စည်းမဲ့ပေါက်စ

*အောက်လမ်းဘိုးထင် နှင့် စည်းမဲ့ပေါက်စ*📖📖📖

******************************************

    ◾အခန်း (၁)

    သနပ်ပင်ရွာမှ ပြန်လာကြသော မောင်ဘိုးထင်တို့၏လှည်းလေးသည် သူဌေးကုန်းရွာအဝင်သို့ ရောက်လာပြီ ဖြစ်သည်။ နာမည်သည်သာ သူဌေးကုန်းဖြစ်ပြီး ရွာအဝင်တွင်တော့ သူဌေး ဖြစ်ဟန်မတူသော အိမ်ငယ်လေးများ စတင်တွေ့ရသည်။အိမ်များ၏ရှေ့တွင် အင်ဖက်များ ခူးပြီး စုထားသောကြောင့် မောင်ဘိုးထင်တို့ အံ့ဩနေကြလေသည်။အိမ်ကြီးအိမ်ကောင်းများမှာ မရှိမဟုတ် ရှိ၏။သူဌေးချည်း မဟုတ်ဘဲ အိမ်ကုတ်လေးများသာ များနေလေရာ မောင်ဘိုးထင်တို့သည် လှည်းမောင်းနေသော သာရအား

    “ကိုသာရ ဟိုလူကြီးအိမ်ကို တခါတည်း ရှာလို့က မသင့်ဘူးထင်တယ် “

    “အေးကွ မသင့်တော်ဘူး ရွာအခြေအနေလေးလည်း သိမှ ဖြစ်မယ် “

    “အင်း ကျုပ်တို့က လူစိမ်းတွေဆိုတော့ တည်းခိုဖို့က ခက် မယ် “

    “ရွာအဝင်မှာလည်း ဇရပ်မတွေ့ဘူး အင်း နောက်ဆုံးကြံရာမရရင်တော့ အိမ်တအိမ်ကို တည်းဖို့ အကူအညီတောင်းကြည့်ရမှာပဲ “

    လှည်းကို ဖြည်းဖြည်းမောင်းရင်း ရွာလမ်းအတိုင်း စကား ပြောပြောနှင့် သွားနေကြစဉ်မှာပင် သူတို့၏မျက်နှာချင်းဆိုင်မှ လူတစုသည် စောင်ပုခက် နှင့် လူတယောက်ကို ထည့်ပြီး ထမ်းလာသောကြောင့် လှည်းကို ဘေးကပ်ပေးလိုက်သည်။ စောင်ပုခက်ထဲမှ လူသည် ပိုးထိထားဟန်ရှိပြီး အဆိပ်တက်နေသည့်ပုံ ပေါ်၏။မြွေအဆိပ်သည် အချိန်မှီမဖြေက အသက်သေဆုံးနိုင် သည်။ယခု လူနာအားကိုက်သောမြွေမှာ ရိုးရိုးမြွေ ဖြစ်ဟန်မရှိ အဆိပ်ကို လိုသလို ထိန်းချုပ်ထားဟန်ရှိပြီး ယခု အနေအထား သည်က အသေတိုက်သည့်ပုံ ဖြစ်၏။မောင်ဘိုးထင်သည် ထိုလူ၏ အခြေအနေကို သိနေသောကြောင့် မျက်နှာလွှဲခြင်းငှါ မတတ်နိုင်ဘဲ စောင်ပုခက်ထမ်းထားသော သူများအား စကားဆိုလိုက်လေသည်။

    “ဦးလေးတို့ ခင်ဗျားတို့လူနာက ရွာအပြင်ရောက်တာနဲ့ အသက်ပျောက်လိမ့်မယ်။မြွေက ခေါင်းပြတ်ပြီးမှ လည်ပင်းကို ခုန်ကိုက်တာ မဟုတ်လား “

    “ဟ မင်း ဘယ်လိုသိလဲ မင်းတို့က ဒီရွာကမဟုတ်ဘူး “

    “အဲ့တာတွေ နောက်မှပြော ဒီလူကို ကျနော် ကုပေးလို့ ရမလား “

    “ဟာ ဆရာကြီးပေါက်စတောင် ဒီကောင့်ကို လက်လျှော့ လိုက်တာ မင်းက ဟုတ်ပါ့မလား “

    “‌ကိုမောင်လေးရေ သိန်းဇော်ရဲ့အခြေအနေကလည်း ကောင်းလာမဲ့ပုံမပေါ်ဘူး ပိုဆိုးဖို့ပဲရှိမှာ ဒီကောင်လေးပိုးထိတဲ့အကြောင်းပြောတာ မှန်နေတယ်လေ ကောက်ရိုးတမျှင်ဖြစ်ဖြစ်ဆွဲရင် သင့်မယ်  “

    “အေးကွာ မင်းသဘောပဲ “

    “အေးဗျာ ကဲ ငါ့တူရေ မင်း ကုတတ်ရင်လည်း ကုပေးစမ်းပါကွာ “

    မောင်ဘိုးထင်သည် လူနာအားသယ်လာသောသူများမှ ခွင့် ပြုပေးလိုက်သောအခါ ပေတူးတို့နှင့်အတူ လှည်းပေါ်မှ ဆင်းလိုက်ပြီး  စောင်ပုခက်ထဲမှ လူ၏အနား သွားလိုက်လေသည်။ ထို့နောက် လည်ပင်းရှိ မြွေကိုက်ခံထားရသောနေရာအား လက်နဖြင့်အုပ်ကာ ဦးအုန်းသင်ပေးထားသော  အောက်လမ်းအဆိပ် ထုတ်မန္တန်ကို ရွတ်လိုက်လေသည်။ထို့နောက် လူနာကို အင်္ကျီ ချွတ်စေပြီး လမ်းပေါ်တွင် ပက်လက်အနေထားဖြင့် ထားခိုင်း လိုက်သည်။ထိုအခါ  လူနာ၏ ခန္ဓာကိုယ်မှ သွေးကြောများမှာမဲနက်လာပြီး လှုပ်ရှားလာလေ၏။ထို့နောက် ထိုသွေးကြော များသည် မြွေကိုက်ခံထားရသည့် အစွယ်ပေါက်ရာများဘက်သို့ တက်လာရာ ဘေးမှ ကြည့်နေသောသူများ အံ့ဩနေကြသည်။မောင်ဘိုးထင်သည့် ဓားမြှောင်ကို ဖိုးထွေးဆီမှ တောင်း ပြီး ဓားဦး နှင့် မြွေကိုက်ထားသော နေရာအားအနည်းငယ် ထိုးဖောက် ပေးလိုက်သည်။ထိုအခါ သွေးမဲမဲများသည် ထိုနေရာမှ ထွက်လာလေ၏။ထွက်လာသောသွေးမဲတို့အား အင်္ကျီတထည်နှင့် သုတ်ပေးလိုက်ပြီးနောက် မောင်ဘိုးထင်သည် ပေတူး နှင့် သာအေးအား ကျွန်မနိုင်ရွက်ကို ခူးစေပြီး သူဖောက်ထားသော လည်ပင်းမှ ဒဏ်ရာကို  ထိုအရွက်များအားချေကာ သိပ်ပေး လိုက်လေ၏။ လူနာအား အင်္ကျီပြန်ဝတ်ပေးလိုက်ပြီး မကြာသောအချိန်မှာပင် မေ့မျောနေသော လူနာမှာ သတိရလာပြီး ငုတ်တုတ်ထထိုင်ကာ

