ချစ်သူများနေ့

ချစ်သူများနေ့(စ/ဆုံး)

——————

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

ဒီအဖြစ်အပျက်ဖြစ်ပွားစဥ် ကာလကား ခရာဇ်နှစ်တစ်ခုကုန်ဆုံးလျှင် Happy Newyearဟုမြန်မာနိုင်ငံတွင်စတင်လူသိများလာချိန်နှင့် ချစ်သူများနေ့ဟူ၍ လူငယ်များကြားတွင် စတင်ပျံ့နှံ့လာချိန်ကဟု ဆိုရမည်။

တစ်ကယ်တော့ ထိုဓလေ့များသည် ကမ္ဘာ့ယဥ်ကျေးမှုတစ်ရပ်အနေနှင့် မြန်မာနိုင်ငံသို့ စတင်ပျံ့နှံ့လာကာ စီးပွားရေးသမားများအတွက်ကလည်း စီးပွားရေးလုပ်ငန်းချဲ့ထွင်ရန် စျေးကွက်ကောင်းတစ်ခုပေါ်လာခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်၏။

မြို့ကြီးတစ်မြို့ရှိ အထကကျောင်းကြီးတစ်ကျောင်းတွင်လည်း ဒဿမတန်း ကျောင်းသူကျောင်းသားလေးများသည် ချစ်သူများနေ့ ရောက်ရန်နီးကပ်လာပြီဖြစ်သောကြောင့် လူငယ်သဘာဝ ရင်ခုန်လှုပ်ရှားလျှက်ရှိကြလေသည်။

ထိုသို့ရင်ခုန်လှုပ်ရှားသူများတွင် သီသီတို့အုပ်စုနှင့် စိုင်းကိုတို့ အုပ်စုလည်း အပါအဝင်ဖြစ်သည်။
“သီသီ.. နင် ..စိုင်းကို… ကို ချစ်သူများနေ့ အဖြေပေးမယ်ဆို ဟုတ်လား”ဟု နန်းဥ မှမေးရာ သီသီက “အင်းလေ သူငါ့ကို ချစ်သူများနေ့မှာ ဘာလက်ဆောင် ပေးမလဲ မသိဘူး ဟီး …ငါလဲ အဲ့နေ့ သူ့ကို ချစ်အဖြေပေးပြီး လျှောက်လည်မို့ “ဟု ပြုံးဖြီးဖြီးနဲ့ ပြောလိုက်လေသည်။

နန်းဥက “ငါတော့ ခွန်နောင်ကို မနေ့ကပဲ အဖြေပေးလိုက်ပြီ အဟိ”ဟုဆိုရာ “ကောင်မနင်ကလဲ နဲနဲတောင် အိုက်တင်မခံဘူး”ဟုသီသီက ဆိုလိုက်သည်။

“အဲဒါအရေးမကြီးဘူး …ချိုချိုကို ..ကျော်စွာကကြိုက်နေတာ မပြောရဲလို့ ငါ့ကို စာပေးခိုင်းနေတာ… ချိုချိုက ပဲတွေများနေတာ ဟဲ့ “ဟုနန်းဥက ဆိုလိုက်သည်။

သီသီက “အဲစာ ငါ့ကိုပေး ငါချိုချို ပေးလိုက်မယ် “ဟုဆိုရာ နန်းဥက ဟိုကြည့်ဒီကြည့်လုပ်ကာ သူ့လွယ်အိတ်ထဲမှစာကို သီသီ့စာအုပ်ကြား ထည့်ပေးလိုက်သည်။

မကြာမီ ဆရာမဝင်လာသောကြောင့် သီသီနဲ့ နန်းဥ မျက်နှာပိုးသတ်ကာ စာအုပ်များ ထုတ်လိုက်ကြတော့သည်။
ဆရာမက စာသင်နေသည်အား စိတ်ဝင်စားချင်ယောင်ဆောင်ကာ နေလိုက်ကြတော့သည်။

