအိမ်က ကြက်တစ်ကောင်ကို ကာလသားဟင်း ချက်ကျွေးမယ်လို့ ကတိပေးထားတယ်လေ ။ အခု ငပွားက ကာလသားဟင်း စားချင်တာတဲ့ ၊ မင်း အိမ်ခေါ်သွားလိုက် ဟေ့ကောင်။ အိမ်ရောက်ရင် ငပွားကို ကြက်သားကာလသားဟင်း ချက်ကျွေးလိုက် ။ ငပွားက အမြစ်အသဲ သိပ်ကြိုက်တာ မင်းသိတယ်နော် ဟားဟား ”
ဖိုးလုံးက ဘယ်ခံမလဲ ။ သူကလည်း ထွန်းကျော်ကို ပြန်ငေါ့၏။
” အောင်မာ ငါ့တော့ ပြောနေ ၊ မင်းလည်း ဘာထူးလဲ ထွန်းကျော် ။ မင်းအိမ်က ကြက်ဖကြီး ရိုက်ချက်ကျွေးမယ်လို့ ငပွားကို ပြောထားတာပဲလေ ။ ငပွားရေ … လိုက်သွားလိုက်ဟေ့ ၊ ဒီကောင် ထွန်းကျော်က မင်းကို ကျွေးချင် မွေးချင်နေတာဟ …ဟားဟား ”
အဲ့ဒီမှာ မူးနေကြသူခြင်း မခံချင်စိတ်နဲ့
အချေအတင် စကားများကြလေရဲ့။
” ဘာလဲ ဖိုးလုံး ၊ မင်းက မင်းအိမ်ကို ငပွား လိုက်လာမှာ ကြောက်နေတာလား ၊ ဒါကြောင့် ငါ့ဘက်ကို လွှဲပို့နေတာပေါ့လေ ”
” ထွီ … ဟေ့ကောင် ထွန်းကျော် ၊ ဖိုးလုံးရဲ့ ရာဇဝင်မှာ ဘာကိုမှ မကြောက်ဖူးဘူးကွ ။ မင်းကောင် ငပွားကိုသာ ပြောလိုက် ဘယ်ချိန် လိုက်လိုက် ငါက ခေါ်တယ်လို့ ”
” အိုးဟိုး မင်းက ဒီလိုလား ။ ဒါဆိုရင် မင်းလည်း ပြောလိုက်စမ်းပါ ။ ငပွားရေ ငါ့အိမ်က ကြက်ဖကြီး မင်းစားချင်ရင် လိုက်ခဲ့ဟေ့ လို့…”
ဖိုးလုံး နဲ့ ထွန်းကျော်ဟာ မူးနေကြတော့ မဆင်မခြင်နဲ့ ငပွားကို သူ့အိမ်လိုက်ခဲ့ပါ ၊ ငါ့အိမ်လိုက်ခဲ့ပါဟု တစ်ယောက်နဲ့တစ်ယောက် မခံစိတ် အပြိုင်အဆိုင်နဲ့ ခေါ်ခဲ့မိကြသည်။ အချိန်က အပုပ်ချိန်။ နေဝင်ရီတရော် အချိန် ။ အရက်တွေ အညှီအဟောက်ဖြစ်တဲ့ အသားကြော်တွေ ချကျွေးပြီး ခေါ်ခဲ့မိကြသည်။
သူတို့နှစ်ဦး ရွာပြန်တော့ မှောင်ပြီ။အပြန်ခရီးမှာ သူတို့ နှစ်ယောက် ကောင်းစွာ သတိထားမိကြတာ တစ်ခု ရှိသည်။။
အဲ့တာကတော့ သူတို့နှစ်ယောက်ရဲ့ ခြေသံအပြင် အနောက်က တတိယခြေသံ တရှပ်ရှပ်ကိုလည်း သူတို့နားဖြင့် ဆက်ဆက် ကြားလိုက်ရခြင်း ဖြစ်သည်။
သူတို့ ရင်ခုန်စွာ လှည့်ကြည့်ကြသည်။သူတို့နောက်တွင် ဘာကိုမှ မတွေ့ရ။ ဒါနဲ့ ရှေ့ဆက် လျှောက်ကြသည်။
တတိယ ခြေသံကတော့ သူတို့အနောက်က ကပ်ပါလာမြဲ ဖြစ်လေသည်။
ဖိုးလုံး နဲ့ ထွန်းကျော် တစ်ဦးမျက်နှာကို တစ်ဦး မတိုင်ပင်ပဲ ကြည့်မိကြသည်။ သူတို့မျက်နှာတွေက မအီမလည် အပြုံးတုတွေကိုယ်စီနဲ့ …။
၄။
နောက်တစ်နေ့ နံနက်မှာ ဖိုးလုံးအိမ်သို့ ထွန်းကျော်နဲ့ သူ့မိန်းမ မရင်ထွေး မျက်စိမျက်နှာပျက်ပျက်ဖြင့် ရောက်လာကြသည်။
