ငရဲခွေးသက်စားတဲ့ဇော်ဦး

*သရဲခွေးသတ်စားတဲ့ ဇော်ဦး*📖📖📖

==================

သူ့နာမည်က ဇော်ဦး။
နာမည်နဲ့ လိုက်အောင် တကယ်ဇော်ပဲဗျာ…
လူက ဝဝ အသားမည်းမည်းနဲ့….
အရက်သောက်၊ဖဲရိုက် အကုန်လုပ်တယ်…
သူ့အဖေက ဆရာတိ
ပယောဂ ဆရာတစ်ယောက်သူ့အဖေနဲ့သူက ဆန့်ကျင်ဘက်ပဲ
သူအရက်သောက်၊ဖဲရိုက်တာကို သူ့အဖေကနည်းနည်းမှမကြိုက်
သူကလည်းဝါသနာကို မစွန့်နိုင်
ဒါပေမယ့် သူ့့အဖေက ဆရာပီပီ သူ့ကို ဆေးတွေပေါက်ပေး။
အင်းတွေဆွဲပေး။

သူ့တစ်ကိုယ်လုံး သူ့အဖေ ဆရာတိ ထိုးပေးထားတဲ့ဆေးတွေ အားကြီးပဲ။
ပြီးတော့ ဆီမန်းဆိုလား ခဏခဏ တိုက်တယ်။

ကျွန်တော်တို့ မြေပဲဆီအစစ်ကိုဗျ မန်းမှုတ်တာများ ဆီကို ခဲကာနီးတာပဲ။
အဲဒါကိုတိုက်တာ။

စွမ်းတော့စွမ်းတယ်ဗျ။
သူစိတ်ဆိုးလာပြီဆို သူ့တစ်ကိုယ်လုံး အဆီတွေထွက် ချွဲပစ်လာပြီး ဘယ်လိုမှ ဖက်ထားလို့မရတော့ဘူး။

သူ့အဖေ ဆရာတိက စိတ်မြန်တယ်။
သူ့ကို စိတ်ဆိုလာပြီဆို ခြံနောက်ဖက် အုန်းပင်မှာ ကြိုးတွေနဲ့ အထပ်ထပ်ချည်ပြီး သင်ပေါင်းသားနဲ့ ရိုက်တာများဗျာ။

မြင်မကောင်းဘူး။
သင်ပေါင်းသား တစ်ချောင်းသာ အစိတ်စိတ် အမွာမွာ ကျိုးကြေကုန်တယ် ဇော်ဦးဘာမှ မဖြစ်ဘူး။

တစ်ညလုံး အဲဒီ အုန်းပင်မှာ ကြိုးချည်ပြီးထားခဲ့တယ်။
မနက်မိုးလင်းရင် ဇော်ဦး မရှိတော့ဘူး။
ချည်ထားတဲ့ကြိုးက အုန်းပင်ရင်းမှာ အပုံလိုက်။

ဘယ်လို ဖြည့်သွားလည်းတော့မသိဘူး။
ဇော်ဦးကတော့ အရီးနန့်ဒုံ အရက်ဆိုင်မှာ သာသာယာယာပဲ။

= = = = = = = =
ကြပ်စဉ်ချောင်းနဲ့ ကဇောက်ရွာဆိုတာ သိပ်မဝေးပေမယ့် သိပ်လည်းမနီးဘူးဗျ။
ရွာနှစ်ရွာက မျဉ်းပြုင်လို အလျားလိုက် တည်ထားကြတာ။
ရွာနှစ်ရွာကြားမှာ လယ်ကွင်းတွေပဲရှိတယ်။

ရွာထိပ်မှာတော့ ရွာနှစ်ရွာကို ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးတာရှိတယ်။
အဲ..ရွာနှစ်ရွာရဲ့ အလည်လောက် ဆက်သွယ်ရေးတာ နားမှာ ကန့်ဗလာပင်ကြီး တစ်ပင်ရှိတယ်။

အဲဒီ ကန့်ဗလာပင်ကြီးက ဟိုးဘိုးဘွားတွေ လက်ထက်ကတည်းက အပင်ကြီး။
ကြီးသလားမမေးနဲ့။
ယောင်္ကျားကြီး လေး၊ငါးယောက်ဖက်စာလောက်ရှိတယ်။
အဲလို အပင်မျိုး ကြပ်စဉ်ချောင်း ရွာထိပ်မှာလည်းတစ်ပင်ရှိတယ်။
အမြင့်ကလည်း တော်တော်မြင့်တာဗျ။လေး၊ငါးမိုင်လောက်ကနေ အပင်ကြီးကို လှမ်းမြင်ရတယ်။

