ခွေးသရဲနှင့်ကြောက်စရာဝဋ်ကြွေး

*ခွေးသရဲနဲ့ ကြောက်စရာဝဋ်ကြွေး*📖📖📖(စ/ဆုံး)

********************************************

ကျမအသက် ယခု လေးဆယ့်ရှစ်နှစ် ရှိပါပြီ။
ကျမအသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်
အပျိုဖော်ဝင်ကတည်းက ရောဂါနှင့်လူ တွဲ
ရက်ဖြစ်နေခဲ့တာ ယခုအချိန်ထိဆိုပါတော့။

ဆေးခန်း၊ ဆေးရုံ၊ ပရဆေးဆိုင် အတော်များ
များ ကျမ မရောက်သော ဆေးခန်း၊ ဆေးဆိုင်
မရှိသလောက်ပင်။ ကျမ ရှာသမျှပိုက်ဆံက
စားစရာ၊ ဝတ်စရာက နည်းနည်း ဆေးဖိုးက
များများ ကုန်ကျခဲ့ရသည်။ ကျမ ငယ်စဉ်က
တည်းက အလုပ်နှင့်လက် မပြတ်အောင်လုပ်
ခဲ့ရသည်။ အသက်ဆယ့်ရှစ်နှစ်မှာ အိမ်ထောင်
ကျခဲ့သော်လည်း စားဝတ်နေရေးအတွက် စျေး
ရောင်းခဲ့ရသည်။

ကျမတို့ အိမ်ထောင်သက်အတွင်း သားသမီး
သုံးယောက်၊ ထွန်းကားခဲ့ပေမယ့် တစ်ယောက်
မှ အဖတ်မတင်ခဲ့။ ဤသို့ အဖြစ်ဆိုးများ ဖြစ်ခဲ့
ရခြင်းမှာ ယခုဘဝမှာပင် ကျမ၏ မဆင်မခြင်
ပြုမှုခဲ့သော ဖြစ်ရပ်တစ်ခုကြောင့် နှစ်များစွာ
မကြာခင်မှာ ထိုဝဋ်ကြွေးအတိုင်း ပြန်လည်
ခံစားလိုက်ရခြင်းပင်။

ကျမရဲ့ ပြင်မရသော ဝဋ်ကြွေးများ ကျေပါစေ
တော့ ဆုတောင်းရင်း၊ ကျန်ရှိတော့သည့် သက်
တမ်းလေးမှာ ဘုရားရိပ်၊ တရားရိပ်အောက် ခို
ဝင်၍ အသေဖြောင့်ရန် ကြိုးစားနေလိုက်သည်။

XXXX

ကျမဘဝက ငယ်စဉ်ကတည်းက အဆိုးနှင့်
စခဲ့ရပါသည်။ အဖေနဲ့ အမေက ကျမ ဆယ့်
နှစ်သမီးအရွယ်မှာပင် လူကြီးရောဂါနှင့် ရှေ့
ဆင့်နောက်ဆင့် ဆုံးပါးသွားရသည်။ မိဘ
နှစ်ပါး မရှိတော့သည်နှင့် ကျမဘဝ တစ်ဆစ်
ချိုး ပြောင်းလဲသွားရပြီဖြစ်သည်။

မိဘများရှိစဉ်က ကျမ ကျောင်းနေခဲ့ရသည်။
မိဘများ သေဆုံးပြီး နောက်ပိုင်းတော့ ကျမ
ကျောင်းက ထွက်ခဲ့ရတော့သည်။ ကျမမှာ
အသက် (၂၀)အရွယ် တစ်အူထုံဆင်း အစ်
မ တစ်ယောက် ရှိခဲ့ပါသည်။ ကျမနှင့် အစ်မ
ကြီးကြားမှာ အစ်ကို တစ်ယောက်၊ အစ်မတစ်
ယောက် ရှိသည်ဟုသာ ကြားပြီး၊ ကျမ မမွေး
ခင်မှာပင် လူ့လောကမှ ထွက်သွားပြီဟုသာ
သိခဲ့သည်။ ကျမ၏ အောက်မှာ အငယ်တစ်
ယောက်မှ မမွေးတော့။

ကျမအစ်မက အိမ်ထောင် ရှိသည်။ သူက ကျမ
ရဲ့အုပ်ထိန်းသူ ဖြစ်သည့်အတွက် သူတို့စားဝတ်
နေရေးကြောင့် ကျမကို ကျောင်းက ထုတ်လိုက်
ပါတော့သည်။ သူ၏ ကလေးများကို ထိန်းပေး
ရန် ကျောင်းထုတ်ရခြင်းဟု ဆို၏။ ကျမဘဝက
ဆယ့်နှစ်နှစ်အရွယ်ကပင်စပြီး မုန်တိုင်းထန်ခဲ့
သည် မဟုတ်ပါလား။

XXXX

“ဟဲ့ …မိနွယ်…မိနွယ်…ဘယ်သွားနေလဲ”

“အိမ်ထဲမှာ အစ်မ …ကလေး အိပ်နေလို့ …ပု
ခတ်လွှဲပေးရင်း စပါးလုံး ရွေးနေတယ်”

“နင် ရေမခပ်ထားဘူးလား၊ အပြင်က ပြန်
ရောက်လို့ ထမင်းချက်မယ်လည်းလုပ်ရော၊
ရေအိုးတွေထဲမှာ ရေတစ်စက်မှ မရှိဘူး။ က
လေး အကြောင်းပြပြီး ဘာမှ လုပ်ချင်ကိုင်
ချင်စိတ် မရှိဘူး …သွား…ရေသွားခပ်”

ကျမလည်း ဆန်ရွေးနေသော ဇကောကို ဘေး
မှာချပြီး ကလေးပုခက်ကို သွက်သွက်ကလေး
လွှဲလိုက်သည်။ ပြီးမှ ရေကပြင်သို့ ထွက်ခဲ့ကာ
ရေပုံးဆွဲ၍ ရေပြေးခပ်ရပါသည်။ ရေကို နှစ်
ခေါက်၊ သုံးခေါက် ဆွဲလိုက်သည်။

“ကဲ…ရေခပ်တာ တော်လောက်ပြီ၊ နောက်မှ
ထပ်ပြီးခပ်၊ အခု ဟင်းချက်ရအောင် ချဉ်ပေါင်
ရွက်တွေ လာသင်ပေးဦး”

ကျမလည်း အချဉ်ဟင်းအတွက် ချဉ်ပေါင်ရွက်
များကို အရွက်သင်နေလိုက်သည်။

“မိနွယ်၊ အဲဒါ ခဏချ၊ ဆန်ရွေးထားတာ သွား
ယူခဲ့၊ ထမင်းချက်တော့မယ်”

ကျမ စပါးလုံး ရွေးထားသော ဇကောကို ယူပေး
လိုက်သည်။

“နောက်ကို ထမင်းချက်နည်း သေချာကြည့်ထား၊
ငါအပြင် သွားလို့ အချိန်မီ ပြန်မရောက်သေးရင်
ထမင်းချက်ထားနိုင်အောင် အခုကတည်းက
ကြည့်ထား”

ကျမအစ်မက ကျမကို မျက်နှာသာ တစ်ချက်
လေးမှ မပေးသလို၊ အလုပ်တစ်ခုနှင့်တစ်ခု
မထပ်အောင်ခိုင်းသည်။ ပါးစပ်ကလည်း တ
ဗျစ်တောက်တောက်နှင့် တုတ်အနီးမှာ ရှိလျှင်
တုတ်နဲ့ ရိုက်တတ်သည်။ အစ်မအိမ်မှာ ရှိလျှင်
ကျမ အမြဲစိတ်ညစ်နေရပါသည်။

“ကဲ စဉ်းစားခန်းတွေ ဘာတွေ လုပ်မနေနဲ့ ။
ချဉ်ပေါင်သင်ပြီးပြီဆိုရင် ပုခက်သွားလွှဲလိုက်ဦး
ပြီးရင် …မီးဖိုထဲကို ထင်းခြောက်နည်းနည်း
သယ်ထည့်ထားဦး”

“ဟုတ်ကဲ့”