အတန်းပိုင်သင်္ချာဆရာမ ကား စည်းကမ်းကြီး၍ အရိုက်ကြမ်းသောကြောင့် ခပ်ဆိုးဆိုးအတန်းမှ ကျောင်းသား ကျောင်းသူများက သိပ်မလှုပ်ရဲကြ။

ညနေကျောင်း ဆင်းသောအခါ ကျော်စွာ၊စိုင်းကို၊ခွန်နောင်၊သီဟတို့ လေးဦးက သီသီတို့ အုပ်စုအား စောင့်နေလေသည်။

သီသီ၊နန်းဥ၊ချိုချို၊သီတာတို့ လေးယောက် ကျောင်းမှထွက်လာသည်ကို မြင်လျှင် မျက်လုံးခြင်း စကားပြောကာ သီသီတို့အုပ်စု နောက်မှ စိုင်းကိုတို့အုပ်စု လည်း မနီးမဝေးမှ လိုက်ပါသွားသည်။

ဤကား ကျောင်းဆင်း၍ အိမ်ပြန်လျှင် ပြုလုပ်နေကျပင် ဖြစ်သည်။

ကျောင်းပိတ်ရက်တွင် ကျော်စွာတို့အုပ်စု လက်ဖက်ရည်ဆိုင် ထိုင်ကြ လေသည်။

“စိုင်းကို က လာမယ့်ချစ်သူများနေ့မှာ သီသီက ငါ့ကို အဖြေ ပေးမယ်ပြောထားတယ် …ခက်တာက ချစ်သူများနေ့က ကျောင်းဖွင့်ရက်ကြီးကွာ စိတ်လေတယ် “ဟု လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း ဆိုလိုက်သည်။

ကျော်စွာကလည်း “ငါလည်း ချိုချိုကို စာပေးထားတာ အခြေအနေ ကောင်းလောက်တယ် “ဟု ပြုံးဖြီးဖြီး မျက်နှာနှင့် ဆိုလိုက်လေသည်။

သီဟက “မင်းတို့သာ ပျော်နေ ..ငါက ချစ်သူများနေ့မှာ ဝတ္ထုစာအုပ်နဲ့ အိမ်မှာ နှပ်နေရမှာ ကွာ “ဟု စိတ်မပါတပါနဲ့ ပြောလိုက်သည်။

ထိုအခါ ခွန်နောင်က “မင်းသီတာကို ကြိုက်လိုက်ကွာ… ဒါဆို ငါတို့လေးယောက် သူတို့လေး ယောက် ကွက်တိပဲ “ဟုဆိုရာ သီဟက ဖြစ်ပါ့မလားကွ ငါက အသားမဲတယ်လေ သူက ပြန်ကြိုက်ပါ့မလား “ဟုဆိုရာ ခွန်နောင်က “သူက ပုလင်းဖင်လေကွာ မင်း မဲတာမြင်မှာ မဟုတ်ဘူး “ဟုဆိုကာ တဟား ဟားရယ်ကာ ပွဲကျနေတော့သည်။

သီဟကလည်း “ဟီး မဆိုးပါဘူး သူ့ကိုရည်းစားစကား ပြောရင် ငါ သူ့မျက်မှန်ကို လုပြီးမှ ပြောလိုက်မယ်”ဟု ပြောရင်း ခွက်ထိုးခွက်လန် ရီနေကြတော့သည်။

ခွန်နောင်က “ငါတို့ချစ်သူများနေ့ ကျောင်းလစ်ပြီး ဆည်နဲ့ ရေထွက်ကို သွားလည်ကြရအောင် ကွာ…ငါကားငှားထားလိုက်မယ်… ပြီးတော့ ..ငါ့ကောင်မလေး နန်းဥကိုလဲ သူတို့အုပ်စုပါ လိုက်ဖို့ စည်းရုံးခိုင်းလိုက်မယ် ဘယ်လိုလဲ “ဟုဆိုလိုက်သည်။

