စည်းအပြင်ကလူ(စ/ဆုံး)

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် တောလမ်း
ကလေးအတိုင်း ဆိုင်ကယ်ကို မနှေးမမြန် စီးလာကြ သည်။ တကယ်တမ်းကတော့ ခပ်မြန်မြန်လေး စီးချင် တာ။ ဒါမှ ကျွန်တော်တို့ခရီး ဦးတည်ရာ ညောင်ပင်သာ ရွာကို ထမင်းစားအမီရောက်မှာ ဖြစ်သည်။ ဒါပေမဲ့ သိတဲ့ အတိုင်း ရွာချင်းဆက်လမ်းတွေ၊ မြို့နှင့်ရွာဆက်သည့် လမ်းတွေက ကတ္တရာလမ်းရယ်လို့ သိပ်မရှိ။ မြို့အထွက် တစ်မိုင်နှစ်မိုင်ဆိုလျှင် လမ်းကောင်းက ကုန်ဆုံးပြီ။ မြေလမ်းအနည်းငယ် ကောင်းလျှင် ဂဝံလမ်း၊ အနည်းငယ် ဆိုးလျှင် လှည်းလမ်းကြမ်း၊ ဒီထက်ပိုဆိုး လျှင် ဗွက်လမ်း၊ ဒါတွေပဲ တွေ့ နေရသည်။ ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်းများ အိပ်မက်ပင် မက်၍မရ။ ယခု လည်း ကျွန်တော်တို့ အခြေချရာ တောင်ပေါ်မြို့ကလေး မှ ထွက်လာတာ ဘာမှမကြာသေး။ လမ်းကြမ်းတွင် ဆိုင်ကယ်ကို ကဆုန်ပေါက်စိုင်းနေရသည်။ လက်ကိုင် ကို သတိထား၍ ထိန်းရင်း မြို့ထဲမှ ရတနာဆိုင်ပိုင်ရှင် တစ်ယောက်စကားကို မကြားချင်ဘဲ ကြားယောင်နေမိ ပြန်သည်။
ဆရာတို့ ဗေဒင်ဆရာတွေ ဆိုင်နဲ့၊ ကနားနဲ့၊ အခန်း နဲ့၊ တိုကင်ပေးတဲ့ စာရေးမနဲ့၊ တခမ်းတနား မြို့ကြီးမှာ စမတ်ကျကျ ဖွင့်ကြပါလား။ အဲဒါမှ လူအထင်ကြီးတာ ဆရာရဲ့။ ဟောခပြောခလည်း သောင်းချီသိန်းချီ တောင်း လို့ ရတာပေါ့။ ရိုက်ယူရတာလေ။ ဒီလိုမန္တလေးကနေ နယ်တွေကို ဆင်း၊ ဆိုင်ကယ်ကလေးနဲ့ လျှောက်သွား
ဗေဒင်ဟောပါတယ်။ မေးကြဦးမလား ခင်ဗျာဆိုတော့ အောက်တာပေါ့ ဆရာရယ်။ နောက်ပြီး လောကကြီးက အလိမ်အညာတွေ ပြည့်လို့ဆိုတော့ စဉ်းစားနိုင်မှ တော်ကာကျတယ်လေ”
ကျွန်တော်နှင့်စိုးပိုင် တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်မိကြပြီး လိုက်ပို့သည့်မြို့ခံသူငယ်ချင်းက တဟဲဟဲရယ်ရင်း…
“ကုမ္ပဏီတွေလိုပေါ့ခင်ဗျာ… ဦးကြီးရယ်… ဆိုင်မှာ ထိုင်ရောင်းရင် ဝယ်တဲ့သူ မလာလို့ Door to Door စံနစ်နဲ့ နယ်လှည့်ရောင်းကြရတယ် မဟုတ်လား။ သူတို့ လည်း ဒီစနစ်အတိုင်းပေါ့။ အခုခေတ်က မျက်နှာစာ တိုင်းမှာ ယှဉ်ပြိုင်မှုတွေ အများကြီးလေ” ကျွန်တော်ကဝင်ပြီး…
“မေးကြည့်ပါ ဦးကြီး၊ ကျွန်တော်တို့ဟာ မန္တလေး က ပုဏ္ဏားဗေဒင်ဆရာတွေပါ။ ရှေးတုန်းကတည်းက ဘုရင့်ပုရောဟိတ်တွေရဲ့ မြေးမြစ်အမျိုးအနွယ်တွေပါ၊ ဦးကြီး မေးမြန်းကြည့်ရင် သိပါလိမ့်မယ်ခင်ဗျာ’ ဟု ယဉ်ယဉ်ကျေးကျေး ရှင်းပြလိုက်ရသည်။ ဆိုင်ရှင် အဘိုးကြီးက ပြုံးတုံးတုံး လုပ်နေရင်း.. “ကဲ ကဲ မေးရတာပေါ့ကွာ… အပျင်းပြေပေါ့” ဟု ပြောလိုက်သည်။ သူ့စကားကို စိတ်ဆိုးချိန်မရ ဘဲ သူငယ်ချင်းက မွေးနေ့မွေးရက်မေးပြီး မှတ်စုစာအုပ် ထဲတွင် ခွင်ချတွက်ချက်နေသည်ကို ကျွန်တော် စောင့် ကြည့်နေမိသည်။
သိပ်မကြည့်လိုက်ရပါ။ ဇာတာခွင်တွင် ထင်းထင်း ကြီး ပေါ်နေသည့်မူလအင်္ဂါက အရပ်အတည် မကောင်း ရသည့်အထဲ ကောဇော အင်္ဂါနှင့် ရာဟုက မြင်နေပြန် သည်။ သူငယ်ချင်းအပြောကိုပင် မစောင့်တော့ဘဲ ကျွန်တော်က…
ဦးကြီး မီးလောင်ပြီးပြီလားခင်ဗျ”
သူ ဟင်ခနဲဖြစ်သွားသည်။
“ဪ… ဒီလိုပါ မီးလောင်ကိန်းမြင်တယ်။ ဝိုင်ယာ ရှော့ဖြစ်တတ်တယ်။ ဖြစ်ပြီးရင်ပြီးပြီ။ မဖြစ်သေးရင် သတိထားပါ”
ဖြစ်ပြီးပြီဟေ့… ဖြစ်ပြီးပြီ။ ထရန်စဖော်မာ အတင်း တင်ပြီး ပေါင်းအိုးတွေ၊ မီးဖိုတွေ တအား ဆွဲတာ ရှော့ ဖြစ်ပြီး မီးခိုးတွေကို လုံးနေတာပဲ။ ဒုက္ခတွေကို ရောက် လို့။ မှန်လိုက်တဲ့ ဗေဒင်ဆရာပါလား၊ ဘယ်က လာကြ တာလဲ မန္တလေးကလား”
ဒီစကားတွေကို အော်ကြီးဟစ်ကျယ် ပြောရင်း အခန်းထဲကို ဝင်လာသည့် သူက ဆိုင်ရှင်ကတော် ဖြစ်ပုံ ရပါသည်။ ဖြူဖြူဝဝခန့်ခန့် ရွှေဆွဲကြိုးအတုတ်ကြီး ဆွဲ ထားသည့် ဆံပင်အုံကောင်းကောင်း ဘီးကျော်ပတ်ကြီး နှင့် အဒေါ်ကြီးက ဦးကြီးထက် သဘောကောင်းပုံ ရပြီး ဘွင်းဘွင်းရှင်းရှင်း ဟောဟော ဒိုင်းဒိုင်းကြီး ဖြစ်လေ သည်။ ကျွန်တော်တို့ ဆက်ဟောသမျှ အချက်အလက် တွေကို အေး၊ ဟုတ်တယ်၊ မှန်လိုက်တာ ဆရာရယ်၊ ဟာ ဒိုင်းခနဲ နေတာပဲ မှန်တာ၊ ဟင် လိုက်များကြည့်နေ သလား. ဆရာရယ်ဟူသည့်ထောက်ခံချက် မျိုးစုံကို လက်ခုပ်လက်ဝါးတီးပြီး ပြောနေသည်။ သူ့မိန်းမဖြစ်ပုံ ကို ဦးကြီးက ရှုံ့ရှုံ့မဲ့မဲ့ ကြည့်နေသည်မှလွဲ၍ ကန့်ကွက် ခြင်းတော့ မပြုချေ။ ကျွန်တော် ထင်ပါသည်။ ကျွန်တော် တို့ဟောချက်တွေ မှန်ရင်တောင် ဦးကြီးကတော့ ဒီလောက် အူလှိုက်သည်းလှိုက် ထောက်ခံမှာ မဟုတ်။ ဦးကြီးက မာယာများသည်။ အဒေါ်ကြီးကြောင့် ရွှေဆိုင်တစ်ဆိုင် လုံး အုန်းအုန်းကျွက်ကျွက်တွေဖြစ်ကာ အရောင်းကလေး မလေးများကပါ သူ့ထက် ငါ တန်းစီမေးကြ၍ ရွှေဝယ် လာသူတွေကို ဦးကြီးကိုယ်တိုင် ရောင်းနေရလေ

