ချစ်ခြင်းကျိန်စာသင့်လေသူ(စ/ဆုံး)

Unicode Version

ချစ်ခြင်းကျိန်စာသင့်လေသူ(စ/ဆုံး)
———————————
အောက်ခြေကျောက်ဆောင်ကိုရေလှိုင်းလုံးကြီးတွေတစ်ဝုန်းဝုန်းရိုက်ခတ်‌နေပါသော မြင့်မြင့်မားမားကျောက်တောင်ကမ်းပါးကြီးရဲ့အစွန်းမှာ သွယ်သွယ်နွဲ့နွဲ့အသွင်သဏ္ဌန်လေးတစ်ခုမတ်မတ်ရပ်လို့နေလေသည်။ လေတိုက်နှုန်းကပြင်းထန်လှတာမို့ မိန်းကလေးရဲ့ဆံနွယ်ရှည်‌တွေသာမက၊ ဝတ်ထားတဲ့ဖြူလွလွချည်ဂါဝန်ရှည်က သူမရဲ့ပါးလှပ်လှပ်ခန္ဓာကိုယ်ကလေးမှာကပ်ပြီးလွင့်ပျံလို့နေသည်။ လည်တိုင်ကျော့ကျော့မှာပတ်ထားတဲ့ပုဝါရှည်ကပြေလျောပြီး ငှက်ကလေးတစ်ကောင်အလား ချောက်ကမ်းပါးအောက်ကိုလွင့်ကျသွားချိန်မှာတော့ သူမကလိုက်ဖမ်းဖို့မကြိုးစားပဲ ရုတ်တရက်ခေါင်းကိုမော့လှန်ပြီး ခြောက်ကပ်ကပ်အော်ရယ်လိုက်လေသည်။

“ငါတို့နှစ်ယောက် ဒီပုဝါလေးလို လေဟုန်စီးခွင့်ရတော့မယ်…ပျော်လိုက်တာ”

ဗလာမျက်ဝန်းတွေနဲ့မိန်းကလေးရဲ့အသိမဲ့စွာတီးတိုးရေရွတ်လိုက်သံအက်ရှရှကလေးထွက်ပေါ်လာခဲ့သည်။ သူမရဲ့စိတ်ကူးတွေထဲမှာ ဒီချောက်ကမ်းပါးစွန်းကြီး‌အောက်ကပင်လယ်ထဲကိုအကြိမ်‌ပေါင်းများစွာခုန်ဆင်းခဲ့ဖူးသည်။ ခုန်ချလိုက်ရင် သူမရဲ့ခန္ဓာကိုယ်ပေါ့ပေါ့လေးက ငှက်မွှေးတောင်လေးတစ်ချောင်းလို ဦးတည်ရာမဲ့ ဘယ်လောက်ကြာအောင် လေထဲမှာလွင့်မျောနေပြီးမှ ရေခဲတမျှအေးစက်ပြီးကြမ်းတမ်းပြင်းထန်လွန်းလှတဲ့လှိုင်းတံပိုးတွေအောက်နစ်မြုပ်ပျောက်ကွယ်သွားလေမလဲ။ ဒီကမ္ဘာကြီးပေါ်မှာ သူမ မရှိတော့ဘူးဆိုတာလူတွေကသတိတောင်ပြုမိကြလိမ့်မည်မထင်ပါ။

“ဒီနေ့တော့ အသက်ကိုရှင်သန်အောင် ပင်ပန်းတကြီးမွေးမြူရင်း နာကြင်ခံစားခဲ့ရတာ‌တွေအားလုံးပြေပျောက်အောင် မင်းရင်ခွင်မှာအမောဖြေအိပ်စက်ဖို့ ကိုယ်တို့လာပြီ ပင်လယ်ကြီးရေ…”

သူမရဲ့စကားကို ပင်လယ်ကြီးကနားလည်သည့်အလားလက်ခုပ်သံအကျယ်ကြီးတီးရင်း မော်ကြည့်စောင့်မျှော်နေသည်လို့ထင်မိလေသည်။ စီးထားတဲ့အဖြူ‌ရောင်ခြေညှပ်ဖိနပ်အပါးလေးကိုချွတ်လိုက်တော့ အေးမြစိုစွတ်တဲ့မြက်ပင်လေးတွေရဲ့အထိအတွေ့ကိုခံစားမိချိန်မှာ လှမ်းလက်စခြေလှမ်းတို့တစ်ခဏရပ်တန့်သွားပေမယ့် ချက်ချင်းဆိုသလိုပဲ ကမ်းပါးစွန်းကို တစ်ရွေ့ရွေ့ဆက်လျှောက်သွားပါသည်။ မိုးစက်မိုးပေါက်လေးတွေတစ်ဖွဲဖွဲကျလာတာကို ခေါင်းမော့ခံယူရင်းလက်နှစ်ဘက်ကို ဘေးနှစ်ဖက်သို့အတောင်ပံသဖွယ်ဖြေးညှင်းစွာဆန့်တန်းလိုက်ကာ ခပ်သွက်သွက်အရှိန်ဖြင့်ပြေးပြီး ကမ်းပါးစွန်းကခုန်ချလိုက်စဉ်မှာ ရင်ထဲလှပ်ခနဲအေးသွားပြီး မျက်စိစုံမှိတ်ထားလျှက်ကပြုံးယောင်သန်းနေတဲ့မိန်းကလေးဟာ ဝါဂွမ်းလေးတစ်စလိုမျောလွင့်၍ ကျသွားခဲ့ရရှာလေပြီ။

************

“ဝုန်း.. ဒုန်း…ဒုန်း..”

“တံခါးဖွင့်လိုက်စမ်း $ ‌ေ-ာင်မ… အခုချက်ချင်းဖွင့်ဆိုဖွင့်… ကြာရင်နင်ပိုနာမယ်နော်… နားကန်းနေလား အမျိုး-ုတ်မ… နင်ဒီအခန်းထဲကပြေးလွတ်လိမ့်မယ်ထင်နေတာလား…. -ီးလိုမှပဲ… အားးးး”

မကြားဝံ့မနာသာ ဆဲဆိုခြိမ်းခြောက်သံတွေနဲ့အတူ အိပ်ခန်းတံခါးကိုထိုးကြိတ်ကန်ကြောက်လိုက်၊ အရှိန်နဲ့ပြေးပြီးကိုယ်လုံးနဲ့ဝင်တိုက်လိုက်လုပ်နေတဲ့ခင်ပွန်းဖြစ်သူရဲ့အသံကြောင့် နဂိုကပိုးဟတ်ဖြူလေးတစ်ကောင်လို ဖျော့တော့ပါးလျားသောမိန်းကလေးရဲ့မျက်နှာမှာပိုလို့တောင်သွေးဆုတ်ဖြူရော်သွားကာ နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးနှင့်နံရံကြားလွတ်နေတဲ့ထောင့်ကြားလေးထဲမှာ ကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ကာပုဝပ်တုန်ရီနေလေသည်။

“ဂျွတ်….ဖြောင်း”

ကျယ်လောင်တဲ့အသံကြီးနဲ့အတူ အိပ်ခန်းတံခါးကသော့အုံကျိုးပြီးပြုတ်ထွက်ကာ ခင်ပွန်းဖြစ်သူကသူ့အရှိန်နှင့်သူမထိန်းနိုင်ပဲ အိပ်ခန်းကြမ်းပြင်ပေါ်ဟတ်ထိုးလဲကျသွားရတာမို့ ပိုလို့တောင်ဒေါသထွက်လာပုံရသည်။

မီးမှောင်ချထားတဲ့အိပ်ခန်းတွင်းမှာခေါင်းကိုဟိုဘက်ဒီဘက်‌ဝှေ့ရမ်းရှာရင်း ကုတင်နံဘေးမှာကျုံ့ကျုံ့လေးဝပ်လျှက်တဆတ်ဆတ်တုန်နေရှာတဲ့မိန်းကလေးကို‌နောက်ဆုံးမှာ‌တွေ့ရှိသွား‌လေသည်။ ဧည့်ခန်းကတိုးဝင်လာတဲ့ မှုန်ပျပျအလင်းရောက်အောက်မှာ မိန်းကလေးရဲ့အသနားခံသလိုကူကယ်ရာမဲ့မျက်ဝန်းတွေကို ခင်ပွန်းဖြစ်သူကအရဿာခံကာတစ်စိမ့်စိမ့်ကြည့်နေရင်းကမျက်နှာကြီးပေါ်မှာစက်ဆုပ်စရာအပြုံးကပေါ်လာလေတော့သည်။

“မလုပ်… မလုပ်ပါနဲ့အစ်ကိုရယ်…
ညီမကိုအနိုင်မကျင့်ပါနဲ့… ရှိခိုးတောင်းပန်ပါတယ်… နှစ်မချင်းကိုယ်ချင်းစာပါရှင်”

ဗလုံးဗထွေးကြောက်ရွံ့တုန်ခါနေတဲ့အသံနှင့်မိန်းကလေးကတိုးလျှိုးတောင်းပန်ရှာပါသော်လည်း

“ဟားဟားဟားဟား… မင်းကများ ငါ့ကိုကလန်ချင်သေးတယ်ပေါ့.. အော်စမ်း… အော်လေ.. ဒီတိုက်ခန်းက ငါ့စိတ်ကြိုက် Sound Proof Doors (အသံလုံတံခါးတွေ) တပ်ထားတာ… မင်းသေအောင်အော်လည်းဘယ်အမျိုးမှမင်းကိုမကယ်နိုင်ဘူး…
ရန်ကုန်နဲ့လန်ဒန်ဆိုတာမိုင်ပေါင်းများစွာအဝေးကြီးပဲဟ…. ဘာ.. နှစ်မချင်းစာပါဟုတ်လား…
ငါကတစ်ဦးတည်း‌သောသားဆိုတာမင်းမေ့နေပြီထင်တယ်… ကိုယ်ချင်းစာရအောင်ဘာနှစ်မမှလည်းငါ့မှာမရှိဘူးကွ… ပြီးတော့မင်းကငါတရားဝင်လက်ထပ်ယူထားတဲ့မိန်းမ… ငါ့စိတ်ကြိုက်မင်းနေပေးရမယ်… လာစမ်း”

ခင်ပွန်းရဲ့လက်တစ်ဖက်က သူဝတ်ထားတဲ့ခါးပါတ်ကိုဆွဲဖြုတ်နေရင်း ကျန်တဲ့လက်တစ်ဖက်က မိန်းကလေးရဲ့ဆံနွယ်ရှည်တွေကိုရစ်ပတ်လိမ်ကာ ချောင်ထဲမှတစ်ရွတ်တိုက်ဆွဲခေါ်ထုတ်နေလေသည်။ နဂိုကတည်းကမြင့်မားထွားကြိုင်းသောခင်ပွန်းသည်နှင့်ခွန်အားမမျှရတဲ့ကြားထဲ ယခုလို
သူယင်းထမုန်ယိုနေချိန်မှာဆိုပိုလို့တောင်ရုန်းမထွက်နိုင်ပါချေ။

ဆောင့်ဆွဲခံထားရတဲ့ဆံပင်ရှည်တွေကြောင့် ဦးရေပြားပြုတ်ထွက်မတတ်တင်းကြပ်နာကြင်နေတာတွေလျော့ပါးသက်သာလိုသက်သာငြား ခင်ပွန်းသည်ရဲ့လက်ကို မိန်းကလေးရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့တွန်းဖယ်ရင်းက သူဆွဲခေါ်ရာနောက်
တရွတ်တိုက်ပါလာရလေသည်။

ထို့နောက် မိန်းကလေးကိုကုတင်ပေါ်ဆောင့်တွန်းလှဲချလိုက်ပြီး ခါးပါတ်ကိုလက်နှစ်ဖက်နဲ့ခပ်တင်းတင်းရစ်ပတ်လျှက်ဆွဲခါလိုက်သံ “ဖြောင်း”ကနဲကိုကြားလိုက်ရချိန်မှာ မိန်းကလေးတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထကာတစ်‌စောင်းလှဲလျှက်ကဒူးနှစ်ဖက်ကိုတင်းတင်းပိုက်ပြီးမျက်စိစုံမှိတ်အံကြိတ်ထားမိသည်။ အပြင်းအထန်နာကြင်မှုကြောင့် မိန်းကလေးရဲ့ကွေးထားတဲ့ဒူးတွေကရုန်းရင်းကန်ရင်းပြေလျှော့သွားရပြီး မျက်နှာကိုမထိခိုက်မိအောင်လက်နှစ်ဖက်ဖြင့်ကြိုးစားကာလျှက်
တဆတ်ဆတ်တုန်နေသည်အထိ ယောက်ျားကြီးအားနှင့် ခါးပတ်ဖြင့်ဆယ်ချက်ခန့်အားကုန်လွှဲရိုက်ပြီးချိန်မှာတော့ ခပ်မြော့မြော့သာကျန်တော့သောမိန်းကလေးကို လူမဆန်စွာ မဖွယ်မရာပြုမူလေတော့သည်။

မိနစ်နှစ်ဆယ်ခန့်အကြာ လူ့ငနွားက သူ့ဆန္ဒတွေပြည့်သွားချိန်မှာ မိန်းကလေးကိုဆောင့်တွန်းပစ်လိုက်ပြီး ဧည့်ခန်းထဲကဆိုဖာမှာခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ အော်ဟစ်နေတော့သည်။

“‌ေ-ာင်မ… နင်မေ့ချင်ယောင်ဆောင်မနေနဲ့….
ငါ့ကိုအခုချက်ချင်းပိုက်ဆံလှမ်းတောင်းပေး… ဆေး.. ဆေးအချိန်မှီဝယ်ရမယ်… အားးး… အူးးး.. ဆေး.. ဆေးပေးပါ”

ဒီစကားတွေကတော့ မိန်းကလေးသတိလစ်မသွားခင် လေးနောက်ဆုံးကြားလိုက်ရတဲ့ခင်ပွန်းသည်ရဲ့စကားသံတွေပါပဲ…

************

သတိရတစ်ချက်မရတစ်ချက်ဖြစ်နေရှာတဲ့ မိန်းကလေးရဲ့အတွေးတွေထဲမှာ သူမကိုပြုံးပြီးငုံ့ကြည့်နေတဲ့သိပ်ချစ်ရတဲ့ ယောက်ျားပီသချောမွေ့သောချစ်ဦးသူရဲ့မျက်နှာကအုပ်မိုးလို့နေလေသည်။ အာခံတွင်းမှာငုံထားမတတ်ဂရုတစိုက်အချစ်ခံရသောမိန်းကလေးသည် သူမချစ်သူကိုကျေနပ်ပီတိဖြစ်စွာ ချစ်စဖွယ်ပြုံးလို့ကြည့်‌နေမိသည်။

မိန်းကလေးသည် ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုများ
နှင့်အတူမွေးဖွားလာခဲ့သူဖြစ်သည်။ သိတတ်စအရွယ်ကတည်းက လူတွေကိုကြောက်တတ်သည်။ လူအများနှင့်ရောရောထွေးထွေးမနေလို။ မိန်းကလေးကိုသိပ်ချစ်ပြီးအလိုလိုက်သောမိသားစုဖြစ်တဲ့ နှစ်ဖက်အဖိုးအဖွား၊ မိဘနှစ်ပါး၊ အစ်မနှင့်အစ်ကိုကလွဲလို့ ဘယ်သူနှင့်မျှ အကျွမ်းတစ်ဝင်ရင်းနှီးချစ်ခင်‌နေထိုင်ခြင်းမရှိခဲ့။ ယုတ်စွအဆုံးတစ်ဝမ်းကွဲမောင်နှစ်မဆွေမျိုးတွေနှင့်တောင်စကား‌ပြောဆိုခြင်းမရှိခဲ့ပါ။ ကျောင်းတက်တဲ့အရွယ်ရောက်လာသည့်တိုင် မိန်းကလေး
ကျောင်းတက်နေလျှင်မိသားစုဝင်တစ်ဦးမဟုတ်တစ်ဦးကဆရာ‌တွေရဲ့ခွင့်ပြုချက်ယူပြီး အတန်းအပြင်မှာငုတ်တုတ်ထိုင်၍စောင့်ရှောက်ပေးရတတ်သည်။

မိန်းကလေးသည် သူမကိုချစ်သောမိသားစုအပေါ်တွင် အလွန်မှီခိုဆိုးနွဲ့တတ်သည်။ အထူးသဖြင့် သူမ၏မိခင်အပေါ်အနိုင်ယူတတ်သူဖြစ်သည်။ မိန်းကလေး၏မိခင်သည်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ ဖခင်ကတော့အစိုးရအရာရှိကြီးတစ်ဦးဖြစ်သည်မို့ သူမ၏ဘဝကလို‌လေသေးမရှိပြည့်စုံအေးချမ်းပါသည်။ မိခင်ကမိန်းမပီသသူမို့ ဆေးရုံ၊ ဆေးခန်းတာဝန်ဝတ္တရားတွေမအားလပ်တဲ့အကြားက အသက်ကြီးမှဖွားမြင်ခဲ့တဲ့အငယ်ဆုံးသမီးလေး၏ဝေယျာဝစ္စကိုကိုယ်တိုင်လုပ်ကိုင်ပေးရမှကျေနပ်သူဖြစ်လေသည်။ ထက်မြက်သောမိခင်ကြီး၏ပြုစုပျိုးထောင်မှုအောက်မှာကြီးပြင်းခဲ့ရ‌သောမိန်းကလေးသည် ဉာဏ်ကောင်းသည်မှန်သော်လည်းသွက်လက်ထက်မြက်မှုမရှိပါ။ သူမအလိုမကျလျှင် မိခင်ကြီးကိုတွန်းထိုးအော်ဟစ်နေတတ်သလို “ငါ့အတွက်မိခင်ကြီးမှာပင်ပန်းရရှာပါလား”ဆိုသည့် သနားငဲ့ညှာမှုမျိုးလည်းမရှိပေ။ အရွယ်ရောက်လာသည်အထိ အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီကအစ မိခင်ကြီးကိုယ်တိုင်လျှော်ဖွတ်ပေးမှဝတ်လေ့ရှိသူဖြစ်သည်။ မည်မျှပင်တစ်ကိုယ်ကောင်းဆန်ပြီး၊ ကိုယ့်အတ္တကိုသာရှေ့တန်းတင်လေ့ရှိသောသမီးဖြစ်ပါသော်လည်း မိခင်ကြီးမှာစိုးစဉ်းမျှအပြစ်မမြင်နိုင်ပဲချစ်ခင်ရှာပေသည်။

မိခင်သည်ဆရာဝန်မကြီးတစ်ဦးဖြစ်သလို၊ အိမ်ထောင်ရှင်မကောင်းတစ်ဦးလည်းဖြစ်တာမို့ အလုပ်နှင့်အိမ်ထောင်မှုဘဝကြား မျှခြေဖြစ်အောင်ကြိုးစားထမ်း‌ဆောင်ရသည်မှာအလွန်‌မောပန်းရ‌သောကြောင့် သမီးလေးကြီးပြင်းလာတဲ့အခါ မိမိလိုမပင်ပန်းစေချင်တဲ့အတွက် ကြုံကြိုက်လေတိုင်း

“သမီးကြီးလာရင် မေမေ့လို Lady Doctor (အမျိုးသမီးဆရာဝန်) မလုပ်ပဲ၊ Doctor’s Lady (ဆရာဝန်၏အမျိုးသမီးလေး)သာလုပ်နော် သမီးလေး”

ဟုခပ်ပြုံးပြုံးနှင့် စသလိုနောက်သလိုဖြင့် ဖြစ်စေချင်သည်တို့ကိုဆုံးမသင်ကြား‌‌ပေးတတ်လေသည်။

ကံတရားက မိခင်ကြီးဖြစ်စေချင်သလိုဖြစ်မလာခဲ့ပဲ စာတော်သောမိန်းကလေးသည် ဆရာဝန်မကလေးဖြစ်လာခဲ့လေသည်။ ကံကောင်းသည်က ဘယ်တုန်းကမှ သူစိမ်းတွေနှင့်ဆက်ဆံပေါင်းသင်းခဲ့ခြင်းမရှိသောမိန်းကလေးသည် ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက် မမျှော်လင့်ပါပဲ သူမနှင့်အသွင်တူသောသူငယ်ချင်းမ‌လေးတစ်ယောက်ကိုရရှိလိုက်ခြင်းပင်ဖြစ်သည်။
သူမတို့နှစ်ယောက်သည် ပထမနှစ်တက်စကတည်းက စိတ်ကျန်းမာရေးစစ်ဆေးခြင်းကို တစ်ကြိမ်တည်းနှင့်မအောင်မြင်ခဲ့သောကျောင်းသားများထဲတွင်ပါဝင်ခဲ့ရာက စတင်ပြီးခင်မင်မိကြကာ ကျောင်းသူသက်တမ်းတစ်လျှောက်လက်တွဲခဲ့ကြခြင်းဖြစ်လေသည်။

ကျောင်းသားတွေအများကြီးရှေ့ကဖြတ်လျှောက်ရပြီဆိုလျှင် နှစ်ယောက်သား ချွေးစေးတွေပျံနေတဲ့လက်‌တွေကို အပြန်အလှန်တင်းတင်းဆုပ်ကိုင်ကာ ခေါင်းကြီးတွေကိုယ်စီငုံ့ရင်း ကြောက်ကြောက်ရွံ့ရွံ့နှင့်အလျင်အမြန်အပြေးတပိုင်းလမ်းလျှောက်တတ်ကြသည်။ အစပိုင်းက သူတို့နှစ်ဦးကို ဂေါက်သီးမလေးနှစ်ယောက်လို့ ကျောင်းသားတွေကအထူးအဆန်းလိုလိုက်ကြည့်ကာ စနောက်တတ်ကြပေမယ့် ဆေးကျောင်းတို့၏ထုံးစံအတိုင်းနှစ်ရှည်လများအတူတစ်ကွကျောင်းတက်၊ လက်တွေ့အတူလုပ်၊ ခွဲခန်းအတူဝင်ကြရင်း သူမတို့အကြောင်းကိုပိုသိလာကြကာ အနှောက်အယှက်မပေးတော့ပဲ သူမတို့လိုအပ်လျှင်တောင်ကူညီပေးကြလေတော့သည်။ နာမည်အစအက္ခရာချင်းလည်းတူ၊ ခုံနံပါတ်ရှေ့နောက်လည်းဖြစ်သောသူငယ်ချင်းနှစ်ယောက်တို့သည် အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာကြတာနှင့်အမျှ အလုပ်သင်ဆရာဝန်ဘဝသို့တိုင်ရောက်ရှိလာကြလေသည်။

မိန်းကလေး၏သူငယ်ချင်းသည် သူမ လောက်လည်း ဉာဏ်မကောင်းသလို၊ ဆရာဝန်ဖြစ်ရန်ဝါဿနာလည်းမပါသူမို့ ၎င်း၏မိဘများအလိုအရသာ ဇွတ်မှိတ်ကြိုးစားရင်းဤမျှသောအနေအထားအထိရောက်လာရသူဖြစ်သည်။
မိန်းကလေးတို့နှစ်ယောက်သည် သူမတို့ရင်ထဲမှာရှိသမျှအကြောင်းအရာတွေအကုန်လုံးကို အချင်းချင်းမခြွင်းမချန်ရင်ဖွင့်ပြောဆိုတိုင်ပင်လေ့ရှိကြလေသည်။

မိန်းကလေးအလုပ်သင်ဆရာဝန်ဖြစ်သောနှစ်တွင် အစ်ကိုဖြစ်သူက မိသားစုဓါတ်ပုံကို ဖေ့စ်ဘုတ်အကောင့်တွင်အမှတ်မထင်တင်လိုက်မိရာက သူ၏ငယ်သူချင်းတစ်ဦးကတွေ့ရှိသွားပြီး မိန်းကလေးကိုစိတ်ဝင်စားကာ ဖေ့စ်ဘုတ်မှတစ်ဆင့်မိတ်ဖွဲ့လာခဲ့လေသည်။ ယောက်ျားပီသပြီးရည်မွန်ခန့်ညားသော၊ စကားအပြောအဆိုဆွဲဆောင်မှုရှိပြီးညက်ညောသော၊ နူးညံ့သိမ်‌မွေ့ပြီးမိန်းကလေးတွေအကြိုက်ကိုအလွန်အလိုက်သိသော ထိုအစ်ကိုကို မိန်းကလေးသည် တစ်စထက်တစ်စစွဲလန်းချစ်ခင်လာလေသည်။ မိန်းကလေးမျက်နှာတစ်ချက်ညိုလျှင်ပင် နေစရာနေရာမရှိလောက်အောင်ကို
သည်းသည်းလှုပ်ချစ်ပြတတ်တဲ့အစ်ကိုသည် အတွေ့အကြုံလုံးဝမရှိသောအပျိုစင်အူရိုင်းမိန်းကလေး၏ ရူးမတတ်ချစ်ရသောအချစ်ဦးဖြစ်လာခဲ့ရလေသည်။

************

“ညီမလေးရေ… မင်းချစ်သူက ကိုကို့သူငယ်ချင်းဆိုပေမယ့် သိပ်ရင်းနှီးခဲ့တဲ့သူငယ်ချင်းတော့မဟုတ်ဘူး.. အထက်တန်းကျောင်းတက်တုန်းကဆိုမေးထူးခေါ်ပြောလောက်ပဲရှိခဲ့တာ… ကျောင်းတုန်းကတော့ သူက‌ လူကြီးသားသမီး၊ သ‌ဘောကောင်းပေမယ့် ဆေးလိပ်‌တွေသောက်၊ ရန်တွေဖြစ်နဲ့ဆိုးတဲ့‌ ကျောင်းသားတစ်ယောက်ပဲ….အခုဆိုသူနဲ့မတွေ့ရတာနှစ်တွေတောင်မနည်းတော့ဘူး… ဒါကြောင့်
သူကအခုအင်္ဂလန်မှာအိုင်တီအင်ဂျင်နီယာတစ်ယောက်အဖြစ်အသက်မွေးနေတယ်ဆိုတာကြားရတာပဲရှိတာ သူ့အကြောင်းတော့ ဃဃနနမသိတာမို့ ညီမလေးသေချာစုံစမ်းကြည့်ပါဦး…. ကိုကိုလည်း သူနဲ့အဆက်အသွယ်ရှိလောက်တဲ့သူငယ်ချင်းတွေရှာ‌ဖွေမေးမြန်းကြည့်ပါဦးမယ်”

