ခွင့်လွှတ်ပါနော်သူငယ်ချင်းမောင်ဗျိုင်း

ခွင့်လွှတ်ပါနော်သူငယ်ချင်းမောင်ဗျိုင်း(စ/ဆုံး)

———————————————

မြန်မာနိုင်ငံ လွတ်လပ်ရေး ရလုဆဲဆဲမှ လွတ်လပ်ရေး ရပြီးကာစအထိ နိုင်ငံခြားသင်္ဘောများတွင် သင်္ဘောလိုက်လိုပါက သင်္ဘောကုမ္ပဏီ သို့မဟုတ် အေဂျင်စီ သို့မဟုတ် ကိုယ်စားလှယ်ထံသို့ လိုင်းကြေးအဖြစ် ငွေကျပ် သိန်းပေါင်းများစွာ မပေးရပဲ သင်္ဘောသား လုပ်လိုသူ ရှာပေးလျှင် ရှာပေးသူအား သင်္ဘောကုမ္ပဏီက ငွေ ၅၀၀-ကျပ် ပေးသည်။ ဆန်တစ်ပြည် ၂၅-ပြား ပေးရသောခေတ်က ငွေ ၅၀၀-ကျပ် ၏ တန်ဖိုးကို ခန့်မှန်းနိုင်သည်။ ထို့ကြောင့် အလုပ်ရှာပေးသူက သင်္ဘောသားအား အဝတ်အထည်နှင့် အစားအသောက်ဝယ်ရန် ငွေ ၁၀၀-ကျပ် ပြန်ပေးသည်။

လောကကြီးတွင် အထွေထွေ စိတ်ညစ်နေသူ ကိုရှိန်တစ်ယောက် သင်္ဘောလိုက်ရန် ငွေ ၁၀၀-ကျပ် ယူလာခဲ့သည်။ ဤတွင် အိပ်ရာပေါ်၌ အစဉ်လှဲလျောင်းကာ ရောဂါမျိုးစုံ ခံစားနေရသော မိခင်ကြီးက…

မောင်ရှိန်… သားရယ် မိုက်လှချည်လားကွယ်။ မင်းနိုင်ငံခြား လိုက်သွားရင် အိပ်ရာထဲ လဲနေတဲ့ အမေ ဘယ်လိုနေရမလဲကွယ်။ ဆေးလည်း ကုနိုင်မှာ မဟုတ်ဘူး။ စားရေး သောက်ရေးမှာလည်း အမေ အစာငတ်ပြီး သေမှာပဲကွယ်!!!

ကျွန်တော့်ဘဝမှာ ဘာမှမပြည့်စုံဘူး အမေ။ မြန်မာပြည်မှာလည်း မနေချင်ဘူး။ နိုင်ငံခြားသင်္ဘောလိုက်ရင်း သေချင်သေ ကြေချင်ကြေပဲဗျာ။ ကျွန်တော် သိပ်စိတ်ညစ်တာပဲ အမေ!!!

အမေ့ကိုယ် အမေသိပါတယ်။ အမေ့ရောဂါတွေနဲ့ နောက်ထပ်နေရ သုံးလေးလထက် မပိုပါဘူး။ ဒါ့ကြောင့် အမေသေမှ ငါ့သား လုပ်ချင်ရာ လုပ်ပါကွယ်။ အခု အမေမသေခင် ခွဲမသွားပါနဲ့ သားရယ်!!!

ထို့ကြောင့် ကိုရှိန်ယူလာသော ငွေ ၁၀၀-ကျပ် ကို နှမြောတသစွာ ပြန်ပေးခဲ့ရသည်။ ကိုရှိန် စိတ်အလွန် ညစ်နေသည်။

ကိုရှိန်နှင့် မိခင်ကြီးတို့သည် ရွှေတိဂုံစေတီတော်ကြီး မြောက်ဘက်မုခ် သွေးဆေးကန်အနီးရှိ ကျူးကျော် ရပ်ကွက်တွင် နေထိုင်ကြသည်။ ထုံးစံအတိုင်း တဲအိမ်ဖြစ်သည်။ ဓနိမိုး ကျူဖျာကာ တဲအိမ်လေးတွင် သားအမိနှစ်ယောက် နေထိုင်ခြင်း ဖြစ်သည်။

မြောက်ဘက်မုခ်က ဆင်း၍ လမ်းဖြတ်ကူးလိုက်လျှင် ဝဲဘက်မြေနိမ့်ပိုင်းတွင် အာဇာနည်ဗိမာန်။ ညာဘက် အမြင့်ပိုင်း တော်တော်လေး လျှောက်မိလျှင် ကမ္ဘာအေးကလေးစေတီ ရှိသည်။ တည့်တည့် ဆက်သွားပြီး ကုန်းဆင်းလိုက်သော် ရေတာရှည်လမ်းသို့ ရောက်သည်။

မြောက်ဘက်မုခ်က ဆင်းပြီး လမ်းကူးလိုက်သည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသည်။ “အာဇာနည်ဗိမာန်” ၏ အထက်ကုန်းစောင်းတွင် ညောင်မုတ်ဆိတ်ပင်၊ ခရေပင်၊ စကားစိမ်းပင်၊ ကံ့ကော်ပင်နှင့် ပိန္နဲပင်များ ပင်ချင်းဆက်နေသည်။ ဤကုန်းကို အာဇာနည်ကုန်းဟု ခေါ်၍ ကမ္ဘာအေးကလေးစေတီဘက်တွင် ကျူးကျော်အိမ်များ ပြွတ်သိပ်နေသည်။ မြက်ခင်းထူထပ်သောကြောင့် ကုလားများလည်း ဤနေရာတွင် ဆိတ်ကျောင်းလေ့ ရှိကြသည်။