    “ငါ ငါ သက်သာသွားပြီ ငါ မသေတော့ဘူး “

    “အေး ဟုတ်တယ် ဒီက ဆရာလေးက မင်းကို ကုပေးလိုက်တာ သိန်းဇော်ရ “

    “ဗျာ ဒီကောင်လေးလား “

    “အေး ဟုတ်တယ်လေကွာ မင်းကို ဆရာကြီးပေါက်စက တောင် လက်လျော့လိုက်တာ ဒီက ဆရာလေးတို့နဲ့တွေ့ ပြီး မင်းကို ကုပေးလိုက်တာ “

    ‌ထိုစကားကြားသောအခါ သိန်းဇော်ဟု အမည်ရသော လူနာသည် မောင်ဘိုးထင်အား လက်အုပ်ချီပြီး ကန်တော့နေသဖြင့် မောင်ဘိုထင်မှ တားဆီးလိုက်ပါလေတော့သည် ။

    ◾အခန်း (၂)

    ‌သူဌေးကုန်းရွာသား ကိုသိန်းဇော်သည် သူ၏အသက်ကိုကယ် တင်ပေးသော မောင်ဘိုးထင်တို့အား အိမ်သို့ ခေါ်လာလေသည်။ သိန်းဇော်သည် ရွာတွင် တကောင်ကြွက်တယောက်သာဖြစ်၏။ သူသည် မဟုတ်မခံစိတ်ရှိကာ အပေါင်းအသင်းများနှင့်လည်း သင့်မြတ်စွာ ပေါင်းသင်းတတ်သူ ဖြစ်သည်။သူသည် လူငယ် များနှင့် အဆင်ပြေသောသူဖြစ်ပေသော်ငြား လူကြီးများနှင့်တော့ မသင့်မြတ်လှပေ။အကြောင်းမှာ သိန်းဇော်အား လူတွင် ကျယ်လုပ်သည်ဟု ထင်ခြင်းကြောင့် ဖြစ်သည်။အမှန်စင်စစ် သိန်းဇော်မှာ လူတွင်ကျယ်လုပ်ခြင်း မဟုတ်ပေ။မတရားလျှင် မတရားဘူးဟု မဟုတ်မခံစိတ်ဖြင့် ဝင်ပြောသောကြောင့်  နေရာတကာပါတယ်၊လူကြီးဆိုလျှင် လူကြီးမှန်းမသိဘူး၊ဂါရဝ တရားမရှိဘူး စသဖြင့် ရွာထဲရှိရှေးရိုးစွဲလူများ၏ မျက်မုန်းကျိုး ခြင်း မှတ်ချက်ပေးခြင်းကို ခံရသူတယောက်ဖြစ်၏။သို့ပေမဲ့ သူနှင့် ရွယ်တူ သို့မဟုတ် အမြင်ကျယ်သောသူများသည် သိန်းဇော်အား သဘောကျကြသည်။ယခုသူ့အား စောင်ပုခက်နှင့် လိုက်ပို့သောသူများမှာ  သိန်းဇော်၏ သူငယ်ချင်းအရင်းများပင် ဖြစ်ကြသည်။မောင်ဘိုးထင်တို့သည် သိန်းဇော်၏ နေအိမ်တွင် တည်းခိုခွင့်ရသဖြင့် ကျေးဇူးတင်မိနေသည်။ထို့နောက် သိန်းဇော်နှင့် သူ၏ အပေါင်းအသင်းများသည် မောင်ဘိုးထင်တို့အား ထမင်းစားသောက်ရန်အတွက် ပြင်ဆင်ပေးကြသည်။သဘော ကောင်းသော လူငယ်များသည် သူတို့၏အိမ်မှ ချက်သော ဟင်းများကို ယူလာကာ ဧည့်ခံကြသဖြင့် အတော်ကို ဟင်းမျိုး စုံလှပေသည်။ထို့နောက် ထမင်းစားပြီးသောအခါ သိန်းဇော်၏ အိမ်ရှေ့ကွပ်ပျစ်လေးတွင် ဝိုင်းဖွဲ့ ပြီး စကားဆိုကြလေသည်။တောသူတောင်သားများဖြစ်သောကြောင့် စကား ပြောကြရာ တွင် ပွင့်လင်းလှပေသည်။

    “မင်းတို့က ဘယ်ကနေလာကြတာလဲကွ “

    “ကျုပ်တို့က ပေပင်ရွာကပါ။ထမင်းတော့ စားပြီးပြီ နာမည် တော့ မိတ်မဆက်ရသေးဘူး ကျုပ်နာမည်က ဘိုးထင် ဟောဟိုက ကြောင်တောင်တောင်နဲ့ကောင်လေးက ပေတူးတဲ့ သူ့ဘေးက လူရှုပ်ရုပ်နဲ့ကောင်က ပေတူး ပြီးတော့ ရေနွေးကြမ်းသောက်နေတဲ့ နှာဗူးရုပ်နဲ့ တယောက်က ကိုဖိုးထွေး သူဘေးက ကြာကူလီ လိုလိုပုံစံနဲ့က ကိုသာရတဲ့ “

    မောင်ဘိုးထင်၏ မိတ်ဆက်စကားကြောင့် သူဌေးကုန်းမှ သိန်းဇော်၏ သူငယ်ချင်းများသည်် ရယ်ချင်မိသွားသော်ငြား ဘိုးထင်၏ သူငယ်ချင်းတစုမှာ မောင်ဘိုးထင်အား မကျေမနပ်ဒေါသထွက်နေသည့်မျက်လုံးများဖြင့် ကြည့်နေသောကြောင့် ပြုံးရုံသာ ပြုံးလိုက်ကြသည်။ထို့နောက် ပေတူးသည် မောင်ဘိုးထင်အား

    “အဲ့ကောင်ရဲ့ ရုပ်ကိုလည်း ကြည့်စမ်းပါ အကိုတို့ရယ် ရုတ်တ ရက်ကြည့်လိုက်ရင်တော့ဖြင့် ဆရာလိုလို ဘာလိုလိုနဲ့ သေချာကြည့် ကြည့်လိုက်  ကျုပ်မျက်လုံးထဲမှာတော့ ဒီကောင့်ရုပ်က ဒေါင့်မကျိုးဘူး ခင်နေတာကြာပြီမို့သာ ကျုပ်က သည်းခံပြီးပေါင်းနေတာ သူစိမ်းဆိုရင်တော့လား အဲ့ဒီကောင် အရိုက်ခံရတာ ကြာပြီ “

    မောင်ဘိုးထင် ပေတူး၏စကားကြောင့် ငြိမ်နေလိုက်ရသည်။ ပေတူးသည်က ပြောရသည်မဟုတ် အိပ်နေတုန်း ခေါင်းရိုက်ခွဲမှာ စိုးရသည်။ထို့ကြောင့် ပေတူးအား သူပြုံးပြီးသာ ကြည့်နေလိုက်ရသည်။ထို့နောက် မောင်ဘိုးထင်အား သိန်းဇော်မှ စကား ဆက်လာလေ၏။

    “မင်းတို့က ငါတို့ရွာကို ဘာလာလုပ်တာလဲ အလုပ်ကိစ္စရှိလို့လားကွ ငါက ကူညီမလို့ မေးတာပါ “

