ဂါထာအစွမ်းကြောင့်မိကျောင်းခံတွင်းဝက လွတ်ခဲ့ရသူ

ဂါထာအစွမ်းကြောင့်မိကျောင်းခံတွင်းဝက

လွတ်ခဲ့ရသူ(စ/ဆုံး)
—————————————-
“မြသားငယ်တဲ့ ရေယမုန်
ငွေလှိုင်းတွေ ဖြူစွာနဲ့(နှင့်)
မြစ်ဧရာ နဒီကြောမှာ
မျောကြ ဒိုက်ပုံ
ကျူဝါးရုံ တူစုံကွဲ့ ဖေါ်နှော
ဘုံမတီးရယ်နဲ့ ငှက်ကြီးရွှေဝံပိုတို့
ဝဲ…စုံလို့မျှော”

ဖိုးကုန်းတစ်ယောက် သမ္ဗန်ကြီးကို လှော်ခတ်နေရင်းမှ သီချင်းတစ်ပုဒ်ကို ညည်းဆိုလိုက်သည်။ သူတို့၏ သမ္ဗန်ကြီးမှာ ရေပေါ်တွင်ပြေးလွှားနေသည်။

“ကျွီ ကျီ ဝေါ ဝေါ”

ရေကျချိန်ရေစုန်မို့ ခရီးကတွင်လှသည်။ ရေတက်ချိန် ရေဆန်မိချိန်များ ဆိုလျှင်ဖြင့် နဖူးကချွေး ခြေမကျသည်အထိ အားကုန် လှော်ခတ်ကြရလေသည်။ သမ္ဗန်ခတ်ရသည်မှာ မလွယ်ကူလှ။
ခတ်တက်နှစ်ချောင်းဖြင့် အားစိုက်၍
ခတ်ရ၏။ တက်မကိုင်သည်လည်း မျက်စိ
ရှင်ရှင် ထားရသည်။ ဝဲများ ဒိုက်ပုံများ သစ်တုံးသစ်ငုတ်များကို သေချာကြည့်၍ ရှောင်ကွင်းရသည်။ ဝဲများကြောင့် သမ္ဗန်နစ်မြုပ်တတ်သလို ရေထဲတွင် မျောလာသော သစ်တုံးသစ်ငုတ်များနှင့် တိုက်မိပါက သမ္ဗန်ဗိုက်ပေါက်၍ နစ်မြုပ်တတ်လေသည်။ ဝန်တင်ပြီးသောအခါများတွင် သမ္ဗန်၏ ဘေးနှစ်ဘက်၌ ဝါးပိုးဝါးများကို
တွဲချည်ရသည်။ သို့မှသာ လှိုင်းပုတ်သည့်ဒဏ်ကို ခံနိုင်ပြီး အလွယ်တကူ မနစ်မြုပ်နိုင်ပေ။ ခတ်တက်ကို အလှည့်ကျ ခတ်ကြပြီး တက်မကို ဘကြီးမိုးမှ ကိုင်ပေးလေသည်။

“ကဲ ရေစုန်နေတုန်းလေး အားစိုက်ထားကြဟေ့ ရေမတက်ခင် မိန်းမလှကျွန်းဆီ ရောက်အောင် ခတ်ကြ”

ခေါင်းဆောင်ဖြစ်သူ ဘကြီးမိုးမှ ဖိုးကုန်းတို့ အဖွဲ့အား ပြောလိုက်သည်။

“ဟုတ်ကဲ့ ဘကြီးမိုး မိန်းမလှကျွန်းဆီရောက်ဖို့ သိပ်မလိုတော့ပါဘူး ရေမတက်ခင် ရောက်ပါတယ်”