ကိုရှိန်သည် လမ်းနှင့် ခပ်ဝေးဝေး လူသူ အသွားအလာရှင်းသော ပိန္နဲပင်ကြီး၏ မြစ်ဆုံကို မှီကာ အင်္ကျီရင်ဘက်ဟောင်းလောင်းနှင့် ပုဆိုးကို ပေါင်အထိ မ,တင်ထားသည်။ ဒူးတစ်လုံးပေါ် တစ်လုံးချိတ်လျှက် လက်နှစ်ဖက်ကို နောက်စေ့တွင် ဝှက်ထားသည်။ ကိုရှိန် သူ၏ လက်ရှိဘဝကို ပြန်တွေးနေမိသည်။

ထိုခေတ်က သိမ်ကြီးစျေးကို ဗဟိုပြု၍ ရန်ကုန်မြို့ဆင်ခြေဖုံးများသို့ ဘတ်(စ်)ကားများ ပြေးဆွဲသည်။ ယနေ့ခေတ် ဘတ်(စ်)ကားများသည် လိုင်းကားနံပါတ်များနှင့် ပြေးဆွဲကြသည်။ ထိုခေတ်က ဘတ်(စ်)ကားလိုင်းများမှာ ပုစွန်တံဆိပ်၊ မီးရထားတံဆိပ်၊ ရွက်လှေတံဆိပ်၊ နဂါးတံဆိပ် စသည့် တံဆိပ်များဖြင့် ကားလိုင်းများ ပြေးဆွဲသည်။

ကိုရှိန်သည် နဂါးတံဆိပ်ဘတ်(စ်)ကားလိုင်းတွင် (Time Keeper) အချိန်ထိန်း ဂိတ်လူကြီး ဖြစ်သည်။ ဘတ်(စ်)ကား တစ်စီးပြီးတစ်စီး စီနီယာအလိုက် ပုံမှန်အချိန်အတိုင်း ဂိတ်မှ ထွက်ရှိရေး စာရင်းစာအုပ် တစ်အုပ် ဝီဆယ်(လ်) တစ်ခုနှင့် သစ်သားရုံကလေး အတွင်းတွင် တစ်နေကုန်ထိုင် အလုပ်လုပ်ရသည်။ မူရင်း အခေါ်အဝေါ်မှာ တိုင်းကစ်ပါ ဖြစ်သော်လည်း မြန်မာတို့၏ လျှာ မြန်မာတို့၏ အာဖြင့် ကိုရှိန်ကို တိုင်ကီဘာဟု ခေါ်ကြ၏။

တိုင်ကီဘာကိုရှိန် အကြိုက်ဆုံးအရာ လောကကြီးတွင် နှစ်ခုရှိသည်။ ညနေပိုင်း ဓနိရည်သောက်ခြင်းနှင့် ညလုံးပေါက် ဖဲကတ်ဆွဲခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် နံနက် လေးနာရီမှ မွန်းလွဲ နှစ်နာရီ ဂျူတီကို ကိုရှိန် အမြဲဆင်းဖြစ်ခြင်း ဖြစ်သည်။ ယင်းနှစ်ခုကြောင့် ကိုရှိန်တွင် ခါးဝတ် ခါးစားသာ ပိုင်ဆိုင်ပြီး မြန်မာပြည်တွင် မနေချင်လောက်အောင် စိတ်ညစ်နေခြင်းပင် ဖြစ်သည်။

ယခုလည်း ပိန္နဲပင်မှီပြီး အနားယူနေစဉ် ဓနိရည် သောက်ချင်စိတ် ပေါ်လာသည်။ နေညိုချိန် ရောက်လာသဖြင့် ခန္ဓာကိုယ်က သစ္စာရှိစွာ ဓနိရည်ကို တောင်းခံလာခြင်း ဖြစ်သည်။ ထိုစဉ် ရှေ့တည့်တည့်သို့ လူရိပ်တစ်ခု ပေါ်လာသဖြင့် ကောင်းကင်သို့ မော်ကြည့်၍ သောင်စဉ်ရေမရ တွေးနေသော ကိုရှိန် ဖျက်ကနဲ သတိထားလိုက်မိသည်။ ကိုရှိန်နှင့် သက်တူရွယ်တူ စွပ်ကျယ်အဖြူလက်တို လုံချည်အပြာကွက်နှင့် အသားက မဖြူမညို။ ကိုရှိန့်ကို ပြုံးပြီး ကြည့်နေသည်။ ကိုရှိန်သည် ဘတ်(စ်)ကား ဂိတ်တွင် လူပေါင်းများစွာနှင့် ဆက်ဆံနေရသူပီပီ သွက်လက်စွာဖြင့်…

သြော်… မိတ်ဆွေ ထိုင်ပါလားဗျာ။ ဒီအပင်ရိပ်က အေးပါတယ်။ လေလေး တဖြူးဖြူးနဲ့ ညနေစောင်း အပန်းပြေတာပေါ့!!!

ဟုတ်ကဲ့… ကျွန်တော်ထိုင်ပါ့မယ်။ ကျွန်တော် ခင်ဗျားကို ဒီနားမှာ မြင်မြင်နေတာ တစ်ပတ်လောက်ရှိပြီ။ အခု စကားပြောရအောင် လာမိတ်ဆက်တာဗျာ!!!

အေးဗျာ… ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့… ကျွန်တော် ဖဲကတ် ဆွဲတာ နေ့တိုင်းရှုံးနေလို့ စိတ်ညစ်ပြီး ဒီမှာ လာထိုင်တာ!!!