“ကဲ…သွား၊ ပြောရင် ဟုတ်ကဲ့ …လုပ်တော့
မလုပ်ချင်သလို လုပ်ချင်သလို လေးတိလေး
ကန်နဲ့ “

ကျမလည်း နောက်မှ ဆူသံကို လျစ်လျူရှု၍
ကလေးပုခက်လွှဲပေးလိုက်ပြီး ထင်းသယ်၍
ထွက်ခဲ့ပါတော့သည်။ ကျမအရွယ်ကလေး
များ၊ ကျောင်းတက်သွားကြသည်။ ကျောင်း
မှ အပြန် ကစားကြသည်။ ကျမ ကစားခွင့်
ရရန် အိပ်မက်ပင် မမက်ဝံ့။

တစ်ခါက အစ်မအလစ်မှာ ခေါင်းရင်းခြံက
ညွန့်ညွန့်တို့ ၊ တင်မေတို့နှင့် သွားကစားစဉ်
အစ်မကြီး လယ်ကွင်းထဲက ပြန်အလာ ကျမ
ကစားနေသည်ကို တွေ့ပြီး၊ တုတ်ကျိုးသည်
အထိ အရိုက်ခံလိုက်ရသည်။ ထိုအချိန်မှစပြီး
တော့ ကျမကစားရန် စိတ်မကူးမိတော့။

အလုပ်အားလျှင် အိမ်ထဲမှသာ တစ်ယောက်
တည်း ဖြစ်သလို ကစားနေလိုက်သည်။

ကျမအစ်မရဲ့ အဆူအပြောအဆိုကို နေ့စဉ်ခံ
ရသလို ညဘက်ရောက်တော့၊ခဲအို လယ်ကွင်း
က ပြန်ရောက်လာသည်။ခဲအိုရောက်လာပြန်
တော့လည်း မျက်နှာကောင်းမရ။ အဆူအဆဲ
အဟောက် မလွတ်ခဲ့။ ကျမအန္တယ်လွတ်အောင်
ကြိုးစားရှောင်ပေမယ့် တစ်ယောက်ရန်ကလွတ်၊
တစ်ယောက်ရန်က မလွတ် ဖြစ်နေသည်။

သို့ကြောင့် ကျမအလုပ် လုပ်နေရသော်လည်း
စ်ိတ်တွေ အလွန် ရှုပ်ထွေးနေပါသည်။ ကျမ
လက်ထဲမှာ တုတ်ရှိလျှင် တုတ်နှင့် ထရိုက်ချင်
စိတ် ပေါက်လာသည်။ ခဲလုံးကိုင်ထားပါက
ခဲလုံးဖြင့် ပေါက်ချင်စိတ်၊ ထုချင်စိတ်တွေ မကြာ
ခဏ ပေါ်လာသည်။ တစ်နေ့ ကျမဘဝရဲ့ အဆိုး
ဆုံး အဖြစ်တစ်ခု စဖြစ်သောနေ့ဟု ပြောရမည်
ဖြစ်ပါသည်။ ကျမတို့ အိမ်မှာ မွေးထားသော
ညိုမဆိုသည့် ခွေးမက ဗိုက်ကြီးနေသည်။

ဗိုက်က မွေးဖွားရန်ပင် နီးသလို ဖောင်းကားနေ
သည်။ ကျမတို့ ခြံအတွင်းမှာ ငါးမွေးရန် တူး
ထားသော အနံပေ(၃၀)အလျားပေ(၅၀)အရှည်
ရှိသော ရေကန်တစ်ကန်ရှိပါသည်။ ထိုကန်မှ
ရေကို ခပ်ပြီး ချိုးသည်။ အဝတ်လျှော်သည်။
အိုးခွက် ပန်းကန်ဆေးသည်။ သောက်သုံးရေ
ကိုတော့ အိမ်ရှေ့ခြံထောင့်တွင် ရေတွင်းတူး
ထားသည်။ ဆေးကြောရန်အတွက် ရေကန်
ကိုသာ ခပ်သုံးသည်။

ထို့နေ့က ကျမကို အစ်မက အဝတ်လျှော်ရန်
ရေအင်တုံထဲရေဖြည့်ခိုင်းထားသဖြင့် ရေပုံး
ဆွဲကာ ကန်သို့ လာခဲ့သည်။ ရေကန်မှာရေကို
အလွယ်တကူ ခပ်နိုင်ရန် တစ်ပေအကျယ်
ဆယ်ပေခန့် အရှည်ရှိသော ကျွဉ်းပျဉ်ချပ်ကို
ရေကန်အတွင်း ကုန်းဘောင် ထိုးထားသည်။

ကျမကုန်းဘောင်ပေါ်အတက်၊ ညီမက အ
လယ်မှာ အိပ်နေသည်။ ကျမ ညိုမကို မောင်း
သည်။ ညိုမက မထ။ ကျမကိုပင် သူ အိပ်ရေး
ပျက်တယ်၊ လာမနှောင့်ယှက်နှင့် ဆိုသည့်သ
ဘောဖြင့် ခေါင်းထောင်ကြည့်ပြီး ပြန်အိပ်နေ
သည်။ ကျမ၏ မရှည်နိုင်တော့သည့် စိတ်ကို
ညိုမက နှိုးဆွနေသကဲ့သို့ ဖြစ်တာကြောင့်
အိပ်နေသော ညိုမကို ရေကန်ထဲ ကန်ချ
လိုက်ရာ၊ ညိုမလည်း ရေကန်ထဲ ကျသွား
တော့သည်။

ညိုမက ကိုယ်ဝန်ရှိ၍ ရေကို အတတ်နိုင်ဆုံး
ရှောင်ချိန် ရေထဲ ကန်ချခြင်း ခံလိုက်ရဖြင့်
ရေထဲမှာ ယက်ကန်ယက်ကန် ကြိုးစားကူး
နေသည်။ ထိုအချိန် ညိုမ အနီးက ရေထဲမှာ
သွေးရောင်တချို့ကို မြင်လိုက်ရသည်။ ကျ
မလည်း ညိုမအဖြစ်ကို ကြည့်မနေတော့ဘဲ
ရေကို ရေအင်တုံထဲ သုံးခေါက်မျှ ခပ်ထည့်
နေလိုက်သည်။ ကျမ   နောက်ဆုံးအခေါက်
မှာ ညိုမ  ကမ်းပေါ် ကုတ်ကပ်တက်နေသည်
ကို တွေ့လိုက်သည်။

ထို့နေ့ နေ့ခင်းပိုင်းမှစ၍ ညိုမကို ကျမ မတွေ့
ရတော့။ ညနေ သုံးနာရီလောက်မှ ငှက်ပျော
ပင်တွေကြားက ခွေးတစ်ကောင် ညည်းသံကြား
သည်ဟု အစ်မပြောသည့်အတွက် ကျမ ပြေး
ကြည့်လိုက်သည်။ မှန်ပါသည်။ ကျမ မြင်လိုက်
ရသည်က ညိုမ ခွေးလေးများ မွေးနေသည်ကို
တွေ့လိုက်ခြင်းဖြစ်သည်။ ထိုအချိန် အစ်မက
နောက်မှာ ရောက်လာပြီး …

“ညိုမ ဘာဖြစ်တာလဲ”

“ခွေးလေးတွေ မွေးနေတာ”

“ဘယ်နှစ်ကောင်လဲ…ဟင် အားလုံးအသေ
လေးတွေပါလား၊ ဗိုက်မှာလည်း ဒဏ်ရာကြီး
နဲ့ သွေးတွေလည်း ထွက်နေတယ် ဒါဆိုရင်
…ညိုမ သားလျောသွားတာ ဖြစ်နိုင်တယ်၊
အို…ဗိုက်က ဒဏ်ရာကြောင့် ညိုမ အသက်
မှ ရှည်ပါ့မလား…အချိန် မစေ့သေးဘဲ မွေး
တာကြောင့်၊ အသေလေးတွေပဲ မွေးတာ
လား၊ ခဏစောင့် အားလုံးမွေးလို့ အသေ
လေးတွေပဲ ဆိုရင် ယူသွားပြီး မြှုပ်ပစ်လိုက်”

အစ်မက ထိုမျှသာ ပြောပြီး၊ အိမ်ဘက်သို့
ထွက်သွားသည်။ ကျမလည်း ညိုမအဖြစ်
ကို ကြည့်ပြီး၊ စိတ်ထဲက သနားသလို၊
ကြောက်သလို ခံစားလိုက်ရသည်။