အားလုံးက… ကောင်းတာပေါ့ ကျောင်းလစ်လို့ ဆရာမ အရိုက်ခံရလဲ တန်တယ်လေ ကွာ ရည်းစားလဲ ရမှာဆိုတော့ဟုပြောရင်း မျက်နှာများက မှိုရသလို ပြုံးချိုနေကြလေသည်။

နောက်ရက်၌ခွန်နောင်က သူ့အစီအစဥ်အား စာရေးကာ သူ့ကောင်မလေးနန်းဥအား ပေးလိုက်သည်။

တစ်နေကုန် နန်းဥတို့အုပ်စု ကျောင်း၌ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေကြသည်ကို တွေ့ရလေသည်။
ညနေကျောင်းဆင်း တော့ နန်းဥက အဆင်ပြေကြောင်း စာပြန်လာသည်မို့ ခွန်နောင်တို့အုပ်စု ကား ပျော်မဆုံး ။

ကျူရှင်တွင် စာသင်ရင်း အူမြူးနေသော ခွန်နောင်တို့ အုပ်စုအား ဆရာမက “ဟို မျောက်လောင်း လေး ကောင်.. ရုပ်တွေက စပ်ဖြီးဖြီး နဲ့ ဘာဖြစ်နေတာလဲ စာမေးပွဲ က ဖင်ထဲ ဝင်နေပြီနော် ကြည့်ကြွ …ကြ ၊ကြားလား ငါမပြောချင်ဘူး”ဟုဆိုမှ ခွန်နောင်တို့ မျက်နှာပိုးသတ်လိုက်ကြသည်။

နန်းဥတို့အုပ်စုက ခွန်နောင်တို့အုပ်စုကို ကြည့်ကာ မျက်စောင်းလှမ်းထိုးလေသည်။သဘောက ဆရာမရိပ်မိသွား ရင် အသေပဲ ဆိုသည့်သဘော။

ရောက်ပါပြီ ..ချစ်သူများ နေ့…ဖေဖော်ဝါရီလ ၁၄ရက်နေ့..

နန်းဥတို့အုပ်စု အိမ်မှအဖြူအစိမ်းများဖြင့်ထွက်လာကာ စားနေကျရှမ်းခေါက်ဆွဲ ဆိုင်လေးတွင် အန်တီကြီးကိုခွင့်တောင်းကာ အိမ်မှဖွက်ယူလာသော ဝတ်စုံများကို လွယ်အိတ်ထဲမှထုတ်လိုက်ကြပြီး အခန်းတစ်ခုအတွင်း၌ လဲလိုက်ကြသည်။

အပြင်ဝတ်စုံများဖြင့် ကိုယ်စီလှနေကြသော နန်းဥတို့ အုပ်စု အချင်းချင်း ကြည့် ကာ ကျေနပ်စွာ ပြုံးလိုက်ကြသည်။

မကြာမှီ အငှားယာဥ် တိုယိုတာကားလေးက ရှမ်းခေါက်ဆွဲ ဆိုင်လေး ရှေ့ လာရပ်ကာ ကျော်စွာတို့ အုပ်စု ဆင်းလာကြတော့သည်။

စိုင်းကိုက ချစ်ရသူ သီသီကို ကြည့်ရင်းကျေနပ်စွာ တစ်ချက်ပြုံးလိုက်သည်။
သီသီကား စိုင်းကို အကြည့်ကြောင့် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ဒီနေ့ စိုင်းကိုအား အဖြေပေးရမည်မဟုတ်လား။

စိုင်းကိုလက်မှ ကိုင်ထားသော အသဲပုံ ချောကလက်ဘူးလေးအား သီသီ့ထံပေးကာ “ဒီနေ့တော့ ကိုယ်ပျော်ပါရစေ သီသီ”

ဟုဆိုလိုက်ရာ အားလုံးက ဟေးးးး ဟု အော်သောကြောင့် သီသီက ရှက်ကိုးရှက်ကန်းနှင့် ဆိုင်ထဲမှပြေးထွက်ကာ ကားပေါ်ပြေးတက်သွားတော့သည်။
သူငယ်ချင်းတွေအကုန်လုံး ​လက်ဆောင်ကိုယ်စီနှင့် ကိုယ့်ချစ်သူကိုယ်အသီးသီးပေးကြ၏။