ငယ်စဥ်ကတည်းက ချစ်လွန်းလို့နာမည်‌တောင်တစ်ခါမှမခေါ်ပဲ “ညီမလေး”လို့သာခေါ်‌တတ်တဲ့
မိန်းက‌လေးရဲ့အစ်ကိုသည် အိမ်ထောင်ရက်သားကျပြီး တစ်မြို့တစ်ရွာမှာနေပေမယ့် သူ့ညီမလေးကိုစိတ်ပူစွာအရိပ်အမြွက်သတိပေးလေသည်။ မိန်းကလေးနှင့်ဆယ်နှစ်ကွာသောအစ်မအကြီးဆုံးသည်လည်း နိုင်ငံရပ်ခြားတွင်မိသားစုနှင့်အခြေကျနေပေပြီ။

မိန်းကလေးသည် လိုင်းပေါ်မှာသာတွေ့ဆုံချစ်ကြိုက်ရသောချစ်သူကို တစ်ဘဝလုံးပုံအပ်ရန်အထိယုံကြည်ထားသူမို့ ချစ်သူအစ်ကို့အကြောင်းကိုအထူးတလည်လည်းမစုံစမ်းမိသလို အပေါင်းအသင်းမဆန့်သူမို့ ဘယ်သူ့ကိုမေးမြန်းကြည့်ရမှန်းလည်းမသိခဲ့ပါပေ။ ရိုးအလွန်းသောသူမို့ ချစ်သူအစ်ကို့ကို ဒီအကြောင်းဖွင့်ပြောပြမိတော့ အစ်ကိုကမျက်ရည်ထွက်အောင်ပင် သူမကိုရယ်မောလေသည်။

“မိန်းကလေးရယ်….အစ်ကိုက မိန်းကလေးကို
ဒီလောက်တောင် မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်တာကိုသိရက်သားနဲ့ မိန်းကလေးက အစ်ကို့ကို မယုံဘူးလားကွာ….. ဟားဟား”

လှောင်ရယ်ခံရလို့ မျက်နှာလေးနီရဲအောင်ရှက်သွားရတဲ့မိန်းကလေးသည် အစ်ကိုအလုပ်လုပ်ရာလန်ဒန်မြို့ကြီးသို့အပြေးလေးသွားပြီး အစိကို့ရင်ခွင်ကျယ်ကြီးထဲမှာမျက်နှာကိုဖွက်ထားလိုက်ချင်သည်ဟုတွေးရင်း ရင်ခုန်သံတွေမြန်လာရသည်။

“ဟေ့ ကောင်မလေး….မျက်နှာလေးမော့ပါဦးကွ…
အစ်ကို့အကြောင်းဘာသိချင်သလဲ ကြိုက်တာမေး… အစ်ကိုပြောပြပါ့မယ်… အစ်ကို့ဖေဖေကဘယ်သူဆိုတာတော့ ညည်းသိပြီးသားပဲမဟုတ်လား… အစ်ကိုကတစ်ဦးတည်းသောသား…မြန်မာပြည်မှာကျောင်းပြီးပြီးချင်း မိဘတွေက အင်္ဂလန်ကိုလွှတ်လိုက်လို့ ဒီမှာ မာစတာဘွဲ့ယူပြီး အလုပ်ဝင်နေတာသုံးနှစ်ရှိပြီ… အခုဆိုချစ်ရတဲ့ရည်းစားလေးလည်းရနေပြီ၊ အလုပ်လည်းရှိ‌နေပြီဆိုတော့ အစ်ကို မိန်းကလေးကိုမခွဲနိုင်တော့ဘူးကွာ… လက်ထပ်ယူချင်ပြီ… မိန်းကလေးဘွဲ့ယူပြီးတာနဲ့ အစ်ကိုတို့မင်္ဂလာဆောင်ကြရအောင်နော် ကောင်မလေး”

တွတ်တီးတွတ်တာချွဲနွဲ့ရင်း ရီဝေရွှန်းလဲ့တဲ့မျက်လုံးကြီးတွေနဲ့ စားမတတ်ဝါးမတတ်စိုက်ကြည့်နေခဲ့တဲ့
အစ်ကို့ကို မဝံ့မရဲပြန်ကြည့်ရင်း ကြက်သီးတစ်ဖြန်းဖြန်းထသည်အထိ အချစ်ရဲ့ညှို့ချက်စက်ကွင်းမှာ မိန်းကလေး ယစ်မူးနေမိကာ ခေါင်းကိုသာအခါခါအထပ်ထပ်ညိမ့်နေမိပါတော့သည်။

အစ်ကိုမလာရောက်နိုင်ပေမယ့် အစ်ကို့မိဘတွေက မိန်းကလေးရဲ့မိဘတွေဆီမှာမိသားဖသားပီပီလာ‌ရောက်တောင်းရမ်းကြ‌လေသည်။
မိဘတွေက သမီးရဲ့ခင်ပွန်းလောင်းကိုလေ့လာကြည့်ချင်ကြသေးတာမို့ အင်္ဂလန်မှခေတ္တပြန်လာကာစေ့စပ်ပွဲအရင်လုပ်ထားပြီး တစ်နှစ်ကြာမှ လက်ထပ်စေလိုကြသော်လည်း အစ်ကိုကအလုပ်မှခွင့်မရဟုဆိုကာ တစ်ခါတည်းထိမ်းမြားလက်ထပ်ပေးဖို့ခွင့်ပြုပါရန်အစ်ကို့မိဘတွေကတောင်းဆိုကြ‌ပါသည်။ သမီးဖြစ်သူကလည်း သတို့သားဘက်ကတောင်းဆိုတဲ့အတိုင်းသာလုပ်ပေးဖို့ မိဘတွေကိုနားပူနားဆာလုပ်တာကတစ်‌ကြောင်း၊
ဂုဏ်သရေရှိသတို့သားမိဘများကိုယုံကြည်သည်ကတစ်ကြောင်းတို့ကြောင့် သမီးစိတ်ချမ်းသာရင်ပြီးရောဆိုပြီးခွင့်ပြုလိုက်ကြလေတော့သည်။

ထို့ကြောင့် မိန်းကလေးတို့ဘွဲ့နှင်းသဘင်အခမ်းအနားအပြီးတစ်ပါတ်အကြာမှာ အစ်ကိုနှင့်လက်ထပ်ဖို့အ ပြေးအလွှားလေးစီစဥ်ထားခဲ့သည်။ လက်ထပ်ပြီးပြီးချင်းအစ်ကိုနှင့်အတူ အင်္ဂလန်နိုင်ငံကိုလိုက်ပါသွားမည်မို့ ပတ်စ်ပို့ကိစ္စ၊ ဗီဇာကိစ္စ၊ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စ‌တွေပါ အချိန်တိုအတွင်းလုပ်ဆောင်ရသေးသည်။
အစ်ကိုနှင့်လက်မထပ်လည်း မိန်းကလေးက အစိုးရအလုပ်ဝင်ရန်စိတ်ကူးမရှိပဲ အပြင်ဆေးကုမ္ပဏီတစ်ခုခုမှာသာအလုပ်ဝင်လိုသူဖြစ်လေသည်။

ထုံးစံအတိုင်း တစ်ဦးတည်းသောသူငယ်ချင်းမလေးကို မင်္ဂလာသတင်းပြောပြရင်းပျော်ရွှင်တက်ကြွနေတဲ့မိန်းကလေးကို သူငယ်ချင်းကအေးစက်စက်မျက်ဝန်းတွေနဲ့ကြောင်စီစီကြည့်ကာ သူမရဲ့ကုတ်ကွေးကျနေတဲ့နှုတ်ခမ်းကို အတင်းပြုံးဟန်ပြုတာမို့ ပြုံးသည်နှင့်မတူပဲ ငိုခါနီးမဲ့ကျလာသလိုဖြစ်‌နေတာမို့ မိန်းကလေးအံ့ဩသွားရလေသည်။

“ငါချစ်တဲ့သူနဲ့မင်္ဂလာဆောင်တော့မှာကို နင်ဝမ်းမသာဘူးလားဟင်….”

မိန်းကလေးက ဇဝေဇဝါနှင့်နားမလည်နိုင်သလိုမေးတော့ သူငယ်ချင်းက သူမကို

“I’m so happy for you..”

လို့သာမျက်လုံးသေကြီးတွေနဲ့ပြောရင်း မိန်းကလေးရဲ့နဖူးကိုဂုဏ်ပြုအနမ်းတစ်ချက်ဖွဖွပေးကာ တင်းကြပ်နေအောင်ခေတ္တဖက်ထားလေသည်။ ပြီးနောက် လူချင်းခွာပြီး ခုနကအပြုံးမျိုးထပ်ပြုံးပြပြန်ကာ

“ငါချစ်ရတဲ့နင်ကလည်းငါ့အနားမှာရှိမ‌နေနိုင်တော့ဘူး….. ငါ့မိဘ‌တွေကိုပေးထားမိတဲ့ကတိ‌တွေ၊ တာဝန်တွေလည်းအကုန်ကျေခဲ့ပြီးပြီမို့…ငါနင့်ကိုနှုတ်ဆက်ခဲ့တယ်နော်”

ဟု အနိမ့်အမြင့်အတက်အကျမရှိတဲ့အသံနှင့်
ပြောကာ မိန်းကလေးကိုခပ်ငေးငေးကြည့်ရင်းရုတ်တရက်လှည့်ထွက်သွားလေတော့သည်။

မိန်းကလေးစိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသော်လည်း မနက်ဖြန်ဘွဲ့ယူပြီး နောက်တစ်ရက်မှာ
အစ်ကို့ကိုလေယာဉ်ကွင်းမှာသွားကြိုရမည်ဟုတွေးမိတာကြောင့်စိတ်တွေကြည်နူးလန်းဆန်းသွားရပြန်ကာအရာအားလုံးကိုမေ့သွားရပါသည်။

နောက်တစ်နေ့ မိန်းကလေးတို့စာသင်နှစ်ကကျောင်းသူကျောင်းသားတွေအကုန်လုံး အမ်ဘီဘီအက်စ်ဘွဲ့ကို ပျော်ရွှင်ဂုဏ်ယူစွာတက်ရောက်ယူကြရင်း၊ မိဘဆွေမျိုးများနှင့်အမှတ်တရဓါတ်ပုံတွေရိုက်ကြပါသည်။ သူငယ်ချင်းနှစ်ယောက်လည်းဓါတ်ပုံတွေအများကြီးရိုက်ကြပြီးလမ်းခွဲခဲ့ကြသည်။ နောက်တစ်နေ့မနက်ဝေလီဝေလင်းအချိန်မှာ ဖုန်းသံကကျယ်လောင်စွာမြည်ဟီးလာသည်မို့ အိပ်ချင်မူးတူးနဲ့မိန်းကလေးဖုန်းဖြေလိုက်ချိန်မှာတော့ ရှော့ခ်ရကာကြက်သေသေသွားရသည်။
ဒီကနေ့နံနက်အစောကြီးမှာ မိန်းကလေးရဲ့သူငယ်ချင်းမသည် ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချပြီးအဆုံးစီရင်သွားလေပြီတဲ့လေ။
ဒီသတင်းဆိုးက မိန်းကလေး၏စိတ်နှလုံးကိုညှိုးချုံးစေသော ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရပါသည်။

************

ခရီးသည်များဆိုက်ရောက်ရာအပေါက်မှအထွက် လက်ဝှေ့ရမ်းပြကာ အနားကိုအပြေးအလွှားလေးရောက်လာတဲ့အစ်ကို့ကို မိန်းကလေးက
ငေးကြောင်ကြောင်မျက်နှာပေးနှင့်ငိုင်တိုင်တိုင်ကြည့်နေမိပါသည်။ ဟိုးအရင်လိုင်းပေါ်မှာတွေ့ကာစနှင့်စာလျှင် အစ်ကိုက ပါးရိုးတွေချောင်ကျလျှက် အတော်ပိန်သွားပုံရသော်လည်း အမြဲတမ်းတက်ကြွသွက်လက်နေတဲ့သူ့ပုံစံကပျောက်ကွယ်မသွားချေ။

“ဟိတ်… မိန်းကလေး ဘာတွေကြောင်ကြည့်နေတာလဲ… အစ်ကိုရောက်လာပြီလေ မပျော်ဘူးလား”

အစ်ကိုက မိန်းကလေးရဲ့ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာ ဝမ်းသာအားရမေးလာမှ မိန်းကလေးအစ်ကို့ကိုမော့ကြည့်ရင်းပြုံးပြဖြစ်သည်။

“သားလေး… အရမ်းပိန်သွားတယ်နော်… မင်း အခုထိမလိမ္မာသေးဘူးလားကွယ်”

အစ်ကို့အမေနှင့်အတူလာကြိုတာမို့ မိန်းကလေးငိုချင်စိတ်ကိုအသာထိန်းရင်း အစ်ကိုတို့သားအမိနှစ်ယောက်စကားပြောတာကိုသာနားစွင့်နေမိသည်။

“ဟာ… အမေကလည်း ရောက်ရောက်ချင်းလုပ်ပြီဗျာ… ဒါကြောင့်မြန်မာပြည်ကိုပြန်ကိုမလာချင်တာ…”

သူ့အမေစကားကြောင့်မျက်နှာပျက်သွားတဲ့အစ်ကိုက မိန်းကလေးရှေ့မှာ ကမန်းကတန်းအိန္ဒြေဆည်လိုက်ရင်း မလုံမလဲပြုံးပြလေသည်။ မျက်ရည်တွေဝဲလာတဲ့သူ့အမေက အသံတုန်တုန်လေးနဲ့

“မင်းအဖေက မင်္ဂလာဆောင်ကိစ္စအားလုံးတာဝန်ယူပေးပြီးရင် သူ့ဘက်ကမိဘတာဝန်အကုန်ကျေပြီတဲ့သားရယ်”

အစ်ကိုက သူ့အမေကိုစိတ်ပျက်တဲ့လေသံနှင့်ခွန်းတုံ့ပြန်လေသည်။

“အမေကလည်း မိန်းကလေးရှေ့မှာဘာတွေအထုပ်ဖြည်ပြနေတာလဲ…ကျွန်တော်ကလည်း အဖေ့သားပါ… သူပြတ်သလို ကျွန်တော်လည်းပြတ်ပါတယ်… ရှေ့လျှောက် သူ့အထောက်အပံ့တစ်ပြားတစ်ချပ်မှယူမှာမဟုတ်တော့ပါဘူး”

“အခု အမေ ဒရိုင်ဘာနဲ့လာတာမဟုတ်လား…
အမေပြန်တော့… မိန်းကလေးနဲ့ကျွန်တော်သီးသန့်စကားပြောစရာရှိတယ်… နောက်မှ အိမ်ပြန်လာခဲ့မယ် ဟုတ်ပြီလား”

အစ်ကိုက သူ့အထုပ်အပိုးတွေ အမေနဲ့ထားခဲ့ပြီး မိန်းကလေးလက်ကိုဆွဲကာ လေယာဉ်ကွင်းအပြင်ဘက်ခပ်သွက်သွက်ထွက်ခွာလာတာမို့ မိန်းကလေးက အားနာတဲ့မျက်လုံးလေးနဲ့ ယောက္ခမလောင်းကိုလည်ပြန်ကြည့်ကာနှုတ်ဆက်ရင်းအစ်ကိုဆွဲ‌ခေါ်ရာနောက်ဟပ်ထိုးလိုက်လာရလေသည်။

************

တက္ကစီးငှားပြီး လူရှင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်သွားကာ စားစရာတွေမှာကာ စကားပြောဖြစ်ကြတော့အစ်ကိုက လူတွေရှေ့မရှောင် မိန်းကလေးနံဘေးပူးကပ်ထိုင်ရင်း မိန်းကလေးကို မလွှတ်တမ်း ရင်ခွင်ထဲထည့်ဖက်ထားလေသည်။ တစ်ခါမှ ယောကျာ်းတစ်ယောက်နှင့် ဒီလောက်ကြီးတရင်းတနှီးမနေဘူးတာကြောင့် မိန်းကလေးရင်တွေတဒိတ်ဒိတ်ခုန်ရင်း၊ သူငယ်ချင်းနာရေးကိစ္စနှင့်တစ်မနက်လုံးလည်းငိုထားခဲ့တဲ့အရှိန်ကြောင့်ဝမ်းနည်းဆို့နင့်နေတာရော၊ ရှက်စိတ်ကြောက်စိတ်တွေ‌ကြောင့်ပါ ချွေးစေးတွေပျံကာခေါင်းတွေမူးနောက်လာရသည်။

“ဟိတ်… ကောင်မလေး… အစ်ကိုရောက်လာပြီလေ မျက်နှာကြီးကဘယ်လိုဖြစ်နေရတာလည်းကွာ… ဖုန်းထဲမှာလို အစ်ကို့ကိုချစ်တဲ့အကြောင်းတွေပလွတ်ပလွတ်နဲ့ပြောစမ်းပါဦးကွ”

ရင်ခွင်ထဲကမိန်းကလေးရဲ့မျက်နှာကိုမေးဖျားကပင့်ပြီးဆွဲမော့လိုက်ကာ မျက်နှာချင်းအနီးကပ်မေးတော့ မိန်းကလေး ကမန်းကတန်းမျက်လွှာချလိုက်မိသည်။ ရုတ်တရက် ဝမ်းနည်းဆို့နင့်လာတာကြောင့် အစ်ကို့ရင်ခွင်ကိုမျက်နှာအပ်ပြီး ချုံးပွဲချငိုရင်း ရင်ဖွင့်မိလေသည်။

“ညီမရဲ့တစ်ဦးတည်းသောသူငယ်ချင်းမလေး ဒီမနက်ပဲသူ့ကိုယ်သူ ဆူဆိုက်လုပ်သွားတယ်အစ်ကိုရယ်… ဒီကမ္ဘာကြီးမှာညီမကိုနားအလည်နိုင်ဆုံးသူ
မရှိတော့ဘူး…အီးဟီးဟီး”

“ဪ… မိန်းကလေးပြောပြောနေတဲ့တစ်ယောက်လား… ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတော့ ဆိုက်ကိုပတ်သ် (Psychopath)ပေါ့… ဒီလိုမူမမှန်တဲ့သူတွေရဲ့စိတ်ဆိုတာအစိုးမရဘူးမိန်းကလေးရဲ့…
ဒါမထူးဆန်းပါဘူး”

“ရှင်…”

အစ်ကို့ရဲ့နှစ်သိမ့်အား‌ပေးမှုကို‌မျှော်လင့်ထားရာကအဲဒီလိုပြောလိမ့်မယ်မထင်ထားတာကြောင့် စိတ်ဓါတ်တွေပြိုလဲကျနေတဲ့မိန်းကလေး ကြောင်သွားပြီး ဝမ်းပန်းတစ်နည်းငိုရှိုက်နေရာက အစ်ကို့ကိုမော့ကြည့်မိလေသည်။

ဒါကို ပါးနပ်တဲ့အစ်ကိုက သူစကားမှားသွားပြီဆိုတာကိုချက်ချင်းရိပ်မိသွားပြီး မျက်နှာအမူအယာပြင်ရင်း မိန်းကလေးရဲ့မျက်ရည်တွေကိုပွတ်သုတ်ပေးကာ ချိုချိုသာသာဖြောင်းဖျပြောဆိုလေသည်။

“ဆောရီးပါကွာ… မိန်းကလေးဒီလောက်ခံစားနေရမှန်းမသိလို့ စိတ်ပြေပါစေတော့ရယ်လို့လွှတ်ကနဲပြောမိသွားတာပါ…အစ်ကိုတမင်ရည်ရွယ်တာမဟုတ်ပါဘူး… မိန်းကလေးကို တစ်သက်လုံးချစ်သွား၊ နားလည်ပေးသွားမယ့်အစ်ကိုတစ်ယောက်လုံးရှိပါသေးတယ်ကောင်မလေးရယ်…စိတ်မဆိုးနဲ့တော့နော်…စိတ်ပြေပါတော့”

အစ်ကိုကချော့လည်းချော့ရင်း တင်းတင်းကြပ်ကြပ်ဖက်ပွေ့ကာ တုန်ရီနေတဲ့မိန်းကလေးရဲ့နှုတ်ခမ်းအစုံကိုစုပ်ယူနမ်းရှိုက်နေတာမို့ မိန်းကလေးအသက်ရှုကြပ်လာကာ အတင်းရုန်းထွက်လိုက်ရင်း ပတ်ဝန်းကျင်ကို‌ မလုံမလဲဝေ့ဝဲကြည့်မိသည်။ စားသုံးသူတစ်ချို့နဲ့ဝန်ထမ်းတွေက သူတို့အတွဲကိုကွက်ကြည့်ကွက်ကြည့်လုပ်ရင်းတီးတိုးပြောနေကြတာတွေ့ရသည်။

“အစ်ကို ဘယ်လိုတွေလုပ်နေတာလဲ..ဒါမြန်မာနိုင်ငံ.. ပြီးတော့ public area မှာလေ… နည်းနည်းပါးပါးဆင်ခြင်ပါဦး…”

မိန်းကလေးအသံကငိုသံစွက်ကာ ရှက်ခြင်း၊ ကြောက်ခြင်းကြောင့် ရင်ဘတ်ပေါ်လက်ကလေးနှစ်ဖက်ယှက်ရင်းတုန်လှုပ်နေတာမို့ အစ်ကိုက သူ့ပခုံးနှစ်ဖက်ကိုဟန်ပါပါတွန့်လိုက်ရင်း မိန်းကလေးနှင့်ခပ်ခွာခွာပြင်ထိုင်လိုက်သည်။ ‌ပြီး‌နောက် စီးကရက်တစ်လိပ်ကိုထုတ်သောက်လိုက်ပြီး မီးခိုးငွေ့တွေကို သူမမျက်နှာဆီသို့ကျီစယ်သလိုမှုတ်ထုတ်လိုက်ကာ မျက်လုံးကိုမှေးစင်းပြီးကြည့်နေလေသည်။ အတန်ကြာမှ…

“အစ်ကိုအရမ်းလွမ်းနေခဲ့ရလို့ ရုတ်တရက်မထိန်းနိုင်ဖြစ်သွားတာပါ… ဒါမျိုးထပ်မလုပ်တော့ဘူးလို့ကတိပေးတယ်နော်မိန်းကလေး… ကဲပြောပါဦး… မင်္ဂလာဆောင်အတွက်အားလုံးအဆင်သင့်ပဲလား…. မင်္ဂလာဖိတ်စာရောယူလာလား…ပြကြည့်ပါဦး”

အစ်ကိုကသူ့ကိုယ်သူထိန်းနိုင်သွားသလို တည်တည်ငြိမ်ငြိမ်မေးမြန်းပြောဆိုလာတော့ မိန်းကလေးလည်း အနည်းငယ်အကြောက်လျော့သွားရသည်။ မင်္ဂလာပွဲအကြိုဓါတ်ပုံရိုက်ဖို့စီစဉ်ထားတာတွေ၊ ဖိတ်စာအချို့ဝေဖို့ကျန်နေသေးတဲ့ကိစ္စတွေ၊ မင်္ဂလာပွဲနေ့အတွက်အသေးစိတ်အစီအစဉ်တွေ၊ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့သီးသန့်မင်္ဂလာညစာစားကြမှာတွေ တိုင်ပင်ဆွေး‌နွေးရင်း တစ်ယောက်နှင့်တစ်ယောက်ပိုပြီးရင်းနှီးလာသလိုခံစားမိရသည်။

“သံရုံးဗီဇာရောယူပြီးပြီမဟုတ်လား….
လေယာဉ်လက်မှတ်တွေရော အကုန်စီစဉ်‌ပြီးပြီလားမိန်းကလေး… အဲဒါတွေကအရေးကြီးတယ်…အစ်ကိုကခွင့်ဆယ်ရက်ပဲရတာမို့ မင်္ဂလာပွဲအပြီးနောက်တစ်ရက်ပြန်မှဖြစ်မှာမို့ပါ”

“ဟုတ်ကဲ့…. အားလုံးအဆင်သင့်ပါပဲ… ညီမကအစ်ကို့ကိုချစ်လွန်းလို့သာအစ်ကို့နောက်လိုက်ခဲ့ရမှာ… ဘာသာမတူလူမျိုးမတူသူစိမ်းတွေကြားမှာဘယ်လိုနေရမယ်မှန်းတွေးမရသေးဘူး…ပျော်သလိုမပျော်သလိုနဲ့အခုထက်ထိဝေခွဲမရဖြစ်နေမိတုန်းပဲအစ်ကိုရယ်”

အစ်ကိုက သူမရဲ့လက်လေးတစ်ဖက်ကိုဖျစ်ညှစ်အားပေးရင်း သူမကိုပြုံးပြီးကြည့်နေလေသည်။ ပြီးမှ သူမရဲ့နားနားကပ်ကာ လေသံတိုးတိုးနှင့်ချော့မြှုဆွဲဆောင်ပြန်လေသည်။

“အချစ်လေး… ဒီညမပြန်နဲ့‌တော့ကွာ..ကိုယ်တို့အတူနေကြရအောင်… နော်”

ရောက်ကတည်းက ဒီကိစ္စကိုပဲဦးစားပေးနေတဲ့အစ်ကို့ကို မိန်းကလေးက စိတ်ညစ်ညူးစွာကြည့်ရင်း စိတ်ထဲတစ်မျိုးကြီးခံစားလာမိရသည်။ အစ်ကိုက ဘယ်လိုလူစားမျိုးပါလိမ့်… ငါ့ရွေးချယ်မှုရောမှန်မှမှန်ရဲ့လား တွေးကာစိတ်ထင့်သလိုဖြစ်သွားမိရသည်။

“ညီမတို့နှစ်‌ယောက်ကတစ်သက်လုံးအတူနေကြဖို့ဆုံးဖြတ်ပြီးသွားပြီပဲအစ်ကိုရယ်… ညီမကိုတန်ဖိုးထားချစ်ခင်ရင် ဒီကအပြန်မှာ ညီမကိုအိမ်ပြန်လိုက်ပို့ရင်း တစ်ခါမှမတွေ့ရသေးတဲ့ ညီမမိဘတွေကိုဂါရဝပြုဖို့မသင့်ဘူးလား… မနက်ဖြန်ဆိုလည်းတစ်နေ့လုံးဓါတ်ပုံရိုက်တာတွေ၊ မင်္ဂလာဝတ်စုံဖစ်တင်းချဖို့တွေ အချိန်လုလုပ်ရမယ့်အလုပ်တွေမှတန်းစီနေတာပဲ…”