ထိုအချိန် ညိုမက ကလေးကို မချိမဆန့် မွေး
နေရာ၊ ကျမ အနီးရောက်လာသည်ကို သိပုံ
ရသည်။ သူ့အကြည့်က ရိုးရိုးကြည့်ပုံမဟုတ်၊
ကျမကို မကျေနပ်သော မျက်လုံးနှစ်လုံးဖြင့်
စူးစိုက်ကြည့်နေသည်ဟု ခံစားသိမြင်လိုက်
သည်။ ကျမ ညိုမအနီးက ထွက်လာခဲ့သည်။
ရေကန်ဘက်သို့ လျှောက်ခဲ့သည်။ ညိုမအား
ကန်ချလိုက်သည့်နေရာကို အသေအချာ
ကြည့်မိသည်။

“အို…ဘုရား…ဘုရား”

ကျမ ရုတ်တရက် ဘုရားတလိုက်မိသည်။
ကျမမြင်လိုက်သည်က ရေပေါ်သို့ လက်
တစ်လုံးခန့် ထိုးထွက်နေသော ဝါးလုံးငုတ်
တစ်ချောင်း ဖြစ်သည်။ယခင် ထိုဝါးလုံး
ငုတ်က ရေကန်မှာ ရေခပ်လျှင် ကိုယ်ကို
ထိန်းရန်၊ ဝါးလုံးတန်းကို ထောက်ချည်ရန်
ရေကန်ထဲကို တိုင်အဖြစ် စိုက်ထားခြင်း
ဖြစ်သည်။ ရေအောက်နှင့် ရေအပေါ်
ပိုင်းခြားထားရာ နေရာက ဝါးပိုးစား၍လား
မသိ၊ ကျိုးပြတ်သွားခဲ့သည်။

ထိုငုတ်ကို မည်သူမျှ မနှုတ်မိ။ အကယ်၍ လူ
ကျပါက ခန္ဓာကိုယ်ကို ထိုးစိုက်နိုင်သည်။ ယ
ခု ကျမ ညိုမကို ရေထဲသို့ ကန်ချလိုက်၍ ကိုယ်
ဝန်လွယ်ထားရသော ညိုမ၏ ဗိုက်ကို ဝါးလုံး
ငုတ်က ထိုးစိုက်မိသွားခြင်း ဖြစ်ပေလိမ့်မည်။
ကျမ စိတ်မကောင်းရုံမှ လွဲ၍ ဘာမှ မတတ်
နိုင်တော့။ ညိုမလည်း ကိုယ်ဝန်ပျက်ကျခဲ့ရပြီ။
ညနေ ငါးနာရီခန့် ရှိသော ကျမအစ်မက
ညိုမကို သွားကြည့်ပုံရသည်။

“မိနွယ်…မိနွယ်”

“ရှင်…အစ်မ”

“ညိုမ …သေနေပြီ”

“ပေါက်တူးယူပြီး နောက်ဘက်ခြံစပ်မှာ
သွားမြှုပ်လိုက်”

ကျမလည်း ငှက်ပျောလက်အခြောက်ကို
ကြိုးလုပ်ပြီး ညိုမ၏ခြေထောက်မှာ ချည်၍ ခြံနောက်ဘက်သို့ ဆွဲခဲ့သည်။ ကျမလည်း
အလုပ်ကြမ်းကို အမြဲလုပ်နေရသည့်အတွက်
ညိုမတစ်ကောင် မြှုပ်ရန် မြေတူးရသည်မှာ
အခက်အခဲ မရှိပေ။

သို့သော် မှောင်စပြုလာပြီဖြစ်၍ ခွေးတစ်ကောင်
မြှုပ်ရန် ရနိုင်သလောက်သာ တူးလိုက်သည်။
ညိုမကို ကျင်းထဲထည့်လိုက်သည်။ ညိုမခန္ဓာ
ကိုယ်နှင့် မြေအပေါ် မျက်နှာပြင်နှင့် တညီတည်း
ဖြစ်နေသည်။ အကယ်၍ ပုပ်ပွလာပါက အကောင်
ပေါ်လာလျှင် ကျမ အရိုက်ခံရဦးမည်ဖြစ်သည်။
ကျမ ခွေးအသေကောင်လေး သုံးကောင်ကို
ပေါက်တူးအပြားပေါ် တုတ်ဖြင့် ယက်တင်၍
ကျင်းရှိရာသို့ သယ်လာခဲ့သည်။

ခွေးအသေကောင်လေး သုံးကောင်ကို ကျင်းထဲ
ထည့်ပြီးသည်နှင့် မြေကြီးများကို ညိုမအပေါ်
ဖုံးလိုက်သည်။ မကြာမီမှာပင် ခွေးတစ်ကောင်
လုံး ဖုံးပြီးသား ဖြစ်သွားသည်။ ကျမအိမ်ပြန်
ရောက်တော့ မှောင်နေပြီ။ ကျမအား ညိုမကို
ကန်ချခဲ့သော ရေကန်ထဲမှ ရေကိုခပ်၍ ချိုး
ခိုင်းနေသည်။ မျက်လုံးထဲမှာ ညိုမခန္ဓာကိုယ်
မှ ထွက်သော သွေးများကို ရေထဲမှာ မြင်ယောင်
မိသဖြင့် ရေချိုးရမှာပင် မသတီချင်တော့။

သို့ပေမဲ့ ရေမချိုးပြန်လျှင်လည်း အရိုက်ခံရမှာ
ကို မြင်ယောင်ပြီး၊ မချိုးချင်သော်လည်း ချိုး
လိုက်ရသည်။ ကျမ ထိုညတစ်လုံး အိပ်မပျော်
ပါ။ အိပ်မက်ထဲမှာ ညိုမက လူလည်း မဟုတ်၊
သရဲလည်း မဟုတ် ရောက်လာပြီး …

“နင် ငါ့ရဲ့ကလေးတွေကို သတ်တယ်၊ ငါ့ကို
လည်းသတ်တယ်၊ နင့်ကို ငါ မကျေနပ်ဘူး၊
ငါ့ကလေးတွေ သေသလို နင် တစ်ချိန် က
လေးရရင်၊ ငါ့ကလေးတွေ သေသလို သေ
စေရမယ်”

ကျမကို အိပ်မက်ထဲအထိ လာ၍ ကြိမ်းဝါးနေ
သဖြင့် လန့်နိုးလာကာ တစ်ညလုံး စိတ်ချောက်
ချားနေပြီး အိပ်မပျော်နိုင်ဖြစ်ရသည်။ ညိုမသေ
ဆုံးပြီး သုံးလေးရက်ခန့် ကျမစိတ်ကို ညိုမက
ခြောက်လှန့်နေခဲ့သည်။

ရက်ကြာလာတော့ ညိုမက ကျမအိပ်မက်ထဲမှ
ပျောက်သွားခဲ့သည်။ကျမလည်း အဆူခံလိုက်၊
အရိုက်ခံလိုက်နှင့် ရာသီတွေ အလီလီ ပြောင်းလို့
အသက်ဆယ့်ငါးနှစ်သို့ ရောက်ရှိလာခဲ့သည်။
ကျမ၏ အစ်မနှင့် ခဲအိုတို့ရဲ့ နှိပ်စက်မှု ဒဏ်
ကြောင့် စိတ်ဒဏ်ရာရနေသည်မှာ ကြာခဲ့ပါပြီ။

တစ်ခါတစ်ခါ ကျမတစ်ယောက်တည်း စကား
ပြောနေမိသည်။ တစ်ခါတစ်ခါ ငိုချင်သလိုဖြစ်
လိုက်၊ ရယ်ချင်သလိုဖြစ်လိုက်၊ အစ်မနှင့် ခဲအို
အပါအဝင် သူတို့၏ သားသမီးသုံးယောက်ကို
လည်း သတ်ပစ်ချင်စိတ်ပင် တစ်ခါတစ်ခါ ဖြစ်
မိသည်။ တစ်နေ့ ကျမ ထမင်းရည်ငှဲ့နေစဉ်၊
အစ်မ၏ အငယ်ဆုံး သုံးနှစ်သား ကောင်လေး
မီးဖိုခန်းထဲ ဝင်လာပြီး ကျမကို ဆောင့်တွန်း
လိုက်သည်။ လူကို မတွန်းမိဘဲ လက်ကို တွန်း
မိသည့်အတွက် ထမင်းငှဲ့နေသော အိုးကို
ကိုင်ထားသည် လက်တစ်ဖက်လွတ်သွားပြီး၊
ထမင်းရည်ပူနှင့် ထမင်းပူများ အပြင်သို့
ထွက်ကျကုန်သည်။

