ချစ်ခြင်း၏အစွန်းတစ်ဖက်၌

ချစ်ခြင်း၏အစွန်းတစ်ဖက်၌(စ/ဆုံး)

————————————

လောက၌ လူရယ်လို့ဖြစ်လာလျှင် လူသားတိုင်းအချစ်နဲ့မကင်းနိုင်ကြချေ။ အချစ်တွင် နူးညံ့ခြင်း ရင်ခုန်လှိုက်မောခြင်း ပျော်ရွှင်ကြည်နူးခြင်းများ ပေါင်းစပ်ပါဝင်နေသော်လည်း ထိုချစ်ခြင်းများ တစ်ဖက်စွန်းသို့ရောက်ရှိသွားလေသောအခါမှာတော့……

ဂျိန်းး ဂျလိန်းးးး ဝေါ ဝေါ
အချိန်ကားညဆယ့်တစ်နာရီခန့်။ မိုးရောလေပါ သည်းထန်စွာကျနေသဖြင့် ပတ်ဝန်းကျင်တွင် လူသွားလူလာမရှိအောင်ပင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ထိုအချိန်တွင် မြို့စွန်ရှိ ‘ အေးရိပ်သာ ‘ စံအိမ်အတွင်းမှာတော့ လူတစ်ဦးမှာ ဖွင့်ထားသော ပြတင်းပေါက်နံဘေးတွင် ရပ်လျက် မိုးသည်းထန်စွာရွာနေသဖြင့် သဲကွဲစွာပင်မမြင်ရသော ခြံထဲရှိ ပတ်ဝန်းကျင် အမှောင်ထုထဲသို့ငေးကြည့်နေလေသည်။ ထိုလူ၏ ဆံပင်တို့မှာ မဖြီးမသင်သဖြင့် ရှုပ်ပွလျက် မျက်ဝန်းတို့မှာလည်း လူကောင်းတစ်ယောက်ကဲ့သို့ ပုံမှန်မဟုတ်ဘဲ ကြောင်စီစီနှင့်ပင်။

ထိုသူမှာ ပြတင်းပေါက်မှနေ၍ ခြံဝင်းထဲရှိ အမှောင်ထုအတွင်းသို့ စိုက်ကြည့်နေရာမှ ရုတ်တရက် ချက်ခြင်းဆိုသလိုပင် သူ၏အကြည့်တို့ကို ပြတင်းဝမှဖယ်ခွာကာ သူရပ်နေရာနေရာ၏ အပေါ်တည့်တည့် မျက်နှာကြက်ဆီသို့ မျက်ဝန်းအကြည့်တို့ကို ပြောင်းရွေ့လိုက်လေသည်။ ကြည့်နေရင်းမှာပင် သူ့နှုတ်ခမ်းတို့က တဖြည်းဖြည်းပြုံးယောင်သန်းလာပြီးနောက် မျက်နှာကြက်ဆီသို့ လက်ညှိုးထိုးကာ အားပါးတရ ရယ်မောလိုက်လေတော့သည်။

” ဟားး ဟား ဟားး နွယ် နွယ် ကိုယ်ရဲ့နွယ်လေး လာလေ လာပါနွယ်ရဲ့ မင်းခုလိုလုပ်ပြနေလို့ရော ကိုယ်က ကြောက်မယ်ထင်လားနွယ် ဟားးဟားးးဟားး လာလေ လာပါ နွယ်ရဲ့ ဟားးဟားး ဟားး ”

ထိုသူမှာ မည်သူဖြစ်သနည်း။ သူအဘယ်ကြောင့် ခုလိုဖြစ်နေသနည်း။ ထိုသူပြောသည့် နွယ်ဆိုသည်မှာရော မည်သူများဖြစ်သနည်း။ အကြောင်းရင်းကို ဆိုရပါလျှင်မူ………
××× ××× ××× ××× ××× ×××

သူ့နာမည်က မင်းညို။ လူပုံက အသားညိုညို ဒေါင်ကောင်းကောင်းနှင့် ယောကျာ်းပီသသည့် ဥပတိရုပ်ရှိသူတစ်ဦး။ စီးပွားရေးတွင်လည်း တောင်ကြီးဘက်မှာ ကိုယ်ပိုင်ခြံလုပ်ငန်းတစ်ချို့ ပိုင်ဆိုင်ထားသည့်အတွက် ပူစရာမလို။ သို့ပေမယ့် မင်းညိုမှာလိုအပ်နေတာက ချစ်ခြင်းမေတ္တာ။ သူသိတတ်စကတည်းက အဖေနဲ့အမေကအဆင်မပြေ အမြဲလိုလိုရန်ဖြစ်နေတတ်လေ့ရှိသည်။ အဖေနဲ့အမေ စကားများရန်ဖြစ်သည့်အခါတိုင်း ထိတ်လန့်ကြောက်ရွံ့နေသောမျက်ဝန်းများဖြင့် ချောင်တစ်ချောင်ထဲတွင် တိတ်တိတ်လေး မျက်ရည်ကျနေတတ်သော မင်းညိုဆိုသည့်ကောင်လေးတစ်ယောက်၏ ရင်တွင်းမှ ခံစားချက်များကိုတော့ ဘယ်သူမှ မသိခဲ့ပါချေ။

တစ်ရက် အဖေနဲ့အမေ မင်္ဂလာဆောင်တစ်ခုသို့ အသွား ကားပေါ်မှာပင် ကတောက်ကဆဖြစ်ရင်း စကားများကြသည်။ ဖခင်ဖြစ်သူမှာ ဒေါသအရှိန်နှင့် ကားကိုအရှိန်မြှင့်ကာမောင်းရင်း ရှေ့မှကားကိုကျော်အတက် တစ်ဖက်လမ်းကျောမှလာသည့် ကားကြီးတစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်မိကာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြသည်။ မိဘနှစ်ပါးကားအက်စီးဒင့်ဖြင့် ဆုံးပါးသွားတာကြောင့် လူယုံတစ်ယောက်ဖြစ်သည့် ဦးစိုင်းလုံလက်ပေါ်တွင်သာ မင်းည်ိုတစ်ယောက် ကြီးပြင်းလာခဲ့ရသည်။

