ငှက်ပျောစုန်း

*စုန်းထီးကြီးဦးဘသာနှင့် ငှက်ပျောစုန်း*📖📖📖

***********************************

(၁)

ငှက်ပျောဆိုတာ မြန်မာလူမျိုးတွေနဲ့ မကင်းနိုင်တဲ့အပင်တစ်မျိုးပဲဗျ၊ ဘာလို့လဲဆိုတာ ကျုပ်ပြောပြမယ်၊ အလှူပွဲ၊ မင်္ဂလာပွဲတွေဆိုရင် မပါမဖြစ်က အုန်းပွဲငှက်ပျောပွဲကိုဗျ၊ ပြီးတော့ မြန်မာမုန့်တွေလုပ်ရင်လည်း ငှက်ပျောသီးက မပါမဖြစ်ပဲ၊ ငှက်ပျောသီးများများထည့်ရတဲ့ ငှက်ပျောပေါင်း၊ ငှက်ပျော်ကြော်၊ ကောက်ညှင်းထုပ်ကစပြီးတော့ မုန့်လက်ကောက်၊ မုန့်ချိုသွင်းပါ ငှက်ပျောသီးက မပါမဖြစ်ပဲဗျ၊ လူတော်တော်များများက မုန့်လက်ကောက်ထဲ ငှက်ပျောသီးထည့်လုပ်ကြတာ မသိကြဘူးနော်၊ ကျုပ်တောင်မှ အရင်ကမသိဘူး၊ ကိုယ်တိုင်မုန့်လုပ်ရောင်းတော့မှ သိတာဗျ။

ပြီးရင်တော့ မြန်မာတိုင်းကြိုက်တဲ့ မုန့်ဟင်းခါးမှာ ငှက်ပျောအူက မပါမဖြစ်ပဲဗျ၊ မုန့်ဟင်းခါးမှာ ငှက်ပျောအူမပါရင် လုံးဝစားလို့မကောင်းဘူး၊ တစ်ချို့ကလည်း ငှက်ပျောအူတွေကို ပြုတ်ပြီးဟင်းခါးချက်သောက်တယ်၊ တစ်ချို့ကတော့ ဆန်ဆေးရည်နဲ့ ချဉ်ဖတ်စိမ်ပြီး စားတတ်သေးတယ်၊ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ ငှက်ပျောဖူးဆိုတာကလည်း ချက်စားရင်သိပ်ကောင်းတဲ့ဟင်းတစ်ခွက်ပေါ့ဗျာ။ ကျုပ်တို့အညာမှာတော့ ငှက်ပျောဖူးကို ဒီအတိုင်း ငါးပိစိမ်းစားလေးနဲ့ခပ်စပ်စပ်ကြော်ပြီးစားတာထက် ငှက်ပျောဖူးအဖတ်နဲ့ ပတ္တမြားချဉ်ဆိုပြီးတော့ လုပ်စားကြတာများတယ်၊ ငှက်ပျောဖူးအဖတ်တွေကို အချဉ်တည်ထားတာကိုပြောတာပါဗျာ၊ စားခါနီးကျရင် ပါးပါးလှီးပြီးတော့ ကြက်သွန်စိမ်းထည့်ပြီးသုပ်စားရင်ချဉ်ပြုံးပြုံးလေးနဲ့ ထမင်းမြိန်လိုက်တာပြောမနေပါနဲ့။

ဒီလို တစ်ပင်လုံးပစ်ရက်စရာမရှိတဲ့ငှက်ပျောပင်ကို ကျုပ်တို့ရွာမှာလည်းစိုက်ကြသဗျ၊ ဒါပေမယ့် ငှက်ပျောပင်က ရေကြိုက်တယ်ဆိုတော့ ကုန်းခေါင်ခေါင်ထက် ရေနဲ့နီးတဲ့နေရာတွေမှာစိုက်ကြတာများတယ်။ ရေနဲ့နီးတဲ့ ကန်ဘောင်တွေ၊ ရေချောင်းတွေအနားမှာ အစိုက်များတယ်၊ အိမ်ခြံဝန်းတွေထဲတော့ တစ်ပင်စနှစ်ပင်စ စိုက်ကြတယ်ဆိုပေမယ့် ရွာမြေက ကုန်းခေါင်တယ်ဆိုတော့ သိပ်တော့မစိုက်ကြဘူး၊ စိုက်ရင်လည်း အသီးစားရတာရှားပါတယ်။

ဒီနှစ်တော့အကိုကြီးက ဘာစိတ်ကူးပေါက်တယ်မသိဘူး၊ ငှက်ပျောခြံစိုက်မယ်တဲ့ဗျာ။ ငှက်ပျောခြံဆိုတာ ရွာမှာရှိမှမရှိတာပဲဗျ။ အကိုကြီးကိုမေးကြည့်တော့မှ အင်းခြေရွာက သူ့သူငယ်ချင်းက ငှက်ပျောစိုက်ပြီး သူဌေးဖြစ်သွားတယ်ဆိုလို့ သူလည်းလိုက်ပြီးစိုက်ချင်တဲ့ပုံပဲဗျ။ ဒါနဲ့ တောနဲ့နီးတဲ့သူ့ယာခင်းမှာ ငှက်ပျောစိုက်ဖို့လုပ်ပါရော၊ ငှက်ပျောစိုက်ဖို့ရာ ရေလည်းလိုတယ်ဆိုတော့ ရေကန်တစ်ကန်တူးရတယ်၊ သူ့ယာခင်းဘေးနားမှာ တောင်ကုန်းကလေးရှိတယ်ဆိုတော့ အဲဒီတောင်ကုန်းကနေ ရေကိုမြောင်းဖောက်ပြီး ကန်ထဲသွယ်ရတယ်၊ မိုးဦးမကျခင် ကန်တူးပြီးတော့ မိုးကျတော့ရေခံတယ်၊ မိုးငါးခါလောက် ကောင်းကောင်းရွာပြီးတဲ့အချိန်မှာ ရေကန်က ရေပြည့်သွားပါတယ်။ ရေကန်တူးတဲ့မြေသားတွေကို ရေကန်ဘေးပတ်ခြာလည်မှာ ဘောင်တွေဖော်ပြီး ငှက်ပျောစိုက်ဖို့ပြင်ကြရတယ်။

ဦးဘသာက ယာခင်းထဲကို နွားတွေမောင်းလာတယ်၊ ယာခင်းထဲမှာ ဘာမှမစိုက်ဖူးဆိုတော့ အရင်နှစ်တွေက ကျန်တဲ့ ပဲပင်လေးတွေ၊ နှမ်းပင်လေးတွေထပြီးပေါက်နေတာဆိုတော့ နွားတွေကသိပ်ကြိုက်တယ်မဟုတ်လား။ ဦးဘာသာက ကျုပ်တို့လုပ်တာကိုင်တာကိုလာကြည့်နေရင်း

“အလတ်ကောင် မင်းတို့ဘာစိုက်ကြမလို့လဲကွ”

“ငှက်ပျောစိုက်မလို့လေ ဦးဘသာရဲ့၊ အင်းခြေရွာက အကိုကြီးသူငယ်ချင်းဆိုရင် ငှက်ပျောခင်းနဲ့သူဌေးဖြစ်သွားတယ်ဆိုပဲ”

ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“စိုက်တာက စိုက်ပါကွာ၊ စိုက်တာကိုတော့ ငါအားပေးပါတယ်၊ ငှက်ပျောဆိုတာကလည်း တစ်ပင်လုံးပစ်စရာမှမရှိတာကွ၊ ဈေးကွက်အနေအထားအရဆိုရင်လည်း ငှက်ပျောသီးမကြိုက်တဲ့လူမှ မရှိတာပဲ၊ မဟုတ်ဘူးလား”

“ဒါကြောင့်အကိုကြီးက စိုက်ချင်တာဗျ၊ ဘာပဲဖြစ်ဖြစ်ဦးဘသာရာ၊ ဒီနှစ်တော့ ဖြစ်အောင်စိုက်မယ်”

“စိုက်တာကတော့ ဟုတ်ပါပြီကွ၊ ဒါပေမယ့် “ငှက်ပျောပင်စိုက် မိလိုက်ဖပါ” ဆိုတဲ့စကားရှိသေးတယ်နော်၊ ငှက်ပျောပင်ဆိုတာ အရင်က မိဘဘိုးဘွားတွေ မစိုက်ခဲ့ဖူးဘူးဆိုရင် စိုက်မရဘူးဆိုတဲ့အယူရှိတယ်”

ဦးဘသာစကားကိုကြားတော့ ပျိုးဘောင်တွေဖော်နေတဲ့ အကိုကြီးက မျက်မှောင်ကြုတ်ပြီးတော့

“ဦးဘသာကတော့ ရှေးအယူတွေပြောနေပြန်ပါပြီဗျာ၊ အပင်ပဲဗျ မြေမှာစိုက်လို့ မပေါက်ဘူးဆိုတာ ရှိလို့လား”

ဦးဘသာက ဘာမှဆက်မပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းတယ်။

“စိုက်တာကတော့ ဟုတ်ပါတယ်ကွ၊ မျိုးကျတော့ ဘယ်မှာသွားယူမှာလဲ၊ တို့ရွာနားမှာ ငှက်ပျောမျိုးမှ မရတာ”

“အင်းခြေရွာက သူငယ်ချင်းခြံကနေ မျိုးတောင်းဝယ်ထားတယ်ဗျ”

“ဘာမျိုးစိုက်မှာလဲကွ”

“မျိုး . . .ဟုတ်လား”

အကိုကြီးကပြောရင်း တွေဝေသွားတယ်၊ ပြီးတော့မှ ခေါင်းကုတ်ရင်း

“သိပ်တော့ထွေထွေထူးထူးတွေးမနေပါဘူးဗျာ၊ သူငယ်ချင်းစိုက်တဲ့မျိုးကို ယူစိုက်ရုံပေါ့ဗျ”

“ဟေ့ကောင်တွေ၊ မင်းတို့ကစိုက်တော့စိုက်ချင်တယ် ငှက်ပျောအကြောင်းကိုဘာမှမသိကြဘူးလားကွ”

အကိုကြီးက ခေါင်းကုတ်ရင်း

“အခုမှစိုက်မှာဆိုတော့ အတွေ့အကြုံနည်းသေးတာပေါ့ ဦးဘသာရာ”

“သူများထက်စူးစမ်းပြီးလုပ်မယ့်လူဟာ အရင်ကြိုတင်ပြီးလေ့လားထားရတယ်ကွ၊ ငှက်ပျောသီးမှာ အမျိုးအများကြီးရှိတယ်၊ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ နံ့သာပု၊ ပျားရည်ဆမ်း၊ ရသာရုံ၊ ငှက်ပျောချဉ် အိုကွာ ပြောရရင်တော့ ငှက်ပျောအမျိုးပေါင်း ငါးဆယ်လောက်ကိုရှိသကွ၊ သူ့ဒေသရေမြေနဲ့လိုက်တဲ့ ငှက်ပျောမျိုးကိုရွေးချယ်စိုက်ရတယ်”