ကျမရဲ့ခြေထောက်တစ်ဖက် အပူလောင်သွား
သလို အငယ်ကောင်လေးခြေထောက်တစ်ဖက်
ပါ ထမင်းရည်ပူလောင်ပါလေတော့သည်။
ကလေးက နာလွန်း၍ အသံပျောက်အောင်
ငိုပါတော့သည်။

ကျမက လူကြီးဖြစ်၍ ခြေဖမိုးပေါ်မှ ထမင်းရည်ပူ
များကို သုတ်ပစ်လိုက်ပြီး ကလေးကိုသာ အပူ
သက်သာအောင် သိမှတ်သမျှ လျှောက်လုပ်နေ
မိသည်။ ထိုအချိန် အစ်မအပြင်က ရောက်လာ
ပြီး ဘာမှ မမေးမြန်းဘဲ ကျမပါးကို ဘယ်ပြန်
ညာပြန် ရိုက်ပါတော့သည်။

“နင် သူ့အဖေလာရင် အသက်ကို ဖက်နဲ့သာ
ထုတ်ထားတော့”

ဟုဆိုပါသည်။ ကျမလည်း အစ်မရိုက်သော ဒဏ်
ရာနှင့်ပင် ရင်ထဲနာကျင်လှပေပြီ၊ ခဲအိုနှင့် ရင်မဆိုင်
ချင်တော့ပါ။ သို့ကြောင့် ကျမ အိပ်ခန်းအတွင်းဝင်
ပြီး စုဆောင်းထားသော ပိုက်ဆံအနည်းငယ်ယူ၍
အိမ်မှ အပြီးအပိုင် ထွက်ခဲ့ပါတော့သည်။ မနက်စာ
ချက်ချိန်ဖြစ်သဖြင့် အိမ်က ထွက်လာတော့ ဆယ်
တစ်နာရီကျော်ကျော်လောက်ပင်ရှိသည်။

ကျမ၏ အစ်မလည်း သူ့ရဲ့ကလေး အနာသက်
သာစေရန် ပြုစုရင်း အလုပ်ရှုပ်နေသည့်အချိန်
ထွက်လာခြင်းကြောင့် မသိလိုက်။ အိမ်မှနေ၍
ကားလမ်းရှိရာသို့ နာရီဝက်နီးပါး လျှောက်ခဲ့ရ
သည်။ ထမင်းရည်ပူလောင်ထားသော ခြေဖမိုး
က နီရဲနေပြီ။ အဖုအပိန့် မထွက်သဖြင့် ကံကောင်း
လှသည်ဟု မှတ်ယူမိသည်။ ဒါပေမဲ့ ခြေဖမိုးက
အပူရှိန်ကြောင့် တစစ်စစ် နာနေသေးသည်။

ကားလမ်းပေါ်သို့ ရောက်ခဲ့ပြီ။ မြို့တက်သွား
သော ကားတစ်စီးစောင့်ကာ တားစီးရန် လိုက်
ခဲ့သည်။ ကျမ ဘယ်မြို့ဘယ်ရပ်သို့ သွားရမည်
မသိ။ စပါယ်ယာက ဘယ်သွားမှာလဲဟု မေး
သဖြင့် ရှေ့မြို့အထိ သွားမှာဟု ပြောလိုက်မိစဉ်
ကားခ (၅)ကျပ် ဆိုသဖြင့် ပါလာသော ပိုက်ဆံ
(၁၂ )ကျပ်မှ ကားခ( ၅ )ကျပ် ပေးလိုက်ရာ
ကျမမှာ (၇ )ကျပ်ပင် ကျန်သေးသည်။

ထိုမြို့ရောက်တော့ ကျမကားပေါ်က ဆင်းလိုက်
သည်။ ကားပေါ်မှ ဆင်းပြီး ဗိုက်ဆာလာသဖြင့်
ဟိုသည်ကြည့်၍ စားစရာ ရောင်းသည်ဆိုင်ကို
ရှာသည်။ အနီးမှာ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်
တွေ့၍ ခြေထောက် ထော့နဲ့ ထော့နဲ့နှင့် ဆိုင်
ထဲ ဝင်ထိုင်လိုက်သည်။

“မုန့်ဟင်းခါးတစ်ပွဲပေးပါ”

“အလွတ် ငါးမတ်၊ အကြော်နဲ့ဆို တစ်ကျပ်ခွဲ”

“အကြော်မထည့်နဲ့ အလွတ်ပဲပေးပါ”

ကျမ မုန့်ဟင်းခါးကို နှစ်ပွဲစားပြီး ပိုက်ဆံရှင်းလိုက်
ပါသည်။ မုန့်ဟင်းခါးနှစ်ပွဲက ကျမဗိုက်ကို တင်း
သွားစေသည်။ ကျမလည်း စားသောက်ပြီး ဆိုင်
မှ မထသေးဘဲ စားပွဲပေါ်မှ ရေနွေးကို အချိန်ဆွဲ
ပြီး သောက်နေလိုက်သည်။ ဘယ်သွားရမည်ကို
စဉ်းစားနေခြင်းလည်း ဖြစ်သည်။

ကျမလက်မှာ ပိုက်ဆံလေးကျပ်ခွဲသာ ကျန်တော့
သည်။ ထိုအချိန် မုန့်ကုန်သွားပြီဖြစ်၍ ဆိုင်သိမ်း
နေသည်ကို တွေ့ရသည်။ အဒေါ်ကြီးအား (၁၀)
နှစ်အရွယ် ကောင်လေးတစ်ယောက် ဝိုင်းကူသိမ်း
နေသည်ကို တွေ့ရသည်။ ကျမလည်း ထိုင်နေ
သည့်စားပွဲပေါ်မှ ရေနွေးပန်းကန်များ ထပ်ပြီး
ရေနွေးအိုးနှင့် အတူ ယူ၍ အဒေါ်ကြီးထံ သွားပို့
ပေးလိုက်သည်။

“ကလေးမ အဒေါ်ကြီးတို့ ဆိုင်သိမ်းပြီး ပြန်
တော့မယ် ကလေးမ ဘယ်ကို သွားမှာလဲ”

“ကျမ ဘယ်ကို သွားရမယ် မသိပါဘူး ဒေါ်
ကြီးရယ်၊ ဘယ်မှလည်း မသွားတတ်ဘူး”

“ဘယ်ကလာခဲ့တာလဲ”

“ထနောင်းကုန်းရွာကပါ …အစ်မရဲ့နှိပ်စက်တဲ့
ဒဏ်ကို မခံနိုင်တော့လို့ ထွက်လာခဲ့တာပါ”

“အို…မိန်းကလေးတစ်ယောက်တည်း အခုလို
စိတ်လိုက်မာန်ပါ လျှောက်သွားနေလို့ ဘယ်
ဖြစ်မလဲ၊ လာ အဒေါ်ကြီးနဲ့ လိုက်ခဲ့”

“ဒေါ်ကြီးက မုဆိုးမ၊  သားသမီးတွေက လော
လောဆယ် အိမ်မှာ မရှိဘူး။ ဒီဖိုးတုတ်လေးပဲ
နေ့စဉ် ဝိုင်းကူနေတာ”

“ဟာ …ဒါဆို၊ ကျမ အဒေါ်ကြီးကို စျေးဝိုင်းကူ
ရောင်းလို့ ရတာပေါ့”

“အေး …ကလေးမ သွားစရာမရှိဘူးဆိုရင်၊ ဒေါ်
လေးနဲ့ လိုက်နေ၊ စျေးဝိုင်းကူရောင်းပေါ့။ အိမ်
ရောက်မှကလေးမအကြောင်း ဒေါ်ကြီးကို ပြော
ပြ၊ နားထောင်ရတာပေါ့ “

“ကျမရဲ့အကြောင်းကတော့ အကောင်းတစ်ခုမှ
မရှိဘူး။ ဒါပေမဲ့ ဒေါ်ကြီးကို ပြောပြပါ့မယ်”