“အိုးခေ… အိုးခေ…ဟုတ်ပါပြီဗျာ… မိန်းကလေးရဲ့သဘောအတိုင်းပါပဲ”

အခုလိုကျတော့လည်း အစ်ကိုက ခုနကတစ်ဇွတ်ထိုးကမူးရှူးထိုးဖြစ်နေတာသူမဟုတ်သလိုပဲမို့ မိန်းကလေးသက်ပြင်းမောကြီးချလိုက်မိပါတော့သည်။

တစ်ခါမှ မိသားစုနှင့်မခွဲခွာခဲ့ဖူးတာကြောင့် မိန်းကလေးစိတ်ထဲမှာ လက်ထပ်ပွဲပြီးဆုံးသွားတာတောင်မှ ဒါဟာအိပ်မက်တစ်ခုလေလားလို့ဇဝေဇဝါဖြစ်လို့နေရသည်။ အထူးသဖြင့် ဘဝတစ်လျှောက်လုံး သူမရဲ့ဝေယျာဝစ္စတွေကိုမညည်းမညူဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့တဲ့မိခင်ကြီးမပါပဲ ကိုယ့်ဘဝလမ်းကို ကိုယ်တိုင်လျှောက်လှမ်းရတော့မည်ဆိုတော့ မိန်းကလေးကိုယ်တိုင်ကဝမ်းနည်းအားငယ်နေမိသလို မိခင်ကြီးမှာလည်း သမီးကို

ရင်ခွင်ထဲကလွှတ်‌ပေးလိုက်ဖို့စိတ်မချနိုင်အောင်ဖြစ်နေရလေသည်။

“သမီးရေ… မေမေ့သမီးလေးကအိမ်ထောင်ရှင်မလေးဖြစ်သွားပြီမို့ အိမ်မှုကိစ္စအဝဝအပြင်၊ လင်ယောက်ျားရဲ့ဝေယျာဝစ္စကိုပါတာဝန်ယူလုပ်ကိုင်ပေးရတော့မယ်… အစစအရာရာတတ်‌မြောက်အောင်သင်ယူလေ့လာပါ… ရောက်ရာအရပ်မှာတွေ့တဲ့သူနဲ့သင့်တင့်အောင်‌မိတ်ဆွေဖွဲ့နေထိုင်ပါ…

သမီးလေးလိုအပ်တာမှန်သမျှ မေမေတို့ကိုမဆိုင်းမတွအသိပေးပါ… အခက်အခဲတွေရင်ဆိုင်ရရင်လည်း မေမေတို့နဲ့လှမ်းတိုင်ပင်ပါနော်… ဘာလို့မှန်းမသိဘူး သမီးနဲ့ခွဲရမှာ မေမေ့စိတ်တွေလေးနေတယ်သမီးလေးရယ်”

တစ်တွတ်တွတ်မှာကြားနေတဲ့မိခင်ကိုဖက်ရင်း မိန်းကလေးမျက်ရည်တွေတွေကျနေမိသည်။ မနက်ဖြန်ဆိုရင် အစ်ကို့လက်ကိုတွဲပြီး နိုင်ငံရပ်ခြားမှာတစ်အိုးတစ်အိမ်ထူထောင်ဖို့သွားရပေတော့မည်။ မိန်းကလေးအတွက်တော့ဘဝနှင့်ချီတဲ့စွန့်စားခန်းတစ်ရပ်ပါပေ။

အင်္ဂလန်ရောက်ခါစမှာ ရာသီဥတုကြမ်းတာရော၊ ဆွေမျိုးအသိမိတ်ဆွေရယ်လို့တစ်ဦးမှမရှိတာကြောင့်ရော၊ အချက်အပြုတ်သန့်ရှင်းရေးအိမ်မှုကိစ္စမကျွမ်းကျင်တာကြောင့်ရောသာမက လန်ဒန်သားတွေရဲ့လေယူလေသိမ်းကိုကျင့်သားမရ‌သေးတာမို့ဘာသာစကားအခက်အခဲကိုပါရင်ဆိုင်ရတာကြောင့်ဘယ်လိုမှနေမပျော်ပဲ အိမ်လွမ်းနာကျကာ မြန်မာပြည်ပြန်ပြေးချင်နေမိတာသာသိလေသည်။
မိန်းကလေးတို့လင်မယားသည် လန်ဒန်မြို့နှင့် ကီလိုမီတာရှစ်ဆယ်ခန့်‌ကွာဝေးသော Burkinghamshire, Milton Keynes City ရှိ Oakgrove ကရှစ်ခန်းတွဲအုတ်ခံနှစ်ထပ်တိုက်တန်းလျားတစ်ခုရဲ့ဒုတိယထပ်အခန်းမှာငှားနေကြပါသည်။
ဤမြို့ကလေးသည် သန်ရှင်းသပ်ရပ်သော

ချစ်စဖွယ်မြို့က‌လေးတစ်မြို့ဖြစ်ပြီး ထူးခြားချက်ကတော့ ယာဉ်ကြောထိန်းသိမ်းရေးအတွက်

တစ်မြို့လုံးရှိလမ်းဆုံ၊ လမ်းခွများမှာ မီးပွိုင့်အစား

မြောက်များလှစွာသောအဝိုင်းပတ်များထားရှိခြင်းပင်ဖြစ်သည်။ Aldi လို၊ Lidl လိုနာမည်ကြီး Croissant မုန့်ကောင်းကောင်း‌လေးတွေရတဲ့စူပါမားကက်‌တွေ‌ မြို့တွင်းနေရာအနှံ့ဖွင့်လှစ်ထားတာမို့‌လေလားမသိ ရှုရှိုက်ရတဲ့လေကိုကအစ ဝက်ပေါင်ခြောက်ကင်လို၊ ပေါင်မုန့်မီးကင်လိုအနံ့အသက်‌တွေသာရနေသည်ဟုပင်ထင်မိသည်။

အင်္ဂလန်ပြန်ရောက်‌တော့ အစ်ကိုသည်အရင်တုန်းက မိန်းကလေးကိုငုံထားမတတ်ရွှန်းရွှန်း‌ဝေအောင်ချစ်ပြခဲ့ဖူးသောအစ်ကိုနှင့် တစ်ယောက်စီများလားလို့တောင်ထင်မှတ်ရအောင်အပြုအမူအပြောအဆိုတွေကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါသည်။

အစ်ကိုကလန်ဒန်မြို့တွင်းသို့ ရုံးဖွင့်ရက်တိုင်းရထားစီး၍ရုံးတက်ပါသည်။ သို့သော် သူမတို့မြန်မာပြည်မှပြန်ရောက်ပြီးတစ်ပါတ်လောက်သာအလုပ်ဆင်းတာတွေ့ရပြီး နောက်ပိုင်းမှာ အလုပ်ကအဆင်မပြေလို့ထွက်လိုက်သည်ဟုဆိုသော်လည်း အိမ်မှာလည်းမြဲမြဲမ‌နေပဲဟိုယောင်ယောင်ဒီယောင်ယောင်၊ ထွက်ချည်ဝင်ချည်နှင့်ဂနာမငြိမ်ဖြစ်နေတတ်သည်။

အိမ်မှာရှိနေလျှင် တစ်နေကုန် ဧည့်ခန်းဆိုဖာပေါ်မှာလှဲလျောင်းပြီး စီးကရက်တွေတစ်လိပ်ပြီးတစ်လိပ်ဆက်တိုက်ရှိုက်ဖွာကာမှိန်းနေတတ်ပြီး လိုအပ်လို့

သူ့ကိုစကားသွားပြောလျှင်လည်း ပြောတာကို

မကြားသလို၊ ကြည့်နေပေမယ့်မမြင်သလို ရီဝေဝေမျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြန်မှိန်းသွားတတ်သည်။ တစ်ခါတစ်ခါ ရေချိုးခန်းဝင်လျှင်လည်းနာရီနဲ့ချီသည်အထိအကြာကြီးနေတတ်ပြီး မိန်းကလေးကအတင်းတံခါးခေါက်ပြီးခေါ်ထုတ်ယူမှထွက်လာတတ်သည်။ သူထွက်သွားလျှင် ရေချိုးခန်းထဲမှာစိမ်းရွှေရွှေအနံ့တစ်မျိုးကျန်ခဲ့တတ်သလို ဘေစင်တွေဆေးကြောသန့်ရှင်းရင်းလည်း အဖြူရောင်အမှုန့်အစအနတွေကျန်ရစ်တာမျိုးလည်းတွေ့ရသည်။

မိန်းကလေးတတ်သ‌လောက်မှတ်သ‌လောက်ကြိုးစားချက်‌ထားသောထမင်းဟင်းတို့ကိုပြင်ဆင်တည်ခင်း‌ ကျွေးလျှင်လည်းစားသည်ရယ်လို့သိပ်မရှိပဲ အရာမယွင်းတတ်ချေ။ တစ်ကယ်တော့ ဒါက မိန်းကလေးအတွက်ပြဿနာရယ်လို့မဟုတ်လှသေး…တစ်ကယ့်ပြဿနာက တစ်ပါးသူကိုဖွင့်ပြောပြဖို့ပင် အလွန်အော်ဂလီဆန်စရာကောင်းလှပါသည်။

မိန်းကလေး၏ခင်ပွန်းသည် ဖိုမကိစ္စတွင်ပုံမှန်မဟုတ်‌သောစိတ်စွဲလန်းမှုမျိုးရှိ‌နေပြီး တရားဝင်ဇနီးမယားသာမက ပြင်ပ၌ပါမိန်းမလိုက်စားတတ်သူတစ်ယောက်ဖြစ်‌နေခဲ့မှန်း အိမ်ထောင်သက်လပိုင်းလောက်နှင့်သိရှိလာခဲ့ရတော့ သူမ ဆောက်တည်ရာ မရဖြစ်ခဲ့ရသည်။ အစပိုင်းကတော့ အိမ်ထောင်ကျခါစမို့စိတ်အားထက်သန်‌နေ၍ဟုထင်မိခဲ့သော် လည်း နောက်ပိုင်း အိမ်မှာရှိတဲ့အချိန်တိုင်းလို ဒီကိစ္စကိုသာတောင်းဆိုနေတတ်သည်။ အတော်လွန်ကျူးလာ၍ မိန်းကလေးက ငြင်းပယ်မိလျှင် အစ်ကိုကအလွန်စိတ်ဆိုးပြီး ကြမ်းကြမ်းတမ်းတမ်းဆဲဆိုအော်ဟစ်တာတွေပါလုပ်လာတော့ သူမတစ်ဖြည်းဖြည်းထိတ်လန့်လာရပါသည်။
အိမ်မှာဝင်ငွေမရှိတဲ့အပြင် အစ်ကို့အ‌ဖေကလည်း

မထောက်ပံ့တော့တာကြောင့် မေမေတို့ဆီကို အကြောင်းပြချက်မျိုးစုံပေးပြီး အိမ်လခ၊ စားစရိတ်၊ အသုံးစရိတ်ကအစလစဥ်လှမ်းပြီးမှာရသည်။ မိန်းကလေးသည်ရိုးအလွန်းသော်လည်း ဆေးပညာရှင်တစ်ဦးမို့ အစ်ကိုအလွန်အကျွံသုံးစွဲနေသောအရာတွေသည်စိတ်ကြွ‌ဆေးနှင့်မူးယစ်ဆေးဝါးတွေမှန်းခဏချင်းရိပ်စားမိလာခဲ့သည်။ အိုင်တီပညာရပ်ကိုနိုင်ငံရပ်ခြားမှာဘွဲ့လွန်ဒီဂရီရထားပါသော ခေတ်ပညာတတ်ခင်ပွန်းသည်

နှမျောစရာကောင်းလှစွာ မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ကာ စိတ်တွေပုံမှန်မဟုတ်တော့ပဲ ကစဉ့်ကလျားဖြစ်နေပုံရသည်။

သူ့အကြောင်းတွေကို မိန်းကလေးက သူမရဲ့မိဘတွေဆီတိုင်ကြားမှာစိုးကာ ဖုန်းပြောတိုင်းမှာ သူကဘေးနားမှာငုတ်တုတ်ထိုင်စောင့်ကြည့်နေတတ်ပြီး ပိုက်ဆံလှမ်းတောင်းခိုင်းသည့်အချိန်မှလွဲ၍ ကျန်တဲ့အချိန်တွေမှာ မိန်းကလေးကိုမည်သူနှင့်မျှဖုန်းပြောခွင့်မပေးတော့ပဲ၊ သူမ၏ဖုန်းကိုပါသိမ်းယူထား‌လိုက်တော့လေသည်။

တစ်ရက်မှာ ခင်ပွန်းအိမ်အောက်ထပ်ခဏဆင်းချိန်ဖုန်းမေ့ထားခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ယောက္ခမဖုန်းဆက်လာတော့ မိန်းကလေးဖုန်းဖြေလိုက်မိသည်။ ဖုန်းထဲမှ မိန်းကလေး၏ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်းတို့ပြည့်နှက်‌နေသောလေသံဖျော့ဖျော့ကို ယောက္ခမကြီးကရိပ်စားမိချိန်မှာစတင်ငိုကြွေး‌လေတော့သည်။ အမျိုးသမီးကြီးက သားသမီးချင်းကိုယ်ချင်းမစာပဲ မိန်းကလေးအပေါ်တမင်သက်သက်ယုတ်မာခဲ့ခြင်းမဟုတ်ပါ‌ကြောင်း၊ သူ့သားသည်ဆိုးသွမ်းသည်မှန်‌သော်လည်းအိမ်ထောင်ကျလျှင်တော့ပြုပြင်ပြောင်းလဲသွားလိမ့်ဟုထင်မှတ်မိတာ‌ကြောင့် မိန်းကလေးကို သူ့သားအကြောင်းတွေ ကြိုတင်ပြီးသတိမပေးခဲ့မိသည့်အတွက်ခွင့်လွှတ်ပေးပါရန်တောင်းပန်လေသည်။ မိန်းကလေးကဘာမှပြန်မဖြေပဲ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်စွာနားထောင်နေရင်းက သူတစ်ပါးသမီးပျိုအညွန့်အဖူးလေးအ‌ပေါ်လုပ်ရက်ကြသူတွေကို ရင်ထဲမှာအောင့်မျက်နာကျင်နေခဲ့ရသည်။ ထိုအမျိုးသမီးကြီးက ငိုကြီးချက်မနှင့်တောင်းပန်လိုက်ရုံနှင့် သူမဘဝကနဂိုအတိုင်းအပျိုစင်ပြန်ဖြစ်တော့သည်မှမဟုတ်ပဲလေ။

ပင်စင်စားမိဘနှစ်ပါးက ရှိသမျှပိုင်ဆိုင်မှုတစ်ချို့ကိုထုခွဲရောင်းချပြီး တတ်နိုင်သလောက် သူတို့သမီးတောင်းသမျှပို့ပေးနေခဲ့သော်လည်း ဘာကြောင့်ငွေတွေဒီလောက်လိုသလဲဟုမေးလျှင် မိန်းကလေးက အကြောင်းပြချက်‌တွေအမျိုးမျိုးရှာကြံပေးရတတ်သည်။ မိန်းကလေးကိုယ်တိုင်ဖြစ်‌ကြောင်းကုန်စင်ကို ဖွင့်မပြောခဲ့ပေမယ့် သူ့သမီးလေးစိတ်ဆင်းရဲနေရသည်ကိုမိခင်ဖြစ်သူကစိတ်ချင်းဆက်သွယ်‌နေသကဲ့သို့ခံစားသိရှိနေပါသော်လည်း ဘာအကြောင်းကြောင့်ရယ်တော့အသေအချာမသိနိုင်ပါချေ။ ပြေးကြည့်ရအောင်ကလည်းအလွယ်တကူသွားလို့လာလို့ဖြစ်နိုင်သောအရပ်မဟုတ်ပါ‌လေ။

ခင်ပွန်းသည်သူ့အကြောင်း မိန်းကလေးရိပ်မိသိရှိသွားပြီဆိုတာသိလျှင်သိချင်း ယခင်လိုပုန်းလျှိုးကွယ်လျှိုးမဟုတ်တော့ပဲ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်ထင်ထင်ပင် ယခင်ကထက်ပိုပြီးသုံးစွဲကာရမ်းကားလာလေတော့သည်။ သူဆေးအဆက်ပြတ်ပြီး ယင်းထနေသောအချိန်မျိုးတွင် မိန်းကလေးကို စိတ်ရှိလက်ရှိပိတ်လှောင်ရိုက်နှက်တတ်ပြီး ဇနီးမယားကို လိင်ကျွန်တစ်ယောက်လို အော့နှလုံးနာစရာအမှုတွေခြိမ်းခြောက်ပြုမူခိုင်း‌နေစဥ် ပါးစပ်မှလည်း သူရူးတစ်ယောက်လို အခြားအမျိုးသမီးတွေရဲ့နာမည်တွေကိုကျေနပ်စွာတစ်တွတ်တွတ်‌ညီးတွားနေလေ့ရှိသည်။

တစ်ရက်ထက်တစ်ရက် စိတ်ရောလူပါချုံးချုံးကျလာသောမိန်းကလေးသည် အစားအသောက်မဝင်တော့ပဲ စက္ကူဖြူတစ်ရွက်လို ပါးလှပ်လှပ်ခန္ဓာကိုယ်သာကျန်လေတော့သည်။ ခင်ပွန်းကအပြင်ထွက်သည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ အိမ်တံခါးကိုအပြင်မှသော့ခတ်ထားတတ်သလို ဖုန်းတွေကိုလည်းသိမ်းထားတာကြောင့် သူမမှာ ဒီလူမသိသူ

မသိငရဲခန်းကလွတ်မြောက်ဖို့တိတ်တဆိတ်နည်းလမ်းရှာမှဖြစ်တော့မည်ဟုစတင်တွေးတောလာမိသည်။ နောက်ကြောင်းသေချာမသိရပါသောလူတစ်ယောက်ကိုစုံလုံးကန်းယုံကြည်ပြီး ချစ်တာတစ်ခုတည်းနဲ့မဆင်မခြင်လက်ထပ်မိခဲ့တဲ့သူမရဲ့အဖြစ်ကိုနောင်တရလို့မဆုံးပါပေ။
ဒီလိုနှင့်ခြောက်လခန့်ကြာသွားပြီး တစ်ရက်မှာတော့ ထုံးစံအတိုင်း သူမကိုနှိပ်စက်ပြီး ဆေးကွဲကာအိပ်ပျော်သွားတဲ့ခင်ပွန်းသည်အလစ်အငိုက်မှာ သော့ကိုအမိအရယူပြီး အပြင်ကခတ်ထားတဲ့သော့ခလောက်ကို အတွင်းကလှမ်းဖွင့်ကာ အသင့်ပြင်ထားသောပတ်စပို့စ်နှင့်ပိုက်ဆံအချို့ပါသောအိတ်ကိုဆွဲပြီး အိမ်ပေါ်မှ ကမူးရှူးထိုးဆင်းပြေးခဲ့သည်။ အားသွန်ခွန်စိုက်ပြေးရင်း အနီးဆုံးလမ်းဆုံလမ်းခွအရောက်မှာတော့ကားခေါင်မိုးပေါ်မှာ အဝါရောင် Taxi ဆိုင်းဘုတ်တင်ထားတဲ့ Bkack Cab တစ်စီးကိုအ‌လောသုံးဆယ်တားလိုက်ပြီး လန်ဒန်မြို့ Charles Street, Mayfair Township မှာရှိတဲ့အင်္ဂလန်နိုင်ငံဆိုင်ရာမြန်မာသံရုံးကိုမောင်းပို့ခိုင်းခဲ့သည်။

သံရုံးအရောက်မှာတော့ တာဝန်ရှိသူသံအရာရှိများကို အိမ်တွင်းအကြမ်းဖက်ခံရသည့်ဖြစ်စဉ်ကိုတိုင်တန်းကာအကူအညီတောင်းတော့ ရိုက်နှက်ထိုးကြိတ်ခံထားရတဲ့ဒါဏ်ရာတွေဗရပွနှင့်မိန်းကလေးကို သနားဂရုဏာသက်စွာကူညီစောင့်ရှောက်ကြလေသည်။

တာဝန်ရှိသူတွေက ရဲတပ်ဖွဲ့ကိုသတင်းပို့တိုင်ကြားပြီး မိန်းကလေး၏ခင်ပွန်းသည်ကိုသွားရောက်ခေါ်ဆောင်ကာထိန်းသိမ်းခိုင်းခဲ့ပါသည်။ မြန်မာသံရုံးမှတစ်ဆင့် မိဘတွေဆီဆက်သွယ်အကြောင်းကြားပေးတော့ မိန်းကလေးမိဘတွေခမြာ ယူကျူံးမရ၊ ရင်ထုမနာဖြစ်ကြရတာမို့ တရားဥပဒေအတိုင်းသာ နှစ်ဦးသဘောတူလင်မယားကွာရှင်းခြင်းကိုသာအဓိကထားဆောင်ရွက်ပေးပါရန်တောင်းဆိုကြလေသည်။ နိုင်ငံရပ်ခြားမှာအမှုမရှည်ကြာစေချင်တော့တာကြောင့် မိန်းကလေးနှိပ်စက်ညှင်းပန်းခံခဲ့ရတာတွေကိုလည်း တရားမစွဲတော့ပဲ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့မိန်းက‌လေးအား မိဘများက မြန်မာနိုင်ငံသို့အပြီးပြန်ခေါ်ခဲ့ပါတော့သည်။

မိန်းကလေး အိမ်ပြန်ရောက်ချိန်မှာတော့ မိခင်သည် မိန်းကလေးစိတ်နှင့်အိပ်ယာ‌ပေါ်ဘုန်းဘုန်းလဲနေပြီး ဖခင်သည်လည်း ကျောက်ကပ်ရောဂါကို အပြင်းအထန်ခံစားနေရပြီဖြစ်လေသည်။

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မိန်းကလေးသည်အသက်ရှင်လျှက်မိဘရပ်ထံပြန်ရောက်နိုင်ခဲ့ပြီမို့ မိဘတွေက သမီးလုပ်သူခံစားနေရသောဝေဒနာတွေလျော့ပါးသက်သာစေဖို့နှစ်သိမ့်ဖေးမကြ‌ပါသည်။

စိတ်ဒါဏ်ရာအကြီးအကျယ်ရလာခဲ့‌သောမိန်းကလေးသည် ကျန်းမာရေးချို့ယွင်းနေသောမိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ဖို့အသိမဝင်နိုင်ရှာပဲ ပြန်ရောက်လာကတည်းက ယခင်တုန်းကထက်
လူတွေကိုပိုကြောက်တတ်လာကာ ဘယ်သူနှင့်မျှ
မတွေ့လိုပဲ ပြူတင်းပေါက်တံခါးတွေအလုံပိတ်ပြီး နေ့ရောညပါ အ‌မှောင်ချထားတဲ့သူမရဲ့အိပ်ခန်းထဲက ထောင့်တစ်ထောင့်မှာကပ်မှီထိုင်ရင်း တစ်ယောက်တည်းစကားတွေပြောနေတတ်သည်။

အမေရိကန်နိုင်ငံသားခံယူထားပြီဖြစ်သောအစ်မအကြီးဆုံးက ဝင်ငွေကောင်းသူမို့ မိဘတွေရဲ့ကျန်းမာရေးအတွက်လိုအပ်တဲ့‌နေရာတွေမှာသုံးစွဲဖို့ငွေကြေးဒိုင်ခံပို့ပေးကာ အစ်ကိုလင်မယားက အိုးပစ်အိမ်ပစ်နှင့်မိဘနှစ်ပါးနှင့်ညီမဖြစ်သူကိုအနီးကပ်လာ‌ရောက်ပြုစုစောင့်ရှောက်ပေးကြပါသည်။

“ညီမလေးရယ်… အိပ်ခန်းထဲမှာချည်းပဲအောင်းမနေပါနဲ့…အညောင်းပြေအညာပြေအိမ်ပြင်ဘက်ထွက်ပြီးလမ်းလေးဘာလေးလျှောက်ပေးပါလား… ကိုယ်ရောစိတ်ပါလန်းသွားအောင်လို့လေ…ပြီးတော့ ညီမလေးအခန်းထဲမှာဘယ်သူနဲ့စကားတွေပြောနေတာလဲ”

နံရံကိုမှီကာဒူးနှစ်လုံးကိုပိုက်ပြီးကွေးကွေးလေးထိုင်နေတဲ့မိန်းကလေးက ခန္ဓာကိုယ်ကိုမလှုပ်ပဲ မျက်လုံးလေးပဲဝင့်ကြည့်ကာ အစ်ကို့အမေးကိုဖြေလေသည်။

“ညီမလေးသူငယ်ချင်းက ညီမလေးကို တစ်ချိန်လုံးအဖော်လုပ်ပေးနေတယ်လေကိုကိုရဲ့…
သူက ညီမလေးပြန်လာလို့ဝမ်းသာနေရှာတာ… တစ်နေ့ကျရင် ညီမလေးကို သိပ်လှပြီး
သိပ်ကို‌အေးချမ်းတဲ့ပင်လယ်ပြင်ကြီးဆီသူကခေါ်သွားပေးဦးမှာတဲ့”

မိန်းကလေးရဲ့အစ်ကိုဖြစ်သူက ဘေးဘယ်ညာဝေ့ဝဲကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်လိုက်လေသည်။ သူ့ညီမလေးသည် မရှိကိုအရှိထင် စိတ်ထဲမှာအာရုံကောင်ဖန်ဆင်းပြီး ဆုံးပါးသွားသောသူငယ်ချင်းကိုအသက်ရှင်နေသေးသယောင်ပြုကာ မိမိကိုယ်ကိုလှည့်စားနေရှာသည်။ အစ်ကိုက သူ့ညီမလေးကိုနှစ်တွေချီအောင်စိတ်ရှည်ရှည်နှင့်ဖြောင်းဖျပြီး စိတ်ရောဂါအထူးကုသမားတော်ကြီးတွေနှင့်ပြကာကုသစေခဲ့သည်။