ငမိုးမှ ခတ်တက်ခတ်နေရင်းမှ ပြောလိုက်၏။ ဖိုးကုန်းတို့အဖွဲ့မှာ ခေါင်းဆောင်ဘကြီးမိုးနှင့် ဖိုးကုန်း ငမိုးတို့အပါအဝင် အားလုံး ရှစ်ယောက်ဖြစ်လေသည်။
သူတို့သည် ဘိုကလေးမြို့နယ်အပိုင် ပျဉ်းမကုန်းကျေးရွာမှ ဖြစ်ကြပြီး မိန်းမလှကျွန်းသို့ သစ်ခုတ်ရန်သွားနေကြခြင်း ဖြစ်၏။ ဖိုးကုန်း၏အမည်မှာ သန်းမြင့်
ဖြစ်သော်လည်း မွေးရာပါ လက်ပြင်ကုန်းနေသဖြင့် အမည်ရင်းပျောက်၍ တစ်ရွာလုံးက ဖိုးကုန်းဟုသာ ခေါ်ကြလေသည်။
အများအားဖြင့် တောရွာများတွင် တစ်ရွာလျှင် ဘုန်းကြီးကျောင်း တစ်ကျောင်းသာ ရှိကြသော်လည်း ဖိုးကုန်းတို့ ပျဉ်းမကုန်းရွာတွင် ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိ၏။ ရွာအရှေ့ဘက်ပိုင်းတွင် ရှိသောကျောင်းကို အရှေ့ကျောင်း ရွာအနောက်ဘက်တွင်ရှိသောကျောင်းကို အနောက်ကျောင်းဟု ခေါ်ကြလေသည်။ အရှေ့ကျောင်းတွင် ကျောင်းထိုင်သော ဆရာတော်ဦးကန္တမှာ ထွပ်ရပ်ပေါက်လမ်းစဉ်ကို လေ့လာလိုက်စားပြီး အတော်ပင် ပေါက်ရောက်နေပြီဟု ဆိုကြလေသည်။ ရွာသားများကိုလည်း ဂါထာများချီးမြှင့်ပေးထားလေသည်။
(ထိုဆရာတော်ဦးကန္တ ပျံတော်မူ၍ မီးသင်္ဂြိုဟ်ကြသောအခါ မည်သို့မျှ မီးမလောင်သဖြင့် ခန္ဓာကိုယ်ကို ရှာဖွေကြရာ ချိုင်းကြားတွင် ခွဲ၍ထည့်ထားသောဓာတ်လုံးကို တွေ့ရသဖြင့် ထိုဓာတ်လုံးအား
ခွဲထုတ်ပြီးမှ မီးသင်္ဂြိုဟ်၍ ရလေတော့သည်။)
ဒီရေကျချိန်ဖြစ်သဖြင့် ကမ်းခြေတစ်လျှောက်ရှိ လမုတောအစပ် လတာပြင်တွင် မျောက်အုပ်များကို တွေ့ရသည်။ အချို့မျောက်များက
လတာပြင်အစပ်တွင် ငါးကလေးများ ပုဇွန်များကို ဖမ်းစားနေကြပြီး အချို့မျောက်များကတော့ ဂဏန်းများကို ဖမ်း၍စားနေကြလေသည်။ မျောက်များ ဂဏန်းဖမ်းပုံမှာ ရယ်စရာကောင်းသလို စိတ်ဝင်စားစရာ ကောင်းလှ၏။ မျောက်က ဂဏန်းကျွင်းထဲသို့ သူ၏အမြီးရှည်ကြီးကို ထည့်လိုက်ပြီး
အမြီးကို လှုပ်ယမ်းနေသည်။ ထိုအခါတွင်
ကျွင်းထဲမှ ဂဏန်းမှ ဒေါသထွက်လာပြီး
မျောက်မြီးအား လက်မဖြင့် ညှပ်လေတော့သည်။ ထိုအခါတွင် မျောက်က သူ၏
အမြီးကို ဆတ်ခနဲဆွဲထုတ်လိုက်လေရာ ဂဏန်းကောင်မှာ ရွှံ့ညွန်များလူးကာ
မျောက်မြီးတွင် ညှပ်လျှက်သား ပါလာလေတော့သည်။ ထိုအခါ မျောက်သည် ဂဏန်းအားဖမ်း၍ ကမ်းစပ်သို့သွား၍ ရေဆေးလေသည်။ ထိုဂဏန်းကို အခြားမျောက်များမှ လုယူစားသောက်ရန် ကြိုးစားကြသဖြင့် ဂဏန်းဖမ်းသည့် မျောက်မှ ပြန်၍ လိုက်ကိုက်လေရာ လတာပြင်ပေါ်တွင် မျောက်များ ကျွတ်ကျွတ်ညံနေတော့သည်။ ထိုစဉ် လတာပြင် အစပ်မှ

“ဝုန်း ဖောင်း”

“ကြီး ကြီး ကြီး”

“ဖျော ဝုန်း ဝုန်း”