    “ဟို ဟို “

    မောင်ဘိုးထင်သည် သိန်းဇော်တို့အား တချက်ဝေ့ကြည့်လိုက်သလို ‌ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေလေရာ သိန်းဇော်မှ အသံတိုးတိုး နှင့် ထပ်မံ ပြောလာသည်။

    “ငါတို့ကို ယုံကြည်လို့ ရပါတယ်။ဒါပေမဲ့ မပြောလို့ မဖြစ်ရင် လည်း မပြောပါနဲ့ “

    “ပြောလို့က ရပါတယ်ဗျ ဦးပေါက်စဆိုတဲ့ လူနဲ့ အမျိုးတော်တဲ့လူ ဒီထဲမှာပါလား “

    “တောက် တော်စမ်းပါကွာ ဒီခွေးကောင်အကြောင်းမပြောစမ်းပါနဲ့ ဒီကောင်က သိန်းဇော်ကို သေစေချင်နေတာ ငါတို့လည်းမတတ်နိုင်လို့သာ ဒင်းဆီသွားတာ ဒင်းက မကုပေးပဲ နှင်ထုတ်လိုက်တာ “

    “ဟုတ်တယ် ငါ့ညီ ဒီလူကြီးက ကောင်းတဲ့လူမဟုတ်ဘူး ငါတို့ရွာက လူတွေကလည်း ဒင်းရဲ့ဝါဒမှိုင်းမိနေတာ ငါတို့ကိုတောင် ရွာက လူကြီးတွေက မကြည်ဘူး ဒီကောင်က အထက်လမ်း ဆရာဂိုက်ဖမ်းထားတဲ့ အောက်လမ်းဆရာကွ “

    သိန်းဇော် နှင့် သိန်းဇော်၏သူငယ်ချင်းများသည် သူတို့၏ စိတ်ထဲတွင် ရှိသည့်အတိုင်း ဦးပေါက်စ၏ မကောင်းကြောင်းကို အားတက်သရော ပြောပြကြသည်။သူတို့ ပြောပုံအရဆိုလျှင် ဦးပေါက်စသည် ငွေရရင် အကုန်လုပ်သည့်လူစားမျိုးဖြစ် သည်။ထိုအရာအား သူတို့ သိပြီးဖြစ်၏။အဘယ်ကြောင့်ဆိုသော် ဆရာဩ၏မြေး ရတနာကို သေအောင် စီရင်သည့် အောက်လမ်းဆရာမှာ ဦးပေါက်စ မဟုတ်ပါလား။ယခု ဦးပေါက်စသည် သူဌေးကုန်းတွင် တပည့်တပန်းများနှင့် ဘုရင်တပါးကဲ့သို့ပင် အိမ်ကြီးအိမ်ကောင်းဆောက်ကာ နေထိုင်နေလေသည်။သူ နေထိုင်ရာအိမ်ကြီးအား ‌ရှားရှားပါးပါး အုပ်ကြွပ်ပြားများပင် မိုးထားနိုင်သည်အထိ ချမ်းသာလှ၏။တိုက်ခံအိမ်ကြီး ဖြစ်ကာ ရွာနီး၀န်းကျင်တွင်တော့ အချမ်းသာဆုံးဖြစ်၏။ယခု သိန်းဇော်၏ အိမ်တွင်ရှိနေသော သူများမှာ ဦးပေါက်စကို မုန်း တီးနေကြသောသူများမို့ သူတို့ လာရင်း အကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။

    “ဒီကို လာရတဲ့ အဓိကအကြောင်းရင်းက ပညာတွေကို စည်းမဲ့ ကမ်းမဲ့ အသုံးပြုပြီး ငွေရှာနေတဲ့ ဦးပေါက်စဆိုတဲ့ လူကြီးကို ဆုံးမဖို့ပဲ”

    “ဟေ ငါ့ညီတို့ကလား  ဘာဖြစ်လို့ဆုံးမချင်တာလဲ “

    “ကျုပ်တို့ ဒီကိုမလာခင် သနပ်ပင်ရွာကို ရောက်ခဲ့တယ် အဲ့ဒီ မှာ ဦးပေါက်စ အောက်လမ်း နဲ့တိုက်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူရှိတယ် သူဆို အခုမှ ဆယ့်ခြောက်နှစ်လောက်ပဲ ရှိသေးတာဗျာ”

    “ဒီလူကြီးက အဲ့လောက်တောင် ယုတ်မာနေတာလား  အကူ အညီလိုရင်ပြောကွာ ဒီမိစ္ဆာကို တို့ရွာက မောင်းထုတ်ပစ်ရမယ် “

    “အကူအညီကတော့ ကျုပ်တို့ကို တည်းခိုခွင့်ပေးဖို့ပါ “

    “ငါ့အသက်ကိုတောင် ကယ်ထားတဲ့သူတွေက ဒီတည်း‌ခိုတာလောက်လေးနဲ့များ ပြောနေရသလား ညီတို့ရာ မင်းတို့လိုချင် ရင် ဒီအိမ်ဒီဝိုင်းကိုတောင် အပြီးပေးပစ်လိုက်မယ်ကွာ “

    “မလုပ်ပါနဲ့ဗျာ အဲ့လောက်အထိ မလိုပါဘူး  “

    မောင်ဘိုးထင်အား အစက ဆရာလေးလို့ ခေါ်ပေမဲ့ ကြိုက်ပုံမရသောကြောင့် သိန်းဇော်တို့ ပြောင်းခေါ်ခြင်း ဖြစ်သည် ။ ထို့နောက် ပျော်ပျော်နေတတ်သောလူအုပ်စု နှစ်စုတွေ့ ချိန်တွင်တော့ အရာအားလုံး အဆင်ပြေနေကြသည်။သိန်းဇော်တို့ သူငယ်ချင်းတစုသည်လည်း ယနေ့မှ တွေ့ဖူးသော မောင်ဘိုးထင်တို့အား ညီရင်းများပမာ ခင်မင်သည့်စိတ်များ ဖြစ်ပေါ်လာပါ‌တော့သည် ။

    ◾အခန်း (၃)

     ညနေအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။မောင်ဘိုးထင်တို့ သည် သိန်းဇော်၏ အိမ်တွင် ညနေစာအတွက် ထမင်းဟင်းများ ချက်ပြုတ်နေကြလေသည်။သိန်းဇော်သည် တန်းလျားတွင်ထိုင်ပြီး တွေးငေးနေသဖြင့် အလုပ်အားနေသည့် မောင်ဘိုးထင်မှာ သွားရောက်စကားပြောနေလိုက်သည် ။

    “ကိုသိန်းဇော် ကျုပ် တခုလောက် မေးချင်တယ် “

    “မေးလေ ဘိုးထင် “

    “ခင်ဗျားကို ပိုးထိတာ တိုက်မြွေနော် ရိုးရိုးမြွေ မဟုတ်ဘူး “

    “ငါသိတယ် ငါ မြွေကို ဓားနဲ့ခုတ်လိုက်တာ မြွေကခေါင်းပြတ်သွားပြီးမှ လည်ပင်းကို ခုန်ကိုက်တယ်ဆိုကတည်းက သာမာန် မြွေမဟုတ်ဘူးဆိုတာ ငါသတိထားမိတယ် ဘယ်သူလုပ်တာလဲ ဆိုတာတောင် ငါသိတယ် “