“ဦးဘသာက အိမ်နောက်ဖေးမှာ အရင်က ငှက်ပျောပင်တွေစိုက်ဖူးတယ်ဆိုတော့ ကျုပ်တို့ရွာအတွက် ဘယ်ငှက်ပျောကအကောင်းဆုံးဖြစ်မယ်ထင်သလဲဗျ”

“ငါကတော့ ဖီးကြမ်းကိုအားပေးတယ်၊ တို့မြန်မာလူမျိုးတွေက ငှက်ပျောထဲမှာ ဖီးကြမ်းကိုတန်ဖိုးထားပြီးစားသုံးကြတာကိုး၊ ဆေးအသုံးဆိုရင်လည်း ဖီးကြမ်းနဲ့သုံးတာဆိုတော့ လူသုံးများတာစိုက်ပေါ့ကွာ၊ ဒါနဲ့ ငှက်ပျောပင်သုံးမျိုးရှိတာကိုရော မင်းတို့သိပြီးပြီလားကွ”

ကျုပ်က မျက်မှောင်ကြုတ်ရင်း

“ဦးဘသာပြောတော့ ခုနက ငှက်ပျောအမျိုးပေါင်း ငါးဆယ်ဆိုဗျ”

“အဲဒါက မျိုးကိုပြောတာကွ၊ ငှက်ပျောအပင် အပေါ်မူတည်ပြီး မျိုးသုံးမျိုးခွဲသေးတယ်၊ အဲဒါကတော့ ငှက်ပျောအဖိုပင်၊ ငှက်ပျောအမ၊ ပြီးတော့ နပုန်းပင်ဆိုပြီး သုံးမျိုးရှိတယ်”

“ဒါဆိုရင် ငှက်ပျောကလည်း သင်္ဘောသီးလို အဖိုအမရှိတာပေါ့နော်၊ အဖိုမျိုးက အသီးမသီးဘူးပေါ့ ဟုတ်လား”

ဦးဘသာက ခေါင်းခါရင်း

“မတူဘူးကွ၊ ငှက်ပျောကျတော့ ပြောင်းပြန်၊ ငှက်ပျောက အဖိုပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် အသီးတင်တယ်၊ အမပင်က အရွယ်အစားနည်းနည်းပုတယ်၊ အရွက်ကျတော့ အပြားကြီးတယ်၊ ဒါပေမယ့် အသီးအခိုင်က အဖီးနည်းတတ်တယ်ကွ၊ တစ်ခါ အဖိုပင်ဆိုတာကတော့ အပင်က နည်းနည်းမြင့်တယ်၊ အရွက်ကထိပ်ဖျားချွန်တယ်ကွ အသီးတွေကကြီးပြီးတော့ အဖီးမှာလည်းအခိုင်များတယ်၊ ပြီးတော့ အပင်ခြေက သားတာကွ”

“နပုန်းဆိုတာကရောဗျာ”

“နပုန်းဆိုတာ အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်တဲ့အပင်ပေါ့ကွ၊ နပုန်းဆိုတာ လူအခေါ် ဂျီပုန်းကြီး အခြောက်ကြီးပေါ့ကွ၊ နပုန်းပင်ကျတော့ သားတက်လည်းမထွက်၊ အပင်ကလည်း ကျုံလှီပြီးတော့ အဖီးထွက်ရင်လည်း အသီးကမကောင်းဘူးကွ၊ ဒါကြောင့် နပုန်းပင်မှန်းသိရင် ခုတ်ပစ်လိုက်ကြတာများပါတယ်ကွာ”

“ဦးဘသာပြောမှပဲ ငုက်ပျောမှာ အဖိုအမရှိတာ သိရတော့တယ်၊ ဒါဆို အဖိုတွေချည်းရွေးစိုက်ရမှာပေ့ါနော်”

“ခက်တာက ငှက်ပျောပင်ကိုမစိုက်ခင်ကတည်းက အဖိုအမသိဖို့က ခဲယဉ်းတယ်ကွ၊ သူက စိုက်ပြီးမှ အဖိုပင်လား အမပင်လား နပုန်းလားဆိုပြီး လက္ခဏာပြတာကိုး၊ ဒါပေမယ့် ငါကြားဖူးတာကတော့ တစ်ချို့တောင်သူတွေဆိုရင် ငှက်ပျောပင်သားတက်ကိုကြည့်ပြီး ဒီသားတက်က အဖိုဖြစ်မလား အမဖြစ်မလားဆိုပြီး သိကြတယ်၊ မင်းတို့စိုက်မယ်ဆိုရင် အဖိုသားတက်သာ ရွေးစိုက်ကွာ”

“ပြီးတော့ သားတက်ရွေးတဲ့အခါမှာလည်း လှံစို့သားတက်နဲ့ ရေစို့သားတက်ဆိုပြီးရှိသေးတယ်ကွ”

“အဲဒါကရော ဘာတွေလဲဗျာ”

“လှံစို့ဆိုတာ သားတက်ရဲ့ထိပ်က အရွက်ကလေးက လှံလိုမျိုးခပ်ချွန်ချွန်ကလေးကွ၊ အဲဒိသားတက်ကျတော့ အသီးသီးတာမြန်တယ်၊ ရေစို့သားတက်က အရွက်ခပ်ဝိုင်းဝိုင်းကလေး သူကကျတော့ အသီးသီးတာ နှစ်လသုံးလလောက် နှေးတတ်သကွ၊ ကိုယ်ဖော်မဲ့ရာသီကိုကြည့်ပြီးတော့ သားတက်ရွေးတတ်မှ တော်ကာကျမှာ”

“ကျေးဇူးပါပဲဦးဘသာရာ၊ ကျုပ်တို့က ငှက်ပျောမစိုက်ဘူးလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတာဗျ၊ ဦးဘသာပြောတာတွေ မှတ်ထားပြီဗျို့”

ဒီလိုနဲ့ အကိုကြီးက ငှက်ပျောစိုက်ဖြစ်သွားပါရော၊ မိုးဦးကျလောက်မှာစိုက်ထားတဲ့ငှက်ပျောပင်တွေက သန်တာပြောမနေပါနဲ့၊ မြေက ကောင်းတာလည်းပါမယ်ဗျ၊ ဆောင်းအကုန်လောက်ရောက်တော့ ငှက်ပျောဖီးကြီးတွေထွက်လာတာကြည့်ပြီး အားရလိုက်တာပြောမနေပါနဲ့ဗျာ။

ဦးဘသာက ကျုပ်တို့ခြံကိုလာလာကြည့်တတ်သဗျ။ ငှက်ပျောခြံက အရိပ်ရတော့ ဆောင်းနေ့လယ်အပူကို ခြံထဲမှာပဲအချိန်ဖြုန်းနေတတ်တာများပါတယ်။ ငှက်ပျောခိုင်တွေက ငှက်ပျောဖူးတွေချိုးပြီးတဲ့အချိန်ဆိုတော့ ပတ္တမြားချဉ်လုပ်ဖို့အချိန်ကောင်းပေါ့၊ ဒါနဲ့ ကျုပ်တို့ညီအကိုတွေ ငှက်ပျောခြံထဲမှာ ဖျာကြမ်းကြီးခင်းပြီးတော့ ငှက်ပျောဖူးတွေကို ထိုင်လှီးကြတယ်။

ငှက်ပျောဖူးရဲ့ အရင့်ဖတ်တွေကိုဖယ်၊ ပြီးတော့ ငှက်ပျောဖူးထဲက ငှက်ပျောပန်းတွေကိုဖယ်ထုတ်ပြီး ပွင့်ချပ်အနုအဖတ်ကလေးတွေချည်းကိုပဲ ရေစင်အောင်ဆေးရတယ်ဗျ၊ ပြီးရင် အဲဒီငှက်ပျောဖတ်ကလေးတွေကို စုပြီး ဓါးနဲ့ခပ်ရိပ်ရိပ်လှီးကြရတယ်၊ နောက်တော့ စောင်းလျားသီးရှာပြီး စောင်းလျားသီးကိုလည်း အဲဒီလိုမျိုးခပ်ရိပ်ရိပ်လှီးရပြန်တာပါပဲ၊ နှစ်ခုလုံး လှီးဖြတ်ပြီးပြီဆိုရင်တော့ ဆားနဲ့နယ်ပြီး အိုးတွေထဲထည့်သိပ်ထားကြတယ်၊ အချဉ်ပေါက်ရင် စားလို့ရပြီပေါ့ဗျာ၊ အဲဒါကို ပတ္တမြားချဉ် လို့ခေါ်တာဗျ။ သူ့အရောင်ကလည်း နီရဲတွတ်ပြီး ပတ္တမြားလို တောက်နေတယ်မဟုတ်လား၊ စားခါနီးရေလေးဆေးပြီးတော့ ငါးပိချက်နဲ့တို့ပဲစားမလား၊ ကြက်သွန်စိမ်းရိတ်ရိတ်လှီးပြီးတော့ မြေပဲဆံလေးဇလုံးဇခုထည့်ထောင်းပြီး ဆီအစိမ်းလေးဆမ်းလို့ သုပ်ပဲစားမလား၊ ဘယ်လိုစားစား ချဉ်ပြုံးပြုံးကလေးနဲ့ စားလို့ကောင်းတာ ပတ္တမြားချဉ်ပဲဗျ။ ပူအိုက်တဲ့ နွေရာသီလိုမျိုးဆိုရင်တော့ ဘာဟင်းမှမလိုပဲ ပတ္တမြားချဉ်ကလေးပါရင်ကို ထမင်းကစားလို့မြိန်တယ်ဗျာ။

ဦးဘသာက ကျုပ်တို့ညီအကိုတွေ လုပ်ကိုင်နေတာကိုကြည့်ပြီးတော့

“မင်းတို့ ခြံက အသီးတွေတော့ကောင်းသားကွနော်”

“ဟုတ်ပါ့ ဦးဘသာ၊ ဟောဒီခြံဦးထိပ်က ငှက်ပျောပင်ကြီးက အခိုင်လိုက်ကို ဦးဦးဖျားဖျားအနေနဲ့ ရွာဦးကျောင်းကိုသွားလှူမယ်လို့ စိတ်ကူးထားတယ်ဗျ”

ကျုပ်က ငှက်ပျောခိုင်ကြီးကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်၊ အဲဒီငှက်ပျောခိုင်ကြီးကလည်း တကယ်ကြီးပါတယ်၊ ဆယ့်နှစ်ဖီးပါပြီးတော့ ငှက်ပျောသီးတွေကလည်း ထွားထွားအယ်အယ်ကြီးတွေ၊ အမှည့်ခံစားမှာဆိုတော့ သိပ်မရင့်သေးလို့ ထားထားတာပေါ့။