သို့ဖြင့် ဒေါ်ထားဆိုသော အသက်လေးဆယ်ငါး
နှစ်ခန့် အဒေါ်ကြီးခေါ်ရာနောက်သို့ အိုးခွက်ပန်း
ကန်ထည့်သော တောင်းကို ရွက်ရင်း လိုက်သွား
ခဲ့သည်။ ဒေါ်ထားက ရှေ့က ဆွဲခြင်း ဆွဲထားသည်
အကူခေါ်ထားသော ကောင်လေးက ရေပုံးအလွတ်
နှစ်ပုံးကို ဆွဲပြီး လိုက်ခဲ့သည်။

မကြာခင် ဒေါ်ထားတို့ အိမ်သို့ ရောက်ခဲ့သည်။

ပေနှစ်ဆယ်ခန့်  မျက်နှာဝရှိသော ခြံအတွင်း
သုံးပင်နှစ်ခန်းတွဲ သွပ်မိုး၊ ထရံကာ အိမ်လေး
တစ်လုံးအတွင်း ဒေါ်ထား ဦးဆောင်ပြီး ဝင်ခဲ့
သည်။

“ကဲ ရောက်ပြီ …ဒါ ဒေါ်ကြီးရဲ့အိမ်  အရင်က
သမီးတစ်ယောက်၊ သားတစ်ယောက် အဒေါ့်
ယောက်ျားနဲ့ မိသားစုလေးယောက် နေခဲ့တဲ့
အိမ်လေးပဲ အဒေါ့်ယောက်ျားဆုံးသွားတာ၊
ငါးနှစ်ကျော်ပြီ၊ သမီးက အိမ်ထောင်ကျပြီး
ကချင်ပြည်နယ်ဘက်မှာ ယောက်ျားအလုပ်
တာဝန်ကျရာနောက် ပါသွားတယ်။ သားက
စစ်ထဲလိုက်သွားတာ၊ သေလား ရှင်လား
မသိဘူး၊ သူ့အဖေ မသေခင်လေးမှာ စစ်
ထဲဝင်သွားတာ ။ အခုဆို ငါးနှစ်ကျော်ပြီ”

“ဒါဆို ဒေါ်ကြီးတစ်ယောက်တည်းရှိတော့
တာပေါ့”

“မုန့်ဟင်းခါး နေ့တိုင်းရောင်းပြီး ဝမ်းရေးဖြေ
ရှင်းနေရတာပေါ့ကွယ်၊ ဖောက်သည်လေး
ရလာတော့ အဆင်ပြေပါတယ်”

“ဖောက်သည်ဆိုတာ…ဘာကို ပြောတာလဲ
ဒေါ်ကြီး”

“သြော် …နေ့စဉ် …ပုံမှန်စားသုံးတဲ့လူတွေကို
ပြောတာပါ”

“ကျမလည်း ဒီနေ့က စပြီး အိမ်သားတစ်ယောက်
လိုပဲ ကူညီပါ့မယ်၊ ခိုင်းစရာ ရှိတာလည်း အားမ
နားဘဲ ခိုင်းပေါ့”

သို့ဖြင့် ကျမလည်း ထိုနေ့မှစပြီး ဒေါ်ထား၏
အိမ်သားတစ်ယာက်ဖြစ်ခဲ့ပါသည်။ ဒေါ်ထား
က သဘောထား ပြည့်ဝသူ ဖြစ်သည်။

ကျမက အစ်မကြီး၏ခိုင်းစေမှုအောက်မှာ
နေသားကျခဲ့ပြီဖြစ်၍ ဒေါ်ထား၏ အိမ်မှုကိစ္စ
အလုပ်မှန်သမျှ သက်တောင့်သက်သာပင်
ဝင်လုပ်ပေးနိုင်ခဲ့သည်။

ကျမအကွက်မြင်တတ်မှုကြောင့် ဒေါ်ထားအရေး
ပေးခြင်းကို ခံခဲ့ရသည်။ ကျမရောက်ခဲ့ပြီးနောက်
ပိုင်း မနက်ပိုင်း မုန့်ဟင်းခါးရောင်း၍ ညနေ ရခိုင်
မုန့်တီဆိုင် ဖွင့်ခဲ့သည်။ ကျမ ဒေါ်ထားအိမ်ရောက်
၍ နှစ်နှစ်ခန့်အကြာမှာ ဒေါ်ထား၏ ပျောက်နေ
သည်ဆိုသော သားက ပြန်ရောက်လာသည်။
ကျမထက် အသက်သုံးနှစ်ခန့်ကြီးသည်။

ပေါင်မှာ သေနတ်ကျည်ဆန် ထိသွား၍ ဆေးပင်
စင်နှင့် ပြန်ရောက်လာခြင်းကြောင်းသိရသည်။
သူတပ်ထဲ စဝင်ကတည်းက ရှမ်းပြည်နယ်ဘက်
မှာ တာဝန်သွားထမ်းဆောင်နေရခြင်းကြောင့်
မိဘများနှင့် အဆက်အသွက် ပြတ်ခဲ့ရကြောင်း
သိရသည်။ ခြေထောက်တစ်ဖက်ဆာနေသော
ဒေါ်ထား၏ သား ထက်အောင်နှင့် ပြန်ရောက်
ပြီး တစ်နှစ်ခန့်အကြာ ကျမလည်း ဒေါ်ထား၏
တိုက်တွန်းမှုကြောင့် လက်ထပ်ဖြစ်လိုက်သည်။

ကျမလည်း အိမ်ထောင်ကျပြီးသည်နှင့် ဒေါ်ထား
၏အလုပ်များကို ဦးဆောင်ပြီး လုပ်တော့သည်။
ဒေါ်ထားကို အနားပေးပြီး အိမ်မှာနေစေသည်။
မုန့်ဟင်းခါးထဲ ထည့်မည်အမယ်များကို ကြိုလုပ်
ထားစေသည်။ မနက်ဘက် ဒေါ်ထားက ဟင်း
ထ၍ ချက်ပေးသည်။ မနက်ဆိုင်ဖွင့်တော့ ဟင်း
အိုးကို သယ်သွားကာ ဆိုင်မှာ ရောင်းသည်။

ကျမ မနက်ည မုန့်ရောင်း၍ မအားမလပ်အောင်
ရှိနေသော်လည်း ကျမယောက်ျားထက်အောင်
က အလုပ်ကို လက်ကျောတင်းအောင် မလုပ်။ မနက်ဆိုင်ဖွင့်လျှင် ပစ္စည်းသယ်ပို့ပေးသည်။
ဆိုင်သိမ်းချိန်မှာ ရောက်လာပြီး ဝိုင်း၍ သိမ်း
သည်။ ကျန်သောအချိန်များတွင် ရွာအတွင်း
လှည့်ပြီး ဖဲဝိုင်း၊ ကြက်ဝိုင်းသို့သာ ရောက်နေ
တတ်သည်။ အိမ်ထောင်ကျပြီးနောက် ငါးလ
ခန့်အကြာ ကျမ ပထမကလေးကို ကိုယ်ဝန်
ဆောင်ရသည်။ ကျမ ကိုယ်ဝန်ရှိနေကြောင်း
နှစ်လခန့် ကြာမှ သိလိုက်သည်။

ထို့နောက်  စျေးထွက်ရောင်းရင်း၊ ကိုယ်ဝန်စောင့်
ရှောက်ရင်းဖြင့် ကိုယ်ဝန်ရင့်လာခဲ့သည်။ တစ်နေ့
ကျမဆိုင်သိမ်းပြီး အိမ်သို့ပြန်အလာ အိမ်ဝအ
ရောက် ခလုတ်တိုက်မိပြီး လဲမလို ဖြစ်သွားသည်။
ထိုအခါ မလဲရန် လက်နှင့် သစ်ပင်အား လှမ်း
ထောက်လိုက်ရာ ကျမ၏ ဗိုက်ကို ညာလက်
တံတောင်ဆစ်က ထောက်မိသွားသည်။

“အား”

“ဘာဖြစ်တာလဲ မိန်းမ”

“ခြေချော်သွားလို့ လက်နဲ့လှမ်းထိမ်းလိုက်တာ၊
တံတောင်ဆစ်နဲ့ ဗိုက်ဆောင့်မိပြီး အောင့်သွားလို့”

“ပစ်မလဲလို့ တော်သေးတာပေါ့ မိန်းမရာ”