    “ဗျာ အဲ့လူက ဘယ်သူလဲ “

    “ဘယ်သူရှိရမှာလဲကွာ ယုတ်မာတာ နှစ်ယောက်မရှိတဲ့ ပေါက်စဆိုတဲ့ လူကြီးပဲ နေမှာပေါ့ “

    “သူက မြွေနဲ့ ဘာလို့တိုက်တာလဲ  “

    “ငါက ရွာသားတွေကို သူက အောက်လမ်းဆရာလို့ လိုက်ပြော ထားလို့ နေမှာပေါ့ “

    “ကျုပ်လည်း အမှန်အတိုင်း ဝန်ခံရရင် အောက်လမ်းပညာ တတ်တယ် ကိုသိန်းဇော် အဲ့တာကြိုတင်ပြီး ဝန်ခံထားတာ ဒါပေ မဲ့ ကျုပ်တတ်ထားတဲ့ပညာနဲ့ ဘယ်သူကိုမှ ဒုက္ခမပေးဖူးပါဘူး”

    မောင်ဘိုးထင်၏ ရဲရဲဝံ့ဝံ့စကားကြောင့် ‌သိန်းဇော်အတော်ပင် သဘောကျသွားသည်။ထို့နောက် တချက်ပြုံးလိုက်ကာ

    “မင်းကိုတော့ ငါ လေးစားတယ် ဘိုးထင်ရာ ငါ ဖြစ်စေချင်တာလဲ အဲ့လိုပဲ အောက်လမ်းက အထက်လမ်းဆရာအချိုး မချိုးနဲ့ အထက်လမ်းဆရာကလည်း အောက်လမ်းအချိုး မချိုးနဲ့ အခုတော့ကွာ လုပ်နေတာက အောက်လမ်းဆရာ နေထိုင်ပုံကတော့ အထက်လမ်းဆရာ ငါ့ရွာသားတွေကလည်း သူ့ရဲ့ ဖိန့်လုံးဟန့်လုံးတွေမှာ မျောနေတာပေါ့ကွာ ဗဟုသုတကလည်းနည်း အတွေးခေါ်ကလည်း နည်း ဆိုတော့ တို့လူငယ်တွေနဲ့ သဟဇာတ မဖြစ်ဘူးပေါ့ကွာ “

    “အင်း ကျုပ်တို့ ဒီလူကြီးကို အမြန်နှိမ်နှင်းမှ ရတော့မယ် သူ့ကြောင့် အပြစ်မဲ့တဲ့လူတွေ သေကြေနေရတာနည်းမယ် မထင်ဘူး “

    “ဖြစ်ရမှာပေါ့ဗျာ ကျုပ်တို့တွေ လူစုပြီး အစီအစဉ်ဆွဲကြတာပေါ့ “

    သိန်းဇော်သည် မောင်ဘိုးထင်၏စကားကို ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်လေသည်။သူတို့၏ စိတ်ထဲတွင်တော့ တွေ့ကြပြီပေါ့ပေါက်စ ရာဟုသာ တွေးနေပါတော့သည် ။

    ◾အခန်း (၄)

      ရွာလေးနှင့် မလိုက်ဖက်စွာ မြို့နေလူတန်းစားအသုံးပြုသောအသုံးအဆောင်များရှိသည့်အိမ်ကြီးတွင် ဖြစ်သည်။ထိုအိမ်ကြီး၏အရှင်သခင်ဖြစ်သူမှာ အောက်လမ်းဆရာကြီးဦးပေါက် စပင် ဖြစ်လေ၏။ဦးပေါက်စအတွက် ငွေရလွယ်‌သောအလုပ် များမှာ သူတပါးမျက်ရည်ကြီးငယ်ကျမှ ငွေများများရသော အလုပ်များဖြစ်၏။အပြင်ပန်းတွင်တော့ အထက်လမ်းဆရာ လိုလို ဆေးဆရာလိုလိုနှင့် လူတွေ၏ လေးစားမှုကို လုပ်ယူနေသူတယောက်ဖြစ်၏။ယခုလည်း တမလန်းသားဖြင့် ပြုလုပ်ထားသော ထိုင်ခုံကြီးပေါ်တွင် ထိုင်ကာ သူ၏တပည့်သားများအား အလိုမကျသောမျက်နှာဖြင့် ဒေါသပုန်ထ ဆူဆဲနေလေသည်။

    “ခွေးမသားတွေ မင်းတို့က သိန်းဇော်ဆိုတဲ့ကောင် အသက်ရှင်နေတာ မသိဘူးလား “

    “သိ သိပါတယ် “

    “အဲ့ဝာာကို မင်းတို့က ငါ့ကို ဘာလို့မပြောတာလဲ ဟေ့ကောင်တွေ”

    “ဟို ဟို ဆရာကြီး သိမယ် ထင်လို့ပါ “

    “ငါက အိမ်ထဲမှာပဲနေတာ သိမလားကွ ဒီကောင်ကို ကယ်တဲ့ ကောင်က ဘယ်သူလဲ ပြောစမ်း “

    “ဟို တခြားရွာက ရောက်လာတဲ့ကောင်လေးတွေပါ “

    “ဘာကောင်လေးတွေ ဟုတ်လား ဒီကောင်လေးတွေက တိုက်မြွေရဲ့အဆိပ်ကို ထုတ်နိုင်တယ်လား “

    “ဟုတ်ပါတယ် အဲ့ဒီကောင်လေးရဲ့အသက်က ဆယ့်သုံးနှစ်ကျော်ကျော်လောက်ပဲ ရှိမယ် ဆရာကြီး “

    “ဟ ဟုတ်လို့လားကွာ မင်းတို့သေချာရော စုံစမ်းလို့လား”

    “ဆရာကြီး မကုပေးလို့ဆိုပြီး သူတို့ တခြားရွာကို သွားတာ ကျနော်တို့က နောက်ကနေ လိုက်ကြည့်နေတာ သူကို ကုတဲ့ကောင်လေးနဲ့ ရွာလယ်လမ်းမှာ တွေ့ကြတာ ဆရာကြီး “

    “သူတို့က ဘယ်နှစ်ယောက်လဲ ဘာလုပ်ဖို့လာတာလဲ မင်းတို့ သိလား “

    “သူတို့ အားလုံး ငါးယောက်ပါ  ဆေးကုတဲ့ ကောင်လေးအရွယ် နောက်ထပ် ကောင်လေးနှစ်ယောက်နဲ့ အသက်တဆယ့်ရှစ်နှစ်ဝန်းကျင် နောက်ထပ်နှစ်ယောက် ထပ်ပါသေးတယ် “

    “ဒီကောင်တွေက ဘာလုပ်ဖို့ လာတာလဲ မင်းတို့ သိလား “

    “အဲ့တာတော့ ကျနော်တို့လည်း မသိပါဘူး ဆရာကြီး “

    “သိအောင် စုံစမ်းကြ ကြားလား “

    “ဟုတ် ဟုတ်ကဲ့ ဆရာကြီး မင်းတို့ထဲက တယောက်လောက် မနက်ဖြန် မြို့ကငါ့သမီးဆီ ငွေပို့ဖို့ စီစဉ်အုံး ကြားလား “