(၂)

“ဟာ၊ ကုန်ပြီ . . . ကုန်ပြီဗျာ”

နောက်တစ်နေ့ ကျုပ်နဲ့ဦးဘသာ အကိုကြီးခြံထဲဆင်းတော့ ဟိုနေ့က ဘုန်းကြီးကျောင်းလှူမယ်ဆိုပြီး ချန်ထားတဲ့ငှက်ပျောခိုင်ကြီးက မရှိတော့ဘူးဗျာ၊ အခိုင်အရင်းမှာ ဖြတ်ထားတဲ့အရာတုံးတိကလေးပဲ ကျန်နေခဲ့တော့တာ၊ ဖြစ်ချင်တော့ အဲဒီရက်ပိုင်းကလည်း အကိုကြီးက ငှက်ပျောဖော်ဖို့ ပွဲစားတွေနဲ့သွားတွေ့နေတာဆိုတော့ ရွာမှာမရှိဘူးဗျ။ အပင်ခြေမှာလည်း သူခိုးခြေရာတွေအပြည့်ပဲဗျ။ ဒီသူခိုးတွေက ခြံမှာလူစောင့်မရှိဘူးဆိုပြီးတော့ စိမ်ပြေနပြေနဲ့ ခိုးသွားကြတဲ့ပုံပဲ။

“တောက်၊ ဘယ်ကောင်ခိုးသွားတာလဲမသိဘူးကွာ၊ တွေ့ရင်တော့ အဲဒီသူခိုး နာဖို့သာပြင်ထား၊ ဘယ့်နှယ့် ဘုန်းကြီးကျောင်းလှူမယ့် ငှက်ပျောခိုင်ကိုမှ ရွေးခိုးသွားရတယ်လို့”

ဦးဘသာက ခေါင်းညိတ်ရင်း

“လူတွေကလည်း ခက်ပါတယ်ကွာ၊ ဒီအတိုင်းဆိုရင်တော့ မင်းတို့ခြံကိုစောင့်မှရမယ်ကွ၊ ဒါပေမယ့် တို့ရွာမှာ အဲဒီလိုအချောင်လိုချင်တဲ့လူ သိပ်မရှိပါဘူးကွာ”

“ဟာ၊ ဦးဘသာကလည်း လူ့စိတ်ဆိုတာ မြင်နိုင်မလားဗျ၊ ကျုပ်တော့ မကျေနပ်ဘူးဗျာ”

ဦးဘသာက တစ်ချက်တွေးနေပြီး ပြုံးစိစိဖြစ်သွားသဗျ။

“အောင်မာ ဦးဘသာက ပြုံးနိုင်သေးတယ်ပေါ့ ဟုတ်လား”

“မဟုတ်ပါဘူးကွာ၊ ငှက်ပျောသီးသူခိုး ငှက်ပျောသီးမစားနိုင်အောင် လုပ်လို့ရတဲ့နည်းရှိတယ်ကွ”

ဦးဘသာပြောတော့ ကျုပ်အားတက်သွားတယ်။

“ဗျာ၊ ဘယ်လိုလုပ်ရတာလဲဗျာ”

“ငါကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံကွ၊ အရင်တုန်းက ငါတို့စစ်ထဲလိုက်တော့ ပဲခူးရိုးမတစ်နေရာမှာ တပ်စွဲကြတယ်၊ ရဲဘော်လေးတွေက ဘာလုပ်သလဲဆိုတော့ တပ်စွဲတဲ့အနားက ကရင်ကြီးတစ်ယောက်ပိုင်တဲ့ ငှက်ပျောခြံထဲခိုးဝင်ပြီးတော့ ငှက်ပျောသီးရင့်ရင့်တစ်ခိုင်ခုတ်ပြီး လူမသိအောင်ဖွက်ထားကြတယ်ကွာ၊ သူတို့က ငှက်ပျောသီးမှည့်ရင် ခိုးစားကြမယ်ပေါ့၊ ကရင်ကြီးက ငှက်ပျောခိုင်ပျောက်တော့ တပ်ကိုလာတိုင်တယ်ကွ၊ တပ်ထဲကအရာရှိတွေက စစ်မေးပေမယ့် ရဲဘော်လေးတွေက မပြောဘဲ ရေငုံနှုတ်ပိတ်နေကြတယ်၊ ကရင်ကြီးက ဒေါသထွက်ထွက်နဲ့ “မင်းတို့သူခိုးတွေ အဲဒီငှက်ပျောသီးကို မစားရစေရဘူးဟေ့” လို့ကြိမ်းမောင်းပြီး ပြန်သွားပါရော”

“ဆက်ပြောပါအုံးဗျာ”

“တကယ်လည်းစားလို့မရဘူး၊ ငှက်ပျောခိုင်ပုတ်တော့မှ ရဲဘော်လေးတွေက ဝန်ခံတယ်၊ ငါကလည်း ကရင်ကြီးဆီသွားပြီး တောင်းပန်ရတာပေါ့၊ ဒီကောင်တွေကိုလည်း အပြစ်ပေးပေါ့ကွာ၊ အဲဒီမှာ ကရင်ကြီးဆီက နည်းကိုငါသိချင်တယ်၊ သူဘယ်လိုလုပ်လိုက်လို့များ ဒီလောက်ရင့်နေပြီး သုံးလေးရက်လောက်နဲ့မှည့်မဲ့ ငှက်ပျောသီးတွေက မမှည့်တာလဲပေါ့ကွာ၊ ကရင်ကြီးက ငါမေးတော့ပြုံးရင်းဖြေတယ်ကွ ” ဘာမှမဟုတ်ပါဘူးဆရာလေးရယ်၊ ဒါက ကျုပ်တို့ဘိုးဘွားတွေသုံးခဲ့တဲ့နည်းဗျ ငှက်ပျောသီးခိုင်ကို သူခိုးကိုမစားစေချင်ဘူးဆိုရင် ခိုးသွားတဲ့ငှက်ပျောခိုင်ရဲ့ ခူးပြီးလို့ကျန်နေခဲ့တဲ့ငုတ်ကို ချေးသာသုတ်ပေးထားလိုက်ပါ၊ အဲ လူချေးတော့ဖြစ်ပါစေနော်ဆရာလေး၊ အဲဒီလိုသုတ်ပေးထားလိုက်ရင် အဲဒီငှက်ပျောခိုင်က မမှည့်ဘဲ ပုပ်ကျသွားလိမ့်မယ်” တဲ့ကွ”

“ဟုတ်ပြီဗျာ၊ ကျုပ်တို့ခြံကနေ ခိုးသွားတဲ့ ငှက်ပျောသီးကိုလည်း ကျုပ်ဒီလိုလုပ်မယ်၊ ဒီကောင်ဘယ်တော့မှ မစားစေရဘူးဗျို့”

ဦးဘသာက ခပ်ပြုံးပြုံးနဲ့

“နည်းတော့ ပေးလိုက်ပြီဟေ့၊ ကျန်တာကတော့ မင်းဖာသာမင်း ဆက်လုပ်ပေါ့ကွာ၊ မင်းသဘော . . .မင်းသဘော ဟား . . ဟား”

ဦးဘသာပြောတဲ့အတိုင်း ကျုပ်ချေးတစ်ပုံပါပြီးတော့ ငှက်ပျောခိုင်အရင်းဖြတ်ထားတဲ့နေရာမှာ တက်သုတ်ထည့်လိုက်တယ်ဗျာ၊ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုသလို ကျုပ်တို့မစားရမယ့်အတူတူ ဒီသူခိုးလည်း မစားစေရဘူးဗျို့။

(၃)

သူခိုးကျထားတဲ့ ငှက်ပျောခြံဆိုတော့ လူစောင့်ရပြီပေါ့ဗျာ။ အကိုကြီးနဲ့ကျုပ်နဲ့ ခြံအလယ်လောက်မှာ တဲကလေးသေးသေးလေးထိုးပြီး နေကြတယ်၊ ခြံလယ်လောက်ဆိုတော့ တစ်ခြံလုံးကိုခြုံမိအောင်ပေါ့၊ ငှက်ပျောပင်တွေကိုရေပေးတဲ့ ရေကန်ဘေးနားမှာ တဲကလေးထိုးထားလိုက်တယ်၊ ရေကန်က ရေသိပ်မရှိတော့ဘဲ နှုန်းတွေများနေပါပြီ၊ ပြောမယ့်သာပြောရတာ အကိုကြီးယာခင်းက အစကတည်းက သရဲခြောက်သလိုလို အသံတွေရှိထားတာဆိုတော့ အခုညအိပ်ရမယ်ဆိုတော့ ကျုပ်လည်း နည်းနည်းတော့လန့်တယ်ဗျ။ ရေစပ်စပ်ရှိတော့ ခြင်တွေကလည်း မနည်းပါဘူးဗျာ၊ ငှက်ပျောခြံစောင့်ရင်း အကိုကြီးနဲ့ကျုပ်နဲ့ တစ်ယောက်တစ်လှည့်အိပ်ကြရတယ်။

အကိုကြီးက ညဦးပိုင်းကနေ သန်းခေါင်ကျော်လောက်အထိစောင့်တယ်၊ ကျုပ်က သန်းခေါင်လောက်ကစပြီး မိုးလင်းတဲ့အထိစောင့်ပါတယ်၊ နေ့လည်နေ့ခင်းတုန်းက စိမ်းစိမ်းစိုစိုရှိနေတဲ့ ငှက်ပျောခင်းကြီးက ညရောက်တော့ မှောင်မှောင်မဲမဲနဲ့ ကြောက်စရာကြီးဗျာ။ အကိုကြီးက ညဦးပိုင်းစောင့်တာဆိုတော့ ကျုပ်က ခြင်ထောင်ထဲကွေးတော့တာပဲဗျာ။ အိပ်လို့ကောင်းတုန်းရှိသေးတယ် အကိုကြီးက ကျုပ်ကိုလှုပ်နှိုးသဗျ။ ပြီးတော့ အသံအုပ်အုပ်နဲ့ပြောတယ်။

“အလတ်ကောင်ရေ၊ ခြံထဲမှာ လူသံကြားတယ်ကွ”

ကျုပ်ငေါက်ခနဲကောက်ထိုင်လိုက်ပြီး ဘေးနားက ဓါတ်မီးကိုအသင့်ကိုင်လိုက်တယ်။

“ဒါ . . ဒါသူခိုးတွေပဲဖြစ်မယ်အကိုကြီး”

“သိပ်သေချာတာပေါ့ကွာ၊ အသံက အရှေ့ဘက်ကနေကြားတာကွ၊ ဒီလိုလုပ်အလတ်ကောင် ငါတို့ဒီအတိုင်းသွားရင် သူခိုးကငါတို့ကိုတွေ့ပြီးထွက်ပြေးမှာပဲ၊ ငှက်ပျောခြံတောင်ဘက်ကနေထွက်ပြီးတော့ အရှေ့ဘက်ကိုသွားကြမယ်၊ ဒီကောင်တွေရဲ့အနောက်ကနေ ထွက်ပြီးဖမ်းရင် ဒီကောင်တွေကို မိမှာပဲကွ”

