ငရဲခွေး(စ/ဆုံး)
————-
ဆောင်းအကုန်မို့ရာသီဥတုက အတိုးချပြီးအေးနေသည်။ ညနေ ၆ နာရီခန့်ပင်ရှိသော်လဲ ပဲခူးရိုးမအခြေမို့ လေအေးများတိုက် ခတ်ပြီးအေးစက်နေသည်။ ကိုဇော်ဟိန်းကတော့ တောချက်အရက်တစ်လုံးနှင့် ဆတ်သားခြောက်မီးဖုတ်တစ်ပန်းကန်ကိုဘေးချပြီး ပက်လက်ကုလားထိုင်လေးဖြင့် အိမ်ရှေ့တွင်ထိုင်နေသည်။ လက်မှလဲ ရေဒီယို အဟောင်းလေးကို ကိုင်ပြီး လိုင်းတွေ တစ်ခုပြီး တစ်ခုဖမ်းနေလေသည်။ အရက်ကလဲ အရှိန်လေးရနေသလို ရာသီဥတုကလဲ ခပ်အေးအေးဆိုတော့ ကိုဇော်ဟိန်းအဖို့တော့ ဆက်ရက်မင်းစည်းစိမ်ကျနေခြင်းဖြစ်သည်။
အောင်နက်ကရုတ်တရက် ခြံပြင်သို့ကြည့်ကာ တစ်ချက်ဟောင်လိုက်သည်။ ထို့နောက် ခြံရှေ့သို့ပြေးလွှားသွားသည်။ ကျားကြီးကတော့ ကိုဇော်ဟိန်း အနားတွင် ခွေလျက် ခြံရှေ့ကို ခေါင်းထောင်ကြည့်လိုက်သည်။ ထိုစဉ် ခြံရှေ့မှ လူသုံးယောက် ရစ်သီရစ်သီလုပ်နေသည်။ အောင်နက်က ခြံရှေ့တွင် ပိတ်ရပ်ထားသောကြောင့်ဖြစ်သည်။ ကိုဇော်ဟိန်းက ထိုလူသုံးယောက်ကို မမြင်ဖူးပေ။ သို့သော် ထိုလူများသည် သူ့အိမ်သို့ လာခြင်းဖြစ်ကြောင်း ရိပ်မိလိုက်လေသည်။ ကိုဇော်ဟိန်းလဲ မတ်တပ်ရပ်လိုက်ပြီး လေတစ်ချက်ချွန်လိုက်လေသည်။
အောင်နက်က ကိုဇော်ဟိန်းဆီပြေးလာလေသည်။ လူသုံးယောက်ကလဲ သူ့ခြံအတွင်းသို့ ဝင်၍ အိမ်ဆီသို့လျှောက်လာကြလေသည်။ ကျားကြီးက ပြေးဆွဲရန်လုပ်လိုက်သေးသည်။ သို့သော် ကိုဇော်ဟိန်းက လက်ကာပြလိုက်သဖြင့် သူ့နေရာတွင် ခွေမြဲခွေနေလေသည်။
“ကိုဇော်ဟိန်း အိမ်ဟုတ်ပါတယ်နော်” အရှေ့ဆုံးမှ လျှောက်လာသည့် လူငယ်တစ်ယောက်ကမေးလိုက်သည်။
“ဟုတ်တာပေါ့ ကျုပ်က မုဆိုးဇော်ဟိန်းပဲ” ကိုဇော်ဟိန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် လူသုံးယောက်လုံး အိမ်ထဲဝင်လိုက်ကြသည်။ လူငယ် နှစ်ယောက်နှင့် အသတ်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ အသက်လတ်ပိုင်းလူမှာ အသက် ၄၀ ကျော်ဖြစ်သည်။ လူငယ် ၂ယောက်ကတော့ ၂၀ ၃၀ ဝန်းကျင်ခန့်သာရှိမည်။
“ကျွန်တော် ဦးဒေ၀ လို့ခေါ်ပါတယ်။ ကိုဇော်ဟိန်းကို လမ်းပြငှားချင်လို့ပါ” အသက်လတ် အမျိုးသားက သူ့ကိုယ်သူမိတ်ဆက်သည်။
“ရပါတယ် အိမ်ထဲဝင်ကြပါဦး” ကို ဇော်ဟိန်းက ပြောပြီး အိမ်ထဲသို့ ဝင်ရန်လုပ်လိုက်ကြသည်။
ကျားကြီးမှာ အိန္ဒြေရသလောက် အောင်နက်က တဂီးဂီးနှင့် အိမ်ပေါ်တက်ခါနီး ဦးဒေ၀ ၏ ခြေထောက်နားကို ကပ်လိုက်သည်။ ဦးဒေဝက အောင်နက်ကို ကြည့်ပြီး လက်ညှိုးဖြင့် တစ်ချက်ထိုးလိုက်ရာ အောင်နက်မှာ ကျားတွေ့သည့်ခွေးပမာ အမြီးကို ကုပ်ပြီး တရွေ့ရွေ့နှင့် နောက်ဆုတ်သွားလေသည်။
“ကဲ ဗျာ ထိုင်ကြပါဦး ကျွန်တော် ရေနွေးသွားယူခဲ့မယ်” ကိုဇော်ဟိန်းက ပြောလိုက်ပြီး နောက်ဖေးခန်းထဲဝင်ခဲ့သည်။
အိမ်မှာ မုဆိုးအိမ်ဟု တိရစ္ဆာန်များ၏ ဦးခေါင်းများ၊ ချိုများ၊ သားရေများနှင့် အမဲလိုက်ကိရိယာများကို နံရံများတွင် ချိတ်ဆွဲထားသည်။ ကိုဇော်ဟိန်းက ဓါတ်ဗူးထဲမှ ရေနွေးများကို မြေရေနွေးကရားအိုးထဲ ထည့်လိုက်ပြီး လက်ဖက်ခြောက် အနည်းငယ်ခတ်လိုက်သည်။ ထို့နောက် ဆတ်သားခြောက်မီးဖုတ်ကို ဆီထည့်လိုက်ပြီး အချိုမှုန့်အနည်းငယ်ဖြူးလိုက်သည်။ ထို့နောက် ဗန်းငယ်တစ်ခုပေါ်တွင် တင်ပြီးနောက် အိမ်ရှေ့သို့ ပြန်ထွက်ခဲ့သည်။
“ကဲ လာရင်းကိစ္စပြောကြပါအုံး” ကိုဇော်ဟိန်းက မေးလိုက်သည်။
“ကျွန်တော်တို့ ရိုးမထဲက စမ်းသုံးပေါက်ဆီကို သွားမလို့ ၊ ကိုဇော်ဟိန်း အဲဒီနေရာကို လိုက်ပို့ပေးနိုင်မလား” ဦးဒေဝကပြောလိုက်သည်။