မိတ်ဆွေက လောင်းကစား ဝါသနာပါတာကိုး!!!

လောင်းကစားတင် မဟုတ်ပါဘူး။ ဓနိရည်လေးလည်း စုတ်တတ်တယ်။ ဒီပတ်ဝန်းကျင်မှာဆို မသိတဲ့လူ မရှိဘူး။ တိုင်ကီဘာကိုရှိန်ဆိုရင် နာမည်နဲ့ တွဲပြီး ကျွန်တော့်အကျင့်လေးတွေပါ သိနေကြတယ်။ ဒါနဲ့ ခင်ဗျားနာမည်လည်း ပြောဗျာ!!!

ထိုသူက မျက်နှာကို ကောင်းကင်ပေါ် မော့လျှက် မေးစေ့ကို ပွတ်နေသည်။ ညနေ ၆-နာရီ ကျော်ကျော်။ ငှက်များ အိပ်တန်း တက်နေချိန်။ ကောင်းကင်တွင် ဗျိုင်းတစ်အုပ် မြှားဦးသသဏ္ဍာန် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ကိုရှိန်အား…

ကျွန်တော့်နာမည် မောင်ဗျိုင်းလို့ ခေါ်ပါတယ် ကိုရှိန်။ နေတာကတော့ ဟောဒီနားမှာပါ။ တစ်ယောက်တည်းသမားပါ!!!

ကျွန်တော်ကတော့ အမေနဲ့ဆိုတော့ နှစ်ယောက်ပေါ့ဗျာ။ သွားဦးမယ်ဗျာ။ ဓနိရည် သောက်ချိန်ကျပြီ။ ပိုက်ဆံလည်း မရှိဘူး။ သွားရှာလိုက်ဦးမယ်!!!

* – * – * – * – * – *

အလဲကွဲ့… ဒီနေ့တော့ ကိုမောင်ဗျိုင်းက စောပြီး ရောက်နေတယ်။ ကောင်းတယ်ဗျာ!!!

မောင်ဗျိုင်းလို့ပဲ ခေါ်ပါ။ ဒီနေ့ ခင်ဗျားအလာကို စောင့်ရင်း မနေ့က ခင်ဗျားနေတဲ့အတိုင်း ပိန္နဲပင်ကိုမှီပြီး အညောင်းဆန့်နေတာဗျာ။ ကဲ… လာ လာ၊ ခင်ဗျား ထိုင်နေကျနေရာ ခင်ဗျားထိုင်!!!

ကျွန်တော့်အလုပ်က သုံးရက်ဆင်း တစ်ရက်နားရတယ်။ မနက်ဖြန် ကျွန်တော့်နားရက်လေ။ နားရက် သုံးဖို့အတွက် ကားဒရိုင်ဘာ စပါယ်ယာတွေဆီ ငွေနည်းနည်းချင်း စုနေရလို့ ဒီနေ့ နောက်ကျသွားတာ!!!

ဒါနဲ့ ကိုရှိန်… ကျွန်တော် ခင်ဗျားကို အကူအညီ တစ်ခုပေးမယ်။ ခင်ဗျားကလည်း ကျွန်တော့်ကို တစ်ခုပြန်ကူညီပါ!!!

သူများပစ္စည်းခိုးတာ လုတာမျိုး၊ သူများကို သွားသတ်ရတာမျိုး မဟုတ်ရင် ကျွန်တော် ကူညီပါ့မယ် မောင်ဗျိုင်း။ ဒါနဲ့ ကျွန်တော့်ကို ကူညီမယ်ဆိုတာ ဘာလဲ။ အဲ့ဒါကို အရင်ရှင်းအောင် ပြောဦး!!!

ဒီလိုပါ ကိုရှိန်… အခု ဓနိရည်သောက်ဖို့နဲ့ ကစားဖို့ ငွေလိုနေတယ် မဟုတ်လား။ အဲ့ဒီငွေ ကျွန်တော်ပေးမယ်!!!

ငွေပေးမယ် ဟုတ်လား။ ဘယ်လောက်ပေးမလဲ!!!

ငွေတော့ မရှိဘူး။ ဒါလေးရောင်းပြီး ငွေဖြစ်အောင်လုပ်!!!

ကိုရှိန် လက်ထဲ ရောက်လာသော ဒင်္ဂါးပြားလေးကို တအံ့တသြ ကြည့်နေသည်။

ဒါ ဘာဒင်္ဂါးပြားလဲ။ ကြေးဒင်္ဂါးလား မောင်ဗျိုင်း!!!

ရွှေအစစ်ပါ ကိုရှိန်။ စိတ်ချလက်ချသာ သွားရောင်းပါ ကိုရှိန်။ ခင်ဗျား ပြဿနာ မဖြစ်စေရဘူး။ အခု ကျွန်တော်ပေးတာ ခင်ဗျား ပြန်ဆပ်စရာ မလိုဘူး!!!

ဒါကတော့ ဟုတ်ပါပြီ။ မောင်ဗျိုင်းကို ကျွန်တော် ဘာကူညီပေးရမလဲ!!!

ဒီလိုပါ… ကျွန်တော်က တစ်ကိုယ်ရည် တစ်ကာယနေတော့ ဟင်း,ထမင်းကောင်းကောင်း ချက်မစားနိုင်ဘူး။ ဒါ့ကြောင့် ခင်ဗျား ကျွန်တော့်အတွက် ဟင်းချက်ပေးပါလို့!!!

ခင်ဗျားအတွက် ဘာဟင်းတွေ ချက်ပေးရမလဲ!!!