ဦးစွာ မရင်ထွေးက စကားကို ပလ္လင်မခံပဲ ပြောချလိုက်သည်။မရင်ထွေးက ထွန်းကျော်ထက် ၅နှစ်ခန့်ကြီးသူ ဖြစ်သည်။ သူမယောက်ကျားကို ထွန်းကျော်ဟုသာ ခေါ်လေ့ရှိသည်။
” ဖိုးလုံး နင်နဲ့ထွန်းကျော် မနေ့က တောထဲမှာ ဘာတွေ လုပ်လာကြလဲ ၊ မနေ့ညက ငါတို့ တစ်အိမ်လုံး ဗြောင်းဆန်နေအောင် သရဲ အခြောက်ခံရတယ် ၊ အိုးတွေ ခွက်တွေလည်း ရစရာ မရှိတော့ဘူး ။ အကုန်လုံး အပြင်ဘက် လွင့်လို့ ။ ဆူညံနေတာ တရေးမှကို မအိပ်ရဘူး ”
” ဗျာ … သရဲ ခြောက်ခံရတယ် ”
” အေး … ဒီမနက် နောက်ဖေးက အုပ်ဆောင်းအောက် ထည့်ထားတဲ့ ကြက်မကြီးလည်း လည်ကျိုး သေနေတယ်။ ရင်ဘတ်ကလည်း ရင်ခွဲမီးမြိုက်ထားသလို မည်းနက်ပြီး ဟောင်းလောင်းပေါက်ကြီး ဖြစ်လို့ …။ မီးဖိုချောင်မှာလည်း ကြက်လည်ဆံမွှေးတွေ ပွစာခတ်လို့ဟာ ။ အိုးတွေခွက်တွေလည်း မှောက်တဲ့ဟာက မှောက် ၊ အောက်ကျတဲ့ဟာက ကျလို့ ”
ဖိုးလုံးက ဘာမှ မပြောပဲ ၊ သရဲ အကိုက်ခံရသော သူ့ ကြက်ဖကြီးကို ယူပြလိုက်သည်။ မရင်ထွေးရော ထွန်းကျော်ပါ အံအားသင့်ကုန်ကြသည်။
” ဟင် ! နင်တို့အိမ်လည်း သရဲ အခြောက်ခံရတယ်ပေါ့ ၊ တိုက်ဆိုင်လှချီလား ”
ထိုအခိုက် မျက်တွင်းဟောက်ပက်နှင့် ဖိုးလုံး၏မိန်းမ မခင်စန်းက ထွက်လာကာ ၊
” တိုက်ဆိုင်မနေနဲ့ အစ်မရင်ထွေးရေ ၊ အဲ့ဒါ တော့်ယောက်ကျားကိုထွန်းကျော်နဲ့ ကျမယောက်ကျား ကိုဖိုးလုံးတို့ အမူးလွန်ပြီး ဂြိုလ်မွှေလို့ ဖြစ်ရတာ ”
မခင်စန်းက ကိုဖိုးလုံးထံမှ သိရသော ဇာတ်ကြောင်းကို အကုန်အစင် ပြန်ပြောပြလိုက်သည်။
မရင်ထွေးခမျာ သူမယောက်ကျားက အစိမ်းသေ ငပွား ခေါ် ပွားကြီးကို အိမ်ပင့်လာသူမှန်း သိသွားသည့်အခါ ..
ယောက်ကျားအား တဖုန်းဖုန်းနဲ့ ထုလေ၏။ရိုက်လေ၏။
” ကဲ အဲ့ဒါဆို ဘယ်လို လုပ်ကြမတုန်း ထွန်းကျော်၊ နင့်ယောက်ဖ နင် ချစ်လို့ ခေါ်လာတာဆိုရင်လည်း နင်နဲ့သာနေ ။ ငါ့အိမ် ခေါ်မလာနဲ့ ။ အခု ကလေးတွေကို အမေ့အိမ်ပို့ထားရတယ်။မနေ့ညက သရဲခြောက်တော့ ကလေးတွေလည်း မအိပ်ရဘူး။ အဲ့ဒါ ဟောဒီက ငမူးကြောင့် ”
သူတို့ လင်မယားတွေ တဖုန်းဖုန်း ထုနှက်နေချိန် ၊ ဘဒွေး တင်သောင်း ခြံထဲ ဝင်လာသည်။ ဘဒွေးက ရွာအရှေ့ဖျားက ဓာတ်ဗိန္နောဆရာကြီး ဦးဘိုချမ်းကိုပါ တစ်ခါတည်း ပင့်လာခဲ့တာ ဖြစ်၏။
ဆရာကြီး ဦးဘိုချမ်းသည် တိုင်းရင်း ဆေးပညာသာမက လောကီရေးရာ အဖြာဖြာကိုလည်း နားလည်တတ်ကျွမ်းသူ ဖြစ်သည်။
ဆရာကြီး ဦးဘိုချမ်းက …
” ခေါ်လာမှတော့ ပြန်ပို့ရတော့မှာပေါ့ ။
ခေါ်လာသူတွေကပဲ ပြန်ပို့ပေးကြရမှာပဲ ။ ဘယ်လို ပြန်ပို့ရမလဲ ဆိုတော့ …