ထိုည ကျမတစ်ခါမှ မမက်ဖူးသော အိပ်မက်ကို
မက်သည်။ ကျမ အိပ်မက်ထဲမှာ ညိုမက ဗိုက်
ကြီးပေါက်လျက် ကျမ အနီးသို့ ရောက်လာသည်
ကျမ ရှေ့မှာပင် ဗိုက်ပေါက်ထဲက ခွေးလေးတွေ
တစ်ကောင်ပြီးတစ်ကောင် ထွက်ကျနေသည်ကို
တွေ့လိုက်ရသည်။ ထို့နောက် ညိုမက ကျမအား
ပါးစပ်ကြီးဖြဲကာ မာန်ဖီပြီး၊ အခိုးအငွေ့အဖြစ်နှင့်
ပျောက်သွားသည်။ မနက်ရောက်တော့ ကျမ
စျေးရောင်း မထွက်နိုင် အိပ်ရာထဲ လဲခဲ့သည်။

မဖြစ်စလောက်လေး ထိခိုက်မိပြီး၊ ကျမ၏ပထမ
ကိုယ်ဝန်ပျက်ကျသွားပါတော့သည်။ ကျမလည်း
ကိုယ်ဝန်ပျက်ခဲ့သည့်အတွက် စိတ်ဆင်းရဲ ကိုယ်
ဆင်းရဲဖြစ်ကာ လဝက်ခန့် စျေးမထွက်နိုင်သဖြင့်
ကျမယောက္ခမက ကျမကိုယ်စား စျေးထွက်ပေး
နေ၍  ဖောက်သည်မပျက်ခြင်း ဖြစ်သည်။

ကျမ ပြန်လည် ကျန်းမာလာသည်နှင့် စျေး
ပြန်ထွက်ခဲ့သည်။ ကလေးပျက်ကျပြီး တစ်
နှစ်ခွဲခန့်အကြာဒုတိယကိုယ်ဝန်ကို ဆောင်ခဲ့
ရပြန်ပါသည်။ ကျမအပါအဝင် ကျမယောက္ခ
မ၊ ကျမယောက်ျားတို့က ဗိုက်ထဲက ကလေး
ကို မထိခိုက်၊ မပျက်စီးရအောင် ဝိုင်းဝန်စောင့်
ရှောက်ကြပါသည်။ ကျမလည်း မွေးဖွားရန်
တစ်လခန့် အလိုကျမှ ကျမ စျေးရောင်း
ရပ်လိုက်သည်။

ကျမစျေးရောင်းခြင်းကို ရပ်လိုက်သဖြင့် ယောက္ခမဒေါ်ထားက စျေးဝင်ရောင်းသည်။
ကျမလည်း အိမ်မှာတစ်ယောက်တည်း နေရ
သည့်အတွက် ပျင်းရိလာသဖြင့် ယောက်ျားကို
အကူအညီတောင်းပြီး အညောင်း အညာပြေ
မုန့်ဟင်းခါးဆိုင်သို့ လိုက်လာခဲ့သည်။

ထိုစဉ် လမ်းမပေါ်မှ ခွေးလေးကောင် မာန်
စောင်ကာ ကိုက်ရန် ပြင်နေကြသည်။

“မနွယ်…သတိထား၊ အဲဒီခွေးတွေ  တို့ဘက်
ကို ပြေးလာနိုင်တယ်၊ သတိထား”

ထက်အောင်၏ စကားမဆုံးလိုက်၊ မာန်စောင်
နေသော ခွေးသုံးကောင်ခွေးအနက်ကြီးတစ်
ကောင်ကို ဝိုင်းကိုက်ခြင်းကြောင့် ထိုခွေးကြီး
က နောက်သို့  ပြန်လှည့်ပြေးလာစဉ် ကျမ
အား ဝင်တိုက်မိလိုက်သည်။ ကျမလည်း
ကိုယ်ဝန်၏ အလေးချိန်ကြောင့် မထိန်းနိုင်
ဘဲ ဖင်ထိုင်ပစ်လဲကျသွားသည်။ ထိုခွေးနက်
ကြီးက ကျမကို ကိုက်မည့်ဟန်ပင် ပြုလိုက်
သေးသည်။

“ဟာ …မနွယ်…ဒုက္ခပါပဲ…ဟဲ့ခွေး…ဟဲ့ခွေး”

“ဝုတ်…ဝုတ်…ဝုတ်”

“ဝေါင်း …ဝေါင်း”

နောက်မှ ဆူညံစွာဟောင်ရင်း ခွေးသုံးကောင်
လိုက်လာသည့် အတွက်  ကျမကို ရန်ပြုချင်
သော ခွေးနက်ကြီး ခြေကုန်သုတ်ပြီး ပြေး
ထွက်သွားသည်။

“မနွယ်…မနွယ်…ဘာဖြစ်သွားသေးလဲ”

ယောက်ျားဖြစ်သူက ကျမအား ဆွဲထူရန်
လက်မောင်းရင်းကို ဆွဲမလိုက်စဉ်၊ ကျမ၏
ခေါင်းပေါ်မှာ ပူသလိုခံစားသိလိုက်၍ လက်
နှင့် စမ်းကြည့်လိုက်ရာ သွေးများစီးကျလာ
သည်ကို သိလိုက်သည်။

ထို့ကြောင့် ကိုထက်အောင်က ကျမအား
ဆေးခန်းသို့ ဆိုက်ကားငှားပြီး ပို့ပေးပါသည်။
ကျမ၏ ဒုတိယကလေး ပျက်ကျသွားရပြန်ပါ
ပြီ။ထိုကဲ့သို့ ကလေးများ ဆက်တိုက်ပျက်နေ
ရသည့်အတွက် ကျမ ညိုမအား ပြုခဲ့သော ဝဋ်
ကြွေး၊ တလှည့်ပြန်ခံရနေရပြီဆိုသည်ကို ကျမ
ယုံကြည်လာသည်။

ညစဉ် ညိုမကို အိပ်မက်ထဲမှာ မက်လာသလို
အပြင်မှာလည်း ညိုမနဲ့ ဆင်ဆင် ခွေးအနက်
ကြီးများကို မကြာမကြာ တွေ့နေရသည်။ကျမ
ကြောင့် ညိုမ၏ ခွေးသုံးကောင် ပျက်ကျသွား
ပြီး ညိုမ သေခဲ့ရသလို ကျမလည်း တတိယ
မြောက်ကလေးမွေးပြီးပါက အသက်ပါ အနုတ်
ခံရမည်ကို စိုးရိမ်လာသည်။

သို့ကြောင့် တတိယမြောက်ကလေးကို မမွေး
ရန် ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းကို
ယောက်ျားဖြစ်သူအား ရှင်းပြလိုက်သည်။ ထို
အခါ ကျမယောက်ျားက သေသွားသော ညို
မ၏ ဝဋ်ကြွေး ရှိရင် ကျေပါစေရန် အလှူတစ်
ခုခု လုပ်ပေးဖို့ ပြောလာပါသည်။

ကျမလည်း မေ့လျော့နေသော ကိစ္စတစ်ခုကို
သတိပေးနေသည့်ယောက်ျားဖြစ်သူကို ကျေး
ဇူးတင်မိသည်။ သို့ကြောင့် ကျမလည်း နောက်
နေ့မှာ ညိုမအတွက် ရည်စူးပြီး ဆွမ်းဟင်းနှင့်
ဆွမ်းဟင်း၍ ဘုန်းတော်ကြီးကျောင်းမှာ သွား
လှူကာ အမျှဝေနိုင်ခဲ့သည်။ ထို့သို့ လုပ်လိုက်
သဖြင့် စိတ်ထဲပေါ့သွားသလို ခံစားလိုက်ရသည်။

ကျမ ဒုတိယကိုယ်ဝန်ပျက်ပြီး နှစ်နှစ်လောက်
အကြာမှာ ကိုယ်ဝန်မလိုချင်သော်လည်း ကိုယ်
ဝန်ရခဲ့ပြန်သည်။ ကျမလည်း ပထမနှင့် ဒုတိယ
ကိုယ်ဝန်များသကဲ့ မပျက်ကျစေရန် ပိုပြီး ဂရု
စိုက်ခဲ့သည်။ ကျမ ထုံးစံအတိုင်း မနက်ပိုင်း
မုန့်ဟင်းခါး ညနေမုန့်တီကိုတော့ အရောင်း
မပ်က္ခဲ့။