သည်။ အဲဒီနေ့က ညနေစောင်းအထိ စာရင်းချုပ်ကြည့် လိုက်တော့ စာရေးမလေးများကချည်း ငါးသောင်းကျော်
ရ၍ ဦးကြီးတို့မိသားစုခြောက်ယောက်ကို ဗေဒင်ဟော တာ၊ ယတြာချေတာ၊ အစီအရင် ဖယောင်းတိုင်ထွန်းတာ၊ ဇာတာအဟောင်းအသစ် လဲတာ စုစုပေါင်း ငါးသောင်း ကျော်လောက်ကျ၍ ကျွန်တော် တော်တော်ပျော်သွား သည်။ မနက်ဖြန်တော့ အိမ်ပြန်နိုင်ပြီဟု ထင်ခဲ့မိသမျှ ဦးကြီးစကားကြားရတော့ ဟိုက်ခနဲ ဖြစ်သွားမိလေသည်။ “ဟာ… တယ်ဟုတ်ပါလားကွ၊ မင်းတို့အလုပ်က ဘာမှလည်း အရင်းစိုက်စရာမလို၊ အောက်မေးလေးပဲ လှုပ်ရတာနဲ့ ပိုက်ဆံတွေ ဟောခနဲဟောခနဲ ဝင်လာတော့ တာကိုးကွ၊ တယ်ပိုင်တဲ့ကောင်တွေပဲ… ပါးစပ်လေး စိုက်ရ တာနော်။ ကောင်းလိုက်တာ၊ ကဲ… ကဲ ဒီနေ့တော့ မင်းတို့လည်း နေ့တွက် တော်တော်ကိုက်ရောပေါ့။ ငါတို့ မိသားစုကြည့်တဲ့ ပိုက်ဆံကတော့ ဒီနေ့ လဆန်းလေး ရက် ဆိုတော့ အဖိတ်နေ့ပေါ့ကွာ။ အဖိတ်နေ့မှယူ”
ကျွန်တော် စိုးပိုင်ကို လှည့်ကြည့်တော့ မျက်နှာငယ် လေးနှင့် ပြန်ကြည့်နေသည်။ အမှန်က ဒီနေ့ ဦးကြီး ပိုက်ဆံရှင်းလိုက်ရင် ကျွန်တော်တို့ ပြန်ဆင်းလို့ရနေပြီ။ သူ ပြောတဲ့စကားထဲမှာ ကျွန်တော်တို့ ပညာရပ်ကို စော် ကားတာတွေလည်း ပါနေသည်။ ပညာရပ် ဆည်းပူး ဖြည့်ကျင့်ခဲ့ရသည့် အချိန်ကာလတွေ၊ ပေးဆပ်ခဲ့ရသည့် အရင်းအနှီးတွေကြောင့် ပါးစပ်ကလေးလှုပ်ပြီး ဟောပြော နိုင်နေတာ ရှင်းမပြချင်တော့ပါ။ ရှင်းပြလည်း ပိုက်ဆံကာ ရမှာမဟုတ်၍ ထပြန်လာခဲ့ရတော့သည်။ ဒီလိုနှင့် ပိုက် ဆံစောင့်ရမည့် ရက်တွေအတွင်း ညောင်ပင်သာ ရွာဘက် လှည့်ခဲ့ကြတာဖြစ်သည်။ လမ်းကလည်းကြမ်း၊ စိတ်က လည်း ညစ်မို့ ဆိုင်ကယ်ကို မနည်းထိန်းစီးလာကြရ တုန်း ရှေ့မှာ လူတစ်ယောက်က လမ်းကိုပိတ်ပြီး ကိုးရိုး ကားရား လက်တားနေတာကြောင့် ဆိုင်ကယ်ကို ရပ်လိုက်ရသည်။

“ပုဏ္ဏားဗေဒင်ဆရာလေးနှစ်ယောက် ဟုတ်ပါတယ်
“ဗျာ… ဟုတ်… ဟုတ် ဟုတ်ပါတယ် ဦးကြီး၊ ဟို ကျွန်တော်တို့မှန်း ဘယ်လိုသိ”
ကျွန်တော် တော်တော်ကြီးကို အံ့သြသွား၍ ဆိုင်
ကယ်တားသည့် ဦးကြီးကို မေးမိသည်။
သူက အသက်
ခြောက်ဆယ် ပတ်ဝန်းကျင်လောက်ရှိပြီး ပုဆိုးတိုတို၊
စွပ်ကျယ်လက်စကကို ဝတ်ထားသည်။ ခြေထောက်မှာ တော့ ဖိနပ်စီးမထားဘဲ ရွှံ့တွေ ဗရပွ ပေကျံလျက် ရှိလေ
သည်။
သိတာပေါ့၊ ကျုပ်တို့နားက ရွှေဆိုင်စာရေးမက ပြောတာ..၊ ဆရာတို့ ဒီနေ့ဒီအချိန် ညောင်ပင်သာသွား မှာတဲ့ ဆိုလို့… ကျုပ် လာစောင့်နေတာ၊ ကျန်တဲ့လူတွေ က တာလမ်းက သွားတာများကြတယ်လေ။ ဒီနားမှာ သင်္ချိုင်းရှိနေလို့ရယ်၊ လမ်းဆိုးလို့ရယ် သိပ် မလာကြဘူး။ ဖြတ်သွားဖြတ်လာတွေက ကျုပ် အသိတွေချည်းပဲမို့ ဆရာတို့ မျက်နှာစိမ်းတွေဆိုတာ တန်းသိတာပေါ့။ ပြီး တော့ ဆရာတို့က ကုလားရုပ်နဲ့တူတယ်လေ” ကျွန်တော်နဲ့စိုးပိုင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မိကြသည်။
‘လာပါ ဆရာ၊ ဒီ သစ်ပင်ရိပ်က အေးပါတယ်။ ကွပ်ပျစ်ပေါ်မှာ ထိုင်ပါဦး။ ကောင်မလေး ပြောသံကြား ကတည်းက ဆရာတို့ကို တွေ့ ပြီး ဗေဒင် မေးချင်နေတာ ပါ ဆရာရယ်”

ကျွန်တော်တို့နှစ်ယောက် ကွပ်ပျစ်ပေါ်မှာ ထိုင်မိ ကြတယ်ဆိုရင်ပဲ လူကြီးက ပလတ်စတစ်အိတ်နှင့် ထုပ် ထားသည့်ဇာတာကို ရိုရိုသေသေ ကမ်းပေးသည်။ စိုးပိုင် က စာအုပ်ထဲတွင် ဇာတာခွင်ချနေသည့် အချိန်ကလေး အတောအတွင်း ဟိုမှဒီမှ ရွာသူရွားသားတွေ တစ်ယောက် နှစ်ယောက်စ ထွက်လာကြရင်း ကွပ်ပျစ်လေးနားတွင် လူစုစုလေး ဖြစ်သွားသည်။ အဘိုးကြီးက ငါးထောင် တန်လေးတစ်ရွက်ကို ရိုရိုသေသေ ကမ်းပေး၍ ကျွန်တော် လှမ်းယူလိုက်ရသည်။ စိတ်ထဲမှာလည်း တစ်မျိုးကြီး အံ့သြဝမ်းသာဖြစ်လို့၊ ကျွန်တော်တို့ နယ်လှည့်ဗေဒင် ဆရာတွေဆိုတာ ဈေးခေါ်လို့ရတာ မဟုတ်၊ တစ်ခါတ လေ အမောတကောကြီး အကုန်ဟောပြီးမှ ငါးရာတန် လေးတစ်ရွက် ထုတ်ပေးတာမျိုးလည်း ကြုံရတတ်သည်။ ထပ်ပေးပါဦးလို့ တောင်းလို့ကလည်း မဖြစ်မို့ ဒီအတိုင်း ပြန်ရတာတွေ ကြုံဖူးနေတော့ လိုလိုချင်ချင် အစောကြီး လာဘ်တင်ထားသည့် အဘိုးကြီးကို ကျေးဇူးတင်သွားမိ သည်။ ဒါပေမဲ့ သူ့ဇာတာက အခြေအနေ မကောင်းပါ။ “ကျွန်တော် မြင်တာကို မြင်တဲ့အတိုင်း တည့်တည့် ဟောမယ်နော်။ ဦးကြီး စိတ်မဆိုးရဘူး”