သည်လိုနှင့် တစ်ဖြည်းဖြည်း မိန်းကလေးသက်သာလာပြီး ပုံမှန်နီးပါးပြန်ကောင်းလာချိန်မှာပဲ မိဘနှစ်ပါးစလုံးသည်သမီးအတွက်နောက်ကြောင်းမအေးစွာနှင့်ပဲရှေ့ဆင့်နောက်ဆင့်ဆိုသလိုဆုံးပါးသွားကြလေတာမို့ အိမ်ကြီးထဲမှာ သူမတစ်ယောက်တည်းသာ အထီးကျန်နေခဲ့ရတော့သည်။

အစ်ကိုက ညီမလေးကိုသူနှင့်အတူခေါ်ထားလိုပါသော်လည်း ညီမလေးသည်စိတ်မကြည်လင်သည့်အခါတိုင်း မထင်လျှင်မထင်သလိုအော်ဟစ်သောင်းကျန်းတတ်ဆဲဖြစ်ပြီး၊ တစ်ကိုယ်ကောင်းဆန်ဗိုလ်ကျတတ်သူမို့ သူ့ဇနီးသားသမီးတွေနှင့်အစေးမကပ်သည့်အတွက် လက်လျှော့လိုက်ရပါသည်။

မိန်းကလေးကိုစိတ်မလေရလေအောင်
အစ်ကိုဖြစ်သူက အလုပ်တစ်ခုခုဝင်လုပ်ရန်
တိုက်တွန်းတော့ နိုင်ငံရပ်ခြားကအဆင့်မြင့်ဆေးရုံကြီးတွေနဲ့ချိတ်ဆက်‌ထားပြီးမြန်မာနိုင်ငံသား‌တွေကိုလိုအပ်သမျှကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီမှာအလုပ်ဝင်ခဲ့လေသည်။
မိန်းကလေးအလုပ်ဝင်လို့ နေသားတကျရှိမှ အစ်ကိုမိသားစုက သူမကိုစိတ်ချလက်ချထားခဲ့ပြီးသူတို့လုပ်ငန်းရှိရာအရပ်ဒေသသို့ပြန်ကြလေတော့သည်။

မိန်းကလေးသည် တစ်သက်လုံးက ဘယ်သူ့ကိုမှသည်းခံပြီးပေါင်းသင်းခဲ့ဖူးခြင်းမရှိ၊ လူအများနှင့်လိုက်လျောညီထွေဆက်ဆံလုပ်ကိုင်ခဲ့ဖူးခြင်းလည်းမရှိ၊ မျှဝေခြင်း၊ စာနာခြင်းဆိုတာကိုဘာမှန်းမသိ၊ ကိုယ့်ဆန္ဒတစ်ခုတည်းကိုသာရှေ့တန်းတင်တတ်သူမို့ လုပ်ငန်းခွင်တွင် အထက်အောက်မည်သည့်လုပ်ဖော်ကိုင်ဖက်တစ်ဦးတစ်‌ယောက်နှင့်မျှအံဝင်ခွင်ကျမရှိတာကြောင့် လုပ်ငန်းခွင်တွင်
မပျော်ပိုက်ပဲ လအနည်းငယ်အတွင်း အလုပ်မှထွက်လိုက်‌ပြန်လေသည်။

************

မိန်းကလေးသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော်လည်း ဘာသာတရားကိုထဲထဲဝင်ဝင်ကြည်ညိုကိုင်းရှိုင်းသူတစ်ဦးတော့မဟုတ်တာမို့ သူမဘဝမှာကြုံတွေခဲ့ရတဲ့ဒုက္ခဆင်းရဲတွေကိုသံ‌ဝေဂယူဆင်ခြင်သုံးသပ်ကာ သံသရာမှလွတ်မြောက်ရာလမ်းကို
ကျင့်ကြံအားထုတ်ဖို့လည်းစိတ်မကူးမိသလို၊ လမ်းမှန်ညွှန်ပြပေးမယ့်သူလည်း သူမအနားမှာ
တစ်ဦးတစ်‌ယောက်မျှမရှိရှာပေ။

အစ်မကြီးလုပ်သူက မိန်းကလေးအတွက်
ဂလစဉ်အသုံးစရိတ်ကိုထောက်ပံ့ပေးနေတာမို့ အလုပ်အကိုင်မရှိသော်လည်း သူမမှာစားဝတ်‌နေရေးအတွက်ပူပင်စရာတော့မရှိပါချေ။

တစ်နေ့တစ်နေ့ အချိန်တွေကဖြုန်းမကုန်နိုင်အောင်ပိုလျှံလာတဲ့အခါ ဟိုးယခင်တုန်းကလိုပဲ ဖေ့စ်ဘုတ်ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်သို့ သူမတစ်ဖန်ပြန်ရောက်လာလေတော့သည်။ စားစရာအခြောက် အခြမ်းတွေဝယ်ထားပြီး လနှင့်ချီကာအိမ်ထဲကအိမ်ပြင်မထွက်ပဲ ဖေ့ဘုတ်ကိုသာတစ်ကမ္ဘာလုပ်ရင်း သူမထက်အသက်ဆယ်နှစ်ခန့်ကြီးသောအစ်ကိုကြီးတစ်ဦးနှင့် လိုင်းပေါ်တွင်ခင်မင်မိကြပြန်သည်။

ထိုအစ်ကိုကြီးသည် ကနေဒါနိုင်ငံတွင်နေထိုင်သောမြန်မာလူမျိုးခွဲစိပ်အထူးကုဆရာဝန်တစ်ဦးဖြစ်လေသည်။ သူသည် အိမ်ထောင်နှစ်ဆက်ပျက်ထားသောနှစ်ခုလပ်တစ်ဦးဖြစ်ကာ ယခင်အိမ်ထောင်တွေနှင့်သားသမီးတစ်ဦးမှမထွန်းကားခဲ့သူလည်းဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်တွင် အစ်ကိုကြီးရေးတင်ထားသောဆေးပညာဆိုင်ရာပို့စ်တစ်ခုကို မိန်းကလေးကဝင်ရောက်ပြီးဆွေးနွေးခဲ့ရာမှစပြီး နောက်ပိုင်းမှာခင်မင်သွားကြခြင်းဖြစ်သည်။ မိန်းကလေးရင်ဖွင့်သော သူမရဲ့အထီးကျန်ဘဝကို ဘဝတူတွေမို့ အစ်ကိုကြီးကကိုယ်ချင်းစာနာပေးနိုင်သလို ကြင်ကြင်နာနာလည်းနှစ်သိမ့်အားပေးတတ်သည်။

အစ်ကိုကြီးနှင့်တွေ့ဆုံရပြီးနောက်ပိုင်းမှာ မိန်းကလေးသည် ဘဝကိုပြန်လည်ခုံမင်လာပြီး လွတ်လပ်ပျော်ရွှင်ပေါ့ပါး‌လာရသည်။
မိန်းကလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းမလေးသည်လည်း အခုနောက်ပိုင်းမိန်းက‌လေးဆီအလည်မလာတော့သည်မှာအ‌တော်ပင်ကြာ‌လေပြီမို့ မိန်းကလေးတောင်မေ့စပြုနေလေပြီ။
အစ်ကိုကြီးမှလွဲ၍ ဒီကမ္ဘာကြီးပေါ်မှာသူမကိုနားလည်နိုင်သူတစ်ဦးတစ်ယောက်မှမရှိလို့ခံယူပြီး အစ်ကိုကြီးအပေါ်စိတ်‌နှစ်ပြီးအားကိုးတွယ်တာသံယောဇဉ်ဖြစ်ခဲ့ရလေသည်။ သူမတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး နှုတ်မှဖွင့်ပြောစရာမလိုပဲ တစ်ယောက်ရင်ထဲမှာဘာတွေခံစားနေရတယ်ဆိုတာ တစ်ယောက်ကသိမြင်နေနိုင်သည်အထိ နားလည်မှုရှိကြသည်လို့ မိန်းကလေးကတော့
တစ်ထစ်ချယုံကြည်မိလေသည်။

“မိန်းကလေး တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲနေပြီး ဘာတွေလုပ်နေသလဲဟင်”

နေ့စဉ် မက်စေ့ခ်ျတွေရာချီပြီးပို့နေသောမိန်းကလေးကို အစ်ကိုကြီးက ညဘက်အလုပ်အားချိန် ဗွီဒီယိုကောလ်ပြောရင်းမေးတော့ မျက်လုံးလေးတွေတောင်ပိတ်သွားအောင်ကို မိန်းကလေးကအားပါးတရရယ်ရင်းပြန်ဖြေလေသည်။

“ညီမကတစ်ယောက်တည်းသမားဆိုတော့ ဘာမှလုပ်စရာမရှိပါဘူး…. တစ်နေ့လုံးလည်းအားနေတော့ လိုင်းပေါ်မှာချည်းပဲပေါ့….
အစားအစာဆိုလည်းသိပ်မမက်တော့ ကွတ်ကီးတစ်ချပ်နှစ်ချပ် ဒါမှမဟုတ် ခေါက်ဆွဲခြောက်တစ်ထုပ်ကိုခြေစားပြီး ရေသောက်ချလိုက်တာပဲ…
ထမင်းဟင်းတွေလည်းတခုတ်တရချက်မနေတော့ပါဘူး… ပြီးတော့ ညီမဘဝမှာသတိရစရာ၊ ချစ်ခင်တွယ်တာစရာဆိုလို့ကိုကြီးတစ်ယောက်တည်းရှိတော့ ပြောချင်လွန်းလို့ရင်နှင့်အမျှပြည့်ကြပ်နေတဲ့စကားတွေကိုစာတွေရေးပြီးပို့နေလိုက်တာပေါ့…. ဘာဖြစ်လို့လဲကိုကြီးရဲ့…. ကိုကြီးအတွက်အနှောက်အယှက်များဖြစ်နေလို့လားဟင်”

မိန်းကလေးက ပြုံးနေရာက မျက်နှာလေးယောင်ယောင်မဲ့ကျလာတော့ အစ်ကိုကြီးက
ရယ်ရယ်မောမောနဲ့ဆုံးမလေသည်။

“အဲလိုသ‌ဘောနဲ့ပြောတာမဟုတ်ပါဘူးမိန်းကလေးရယ်… မိန်းကလေးရဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးပြုစေချင်လို့ပါ….ဆေးပညာဆိုတာအချိန်နှင့်တစ်ပြေးညီ ခေတ်မှီတိုးတက်ပြောင်းလဲနေတာမို့ လေ့လာလို့ကိုမကုန်နိုင်ဘူးမဟုတ်လား… မိန်းကလေးကိုယ်တိုင်လည်းဆရာဝန်တစ်ယောက်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်အမြဲလေ့လာဆည်းပူးနေသင့်တာပေါ့… အခုလိုအချိန်တွေဖြုန်းနေမယ့်အစား သင့်တော်တဲ့အလုပ်တစ်ခုခုပြန်ဝင်လုပ်ပါလားကွယ်”

မိန်းကလေးက ဆယ်ကျော်သက်မလေးတစ်ယောက်မူနွဲ့သလို နှုတ်ခမ်းလေးစူရင်း

“ညီမကစာနဲ့အတော်ဝေးနေပြီမို့ ဘာမှလည်းထပ်ပြီးမသင်ယူချင်တော့ပါဘူး… ညီမတို့နှစ်‌ယောက်လက်ထပ်ကြတဲ့အခါ ကိုကြီးရဲ့အိမ်ရှင်မလေးပဲလုပ်တော့မယ်လို့တွေးထားတယ်…ခစ်ခစ်”

မိန်းကလေးကရှက်ရယ်ရယ်ရင်း သူမရဲ့စကားကို အစ်ကိုကြီးကဘယ်လို့များတုံ့ပြန်မှာပါလိမ့်လို့ မျှော်လင့်တကြီးနဲ့စောင့်ကြည့်နေလေသည်။

မိန်းကလေးရဲ့စကားကိုကြား‌တော့ အစ်ကိုကြီးသည် ရယ်မြူးရိပ်သန်းနေရာက မျက်နှာထားတည်သွားပြီး

“အိမ်ထောင်ရေးဆိုတာကို ကိုကြီးရဲ့အသက်အရွယ်၊ ကိုကြီးရဲ့အတွေ့အကြုံတွေအရ အယုံအကြည်မရှိတော့တာကြာပါပြီကော မိန်းကလေးရယ်… မိန်းကလေးကိုယ်တိုင်လည်း ဆိုးဝါးတဲ့အိမ်ထောင်ဖက်ကြောင့်စိတ်ဒါဏ်ရာတွေအများကြီးရခဲ့ဖူးတာပဲမဟုတ်လား… ဒါတွေကိုသင်ခန်းစာယူပြီး လက်ကျန်ဘဝကို တစ်ကိုယ်တည်းပဲ အေးအေးချမ်းချမ်းလျှောက်လှမ်းသွားဖို့ကိုပဲတွေးတော့တယ်… မိန်းကလေးလည်းဒီလိုပဲဖြစ်သင့်တယ်”

အစ်ကိုကြီးရဲ့စကားအဆုံးမှာ မိန်းကလေးမျက်နှာအကြီးအကျယ်ပျက်သွားရလေသည်။
ဒါဆို အစ်ကိုကြီးက သူမကိုချစ်တယ်ဆိုတာ
ဘဝလက်တွဲဖော်အဖြစ်နဲ့မဟုတ်ချေဘူးပေါ့။

တစ်ဇွတ်ထိုးဆန်ပြီး‌ခေါင်းမာတဲ့မိန်းကလေးသည်
မကြာသေးခင်ကပဲ ရူးရူးမူးမူးနဲ့ အစ်ကိုကြီးရှိရာ
ကနေဒါနိုင်ငံကိုသွားဖို့ကြိုးစားတော့ မမကြီးရဲ့မိတ်‌ဆွေက‌နေဒါနိုင်ငံသားတစ်ဦးကစပွန်ဆာခံပြီးခေါ်ယူပေးပါသော်လည်း ကံမကောင်းစွာနဲ့ပဲ ပြည်ဝင်ခွင့်ဗီဇာမရခဲ့ပါ။
ဒါပေမယ့် သူမအားမလျှော့ပဲ အစ်ကိုကြီးနှင့်ချိန်းပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာဆုံတွေ့ကြဖို့ တောင်းဆိုခဲ့သေးသော်လည်း အစ်ကိုကြီးက အင်းမလုပ်အဲမလုပ်၊ အလုပ်အကြောင်းပြပြီး ဟိုရက်ရွှေ့ဒီရက်ရွှေ့လုပ်နေခဲ့တာတွေသည် သူမကို အတည်တကျလက်ထပ်ယူဖို့စိတ်ကူးအစ်ကိုကြီးမှာမရှိခဲ့လို့သာပေါ့။

“ဒါဆို… အစကတည်းက ကိုကြီး… ကိုကြီးက ညီမနဲ့လက်တွဲပြီး ဘဝတစ်ခုထူထောင်ဖို့ တစ်ခါမှစဉ်းစားမထားခဲ့ဖူးပေါ့…ဟုတ်လား”

“ကိုကြီးပြောပြီးပါပြီကောမိန်းကလေးရယ်…
ကိုကြီးကအိမ်ထောင်ရေးဆိုတာကြီးကိုစိတ်ကုန်စိတ်ပျက်သွားပြီမို့ နောက်ထပ်အိမ်ထောင်ပြုဖို့အစီအစဉ်လုံးဝကိုမရှိတော့ဘူး…
ညီမလေးနဲ့ကိုကြီးနဲ့အခုလိုပဲလိုင်းပေါ်ကနေအမြဲဆက်သွယ်ပြီး ချစ်ချစ်ခင်ခင်နဲ့တစ်ယောက်ကိုတစ်‌ယောက်အဖော်ပြုပြီးနေလို့ရနေကြတာပဲ….”

မိန်းကလေးရဲ့မျက်လုံးအစုံသည် အံ့ဩရိပ်သန်းနေရာမှ မျှော်လင့်ချက်‌တွေရိုက်ချိုးခံလိုက်ရလို့
မယုံကြည်မှု၊ နာကျည်းမှု၊ ခံပြင်းမှုအရိပ်အယောင်တွေတစ်ဖျတ်ဖျတ်ရွေ့လျားသွားပြီး နောက်ဆုံးမှာတော့ တစ်ဖြည်းဖြည်းကြောင်စီစီဖြစ်လာတာကို အစ်ကိုကြီးကသတိထားမိသွားကာ အထိတ်တလန့်သတိပေးလေသည်။

“မိန်းကလေး… မိန်းကလေးဘာဖြစ်သွားတာလဲ… သတိထားပါဦး…”

“နင်တို့… နင်တို့ယောကျာ်းတွေအားလုံး အယုတ်တမာကောင်တွေ…ငါဒီလောက်တောင်ချစ်ခဲ့တာ… ငါဒီလောက်တောင်မျှော်လင့်အားကိုးခဲ့တဲ့ဟာကို…
ငါ့..ကို..နင်..တို့..လုပ်..ရက်..ကြ..တယ်..”

မိန်းကလေးက ခေါင်းကြီးစောင်းပြီး ပြူးကျယ် သောမျက်လုံးတွေနဲ့ပါးစပ်ကတစ်တွတ်တွတ်ရွတ်ရင်းကကျယ်လောင်စွာအော်ဟစ်ပေါက်ကွဲလေတော့သည်။ ဖုန်းကိုသာမက သူမအနားကရှိသမျှအရာဝတ္ထုပစ္စည်းတွေအားလုံးကိုပေါက်ခွဲလွှင့်ပစ်သောင်းကျန်းနေခဲ့ပြီး အချိန်အတော်အကြာမှာတော့ မောပန်းသွားပုံရကာ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သာအပေါ်ကော့တက်ရုံခပ်လွန့်လွန့်ပြုံးရင်း ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်လှဲချလိုက်လေသည်။

တခဏအကြာမှာ တစ်စုံတရာအသံကြားလိုက်သလိုပုံစံမျိုးဖြင့် အိမ်ရှေ့တံခါးမကြီးကိုလှမ်းကြည့်လိုက်ပြီး မျက်နှာကတစ်ဖြည်းဖြည်းပြုံးလာလေသည်။

“ဟင်… နင်ရောက်လာပြီလား…
နင်ပြောတာမှန်တယ်သူငယ်ချင်း…
ငါလေအစကတည်းကနင်နဲ့ပဲအတူနေခဲ့ရမှာဟ….. အခုအချိန် အဲဒီအကောင်တွေ ငါ့အနားမှာသာရှိရင်လေ သူတို့ကိုတစ်စစီဖြစ်သွားအောင်အပိုင်းပိုင်းဆုတ်ဖြဲပစ်မိမှာ…..
အခုလည်းနင်နဲ့အတူနေဖို့ငါ့ကိုလာခေါ်ပြန်တာပဲမဟုတ်လား….. ငါ့ကိုစိတ်မဆိုးနဲ့တော့နော်… နော်…
ဒီတစ်ခါတော့ နင်ပြောတဲ့ပျော်စရာကောင်းတဲ့ပင်လယ်ကြီးဆီ ဒို့နှစ်‌ယောက်အတူသွားကြမယ်လေ…အဟီးဟီး… ဟင် မဟုတ်သေးပါဘူး…
ကိုကြီး.. ကိုကြီးအိမ်လာလည်ရင် ငါ့ကိုမတွေ့ပဲနေဦးမယ်… သွားလို့မရသေးဘူးဟဲ့”

အပြင်းအထန်နာကျည်းခံစားရမှုတွေကြောင့်အသိစိတ်လွတ်သွားပြီး မျက်လုံးသေကြီးတွေနဲ့အနားမှာတစ်စုံတစ်ယောက်ရှိလေသယောင်စိုက်ကြည့်ပြောဆိုကာငိုဟယ်ရယ်ဟယ်ဖြစ်နေသောမိန်းကလေးသည် အစားလည်းမစား၊ ညတွေလည်းမအိပ်တော့ပဲ နောက်နှစ်ရက်အကြာမှာ ဘယ်သူမျှမသိလိုက်ပါပဲအိမ်မှတိတ်တဆိတ်ထွက်ခွာသွားလေတော့သည်။

“ဇာတ်သိမ်းပိုင်းမျှော်”

Zawgyi Version

ခ်စ္ျခင္းက်ိန္စာသင့္ေလသူ(စ/ဆုံး)
———————————
ေအာက္ေျခေက်ာက္ေဆာင္ကိုေရလႈိင္းလုံးႀကီးေတြတစ္ဝုန္းဝုန္း႐ိုက္ခတ္‌ေနပါေသာ ျမင့္ျမင့္မားမားေက်ာက္ေတာင္ကမ္းပါးႀကီးရဲ႕အစြန္းမွာ သြယ္သြယ္ႏြဲ႕ႏြဲ႕အသြင္သဏၭန္ေလးတစ္ခုမတ္မတ္ရပ္လို႔ေနေလသည္။ ေလတိုက္ႏႈန္းကျပင္းထန္လွတာမို႔ မိန္းကေလးရဲ႕ဆံႏြယ္ရွည္‌ေတြသာမက၊ ဝတ္ထားတဲ့ျဖဴလြလြခ်ည္ဂါဝန္ရွည္က သူမရဲ႕ပါးလွပ္လွပ္ခႏၶာကိုယ္ကေလးမွာကပ္ၿပီးလြင့္ပ်ံလို႔ေနသည္။ လည္တိုင္ေက်ာ့ေက်ာ့မွာပတ္ထားတဲ့ပုဝါရွည္ကေျပေလ်ာၿပီး ငွက္ကေလးတစ္ေကာင္အလား ေခ်ာက္ကမ္းပါးေအာက္ကိုလြင့္က်သြားခ်ိန္မွာေတာ့ သူမကလိုက္ဖမ္းဖို႔မႀကိဳးစားပဲ ႐ုတ္တရက္ေခါင္းကိုေမာ့လွန္ၿပီး ေျခာက္ကပ္ကပ္ေအာ္ရယ္လိုက္ေလသည္။

“ငါတို႔ႏွစ္ေယာက္ ဒီပုဝါေလးလို ေလဟုန္စီးခြင့္ရေတာ့မယ္…ေပ်ာ္လိုက္တာ”

ဗလာမ်က္ဝန္းေတြနဲ႔မိန္းကေလးရဲ႕အသိမဲ့စြာတီးတိုးေရ႐ြတ္လိုက္သံအက္ရွရွကေလးထြက္ေပၚလာခဲ့သည္။ သူမရဲ႕စိတ္ကူးေတြထဲမွာ ဒီေခ်ာက္ကမ္းပါးစြန္းႀကီး‌ေအာက္ကပင္လယ္ထဲကိုအႀကိမ္‌ေပါင္းမ်ားစြာခုန္ဆင္းခဲ့ဖူးသည္။ ခုန္ခ်လိုက္ရင္ သူမရဲ႕ခႏၶာကိုယ္ေပါ့ေပါ့ေလးက ငွက္ေမႊးေတာင္ေလးတစ္ေခ်ာင္းလို ဦးတည္ရာမဲ့ ဘယ္ေလာက္ၾကာေအာင္ ေလထဲမွာလြင့္ေမ်ာေနၿပီးမွ ေရခဲတမွ်ေအးစက္ၿပီးၾကမ္းတမ္းျပင္းထန္လြန္းလွတဲ့လႈိင္းတံပိုးေတြေအာက္နစ္ျမဳပ္ေပ်ာက္ကြယ္သြားေလမလဲ။ ဒီကမာၻႀကီးေပၚမွာ သူမ မရွိေတာ့ဘူးဆိုတာလူေတြကသတိေတာင္ျပဳမိၾကလိမ့္မည္မထင္ပါ။

“ဒီေန႔ေတာ့ အသက္ကိုရွင္သန္ေအာင္ ပင္ပန္းတႀကီးေမြးျမဴရင္း နာၾကင္ခံစားခဲ့ရတာ‌ေတြအားလုံးေျပေပ်ာက္ေအာင္ မင္းရင္ခြင္မွာအေမာေျဖအိပ္စက္ဖို႔ ကိုယ္တို႔လာၿပီ ပင္လယ္ႀကီးေရ…”

သူမရဲ႕စကားကို ပင္လယ္ႀကီးကနားလည္သည့္အလားလက္ခုပ္သံအက်ယ္ႀကီးတီးရင္း ေမာ္ၾကည့္ေစာင့္ေမွ်ာ္ေနသည္လို႔ထင္မိေလသည္။ စီးထားတဲ့အျဖဴ‌ေရာင္ေျခညႇပ္ဖိနပ္အပါးေလးကိုခြၽတ္လိုက္ေတာ့ ေအးျမစိုစြတ္တဲ့ျမက္ပင္ေလးေတြရဲ႕အထိအေတြ႕ကိုခံစားမိခ်ိန္မွာ လွမ္းလက္စေျခလွမ္းတို႔တစ္ခဏရပ္တန႔္သြားေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ ကမ္းပါးစြန္းကို တစ္ေ႐ြ႕ေ႐ြ႕ဆက္ေလွ်ာက္သြားပါသည္။ မိုးစက္မိုးေပါက္ေလးေတြတစ္ဖြဲဖြဲက်လာတာကို ေခါင္းေမာ့ခံယူရင္းလက္ႏွစ္ဘက္ကို ေဘးႏွစ္ဖက္သို႔အေတာင္ပံသဖြယ္ေျဖးညႇင္းစြာဆန႔္တန္းလိုက္ကာ ခပ္သြက္သြက္အရွိန္ျဖင့္ေျပးၿပီး ကမ္းပါးစြန္းကခုန္ခ်လိုက္စဥ္မွာ ရင္ထဲလွပ္ခနဲေအးသြားၿပီး မ်က္စိစုံမွိတ္ထားလွ်က္ကၿပဳံးေယာင္သန္းေနတဲ့မိန္းကေလးဟာ ဝါဂြမ္းေလးတစ္စလိုေမ်ာလြင့္၍ က်သြားခဲ့ရရွာေလၿပီ။

************

“ဝုန္း.. ဒုန္း…ဒုန္း..”