    “ဟုတ်ကဲ့ပါ ဆရာကြီး “

    ဦးပေါက်စသည် နာမည်နှင့် မလိုက်ဖက်စွာ ဝဝဖိုင့်ဖိုင့်လူကြီး တယောက်ဖြစ်သည်။သူသည် ကွမ်းကို တမြုံ့မြုံ့ဝါးနေ‌တတ်ပြီး သူ၏ လက်အောက်ငယ်သားများကို မထင်ရင် မထင်သလို ရိုက်ပုတ်တတ်သူ ဖြစ်၏။သူသည် ယခုရွာသို့ လူစိမ်းကောင်လေးများရောက်လာသောအခါ  အဘယ်ကြောင့်မှန်းမသိဘဲ သူ့ကိုယ်သူ  စိုးရိမ်စိတ်များ ဖြစ်ပေါ် နေလေ၏။ညဆိုလျှင်လည်း ကောင်းကောင်း အိပ်မပျော်သည့်အပြင် အိပ်မက်ဆိုးများလည်း မက်လာသည်။ဤသို့ဖြင့် သူ၏တပည့်ငယ်သားများကို ‌သေချာမှာကြားနေပါတော့သည် ။

    ◾အခန်း (၅)

     ညအချိန်ခါတွင် ဖြစ်သည်။သိန်းဇော်၏ အိမ်တွင် မောင်ဘိုးထင်တို့အပြင် အိမ်နီးချင်းဖြစ်သော အသက်ငါးဆယ်ကျော် လူကြီးတဦးပါ ရောက်နေသည်။ထိုလူကြီး၏ နာမည်မှာ ဦးစံလှ ဖြစ်ပြီး ရွာထဲတွင် တုတ်ပြီးဓားပြီးသည်ဟု နာမည်ကြီးနေသူဖြစ်သည်။ထိုလူကြီးသည် မဟုတ်မခံ ဆတ်ဆတ်ကြဲ လူရွတ်ကြီးတဦးဖြစ်သည်။သူသည် သိန်းဇော်ကိုဖြင့် အတော်ခင်မင်သူဖြစ်ပြီး ထူထူးခြားခြား ရွာထဲတွင် သိန်းဇော်ကို ကြည်ဖြူထောက်ခံသည့် လက်တဖက်မပြည့်သော အရေအတွက်ထဲမှ လူကြီးတယောက်ဖြစ်သည်။ဦးစံလှသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ

    “ကောင်လေးတို့ မင်းတို့ ငါ့အကူအညီလိုရင်သာပြော တတ် နိုင်သလောက်ကူညီမယ် မင်းတို့က သိန်းဇော်နဲ့ ပနံသင့်တယ်ဆိုတော့ ဦးပေါက်စကို ကြည်မဲ့ကောင်တွေတော့ မဟုတ်ဘူး “

    “ကြည်မလား ဦးကြီးရာ ဒီလူကြီးက လူယုတ်မာကြီးဗျ”

    “ငါသိတာပေါ့ကွာ ရွာထဲကလူအတွေကသာ ပေါက်စ အ ကြောင်းကိုမသိတာ တရွာလုံးက အသက်ကြီးပြီး အချိန်မစီးတဲ့ ဟာတွေပါကွာ “

    “ဒါနဲ့ ဦးကြီးက တုတ်ပြီး ဓားပြီးတယ်ဆိုဗျ “

    “နည်းနည်းပါကွာ “

    “ကိုသိန်းဇော် ပြောတာ အမဲလိုက်အတော်ကျွမ်းဆိုပဲ ကျုပ်တို့လည်း အမဲလိုက် ဝါသနာပါတယ် “

    “ဟေ ဟုတ်လား အဲ့တာဆို မပြန်သေးနဲ့ဦး နောက်တပါတ် ငါတို့ တောလည်မှာ လိုက်ခဲ့ပေါ့ “

    “လိုက်တော့ လိုက်ခဲ့ချင်တယ် ဦးကြီးရေ ကျုပ်တို့အလုပ်က ရှိသေးတယ် “

    “မင်းတို့အလုပ်က တပတ်ကြာတောင် လုပ်ရမှာလားကွ မြန်မြန်ပြီးအောင် ငါလည်း ကူလုပ်မယ်လေ “

    မောင်ဘိုးထင်သည် ဦးစံလှ၏ စကားကြောင့် တခြားသူများကို တချက်ကြည့်လိုက်သည်။ထို့နောက် သိန်းဇော်သည် သူ့ အား ခေါင်းညိတ်ပြလိုက်၍ မောင်ဘိုးထင်မှာ ဦးစံလှအား စကား ဆက်လေသည် ။

    “ဦးကြီး ကျုပ်တို့ အလုပ်ကို သိချင်လား “

    “အေးသိချင်တာပေါ့ ကူညီလို့ရရင်လည်း ကူညီချင်လို့လေကွာ “

    “ဦးကြီး ဦးပေါက်စကို ကြည့်လို့ရလား “

    “တောက် ဒီကောင့်အကြောင်း မပြောစမ်းပါနဲ့ကွာ ကြောင် သူတော်ကြွက်သူခိုးဟ “

    “အဲ့တာဆိုရင် ကျုပ်တို့ လုပ်ငန်းက ဦးပေါက်စကို ဖျက်စီးဖို့ ဆိုရင်ရော “

    “ဟေ့ မင်းတို့က တကယ်အဲ့ဒီလိုလုပ်မဲ့လူတွေလား “

    ဦးစံလှ၏စကားအား မောင်ဘိုးထင်အပြင် တခြားသူများကပါ ခေါင်းညိတ်ပြလိုက်၏။ထိုအခါ ဦးစံလှသည် ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး မောင်ဘိုးထင်တို့အား အသံတိုး တိုးဖြင့်

    “အဲ့တာဆိုရင်လည်း မြန်မြန်လုပ်ဟေ့ နောက်တပတ် တော လည်ထွက်ရင် မင်းတို့ကိုပါ ခေါ်ချင်လို့ဟ ငါ့ကို ခိုင်းချင်တာသာခိုင်း အဲ့ဒီကောင်ပေါက်စ ဒုက္ခရောက်ရင် ပြီးရောကွာ “

    မောင်ဘိုးထင်သည် ဦးစံလှ၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီး အချင်းချင်းတီးတိုးတိုင်ပင်ကာ မနက်ဖြန် ဦးပေါက်စကို  နှိမ်နှင်းမည့် အစီအစဉ်များ ချလိုက်ကြပါလေတော့သည်။

    ◾အခန်း (၆)

    “ဆရာကြီး ဆရာကြီး လုပ်ပါဦးဗျာ ဒီမှာ ဧည့်သည်လေး  ဘာဖြစ်မှန်း မသိလို့ပါ ကျုပ် မှားတာတွေရှိရင်တောင်းပန်ပါတယ် ကူညီပေးပါဗျာ “

   ထိုသို့သောစကားကိုပြောပြီး ဦးပေါက်စ၏ အိမ်ဝိုင်းထဲဝင်သွားသူက သိန်းဇော်ဖြစ်သည်။သိန်းဇော်၏ အနောက်တွင်တော့ စောင်ပုခက် နှင့် ထမ်းလာရသော ကောင်လေးတယောက်။ထိုကောင်လေးမှာ ပေတူးဖြစ်သည်။ပေတူးသည် တကိုယ်လုံးပြာနှမ်းနေလေသည်။ထို့နောက် စောင်ပုခက်ကို အောက်သို့ချလိုက် ကာ ဦးပေါက်စအား ဒူးထောက်တောင်းပန်နေသူသိန်းဇော်မှာ