“ဟောပါ ဟောပါ ဆရာရယ်”
“ဒီရက်ပိုင်းအတွင်း အောက်လူ ထွက်ကိန်းရှိတယ်။ သား၊ သမီး၊ တပည့်တပန်းပေါ့ ဦးကြီးရယ်၊ ဆေးရုံ တက်တာတို့ ဘာတို့ဆိုရင် အခြေအနေ မကောင်းဘူး လို့ ပြောရမယ်”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား လေသည်။ ဘယ်သူကမှ ဘာမှမပြောဘဲ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်၍ ငြိမ်သက်နေကြသည်မှာ အတော်ကြာသွားသည်။ ကျွန်တော်လည်း ကြောင်
တောင်တောင်နှင့် စိတ်တင်းကျပ်လာသည့်အချိန်တွင်
ရှိုက်သံတိုးတိုးလေး စကြားရပြီး လူအုပ်ထဲမှ မိန်းမကြီး
တစ်ယောက်က မျက်နှာကို လက်ဝါးနှစ်ဖက်နှင့်အုပ်၍ ရွာဘက်သို့ ပြန်ပြေးသွားသည်။ ကျွန်တော် နားမလည် ပါးမလည်နှင့် စိတ်ရှုပ်ထွေးနေစဉ် လူကြီးက အသံကို အနိုင်နိုင်ထိန်းပြီး…
“ဟုတ်ပါတယ် ဆရာရယ်၊ သိပ်မှန်တာပေါ့၊ လွန်ခဲ့ တဲ့ ဆယ်ရက်ကမှ ကျုပ်သား အကြီးကောင်ကို ရွာသင်္ချိုင်း မှာ မြှုပ်ခဲ့ရတာပေါ့။ စောစောက ငိုပြေးသွားတာ ကျုပ် နှမ အုံးမေပါ။ ကဲ ကဲ… အဲဒီတော့ ကျန်တာတွေတော့ မဟောပါနဲ့တော့ ဆရာရယ်… တစ်ခုပဲ သိချင်ပါတယ်။ အဲဒါသိချင်လို့လည်း ဆရာတို့ကို တကူးတက စောင့် နေတာပါ။ အဲဒါလေးတော့ ဟောပေးပါ”
“ဟုတ်ကဲ့… ဦးကြီး ဘာများသိချင်တာပါလဲ ခင်ဗျ” “တခြားတော့ မဟုတ်ပါဘူး ဆရာရယ်၊ သေသွား တဲ့ ကျုပ်သားလေး ဘယ်ဘုံဘယ်ဘဝ ရောက်နေတာလဲ ဆိုတာလေးပါပဲ” “ဗျာ”
ကျွန်တော့် ခေါင်း ချာချာလည် သွားသည်လို့ အောက်မေ့ပါသည်။ ဒုက္ခပါပဲ ကျွန်တော်တို့ တတ် မြောက်ထားသည့် ဗေဒင် သုံးပုံထဲတွင် သေတဲ့လူကို ဘယ်လိုဘုံဘဝ ရောက်နေသည်ဆိုတာ တွက်ချက် ဟောချက် ချပေးနိုင်သည့် ပညာ မပါဝင်ပါ။ ဟိုးအဝေး ကြီးက ကြို့ပင်ကောက်မြို့မှာတော့ လေချွန်နတ်ဆိုတာ တော့ ကြားဖူးသည်။ လေချွန်နတ်ကို သေသူဘယ်ဘဝ ရောက်နေသည်ဆိုတာ သိချင်သည့်သူတွေက တကူး တက သွားမေးကြကြောင်း၊ ထိုနတ်ကို ညမှာ ပင့်ရ
ကြောင်း၊ လာသည့်အခါ လေချွန်သံပေး၍ လာကြောင်း တွေ ကျွန်တော်သိထားသည်။ ဒါပေမဲ့ ကျွန်တော်တို့ ဗေဒင်ပညာမှာတော့ တွက်ချက်လို့ မရပေ။
ဦးကြီးရယ်… ကျွန်တော်တို့ တတ်အပ်တဲ့ပညာ ထဲမှာ ဒါတွေ မပါပါဘူးခင်ဗျာ။ ဒါကြောင့်မို့ ကျွန်တော် တွက် ပေးလို့ မရပါဘူး” “ဘာပြောတယ်”
စောစောက
> ညှိုးငယ်နေသည့်အဘိုးကြီးဟာ ချက်
ချင်းပုံစံပြောင်းသွားပြီး မျက်နှာကြီးက ခက်ထန်လာလေ သည်။ ဒေါသအမျက် ခြောင်းခြောင်း ထွက်လာသော ပုံစံနှင့် ဝုန်းခနဲ ထရပ်လိုက်သည်။ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်သည်။ မိုးချုန်းသလို အသံကြီးနှင့်…
ဟော
“ဘာ ဟော မပေးနိုင်ဘူးလဲ၊ ဒီကိစ္စကို ကျုပ်က တအား သိချင်နေတာ။ အကုန်လုံးမှန်အောင် ဟောနိုင်တဲ့ ဗေဒင်ဆရာဆို၊ နေရာတကာ နောက်က လိုက်ကြည့် သလို မှန်တဲ့ဗေဒင်ဆရာဆို၊ ကျုပ်သားလေး သေလို့ ဘယ်ဘဝကို ရောက်သွားတာလဲလို့မေးမှ မဟော နိုင်တော့ဘူးလား။ လုပ်ပါဆရာရယ်၊ ကြိုးစားပြီး ပေးစမ်းပါ။ သူ့အမေကလည်း တငိုငိုတရယ်ရယ်မို့ပါ။ အိမ်ရှေ့က မန်ကျည်းပင်မှာလား၊ အုံးမေတို့နောက်ဖေး က တမာပင်မှာလား၊ သူ့ဝိညာဉ်လေး ဘယ်မှာရှိတယ် ဆိုတာသိရရင် တော်ပါပြီ။ လုပ်စမ်းပါ ဆရာရယ်” ကျွန်တော် ဘယ်လိုပြောရမလဲ၊ ဒုက္ခပဲ။ ကျွန်တော် တို့ အခြေအနေက ကျဉ်းထဲကျပ်ထဲ ရောက်နေတာမို့ လို့ ထွက်ပေါက်အနေနဲ့ ခင်ဗျားသား ဝိညာဉ် ဘယ်မှာ ရောက်နေတယ်လို့ အဆင်ပြေသလို ကြည့်ပြောလိုက် လျှင် ရပါသည်။ ဒါပေမဲ့ ကျွန်တော့်ကို အတတ်ပညာ တွေ သင်ပေးခဲ့သည့် အဖေနှင့် အဘိုးက ခွင့်လွှတ်မည် မဟုတ်ပေ။ ဖြီးဖြန်းဟောသည့် ဗေဒင်ဆရာထဲမှာလည်း ကျွန်တော်မပါချင်၊ ဒါကြောင့်မို့ အဘိုးကြီး တတွတ်တွတ် တောင်းပန်လိုက်၊ ဟိန်းဟောက်လိုက် လုပ်နေပေမဲ့ ကျွန်တော်ကတော့ အပြတ်အသား ငြင်းလိုက်သည်။ အဘိုးကြီး၏ ဝမ်းနည်းဒေါသအိုးကြီးကို ကျွန်တော်က ဖောက်ခွဲလိုက်သလိုဖြစ် သွားပြီး အဘိုးကြီးမှာ ထိန်းချုပ် နိုင်စွမ်းကင်းမဲ့စွာဖြင့်…