ဟင်းတွေ မဟုတ်ပါဘူး။ ဟင်းတစ်မျိုးတည်းပါ။ အဲ့ဒါ ဝက်သားဟင်းပါ။ ဝက်သား အစိတ်သား တစ်ရက်ခြား ချက်ပြီး ချိုင့်နဲ့ ည ၈-နာရီ ဒီကို လာပို့ပေးပါ။ ဝက်သားဟင်းတစ်နပ်ကို ငါးကျပ်လောက် ကုန်မှာပါ။ အဲ… ဟင်းချက်လာတာ လေးငါးကြိမ်လောက်ရင် ကျွန်တော် နောက်တစ်ကြိမ် တစ်ကြိမ်စီ ငွေထပ်ပေးမယ်!!!

မောင်ဗျိုင်း နစ်နာမှာပေါ့။ ဟင်းလေးငါးကြိမ်က ခင်ဗျားပေးတဲ့ ရွှေဒင်္ဂါးနဲ့စာရင် ဘာမှ မပြောပလောက်ဘူး!!!

ကျွန်တော် ဒါတွေ မတွက်ပါဘူး။ ဟင်းသာ ကောင်းကောင်းချက်ခဲ့ပါ။ လက်သုပ်ပုဝါနဲ့ ဇွန်းတစ်ချောင်းပါ ယူခဲ့နော်။ ဒါနဲ့ ကိုရှိန့်ကို ကျွန်တော် ဆုတောင်းပေးလိုက်မယ်။ ကိုရှိန် ဖဲကတ်ကစားတိုင်း တစ်ဝိုင်းမှာ ၂၅-ကျပ် နိုင်ပါစေဗျာ။ ၂၅-ကျပ် နိုင်ရင် တော်လိုက်တော့။ နောက် ဘယ်လောက် ဆက်ကစား ကစား ၂၅-ကျပ် ထက် ပိုမနိုင်ရဘူး!!!

မောင်ဗျိုင်းရာ… ခင်ဗျားဆုတောင်းတာ ၂၅-ကျပ် ပဲလား။ နည်းလိုက်တာ။ ကျွန်တော့်အမေ ဆေးကုနေရတော့ အများကြီးနိုင်အောင် ကစားရမှာပဲ။ ကဲ… မောင်ဗျိုင်း၊ ခင်ဗျားနဲ့ ကျွန်တော် အပေးအယူ တည့်ပြီ။ ဒီဒင်္ဂါး မနက်ဖြန် သွားရောင်းပြီး လုပ်စရာ ရှိတာလေးတွေ လုပ်ဦးမယ်။ မနက်ဖြန်ည ၈-နာရီ ဒီနေရာကနေစောင့်၊ ဝက်သားဟင်း ချက်လာခဲ့မယ်။ ဒါနဲ့ ထမင်း ဘယ်နှစ်လုံး ချက်ခဲ့ရမလဲ!!!

မလိုဘူး ကိုရှိန်… ဝက်သားသာ ကောင်းကောင်း ချက်လာရင် ကျေးဇူးအထူးတင်တယ်။ ကဲ… သွားတော့!!!

* – * – * – * – * – *

ည ၈-နာရီ တိတိတွင် ကိုရှိန် တစ်လုံးချိုင့်ကလေးနှင့် ချိန်းဆိုထားသော ပိန္နဲပင်အောက် ရောက်လာသည်။ လမ်းလေးပေါ်တွင် လူအသွားအလာ အနည်းငယ် ရှိသော်လည်း ခပ်လှမ်းလှမ်း ပိန္နဲပင်အောက်တွင် မည်းမှောင်နေသည်။ ပိန္နဲပင်အနီးရှိ ခရေပင် စကားစိမ်းပင်များက ဆက်နေသဖြင့် သတ္တိနည်းသူ ကြောက်တတ်သူတို့အဖို့ ခြောက်ခြားစရာ။ ဓနိရည် မူးမူးနှင့် ကိုရှိန် ပိန္နဲပင်အောက် ထိုင်လိုက်စဉ်…

ဟော… ကိုရှိန် ရောက်လာပြီလား။ အချိန်အတိအကျပဲ!!!

အေးဗျာ… ကျွန်တော်က ဆင်းရဲလွန်းတော့ တန်ဖိုးထားစရာ ကတိပဲရှိတယ်။ ရော့… ဒီမှာ မောင်ဗျိုင်းအတွက် ဝက်သားဟင်း။ အထဲမှာ ဇွန်းပါတယ်!!!

မောင်ဗျိုင်းသည် ကိုရှိန့်လက်မှ ချိုင့်ကိုယူပြီး မှောင်ထဲတွင် ချိုင့်အဖုံးကို ဖွင့်လိုက်သည်။ မဆလာနံ့ သင်းသော ဝက်သားဟင်းအနံ့ မွှေးကြိုင်လာသည်။ “ကိုရှိန်” ၏ရှေ့ အမှောင်ထဲတွင် ထိုင်ပြီး ဝက်သားဟင်းကို ဇွန်းနှင့် ခပ်စားသည်။ ဓနိရည် အရှိန်တက်နေသော ကိုရှိန်သည် ပိန္နဲပင်စည်ကို မှီပြီးမှိန်းနေသည်။

ကဲ… ကိုရှိန်၊ စားလို့ ကောင်းလိုက်တာဗျာ။ ဒါ ဘယ်သူချက်တာလဲ!!!

ကိုယ်တိုင် ချက်တာပဲ မောင်ဗျိုင်း။ လက်ရာ ကြိုက်ရဲ့လား!!!

