ခွေးအလူသား

ခွေးအလူသား(စ/ဆုံး)
—————–

ကျွန်ပ်နာမည်မှာဖိုးတေဟုအမည်ရပြီး
ရခိုင်ရိုးမတောအတွင်းလှည့်လည်၍အမဲပစ်
အလုပ်ဖြင့်ဝမ်းရေးပြသာနာဖြေရှင်းနေသော
မုဆိုးတစ်ယောက်ဖြစ်၏။

တစ်ခါတရံ၊ အကြောင်းအရာကိစ္စတစ်စုံတစ်ခုကြောင့်
ကျွန်ပ်ကျင်လည်ကျက်စားရာတောအတွင်းလမ်းပြအဖြစ်ငှါးရမ်းကြသလို ၊ တစ်ခါတရံတစ်ခြားအရပ်ကျွန်ပ်မရောက်ဖူးရာ
နေရာဒေသများသို့လည်း သွားရောက်၍ ထူးဆန်းအံ့သြဖွယ်ဇတ်လမ်းများ၊အန္တရယ်များသေပြီဟုပင်မှတ်ယူမိသော
အခက်အခဲများမရေမတွက်နိူင်အောင်ပင်ကြုံဖူးတွေ့ဖူးသောကြောင့်တော်ရုံတန်ရုံကိစ္စရပ်များမှာတခြားတပါးသူအတွက်ထူးဆန်းကောင်းထူးဆန်းနေနိူင်သော်လည်း ကျွန်ပ်အတွက်ထူးခြားမူမရှိလှပဲ သာမာန်အဖြစ်အပျက်တစ်ခုကိုကြုံတွေ့ရသူလိုသဘောထားနိူင်ခြင်းမှာအတွေ့အကြုံ၊အကြောင်း
အရာစုံလင်သောကြောင့်ပင်ဖြစ်ပါတော့၏။

သို့ရာတွင်လည်း မကြာသေးမှီက ကျွန်ပ်ပါဝင်ဖြေရှင်းခဲ့ရသော အဖြစ်အပျက်တစ်ခုကမူ
ကျွန်ပ်ဘဝတွင်တစ်ကြိမ်မှမတွေ့ကြုံဖူးသေးသော
ကိစ္စရပ်ဖြစ်သောကြောင့် အံ့သြမိခြင်းနဲ့အတူ
လောကကြီး၏ဆန်းပြားနက်နဲသောသဘောတရားများကိုလည်း နားမလည်နိူင်ဖြစ်ရပါတော့၏ ။

တစ်နေ့ကျွန်ပ်နေထိုင်ရာရွာသို့ကျွန်ပ်သူငယ်ချင်း ချင်းလူမျိုးအောင်ပွေထူးထူးဆန်းဆန်းရောက်လာ၏ ။

အောင်ပွေမှာအမ်းရိုးမတောတွင်ကျင်လည်ကျက်စားသောမုဆိုးတစ်ယောက်ဖြစ်ပြီး ကျွန်ပ်နေထိုင်ရာရခိုင်ရိုးမနဲ့သိပ်မဝေးဟုပြော၍ရသလိုသိပ်မနီးသောအရပ်ဟုလည်းပြော၍ရ၏ ။

ခရီးရောက်မဆိုက်ပင်သူတို့ရွာတွင်ပြသာနာတစ်ခု
ကြုံနေရကြောင်းသူတယောက်တည်း အကြံအိုက်နေ၍ အမြန်လိုက်ခဲ့ကာ ကူညီဖြေရှင်းပေးစေလိုကြောင်း
ပြောပြသောကြောင့် သူငယ်ချင်းများကိုခင်မင်တတ်သောကျွန်ပ်မှာပြသာနာကိုပင်မမေးမြန်းနေတော့ပဲဇနီးဖြစ်သူကိုကျွန်ပ်မိဘအိမ်ပို့ခဲ့ပြီးနောက်တနေ့မှာပင်အောင်ပွေနဲ့အတူလိုက်ပါလာခဲ့တော့၏ ။
အောင်ပွေတို့ရွာကိုရောက်ရန်အမ်းရိုးမလမ်းတစ်နေရာတွင်ကားရပ်စေ၍ တောလမ်းအတိုင်း ရွာသို့သုံးနာရီခရီးခန့်ခြေကျင်လျောက်ရ၏ ။

တောင်ကြီးများပတ်ချာလည်ဝိုင်းနေသော
အိမ်ခြေခြောက်ဆယ်နီးပါးရှိ ဆေးရိုးကြီးကျေးရွာမှာအောင်ပွေနေထိုင်ရာရွာပင်ဖြစ်သည်။

ရွာဘေးခပ်လှမ်းလှမ်းတောင်ပေါ်မှရေတံခွန်ကြီးတစ်ခုမှာရေများတရှိန်ထိုးကျဆင်းနေပြီးရေစီးကျရာအောက်တွင်ရေအိုင်ကြီးတစ်ခုဖြစ်ထွန်းနေကာထိုအိုင်မှရေများမှာမြစ်ရာမှနိမ့်ရာသို့စီးဆင်းသွားရာ ကျောက်တုံးကျောက်ဆောင်များကိုရစ်ပတ်ခွေစီးဆင်းနေသောချောင်းငယ်လေးတစ်ခုကအောင်ပွေတို့ရွာဘေးတွင်ရှိနေ၏ ။

”…ကဲ…အောင်ပွေ… ရွာကိုတော့ရောက်လာပြီ…ရွာရောက်မှပြောမယ်ဆိုတဲ့မင်းအရေးကြီးကိစ္စဆိုတာ ဘာများလဲဆိုစမ်းပါအုံး…”

”…ခနတဖြုတ်.. အနားယူပါအုံးကွာ…
ပြီးမှပြောတာပေါ့…..”

”…ဟေ့ကောင်… ပြောစရာရှိတာအရင်ပြောကွာ..
သိချင်နေပြီ…”

ရွာအတွင်းဝင်လာပြီး အောင်ပွေအိမ်ရောက်လာသောအခါ အောင်ပွေမိန်းမအားလက်ဆောင်အဖြစ်ယူလာ
သောကျွန်ပ်တို့ဒေသထွက်သီးနှံများကို ပေးအပ်၍
နူတ်ဆက်စကားဆိုခြင်းနဲ့အတူ၊အောင်ပွေသားတော်မောင်နှစ်ယောက်အတွက်လမ်းမှဝယ်လာသော ချိုချည်နဲ့ မုန့်များပေးအပ်ပြီးသောအခါ
ရွာရောက်မှအရေးကြီးကိစ္စပြောမည်ဆိုသော
အောင်ပွေကိုခရီးရောက်မဆိုက်မေးမြန်းနေခြင်းဖြစ်၏ ။

”…ပြောပြပါ့မယ်ကွာ ခုတလော ငါတို့ရွာမှာလွန်ခဲ့တဲ့တစ်လကစ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု
ကနေခုဇတ်လမ်းစတယ်ပြောရမလားပဲ…”

”…စာဆိုတော်အောင်ပွေ လုပ်မလို့လား ရိုးရိုးရှင်းရှင်းနဲ့ပြောစရာရှိတာ ဒဲ့ပြော…..”

”…မင်းကလည်း နဂိုလို စိတ်မြန်တုန်းပဲ..နည်းနည်းမှ
မပြောင်းလဲသေးဘူး ဖိုးတေ…ဒီလိုကွာ…”

ဇတ်လမ်းအစချီနေသောအောင်ပွေကြောင့်
စိတ်မရှည်စွာပြောလိုက်ရာ အကြောင်းသိမို့ စိတ်မဆိုးပဲရယ်မောရင်းသူ့ဇတ်လမ်းကိုပြောပြလာ၏ ။

ဆေးရိုးကြီးရွာသား တစ်ယောက်မှာအဖော်များနဲ့အတူတောင်ပေါ်တက်ဝါးခုတ်ရာမှပိုးထိလာ၏ ။

အဖော်များကပိုးထိသူကိုသယ်လာကြစဉ်
ရွာမရောက်မှီမှာပင် ပိုးထိလာသောရွာသားဆုံးပါးသွားတော့၏ ။

ရပ်ရွာဓလေ့အရ ရွာပြင်တွင်သေဆုံးသောသူများကိုရွာထဲသို့သွင်းခွင့်မရှိသောဓလေ့အရ ရွာပြင်တွင်အလောင်းစင်ပြင်၍ထား၏။
တချို့ဆိုပါကတနေ့တည်းအပြီးသဂြိုလ်လေ့ရှိသော်လည်းပိုးထိသေဆုံးသူမှာဆေးရိုးကြီးရွာသူနဲ့အိမ်ထောင်ကျ၍ဆေးရိုးကြီးရွာတွင်နေထိုင်သူဖြစ်၏။

ထို့ကြောင့် ရွာသူကြီးမှာ မိဘဆွေမျိုးသားချင်းများထံလူလွတ်အကြောင်းကြား၍မိဘဆွေမျိုးများရောက်လာမှအသုဘချရန်စီစဉ်ထား၏ ။
တောတောင်များဖြင့်နီးသောအရပ်ဖြစ်သောကြောင့်
ရွာလူကြီးမှ တောကောင်များအန္တရယ်မှကာကွယ်ရန်နဲ့၊အလောင်းကိုစောင့်ရန်ကာလသားများကိုတာဝန်ပေးထား၏ ။

ညရောက်သောအခါ အလောင်းစင်အနီးပတ်လည်တွင်ဆီမီးတုတ်များထွန်းညှိ၍ကာလသားများမှာအလောင်းစင်အနီးတွင်လက်ဆွဲမီးအိမ်များဖြင့်အရက်သောက်သူသောက်ဖဲရိုက်သူကရိုက်ဖြင့်ဝိုင်းကိုယ်စီဖွဲ့လျက် ရှိနေကြတော့၏ ။

တစ်ခြားအချိန်များတွင်အရက်သောက်ခြင်း၊ဖဲရိုက်ခြင်းများကိုတွေ့ပါက ရွာလူကြီးမှပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိသော်လည်းယခုကဲ့သို့အသုဘများတွင်ခွင့်ပြုပေးတတ်သောကြောင့်ရွာမှအရက်ကြိုက်သော၊ဖဲရိုက်ဝါသနာပါသောကာလသားများအပြင် အိမ်ထောင်ရှင်များလည်းရောက်ရှိနေ၏ ။
ညရှစ်နာရီလောက်မှစသောဖဲဝိုင်းမှာညနက်လာ
လေဝိုင်းကပိုစည်လာလေလေဖြစ်၏ ။

တစ်ချို့ဖဲဝါသနာမပါသူတစ်ချို့မှာ ခင်းထားသောဖျာကြမ်းပေါ်တွင် ဝတ်လာသောပုဆိုးကိုခြုံလျက်အရက်ရှိန်လေးဖြင့်အိပ်စက်လျက်ရှိနေကြ၏ ။

အစပထမအပျော်တမ်းငွေကြေးအနည်းငယ်ဖြင့်
ဆော့နေသောဖဲဝိုင်းမှာညနက်လာချိန်တွင်ကြေးကြီးဝိုင်းတစ်ဝိုင်းအဖြစ်ကူးပြောင်းလျက်အားလုံးအာရုံမှာလည်းဖဲဝိုင်းသို့ရောက်လျက်ဝိုင်းအုံကြည့်ရူလျက်ရှိနေကြစဉ်။