သူငယ်စဉ်ဘဝထဲက အမြဲလိုလိုရန်ဖြစ်နေတတ်သော မိဘများအဖြစ်ကို မြင်တွေ့ခဲ့ရသော မင်းညိုတစ်ယောက်ကတော့ မိန်းမတွေကိုရှောင်ကာ တစ်ယောက်ထဲသာ ဘဝကိုဖြတ်သန်းခဲ့သည်။ ထိုသို့ နေလာခဲ့သော မင်းညိုတစ်ယောက် ဆံပင်ရှည်ရှည်နှင့် ရယ်လိုက်လျှင် ပါးချိုင့်လေးခွက်ဝင်သွားတတ်သော အပြုံးချိုချိုနှင့် နွယ်ဆိုသော ကောင်မလေးကို ဆုံတွေ့လိုက်ရတော့ သူ့ရင်ဘတ်ထဲက ရင်ခုန်သံတွေမြန်လာရသည်။ထို့နောက်တွင်တော့ နွယ်ကအချစ်ဆိုသောအရာကို သယ်ဆောင်ပြီး သူ့ဘဝထဲသို့ဝင်လာခဲ့လေတော့သည်။

နွယ်နဲ့ချစ်ခွင့်ရတဲ့အတွက် သူအရမ်းကံကောင်းသည်လေ။ နွယ်က အရမ်းကိုချစ်တတ်ပြီး သူ့အပေါ်လည်းနားလည်မှုအပြည့်ရှိတာကြောင့် သူစိတ်ချမ်းသာရသည်။ ပြီးတော့ နွယ်နဲ့သူက တော်တော်များများအကြိုက်ချင်းတူသလို ခံယူချက်ခြင်းလည်းထပ်တူကျသည်။ တစ်ခါတလေများဆို စကားတစ်ခွန်းကို ပြိုင်တူပြောမိကြသည်အထိ သူနှင့်နွယ်တို့ နှစ်ကိုယ့်တစ်စိတ်နီးပါး ထပ်တူကျခဲ့ကြသည်လေ။ သူ့အပေါ်မှာ နားလည်မှုအပြည့်ရှိပြီး သူစိတ်ချမ်းသာဖို့ကိုအမြဲ ဦးစားပေးတတ်သည့် ချစ်သူလေးကို သူချစ်လို့မဝနိုင်။

မင်းညိုတစ်ယောက် မချစ်ဖူးတဲ့ အချစ်ဦးမို့ ရူးချေပြီ။ ချစ်သူအပေါ်အရမ်းချစ်လွန်းတော့ အရမ်းသဝန်တိုမိသည်။ သူသဝန်တိုလွန်းလို့လည်း နွယ်နဲ့မကြာခဏ ပြဿနာတက်ရသည်။ သူနွယ့်ကို အဆုံးရှုံးမခံနိုင်သလို ဘယ်သူနဲ့မှလည်း စိတ်မချနိုင်ပေ။ အရမ်းချောပြီး ချစ်စရာကောင်းလွန်းကာ လူတကာအပေါ်အားနာတတ်လွန်းသည့် ချစ်သူလေးကြောင့် သူ့မှာ အမြဲလိုလိုပင် စိတ်မချခြင်းများစွာဖြင့်ပူပန်နေရလေသည်။
နွယ်နဲ့မတွေ့ရသည့်နေ့မျိုးမှာဆိုလျှင် အတွေးများစွာဖြင့် ပူလောင်ကာ သူအိပ်မရတော့။

”နွယ် ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ရဘူးနော် ။ ကိုယ့်ချစ်သူလေးကို စိတ်ကိုမချဘူးကွာ ။ ကိုယ့်ချစ်သူလေးက အရမ်းချစ်စရာကောင်းပြီး အားနာတတ်တော့ ကိုယ့်မှာအမြဲပူပန်နေရတာ ”

”ကိုကိုရယ် စိတ်ချပါနော် ။ နွယ့်ဘဝမှာလေ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ပါဘူး။ ကိုကိုတစ်ယောက်ထဲကိုပဲ သေတဲ့ထိချစ်သွားမှာပါနော် ကိုကို ”

” အင်းပါ နွယ်ရယ် ကိုယ့်ချစ်သူလေးကို ကိုယ်ယုံပြီးသားပါ။ တခြားတစ်ယောက်ယောက်က နွယ့်ကို ရည်းစားစကား လာပြောတာတွေ ရိသဲ့သဲ့တွေ ဘာတွေလုပ်လာရင် ကိုယ့်ကိုပြန်ပြောပြရမယ်နော် နွယ်”

” ဟုတ်ကဲ့ပါ ကိုကိုရဲ့ ။ နွယ် ကိုကိုမကြိုက်တာ ဘယ်တုန်းက လုပ်ဖူးလို့လဲ ။နောက်ပြီး နွယ်က ကိုကို့တစ်ယောက်ထဲကိုပဲချစ်တာပါဆိုမှ။ ဘယ်သူကဘာပဲလာပြောပြော ကိုကို့ကို နွယ် အားလုံးပြန်ပြောပြမယ်လေ နော်ကိုကို ”

”ဟုတ်ပါပြီဗျာ ။ အဲ့ဒါလေးတွေကြောင့်လည်း ကိုယ့်ချစ်သူလေးကို ကိုယ့်မှာပိုပိုပြီးချစ်နေရတာပေါ့ ။လာခဲ့ လိမ်မာလွန်းတဲ့ ချစ်သူလေးကို ဆုချရမယ် ”

” ခ် ခ် ကိုကို လူလည်ကြီးပါကွာ ”
”ဟားး ဟားးး ”

တစ်ခါတစ်လေမှာ သူရဲ့သဝန်တိုတတ်လွန်းတဲ့ အကျင့်ကြောင့် နွယ်နဲ့သူ ကတောက်ကဆဖြစ်ရတာကလွဲလျှင် သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက အရမ်းကို ပျော်စရာကောင်းပြီး သာယာခဲ့သည်။ သူသဝန်တွေတိုပြီး စကားလုံးတွေရင့်သီးသွားမိသည့် အခါတိုင်း နွယ်ငိုရသည်။ သို့ပေမယ့် မျက်ရည်စက်လက်နဲ့ကြားကပင် သူ့စိတ်ထဲက အစိုင်အခဲကို နွယ်က ခြေဖျက်ပေးတတ်သည်။

တစ်ခါတစ်လေမှာတော့ သူတို့နှစ်ယောက်လုံး စိတ်ဆိုးကာ စကားမပြောဖြစ်ကြ။ သို့ပေမယ့် မိနစ်နှစ်ဆယ်ကြာအောင်ပင် စိတ်မဆိုးနိုင်ကြဘဲ ရန်ဖြစ်ရင်း ငိုရင်းကြားမှာပင် ပြန်အဆင်ပြေသွားတတ်ကြလေ့ရှိသည်။ နွယ်သူ့ကိုအရမ်းချစ်တာ သူသိတာပေါ့။ သူလည်းနွယ့်ကို ချစ်လွန်းလို့ အခုလိုသဝန်တွေတိုနေရတာပဲဟာ။