“ဒီဆရာတွေတော့နော်၊ ဒါလောက်တောင်းပန်နေတာ မရရင် ကျုပ်ကို အဆိုးမဆိုနဲ့၊ ခင်ဗျားတို့ ဒီအတိုင်း မပြန်ရဘူး သိလား” အဘိုးကြီးဟာ
ချက်ချင်းအရူးကြီးတစ်ယောက်လို
ဖြစ်သွားပြီး ကျွန်တော်တို့ကို ရိုက်မောင်းပုတ်မောင်းလုပ်စ ပြုလာသည်။ ကျွန်တော် ကွပ်ပျစ်ပေါ်က ခုန်ချပြီး ဘေး ကို ရှောင်လိုက်ရသည်။ စိုးပိုင်ကိုတော့ ရွာသူမိန်းမကြီး တစ်ယောက်က ဆွဲခေါ်သွားသည်။ ကွပ်ပျစ်ပေါ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့်အိတ်ကို အဘိုးကြီးက ဒေါသ တကြီး ကောက်ယူပြီး လွှင့်ပစ်မယ်အလုပ်မှာ အဘိုးကြီး နှင့် ရွယ်တူခန့်ရှိ လူကြီးတစ်ယောက်က လက်ကို ဖမ်းဆွဲ ထားလိုက်ပြီး ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေရ တာလဲ ယောက်ဖရယ်… ဆရာတွေက မတတ်နိုင်လို့ မတတ်နိုင်ဘူးပြောတာကို”ဟု အေးအေးဆေးဆေး ပြော လိုက်တော့ အဘိုးကြီး ဒေါသတွေဟာ တစ်ချက်တည်း ငြိမ်သက်သွားလေသည်။
“ကဲ… ထွေးကြည်တို့ ခင်မြတို့ ညည်းတို့ ဦးကြီးကို ခေါ်သွားကြ၊ ယောက်ဖကလည်း အေးအေးဆေးဆေး လိုက်သွားပါဗျာ၊ ဒီလိုပါပဲ တရားနဲ့ဖြေမှာပေါ့”
ဒေါသကြီးတဲ့ ဦးကြီးဟာ အခုတော့ ဒေါသမကြီး တော့ဘဲ ကလေးတစ်ယောက်လို မျက်ရည်တွေတွေ ကျပြီး ရွာဘက်ကို သူ့တူမများနှင့် လိုက်သွားတော့မှ ကျွန်တော်လည်း စိတ်သက်သာရာရပြီး သက်ပြင်းချမိ လေသည်။ ပစ္စည်းလေးတွေ အိတ်ထဲ ကောက်ထည့်နေ တုန်း ဦးကြီးက…
‘ကဲ ကဲ… ဆရာတို့လည်း ရုတ်တရက် စိတ်ပူသွား ကြမှာပေါ့။ ကျုပ်အိမ်မှာ နားနားနေနေ ရေနွေးကြမ်း သောက် လိုက်ခဲ့ကြပါဦး၊ ကျုပ်အိမ်က မဝေးပါဘူး။ ရွာအစွန်တွင်ပါ”
လို့ခေါ်တာနဲ့ ကျွန်တော်တို့လည်း စိတ်မောလူမော လေး ခေတ္တခဏအပန်းဖြေရအောင် လိုက်သွားခဲ့ကြလေ သည်။ အဘိုးကြီးက ရှေ့မှလျှောက်ရင်း…
‘အဲဒီ့ကျုပ်ယောက်ဖက သူ့သားအကြီးကို သိပ်ချစ် တာ၊ သားကြီးကလည်း မိအိုဖအိုတွေကို ရှာကျွေးနေရှာ တာလေ။ မမျှော်လင့်ဘဲ ဆုံးသွားတော့ အရူးတစ်ပိုင်းဖြစ် ပြီး ကျန်ခဲ့တာပါ။ ခွင့်လွှတ်လိုက်ကြပါကွယ်” “ဟာ.. ရပါတယ် ဦးကြီး၊ ဒီလိုပဲပေါ့… ကျွန်တော်တို့
ဘာမှ မဖြစ်ပါဘူး။ စိတ်ထဲလည်း ဘယ်လိုမှ မနေဘူး” ကျွန်တော်က ဦးကြီးနှင့် လမ်းလျှောက်လိုက်သွား ပြီး စိုးပိုင်က ဆိုင်ကယ်ကို မနှေးမမြန်စီးရင်း နောက်က လိုက်လာသည်။ ရွာစွန်ရှိ ဦးကြီး၏ အိမ်ကလေးရောက် တော့ ကျွန်တော့်စိတ်ထဲ ချမ်းမြေ့ကြည်သာသွားလေ သည်။ အိမ်ဘေးတွင် စိမ်းလန်းသော မြက်ခင်းက မျက်စိ တစ်ဆုံး မြင်နေရသည်။ ဖိနပ်ချွတ်၊ ဝရန်တာလေးနှင့် ထရံကာ အိမ်ခြေတံရှည်လေးက သပ်သပ်ရပ်ရပ်လေး ဖြစ်သည်။ အနောက်ဘက်တွင် ကျီလိုလို အဆောက် အအုံတစ်ခုကို တစ်စွန်းတစ်စ မြင်နေရပြီး အိမ်ရှေ့ကုက္ကို ပင်ရိပ်တွင် ထမင်းစား စားပွဲတစ်လုံးနှင့် ခုံရှည်နှစ်ခု ခင်းထားပြီး ထမင်းစား စားပွဲပေါ်တွင် ထမင်းပွဲတွေ ပြင်ထားသည်ကို တအံ့တသြ တွေ့ ရလေသည်။
‘လာ ဆရာ… ထမင်းလေး စားလိုက်ရအောင်၊ အခု နကတည်းက ကျုပ်မိန်းမမယ်ကြည်ကို တိုးတိုးတိတ်တိတ် မှာလိုက်တာ၊ ဆရာတို့ကို ထမင်းကျွေးချင်လို့၊ စိတ်မော လူမောဖြစ်လာတာဆိုတော့… အေးအေးဆေးဆေး ထိုင်နားကြပါဦး”
“ဟာ.. ကျွန်တော်တို့ မစားတော့ပါဘူး။ ညောင်ပင် သာရောက်မှ စားပါတော့မယ်ခင်ဗျာ”
“အို.. ညောင်ပင်သာက အဝေးကြီး လိုသေးတယ်။ ထမင်းစားချိန်ကျော်မှ ရောက်မှာ၊ တစ်ခါတည်းသာ စား သွားကြပါ။ ပြင်လည်းပြင်ပြီးနေပြီ… လာပါ ဟိုဆရာ ရော ထိုင်ပါ”
ဦးကြီးက လက်ဆွဲမတတ် ခေါ်ပြီး စိုးပိုင်ကိုပါ လှမ်း ခေါ်နေလို့ စိုးပိုင်နှင့် ကျွန်တော် ထမင်းပွဲမှာ ဝင်ထိုင်လိုက် ရသည်။ ဦးကြီးက ရေနွေးကြမ်း ပန်းကန်ယူခဲ့ပါဟ၊ လက်သုတ်ပဝါယူခဲ့ပါဟနှင့် အလုပ်ရှုပ်နေသည်။ ဟင်း တွေက ထွေထွေထူးထူး မဟုတ်ပါ။ ပဲဟင်းတစ်ခွက်၊ ဂေါ်ရခါးညွန့်ကြော်တစ်ခွက်၊ မုန်ညင်းချဉ်တစ်ခွက်နှင့် ငါးခြောက်ထောင်းကြော်… သည်မျှသာ ဖြစ်သည်။ ကျွန်တော်က သက်သတ်လွတ်စားသူမို့ အဆင်ပြေသွား သည်။ ထမင်းပွဲတွင် ဝင်ထိုင်လိုက်ရတော့ စားပါဆရာ၊ စားပါဆရာနှင့် ဦးကြီးက စေတနာတွေ ကောင်းလွန်း နေပေသည်။ ထမင်းကလည်း ဦးကြီးစေတနာကြောင့် လားမသိ၊ ဟင်းမကောင်းပေမဲ့ စားလို့ကောင်းလှသည်။