အဲ…ကျွန်တော်ပြောချင်တာက ရွာနှစ်ရွာကြားက အပင်ကြီးဗျ။
ဟိုဘက်ရွာ၊ဒီဘက်ရွာကလူတွေ သာရေး နာရေး ကိစ္စရှိရင် အဲဒီဆက်သွယ်ရေးတာကနေ သွားလာကြတယ်။

နေ့ခင်းဘက်အချိန် သွားလာကြရင် ပြသနာမရှိပေမယ့် ညနေ နေဝင်ရီသရောအချိန်၊ မိုးချုပ်မှောင်နေချိန်များ သွားလာမိရင် အဲအပင်ကြီးနားက ခွေးနက်ကြီး တစ်ကောင် ထွက်ထွက်လိုက်လို့ဗျာ။

လူတွေ ခဏခဏ ထွက်ပြေးကြရတယ်။ ကြာတော့ ညနေစောင်းနေဝင်ချိန်တွေ၊ ညဘက်တွေဆို အဲအပင်နားကနေ ဘယ်သူမှ ဖြတ်မသွားကြတော့ဘူး။

အဲဒီမှာ စတာပဲဗျ…..
တစ်နေ့ ကဇောက်ရွာမှာ အသုပရှိတယ်။ဖဲဝိုင်းကလည်းကောင်းတော့ ဇော်ဦးတစ်ယောက်သွားဖို့ပြင်တယ်။

အဖော် ရလိုရငြား လိုက်ခေါ်ကြည့်တော့ ဘယ်သူမှ မလိုက်ရကြဘူး။
ဟိုသွားပြီး အချိန်မတော်ပြန်လာကြမှာဆိုတော့ ဘယ်သူလိုက်မှာလည်း။

ဘယ်သူမှ အဖော်ခေါ်မရတာနဲ့ မထူးဘူးဆိုပြီး အရီးနန့်ဒုံဆိုင်က. တောအရက် တစ်လုံဆွဲပြီး တစ်ယောက်ထဲ ထွက်လာခဲ့တယ်။
သူထွက်လာတော့ ညနေစောင်းနေပြီ။

ဟိုရောက်တော့ စောနေသေးတာနဲ့ ဝိုင်းကမစသေးဘူးဗျ။
ပါလာတဲ့ အရက်ကို ထုတ်ပြီး တစ်ယောက်ထဲ ထိုင်သောက်နေလိုက်တယ်။
တစ်ဝက်လောက် ကုန်သွားတော့ ဖဲချမယ့်သူတွေ ရောက်လာတာနဲ့ သောက်လက်စကို ရပ်ပြီး ဝိုင်းထဲဝင်ထိုင်လိုက်တယ်။

ပွဲစကတည်းက သေလိုက်တဲ့ဖဲ။ ရှူံးလိုက်တာများ
ပါသမျှ ကုန်ရောဗျ။
အဲဒါနဲ့ ဆက်မဆော့ပဲ ဝိုင်းထဲကနေထွက်လိုက်တယ်။

ညမှောင်ရုံ သာသာလေးရှိသေးတယ် ပါလာသမျှကုန်တော့ ပြန်ဖို့ပြင်တယ်။
အဲဒါနဲ့ အိမ်ရှင်တွေကို သွားနုတ်ဆက်တယ်။

“ကိုတင့်ဇော် ကျွန်တော် ပြန်တော့မယ်ဗျာ ကစားစရာလည်းမရှိတော့ဘူး ပါသမျှလည်း ကုန်ပြီ”

“ဟာညီ မင်းကစားချင်သေးရင် ပိုက်ဆံယူလေ မနက်မှ အေးဆေးပြန်ပါလား”

“မယူတော့ဘူးဗျ ပါသလောက်နဲ့ ကစားတာပဲ ကောင်းတယ် ခုတော့ပြန်တော့မယ် မနက်ဖန်မှ တစ်ခါထပ်လာခဲ့မယ်”

“မကစားချင်တော့ဘူး ဆိုလည်း ဒီမှာပဲအိပ်ပြီး မနက်မှပြန်ပါလား ညီရယ် မိုးချုပ်နေပြီ”