နွယ်က သူစိတ်ထဲမှာ တစ်ခုခု မကျေမလည်ဖြစ်နေတာမျိုး မတင်မကျဖြစ်နေတာမျိုးဆိုရင် သူကျေနပ်လောက်သည်အထိ ချက်ခြင်း ဖြေရှင်းပေးတတ်တာကြောင့်လည်း နွယ်အပေါ်သူတစ်နေ့တခြား ပိုပိုချစ်လာရသည်။ ထိုသို့သာယာနေသော သူနဲ့နွယ်ရဲ့ ဘဝလေးထဲကို မုန်တိုင်းထန် ဆိုသည့် နာမည်တစ်ခု ဝင်ရောက်လာပြီးသည့် နောက်မှာတော့ သူနဲ့နွယ်တို့ရဲ့ကြားမှာ တကယ်ပဲ မုန်တိုင်းတွေ ထန်လာခဲ့ရလေတော့သည်။

”မုန်တိုင်းထန် ”တဲ့
နာမည်ခပ်ဆန်းဆန်းနဲ့ ကောင်လေးတစ်ယောက်။ နွယ်ကတော့ မုန်တိုင်းထန်အကြောင်း သူ့ကိုအကုန်ပြောပြထားရှာပါသည်။ နွယ်ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့အကြောင်းနဲ့ အရင်က နွယ့်ကို proposeလုပ်ဘူးပေမယ့် နွယ်ကသူငယ်ချင်းထက် မပိုနိုင်တဲ့အကြောင်းပြောပြီး ငြင်းလိုက်တဲ့နောက်မှာတော့ မုန်တိုင်းထန်နဲ့နွယ်တို့ သူငယ်ချင်းအနေနဲ့ပဲ ဆက်ပြီး ခင်နေကြတယ်ဆိုတဲ့အကြောင်းတွေကို နွယ်ပြောပြထားသဖြင့် သူသိခဲ့ရသည်။

ဒါပေမယ့် သူ့ရဲ့အကျင့်အတိုင်း နွယ့်ကိုသူစိတ်မချ။ မုန်တိုင်းထန်က နွယ့်ကို ရည်းစားစကားပြောထားဖူးတယ်ဆိုတော့ ပိုဆိုးတာပေါ့။ သူနဲ့မတွေ့ရတဲ့အချိန်တွေမှာ နွယ် ဘာတွေလုပ်နေမလဲ။ မုန်တိုင်းထန်က နောက်တစ်ခါနွယ့် မေတ္တာကို တောင်းခံလာရင်ရော နွယ် ငြင်းမှငြင်းပါ့မလား။ အားနာပြီးလက်ခံလိုက်ရင် ဒုက္ခ။ မုန်တိုင်းထန်က သူ့ထက်အရင် နွယ်နဲ့ခင်မင်ခဲ့ကြတာဆိုတော့ သူနဲ့ယှဉ်ရင် နွယ် မုန်တိုင်းထန်အပေါ်မှာများ သံယောဇဉ်တွေပိုနေလေမလား။ အမျိုးမျိုးတွေးမိတော့ သူရင်တွေပူကာ နေမရတော့။

အတွေးများစွာဖြင့် စိတ်တွေရှုပ်ကာ ထုံးစံအတိုင်းနွယ့်ကို မုန်တိုင်းထန်နဲ့ အမျိုးမျိုးစွပ်စွဲမိတော့ သူ့သိက္ခာကို စော်ကားသည်ဟုဆိုကာနွယ်ငိုသည်။ နွယ်ငိုတာ မြင်ရတော့လည်းသူ့ရင်ထဲမှာမကောင်းပြန်။ ငိုနေသည့်နွယ့်ကို ပြန်ချော့ရင်း ခွင့်လွှတ်ဖို့ တောင်းပန်ရပြန်သည်။ ဟ်ိုတစ်နေ့ကလည်း သူ့မိတ်ဆွေတချို့က နွယ်နဲ့ အတူ ကောင်လေးတစ်ယောက်ကို တွဲတွေ့လိုက်သည်လို့ ပြောလာတာကြောင့် သူရင်တွေပူကာ တစ်နေ့လုံးနေလို့မရ ။

နွယ့်ဆီဖုန်းဆက်ကာမေးကြည့်မိတော့ အလုပ်ကိစ္စဖြင့်မြို့ထဲသွားရင်း လမ်းမှာ မုန်တိုင်းထန်နဲ့တွေ့တာကြောင့် အအေးဆိုင်ခဏ ထိုင်ဖြစ်တဲ့အကြောင်း ပြောပြပေမယ့် သူပေါက်ကွဲမိသည်။ သူနွယ့်ကို ဘယ်သူနဲ့မှ စိတ်မချနိုင်ပါချေ။ ဖြစ်နိုင်ရင် အာခံတွင်းထဲမှာသာထည့်ပြီး ငုံထားလိုက်ချင်ပါတော့တယ်နွယ်ရယ်။

ဒီရက်ပိုင်းမှာလည်း မုန်တိုင်းထန်ကိစ္စနဲ့ပက်သက်ပြီး နွယ်နဲ့သူ ခဏခဏ စကားများနေရတာကြောင့် သူ့စိတ်တွေလုံးဝ ရှုပ်ထွေးနေသည်။ ဘယ်သူနဲ့မှလည်းစကားပြောချင်စိတ်မရှိ။ နွယ်ကလည်း စကားများရန်ဖြစ်တိုင်း သူ့သိက္ခာတရားကိုစော်ကားသည်ဟု ဆိုပြီး စိတ်ဆိုးကာ သူ့ကိုအတွေ့မခံဘဲနေတာကြောင့် သူပိုပြီးပေါက်ကွဲရသည်။ ဒီနေ့တော့ ချစ်ရသူလေးကို သူပြန်တောင်းပန်ပြီး ရအောင်ပြန်ချော့ရမည်။ နွယ်သူ့ကို ခုလိုစိမ်းကားနေတာမျိုး သူမခံစားနိုင်တော့။ နွယ် စိတ်ပြေဖို့ဆို နွယ်ရှေ့မှာ ဒူးထောက်ဖို့အတွက်လည်း သူဝန်မလေးချေ။ ‘ကိုယ်လာပြီ နွယ်ရေ ‘