ကြိုက်တယ်ဗျာ၊ ကြိုက်တယ်။ သန်ဘက်ခါ ဒါမျိုး ချက်ခဲ့ဦး!!!

ချက်ခဲ့ပါ့မယ်။ ဒါနဲ့ မောင်ဗျိုင်း… ခင်ဗျား ဆုတောင်းပေးတာ တကယ်ပြည့်တယ်။ ဖဲကတ် ကစားလို့ နှစ်နာရီလောက်လည်း ကြာရော နိုင်တာ ၂၅-ကျပ် ရှိပြီ။ ဒါနဲ့ မိုးအလင်း ဆက်ကစားတာ ရှုံးလိုက် နိုင်လိုက်နဲ့ မနက်ကျတော့ အနိုင် ၂၅-ကျပ် ပဲဖြစ်နေတယ်။ ခင်ဗျား ဒီထက်ပိုအောင် ပြန်ဆုတောင်းပေးဗျာ!!!

ကိုရှိန်… လောဘမကြီးနဲ့လေ။ ၂၅-ကျပ် နိုင်လည်း တော်ရောပေါ့ဗျာ။ ခင်ဗျား အမြဲတမ်းရှုံးနေတာ မရှုံးတဲ့အပြင် နိုင်တာ ကောင်းတာပေါ့!!!

အေးလေ… ဒါလည်း ဟုတ်တာပေါ့။ အံမယ်… ကိုးနာရီသံချောင်းခေါက်သံ ကြားရတယ်။ သွားဦးမယ်ဗျာ။ အမေ့ ဆေးတိုက်ပြီး ကတ်ဝိုင်း သွားရမယ်။ သန်ဘက်ခါည စောင့်နေ!!!

ကိုရှိန်… ခင်ဗျားချက်တဲ့ဝက်သား ဒီနေ့ည ပိုကောင်းတယ်!!!

ကောင်းမှာပေါ့… ဝက်သားကို မအီအောင် မန်ကျည်းသီးအနှစ် နည်းနည်းထည့်ထားတာ မောင်ဗျိုင်း။ သန်ဘက်ခါလည်း ဝက်သားဟင်းပဲလား။ ကျွန်တော် ဝက်သားကို ကြော်ပေးရမလား။ ဒါမှမဟုတ်… ကင်ပေးရမလား!!!

ကျွန်တော် ဝက်သားကို ကြော်တာ ကင်တာ မကြိုက်ဘူး။ ဟင်းချက်တာပဲ ကြိုက်တယ်။ ခင်ဗျား ဒီတစ်ခါ ဝက်သားနဲ့ ပုန်းရည်ကြီးနဲ့ ရောပြီးချက်ခဲ့ပါ!!!

* – * – * – * – * – *

ကိုရှိန်… ခင်ဗျားက တော်ပြီးရင်း တော်ပဲဗျာ။ ဒီနေ့ချက်လာတဲ့ ဝက်သားနဲ့ သရက်သီးသနပ်ဟင်းက သိပ်ကောင်းတာပဲ။ နောက် မကြာမကြာ ဒါမျိုးချက်ခဲ့ဗျာ။ နေပါဦး… ခင်ဗျား ဟင်းချက်လာတာ ဒီနေ့ ဆယ်ရက်ရှိပြီ။ ကျွန်တော် ခင်ဗျားကို ဒင်္ဂါးထပ်ပေးရဦးမယ်!!!

အို… မောင်ဗျိုင်း၊ နိုး နိုး မလိုဘူး။ ကျွန်တော့်ဆီမှာ ငွေအများကြီး ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဆုတောင်းပေးထားတာကို ကျွန်တော် သတိထားမိတယ်။ တစ်ဝိုင်းမှာ ၂၅-ကျပ် နိုင်ပါစေဆိုတာလေ။ ဒါကြောင့် တစ်ညမှာ တစ်ဝိုင်းထဲ မကစားတော့ဘူး။ တစ်ည သုံးဝိုင်း ပြောင်းကစားတယ်။ အဲ… တစ်ဝိုင်း ၂၅-ကျပ် ဆိုတော့ သုံးဝိုင်းကစားရင် ၇၅-ကျပ် နိုင်တယ်။ ဒါ့ကြောင့် အခု ကျွန်တော့်အမေကို ဆေးကု၊ ဓါတ်စာလည်းကျွေး၊ အဝတ်လည်း ဝယ်ဝတ်၊ ဓနိရည်လည်း အဝသောက်၊ အလုပ် တအားဖြစ်နေတယ်။ ကျွန်တော့်လက်ထဲ ပိုက်ဆံ မကုန်မချင်း မောင်ဗျိုင်း ထပ်ပေးစရာ မလိုဘူး။ တစ်ရက်ခြား ဟင်းချက်ပြီး လာပို့မယ်!!!

ဒါနဲ့… ကိုရှိန်ရဲ့ အမေကြီး သက်သာရဲ့လား!!!

မသက်သာဘူး။ ပိုပိုဆိုးလာသလိုပဲ။ အမေ့ ကုသိုလ်ပဲလေ။ သီလရှိရင် အသက်ရှည်မှာပဲ။ ကျွန်တော် ဒီညတော့ မကစားတော့ဘူး။ ညတိုင်း အိပ်ရေးပျက်လို့ ဒီည ဝအောင် အိပ်တော့မယ်။ ကဲ… ပြန်ပြီ မောင်ဗျိုင်းရေ!!!

* – * – * – * – * – *

ဟာ… ကိုရှိန်။ ဘယ်လို ဖြစ်လာတာလဲ။ အင်္ကျီ ကိုယ်တုံးလုံးကျွတ်နဲ့ ခြင်တွေ ဘာတွေ ကိုက်ပါ့မယ်!!!