မျောက်တစ်ကောင်၏ နာကျင်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရသဖြင့်
ကြည့်လိုက်ကြရာ ရွှံ့ညွန်များကြားမှ မိကျောင်းကြီးတစ်ကောင်က မျောက်ကို ကိုက်ချီကာ ရေထဲသို့ဆင်းသွားသည်ကို တွေ့ကြရလေသည်။

“ဟာ မိကျောင်းကြီး ခုနမတွေ့မိပါဘူး ဘယ်ကရောက်လာတာလဲ”

“ဘယ်တွေ့မလည်းကွ မိကျောင်းက ဒီရေတက်ချိန်ကတည်းက ရွှံ့ညွန်တွေကြားမှာ
တစ်ကိုယ်လုံးမြှုတ်ပြီး မျက်လုံးနှစ်လုံးပဲဖော်ပြီး ချောင်းနေတာ ဒါကိုမသိတဲ့မျောက်က မိကျောင်းအနားရောက်သွားတော့ မိကျောင်းအစာ ဖြစ်သွားရတော့တာပေါ့”

“မိကျောင်းတွေက အတော်ပါးတာပဲနော်”

“အင်း ရေသတ္တဝါတွေထဲမှာတော့ မိကျောင်းတွေက အသိဉာဏ်အနည်းဆုံးနဲ့
သွေးအအေးဆုံးတိရိစ္ဆာန်ဆိုပေမဲ့
အကင်းတော့ပါသားကွဲ့ ရန်လိုလာပြီဆိုရင်လည်း အင်မတန်မှ ကြောက်စရာကောင်းတာ သွေးအေးလို့ မလှုပ်မယှက်နေပေမဲ့ ရန်လိုလာပြီဆိုရင်တော့ လျှပ်စီးလက်သလိုမြန်တာဟေ့ ခွေးတောင်မလွတ်ဖူးဆိုပဲ ရေအလွန်စီးနေတဲ့ မြစ်ထဲ ချောင်းထဲမှာလည်း မလှုပ်မယှက် နေနိုင်တယ် သစ်တုံးကြီးတစ်တုံးလိုလည်း မလှုပ်မယှက် မြှောချလာတတ်တယ် အဝေးကကြည့်ရင် သစ်တုံးကြီးမျောလာသလိုပဲ အနားရောက်လာမှ မိကျောင်းမှန်းသိရတာ
စောင်းကောက် ဖြစ်နေပြီဆိုရင်တော့
သတိသာထားပေတော့ အလွန်ကို
ရန်လိုနေပြီ”

“စောင်းကောက်ဆိုတာ ဘာကိုပြောတာလည်း ဘကြီးမိုး”