ကျမယောက်ျားကတော့ ကျမကို ဆိုင်ပို့ပြီး
သည့်နှင့် သူလိုအပ်သော ငွေကို တောင်းယူ
ကာ အရက်ဆိုင်ဖြစ်ဖြစ် ကစားဝိုင်းဖြစ်ဖြစ်
ရောက်သွားတတ်သည်။ ကိုယ်ဝန်နှစ်ခါပျက်
ခဲ့ရသော ကျမ ကျန်းမာရေးက ယခင်လို
မကောင်းတော့၊ ဟိုဆေးကောင်းသည်၊
သည်ဆေးကောင်းသည် ဆို၍ဆေးမြီးတို
မျိုးစုံစားပေမယ့် ကျန်းမားရေးက ပိုကောင်း
မလာခဲ့။

ဝမ်းကလည်း မကြာခဏ ချုပ်သဖြင့် ဝမ်းနှုတ်ဆေး မကြာမကြာ စားပေးရသည်။ မုန့်ဟင်းခါးချက်ရန်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီသပ်၍ ထွက်လာ
သော ညှော်နံ့မိလွန်းသဖြင့် ယခင်က ဘာမှ မဖြစ်
ခဲ့သော ခေါင်းကိုက်သည့် ဝေဒနာလည်း မကြာ
မကြာ ဖြစ်လာသည်။

ခြေလက်များကလည်း မကြာခဏ ယောင်လာ
သည်။ ကိုယ်ဝန်ရှိလျှင် ယောင်တက်သည်ဆို
ပေမယ့် ယခု ကျမ အနေရ အထိုင်ရ လေးပင်
နေသည်။ အစားအသောက်လည်း ပျက်လာ
သည်။ အသား၊ ငါးပါလျှင် စားမရတော့။

သို့ကြောင့် အာဟာရလည်း ကောင်းစွာ မရသည့်
အတွက် အားပြတ်သလို ဖြစ်လာသည်။ ကိုယ်ဝန်
က တဖြည်းဖြည်း ရင့်လာသည်။ ခုနှစ်လသို့ရောက်
လာသည်။ ကျမကို ယောက္ခမကြီးက အိမ်မှာပင်
နေစေပါသည်။ ယောက္ခမအသက်က ငါးဆယ်
ကျော်ရုံသာ ရှိသေးသည့်အတွက် မုန့်ဟင်းခါး
ချက်နိုင်သေးသည်။

ယောက်ျားဖြစ်သူက သူ၏အရက်ဖိုးကို ကျမထံ
လက်ဖြန့်တောင်းရသည်ကို အားနာသေည်ပြော
ပြီး ဆိုက်ကား နေ့ဘက်ယူနင်းသည်။ အုံနာခနှင့်
အရက်ဖိုးရလျှင် ဆက်မနင်းတော့။ သူလုပ်စာ
ကျမ တစ်ခါမှ မရ။ ယောက္ခမက စျေးထွက်သည်
ဖြစ်၍ အိမ်မှာ ကျမ ထမင်းဟင်းချက်ပေးထား
သည်။ အညှီအဟောက် စားမရသဖြင့် နေ့စဉ်
မြေပဲလှော် ဆီဆမ်းပြီး စားချင်စားလိုက်သည်။

ထမင်းရည်ထဲ ထမင်းအနည်းငယ်ထည့်ပြီး ဆား
ခပ်ကာ သောက်၍ ဗိုက်ဖြည့်သည်။ ထိုအစာများ
သည် အာဟာရမပြည့်မှန်းသိသော်လည်း အညှီ
အဟောက် အသား၊ ငါးပိရည် လုံးဝ ပါးစပ်ထဲ
သွင်းမရတော့သည့်အတွက် ဖြစ်သလို စားနေရ
ခြင်းပင်။ အာဟာရချို့တဲ့လာသဖြင့် ကလေး
မွေးပါက မွေးရခက်မည် ကြိုးစားပြီစားရန် ဝိုင်း
ပြောကြသဖြင့် အနည်းငယ် စားကြည့်ရာ လည်
ချောင်းဝမှာပင် ပျို့အန့်ပြီး ပြန်ထွက်လာသည်။

သို့ဖြင့် ကလေးမီးဖွားရက် နီးလာသည်။ ကျမက
ဗိုက်ထဲက အခြေအနေကို မသင်္ကာသဖြင့် ယော
က္ခမကို ပြောပြရာ အရပ်လက်သည်ကို ခေါ်ပြီး
ပြကြသည်။

ကလေးဗိုက်ထဲမှာ မလှုပ်တော့ဟု အရပ်လက်
သည်က ပြောသည်။ဆေးရုံမှာ သွားမွေးရန် ပြော
သည်။ကလေးက တိုးရမည့်အချိန် မတိုးသဖြင့်
ကျမလည်းစိုးရိမ်လာသည်။ ဆေးရုံပို့ပေးရန်
ယောက္ခမနဲ့ ယောက်ျားဖြစ်သူကို ပြောရသည်။
ဗိုက်က တဖြည်းဖြည်း တင်းတင်းရင်းရင်း ဖြစ်
လာကာ အနေရ ခက်လာသည်။

ကိုထက်အောင် ထမင်းစားပြန်ချိန်မှာ သူ၏
ဆိုက်ကားဖြင့် ကျမအား ဆေးရုံသို့ ပို့ပေးပါ
သည်။ ကျမ တတိယမြောက်ကလေးကို မွေး
ကာနီးအချိန်ထိ ညိုမလာရောက် ခြောက်လှန့်
သည်ကို မကြုံရတော့။

သူကို ကျမတို့လင်မယား ကောင်းမှုကုသိုလ်
ပြုလိုက်၍များ ခွင့်လွှတ်ပြီး အဝေးသို့ ထွက်
သွားပြီလားမသိ။ ညိုမကို အိပ်မက်ထဲမှာရော၊
အသိအာရုံထဲမှာပင် မပေါ်ခဲ့။ တတိယမြောက်
ကလေးကို မွေးရမည့်ရက်ကို ရောက်ခဲ့ပြီဖြစ်
သော်လည်း ရှောရှောရှူရှူမွေးမည့်ဟန်မရှိ၊
ဝဋ်ကြွေးမကုန်သေးဘူး ထင်သည်။

ကလေးက ဗိုက်မှာ ကန့်လန့်ခံနေသည်ဟု
ဆိုသဖြင့် ဆေးရုံသို့ လာခဲ့ခြင်းဖြစ်သည်။ ကျ
မ ဆေးရုံရောက်တော့ လူနာစာရင်းသွင်းပြီး
ကိုယ်ဝန်များထားသော အခန်းသို့ ပို့လိုက်ပါ
သည်။ အခန်းတွင်း မွေးလူနာများ ဗိုက်နာ၍
အော်ဟစ် နေသူများ ဗိုက်ကို နှိပ်ပြီး လမ်း
လျှောက်နေသူများရော လူမျိုးစုံ တွေ့နေရ
ပါသည်။ ဆရာဝန်မ အဆင်သင့် ရှိနေသဖြင့်
ကျမကို စမ်းသပ်ကုတင် တက်ခိုင်းပြီး စမ်း
သပ်ပါသည်။

ဆရာမစကား ကြားသည်နှင့် ကျမ နှလုံးသွေး
ပျက်မျှ လန့်သွားပါသည်။ ကလေးက ဗိုက်ထဲ
မှာ သေနေတာ အနည်းဆုံး နှစ်ရက်ခန့် ရှိနေပြီ
ဟု ဆိုပါသည်။ သို့ကြောင့် ခွဲပြီး ကလေးကို
ထုတ်ရမည်ဟု ဆိုပါသည်။ ယခုမှပင် ညိုမ
ဗိုက်ပေါက်ပြီး ကလေးအသေများ မွေးရသော
ဝဋ်က ကျမအား နောက်ဆုံးလည်ခြင်း ဖြစ်ပါ
သည်။ ညိုမဗိုက်ပေါက်ပြီး သေရသလို ကျမ
လည်း ကလေးအသေလေးကို ဗိုက်ခွဲပြီး ညိုမ
ကဲ့သို့ ကျမသေရမည်လား မသိ၊ ကျမခြေဖျား
လက်ဖျားလည်း အေးစက်လာသည်။