မပြောချင်တော့ဘူး မောင်ဗျိုင်းရယ်။ ရော့… ဝက်သားဟင်း စားလိုက်ဦး။ ဒီကနေ့ လပြည့်နေ့ညမို့ လသာလိုက်တာ။ ဒီသစ်ပင်ကြီးအောက်တောင် လရောင်က လာလင်းနေတယ်!!!

ကဲ… ကိုရှိန်၊ ခင်ဗျား မပြောချင်ဘူးဆိုတဲ့ အကြောင်းလေး ပြောပြစမ်းပါဦး။ ကျွန်တော် စားရင်း နားထောင်ရအောင်!!!

အခုတလော ကျွန်တော် ငွေရွှင်နေတာကို ကားဂိတ်က ဒရိုင်ဘာတွေ စပါယ်ယာတွေက သိထားကြတယ်။ ကျွန်တော် ငွေလိုရင် သူတို့ဆီက ဆွဲနေကြဆိုတော့ ဒီကောင်တွေက ထမင်းကျွေးခိုင်းတယ်။ ကျွန်တော် ကျွေးပါတယ်။ အဲ့ဒီထဲက နှစ်ယောက်က ထမင်းမစားဘူး၊ ဂျီကျတယ်။ မနေ့ညက မြို့ထဲက တရုတ်တန်းမှာ အရက်ကောင်းကောင်း သောက်မယ်၊ အစားကောင်းကောင်း စားမယ်၊ နောက်ပြီး… အချောအလှလေးတွေနဲ့ ပျော်မယ်ဆိုပြီး အတင်းခေါ်တာနဲ့ ကျွန်တော် လိုက်သွားတယ်ဗျာ!!!

မနေ့ညက ကိုရှိန် အတွေ့အကြုံ တော်တော်စုံခဲ့တာပေါ့!!!

နားထောင်ဦး… ကြိုပြီး ချီးမွှမ်းမနေနဲ့။ ဒီကောင်တွေ ကြိုက်တဲ့ အရက်ကောင်းဆိုတာ ကျွန်တော် သောက်နေကျ ဓနိရည်လောက် မကြိုက်ပါဘူး။ မြန်မြန်ကုန် မြန်မြန်ပြီး ဆိုပြီး ခွက်ထဲ ထည့်သမျှ အကုန်သောက်ပစ်လိုက်တာ စားတော်ဆက်ထဲမှာ ဘယ်လို ဖြစ်သွားတယ်ဆိုတာ မသိတော့ဘူး!!!

မူးသွားတာ ဘယ်တော့မှ သတိရကြသလဲ!!!

ပြောပြမယ် မောင်ဗျိုင်း… မနက် လေးနာရီလောက်မှာ သတိရတယ်။ သတိရလို့ ကြည့်လိုက်တော့ ကျွန်တော်တို့ သုံးယောက်စလုံး ပုဇွန်တောင်ဘူတာနဲ့ ကွမ်းခြံဘူတာ (ရန်ကုန်ဘူတာ) ကြားက ရထားသံလမ်းဘေး မြက်တောထဲ ရောက်နေကြတယ်။ သုံးယောက်စလုံး အင်္ကျီမရှိတော့ဘူး။ ခါးဝတ် ပုဆိုးပဲ ရှိကြတယ်!!!

ဟောဗျာ… စားတော်ဆက်သွားပြီး ဘယ်လိုဖြစ်တာလဲ။ ပြန်မမေးဘူးလား!!!

ရှက်တာနဲ့ ပြန်မစုံစမ်းတော့ဘူး။ သိမ်ကြီးစျေးရောက်အောင် ကုန်းကြောင်းလျှောက်ကြပြီး ကိုယ့်ဘတ်(စ်)ကားလိုင်းက နဂါးတံဆိပ်ကားကို အင်္ကျီမပါတဲ့ ပုံတွေနဲ့ စီးပြန်ရတယ်။ အခု ဝက်သားဟင်းတောင် အိမ်မှာရှိတဲ့ အင်္ကျီလေးတွေ ပေါင်ပြီး ချက်လာရတာ!!!

သဘောပေါက်ပြီ ကိုရှိန်။ ကျွန်တော် ဒီနေ့ ခင်ဗျားကို ဒင်္ဂါးတစ်ပြား ပေးမယ်!!!

* – * – * – * – * – *

ကျွန်တော် ကိုရှိန့်ကို အကြံတစ်ခုပေးမယ်။ ဒီရွှေဒင်္ဂါးကို မဂိုလမ်း (ရွှေဘုံသာလမ်း) မှာ သွားမရောင်းပါနဲ့!!! မဂိုလမ်းရွှေဆိုင်ကပေးတဲ့ စျေးထက် ပိုပေးတဲ့ နေရာမှာ ရောင်းရအောင်!!!

ဟုတ်ပါ့မလား။ ဘယ်သူက စျေးပိုပေးမှာလဲ!!!

စျေးပိုပေးတဲ့အပြင် ခင်ဗျားလို ရွှေရောင်းမယ့်သူကို ခေါ်လာတဲ့အတွက် ကျွန်တော့်ကိုလည်း ဘောက်ဆူးပေးမှာ။ ကဲ… မယုံရင်လိုက်ခဲ့။ ဆေးဆရာကြီး တစ်ယောက်က ပေးဝယ်တာ!!!