နွယ့်အဆောင်ရှေ့ရောက်တော့ သူကားရပ်ကာ နွယ့်အတွက်ဝယ်လာခဲ့သည့် ပန်းစည်းလေးကို ကိုင်ရင်း အဆောင်ထဲသို့ ဝင်လာခဲ့သည်။ အဆောင်ခြံဝန်းထဲသို့အရောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ရင်တွေဗလောင်ဆူကာ ဒေါသလည်းဒေါင်းခနဲထွက်သွားရသည်။ သူမြင်လိုက်ရသည်ကား အဆောင်ခြံဝန်းထဲရှိ ပန်းရုံအောက်မှ ခုံတန်းပေါ်တွင်ထိုင်ကာ တသိမ့်သိမ့်ရှိုက်ငိုနေသောနွယ်နဲ့ နွယ့်နံဘေးတွင်ထိုင်ရင်း နွယ့်ပခုံးကို ဖွဖွပုတ်ကာ နှစ်သိမ့်ပေးနေသည့် မုန်တိုင်းထန်။

အစကထဲက အရမ်းသဝန်တိုတတ်သည့် သူ့အဖို့တော့ မြင်ကွင်းကမလှပချေ။ တလိပ်လိပ်တက်လာသော ဒေါသတို့ကို မြိုချရင်း နာကျည်းမုန်းတီးသောမျက်ဝန်းများဖြင့် နွယ်တို့နှစ်ယောက်ကိုစိုက်ကြည့်ကာ အံကိုတင်းတင်းကြိတ်လျက် သူလှည့်ထွက်လာခဲ့သည်။

အဲ့နေ့ညက သူလုံးဝအိပ်မရ။ဗလောင်ဆူနေသောစိတ်တို့ဖြင့် ထိုင်ရမလို ထရမလိုနဲ့ လူကဂဏာမငြိမ်။ ” နွယ် နွယ် သူနွယ့်ကို ဆုံးရှုံးရတော့မှာလား နွယ့်စိတ်တွေကရော မုန်တိုင်းထန်ဘက်ကို တိမ်းညွှတ်သွားခဲ့ပြီလား ဟင့်အင်း ဟင့်အင်း အဲ့လိုဖြစ်လို့မရဘူး။ သူ သူ နွယ့်ကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး။ သူဘာလုပ်ရမလဲ စဉ်းစားစမ်း စဉ်းစားစမ်း။ ဟုတ်ပြီ နွယ့်ကို သူ့ဘေးမှာပဲ အမြဲခေါ်ထားရမယ်။ သူ့မျက်စိအောက်ကနေ နွယ့်ကိုဘယ်မှသွားခွင့်မပြုနိုင်ဘူး။ ဘယ်သူမှ မသိအောင် သူနွယ့်ကို တိတ်တိတ်လေးဖွက်ထားရမယ်။ အဲ့ဒါဆို နွယ့်ကို ဘယ်သူမှလာပက်သက်လို့ မရတော့ဘူး ဟုတ်တယ် ဟုတ်တယ် အဲ့အကြံကောင်းတယ် ဟားးဟားးဟားး ”
တောင်စဉ်ရေမရ အတွေးတို့ဖြင့် အတွေးနယ်ချဲ့ကာ ဆုံးဖြတ်ချက်တစ်ခုကို ချအပြီးမှာတော့ သူ့အတွေးသူ သဘောကျစွာဖြင့် မင်းညိုတစ်ယောက် ဟားတိုက်ရယ်မောလိုက်လေသည်။

နောက်နေ့မနက်မှာတော့ သူကိုယ့်သူ စမတ်အကျဆုံးပြင်ဆင်ကာ ပန်းစည်းတစ်စည်းထပ်ဝယ်ပြီး နွယ့်ဆီသွားကာ ပြန်ချော့ခဲ့သည်။ အစကတည်းက သူ့အပေါ်အမြဲနားလည်ခွင့်လွှတ်ပေးတတ်သည့် ချစ်သူလေးကတော့ ဘာလို့စောစောကတည်းက ပြန်မချော့ရတာလည်းကိုကိုရယ် ဟုဆိုကာ အပြုံးတစ်ပွင့်နဲ့ သူ့ရင်ခွင်ထဲ ခိုဝင်လာတော့ ချစ်ရသူလေးကို အလိုက်သင့်ပြန်ဖက်ရင်း ချစ်သူအပေါ်မြတ်နိုးချင်း ပိုင်ဆိုင်လိုချင်းများက အတိုင်းအဆမရှိ မြင့်တက်လာရပေသည်။

”နွယ် ကိုကိုတို့ ဒီလောက်အကြာကြီး ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ကြဘူးနော် နွယ် ကိုယ့်ကို ပစ်ထားရက်တယ်နော် ”

” အမယ် ကိုကိုကသာ နွယ့်ကို ပစ်ထားတာပါနော် တကယ်ဆို နွယ်ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ကိုကိုပြန်ချော့ရင် ဘယ်တုန်းက တင်းခံနေဘူးလို့လဲ။ ချက်ခြင်းပြန်ပြေတာပဲဟာ။ ခုဟာက ကိုကိုက ပစ်ထားတော့ နွယ်က ပိုပြီးစိတ်မကောင်းဖြစ်ရတာပေါ့။ အဲ့ဒါကြောင့် နွယ် ကိုကို့ကို မခေါ်မိတာပါကိုကိုရယ်”

” အင်းပါ နွယ်ရယ် ကိုယ်တောင်းပန်ပါတယ် နော်။ နောက်တစ်ခါဘယ်တော့မှ အဲ့လိုမဖြစ်စေရတော့ဘူးနော် ခုလည်း နွယ်နဲ့ကိုယ် ပြန်ပြီးအဆင်ပြေသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ညစာစားပွဲလေးတစ်ခု ကိုယ်စီစဉ်ထားတယ်။ နွယ်နဲ့ကိုယ်နဲ့ နှစ်ယောက်ထဲ ဖယောင်းတိုင်မီးလေးတွေထွန်းထားတဲ့ အခန်းလေးထဲမှာ သီချင်းသံငြိမ့်ငြိမ့်လေးကို နားထောင်ရင်း ညစာအတူစားကြမယ်လေ။

ပြီးရင် ဝရံတာမှာထိုင်ရင်း ကိုယ်တို့ကြယ်တွေအတူကြည့်ကြမယ်။နွယ်က ကိုယ့်ပခုံးလေးမှာမှီနေလေနော် နွယ် ”

” ဝါးး တို့ကိုကိုက ခုလိုကျတော့လည်း အရမ်းကို ရိုမန့်တစ်ဆန်နေပါလား ကိုကိုအပြောနဲ့တင် နွယ်တော့ကြည်နူးနေမိပြီ ကိုကိုရဲ့ သိလား ”

”အင်းပေါ့ နွယ်ရယ် နွယ့်အတွက် ကိုယ်သီးသန့်စီစဉ်ထားတာပဲဟာ အဲ့ဒါဆို မနက်ဖြန်ညကျရင် ကိုကိုဝယ်ထားတဲ့ မြို့စွန်ဘက်က ခြံကို နွယ်သိတယ်မလား။ အဲ့ဒီကနေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရင်း ကိုကိုစောင့်နေမယ်။ ညနေ 6:00လောက် နွယ်လာခဲ့နော်”