“အင်း စမ်းသုံးပေါက်ဆိုတဲ့နေရာကလေ ခေါင်တယ်နော်၊ ကျွန်တော်တောင် အမဲလိုက်ရင် အဲ့နေရာကို သွားတာမဟုတ်ဘူး၊ ဦးဒေ၀ တို့က အဲဒီကို ဘာသွားလုပ်ကြမလို့လဲ” ကို ဇော်ဟိန်းက မေးလိုက်သည်။
“ဘာလုပ်တယ်ဆိုတာအသာထားပါ။ ကျုပ်တို့လဲ ကိစ္စရှိလို့ပေါ့။ ကိုဇော်ဟိန်းအနေနဲ့ လိုက်ပို့နိုင် မပို့နိုင် ဒါကိုပဲ အဖြေပေးပါ” ဦးဒေဝကပြောသည်။ ကိုဇော်ဟိန်းက ခေါင်းကို ဖြေးညင်းစွာ ညိတ်လိုက်သည်။
“ဘယ်လောက်ရမှာလဲ” ကိုဇော်ဟိန်းက မေးလိုက်သည်။ ဦးဒေ၀ ကပြုံးလိုက်သည်။
“ငွေတော့ မပေးနိုင်ဘူး၊ ဒါပေမယ့် ငွေထက်အကျိုးရှိတာပေးမယ်ဗျာ၊ ခင်ဗျားလုံး၀ စိတ်တိုင်းကျစေရမယ်” ဦးဒေဝကပြောလိုက်သည်။
“ကောင်းပြီဗျာ” ကိုဇော်ဟိန်းက ပြောလိုက်သည်။ ငွေထက်အကျိုးရှိတဲ့အရာကို ကိုဇော်ဟိန်းက စိတ်ဝင်စား၍ဖြစ်သည်။
“ဘယ်တော့သွားမလဲ”
“ဖြစ်နိုင်ရင် နက်ဖြန်သွားချင်တယ်၊ နောက်ပြီး ကိုဇော်ဟိန်းအိမ်မှာပဲ ကျွန်တော်တို့တွေတည်းလိုက်မယ်။ နက်ဖြန်ရိုးမတက်ကြမယ်” ဦးဒေဝကပြောလိုက်သည်။
ကိုဇော်ဟိန်းကလဲ ခေါင်းညိတ်လိုက်လေသည်။
ကိုဇော်ဟိန်းသည် မုဆိုးတစ်ယောက်ဖြစ်သည်။ မိဘမရှိတော့။ ကြင်ရာဖက်လဲမရှိပေ။ ကိုဇော်ဟိန်းမှာ အရပ်ကောင်းသည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်နှင့် အသားမဲသည်။ ရုပ်ရည်က ကြမ်းတမ်းပြီး၊ အပြောအဆို အနေအထိုင်လဲ ကြမ်းတမ်းသဖြင့် ရွာကလူများက မေးထူး ခေါ်ပြောလောက်သာ ဆက်ဆံကြသည်။ မိန်းကလေးများကလဲ ချစ်ဖို့ကြိုက်ဖို့ ထည့်တောင်စိတ်မကူးကြပေ။ ပေပင်ကုန်း ရွာလေးက ပဲခူးရိုးမ တောင်ခြေဖြစ်သဖြင့် ကိုဇော်ဟိန်းက အမဲထွက်လိုက် နေရသည်က များသည် အိမ်တွင်မရှိသည်ကများသည်။ အပေါင်းအသင်းလဲ မရှိသည်မို့ ကိုဇော်ဟိန်းသည် ခွေးများမွေးထားပြီး ခွေးတွေကို ပြုစုရင်း အချိန်ကုန်နေတတ်သည်။
ကိုဇော်ဟိန်းခွေးဆိုလျှင် ရွာကလူတွေ ကြောက်သည်။ မကြောက်၍ရရိုးလား။ အောင်နက်ဆိုသည်မှာ အင်းခွေးစပ်ခွေးတစ်ကောင်ဖြစ်သည်။ အမဲလိုက်ခွေးအဖြစ် ငယ်စဉ်ကပင် လေ့ကျင့်ထားသည်။ တစ်ကိုယ်လုံးမဲနက်နေပြီး အမြီးအောက်ပိုင်းနှင့် ဗိုက်သားတွင်သာ အညိုရောင် အမွှေးများပါသည်။ အမွှေးအတောင်မှာ မဲပြောင်ပြီးလက်နေသည်။ တော်ရုံ ယုန်တွေ၊ ဖွတ်တွေ လောက်ကတော့ ကိုဇော်ဟိန်း သေနတ်သုံးစရာမလို၊ အောင်နက်လိုက်ရုံဖြင့် မိလေသည်။ရစ်နှင့် တောကြက်တို့မှာ အောင်နက်လက်ချက်ဖြင့်ပင် ဟင်းစားဖြစ်ကြရသည်က များသည်။ အောင်နက်က ရန်လိုသည်။ စွာသည်။ သို့သော် တကယ်တမ်းသားကောင်ကြီးများနှင့်တွေ့သည့်အခါတွင် အသံသာပေးတတ်သည်။ သိပ်မရဲတင်းတော့။
နောက်တစ်ကောင်ကတော့ ကျားကြီး။ ဒီခွေးကတော့ ဗမာခွေးနှင့် တောင်ပေါ်ခွေးမျိုးအနည်းငယ်စပ်သည်။ ခွေးက အရပ်ရှည်ရှည်နှင့် အမွှေးလဲ ရှည်သည်။ ရွှေအိုရောင် အမွှေးကတစ်ကိုယ်လုံးဖြစ်ပြီး အဖြူကွက်၊ အနက်ကွက် ဖောက်သည်။ ကျားကြီးကလဲ အမဲလိုက်ခွေးပင်ဖြစ်သော်လည်း အောင်နက်လောက်ရန်မလို။ သို့သော် မထင်လျှင် မထင်သလို ထလိုက်တတ်သည်။ ကျားကြီးက အနေအေးသော်လည်း တကယ်တမ်းအမဲလိုက်ပါက ချေတို့ ဆတ်တို့ကိုပင် ဝင်ဆွဲရဲလေသည်။ အလွန်အားကိုးရသည့် ခွေးကြီးဖြစ်သည်။
ကိုဇော်ဟိန်းက ရွာစွန် တောစပ်နားတွင် ဝန်းခြံဖြင့်နေထိုင်သည်။ သူ့ခြံနားဖြတ်သွားသူများ အခန့်မသင့်လျှင် ခွေးဆွဲခံကြရသည်။ နောက်ပိုင်း အလျော်ပေးရသဖြင့် သူ့ခွေးများအား ရွာမှလူများကို မကိုက်ရန် သင်ပေးထားရသည်။ ခုဆိုလျှင် ခြံပြင်ထွက်မဆွဲတော့။ ခြံထဲ ဝင်လာမှသာ ဆွဲတတ်သည်။ ထို့ကြောင့် ခြံဝတွင် ခွေးကိုက်တတ်သည်ဟု ပျဉ်ပြားတစ်ချပ်ပေါ်တွင် ရေးသားထားရလေသည်။