သီဟကလည်း နှင်းဆီပန်း အနီရဲလေးတစ်ပွင့်နှင့် ဝက်ဝံရုပ်လေးအား သီတာအား ပေးလိုက်ရာ သီတာက”နင်နဲ့ငါက ဘာဆိုင်လို့လဲ မယူချင်ပါဘူး” ဟုဆိုရာ သီဟက “ငါက ချစ်သူများနေ့မှာ ချစ်ရသူကို ပေးတာလေ သီတာရယ် ယူစမ်းပါ အားလုံးက အတွဲကိုယ်စီနဲ့ နင့်ကိုလည်း ငါက သဘောကျတာ မပြောရဲလို့ပါ “ဟုဆိုတော့ အားလုံးကလည်း ဝိုင်းပြော..ဝိုင်းထောက်ခံကြရာ သီတာလဲ သီဟလက်ဆောင်အားလက်ခံလိုက်လေသည်။

ဟုတ်တယ်လေ ကျန်တဲ့သူတွေက အကုန်လက်ဆောင်ရပြီး မိမိတစ်ယောက်တည်းမရလျှင် roll အောက်မည်။သီဟပေးတာကိုပင် ကျေးဇူးတင်ရဦးမည်မဟုတ်လား။

ကားပေါ်တွင် သီသီနောက်လိုက်လာသော စိုင်းကိုအား သီသီမှ ခေါင်းငြိမ့်ပြီးပြီမို့ ကျန်သူများ ကားပေါ်တက်လာ တော့ သူတို့နှစ်​ဦး က အဆင်ပြေနေလေပြီ။

သီသီ..စိုင်းကို ၊သီဟ..သီတာတို့က တစ်ဖက် နန်းဥ ..ခွန်နောင်၊ကျော်စွာ..ချိုချိုတို့က တစ်ဖက် တိုယိုတာကားနောက်ခန်းလေးတွင်မျက်နှာချင်း ဆိုင်ထိုင်ကြလေသည်။

ကားရှေ့ခန်း၌မူ ကားမောင်းသောလူကြီးတစ်ဦးတည်းသာ။
သူတို့လူစုံသည်နှင့် သွားရမည့် ခရီးကိုဦးတည်ကာ ကားလေးကား တရိပ်ရိပ်ပြေးလေတော့သည်။

သူတို့သွားမည့် နေရာကား ​မြို့အထွက်တွင် သင်္ချိုင်းတစ်ခုကို ဖြတ်ကြရလေသည်။
သင်္ချိုင်းကိုဖြတ်စဥ် စိုင်းကိုက

“ဟေ့ကောင်ခွန်နောင် ဟိုမှာသင်္ချိုင်းထဲက မင်းကိုလက်ရပ်ခေါ်နေတယ်”

ဟုဆိုလိုက်ရာ ခွန်နောင် က “ငါတစ်ယောက်ထဲတော့မသွားဘူး ချစ်သူ နန်းဥ ကိုရော မင်းကိုရောခေါ်မှာ”ဟုဆိုရာ

“အမယ် မင်းကသေရင်တောင်ချစ်သူနဲ့ ငါလည်း ငါ့ချစ်သူ သီသီကိုခေါ်မှာ ပေါ့ “ဟုဆိုလိုက် ကာ တဟားဟား ပွဲကျကာ ရယ်နေကြသည်။

စိုင်းကိုက

” ငါတို့ချည်းတော့လဲ ဘယ်ဟုတ်မလဲ… ကျော်စွာ”

ကျော်စွာက

“တော်တော့ မင်းတို့ပါးစပ်ပိတ်ထားကြတော့ မင်းတို့ပါးစပ်ပုတ်ကြီးတွေနဲ့ မပြောနဲ့ကွာ ငါမကြိုက်ဘူး ”