“ရတယ်အကို ဘာမှမဖြစ်ဘူး ကျွန်တော် ပြန်တော့မယ်”

အတန်တန် တားနေတဲ့ကြားက မရဘူးဗျာ။
လက်ကျန် အရက်ပုလင်းခါးထိုးပြီး တစ်ယောက်ထဲ ပြန်လာတယ်။

လဆန်းရက်မို့ လရောင်ဝိုးတဝါးအောက် အမှီပြုရင် ငိုက်စိုက်ငိုက်စိုက်နဲ့ လျှောက်လာတာ ကန့့်ဗလာပင်ကြီးနား ရောက်လာရောဗျ။

အဲဒီမှာ သူများတွေပြောတဲ့ အတိုင်းပဲ ကန့်ဗလာပင်ကြီးနားကနေ ခွေးနက်ကြီးတစ်ကောင် ထွက်လာတာကို ဝိုးတဝါးနဲ့ တွေ့လိုက်ရတယ်။
အဲဒါနဲ့ သူတစ်ချက်ရပ်ကြည့်နေလိုက်တယ်။

ဖဲရှူံးလို့ စိတ်ညစ်လာရတဲ့အထဲ ဒီခွေးနက်ကြီးတွေ့ နည်းနည်းစိတ်တိုသွားတယ်။
ခါးကြားက အရက်ပုလင်းကို ထုတ်ပြီး ချထားလိုက်။

ပုဆိုးကို သေသေချာချာ ပြင်ပြီး အသင်စောင့်နေလိုက်တယ်။
ခွေးနက်ကြီး သူဆီပြေးလည်းဝင်လာရော အတင်းပြေးဖက်ပြီး ကိုင်ပေါက်ပလိုက်ရော။

ခွေးနက်ကြီးလည်း ပိုးလိုးပက်လှန်နေတုန်း ခြေထောက်နှစ်ချောင်း ပြေးဆွဲပြီး ကန့်လဗလာပင်နဲ့ လေး၊ငါး ဆွဲရိုက်ပလိုက်တာ ခွေးနက်ကြီး အသံတောင်မထွက်နိုင်ပဲ ငြိမ်ကျသွားတာပဲ။

“ဖဲရှူံးလာလို့ စိတ်ညစ်လာရတဲ့အထဲ မင်းကတမျိုး
မီးဖုတ်ပြီး အရက်နဲ့မြည်းပလိုက် ဦးမယ်”

ပြောပြောဆိုဆို လယ်ကွင်းတွေထဲ မီးရှို့ထားလို့ ကျန်နေတဲ့ မီးအကြွင်းအကျန်တွေနဲ့ မီးမွေး ကောက်ရိုးတစ်ပွေ့ထည့်ပြီး မီးရှိူ့လိုက်တယ်
နောက်ပြီး ခွေးနက်ကြီးကို ဒရွတ်တိုက်ဆွဲလာပြီး ကောက်ရိုးမီးထဲ ထည့်ဖုတ်ပလိုက်တယ်။

ကျက်လည်းကျက်ရော လက်ကျန်အရက်နဲ့ ခွေးနက်ကြီးအသား တဝဆွဲပြီး ရွာကိုပြန်လျှောက်လာတေ့ာတယ်။

အဲဒီအချိန်ကစပြီး ကန့်ဗလာပင်က ခွေးနက်ကြီး ထွက်ဆွဲဖို့မပြောနဲ့ အိမ်မြှောင်အော်သံတောင် မကြားရတော့ဘူး။
အဲလောက်ကို ဆိုးတဲ့ကောင်ဗျာ……

ခုတော့ အဲဒီကန့်ဗလာပင်တွေလည်းမရှိတော့ပါဘူး။

နာဂစ်မုန်တိုင်းနဲ့ ထိတာ ကျိုးပဲ့လွင့်စင် အမျိုးတုန်းကုန်ပြီဗျ။

ကျွန်တော်တို့ ဇော်ဦးလည်း သူအဖေ ဆေးပေါက်ပေးထားတာတွေနဲ့ အရက်သောက် ခွေးသားတွေစား စည်းဖောက်လို့လားတော့မသိဘူး..

မိုးတွေအရမ်းရွာတဲ့ ညတစ်ညမှာ ငါးရှဉ့်မြုံးလိုက်ရင်း ပိုးထိပြီးဆုံးသွား ခဲ့ပြီဗျာ။

🌾ဇော်ဦး ကောင်းရာသုဂတိ လားပါစေ🌾