ထမင်းစားပြီးတော့ ထန်းလျက်ခဲ ဘူးကလေးနှင့် လက်ဖက်ပွဲ လာချပြန်သည်။ ကျွန်တော် အလွန်အားနာ လာမိသည်။ ဘာမဆိုင် ညာမဆိုင် အိမ်ခေါ်ထမင်းကျွေး ပြီး ကျွန်တော်တို့၏ စိတ်ဖိစီးမှုများကို ဖြေဖျောက်ပေး ခဲ့သော ဦးကြီးနှင့် ဦးကြီးမိန်းမကို အလွန်ကျေးဇူးတင်မိ ပြီး တတ်သည့်ပညာနှင့် ကျေးဇူးဆပ်ရန် တွေးတောမိ ၁ ဦးကြီးကို ပြောလိုက်မိသည်။

“ကဲ ဦးကြီးရယ်… ဦးကြီးထမင်းလည်း စားပြီးပြီ၊ ကျွန်တော်တို့ ကျေးဇူး အလွန်တင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့က ညောင်ပင်သာထိ သွားပြီး ဗေဒင်ဟော ဖို့ပါ။ တစ်ရပ်တစ်ရွာက လာရတော့ ဆီဖိုး၊ စားစရိတ် နေစရိတ်ကာမိအောင် သုတ်သုတ်ကလေး လုပ်ရတာ ပေါ့ ဦးကြီးရယ်။ ဒါပေမဲ့ ဦးကြီးကို ကျေးဇူးတင်လွန်းလို့ ဦးကြီးတို့ မိသားစုကို ဗေဒင်ကြည့်ပေးပါ့မယ်။ မေတ္တာနဲ့ ကြည့်ပေးမှာပါ။ ဇာတာရှိရင်လည်း ဇာတာ၊ မရှိရင် လည်း မွေးနေ့မွေးရက်လေးပြောပြပါ၊ မွေးချိန်လည်း မှတ်မိရင်ပြောပါ… ကျွန်တော်တို့ တွက်ပေးပါ့မယ်” ကျွန်တော့်စကားကြားတော့ ဦးကြီးက တွေတွေကြီး ငိုင်သွားလေသည်။ ဦးကြီးမိန်းမကလည်း ဘာမှမပြော ဘဲ ငြိမ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်မှုက တော်တော် ကြာကြာ ကြီးစိုးနေပြီး ကျွန်တော် မနေတတ်၊ မထိုင်တတ်သလို ဖြစ်လာမိသည့် အချိန် အိမ်နံဘေးမှ နောက်ဖေးလမ်းကလေးအတိုင်း လူရွယ်နှစ်ယောက် ပေါ်လာသည်။ ကြည့်ရတာနှင့်ပင် ညီအစ်ကိုဖြစ်မှန်း သိသာသည့် မျက်နှာအသွင်အပြင်ရှိ ပြီး တစ်ယောက်နှင့်တစ်ယောက် ငါးနှစ်စီလောက် ကွာ ခြားမည်ဟု ထင်မြင်ရပေသည်။ နှစ်ယောက်စလုံး လက်ထဲတွင် ပေါက်တူးများကိုင်ထားပြီး ကိုယ်ခန္ဓာနှင့် ခြေထောက်များ၊ လက်များတွင် ရွှံ့စက်များ ပေကျံလျက် ရှိကြလေသည်။ ညီအစ်ကိုနှစ်ယောက်က အိမ်နံဘေး စဉ့်အိုးတွင် ခြေလက်များဆေးကြောပြီး ပေါက်တူး များကို စဉ့်အိုးဘေးချထားခဲ့ကာ အိမ်ပေါ်သို့ တက်သွား ကြသည့်နောက်သို့ ဒေါ်ကြည်က လိုက်သွားလေသည်။ ဤရှုခင်းကို ဦးကြီးက လည်ပြန်ကြည့်ရင်း… “အင်း… ဆရာ့ကို ကျွန်တော့်မိသားစုအကြောင်း ပြောမပြရသေးဘူးနော်၊ အခုအိမ်ပေါ်တက်သွား ကြတာက ကျွန်တော့်သား နှစ်ယောက်ပါ။ အကြီးကောင်က လှသန်းတဲ့၊ အငယ်ကောင်က မြသန်းတဲ့၊ သူတို့ နှစ်ယောက်ရွာထဲမှာ လူသေလို့ အသုဘ ချနိုင်အောင် သင်္ချိုင်းမှာ မြေတူးပြီး ပြန်လာကြတာပါ ဆရာရယ်” ကျွန်တော် ရုတ်တရက်ကြက်သေသေသွားသည်။ နေရာတွင်ပင် ပေါက်ကွဲလွင့်စဉ်သွားသလား အောက်မေ့ ရသည်။ စိုးပိုင်ကို ကြည့်လိုက်တော့ မျက်လုံးအပြူးသား နှင့် ကြောင်တောင်တောင် ငေးကြည့်နေတာတွေ့ ရသည်။ ဦးကြီးပြောလိုက်သည့် သင်္ချိုင်းမှာ မြေတူးပြီး ပြန်လာတာ ပါဆိုသည့် စကားက ကျွန်တော့်နားထဲတွင် အူပြီးဝဲလှည့် နေသည်။ ဘုရား၊ ဘုရား.. ဒါဖြင့် ဦးကြီးတို့ မိသားစုက သုဘရာဇာ တွေပေါ့၊ သင်္ချိုင်းစောင့် တွေပေါ့။ တစ်စုံ တစ်ရာ ကန့်သတ်ချက်အရ စည်းရဲ့အပြင်ဘက်က လူ တွေပေါ့။ မင်္ဂလာမရှိ၊ အမင်္ဂလာလို့ သတ်မှတ်ခြင်းခံရတဲ့ လူတွေပေါ့။ ဘုရားရေ… ဒုက္ခပဲ၊ ကျွန်တော်တို့ ပုဏ္ဏား မျိုးဆိုတာ မင်္ဂလာကို အရမ်းဂရုပြုရတဲ့လူတွေ၊ ပုဏ္ဏား ထဲမှာမှ ဗြဟ္မဏအနွယ်ဝင် ဗေဒင်ကဝိ ပညာရှိတွေဟာ မင်္ဂလာကို အရမ်း ဂရုစိုက်ရတာ။ ဒီနေ့မှာ ကျွန်တော်တို့ တော့ ဒုက္ခပဲ။ သုဘရာဇာကျွေးတဲ့ ထမင်းတစ်နပ် ကျွန်တော့်ဝမ်းဗိုက်ထဲ ရောက်ပြီးပြီ။ ဒုက္ခပါပဲ… ဘယ်လို လုပ်ရမလဲ။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ။ ထိကိုင်မိသမျှ အမင်္ဂလာ ချည်းပါလားဆိုသည့် စိတ်က ကျွန်တော့်ငယ်ထိပ်ကို တက်ဆောင့်နေသည်။ ကျွန်တော့် မျက်နှာကလည်း ပျက်ယွင်းသွားပြီး အံ့သြထိတ်လန့် သွားကာ နီတစ်လှည့်၊ ဖြူတစ်လှည့် ဖြစ်သွားပုံကို ကျွန်တော့်ကို သေသေချာချာ ကြည့်နေသည့် ဦးကြီးက လည်း ကျွန်တော့်အပြောင်း အလဲကို သိပုံရသည့်ပမာ ဦးကြီးလည်း မျက်နှာလေးငယ် သွားသည်။ “အဲဒါပါပဲ… ဆရာရယ်၊ ကျွန်တော်တို့မိသားစုက အဲဒီလို အသက်မွေးရတာပါ။ ဒီနေ့ ဆရာတို့အပေါ် စေတနာရှိလွန်းလို့ ကျွေးခဲ့မွေးခဲ့မိတာ အပြစ်တင်ရင် လည်း ကျွန်တော်တို့ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ တကယ့် စိတ်ရင်းအမှန်နဲ့ ကျွေးခဲ့မိတာမို့ ဆရာတို့ ခွင့်လွှတ်ပေးပါ နော်။ ကျွန်တော်တို့ ဗေဒင်တော့ မေးချင်ပါတယ်။ ဟော ပေးတာ မပေးတာ ဆရာဆုံးဖြတ်ပါ။ ခရီးဆက်ချင်လည်း ဆက်ပါ ဆရာရယ်”