နန်းဥက

“အမလေးဟယ် ဖြစ်နေလိုက်တာ နင်မလိုက်ချင်နေ နင့်ကောင်မလေး ချိုချိုကို တော့ရအောင်ခေါ်မှာ”

ဟူသော အပြောကြောင့် အားလုံးဝါးကနဲ ပွဲကျသွားလေသည်။

ကျော်စွာကတော့ မရယ်နိုင်ပေ။

ဒါဆို သီဟနဲ့သီတာကိုရော ဟုသီသီက မေးရာ

“အေးလေ မထူးပါဘူး သူတို့ကိုလည်းငါတို့ဝိုင်းခေါ်ကြတာပေါ့”

သီတာက

“တော်ကြပါတော့ နိမိတ်မရှိတာတွေမပြောနဲ့ ငါကြောက်တယ် နင်တို့ပေါက်တက်ကရတွေ မပြောကြပါနဲ့ဟာ “ဟုဆိုကာ ငိုမဲ့မဲ့နဲ့ပြောလိုက်၏။

သီဟက

“ဟုတ်ပကွာသီတာလေး ကြောက်နေပါ့မယ် ငါကသီတာ့ကို အတတ်နိုင်ဆုံးကာကွယ်ရမှာပေါ့ကွာ”ဟုဆိုတော့ အားလုံးပွဲကျကာ ရယ်လိုက်ကြတော့သည်။

ဆယ်ကျော်သက် လူငယ်တစ်သိုက်သည်ကား ပါးစပ် မှ ပြောအပ်မပြောအပ်သည်ကို မသိပဲ ရယ်ပွဲဖွဲ့ကာ နေကြသည်။

ပထမဦးစွာ ဆည်တွင်ရေကစားကြသည်။

အင်မတန်ပျော်ရွှင်ကြရသည်။

ကားမောင်းသမားသည်လည်း အင်မတန်စိတ်ရှည်ကာ ကလေးတစ်သိုက်သဘော အတိုင်း စိတ်ရှည်လက်ရှည်စောင့်ပေးရှာလေသည်။

ကလေးများသည်လဲ ချစ်သူများနေ့ဟုဆိုသော်လည်း အမြင်မတင့်တယ်သော ပျော်ရွှင်မှုမျိုးမဟုတ်ပဲ ပျော်ပွဲစားထွက်လာကြသလို ချစ်ချစ်ခင်ခင် ရင်းရင်းနှီး ရှိကြသည်သာ။

ဆည်တွင်ရေဆော့ရင်း သီတာတစ်ရောက် လျောစီးရင်း ချော်လဲရာ မေးစေ့၊ဒူးခေါင်းနှင့် လက်တွင် ပွန်းပဲ့ဒဏ်ရာရသောကြောင့် ရေဆက်မဆော့နိုင်တော့‌။

ကျန်လူများလဲ ရေဆက်မဆော့ကြတော့ပဲ ရေထွက်သို့ လည်ရန် ကားဖြင့်ထပ်မံထွက်လာကြ သည်။

ဆည်နှင့် ရေထွက်ကား အတော်ပင်ဝေးကာ တစ်နေရာစီတွင် ရှိလေသည်။

ရေထွက်သို့ ရောက်သောအခါ သီတာက ချော်လဲ ဒဏ်ရာကြောင့် ကားပေါ်မှာနေခဲ့ရာ သီဟ ကလည်း သီတာအား စကားပြောရင်းနေခဲ့၏။

ရေထွက်ကား သစ်ပင်ကြီးများနှင့် အုံမှိုင်းနေပြီး ရေကန်ကြီးသဖွယ်ဖြစ်ကာ ရေများကစိမ်းနေသည်ဟု ထင်ရသည်။

နန်းဥ ၊သီသီနှင့် ချိုချိုတို့သုံးယောက်က ရေထွက် ရှိရေအိုင်သို့သွားနှင့်ကြကာ ကျော်စွာ၊ စိုင်းကိုနှင့်ခွန်နောင်က စားသောက်ရန်မုန့်များ ဝယ်ယူရန်ဆိုင်ရှိရာဘက် ထွက်လာကြသည်။