“စောင်းကောက်ဆိုတာ အမြီးကို ရေပေါ်ထောင်ပြီး စောင်းကောက်ပုံစံလုပ်ထားတာမျိုးကိုပြောတာကွဲ့ အဲ့ဒီလို စောင်းကောက်
ဖြစ်နေပြီဆိုရင်တော့ တွေ့သမျှ ကျွဲနွား လူ
လှေတွေကို ပြေးကိုက်တတ်တယ် ဒါပေမဲ့
မိကျောင်းတွေ ရေထဲမှာ စောင်းကောက်ထောင်တာက သူတို့မိတ်လိုက်တဲ့ တန်ခူးကဆုန်လတွေမှာပဲ ထောင်လေ့ရှိတာပါ ကျန်တဲ့အချိန်တွေမှာတော့ သစ်တုံးလို
ရေပေါ်မှာမျောနေတာပေါ့ အဲ့ဒါကို
ချောင်းစုံတယ်လို့ ခေါ်တယ်ကွဲ့ ပြီးတော့
မိကျောင်းတွေဟာ သူတို့ရဲ့ မူလကြီးပြင်းရာအရပ်ကနေ အကြောင်းတစ်ခုခုကြောင့်
အခြားတစ်ချောင်းချောင်း တစ်မြစ်မြစ်ကို
ပြောင်းပြေးရပြီဆိုရင် ရောက်ရာအရပ်မှာ
သူ့ထက်ကြီးသူ သူ့ကိုနိုင်သူ ရှိမရှိ အရင်ရှာပြီးတိုက်ခိုက်တတ်တယ် သူ့ကိုနိုင်သူ သူ့ထက်ကြီးသူရှိရင် အဲ့ဒီမြစ် အဲ့ဒီချောင်းကနေ ထွက်ပြေးရင်ပြေး မပြေးရင် အညံ့ခံပြီး
နောက်လိုက်လုပ်ကြရတယ် သူ့ထက်ကြီးသူ သူ့ကိုနိုင်သူ မရှိဘူးဆိုရင်တော့ မြစ်ထဲ
ချောင်းထဲမှ ကျောက်ခဲကို ကောင်မျိုပြီး
ချောင်းပိုင်ကြီးအဖြစ် ဗိုလ်ဝင်ခံတတ်ကြတယ် ဒါ့ကြောင့် မိကျောင်းကြီးတွေကို ဖမ်းမိခဲ့ရင် ဘယ်နှစ်ချောင်း ဘယ်နှစ်မြစ်မှာ ဗိုလ်လုပ်ခဲ့ကြသလည်းဆိုတာ ဗိုက်ထဲက ကျောက်ခဲတွေကို ရေတွက်ကြည့်ရုံနဲ့ သိနိုင်တယ် ပြီးတော့ မိကျောင်းတွေက မစင်မစွန့် သေးမပေါက်ဘဲ စားသမျှအစာများ ပုတ်ပွပျော်စိမ့်ပြီး ကိုယ်ထဲအဆီဓာတ်ဝင်သွားတဲ့ အဆီပိတ်သတ္တဝါတွေပဲ
ဒါ့ကြောင့် မာကျောသော ကျောက်ခဲ ရွှေငွေများကို မျိုထားရင် အစာမကြေပဲ နှစ်ရှည်လများ ဒီအတိုင်းရှိနေကြတယ် လူသားစားထားတဲ့ မိကျောင်းတွေရဲ့
ဗိုက်ထဲက ရွှေငွေများ ပြန်ရတတ်တာလည်း အဲ့ဒါကြောင့်ပဲကွဲ့”

ဘကြီးမိုးက စိတ်ရှည်လက်ရှည် ပြောပြလေသည်။

“ဒါနဲ့ ဘကြီးမိုး မိကျောင်းက ဘယ်နှစ်မျိုးရှိလည်းဗျ”

ငမိုးက ခတ်တက်ခတ်နေရင်းမှ မေးလိုက်သည်။

“မိကျောင်းတွေက ငမိုးရိပ်မျိုးရယ်
မလက်တိုမျိုးရယ်လို့ နှစ်မျိုးရှိတယ်
ငမိုးရိပ်မျိုးကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးမိကျောင်းမျိုးဖြစ်ပြီး ရေချိုရေငန်စပ်တွေမှာ အနေများတယ် ခေါင်းရှည်မျိုး
လို့လည်း ခေါ်ကြတယ် မလက်တိုမျိုးကတော့ ရေချိုမှာအနေများတယ်
ခေါင်းတိုမျိုးလို့ ခေါ်ပြီး အကောင်သေးတယ်”

“ဒါနဲ့ ဘကြီးမိုး မိကျောင်းတွေကလည်း
ဥကပေါက်တဲ့ အကောင်မျိုးပဲဆို”

“ဟုတ်တယ်ကွဲ့ မိကျောင်းတွေဟာ တန်ခူး
ကဆုန်လတွေမှာ မသံ ဖိုသံပေးပြီး
ဝေးဝေးလံလံအရပ်တွေထိ သွားရောက်မိတ်လိုက်လေ့ရှိကြတယ် မိတ်လိုက်ပြီး
တစ်လခန့်အကြာလောက်မှာ အသိုက်ကိုက်ပြီး ဥဥကြတယ် အသိုက်ကို မြေဆွေး
သစ်ဆွေး ချုံပုတ် သဖော့ဇာ ငှက်ကြီးတောင်ရွက်တွေနဲ့ ပြုလုပ်တတ်ကြတယ် အသိုက်ရဲ့ အကြယ်အဝန်းက
ငါးပေကနေ ရှစ်ပေအထိရှိကြတယ် အသိုက်ကို နှစ်ပေ သုံပေအထိ ကုန်းမို့မို့လုပ်ပြီး ဥချကြတယ် ဥချပြီးရင် အဲ့ဒီအပေါ်ကနေ မြေဆွေး သစ်ဆွေး အမှိုက်သရိုက်တွေနဲ့ ထပ်အုပ်တယ် အားလုံးပြီးစီးပြီဆိုရင် အသိုက်က လူကြီးခါးစောင်းလောက်အထိ အမြင့်ရှိကြတယ်ကွဲ့”