သူတို့နဲ့ခပ်လှမ်းလှမ်းတွင်ရှိသောတောင်ခြေတောစပ်ဆီမှဆွဲဆွဲငင်ငင်အူလိုက်သောခွေးအ အူသံများ ဟိုမှဒီမှနားကြားမြင်ကပ်စရာအသံပြုလျက်အော်ဟစ်နေကြတော့၏ ။

သို့ရာတွင်ဖဲဝိုင်းမှလူများမှာခွေးအ အူသံများကိုမည်သူမျအရေးတယူဂရုစိုက်နေခြင်းမရှိပေ။

သူတို့အရပ်ဒေသတွင်ခွေးအများမှာအလွန်ပေါပြီး ခွေးအအူသံများညစဉ်ကြားနေရသောကြောင့်ဖြစ်၏ ။

ခွေးအများမှာတောနေသတ္တဝါများထဲတွင်ထူးခြား
သောအကောင်တစ်မျိုးဟုဆိုရမည်ဖြစ်၏ ။

အသားစားသတ္တဝါများမှာအသီးအရွက်စားလေ့
မရှိကြသော်လည်း ခွေးအများမှာထိုသို့မဟုတ်။

အသားမှန်သမျ အစိမ်း၊ အပုတ်မရွေးအကုန်စားသလို လူစားသော သစ်သီး၊သစ်ဥမှန်သမျလည်းလိုက်စားတတ်၏ ။

သစ်ဥ၊သစ်ဖုများကိုကိုယ်တိုင်တူးဖော်၍စားခြင်းဖြစ်၏။

နောက်ဆုံးကြံပင်ကိုပင်အရည်စုတ်သောက်သောအကောင်မျိုးဖြစ်၏။

နောက်ဆုံးစားစရာလုံးဝရှာမရချိန်မျိုးတွင်
ဇတ်တူဖြစ်သော ခွေးအ သားပေါက်လေးများကိုပင်စားတတ်ကြ၏ ။
မိခင်ခွေးအမကြီးမှာသားပေါက်လေးများကိုတစ်ခြားသောခွေးအများရန်မှအကာအကွယ်ပြုပေးတတ်သော်လည်းအစာလုံးဝရှာမရသောအခါသူကိုယ်တိုင်ပင်သူ့သားသမီးများကိုသတ်စားတတ်၏ ။

ခွေးအသဘာဝဆန်းပြားမူများထိုမျနဲ့မပြီးသေးပေ။
ခွေးအများကိုကျားဝက်ဝံဆင်ကဲ့သို့အကောင်မျိုးပင်
အန္တရယ်မပြုဟုဆိုကြ၏ ။

ခွေးအ၏မျက်လုံးသူငယ်အိမ်တွင် ပုဏ္ဏကမျက်ရှင်(နဂါးမျက်စောင်း)ပါသည်အဆိုရှိကြပြီး တိရိစ္ဆာန်ချင်းညိူ့နိူင်စွမ်းရှိသောကြောင့် ကျား၊ဝက်ဝံ၊ဆင်ကဲ့သို့အကောင်မျိုးနဲ့ဆုံချိန် ညိူ့ဓတ်လွတ်၍ အန္တရယ်မပေးနိူင်အောင်ပြု
လုပ်တတ်သည်ဟုလူကြီးသူမများအပြောရှိသည်။

ထိုကဲ့သို့တောသတ္တဝါကြီးများကိုညိူ့နိူင်သည်
မညိူ့နိူင်သည်ကဟုတ်မဟုတ်မသိနိူင်သော်လည်း၊
တောရွာနေလူများမှာ ဧည့်သည်များလာပါက
စားသောက်ရန်မွေးမြူထားသောကြက်များကိုလွတ်မွေးထားလေ့ရှိရာကြက်များမှာအိမ်အနီးသစ်ပင်များပေါ်တွင်အိပ်တန်းတက်ကြရာတွင်ကြက်အိပ်သောအပင်ကိုခွေးအသာသိသွားပါက ငြိမ်သက်တိတ်ဆိတ်စွာအသံတချက်မပြုပဲ ကြက်ထံသို့အကြည့်ပို့လွတ်နေရာ ကြက်မှာလန့်ဖျတ်၍အောက်သို့ ပြုတ်ကျသောအခါမှကြက်ကိုကိုက်ချီပြေးသောအခါမှကြက်အော်သံကြောင့်အိမ်ရှင်များသိရတော့၏ ။
အုပ်စုဖွဲ့လူပ်ရှားတတ်သောအကောင်မျိုးဖြစ်သော
ကြောင့်အိမ်မွေးခွေးများကိုကြောက်လန့်မူမရှိပေ။

နေ့ခင်းဖက်တွင်ခွေးအများမှာ သူတို့ကျင်းများတွင်တနေကုန်အောင်းနေတတ်ပြီး ညရောက်သောအခါမှအစာရှာထွက်တတ်ကြရာ ညဆိုလျင်ခွေးအအူသံများရွာပတ်လည်မှညစဉ်ကြားနေရသောကြောင့်ရွာသားများမှာ ခွေးအ အူသံကြားရသော်လည်းနားကြားဝနေပြီမို့မည်သူမျအရေးမစိုက်ခြင်းဖြစ်၏။

ခွေးအများမှာပါးနပ်သောအကောင်များဖြစ်သော
ကြောင့်ယနေ့မှထူးထူးဆန်းဆန်းရွာပြင်တွင်မီး
ရောင်ထိန်ထိန်လူစုစုရှိနေရာသူတို့အတွက်တစ်ခြားနေရာသို့မသွားသေးပဲအန္တရယ်ရှိမရှိအမှောင်အတွင်းမှလေ့လာအကဲခတ်လျက် ရှိနေကြ၏ ။

ထိုအချိန်မှာပင်အလောင်းကိုပတ်ထားသော
ဖျာနှီးကြိုးတစ်ချောင်းမှာထောက်ခနဲပြတ်တောက်သွားရာ နှီးတချောင်းပြတ်မူကြောင့်ဖျာမှာဟ၍ကျယ်သွားရာ တခြားသောနှီးများမှာဟန်ချက်မညီတော့ပဲတစ်ချောင်းပြီးတစ်ချောင်းပြတ်တောက်ကုန်တော့၏ ။

အလောင်းကိုပတ်ထားသောဖျာမှာဘေးတဖက်တချက်သို့ပြန့်ကျသွားခြင်းနဲ့အတူ လူသေအလောင်းမှာလည်း
အကာအကွယ်မဲ့ပေါ်ထွက်သွားတော့၏ ။

လူသေအလောင်းပေါ်ထွက်သွားချိန်ခွေးအများ
မှာဂနာမငြိမ်လူပ်လူပ်ရွရွဖြစ်ကုန်ကြတော့၏ ။

လူသေအလောင်းများကိုမကြာခနဖော်စားနေကျဖြစ်သောခွေးအများမှာလူသေအနံ့ကိုအာရုံခံတတ်နေသည်မှာဆန်းတော့မဆန်းပေ။

လူသေအလောင်းအနီးတွင်ထွန်းထားသော
လောင်စာဆီမှာလည်းညနက်လာပြီမို့တဖြည်းဖြည်းမှိန်သထက်မှိန်လာရာတွင်အစာဆာနေသောခွေးအအုပ်ကြီးမှာအလောင်းစင်အနီးသို့တရွေရွေ့ချည်းကပ်လာကြတော့၏ ။

တဖြည်းဖြည်းဖြင့်အလောင်းစင်အနီးရောက်လာချိန်တွင်အလောင်းနဲ့ဝါးတပြန်ခန့်အကွာတွင်ရပ်၍အလောင်းကောင်ကိုမမှိတ်မသုန်စိုက်ကြည့်လျက်ရှိချိန်ခွေးအတကောင်မှာအရဲကိုးစွာရှေ့သို့တိုးသွားပြီးအလောင်းစင်မှလူသေကောင်၏ စင်ဘေးဖက်ကျနေသောလက်ကိုနူတ်သီးဖြင့်ထိုး၍
ရုတ်တရက်နောက်သို့ပြန်ဆုတ်ကာအခြေအနေကြည့်နေ၏ ။
လူသေမှန်းပို၍သေချာစေရန်စမ်းသပ်နေခြင်းဖြစ်၏။
လူသေမှန်းသေချာသွားချိန်တွင်တစ်ခြားသောခွေးအများမှာလည်း အနီးသို့ရောက်လာပြီးစင်ပေါ်ခုန်တက်လျက်လူသေကောင်အသားများကို ကြုံရာကိုက်ဆွဲစားသောက်နေကြတော့၏ ။

အလောင်းစင်နဲ့ခပ်လှမ်းလှမ်းတွင်ရှိသော
အလောင်းစောင့်သမားများမှာဖဲဝိုင်းသို့အာရုံရောက်နေသောကြောင့်ထိုအဖြစ်အပျက်ကိုသတိမပြုမိကြသေးပေ။

ဖဲဝိုင်းတွင်ဘေးမှကြည့်နေသောကာလသား
တစ်ယောက်မှာအပေါ့သွားလိုသောကြောင့်ဝိုင်းမှထွက်လာ၍ခပ်လှမ်းလှမ်းတွင်အပေါ့သွားနေရင်းမျက်လုံးကဘေးဘီဝဲယာကြည့်မိရာမှအလောင်းစင်ဖက်သို့အကြည့်ရောက်သွားတော့၏ ။

….ဟင်…ဘာတွေလဲ….

ဘေးတဖက်တချက်မှဆီမီးတုတ်များမှာမီးစာနည်းနေရာမီးရောင်ဖျော့ဖျော့အလင်းကအလောင်းစင်ပေါ်ကျလျက်ရှိနေရာထိုအလောင်းစင်ပေါ်မှလူပ်လူပ်ရွရွအရာများတွေ့လိုက်ရသောကြောင့် စိတ်အတွင်းထိတ်ခနဲဖြစ်သွားခြင်းနဲ့ဖဲဝိုင်းသို့ကမန်းကတမ်းပြေးသွားရင်းပါးစပ်မှလည်း….

..အလောင်း…အလောင်းပေါ်မှာ အကောင်တွေ…

…ဟေ့ကောင် သာစိန် ဖဲရူံးရတဲ့ကြားထဲမင်းကလည်း
တမှောင့် ဘာတွေအော်နေတာလဲ …

သာစိန်အော်သံကြောင့်ဖဲရူံးနေသူတစ်ယောက်ကငေါက်လိုက်ရာသာစိန်မှာ ဝိုင်းအတွင်းချထားသောလက်နှိပ်ဓတ်မီးကိုယူလျက်အလောင်းစင်ရှိရာမီးထိုးကြည့်လိုက်ရာ….

…ဟာ…ခွေးအတွေ…အတော်သောင်းကျန်းပါလား.

…အလောင်းတောင် တစ်စစီဖြစ်ကုန်ပြီ အတော်ဆိုးတဲ့ ခွေးအတွေ…

…ဟာ…ဟေ့…ဟေ့…ကောင်တွေ အဲတစ်ကောင်ကခွေးအမဟုတ်ဘူး…

..ဟင်….