    “ဆရာကြီး ကျုပ်မှားပါတယ်ဗျာ ကျုပ်တို့က ပညာမဲ့တာပါ ဆရာကြီးကကျုပ်တို့ရွာအတွက် ထမင်းပန်းကန်တချပ်ပါ ကျနော်က ထမင်းပန်းကန်ကို မမြင်ခဲ့တဲ့ လူအတယောက်ပါ အခုတော့ အမှန်တရားကို သိပါပြီ ဆရာကြီး ကျုပ်ကို ခွှင့်လွှတ်ပါ “

    “ကဲ ကဲ သိန်းဇော် မင်းက အမှန်တရားကို သိပြီဆိုတော့ ငါ့ ခွင့်လွှတ်ရမှာပေါ့ ဘယ်လိုဖြစ်လာတာလဲ ပြောစမ်းကွာ  “

    “ကျုပ်တို့အိမ်ကို ဦးအုန်းဆိုတဲ့လူတယောက် လိုက်လာတယ် ဗျာ ပြီးတော့ ဒီဧည့်သည်လေးတွေကို တိုက်ခိုက်တယ် မင်းတို့ မလောက်လေးမလောက်စားကောင်တွေက ငါ့ကို လိုက်ရှာနေတယ်ပေါ့ဆိုပြီး တိုကိခိုက်တော့တာပါပဲ ကျန်တဲ့ ကောင်လေးတွေက လွတ်ပြီး ဒီကောင်လေးပဲ ထိသွားတာ “

    “ပေါက်စဆိုတဲ့ကောင်က ငါ့အပိုင်နယ်ထဲလာပြီး  ဘာလုပ်တာလဲ “

    “မသိပါဘူးဗျာ အခု ကျုပ်သူငယ်ချင်းတွေနဲ့ ဦးစံလှတို့နောက်က လိုက်သွားတယ် ဦးစံလှကတော့ သူတို့ မနိုင်လောက်ဘူးတဲ့ ဆရာကြီးရဲ့ တပည့်တွေကို အကူညီတောင်းပေးပါလို့ ပြောတယ် ဆရာကြီး “

    “စံလှ နဲ့ မင်းတောင် အမြင်မှန်ရပြီကိုး “

    “ကူညီပါဆရာကြီးရယ် အခြေအနေတွေက ရှုပ်ထွေးနေလို့ပါ “

    “ငါ ဒီကောင်လေးကို ကုပေးမယ် “

    “ဦးအုန်းဆိုတဲ့ လူကိုလည်း လိုက်ဖမ်းပေးပါဦး ဆရာကြီး “

    ‌ဦးပေါက်စသည် ခေတ္တစဥ်းစားလိုက်ပြီးနောက် သူ၏ တပည့်များကို အော်ခေါ်လိုက်လေသည် ။

    ‘ဟေ့ကောင်တွေ လာခဲ့ကြစမ်း “

    “ဟုတ်ကဲ့ ဆရာကြီး “

    မကြာသောအချိန်တွင် လူကြီးလူရွယ်ဆယ်ယောက်တို့သည် ဦးပေါက်စ၏ ရှေ့တွင် လက်နောက်ပစ်ထားသည့် အနေအထားဖြင့် ရပ်နေကြသည်။ထို့နောက် ဦးပေါက်စသည် သူ၏ တပည့်များကို မာထန်သော လေသံဖြင့်စကားဆိုလေသည်။

    “ငါ့နယ်ထဲကို ငအုန်းဆိုတဲ့ကောင် လာပြီး သောင်းကြမ်းသွားတယ် အဲ့တာ မင်းတို့ကောင်တွေ လိုက်ဖမ်းပေးလိုက်ကြစမ်း “

    “ကျပ်တို့က ဘယ်ကို လိုက်သွားရမှာလဲ ဆရာကြီး “

    “ရွာအနောက်ပိုင်းကို ပြေးသွားတာပါ ကျုပ်အထင် သင်္ချိုင်းလမ်းဘက်တည့်တည့်ပဲ “

    သိန်းဇော်မှ ဝင်၍ လမ်းပြပြောဆိုလိုက်သည်။ဦးပေါက်စ သည် မျက်နှာတည်တည်နှင့်ပင်

    “သိန်းဇော်ပြောတဲ့ နေရာကို လ်ိုက်စမ်း။မိရင် အဲ့ဒီကောင်ကို အရှင်ဖမ်းခဲ့ ကြားလား “

    “ဟုတ်ကဲ့ပါ ဆရာကြီး “

    ‌ဦးပေါက်စ၏ တပည့်များသည် လက်နက်များဆွဲကိုင်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်ခွာသွားကြလေသည်။သူဌေးကုန်းရွာ သားများသည် ရုတ်ရုတ်သဲသဲဖြစ်နေပေမဲ့ လူငယ်များနှင့်  ဦးပေါက်စ၏တပည့်များ ဖြစ်နေသည်မို့ ငြိမ်၍သာ နေလိုက်ကြပါသည်။

    ◾အခန်း (၇)

    ဘိုးထင်နှင့် သာအေးသည် ဦးပေါက်စ၏ ကျယ်ဝန်းသောအိမ်ဝိုင်းကြီး၏ မန်းကျည်းပင်အောက်တွင် ထိုင်နေကြသည်။ သူတို့ ရောက်နေသည်ကို မည်သူမျှ သတိမထားမိကြပေ။ကင်းပတ်သော ဦးပေါက်စ၏ တပည့်များသည်လည်း ဦးစံလှတို့‌၏ နောက်သို့ လိုက်သွားပြီ ဖြစ်သည်။ထို့နောက် ဘိုးထင်သည် လွယ်အိတ်ထဲမှ အထုတ်တခုကို ထုတ်လိုက်ပြီး

    “သာအေး ကျင်းတူးကွာ ဒါက ယက္ခအစီအရင်ကွ ငါ့ကြည့်ရသလောက် ဒီအိမ်ထဲမှာ ယက္ခအဆင့်ကို မှီတဲ့ကောင်တကောင်မှ မရှိဘူး “

    “ငါတို့ ဒီလို လုပ်နေတာကို ဒီက အစောင့်ကောင်တွေက မသိနိုင်ဘူးလား “

    “သိမလားဟ ဦးပေါက်စကြီးက ဦးအုန်းလို့ နာမည်ကြားတာနဲ့ အစောင့်တွေကို သူ့အနားမှာပဲ ထား ထားပြီ “

    “အေး ဟုတ်တယ် လူအစောင့်တွေ မရှိတော့ သရဲအစောင့်တွေ ခေါ် ထားမှာပေါ့ “

    “မင်းရဲ့ ယက္ခအစီအရင်က ဘယ်လိုလုပ်ရတာလဲ ငါတို့ကိုလဲ မပြောဘူး “

    “အဘဆီက ခိုးလာတာ သူက ငါ့ကို ညဘက်တွေဆို အစီအရင်အကြောင်းတွေ ပြောပြတယ် အဘက အောက်လမ်းသာ ပြောတာ အခုနောက်ပိုင်း အောက်လမ်းအစီအရင်တွေ သိပ်မလုပ် ဖြစ်တော့ဘူး။အထက်လမ်းဆရာကြီးတွေပေးတဲ့ နည်းတွေနဲ့ စမ်းတာ အခု ဒီအထဲမှာ ဘာတွေပါတယ်ဆိုတာ ငါလည်းမသိရဘူး “