“တံခါးဖြင့္လိုက္စမ္း $ ‌ေ-ာင္မ… အခုခ်က္ခ်င္းဖြင့္ဆိုဖြင့္… ၾကာရင္နင္ပိုနာမယ္ေနာ္… နားကန္းေနလား အမ်ိဳး-ုတ္မ… နင္ဒီအခန္းထဲကေျပးလြတ္လိမ့္မယ္ထင္ေနတာလား…. -ီးလိုမွပဲ… အားးးး”

မၾကားဝံ့မနာသာ ဆဲဆိုၿခိမ္းေျခာက္သံေတြနဲ႔အတူ အိပ္ခန္းတံခါးကိုထိုးႀကိတ္ကန္ေၾကာက္လိုက္၊ အရွိန္နဲ႔ေျပးၿပီးကိုယ္လုံးနဲ႔ဝင္တိုက္လိုက္လုပ္ေနတဲ့ခင္ပြန္းျဖစ္သူရဲ႕အသံေၾကာင့္ နဂိုကပိုးဟတ္ျဖဴေလးတစ္ေကာင္လို ေဖ်ာ့ေတာ့ပါးလ်ားေသာမိန္းကေလးရဲ႕မ်က္ႏွာမွာပိုလို႔ေတာင္ေသြးဆုတ္ျဖဴေရာ္သြားကာ ႏွစ္ေယာက္အိပ္ကုတင္က်ယ္ႀကီးႏွင့္နံရံၾကားလြတ္ေနတဲ့ေထာင့္ၾကားေလးထဲမွာ ကိုယ္ကိုက်ဳံ႕ႏိုင္သမွ်က်ဳံ႕ကာပုဝပ္တုန္ရီေနေလသည္။

“ဂြၽတ္….ေျဖာင္း”

က်ယ္ေလာင္တဲ့အသံႀကီးနဲ႔အတူ အိပ္ခန္းတံခါးကေသာ့အုံက်ိဳးၿပီးျပဳတ္ထြက္ကာ ခင္ပြန္းျဖစ္သူကသူ႔အရွိန္ႏွင့္သူမထိန္းႏိုင္ပဲ အိပ္ခန္းၾကမ္းျပင္ေပၚဟတ္ထိုးလဲက်သြားရတာမို႔ ပိုလို႔ေတာင္ေဒါသထြက္လာပုံရသည္။

မီးေမွာင္ခ်ထားတဲ့အိပ္ခန္းတြင္းမွာေခါင္းကိုဟိုဘက္ဒီဘက္‌ေဝွ႔ရမ္းရွာရင္း ကုတင္နံေဘးမွာက်ဳံ႕က်ဳံ႕ေလးဝပ္လွ်က္တဆတ္ဆတ္တုန္ေနရွာတဲ့မိန္းကေလးကို‌ေနာက္ဆုံးမွာ‌ေတြ႕ရွိသြား‌ေလသည္။ ဧည့္ခန္းကတိုးဝင္လာတဲ့ မႈန္ပ်ပ်အလင္းေရာက္ေအာက္မွာ မိန္းကေလးရဲ႕အသနားခံသလိုကူကယ္ရာမဲ့မ်က္ဝန္းေတြကို ခင္ပြန္းျဖစ္သူကအရႆာခံကာတစ္စိမ့္စိမ့္ၾကည့္ေနရင္းကမ်က္ႏွာႀကီးေပၚမွာစက္ဆုပ္စရာအၿပဳံးကေပၚလာေလေတာ့သည္။

“မလုပ္… မလုပ္ပါနဲ႔အစ္ကိုရယ္…
ညီမကိုအႏိုင္မက်င့္ပါနဲ႔… ရွိခိုးေတာင္းပန္ပါတယ္… ႏွစ္မခ်င္းကိုယ္ခ်င္းစာပါရွင္”

ဗလုံးဗေထြးေၾကာက္႐ြံ႕တုန္ခါေနတဲ့အသံႏွင့္မိန္းကေလးကတိုးလွ်ိဳးေတာင္းပန္ရွာပါေသာ္လည္း

“ဟားဟားဟားဟား… မင္းကမ်ား ငါ့ကိုကလန္ခ်င္ေသးတယ္ေပါ့.. ေအာ္စမ္း… ေအာ္ေလ.. ဒီတိုက္ခန္းက ငါ့စိတ္ႀကိဳက္ Sound Proof Doors (အသံလုံတံခါးေတြ) တပ္ထားတာ… မင္းေသေအာင္ေအာ္လည္းဘယ္အမ်ိဳးမွမင္းကိုမကယ္ႏိုင္ဘူး…
ရန္ကုန္နဲ႔လန္ဒန္ဆိုတာမိုင္ေပါင္းမ်ားစြာအေဝးႀကီးပဲဟ…. ဘာ.. ႏွစ္မခ်င္းစာပါဟုတ္လား…
ငါကတစ္ဦးတည္း‌ေသာသားဆိုတာမင္းေမ့ေနၿပီထင္တယ္… ကိုယ္ခ်င္းစာရေအာင္ဘာႏွစ္မမွလည္းငါ့မွာမရွိဘူးကြ… ၿပီးေတာ့မင္းကငါတရားဝင္လက္ထပ္ယူထားတဲ့မိန္းမ… ငါ့စိတ္ႀကိဳက္မင္းေနေပးရမယ္… လာစမ္း”

ခင္ပြန္းရဲ႕လက္တစ္ဖက္က သူဝတ္ထားတဲ့ခါးပါတ္ကိုဆြဲျဖဳတ္ေနရင္း က်န္တဲ့လက္တစ္ဖက္က မိန္းကေလးရဲ႕ဆံႏြယ္ရွည္ေတြကိုရစ္ပတ္လိမ္ကာ ေခ်ာင္ထဲမွတစ္႐ြတ္တိုက္ဆြဲေခၚထုတ္ေနေလသည္။ နဂိုကတည္းကျမင့္မားထြားႀကိဳင္းေသာခင္ပြန္းသည္ႏွင့္ခြန္အားမမွ်ရတဲ့ၾကားထဲ ယခုလို
သူယင္းထမုန္ယိုေနခ်ိန္မွာဆိုပိုလို႔ေတာင္႐ုန္းမထြက္ႏိုင္ပါေခ်။

ေဆာင့္ဆြဲခံထားရတဲ့ဆံပင္ရွည္ေတြေၾကာင့္ ဦးေရျပားျပဳတ္ထြက္မတတ္တင္းၾကပ္နာၾကင္ေနတာေတြေလ်ာ့ပါးသက္သာလိုသက္သာျငား ခင္ပြန္းသည္ရဲ႕လက္ကို မိန္းကေလးရဲ႕လက္ေသးေသးေလးႏွစ္ဖက္နဲ႔တြန္းဖယ္ရင္းက သူဆြဲေခၚရာေနာက္
တ႐ြတ္တိုက္ပါလာရေလသည္။

ထို႔ေနာက္ မိန္းကေလးကိုကုတင္ေပၚေဆာင့္တြန္းလွဲခ်လိုက္ၿပီး ခါးပါတ္ကိုလက္ႏွစ္ဖက္နဲ႔ခပ္တင္းတင္းရစ္ပတ္လွ်က္ဆြဲခါလိုက္သံ “ေျဖာင္း”ကနဲကိုၾကားလိုက္ရခ်ိန္မွာ မိန္းကေလးတစ္ကိုယ္လုံးၾကက္သီးေမႊးညႇင္းထကာတစ္‌ေစာင္းလွဲလွ်က္ကဒူးႏွစ္ဖက္ကိုတင္းတင္းပိုက္ၿပီးမ်က္စိစုံမွိတ္အံႀကိတ္ထားမိသည္။ အျပင္းအထန္နာၾကင္မႈေၾကာင့္ မိန္းကေလးရဲ႕ေကြးထားတဲ့ဒူးေတြက႐ုန္းရင္းကန္ရင္းေျပေလွ်ာ့သြားရၿပီး မ်က္ႏွာကိုမထိခိုက္မိေအာင္လက္ႏွစ္ဖက္ျဖင့္ႀကိဳးစားကာလွ်က္
တဆတ္ဆတ္တုန္ေနသည္အထိ ေယာက္်ားႀကီးအားႏွင့္ ခါးပတ္ျဖင့္ဆယ္ခ်က္ခန႔္အားကုန္လႊဲ႐ိုက္ၿပီးခ်ိန္မွာေတာ့ ခပ္ေျမာ့ေျမာ့သာက်န္ေတာ့ေသာမိန္းကေလးကို လူမဆန္စြာ မဖြယ္မရာျပဳမူေလေတာ့သည္။

မိနစ္ႏွစ္ဆယ္ခန႔္အၾကာ လူ႔ငႏြားက သူ႔ဆႏၵေတြျပည့္သြားခ်ိန္မွာ မိန္းကေလးကိုေဆာင့္တြန္းပစ္လိုက္ၿပီး ဧည့္ခန္းထဲကဆိုဖာမွာေျခပစ္လက္ပစ္ထိုင္ခ်လိုက္ကာ ေအာ္ဟစ္ေနေတာ့သည္။

“‌ေ-ာင္မ… နင္ေမ့ခ်င္ေယာင္ေဆာင္မေနနဲ႔….
ငါ့ကိုအခုခ်က္ခ်င္းပိုက္ဆံလွမ္းေတာင္းေပး… ေဆး.. ေဆးအခ်ိန္မွီဝယ္ရမယ္… အားးး… အူးးး.. ေဆး.. ေဆးေပးပါ”

ဒီစကားေတြကေတာ့ မိန္းကေလးသတိလစ္မသြားခင္ ေလးေနာက္ဆုံးၾကားလိုက္ရတဲ့ခင္ပြန္းသည္ရဲ႕စကားသံေတြပါပဲ…

************

သတိရတစ္ခ်က္မရတစ္ခ်က္ျဖစ္ေနရွာတဲ့ မိန္းကေလးရဲ႕အေတြးေတြထဲမွာ သူမကိုၿပဳံးၿပီးငုံ႔ၾကည့္ေနတဲ့သိပ္ခ်စ္ရတဲ့ ေယာက္်ားပီသေခ်ာေမြ႕ေသာခ်စ္ဦးသူရဲ႕မ်က္ႏွာကအုပ္မိုးလို႔ေနေလသည္။ အာခံတြင္းမွာငုံထားမတတ္ဂ႐ုတစိုက္အခ်စ္ခံရေသာမိန္းကေလးသည္ သူမခ်စ္သူကိုေက်နပ္ပီတိျဖစ္စြာ ခ်စ္စဖြယ္ၿပဳံးလို႔ၾကည့္‌ေနမိသည္။

မိန္းကေလးသည္ ကိုယ့္ကိုယ္ကိုယ္မယုံၾကည္မႈမ်ား
ႏွင့္အတူေမြးဖြားလာခဲ့သူျဖစ္သည္။ သိတတ္စအ႐ြယ္ကတည္းက လူေတြကိုေၾကာက္တတ္သည္။ လူအမ်ားႏွင့္ေရာေရာေထြးေထြးမေနလို။ မိန္းကေလးကိုသိပ္ခ်စ္ၿပီးအလိုလိုက္ေသာမိသားစုျဖစ္တဲ့ ႏွစ္ဖက္အဖိုးအဖြား၊ မိဘႏွစ္ပါး၊ အစ္မႏွင့္အစ္ကိုကလြဲလို႔ ဘယ္သူႏွင့္မွ် အကြၽမ္းတစ္ဝင္ရင္းႏွီးခ်စ္ခင္‌ေနထိုင္ျခင္းမရွိခဲ့။ ယုတ္စြအဆုံးတစ္ဝမ္းကြဲေမာင္ႏွစ္မေဆြမ်ိဳးေတြႏွင့္ေတာင္စကား‌ေျပာဆိုျခင္းမရွိခဲ့ပါ။ ေက်ာင္းတက္တဲ့အ႐ြယ္ေရာက္လာသည့္တိုင္ မိန္းကေလး
ေက်ာင္းတက္ေနလွ်င္မိသားစုဝင္တစ္ဦးမဟုတ္တစ္ဦးကဆရာ‌ေတြရဲ႕ခြင့္ျပဳခ်က္ယူၿပီး အတန္းအျပင္မွာငုတ္တုတ္ထိုင္၍ေစာင့္ေရွာက္ေပးရတတ္သည္။

မိန္းကေလးသည္ သူမကိုခ်စ္ေသာမိသားစုအေပၚတြင္ အလြန္မွီခိုဆိုးႏြဲ႕တတ္သည္။ အထူးသျဖင့္ သူမ၏မိခင္အေပၚအႏိုင္ယူတတ္သူျဖစ္သည္။ မိန္းကေလး၏မိခင္သည္ဆရာဝန္တစ္ဦးျဖစ္ၿပီး၊ ဖခင္ကေတာ့အစိုးရအရာရွိႀကီးတစ္ဦးျဖစ္သည္မို႔ သူမ၏ဘဝကလို‌ေလေသးမရွိျပည့္စုံေအးခ်မ္းပါသည္။ မိခင္ကမိန္းမပီသသူမို႔ ေဆး႐ုံ၊ ေဆးခန္းတာဝန္ဝတၱရားေတြမအားလပ္တဲ့အၾကားက အသက္ႀကီးမွဖြားျမင္ခဲ့တဲ့အငယ္ဆုံးသမီးေလး၏ေဝယ်ာဝစၥကိုကိုယ္တိုင္လုပ္ကိုင္ေပးရမွေက်နပ္သူျဖစ္ေလသည္။ ထက္ျမက္ေသာမိခင္ႀကီး၏ျပဳစုပ်ိဳးေထာင္မႈေအာက္မွာႀကီးျပင္းခဲ့ရ‌ေသာမိန္းကေလးသည္ ဉာဏ္ေကာင္းသည္မွန္ေသာ္လည္းသြက္လက္ထက္ျမက္မႈမရွိပါ။ သူမအလိုမက်လွ်င္ မိခင္ႀကီးကိုတြန္းထိုးေအာ္ဟစ္ေနတတ္သလို “ငါ့အတြက္မိခင္ႀကီးမွာပင္ပန္းရရွာပါလား”ဆိုသည့္ သနားငဲ့ညႇာမႈမ်ိဳးလည္းမရွိေပ။ အ႐ြယ္ေရာက္လာသည္အထိ အတြင္းခံအက်ႌ၊ အတြင္းခံေဘာင္းဘီကအစ မိခင္ႀကီးကိုယ္တိုင္ေလွ်ာ္ဖြတ္ေပးမွဝတ္ေလ့ရွိသူျဖစ္သည္။ မည္မွ်ပင္တစ္ကိုယ္ေကာင္းဆန္ၿပီး၊ ကိုယ့္အတၱကိုသာေရွ႕တန္းတင္ေလ့ရွိေသာသမီးျဖစ္ပါေသာ္လည္း မိခင္ႀကီးမွာစိုးစဥ္းမွ်အျပစ္မျမင္ႏိုင္ပဲခ်စ္ခင္ရွာေပသည္။

မိခင္သည္ဆရာဝန္မႀကီးတစ္ဦးျဖစ္သလို၊ အိမ္ေထာင္ရွင္မေကာင္းတစ္ဦးလည္းျဖစ္တာမို႔ အလုပ္ႏွင့္အိမ္ေထာင္မႈဘဝၾကား မွ်ေျချဖစ္ေအာင္ႀကိဳးစားထမ္း‌ေဆာင္ရသည္မွာအလြန္‌ေမာပန္းရ‌ေသာေၾကာင့္ သမီးေလးႀကီးျပင္းလာတဲ့အခါ မိမိလိုမပင္ပန္းေစခ်င္တဲ့အတြက္ ႀကဳံႀကိဳက္ေလတိုင္း

“သမီးႀကီးလာရင္ ေမေမ့လို Lady Doctor (အမ်ိဳးသမီးဆရာဝန္) မလုပ္ပဲ၊ Doctor’s Lady (ဆရာဝန္၏အမ်ိဳးသမီးေလး)သာလုပ္ေနာ္ သမီးေလး”

ဟုခပ္ၿပဳံးၿပဳံးႏွင့္ စသလိုေနာက္သလိုျဖင့္ ျဖစ္ေစခ်င္သည္တို႔ကိုဆုံးမသင္ၾကား‌‌ေပးတတ္ေလသည္။

ကံတရားက မိခင္ႀကီးျဖစ္ေစခ်င္သလိုျဖစ္မလာခဲ့ပဲ စာေတာ္ေသာမိန္းကေလးသည္ ဆရာဝန္မကေလးျဖစ္လာခဲ့ေလသည္။ ကံေကာင္းသည္က ဘယ္တုန္းကမွ သူစိမ္းေတြႏွင့္ဆက္ဆံေပါင္းသင္းခဲ့ျခင္းမရွိေသာမိန္းကေလးသည္ ေဆးေက်ာင္းတက္စဥ္ကာလတစ္ေလွ်ာက္ မေမွ်ာ္လင့္ပါပဲ သူမႏွင့္အသြင္တူေသာသူငယ္ခ်င္းမ‌ေလးတစ္ေယာက္ကိုရရွိလိုက္ျခင္းပင္ျဖစ္သည္။
သူမတို႔ႏွစ္ေယာက္သည္ ပထမႏွစ္တက္စကတည္းက စိတ္က်န္းမာေရးစစ္ေဆးျခင္းကို တစ္ႀကိမ္တည္းႏွင့္မေအာင္ျမင္ခဲ့ေသာေက်ာင္းသားမ်ားထဲတြင္ပါဝင္ခဲ့ရာက စတင္ၿပီးခင္မင္မိၾကကာ ေက်ာင္းသူသက္တမ္းတစ္ေလွ်ာက္လက္တြဲခဲ့ၾကျခင္းျဖစ္ေလသည္။

ေက်ာင္းသားေတြအမ်ားႀကီးေရွ႕ကျဖတ္ေလွ်ာက္ရၿပီဆိုလွ်င္ ႏွစ္ေယာက္သား ေခြၽးေစးေတြပ်ံေနတဲ့လက္‌ေတြကို အျပန္အလွန္တင္းတင္းဆုပ္ကိုင္ကာ ေခါင္းႀကီးေတြကိုယ္စီငုံ႔ရင္း ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ႏွင့္အလ်င္အျမန္အေျပးတပိုင္းလမ္းေလွ်ာက္တတ္ၾကသည္။ အစပိုင္းက သူတို႔ႏွစ္ဦးကို ေဂါက္သီးမေလးႏွစ္ေယာက္လို႔ ေက်ာင္းသားေတြကအထူးအဆန္းလိုလိုက္ၾကည့္ကာ စေနာက္တတ္ၾကေပမယ့္ ေဆးေက်ာင္းတို႔၏ထုံးစံအတိုင္းႏွစ္ရွည္လမ်ားအတူတစ္ကြေက်ာင္းတက္၊ လက္ေတြ႕အတူလုပ္၊ ခြဲခန္းအတူဝင္ၾကရင္း သူမတို႔အေၾကာင္းကိုပိုသိလာၾကကာ အေႏွာက္အယွက္မေပးေတာ့ပဲ သူမတို႔လိုအပ္လွ်င္ေတာင္ကူညီေပးၾကေလေတာ့သည္။ နာမည္အစအကၡရာခ်င္းလည္းတူ၊ ခုံနံပါတ္ေရွ႕ေနာက္လည္းျဖစ္ေသာသူငယ္ခ်င္းႏွစ္ေယာက္တို႔သည္ အခ်ိန္ေတြတေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာၾကတာႏွင့္အမွ် အလုပ္သင္ဆရာဝန္ဘဝသို႔တိုင္ေရာက္ရွိလာၾကေလသည္။

မိန္းကေလး၏သူငယ္ခ်င္းသည္ သူမ ေလာက္လည္း ဉာဏ္မေကာင္းသလို၊ ဆရာဝန္ျဖစ္ရန္ဝါႆနာလည္းမပါသူမို႔ ၎၏မိဘမ်ားအလိုအရသာ ဇြတ္မွိတ္ႀကိဳးစားရင္းဤမွ်ေသာအေနအထားအထိေရာက္လာရသူျဖစ္သည္။
မိန္းကေလးတို႔ႏွစ္ေယာက္သည္ သူမတို႔ရင္ထဲမွာရွိသမွ်အေၾကာင္းအရာေတြအကုန္လုံးကို အခ်င္းခ်င္းမႁခြင္းမခ်န္ရင္ဖြင့္ေျပာဆိုတိုင္ပင္ေလ့ရွိၾကေလသည္။

မိန္းကေလးအလုပ္သင္ဆရာဝန္ျဖစ္ေသာႏွစ္တြင္ အစ္ကိုျဖစ္သူက မိသားစုဓါတ္ပုံကို ေဖ့စ္ဘုတ္အေကာင့္တြင္အမွတ္မထင္တင္လိုက္မိရာက သူ၏ငယ္သူခ်င္းတစ္ဦးကေတြ႕ရွိသြားၿပီး မိန္းကေလးကိုစိတ္ဝင္စားကာ ေဖ့စ္ဘုတ္မွတစ္ဆင့္မိတ္ဖြဲ႕လာခဲ့ေလသည္။ ေယာက္်ားပီသၿပီးရည္မြန္ခန႔္ညားေသာ၊ စကားအေျပာအဆိုဆြဲေဆာင္မႈရွိၿပီးညက္ေညာေသာ၊ ႏူးညံ့သိမ္‌ေမြ႕ၿပီးမိန္းကေလးေတြအႀကိဳက္ကိုအလြန္အလိုက္သိေသာ ထိုအစ္ကိုကို မိန္းကေလးသည္ တစ္စထက္တစ္စစြဲလန္းခ်စ္ခင္လာေလသည္။ မိန္းကေလးမ်က္ႏွာတစ္ခ်က္ညိဳလွ်င္ပင္ ေနစရာေနရာမရွိေလာက္ေအာင္ကို
သည္းသည္းလႈပ္ခ်စ္ျပတတ္တဲ့အစ္ကိုသည္ အေတြ႕အႀကဳံလုံးဝမရွိေသာအပ်ိဳစင္အူ႐ိုင္းမိန္းကေလး၏ ႐ူးမတတ္ခ်စ္ရေသာအခ်စ္ဦးျဖစ္လာခဲ့ရေလသည္။

************

“ညီမေလးေရ… မင္းခ်စ္သူက ကိုကို႔သူငယ္ခ်င္းဆိုေပမယ့္ သိပ္ရင္းႏွီးခဲ့တဲ့သူငယ္ခ်င္းေတာ့မဟုတ္ဘူး.. အထက္တန္းေက်ာင္းတက္တုန္းကဆိုေမးထူးေခၚေျပာေလာက္ပဲရွိခဲ့တာ… ေက်ာင္းတုန္းကေတာ့ သူက‌ လူႀကီးသားသမီး၊ သ‌ေဘာေကာင္းေပမယ့္ ေဆးလိပ္‌ေတြေသာက္၊ ရန္ေတြျဖစ္နဲ႔ဆိုးတဲ့‌ ေက်ာင္းသားတစ္ေယာက္ပဲ….အခုဆိုသူနဲ႔မေတြ႕ရတာႏွစ္ေတြေတာင္မနည္းေတာ့ဘူး… ဒါေၾကာင့္
သူကအခုအဂၤလန္မွာအိုင္တီအင္ဂ်င္နီယာတစ္ေယာက္အျဖစ္အသက္ေမြးေနတယ္ဆိုတာၾကားရတာပဲရွိတာ သူ႔အေၾကာင္းေတာ့ ဃဃနနမသိတာမို႔ ညီမေလးေသခ်ာစုံစမ္းၾကည့္ပါဦး…. ကိုကိုလည္း သူနဲ႔အဆက္အသြယ္ရွိေလာက္တဲ့သူငယ္ခ်င္းေတြရွာ‌ေဖြေမးျမန္းၾကည့္ပါဦးမယ္”

ငယ္စဥ္ကတည္းက ခ်စ္လြန္းလို႔နာမည္‌ေတာင္တစ္ခါမွမေခၚပဲ “ညီမေလး”လို႔သာေခၚ‌တတ္တဲ့
မိန္းက‌ေလးရဲ႕အစ္ကိုသည္ အိမ္ေထာင္ရက္သားက်ၿပီး တစ္ၿမိဳ႕တစ္႐ြာမွာေနေပမယ့္ သူ႔ညီမေလးကိုစိတ္ပူစြာအရိပ္အႁမြက္သတိေပးေလသည္။ မိန္းကေလးႏွင့္ဆယ္ႏွစ္ကြာေသာအစ္မအႀကီးဆုံးသည္လည္း ႏိုင္ငံရပ္ျခားတြင္မိသားစုႏွင့္အေျခက်ေနေပၿပီ။

မိန္းကေလးသည္ လိုင္းေပၚမွာသာေတြ႕ဆုံခ်စ္ႀကိဳက္ရေသာခ်စ္သူကို တစ္ဘဝလုံးပုံအပ္ရန္အထိယုံၾကည္ထားသူမို႔ ခ်စ္သူအစ္ကို႔အေၾကာင္းကိုအထူးတလည္လည္းမစုံစမ္းမိသလို အေပါင္းအသင္းမဆန႔္သူမို႔ ဘယ္သူ႔ကိုေမးျမန္းၾကည့္ရမွန္းလည္းမသိခဲ့ပါေပ။ ႐ိုးအလြန္းေသာသူမို႔ ခ်စ္သူအစ္ကို႔ကို ဒီအေၾကာင္းဖြင့္ေျပာျပမိေတာ့ အစ္ကိုကမ်က္ရည္ထြက္ေအာင္ပင္ သူမကိုရယ္ေမာေလသည္။

“မိန္းကေလးရယ္….အစ္ကိုက မိန္းကေလးကို
ဒီေလာက္ေတာင္ မ်က္စိေအာက္ကအေပ်ာက္မခံႏိုင္ေအာင္ခ်စ္တာကိုသိရက္သားနဲ႔ မိန္းကေလးက အစ္ကို႔ကို မယုံဘူးလားကြာ….. ဟားဟား”

ေလွာင္ရယ္ခံရလို႔ မ်က္ႏွာေလးနီရဲေအာင္ရွက္သြားရတဲ့မိန္းကေလးသည္ အစ္ကိုအလုပ္လုပ္ရာလန္ဒန္ၿမိဳ႕ႀကီးသို႔အေျပးေလးသြားၿပီး အစိကို႔ရင္ခြင္က်ယ္ႀကီးထဲမွာမ်က္ႏွာကိုဖြက္ထားလိုက္ခ်င္သည္ဟုေတြးရင္း ရင္ခုန္သံေတြျမန္လာရသည္။