..ဟာ ဘာကောင်လဲ..

…သရဲ…သရဲ…ထင်တယ်…

..အမလေးဗျ…သရဲမှသရဲအစစ်….

သာဝ လက်နှိပ်မီးအလင်းဖြင့်အလောင်းစင်
ရှိရာသို့တခြားသူတစ်ချို့လည်းလိုက်ကြည့်မိကြရာ
မြင်လိုက်ရသောမြင်ကွင်းမှာ တစ်ယောက်တည်းဆိုပါကသွေးပျက်သွားနိူင်သောမြင်ကွင်းမျိုးဖြစ်၏ ။

ခွေးအ အုပ်ကြီးမှာအလောင်းကိုဝိုင်းဖွဲ့စား
သောက်လျက်ရှိကာအသားများပင်ကုန်သလောက်ရှိနေတော့၏။

လက်နှိပ်ဓတ်မီးရောင်ကြောင့် တချို့သောခွေးအများအလောင်းစင်ပေါ်မှခုန်ချလျက်အမှောင်အတွင်းသို့ဝင်ပြေးသွားကြသော်လည်းတစ်ချို့သောခွေးအများမှာ မီးရောင်လာရာသို့ပြန်ကြည့်လျက်ရှိနေကြ၏ ။
ခွေးအအုပ်အတွင်းမှအားလုံးစိတ်ကိုဇဝေဇဝါ
ဖြစ်ကုန်ကြောက်လန့်စေသော အရာတစ်ခုရှိနေ၏ ။

အသက်ကိုးနှစ်ဆယ်နှစ်အရွယ်ခန့်ရှိပိန်ပိန်မဲမဲ
ဆံပင်စုတ်ဖွားဖြင့်ကလေးတစ်ယောက်ရှိနေခြင်းပင်ဖြစ်၏။

ထိုခလေးမှာခွေးအ
အရေခွံတစ်ခုကိုခါးအောက်ပိုင်းတွင်
အရှက်လုံရုံဝတ်ဆင်ထားပြီးခွေးအများနည်းတူလေးဖက်ထောက်လျက်လူသေကောင်အသားများကို
ပါးစပ်ဖြင့်ကိုက်ဖဲ့စားသောက်နေရာမီးရောင်လာရာကြည့်နေသောကြောင့်အားလုံးထိုကလေးကိုပီပြင်စွာမြင်တွေ့လိုက်ကြရာအံ့သြစွာတစ်ယောက်တစ်ပေါက်ဖြင့်ပြောဆိုနေစဉ်မှာပင်
ထိုကောင်လေးမှာခွေးအများလူပ်ရှားမူအတိုင်းအလောင်းစင်ပေါ်မှလေးဖက်ထောင်ခုန်ချလိုက်၏ ။

ခြေလက်များကိုအသုံးပြု၍လေးဖက်ထောက်ပြေး
ထွက်သွားသည်မှာအလွန်လျင်မြန်လှ၏ ။

လှမ်းကြည့်နေကြသူများမှာယခုထိကြောင်ငေးစွာ
ရှိနေကြပါတော့၏ ။

အတန်ကြာမှတစ်ယောက်တစ်ပေါက်ဖြင့် စိတ်တွင်းထင်မြင်ရာပြောဆိုကြကုန်၏ ။

ခွေးအများကြားလူသားပုံစံရှိသော်လည်းခွေးအများလူပ်ရှားပုံအတိုင်းလူပ်ရှား၍လူသားစားနေသည်ကိုမျက်ဝါးထင်ထင်မြင်လိုက်ရခြင်းကြောင့် တချို့ကမကောင်းဆိုးဝါးများမှာခွေးအနဲ့အတူရောလိုက်ပါလာ၍လူသားစားခြင်းဖြစ်ကြောင်းပြောဆိုကြသလို၊တချို့က နှစ်ချို့ခွေးအကြီးတစ်ကောင်ကလူယောင်ဖန်ဆင်း
ထားကြောင့်စိတ်ထင်ရာကောက်ချက်များချနေကြ
တော့၏။

တချို့လူများမှာရွာလူကြီးသွားခေါ်ကြရာ
ရွာသူကြီးမှာအရိုးကျနေသောအလောင်းကိုကြည့်၍
ခွေးအများလက်ချက်မှန်းသိရာအလောင်းစောင့်သူများကိုပေါ့လျော့ရကောင်းလားဟူ၍ဆဲဆိုကြိမ်းမောင်းတော့၏ ။

ခွေးအ အုပ်တွင်လူသားတစ်ယောက်တွေ့သည်ဟုပြောရာ ပိုဆဲပါတော့၏ ။

အမှားအယွင်းတခုခုပြုမိသောကြောင့်မျက်စိ
မှောက်၍မရှိကိုအရှိမြင်ကြခြင်းဟုသာကြိမ်းမောင်းပြစ်တင်လျက်
အလောင်းမှာအရိုးသာကျန်လျက်မြင်မကောင်းကြည့်မကောင်းဖြစ်နေပြီမို့ ညတွင်းချင်းမီးသဂြိုလ်ရန်ကာလသားများကိုမာန်မဲ၍လိုအပ်သည်များခိုင်းနေတော့၏။

တောတောင်ကြီးများကြားတွင်နေထိုင်ကြသူများ
ဖြစ်သောကြောင့်တစ်ခါတရံ၊အပြောအဆိုအပြုအမူ
တစ်စုံတခုမှားယွင်းပါက တောခြောက်တောမှောက်
ကိုအရွယ်ရောက်ပြီးသူမှန်သမျတကြိမ်မဟုတ်တကြိမ်
ကြုံတွေ့ဖူးသောကြောင့် ယခုလိုရွာပြင်ဖက်တွင်ဖဲရိုက်
ရာမှရူံးသူများဆဲဆိုခြင်းကိုမကြိုက်မနှစ်သက်သော
အစောင့်အရှောက်များကသတိပေးခြောက်လှန့်ခြင်း
ဖြစ်မည်ဟုသာအားလုံးတွေးလိုက်ကြပါတော့၏ ။

ထိုအဖြစ်အပျက်များအပြီးတပတ်ခန့်အကြာ။

ညကောင်းကင်မှာမဟူရာဝတ်ရုံလွာကြီး
လွမ်းခြုံထားသည်အလားမည်းမည်းမှောင်လျက်ရှိနေပါ၏။
ဆေးရိုးကြီးရွာလေးမှာညအမှောင်ထုအောက်တွင်ငြိမ်သက်တိတ်ဆိတ်စွာအိပ်မောကျလျက်ရှိနေပါတော့သည်။
တောင်အောက်မြေကျင်းများတွင်အခေါင်းဖောက်
နေထိုင်ကြသော ခွေးအများမှာ နေလည်နေ့ခင်းအနား
ယူပုန်းခိုရာတောင်ကြားမှအလျိုလျိုထွက်လာရင်းအုပ်စု
ကိုယ်စီခွဲ၍ အစာရှာထွက်ခဲ့ကြတော့၏ ။

တချို့ခွေးအများကတောတောင်အနှံ့ပတ်၍
သားကောင်၊အသေအပုတ်များလိုက်ရှာနေကြသလို
တချို့ခွေးအများမှာလူတို့စိုက်ပျိုးထားသောကန်ဇွန်ခင်း
များ၊ ပီလောပီနံခင်းများဝင်၍ ဥများတူးဖော်စားသောက်
နေကြသလိုတချို့ခွေးအများမှာရဲတင်းစွာဖြင့်ရွာအတွင်းဝင်၍ အလွယ်ရမည့်သားကောင်များရှာဖွေနေကြ
၏ ။
အိမ်ခွေးများမှာခွေးအများကိုမြင်လျင်အဝေးမှ
ထိုးဟောင်ကြသော်လည်းအနီးသို့ကပ်လာခြင်းမရှိခြေ။

ရွာထဲဝင်လာသောခွေးအများတွင်
ထူးထူးခြားခြားဟုဆိုရမည်ဖြစ်သလို အလွန်အံ့သြစရာ
ကောင်းသောအဖြစ်က အကောင်ခပ်ကြီးကြီးအမွေးရှည်ရှည်ခွေးအမကြီးတစ်
ကောင်နဲ့ ထိုခွေးအမထက်အကောင်အနည်းငယ်သေး
သောခွေးအထီးတစ်ကောင်နဲ့အတူ ကိုးနှစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ပါလာ၏။
ထိုကောင်လေးမှာခွေးအများနည်းတူ လေးဖက်ထောက်လမ်းလျောက်လျက် ခွေးအများ လူပ်ရှားပုံနဲ့တထပ်တည်း ထပ်တူကျ လူပ်ရှားနေ၏။

ပုန်းလျိုးကွယ်လျိုးခြေသံလုံလုံလျောက်နေကြရာမှ
တစ်ခါတစ်ရံ လူပ်ရှားသံတစ်ခုခုကြားရချိန်တွင်
ရောက်ရာနေရာတွင်ရပ်၍ အသံကြားရာအရပ်သို့
ခေါင်းထောင်၍ အန္တရယ်ရှိမရှိနားစွင့်နေသောခွေးအများနည်းတူထိုကောင်လေးမှာတသွေမတိမ်းလိုက်လုပ်နေသည်။

အိမ်ကြိုအိမ်ကြားဘေးမှ လျောက်ကြ တဂူးဂူးအော်သံကျယ်ကြီးတစ်ခုနဲ့အတူအသံငယ်
များကြားလိုက်ရသောကြောင့် ခွေးအမကြီးမှာ
ထိုနေရာသို့ပြေးလွားသွားချိန်ခွေးအထီးနဲ့ကောင်လေး
တို့ကလည်းနောက်မှလိုက်ပါလာကြ၏ ။

တောတောင်များနဲ့နီးသောအရပ်မို့အိမ်ကို
တောတိရိစ္ဆာန်များရန်မှကင်းလွတ်ရန်အိမ်ကိုခပ်မြင့်မြင့်
ဆောက်တတ်ကြ၏ ။

အိမ်အောက်တွင် ဝက်မကြီးတစ်ကောင်သားပေါက်နေ၏ ။

ဝက်မကြီးမှာခွေးအများရုတ်တရက်ရောက်လာရာ
သားသမီးများကိုသူ့ဗိုက်အောက်သို့သွင်းလျက် တဂူးဂူး
မာန်ဖီနေစဉ် ခွေးအနှစ်ကောင်မှာဘယ်ညာခွဲ၍
ဝက်မကြီးအာရုံများစေရန်ပြုနေစဉ် ခွေးအများနဲ့ပါလာသောကောင်လေးမှာဝက်ပေါက်လေးတစ်ကောင်ကိုဆတ်ခနဲဖမ်းပြီးပြေးလေတော့၏ ။

