ချစ်သူ့ဝိညာဥ် ကလဲ့စား

ချစ်သူ့ဝိညာဥ် ကလဲ့စား(စ/ဆုံး)

———————————

ရုံးသို့ရောက်လျှင်ရောက်ချင်း ထမင်းဘူးခြင်းလေးကိုချကာ ချက်ချင်းဖုန်းကို ထုတ်ကြည့်လိုက်မိသည်။

miss callလေးများရှိနေမလား ဟူသောမျှော်လင့်ချက်ဖြင့်။

Mpt ဖုန်းက ပို့သော message များကြောင့် ဖုန်းnotiမီးလေး လင်းနေသည်မို့ သူစိတ်ဆိုးမာန်ဆိုးဖြင့် messageများကို ဖျက်လိုက်မိသည်။

တစ်ကယ်ဆို မောင့်ဆီက misscallလေးများ ရှိနေစေချင်မိသည်။

ဖုန်းအင်တာနက် ဖွင့်လိုက်သည်နှင့် viberမှတစ်မျိုးmessagerမှတစ်ဖုံ မောင့်စာများကို တွေ့မြင်နေကျ။

ယခုမူကား မောင့်အကောင့်လေးတောင် မီးစိမ်းမနေတော့။

ဘာမဆိုင်ညာမဆိုင် messagerမှလာhi ထားကြသူများ၏ စာတွေကတတောင်တောင် တက်လာသောကြောင့် စိတ်ညစ်ညစ်နှင့် သူ့အကောင့်ပါ logout လုပ်လိုက်မိသည်။

တစ်ကယ်တော့ နွေဆိုတာ ဌာနဆိုင်ရာတစ်ခု၌နေ့စားလပေးဝန်ထမ်းလေး ဖြစ်လာသည်မှာ မကြာသေး။

နွေက နာမည်ကြောင့်ပဲလားမသိ၊သူ့ဘဝလေးအလွန်ပူပြင်းခဲ့ရသည်။
နွေငယ်စဥ်ကတည်းက အမေအဖေဆုံးသွားသောကြောင့်
အဖေ့အစ်မဖြစ်သူ ကြီးတော်တင်နှင့်အတူနေရသည်။

ကြီးတော်တင်က နွေ့အပေါ်သနားဂရုဏာပိုရှာသည်။

သို့သော်ကြီးတော်တင်၌ သမီးနှစ်ဦးလဲ ရှိသေးတာမို့ နွေ့အရေးထက် သမီးအရေးတွေကိုလည်း လုပ်ဆောင်ရသေးသည်မဟုတ်လား။

နွေ့မိဘတွေ အလုပ်ကိစ္စဖြင့် ခရီးထွက်ရင်း ကား accidentဖြစ်ကာဆုံးသွားတော့ နွေကလေးနှစ်သမီးလေး အရွယ်သာရှိသေးသည်။

ကြီးတော်တင်က နွေ့အားထိန်းပေးနေကြမို့ နွေ့အားအုပ်ထိန်းခွင့်ကိုလည်း ကြီးတော်တင်သာ ရရှိခဲ့သည်။

ကြီးတော်တင်တွင် မယုနှင့်မသဲဟူသော သမီးနှစ်ယောက်ရှိရာ နွေရိပ်၏ အစ်မရင်းများကဲ့သို့တွယ်တာမိသော်လည်း သူ့ကိုမူ စနေမ..ဂြိုဟ် မွှေသည်ဟုဆိုကာ နှိမ်တတ်ကြသည်။

ကြီးတော်တင်ကွယ်ရာ၌မယုနှင့်မသဲကနွေ့အား အလွန်နှိပ်စက်တတ်သောကြောင့် နွေခြောက်တန်းနှစ်ကအင်္ဂလိပ်စာ၌ စင်ဒရဲလားအား နှိပ်စက်သော မိထွေးပါသမီးနှစ်ယောက် အကြောင်းသင်ရသောအခါ မယုနဲ့ မသဲအား မဆီမဆိုင် မျက်စိ ထဲ မြင်ယောင်မိသည်။

သို့သော် မိမိသည်လည်း စင်ဒရဲလားမဟုတ်သလို ကြီးတော်တင်သည်လည်း စင်ဒရဲလားမိထွေးလို မနှိပ်စက်ပါ။

သို့သော် တူမထက် သမီးအရင်းကို ပိုချစ်ကြသည်ကိုလည်း နွေရိပ်နားလည်ပါသည်။

နွေရိပ်မိဘတွေပိုင်ဆိုင်သောအိမ်ကို ကြီးတော်တင်က ရောင်းလိုက်ပြီး အချို့အားနွေ့မိဘတွေအတွက် အလှူပြုလုပ်ပေးကာ ဘဏ်တွင် အနည်းငယ် အပ်နှံပြီး နွေ့အားဘဏ်အပ်‌ေငွဖြင့်ကျောင်းပြီးသည်အထိ ကျောင်းထားပေးခဲ့ရှာသည်။

“ညည်းအဖေသာရှိရင် ညည်းဒီထက်အများကြီးပြည့်ပြည့်စုံစုံနေရမှာ၊ ညည်းအဖေက အမြဲပြောဖူးတယ်၊ကျွန်တော့်သမီးလေးကြီးလာရင် ဝန်ထမ်းလုပ်ခိုင်းမှာ အိန္ဒြေလဲရတယ်၊သိက္ခာလဲရှိတယ် မချမ်းသာပေမဲ့ ထမင်းလဲနှပ်မှန်တယ် သမီးကိုပြည့်စုံအောင်ထားရမှကတော့ ကျွန်တော့ တာဝန်ပေါ့”
လို့အမြဲပြောရှာတာ ဟုဆိုကာ ငိုတတ်သေးသည်။

နွေရိပ်ဘွဲ့ရတော့လည်းကြီးတော်တင်က

“သမီးလေး နွေ ရေ သမီးသူများဆီမှာ အောက်ကျို့ပြီး အလုပ်မလုပ်နဲ့ .. ဝန်ထမ်းလုပ်ပါ၊သမီးအဖေ ရဲ့ဆန္ဒလေးကို ဖြည့်ပေးရမယ်အေ၊ကြီးတင်ရဲ့ သူငယ်ချင်းက လ.ဝ.ကရုံး မှာ အရာရှိ ပဲ သူ့ဆီပြောပေးမယ်”

ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေ့စားလပေးဖြင့် ပထမဆုံးအလုပ်ဝင်ရသည့် ဝန်ထမ်းလေးဖြစ်လာခဲ့တော့သည်။

ကြီးတော်တင်ကား နွေရိပ်အား အတတ်နိုင်ဆုံးပြုစုပျိုးထောင်ပေးသော ကျေးဇူးရှင်ဆိုလျှင်မမှား။

နွေ ရုံးမှာလုပ်ရင်း မောင်နှင့်ဆုံဆည်းခဲ့ရသည်။

မောင်က သူ့ညီလေးအတွက် မှတ်ပုံတင်လာလုပ်ပေးရင်း နွေရိပ်နှင့်ဆုံဆည်းကြရာ နိုင်ငံခြားပြန်မောင်က သွက်လက်လွန်းလှသည်။

နွေနဲ့စကားပြောရင်း နွေ့ဖုန်းကို ကောက်ကိုင်ကာ သူ့ဖုန်းလေးထံmiss callခေါ်ရင်း နွေ့ဖုန်းနံပါတ်ကို အရယူခဲ့သည်။

ထိုနောက် နွေရိပ်၏ fbအကောင့် သို့addလာကာ ​မောင်နဲ့ friend ဖြစ်ပြီး messagerမှ စကားတွေပြောဖြစ်ခဲ့သည်။

နွေရိပ်နှင့်‌မောင်က မကြာမီ ချစ်သူတွေဖြစ်ခဲ့သည်။

မောင်သွားရာ မြို့ကမလေးရှားနိုင်ငံ ဂျိုဟိုးမြို့ဖြစ်သည်။

နွေရိပ်အစ်မ မယုကား ကုန်တိုက်တွင်အလုပ်လုပ်ကာ မသဲကအထည်ချုပ် စက်ရုံတွင်လုပ်ကြသည်။

မယုနှင့် မသဲက ဆယ်တန်းမအောင်သောကြောင့် ဝန်ထမ်းလုပ်မရ။

မယုက ဆယ်တန်းနှစ်၌ ရည်းစားပွေရှုပ်မှုကြောင့် စာမေးပွဲကျကာ ကျောင်းဆက်မတက်ဖြစ်တော့သလို မသဲက စာမလိုက်နိုင်သောကြောင့် ကိုးတန်းနှစ်၌ပင်ကျောင်းထွက်ကာ စက်ချုပ်သင်ခဲ့သည်။

မယုနှင့်မသဲ ကျောင်းထွက်လိုက်ကြတော့ နွေရိပ်က ရှစ်တန်းကျောင်းသူဘ၀ပဲရှိသေးသည်။

အိမ်တွင် အိမ်ဆိုင်လေး ဖွင့်ထားသောကြောင့်နွေရိပ် အားလပ်ချိန်တွင်ကြီးတော်တင်အား စျေးကူရောင်းရသည်။

မန်ကျည်း စေ့ ၊ပဲလှော်များကူထုတ်ရသေးသည်။

မယုနဲ့ မသဲ ချိုးဖို့ရေခပ်ထည့်ပေးရသည်။

ကြီးတော်တင်က ရပ်ကွက်ထဲက ဘုံဘိုင်၌သာရေချိုးသောကြောင့် နွေရိပ်ကကြီးတော်တင်အတွက် ချိုးရေခပ်ပေးစရာ မလို။

မယုနှင့်မသဲက အလုပ်လုပ်သည်ဟုဆိုသော်လည်း သူတို့လခအားလုံးက သူတို့အဝတ်အစားနှင့်မိတ်ကပ်ဖိုးပင်မလောက်။

အိမ်ဆိုင်လေးထဲကပင် လစ်ရင်လစ်သလို နှိုက်တတ်ကြသေးသည်။ကြီးတော်တင်ကား သမီးနှစ်ယောက်အတွက်အမြဲမျက်ရည်ကျရသည်။

နွေရိပ်ကို အားကိုးသော ကြီးတော်တင်ကို နွေရိပ်အလွန်သနားသောကြောင့်သူအလွန်ကြိုးစားသည်။

သူကြိုးစားသမျှအရာထင်သည်ဟု ပြောရမည်။

နွေရိပ်ဆယ်တန်း နှစ်ချင်းပေါက်အောင်ပြီး အဝေးသင်တက္ကသိုလ်တက်ရင်းဘွဲ့တစ်ခုရတော့ လ.ဝ.ကရုံးတွင် နေ့စားလပေးဝန်ထမ်းလေး ပင်ဖြစ်လာသည်။

မောင်သည်သာလျှင်နွေရိပ်၏အချစ်ဦး ရည်းစားဦး ဖြစ်လာခဲ့သည်။

မောင့်နာမည်က ရဲထက်ဦးဖြစ်သည်။မောင်သည်နာမည်နှင့်လိုက်အောင်ပင် သွက်လက်ထက်မြက်သောလူငယ်တစ်ယောက် ဖြစ်ပြီး အသားညိုညို အရပ်မြင့်မြင့် မျက်ခုံးကောင်းကောင်းနှင့် ကြည့်ကောင်းသူတစ်ယောက်ဖြစ်သည်။
မောင့်ရဲ့အချစ်ဦးကား နွေရိပ်တော့မဟုတ်ခဲ့။

ဒါပေမဲ့နွေရိပ် ပျော်ပါသည်။နွေရိပ်နဲ့မတွေ့ခင် မောင်ဘာတွေပဲဖြစ်ခဲ့ပါစေ နွေရိပ်နဲ့တွေ့ပြီးနောက် မောင်သာသစ္စာရှိနေပေးလျှင်ကျေနပ်ပါပြီ။

ခုဆို မောင်လိုင်းမတက် နွေရိပ်နှင့်အဆက်အသွယ်မရသည်မှာ သုံးရက်ခန့်ရှိလေပြီ။
နွေရိပ် မချစ်စဖူး အချစ်ရူးမို့ မောင့်ရဲ့တုံးတိတိအဆက်အသွယ်ဖြတ်သွားတာကို မခံစားနိုင်ခဲ့။

ကြီးတော်တင်က အကျိုးအကြောင်းမေးတော့ နွေ မလိမ်ခဲ့ အမှန်အတိုင်းသာ ပြောပြလိုက်သည်။
မယုက”နွေရိပ် ညည်းမှာ ကိုယ်ဝန်တွေဘာတွေရှိနေလို့ ဟိုက မယူချင်လို့ပစ်တာနေမှာပေါ့ ယောက်ျားပဲ ငြီးငွေ့ရင် ဒါမျိုးလုပ်နေကျ”