အကိုကြီးပြောတာကို ကျုပ်လက်ခံပါတယ်၊ ဒါနဲ့ ညီအကိုနှစ်ယောက် တဲကလေးပေါ်ကနေအသာဆင်းပြီး ခြံတောင်ဘက်ကိုထွက်လာခဲ့ကြတယ်၊ ကျုပ်လက်ထဲမှာတော့ ဓါတ်မီးရယ်၊ နှစ်တောင်လောက်ရှိတဲ့ တုတ်တစ်ချောင်းရယ်ကိုင်ထားတယ်၊ အကိုကြီးကတော့ လေးပေလောက်ရှိတဲ့ ဝါးရင်းတုတ်ကိုကိုင်ထားပါရော၊ လက်ထဲဓါတ်မီးကိုင်ထားပေမယ့် မထိုးရဲသေးဘူးဗျ၊ တော်ကြာသူခိုးတွေက ဓါတ်မီးအရောင်မြင်ပြီး ထွက်ပြေးကုန်မယ်မဟုတ်လား။ မှောင်ကြီးမည်းကြီးထဲ စမ်းတဝါးဝါးနဲ့သွားနေရင်း အရှေ့ဘက်နားရောက်တော့ ငှက်ပျောပင်တွေကို တရှဲရှဲနဲ့တိုးနေတဲ့အသံကြားတယ်၊ အကိုကြီးနဲ့ကျုပ်နဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးတော့ ယားခနဲအော်ရင်း ဓါတ်မီးထိုးပြီး သူခိုးတွေဆီကိုပြေးခုန်ထွက်လိုက်ကြပါရော။

ထူးဆန်းတာက အသံကြားတဲ့နေရာမှာ လူတစ်ယောက်မှမရှိဘူးဗျ၊ ကျုပ်နဲ့အကိုကြီး ကြောင်တောင်တောင်ဖြစ်သွားတယ်၊ ကျုပ်က အနီးပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ထိုးကြည့်ပေမယ့် လူရိပ်လူယောင်တောင် မတွေ့ရဘူး၊ အကိုကြီးက ဒေါသထွက်ထွက်နဲ့

“ဟေ့ကောင်သူခိုး၊ ပုန်းမနေစမ်းနဲ့ ထွက်ခဲ့စမ်းပါကွ၊ လာစမ်းပါ”

အကိုကြီးက စိန်ခေါ်နေပေမယ့် ငှက်ပျောခြံကြီးကတော့ တိတ်ဆိတ်လို့ဗျ။ ကျုပ်တို့ညီအကိုပတ်ရှာနေတဲ့အချိန်မှာပဲ ငှက်ပျောခြံအနောက်မှာ တဝုန်းဝုန်းနဲ့အသံတွေကြားပါရော၊ အသံကိုခန့်မှန်းကြည့်လိုက်တော့ ငှက်ပျောပင်ကိုခုတ်လိုက်လို့ လဲကျတဲ့အသံဗျ၊ ကျုပ်တို့ညီအကိုနှစ်ယောက် တိုင်ပင်မထားပဲ ငှက်ပျောခြံအနောက်ဘက်ကိုပြေးကြပါရော၊ ကျုပ်တို့နဲ့နီးလေလေ အသံတဝုန်းဝုန်းက ကြားရလေပဲ၊ ပြီးတော့ မီးအိမ်အလင်းရောင်လို ဝါထိန်ထိန်အလင်းရောင်ကိုလည်း မြင်လိုက်ရသေးတယ်။

“ဟေ့ကောင်တွေ မပြေးနဲ့ မင်းတို့သေဖို့သာပြင်ထား”

အကိုကြီးက အော်ပြီးပြေးဝင်သွားလိုက်တော့ အဲဒီနေရာမှာ ဘယ်သူမှရှိမနေဘူးဗျာ၊ ခုနကကြားတဲ့အသံက ငှက်ပျောပင်တွေ တဝုန်းဝုန်းနဲ့ အခုတ်ခံရတဲ့အသံပါ၊ အခုတော့ တစ်ခြံလုံးကလည်း အရင်အတိုင်းပဲ ဘာမှခြေရာလက်ရာပျက်နေတာကိုမတွေ့ရဘူး။

“ဒီသူခိုးတွေကတော့ကွာ”

အကိုကြီးက ဒေါသထွက်နေပေမယ့် ကျုပ်ကတော့ တော်တော်လန့်လာတယ်။

“မဟုတ်သေးဘူးနော် အကိုကြီး ဒါလူမဖြစ်နိုင်လောက်ဘူး”

“လူမဖြစ်နိုင်တော့ ဘာဖြစ်မှာလဲကွ”

“အကိုကြီးလည်းစဉ်းစားကြည့်ဗျာ၊ လူဆိုရင် ခြေရာလောက်တော့ကျန်မှာပေါ့ဗျ၊ ငှက်ပျောပင်ဘောင်တွေကြားထဲ ရေသွင်းထားလို့ မြေတွေကလည်း ပျော့စိနေတာမဟုတ်လား၊ ကျုပ်တို့ညီအကိုပြေးထားတဲ့ခြေရာတွေဆိုရင်လည်း အထင်းသားပဲလေ၊ တကယ်လို့ လူသာဆိုရင် ခြေရာကျန်ရမှာပေါ့”

အကိုကြီးက စဉ်းစားရင်း နည်းနည်းလန့်သွားပုံရတယ်။

“အေးကွ၊ မင်းပြောတာဟုတ်လောက်တယ်၊ ဒါဆိုရင်ဘာဖြစ်တာလဲ”

အကိုကြီးက ငှက်ပျောခြံကိုတစ်ချက်ဝေ့ကြည့်ရင်း

“ဟေ့ကောင်သရဲ၊ ငါတို့ကိုမခြောက်နဲ့၊ ငါတို့က သရဲဆိုတာကို ကြောက်ကိုမကြောက်တတ်တာကွ၊ မင်းပဲမောသွားမယ်”

အကိုကြီးကပြောဆိုရင်း တုတ်ထမ်းပြီးတဲကလေးဆီကိုပြန်လာကြတယ်၊ တဲဆီမရောက်ခင်မှာပဲ အနောက်ဖက်က ငုှက်ပျောပင်တန်းတွေက တဝုန်းဝုန်းနဲ့လှုပ်ရှားပါရောဗျာ၊ မသိရင် လေပြင်းတွေတိုက်နေသလိုပဲ၊ အပင်တွေကြားထဲ တစ်ခုခုကဖြတ်ပြေးနေသလိုဖြစ်နေတာ၊ လေဆိုရင်လည်း တစ်ခြံလုံးကိုတိုက်ရမှာပေါ့၊ အခုက မမြင်ရတဲ့အရာတစ်ခုက ပြေးလာနေသလိုမျိုးဖြစ်နေတယ်၊ သူလာတဲ့ပတ်လည်က ငှက်ပျောပင်တွေက လေတိုးခံရသလို တဝုန်းဝုန်းလှုပ်နေပါရော။

ကျုပ်တို့အနားရောက်သွားတော့ ရပ်သွားတယ်၊ ကျုပ်ဆိုရင်ကြောက်လို့ ဒူးတွေတောင်တုန်ချင်လာတယ်၊ တစ်ခါ ခုနကလိုမျိုးပဲ အရှေ့ဖက်ခြမ်းမှာထပ်ဖြစ်တယ်၊ ပြီးတော့ တောင်ဘက်၊ မြောက်ဘက်မှာဖြစ်တာ၊ ကျုပ်တို့ကိုတမင်စနေသလိုပဲဗျာ။ နောက်မကြာပါဘူး ငှက်ပျောခြံကြီးတစ်ခုလုံး တဝုန်းဝုန်းနဲ့ဖြစ်တော့တာပဲ၊ ငှက်ပျောပင်တွေဆိုရင်လည်း ယိမ်းခါနေတာပဲဗျို့၊ မသိရင်ခြံတစ်ခြံတည်းကွက်ပြီးတော့ လေပြင်းတိုက်ခံနေရသလိုပဲ၊ ကျုပ်အနားကိုလှည့်ပတ်ကြည့်ရင်း အကိုကြီးကိုကြည့်လိုက်တော့ အကိုကြီးက ကျုပ်ဘေးမှာမရှိတော့ဘူးဗျို့၊ ငှက်ပျောပင်တွေကြားထဲ သွေးရူးသွေးတန်းနဲ့ပြေးထွက်သွားတာ ဟိုးအတော်ခပ်လှမ်းလှမ်းတောင်ရောက်နေပြီဗျာ။

“ဟာ အကိုကြီး . . . ကျုပ်ကိုစောင့်ပါအုံးဗျ”

ကျုပ်လှမ်းအော်တာကိုတောင် အကိုကြီးကလှည့်မကြည့်ပါဘူး၊ သရဲမကြောက်တတ်တဲ့အကိုကြီးတစ်ယောက် အပြေးကတော့ မြန်ချက်ပဲဗျို့။

ကျုပ်ပြေးမယ်လုပ်တဲ့အချိန်မှာ တရှူးရှူးအသံတွေကြားရပါရော၊ အသံကြားတဲ့နေရာကိုလှည့်ကြည့်လိုက်တော့ မီးလုံးကြီးတစ်လုံးဗျာ၊ သိပ်တော့မကြီးဘူး လက်သီးဆုပ်လောက်ပဲရှိမယ်၊ ဒါပေမယ့် အလင်းရောင်တွေကတော့ ဝါဖန့်ဖန့်ကြီးနဲ့ လင်းနေတာပဲဗျာ၊ မီးလုံးမြင်တော့ ကျုပ်မနေနိုင်တော့တာနဲ့ ထွက်ပြေးတော့တာပါပဲ၊ ဒီမီးလုံးကြီးက ကျုပ်အနောက်ကနေ အပြေးလိုက်လာသေးသဗျ။

ခြံနဲ့တော်တော်လှမ်းလှမ်းလောက်ရောက်တော့မှပဲ ကျုပ်ခြံကိုပြန်လှည့်ကြည့်မိတယ်ဗျာ၊ ငှက်ပျောပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ငှက်ပျောခြံကြီးက အခုကျတော့ သူမဟုတ်သလို တိတ်ဆိတ်လို့ဗျ၊ ကျုပ်တစ်ယောက်တည်းမနေဝံ့တာကြောင့် အိမ်ကိုပဲ အပြေးပြန်လာခဲ့မိတော့တယ်၊ အိမ်ရောက်တော့ အကိုကြီးက စောင်ကြီးပတ်လို့ တဟင်းဟင်းနဲ့ အဖျားတွေတက်နေပြီဗျာ၊ အကိုကြီးက ကြည့်လိုက်ရင် လူမိုက်လိုလိုဘာလိုလိုနဲ့ဆိုပေမယ့် အသည်းတော့ငယ်တယ်၊ သရဲနဲ့တွေ့ရင် သူအရင်ဆုံးဖျားတာချည်းပဲ၊ အခုလည်း အမေတို့က အကိုကြီးကိုနှာနှပ်ယူနေရတယ်။ ကျုပ်အိမ်ပေါ်တက်လာတာ မြင်တော့မှ