    “ဟေ့ကောင် မင်း ယက္ခကြီးကို ငါ ကြည့်ချင်တယ် ဘိုးထင် “

    “ငါလည်း ကြည့်ချင်နေတာကွ အဘကပြောထားတယ် ဒီ အတိုက်ကို သုံးတော့မယ်ဆိုရင် မြင်ကွင်းမဖွင့်တာက ပိုပြီးအဆင် ပြေမယ်တဲ့ “

    “ဘာလို့လဲဟ “

    “မသိဘူး သူပြောတာကတော့ ဆင်တွေလိုပဲတဲ့ကွ “

    “မင်းပြောတာ ငါ တကယ်ကို နားမလည်ဘူးကွာ “

    “ခဏလေးကွာ ငါ “

    မောင်ဘိုးထင်သည် သူ၏ခြေဖဝါးမှ ခြေစာမှုန့်ကို ယူကာ  မန္တန်ရွတ်ပြီး မျက်လုံးကွင်းလိုက်သလို သာအေးကိုလည်း ကွင်းပေးလိုက်သည်။ထို့နောက် ယူလာသောအထုတ်အား မန်ကျည်း ပင်အောက်တွင် မြှပ်လိုက်ပြီး လက်ဖမိုးအား ဓားနှင့် လှီးလိုက်ရာ သွေးတို့အား  မြှုပ်ထားသော မြေနေရာသို့ တစက်ချင်း ကျ  စေလေ၏။ထို့နောက်တွင် မောင်ဘိုးထင်သည် သူ၏ လက် ဖဝါးကို ပုဆိုးစဖြင့် စည်းလိုက်ပြီး

    “ယက္ခ မင်း ငါခိုင်းတဲ့အတိုင်း လုပ်ရမယ် ဒီအိမ်ဝိုင်းထဲက ကောင်တွေ မှန်သမျှ အကုန်မောင်းထုတ်ပစ် ဒါမင်းသခင်ဖြစ်သူရဲ့ အမိန့် “

    သာအေးသည် ဘိုးထင်မှ ဆရာကြီးလေသံ ဆရာကြီးပုံစံနှင့် အမိန့်ပေးနေသည်ကို ငေးကြည့်နေစဉ်မှာပင် မြေကြီးထဲမှ အစိမ်းရောင်အသားအရည်နှင့် အကြေးခွံများရှိသော ဘီလူး ကြီးတကောင် ထွက်လာလေသည်။ဘီလူးကြီးသည် မဲနက်သော မျက်လုံးပြူးပြူး၊ရှည်လျားသော နှာခေါင်း၊အပြင်သို့ထွက်နေသော အစွယ်ကားကားနှင့် ရှည်လျားပြီး ရှုပ်ပွနေသော ဆံပင်တို့လည်း ရှိသည်။သူ၏ လက်တွင် တင်းပုတ်ကြီးကို ထမ်းထားပြီး အရှက်လုံရုံမျှ နံငယ်ပိုင်းလေးသာ ဝတ်ထား သည်။သာအေး ငေးကြည့်နေသည့်ကို သတိထားမိဟန်ရှိသော  ဘီလူးကြီးသည် သာအေး၏ အနားသို့တဖြည်းဖြည်းတိုးကပ်သွားစဉ်မှာပင် မောင်ဘိုးထင်မှာ သာအေး၏ မျက်လုံးအား သူ၏ လက်ဖြင့် ပွတ်သပ်လိုက်၏။ထိုအခါ သာအေး၏ မြင် ကွင်းတွင် ဘီလူးကြီး ရှိမနေတော့ပေ။သူတို့သည် မည်သည့်စကားမှ မပြောတော့ပဲ အိမ်ကြီးဆီသို့ ထွက်လာရာ မောင်ဘိုးထင်မှ လေသံတိုးတိုးဖြင့်

    “ကံကောင်းလို့ကွာ ဘီလူးကြီးက သူကို မြင်ရတဲ့သူကကြောက်နေတယ်ဆိုရင် တို့ခိုင်းတာ မလုပ်လောက်ဘူးကွ မင်းဆီကို လာနေတာ တွေ့လား”

    “အေးကွ ကြောက်စရာကြီး နောက်တခါကျ မလုပ်နဲ့ဆိုတဲ့ဟာကို မလုပ်တော့နဲ့ကွာ ကြားလား ဘိုးထင် “

    သာအေးသည် ဘိုးထင်ကို အပြစ်တင်သောလေသံဖြင့် ပြောလိုက်ရင်း သူတို့၏ ရှေ့တွင်ရှိသော အိမ်ကြီးဆီသို့ သွားနေပါတော့သည် ။

    ◾အခန်း (၈)

      ဦးပေါက်စသည် သူ၏ရှေ့ရှိ တကိုယ်လုံးပြာနှမ်းနေသော ပေတူးအား လှဲအိပ်ခိုင်းထားသည်။ထို့နောက် ဆေးတခွက်အား တိုက်လိုက်လေသည်။စောင်ပုခက်ထမ်းလာသော ဖိုးထွေးနှင့် သာရသည် ဦးပေါက်စအား သေချာအကဲခတ်ကြည့်နေလေသည်။သိန်းဇော်သည် စိတ်မကောင်းသော မျက်နှာပေးနှင့် ဖြစ်သည်။ဆေးတိုက်ပြီးသောအခါ ဦးပေါက်စ၏ မျက်နှာသည် ပြုံးနေသည် သူ၏ စိတ်ထဲတွင် ထင်ထားသည်မှာ သိန်းဇော်ကို ကုပေးခဲ့သည့် ကောင်လေးဆိုသူမှာ ပေတူးဟု ထင်လိုက်၍ ယခု သူတိုက်သောဆေးမှာ ပညာရပ်များအား ပျက်စီးစေသော ဆေး ဖြစ်လေသည်။ထိုဆေးအား သုံးခွက်မျှ စီရင်ထားပြီး ပညာမကုန်မချင်း တိုက်မည်ဟုတွေးထားသည်။ယခု ပေတူး သည် ပြာနှမ်းနေရာမှ မဲလာရာ သိန်းဇော်မှ ဦးပေါက်စအား

    “ခင်ဗျား ဘာတွေတိုက်လိုက်တာလဲ ကောင်လေးတကိုယ်လုံး မဲလာပြီ ”

    “ငါက သူ့ကို အဆိပ်ဖြေဆေးပဲ တိုက်တာပါကွာ “

    “အဲ့တာဆိုရင် ဘာလို့ မဲလာတာလဲ “

    “မသိဘူးလေကွာ “

    “ခင်ဗျား ကြည့်ရတာ မရိုးသားဘူး  ဟေ့ကောင်တွေ ဦးပေါက် စကို ဖမ်းကြကွာ “

    “ဟေ့ ဟေ့ကောင်တွေ မင်းတို့ကိုလည်း ကူညီပေးရသေးတယ် ငါ့ကို ဒုက္ခမပေးနဲ့ “

    “ဘာကူညီတာလဲ ကျုပ်ကောင်လေးက ပြာနေရာကနေ မဲ သွားပြီ ခင်ဗျား ဘာဆေးတွေ တိုက်လိုက်လဲမှမသိဘဲ “