“စကားကို ကြည့်ပြောပါမယု နွေနဲ့မောင်က ချစ်သူတွေဆိုတာတော့ မှန်ပါတယ် ၊ဒါပေမဲ့ မယုပြောသလို သိက္ခာမဲ့လုပ်ရပ်မျိူးနွေဘယ်တော့မှမလုပ်ဘူး၊နွေက ကပျိုစင်ဘဝကိုတန်ဖိုးထားသလ်ို မောင်ကလည်း မယုထင်သလို ကျားငစဥ်းလဲမဟုတ်ဘူး၊ နွေရိပ်တို့ကမောင်မလေးရှား ရောက်ပြီးမှချစ်သူတွေဖြစ်တာ ”

“အေးလေ အဲလိုပဲပြောကြတာပဲ ပြီးမှအရပ်ထဲက လက်သည် ဒေါ်အေးဆီ လာဖျက်ချကြတာ တစ်ပုံကြီး ၊အဲ့အထဲ ညည်းမပါစေနဲ့ပေါ့”
ဟုဆိုကာ မဲ့ကာရွဲ့ကာ ထွက်သွားတော့သည်။

မလေးရှားနဲ့ မြန်မာနဲ့ စံတော်ချိန် 1:30အတိကွာလေ​သည်။

နွေ ဖုန်းလေးကို ကြည့်ရင်း ခုနှစ်နာရီ ထိုးလေရာ မလေးရှားတွင် ည၈နာရီခွဲအချိန်တွင် မောင်အလုပ်နားပြီမို့ viberကနေ…. မောင်အလုပ်ဆင်းပြီလား…….ဟုဝတ္တရား မပျက်စာပို့လိုက်သည်။

သို့သော် မောင့်ဆီကတော့ ဘာစာမှပြန်မလာသလို စာလေးအားကြည့်မည်သူမရှိ။

နွေရိပ်လဲ တစ်စိမ်းချိုးချိုးကာ စိမ်းကားသွားသော မောင့်ကိုနားမလည်ပေ။

နွေ ဝမ်းနည်းမှုကြောင့်ကျလာသော မျက်ရည်ကိုသုတ်ရင်း အိပ်ပျော်သွားတော့သည်။

အိပ်မက်ထဲတွင် မောင်ကနွေ့ကုတင်ဘေးတွင် ညှိုးငယ်စွာ ရပ်နေလေသည်။

“မောင်နွေ့ကို ဘာလို့ပစ်သွားတာလဲဟု ”
မေးတော့ မောင်က ဘာမှပြန်မဖြေပဲ ခေါင်းကြီးငိုက်စိုက်ချလျှက် အခန်းအပြင်သို့ ထသွားတော့သည်။

နွေလဲ မောင့်နောက်ကို ပြေးလိုက်သွားရာ မောင်က နွေ့အား ခပ်စိမ်းစိမ်းကြည့်ကာ မောင့်ဖုန်းလေးအား နွေ့ကိုလှမ်းပေးလေသည်။

နွေကလဲ မောင့်ဖုန်းအား အလျှင်အမြန်ယူရာ ဖုန်းမဟုတ်ဘဲ မောင့်ရဲ့ ခုတ်ထစ်ခံထားရသော နှာခေါင်းအပေါ်ပိုင်း ခေါင်းတစ်ခြမ်းဖြစ်နေသောကြောင့်

“အားးးး ”
ဟုအော်ကာ လန့်နိုးလာတော့သည်။

ထိုစဥ် နွေရိပ်အခန်းပြတင်းပေါက်တွင် အရိပ်တစ်ခုဖြတ်သွားသည်ကို တွေ့လိုက်ရပြီး အပြင်မှဆွဲဆွဲငင်ငင် အူလိုက်သောခွေးအူသံများကြောင့် နွေရိပ်လဲ လန့်နေမိတော့သည်။

အိပ်မက်ထဲတွင် မောင့်ခေါင်းအပေါ်ပိုင်းကြီး နွေလက်ထဲ ရောက်အလာ ဖွင့်ကြည့်လာသော မောင့်မျက်လုံးကို နွေပြန်မြင်ယောင်လာရင်း ဇောချွေးများပင် ပျံလာတော့သည်။

ထိုစဥ် နွေ့ဖုန်းမှ vibration မြည်လာကာ viber noti လေးမြင်လိုက်ရသည်။

နွေ့ဆီ ဘယ်သူများစာပို့ထားလဲဟု ကြည့်သော်လည်း ဘာစာမှမမြင်ရ။

နွေလည်း ဖုန်းပိတ်ကာ ဘုရားစာ ရွတ်၍အိပ်လိုက်တော့သည်။
ညက ညနက်မှ အိပ်ပျော်သွားသည်မို့ နွေမနက် အတော်နှင့်မထနိုင်တော့။

“ဟဲ့ ဟိုသူဌေးမ မိနွေ၊ မနိုးသေးဘူးလား ငါမနက် အလုပ်မသွားခင် ရေချိုးဦးမှာ ရေထခပ်စမ်း”

ဟု အခန်းတံခါးပုတ်နိုးသံကြောင့် နွေရုတ်တရက် လန့်နိုးလာတော့သည်။

“ဟုတ်မမသဲ ၊နွေခုပဲရေထမ်းလိုက်ပါ့မယ်”

ဟုဆိုကာ အိပ်ချင်မူးတူးနဲ့ ရေဘုံဘိုင်ရှိရာဘက်သို့ ရေပုံးလွတ်နှစ်ပုံးအားထမ်းပိုးတွင်ချိတ်ကာ ထွက်လာတော့သည်။

ဘုံဘိုင်ဘေး၌ရေတဖန်းပင်ကြီးတစ်ပင်လည်းရှိလေသည်။

နွေရိပ်ရေလာခပ်ချိန်ကမနက် စောလွန်းသေးသောကြောင့် ဘုံဘိုင်တွင်လူများရှင်းလင်းလျှက်ရှိသည်။

နွေရိပ်တစ်ချက်သန်းဝေလိုက်ပြီး ရေခပ်နေစဥ် သဖန်းပင်ကြီးနောက်မှ လူတစ်ဦးအရိပ်အားတွေ့လိုက်ရလေတော့သည်။