ဝက်မကြီးမှာ ဝက်ပေါက်လေးအော်မြည်သံကြောင့်
ဗျာများနေစဉ် ခွေးအအထီးမှ နောက်ထပ်ဝက်ပေါက်လေးတစ်ကောင်ဂုတ်ကိုကိုက်
ဆွဲလိုက်ရာမထင်မှတ်ပဲသားဇောကပ်နေသော ဝက်မကြီးကနူတ်သီးဖြင့်ဆတ်ပင့်ထိုးရာဘေးသို့
လျင်မြန်စွာရှောင်လိုက်ရာ အိမ်တိုင်တွင်ထိ၍ခွေးအထီး
မှာမြေပေါ်သို့ ခွေးကျကျသွားတော့၏ ။

ခွေးအမကြီးမှာခွေးအ အထီးအားဝက်မကြီးပြန်ခုံနေစဉ်မှာပင်ကြောက်လန့်နေသောဝက်ကလေးတစ်ကောင်ကိုကိုက်၍ ကောင်လေး
နောက်သို့ပြေးလိုက်သွားတော့၏ ။

ခွေးအများဝက်ကိုဝင်ဆွဲသောအဖြစ်အပျက်မှာ
မိနစ်အနည်းငယ်အချိန်အတွင်းဖြစ်ပျက်သွားသောကိစ္စဖြစ်၏ ။

အိမ်ပိုင်ရှင်မှာဝက်ကလေးအော်သံများဝက်မကြီး
အော်သံများကြားရချိန်တွင်ပါးစပ်မှအော်ဟစ်ခြောက်လှန့်သံပေးပြီး လက်နှိပ်ဓတ်မီးလက်တစ်ဖက်မှကိုင်
လှံကိုလက်တစ်ဖက်မှကိုင်၍အိမ်ပေါ်မှဆင်းပြေးလာရာ
ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဝက်မကြီးနဲ့ ဝက်ပေါက်ကလေးများတွေ့ရသလိုပြေးလွားရန်ဟန်ပြင်နေသောခွေးအတစ်ကောင်ကိုတွေ့လိုက်ရသောကြောင့်
သူ့လှံကိုင်လက်ကိုလွဲမြောက်၍ ထိလိုရာထိ ဒေါသဖြင့်
လှံကိုပစ်လွတ်လိုက်၏။

တိုင်နဲ့ကိုယ်လုံးထိမိရာမှထလာသောခွေးအထီးမှာ
အိမ်ပေါ်မှလူသံကြားလိုက်ရခြင်းကြောင့်အခြေအနေမဟန်မှန်းသိ၍သုတ်ခြေတင်ပြေးရန်ဟန်ပြင်နေစဉ် လည်ပင်းပေါ်စူးခနဲ နာကျင်မူကိုခံစားလိုက်ရမူကြောင့်နာကျင်စွာအော်ဟစ်
လိုက်တော့၏ ။
လှံသွားမှာခွေးအလည်ပင်းကိုဟိုဖက်ဒီဖက်
ထုတ်ချင်းပေါက်စိုက်လျက် အနည်းငယ်ရှေ့သို့ပြေး
ပြီးပစ်လဲသွားပြီးတဆတ်ဆတ်တုန်ယင်လျက်အသက်
ပျောက်သွားတော့၏ ။

ဝက်ပေါက်လေးကိုလက်မှကိုင်လျက်ပြေးသွားသောကောင်
လေးမှာပြေးလွားရင်းမှဝက်ပေါက်လေးအားမြေပြင်ကြီးတွင်ရိုက်သတ်၍ပါးစပ်တွင်ကိုင်ချီ၍ပြေးနေစဉ်
သူ့နောက်မှခွေးအမကြီးလိုက်မှီလာ၏ ။

ထိုစဉ်မှာပင် သူတို့နောက်ဖက်ဆီမှခွေးအထီးကြီး၏ နာကျင်စွာအော်ဟစ်သံကြောင့် ကောင်လေးမှာပြေးလွားနေရာမှတုန့်ခနဲရပ်လိုက်၏ ။

ခွေးအထီး အသံကြားရာပြန်ပြေးလွားသွားရန်
ကောင်လေးပြန်သွားရန်ဟန်ပြုစဉ်..ခွေးအမကြီးမှာ
ကောင်လေးရှေ့ပိတ်ရပ်၍ ရှေ့ဆက်မသွားစေလို
ကြောင်းပြသလိုက်၏။
ဝက်ပေါက်လေးခွေးအဆွဲခံရခြင်းနဲ့ခွေးအတစ်ကောင်
ဖမ်းမိထားကြောင်းအိမ်ရှင်ယောက်ကျားအော်သံကြောင့်ဘေးအိမ်မှလူများနိူး၍ထိုနေရာသို့ရောက်လာပြီး
ခွေးအသေကိုကြည့်၍ ပစ်ပစ်နှစ်နှစ်ဝိုင်းဝန်းကြိမ်ဆဲလျက်ရှိနေကြ၏ ။

ကောင်လေးမှာမျက်ရည်ဝေ့နေသော
မျက်လုံးများဖြင့်ခွေးအထီးကြီးရှိရာသို့ကြည့်ရင်းရှိနေသလို ခွေးအမကြီးမှာလည်း ဆွဲဆွငင်ငင်အော်နေတော့၏ ။

ခွေးအမကြီးအော်သံကြောင့် ကောင်လေးမှာလည်းခေါင်းမော့၍အော်သံပြုလိုက်ရာ
ခွေးအနဲ့တထပ်တည်းတူညီသောအော်သံထွက်ပေါ်လာ၏ ။

ခွေးအမနဲ့ ကောင်လေးတို့မှာခွေးအထီးရှိရာသို့
နူတ်ဆက်အကြည့်ဖြင့်တချက်ကြည့်၍ ခွေးအထီးကြီးအသက်ပေးဆပ်၍ယူခဲ့ရသော ဝက်ပေါက်လေးနှစ်ကောင်ကိုချန်ထားရစ်၍အမှောင်ထု
အတွင်းတိုးဝင်ပျောက်ကွယ်ကြပါတော့သည်။

ခွေးအမှာ အပုတ်အစပ်များကိုတွေ့မရှောင်အစုံစားသောကြောင့်ရွာသားများမှာလှံဖြင့်ထိုး၍ရသောခွေးအကြီးကိုစားမည့်သူမရှိသောကြောင့်မြေမြုတ်လိုက်ကြတော့၏ ။
ခွေးအသားမှာပုတ်အက်နံစော်သောကြောင့်လူ
မဆိုထားနဲ့ တစ်ခြားသောအသားစားတောသတ္တဝါများပင်ခွေးအ
အသားကိုစားသောက်လေ့မရှိကြပေ။

ခွေးအထီးကြီးသေပြီးနောက်ညမှစ၍ညမှောင်သည်နဲ့
ရွာကိုပတ်လည်ဝိုင်း၍ ခွေးအ အော်သံများကြားရတော့၏ ။
ခွေးအများခါတိုင်းလည်းအူနေကျမို့ရွာသားများ
အထူးတလည်အရေးမထားသော်လည်း ရွာသားများ
သတိမထားမိသောအချက်ကား ယခုခွေးအများမှာ တစ်ကွဲတပြားကိုယ့်အုပ်စုအဖွဲ့နဲ့ကိုယ်မဟုတ်တော့ပဲ
တပေါင်းတစည်းစုပေါင်း၍ ရွာကိုချောင်းမြောင်း၍
ရှိနေကြခြင်းမျိုးဖြစ်၏ ။

ခွေးအများမှာရွာကိုပတ်ချာလည်ဝိုင်းလျက်မမှိတ်မသုန်စိုက်ကြည့်လျက်ရှိနေကြ၏ ။

…အာ…ဝါ….အာ….ဝါ…..အာဝါ…..

ညည့်နက်သန်းခေါင်ရောက်ချိန်တွင် ခွေးအမကြီးတစ်ကောင်နဲ့ လူငယ်ကောင်လေးတို့မှာဘေးခြင်းယှဉ်တွဲရောက်လာ၍ကောင်လေးမှာခေါင်းကိုမော့၍ခွေးအအော်သံပြုလိုက်၏။

လူကောင်လေးအော်လိုက်သောအသံမှာအချက်ပြသံ
ဖြစ်ပုံရ၏ ။

အကြောင်းမှာကောင်လေးအော်သံအဆုံးတွင်ရွာပတ်လည်မှခွေးအများမှာ ရွာဆီတရွေ့ရွေ့တို့ကပ်လာကြတော့၏ ။

ဦးစွာသူတို့ပစ်မှတ်မှာ ရွာသားများစိုက်ပျိုးထား
သောစိုက်ခင်းဆီသို့ဦးတည်လိုက်တော့၏ ။

ရွာဘေးကွင်းပြင်များတွင် အတာလွတ်ခင်း၊ကန်စွန်း၊မြေပဲခင်းများစိုက်ပျိုး၍ု ဝါးကပ်မြင့်ယက်လုပ်၍ကာထားသလိုဆူးပင်မှဆူးခက်များကိုလည်းခြံပတ်လည်တွင်ကာထားသောကြောင့်
ခွေးအများအလွယ်တကူဝင်၍မရနိူင်ပဲရှိနေကြစဉ်။

ခွေးအအုပ်နဲ့အတူပါလာသောကောင်လေးမှာ
ဆူးခြုံများကိုလက်ဖြင့်ဘေးသို့ဖယ်၍ဝါးကပ်ကိုသွားဖြင့်ကိုက်နေရာတစ်ခြားသောခွေးအများကပါဝိုင်းကိုက်ဖြတ်၍ ဝင်ပေါက်ရသွားသောအခါ အတွင်းသို့ဝင်၍လူတို့စိုက်ပျိုးထားသမျ တူးဖော်၍
စားသောက်နေကြတော့၏ ။
များပြားလှသောခွေးအအုပ်ကြီးကြောင့်စိုက်ခင်းမှာ
ခနအတွင်းပျက်စီးသွားချိန်တွင် နောက်တစ်ခင်းသို့ဝင်၍ ဖျက်စီးကြပြန်၏ ။

ခွေးအများမှာ ယခုလုပ်နေပုံက စားသောက်ရန်ထက် စိုက်ခင်းကိုဖျက်စီးနေကြခြင်းဖြစ်၏ ။

စိုက်ခင်းအတော်များများ ဖျက်စီးပြီးချိန်ခွေးအအုပ်မှလူသားကောင်လေးကအော်
သံတစ်ချက်ပြုလိုက်ရာ ခွေးအများမှာစိုက်ခင်းကိုစွန့်ခွာ၍ရွာတွင်းသို့လေးဖက်လေးတန်အရပ်မှဝင်လာကြတော့၏ ။

ရွာတွင်မွေးထားသောအိမ်မွေးခွေးများမှာခွေးအအုပ်ကြီးကိုတွေ့ရချိန် အဝေးမှသာထိုးဟောင်ပြီး အနီးသို့မကပ်ဝံ့ကြပေ ။

ခွေးအအုပ်ကြီးမှာ အပင်ပေါ်အိပ်နေသောကြက်များကိုအောက်မှခြောက်လှန့်မူဖြင့်လန့်ဖျတ်ပြုတ်အောင် စွမ်းဆောင်နိူင်ကြရာ
ကြက်အတော်များများခွေးအများလက်ချက်မိကုန်ကြသလို အတော်တန်ကြီးနေသောဝက်များ၊ ခွေးပေါက်များ
ကိုလည်းဖမ်းဆီးနေကြရာကြက်သံ၊ဝက်သံ၊ခွေးသံများ
ဖြင့်တစ်ရွာလုံးဆူညံ့ကုန်တော့၏ ။