” ဟုတ်ကဲ့ ကိုကို နွယ်လာခဲ့ပါ့မယ် စိတ်ချနော် ”

” နွယ်က လိမ်မာလိုက်တာ အဲ့ဒါကြောင့်လည်း အဆုံးရှုံးမခံနိုင်လောက်အောင်ကို ကိုယ်ချစ်နေရတာပေါ့ ”

” ဟုတ်ပါပြီရှင် အမြဲချစ်ပါနော် ခ်ခ် ”

ထိုနေ့က နွယ်နဲ့ချိန်းထားတာကြောင့် သူစီစဉ်စရာရှိတာတွေ စီစဉ်ရင်း နွယ့်ကိုစောင့်နေလိုက်သည်။ ညနေ ခြောက်နာရီထိုးဖို့ ဆယ်မိနစ်ခန့်အလိုမှာတော့ နွယ်ရောက်လာခဲ့သည်။ ထိုနေ့က သူအရမ်းနှစ်သက်သည့် T-shirt အဖြူလေးနဲ့ ဂျင်းပန်တစ်ထည်ကို ဝတ်ဆင်ထားသည့် နွယ့်ကိုတစိမ့်စိမ့်ကြည့်ရင်း မြတ်နိုးစိတ်တို့က ပိုပိုတိုးလာရသည်။

နွယ်နဲ့အတူ ဖယောင်းတိုင်မီးအလင်းရောင်အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ညစာအတူစားကြသည်။ထို့နောက် ဝရံတာလေးမှာထွက်ထိုင်ရင်း နွယ်က သူ့ပခုံးလေးထက်မှီ သူက နွယ့်ပခုံးလေးကို ဖွဖွဖက်ရင်း နွယ့်ဆံပင်လေးတွေကို သပ်တင်ပေးကာ စကားတွေအများကြီးပြောဖြစ်ကြသည်။

” နွယ် ကိုကို နွယ့်ကို အရမ်းချစ်တာ နွယ် သိတယ်မလားဟင် ”

” သိတာပေါ့ကိုကိုရယ် ကိုကိုနွယ့်ကို သိပ်ချစ်တာ နွယ်မသိဘဲနေပါ့မလား ”

” ဟုတ်တယ် နွယ် ကိုယ်နွယ့်ကို သိပ်ချစ်တာ အဲ့ဒါကြောင့်လည်း နွယ့်ကို ကိုယ်အရမ်းသဝန်တိုပြီး ဘယ်သူနဲ့မှ စိတ်မချနိုင်ဖြစ်နေရတာပေါ့ ”

” ကိုကိုရယ် နွယ့်ကိုယုံပါ နွယ်ကိုကို့တစ်ယောက်ထဲကိုပဲချစ်တာပါ ကိုကိုကလွဲပြီး နွယ်ဘယ်သူ့မှ မချစ်ဘူးနော် ”

”ကိုယ်သိတယ် နွယ်ကိုယ့်ကိုချစ်တာ ကိုယ်မသိဘဲနေပါ့မလား။ ဒါပေမယ့် ကိုယ်တခြားသူတွေကိုမယုံဘူးနွယ်။ သူတို့ သူတို့ ကိုယ့်ဆီကနေ နွယ့်ကို လုယူသွားကြမှာ ကိုယ်သိပ်ကြောက်တယ်။ ကိုယ်နွယ့်ကို အဆုံးရှုံးမခံနိုင်ဘူး။ ဘယ်သူ့မှလည်း မပေးနိုင်ဘူး။ ကိုယ်ပဲနွယ့်ကို ပိုင်ဆိုင်စေရမယ်။ ‘နွယ်’ နွယ်ကိုယ်ကလွဲပြီး ဘယ်သူ့မှ မချစ်ရဘူးနော် ကြားလား နွယ် ကိုယ်ပြောတာကြားလား ဖြေလေ ဖြေစမ်းနွယ် ”

သူနွယ့်ပခုံးကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ရင်း စကားတွေ တရစပ်ပြောမိတော့ အံ့သြထိတ်လန့်သောမျက်ဝန်းများဖြင့် သူ့မျက်နှာကို နွယ်မော့ကြည့်လာရင်း

” ကိုကို ကိုကို ဘာဖြစ်နေတာလဲဟင် နွယ် နွယ်ကြောက်လာပြီနော် နွယ့်ကိုအဲ့လိုမလုပ်ပါနဲ့ လွှတ်ပါ ”

”ဟင့်အင်း ဟင့်အင်း မင်းကိုလွှတ်ပေးလိုက်ရင် မင်းငါ့ဆီကနေထွက်သွားမှာ ငါသိတယ်။ ဟားးဟားး မင်းကိုငါ ဘယ်မှ သွားခွင့်မပေးနိုင်ဘူး နွယ်။ မင်း ငါ့အရိပ်အောက်မှာပဲရှိနေစေရမယ်။ မင်းငါ့ဘေးမှာပဲရှိနေစေရမယ် ဟားး ဟားး ဟားး ”

” ကိုက်ို ကိုကို ဘာဖြစ်နေတာလဲ ဘာတွေပြောနေတာလဲ နွယ်တကယ်ကြောက်လာပြီနော် တော်ပြီ နွယ်ပြန်တော့မယ် ”

”မသွားနဲ့ မင်းကိုသွားခွင့်မပြုနိုင်ဘူး ”
သူအော်ဟစ်ရင်း နွယ့်ကိုအတင်းဆွဲဖက်ထားတော့ နွယ်ရုန်းလေသည်။

” ဟင့်အင်း လွှတ် လွှတ် နွယ့်ကိုလွှတ် ရှင် ရှင် ပုံမှန်မဟုတ်တော့ဘူး ရှင် ရူးနေပြီလား ကိုကို ဟင် ရှင် ရူးနေပြီလား ”

” ဟုတ်တယ် ငါရူးနေပြီ မင်းကိုချစ်လွန်းလို့ အဲ့စိတ်နဲ့ငါရူးသွားပြီနွယ်ရဲ့ မင်းငါ့နားမှာပဲနေရမယ် ဟားး ဟားးဟားး ”

”ဟင့်အင်း မနေဘူး မနေဘူး နွယ့်ကိုလွှတ် လွှတ်လို့ပြောနေတယ်နော် ”

”ဟာ ဒီလောက်တောင်ဖြစ်လှတာ သွားချင်ဦးကွာ ကဲ ငါ့နားကထွက်သွားချင်ဦးကွာ ကဲ ”