ညရောက်ပြီ၊ ဧည့်သည်သုံးဦးအား အိမ်ရှေ့ခန်းတွင်ပင်နေရာချထားပေးလိုက်သည်။ ခြင်ထောင်အပိုမရှိ ဧည့်သည်များထံတွင် အသင့်ပါလာ၍ တော်သေးသည်။ ဧည့်သည်များကို ကိုဇော်ဟိန်းအိမ်မှာကျန်နေသေးသည့် ဆတ်သားဖြင့် ထမင်းကျွေးရလေသည်။ ဧည့်သည်များမှာ ဦးဒေဝနှင့် စိုးကြီး၊ စိုးလေးဟု ခေါ်သည့် လူငယ်နှစ်ယောက်ဖြစ်သည်။ လူငယ်နှစ်ယောက်မှာ အမျိုးမတော်၊ စိုးကြီး စိုးလေး ဆိုသည်မှာလဲ ဦးဒေ၀ ပေးထားသော အမည်များဖြစ်သည်။
“စမ်းသုံးပေါက်က တောကြမ်းတယ်နော် ခင်ဗျားတို့ ဘယ်လောက်ကြာမှာလဲ” ကိုဇော်ဟိန်းကမေးလိုက်သည်။ ဦးဒေဝက
“ရပါတယ် ကျွန်တော်တို့လဲ တောတိုးနေကြပါ။ ကျွန်တော်တို့ကို လိုက်ပဲပို့ပါ အပြန်ကတော့ ကိုယ့်ဖာသာပြန်ပါမယ်” ဟုဖြေသည်။
“ရပါ့မလား တောထဲမှာ လမ်းပျောက်နေမှဖြင့်” ကိုဇော်ဟိန်းကပြောလိုက်ပြီး ဆေးလိပ်တိုကို ဖွာလိုက်သည်။
“ရပါတယ် ကျွန်တော်တို့ လမ်းသေချာမှတ်သွားမယ်၊ ကျွန်တော်တို့ တစ်ခါသွားဖူးရင် အပြန်လမ်းမှတ်မိပါတယ်” စိုးကြီးဆိုသူကဝင်ပြောသည်။ ကိုဇော်ဟိန်းကတော့ ဘာမှထပ်မပြောတော့ ဆေးလိပ်ကိုသာ ဆက်ဖွာရင်း အပြင်သို့ငေးနေလိုက်သည်။
စမ်းသုံးပေါက်ဆိုသည်မှာ ပဲခူးရိုးမတောင်မကြီး တောင်ခါးပန်းမှ မြေပြန့်လေးတစ်ခုဖြစ်သည်။ ထိုနေရာတွင် သစ်ပင်များအနည်းအကျဉ်းသာပေါက်ရောက်သည်။ ယခင်က ရွာဟောင်းနေရာလဲဖြစ်သည်။ သို့သော် ယခုတော့ ထိုရွာမှာ ကောသွားပြီဖြစ်သည်။ သို့ရာတွင် ဘုရားပျက် သုံးလေးဆူခန့်ရှိသည်။ ကိုဇော်ဟိန်းက ထိုလူတွေကို အကဲခတ်ကြည့်ရုံဖြင့် သိုက်တူးသမားများမှန်း ခန့်မှန်းမိသည်။ အကြောင်းမှာ ထိုနေရာသို့ သိုက်တူးသမားများ လာတတ်သောကြာင့်ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ကလဲ သိုက်တူးတစ်ဖွဲ့ကို လမ်းပြဖူးသည်။ နောက်ပိုင်း ထိုသိုက်တူးသူများ ဘာဖြစ်သွားမှန်းတော့ သတင်းမကြားမိတော့။
အတန်ကြာတိတ်ဆိတ်နေရာမှ
“ကဲ ကိုဇော်ဟိန်းကိုလဲ ကျွန်တော်လက်ဆောင်တစ်ခုပေးမယ်၊ ဂမ္ဘီရ လက်ဆောင်ပေါ့” ဦးဒေဝကပြောလိုက်ပြီး လွယ်အိတ်ထဲကို ရှာဖွေနေသည်။ ထို့နောက် ပလတ်စတစ်အိတ်အကြည်(ရေခဲထုပ်အိတ်)ဖြင့် ထုပ်ထားသော အမှုန့်လေးတွေကို ပေးသည်။
“ခင်ဗျားမှာ အမဲလိုက်ခွေးတွေရှိတယ်ဆိုတော့လေ၊ အဲဒီအမှုန့်လေးတွေကို နွားသွေး၊ ဝက်သွေး တစ်ခုခုနဲ့ ဖျော်ပြီး ခင်ဗျားခွေးတွေကို တိုက်လိုက်ဗျာ၊ အစွမ်းကတော့ ခင်ဗျားကိုယ်တိုင်ကြည့်ပေတော့” ဦးဒေဝကပြောပြီး ရယ်လိုက်သည်။ ကိုဇော်ဟိန်းကတော့ ဆေးမှုန့်လေးတွေကို ယူထားလိုက်သည်။
နောက်တစ်နေ့မနက်စောစော ပစ္စည်းတွေ သယ်ကာ သူတို့ တောတိုးခဲ့ကြသည်။ ကိုဇော်ဟိန်းကတော့ သေနတ်နှင့်။ သူက လမ်းပြပြီး အပြန်တွင် တောလိုက်ရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။ ခွေးနှစ်ကောင်ကလဲ သူတိုကရှေ့မှ နေ၍ တောအတွင်းသို့ ဝင်သွားကြလေသည်။ နေ့လည်ခန့်ရောက်သောအခါ စမ်းသုံးပေါက်သို့ ရောက်ခဲ့ကြသည်။
“ကဲ ဒါက စမ်းသုံးပေါက်ပဲ။ ကျုပ်တာဝန်ကျေပြီနော်။ ခင်ဗျားတို့လဲ ကံကောင်းကြပါစေဗျာ” ကိုဇော်ဟိန်းက နှုတ်ဆက်လိုက်သည်။ ထို့နောက် ရိုးမတောထဲမှ ပြန်ဆင်းခဲ့သည်။ ပြန်အဆင်းတွင် ဝါးရုံတောတစ်ခုအတွင်း တောဝက်ပေါက်ကလေးတစ်ကောင် ရခဲ့သည်။ ဝက်ကလေးမှာ သိပ်မကြီးသေးပေ။ ကိုဇော်ဟိန်းလဲ ဝက်ကလေးကို ထမ်းကာ ရွာသို့ ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ဝက်ကို ဖျက်သည်။ ဖျက်ရင်း သွေးတွေကို ခံထားလိုက်သည်။ ဦးဒေ၀ ပေးသည့် ဆေးမှုန့်လေးတွေကို သူစိတ်ဝင်စားသည်။ ထို့ကြောင့် ဝက်သွေးကို ပန်ကန်လုံးတစ်ခုထဲ ထည့်လိုက်ပြီး အိမ်ပေါ်တက်၍ ဆေးမှုန့်လေးတွေယူလိုက်သည်။ ထို့နောက် ဆေးမှုန့်လေးတွေကို ဝက်သွေးထဲ ဖောက်ထည့်လိုက်ပြီး ခွေးနှစ်ကောင်၏ စားခွက်များအတွင်းထည့်ပေးလိုက်သည်။ အောင်နက်နှင့် ကျားကြီးမှာ မောမောဖြင့် ဝက်သွေးများကို လျှာဖြင့် လျှက်နေကြသည်။ ဝက်သွေးများမှ ပြောင်သွားလေသည်။ ယခုထိ ဘာမှမထူးခြားသေး။ ကိုဇော်ဟိန်းလဲ ဝက်ကိုပြန်ဖျက်သည်။ ရွာထဲလှည့်ရောင်းရဦးမည် မဟုတ်ပါလား။