သနားစရာကောင်းတဲ့ ဦးကြီးရဲ့ တောင်းပန်စကား
ကို နားထောင်ပြီး ကျွန်တော် တဖြည်းဖြည်း စိတ်တွေ ပြေလျော့လာသည်။ တစ်ရွာလုံးမှာ အိမ်ခြေတစ်ရာကျော် ရှိမည်ဟု ခန့်မှန်းရပြီး ထိုသူတွေက မင်္ဂလာရှိသူ လူကောင်းပကတိတွေ ဆိုကြပါစို့။ ပြဿနာကြားထဲက ကျွန်တော်တို့ကို ဆွဲထုတ်ဖို့၊ ကျွန်တော်တို့ကို နေ့လယ် စာကျွေးဖို့ ဘယ်သူမှ သတိမရကြပေ။ ဦးကြီးတစ်ယောက် သာ ကျွန်တော်တို့ကို ကိုယ်ချင်းစာပြီး ထမင်းဆာနေတာ ကျွေးဖို့၊ စိတ်ဖိစီးမှု ဖြေဖျောက်ပေးဖို့ သတိရသည်။ သုဘရာဇာဖြစ်ပါစေ… စေတနာနှင့် ထမင်းကျွေးသည်။ ကျွန်တော်တို့ကလည်း စားမိကြပြီးပြီ။ ပြီးမှတော့ ဘယ် သူ့ကိုမှ အပြစ်တင်လို့ မကောင်းတော့ချေ။ ကျွန်တော် သတ်ပြင်း တစ်ချက်ချပြီး မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက် သည်။ နောင်ခါလာနောင်ခါဈေး၊ ယခုအချိန်မှာတော့ နဂိုမူလ ရည်မှန်းချက်အတိုင်း ဦးကြီးတို့ကို ဗေဒင်ကြည့် ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
“အင်း.. နဂိုအတိုင်းပါပဲ ဦးကြီးရယ်၊ ဘာမှပြောင်း လဲစရာ မရှိပါဘူး။ ကျွန်တော်တို့ ဗေဒင်ကြည့်ပါမယ်” ‘ဒါဆိုလည်း ဆရာရယ်… တစ်ခါတည်း ပြောရဦး မယ်။ စေတနာနဲ့ အခမဲ့တော့ မလုပ်ပါနဲ့။ ကျွန်တော်တို့ ပညာဖိုးတော့ ပိုက်ဆံပေးပါရစေ၊ ဆရာ လက်မခံရင် တော့ ကျွန်တော်တို့ စိတ်ကောင်းမှာ မဟုတ်ဘူး’
ဒီလိုနဲ့ ဦးကြီးတို့ မိသားစု ဗေဒင်ကြည့်ကြသည်။ ထူးခြားစွာပင် ဦးကြီးရော သားနှစ်ယောက်ရော ကံဇာ တာ အတက်ရိပ်တွေ တွေ့နေရပြီး မကြာမီ အပြောင်း အလဲတစ်စုံတစ်ရာ တွေ့ကြုံရတော့မည်ဖြစ်ကြောင်း ဇာတာခွင်တွေက ဖော်ပြနေပြီ။ ကျွန်တော် သံသယ ဖြစ်သွားသည်။ ဘယ့်နှယ်သင်္ချိုင်းထဲတွင် နေသည့် သုဘရာဇာ မိသားစုမှာ ဘာတွေများ ကံအခွင့်အလမ်း ပေါ်ပေါက်ပြီး အပြောင်းအလဲရှိရဦးမှာလဲ။ ငါများ မှား နေသလား၊ ပြန်စစ်ကြည့်မိတော့လည်း အားလုံး အမှန်မို့ ရဲရဲကြီး ဟောလိုက်မိသည်။
ဦးကြီးခင်ဗျာ… ဘယ်လိုအကြောင်းနဲ့လည်းတော့ မသိဘူး။ ဇာတာခွင်မှာ ပြနေတာကတော့ အောက်လူ သားသမီး၊ တပည့်တပန်းအကျိုးခံစားရပြီး ဦးကြီးတို့မှာ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ဖို့ နီးနေပြီ။ အချိန်နည်း
နည်းပဲ လိုတော့တယ်။ ကိုလှသန်းရဲ့ ဇာတာအရဆိုရင် အရမ်းနီးကပ်နေပြီ။ နေ့လား ညလားပဲ၊ အပြောင်းအလဲ ကလည်း ကောင်းတဲ့အပြောင်းအလဲဖြစ်မှာပါ။ သေချာ တယ် အိုးအိမ် အပြောင်းအလဲဖြစ်မယ်၊ အလုပ်အကိုင် အပြောင်းအလဲဖြစ်မယ်။ တစ်မြို့တစ်ရွာမှာ ပြောင်းရွှေ့ နေရချင်လည်း နေရမယ်။ အပြောင်းအလဲကတော့ ဖြစ်မှာ သေချာတယ်။ ကျွန်တော် အညံ့မတွေ့တဲ့အတွက် ယတြာတောင်ပေးဖို့ မလိုဘူး။ ရောက်လာမယ့် ကံအခွင့် အလမ်းကို ကြိုဆိုနေဖို့ပဲ လိုတာ။ အဲဒီတော့ အောင်ရှစ် ချက် ဂါထာ ဇယစက္ကောနဲ့ သံဗုဒ္ဓေဂါထာတော်ကြီးကို တစ်အိမ်သားလုံး ရသလောက်ရွတ်ပါ။ ပုတီးစိပ်ပါ။ ကံ ကောင်းစေတဲ့ ဗုဒ္ဓယတြာပေါ့။ ဘယ့်နှယ်တုံး လုပ်နိုင် တယ်မဟုတ်လား”
ဦးကြီးရော ဒေါ်ကြည်ရော၊ လှသန်းနဲ့ မြသန်းတို့ ပါ ကျွန်တော့် ဟောပြောချက်ကို ကြားသိရတော့ ဝမ်းမြောက်ဝမ်းသာ မျက်နှာတွေက ပြုံးနေပြီး ဝင်းလက် တောက်ပတဲ့ မျက်လုံးများနှင့် မိသားစုတွေတစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြသည်။ ဦးကြီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“အင်း.. ဆရာလည်း တွေ့ ပြီးရောပေါ့။ ဦးကြီး နာမည်က ဦးသန်းအောင်တဲ့။ ဦးကြီးတို့က သုဘရာဇာမျိုး မဟုတ်ပါဘူး။ အရင်က လက်သမား လုပ်တာပါ။ နောက်ပိုင်းတော့ ဦးကြီးလည်း လောင်းကစားလုပ်ရင်းနဲ့ စီးပွားကျလာတယ်။ မြို့စွန်က ရွာရောက်၊ ရွာလယ်က ရွာစွန်ရောက်ပေါ့ကွယ်။ တစ်ရက်မှာ လှသန်းတို့၊ မြသန်း တို့ကလည်း ငယ်ငယ်ရှိသေး။ သမီးအကြီးဆုံး တစ် ယောက် ရှိသေးတယ်။ သူက သူ့အမေနဲ့ အမျိုးတွေအိမ် ပိုက်ဆံ လိုက်ချေးနေတုန်း အသုဘတစ်ခုက ဂူလုပ်ချင် လို့ဆိုပြီး အစွန်းဆုံးမှာရှိတဲ့ အိမ်က ဦးကြီးကို လာအကူ အညီတောင်းပါလေရော။ ဦးကြီးလည်း လက်သမားက လာတာဆိုတော့ ပန်းရန်လည်း မျက်စိရည်ဝနေတာနဲ့ ကူညီလိုက်ရတယ်။ အဲဒီမှာ ပိုက်ဆံရတော့ စဉ်းစား တယ်။ တိုက်တွေ၊ အိမ်တွေဆောက်တာလည်း ဒီပန်းရန် အလုပ်ပဲ။ ဂူတည်တာလည်း ဒီလိုပဲ အုတ်နဲ့သဲနဲ့ထုံးနဲ့ လုပ်ရတာပဲ။ ဘာဖြစ်သေးလဲ။ ကိုယ့်မိသားစု ထမင်းစား ဖို့ရာ သမ္မာအာဇီဝဖြစ်ရင်ပြီးတာပဲလို့ ဆုံးဖြတ်ပြီး လုပ်ခဲ့