” ဘယ်သူလဲ အပင်နောက်က ဘယ်သူလဲဟုမေးရာ “ပြန်ဖြေသံမကြားချေ။

ထိုစဥ် အေးမာ ရောက်လာပြီး “နွေရိပ်ဘယ်သူ့ကို အော်နေတာလဲ “ဟုမေးရာ “သဖန်းပင်ကြီး နောက်မှာလူရိပ်တွေ့လိုက်မိသလားလို့ အေးမာရဲ့”ဟုဆိုတော့

အေးမာက “ငါသရဲတော့ကြောက်တတ်တယ် နွေရိပ် ၊ဒီအပင်ကြီးက ကြာလှပြီဆိုတော့ သရဲတွေဘာတွေရှိချင်ရှိမှာ၊ ငါ့ကိုစောင့်ဦးနွေရိပ်”ဟုဆိုကာ ပြူးတူးပြဲတဲနှင့်ဟိုကြည့်ဒီကြည့်လုပ်နေသော အေးမာကို ကြည့်ကာ နွေရိပ်ရယ်ချင်သွားသည်။

နွေရိပ်လဲ အေးမာအားစောင့်ရင်း ခြေလက်သန့်စင်ကာ မျက်နှာသစ်လိုက်သည်။

အိပ်ချင်စိတ်များပျောက်ကာ မျက်လုံးများ ကျယ်လာပြီး လူလဲလန်းဆန်းသွားတော့သည်။

ထိုစဥ် ခွေးတစ်ကောင်က ရေဘုံဘိုင်နား လာကာ နွေရိပ်တို့ရှိရာဘက်ကို ကြည့်ရင်း ဆွဲဆွဲငင်ငင်အူလိုက်သောကြောင့်အေးမာက ငိုသံကြီးနဲ့

“ကြောက်ပါတယ်ဆို ဒီခွေးက စောစောစီးစီး လာအူနေတယ် ၊လာလာ နွေရိပ်သွားရအောင်”

ဟုဆိုကာ နှစ်ဦးသား ရေထမ်းပိုးများအား ပုခုံးပေါ်တင်ကာ ကသုတ်ကရက်ထွက်လာကြတော့သည်။
နွေရိပ် စိတ်ထဲမသိုးမသန့်ဖြစ်နေမိသည်။

အရင်ကထိုသို့တစ်ခါမှမဖြစ်ဖူးသော်လည်း ညကအိပ်မက်ဆိုးမက်တာ၊အခန်းအပြင်ဖက် အရိပ်ဖြတ်သွားတာ၊ရေသဖန်းပင်၌အရိပ်တွေ့တာတွေက လတ်တလောကြုံတွေမှုရများသာဖြစ်လေရာ
“ဘုရားဘုရား မောင် ဘာမှမဖြစ်ပါစေနှင့်”ဟုနွေရိပ်တီးတိုးရွတ်မိသွားသည်။

နွေရိပ် ရုံးတွင်အလုပ်ရှုပ်လွန်းသောကြောင့် အိပ်မက်ကိစ္စ မေ့သွားသည်။

တစ်နေကုန်အလုပ်လုပ်ပြီး ညနေအိမ်ပြန်ရောက်တော့ ကြီးတော်တင်က နေမကောင်းဟုဆိုသောကြောင့်
နွေထမင်း၊ဟင်းချက်ကာ စျေးဆိုင်ထိုင်ပေးရသေးသည်။

အိမ်ဆိုင်လေးဟုဆိုသော်လည်း အရောင်းသွက်သည်ဟုပင်ဆိုရမည်။

ဒီအိမ်ဆိုင်လေးအား နွေရိပ်၏အိမ်ရောင်းပြီးရငွေလေးနှင့်အရင်းတည်ကာ ဖွင့်ထားသောကြောင့် တစ်ခါတစ်ရံ မယုနှင့်မသဲက နွေ့အား နှိမ်လျှင် ကြီးတော်တင်က

“နွေရိပ်အဖေပိုက်ဆံနဲ့ ဆိုင်ဖွင့်လို့ စားနေရတာ ပါးစပ်ပိတ်ထားကြအေ၊ နွေရိပ်က အိမ်မှာလာနေတာဆိုပေမဲ့ သူ့အထုပ်နဲ့သူ လာတာအေ ၊ညည်းတို့လို မအေကို မအေမှန်းမသိတဲ့သူမဟုတ်ဘူး”ဟု ဆိုပြောတတ်သည်။

နွေရိပ်လဲ ရုံးလုပ်ငန်း အိမ်လုပ်ငန်း ပင်ပန်းလွန်းတာကြောင့် ညအိပ်ယာဝင်ပြီး မကြာမှီ အိပ်ပျော်သွားလေတော့သည်။

အိပ်မက်ထဲတွင် နွေရိပ်သည် အပြေးအလွှားပြေးနေလေသည်။သူ့နောက်တွင် လူမျိုးခြား ယောက်ျားလေးဦး ပြေးလိုက်လာရာ မကြာမီ နွေရိပ်အား မိသွားသည်။

နွေရိပ်ကား အိပ်မက်ထဲတွင် မိန်းကလေးမဟုတ်ပဲ ယောက်ျားလေး ဖြစ်နေသည်။ထိုလေးယောက်က နွေရိပ်ပိုက်ဆံအိတ်ကိုလုကာ ပိုက်ဆံများကိုယူပြီး လူကိုလဲ ဝိုင်း၍ထိုးနှက်ကန်ကြောက်ကြလေတော့သည်။

ထိုမျှအားမရပဲ လူတစ်ယောက်က ဖုန်းဆက်လိုက်ရာ မကြာမီဆိုင်ကယ်နှင့်လူနှစ်ယောက်ထပ်မံ ရောက်လာက လက်ထဲတွင် ကိုင်ထားသော ဓားဖြင့် ဝိုင်းခုတ်ကြလေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ နွေရိပ်အော်သော်လည်း အသံကမထွက်။နွေရိပ်က သူတို့ဝိုင်း၍သတ်နေသူကို ကြည့်တော့ နွေရိပ်ချစ်သူ ရဲထက်ဦး ဖြစ်နေသည်။

နွေရိပ် မောင့်ကိုကြည့်နေစဥ် ထိုသူတွေက မောင့်အား အပိုင်းပိုင်းခုတ်ဖြတ်ကာ အမှိုက်ထည့်သောပီနံအိပ်အမဲကြီးထဲ ထည့်လျှက် ထွက်သွားကြတော့သည်။