စိုင်းကိုနှင့်ခွန်နောင်က ကျော်စွာအားအအေးဘူးဝယ်ပြီးလိုက်လာရန်မှာခဲ့ကြကာ မိန်းခလေးများရှိရာ ရေထွက်ဘက်သို့ မုန့်များတပွေ့တပိုက်နှင့် လိုက်လာကြတော့သည်။

နန်းဥက

“အေးချမ်းတိတ်ဆိတ်ငြိမ်သက်နေတာပဲ ပြန်တောင်မပြန်ချင်တော့ဘူး ”
သီသီက

“ဟုတ်ပနက်ဖြန်ကျောင်းလစ်လို့ သင်္ချာ ဆရာအ ရိုက်တော့မယ် စိတ်ညစ်တယ် ဒီမှာပဲ ဒီလို​အေးအေးချမ်းချမ်းနဲ့ အမြဲနေရရင်ကောင်းမယ်”

ထိုစဥ်ချိုချိုက

“တော်ပါတော့ဟာ ဆရာမအကြောင်းမတွေးနဲ့တော့ …တွေးရင် သေချင်စိတ်ပဲပေါက်နေတယ်.. ဟယ်… ဟိုမှာ ရေစပ်မှာ ပန်းလေးပါလား လှလိုက်တာ”

“ဟယ်ဟုတ်ပ သွားခူးရအောင်”ဟု ဆိုကာ ရေစပ်ရှိရာသို့ အမြန်ပြေးသွားကြသည်။

သီသီကရေတိမ်မည်ဟုထင်ကာ ရေထဲဆင်းလိုက်ရာ လည်ပင်းခန့်ထိမြှုပ်သွားလေသည်။

“လုပ်ကြဦး ရေက အနက်ကြီးပဲ ငါကြောက်တယ်”

နန်းဥက ရေထဲခုန်ဆင်းလိုက်စဥ် နှစ်ဦးသားတိုက်မိကာ ရေထဲလဲကျသွား​ကြသည်။

အောက်က နွံများဖြစ်​ေလရာ ရေများနောက်ကျိပြီး ဘေးကရေနက်ရာဘက်လဲကျသွားကာ ရေမကူးတတ်သူနှစ်ယောက် ရေနစ်ကြတော့သည်။

ချိုချိုက

“လာပါဦးသီသီနဲ့နန်းဥရေနစ်နေပြီ”

ဟုလှမ်းအော်ရာ စိုင်းကိုနဲ့ ခွန်နောင်လဲ ရေထဲခုန်ဆင်းရင်း နုန်းနွံထဲကျွံဝင်ကာ ရုန်းမရကူးမရ ဖြစ်နေကြသည်။

ကျော်စွာက ထိုအဖြစ်အား အဝေးမှလှမ်းမြင်လိုက်ရာ ချိုချိုနင်မဆင်းနဲ့ ငါလူတွေသွားခေါ်မယ်ဟု စိုးရိမ်တကြီးအော်ကာ ဆိုင်ခန်းများရှိရာဘက်သို့ ပြန်ပြေးလေသည်။

ရေထွက်နှင့် ဆိုင်ခန်းများ ရှိရာကား အတော်ဝေးသည်။

ရေထွက်က အောက်ချိုင့်ဝှမ်းလေးထဲတွင် ရှိပြီး ဆိုင်ခန်းများက အပေါ်ဘက်တွင်ဖြစ်သည်။

ချိုချိုကြည့်နေစဥ် သီသီလက်တစ်ဖက် ရေထဲ မှာ ပေါ်လာတာကြောင့် ဘေးမှာရှိသော ဝါးလုံးအားကောက်ကာ သီသီလက်ရှိရာဘက်သို့ လှမ်းပေးရာ သီသီ့လက်က ဝါးအားစမ်းမိကာ လှမ်းအဆွဲ သီသီ့ခြေထောက်အား ရေထဲမှ နန်းဥက အားကိုးတကြီး လှမ်းဆွဲလိုက်ရာ ဝါးအားဆောင့်ဆွဲသလိုဖြစ်ပြီး ချိုချိုပါရေထဲသို့ အရှိန်ဖြင့်ကျသွားသည်။