“ေဟ့ ေကာင္မေလး….မ်က္ႏွာေလးေမာ့ပါဦးကြ…
အစ္ကို႔အေၾကာင္းဘာသိခ်င္သလဲ ႀကိဳက္တာေမး… အစ္ကိုေျပာျပပါ့မယ္… အစ္ကို႔ေဖေဖကဘယ္သူဆိုတာေတာ့ ညည္းသိၿပီးသားပဲမဟုတ္လား… အစ္ကိုကတစ္ဦးတည္းေသာသား…ျမန္မာျပည္မွာေက်ာင္းၿပီးၿပီးခ်င္း မိဘေတြက အဂၤလန္ကိုလႊတ္လိုက္လို႔ ဒီမွာ မာစတာဘြဲ႕ယူၿပီး အလုပ္ဝင္ေနတာသုံးႏွစ္ရွိၿပီ… အခုဆိုခ်စ္ရတဲ့ရည္းစားေလးလည္းရေနၿပီ၊ အလုပ္လည္းရွိ‌ေနၿပီဆိုေတာ့ အစ္ကို မိန္းကေလးကိုမခြဲႏိုင္ေတာ့ဘူးကြာ… လက္ထပ္ယူခ်င္ၿပီ… မိန္းကေလးဘြဲ႕ယူၿပီးတာနဲ႔ အစ္ကိုတို႔မဂၤလာေဆာင္ၾကရေအာင္ေနာ္ ေကာင္မေလး”

တြတ္တီးတြတ္တာခြၽဲႏြဲ႕ရင္း ရီေဝ႐ႊန္းလဲ့တဲ့မ်က္လုံးႀကီးေတြနဲ႔ စားမတတ္ဝါးမတတ္စိုက္ၾကည့္ေနခဲ့တဲ့
အစ္ကို႔ကို မဝံ့မရဲျပန္ၾကည့္ရင္း ၾကက္သီးတစ္ျဖန္းျဖန္းထသည္အထိ အခ်စ္ရဲ႕ညႇိဳ႕ခ်က္စက္ကြင္းမွာ မိန္းကေလး ယစ္မူးေနမိကာ ေခါင္းကိုသာအခါခါအထပ္ထပ္ညိမ့္ေနမိပါေတာ့သည္။

အစ္ကိုမလာေရာက္ႏိုင္ေပမယ့္ အစ္ကို႔မိဘေတြက မိန္းကေလးရဲ႕မိဘေတြဆီမွာမိသားဖသားပီပီလာ‌ေရာက္ေတာင္းရမ္းၾက‌ေလသည္။
မိဘေတြက သမီးရဲ႕ခင္ပြန္းေလာင္းကိုေလ့လာၾကည့္ခ်င္ၾကေသးတာမို႔ အဂၤလန္မွေခတၱျပန္လာကာေစ့စပ္ပြဲအရင္လုပ္ထားၿပီး တစ္ႏွစ္ၾကာမွ လက္ထပ္ေစလိုၾကေသာ္လည္း အစ္ကိုကအလုပ္မွခြင့္မရဟုဆိုကာ တစ္ခါတည္းထိမ္းျမားလက္ထပ္ေပးဖို႔ခြင့္ျပဳပါရန္အစ္ကို႔မိဘေတြကေတာင္းဆိုၾက‌ပါသည္။ သမီးျဖစ္သူကလည္း သတို႔သားဘက္ကေတာင္းဆိုတဲ့အတိုင္းသာလုပ္ေပးဖို႔ မိဘေတြကိုနားပူနားဆာလုပ္တာကတစ္‌ေၾကာင္း၊
ဂုဏ္သေရရွိသတို႔သားမိဘမ်ားကိုယုံၾကည္သည္ကတစ္ေၾကာင္းတို႔ေၾကာင့္ သမီးစိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီးခြင့္ျပဳလိုက္ၾကေလေတာ့သည္။

ထို႔ေၾကာင့္ မိန္းကေလးတို႔ဘြဲ႕ႏွင္းသဘင္အခမ္းအနားအၿပီးတစ္ပါတ္အၾကာမွာ အစ္ကိုႏွင့္လက္ထပ္ဖို႔အ ေျပးအလႊားေလးစီစဥ္ထားခဲ့သည္။ လက္ထပ္ၿပီးၿပီးခ်င္းအစ္ကိုႏွင့္အတူ အဂၤလန္ႏိုင္ငံကိုလိုက္ပါသြားမည္မို႔ ပတ္စ္ပို႔ကိစၥ၊ ဗီဇာကိစၥ၊ လိုအပ္တဲ့စာ႐ြက္စာတမ္းကိစၥ‌ေတြပါ အခ်ိန္တိုအတြင္းလုပ္ေဆာင္ရေသးသည္။
အစ္ကိုႏွင့္လက္မထပ္လည္း မိန္းကေလးက အစိုးရအလုပ္ဝင္ရန္စိတ္ကူးမရွိပဲ အျပင္ေဆးကုမၸဏီတစ္ခုခုမွာသာအလုပ္ဝင္လိုသူျဖစ္ေလသည္။

ထုံးစံအတိုင္း တစ္ဦးတည္းေသာသူငယ္ခ်င္းမေလးကို မဂၤလာသတင္းေျပာျပရင္းေပ်ာ္႐ႊင္တက္ႂကြေနတဲ့မိန္းကေလးကို သူငယ္ခ်င္းကေအးစက္စက္မ်က္ဝန္းေတြနဲ႔ေၾကာင္စီစီၾကည့္ကာ သူမရဲ႕ကုတ္ေကြးက်ေနတဲ့ႏႈတ္ခမ္းကို အတင္းၿပဳံးဟန္ျပဳတာမို႔ ၿပဳံးသည္ႏွင့္မတူပဲ ငိုခါနီးမဲ့က်လာသလိုျဖစ္‌ေနတာမို႔ မိန္းကေလးအံ့ဩသြားရေလသည္။

“ငါခ်စ္တဲ့သူနဲ႔မဂၤလာေဆာင္ေတာ့မွာကို နင္ဝမ္းမသာဘူးလားဟင္….”

မိန္းကေလးက ဇေဝဇဝါႏွင့္နားမလည္ႏိုင္သလိုေမးေတာ့ သူငယ္ခ်င္းက သူမကို

“I’m so happy for you..”

လို႔သာမ်က္လုံးေသႀကီးေတြနဲ႔ေျပာရင္း မိန္းကေလးရဲ႕နဖူးကိုဂုဏ္ျပဳအနမ္းတစ္ခ်က္ဖြဖြေပးကာ တင္းၾကပ္ေနေအာင္ေခတၱဖက္ထားေလသည္။ ၿပီးေနာက္ လူခ်င္းခြာၿပီး ခုနကအၿပဳံးမ်ိဳးထပ္ၿပဳံးျပျပန္ကာ

“ငါခ်စ္ရတဲ့နင္ကလည္းငါ့အနားမွာရွိမ‌ေနႏိုင္ေတာ့ဘူး….. ငါ့မိဘ‌ေတြကိုေပးထားမိတဲ့ကတိ‌ေတြ၊ တာဝန္ေတြလည္းအကုန္ေက်ခဲ့ၿပီးၿပီမို႔…ငါနင့္ကိုႏႈတ္ဆက္ခဲ့တယ္ေနာ္”

ဟု အနိမ့္အျမင့္အတက္အက်မရွိတဲ့အသံႏွင့္
ေျပာကာ မိန္းကေလးကိုခပ္ေငးေငးၾကည့္ရင္း႐ုတ္တရက္လွည့္ထြက္သြားေလေတာ့သည္။

မိန္းကေလးစိတ္ထဲ တစ္မ်ိဳးႀကီးခံစားလိုက္ရေသာ္လည္း မနက္ျဖန္ဘြဲ႕ယူၿပီး ေနာက္တစ္ရက္မွာ
အစ္ကို႔ကိုေလယာဥ္ကြင္းမွာသြားႀကိဳရမည္ဟုေတြးမိတာေၾကာင့္စိတ္ေတြၾကည္ႏူးလန္းဆန္းသြားရျပန္ကာအရာအားလုံးကိုေမ့သြားရပါသည္။

ေနာက္တစ္ေန႔ မိန္းကေလးတို႔စာသင္ႏွစ္ကေက်ာင္းသူေက်ာင္းသားေတြအကုန္လုံး အမ္ဘီဘီအက္စ္ဘြဲ႕ကို ေပ်ာ္႐ႊင္ဂုဏ္ယူစြာတက္ေရာက္ယူၾကရင္း၊ မိဘေဆြမ်ိဳးမ်ားႏွင့္အမွတ္တရဓါတ္ပုံေတြ႐ိုက္ၾကပါသည္။ သူငယ္ခ်င္းႏွစ္ေယာက္လည္းဓါတ္ပုံေတြအမ်ားႀကီး႐ိုက္ၾကၿပီးလမ္းခြဲခဲ့ၾကသည္။ ေနာက္တစ္ေန႔မနက္ေဝလီေဝလင္းအခ်ိန္မွာ ဖုန္းသံကက်ယ္ေလာင္စြာျမည္ဟီးလာသည္မို႔ အိပ္ခ်င္မူးတူးနဲ႔မိန္းကေလးဖုန္းေျဖလိုက္ခ်ိန္မွာေတာ့ ေရွာ့ခ္ရကာၾကက္ေသေသသြားရသည္။
ဒီကေန႔နံနက္အေစာႀကီးမွာ မိန္းကေလးရဲ႕သူငယ္ခ်င္းမသည္ ကိုယ့္ကိုယ္ကိုယ္ႀကိဳးဆြဲခ်ၿပီးအဆုံးစီရင္သြားေလၿပီတဲ့ေလ။
ဒီသတင္းဆိုးက မိန္းကေလး၏စိတ္ႏွလုံးကိုညႇိဳးခ်ဳံးေစေသာ ျပင္းထန္သည့္ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ရပါသည္။

************

ခရီးသည္မ်ားဆိုက္ေရာက္ရာအေပါက္မွအထြက္ လက္ေဝွ႔ရမ္းျပကာ အနားကိုအေျပးအလႊားေလးေရာက္လာတဲ့အစ္ကို႔ကို မိန္းကေလးက
ေငးေၾကာင္ေၾကာင္မ်က္ႏွာေပးႏွင့္ငိုင္တိုင္တိုင္ၾကည့္ေနမိပါသည္။ ဟိုးအရင္လိုင္းေပၚမွာေတြ႕ကာစႏွင့္စာလွ်င္ အစ္ကိုက ပါး႐ိုးေတြေခ်ာင္က်လွ်က္ အေတာ္ပိန္သြားပုံရေသာ္လည္း အၿမဲတမ္းတက္ႂကြသြက္လက္ေနတဲ့သူ႔ပုံစံကေပ်ာက္ကြယ္မသြားေခ်။

“ဟိတ္… မိန္းကေလး ဘာေတြေၾကာင္ၾကည့္ေနတာလဲ… အစ္ကိုေရာက္လာၿပီေလ မေပ်ာ္ဘူးလား”

အစ္ကိုက မိန္းကေလးရဲ႕ပခုံးႏွစ္ဖက္ကိုကိုင္လႈပ္ကာ ဝမ္းသာအားရေမးလာမွ မိန္းကေလးအစ္ကို႔ကိုေမာ့ၾကည့္ရင္းၿပဳံးျပျဖစ္သည္။

“သားေလး… အရမ္းပိန္သြားတယ္ေနာ္… မင္း အခုထိမလိမၼာေသးဘူးလားကြယ္”

အစ္ကို႔အေမႏွင့္အတူလာႀကိဳတာမို႔ မိန္းကေလးငိုခ်င္စိတ္ကိုအသာထိန္းရင္း အစ္ကိုတို႔သားအမိႏွစ္ေယာက္စကားေျပာတာကိုသာနားစြင့္ေနမိသည္။

“ဟာ… အေမကလည္း ေရာက္ေရာက္ခ်င္းလုပ္ၿပီဗ်ာ… ဒါေၾကာင့္ျမန္မာျပည္ကိုျပန္ကိုမလာခ်င္တာ…”

သူ႔အေမစကားေၾကာင့္မ်က္ႏွာပ်က္သြားတဲ့အစ္ကိုက မိန္းကေလးေရွ႕မွာ ကမန္းကတန္းအိေျႏၵဆည္လိုက္ရင္း မလုံမလဲၿပဳံးျပေလသည္။ မ်က္ရည္ေတြဝဲလာတဲ့သူ႔အေမက အသံတုန္တုန္ေလးနဲ႔

“မင္းအေဖက မဂၤလာေဆာင္ကိစၥအားလုံးတာဝန္ယူေပးၿပီးရင္ သူ႔ဘက္ကမိဘတာဝန္အကုန္ေက်ၿပီတဲ့သားရယ္”

အစ္ကိုက သူ႔အေမကိုစိတ္ပ်က္တဲ့ေလသံႏွင့္ခြန္းတုံ႔ျပန္ေလသည္။

“အေမကလည္း မိန္းကေလးေရွ႕မွာဘာေတြအထုပ္ျဖည္ျပေနတာလဲ…ကြၽန္ေတာ္ကလည္း အေဖ့သားပါ… သူျပတ္သလို ကြၽန္ေတာ္လည္းျပတ္ပါတယ္… ေရွ႕ေလွ်ာက္ သူ႔အေထာက္အပံ့တစ္ျပားတစ္ခ်ပ္မွယူမွာမဟုတ္ေတာ့ပါဘူး”

“အခု အေမ ဒ႐ိုင္ဘာနဲ႔လာတာမဟုတ္လား…
အေမျပန္ေတာ့… မိန္းကေလးနဲ႔ကြၽန္ေတာ္သီးသန္႔စကားေျပာစရာရွိတယ္… ေနာက္မွ အိမ္ျပန္လာခဲ့မယ္ ဟုတ္ၿပီလား”

အစ္ကိုက သူ႔အထုပ္အပိုးေတြ အေမနဲ႔ထားခဲ့ၿပီး မိန္းကေလးလက္ကိုဆြဲကာ ေလယာဥ္ကြင္းအျပင္ဘက္ခပ္သြက္သြက္ထြက္ခြာလာတာမို႔ မိန္းကေလးက အားနာတဲ့မ်က္လုံးေလးနဲ႔ ေယာကၡမေလာင္းကိုလည္ျပန္ၾကည့္ကာႏႈတ္ဆက္ရင္းအစ္ကိုဆြဲ‌ေခၚရာေနာက္ဟပ္ထိုးလိုက္လာရေလသည္။

************

တကၠစီးငွားၿပီး လူရွင္းတဲ့စားေသာက္ဆိုင္တစ္ဆိုင္သြားကာ စားစရာေတြမွာကာ စကားေျပာျဖစ္ၾကေတာ့အစ္ကိုက လူေတြေရွ႕မေရွာင္ မိန္းကေလးနံေဘးပူးကပ္ထိုင္ရင္း မိန္းကေလးကို မလႊတ္တမ္း ရင္ခြင္ထဲထည့္ဖက္ထားေလသည္။ တစ္ခါမွ ေယာက်ာ္းတစ္ေယာက္ႏွင့္ ဒီေလာက္ႀကီးတရင္းတႏွီးမေနဘူးတာေၾကာင့္ မိန္းကေလးရင္ေတြတဒိတ္ဒိတ္ခုန္ရင္း၊ သူငယ္ခ်င္းနာေရးကိစၥႏွင့္တစ္မနက္လုံးလည္းငိုထားခဲ့တဲ့အရွိန္ေၾကာင့္ဝမ္းနည္းဆို႔နင့္ေနတာေရာ၊ ရွက္စိတ္ေၾကာက္စိတ္ေတြ‌ေၾကာင့္ပါ ေခြၽးေစးေတြပ်ံကာေခါင္းေတြမူးေနာက္လာရသည္။

“ဟိတ္… ေကာင္မေလး… အစ္ကိုေရာက္လာၿပီေလ မ်က္ႏွာႀကီးကဘယ္လိုျဖစ္ေနရတာလည္းကြာ… ဖုန္းထဲမွာလို အစ္ကို႔ကိုခ်စ္တဲ့အေၾကာင္းေတြပလြတ္ပလြတ္နဲ႔ေျပာစမ္းပါဦးကြ”

ရင္ခြင္ထဲကမိန္းကေလးရဲ႕မ်က္ႏွာကိုေမးဖ်ားကပင့္ၿပီးဆြဲေမာ့လိုက္ကာ မ်က္ႏွာခ်င္းအနီးကပ္ေမးေတာ့ မိန္းကေလး ကမန္းကတန္းမ်က္လႊာခ်လိုက္မိသည္။ ႐ုတ္တရက္ ဝမ္းနည္းဆို႔နင့္လာတာေၾကာင့္ အစ္ကို႔ရင္ခြင္ကိုမ်က္ႏွာအပ္ၿပီး ခ်ဳံးပြဲခ်ငိုရင္း ရင္ဖြင့္မိေလသည္။

“ညီမရဲ႕တစ္ဦးတည္းေသာသူငယ္ခ်င္းမေလး ဒီမနက္ပဲသူ႔ကိုယ္သူ ဆူဆိုက္လုပ္သြားတယ္အစ္ကိုရယ္… ဒီကမာၻႀကီးမွာညီမကိုနားအလည္ႏိုင္ဆုံးသူ
မရွိေတာ့ဘူး…အီးဟီးဟီး”

“ဪ… မိန္းကေလးေျပာေျပာေနတဲ့တစ္ေယာက္လား… ကိုယ့္ကိုယ္ကိုယ္သတ္ေသတယ္ဆိုေတာ့ ဆိုက္ကိုပတ္သ္ (Psychopath)ေပါ့… ဒီလိုမူမမွန္တဲ့သူေတြရဲ႕စိတ္ဆိုတာအစိုးမရဘူးမိန္းကေလးရဲ႕…
ဒါမထူးဆန္းပါဘူး”

“ရွင္…”

အစ္ကို႔ရဲ႕ႏွစ္သိမ့္အား‌ေပးမႈကို‌ေမွ်ာ္လင့္ထားရာကအဲဒီလိုေျပာလိမ့္မယ္မထင္ထားတာေၾကာင့္ စိတ္ဓါတ္ေတြၿပိဳလဲက်ေနတဲ့မိန္းကေလး ေၾကာင္သြားၿပီး ဝမ္းပန္းတစ္နည္းငိုရႈိက္ေနရာက အစ္ကို႔ကိုေမာ့ၾကည့္မိေလသည္။

ဒါကို ပါးနပ္တဲ့အစ္ကိုက သူစကားမွားသြားၿပီဆိုတာကိုခ်က္ခ်င္းရိပ္မိသြားၿပီး မ်က္ႏွာအမူအယာျပင္ရင္း မိန္းကေလးရဲ႕မ်က္ရည္ေတြကိုပြတ္သုတ္ေပးကာ ခ်ိဳခ်ိဳသာသာေျဖာင္းဖ်ေျပာဆိုေလသည္။

“ေဆာရီးပါကြာ… မိန္းကေလးဒီေလာက္ခံစားေနရမွန္းမသိလို႔ စိတ္ေျပပါေစေတာ့ရယ္လို႔လႊတ္ကနဲေျပာမိသြားတာပါ…အစ္ကိုတမင္ရည္႐ြယ္တာမဟုတ္ပါဘူး… မိန္းကေလးကို တစ္သက္လုံးခ်စ္သြား၊ နားလည္ေပးသြားမယ့္အစ္ကိုတစ္ေယာက္လုံးရွိပါေသးတယ္ေကာင္မေလးရယ္…စိတ္မဆိုးနဲ႔ေတာ့ေနာ္…စိတ္ေျပပါေတာ့”

အစ္ကိုကေခ်ာ့လည္းေခ်ာ့ရင္း တင္းတင္းၾကပ္ၾကပ္ဖက္ေပြ႕ကာ တုန္ရီေနတဲ့မိန္းကေလးရဲ႕ႏႈတ္ခမ္းအစုံကိုစုပ္ယူနမ္းရႈိက္ေနတာမို႔ မိန္းကေလးအသက္ရႈၾကပ္လာကာ အတင္း႐ုန္းထြက္လိုက္ရင္း ပတ္ဝန္းက်င္ကို‌ မလုံမလဲေဝ့ဝဲၾကည့္မိသည္။ စားသုံးသူတစ္ခ်ိဳ႕နဲ႔ဝန္ထမ္းေတြက သူတို႔အတြဲကိုကြက္ၾကည့္ကြက္ၾကည့္လုပ္ရင္းတီးတိုးေျပာေနၾကတာေတြ႕ရသည္။

“အစ္ကို ဘယ္လိုေတြလုပ္ေနတာလဲ..ဒါျမန္မာႏိုင္ငံ.. ၿပီးေတာ့ public area မွာေလ… နည္းနည္းပါးပါးဆင္ျခင္ပါဦး…”

မိန္းကေလးအသံကငိုသံစြက္ကာ ရွက္ျခင္း၊ ေၾကာက္ျခင္းေၾကာင့္ ရင္ဘတ္ေပၚလက္ကေလးႏွစ္ဖက္ယွက္ရင္းတုန္လႈပ္ေနတာမို႔ အစ္ကိုက သူ႔ပခုံးႏွစ္ဖက္ကိုဟန္ပါပါတြန႔္လိုက္ရင္း မိန္းကေလးႏွင့္ခပ္ခြာခြာျပင္ထိုင္လိုက္သည္။ ‌ၿပီး‌ေနာက္ စီးကရက္တစ္လိပ္ကိုထုတ္ေသာက္လိုက္ၿပီး မီးခိုးေငြ႕ေတြကို သူမမ်က္ႏွာဆီသို႔က်ီစယ္သလိုမႈတ္ထုတ္လိုက္ကာ မ်က္လုံးကိုေမွးစင္းၿပီးၾကည့္ေနေလသည္။ အတန္ၾကာမွ…

“အစ္ကိုအရမ္းလြမ္းေနခဲ့ရလို႔ ႐ုတ္တရက္မထိန္းႏိုင္ျဖစ္သြားတာပါ… ဒါမ်ိဳးထပ္မလုပ္ေတာ့ဘူးလို႔ကတိေပးတယ္ေနာ္မိန္းကေလး… ကဲေျပာပါဦး… မဂၤလာေဆာင္အတြက္အားလုံးအဆင္သင့္ပဲလား…. မဂၤလာဖိတ္စာေရာယူလာလား…ျပၾကည့္ပါဦး”

အစ္ကိုကသူ႔ကိုယ္သူထိန္းႏိုင္သြားသလို တည္တည္ၿငိမ္ၿငိမ္ေမးျမန္းေျပာဆိုလာေတာ့ မိန္းကေလးလည္း အနည္းငယ္အေၾကာက္ေလ်ာ့သြားရသည္။ မဂၤလာပြဲအႀကိဳဓါတ္ပုံ႐ိုက္ဖို႔စီစဥ္ထားတာေတြ၊ ဖိတ္စာအခ်ိဳ႕ေဝဖို႔က်န္ေနေသးတဲ့ကိစၥေတြ၊ မဂၤလာပြဲေန႔အတြက္အေသးစိတ္အစီအစဥ္ေတြ၊ ႏွစ္ဖက္မိဘေဆြမ်ိဳးေတြနဲ႔သီးသန္႔မဂၤလာညစာစားၾကမွာေတြ တိုင္ပင္ေဆြး‌ေႏြးရင္း တစ္ေယာက္ႏွင့္တစ္ေယာက္ပိုၿပီးရင္းႏွီးလာသလိုခံစားမိရသည္။

“သံ႐ုံးဗီဇာေရာယူၿပီးၿပီမဟုတ္လား….
ေလယာဥ္လက္မွတ္ေတြေရာ အကုန္စီစဥ္‌ၿပီးၿပီလားမိန္းကေလး… အဲဒါေတြကအေရးႀကီးတယ္…အစ္ကိုကခြင့္ဆယ္ရက္ပဲရတာမို႔ မဂၤလာပြဲအၿပီးေနာက္တစ္ရက္ျပန္မွျဖစ္မွာမို႔ပါ”

“ဟုတ္ကဲ့…. အားလုံးအဆင္သင့္ပါပဲ… ညီမကအစ္ကို႔ကိုခ်စ္လြန္းလို႔သာအစ္ကို႔ေနာက္လိုက္ခဲ့ရမွာ… ဘာသာမတူလူမ်ိဳးမတူသူစိမ္းေတြၾကားမွာဘယ္လိုေနရမယ္မွန္းေတြးမရေသးဘူး…ေပ်ာ္သလိုမေပ်ာ္သလိုနဲ႔အခုထက္ထိေဝခြဲမရျဖစ္ေနမိတုန္းပဲအစ္ကိုရယ္”

အစ္ကိုက သူမရဲ႕လက္ေလးတစ္ဖက္ကိုဖ်စ္ညႇစ္အားေပးရင္း သူမကိုၿပဳံးၿပီးၾကည့္ေနေလသည္။ ၿပီးမွ သူမရဲ႕နားနားကပ္ကာ ေလသံတိုးတိုးႏွင့္ေခ်ာ့ျမႇဳဆြဲေဆာင္ျပန္ေလသည္။

“အခ်စ္ေလး… ဒီညမျပန္နဲ႔‌ေတာ့ကြာ..ကိုယ္တို႔အတူေနၾကရေအာင္… ေနာ္”

ေရာက္ကတည္းက ဒီကိစၥကိုပဲဦးစားေပးေနတဲ့အစ္ကို႔ကို မိန္းကေလးက စိတ္ညစ္ညဴးစြာၾကည့္ရင္း စိတ္ထဲတစ္မ်ိဳးႀကီးခံစားလာမိရသည္။ အစ္ကိုက ဘယ္လိုလူစားမ်ိဳးပါလိမ့္… ငါ့ေ႐ြးခ်ယ္မႈေရာမွန္မွမွန္ရဲ႕လား ေတြးကာစိတ္ထင့္သလိုျဖစ္သြားမိရသည္။

“ညီမတို႔ႏွစ္‌ေယာက္ကတစ္သက္လုံးအတူေနၾကဖို႔ဆုံးျဖတ္ၿပီးသြားၿပီပဲအစ္ကိုရယ္… ညီမကိုတန္ဖိုးထားခ်စ္ခင္ရင္ ဒီကအျပန္မွာ ညီမကိုအိမ္ျပန္လိုက္ပို႔ရင္း တစ္ခါမွမေတြ႕ရေသးတဲ့ ညီမမိဘေတြကိုဂါရဝျပဳဖို႔မသင့္ဘူးလား… မနက္ျဖန္ဆိုလည္းတစ္ေန႔လုံးဓါတ္ပုံ႐ိုက္တာေတြ၊ မဂၤလာဝတ္စုံဖစ္တင္းခ်ဖို႔ေတြ အခ်ိန္လုလုပ္ရမယ့္အလုပ္ေတြမွတန္းစီေနတာပဲ…”