မောင်ဝိညာဥ်သည် ထိုမြင်ကွင်းကို ကြည့်ကာ သနားစဖွယ် ငိုကျွေးကာ ပြာယာခတ်လျှက်ရှိသည်။

ထို့နောက် မောင်က တစ်စုံတစ်ခုအား ရှာဖွေနေသည်ကို တွေ့ရပြီး မကြာမီ နေရာတစ်ခုတွင်ကျနေသော မောင့်ဖုန်းအားတွေ့ရလေသည်။

မောင့်ဖုန်းသည် မီးလင်းလျှက်ရှိရာ စာများအား viberမှ ပို့လာနေသည်မှာ နွေရိပ်ထံမှဖြစ်သည်ကို တွေ့ရသည်။

ထိုစဥ်မောင်သည် ဘေးဘီဝဲယာအားကြည့်ကာ နွေရိပ်အားတွေ့သွားပြီး ဒေါသတကြီးဖြင့် နွေရိပ်ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရန်ကြိုးစားတော့ နွေရိပ်လဲ လန့်ကာ” အား”ကနဲ အော်ကာ လန့်နိုးလာသည်။

နွေရိပ်အော်သံကြောင့် တစ်အိမ်လုံးပင်လန့်နိုးလာကြတော့သည်။

မယုနဲ့မသဲကား နွေရိပ်အားဆဲဆိုပြီး ပြန်အိပ်သွားကြတော့သည်။

ကြီးတော်တင်က ဘုရားစင်မှ ပရိတ်ရေအား နွေရိပ်အား တိုက်ကာအိပ်မက်အကြောင်းမေးတော့သည်။

နွေရိပ်ကလဲ အိပ်မက်အကြောင်းပြောပြတော့
ကြီးတော်တင်က ညဘက်တစ်ရေးနိုးတော့ အပေါ့သွားရာ နွေရိပ်အခန်း အပြင်ဖက်ပြတင်းပေါက်နားတွင် အရိပ်လို လူတစ်ယောက်၏သဏ္ဌာန်ကို တွေ့ရကြောင်း ပြောပြလေသည်။

နွေရိပ်သိလိုက်ပါပြီ မောင် တစ်ခုခုဖြစ်နေပြီ ဆိုတာ။

နောက်ရက်နွေရိပ် ရုံးရောက်ပြီး သိပ်မကြာမီ နွေရိပ်ရှေ့တွင် အမျိုးသမီးကြီးတစ်ဦးက လာရပ်ကာ

“နွေရိပ်ညို ဆိုတာသမီးလား”

“ဟုတ်ပါတယ် အန်တီ ၊နွေဘာများကူညီပေးရမလဲ ”

“အန်တီက ရဲထက်ဦးအမေပါ သမီးနဲ့ပြောစရာလေးရှိလို့ ”

ဟုဆိုသောကြောင့် နွေရိပ်လဲ အရာရှိ ထံခွင့်ပန်ကာ ရုံးရှေ့က လက်ဖက်ရည်ဆိုင်လေးထဲသို့ ထွက်လာလိုက်တော့သည်။

“အန်တီဘာသောက်မလဲ ဟင်”

ဆိုတော့ အအေးလေးတစ်ခွက်ပဲ မှာလိုက်ပါဟုဆိုသောကြောင့် နွေရိပ်လဲ မောင့်အမေအတွက် အအေးမှာကာ နွေရိပ်အတွက် လက်ဖက်ရည်ကျစိမ့်တစ်ခွက်မှာလိုက်သည်။

“သမီးနဲ့သားချစ်သူတွေမှန်းအန်တီသိပြီးသားပါ သားကလဲ ပြောပြထားတယ် ၊ခုအန်တီလာတာက သားနဲ့ အဆက်အသွယ် မရတာလေးရက်ရှိပြီ သမီးဆီကိုများ ဆက်သွယ်သေးလား သိချင်လို့ပါ”ဟုဆိုကာ ရင်ထဲက အပူများအား အအေးဖြင့် မျောချလိုက်ဟန်ရှိသည်။

“ကျွန်မ မောင်နဲ့ အဲဟိုလေ ကိုရဲထက်ဦးနဲ့လည်း အဆက်အသွယ် ပြတ်သွားတာ လေးရက်လောက်ရှိပါပြီ အန်တီ ဒါပေမဲ့ ”

ဟုဆိုကာ အိပ်မက်အကြောင်း ပြောသင့်မပြောသင့် စဥ်းစားနေလေသည်။

“သမီး ပြောလေ ဒါပေမဲ့ ဘာဖြစ်သလဲ အန်တီလဲ နိုင်ငံခြားကသားနဲ့ အဆက်အသွယ်မရတော့ တိုင်မရ ပြုမရ နဲ့ အတော်ဒုက္ခရောက်နေလို့ ဘာများလုပ်ရင် ကောင်းမလဲ လို့သမီးနဲ့လာတိုင်ပင်တာ၊ သူ့သူငယ်ချင်းတွေဆီ မေးတော့ သားပြန်မလာတာ လေးရက်ရှိပြီ ဘာဖြစ်လဲ မသိဘူး သူတို့လည်း ရှာနေတယ်လို့ပဲ ပြောတယ်”ဟုဆိုကာ ငိုလေတော့သည်။

နွေရိပ်က အိပ်မက်အကြောင်း ပြောပြတော့ မောင့်အမေ ကြူကြူပါအောင်ငိုတော့သည်။

“အန်တီ သိပ်လဲ မစိုးရိမ်ပါနဲ့ ။ကိုရဲထက်ဦး က ဖုန်းပါ ပျောက်နေတာ ဆိုတော့ လေ။နွေရိပ်အိပ်မက်သာ မှန်မယ်ဆိုရင် အိပ်မက်ထဲက ဖုန်းကျသွားတဲ့နေရာနားမှာ သူ့သူငယ်ချင်းတွေကို ဖုန်းသွားရှာခိုင်းလိုက်ပါ ”

ဟုဆိုကာအိပ်မက်အကြောင်း အသေးစိတ်ပြောတော့ မောင့်အမေက သေချာမှတ်သားကာ ကျေးဇူးတင်ကြောင်းပြောကာ ပြန်သွားတော့သည်။