ရွာသားများမှာအစပထမထိုအသံများကြောင့်
ရွာအတွင်းသားကောင်ကြီးများဖြစ်သော ကျား၊ဆင်၊ တောဝက်များ လမ်းမှားဝင်ရောက်လာခြင်းလားဟု
ထင်ကြသေးသော်လည်းနောက်မှခွေးအများဖြစ်ကြောင်းသိသောအခါ အံ့သြကုန်ကြတော့၏ ။

ရွာသားများမှာ တုံးခေါက်၊သံပုံးတီးခြင်းတို့နဲ့အတူ တူမီးသေနတ်ရှိသူများကသေနတ်ဖြင့်ပစ်ကြသလို၊ လေးမြှားဖြင့်လည်းဝိုင်းပစ်ကြ၏ ။

လျင်မြန်စွာပြေးလွားလူပ်ရှားနေသည့်အပြင်၊ရွာအတွင်းလည်းဖြစ်သောကြောင့်လူများကို ထိမှန်မည်စိုး၍ စိတ်လွတ်လက်လွတ်မပစ်ခတ်ရသော
တချို့သောခွေးအများကိုထိမှန်သော်လည်း
လွဲချော်သည်ကများနေ၏ ။

ရွားသားများတုန်လူပ်ထိတ်လန့်စရာမြင်ကွင်းမှာကား
ခွေးအများကြားတွင် ခွေးအများနည်းတူလေးဖက်ထောက်ပြေးလွားနေသော
ကောင်လေးတစ်ယောက်က ရွာသားများစိတ်အာရုံကို
အထူးတလည်တုန်လူပ်ချောက်ခြားစေ၏ ။

ခွေးအများမှာတစ်ရွာလုံးပွက်လောရိုက်မျဆူညံ့အောင်
မွေနှောက်ပြီး ခွေးအများကြားတွင်ပါလာသော လူသား
ကောင်လေးကအချက်ပြ အော်သံပြုလိုက်ချိန်တွင်
ရွာမှ အလျိုလျိုထွက်ခွာသွားကြတော့၏ ။

—————————————–

” ငါတို့ရွာသားတွေ သွေးပျက်နေကြပြီ ဖိုးတေကြာရင်ရွာပျက်ကိန်းရှိတယ် ခွေးအတွေကြားထဲလူသားကောင်လေးတစ်ယောက်ကခွေးအလိုအော်သံ၊ခွေးအလူပ်ရှားသွားလာမူတွေနဲ
နောက်ပြီးခွေးအတွေအားလုံးက သူပြောတဲ့အတိုင်းလိုက်လုပ်နေကြပုံပဲ…။

ရွာသားတွေကတော့ စိတ်ထင်ရာပြောနေကြပြီ
အဲကောင်လေးဟာ လူယောင်ဖန်ဆင်းထားတဲ့
ခွေးအ ဘုရင်တဲ့….

ငါလည်းကြံရာမရတာနဲ့ အတွေ့ကြုံစုံတဲ့မင်းကိုလာခေါ်တာပဲ မင်းဆီမှာများ
အကြံအညဏ်ရှိမလားလို့…”

အောင်ပွေပြောပြလာသောသူတို့ရွာအကြောင်းသိရချိန်တွင်ကျွန်ပ်ကိုယ်တိုင်ပင်အံ့သြရတော့၏ ။

ခွေးအဆိုသော ခွေးအရွယ်အစားခွေးပုံစံ နူတ်ချွန်ချွန်အကောင်မျိုးမှာ ရန်လိုတတ်သောအကောင်မျိုးမဟုတ်အစားသောင်းကျန်း၍လစ်လျင်လစ်သလို ခိုးတတ်သောအကောင်မျိုးဖြစ်၏ ။

ကြက်၊ဝက်များကို ခိုးဖမ်းတတ်သည်မက ထမင်းချက်ထားသောအိုးများကိုအလွယ်တွေ့လျင်ပင်စားသောက်တတ်ကြ၏ ။

ယခုကခွေးအ အုပ်တွင်းလူသားကောင်လေးတစ်
ယောက်ရှိနေခြင်းကအတွေးရကြပ်နေ၏ ။

လူသားကောင်လေးမှာခွေးအအုပ်ဖြင့်ရောနှော၍
လိုက်ပါလာသော သရဲတစ္ဆေများလား ဒါမှမဟုတ်
ရွာသားများထင်ထားသလို လူယောင်ဖန်ဆင်းထား
သောခွေးအဘုရင်များလားဟူ၍အတွေးရပွားစေ၏ ။

”…မင်းပြောတဲ့စကားအရဆိုရင် ခွေးအတွေ
ရွာကိုဝင်ဖျက်တာက ခွေးအတစ်ကောင်ကိုသတ်
လိုက်ပြီးနောက်နေ့စတာနော်..
အရင်ကရောခုလိုမျိုးဖြစ်ဖူးလား…ခွေးအတွေရွာကိုဝင်မွေသွားတာဘယ်နေ့ကလဲ..”..

”..ကုန်ခဲ့တဲ့တပတ်လောက်ကဖြစ်သွားတာကွ
အရင်ကခုလိုမျိုးမဖြစ်ဖူးပါဘူး မင်းလည်းခွေးအ
တွေအကြောင်းသိတာပဲ လူကိုအသေရှောင်တဲ့
ကောင်တွေ…”

” ငါထင်တာပြောရရင်ကွာ စိုက်ခင်းတွေကိုစားရုံမက
တမင်ဖျက်ဆီးတယ် နောက်ရွာထဲအုပ်စုလိုက်ဝင်တယ်
ဆိုကတည်းက သူတို့ကရည်ရွယ်ချက်ရှိရှိလုပ်တာပဲ…
အဓိကသေသွားတဲ့ခွေးအနဲ့ဆက်စပ်နေလောက်တယ်
ငါထင်တာမှန်ရင်ထပ်လာပြီးဒုက္ခပေးအုံးမှာပဲ.
အောင်ပွေ…”

”…ဘာလုပ်ရမှန်းမသိတော့ပါဘူးကွာ မင်းသိတဲ့အတိုင်းဒီကောင်တွေကထောင်ချောက်သုတ်ကိုင်းတွေဆင်ဖမ်းလို့မရဘူး အတော်လည်တာကွ….နောက်ဟိုခွေးအ အုပ်ကကောင်လေးကိုမင်းဘယ်လို
မြင်လဲ….”

”…ငါတတ်နိူင်သလောက်စီစဉ်ပါ့မယ်ကွာ
ခွေးအအုပ်ကကောင်လေးတစ်ယောက်ပါနေတာ
ငါကမမြင်ဖူးတော့ပြောရခက်တယ်လေ..
ငါမှတ်ချက်မပေးချင်သေးဘူး…”

”..ရှေ့ဆက်ခုလိုမျိုးသွားနေရင် အစာပြတ်ရေပြတ်နဲ့ ဒုက္ခရောက်ပြီး ရွာပါပျက်
သွားနိူင်တာမို့ မင်းကိုလာအကူညီတောင်းရတာပါပဲ…”

ကျွန်ပ်မှာနောက်တစ်နေ့နံနက်တွင်
ကောင်းညှင်းပေါင်းပူပူကိုဆားဖြင့်ရောထောင်းထားသောနှမ်းဖြင့်တွဲဖက်စားသောက်၍ပတ်ဝန်းကျင်အခြေအနေကိုစနည်းနာရန်အောင်ပွေကိုခေါ်၍ထွက်လာကြ၏။

”..အောင်ပွေရေ ဒီကောင်တွေက သင်ချိုင်းနဲ့နီးတဲ့ နေရာမျိုးတွေမှာ ကျင်းဖောက်ပြီး
နေ့လေ့ရှိတတ်ကြတယ် ဒီတော့ သင်ချိုင်းအနီးပတ်လည်တောင်တွေကိုလိုက်ကြည့်
ရအောင်လမ်းပြကွာ….”

”…အေး..ဒါနဲ့.. သွားရင်းလာရင်းမေးရအုံးမယ်
ခွေးအတွေလိူဏ်ခေါင်းမှာ ဂမ္ဘီရပစ္စည်းမျိုးရှိတတ်တယ်
ဆိုကြ….”

” အတိအကျတော့မဟုတ်ပေမယ့်သက်ကြီးစကားသက်ငယ်ကြားရသလောက်ငါပြောမယ်ကွာ.. ဟုတ်မဟုတ်တော့မသိဘူး….
အဂ္ဂရိတ်သမားတွေအပြောအရ ခွေးအတွေကျင်းထဲမှာ
ခဲကိုတို့လိုက်ရုံနဲ့ဝါပြီးရွေဖြစ်သွားတဲ့အရိုးတစ်ချောင်းရှိတတ်တယ်တဲ့…”

”..ဟာ..ဒီလိုဆိုရင်တော့ ချမ်းသာပြီပေါ့..
ခွေးအ ကျင်းကိုတူးပြီးအဲဒီအရိုးရှာမယ်ကွာ…”

” ဟားဟား.. အောင်ပွေရာ အဲလောက်လွယ်မလားကွ ခွေးအက ကျင်းကို
တကျင်းတည်းဖောက်တာမျိုးမဟုတ်ဘူးကွ
တောင်အောက်တွေမှာ ဝင်္ကဘာလိုဖောက်နေတာ
ဘယ်နေရာမှာအဲအရိုးရှိနေမှန်းလည်းမသိဘူးလေ…”

”ရုတ်တရက်မို့လောဘတက်ပြီးပြောမိတာပါကွာ
အဲဒီအရိုးကလည်းတကယ်မရှိလောက်ပါဘူး..”

”…မရှိဘူးလို့လည်းပြောလို့မရပြန်ဘူးကွာ…”

”..ဟာ..ဖိုးတေ မင်းငါ့စကားကိုဆန့်ကျင်ဖက်လိုက်
ပြောနေတာလား….”

”..မဟုတ်ပါဘူးအောင်ပွေရာ ငါတို့နယ်မှာ
ခွေးအတွေကိုရှေးကတည်းက ခဲဝါလို့ခေါ်ကြတာ
ကိုထောက်ရူရင် အဲဒီအရိုးမရှိဘူးလို့ပြောလို့
မရပြန်ဘူး…”

”…ဟာ…ရူတ်နေတာပဲ….”