ရေမကူးတတ်သူများချည်းမို့ မကြာမီကန်ရေပြင်တစ်ခုလုံး နောက်ကျိကာ ငြိမ်သက်သွားလေသည်။
ကျော်စွာနှင့် ဒေသခံလူများ ရောက်လာချိန်၌ ချိုချိုကိုလည်း မတွေ့ရတော့ချေ။

နယ်ခံလူများက ရေထဲဆင်းရှာကြရာ ချိုင့်ခွက်ပေါသော ရေကန်ဖြစ်သည်က တစ်ကြောင်း ၊အနည်များထကာ နောက်ကျိနေသည်က တစ်ကြောင်း အောက်တွင်ဂလိုင်များလည်း ရှိသည်မို့ ခရီးမတွင်ကြပေ။

သီတာ၊သီဟ၊​ကျော်စွာတို့ကမျက်ရည်များကျလျှက်ရှိပြီး နှင့် ကားသမားကလည်း စိုးရိမ်တကြီး ရှိလေသည်။

ကားသမားက နီးစပ်ရာ ကြိုးဖုန်းထံသို့သွားကာ ကျောင်းအုပ်ကြီး ထံသို့အကြောင်းကြားလိုက်လေ​သည်။

ကျောင်းအုပ်ကြီးလဲ အတန်းပိုင် ဆရာမကိုချက်ချင်း ခေါ်ကာ “က”စာရင်းစာအုပ်အားတောင်းလိုက်လေသည်။

ထိုကလေးများသည် မနက်ကတည်းက ခွင့်မဲ့ပျက်သူများ ဖြစ်ကြောင်း “က “စာရင်းစာအုပ်တွင် မှတ်တမ်းတင် ထားသောကြောင့် ထိုစာအုပ်ဖြင့် ပညာရေးမှုးရုံးသို့အပြေးအလွှားသွားရောက် သတင်းပို့ရလေသည်။

ထူးခြားဖြစ်စဥ် ဖြစ်ပွားသောကြောင့်ဖြစ်၏။

အတန်းပိုင်ဆရာမမှ ကလေးမိဘများထံ အကြောင်းကြားကာ ပညာရေးမှူးအပါအဝင် ကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာနှင့် ကျောင်းသားမိဘများလည်း အခင်းဖြစ်ရာ အရပ်သို့ ကားဖြင့် ချက်ချင်းလိုက်ကြ၏။

အခင်းဖြစ်ရာ နေရာသို့ရောက်သောအခါ ကျော်စွာ၊သီဟနှင့်သီတာတို့၏မိဘများက ဝမ်းနည်း ဝမ်းနည်းဝမ်းသာ ဖြစ်သွားကြသော်လည်း ကျန်သူ၏မိဘများက ဖြေမဆည်နိုင်။

နေ့လည်နှစ်နာရီခန့်မှစ၍ အခင်းဖြစ်ပွားကာ ရေထဲတွင်ရှာကြသော်လည်း ညနေ၅နာရီကျော်မှသာ အလောင်းအားလုံး ပြန်တွေ့ကြရလေသည်။

ဒေသခံများ ပြောစကားအရ ထိုရေထွက်တွင် နတ်စိမ်းများရှိကာ (နတ်စိမ်းဟူသည်ကား အမှားရှိလျှင်၊သူတို့မကြိုက်သောသူများအား အသက်သေသည်အထိပြုစား တတ်သည့်မမြင်အပ်သော အစောင့်)ထိုနတ်စိမ်းများသည် စကားလည်း အမှားမခံ၊ထိုရေထွက်သည် မကြာခဏလူစားလဲတတ်သည်ဟုလည်း သိရလေတော့သည်။