“ဟဲ့ နင်တို့ညီအကိုတွေဘာဖြစ်ကြတာလဲ”

“သရဲ၊ သရဲ ငှက်ပျောခြံထဲမှာ သရဲခြောက်တယ်အမေရဲ့”

အကိုကြီးက မျက်လုံးပြူးကြီးနဲ့

“သရဲ . . .သရဲ ငှက်ပျော . . .သရဲ လို့ပြောပြီး တစ်ခါတည်း မျက်ဖြူလန်ပြီး မေ့သွားပါရောဗျို့။

(၄)

မနက်အစောကြီးမှာပဲ ဆေးဆရာဦးမှတ်ကြီးကိုပြေးပင့်ရတော့တယ်၊ အကိုကြီးက တညလုံးအဖျားတွေတက်ပြီး ကိုယ်တွေပူခြစ်တောက်နေတာ၊ အိမ်မှာရှိတဲ့ ငန်းဆေးသောက်တာတောင်မပျောက်ပါဘူးဗျာ၊ ဆေးဆရာဦးမှတ်ကြီးက သူလိုက်လာမယ်လို့ပြောပြီး မျက်နှာသစ်နေတာနဲ့ ကျုပ်က အိမ်ကိုပြန်လာခဲ့လိုက်တယ်၊ မနက်အစော ခြံရှေ့မှာတံမြက်စည်းထွက်လှဲတဲ့ ဦးဘသာက ကျုပ်ကိုတွေ့တော့

“ဟာ အလတ်ကောင် စောစောစီးစီးပါလားဟေ့၊ ဘာလဲ ခြံထဲကပြန်လာတာလား”

“မဟုတ်ပါဘူး ဦးဘသာရာ ဦးမှတ်ကြီး သွားပင့်တာပါ”

“စောစောစီးစီး မှတ်ကြီးကိုပင့်တယ်ဆိုတော့ ဘယ်သူဘာဖြစ်လို့လဲကွ”

“ညက အကိုကြီးနဲ့ကျုပ်နဲ့ ငှက်ပျောခြံစောင့်တာဗျ၊ အဲဒါ ငှက်ပျောခြံထဲမှာ သရဲခြောက်ခံရတယ်ဗျာ၊ အကိုကြီးဆို ဖျားပါရော၊ ကျုပ်တောင်မှ အခုဖျားချင်သလိုလို ဘာလိုလိုနဲ့ ရင်တွေတုန်နေတာ”

ဦးဘသာက တံမြက်စည်းလှည်းတာကိုရပ်လိုက်ပြီးတော့

“နေစမ်းပါအုံး၊ မင်းတို့က ဘယ်လိုအခြောက်ခံရတာလဲကွ”

“ငှက်ပျောခြံထဲမှာ လူစကားပြောသံလိုလို ငှက်ပျောခုတ်သံလိုလို အဲဒါမျိုးကြားတယ်၊ သွားကြည့်တော့ လူလည်းမရှိဘူးဗျ”

“ဒါနဲ့ လေတွေရောမတိုက်ဘူးလားကွ”

ဦးဘသာက ဆီးမေးလိုက်တော့ ကျုပ်ဖြင့်ကြောင်တောင်တောင်ဖြစ်သွားတယ်။

“ဟုတ်တယ် ဦးဘသာ လေတွေတိုက်တယ်၊ လေတိုက်တာကလည်း တစ်မျိုးပဲဗျ”

“တစ်ခြံလုံး ဝုန်းဒိုင်းကျဲနေတယ်ဆိုပါတော့၊ ပြီးတော့ မီးအလင်းရောင်တွေ ဘာတွေရော မတွေ့ဘူးလားကွ”

“ဟာ၊ တွေ့တာပေါ့ ဦးဘသာရာ၊ လက်သီးဆုပ်လောက်ရှိတဲ့ မီးလုံးကြီးကို ကျုပ်တပ်အပ်မြင်လိုက်ရတာဗျ၊ မီးလုံးကြီးက ကျုပ်အနောက်ကိုလိုက်လာလို့ ခြေကုန်အောင်ပြေးခဲ့ရပါရော”

ဦးဘသာက ခပ်ပြုံးပြုံးနဲ့ခေါင်းညိတ်နေတယ်၊ ခေါင်းညိတ်နေပုံထောက်တော့ သူတစ်ခုခုကိုသိထားတဲ့ပုံစံမဟုတ်လား

“ဦးဘသာ၊ ဦးဘသာ တစ်ခုခုကိုသိနေတယ်မဟုတ်လား”

“သိတယ် သိတယ်၊ မင်းတို့အခြောက်အလှန့်ခံလိုက်ရတာ သရဲမဟုတ်ဘူး၊ စုန်းကွ . . “

“ဘယ်ကစုန်းကခြောက်တာလဲဗျာ”

“စုန်းတော့စုန်းပဲ၊ လူစုန်းမဟုတ်ဘူး  ငှက်ပျောစုန်းကွ ငှက်ပျောစုန်း”

“ဟုတ်ရဲ့လား ဦးဘသာရာ၊ ကျုပ်တစ်သက်တော့ ငှက်ပျောစုန်းဆိုတာ အခုမှပဲကြားဖူးတော့တယ်ဗျ”

“မင်းကိုငါတစ်ခါပြောဖူးတယ်မဟုတ်လား၊ လောကမှာ ထူးဆန်းတဲ့အရာတွေရှိတယ်ဆိုတာလေ၊ ငှက်ပျောစုန်းဆိုတာကလည်း ဒီလိုပဲကွ၊ ဘယ်သူမှလုပ်တာမဟုတ်ဘဲ သူ့အလိုလိုစုန်းဓါတ်တွေစုပြီး စုန်းဖြစ်နေတာ”

“ဒါဆို အဲဒီအပင်က ကျုပ်တို့ကိုခြောက်လှန့်လိုက်တာပေါ့နော်”

“ဟုတ်တယ်အလတ်ကောင်၊ ငှက်ပျောစုန်းကို တချို့နေရာတွေမှာ ငှက်ပျောတစေ၊ သရဲငှက်ပျောလို့လည်း ခေါ်ကြတယ်၊ ဒီအပင်က ငှက်ပျောမျိုးတွေထဲမှာ အပင်တစ်ထောင်မှာ တစ်ပင်တောင် တွေ့ဖို့ခဲတယ်ကွ၊ အဲဒီငှက်ပျောပင်မျိုး ခြံထဲပါလာရင် ခြောက်လှန့်တာတွေ ကြံရတတ်တယ်”

“ထူးဆန်းပါပေ့ဗျာ၊ ဒါဆို ဘယ်လိုလုပ်ကြမလဲ”

“အဲဒိငှက်ပျောစုန်းပင်ကို ရှာရမှာပေါ့ကွ၊ ငှက်ပျောစုန်းက သီးမိတဲ့အသီးကို လူမစားကောင်းဘူးကွ၊ ဘေးဖြစ်တတ်တယ်၊ ငှက်ပျောစုန်းမှာရှိတဲ့စုန်းအတတ်က စားတဲ့လူကိုစူးတတ်တယ်၊ ဒီလိုငှက်ပျောစုန်းကို ဖယ်ရှားပစ်မှ တော်ကာကျတာ၊ အချိန်မီမဖယ်ရှားနိုင်ရင် ငှက်ပျောစုန်းတစ်ပင်ကနေ နှစ်ပင်ဖြစ်မယ်၊ အဲဒီကနေ တစ်ခြံလုံးကိုကူးသွားတတ်တယ်”

“ငှက်ပျောပင်တွေအများကြီးထဲမှာ အဲဒီငှက်ပျောစုန်းကို ဘယ်လိုရှာမလဲဦးဘသာ”

“ဒါကြောင့် စာဆိုတောင်ရှိသေးတယ် “ငှက်ပျောစုန်းကောင် တောလုံးပြောင်တဲ့” ဆိုလိုတာကတော့ ကိုယ့်ခြံမှာ ငှက်ပျောစုန်းပါလာပြီဆိုရင် တစ်ခြံလုံးက ရှိသမျှအပင်ကို ခုတ်ပစ်မှတဲ့ကွ၊ ငှက်ပျောစုန်းဆိုတာ သာမန်ငှက်ပျောပင်နဲ့တူလို့ ဘယ်အပင်က ငှက်ပျောစုန်းဆိုပြီး ရွေးချယ်ရတာခက်သကွ၊ အောက်ပြည်ဘက် ငှက်ပျောစိုက်တဲ့လူတွေကျတော့ ငှက်ပျောစုန်းထပြီဆိုရင် ခြံကိုလေးပိုင်းပိုင်းပြီး တစ်ပိုင်းစီအရင်ခုတ်တာပဲဟေ့၊ တစ်ပိုင်းလောက်ခုတ်ပြီးလို့ ငှက်ပျောစုန်းရှိမရှိ၊ ထပ်ပြီးအခြောက်ခံရ မခံရစောင့်တယ်၊ ထပ်ခြောက်ခံရတယ်ဆိုရင်တော့ နောက်တစ်ပိုင်းကိုခုတ်တာပဲ၊ ကံမကောင်းတဲ့လူကျတော့ နောက်ဆုံးကျန်တဲ့တစ်ပိုင်းမှာ ငှက်ပျောစုန်းပါလို့ တစ်ခြံလုံးပြောင်ပါလေရော”

ကျုပ်တော်တော်စိတ်ဓါတ်ကျသွားတယ်၊ တစ်ခြံလုံးခုတ်ရမှာဆိုတော့ မလွယ်ဘူးလေဗျာ၊ ရင်းထားရတာတွေကအများကြီးဗျ၊ အခုလည်း ငှက်ပျောပင်တွေက အသီးတွေတော်တော်ကြီးနေပြီကိုး။ ကျုပ်ဘာမှမပြောရသေးခင်မှာပဲ ဦးဘသာက

“မပူပါနဲ့အလတ်ကောင်ရာ မင်းကိုငါ ရှာပေးပါ့မယ်ကွ၊ ငါမင်းခြံထဲက ငှက်ပျောပင်တွေကိုလိုက်ကြည့်ပြီးတော့ ဘယ်အပင်ကတော့ဖြင့် စုန်းဆိုတာကို ရွေးပေးမယ်ကွာ”

“လုပ်ပါအုံး ဦးဘသာရာ၊ တစ်ခြံလုံးပြောင်တာတော့ မဖြစ်ပါရစေနဲ့၊ ဦးဘသာကျေးဇူးကို ကျုပ်မမေ့ပါဘူးဗျာ၊ အသီးတွေရရင် ဦးဘသာကိုတစ်ခိုင်ကန်တော့ပါ့မယ်”