ကျွန်ပ်စကားကိုအောင်ပွေကခေါင်းတဗျင်းဗျင်းကုတ်လျက်ရှိသောကြောင့်ကျွန်ပ်သဘောကျစွာပြုံးလိုက်မိ၏ ။

ရွာ၏အနောက်ဖက်အရပ်တွင်သင်ချိုင်းရှိနေပြီး
ချုံနွယ်တောအုပ်များနဲ့ဖိတ်ဖုံးလျက်ရှိနေပါ၏ ။

လူအသေအပျောက်ရှိမှသင်ချိုင်းသို့ရောက်လာပြီး
လူသေမြုတ်နှံမည့်နေရာကိုခုတ်ထွင်၍မြုတ်ကြသောသင်ချိုင်းမြေဟုသတ်မှတ်ထားရာတောပင်ဖြစ်၏ ။

ကျွန်ပ်မှာသင်ချိုင်းနဲ့ကပ်လျက်ရှိသော
တောင်ခြေရင်းသို့သွားရောက်၍ လေ့လာကြည့်ရူရာ
တောင်ခြေတစ်ဝိုက်ခြုံနွယ်များကိုတိုးဝှေ့၍သွားလာလူပ်ရှားသောခွေးအလမ်းကြောင်းများခြေရာများနဲ့အတူတောင်ခြေတစ်လျောက်တွင်းပေါက်များဟိုနေရာတပေါက်ဒီနေရာတပေါက်တွေ့နေရ၏ ။

ကျွန်ပ်မှာ ထိုကျင်းပေါက်များရှေ့တွင်ခြေရာ
လက်ရာများသေချာလေ့လာကြည့်မိရာ ခွေးခြေရာနဲ့အနည်းငယ်ဆင်တူသောခွေးအခြေရာများတွေ့လိုက်ရ၏ ။

….ဟင်….အောင်ပွေ…လာကြည့်အုံးကွ…

…ဘာတွေ့လို့လဲ..ဖိုးတေ….

..ဒီမှာတွေ့လားခလေးတစ်ယောက်ခြေဖဝါး၊လက်ဖဝါးရာတွေမြေကြီးပေါ်ထင်နေတာ…

..ဒါ..ငါတို့ရွာကိုခွေးအတွေနဲ့ပါလာတဲ့ကောင်လေး
ခြေရာတွေပဲ..သေချာတယ်…

ခွေးအခြေရာများနဲ့အတူတွေ့ရသော ခလေးတစ်ယောက်လက်ဖဝါးခြေဖဝါးရာလေးက ကျွန်ပ်ခေါင်းအတွင်းအတွေးများပလုံစီနေတော့၏။

သရဲတစ္ဆေဆိုပါကခြေရာလက်ရာတွေ့ရမည်မဟုတ်သော်လည်းယခုခြေဖဝါးရာလက်ဖဝါးရာကိုထင်ရှားစွာတွေ့ရသောကြောင့် လူသားခလေးတစ်ယောက်၏
ခြေရာလက်ရာမှန်းကျွန်ပ်သေချာစွာသိနေ၏ ။
လူသားကောင်လေးတစ်ယောက်က ခွေးအ အုပ်တွင်မည်သို့ရောက်ရှိနေသည်ကိုတွေးမရနိူင်အောင်ရှိနေပါတော့၏ ။

ရွာသို့ပြန်လာရာလမ်းတစ်လျောက်တွင်လည်းထိုအတွေးများကပ်ငြိပါလာခဲ့တော့၏ ။

အိမ်ပြန်ရောက်ချိန်တွင်နေ့လည်စားပြီးချိန်တွင်
ကျွန်ပ်နဲ့အောင်ပွေမှာရေနွေးကြမ်းသောက်ရင်းဖြင့်
ရှေ့ဘာဆက်လုပ်ကြမည်ကိုတိုင်ပင်နေကြတော့၏။

”…ခွေးအတွေကတအားလည်းများတယ်
တစ်ကောင်ချင်းပစ်သတ်ဖို့ဆိုရင်တောင် အတော်
အချိန်ပေးရမယ် ဒီကြားထဲသီးနှံခင်းတွေညဖက်လစ်ရင်လစ်သလို
ဖျက်နေကြတာ ညတိုင်းမအိပ်ပဲစောင့်ဖို့ကမဖြစ်နိူင်ဘူး
ဒီတော့ကြာရင်အနှေးနဲ့အမြန်ရွာပျက်မှာပါပဲ
ဘာအကြံများရှိလဲ… ဖိုးတေရာ….”

”…ဟူး…မင်းတို့ရွာပြသာနာအတွက်ငါ့မှာအဖြေရှိပါတယ် အောင်ပွေရာ …ငါလုပ်ရမှာဝန်လေးနေလို့
တွေးနေတာ.။..”

”…ဟာ..အကြံရှိရင်အစောကပြောရောပေါ့
ဘာအကြံများရှိလို့လဲ ပြောလေကွာ…”

” အဆိပ်… ငါ့တသက်မုဆိုးသက်တမ်းမှာအဆိပ်ကို
တခါမှမသုံးခဲ့ဖူးဘူး…ဒါပေမယ့်… မင်းတို့ရွာခုလို
ကြုံနေရတော့ ဘယ်တတ်နိူင်ပါ့မလဲ သုံးရတော့မှာပေါ့။….”

”…အဆိပ်ခတ်တဲ့အစာဒီကောင်တွေစားပါ့မလား
အဲလောက်ပါးနပ်တာ…
နောက်အဲလောက်အဆိပ်တွေအများကြီးကရော
ဘယ်ကရမှာလဲကွ….”

” ဖန်တီးရမှာပေါ့ကွာ ဒီအဆိပ်ဖော်နည်းကို ငါကချင်ပြည်နယ်မြောက်ပိုင်းကို အမဲလိုက်ထွက်တုန်းက
ကချင်မုဆိုးတစ်ယောက်ဆီကရလာခဲ့တာပဲ
သူတို့ဆီမှာခွေးအတွေတအားပေါလာရင်အဲနည်း
သုံးပြီးသတ်တတ်ကြတယ်….”

”..ဟာ ဒီလိုဆိုနေရာကျတာပေါ့ ခုညကစပြီးစမ်းကြည့်ရအောင် ဒီကောင်တွေရွာထဲဝင်ပြီးကတည်းကပေါ်မလာတာ
ဆိုတော့ခုလောက်ဆို အစာအသည်းအသန်ဆာနေရောပေါ့….”

”…ပထမဆုံးဆေးခါးသီးရသလောက်ရှာကွာ
နောက်ပီလောပီနံဥရှာ အဲနှစ်မျိုးကိုထမင်းနဲ့
ဆတူရောထောင်းပြီးရလာတာကအဆိပ်ပဲ
သူ့အနံအသက်ကခွေးအတွေကိုဆွဲဆောင်
နိူင်တယ် အဲ..စားမိရင်တော့ ဖြေဆေးမရှိဘူးနော်
အဆိပ်ကဘယ်လောက်ပြင်းလဲဆိုရင်
သေသွားတဲ့အကောင်ကိုတခြားအကောင်ကို
တစ်ခြားအကောင်တွေကစားမိရင်တောင်
တခြားအကောင်တွေပါ သေတာပါပဲ
ခွေးအမျိုးပါပြုတ်သွားလိမ့်မယ် အောင်ပွေ.
အဆိပ်ကစားမိရင်သုံးလေးရက်လောက်မှအစွမ်းပြတယ်…”

”..အစောကြီးကတည်းကပြောရောပေါ့ ဖိုးတေရယ်
ငါအခုပဲ သူကြီးဆီသွားမယ် မင်းပြောတာတွေ
သူကြီးကိုပြောပြီး စီမံခိုင်းရမယ်…..”

ကျွန်ပ်ပြောလိုက်သောအဆိပ်သတ်နည်းမှာ မျိုးပြုတ်နိူင်သည့်အရေးမို့ ကျွန်ပ်စိတ်မသက်မသာ
ဖြစ်မိရသည်မှာအမှန်ပင်ဖြစ်ကြောင်းဝန်ခံရမည်ဖြစ်၏။

နောက်တစ်နာရီခန့်အကြာတွင် အောင်ပွေပြန်ရောက်လာ၏ ။ ကျွန်ပ်ပြောပြသော
အစီအစဉ်ကိုရွာလူကြီးအားပြောပြရာ ရွာလူကြီးမှာ
သဘောကျလက်ခံ၍ရွာမှကာလသားများကို
ဆေးခါးသီးပီလောပီနံဥများရှာဖွေရန်အဖွဲ့ခွဲစေလွတ်ထားကြောင်းသိရ၏ ။

ရွာမှတခြားသူများကိုလည်း ထမင်းတစ်အိမ်တအိုးချက်ပြုတ်ခိုင်းထားကြောင်းကြားသိရ၏ ။

ညနေပိုင်းရောက်သောအခါ လက်ထောင်းဆန်ဖွတ်ဆုံများခြေဖြင့်နင်းရသောမောင်းဆုံများကိုအသုံးပြု၍ ဆေးခါးသီး၊ပီလောပီနံဥများကို
အရင်အမူန့်ကြေစေရန်ထုထောင်းစေ၍အမူန့်ရလာသောအခါထမင်းနဲ့ရော၍နောက်တကြိမ်ရောထောင်းခိုင်းရပြန်၏ ။
အားလုံးပြီးစီးချိန်တွင်ညမှောင်ရီဖျိုးဖျအချိန်သို့
ရောက်ရှိနေခဲ့ပြီဖြစ်၏ ။

အဆိပ်ဖော်စပ်ခြင်းကိုကျွန်ပ်ကဘေးမှလမ်းညွန်၍
အားလုံးအဆင်သင့်ဖြစ်သွားချိန်တွင် ကျွန်ပ်တာဝန်ပြီး
သွားသောအခါ ကျွန်ပ်တာဝန်ပြီးဆုံးသွားပြီဖြစ်ရာ
ရွာအရပ်လေးမျက်နှာအနှံ့အဆိပ်လိုက်ချခြင်းကိုအောင်.ပွေမှဦးစီးဦးဆောင်ပြုလုပ်လျက်ရှိနေ၏ ။

ကျွန်ပ်မှာ လူသားများကိုကယ်တင်သလိုဖြစ်သော်လည်းတခြားသောမျိုးနွယ်စုတစ်ခုကိုအဆိပ်ခတ်သတ်ရန်နည်းပေး
လမ်းညွန်လုပ်မိရခြင်းကြောင့်စိတ်မကောင်းဖြစ်မိရခြင်း
ဖြစ်၏ ။

ညရောက်ချိန်တွင်အောင်ပွေအိမ်တွင်
လူစု၍အခြေအနေကိုနားစွင့်နေမိကြ၏ ။

ညအနည်းငယ်နက်သောအခါ ရွာပတ်ချာလည်မှခွေးအအူသံများစတင်ကြားရတော့၏။

အစပထမတစ်ကောင်စနှစ်ကောင်စအော်ဟစ်သံနဲ့အတူနောက်ပိုင်းအုပ်စုလိုက်အော်ဟစ်သံများရွာပတ်ချာလည်မှကြားနေကြရတော့သည်။

ကျွန်ပ်မှာ ထိုအဆိပ်အကြောင်းကောင်းစွာသိသူဖြစ်၏ ။

မြန်မာပြည်မြောက်ပိုင်းအရပ်တွင်
လက်တွေ့မြင်ခဲ့ကြုံခဲ့ရပြီမို့ ခွေးအများကြိမ်းသေစားမည်မှန်းကြိုသိနေ၏ ။

တစ်ခြားသောတိရိစ္ဆာန်များမည်မျပါးနပ်ကောက်ကျစ်စေကာမူလူသားများလောက်မကောက်ကျစ်မရက်စက်နိူင်ကြောင်းတွေးနေမိပြန်သည်။

ခွေးအများမှာ ရွာပတ်လည်တွင်ချထားသော
အဆိပ်ထမင်းများကိုစားကောင်းကောင်းနဲ့စားနေကြဟန်ရှိ၏ ။