”စွပ် ” ”စွပ် ” ”စွပ် ”
”အ အ ” ”ကို ကိုကို ”

သူ့ရင်ခွင်ထဲကနေ အတင်းရုန်းကန်နေသော နွယ့်ကိုဇွတ်ဆွဲဖက်ထားရင်းနဲ့ပင် အသင့်ဖွက်ထားသောဓားမြောင်ဖြင့် နွယ့်ကျောပြင်ထက်သို့ သူစိတ်လွတ်ကိုယ်လွတ်ထိုးစိုက်ချလိုက်လေတော့သည်။ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် သူ့ကိုအံ့သြထိတ်လန့်စွာ မော့ကြည့်ရင်း နွယ်ခန္ဓာကိုယ်လေးက သူ့လက်ထဲမှာပင် ပျော့ခွေကာလဲကျသွားလေတော့သည်။အသက်ပျောက်သွားသော နွယ့်ကိုယ်လုံးလေးကို သူတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း နွယ့်ကိုစကားတွေပြောနေမိပြန်သည်။

”ကိုယ့်ကိုနားလည်ပေးပါနွယ်။ ကိုယ်မင်းကို အရမ်းချစ်တယ်။ ဘယ်သူ့ကိုမှ မပေးနိုင်သလို ဘယ်လိုမှလည်း အဆုံးရှုံးမခံနိုင်ဘူး။ခုဆို မင်းကိုယ့်ဘေးမှာပဲ အမြဲရှိနေရတော့မယ်။ မင်းကို ကိုယ့်ဆီကနေ ဘယ်သူမှလုယူသွားလို့မရတော့ဘူး နွယ်ရဲ့ ဟားးဟားး ဟားး ”

အရူးတစ်ယောက်လို တဟား ဟား ရယ်မောရင်း သူ့ရင်ခွင်ထဲမှာအသက်ပျောက်နေပြီ ဖြစ်သည့် နွယ့်ကိုယ်လုံးလေးကို သူတယုတယပွေ့ချီကာ အခန်းထဲခေါ်လာပြီး ခုတင်ပေါ်သို့ ညင်ညင်သာသာလေးချပေးလိုက်သည်။
ကိုယ့်နံဘေးမှာပဲ တစ်သက်လုံးအိပ်စက်အနားယူပါတော့နွယ် ……။

”ဖောက် ” ”ဖောက် ”
မင်းညိုတစ်ယောက် မျက်နှာပေါ်သို့ တဖောက်ဖောက်နှင့်ကျလာသော စိုထန်းထန်းအရည်တစ်ချို့ကြောင့် အိပ်ပျော်နေရာမှနိုးလာရသည်။

” ဟင် ဘာတွေပါလိမ့် ”

နံဘေးရှိ စာကြည့်မီးအိမ်ကိုဖွင့်ရင်း သူ့မျက်နှာပေါ်ကျလာသည့်အရာများကို ကြည့်လိုက်မိတော့ နီညိုရောင် စေးထန်းထန်းသွေးစက်များ။ သူအံ့သြတကြီးဖြစ်စွာဖြင့် သူအိပ်ရာအပေါ်တည့်တည့် မျက်နှာကြက်ဆီသို့မော့ကြည့်မိတော့ ပင့်ကူတစ်ကောင်ပမာ မျက်နှာကြက်ကို တွယ်ကပ်နေသောနွယ်က သူ့ကိုမျက်လုံးစိမ်းစိမ်းများဖြင့် စိုက်ကြည့်ကာနေသည်ကို တွေ့လိုက်ရလေသည်။
ရှည်လျားသောဆံပင်များက ဖားလျားကျကာ မျက်နှာပေါ်သို့အုပ်မိုးလျက်။သူကြောင်စီစီမျက်ဝန်းများဖြင့် နွယ်ရှိရာသို့စိုက်ကြည့်ရင်း သူ့မျက်နှာတဖြည်းဖြည်း ပြုံးလာကာ

” နွယ် ကိုယ်အိပ်ချင်နေပြီကွာ ငြိမ်ငြိမ်လေးနေနော် ဟုတ်ပြီလား ”

မျက်နှာကြက်တွင်တွယ်ကပ်နေသော နွယ့်ဝိညာဉ်ကို ကြည့်ကာ သူလှမ်းပြောလိုက်ရင်း သူ့နံဘေးရှိ အသက်ကင်းမဲ့နေသော နွယ့်ကိုယ်လုံးလေးကို တယုတယဖက်ကာ သူပြန်အိပ်လိုက်သည်။ ”အို
နွယ့်ကိုယ်လုံးတွေအေးစက်နေပါလား။ ချမ်းနေပြီလားနွယ် ကိုယ်ဖက်ထားပေးမယ်နော်” ။ သူပြန်ပြီး အိပ်ပျော်လုဆဲဆဲမှာပဲ…

‘ဝုန်းး ဘုတ် ‘
‘အ ‘

သူ့ခြေထောက်ကို လက်တစ်ဖက်မှကုတင်အောက်သို့ဆွဲချခြင်းခံလိုက်ရကာ သူကုတင်အောက်သို့ပြုတ်ကျသွားလေတော့သည်။ သူစိတ်တိုစွာဖြင့် ဘေးဘီကိုကြည့်လိုက်မိတော့ သူ့ကုတင်ခြေရင်း အမှောင်ထုထဲတွင်ရပ်ကာ ဆံပင်ဖားလျားဖြင့် သူ့ကိုစိုက်ကြည့်နေသော နွယ်။

” နွယ် ကိုယ်စိတ်တိုလာပြီနော် ကိုယ်အိပ်ချင်နေပြီ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပေးပါနွယ် ဟုတ်ပြီလား ”

သူနွယ့်ဝိညာဉ်ကိုနောက်တစ်ခါထပ်ပြောရင်း ကုတင်ပေါ်သို့ပြန်တက်ကာ အသက်မဲ့နွယ့်ကိုယ်လုံးလေးကိုဖက်ရင်း ပြန်အိပ်လိုက်သည်။အဲ့နေ့ညကတော့ နွယ့်ထံမှ ဘာခြောက်လှန့်မှုမျိုးကိုမှ သူထပ်မကြုံခဲ့ရ။

သိ့ုပေမယ့် ထိုနေ့မှစ ညစဉ် ညတိုင်း နွယ့်ဝိညာဉ်၏ခြောက်လှန့်မှုဒဏ်ကို သူအမျိုးမျိုးခံရတော့သည်။ အိပ်ပျက်ညတွေများလာတော့ မင်းညိုတစ်ယောက်မျက်ကွင်းဟောက်ပက်နှင့် လူရုပ်ပင်မပေါ်တော့။ အိမ်မှာအသင့်ဝယ်ထည့်ထားသည့် စားစရာများကလည်း ကုန်လေပြီ။ အပြင်ထွက်ဝယ်ဖို့ကျပြန်တော့လည်း နွယ့်ကိုသူဒီအိမ်ထဲမှာ တစ်ယောက်ထဲ ထားခဲ့ဖို့စိတ်မချပြန်။ သူဘယ်လိုလုပ်ရမလဲ။