“ဟား၊ ဟား စားရချည်သေးရဲ့ကွာ၊ ဒါဆိုရင်အခုပြန်တော့ ညနေနေဝင်ရီတရောလောက် ငါနဲ့အတူတူ ငှက်ပျောခြံသွားကြည့်တာပေါ့”

“ဟာ နေ့ခင်းကြောင်တောင် လုပ်လို့မရဘူးလား”

“မင်းကလဲကွာ ငါတစ်ယောက်လုံးပါပါတယ်ကွ၊ ကြောက်မနေစမ်းပါနဲ့”

ဆေးဆရာဦးမှတ်ကြီးက အကိုကြီးကိုဆေးကုသပေးတယ်ဗျ၊ သုံးရက်လောက်တော့ နားခိုင်းလိုက်သေးတယ်၊ ငှက်ပျောခြံထဲကိုလည်း အဲဒီနေ့က ဘယ်သူမှမဆင်းရဲပါဘူးဗျာ။ သရဲကြောက်တာကိုးဗျ၊ ညနေရောက်တော့ ကျုပ်မယောင်မလည်နဲ့ ဦးဘသာအိမ်ဆီကိုထွက်ခဲ့တယ်၊ ဦးဘသာက အသင့်တောင်ဖြစ်နေပြီ။

“မင်းကိုငါစောင့်နေတာ အလတ်ကောင်ရ၊ မင်းမလာတော့ဘူးလားလို့”

“ကျုပ်မလိုက်လို့မရဘူးလား ဦးဘသာရာ”

“မင်းမလိုက်လို့ ဘယ်ဖြစ်ပါ့မလဲကွ၊ အပင်ကိုငါကရှာပေးပေမယ့် ခုတ်တာကျတော့ ပိုင်ရှင်ကခုတ်မှရတာ၊ မင်းအကိုကြီးစိုက်တာဆိုတော့ မင်းလည်းပိုင်ရှင်ပေါ့ကွာ”

“သူစိမ်းခုတ်လို့မရတဲ့သဘောပေါ့နော်”

“ဟုတ်တယ်အလတ်ကောင်၊ ပြောရရင်တော့ကွာ ခြံပိုင်ရှင်က အိမ်ရှင်လိုပေ့ါကွ၊ ငှက်ပျောစုန်းကတော့ အိမ်ငှားပေါ့၊ အိမ်ရှင်က အိမ်ငှားကိုနှင်ချမှ ဆင်းမယ်မဟုတ်လား၊ ဒီလိုသဘောပေါ့”

ဦးဘသာက တောရှင်းတဲ့ ကိုင်းခုတ်ဓါးတစ်ချောင်းကျုပ်ကိုပေးတယ်၊ ကျုပ်လည်း ဓါးထမ်းပြီး သူ့အနောက်ကလိုက်လာခဲ့တာပေါ့။ ရွာအပြင်အထိ စကားတပြောပြောနဲ့သွားကြရင်း ချောင်းကမ်းဘေးနားရောက်တော့ ဦးဘသာက ချောင်းဘေးနားက မြေနီရွံ့စေးလေးတွေကို လက်နဲ့ခူးနေသဗျ။ ပြီးမှပြန်တက်လာတယ်။

ခြံအစပ်နားရောက်တာနဲ့တင် ကျုပ်လန့်ပြီး ကြက်သီးတွေဘာတွေထသွားတော့တယ်၊ ဦးဘသာကတော့ အေးအေးလူလူပါပဲဗျာ၊ ခြံထဲကိုဝင်သွားရင်းနဲ့ ခြံလယ်တဲကိုရောက်ပါရော။

“အလတ်ကောင်ရေ အကြမ်းဖန်ခွက် တစ်ခွက်လောက်ပေးကွ”

ခြံစောင့်တဲထဲမှာ ရေနွေးကရားအိုးနဲ့ အကြမ်းပန်းကန်တွေရှိတယ်၊ အဲဒီအထဲက အကြမ်းပန်းကန်တစ်လုံးယူပြီး ဦးဘသာကိုပေးလိုက်တယ်၊ ဦးဘသာက ရေအိုးစင်ထဲက ရေတစ်ခွက်ခပ်လိုက်ပြီးတော့ ခုနက သူခူးလာတဲ့ မြေနီရွံ့စေးတုံးကလေးကို ရေထဲဖျော်တယ်။ ကျုပ်က ဦးဘသာလုပ်ကိုင်နေတာတွေကြည့်ရင်း

“အဲဒါ ဘာလုပ်တာလဲ ဦးဘသာ”

“စုန်းဖမ်းဖို့လုပ်နေတာလေကွာ၊ သူများတွေကတော့ သွေးအစစ်ကိုသုံးကြတယ်၊ အမဲသွေးတို့ဘာတို့ပေါ့ လွယ်တာကတော့ ကြက်သွေးပေါ့ကွာ၊ ကြက်ကိုသတ်ပြီး လည်ချောင်းသွေးဖောက်ယူတာပေါ့၊ ငါကတော့ ကြက်သွေးမသုံးချင်ဘူးကွ၊ ကိုယ့်ကြောင့် ဘယ်သူမှသေကြေတာမျိုး မဖြစ်စေချင်ဘူးလေကွာ”

“ရွံ့ရေတွေနဲ့လုပ်တော့ စုန်းက လာပါ့မလားဗျ”

“စောင့်ကြည့်စမ်းပါကွ မင်းကလဲ”

ဦးဘသာက အကြမ်းပန်းကန်ထဲက ရွံ့ရေတွေကို လက်ခလယ်တစ်ချောင်းထည့်ပြီး မွေနေတယ်၊ ပထမတော့ နာရီလက်တံအတိုင်းမွှေနေရင်းကနေ နောက်တော့ နာရီလက်တံပြောင်းပြန်အတိုင်းမွှေပါရော၊ ပါးစပ်ကလည်း ဘာရွတ်သလဲတော့မသိဘူး၊ မွှေရင်းမွှေရင်းနဲ့ ရေတွေက တဖြည်းဖြည်းနီလာပြီးတော့ နောက်ဆုံး သွေးတွေလို အနီရောင်ခပ်ပြစ်ပြစ်အနေအထားဖြစ်သွားတယ်။ ဦးဘသာက အကြမ်းပန်းကန်ခွက်ကို ကျုပ်မျက်နှာအနားကိုပြရင်း

“နမ်းကြည့်စမ်း အလတ်ကောင်”

“ဟာ၊ ဟုတ်တယ်ဗျ၊ သွေးညှီနံ့ရတယ်နော်၊ မြေနီတွေက သွေးတွေများဖြစ်သွားတာလား”

“ပညာနဲ့လုပ်ထားတာပါကွ၊ တကယ်က မြေနီရေက မြေနီရေပါပဲ၊ ကဲ စကောလေးတစ်ခုယူလာခဲ့၊ ပြီးတော့ ငှက်ပျောဖီးသုံးဖီးလောက်လည်း လိုသေးတယ်”

စကောကလေးကိုချလိုက်ပြီးတော့ ငှက်ပျောခိုင်တစ်ခိုင်ကိုခုတ်လိုက်တယ်၊ ဦးဘသာကတော့ သိပ်မထွားတဲ့ အခိုင်တစ်ခိုင်ကိုခုတ်ခိုင်းတာဗျ၊ ပြီးတော့ အခိုင်ကနေ အဖီးသုံးဖီးဖြတ်ပြီး စကောထဲကို သုံးဖီးဆိုင်ပြီးထည့်တယ်၊ ငှက်ပျောသုံးဖီးဆိုင်ရဲ့အလယ်ကိုတော့ ခုနက သွေးခွက်ကလေးထည့်လိုက်တယ်။

“ရပြီအလတ်ကောင်၊ ငါးစာကတော့ အဆင်သင့်ပဲဟေ့၊ တို့တွေ ငါးလာဟပ်ဖို့ကိုပဲ စောင့်နေကြတာပေါ့ကွာ”

ဦးဘသာနဲ့ကျုပ်နဲ့ တဲကလေးအရှေ့က ဝါးကြမ်းခင်းကလေးမှာ ထိုင်နေလိုက်ကြတယ်၊ စကောကလေးကိုတော့ တဲကလေးရှေ့ မလှမ်းမကမ်းအနားမှာ ထားလိုက်တာပေါ့ဗျာ။ စောင့်ရင်းနဲ့ တဖြည်းဖြည်းညနက်လာတယ်၊ မီးခွက်ကလေးထွန်းပြီး ကျုပ်နဲ့ဦးဘသာ စကားပြောနေကြတယ်။

“ငှက်ပျောသီးဆိုတာက အားအလွန်ရှိတဲ့အစားအစာကွ၊ အစာကိုကြေညက်စေပြီး ခွန်အားကိုဖြစ်စေတယ်လို့ ဆေးကျမ်းတွေက ပြောကြတယ်၊ အဲဒီထဲမှာ ဖီးကြမ်းငှက်ပျောသီးကတော့ အကောင်းဆုံးပေါ့ကွာ၊ ဒါပေမယ့် ဥတုဘောဇနကျမ်းအလိုအရတော့ ငှက်ပျောသီးစားပြီးပြီးချင်း ရေအေးမသောက်ကောင်းဘူးတဲ့ကွ၊ ဝမ်းကိုက်နာ ၊ အစာမကြေတာဖြစ်တတ်တယ်”

“ဒါတော့ဟုတ်မယ်ထင်တယ်၊ ကျုပ်တို့ငယ်ငယ်ကဆို အမေက ငှက်ပျောသီးစားပြီး ရေစိမ်းမသောက်ခိုင်းဘူး၊ ပြီးတော့ ငှက်ပျောသီးကိုလည်း အစိမ်းလိုက်စားတာထက် မီးလေးအုံးပြီးမှကြွေးတာ”

“မီးအုံးလိုက်တော့ ငှက်ပျောသီးက ကြေလွယ်သွားတယ်၊ ဒီတော့ အစာမကြေတာမဖြစ်တော့ဘူးပေါ့ကွာ၊ ငှက်ပျောသီးက အပူကိုနိုင်တယ်၊ အစာကြေလွယ်တယ်၊ ဆီး၊ ဝမ်း၊ သွေး၊ လေကို ညီညွတ်စေတယ်၊ ဝမ်းချုပ်တာကိုလည်း သက်သာစေတယ်၊ ဝမ်းချုပ်တတ်တဲ့လူတွေက ငှက်ပျောသီးမှည့်မှည့်ပျော်ပျော်ကိုတပတ်လောက် ညတိုင်းစားပေးရင် ဝမ်းမှန်သွားတတ်တယ်၊ ပြီးတော့ ငှက်ပျောသီးက ယောက်ျားလေးတွေနဲ့တည့်တယ်၊ သုတ်ဓါတ်ကိုတိုးပွားစေတယ်”