အိမ်ရှေ့က တမာကိုင်း အနေတော်ကို ချိုးယူလာခဲ့ ။ တစ်အိမ်လုံးကို အဲ့ဒီ တမာကိုင်းနဲ့ နေရာအနှံ့ လိုက်ရိုက် ။ ပါးစပ်ကလည်း ငပွားရေ မင်းနေရာ ပြန်ကြစို့ ။ မင်းအတွက် ကြက်သားဟင်းနဲ့ အရက် ငါတို့ ယူလာတယ်ဟေ့လို့ အဆက်မပြတ် ပြောပေး ။
သူ့ နေရာကိုရောက်သည်အထိ တမာကိုင်းနဲ့အတူ မင်းတို့က ပြန်ခေါ်သွား ။ဟို ရောက်ရင် တမာကိုင်းကို ငပွား အဖြစ် ပြန်ထားခဲ့ရမယ်။ ပြီးရင် ငပွားအကြိုက် အရက်နဲ့ ကြက်သားကာလသားဟင်းကို ငပွားအတွက် ခေါစာသဘောမျိုး ပစ်ပေး ကျွေးပေး ။ ဒါဆိုရင် ငပွား သူ့နေရာ သူ ပြန်ရောက်သွားလိမ့်မယ် ၊ အဆုံးသတ်က … ငပွား မင်းနဲ့ ငါတို့က ဘဝခြားသွားပြီ ၊ မင်းနေရာ မင်းနေခဲ့တော့လို့ ပြော ၊ ဒါမှ ငပွားက သူ့ဘဝ သူသိ၊ သူ့နေရာ သူ နေခဲ့မှာ ”
ဆရာကြီး ဦးဘိုချမ်းက အိမ်တွင်း အိမ်ပြင် ချမ်းသာရာ ရအောင် ပရိတ်သဲ ၊ ပရိတ်ရေတို့ ဖျန်းပက်ပေး၏။ ပရိတ်ကြိုးတို့ကို အရံအတားအဖြစ် အိမ်သားများ လည်ပင်း၌ ဆွဲစေသည်။
နေမွန်းတည့်ချိန်လောက်မှာ ကြက်သား ကာလသားဟင်း ကျက်သည်နှင့် ဆရာကြီး ဦးဘိုချမ်း ခိုင်းသလို လုပ်ကြသည်။
တမာကိုင်းဖြင့် အိမ်ထဲ အိမ်ပြင်သာမက ၊ ကြက်ခြံတဲ နေရာအနှံ့ပါ တဖုန်းဖုန်း ရိုက်ပြီး ငပွားကို ပြန်ခေါ်ရသည်။
ကျေနပ်လောက်အောင် ရိုက်ပြီးသည်နှင့် တမာကိုင်းကို ယူ၍ ငပွားအား သူ့နေရာသို့ ပြန်ပို့ပေးကြသည်။
ငပွား သစ်လုံးပိသေသည့် နေရာသို့ ရောက်သည့်အခါ တမာကိုင်းကို မြေပေါ်သို့ ချ၍ အရက်နဲ့ကြက်သားကာလသားဟင်းကို တည်ခင်းကာ…။
” ငပွားရေ … လူ့ဘဝတုန်းက မကျွေးလိုက်ရတဲ့ ကြက်သားကာလသားဟင်းနဲ့ မင်းအကြိုက်ဆုံး ချက်အရက်ကို စိတ်တိုင်းကျ သုံးဆောင်ပါကွာ ။
မင်းနဲ့ ငါတို့က ဘဝတွေ ခြားသွားကြပြီ သူငယ်ချင်းရေ ။ ဒါကြောင့် ငါ့တို့ နောက်ကို မလိုက်ခဲ့ပါနဲ့တော့ ။
မင်းနေရာမှာ မင်း နေရစ်ပြီး ၊ ငါတို့ ကျွေးမွေးထားတာတွေသာ အားပါးတရ သုံးဆောင်ပါနော် …။ နေရစ်ခဲ့တော့ ငပွားရေ ။ နေရစ်ခဲ့တော့ ။”
လေတိုက်သည်ကြောင့်လား မသိ။ ငပွား ကိုယ်စား ခေါ်လာခဲ့သော တမာကိုင်းလေးသည် သူတို့ပြောသော စကားကို နားလည်သည့်အလား ညင်သာစွာ လှုပ်ခတ်သွားလေသည်။
ဘဝခြားသွားတာကို ငပွားတစ်ယောက် သိရှိ လက်ခံသွားဟန်တူပါသည်။တိုက်ခတ်လာသော လေညှင်းသွဲ့သွဲ့တွင် ရှိုက်သံလေး သဲ့သဲ့ပင် ပျံ့လွင့်လာသည်ဟု ဖိုးလုံး နှင့် ထွန်းကျော်တို့ ထင်လိုက်မိလေသည်။
ပြီးပါပြီ
ပီပီ (မန္တလေး)