နုံးချိနေသော စိတ်အစဉ်ကို လန်းဆန်းသွားစေရန်အတွက် ရေချိုးခန်းထဲသို့ဝင်လာကာ ရေပန်းဖွင့်ရင်း တဖွဲဖွဲကျဆင်းနေသည့် ရေစက်များအောက်သို့ ဝင်ရောက်ကာ မျက်စေ့စုံမှိတ်ထားရင်း ထိုင်ချလိုက်လေသည်။ ခနအကြာ အေးမြသောရေစက်များအစား သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော စေးကပ်ကပ်စိုထန်းထန်းအရာများကြောင့် ရေပန်းရှိရာမော့ကြည့်လိုက်မိတော့ ရေပန်းအပေါက်များကြားထဲမှ ရေအစား တဖောက်ဖောက်ကျဆင်းနေသော သွေးစက်များ။

” နွယ် မင်းအဲ့လို လုပ်နေလည်းအပိုပဲနော်။ ကိုယ်ကမင်းကိုသိပ်ချစ်တာလေ ကိုယ့်ချစ်သူကို ကိုယ်ကကြောက်ရမှာလားကွ။မင်းဘယ်လိုပဲနေနေ ဘာပဲလုပ်ပြပြ ဘယ်ဘဝရောက်ရောက် ကိုယ်ကမင်းကိုချစ်နေမှာနွယ်။ မင်း အူတွေထွက်ပြလည်း ကိုယ်ချစ်တယ်။ လျှာတွေအရှည်ကြီး လုပ်ပြလည်း ကိုယ်ချစ်တယ်။ အပုပ်နံ့တွေ တထောင်းထောင်းထနေလည်း ကိုယ်ချစ်တယ်နွယ်။ ကိုယ်ချစ်တော့ မင်းအပုပ်နံ့ဟာလည်း ကိုယ့်အတွက်မွှေးတယ်။

ကိုယ့်အတွက်တော့ မင်း ဘယ်ဘဝရောက်နေနေ ဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ် ဆက်ချစ်နေမှာပဲ။ အဲ့ဒါကြောင့် အပိုတွေမလုပ်ပါနဲ့တော့ နွယ်ရယ် ကိုယ့်ချစ်သူလေးပင်ပန်းနေပါ့မယ်ကွာ ဟားးဟားး ဟားး ”

မင်းညိုတစ်ယောက်ထဲ စကားတွေပြောရင်း သူ့စကားသူသဘောကျကာ တဟား ဟား ရယ်မောလိုက်လေတော့သည်။ ဟုတ်တယ်လေ သူနွယ့်ကိုသိပ်ချစ်တာ။ နွယ် ဘယ်လိုဘဝ ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်နေပစေ သူနွယ့်ကိုချစ်တဲ့အချစ်က နည်းနည်းလေးမှ လျော့သွားမှာမဟုတ်။ ခုဆို နွယ် သူ့ဘေးမှာ သူ့အရိပ်အောက်မှာ အမြဲရှိနေပြီလေ။ သူ့ဘေးက နွယ့်ကို ဘယ်သူမှ ဆွဲထုတ်လုယူသွားလို့မရတော့ဘူး။ နွယ့်ကိုသူတစ်ယောက်ထဲပဲ ချစ်လို့ရပြီလေ။ အဲ့အတွက်လည်း သူသိပ်ကိုပျော်ရွှင်နေရသည်။ ”ဘုံဘဝတွေမတူပေမယ့်လည်း ကိုယ်မင်းကို ချစ်နိုင်တယ်ဆိုတာ ယုံပြီလားနွယ် …”

”အဟင့် ဟင့် အီးး ဟီးး ဟီးး ”
”အဟင့် ဟင့် ”

တစ်ည ငိုသံကြားသဖြင့် သူကြည့်မိတော့ အခန်းထောင့်အမှောင်ထုထဲတွင်ထိုင်ကာ တသိမ့်သိမ့်ရှိုက်ငိုနေသော သူချစ်ရသောနွယ် တဖြစ်လဲ ဝိညာဉ်မလေးနွယ်။

” ဟင် နွယ် နွယ်ငိုနေတယ်ဟုတ်လား ဘာလို့ငိုနေတာလည်း နွယ်ရယ် မင်းမျက်ရည်ကျတိုင်း ကိုယ်နာကျင်ရတယ် မငိုပါနဲ့နွယ် မင်းပင်ပန်းနေပါ့မယ်”

” ကိုမင်းညို ကျွန်မတောင်းပန်ပါတယ်ရှင်။ ကျွန်မကို လွတ်ရာကျွတ်ရာသွားခွင့်ပေးပါတော့။ ခုဆို ကျွန်မခန္ဓာကိုယ်ကြီးလည်းပုပ်ပွ ပျက်ဆီးနေပြီ။ အဟင့် ဟင့် ကျွန်မအတွက် ရည်စူးပြီး အမျှဝေပေးပါ။ ကျွန်မ တခြားဘုံဘဝတစ်ခုကို ကူးပြောင်းပါရစေတော့။ ကျွန်မ တောင်းပန်ပါတယ်နော်။ ကျွန်မကို အမျှဝေပေးပါရှင် အီးးဟီးးဟီးး ”

”ဟင့်အင်း ဟင့်အင်း မင်းဘာတွေလာပြောနေတာလဲနွယ်။ မင်းကို ငါ့နားကနေ ဘယ်ကိုမှသွားဖို့ ခွင့်မပြုနိုင်ဘူး။ အမျှလည်းဝေမပေးနိုင်ဘူးနွယ်။ မင်း မင်း တခြားဘဝရောက်သွားရင် ငါ့ကိုမေ့သွားမှာ။ မင်းကို တခြားဘုံဘဝက လူတွေပိုင်ဆိုင်ဖို့ကိုလည်း ငါ ငါခွင့်မပြုနိုင်ဘူး။ မင်းငါ့နားမှာပဲအမြဲနေသွားရမယ်နွယ် နေသွားရမယ်ကွ ဟားးဟားးဟားး ”

”အီးးဟီးးဟီးး ရှင် ရှင် အရမ်းအတ္တကြီးတဲ့သူပဲ ကိုမင်းညို ရှင် ရက်စက်လိုက်တာ ရက်စက်လိုက်တာ ရှင် အီးးဟီးးအဟင့် ဟင့် ”