“အိုးေခ… အိုးေခ…ဟုတ္ပါၿပီဗ်ာ… မိန္းကေလးရဲ႕သေဘာအတိုင္းပါပဲ”

အခုလိုက်ေတာ့လည္း အစ္ကိုက ခုနကတစ္ဇြတ္ထိုးကမူးရႉးထိုးျဖစ္ေနတာသူမဟုတ္သလိုပဲမို႔ မိန္းကေလးသက္ျပင္းေမာႀကီးခ်လိုက္မိပါေတာ့သည္။

တစ္ခါမွ မိသားစုႏွင့္မခြဲခြာခဲ့ဖူးတာေၾကာင့္ မိန္းကေလးစိတ္ထဲမွာ လက္ထပ္ပြဲၿပီးဆုံးသြားတာေတာင္မွ ဒါဟာအိပ္မက္တစ္ခုေလလားလို႔ဇေဝဇဝါျဖစ္လို႔ေနရသည္။ အထူးသျဖင့္ ဘဝတစ္ေလွ်ာက္လုံး သူမရဲ႕ေဝယ်ာဝစၥေတြကိုမညည္းမညဴျဖည့္ဆည္းလုပ္ေဆာင္ေပးခဲ့တဲ့မိခင္ႀကီးမပါပဲ ကိုယ့္ဘဝလမ္းကို ကိုယ္တိုင္ေလွ်ာက္လွမ္းရေတာ့မည္ဆိုေတာ့ မိန္းကေလးကိုယ္တိုင္ကဝမ္းနည္းအားငယ္ေနမိသလို မိခင္ႀကီးမွာလည္း သမီးကို

ရင္ခြင္ထဲကလႊတ္‌ေပးလိုက္ဖို႔စိတ္မခ်ႏိုင္ေအာင္ျဖစ္ေနရေလသည္။

“သမီးေရ… ေမေမ့သမီးေလးကအိမ္ေထာင္ရွင္မေလးျဖစ္သြားၿပီမို႔ အိမ္မႈကိစၥအဝဝအျပင္၊ လင္ေယာက္်ားရဲ႕ေဝယ်ာဝစၥကိုပါတာဝန္ယူလုပ္ကိုင္ေပးရေတာ့မယ္… အစစအရာရာတတ္‌ေျမာက္ေအာင္သင္ယူေလ့လာပါ… ေရာက္ရာအရပ္မွာေတြ႕တဲ့သူနဲ႔သင့္တင့္ေအာင္‌မိတ္ေဆြဖြဲ႕ေနထိုင္ပါ…

သမီးေလးလိုအပ္တာမွန္သမွ် ေမေမတို႔ကိုမဆိုင္းမတြအသိေပးပါ… အခက္အခဲေတြရင္ဆိုင္ရရင္လည္း ေမေမတို႔နဲ႔လွမ္းတိုင္ပင္ပါေနာ္… ဘာလို႔မွန္းမသိဘူး သမီးနဲ႔ခြဲရမွာ ေမေမ့စိတ္ေတြေလးေနတယ္သမီးေလးရယ္”

တစ္တြတ္တြတ္မွာၾကားေနတဲ့မိခင္ကိုဖက္ရင္း မိန္းကေလးမ်က္ရည္ေတြေတြက်ေနမိသည္။ မနက္ျဖန္ဆိုရင္ အစ္ကို႔လက္ကိုတြဲၿပီး ႏိုင္ငံရပ္ျခားမွာတစ္အိုးတစ္အိမ္ထူေထာင္ဖို႔သြားရေပေတာ့မည္။ မိန္းကေလးအတြက္ေတာ့ဘဝႏွင့္ခ်ီတဲ့စြန႔္စားခန္းတစ္ရပ္ပါေပ။

အဂၤလန္ေရာက္ခါစမွာ ရာသီဥတုၾကမ္းတာေရာ၊ ေဆြမ်ိဳးအသိမိတ္ေဆြရယ္လို႔တစ္ဦးမွမရွိတာေၾကာင့္ေရာ၊ အခ်က္အျပဳတ္သန႔္ရွင္းေရးအိမ္မႈကိစၥမကြၽမ္းက်င္တာေၾကာင့္ေရာသာမက လန္ဒန္သားေတြရဲ႕ေလယူေလသိမ္းကိုက်င့္သားမရ‌ေသးတာမို႔ဘာသာစကားအခက္အခဲကိုပါရင္ဆိုင္ရတာေၾကာင့္ဘယ္လိုမွေနမေပ်ာ္ပဲ အိမ္လြမ္းနာက်ကာ ျမန္မာျပည္ျပန္ေျပးခ်င္ေနမိတာသာသိေလသည္။
မိန္းကေလးတို႔လင္မယားသည္ လန္ဒန္ၿမိဳ႕ႏွင့္ ကီလိုမီတာရွစ္ဆယ္ခန႔္‌ကြာေဝးေသာ Burkinghamshire, Milton Keynes City ရွိ Oakgrove ကရွစ္ခန္းတြဲအုတ္ခံႏွစ္ထပ္တိုက္တန္းလ်ားတစ္ခုရဲ႕ဒုတိယထပ္အခန္းမွာငွားေနၾကပါသည္။
ဤၿမိဳ႕ကေလးသည္ သန္ရွင္းသပ္ရပ္ေသာ

ခ်စ္စဖြယ္ၿမိဳ႕က‌ေလးတစ္ၿမိဳ႕ျဖစ္ၿပီး ထူးျခားခ်က္ကေတာ့ ယာဥ္ေၾကာထိန္းသိမ္းေရးအတြက္

တစ္ၿမိဳ႕လုံးရွိလမ္းဆုံ၊ လမ္းခြမ်ားမွာ မီးပြိဳင့္အစား

ေျမာက္မ်ားလွစြာေသာအဝိုင္းပတ္မ်ားထားရွိျခင္းပင္ျဖစ္သည္။ Aldi လို၊ Lidl လိုနာမည္ႀကီး Croissant မုန႔္ေကာင္းေကာင္း‌ေလးေတြရတဲ့စူပါမားကက္‌ေတြ‌ ၿမိဳ႕တြင္းေနရာအႏွံ႔ဖြင့္လွစ္ထားတာမို႔‌ေလလားမသိ ရႈရႈိက္ရတဲ့ေလကိုကအစ ဝက္ေပါင္ေျခာက္ကင္လို၊ ေပါင္မုန႔္မီးကင္လိုအနံ႔အသက္‌ေတြသာရေနသည္ဟုပင္ထင္မိသည္။

အဂၤလန္ျပန္ေရာက္‌ေတာ့ အစ္ကိုသည္အရင္တုန္းက မိန္းကေလးကိုငုံထားမတတ္႐ႊန္း႐ႊန္း‌ေဝေအာင္ခ်စ္ျပခဲ့ဖူးေသာအစ္ကိုႏွင့္ တစ္ေယာက္စီမ်ားလားလို႔ေတာင္ထင္မွတ္ရေအာင္အျပဳအမူအေျပာအဆိုေတြကအေျပာင္းလဲႀကီးေျပာင္းလဲသြားခဲ့ပါသည္။

အစ္ကိုကလန္ဒန္ၿမိဳ႕တြင္းသို႔ ႐ုံးဖြင့္ရက္တိုင္းရထားစီး၍႐ုံးတက္ပါသည္။ သို႔ေသာ္ သူမတို႔ျမန္မာျပည္မွျပန္ေရာက္ၿပီးတစ္ပါတ္ေလာက္သာအလုပ္ဆင္းတာေတြ႕ရၿပီး ေနာက္ပိုင္းမွာ အလုပ္ကအဆင္မေျပလို႔ထြက္လိုက္သည္ဟုဆိုေသာ္လည္း အိမ္မွာလည္းၿမဲၿမဲမ‌ေနပဲဟိုေယာင္ေယာင္ဒီေယာင္ေယာင္၊ ထြက္ခ်ည္ဝင္ခ်ည္ႏွင့္ဂနာမၿငိမ္ျဖစ္ေနတတ္သည္။

အိမ္မွာရွိေနလွ်င္ တစ္ေနကုန္ ဧည့္ခန္းဆိုဖာေပၚမွာလွဲေလ်ာင္းၿပီး စီးကရက္ေတြတစ္လိပ္ၿပီးတစ္လိပ္ဆက္တိုက္ရႈိက္ဖြာကာမွိန္းေနတတ္ၿပီး လိုအပ္လို႔

သူ႔ကိုစကားသြားေျပာလွ်င္လည္း ေျပာတာကို

မၾကားသလို၊ ၾကည့္ေနေပမယ့္မျမင္သလို ရီေဝေဝမ်က္လုံးေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ရင္းျပန္မွိန္းသြားတတ္သည္။ တစ္ခါတစ္ခါ ေရခ်ိဳးခန္းဝင္လွ်င္လည္းနာရီနဲ႔ခ်ီသည္အထိအၾကာႀကီးေနတတ္ၿပီး မိန္းကေလးကအတင္းတံခါးေခါက္ၿပီးေခၚထုတ္ယူမွထြက္လာတတ္သည္။ သူထြက္သြားလွ်င္ ေရခ်ိဳးခန္းထဲမွာစိမ္းေ႐ႊေ႐ႊအနံ႔တစ္မ်ိဳးက်န္ခဲ့တတ္သလို ေဘစင္ေတြေဆးေၾကာသန႔္ရွင္းရင္းလည္း အျဖဴေရာင္အမႈန႔္အစအနေတြက်န္ရစ္တာမ်ိဳးလည္းေတြ႕ရသည္။

မိန္းကေလးတတ္သ‌ေလာက္မွတ္သ‌ေလာက္ႀကိဳးစားခ်က္‌ထားေသာထမင္းဟင္းတို႔ကိုျပင္ဆင္တည္ခင္း‌ ေကြၽးလွ်င္လည္းစားသည္ရယ္လို႔သိပ္မရွိပဲ အရာမယြင္းတတ္ေခ်။ တစ္ကယ္ေတာ့ ဒါက မိန္းကေလးအတြက္ျပႆနာရယ္လို႔မဟုတ္လွေသး…တစ္ကယ့္ျပႆနာက တစ္ပါးသူကိုဖြင့္ေျပာျပဖို႔ပင္ အလြန္ေအာ္ဂလီဆန္စရာေကာင္းလွပါသည္။

မိန္းကေလး၏ခင္ပြန္းသည္ ဖိုမကိစၥတြင္ပုံမွန္မဟုတ္‌ေသာစိတ္စြဲလန္းမႈမ်ိဳးရွိ‌ေနၿပီး တရားဝင္ဇနီးမယားသာမက ျပင္ပ၌ပါမိန္းမလိုက္စားတတ္သူတစ္ေယာက္ျဖစ္‌ေနခဲ့မွန္း အိမ္ေထာင္သက္လပိုင္းေလာက္ႏွင့္သိရွိလာခဲ့ရေတာ့ သူမ ေဆာက္တည္ရာ မရျဖစ္ခဲ့ရသည္။ အစပိုင္းကေတာ့ အိမ္ေထာင္က်ခါစမို႔စိတ္အားထက္သန္‌ေန၍ဟုထင္မိခဲ့ေသာ္ လည္း ေနာက္ပိုင္း အိမ္မွာရွိတဲ့အခ်ိန္တိုင္းလို ဒီကိစၥကိုသာေတာင္းဆိုေနတတ္သည္။ အေတာ္လြန္က်ဴးလာ၍ မိန္းကေလးက ျငင္းပယ္မိလွ်င္ အစ္ကိုကအလြန္စိတ္ဆိုးၿပီး ၾကမ္းၾကမ္းတမ္းတမ္းဆဲဆိုေအာ္ဟစ္တာေတြပါလုပ္လာေတာ့ သူမတစ္ျဖည္းျဖည္းထိတ္လန႔္လာရပါသည္။
အိမ္မွာဝင္ေငြမရွိတဲ့အျပင္ အစ္ကို႔အ‌ေဖကလည္း

မေထာက္ပံ့ေတာ့တာေၾကာင့္ ေမေမတို႔ဆီကို အေၾကာင္းျပခ်က္မ်ိဳးစုံေပးၿပီး အိမ္လခ၊ စားစရိတ္၊ အသုံးစရိတ္ကအစလစဥ္လွမ္းၿပီးမွာရသည္။ မိန္းကေလးသည္႐ိုးအလြန္းေသာ္လည္း ေဆးပညာရွင္တစ္ဦးမို႔ အစ္ကိုအလြန္အကြၽံသုံးစြဲေနေသာအရာေတြသည္စိတ္ႂကြ‌ေဆးႏွင့္မူးယစ္ေဆးဝါးေတြမွန္းခဏခ်င္းရိပ္စားမိလာခဲ့သည္။ အိုင္တီပညာရပ္ကိုႏိုင္ငံရပ္ျခားမွာဘြဲ႕လြန္ဒီဂရီရထားပါေသာ ေခတ္ပညာတတ္ခင္ပြန္းသည္

ႏွေမ်ာစရာေကာင္းလွစြာ မူးယစ္ေဆးဝါးရဲ႕သားေကာင္ျဖစ္ကာ စိတ္ေတြပုံမွန္မဟုတ္ေတာ့ပဲ ကစဥ့္ကလ်ားျဖစ္ေနပုံရသည္။

သူ႔အေၾကာင္းေတြကို မိန္းကေလးက သူမရဲ႕မိဘေတြဆီတိုင္ၾကားမွာစိုးကာ ဖုန္းေျပာတိုင္းမွာ သူကေဘးနားမွာငုတ္တုတ္ထိုင္ေစာင့္ၾကည့္ေနတတ္ၿပီး ပိုက္ဆံလွမ္းေတာင္းခိုင္းသည့္အခ်ိန္မွလြဲ၍ က်န္တဲ့အခ်ိန္ေတြမွာ မိန္းကေလးကိုမည္သူႏွင့္မွ်ဖုန္းေျပာခြင့္မေပးေတာ့ပဲ၊ သူမ၏ဖုန္းကိုပါသိမ္းယူထား‌လိုက္ေတာ့ေလသည္။

တစ္ရက္မွာ ခင္ပြန္းအိမ္ေအာက္ထပ္ခဏဆင္းခ်ိန္ဖုန္းေမ့ထားခဲ့ရာ တိုက္တိုက္ဆိုင္ဆိုင္ပဲ ေယာကၡမဖုန္းဆက္လာေတာ့ မိန္းကေလးဖုန္းေျဖလိုက္မိသည္။ ဖုန္းထဲမွ မိန္းကေလး၏ ထိတ္လန႔္ေၾကာက္႐ြံ႕ျခင္း၊ စိုးရိမ္ပူပန္ျခင္း၊ စိတ္ပ်က္အားေလ်ာ့ျခင္းတို႔ျပည့္ႏွက္‌ေနေသာေလသံေဖ်ာ့ေဖ်ာ့ကို ေယာကၡမႀကီးကရိပ္စားမိခ်ိန္မွာစတင္ငိုေႂကြး‌ေလေတာ့သည္။ အမ်ိဳးသမီးႀကီးက သားသမီးခ်င္းကိုယ္ခ်င္းမစာပဲ မိန္းကေလးအေပၚတမင္သက္သက္ယုတ္မာခဲ့ျခင္းမဟုတ္ပါ‌ေၾကာင္း၊ သူ႔သားသည္ဆိုးသြမ္းသည္မွန္‌ေသာ္လည္းအိမ္ေထာင္က်လွ်င္ေတာ့ျပဳျပင္ေျပာင္းလဲသြားလိမ့္ဟုထင္မွတ္မိတာ‌ေၾကာင့္ မိန္းကေလးကို သူ႔သားအေၾကာင္းေတြ ႀကိဳတင္ၿပီးသတိမေပးခဲ့မိသည့္အတြက္ခြင့္လႊတ္ေပးပါရန္ေတာင္းပန္ေလသည္။ မိန္းကေလးကဘာမွျပန္မေျဖပဲ ေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္သက္စြာနားေထာင္ေနရင္းက သူတစ္ပါးသမီးပ်ိဳအၫြန႔္အဖူးေလးအ‌ေပၚလုပ္ရက္ၾကသူေတြကို ရင္ထဲမွာေအာင့္မ်က္နာက်င္ေနခဲ့ရသည္။ ထိုအမ်ိဳးသမီးႀကီးက ငိုႀကီးခ်က္မႏွင့္ေတာင္းပန္လိုက္႐ုံႏွင့္ သူမဘဝကနဂိုအတိုင္းအပ်ိဳစင္ျပန္ျဖစ္ေတာ့သည္မွမဟုတ္ပဲေလ။

ပင္စင္စားမိဘႏွစ္ပါးက ရွိသမွ်ပိုင္ဆိုင္မႈတစ္ခ်ိဳ႕ကိုထုခြဲေရာင္းခ်ၿပီး တတ္ႏိုင္သေလာက္ သူတို႔သမီးေတာင္းသမွ်ပို႔ေပးေနခဲ့ေသာ္လည္း ဘာေၾကာင့္ေငြေတြဒီေလာက္လိုသလဲဟုေမးလွ်င္ မိန္းကေလးက အေၾကာင္းျပခ်က္‌ေတြအမ်ိဳးမ်ိဳးရွာႀကံေပးရတတ္သည္။ မိန္းကေလးကိုယ္တိုင္ျဖစ္‌ေၾကာင္းကုန္စင္ကို ဖြင့္မေျပာခဲ့ေပမယ့္ သူ႔သမီးေလးစိတ္ဆင္းရဲေနရသည္ကိုမိခင္ျဖစ္သူကစိတ္ခ်င္းဆက္သြယ္‌ေနသကဲ့သို႔ခံစားသိရွိေနပါေသာ္လည္း ဘာအေၾကာင္းေၾကာင့္ရယ္ေတာ့အေသအခ်ာမသိႏိုင္ပါေခ်။ ေျပးၾကည့္ရေအာင္ကလည္းအလြယ္တကူသြားလို႔လာလို႔ျဖစ္ႏိုင္ေသာအရပ္မဟုတ္ပါ‌ေလ။

ခင္ပြန္းသည္သူ႔အေၾကာင္း မိန္းကေလးရိပ္မိသိရွိသြားၿပီဆိုတာသိလွ်င္သိခ်င္း ယခင္လိုပုန္းလွ်ိဳးကြယ္လွ်ိဳးမဟုတ္ေတာ့ပဲ မူးယစ္ေဆးဝါးေတြကို ေပၚေပၚထင္ထင္ပင္ ယခင္ကထက္ပိုၿပီးသုံးစြဲကာရမ္းကားလာေလေတာ့သည္။ သူေဆးအဆက္ျပတ္ၿပီး ယင္းထေနေသာအခ်ိန္မ်ိဳးတြင္ မိန္းကေလးကို စိတ္ရွိလက္ရွိပိတ္ေလွာင္႐ိုက္ႏွက္တတ္ၿပီး ဇနီးမယားကို လိင္ကြၽန္တစ္ေယာက္လို ေအာ့ႏွလုံးနာစရာအမႈေတြၿခိမ္းေျခာက္ျပဳမူခိုင္း‌ေနစဥ္ ပါးစပ္မွလည္း သူ႐ူးတစ္ေယာက္လို အျခားအမ်ိဳးသမီးေတြရဲ႕နာမည္ေတြကိုေက်နပ္စြာတစ္တြတ္တြတ္‌ညီးတြားေနေလ့ရွိသည္။

တစ္ရက္ထက္တစ္ရက္ စိတ္ေရာလူပါခ်ဳံးခ်ဳံးက်လာေသာမိန္းကေလးသည္ အစားအေသာက္မဝင္ေတာ့ပဲ စကၠဴျဖဴတစ္႐ြက္လို ပါးလွပ္လွပ္ခႏၶာကိုယ္သာက်န္ေလေတာ့သည္။ ခင္ပြန္းကအျပင္ထြက္သည္ျဖစ္ေစ၊ အိမ္မွာေနသည္ျဖစ္ေစ အိမ္တံခါးကိုအျပင္မွေသာ့ခတ္ထားတတ္သလို ဖုန္းေတြကိုလည္းသိမ္းထားတာေၾကာင့္ သူမမွာ ဒီလူမသိသူ

မသိငရဲခန္းကလြတ္ေျမာက္ဖို႔တိတ္တဆိတ္နည္းလမ္းရွာမွျဖစ္ေတာ့မည္ဟုစတင္ေတြးေတာလာမိသည္။ ေနာက္ေၾကာင္းေသခ်ာမသိရပါေသာလူတစ္ေယာက္ကိုစုံလုံးကန္းယုံၾကည္ၿပီး ခ်စ္တာတစ္ခုတည္းနဲ႔မဆင္မျခင္လက္ထပ္မိခဲ့တဲ့သူမရဲ႕အျဖစ္ကိုေနာင္တရလို႔မဆုံးပါေပ။
ဒီလိုႏွင့္ေျခာက္လခန႔္ၾကာသြားၿပီး တစ္ရက္မွာေတာ့ ထုံးစံအတိုင္း သူမကိုႏွိပ္စက္ၿပီး ေဆးကြဲကာအိပ္ေပ်ာ္သြားတဲ့ခင္ပြန္းသည္အလစ္အငိုက္မွာ ေသာ့ကိုအမိအရယူၿပီး အျပင္ကခတ္ထားတဲ့ေသာ့ခေလာက္ကို အတြင္းကလွမ္းဖြင့္ကာ အသင့္ျပင္ထားေသာပတ္စပို႔စ္ႏွင့္ပိုက္ဆံအခ်ိဳ႕ပါေသာအိတ္ကိုဆြဲၿပီး အိမ္ေပၚမွ ကမူးရႉးထိုးဆင္းေျပးခဲ့သည္။ အားသြန္ခြန္စိုက္ေျပးရင္း အနီးဆုံးလမ္းဆုံလမ္းခြအေရာက္မွာေတာ့ကားေခါင္မိုးေပၚမွာ အဝါေရာင္ Taxi ဆိုင္းဘုတ္တင္ထားတဲ့ Bkack Cab တစ္စီးကိုအ‌ေလာသုံးဆယ္တားလိုက္ၿပီး လန္ဒန္ၿမိဳ႕ Charles Street, Mayfair Township မွာရွိတဲ့အဂၤလန္ႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးကိုေမာင္းပို႔ခိုင္းခဲ့သည္။

သံ႐ုံးအေရာက္မွာေတာ့ တာဝန္ရွိသူသံအရာရွိမ်ားကို အိမ္တြင္းအၾကမ္းဖက္ခံရသည့္ျဖစ္စဥ္ကိုတိုင္တန္းကာအကူအညီေတာင္းေတာ့ ႐ိုက္ႏွက္ထိုးႀကိတ္ခံထားရတဲ့ဒါဏ္ရာေတြဗရပြႏွင့္မိန္းကေလးကို သနားဂ႐ုဏာသက္စြာကူညီေစာင့္ေရွာက္ၾကေလသည္။

တာဝန္ရွိသူေတြက ရဲတပ္ဖြဲ႕ကိုသတင္းပို႔တိုင္ၾကားၿပီး မိန္းကေလး၏ခင္ပြန္းသည္ကိုသြားေရာက္ေခၚေဆာင္ကာထိန္းသိမ္းခိုင္းခဲ့ပါသည္။ ျမန္မာသံ႐ုံးမွတစ္ဆင့္ မိဘေတြဆီဆက္သြယ္အေၾကာင္းၾကားေပးေတာ့ မိန္းကေလးမိဘေတြချမာ ယူက်ဴံးမရ၊ ရင္ထုမနာျဖစ္ၾကရတာမို႔ တရားဥပေဒအတိုင္းသာ ႏွစ္ဦးသေဘာတူလင္မယားကြာရွင္းျခင္းကိုသာအဓိကထားေဆာင္႐ြက္ေပးပါရန္ေတာင္းဆိုၾကေလသည္။ ႏိုင္ငံရပ္ျခားမွာအမႈမရွည္ၾကာေစခ်င္ေတာ့တာေၾကာင့္ မိန္းကေလးႏွိပ္စက္ညႇင္းပန္းခံခဲ့ရတာေတြကိုလည္း တရားမစြဲေတာ့ပဲ ကြာရွင္းစာခ်ဳပ္မွာလက္မွတ္ထိုးၿပီးတာနဲ႔မိန္းက‌ေလးအား မိဘမ်ားက ျမန္မာႏိုင္ငံသို႔အၿပီးျပန္ေခၚခဲ့ပါေတာ့သည္။

မိန္းကေလး အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ မိခင္သည္ မိန္းကေလးစိတ္ႏွင့္အိပ္ယာ‌ေပၚဘုန္းဘုန္းလဲေနၿပီး ဖခင္သည္လည္း ေက်ာက္ကပ္ေရာဂါကို အျပင္းအထန္ခံစားေနရၿပီျဖစ္ေလသည္။

ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ မိန္းကေလးသည္အသက္ရွင္လွ်က္မိဘရပ္ထံျပန္ေရာက္ႏိုင္ခဲ့ၿပီမို႔ မိဘေတြက သမီးလုပ္သူခံစားေနရေသာေဝဒနာေတြေလ်ာ့ပါးသက္သာေစဖို႔ႏွစ္သိမ့္ေဖးမၾက‌ပါသည္။

စိတ္ဒါဏ္ရာအႀကီးအက်ယ္ရလာခဲ့‌ေသာမိန္းကေလးသည္ က်န္းမာေရးခ်ိဳ႕ယြင္းေနေသာမိဘႏွစ္ပါးကိုျပဳစုေစာင့္ေရွာက္ဖို႔အသိမဝင္ႏိုင္ရွာပဲ ျပန္ေရာက္လာကတည္းက ယခင္တုန္းကထက္
လူေတြကိုပိုေၾကာက္တတ္လာကာ ဘယ္သူႏွင့္မွ်
မေတြ႕လိုပဲ ျပဴတင္းေပါက္တံခါးေတြအလုံပိတ္ၿပီး ေန႔ေရာညပါ အ‌ေမွာင္ခ်ထားတဲ့သူမရဲ႕အိပ္ခန္းထဲက ေထာင့္တစ္ေထာင့္မွာကပ္မွီထိုင္ရင္း တစ္ေယာက္တည္းစကားေတြေျပာေနတတ္သည္။