နောက်ရက်မနက် နွေရိပ်ရုံးသွားတော့ ရုံးရှေ့တွင် ထိုင်စောင့်နေသော မောင့်အမေအား တွေ့လိုက်ရလေသည်။မျက်နှာကလည်း ငိုထားဟန်ရှိလေသည်။

နွေ့ကိုတွေ့တော့ မောင့်အမေက မျက်ရည်များစီးကျလာကာ

“သမီးရေ သားဖုန်းကတွေ့ပြီ သမီးပြောတဲ့နေရာမှာ တွေ့တာ”ဟုဆိုကာ ငိုတော့ နွေရိပ်လဲ မျက်ရည်ကျမိတော့သည်။

စောစောစီးစီး ရုံးရှေ့တွင် မျက်ရည်ကျနေသော သူမတို့ကို အချို့က ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တီးတိုးဝေဖန်လျှက်ရှိလေသည်။

ကျွန်တော့နာမည်က ရဲထက်ဦး ၊ကျွန်တော့ချစ်သူနာမည်က နွေရိပ်ညို တဲ့ ။နွေနဲ့စတွေ့တာက သူမအလုပ်လုပ်ရာ လ.ဝ.က ရုံးတွင် ရဲထက်က ညီလေးအတွက် မှတ်ပုံတင်သွားလုပ်ပေးရင်းဆုံဆည်း ကြခြင်းဖြစ်သည်။

မျက်လုံးဝိုင်းဝိုင်း မျက်နှာဝိုင်းဝိုင်းလေးနှင့် အနေအေးသော နွေရိပ်ကို မြင်လျှင်မြင်ချင်းကျွန်တော်အတော်စိတ်ဝင်စားမိသည်။နွေ၏တည်ငြိမ်အေးဆေးတဲ့ အပြုံးလှလှအောက်မှာ ကျွန်တော့်နှလုံးသား တစ်ခုလုံး ကြွေဆင်းခဲ့ရသည်။

ကျွန်တော်ယခင်က မလေးရှား နိုင်ငံကွာလာလမ်ပူတွင်အလုပ်လုပ်ရင်း သုံးနှစ်ပြည့်တော့ မြန်မာပြည်ပြန်လာခဲ့သည်။

ယခုဗီဇာ သက်တမ်းထပ်တိုးပြီး ဂျိုဟိုးက သူငယ်ချင်းအလုပ်လုပ်နေသော ကားပစ္စည်းထုတ်စက်ရုံတွင်အလုပ်ပြန်သွားလုပ်မည်ဖြစ်သည်။

ထိုစက်ရုံသည် အလုပ်သမား ငါးထောင်ကျော်ရှိကာ မြန်မာအလုပ်သမား အများအပြား ရှိရာ စက်ရုံတစ်ခုဖြစ်သည်။

နွေနှင့်နီးစပ်ဖို့အရေး ဒီသုံးနှစ်ကြိုးစားကာ နွေ့ကိုလက်ထပ်မည်ဟု တွေးရင်း ရဲထက်ဦး ပျော်မဆုံး။

အနေအေးသော နွေထံဖုန်းနံပါတ်တောင်းရာ အေးစက်စက်နိုင်သောကြောင့် နွေ့ဖုန်းလေးကိုယူကာ ကျွန်တော့ဖုန်းကို ခေါ်ကြည့်လိုက်သည်။

နွေကား အံ့ဩကာ မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်နေသည်မှာ ချစ်စရာ ကောင်းလွန်းသောကြောင့် ပါးလေးကို ဆွဲလိမ်ချင်စိတ်ကို မနည်းမြိုသိပ်ထားရသည်။

နောက်တော့ messagerမှ လည်းကောင်း viberမှလည်းကောင်းတတီတီ အဖြေတောင်းမှ နွေ့အချစ်အားရတော့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။နွေအဖြေပေးတော့ ကျွန်တော် မလေးသို့ရောက်နေပြီ။

ကျွန်တော်မလေးတွင် သူငယ်ချင်းများနှင့် မြန်မာဆိုင်(မြန်မာလူမျိုးက ဖွင့်ထားသော မြန်မာထမင်းဟင်းဆိုင်)တွင်စားကြသည်။

မြန်မာဆိုင်နှင့် ကျွန်တော်နေရာ တိုက်ခန်းကားသိပ်မဝေးးလှ။မြန်မာဆိုင်အား လမ်းမကြီးမှသွားသည်ထက် တိုက်နောက်ဖေးလမ်းကြားမှသွားလျှင် ပိုနီးသောကြောင့် ကျွန်တော်နှင့် သူငယ်ချင်းအချို့က နောက်ဖေးလမ်းမှသွားလေ့ရှိသည်။ပိတ်ရက်တွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြသော်လည်း OT ဆင်းရသည့်နေ့များတွင် ဝယ်စားကြသည်က များသည်။

စက်ရုံတွင် အလုပ်လာလုပ်ကြသော မြန်မာမလေး အချို့က ပိုက်ဆံရလျှင်ပြီးပြီးရောအလုပ်ကို လုပ်ကြရာ ၊အင်ဒိုလူမျိုးတစ်ဦးနှင့် မြန်မာမလေးတစ်ဦး ငြိစွန်းကြရာရိုက်ပုတ်သည်အထိ ဖြစ်လာကြသည် ။

နယ်ခြားရပ်ဝေးကလာကြသော မြန်မာချင်းမို့ ထိုသူအား ရဲထက်သူငယ်ချင်းများက မြန်မာမအား ရိုက်သည်ဟုဆိုကာ ပြန်ရိုက်ကြတော့သည်။
ထိုစက်ရုံ၌ အင်ဒိုနီးရှားက အလုပ်လာလုပ်ကြသော သူလည်းများလေရာ မြန်မာမ အတွက် ပြသနာတက်ကြတော့သည်။

တစ်နေ့ရဲထက်က OTပြီး၍တစ်ဦးတည်းအနည်း​​ငယ်​စော၍ပြန်လာလေသည်။

အိမ်ရောက်တော့ ထမင်းအိုးတည်ကာ သူငယ်ချင်းများအတွက်ပါ ဟင်းဝယ်ရန် နောက်ဖေးကြားမှ မြန်မာဆိုင်ရှိရာသို့ ထွက်လာသည်။