ဘကြီးမိုးမှ အာခြောက်သွားဟန်ဖြင့် ဘေးနားတွင်ရှိသော ရေနွေးကြမ်းပန်းကန်ကို ယူပြီး သောက်လေသည်။ ပြီးမှ

“မိကျောင်းတွေက တစ်ခါဥရင် အလုံး(၂၀)ကနေ (၇၀)အထိ တစ်ခါတည်းဥချတတ်ကြတယ် ဥရဲ့အရွယ်အစားက ဘဲငန်းဥထက် နည်းနည်းကြီးပြီး
အရောင်ကလည်း ဘဲငန်းဥနဲ့ ဆင်တူတယ်
မိကျောင်းသိုက်ရဲ့ဘေးမှာ ရေကြည်အိုင်နဲ့
ရေနောက်အိုင်ဆိုပြီး အိုင်နှစ်အိုင် ရှိတတ်တယ် ရေနောက်အိုင်က မိကျောင်းမ အသိုက်ကို ရေပတ်တဲ့အိုင်ဖြစ်ပြီး ရေကြည်အိုင်ကတော့ သူ့ဥများကို ရန်သူများလာပြီး မနှောင့်ယှက်နိုင်အောင် စောင့်ကြည့်နေတတ်သော အိုင်ဖြစ်တယ် မိကျောင်းမကြီး ဥ ဥပြီး သုံးလလောက်
အကြာမှာ မိကျောင်းလေးတွေ ပေါက်လာကြတယ် မိကျောင်းပေါက်ကလေးတွေက
တစ်ပေခန့်ရှိပြီး ဝမ်းဗိုက်မှာ အလျားလိုက်
အကွဲကြောင်း ပါတယ် အဲ့ဒီအကွဲကြောင်းက တဖြည်းဖြည်းစိသွားပြီး ငါးနှစ်လောက်မှ အဖို အမအင်္ဂါတွေ ပေါ်လာကာ
မိတ်စိတ်ဝင်ပြီး မိတ်လိုက်ကြတယ် မိကျောင်းတွေရဲ့ သက်တမ်းက အနှစ်(၇၀)ကနေ (၁၀၀)အထိ ရှည်ကြတယ်တဲ့”

“ဟာ အတော်အသက်ရှည်ကြတာပဲနော်”

“ဟုတ်တယ်ကွဲ့ ကဲ နေမဝင် မိန်းမလှကျွန်းဆီရောက်အောင် အားစိုက်ထားကြဟေ့”

“ဟုတ်ကဲ့ ဘကြီးမိုး”

******
ဖိုးကုန်းတို့ သမ္ဗန်ကြီးသည် မိန်းမလှကျွန်းသို့ နေမဝင်ခင်မှာပင် ဆိုက်ရောက်လာပြီး ချောင်းတစ်ခုအတွင်းသို့ ဝင်လိုက်ပြီး သမ္ဗန်ကို ထိုးဝါးစိုက်ကာ ချည်နှောင်ထားလိုက်ကြသည်။

“ကဲ ဒီနေ့တော့ အချိန်မရှိတော့ဘူး မနက်ဖြန်မနက်စောစောကျမှ ကျွန်းပေါ်တက်ပြီး ခုတ်ကြမယ် ဒီညတော့ ဒီနားမှာပဲ အိပ်ကြမယ် မင်းတို့အကုန်လုံး ပါးစပ်က ပရမ်းပတာတွေ လျှောက်မပြောကြနဲ့ ပြီးတော့ အပေါ့အလေးတွေလည်း ပရမ်းပတာ မသွားကြနဲ့ မိကျောင်းတွေ တွေ့ရင်လည်း ရန်မပြုကြနဲ့ ဒီကျွန်းက
နတ်ကြီးတယ် အမှားမခံဘူး ကြားကြလား”

“ဟုတ်ကဲ့ ဘကြီးမိုး”

“ကဲ ဒါဆိုလည်း ဖိုးကုန်းက ထမင်းဟင်းတွေ ချက်တော့ မနက်ဖြန် သစ်ခုတ်မသွားကြခင် အဆာပြေစားသွားဖို့ပါ ပိုချက်ထား”