အကြောက်အလန့်က ပိုလာသည်။ ကိုယ်ဝန်
ဆောင်ပြီး သုံးလေလရသည်မှစ၍ အစားကောင်း
ကောင်း စားမဝင်ခဲ့သော ကျမ ဤတောင်ကို
ကျော်နိုင်မည်မထင်တော့ပါ။

ကျမကို ညခြောက်နာရီမှာ မေ့ဆေးပေးပြီး
ဗိုက်ထဲက ကလေးအသေလေးကို ခွဲထုတ်
လိုက်ပါသည်။ ကလေးက ဗိုက်ထဲမှာ နှစ်ရက်
ခန့် သေနေပြီဖြစ်သဖြင့် ကျမ၏ သားအိမ်မှာ
အခြေအနေမကောင်းတော့၍ တလက်စတည်း
ဖြတ်ထုတ်လိုက်ရသည်ဟု ဆိုပါသည်။

အသက်မသေသေး၍ ဖြေသာပါသည်။ ခွဲစိတ်
ခန်းအတွင်းက ကျမကို ထုတ်ပြီး အနားပေးထား
ပါသည်။ ညရှစ်နာရီကျော်မှ ယောက်ျားဖြစ်သူနှင့်
ယောက္ခမတို့ ကျမကို တွေ့ခွင့်ရခဲ့ပါသည်။ က
လေး ဗိုက်ထဲမှာ သေနေသည်ကို ကြိုတင်သိ
ထားကြသဖြင့် ကလေးအကြောင်း မမေးကြပေ။

နောက်ပိုင်းတော့ ကိုထက်အောင် ပြန်သွားပြီး
ညအိပ်စောင့်ရန် ယောက္ခမကြီး ကျန်ခဲ့သည်။
ကျမလည်း ချုပ်ရိုးက ထုံဆေးအရှိန်ကြောင့်
အလွန်အမင်းမနာကျင်သေးသည့်အတွက်
ညသန်းခေါင်ခန့်အရောက် အိပ်ပျော်သွားခဲ့
သည်။ ထိုအချိန် မေ့ပျောက်နေပြီဖြစ်သည့်
ညိုမ ဗိုက်ဟောင်းလောင်းပေါက်ကြီးနှင့်
အနားရောက်လာသည်ကို သိလိုက်သည်။

“ဘယ်လိုလဲ နင်လည်း ကလေးတစ်ယောက်မှ
မရလိုက်ပါလား…ငါ့ရဲ့ဗိုက်ကွဲသွားရသလို နင်
လည်း ကွဲရတာပဲ …နင့်ရဲ့ မိုက်ပစ်က နင့်ကို
ဒဏ်ခတ်တာ၊ ငါက နင့်ကို ကြိမ်ဆဲခဲ့တာ မ
ဟုတ်ဘူး၊ ငါလည်း ရှေ့က ဝဋ်ကြွေးရှိလို့
ခံခဲ့ရတာ၊ နင်လည်း မကောင်းတာလုပ်ခဲ့လို့
ပြန်ခံရတယ်လို့ မှတ်လိုက်၊ နင့်ရဲ့ဝဋ်ကြွေးက
သည်လောက်ပဲပါလို့ ငါသေသလို နင်မသေ
တာပဲ။ အသက်ရှည်ရှည် နေချင်သေးရင်
ဘုရား တရား မမေ့နဲ့၊ စိတ်ကောင်းမွေး၊ ငါ
နင့်ကို ငါ့လို မသေစေချင်ပါဘူး၊ နင့်ရဲ့စိုး
ရိမ်စိတ်က နင့်အသိထဲမှာ ငါ့စိတ်ဝင်ပြီး
ခြောက်လှန့်နေတာ…”

ညိုမက ခွေးလည်း မဟုတ်၊ လူလည်း မဟုတ်၊
စကားတွေ အများကြီးပြောပြီး ကျမကို တရား
ချ၍ ညိုမသဏ္ဌာန်က မှုံဝါးပျောက်ကွယ်သွား
သည်။ ခံရသူက ခွင့်လွှတ်နိုင်သွားပြီ ဆိုပေမယ့်
လုပ်ခဲ့ရသူက လုပ်ခဲ့သည့်အလျောက် တန်ရာ
တန်ကြေး ပေးဆပ်ခဲ့ရပါသည်။

ကျမမှာ အိပ်မက်လိုလို၊ တကယ်လိုလို ညိုမစကား
သံကို ကြားလိုက်မိပြီးနောက် လန့်နိုးသွားပါသည်။
ကျမလည်း ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ပြု
လိုက်ပြီးနောက် ယောက္ခမကြီး မသေခင်အထိ
စျေးရောင်းပြီး လုပ်ကျွေးရန် ဆုံးဖြတ်ချက် ချလိုက်
သည်။ ထိုနှစ်များအတွင်း ကချင်ပြည်နယ်မှာ
ယောက်ျားဖြစ်သူနှင့် သွားရောက်နေထိုင်သည့်
သမီးမှာ မိသားစုလိုက် ကားမှောက်သေဆုံးသွား
ကြသဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးကြောင်း
သတင်းရောက်လာသည်။

သွားလာရန် ခက်ခဲသောကြောင့် မိခင်ဖြစ်သူ
ဒေါ်ထားက လိုက်မသွား၊ တရားနှင့်သာ ဖြေ
တော့မည်ဟု ပြောသည်။ ကျမ အိမ်ထောင်
သက် ဆယ်ရှစ်နှစ်၊ ကျမအသက်(၃၆)နှစ်မှာ
အရက်ကြောင့် အသည်းရောဂါ ဖြစ်ကာ ကို
ထက်အောင် ဆုံးပါးသွားခဲ့သည်။

ကျမယောက္ခမကြီးက ကျမအား သူ့သားသမီး
တစ်ယောက်မှ အားမကိုးရ၊ သူ့အပေါ် မကောင်း
ခဲ့ချေ။ ချွေးမက သူ့အပေါ် ကောင်းခဲ့၍သာ ဒီအ
သက်အရွယ်ထိ မတောင့်မတ နေခဲ့ရကြောင်း
ဖွင့်ဟပြောလာသည်။ ထိုအချိန် ယောက္ခမကြီး
က အသက်ခြောက်ဆယ်ကျော် ကျန်းမာမာပင်
ရှိသေးသည်။ ကျမက ယောက္ခမအား အိမ်နှင့်
ခြံရောင်း၍ တရားရိပ်ခိုရန် ပြောသော်လည်း
လက်မခံသဖြင့် ကျမဆန္ဒကို အကောင်အထည်
မဖော်နိုင်ခဲ့ပါ။

သို့ကြောင့် ယောက္ခမကြီးနှင့် အတူနေခဲ့ကြရာ အသက်(…)အရောက်လူကြီးရောဂါနှင့် ကွယ်
လွန်ခဲ့သည်။ ယောက္ခမကြီး အသက်ဆုံးတော့
ကျမယောက္ခမခြံနှင့် အိမ်ကို ရောင်းချလိုက်ပါ
သည်။ ကျမလည်း ယခင်ကတည်းက ဆုံးဖြတ်
ချက်ချထားသည့်အတိုင်း အိမ်ရောင်းရငွေကို
ပိုက်ကာ ကျမ တရားရိပ်ခိုလှုံမည့်နေရာသို့
ယူသွားပြီး ယောက္ခမကြီးအမည် ကဗ္ဗည်းထိုး
၍ လှူဒါန်းလိုက်ပါသည်။

ကျမ ဘဝတစ်လျှောက်လုံး အစ်မနဲ့ ခဲအိုတို့၏
နှိပ်စက်မှု နေ့စဉ်ခံခဲ့ရသည့် နာကျည်းမှု၊ ညိုမ
ကို မရည်ရွယ်ဘဲ သတ်ခဲ့မိသည့်အဖြစ်ဆိုးက
ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာ ရခဲ့ပါသည်။

သို့ကြောင့် ပျော်ရွှင်စရာ မကောင်းတော့သည့်
လူ့လောကကြီးမှာ လူဖြစ်လာရသော ကျမ
ယခု ဘုရားရိပ် တရားရိပ်အောက် ခိုလှုံအပြီးမှ
အေးငြိမ်းမှုအစစ်ကို ရှာတွေ့ခဲ့ရပါတော့သည်။

စာရေးသူ ဧကန်မင်း

မဖဲဝါ၏ တောက်ခေါက်သံစာအုပ်မှ
ကောက်နုတ်တင်ပြထားသည်