ထိုကျောင်းသား အလောင်းများအားမြို့သို့ပြန်သယ်လာကြကာ ရင်ခွဲရုံတွင် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးကြပြီး ထိုအလောင်းများအား သူတို့ကို ခေါ်သည်ဟုဆိုသော သင်္ချိုင်းတွင် ငါးလောင်းလုံး တစ်ပြိုင်တည်းမြှုပ်နှံ မြေချကြရလေသည်။

တစ်မြို့လုံး နာမည်ကြီးခဲ့သော ဖြစ်စဥ်တစ်ခုပင်။
ကျော်စွာ ၊သီဟနှင့် သီတာတို့ကား ကျောင်းတက်ခြင်းမှ ရပ်နားအပြစ်ပေးခံကြရသည်။

ကျောင်းအုပ်ကြီးနှင့် ဆရာမများကဆယ်တန်းကလေးများ စာမေးပွဲနီးမှ ​အဖြစ်ဆိုးနှင့်ကြုံရသည်မို့ ယူကြုံးမရဖြစ်ကြရသည်။

ဆယ်တန်းဖောင်တင်ပြီးချိန်မို့သာ ကျန်နေသူများက စာမေးပွဲ ဖြေခွင့်ရကြခြင်းဖြစ်သည်။

အားလုံး ထင်မြင်ယူဆကြသည်မှာ ကျန်သော သုံးယောက် ပြန်ပြောပြသော စကားများအရ သင်္ချိုင်းသို့ဖြတ်စဥ်က ပေါက်ကရများ ပြောမိသည်ကြောင့် ထိုသို့ ဖြစ်ရသည်ဟူ၍ဖြစ်သည်။

ရေထွက်သည်လည်း နတ်ကြီးကာ မကြာခဏ လူစားတတ်သည်မို့ ရေထွက်တွင်လည်း အမှားလုပ်မိကြတာဖြစ်နိုင်သည် ဟူ၍လည်း ဆိုကြလေသည်။

ထို့ထက်ပိုသည်မှာ ထိုကျောင်းကြီးတွင် ညဘက်၌ တစ်ကိုယ်လုံး ရေစိုနေသော ကျောင်းသူ ကျောင်းသားများကို တွေ့ရတတ်သည်ဟူသောကြောင့် ဖြစ်သည်။

ထို့ပြင် သီတာဟူသော ကောင်မလေးအား သူ့သူငယ်ချင်းများက မကြာခဏလာခေါ်သည်ဟုလည်း ပြောကြသည်။

စိတ်မကောင်းစရာ အကောင်း ဆုံးမှာ မြို့ပြင်သင်္ချိုင်းဖက်သို့ နေဝင်တရီ ၊ညဘက် ဖြတ်သွားကြသော ကားသမားများအား ကျောင်းသားအရွယ်လူငယ် တစ်သိုက်က ရေစိုအဝတ်များဝတ်ကာ ဖြူဖတ်ဖြူရော်မျက်နှာများဖြင့် ကားတားစီးတတ်ကြခြင်း၊သင်္ချိုင်းအတွင်းမှ လက်ရပ်ကာ ခေါ်နေတတ်ခြင်းများကိုကြုံ တွေ့တတ်ကြရခြင်း ဖြစ်သည်။

ခုတော့ ထိုမြို့ပြင်သင်္ချိုင်းကြီးလဲ မရှိတော့သလို ကားသမားများကလည်းထိုကျောင်းသူ ကျောင်းသားအုပ်စု တွေ့သည်ဟုလည်း ပြောသံမကြား ရတော့ပေ။

ချစ်သူများနေ့ရောက်လေတိုင်း ထိုအဖြစ်အပျက်အား မနေ့တစ်နေ့ကလို ခံစားနေကြရဦးမည့် သူများကတော့ ယနေ့ထက်ပင်ရှိနေ ကြပေလိမ့် ဦးမည်ဟု…..

လေးစားလျက်
စာရေးသူ Nan Kyarnyo