ဝက်ကိုဖျက်ပြီးတော့ အရိုးများနှင့် မလိုအပ်သော အစိတ်အပိုင်းများအား ပြုတ်ပြီးခွေးကျွေးရန်အတွက် ဒန်အိုးအစုတ်တစ်လုံးထဲသို့ ထည့်ထားလိုက်သည်။ ထို့နောက် ဝက်သားတွဲများကို ယူပြီး ရွာထဲသွားရန်ပြင်လိုက်သည်။ ထိုစဉ်ခွေးနှစ်ကောင်သည် ဒန်အိုးအစုတ်ထဲမှ ဝက်ရိုးများအားအစိမ်းလိုက်ဝါးစားနေကြသည်ကို တွေ့လိုက်ရသည်။ ကိုဇော်ဟိန်းကလဲ ကြည့်ပြီးရယ်လိုက်သည်။
“ကောင်းတယ် မင်းတို့အစိမ်းလိုက်စားတော့ ငါချက်ကျွေးရသက်သာတာပေါ့ကွာ” ကိုဇော်ဟိန်းက ပြောလိုက်ပြီး ရွာထဲသို့ ထွက်ခဲ့ပါတော့သည်။
တောဝက်သားသည် ရခဲသည်မို့ ရွာထိပ်တွင်ပင် ကုန်လေသည်။ ကိုဇော်ဟိန်းလဲ ငွေများရေတွက်ရင်း အိမ်သို့ပြန်လာခဲ့သည်။ အိမ်တွင် သူ့အတွက် တောဝက်သား တစ်တွဲနှင့် ဝက်ခေါင်းကြီးကျန်ခဲ့လေသည်။ တောဝက်သားကို ချက်စားမည်။ ဝက်ခေါင်းကတော့ ကိုဇော်ဟိန်း အကြိုက်ဆုံးဖြစ်သည်။ ရေလုံပြုတ်ပြီးလျှင် အချဉ်ရည်တစ်ခွက်ဖျော်ကာ တောအရက်နှင့် မြည်းမည်ဖြစ်သည်။ ခြံဝအရောက် အိမ်ထဲကို လှမ်းကြည့်လိုက်သည်။
“အံမယ် ဟိုနှစ်ကောင် ဘာတွေကိုက်နေတာလဲဟ” ကိုဇော်ဟိန်းက ရေရွတ်လိုက်ပြီး ခြံထဲဝင်လာခဲ့သည်။
“ဟာ ခွေးသားတွေ ငါ့ဝက်ခေါင်းကြီးတော့ ကုန်ပါပြီ” ကိုဇော်ဟိန်းက အိမ်အောက်တွင် ဝက်ခေါင်းကြီးကို စိမ်ပြေနပြေ ကိုက်နေကြသော အောင်နက်နှင့် ကျားကြီးတို့ကို အော်ဟစ်ဆဲဆိုလိုက်သည်။ အောင်နက်နှင့် ဂုတ်ကြားက ဝက်ခေါင်းကြီးကို အစိမ်းလိုက် ကိုက်စားနေသည်မှာ အရိုးများပင်ကျန်တော့သည်။ ကိုဇော်ဟိန်းက လန့်ဖျန့်သွားပြီး အိမ်ပေါ်တက်ခဲ့သည်။ အိမ်နောက်ဖေးခန်း မီးဖိုပေါ်မှ တန်းတွင် ချိတ်ထားခဲ့သည့် ဝက်သားတွဲကြီးမရှိတော့။
“ဟာ ဒီကောင်တွေတော့ကွာ” ကိုဇော်ဟိန်းဒေါသဖြစ်သွားသည်။ သို့သော် သူကလဲ သူ့ခွေးတွေကို ချစ်သည်မို့ ခွင့်လွှတ်ပေးလိုက်ရသည်။ ထိုနေ့က ကိုဇော်ဟိန်းတောဝက်သားကို ဆီပြန်ချက်စားဖို့အစီအစဉ်ပျက်လေသည်။ အရင်ရက်တွေက ရသော ကျပ်တင်ထားသည့် ဆတ်သားခြောက်နှင့် ဂျီသားခြောက်များကိုသာ ချက်ပြီးစားလိုက်ရသည်။
နောက်ရက် ကိုဇော်ဟိန်းက အမဲလိုက်မထွက်သေး။ တောဝက်ရောင်းထားသည့် ပိုက်ဆံများက နှစ်ရက်လောက်တော့ စားလောက်သည်။ ကိုဇော်ဟိန်းက တောအရက်လေးသောက်ရင်း အိမ်မှာ နှပ်နေချင်သည်။ ရာသီဥတုကလဲ ခပ်အေးအေးမဟုတ်ပါလား။ ခွေးတွေကတော့ အိမ်အောက်မှာ အိပ်နေကြသည်။ တောအရက်ကုန်နေသဖြင့် ကိုဇော်ဟိန်းအရက်သွားဝယ်ရန် ရွာထဲသို့ ထွက်ခဲ့သည်။
ရွာထဲမှ တောအရက်နှစ်ပုလင်းဝယ်ပြီး ပြန်အလာ လမ်းတွင်
“ကိုဇော်ဟိန်း ကိုဇော်ဟိန်း ခင်ဗျားခွေးတွေ ဒေါ်ပုဆိတ်ကို သတ်ပြီးစားနေကြလို့” ရွာထဲမှ လူငယ်နှစ်ယောက်က အပြေးလာခေါ်ကြသည်။ ကိုဇော်ဟိန်းလဲ တောအရက်ပုလင်းလေးပိုက်ပြီး အိမ်သို့ပြန်ပြေးခဲ့သည်။ သူ့ခွေးတွေက အရင်ကဒီလိုမဟုတ် သူမှာထားသဖြင့် ရွာက ဆိတ်တွေ မပြောနှင့်၊ ကြက်တွေကိုတောင် ကိုက်လေ့မရှိ။ ကိုဇော်ဟိန်း ခြံရှေ့ရောက်တော့ ဒေါ်ပုနှင့် ရွာသားတစ်ချို့ရပ်နေကြသည်။
“ဇော်ဟိန်း နင့်ခွေးတွေ အစာလေးဘာလေးကျွေးပါဦး ငါ့ဆိတ်မကြီးတော့ ကုန်ပါပြီဟယ်” ဒေါ်ပုက ဆီးပြောသည်။