“ဟုတ်ကဲ့ပါ ဘကြီးမိုး”

ထို့နောက် ဘကြီးမိုးတို့အဖွဲ့မှာ ဖိုးကုန်း ချက်ပြုတ်ထားသည့် ထမင်းဟင်းများကို စားသောက်ပြီး သမ္ဗန်ပေါင်းမိုးထဲသို့ ဝင်၍ အိပ်စက်ကြလေတော့သည်။
နောက်တစ်နေ့နံနက် မိုးလင်းသောအခါ
ဘကြီးမိုး ခေါင်းဆောင်၍ ကျန်ခြောက်ယောက်မှာ အဆာပြေစားသောက်ကြကာ မျောတိုင်များ ခုတ်ရန် ကျွန်းပေါ်သို့ တက်သွားကြပြီး ဖိုးကုန်းကတော့ သစ်ခုတ်သူများ ပြန်လာလျှင် စားသောက်ရန် ထမင်းဟင်းများကို ချတ်ပြုတ်ရင်း သမ္ဗန်စောင့်ရင်း ကျန်ရစ်နေခဲ့လေသည်။ ထိုသို့ ချက်ပြုတ်နေရင်းမှ ဖိုးကုန်းတစ်ယောက် ဆီးသွားချင်လာလေသည်။ ကျွန်းပေါ်သို့ တက်၍ သွားရန်လည်း တစ်ယောက်တည်း
မတက်ရဲသဖြင့် သမ္ဗန်ပဲ့မှ ချောင်းထဲသို့ အပေါ့စွန့်ချလိုက်လေတော့သည်။
ထို့နောက် ထမင်းဟင်းများ ချက်ပြုတ်ပြီး ဘကြီးမိုးတို့အား စောင့်ရင်း သမ္ဗန်ပဲ့ပေါ်တွင် လဲလျောင်းနေလေသည်။
ခဏမျှအကြာတွင်

“ဝုန်း ဖျော ဝုန်း”

“အား ဝုန်း အုန်း”

မည်သည့်အချိန်က ချောင်းမြောင်းနေသည်မသိသော မိကျောင်းကြီး
တစ်ကောင်သည် သမ္ဗန်ပဲ့ပေါ်သို့ ထိုးတက်လာပြီး လဲလျောင်းနေသော ဖိုးကုန်းအား ကိုက်ချီကာ ရေထဲသို့ ဆွဲချသွားလေတော့သည်။
မိကျောင်းကြီးက ဖိုးကုန်း၏ ညာဘက်ခါးမှ စလွယ်သိုင်းကိုက်ထားသည်မှာ
ဘယ်ဘက်ပုခုံးထိပ်သို့ နှုတ်သီးဖျား ရောက်လေသည်။ ဖိုးကုန်းမှာ ကြောက်အားလန့်အားဖြင့် ရုန်းကန်သော်လည်းမရ။ ရေလည်းမွန်းလာပြီဖြစ်သည်။ ထို့ကြောင့် မိကျောင်းဆွဲလျှင် မိကျောင်း၏ မျက်လုံးအား နှိုက်ရသည်ဟု
သူကြားဖူးထားသည့်အတိုင်း မိကျောင်း၏ မျက်လုံးအား လွတ်နေသည့် ဘယ်လက်ဖြင့် နှိုက်ရန်ကြိုးစားလေသည်။
သို့သော် ဖိုးကုန်း၏ ဘယ်ဘက်လက်ကို
မိကျောင်းကြီးက သူ၏လက်တစ်ဖက်ဖြင့် ဖိထားလိုက်ရာ ဖိုးကုန်းမှာ လုံးဝလှုပ်ရှား၍
မရနိုင်တော့ပေ။ ရေမွန်း၍ မျက်လုံးများပြာဝေလာလေသည်။ ထိုအချိန်တွင် ဖိုးကုန်းသည် အရှေ့ကျောင်းဆရာတော်
ဦးကန္တ ချီးမြှင့်ထားသည့် ဂါထာတော်ကို သတိရသွားပြီး စိတ်ထဲမှ ရွတ်ဆိုလိုက်လေသည်။ ထိုအခါမိကျောင်းကြီးသည်
ဖိုးကုန်းအား ချောင်းတစ်ဘက်ကမ်းရှိလတာပြင်ပေါ်သို့ ထိုးတင်လိုက်ပြီး ရေထဲသို့ ငုတ်လျှိုးပျောက်ကွယ်သွားလေတော့သည်။
ဖိုးကုန်းသည်လည်း သူ့ကို မိကျောင်းကြီးမှ လတာပြင်ပေါ်သို့ ထိုးတင်လိုက်သည်ကို နောက်ဆုံးသိလိုက်ရပြီး သတိလစ်သွားလေတော့သည်။
*****
ဘကြီးမိုးနှင့် သစ်ခုတ်သွားကြသူများ ပြန်လာကြသောအခါတွင် ဖိုးကုန်းအား
လှေပေါ်တွင် မတွေ့ရသဖြင့် အနီးအပါးသို့
လိုက်လံရှာဖွေကြသော်လည်း မတွေ့ကြ။