အချစ်ရူးရူးနေသည့် မင်းညို၏ စကားလုံးတွေနဲ့ အပြုအမူတွေအောက်မှာတော့ သနားစဖွယ် ဝိညာဉ်မလေး နွယ်တစ်ယောက် ငိုကြွေးယုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါချေ။

မင်းညိုတစ်ယောက် အိပ်စက်နေရင်း သူ့မျက်နှာပေါ်သို့ယွစိ ယွစိဖြင့်တက်လာသော အရာတစ်ချို့ကြောင့် လက်နဲ့သပ်ချရင်းကြည့်မိတော့ လောက်ကောင်များ။ ဟုတ်တာပေါ့ ရက်ကြာသွားပြီဖြစ်တဲ့အတွက် နွယ့် ခန္ဓာကိုယ်မှာပုပ်ပွကာ အရည်များထွက်လျက် လောက်ကောင်များ တဖွားဖွားတွယ်ကပ်နေလေပြီပဲ။

××× ××× ××× ××× ×××

အိမ်မှာအသင့်ဝယ်ထားသော စားစရာများလည်း ကုန်သွားတာကြာပြီဖြစ်တာကြောင့် မင်းညိုတစ်ယောက် အစားမစားရတာတစ်ပတ်ခန့်ရှိသွားလေပြီ။ ညညဆိုလည်း နွယ့်ကြောင့် သူကောင်းကောင်းမအိပ်ရ။ ကြာတော့သူလည်း အားပြတ်ကာ နွယ်နံဘေး အိပ်ရာထက်မှာ လဲနေချေပြီ။နွယ့် ကိုယ်ခန္ဓာပေါ်က လောက်ကောင်များကို ဖယ်ရှားပေးရန်ပင် သူ့မှာခွန်အားမရှိတော့။

”နွယ် နေရခက်နေလားဟင် ။ ခနလေးပဲသည်းခံပေးနော် နွယ်။ ကိုယ်နေပြန်ကောင်းလာရင် နွယ့်ပေါ်က အကောင်တွေ ကိုယ်ဖယ်ပေးမယ်နော် ချစ်သူလေး။ ခနလေး ခနလေးပဲစောင့်ပါကွယ် နော် ”

မင်းညိုတစ်ယောက် နွယ်ဘက်သို့လှည့်ကာ လေသံသဲ့သဲ့ဖြင့် ပြောအပြီးမှာတော့ သူ့အသိအာရုံတို့မှာလည်း တဖြည်းဖြည်းအမှောင်ကျကာ သတိလစ်သွားလေတော့သည်။

” ဒီအိမ်ထဲက အပုပ်နံ့တွေရနေတာဆရာ။ အစကတော့ ကျွန်တော်တို့လည်း အမှတ်တမဲ့ပဲ။ ဒီအိမ်က မြို့စွန်လည်းဖြစ် တစ်ခြားအိမ်တွေနဲ့လည်း အလှမ်းဝေးတော့ အစကတော့ တစ်ချက်တစ်ချက် အပုပ်နံ့လိုလို ဘာလိုလိုရပေမယ့် ကျွန်တော်တို့လည်း အမှတ်တမဲ့ပဲ သိပ်သတိမထားမိဘူး။ ခုတော့ အပုပ်နံ့က မခံနိုင်လောက်အောင်ကို ဆိုးဆိုးဝါးဝါး လွင့် လွင့်လာတို့ ဆရာတို့ကို အကြောင်းကြားလိုက်ရတာပါဆရာ ”

အပုပ်နံ့တွေမခံမရပ်နိုင်အောင် ရလာသော ပတ်ဝန်းကျင်အိမ်တချို့မှ ရဲစခန်းသို့အကြောင်းကြားကာ တာဝန်ရှိသူများနှင့်အတူ အိမ်အတွင်းဝင်ရောက်ရှာဖွေရန် အိမ်တံခါးမကြီးကိုအဖွင့် …

” ဟာ နံလိုက္တာကြာ ”
”လူသေပုပ်စော်ကွ ဝေါ့ ”
”ထွီ အေ့ ဝေါ့ ”

ရှာဖွေရန်အတွက် ပါလာသော လူများအားလုံး ကမန်းကတန်းဖြင့်နှာခေါင်းများပိတ်ကာ တစ်ချို့ကလည်း ပျို့အန်ကုန်ကြသည်။

အိမ်အတွင်း ဝင်ရောက်ရှာဖွေလိုက်တော့
အခန်းတစ်ခန်းထဲရှိ ခုတင်ပေါ်တွင် ပုပ်ပွကာအရည်များထွက်ပြီး လောက်ကောင်များပင်တွယ်ကပ်နေပြီဖြစ်သော အလောင်းတစ်လောင်းနှင့်ထိုအလောင်းဘေးတွင် သတိလစ်မေ့မြောပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သော အမျိုးသားတစ်ဦးကို တွေ့လိုက်ကြရလေသည်။

အလောင်းကို နာမှုကူညီရေးကားဖြင့် သယ်ထုတ်ပြီး သတိလစ်မေ့မြောကာ အသက်ငွေ့ငွေ့သာ ကျန်တော့သည့် ထိုအမျိုးသားကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ထိုအမျိုးသားမှာ လမ်းတစ်ဝက်မှာပင် သေဆုံးသွားခဲ့ရှာလေတော့သည်။

မင်းညိုတစ်ယောက် အခုတော့ သူချစ်သောနွယ့်ကို သူ့အရိပ်အောက်မှ လွတ်မြောက်ခွင့်ပေးလိုက်ပြီလော။ သို့မဟုတ် စိတ်မချခြင်းကြီးစွာဖြင့်ပင် တမလွန်ဘဝသို့ ရောက်နှင့်လေပြီး ဖြစ်သောနွယ့် နောက်သို့ တကောက်ကောက်လိုက်ပါနေဦးမည်လော။ ထိုအကြောင်းကိုတော့ မင်းညို၏ ဝိညာဉ်မှလွဲ၍ မည်သူမှမသိနိုင်ပါချေ။ အစွန်းရောက်ချစ်ခြင်းသည် အလွန်ပင် ကြောက်စရာကောင်းလွန်းလှပါလား။

လောကထဲရှိ အချစ်နဲ့မကင်းကြသော လူသားအားလုံး အချစ်ကြောင့် အပြစ်ရှိခြင်းမှ ကင်းဝေးနိုင်ကြပါစေဟု ဆုတောင်းပေးရင်း……

ချစ်ခြင်းများစွာဖြင့်

အမ်နိုင်း(oasis)