ကိုဇော်ဟိန်းက မယုံနိုင်သေး။ ခြံထဲဝင်ပြီး သွားကြည့်သည်။ ဟုတ်သည်။ အိမ်အောက်မှာ ဆိတ်မကြီးတစ်ကောင်ကို သတ်ပြီး စိတ်ကြိုက်စားနေသည့် အောင်နက်နှင့် ကျားကြီး။ သူလဲ ဒေါသထွက်သွားသည်။ နီးရာဝါးလုံးတစ်ချောင်းကောက်ယူပြီး အိမ်အောက်ကို ပြေးသွားလိုက်သည်။
“ဟေ့ကောင်တွေ အခုရပ်ကြစမ်း” ခွေးတွေကို ကိုဇော်ဟိန်းက ဒေါသဖြင့်အော်လိုက်သည်။
ပုံမှန်ဆိုလျှင် သူ့ခွေးတွေကို ဒီလိုအော်လိုက်ရင် ရပ်ပြီး အမြီးကုပ်သွားသည်။ ယခုတော့ အရင်လိုမဟုတ် ခွေးတွေက သူ့ကိုပါပြန်ကိုက်မည့်ပုံဖြင့် မာန်ဖီနေကြသည်။ ကိုဇော်ဟိန်းက တုတ်ဖြင့်ရိုက်လိုက်သည်ကို ကျားကြီးက ပြန်ကိုက်ပြီး တုတ်ကိုဆွဲထားသည်။ သန်လိုက်သည့်အား။ ကိုဇော်ဟိန်း ခြေကန်ဆွဲတာတောင် တုတ်က ပြန်မပါလာ။ ကျားကြီးက မလွှတ်။ ဒါနဲ့ ကိုဇော်ဟိန်းက တုတ်ကိုလွှတ်ချလိုက်သည်။ ဒေါ်ပုတို့ဆီ ထွက်ခဲ့သည်။
“ဒေါ်ပုရယ် နောက်မဖြစ်စေရပါဘူး၊ ဆိတ်ဖိုး ဘယ်လောက်လျှော်ရမလဲ” ကိုဇော်ဟိန်းက ဒေါ်ပုကို ပြောလိုက်သည်။
“နှစ်သောင်းပဲပေးပါ ဇော်ဟိန်းရယ် ပြီးတာတွေ ပြီးပါစေပေါ့” ဒေါ်ပုက တစ်စစီဖြစ်နေသည့် သူ့ဆိတ်မကြီးကို ကြည့်ရင်းပြောလိုက်သည်။
ကိုဇော်ဟိန်းက အိမ်ပေါ်ပြေးတက်သွားသည်။ ထို့နောက် ဖျာအောက်မှ သူကျည်ဆံဝယ်ရန် စုထားသော ငွေများကိုထုတ်လိုက်သည်။ ထိုထဲမှ ငွေ ၂သောင်းကို ယူပြီးနောက် ဒေါ်ပုကိုပေးလိုက်ရသည်။ ဆိတ်ကတော့ စားစရာ အသားတောင်မကျန်တော့။ အရိုးတွေကိုတောင် ခွေးနှစ်ကောင်က တဖြောင်းဖြောင်းနဲ့ ကိုက်ဝါးနေလေသည်။
“မဖြစ်တော့ဘူး နက်ဖြန် တောလည်မှ ဖြစ်တော့မယ်” ကိုဇော်ဟိန်းက သက်ပြင်းတစ်ချက်ချပြီး ရေရွတ်လိုက်သည်။
နောက်နေ့ရောက်တော့ မနက်စောစော တောထဲဝင်ခဲ့သည်။ ခွေးနှစ်ကောင်ကလဲ တက်ကြွနေသည်။ ကိုဇော်ဟိန်းသတိထားမိသည်က ခွေးနှစ်ကောင်မှာ အရွယ်ထွားလာခြင်းဖြစ်သည်။ မထွားပဲနေမလား ဆိတ်တစ်ကောင်လုံကို နှစ်ကောင်သားစားထားကြတာကိုးဟု ကိုဇော်ဟိန်းက စိတ်ထဲမှပြောလိုက်သည်။
တောထဲတွင် ရစ်အုပ်တစ်အုပ်ကိုဇော်ဟိန်းတို့ ရှေ့ကနေဖြတ်ပြေးသွားသည်။ ကိုဇော်ဟိန်းက လေတစ်ချက်ချွတ်လိုက်သည်။ အောင်နက်နှင့်ကျားကြီးမှာ မာန်ဖီရင်း တောထဲပြေးဝင်သွားသည်။ ထို့နောက် ကိုဇော်လုံးက ဝါးရုံပင်တစ်ပင်ရိပ်မှ စောင့်နေလိုက်သည်။ ခွေးတွေက ရစ်တွေကို ချီလာသည်။ ရစ်အကြီး ၂ ကောင်နှင့် အသေး၂ ကောင်ရလိုက်သည်။ ကိုဇော်လုံးက ပြုံးလိုက်သည်။ ရစ်မကြိးမှာ တော်တော်ကြီးသည် ၆ပိဿခန့်ရှိမည်ထင်သည်။
ရစ်က ရခဲသည်။ ဒီရာသီမှာဆို ပိုရှားသည်။ သူကြီးက ရစ်သားအလွန်ကြိုက်သည်။ ယခုလဲ ကိုဇော်ဟိန်းက ရခဲ့သော ရစ်သုံးကောင်အား သူကြီးဆီရောင်းမည်စဉ်းစားသည်။ ကျန်ရစ်တစ်ကောင်ကိုတော့ ဗူးသီးဖြင့် ချက်စားမည်ဟု တွေးလိုက်သည်။ အနားမှ ဝါးလုံးတစ်လုံးကို ခုတ်ယူလိုက်ပြီး ရစ်များကို ကြိုးဖြင့်ချည်ကာ ထမ်းပြိး တောထဲက ပြန်ထွက်လာခဲ့သည်။
ဒီနေ့တော့ ရစ်တွေကို အရင်သွားရောင်းလိုက်သည်။ သူကြီးက သုံးကောင်လုံးယူလိုက်သည်။ ငွေတစ်သောင်းကျော်ရသည်။ ကိုဇော်ဟိန်းက ရစ်တစ်ကောင်ကို ပိုက်လာသည်။ ထို့နောက်ရွာထဲရှိ ဗူးစင်ရှိသော အိမ်မှ ဗူးသီးတစ်လုံးတောင်းဝယ်လိုက်သည်။ အိမ်ပြန်ရောက်တော့ ခွေးနှစ်ကောင်က မရှိ။ ကိုဇော်ဟိန်းခွေးတွေက ကိုက်တတ်သဖြင့် ရွာထဲသွားသည့်အခါ အိမ်မှာထားခဲ့တာများသည်။ ခွေးတွေကလဲ ခါတိုင်းဆို အိမ်အောက်မှာ အိပ်ပြီးနေခဲ့ကြသည်။ ခုတော့ ဘယ်ကိုသွားလဲမသိ။ ကိုဇော်ဟိန်းက အိမ်ပေါ်တက်ခဲ့သည်။