ကိုရှိန်သည် စပါယ်ယာ ဂွတို ခေါ်ရာသို့ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် နောက်က လိုက်လာခဲ့သည်။

ရွှေတိဂုံစေတီတော် အရှေ့မုခ်မှ ဆင်းပြီး ဗဟန်း ကြားတောရလမ်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ရောက်လာခဲ့သည်။ အချိန်ကား မွန်းလွဲ တစ်နာရီခန့် ရှိပြီဖြစ်သည်။ ဆွမ်းစားဇရပ်တွင် တည်းခိုနေသော အသက် (၆၀) အရွယ် လူကြီးတစ်ယောက်နှင့် တွေ့ရသည်။ ဂွတိုနှင့် ဘယ်ကနေ မည်သို့ မည်ပုံ ဤလူကြီးနှင့် အဆက်အသွယ် ရသည်မသိ။ ဆရာကြီး… ဆရာကြီးချင်း ထပ်ကာ ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံသည်။

လူကြီးသည် ကိုရှိန်ထုတ်ပြသော ရွှေဒင်္ဂါးပြားကို အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်ရှုသည်။ ရွှေဒင်္ဂါးပြားကိုကြည့်ရင်း လူကြီးမျက်နှာ ဝင်းလက်လာသည်။

ရွှေဆိုင်မှပေးသော စျေးထက် နှစ်ဆပေးသည်။ ထို့နောက် ရွှေဒင်္ဂါးရလာပုံကို အသေးစိတ် မေးမြန်းသဖြင့် ကိုရှိန်က ရှင်းပြရသည်။ ပိုက်ဆံရပြီး၍ ကိုရှိန် ပြန်ချင်လှပြီ။ နံနက်စာ မစားရသေး။ လူကြီး၏ စကား မပြတ်သောကြောင့် ဖင်တကြွကြွနှင့် နေနေရသည်။

ဤတွင် လူကြီးက…

ကိုရှိန်… ခင်ဗျား ကျွန်တော်နဲ့ ပူးပေါင်းရင် ဒီလို ရွှေဒင်္ဂါးမျိုး ပြည်တောင်းနဲ့ ရနိုင်မယ်ဆိုတာ ခင်ဗျား ယုံမလား!!!

ဗျာ… ဘယ်လို၊ ရွှေဒင်္ဂါးတွေ ပြည်တောင်းနဲ့ရမယ် ဟုတ်လား!!!

ဟုတ်တယ်… ဒါ ရိုးရိုးရွှေဒင်္ဂါး မဟုတ်ဘူး!!!

ထိုဆရာကြီး ပြောလိုက်သော စကားထဲမှ ရိုးရိုးရွှေဒင်္ဂါး မဟုတ်ဘူးဆိုသော စကားအဆုံးတွင် မောင်ရှိန်နှုတ်မှ…

ဗျာ!!! ဆိုသော အံ့သြသံ ထွက်သွားတော့သည်။

* – * – * – * – * – *

မောင်ဗျိုင်းရေ… သူငယ်ချင်း၊ ကျွန်တော် ရောက်ပြီ!!!

ပိန္နဲပင်အောက်သို့ ချိုင့်တစ်လုံးဆွဲပြီး ကိုရှိန်ရောက်လာသည်မှာ အတန်ကြာသော်လည်း မောင်ဗျိုင်းကို မတွေ့ရပေ။ ခါတိုင်း မောင်ဗျိုင်း ကြိုရောက်နေတတ်သည်။ တစ်ခါတစ်ရံ နောက်ကျလျှင်လည်း စောင့်ရ ခဏပင်။

မောင်ဗျိုင်းရေ၊ ဟေ့… မောင်ဗျိုင်း!!!

သုံးလေးခါ အော်ခေါ်မှ ခပ်လှမ်းလှမ်းရှိ ခရေပင်ကြီးအောက်တွင် မောင်ဗျိုင်း ရောက်လာသည်။

မောင်ဗျိုင်းရာ… မြန်မြန် လာဗျာ။ ခင်ဗျားကို ဟင်းကျွေးပြီးရင် ကျွန်တော် ကတ်ဝိုင်း သွားရမယ်!!!

ကျွန်တော် မလာတော့ပါဘူး ကိုရှိန်။ ခင်ဗျား သစ္စာဖောက်တယ်။ ဆရာနဲ့ ပေါင်းပြီး ကျွန်တော့်ကို ဒုက္ခပေးဖို့ ခင်ဗျား ကြံတယ်။ ခင်ဗျားယူလာတဲ့ ဝက်သားဟင်းလည်း ကျွန်တော် မစားချင်တော့ပါဘူး!!!

ဝက်သားဟင်းထဲမှာ ဘာပါတယ်ဆိုတာ ကျွန်တော် မသိပါဘူး မောင်ဗျိုင်းရယ်။ သူတို့ ချက်ပေးတဲ့အတိုင်း ယူလာခဲ့တာပါ!!!

ခင်ဗျား သိပ်ချမ်းသာချင်လို့ ဆရာနဲ့ ပူးပေါင်းလိုက်တာ မဟုတ်လား။ အခု ခင်ဗျားနောက်မှာ ဆရာနဲ့အဖွဲ့ ပါလာတယ်ဆိုတာ ကျွန်တော် သိပါတယ် ကိုရှိန်။ နောက် ဘယ်တော့မှ ကျွန်တော့်ဆီ မလာပါနဲ့တော့။ ခင်ဗျားဆီလည်း ကျွန်တော် မလာတော့ဘူး။ အဆက်အသွယ် ဖြတ်လိုက်ပါ။ နောက်ပြီး ဖဲကတ်လည်း မကစားနဲ့တော့။ ကစားတိုင်း ရှုံးလိမ့်မယ်!!!