အေမရိကန္ႏိုင္ငံသားခံယူထားၿပီျဖစ္ေသာအစ္မအႀကီးဆုံးက ဝင္ေငြေကာင္းသူမို႔ မိဘေတြရဲ႕က်န္းမာေရးအတြက္လိုအပ္တဲ့‌ေနရာေတြမွာသုံးစြဲဖို႔ေငြေၾကးဒိုင္ခံပို႔ေပးကာ အစ္ကိုလင္မယားက အိုးပစ္အိမ္ပစ္ႏွင့္မိဘႏွစ္ပါးႏွင့္ညီမျဖစ္သူကိုအနီးကပ္လာ‌ေရာက္ျပဳစုေစာင့္ေရွာက္ေပးၾကပါသည္။

“ညီမေလးရယ္… အိပ္ခန္းထဲမွာခ်ည္းပဲေအာင္းမေနပါနဲ႔…အေညာင္းေျပအညာေျပအိမ္ျပင္ဘက္ထြက္ၿပီးလမ္းေလးဘာေလးေလွ်ာက္ေပးပါလား… ကိုယ္ေရာစိတ္ပါလန္းသြားေအာင္လို႔ေလ…ၿပီးေတာ့ ညီမေလးအခန္းထဲမွာဘယ္သူနဲ႔စကားေတြေျပာေနတာလဲ”

နံရံကိုမွီကာဒူးႏွစ္လုံးကိုပိုက္ၿပီးေကြးေကြးေလးထိုင္ေနတဲ့မိန္းကေလးက ခႏၶာကိုယ္ကိုမလႈပ္ပဲ မ်က္လုံးေလးပဲဝင့္ၾကည့္ကာ အစ္ကို႔အေမးကိုေျဖေလသည္။

“ညီမေလးသူငယ္ခ်င္းက ညီမေလးကို တစ္ခ်ိန္လုံးအေဖာ္လုပ္ေပးေနတယ္ေလကိုကိုရဲ႕…
သူက ညီမေလးျပန္လာလို႔ဝမ္းသာေနရွာတာ… တစ္ေန႔က်ရင္ ညီမေလးကို သိပ္လွၿပီး
သိပ္ကို‌ေအးခ်မ္းတဲ့ပင္လယ္ျပင္ႀကီးဆီသူကေခၚသြားေပးဦးမွာတဲ့”

မိန္းကေလးရဲ႕အစ္ကိုျဖစ္သူက ေဘးဘယ္ညာေဝ့ဝဲၾကည့္ရင္း သက္ျပင္းရွည္တစ္ခ်က္ကိုမႈတ္ထုတ္လိုက္ေလသည္။ သူ႔ညီမေလးသည္ မရွိကိုအရွိထင္ စိတ္ထဲမွာအာ႐ုံေကာင္ဖန္ဆင္းၿပီး ဆုံးပါးသြားေသာသူငယ္ခ်င္းကိုအသက္ရွင္ေနေသးသေယာင္ျပဳကာ မိမိကိုယ္ကိုလွည့္စားေနရွာသည္။ အစ္ကိုက သူ႔ညီမေလးကိုႏွစ္ေတြခ်ီေအာင္စိတ္ရွည္ရွည္ႏွင့္ေျဖာင္းဖ်ၿပီး စိတ္ေရာဂါအထူးကုသမားေတာ္ႀကီးေတြႏွင့္ျပကာကုသေစခဲ့သည္။

သည္လိုႏွင့္ တစ္ျဖည္းျဖည္း မိန္းကေလးသက္သာလာၿပီး ပုံမွန္နီးပါးျပန္ေကာင္းလာခ်ိန္မွာပဲ မိဘႏွစ္ပါးစလုံးသည္သမီးအတြက္ေနာက္ေၾကာင္းမေအးစြာႏွင့္ပဲေရွ႕ဆင့္ေနာက္ဆင့္ဆိုသလိုဆုံးပါးသြားၾကေလတာမို႔ အိမ္ႀကီးထဲမွာ သူမတစ္ေယာက္တည္းသာ အထီးက်န္ေနခဲ့ရေတာ့သည္။

အစ္ကိုက ညီမေလးကိုသူႏွင့္အတူေခၚထားလိုပါေသာ္လည္း ညီမေလးသည္စိတ္မၾကည္လင္သည့္အခါတိုင္း မထင္လွ်င္မထင္သလိုေအာ္ဟစ္ေသာင္းက်န္းတတ္ဆဲျဖစ္ၿပီး၊ တစ္ကိုယ္ေကာင္းဆန္ဗိုလ္က်တတ္သူမို႔ သူ႔ဇနီးသားသမီးေတြႏွင့္အေစးမကပ္သည့္အတြက္ လက္ေလွ်ာ့လိုက္ရပါသည္။

မိန္းကေလးကိုစိတ္မေလရေလေအာင္
အစ္ကိုျဖစ္သူက အလုပ္တစ္ခုခုဝင္လုပ္ရန္
တိုက္တြန္းေတာ့ ႏိုင္ငံရပ္ျခားကအဆင့္ျမင့္ေဆး႐ုံႀကီးေတြနဲ႔ခ်ိတ္ဆက္‌ထားၿပီးျမန္မာႏိုင္ငံသား‌ေတြကိုလိုအပ္သမွ်က်န္းမာေရးဝန္ေဆာင္မႈေပးေနတဲ့ကုမၸဏီမွာအလုပ္ဝင္ခဲ့ေလသည္။
မိန္းကေလးအလုပ္ဝင္လို႔ ေနသားတက်ရွိမွ အစ္ကိုမိသားစုက သူမကိုစိတ္ခ်လက္ခ်ထားခဲ့ၿပီးသူတို႔လုပ္ငန္းရွိရာအရပ္ေဒသသို႔ျပန္ၾကေလေတာ့သည္။

မိန္းကေလးသည္ တစ္သက္လုံးက ဘယ္သူ႔ကိုမွသည္းခံၿပီးေပါင္းသင္းခဲ့ဖူးျခင္းမရွိ၊ လူအမ်ားႏွင့္လိုက္ေလ်ာညီေထြဆက္ဆံလုပ္ကိုင္ခဲ့ဖူးျခင္းလည္းမရွိ၊ မွ်ေဝျခင္း၊ စာနာျခင္းဆိုတာကိုဘာမွန္းမသိ၊ ကိုယ့္ဆႏၵတစ္ခုတည္းကိုသာေရွ႕တန္းတင္တတ္သူမို႔ လုပ္ငန္းခြင္တြင္ အထက္ေအာက္မည္သည့္လုပ္ေဖာ္ကိုင္ဖက္တစ္ဦးတစ္‌ေယာက္ႏွင့္မွ်အံဝင္ခြင္က်မရွိတာေၾကာင့္ လုပ္ငန္းခြင္တြင္
မေပ်ာ္ပိုက္ပဲ လအနည္းငယ္အတြင္း အလုပ္မွထြက္လိုက္‌ျပန္ေလသည္။

************

မိန္းကေလးသည္ ဗုဒၶဘာသာဝင္တစ္ဦးျဖစ္ေသာ္လည္း ဘာသာတရားကိုထဲထဲဝင္ဝင္ၾကည္ညိဳကိုင္းရႈိင္းသူတစ္ဦးေတာ့မဟုတ္တာမို႔ သူမဘဝမွာႀကဳံေတြခဲ့ရတဲ့ဒုကၡဆင္းရဲေတြကိုသံ‌ေဝဂယူဆင္ျခင္သုံးသပ္ကာ သံသရာမွလြတ္ေျမာက္ရာလမ္းကို
က်င့္ႀကံအားထုတ္ဖို႔လည္းစိတ္မကူးမိသလို၊ လမ္းမွန္ၫႊန္ျပေပးမယ့္သူလည္း သူမအနားမွာ
တစ္ဦးတစ္‌ေယာက္မွ်မရွိရွာေပ။

အစ္မႀကီးလုပ္သူက မိန္းကေလးအတြက္
ဂလစဥ္အသုံးစရိတ္ကိုေထာက္ပံ့ေပးေနတာမို႔ အလုပ္အကိုင္မရွိေသာ္လည္း သူမမွာစားဝတ္‌ေနေရးအတြက္ပူပင္စရာေတာ့မရွိပါေခ်။

တစ္ေန႔တစ္ေန႔ အခ်ိန္ေတြကျဖဳန္းမကုန္ႏိုင္ေအာင္ပိုလွ်ံလာတဲ့အခါ ဟိုးယခင္တုန္းကလိုပဲ ေဖ့စ္ဘုတ္ဆိုရွယ္မီဒီယာပလက္ေဖာင္းေပၚသို႔ သူမတစ္ဖန္ျပန္ေရာက္လာေလေတာ့သည္။ စားစရာအေျခာက္ အျခမ္းေတြဝယ္ထားၿပီး လႏွင့္ခ်ီကာအိမ္ထဲကအိမ္ျပင္မထြက္ပဲ ေဖ့ဘုတ္ကိုသာတစ္ကမာၻလုပ္ရင္း သူမထက္အသက္ဆယ္ႏွစ္ခန႔္ႀကီးေသာအစ္ကိုႀကီးတစ္ဦးႏွင့္ လိုင္းေပၚတြင္ခင္မင္မိၾကျပန္သည္။

ထိုအစ္ကိုႀကီးသည္ ကေနဒါႏိုင္ငံတြင္ေနထိုင္ေသာျမန္မာလူမ်ိဳးခြဲစိပ္အထူးကုဆရာဝန္တစ္ဦးျဖစ္ေလသည္။ သူသည္ အိမ္ေထာင္ႏွစ္ဆက္ပ်က္ထားေသာႏွစ္ခုလပ္တစ္ဦးျဖစ္ကာ ယခင္အိမ္ေထာင္ေတြႏွင့္သားသမီးတစ္ဦးမွမထြန္းကားခဲ့သူလည္းျဖစ္သည္။ ေဖ့စ္ဘုတ္ေပၚတြင္ အစ္ကိုႀကီးေရးတင္ထားေသာေဆးပညာဆိုင္ရာပို႔စ္တစ္ခုကို မိန္းကေလးကဝင္ေရာက္ၿပီးေဆြးေႏြးခဲ့ရာမွစၿပီး ေနာက္ပိုင္းမွာခင္မင္သြားၾကျခင္းျဖစ္သည္။ မိန္းကေလးရင္ဖြင့္ေသာ သူမရဲ႕အထီးက်န္ဘဝကို ဘဝတူေတြမို႔ အစ္ကိုႀကီးကကိုယ္ခ်င္းစာနာေပးႏိုင္သလို ၾကင္ၾကင္နာနာလည္းႏွစ္သိမ့္အားေပးတတ္သည္။

အစ္ကိုႀကီးႏွင့္ေတြ႕ဆုံရၿပီးေနာက္ပိုင္းမွာ မိန္းကေလးသည္ ဘဝကိုျပန္လည္ခုံမင္လာၿပီး လြတ္လပ္ေပ်ာ္႐ႊင္ေပါ့ပါး‌လာရသည္။
မိန္းကေလးရဲ႕တစ္ဦးတည္းေသာသူငယ္ခ်င္းမေလးသည္လည္း အခုေနာက္ပိုင္းမိန္းက‌ေလးဆီအလည္မလာေတာ့သည္မွာအ‌ေတာ္ပင္ၾကာ‌ေလၿပီမို႔ မိန္းကေလးေတာင္ေမ့စျပဳေနေလၿပီ။
အစ္ကိုႀကီးမွလြဲ၍ ဒီကမာၻႀကီးေပၚမွာသူမကိုနားလည္ႏိုင္သူတစ္ဦးတစ္ေယာက္မွမရွိလို႔ခံယူၿပီး အစ္ကိုႀကီးအေပၚစိတ္‌ႏွစ္ၿပီးအားကိုးတြယ္တာသံေယာဇဥ္ျဖစ္ခဲ့ရေလသည္။ သူမတို႔ႏွစ္ေယာက္သည္ တစ္ဦးကိုတစ္ဦး ႏႈတ္မွဖြင့္ေျပာစရာမလိုပဲ တစ္ေယာက္ရင္ထဲမွာဘာေတြခံစားေနရတယ္ဆိုတာ တစ္ေယာက္ကသိျမင္ေနႏိုင္သည္အထိ နားလည္မႈရွိၾကသည္လို႔ မိန္းကေလးကေတာ့
တစ္ထစ္ခ်ယုံၾကည္မိေလသည္။

“မိန္းကေလး တစ္ေန႔တစ္ေန႔ အိမ္ထဲမွာပဲေနၿပီး ဘာေတြလုပ္ေနသလဲဟင္”

ေန႔စဥ္ မက္ေစ့ခ္်ေတြရာခ်ီၿပီးပို႔ေနေသာမိန္းကေလးကို အစ္ကိုႀကီးက ညဘက္အလုပ္အားခ်ိန္ ဗြီဒီယိုေကာလ္ေျပာရင္းေမးေတာ့ မ်က္လုံးေလးေတြေတာင္ပိတ္သြားေအာင္ကို မိန္းကေလးကအားပါးတရရယ္ရင္းျပန္ေျဖေလသည္။

“ညီမကတစ္ေယာက္တည္းသမားဆိုေတာ့ ဘာမွလုပ္စရာမရွိပါဘူး…. တစ္ေန႔လုံးလည္းအားေနေတာ့ လိုင္းေပၚမွာခ်ည္းပဲေပါ့….
အစားအစာဆိုလည္းသိပ္မမက္ေတာ့ ကြတ္ကီးတစ္ခ်ပ္ႏွစ္ခ်ပ္ ဒါမွမဟုတ္ ေခါက္ဆြဲေျခာက္တစ္ထုပ္ကိုေျခစားၿပီး ေရေသာက္ခ်လိုက္တာပဲ…
ထမင္းဟင္းေတြလည္းတခုတ္တရခ်က္မေနေတာ့ပါဘူး… ၿပီးေတာ့ ညီမဘဝမွာသတိရစရာ၊ ခ်စ္ခင္တြယ္တာစရာဆိုလို႔ကိုႀကီးတစ္ေယာက္တည္းရွိေတာ့ ေျပာခ်င္လြန္းလို႔ရင္ႏွင့္အမွ်ျပည့္ၾကပ္ေနတဲ့စကားေတြကိုစာေတြေရးၿပီးပို႔ေနလိုက္တာေပါ့…. ဘာျဖစ္လို႔လဲကိုႀကီးရဲ႕…. ကိုႀကီးအတြက္အေႏွာက္အယွက္မ်ားျဖစ္ေနလို႔လားဟင္”

မိန္းကေလးက ၿပဳံးေနရာက မ်က္ႏွာေလးေယာင္ေယာင္မဲ့က်လာေတာ့ အစ္ကိုႀကီးက
ရယ္ရယ္ေမာေမာနဲ႔ဆုံးမေလသည္။

“အဲလိုသ‌ေဘာနဲ႔ေျပာတာမဟုတ္ပါဘူးမိန္းကေလးရယ္… မိန္းကေလးရဲ႕အခ်ိန္ေတြကိုအက်ိဳးရွိရွိအသုံးျပဳေစခ်င္လို႔ပါ….ေဆးပညာဆိုတာအခ်ိန္ႏွင့္တစ္ေျပးညီ ေခတ္မွီတိုးတက္ေျပာင္းလဲေနတာမို႔ ေလ့လာလို႔ကိုမကုန္ႏိုင္ဘူးမဟုတ္လား… မိန္းကေလးကိုယ္တိုင္လည္းဆရာဝန္တစ္ေယာက္ဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္တိုးတက္ေအာင္အၿမဲေလ့လာဆည္းပူးေနသင့္တာေပါ့… အခုလိုအခ်ိန္ေတြျဖဳန္းေနမယ့္အစား သင့္ေတာ္တဲ့အလုပ္တစ္ခုခုျပန္ဝင္လုပ္ပါလားကြယ္”

မိန္းကေလးက ဆယ္ေက်ာ္သက္မေလးတစ္ေယာက္မူႏြဲ႕သလို ႏႈတ္ခမ္းေလးစူရင္း

“ညီမကစာနဲ႔အေတာ္ေဝးေနၿပီမို႔ ဘာမွလည္းထပ္ၿပီးမသင္ယူခ်င္ေတာ့ပါဘူး… ညီမတို႔ႏွစ္‌ေယာက္လက္ထပ္ၾကတဲ့အခါ ကိုႀကီးရဲ႕အိမ္ရွင္မေလးပဲလုပ္ေတာ့မယ္လို႔ေတြးထားတယ္…ခစ္ခစ္”

မိန္းကေလးကရွက္ရယ္ရယ္ရင္း သူမရဲ႕စကားကို အစ္ကိုႀကီးကဘယ္လို႔မ်ားတုံ႔ျပန္မွာပါလိမ့္လို႔ ေမွ်ာ္လင့္တႀကီးနဲ႔ေစာင့္ၾကည့္ေနေလသည္။

မိန္းကေလးရဲ႕စကားကိုၾကား‌ေတာ့ အစ္ကိုႀကီးသည္ ရယ္ျမဴးရိပ္သန္းေနရာက မ်က္ႏွာထားတည္သြားၿပီး

“အိမ္ေထာင္ေရးဆိုတာကို ကိုႀကီးရဲ႕အသက္အ႐ြယ္၊ ကိုႀကီးရဲ႕အေတြ႕အႀကဳံေတြအရ အယုံအၾကည္မရွိေတာ့တာၾကာပါၿပီေကာ မိန္းကေလးရယ္… မိန္းကေလးကိုယ္တိုင္လည္း ဆိုးဝါးတဲ့အိမ္ေထာင္ဖက္ေၾကာင့္စိတ္ဒါဏ္ရာေတြအမ်ားႀကီးရခဲ့ဖူးတာပဲမဟုတ္လား… ဒါေတြကိုသင္ခန္းစာယူၿပီး လက္က်န္ဘဝကို တစ္ကိုယ္တည္းပဲ ေအးေအးခ်မ္းခ်မ္းေလွ်ာက္လွမ္းသြားဖို႔ကိုပဲေတြးေတာ့တယ္… မိန္းကေလးလည္းဒီလိုပဲျဖစ္သင့္တယ္”

အစ္ကိုႀကီးရဲ႕စကားအဆုံးမွာ မိန္းကေလးမ်က္ႏွာအႀကီးအက်ယ္ပ်က္သြားရေလသည္။
ဒါဆို အစ္ကိုႀကီးက သူမကိုခ်စ္တယ္ဆိုတာ
ဘဝလက္တြဲေဖာ္အျဖစ္နဲ႔မဟုတ္ေခ်ဘူးေပါ့။

တစ္ဇြတ္ထိုးဆန္ၿပီး‌ေခါင္းမာတဲ့မိန္းကေလးသည္
မၾကာေသးခင္ကပဲ ႐ူး႐ူးမူးမူးနဲ႔ အစ္ကိုႀကီးရွိရာ
ကေနဒါႏိုင္ငံကိုသြားဖို႔ႀကိဳးစားေတာ့ မမႀကီးရဲ႕မိတ္‌ေဆြက‌ေနဒါႏိုင္ငံသားတစ္ဦးကစပြန္ဆာခံၿပီးေခၚယူေပးပါေသာ္လည္း ကံမေကာင္းစြာနဲ႔ပဲ ျပည္ဝင္ခြင့္ဗီဇာမရခဲ့ပါ။
ဒါေပမယ့္ သူမအားမေလွ်ာ့ပဲ အစ္ကိုႀကီးႏွင့္ခ်ိန္းၿပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာဆုံေတြ႕ၾကဖို႔ ေတာင္းဆိုခဲ့ေသးေသာ္လည္း အစ္ကိုႀကီးက အင္းမလုပ္အဲမလုပ္၊ အလုပ္အေၾကာင္းျပၿပီး ဟိုရက္ေ႐ႊ႕ဒီရက္ေ႐ႊ႕လုပ္ေနခဲ့တာေတြသည္ သူမကို အတည္တက်လက္ထပ္ယူဖို႔စိတ္ကူးအစ္ကိုႀကီးမွာမရွိခဲ့လို႔သာေပါ့။

“ဒါဆို… အစကတည္းက ကိုႀကီး… ကိုႀကီးက ညီမနဲ႔လက္တြဲၿပီး ဘဝတစ္ခုထူေထာင္ဖို႔ တစ္ခါမွစဥ္းစားမထားခဲ့ဖူးေပါ့…ဟုတ္လား”

“ကိုႀကီးေျပာၿပီးပါၿပီေကာမိန္းကေလးရယ္…
ကိုႀကီးကအိမ္ေထာင္ေရးဆိုတာႀကီးကိုစိတ္ကုန္စိတ္ပ်က္သြားၿပီမို႔ ေနာက္ထပ္အိမ္ေထာင္ျပဳဖို႔အစီအစဥ္လုံးဝကိုမရွိေတာ့ဘူး…
ညီမေလးနဲ႔ကိုႀကီးနဲ႔အခုလိုပဲလိုင္းေပၚကေနအၿမဲဆက္သြယ္ၿပီး ခ်စ္ခ်စ္ခင္ခင္နဲ႔တစ္ေယာက္ကိုတစ္‌ေယာက္အေဖာ္ျပဳၿပီးေနလို႔ရေနၾကတာပဲ….”

မိန္းကေလးရဲ႕မ်က္လုံးအစုံသည္ အံ့ဩရိပ္သန္းေနရာမွ ေမွ်ာ္လင့္ခ်က္‌ေတြ႐ိုက္ခ်ိဳးခံလိုက္ရလို႔
မယုံၾကည္မႈ၊ နာက်ည္းမႈ၊ ခံျပင္းမႈအရိပ္အေယာင္ေတြတစ္ဖ်တ္ဖ်တ္ေ႐ြ႕လ်ားသြားၿပီး ေနာက္ဆုံးမွာေတာ့ တစ္ျဖည္းျဖည္းေၾကာင္စီစီျဖစ္လာတာကို အစ္ကိုႀကီးကသတိထားမိသြားကာ အထိတ္တလန႔္သတိေပးေလသည္။

“မိန္းကေလး… မိန္းကေလးဘာျဖစ္သြားတာလဲ… သတိထားပါဦး…”

“နင္တို႔… နင္တို႔ေယာက်ာ္းေတြအားလုံး အယုတ္တမာေကာင္ေတြ…ငါဒီေလာက္ေတာင္ခ်စ္ခဲ့တာ… ငါဒီေလာက္ေတာင္ေမွ်ာ္လင့္အားကိုးခဲ့တဲ့ဟာကို…
ငါ့..ကို..နင္..တို႔..လုပ္..ရက္..ၾက..တယ္..”

မိန္းကေလးက ေခါင္းႀကီးေစာင္းၿပီး ျပဴးက်ယ္ ေသာမ်က္လုံးေတြနဲ႔ပါးစပ္ကတစ္တြတ္တြတ္႐ြတ္ရင္းကက်ယ္ေလာင္စြာေအာ္ဟစ္ေပါက္ကြဲေလေတာ့သည္။ ဖုန္းကိုသာမက သူမအနားကရွိသမွ်အရာဝတၳဳပစၥည္းေတြအားလုံးကိုေပါက္ခြဲလႊင့္ပစ္ေသာင္းက်န္းေနခဲ့ၿပီး အခ်ိန္အေတာ္အၾကာမွာေတာ့ ေမာပန္းသြားပုံရကာ ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္သာအေပၚေကာ့တက္႐ုံခပ္လြန႔္လြန႔္ၿပဳံးရင္း ၾကမ္းျပင္ေပၚအ႐ုပ္ႀကိဳးျပတ္လွဲခ်လိုက္ေလသည္။

တခဏအၾကာမွာ တစ္စုံတရာအသံၾကားလိုက္သလိုပုံစံမ်ိဳးျဖင့္ အိမ္ေရွ႕တံခါးမႀကီးကိုလွမ္းၾကည့္လိုက္ၿပီး မ်က္ႏွာကတစ္ျဖည္းျဖည္းၿပဳံးလာေလသည္။

“ဟင္… နင္ေရာက္လာၿပီလား…
နင္ေျပာတာမွန္တယ္သူငယ္ခ်င္း…
ငါေလအစကတည္းကနင္နဲ႔ပဲအတူေနခဲ့ရမွာဟ….. အခုအခ်ိန္ အဲဒီအေကာင္ေတြ ငါ့အနားမွာသာရွိရင္ေလ သူတို႔ကိုတစ္စစီျဖစ္သြားေအာင္အပိုင္းပိုင္းဆုတ္ၿဖဲပစ္မိမွာ…..
အခုလည္းနင္နဲ႔အတူေနဖို႔ငါ့ကိုလာေခၚျပန္တာပဲမဟုတ္လား….. ငါ့ကိုစိတ္မဆိုးနဲ႔ေတာ့ေနာ္… ေနာ္…
ဒီတစ္ခါေတာ့ နင္ေျပာတဲ့ေပ်ာ္စရာေကာင္းတဲ့ပင္လယ္ႀကီးဆီ ဒို႔ႏွစ္‌ေယာက္အတူသြားၾကမယ္ေလ…အဟီးဟီး… ဟင္ မဟုတ္ေသးပါဘူး…
ကိုႀကီး.. ကိုႀကီးအိမ္လာလည္ရင္ ငါ့ကိုမေတြ႕ပဲေနဦးမယ္… သြားလို႔မရေသးဘူးဟဲ့”

အျပင္းအထန္နာက်ည္းခံစားရမႈေတြေၾကာင့္အသိစိတ္လြတ္သြားၿပီး မ်က္လုံးေသႀကီးေတြနဲ႔အနားမွာတစ္စုံတစ္ေယာက္ရွိေလသေယာင္စိုက္ၾကည့္ေျပာဆိုကာငိုဟယ္ရယ္ဟယ္ျဖစ္ေနေသာမိန္းကေလးသည္ အစားလည္းမစား၊ ညေတြလည္းမအိပ္ေတာ့ပဲ ေနာက္ႏွစ္ရက္အၾကာမွာ ဘယ္သူမွ်မသိလိုက္ပါပဲအိမ္မွတိတ္တဆိတ္ထြက္ခြာသြားေလေတာ့သည္။

“ဇာတ္သိမ္းပိုင္းေမွ်ာ္”