“ဖိုးကုန်းတစ်ယောက်ကတော့ လှေစောင့်ထားခဲ့တာကို ဘယ်တွေလျှောက်သွားနေလည်းမသိဘူး ကိုယ့်နယ်လည်း မဟုတ်ပဲနဲ့ ဒုက္ခတော့ များကုန်တော့မှာပဲ”

ဘကြီးမိုးက ငြီးငြူရင်း ပြောလိုက်လေသည်။ ထိုအချိန်တွင် ငမိုးမှ ဟိုဟိုသည်သည်ကြည့်ရင်းမှ

“ဟာ ဟိုမှာ ဟိုမှာ ဘကြီးမိုး ဖိုးကုန်း ဟိုဘက်ကမ်းက လတာပြင်ပေါ်မှာ လဲနေတယ်”

ငမိုးညွှန်ပြရာသို့ ကြည့်လိုက်ကြသောအခါ
ချောင်းတစ်ဘက်ကမ်းရှိ လတာပြင်ပေါ်တွင် လဲနေသော ဖိုးကုန်းအား တွေ့လိုက်ကြရသဖြင့် သမ္ဗန်ဖြင့် သွားကြည့်ကြရာ ဒဏ်ရာများဖြင့် သတိလစ်နေသော ဖိုးကုန်းအား တွေ့လိုက်ကြရလေတော့သည်။

“ဟာ ဒါမိကျောင်းဆွဲတာပဲ ဒီနယ်က မိကျောင်းတွေက လူတွေကို အကြောင်းမဲ့
ရန်မပြုတတ်ကြပါဘူး ဒီကောင် တစ်ခုခုမှားပြီထင်တယ် အသေအကိုက်မခံရတာ
ကံကောင်းတယ် ကဲ ကဲ သမ္ဗန်ပေါ် အမြန်တင်ကြ ဆေးရုံကို အမြန်ပို့မှဖြစ်မယ်”

ဘကြီးမိုး၏ စကားကြောင့် ဖိုးကုန်းအား သမ္ဗန်ပေါ်သို့ မတင်လိုက်ကြပြီး
ဘိုကလေးမြို့ရှိ ဆေးရုံသို့ အပြင်းလှော်ခတ်ခဲ့ကြလေတော့သည်။ ဆေးရုံသို့ မရောက်မှီ သမ္ဗန်ပေါ်တွင် ဘကြီးမိုးက
ဖိုးကုန်း၏ ဒဏ်ရာများကို သွေးထွက်မလွန်စေရန် ပုဆိုးဖြင့် ကျပ်စည်းပေးလေသည်။ ဆေးရုံသို့ရောက်သောအခါတွင် ဆရာဝန်များ၏ ကြိုးစားကုသပေးမှုကြောင့် ဖိုးကုန်းတစ်ယောက် သေမင်းခံတွင်းဝမှ လွတ်ကင်းခဲ့ရလေသည်။ သို့သော်လည်း သူ၏ နံကြား ရင်ဘတ်နှင့် ပုခုံးတို့တွင် မိကျောင်းကိုက်သည့် ဒဏ်ရာ အမာရွတ်များမှာ သေရာပါဖြစ်သွားလေတော့သည်။
ဖိုးကုန်း သတိရလာသောအချိန်တွင် မေးမြန်းကြရာ သမ္ဗန်ပဲ့မှ အပေါ့စွန့်ပြီး
လှဲနေစဉ် မိကျောင်းအဆွဲခံရကြောင်း
နောက်ဆုံး ဆရာတော်ဦးကန္တ ချီးမြှင့်ထားသော ဂါထာကို သတိရ၍ ရွတ်ဆိုချိန်တွင် မိကျောင်းကြီးမှ တစ်ဘက်ကမ်း လတာပြင်ပေါ်သို့ ထိုးတင်လိုက်သည်ကိုသာ သိလိုက်ရပြီး သတိလစ်သွားသည်ဟု ပြန်လည်၍ ပြောပြလေသည်။