မောင်ဗျိုင်းက စကားအဆုံးတွင် သစ်ပင်ရိပ် မှောင်မှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ ဝက်သားဟင်းချိုင့်ကို ကိုင်လျက် ကိုရှိန် ကျန်ရစ်ခဲ့သည်။ လူကြီးနှင့်အဖွဲ့ ရောက်လာသောအခါ မောင်ဗျိုင်း၏ အရိပ်အယောင် မတွေ့ရတော့ပေ။

* – * – * – * – * – *

ကျွန်တော့် အဖြစ်အပျက်ကတော့ ဒါပါပဲ ကျောင်းဆရာရယ်။ နောက်နှစ်လ ကြာတော့ ကျွန်တော့်အမေ ဆုံးတယ်။ မောင်ဗျိုင်း ပြောတဲ့အတိုင်း ဖဲကတ် ကစားတိုင်းရှုံးတယ်။ ကျွန်တော်လည်း တွယ်တာစရာမရှိ၊ နေချင်သလို နေ၊ စားချင်သလို စား ဖြစ်နေတော့ အလုပ်လည်း ပြုတ်သွားတယ်!!!

ကျောင်းဆရာသည် ကိုရှိန်ပြောပြသော ဇာတ်လမ်းကို စိတ်ဝင်စားစွာ နားထောင်နေသည်။

ဒါပေမယ့်… ကျွန်တော် ၁၅-ရက် တစ်ကြိမ် ဝက်သားဟင်းချက်တယ်။ ဖက်နဲ့ သေသေချာချာထုပ်ပြီး ပိန္နဲပင်မှာ သံငုတ်ရိုက် အထုပ်ချိတ်တယ်။ ည ၈-နာရီ အချိန်ပဲ။ မောင်ဗျိုင်းကို အော်ခေါ်ပြီး ဝက်သားဟင်း ထားခဲ့တဲ့အကြောင်း အော်ပြောခဲ့တယ်။ ဘေးလူမြင်ရင် အရူးအလုပ် ထင်မှာပဲ။ ကျွန်တော်ကတော့ ကျွန်တော့်အမှားကို ခွင့်လွှတ်အောင် လုပ်တာပဲ!!!

လာယူစားလား ကိုရှိန်!!!

နောက်နေ့ သွားကြည့်ရင် အထုပ်ကဒီအတိုင်း ခြေရာလက်ရာ မပျက်ပဲ တစ်ခုထူးခြားတာက ပုတ်သင်ညို၊ အိမ်မြှောင်၊ ကျီးကန်း၊ ကြွက်၊ ရှဉ့် ဘာကောင်မှ ထိုးဖောက် ဖျက်ဆီးထားတာ မတွေ့ရဘူး။ ဟင်းတွေ သိုးနေလို့ ကျွန်တော် အထုပ်ဖြုတ်ပြီး လွှင့်ပစ်ရတယ်!!!

အဲ့ဒါ ကိုရှိန် ဘယ်နှစ်ကြိမ်လောက် လုပ်သလဲ!!!

၁၅-ရက် တစ်ကြိမ် ၆-လ ရှိသွားပြီ။ ကျွန်တော့်ဘက်က မပျက်ကွက်ဘူး။ ကျွန်တော် မနက်ဖြန် နိုင်ငံခြားသင်္ဘော လိုက်သွားရတော့မယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ ငါးရက်က ဝက်သားဟင်းချက်ပြီး ချိုင့်နဲ့ ပိန္နဲပင် သံငုတ်မှာ သွားချိတ်လိုက်တယ်!!!

ခင်ဗျား ဘာပြောလိုက်လဲ!!!

ကျွန်တော်က… မောင်ဗျိုင်းရေ၊ ဒါ ကျွန်တော် နောက်ဆုံး လာပို့တာပဲ။ ချိုင့်ထားခဲ့တယ်။ ကျွန်တော် မှားခဲ့တာ ခွင့်လွှတ်ပါ။ နိုင်ငံခြားသင်္ဘော လိုက်မလို့ နောင်မလာနိုင်တော့ဘူးလို့ ပြောခဲ့တယ်။ ကျွန်တော်က ထုံးစံအတိုင်း ည ၈-နာရီမှာ သွားပို့တာ။ ထူးခြားတာက!!!

စိတ်ဝင်စားစရာပဲ ကိုရှိန်၊ ဆက်ပါဦး!!!

မနက်မိုးလင်းတော့ ကျွန်တော့် အိပ်ရာဘေးမှာ ချိုင့်ကလေး ပြန်ရောက်နေတယ်။ ရေနဲ့ ဆေးကြော သန့်စင်ပြီးသား၊ အထဲမှာလည်း!!!

ဘာ ပြန်ပါလာသလဲ ကိုရှိန်!!!

ရွှေဒင်္ဂါးနှစ်ပြား တွေ့ရတယ်!!!

ဟင်… ရွှေဒင်္ဂါးတွေ ပါလာတယ်။ အဲ့ဒါတွေ ဘယ်မှာလဲ!!!

ကျွန်တော့်ကို ခွင့်လွှတ်တဲ့ သဘောနဲ့ ပြန်ထည့်ပေးတဲ့ ရွှေဒင်္ဂါးကို ကျွန်တော် မသုံးဝံ့တော့ဘူး။ ဒါကြောင့် ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်ရန် အလှူခံ မှန်သေတ္တာထဲကို ရွှေဒင်္ဂါးနှစ်ပြား ထည့်လှူလိုက်တယ်!!!

သာဓု သာဓု သာဓု!!!

* – * – * – * – * – *