ရွာအတွင်းဝင်မလာကြပဲရှိနေသည်။
တစ်ညလုံးအော်နေသံများရွာပတ်လည်မှသာကြားနေရ၏။

အားလုံးရင်တမမဖြင့် မအိပ်စက်ပဲ အောင်ပွေအိမ်ရှေ့ မြေပြင်ပေါ်တွင် မီးဖို၍ရေနွေးကြမ်းတစ်အိုးပြီးတစ်အိုးကျိုလိုက်သောက်လိုက်ဖြင့်ရှိနေကြ၏။
အဓိကစကားပြောနေရသူမှာကျွန်ပ်ဖြစ်ပြီးမြန်မာပြည်အနှံံ့ကြုံတွေ့ခဲ့ရသောသည်းထိတ်ရင်ဖိုအကြောင်းအရာဇတ်လမ်းများကို ပြောပြခိုင်း၍ ပြောပြနေရခြင်းဖြစ်၏ ။

တစတစဖြင့်ခွေးအအော်သံများမှာဝေး၍
ဝေး၍သွားလျက်နောက်ဆုံးတွင်လုံးပျောက်ကွယ်သွားပါတော့၏ ။

ကျွန်ပ်မှာ မြိတ်ကျွန်းစုဖက်သို့ရောင်စဉ်ကကြုံခဲ့ရသော ပင်လယ်ရေသူရဲဇတ်လမ်းကိုနားထောင်နေစဉ် ခွေးအအော်သံတစ်ခုကိုကြားလိုက်ရသောကြောင့်
ပြောလက်စ စကားကိုရပ်၍ ခနရပ်လိုက်ရင်းထိုအသံ
ကိုနားစွင့်ကြည့်ရာခွေးအအော်သံမှာအော်သံနဲ့မတူပဲငိုကြွေးနေသံနဲ့တူနေသလိုစိတ်အတွင်း ထင်နေမိ၏။

အော်သံမှာပျောက်မသွားပဲဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့်ကျွန်ပ်စိတ်အတွင်းဖော်ပြရန်ခက်သောခံစားမူနဲ့အတူလူကအလိုလိုမတ်တတ်ရပ်ပြီးသားဖြစ်သွားတော့၏။

ကျွန်ပ်ရုတ်တရက်ထရပ်လိုက်ခြင်းကြောင့်ကျန်သူများကနားမလည်နိူင်စွာကြည့်နေသလို အောင်ပွေမှ

”..ဘာဖြစ်လို့လဲ…ဖိုးတေ….”

”…ဒီခွေးအအော်သံက တစ်ခုခုအကြောင်းရှိနေသလိုပဲ ငါသွားကြည့်မလို့…”

”…မင်းတစ်ယောက်တည်း ညဖက်ကြီးအန္တရယ်များလွန်းပါတယ် ငါတို့ပါလိုက်ခဲ့မယ်…”

ကျွန်ပ်စိတ်အတွင်းတခါတရံနားလည်ရခက်သောမသိစိတ်စေ့ဆော်မူကြောင့် အသက်ဘေးမှ လက်မတင်လွတ်ဖူးသော သာဓကများမကြာခနကြုံရခြင်းကြောင့် ယခုလည်းကျွန်ပ်မသိစိတ်ကတစ်ခုခုဖြစ်နေပြီဆိုသောအတွေးဝင်လာချိန်ထိုနေရာသို့သွားရန်ဆုံးဖြတ်မိခြင်းဖြစ်၏ ။

ကျွန်ပ်မှာလက်စွဲတော်သေနတ်ကိုစွဲကိုင်၍
တစ်ခြားသူများမှာလည်းဒူးလေး၊တုတ်၊ဓားကိုယ်
စီကိုင်၍ လက်နှိပ်ဓတ်မီးတဝင်းဝင်းဖြင့် ခွေးအအော်သံကြားရာသို့ထွက်လာခဲ့ကြ၏ ။

…ဟို…ဟို..မှာ..ခွေးအတစ်ကောင်..

…ဘေးမှာလူတစ်ယောက်လဲနေတယ်ထင်တယ်…

…အတော်အတင့်ရဲတဲ့ ခွေးအ..ကဲကွာ….

…ဝှစ်….ဝှစ်…..ဝှစ်…ဝှစ်…

…အိန်…အိန်…….

ရွာပြင်တောစပ်ဆီမှခွေးအအော်သံက
ပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့်ရှိနေရာအသံကြားရာသို့ကျွန်ပ်တို့အဖွဲ့နားစွင့်၍ရောက်သွားကြသောအခါ
တောင်ခြေတောစပ်နားတွင်ခွေးအတစ်ကောင်ကိုတွေ့ရမီးရောင်အောက်တွင်တွေ့လိုက်ရတော့၏ ။

ထို့အတူ ခွေးအ နံဘေးတွင်မြေပြင်ပေါ်လဲကျနေသောလူတစ်
ယောက်ကိုမသဲမကွဲလှမ်းတွေ့လိုက်ရ၏ ။

ကျွန်ပ်တို့ရောက်သွားချိန်တွင် ခွေးအမှာလဲကျနေသူကိုလှည့်ပတ်၍ ဂနာမငြိမ်ဖြစ်နေ၏။

ခွေးအများမှာလူကို မျက်နှာခြင်းဆိုင်အတွေ့
မခံပဲရှောင်တိမ်းတတ်ကြသော်လည်း ယခုခွေးအမှာ
လူအုပ်စုလိုက်သူ့ထံလာနေသော်လည်း ရှောင်ပြေးသွားခြင်းမရှိသောကြောင့် အနည်းငယ်ထူးဆန်း၍တခုခုလွဲမှားနေသလို ကျွန်ပ်စိတ်အတွင်းခံစားနေရစဉ် ၊ရွာသားများမှာ
လဲနေလူအတွက် စိတ်ပူနေကြသလို ရဲတင်းသော
ခွေးအကိုကြည့်၍ဒေါသဖြစ်သွားဟန်ဖြင့် ဒူးလေးများဖြင့်ချိန်၍ပစ်ခတ်လိုက်ကြတော့၏ ။

ကျွန်ပ်မှာ ပုံမှန်မဟုတ်သောမှားယွင်းသောအခြေအနေကိုခံစားမိသောကြောင့်မပစ်ခတ်ရန်တားမြစ်မည်ကြံလိုက်စဉ်ကျွန်ပ်နောက်ကျသွားရတော့၏။

ခွေးအမှာသူ့ကိုချိန်၍ပစ်ခတ်သောမြှားချက်များကိုရှောင်ပြေးရမည့်အစားငြိမ်သက်စွာရပ်ကြည့်နေရာ မြှားတံများများက ကိုယ်ခန္ဓာကိုယ်ထိမှန်သွားခြင်းကြောင့်လဲကျသွားတော့၏။
မြှားတွင်အဆိပ်သုတ်ထားခြင်းကြောင့်မြေပေါ်တွင်ငြီးနေရင်းခနအကြာငြိမ်သက်သွားတော့၏ ။

”…ဟာ..ဒါ…ခွေးအတွေနဲ့ ပါလာတဲ့ကောင်လေး မဟုတ်လား…”

”…ခွေးအတွေအတွက်ချထားတဲ့အဆိပ်ကိုစားမိပုံပဲ..အသက်မရှိတော့ဘူး…”

”..သရဲတစ္ဆေမှတ်နေတာ လူအစစ်ပါလား ဘယ်လိုကြောင့်များခွေးအတွေကြားရောက်နေတာပါလိမ့်….”

လဲကျနေသူအနီးရောက်သောအခါ ထိုသူမှာရှစ်နှစ်ကိုးနှစ်အရွယ်ခလေးတစ်ယောက်ဖြစ်နေပြီးအဆိပ်ကိုစားမိဟန် ပါးစပ်ရင်ဘတ်တဝိုက်တွင်
ကျွန်ပ်တို့ချထားသော ထမင်းများကပ်လျက် ပါးစပ်မှလည်း အမြုတ်တစီစီထွက်လျက်ရှိနေပါ၏ ။

အဆိပ်မှာခွေးအစားမိပါကနှစ်ရက်သုံးရက်ကြာ
မှအဆိပ်တန်ခိုးပြ၏။
အကယ်၍လူသားတစ်ယောက်သာစားမိပါက
အဆိပ်မှာနာရီပိုင်းအတွင်းအဆိပ်များတက်
၍သေဆုံးနိူင်၏ ။

ကျွန်ပ်အဆိပ်ကြောင့်လူသားတစ်ယောက်သေဆုံးရလေခြင်းဟူသောအတွေးက ကျွန်ပ်စိတ်နှလုံးကို ပြင်းထန်စွာထိခိုက်လျက်ရှိနေပါ၏ ။

ခွေးအများအတွက်ရည်ရွယ်ထားသောအဆိပ်ကလူသားများဘေးဒုက္ခမကြုံစေရန်ရည်ရွယ်ထားခဲ့သော်လည်း
ယခုကျွန်ပ်အဆိပ်ကလူသားတစ်ယောက်သေဆုံးရသည်ဟူသော ခံစားမူက ခံစားရခက်လွန်းလှ၏။

..နောင်…ဝေ…ဝေ..

ခွေးအကြားမှလူသားတစ်ယောက်ရောက်နေရခြင်းအကြောင်းကို အမျိုးမျိုးသောထင်ကြေးပေးမူများဖြင့်ရှိနေကြစဉ်..
သာယာသောကြေးစည်သံလေးက ပျံ့လွင့်လာ၏ ။

ခပ်ဝေးဝေးမှကြေးစည်သံမှာတဖြည်းဖြည်းနီးကပ်လာခြင်းနဲ့အတူရသေ့တစ်ပါးမှာကြေးစည်လေးကိုတစ်ချက်ချင်းထု၍ကျွန်ပ်တို့လူစုထံလျောက်လာနေ၏ ။

(နောက်မှသိရသည်က ထိုရသေ့မှာ တောင်ပေါ်တွင်နေထိုင်၍ တစ်လတစ်ခါခန့်
ရွာသို့အလှူခံဆင်းလာလေ့ရှိကြောင်း အောင်ပွေပြောပြချက်အရသိရ၏ ။ )

”…အရာအားလုံးကံစီမံရာအတိုင်းပါပဲလား …
သံယောဇဉ် မေတ္တာတရားဟာ မျိုးနွယ်မတူပေမယ့်
မေတ္တတရားက ဒီအတားအဆီးတွေကိုကျော်ဖြတ်
ပြလိုက်တာ ဒီခွေးအနဲ့ ဒီလူသားကသက်သေပါလား…..”