“မင်းကွာ အဲ့ဒီကျွန်းက နယ်မြေကြမ်းတယ် အမှားအယွင်း မလုပ်မိစေနဲ့လို့
ငါအတန်တန်ပြောထားရက်နဲ့ ချောင်းထဲကို အပေါ့စွန့်ရတယ်လို့ကွာ မသေတာ ကံကောင်းတယ်မှတ်”

ထိုအချိန်မှစ၍ ဖိုးကုန်းတစ်ယောက် တွေ့ကရာ အပေါ့မစွန့်ရဲတော့ပဲ မြစ်ကမ်းနားသို့ ရေပင်ဆင်း၍ မချိုးရဲတော့ပေ။
ဆရာတော်ဦးကန္တ ချီးမြှင့်ထားသော ဂါထာတော်ကို အမြဲရွတ်ဖတ်နေပြီး
ဘုရားတရားကို ပို၍ ကိုးကွယ်လေတော့သည်။
*****
(ဖိုးကုန်း(ခေါ်)ဦးသန်းမြင့်သည် ပျဉ်းမကုန်းကျေးရွာမှာပင် နေထိုင်အိမ်ထောင်ကျပြီး လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။
ဆရာတော်ဦးကန္တ ချီးမြှင့်တော်မူသည့်
ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်နိုင်သောဂါထာတော်
*****
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ။
ယံ ပရူပက်ကမနေ တထာဂတံ
ဇီဝိတာ ဝေါရောပေယျ ၊ အနုပက္ကမေန ဘိက္ခဝေ ။တထာဂတာ ပရိနိဗ္ဗာယန္တိ ။ ။
******
မြန်မာပြန်
ဘိက္ခဝေ – ရဟန်းတို့ ၊ယော- အကြင်သူသည် ၊တထာ
ဂတံ – ငါဘုရားကို ၊ပရူပက္ကမေန- သူတစ်ပါးတို့ လုံ့လပ
ယောဂဖြင့် ၊ဇီဝိတာ – ဇီဝိတိနြေ္ဒတော်မှ ၊ယံဝေါရောပေ
ယျ – အကြင် ကင်းချုပ်ပိုင်းဖြတ် ချသတ်ငြားအံ့ ၊တဿ
– ထိုသူ၏။ဧတံဝေါရောပနံ – ဤသို့ ချသတ်နိုင်ခြင်းသည် ၊အဋ္ဌာနံ- အကြောင်းမဟုတ် ၊ဧသောသြကာသော-
ဤသို့ ချသတ်နိုင်ခြင်းသည်၊ အနဝကာသော -အခွင့်အရာမဟုတ် ၊ ဘိက္ခဝေ – ရဟန်းတို့ ၊တထာဂတာ-ဘုရား
ရှင်တို့သည် ၊အနုပက္ကမေန – သူတစ်ပါးတို့ မှောက်မှားပြုလုပ် အားထုတ်ခြင်းမရှိ
သဖြင့် ၊ပရိနိဗ္ဗာယန္တိ- ရွှေပြည်
နိဗ္ဗာန် ဝင်စံတော်မူကြရကုန်၏ ။
(စူဠဝါပါဠိတော်)
ဒေဝဒတ် ကျောက်နှင့် လှိမ့်ချခန်းတွင် ဟောတော်မူသည်။ ၎င်းကို ရှေးပညာရှိတို့ အမြဲဆောင်ကြကုန်၏ ။စာရေး၍ မြင့်မြတ်ရာမှာ ထားကြကုန်၏။
ရွှေပြား၊ ငွေပြား၊ခဲပြားတွင်ရေးကာ လက်ဖွဲ့ထိုး၍ ဆောင်ကြကုန်၏ ။ပယောဂ အကာအကွယ် ကောင်း၏။ တစ္ဆေသရဲ နိုင်၏။ သူများမကောင်းကြံသမျှ ဒဏ်
ခံနိုင်၏။)
ကိုဖြိုး(ကျိုက်လတ်)

crd.