ရစ်ငယ်လေးကို အမွှေးနှုတ်လိုက်သည်။ ရင်ကိုခွဲသည်။ စားလို့မရတဲ့အပိုင်းတွေကို ဒန်အိုးထဲထည့်လိုက်သည်။ ရစ်ကို တုံးတစ်ပြီး ဗူးသီးကိုလဲ အတုံးခပ်ကြီးကြီးတုံးလိုက်သည်။ ငရုတ်သီးနှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထောင်းလိုက်သည်။ ထို့နောက် ဒန်အိုးထဲကိုရစ်သားများထည့်လိုက်သည်။ ထောင်းထားသည့် ကြက်သွန်များနှင့် နယ်သည်။ ဆနွင်းမှုန့်လဲထည့်လိုက်သည်။ မီးဖိုပေါ်တင်ပြီး ဆီလေးတစ်စက်နှစ်စက်ချလိုက်သည်။ ရေမြုပ်ရုံထည့်ပြီး လုံးချက်ချက်လိုက်သည်။ စိမ်းစားငါးပိလေး တစ်ဇွန်းလောက်ပစ်ထည့်လိုက်သည်။
မီးဖိုအောက်တွင် စိမ်းစားငါးပိကို မီးဖုတ်လိုက်သည်။ ထို့နောက် ငရုတ်သီးစိမ်းများ၊ ကြက်သွန်ဖြူများဖြင့် ထောင်းလိုက်သည်။ သံပုရာသီးကို ခြံထဲက အပင်မှ ခူးပြီး ငါးပိထောင်းအပေါ် ညှစ်လိုက်သည်။ ရစ်နှင့်ဗူးသီးကလဲ ကျက်နေပြီဖြစ်သည်။ ရစ်ကလီစာတွေကို ဆန်ကွဲနှင့်ရောပြီး ဒန်အိုးအစုတ်တစ်လုံးနှင့် မီးဖိုပေါ်တင်လိုက်သည်။ ဟိုနှစ်ကောင်အတွက် ဖြစ်သည်။
ထမင်းဟင်းတွေကို စားပွဲဝိုင်းတစ်ခုအပေါ်တင်လိုက်သည်။ ရစ်နှင့်ဗူးသီးကလဲ သောက်ဆမ်းပုံစံဖြစ်ပြီး အငွေ့တထောင်းထောင်းနှင့် ထနေသည်။ ကိုဇော်ဟိန်းလဲ ထမင်းစားလိုက်သည်။ ရစ်သားဟင်းနှင့် ငါးပိထောင်းနှင့် အလွန်လိုက်ဖက်ပြီးစားကောင်းသည်။ တခြားဟင်းလျာမလိုတော့။ ကိုဇော်ဟိန်း ထမင်းသုံးပန်ကန်စားပြိးတော့ ဗိုက်လေးသွားသည်။ လက်ဆေးရန်အနောက်ဖက် ထွက်မည်အပြု။
“ဇော်ဟိန်းရေ မင်းခွေးတွေ ငါ့ကြက်တွေကို ဆွဲသွားလို့ကွ”
ဘကြီးမှုန်က ခြံရှေ့ကနေလှမ်းအော်နေသည်။ ကိုဇော်ဟိန်းလဲ လက်ကို ကပျာကယာဆေးပြီး ခြံပြင်ပြေးထွက်သွားသည်။ ဘကြီးမှုန်ခြံရောက်တော့ သကောင့်သားနှစ်ကောင်က ခြံရှေ့လမ်းဘေး သရက်ပင်အောက်တွက် ကြက်တွေကို စိမ်ပြေနပြေ စားနေလေသည်။
“ဘယ်နှကောင်ပါသွားလဲ” ကိုဇော်ဟိန်းက မေးလိုက်သည်။
“ငါးကောင်” ဘကြီးမှုန်က ဖြေလိုက်သည်။ ကိုဇော်ဟိန်းလဲ ရှိစုမဲ့စု ရစ်ရောင်းရထားသော ပိုက်ဆံလေးများဖြင့် တစ်သောင်းဖြင့် အလျော်ပေးလိုက်ရသည်။ ဘကြီးမှုန်ကိုလဲ ကန်တော့လိုက်ရသည်မှာ အကြိမ်မရေမတွက်နိုင်။
“ဒီနှစ်ကောင်တော့ ဒီတစ်ခါ ငါနဲ့တွေ့ပြီပေါ့ကွာ”
ကိုဇော်ဟိန်းကကြုံးဝါးလိုက်သည်။ ဘကြီးမှုန်အိမ်အပြင်ဖက်မှ ပုံထားသော ထင်းပုံကြီးမှ လေးစိတ်ခွဲထင်းချောင်းကြီးတစ်ချောင်းကို ကောက်ယူလိုက်သည်။ (သစ်တစ်ပင်ကို လေးစိတ်ခွဲပြီး ခွဲထားခြင်းဖြစ်သည်။) ပြီးတော့ ကျားကြီးရဲ့ ဂုတ်ကို အားဖြင့်ရိုက်ချလိုက်သည်။ ပုံမှန်ခွေးများဆိုလျှင် တကိန်ကိန်နဲ့ အောင်နေမှာမလွဲ။ ခုတော့ ကျားကြီးက မနာသလိုမျိုးနဲ့ ကိုဇော်ဟိန်းကို တစ်ချက်လှည့်ကြည့်ပြီး ကြက်ကို ပြန်ကိုက်နေသည်။
“အောင်မာ ဒီလောက်ရှိတဲ့ကောင် ကဲကွာ . . ကဲကွာ”
ကိုဇော်ဟိန်းကထပ်ရိုက်လိုက်သည်။ အကြိမ်ပေါင်းမရေမတွက်နိုင်ရိုက်သည်။ ကျားကြီးကတော့ လှည့်တောင်မကြည့်။ နောက်တော့ ထင်းချောင်းကြီးပါ ကြိုးသွားသည်။
ကိုဇော်ဟိန်း ထိုညက အိပ်မပျော်။ သူ့ခွေးတွေက မူမမှန်တော့ဘူး။ ဘယ်လိုတွေဖြစ်နေမှန်းမသိ။ အရင်လို ထမင်းချက်ကျွေးတော့လဲမစားတော့။ အသားစိမ်းငါးစိမ်းများသာ စားသောက်နေကြသည်။ သိုက်ဆရာပေးခဲ့တဲ့ ဆေးမှုန့်တွေကြောင့်ဖြစ်မည်။ သူကျွေးမိတာမှားပြီ။ နောက်နေ့တော့ စမ်းသုံးပေါက်ဖက်သွားမည်။ သိုက်ဆရာနှင့် လူတွေ မပြန်လောက်သေးဘူးထင်သည်။ သူသွားပြီး နည်းလမ်းသွားတောင်းမည်။