“တခြားတော့စိတ်မဝင်စားပေမယ့် ယောက်ျားလေးတွေနဲ့တည့်တာကိုတော့ စိတ်ဝင်စားတယ်ဗျာ”

“မယုံမရှိနဲ့အလတ်ကောင်၊ တို့ငယ်ငယ်က မြိုင်သာမှာ အသိဦးလေးကြီးတစ်ယောက်ရှိတယ်ကွ၊ သူက အဲဒီတုန်းက အသက်လေးဆယ်ကျော်လောက်ပေါ့ကွာ၊ သူက မစွမ်းဘူးဖြစ်နေတာကွ၊ ဘယ်လိုမစွမ်းတာလဲဆိုတော့ ပန်းသေပန်းညှိုးဖြစ်ချင်တာပေါ့၊ အဲဒါ ဆရာကြီးတစ်ယောက်က ငှက်ပျောသီးဖီးကြမ်းအမှည့်ကို နှမ်းဆီစစ်စစ်နဲ့ ဆီပူထိုးပြီးကြော်စားခိုင်းတာ၊ ဦးလေးကြီးကလည်း တစ်ရက်သုံးကြိမ်လောက်ကြော်စားရင်း နှစ်ပတ်ကြာတော့ ရောဂါပျောက်ပြီး ဒေါင်ဒေါင်မြည်သွားတယ်ဆိုပဲကွ၊ ဒီနည်းကို တစ်ပွဲတိုးအနေနဲ့သုံးနိုင်တယ်၊ ကလေးမရတဲ့လူတွေဆိုရင် ငှက်ပျောသီးကို ပျားရည်နဲ့လူးပြီးစားရတယ်ကြားဖူးတယ်”

“တစ်ခါ ငှက်ပျောသီးက အပူကိုနိုင်တယ်ဆိုတာ လက်တွေ့ပဲကွ၊ မီးလောင်နာဖြစ်ရင် ငှက်ပျောသီးအမှည့်ပျော်ပျော်ကို ခြေပြီးအနာပေါ်အုပ်ပေးထား၊ ဒါဆိုရင်တော့ အဖုမတက်ဘဲ တခါတည်းချပ်သွားတယ်၊ တစ်ချို့ကလည်း ငှက်ပျောအူ၊ ငှက်ပျောဖက်နဲ့ ပတ်တာရှိသေးတယ်၊ တို့ သွေးစုနာတို့လို အနာမျိုးတွေဆိုရင် ငှက်ပျောသီးအနုကိုရေနံချေးနဲ့ကြိတ်ပြီး အုံထားပေးရင် ပြည်မှည့်လွယ်တယ်၊ ပြည်ပေါက်လွယ်တယ်ဆိုပဲ”

“ငှက်ပျောသီးကလည်း စွမ်းသားဗျနော်”

“ဒါထက်စွမ်းတာတစ်ခုပြောပြရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက်က ဓါတ်ဆရာကြီးဦးပိုဆိုတာရှိတယ်ကွ၊ နန်းတော်အပြင်မှာနာမည်ကြီးနေလို့ မင်းတုန်းမင်းကြီးက စမ်းသပ်ချင်တယ်၊ ဒါနဲ့ နန်းတွင်းကိုခေါ်ပြီးတော့ စမ်းသပ်တယ်၊ ဘယ်လိုစမ်းသပ်သလဲဆိုတော့ လူတစ်ယောက်ကို ချက်ချင်းနေမကောင်းဖြစ်အောင်လုပ်ပြရမယ်၊ ပြီးတော့ ချက်ချင်းပဲ အဲဒီအဖျားကို ပြန်ကောင်းအောင်လုပ်ရမယ်တဲ့၊ မလုပ်နိုင်ရန် မင်းပြစ်မင်းဒဏ်သင့်မယ်၊ လုပ်နိုင်ရင်တော့ ဆုလာဘ်တွေပေးမယ်ပေါ့ကွာ”

“ဟာဗျာ၊ လူတစ်ယောက်ကို အဲဒီလိုလုပ်လို့ လွယ်မလားဗျ”

“ဆရာကြီးဦးပိုက လက်ခံလိုက်တယ်ကွ၊ ပြီးတော့ နေ့လည်နေကျက်ကျက်ပူတဲ့အချိန် လူတစ်ယောက်ကို နန်းတော်ကိုပတ်ပြီး အမောဆို့အောင်ပြေးခိုင်းတယ်ကွာ၊ ဒီလူမောတော့မှ ငှက်ပျောသီးတစ်လုံးကျွေးထည့်လိုက်တာ အဲဒီလူက ချက်ချင်းကောက်ကာငင်ကာဖျားပြီး ကိုယ်ပူတွေတက်လာပါရော၊ နန်းဆောင်ထဲကလူတွေအကုန်လုံး တအံ့တသြဖြစ်ကုန်ကြတာပေါ့၊ နောက်တော့ အဲဒီလူကိုပဲ ငှက်ပျောဖီးအရှေ့မှာချပေးပြီး အဝစားခိုင်းတယ်ကွ၊ ဘယ်လောက်အထိစားခိုင်းသလဲဆိုရင် မစားနိုင်တော့လို့ အန်ထွက်တဲ့အထိစားခိုင်းတာ၊ ဟိုလူက စားရင်းနောက်တော့ အန်တာပါပဲ၊ စားပြီးသမျှ ငှက်ပျောသီးတွေအန်ချပြီးတဲ့အခါကျတော့ သူ့ကိုယ်မှာရှိနေတဲ့အဖျားက ချက်ချင်းပျောက်ပြီး ဒီလူလည်း ချွေးတွေဘာတွေဆို့လာပြီး ကောင်းသွားတယ်ဆိုပဲ”

“ထူးဆန်းလိုက်တာဗျာ၊ ဘယ်လိုများ လုပ်လိုက်တယ်မသိဘူးနော်”

“တကယ်တော့ ဓါတ်သဘောနဲ့လုပ်လိုက်တာကွ၊ လူကိုနေပူထဲပြေးခိုင်းတယ်ဆိုကတည်းက အပူဓါတ်သွင်းလိုက်တာ၊ ပြီးတော့ ငှက်ပျောသီးတစ်လုံးကျွေးတည်ဆိုတာ အအေးဓါတ်နည်းနည်းထည့်ပေးလိုက်တာပေါ့ကွာ၊ အပူနဲ့အအေးနဲ့မမျှတော့ ဒီလူဖျားပြီပေါ့၊ တစ်ခါ အပူများနေတဲ့လူကို အအေးဓါတ်ငှက်ပျောသီး ဝအောင်ကျွေးပြီး အအေးနဲ့အပူကိုစုပ်စေတာပေါ့၊ သူအန်ချလိုက်တဲ့အခါ ငှက်ပျောသီးတွေစုပ်ထားတဲ့ အပူတွေပါသွားပြီး ပြန်ကောင်းသွားတာပဲဟေ့၊ တို့မြန်မာရှေးဟောင်းပညာရပ်တွေကို အထင်မသေးနဲ့အလတ်ကောင်၊ ဒီလိုမျိုး ဓါတ်သဘောနဲ့ကုတဲ့နည်းက တခြားနိုင်ငံတွေမှာမရှိဘူး”

“ဒါဆိုရင် အဲဒီဆရာကြီး ဦးပိုဘာဖြစ်သွားသလဲ”

“မင်းတုန်းမင်းကြီးက အားရတော်မူပြီး သူကောင်းပြုလိုက်တာပေါ့ကွာ၊ ဦးပိုက မင်းတုန်းမင်းကြီးအတွက် ဘယ်လ ဘယ်နေ့မှာ ဘာစားရမယ်ဆိုတဲ့ ဓါတ်စာနည်းကိုလည်း စီရင်ပေးတော်မူတယ်ဆိုပဲ”

ဦးပိုအကြောင်းပြောနေရင်း မိုးချုပ်သွားပါရော၊ ရွာထဲက သက်ကြီးခေါင်းချကြက်တွန်သံကြားတော့မှ အချိန်က မနည်းတော့ဘူးမှန်းသိတာ၊ ခြင်တွေကိုက်လို့ စကားပြောနေရင်း ပုဆိုးပိုင်းတစ်ခုနဲ့ တဗြန်းဗြန်းခတ်ရတာလည်း လက်ကိုညောင်းနေတာပါပဲဗျာ။

ဦးဘသာက စကားပြောရတာမောလို့ထင်ပါရဲ့ ကွမ်းပဲထိုင်ဝါးနေတယ်၊ သိပ်မကြာပါဘူးဗျာ၊ ခြံထဲကိုလေစိမ်းတစ်ချက ဝေ့တိုက်သွားတယ်၊ စကောထဲထည့်ထားတဲ့ ဖီးကြမ်းငှက်ပျောသီးတွေက လှုပ်လာပြီးတော့ စကောက မြေပေါ်မှာစပြီးလည်ပါရောဗျာ။ ကျုပ်တစ်ခုခုပြောမယ်လုပ်တုန်း ဦးဘသာက ကျုပ်ကိုတိတ်တိတ်နေဖို့ လက်ဟန်ခြေဟန်နဲ့လုပ်ပြတယ်၊ ကြည့်နေတုန်းမှာပဲ မိုးပေါ်ကနေ မီးလုံးကြီးတစ်လုံးဆင်းလာပြီး လည်နေတဲ့စကောအပေါ်မှာ ဝဲနေပါရော။

ဝဲနေရာကနေ တဖြည်းဖြည်းနိမ့်ဆင်းလာပြီး နောက်ဆုံး အကြမ်းပန်ကန်ထဲကို စိမ်လိုက်တယ်၊ အကြမ်းပန်းကန်ထဲက သွေးအတုနဲ့ထိတယ်ဆိုရင်ပဲ ရှဲခနဲအသံမြည်ပြီးတော့ ပျံပြေးတာ မြန်လိုက်တာဗျာ၊ ဦးဘသာက မီးလုံးကိုလက်ညှိုးနဲ့ဖမ်းထိုးထားလို့သာ ပျောက်မသွားတာဗျို့။

“လာအလတ်ကောင် မီးလုံးအနောက်ကိုလိုက်ရအောင်”

ကျုပ်က ဓါးကိုင်ပြီး ထလိုက်တယ်။ ဦးဘသာက မီးလုံးကိုကြည့်ပြီး

“ဟဲ့ စုန်းစုတ်၊ နင်နေတဲ့ပင်ကိုပြဟဲ့”

မီးလုံးက တဖြည်းဖြည်းနဲ့ ခြံအရှေ့ဘက်ပိုင်းကို ပျံသွားတယ်၊ ခြံအရှေ့ဘက်ရောက်တော့ ငှက်ပျောပင်ပေါက်ကလေးတစ်ပင်ထဲကို ဝင်သွားတယ်ဗျာ၊ ငှက်ပျောပင်တွေက သားတက်ထွက်တယ်ဆိုတော့ သားတက်တစ်ခုထဲကိုဝင်သွားတာဗျ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင် အဲဒီသားတက်ကို သွားခုတ်စမ်းကွာ”