    သိန်းဇော်၊ဖိုးထွေး နှင့် သာရတို့သည် ဦးပေါက်စ အနားသို့ တဖြည်းဖြည်းတိုးကပ်သွားချိန် ဦးပေါက်စမှ သိန်းဇော်တို့အား ဂုတ်ချိုးသတ်ပစ်ရန် သူ၏မကောင်းဆိုးဝါးအစောင့်များအား အမိန့်ပေးလိုက်လေသည်။သို့ပေမဲ့ သူ၏ အစောင့်များ သည် ယက္ခကြီးရောက်နေ၍ ခြံထဲတွင် မနေရဲတော့ပဲ ထွက်ပြေးကြကုန်သည်။ဦးပေါက်စသည် သူ၏ အစောင့်များ ပြေးသွားချိန်တွင်တော့ ကြောင်ငေးနေမိပြီး ဖိုးထွေးတို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။ထို့နောက် ဦးပေါက်စအား ကြိုးဖြင့်ချည်နှောင်ထားလိုက်၏။ဘိုးထင် နှင့် သာအေးသည် သူတို့ရှိရာ အနားသို့ရောက်လာကာ မန္တန်စရွတ်နေသော ပေတူး၏ နဖူးအား လက်ဖြင့်အုပ်၍ မန္တန်တပုဒ်ကို ရွတ်လိုက်ချိန် မဲနက်နေရာမှ ဖြည်းဖြည်းချင်းပုံမှန်အသားရောင်ဖြစ်လာကာ ထထိုင်လိုက်ပြီးနောက် စကားဆိုလေသည်။

    “နောက်တခါ ငါ့ကို ဒီဟာတွေမခိုင်းနဲ့ ဘိုးထင် ဘယ်အချိန် သေမလဲဆိုပြီး စောင့်နေရသလိုပဲ “

    “မင်းကို သေမဲ့အလုပ် လုပ်ခိုင်းပါ့မလား ပေတူးရာ “

    “မသိဘူး နောက်တခါ မလုပ်ဘူး ဟိုလူကြီးက ငါ့ကို ဘာတွေ တိုက်တာလဲမသိဘူး တကိုယ်လုံး ပူရှိန်းနေတာပဲ “

    “ဘာတွေလည်းဆိုတာ မကြာခင် သိရမှာပေါ့ ပေတူးရာ “

    မောင်ဘိုးထင်သည် ‌ဦးပေါက်စ စပ်ထားသော ဆေးခွက်ကို ယူကာ ဦးပေါက်စ၏အနားသို့တိုးကပ်သွားချိန် ဦးပေါက်စ မျက်စိမျက်နှာပျက်သွားပြီး

    “မ မလုပ်ပါနဲ့ကွာ ငါ တောင်းပန်ပါတယ် ငါ့ကို အဲ့တာတွေ မတိုက်ပါ နဲ့ “

    “ခင်ဗျားက ကျုပ်သူငယ်ချင်းကိုကျတိုက်ပြီးတော့ ခင်ဗျားကိုယ်တိုင် တခွက်လောက်စမ်းသောက်ကြည့်စမ်းပါ ”

    “မ မလုပ်ပါနဲ့ကွာ “

    “ပြောနေတာ ကြာတယ်ဗျာ ကိုဖိုးထွေး အဲ့ဒီလူကို နှာခေါင်းပိတ်စမ်းဗျာ ပါးစပ်ကို ဟခိုင်း ပေတူး အဲ့တခွက်ပါ တိုက်မယ် ယူခဲ့ ငါတိုက်ပြီးရင် မင်းတိုက် “

    ဖိုးထွေး နှင့် သာရသည် ဦးပေါက်စ၏ ပါးစပ်ကို မရမက ဟ  ပေးထားရာ ‌ဆေးနှစ်ခွက်အား မောင်ဘိုးထင်နှင့် ပေတူးတို့အားတိုက်လိုက်ကြတော့သည်။ထိုဆေးသောက်ပြီးသည်နှင့် ဦးပေါက်စသည် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်နေလေသည်။ထိုအမဲရောင်အရည်များသည် မျက်လုံး၊နှာခေါင်း၊ နားတို့မှ ထွက်လာကာ ရယ်လိုက်၊သီချင်းဆိုလိုက် နှင့် ပြုလုပ်လာရာ ရူးသွားပြီဆိုသည်အား သူတို့ သတိထားလိုက်မိပါလေတော့သည် ။

    ◾အခန်း (၉)

    ဦးပေါက်စ၏ တပည့်များကို ဖမ်းထားသောသိန်းဇော်၏ သူငယ်ချင်းများ ရွာသို့ ပြန်လာကြသည်။သူတို့ထဲတွင်တော့ ဦးစံလှ မပါလာပေ။သိန်းဇော်၏ သူငယ်ချင်းများသည် သွေးသံ ရဲရဲဖြစ်နေသော ဦးပေါက်စ၏ တပည့်သုံးယောက်အား စောင်ပုခက်ဖြင့်သယ်လာပြီး မောင်ဘိုးထင်တို့ရှိရာသို့ ရောက်လာလေသည်။ထို့နောက် ဦးပေါက်စ ပုံမှန်မဟုတ်သည်ကို မြင်သွား သောအခါ အံ့ဩနေကြ၏။စောင်ပုခက်ထဲမှ လူများသည်က အခြေအနေမကောင်းဘဲ သွေး‌တို့မှာ ‌မြင်မကောင်းအောင် ထွက်နေလေသည်။သိန်းဇော်သည် သူ၏ သူငယ်ချင်းများအား ‌အကျိုးအကြောင်း မေးမြန်းလိုက်လေသည်။

    “ဟေ့ကောင်တွေ ဘယ်လိုဖြစ်လာတာလဲဟ “

    “ဘယ်လိုဖြစ်ရမှာလဲကွာ ဒီကောင်တွေက ဦးစံလှကြီးကို ဓားနဲ့ ဝိုင်းခုတ်တာ ဟိုက ခေါင်းနဲ့ မျက်နှာတွေချည်းပြန်တိုက်ခိုက်လိုက်တာ  ဒီကောင်တွေ ဒီလိုဖြစ်ကုန်တော့တာပဲ “

    “အခု ဦးစံလှကရော “

    “သူက ဒီကောင်တွေ သေမယ်ထင်ပြီး ပြေးပြီ”

    “ဟာ ဒုက္ခပါပဲကွာ မင်းတို့ ဟိုဘက်ရွာက ဆေးဆရာနဲ့ ဆေး သွားကုကြ ငါတို့ ဦးစံလှကို လိုက်ရှာလိုက်ဦးမယ် “

    သိန်းဇော်သည် သူငယ်ချင်းများအား ထိုသို့ပြောပြီးနောက် မောင်ဘိုးထင်တို့ဘက်သို့ လှည့်ကာ

    “ငါ့ကောင်တို့ရေ မင်းတို့ကတော့ တို့ရွာမှာ ဆက်နေရဦးမယ် ထင်တယ်ဟေ့ တို့ ဦးစံလှကို လိုက်ရှာကြအုံးစို့ “

    ထို့နောက် ရူးနေပြီဖြစ်သောဦးပေါက်စကို ကြိုးဖြေပေးလိုက်ကြသည်။ကြိုးမှ လွတ်သည်နှင့် ဦးပေါက်စသည် ပုဆိုးမနိုင် ပဝါမနိုင်ဖြင့် ရွာထဲသို့ ကခုန်ကာ ထွက်ပြေးသွားတော့သည်။ မောင်ဘိုးထင်တို့သည်  သူတို့ အကူညီတောင်း၍ ကူညီပေးခဲ့သော ဦးစံလှကြီးကို လိုက်ရှာရပေဦးတော့မည် ဖြစ်သည်။

    ◾အောက်လမ်းဘိုးထင် နှင့် စည်းမဲ့ပေါက်စ သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း