နောက်နေ့မနက်စောစော တောထဲဝင်ခဲ့သည်။ အောင်နက်နှင့် ကျားကြီးလဲ ယခုတော့ အမြီးတနန့်နန့်နှင့် လိုက်ပါလာသည်။ နေမွန်းမတည့်ခင် စမ်းသုံးပေါက်နားရောက်သည်။ လူသူကင်းမဲ့နေသည်။ ရွာပျက်ကြီးဖြစ်သဖြင့် အချို့နေရာများတွင် အိမ်အဟောင်းအပျက်များ တိုင်များကိုတွေ့ရသည်။ ဘုရားငုတ်တိုလေးဖက်သို့ တက်ခဲ့သည်။ ထိုနေရာတွင် မြက်တွေရှင်းနေသည်။ လူတွေရှင်းထားတာဖြစ်မည်။ နေရာနှံ့အောင်ရှာသော်လည်း အရိပ်အရောင်ပင်မတွေ့။ ကိုဇော်ဟိန်းလဲ လှည့်ပြန်ခဲ့သည်။ အမဲလိုက်ချင်စိတ်လဲမရှိတော့။ အောင်နက်လဲ တစ်စုံတစ်ရာကို ချီလာသည်။ ကျားကြီးက လိုက်လိုက်လုတတ်သည်ကိုတွေ့သည်။
အိမ်ရောက်တော့ အိမ်ရှေ့ခန်းတွင် ထိုးအိပ်လိုက်သည်။ ခွေးနှစ်ကောင်ကတော့ အစာလုနေသလို အိမ်အောက်တွင် တစ်ကောင်နှင့်တစ်ကောင်ကိုက်နေကြသည်။ ကိုဇော်ဟိန်း မှေးခနဲအိပ်ပျော်သွားသည်။ ခွေးဟောင်သံများအလွန်ဆူညံနေမှ လန့်နိုးသွားသည်။ ခွေးနှစ်ကောင်အစာလုရင်းကိုက်နေကြခြင်းဖြစ်မည်။ ကိုဇော်ဟိန်းက အိမ်ပေါ်မှဆင်းလိုက်ပြီး ရေဖြင့်ခွေးနှစ်ကောင်အား ပက်လိုက်သည်။ ထို့နောက် သူတို့ကိုက်နေသည့်အရာကို ကြည့်လိုက်သည်။
“အမလေး လူလက်ကြီးပါလား” ကိုဇော်ဟိန်းက လန့်ပြီးထခုန်လိုက်သည်။ လူလက်ကြီးမှာ ခွေးများစားထားသဖြင့် အရိုးသာကျန်တော့သည်။ ထိုခွေးများစားသောက်ထားသည့်နေရာတွင် လက်စွပ်လေးတစ်ကွင်းကျနေသည်။ ထိုလက်စွပ်ကို ကိုဇော်ဟိန်း ကောက်ယူပြီး ကြည့်လိုက်သည်။ ဦးဒေ၀ ဘယ်ဖက်လက်တွင် ဝတ်ဆင်ထားသည့် အနက်ရောင်ကျောက်နှင့် လက်စွပ်လေးဖြစ်သည်။ ကိုဇော်ဟိန်းလဲ ထိုလက်ကြီးကို ပီနံအိတ်ဖြင့်ကိုင်ကာ ပေါက်တူးထမ်း၍ တောစပ်သို့ပြေးလေသည်။ တောစပ်တစ်နေရာရောက်တော့ ထိုလက်ကြီးကို မြေမြှှုပ်ပစ်လိုက်လေသည်။
ထိုနေ့က ခွေးများကို ဆန်ကွဲနှင့် အသားချက်ကျွေးသော်လည်း ခွေးများက မစားကြ အိမ်အောက်တွင် ခွေနေကြသည်။ ကိုဇော်ဟိန်းလဲ ညရောက်တော့ စိတ်ညစ်ညစ်ဖြင့် တောအရက်နှစ်ပုလင်းကို ကုန်အောင်ကစ်လိုက်လေသည်။ ထို့နောက် အိမ်နောက်ဖေးသို့ အပေါ့အပါးသွားလိုက်သည်။ ပြီးတော့ အိမ်ပေါ်တက်ပြီး အိမ်ပေါ်တွင် အသင့်ထောင်ထားသည့် ခြင်ထောင်ထဲသို့ ဝင်လိုက်လေသည်။ ခြင်ထောင်ထဲဝင်လိုက်သော် ကိုဇော်ဟိန်း အံ့သြသွားသည်။ ခြင်ထောင်ထဲတွင် ကျားကြီးနှင့် အောင်နက် နှစ်ကောင် ငုတ်တုတ်ထိုင်နေသည်။ ကိုဇော်ဟိန်းအားလဲ နှစ်ကောင်သား ဝိုင်းကြည့်နေရကြသည်။ သူတို့၏ မျက်လုံးများက မီးတောက်များသဖွယ် နီရဲပြီး စူးရှနေလေသည်။
“ အား . . .”
အလွန်ကြောက်မက်ဖွယ် အသံနက်ကြီးသည် ရွာငယ်ကလေးကို ဖုံးလွှမ်းသွားလေသည်။
ရွာသူရွာသားများက အော်သံကြားသဖြင့် ဓါတ်မိးများ မီးအိမ်များဖြင့် ထွက်လာခဲ့ကြသည်။ အော်သံကိုလဲ ဘယ်က အော်သလဲဟု စုံစမ်းကြသည်။ နောက်မှ ရွာစွန် ကိုဇော်ဟိန်း အိမ်မှ လာသည်ကို သိသဖြင့် လူစုကာ ထွက်လာခဲ့ကြသည်။
ကိုဇော်ဟိန်း၏ အိမ်ပေါ်တွင်တိတ်ဆိတ်နေသည်။ မီးအိမ်လေးကတော့ လင်းနေသည်။ ရွာသားများမှာ ခြံထဲလှမ်းမဝင်ရဲ။ ခွေးကြောက်သောကြောင့်ဖြစ်သည်။ ခြံပြင်မှ လှမ်းအော်ကြလေသည်။ သို့သော်ထူူးသံမကြား။ ခွေးသံလဲမကြားသည်မို့ အရဲစွန့်ပြီး အိမ်ဆီသို့လာခဲ့ကြသည်။ အိမ်အပေါ်သို့ ရွာသားတစ်ဦးက တက်လိုက်သည်။
“အောင်မယ်လေး ကိုဇော်ဟိန်းကြီးကို ခွေးတွေဝိုင်းစားနေတယ်ဗျို့”
ရွာသူရွာသားတွေလဲ အကုန်ကြောက်လန့်ပြီး ပြေးကြသည်။ ခွေးနှစ်ကောင်မှာလဲ အိမ်ထဲမှ ခုန်ထွက်ကာ ဆင်းလာကြသည်။ ရွာသားတွေအကုန် ဖဝါးနှင့်တင်ပါး တစ်သားတည်း ပြေးကြရသည်။ အတန်ကြာမှ သူကြီးကိုပြောပြီး လူအင်အား လက်နက်အင်အား စုဆောင်းကာ ကိုဇော်ဟိန်းအိမ်သို့ ချီတက်ခဲ့ကြသည်။ ဓါးများ၊ လှံများ၊ မှိန်းများ နှင့် ဒူးလေးတွေကိုပါ ကိုင်ဆောင်လာကြသည်။ မီးတုတ်တွေလဲထိန်ထိန်ညီ ထွန်းခဲ့ကြသည်။
“ဝိုင်းဟေ့ ဝိုင်းဟ”