ရသေ့ကြီးမှာလဲကျနေသေဆုံးနေသော
ခွေးအနဲ့ကောင်လေးကိုကြည့်၍ လူသားကောင်လေးကိုသိနေဟန်ကြောင့် ကျွန်ပ်နဲ့
တခြားလူများမှ ထိုကောင်လေးအကြောင်းသိပါက
ပြောပြရန်ဝိုင်းဝန်းလျောက်ထားကြရာ ရသေ့ကြီးထံမှ
ကျွန်ပ်တသက်လုံးမမေ့နိူင်မည့်ဇတ်လမ်းတပုဒ်ကို
ကြားသိခဲ့ရပါတော့၏ ။

——————-××—————-

လွန်ခဲ့သောဆယ်နှစ်ခန့်အချိန်က
တစ်နှစ်ခန့်အရွယ်သားငယ်လေးကိုသစ်ပင်အောက်တွင်သိပ်၍လင်မယားနှစ်ယောက်မှာ တောင်ယာလုပ်
ငန်းခွင်ဝင်နေကြစဉ်ဝက်ဝံကြီးတစ်ကောင်ရုတ်တရက်ရောက်လာပြီးလင်မယားနှစ်ယောက်ကိုတိုက်ခိုက်ရာလင်မယားနှစ်ယောက်လုံးပြေးချိန်မရလိုက်ပဲ ဝက်ဝံကုတ်ရာများဖြင့် သွေးအိုင်ထဲလဲကျအသက်ပျောက်ကုန်ကြတော့၏ ။

ထိုအချိန်အိပ်ပျော်နေသောခလေးမှာလန့်နိူး၍
ငိုယိုနေရာ ခလေးအားရန်ပြုရန်လျောက်လာစဉ်
မမျော်လင့်သောအခြေအနေတစ်ခုဖြစ်ပေါ်လာတော့၏ ။
ရုတ်တရက်ခလေးရှေ့သို့ခွေးအလင်မယားရောက်လာပြီးခွေးအကို မာန်ဖီ၍စူးရှစွာကြည့်နေကြရာ ဝက်ဝံမှာခွေးအလင်မယားကိုရင်မဆိုင်ဝံ့ဟန်ဖြင့်ထွက်ခွာသွားတော့၏ ။

အစပထမခွေးအလင်မယားမှ အိပ်နေသောခလေးကို စားသောက်ရန်ခြုံပုတ်အတွင်းမှချောင်းမြောင်းနေကြခြင်းဖြစ်သည်။

သို့ရာတွင် သူတို့ထက်အရင်ဝက်ဝံရောက်လာသောအခါ စိတ်ပြောင်းသွားဟန်ဖြင့်ခလေးကို အကာအကွယ်ပေးနေကြတော့၏ ။
ခွေးအမကြီးမှာလွန်ခဲ့သောသုံးလေးရက်ကအစာရှာထွက်နေစဉ်တစ်ခြားခွေးအများကသူ့သားပေါက်များကိုစားသောက်သွားသောကြောင့်လောလောလတ်လတ်သားသမီးဆုံးရူံးထားရသူဖြစ်၏ ။

ခလေးမှာ ခွေးအများကိုကြောက်လန့်ဟန်မတူပဲ
တခိုးခိုးတခစ်ခစ်ရယ်မောနေရာ ခွေးအမကြီးမှာ လူသားခလေးကိုသူ့သားအဖြစ်မွေးစားရန်ဆုံးဖြတ်လိုက်ဟန်ဖြင့် ခလေးအင်ကျီကို ကုတ်မှဖွဖွကိုက်၍မွေးစားရန်ခေါ်သွားတော့၏ ။
ခွေးအမကြီးမှာတစ်ခြားသောခွေးအများကြားတွင်နေထိုင်လျင်ခလေးအသက်အန္တရယ်စိုးရိမ်ရသောကြောင့်တစ်ခြားခွေးအများနဲ့ဝေးရာတွင်နေထိုင်၍သူ နို့တိုက်၍ခလေးကိုမွေးမြူတော့၏ ။

အစာရှာရန်မထွက်တော့ပဲ သူ့ချစ်လင်ခွေးအထီးရှာပေးသမျကိုသာစား
သောက်၍ခလေးကိုမျက်စိအောက်မှအပျောက်မခံစောင့်ရှောက်တော့၏ ။
ထိုသို့ဖြင့်ခလေးအနည်းငယ်သွားလာနိူင်သောအရွယ်ရောက်သောအခါလူသားများချက်ပြုတ်ထားသော ထမင်းများခိုး၍သော်လည်းကောင်း၊အသီးအနှံများကိုရှာဖွေ၍တဖုံကျွေးမွေးပြန်သည်။

လူငယ်လေးမှာခွေးအလင်မယားကိုအဖေအမေဟု
မှတ်ထင်၍သူအမေအဖေလူပ်ရှားသွားလာမူများကိုအတုယူလျက်ခွေးအအူသံကိုခွေးအသံနဲ့တထပ်တည်းတူအောင်ပြုလုပ်တတ်လာ၏ ။
လူသားများကိုမြင်တွေ့သော်လည်းသူနဲ့မျိုးနွယ်တူ
ဟုမထင်မှတ်ပဲသူ့ကိုယ်သူခွေးအတစ်ကောင်အဖြစ်
စိတ်အတွင်းထင်မှတ်နေတော့၏။
ထိုသို့ဖြင့်ကောင်ငယ်လေးမှာကိုးနှစ်ဆယ်နှစ်အရွယ်ရောက်လာချိန်ခွေးအများအမဲလိုက်နည်းများလူပ်ရှားမူများနဲ့တသားတည်းကျ၍တခြားခွေးအများနဲ့ရောနှော၍အမဲလိုက်နိူင်လာတော့၏ ။

လွန်ခဲ့သောတပတ်က ရွာအတွင်းဝင်၍ဝက်သား
ပေါက်ကိုမိသားစုသုံးယောက်ဝင်ရောက်ဖမ်းယူကြစဉ်အသက်အရွယ်ရလာသော ခွေးအကြီးမှာလူသားများကြောင့်အသက်ပေးလိုက်ရတော့၏ ။

ကောင်လေးမှာခွေးအမကြီးကိုသူ့အမေ၊ခွေးအထီးကြီးကိုသူ့အဖေဟုထင်မှတ်ထားရာ ခွေးအထီးကြီးသေဆုံးသွားချိန်များစွာဝမ်းနည်း
ကြေကွဲသွားရ၏ ။

ထို့အတူ လူသားများကိုလည်းမုန်းတီးနာကျည်းစိတ်
ဝင်သွားတော့၏ ။

ထို့ကြောင့်တစ်ခြားခွေးအများကိုစုရုန်း၍
ရွာကိုဝင်ရောက်ဒုက္ခပေးခြင်းပင်ဖြစ်၏ ။

သို့ရာတွင် အရက်စက်အကောက်ကျစ်ဆုံးလူသား
တို့၏ လှည့်ကွက်ဆင်အဆိပ်ကိုစားမိသောကြောင့်
သေဆုံးရခြင်းဖြစ်ပါတော့၏ ။

ကောင်ငယ်လေးသေဆုံးသွားချိန်တွင်ခွေးအမကြီးမှာသားဖြစ်သူသေဆုံးသွားသော ပူဆွေးမူကြောင့် ကောင်လေးအလောင်းဘေးတွင်ပူဆွေးသောကဖြင့်အော်ဟစ်နေစဉ်လူသားများလက်ချက်ဖြင့်သေဆုံးရခြင်းဖြစ်ကြောင်း ရသေ့ကြီးမှ
ကောင်လေးဇတ်ကြောင်းပြောပြလာရာ နားထောင်နေသူအားလုံးငြိမ်ကျသွားကြပါတော့၏ ။

ရသေ့ကြီးမှာထူးဆန်း၏။
ကောင်လေးခွေးအများအကြောင်းပြောပြရာတွင်
ဘေးမှထိုင်ကြည့်နေသည်အလားပြောပြနေ
ခြင်းဖြစ်၏ ။

ခွေးအစုံတွဲနဲ့ကောင်လေးဆုံချိန်မှစ၍ယခုသေဆုံးချိန်ထိသူကြည့်ပြီးသားဇတ်လမ်း
တပုဒ်ကိုပြောပြနေသလိုပြောပြနေခြင်းဖြစ်၏။.

မည်သို့မည်ပုံသိသည်ကိုမေးမြန်းရန်ကျွန်ပ်
စိတ်ကူးနေစဉ်မှာပင် ရသေ့ကြီးမှာကြေးစည်လေးကို
တနောင်နောင်ထု၍ ကျွန်ပ်တို့အနီးမှထွက်ခွာသွား
ပြီဖြစ်၏ ။
.
ယခုအချိန်တွင်ကျွန်ပ်တို့မှာ ခွေးအနဲ့လူသားတို့ကြားမှထူးခြားစွာဖြစ်တည်လာသောသံယောဇဉ်ကိုအံ့သြစိတ်ဖြစ်ရခြင်းနဲ့အတူ စိတ်မကောင်းကြီးစွာဖြစ်နေရပါတော့သည်။

ထိုအထဲတွင်မှစိတ်မကောင်းအဖြစ်ရဆုံးလူ
မှာကျွန်ပ်ပင်ဖြစ်ပါတော့၏ ။

ယခုဝမ်းနည်းစရာဇတ်လမ်း၏ အဓိကတရားခံမှာကျွန်ပ်သာအဓိကဟု ကို့ဘာသာအပြစ်တင်နေမိပါတော့၏ ။

မနက်အလင်းရောင်လာသောအခါ ကျွန်ပ်မှာ ပထမခွေးအထီးကြီးမြုတ်နှံရာနေရာကိုမေးမြန်း၍ ထိုခွေးအထီးကြီးမြုတ်နှံရာဘေးတွင်မြေကျင်းနှစ်ကျင်းတူးကာ ခွေးအမနှင့်ကောင်လေးကိုမြုတ်နှံပေးလိုက်၏။

အလောင်းများကိုတစ်ခြားသောတောတိရိစ္ဆာန်များမဖျက်စီးစေနိူင်ရန်ကျောက်တုံးကျောက်ခဲများမြေစာပုံများပေါ်တင်ခြင်းကိုအားလုံးဝိုင်းဝန်း၍လုပ်ဆောင်ကြ၏ ။

ကျွန်ပ်ကိုခွင့်လွတ်ပေးရန်နဲ့နောက်ဘဝတစ်ခုတွင်
မိသားစုအဖြစ်ပြန်ဆုံကြပြီးပျော်ပျော်ရွင်ရွင်ဖြင့်
ယခုလိုအဖြစ်ဆိုးမျိုးမကြုံတွေ့စေရန်ကျွန်ပ်မှာစိတ်တွင်းဆုတောင်းပေးနေမိ၏ ။

ကျွန်ပ်တသက်တွင်ယခုကြုံတွေ့ခဲ့ရသောထူးဆန်း၍ဝမ်းနည်းဖွယ်ဇတ်လမ်းကိုမည်သို့မျမေ့ပျောက်နိူင်တော့မည်မဟုတ်ပေ။

ဝမ်းရေးအတွက် အကုသိုလ်အလုပ်ဖြစ်သော
မုဆိုးအလုပ်ကိုမစွန့်နိူင်သေးသော်လည်း နောက်နောင်
ကျွန်ပ်တသက်လုံးအဆိပ်ကိုမည်သည့်အကြောင်းနဲ့မျမသုံးရန်ကိုမူကားစိတ်တွင်သံဓိဋ္ဌန်ချထားလိုက်ပါတော့သတည်း…။

==========××==========

ပြီးပါပြီ

မြူခိုးအလင်္ကာ
Credit