ဖုန်းအင်တာနက် က wifi မိရာနေရာသို့ရောက်တော့ viberမှစာပို့သံကြား၍ကြည့်ရာ ချစ်သူနွေရိပ်ဆီမှစာဖြစ်သောကြောင့်စာ ပြန်ပို့မည်ပြင်စဥ် ရှေ့တွင်လူလေးယောက် လာပိတ်ရပ်လေတော့သည်။

ထိုသူထဲမှတစ်ဦးက မြန်မာမအားရိုက်သူဖြစ်ကြောင်းသိလိုက်ရလျှင် ရဲထက်ဦးလဲ ချက်ချင်း နောက်ပြန်လှည့်ပြေးရာ လေးယောက်တစ်ယောက် မို့မကြာမှီရဲထက်အား မိသွားပြီး ဝိုင်းရိုက်ကြတော့သည်။

ရဲထက်ကိုင်ထားသောဖုန်းလည်း တစ်နေရာသို့လွင့်စင်သွားတော့သည်။

ထိုသူလေးယောက်က စိတ်ကြိုက်နှိပ်စက်သည်ကိုအားမရသေးပဲ ဖုန်းဆက်ပြီး အခြားသူများကိုထပ်မံခေါ်လိုက်ရာ လူနှစ်ဦး ဓားများကိုယ်စီ ကိုင်ကာ ဆိုင်ကယ်ဖြင့်ထပ်မံရောက်ရှိလာလေသည်။
ထိုအချိန်တွင်ရဲထက် မှာ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေလေရာ တစ်ဦးမှနီးကပ်လာရင်း ရဲထက်ဦးခေါင်းအား ဓားဖြင့်ခုတ်ချလိုက်တော့သည်။

ထိုအချိန်တွင်ရဲထက်နားထဲ၌ viber message သံလေးအား နောက်ဆုံးကြားလိုက်ရလေတော့သည်။

ထို့နောက် ရဲထက်ဝိညာဥ်လည်း ချစ်သူနွေရိပ်ဆီရောက်လိုက် ၊ဖုန်းလေးအား လာရှာလိုက် ၊သူခန္ဓာကိုယ်အား ခုတ်ထစ်သွားသော သူများထံရောက်လိုက်နှင့် ပြာယာခတ်လျှက်ရှိသည်။
ရဲထက် က မိမိအဖြစ်အား ချစ်သူနွေရိပ်အားသိစေချင်သောကြောင့် အိပ်မက်ထဲတွင် နွေရိပ်အား ပြောပြရန်ကြိုးစားမိလေသည်။

နွေရိပ်ကြောက်နေမှန်းသိသောအခါတွင်လည်း ရဲထက် စိတ်မကောင်းဖြစ်မိသည်။

ရဲထက်ဖုန်းလေးအား သူငယ်ချင်းများလာရှာသည်ကိုတွေ့ရလေသည်။သူတို့ ဖုန်းကိုတွေ့သော်လည်း ရဲထက်ကိုမူ မတွေ့နိုင်ကြ။

နွေရိပ်စိတ်တွင် ဒေါသများခက်ထန်လျှက် ဓားကိုကိုင်ကာ အလင်းရောင်ဖျော့ဖျော့သာ ရှိသော တိုက်ကြားက လမ်းလေးတစ်ခုဆီသို့ ။
အိပ်မက်ထဲတွင် နွေရိပ်က ယောက်ျားလေးတစ်ဦး ဖြစ်နေသည်။

နွေရိပ် စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ဦးတစ်ယောက်အား ရှာဖွေနေမိလေရာ ဆိုင်ကယ်တစ်စီး ပေါ်မှလူနှစ်ယောက်ဆင်းလာလေသည်။

တွေ့ပါပြီ လူတစ်ယောက်ကိုဓားနှင့်ခုတ်ထစ်ပိုင်းသတ်ခဲ့သူတွေ။နွေရိပ် ထိုလူနှစ်ယောက်နောက်ကပ်လိုက်သွားကာ နောက်ကလူတစ်ယောက်ပုခုံးကိုလှမ်းပုတ်လိုက်သည်။ထိုသူက အလန့်တကြားလှည့်ကြည့်လာတော့ နွေရိပ်ကိုကြည့်ကာ လန့်ပြီးသတိလစ်သွားတော့သည်။

နွေရိပ် ထိုလူ့ခန္ဓာကိုယ်ထဲ ဝင်လိုက်ပြီး ထလာကာ ခါးကြားမှဓား ကိုထုတ်လျှက် ရှေ့ကသွားနေသူထံ ပြေးကာ နောက်မှသိုင်းဖက်လိုက်ပြီး ဓားနှင့်အချက်ပေါင်းများစွာ ထိုးလိုက်သည်။
သွေးအိုင်ထဲ လဲကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသော ထိုသူအားကြည့်ပြီး နွေရိပ်ကျေနပ်စွာ ပြုံးလိုက်သည်။

မကြာမီ အပေါ်ထပ်အခန်းရှေ့တစ်ခု ရောက်တော့ တံခါးအား ခေါက်လိုက်သည်။

မကြာမီလူတစ်ယောက် လာဖွင့်ပေးရာ နွေရိပ်နားမလည်သော ဘာသာစကားဖြင့် နွေရိပ်အားကြည့်ကာ ပြောနေသော ထိုသူ၏ရင်ညွန့်ဘယ်ဘက်ခြမ်းအား ဓားနှင့်ဆက်ကာ ဆက်ကာ ထိုးလိုက်သည်။

အိမ်ထဲမှာရှိနေသော သူသုံးဦးပြေးထွက်လာရာ ထိုသူတွေအားလုံးကိုလဲ ဓားနှင့်စိတ်ကြိုက် ထိုးလိုက်သည်။ထိုအခန်းတစ်ခုလုံး သွေးများအားလုံး ချင်းချင်းနီသွားရာ ဗီဒိုတစ်ခုထဲမှ အဖြူရောင် အမှုန့်အထုပ်ကို ဖောက်ကာ အခန်းထဲ ဖြန့်ကျဲလိုက်သည်။

ထို့နောက် နွေရိပ်သည် ပြတင်းပေါက်ပေါ်တက်ကာ တိုက်ပေါ်မှ နောက်ဖေးလမ်းကြားဘက်သို့ ခုန်ချလိုက်လေရာ “အားးးး “ဟုအော်ရင်း နွေရိပ်လန့်နိုးလာတော့သည်။

တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကာ လက်များကလဲ တစ်ခုခုကို ဖမ်းဆုပ်ထားရသကဲ့သို့ နာကျင်ညောင်းညာနေလေတော့သည်။

နွေရိပ်ရုံးသို့ရောက်လေသောအခါ ဦးစီးမှုးက နွေရိပ်အား ရုံးခန်းသို့ ခေါ်ခိုင်းလိုက်သည်။

နွေရိပ်လဲ ရင်တထိတ်ထိတ်ဖြင့် ဦးစီးအခန်းသို့ ဝင်သွားရာ ဦးစီးမှုးမှ စာရွက်တစ်ရွက်ကို နွေရိပ်ညိုထံသို့ လှမ်းပေးကား Good Luck ပါ နွေရိပ်ညိုဟုဆိုလေသည်။

နွေရိပ်လဲ တုန်ရင်သောလက်ဖြင့် စာရွက်လေး အားဖြန့်ကြည့်ရာ နွေရိပ်ညိုအား နေ့စားလပေး ရုံးဝန်ထမ်းမှ အတည်ရုံးဝန်ထမ်းအဖြစ် ခန့်ထားသော စာဖြစ်မှန်းသိလိုက်ရလေတော့သည်။

နွေရိပ်က “ကျေးဇူးပါ ဆရာ”ဟုပြောရင်းဦးစီး မှုးအခန်းမှထွက်လိုက်ရာ အားလုံးက လက်ခုပ်တီးကာ “congratulations ပါ နွေရိပ်ညို ရာထူးတွေလဲ အဆင့်ဆင့်တိုးပါစေ”ဟုဝိုင်းဆုတောင်းပေးကြလေတော့သည်။

နွေရိပ်ညို ညနေအိမ်သို့အပြေးပြန်ကာ ကြီးတော်တင်အား ပြေးဖက်လိုက်တော့သည်။ကြီးတော်တင်က ဘာဖြစ်လာတာလဲ ကလေးမရယ် ။နင့်ကောင်လေးဆီက အဆက်အသွယ်ရလို့လားဟု မေးမှ နွေရိပ်မောင့်ကိုသတိရကာ စိတ်မကောင်းဖြစ်မိသွားသည်။

နွေရိပ်သတင်းကြားလျှင်မောင်လဲ အရမ်းပျော်ရှာမည် မဟုတ်လား။

နွေရိပ်က”သမီး နေ့စားလပေး ဝန်ထမ်းဘဝကနေ အတည်ဝန်ထမ်းဖြစ်လို့ ပျော်နေတာပါ ကြီးတော်တင်ရဲ့” ဟုဆိုကာ order စာရွက်လေးအား ထုတ်ပြလိုက်တော့ သည်ကြီးတော်တင်က ငိုရှာသည်။

“ငါ့မောင်လေး ရဲ့ဆန္ဒကို မကြီးတင် ဖြည့်ပေးလိုက်နိုင်ပါပြီကွယ်”ဟုတတွတ်တွတ်ပြောရှာသည်။

ထိုစဥ် အိမ်ရှေ့သို့ ဆိုင်ကယ်တစ်စီး ရပ်ကာ မောင့်အမေနဲ့ မောင်နှင့်အတော်ဆင်သော ကောင်လေးတစ်ယောက် နွေရိပ်တို့ထံသို့ လျှောက်လာလေသည်။

ကြီးတော်တင်က သမီးဧည့်သည်တွေလားဟု မေးတော့ နွေရိပ်ခေါင်းငြိမ့်ပြလိုက်သည်။

နွေရိပ်က “လာပါအန်တီတို့ထိုင်ကြပါ”ဟုဆိုကာ တန်းလျားခုံလေးအားလက်ညှိုးထိုးပြရာ သူတို့ကလည်း ခုံပေါ်ဝင်ထိုင်လိုက်သည်။

မောင့်အမေက “သမီးရယ် ဒီမှာကြည့်ပါဦး “ဟုဖုန်းလေးကို နွေရိပ်အားပြလေသည်။
နွေဖုန်းလေးကို ယူကြည့်လိုက်တော့ မလေးရှားနိုင်ငံ က သတင်းဖြစ်သည်။

သတင်းတွင် အင်ဒိုလူမျိုး အလုပ်သမားခြောက်ဦးက မူးယစ်ဆေးဝါးကြောင်ကာ အချင်းချင်းဓားနှင့်ထိုးသတ်ကြောင်း တစ်ဦးမှာ တိုက်ပေါ်မှခုန်ချကာ ဇက်ကျိုး သေဆုံးသွားကြောင်း ။ထိုအိမ်၏စတိုခန်းတွင် ခုတ်ထစ်ခံအသတ်ခံထားသောပုတ်ပွ လူသေ အလောင်းတစ်လောင်းလဲ တွေ့ရပြီး ထိုအလောင်းမှာ မြန်မာအလုပ်သမားထဲ မှ ပျောက်ဆုံးနေသူ ရဲထက်ဦးဆိုသူ ၏ အလောင်း​ဟု ယူဆရကြောင်း ဖတ်ရှူရလေသည်။

ထိုသတင်းကိုကြည့်ကာ “ဒါဆိုမောင် အသတ်ခံရတာ သေချာသွားပြီပေါ့နော်အန်တီဟု ဆိုတော့ မောင့်အမေက နက်ဖြန်သားအတွက်အိမ်မှ တရားနာမှာမို့ သမီးကို လာဖိတ်တာပါ၊ လာဖြစ်အောင်လာခဲ့ပါ သမီးရယ် “ဟုဆိုတော့ “ဟုတ်လာမှာပါ အန်တီ မောင့်ရဲ့ နောက်ဆုံးခရီးလေး အေးချမ်းဖို့ လာမှာပါ “ဟုဆိုကာ မျက်ရည်များ စီးကျလာပါသည်။

ထိုသားအမိပြန်သွားတော့ နာကျင်နေသော မိမိလက်ကိုကြည့်ရင်း နွေရိပ်ပြုံးမိ​ တော့သည်။

ရဲထက်ဦး၏ ဝိညာဉ်ပြုမူသမျှအား နွေက အိပ်မက်ထဲတွင် တွေ့ရှိခဲ့ရသောကြောင့်ဖြစ်၏။

ချစ်သူ၏ကလဲ့စားအတွက် နွေသည်လည်းကျေနပ်လျှက်….
စာရေးသူ- နန်းကြာညို