အိမ်ကို ပတ်ပြီး ဝိုင်းလိုက်ကြသည်။ အောင်နက်ကတော့ မရှိတော့။ ကျားကြီးမှာ အိမ်အောက်မှ မာန်ဖီပြီး ထွက်လာလေသည်။ ကျားကြီးမှာ နွားပေါက်အရွယ်ဖြစ်နေသည်။ မျက်လုံးများမှာလဲ နီရဲနေသည်။ ပါးစပ်မှ သွေးများကလဲ တောက်တောက် ကျနေသည်။ ရွာသားတစ်ဦးက ဝါးရင်းတုတ်ဖြင့် ကျားကြီးကို အနောက်ဖက်မှ ဝင်ရိုက်လေသည်။ သို့သော် ဝါရင်းတုတ်ကြီးမှာ ဖျောင်းခနဲမြည်ပြီး ကြိုးသွားသည်။ ကျားကြီးက ဘာမှမဖြစ်။ နောက်တော့ ထိုရွာသားကို ကျားကြီးက ခုန်အုပ်ပြီး တိုက်ခိုက်တော့သည်။ ရွာသား၏ လည်ပင်းကို အတင်းကိုက်ပြိး ခဲသည်။ ရွာသားမှာ လက်ဖြင့်မနည်းကာနေရသည်။
သတ္တိရှိသည့်ရွာသားတစ်ဦးက ကျားကြိးကို လှံရိုးဖြင့်ထိုးပြီး ခတ်ထုတ်လိုက်သည်။ ကျားကြိးမှာ ထိုရွာသားပေါ်မှ ကွာသွားလေသည်။ ထို့နောက်မြေပေါ်ကို ဖင်ထိုင်လျက်ကျသည်။ ရွာသားကလဲ မြန်သည်။ လက်တွင် ကိုင်ထားသည့် လှံကြီးဖြင့် ကျားကြီးကို ထိုးလိုက်သည်။ ကျားကြီးဗိုက်ကို ထိုးမိပြိး အူပွင့်သွားသည်။ သို့သော်ကျားကြီးမှာ ဘာမှမဖြစ် ချက်ချင်းကောက်ထပြီး မာန်ဖီနေသည်။ ရွာသား ၆ ယောက်ခန့်ဝိုင်းပြိး ကျားကြီးကို ဓါးဖြင့်ခုတ်သူခုတ်၊ လှံဖြင့်ထိုးသူထိုး၊ ဝါးရင်းတုတ်ဖြင့်ရိုက်သူကရိုက်နဲ့ ဝိုင်းသတ်မှသာ ကျားကြီး ဖုတ်ဖုတ်ညက်ညက်ကျေပြီး သေလေသည်။
အိမ်ပေါ်တက်ကြည့်တော့ ကိုဇော်ဟိန်းမှာ လူရုပ်ပင်မပေါ်တော့။ မျက်နှာများ၊နားရွက်များ ကိုက်စားခံထားရသည်။ ဗိုက်ပေါက်ပြီး ကလီစာတွေကလဲ ခွေးစားခံထားရသည်။ လက်များ ပေါင်သားများမှာလဲအသားများကင်းမဲ့နေသည်။ ရွာသားများ ထိုအလောင်းအား သဂြိုလ်ပေးမဲ့သူမရှိ။ အလွန်ကြောက်ကြသည်။ ထို့နောက်သူကြီး၏ စီစဉ်မှုဖြင့် အိမ်ကိုပါ ဓါတ်ဆီလောင်းပြီး မီးရှို့ပေးလိုက်သည်။ ကိုဇော်ဟိန်း ခြံတွင်ပင် သက်ပျောက်ဆွမ်းကပ်ပြိး ဆရာတော်တွေက အမျှပေးဝေလိုက်ကြပါသည်။
ကျားကြီးမှာ တစ်ကိုယ်လုံး ဓါးခုတ်ဒဏ်ရာ၊ လှံထိုးဒဏ်ရာများဖြင့် အရိုးတွေပါ ကြေမွနေသော်လဲ ခေါင်းကြီးက မသေသေး။ မျက်လုံးတွေ ပြုးပြီး၊ မာန်ဖီနေသေးသည်။ ရွာသားတွေ အလွန်ကြောက်ကြသည်။ ထို့နောက် ဝါးလုံးကြီးတစ်လုံးကို အဖျားချွန်ပြီး တံစို့ထိုးပြီး ဓါတ်ဆီလောင်းကာမီးရှို့ရသည်။ မီးရှို့သည့်အချိန်တွင် အလွန်ကြောက်မက်ဖွယ်အသံကြီးနှင့် အော်လေသည်။ တစ်ရွာလုံးလန့်ကြသည်။
ကိုဇော်ဟိန်းသေပြီးတော့ ထိုသတင်းသည် ရွာကလေးကိုသာမက ရွာနီးချုပ်စပ်များပါ ပျံ့နှံ့သွားလေသည်။ ရွာမှ လူများလဲ ကိုဇော်ဟိန်းခြံဘက်ကို မသွားရဲကြပေ။ ထိုအနားကို ရှောင်ကြသည်။ အောင်နက်ကြီးက မသေသေးဘူးမဟုတ်ပါလား။ ရွာမှလူများသည် မိမိအိမ်ခြံစည်းရိုးအားလုံအောင်ကာကြသည်။ ကျွဲနွားများ ကိုသိမ်းကြသည်။ ဆူးခက်များ ဝါးချွန်များဖြင့်ကာရုံကြသည်။
လပြည့်ည တစ်ည။
အလွန်ကျယ်လောင်သော ခွေးအူသံကြီးပေါ်ထွက်လာသည်။ အချိန်က ည ၇ နာရီခန့်ပင်ရှိသေးသည်။ ရွာမှာ အိမ်အများစုက ဆိုလာပြားများတတ်ထားသဖြင့် မီးလင်းနေသည်။ ဆိုလာမတတ်နိုင်သည့်အိမ်များကတော့ ဖယောင်းတိုင်မီးနှင့်နေကြသည်။ ရွာလေးမှာ အသံဗလံများ ချက်ခြင်းတိတ်ဆိတ်သွားသည်။ ထို့နောက် ကိုဇော်ဟိန်းခြံဘက်မှ ခွေးနက်ကြီးတစ်ကောင်သည် ရွာလယ်လမ်းသို့ တက်လာခဲ့သည်။ ခွေးကြီးမှာ အလွန်ကြီးမားလှသည်။ အစွယ်ဖြူဖြူကြီးများက လရောင်ဖြင့်ဝင်းလက်နေသည်။ မျက်လုံးကြီးများက နီရဲပြီး အရောင်တောက်နေလေသည်။ ထို့နောက် ထိုခွေးကြီးသည် ရွာထဲသို့ အူသံရှည်ကြီးပေးရင်း ပြေးဝင်သွားပါတော့သည်။
“ငရဲခွေးကြီး ရွာထဲဝင်လာပြီဟေ့”
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
#အဂ္ဂဇော်