တာ။ ကလေးတွေ ကြီးလာတော့ တွင်းတူးရော၊ အုတ်စီ ရော အကုန်လုပ်နိုင်တော့တာပေါ့။ ဒါပေမဲ့ ဆရာရယ်… တဖြည်းဖြည်းနဲ့ ဦးကြီးတို့ကလည်း စည်းအပြင်ဘက် ရောက်မှန်းမသိ ရောက်လာတယ်။ မခေါ်ချင်တာလိုလို၊ မပြောချင်တာလိုလို၊ မဆက်ဆံချင်တာ လိုလိုတွေပေါ့ ကွယ်။ ဒါပေမဲ့ ဦးကြီးက ကိုယ့်လုပ်အားနဲ့ အလုပ်လုပ်လို့ ရတဲ့ငွေ၊ ဒီငွေနဲ့ စားရတယ်၊ လှူရတန်းရတယ်ဆိုပြီး ဖြေသိမ့်နေခဲ့ရတာပဲ”
ကျွန်တော်က အပြင်ဘက်မှာရှိသည့် နေရောင်ကို တစ်ချက်လှမ်းပြီး အကဲခတ်လိုက်ရာ မွန်းလွဲပိုင်းကျော် နေလောက်ပြီဆိုသည်ကို တွေ့လိုက်ရသည်။ ညောင်ပင် သာ ကူးလို့မရတော့၊ ဦးကြီး စကားပြတ်လျှင် မြို့ကို ပြန်မှရတော့မည်။
“သမီးကြီးက ရေဦးမှာ အိမ်ထောင်ကျတယ်လေ။ သူတို့က ကုန်စုံဆိုင် ဖွင့်တယ်။ အခု စက်သုံးဆီလုပ်ငန်း တိုးချဲ့မှမို့ သူ့မောင်တွေကို လှမ်းခေါ်ထားတာ။ လှသန်း က နေ့နေ့ညည သွားရတော့မှာ၊ ဆရာဟောတာ သိပ်မှန် တာပဲ။ နောက်များမကြာခင် ဆန်ဆိုင်၊ ပဲဆိုင် လက်လီ လက်ကားဖွင့်မှာမို့ မိသားစု လိုက်လာခဲ့ကြပါတော့။ ဒီ အလုပ်လည်း ဆက် မလုပ်ပါနဲတော့။ စွန့်ခဲ့ပြီးတော့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့အတိုင်း သူတို့နဲ့ ပဲ တစည်းတလုံး နေပါတော့ဆိုပြီး သမီးကြီးက ခေါ် ထားတာ။ ဘယ်နေ့သွားဖြစ်မယ် မသိဘူး ဆရာရယ်။ မနှေးအမြန် သွားဖြစ်ဖို့ပါပဲ။ အခုလို အကောင်းဘက် ကို အပြောင်းအလဲမြင်တယ်ဆိုတာနဲ့ ကိုက်ညီနေလို့ ဦးကြီးတို့ သိပ်ဝမ်းသာရပါတယ်ဆရာ။ မကြည်ရေ… ပိုက်ဆံလေးသောင်း ယူခဲ့ပါ။ ငါတို့ လေးယောက် ဗေဒင် ကြည့်တာ တစ်ယောက် တစ်သောင်း ကန်တော့လိုက်ရ အောင်”
ဒေါ်ကြည်က တစ်ခန်းတည်းဖွဲ့ထားသည့် အိပ်ခန်း ထဲသို့ ဝင်သွားသည်။ ကျွန်တော် လွှတ်ခနဲ… “များပါတယ် ခင်ဗျာ၊ တစ်ယောက် ငါးထောင်နှုန်း ပဲ ပေးပါ’
“ယူပါ ဆရာ၊ ဒါ ကျွန်တော်တို့ လုပ်အားနဲ့ရတဲ့ သန့်သန့်ရှင်းရှင်း ပိုက်ဆံပါ။ ကျွန်တော် ခေါ်မိလို့ ဆရာတို့ ခရီးစဉ် နောက်ကျတာလည်း အားနာလို့ပါ”
ဦးကြီး ဦးသန်းအောင်က ဒေါ်ကြည် ယူလာသည့်
ပိုက်ဆံကို လက်နှစ်ဖက်နှင့် တရိုတသေ အတင်းကမ်း ပေးနေ၍ ကျွန်တော် လက်ခံလိုက်ရပါသည်။ ရွာစွန်တဲ ကုပ်ကလေးက လုပ်စရာ အလုပ်မရှိ၍ ကျင်းတူး ဂူ ဆောက်နေရသော ဦးကြီး၏ စေတနာက ထူးခြားလှ ပါပေသည်။
“ဆရာ မပြန်ခင်. ကျွန်တော်နဲ့ တစ်နေရာ လိုက်ခဲ့ ပါဦး… ပြစရာရှိလို့ပါ”
ဟု ပြောပြောဆိုဆို ဦးကြီးက ထိုင်ရာမှ ထသွားသ ဖြင့် ကျွန်တော်တို့လည်း လိုက်ခဲ့ရသည်။ အိမ်နောက်ဖေး မှပတ်ပြီး စောစောကတွေ့ သည့် ကျီ လိုလို အဆောက် အအုံရှေ့မှာ ဦးကြီးက ရပ်ပြီး တံခါးဖွင့်လိုက်သည်။ အထဲ မှာ တွေ့လိုက်ရသော ပစ္စည်းတွေကို တအံ့တသြကြည့် ရင်း ကျွန်တော် မှင်တက်သွားမိသည်။ အခန်းထဲမှာ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေ၊ စောင် တွေက တစ်ပုံတစ်ပင် အများကြီး တွေ့လိုက်ရသည်။ ဘာဘူစောင်တွေ အပုံလိုက်ရှိနေပြီး တရုတ်စောင်တွေ > အိတ်ကြီးတွေနှင့် ပက်ကင်လိုက်ထည့်ပြီး အပုံလိုက် ရှိနေကြသည်။ ဦးကြီးက တအံ့တသြ ဖြစ်နေသော ကျွန်တော်တို့နှစ်ယောက်ကို ပြုံးကြည့်နေသည်။ “ဦးကြီးတို့က စောင်၊ ခြင်ထောင် ရောင်းတာလား မအောင့်နိုင်မအည်းနိုင် စိုးပိုင်ဆီက အသံထွက်လာသည်။
“အင်း… ဦးကြီးတို့က ရောင်းတာပါလို့ ပြောရင် မင်းတို့က ယုံမှာပါပဲ။ ဒါပေမဲ့ ဦးကြီး မညာချင်ဘူး။ ဘာမဆိုပွင့်လင်းတာ ကောင်းတယ်လေ။ ဒီပစ္စည်းတွေ ဟာ ဦးကြီး ပိုင်တော့ ဦးကြီးပိုင်ပါပဲ”
ကျွန်တော်တို့ နားမလည် ပါးမလည်နှင့် နားဝေ တိမ်တောင် ဖြစ်နေသည်ကို ဦးကြီးက သဘောကျနေပုံ ရသည်။