ကျုပ်အပင်နားကိုကပ်ခဲ့ပြီးတော့ သားတက်ကိုကိုင်းခုတ်ဓါးနဲ့ လွှဲခုတ်ထည့်လိုက်တယ်၊ ဒါပေမယ့် ဓါးက ငှက်ပျောပင်ကို မပြတ်ဘူးဗျာ။ ငှက်ပျောပင်စည်ကိုထိပြီး ပြန်ကန်ထွက်လာပါရော၊ ဦးဘသာက ကျုပ်အနားကိုလာပြီး ကျုပ်လက်ထဲက ဓါးကိုယူတယ်၊ ပြီးတော့ ဓါးသွားပေါ်ကို သူ့တံတွေးနဲ့ ထွီခနဲထွေးပြီး ဓါးနဲ့အပင်ကိုခုတ်ချလိုက်တာ သားတက်ကလေးက ပြတ်ထွက်သွားပါရော၊ မြေပေါ်ပြုတ်ကျသွားတဲ့ သားတက်ကလေးက တရွီးရွီးနဲ့စူးစူးဝါးဝါးအော်တယ်ဗျ၊ မြေပေါ်မှာလည်း လူးလွန့်နေတာ မသိရင် ငါးတစ်ကောင်လိုပါပဲ၊ တခြားလူတွေကို ဒီအကြောင်းသွားပြောလိုက်လို့ကတော့ ယုံမှာမဟုတ်ဘူးဗျ၊ ဘယ့်နှယ့်ဗျာ ငှက်ပျောပင်က ငါးတစ်ကောင်လို ခုန်ပေါက်နေတယ်ဆိုတာ ယုံကြမလား၊ ကျုပ်တောင်မှ မျက်စိနဲ့တပ်အပ်မြင်လို့ ယုံသွားတာ။

ခုတ်လိုက်တဲ့နေရာကနေလည်း သွေးလိုလိုပျစ်ချွဲချွဲအရည်တွေ စီးကျလာတာပါပဲ၊ မြေကြီးပေါ်မှာတောင် အိုင်ထွန်းနေသေးတယ်၊ ဦးဘသာက ငှက်ပျောပင်သားတက်ကို အရွက်ကနေကိုင်ရင်း

“ရော့အလတ်ကောင်၊ ဒီကောင့်ကို သေချာကြည့်ပြီးတော့ မင်းကိုငါ့ခြံမှာမထားနိုင်ဘူးလို့ သုံးခါပြော၊ ပြီးရင်အသက်အောင့်ပြီးတော့ ဓါးနဲ့ခုနစ်ပိုင်းသာစဉ်းပေတော့၊ ငါတို့အခုလိုဖြတ်ထားပုံလောက်နဲ့ ဒီကောင်က သေမှာမဟုတ်ဘူးကွ၊ ငါတို့လစ်တာနဲ့ တစ်ပင်ပင်ဆီဝင်ပြီးခိုအောင်းနေအုံးမှာ”

ကျုပ်က ငှက်ပျောပင်ကိုဆွဲကိုင်လိုက်ရင်း

“ကဲ ငှက်ပျောစုန်း၊ မင်းကိုငါတို့ခြံထဲမှာ ဆက်မထားနိုင်ဘူး၊ မင်းနေဖို့ကိုလည်းငါခွင့်မပြုဘူးကွ၊ သွား . . .မင်းသွားပေတော့”

ပြီးတာနဲ့ မြေပေါ်ပစ်ချလိုက်ပြီး ကိုင်းခုတ်ဓါးနဲ့ အသက်အောင့်ပြီး ပိုင်းချလိုက်တာပဲဗျာ၊ ခုနစ်ချက်တိတိခုတ်ပြီးတဲ့ချိန်မှာ ငှက်ပျောပင်က အားခနဲအော်ပြီးတော့ ငြိမ်သက်သွားတော့တယ်။

“အပင်နုသေးလို့သာပေါ့ကွာ၊ ဒီလိုအပင် ရင့်များရင့်ရင် မလွယ်ဘူးကွ၊ ငှက်ပျောစုန်းဆိုတာ မစားရဘူး၊ သူ့အသီးကိုစားမိတဲ့လူကို သူဝင်ပူးနိုင်တယ်၊ သူ့အရိုးကို စားမိတဲ့လူက အဆိပ်ဖြစ်တယ်၊ မင်းကြားဖူးမှာပေါ့ အလတ်ကောင် မုန့်ဟင်းခါးစားပြီး လူတွေအန်ကျတယ်၊ လူဘယ်နှယောက် ဆေးရုံရောက်သွားတယ်ဆိုတာပေါ့၊ ချက်တဲ့လူတွေကလည်း ဒီအတိုင်းချက်တာပဲဆိုပေမယ့် ဘာကြောင့်ဖြစ်မှန်းမသိကြတာ ဟောဒီလိုငှက်ပျောစုန်းကို စားမိလို့ကွ”

အပိုင်းပိုင်းဖြတ်ထားတဲ့ ငှက်ပျောပင်ကိုသေချာသွားအောင် ဓါးနဲ့နုပ်နုပ်စဉ်းလိုက်ပြီးတော့မှ ရေကန်ထဲကိုအကုန်ပစ်ချလိုက်တယ်ဗျာ၊

“ဒီလောက် ကောင်းကျိုးမပေးတဲ့အပင် သွားစမ်းကွာ”

အော်ဟစ်ပြီး ပစ်ထည့်လိုက်တာပေါ့။

“မင်းတို့နောက်ဆိုမှတ်ထားကွ၊ ခြံထဲမှာ မကောင်းတဲ့ငှက်ပျောပင် မပါအောင်လို့ ခြံတစ်ခြံမှာ သူငယ်စာငှက်ပျောပင် တစ်ပင်လောက်တော့ စိုက်ထားသင့်တယ်ကွ”

“သူငယ်စာငှက်ပျောဆိုတာ ဘာလဲဗျ”

“သူ့အပင်က တောငှက်ပျောပင်နဲ့တူတယ်၊ ရိုးတံမှာ အညိုရင့်ရောင်ပါတတ်တယ်၊ တခြားငှက်ပျောပင်နဲ့မတူတာက သူ့အသီး၊ အဖူး၊ အပွင့်တွေက မိုးပေါ်ကိုထောင်ပြီး သီးကြပွင့်ကြတယ်၊ ဒီလိုငှက်ပျောကို ငှက်ပျောသူတော်လို့လည်းခေါ်တယ်၊ အဲဒိအပင်ရှိရင် ငှက်ပျောစုန်းပင် မရှင်သန်နိုင်ဘူးတဲ့ကွ”

“ဒါဆို အကိုကြီးကိုမေးပြီးတော့ တစ်ပင်လောက်တော့ စိုက်အုံးမှပါပဲဗျာ”

ကျုပ်နဲ့ဦးဘသာလည်း ခြံထဲမနေတော့ဘဲ ရွာကိုပြန်လာခဲ့ကြတယ်။

(၅)

နောက်သုံးလေးရက်ကြာတော့ အကိုကြီးနေပြန်ကောင်းသွားပါပြီ၊ ငှက်ပျောသီးတွေကိုလည်း ခုတ်ဖို့အသင့်ဖြစ်နေပြီပေါ့ဗျာ၊ အဲဒိမနက်ခင်းမှာပဲ ကိုမြင့်က ခြံထဲကိုဝင်လာသဗျ။

“သူကြီး . . .သူကြီးရေ”

“ဘာလဲ ငမြင့်ရ မင်းကြည့်လိုက်ရင် အလန့်တကြားနဲ့”

“သူကြီး ရွာဦးကျောင်းကို လှူလိုက်တဲ့ ငှက်ပျောခိုင်က မမှည့်ပါဘူးဗျာ၊ ပုတ်ကျသွားတယ်ဗျ”

“တောက်တီးတောက်တဲ့တွေ ပြောနေပါပြီငမြင့်ရာ၊ ဒီအခိုင်က အရင့်ဆုံး အကြီးဆုံးအခိုင်ပါကွ၊ တစ်ပတ်လောက်ဆက်ထားရင် အပင်ပေါ်တောင်မှည့်မှာကိုကွာ”

“ဟုတ်ပါတယ်ဆို သူကြီးရာ မယုံရင် သူကြီးလိုက်ကြည့်လှည့်”

သူတို့ပြောတာ နားထောင်ပြီး ကျုပ်အံ့သြသွားတယ်။

“နေပါအုံးအဖေရ၊ အဖေတို့ပြောနေတာ ဘာတွေလဲ”

“ဘာရှိရမှာလဲကွ၊ ငှက်ပျောတောကထွက်တဲ့ အကြီးဆုံးငှက်ပျောခိုင်ကြီးအကြောင်းပေါ့ကွာ”

“အဲဒီအခိုင်ကြီးက အခိုးခံရတာမဟုတ်ဘူးလား”

“မဟုတ်ပါဘူး၊ မင်းအကိုကြီးပွဲစားတွေနဲ့ သွားတွေ့တဲ့နေ့က ငါက ငမြင့်ကိုသွားခုတ်ခိုင်းပြီးတော့ ဘုန်းကြီးကျောင်းကိုလှူလိုကတာ၊ ဘယ်လိုဖြစ်လို့များ ဒီငှက်ပျောခိုင်က မမှည့်တာလဲ မသိပါဘူးကွာ”

ကျုပ်ဘာမှမပြောရဲတော့ဘူး၊ ဒါတွေကျုပ်လုပ်ခဲ့တယ်ဆိုတာ အဖေသိရင် ကျုပ်ကိုကျောကော့အောင်ဆော်မှာလေဗျာ၊ ဒါနဲ့ ပါးစပ်ကိုအသာပိတ်ပြီး အိမ်နောက်ဖေးကို လှစ်ခနဲဝင်ခဲ့လိုက်ရတယ် အဖေကတော့ မယုံသင်္ကာနဲ့မို့ ငှက်ပျောခိုင်အခြေအနေကိုကြည့်ဖို့ ကိုမြင့်နဲ့အတူတူ ရွာဦးကျောင်းကို လိုက်သွားပါရောဗျာ။

အဲဒီတစ်နှစ်ပဲ အကိုကြီးက ငှက်ပျောစိုက်တယ်၊ နောက်နှစ်တော့ ငှက်ပျောခင်းတွေဖျက်လိုက်ပြီး ပြန်မစိုက်တော့ပါဘူးဗျာ၊ ငှက်ပျောစိုက်တာ မမြတ်လို့လား၊ ဒါမှမဟုတ် ငှက်ပျောတောထဲက ငှက်ပျောစုန်းကို ကြောက်လို့များလားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမယ်မဟုတ်လားဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်