“ဒီအရပ်ရဲ့ နာရေးဓလေ့ထုံးစံကို ဆရာတို့က မသိ သေးဘူး။ တစ်အိမ်အိမ်မှာ လူသေရင် အလောင်းကို ရေချိုးပေးပြီး ဖျာအသစ်၊ ခေါင်းအုံး အသစ်၊ စောင်၊ ခြင်ထောင်အသစ်နဲ့ တစ်ခါတည်း သုသာန်ဇရပ်ကို ပို့ ထားပြီး အိမ်ကို ရေဆေးလိုက်တော့တာပဲ။ ချမယ့်နေ့မှာ လာပြီး သရဏဂုံ တင်ကြတာ။ အဲဒီတော့ နာရေးပြီးသွား
ရင် ဒီပစ္စည်းတွေက ကျန်နေခဲ့တော့တာလေ။ ဆရာတို့ အဒေါ်က လျှော်တန်တာလျှော်၊ နေပူလှန်းတန်တာလှန်း ပြီး သိမ်းထားတော့ အသစ်အတိုင်း ဖြစ်နေတာပေါ့”
ကျွန်တော် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိ သည်။ ဒီအခန်းထဲက အိပ်ရာ အခမ်းအနားတွေဟာ လူသေတွေ သုံးပြီးသားပစ္စည်းတွေပါလားဟု တွေးရင်း တွေးရင်း စိတ်ထဲက မသိုးမသန့်ကြီး ဖြစ်လာသည်။ နှာခေါင်းဝတွင်ပင် ဘာအနံ့မှန်းမသိ၊ ညှီစို့စို့လိုလို၊ တကယ်က ကျွန်တော့်စိတ်က ဖြစ်နေတာ။ တကယ် တမ်းက စောင်၊ ခြင်ထောင်တွေဆီက ပရုတ်လုံးနံ့ပင် သင်းသင်းလေး မွှေးနေပါသေးသည်။
“အဲဒါ ဦးကြီးလည်း.. ပြောင်းရွှေ့တော့မှာမို့လို့ ဒီပစ္စည်းတွေမထားခဲ့ဘဲ သယ်သွားရင် ရတယ်နော် ဆရာ၊ ဟိုမှာ ကျွန်တော့်သမီးစတိုးဆိုင် တင်လိုက်ရုံပဲ။ ဒါပေမဲ့ ကျွန်တော်က ဒီလို မတရားတဲ့ အလုပ် မလုပ်ချင် ဘူး။ တကယ်အသုံးလိုတဲ့ လူတွေ၊ ပစ္စည်းဆိုတာ လူ သုံးရတာပဲ ဆိုပြီး အယူမသီးတဲ့သူတွေကို ပေးချင်တာ။ ဆရာတို့ အလိုရှိရင် အားလုံးပဲဖြစ်ဖြစ်၊ လိုချင်သလောက် ဖြစ်ဖြစ် ယူသွားလို့ရပါတယ်။ ကြိုက်တာယူပါ”
ဦးကြီး စကားအဆုံးမှာ ကျွန်တော် ကြောင်ကြောင် ကြီးငေးနေမိသည်။ ကျွန်တော်တင်လားဆိုတော့ မဟုတ်၊ စိုးပိုင်လည်း ပါးစပ်ဟငေးပြီး ကြည့်နေသည်။ ကျွန်တော့် စိတ်ထဲတွင် ပြီးခဲ့သည့်ဆောင်းတွင်းက မိန်းမက လိုချင် လှပါသည်ဆို၍ တရုတ်အမွေးရှည်အိတ်နှင့် စောင်တစ် ထည်ကို နှစ်သောင်းခွဲနှင့် မျက်စိမှိတ် ဝယ်ပေးခဲ့မိပုံ၊ အမေက လာကိုင်ကြည့်ပြီး ကျုပ်တို့ ခြုံဘူးပေါင်တော်ဟု အငေါ် တူးသွား၍ မိန်းမနှင့်အမေရန်ဖြစ်ကြပုံတွေ၊ တရေးရေး မြင်ယောင်လာမိသည်။ ကျွန်တော်တို့အိမ် ဝင်းထဲမှာ ညီအစ်ကိုမောင်နှမတွေစုပြီး နှစ်ဆယ် အစိတ် နေကြတာ၊ ခရီးပြန်လက်ဆောင်၊ တရုတ်စောင်တစ်ထည် စီလောက်များ ပေးလိုက်လို့ကတော့ ဝမ်းသာလိုက်ကြ မည့်အမျိုး။ ခြင်ထောင်ကလည်း ပလတ်စတစ်အိတ်တွေ နဲ့ ထည့်ထားတာ၊ အသစ်စက်စက်ကြီးတွေ။ ခြင်ထောင် ပေး လိုက်လျှင်လည်း ဝမ်းသာကြမှာမလွဲပေ။ စိုးပိုင်က ဘယ်လိုလဲ ဟူသည့် အမေးကို မျက်လုံးနှင့်မေးသည်။ ကျွန်တော်က ယူမည်ဆိုလျှင် သူကလည်း ငြင်းမည့်ပုံ
မပေါ်ပေ။ ကျွန်တော် ပစ္စည်းပုံကြီးကို ငေးပြီး တပ်မက် စိတ်တွေ ဖြစ်ပေါ်နေတာကို ဇွတ်အတင်း သိမ်းဆည်း လိုက်ရသည်။ ကျွန်တော်တို့သည်… ဘာပဲပြောပြော စည်းတစ်ခုတော့ စောင့်ရမှာဖြစ်သည်မို့…
“ဦးကြီးရယ်… ကျေးဇူးတင်ပါတယ်။ ဆိုင်ကယ်နဲ့ ဆိုတော့ ဘာပစ္စည်းမှ မသယ်နိုင်လို့ပါ။ အဲဒါနဲ့ ကျွန်တော်တို့ ပြန်ပါဦးမယ်။ ခွင့်ပြုပါဦးနော်” ပြောပြောဆိုဆို အခန်းပေါက်ဝမှ လှည့်ပြီး အိမ် ဘေးလမ်းကလေးအတိုင်း ကျွန်တော်ရှေ့က ဦးဆောင် ထွက်လာခဲ့တော့ ဦးကြီးက နောက်မှ လိုက်လာသည်။ ပြီးခဲ့တဲ့ နာဂစ်တုန်းက ဦးကြီး လှူလိုက်တာ စောင်၊ ခြင်ထောင် အစုံနှစ်ရာ ကျော်တယ်။ ဦးကြီး ဒါတွေကို လုံးဝ ရောင်း မစားဘူး ဆရာ၊ အဲဒါတော့ ကတိပြုတယ်။ လှူရင်သာ လှူမယ်’
ဦးကြီး စကားကြောင့် ကျွန်တော် အလွန်လေးစား ကြည်ညိုစွာ ဦးကြီးကို ကြည့်မိပါသည်။ တရင်းတနှီး နှုတ်ဆက်ကြပြီးနောက် ဦးကြီးတို့ကို ခွဲခွာပြီး မြို့ဘက်ကို ဆိုင်ကယ်နှင့် ပြန်လာခဲ့ကြသည်။ ရတနာရွှေဆိုင်ရှေ့ ရောက်တော့ ခေါင်းငဲ့ပြီး ကြည့်မိသည်။ မြို့မျက်နှာဖုံး၊ လူတွေ သတ်မှတ်ထားသည့် စည်းဘောင် အတွင်းက ဂုဏ်သရေရှိ ပုဂ္ဂိုလ်ဖြစ်သူက ကျွန်တော်တို့ အညတရ ဗေဒင်ဆရာလေးများ၏ လုပ်အားခကို မပေးဘဲ အကြွေး ထားမှုကြောင့် ကျွန်တော့်တို့ခရီး နှောင့်နှေးပြီး စည်းအပြင် က လူနှင့် ကြုံကြိုက် ဆုံတွေ့ ခဲ့ရသည်။ ဦးကြီး ဦးသန်း အောင်နှင့် ဆုံတွေ့ခဲ့ရသည့်အတွက် ရတနာဆိုင်ရှင်ကြီး ကို ကျွန်တော် ကျေးဇူးတင်ရမည်ဆိုပါက အလွန်တရာ ကျေးဇူးတင်မိမည်ဖြစ်ပါကြောင်း။
ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၁၃]

Leave a Reply

Your email address will not be published. Required fields are marked *