စမတစ်ကွက်သွေးပွက်ပွက်

အောင်မြတ်သာနှင့်စမတစ်ကွက်သွေးပွက်ပွက်

ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်နေတဲ့ လမိုက်ညဖြစ်ပေမယ့် ဒေါ်စံမြရဲ့ အိမ်အနောက်ဘက် ကောက်ရိုးပုံဘေးမှာ လူနှစ်ယောက်ကကိစ္စတစ်ခုကို တီးတိုးတိုင်ပင်နေကြတယ်။

” အစ်ကို အခုကိစ္စကိုဘယ်လိုလုပ်ကြမလဲ အမေသိရင် ညီမကိုသတ်မှာ ”

” စိတ်အေးအေးထားပါညီမ နောက်အပတ်ဆိုဝါကျွတ်ပြီဆိုတော့ လူကြီးစုံရာနဲ့ လာတောင်းပါ့မယ်”

” အစ်ကိုမသိလို့နော် အမေက ညီမကို ဘယ်သူနဲ့မှသဘောတူတာမဟုတ်ဘူး ညီမတို့ဒီညခိုးပြေးကြမယ်လေ ”

” ကဲ ဒါဆိုလဲ ဒီညပဲထွက်ပြေးကြတာပေါ့ ဟိုဘက်နှစ်ရွာကျော်မှာ အစ်ကို့အသိတွေရှိတယ် သူတို့ကတော့ ကူညီကြမှာပါ”

သမီးရည်းစားနှစ်ယောက်တိုင်ပင်ပြီး အမှောင်ထုကိုအကာကွယ်ယူပြီး ကောက်ရိုးပုံအနောက်မှာရှိတဲ့ ရွာလမ်းကြားလေးထဲကိုထွက်လာခဲ့လိုက်တယ်။

” အစ်ကို မြန်မြန်လျောက် ညီမကအိမ်ဝင်းထဲမှာဆိုရင်ဘာမှမဖြစ်ဘူး အပြင်ရောက်တာနဲ့အမေသိမှာ”

” ညီမအမေမသိနိုင်ပါဘူး ဒီအချိန်ဆိုရင် သူအိပ်ပျော်နေရောပေါ့”

လူငယ်ရဲ့စကားနဲ့ ဆွဲကိုင်ထားတဲ့လက်တွေက အမျိုးသမီးငယ်အတွက် အားဖြစ်စေခဲ့တယ်။

သမီးရည်းစားနှစ်ယောက် ရွာအပြင်ကိုအရောက်
အနောက်ကနေ ” ရှပ် ရှပ် ရှပ် “ဆိုတဲ့ခြေသံကိုကြားလိုက်ရတယ်။

” အနောက်မှာခြေသံကြားတယ် တစ်ယောက်ယောက်လိုက်လာနေတာလား”

မိန်းကလေးရဲ့စကားကြောင့် လူငယ်လေးက
” ညီမစိတ်ထင်တာဖြစ်မယ် အစ်ကိုတော့မကြားမိဘူး ဘာမှမကြောက်နဲ့ အစ်ကိုရှိတယ်”

မိန်းကလေးလဲ ခြေသံကြားလို့လှည့်ကြည့်လိုက် အရှေ့ကိုခပ်သုတ်သုတ်လျောက်လိုက်နဲ့ ရွာကနေဝေးနိုင်သမျှဝေးအောင် ပြေးနေတဲ့အချိန်

” မိဝိုင်း နင်တို့အကြံဒါအကုန်ပဲလား “ဆိုတဲ့အသံကြောင့် ပြေးနေကြတဲ့လူငယ်နှစ်ဦး ရုတ်တရက်ရပ်သွားခဲ့တယ်။

” ဟင် အမေ အမေ ဘယ်လိုသိတာလဲ”

” နင်တို့ခြံထဲက ထွက်တာနဲ့ နက်ကြီးက ငါ့ကိုလာပြောပြီးသား နင်က ဒီအကောင်ကို ခြံထဲထိခေါ်ပြီး ချိန်းတွေ့နေခဲ့ကြတာပေါ့လေ ငမိုက်မ ငါကတော့ နင့်ကိုယုံခဲ့ရတာ အခုနင်က ငါ့ကိုမလိမ့်တစ်ပတ်လုပ်ခဲ့တာပေါ့”

” အရီး ကျွန်တော်ရှင်းပြပါရစေ”

” တိတ်စမ်း နင့်လိုအကောင်ရှင်းပြတာကို ငါနားမထောင်နိုင်ဘူး မိဝိုင်း ငါနဲ့ပြန်လိုက်ခဲ့ ”

” ဟအင်း အမေ သမီးမလိုက်ဘူး သမီး အကိုရေချမ်းနဲ့ပဲလိုက်သွားချင်တယ် သမီးကိုခွင့်လွှတ်ပေးပါနော်”

” ငါစကားကောင်းကောင်းပြောနေတာနော် အေး အကောင်းပြောမရရင် အဆိုးတွေပြောရလိမ့်မယ် ဟိုကောင် ငါ့သမီးဘေးကနေဖယ်စမ်း”

ဒေါ်စံမြက မိဝိုင်းကို ဆွဲယူလိုက်ပြီး ရေချမ်းကို တွန်းထုတ်လိုက်တယ်။

” ခင်ဗျားကြီး အရမ်းတရားလွန်သွားပြီ ကျုပ်တို့လူငယ်သဘာဝချစ်ကြိုက်တာ ခင်ဗျားဘာလို့နှောက်ယှက်ရတာလဲ ”

” အံမယ် လေသံအကြောကြီးနဲ့ပါလား ငါ့သမီးက ငါ့အမွေဆက်ခံဖို့ရည်စူးထားတာ နင့်လိုကောင်ကြောင့်ငါ့အိမ်မက်တွေအပျက်စီးမခံနိုင်ဘူး နောက်တစ်ခါ ငါ့အိမ်ရှေ့ကအရိပ်ကိုတောင် မနင်းမိစေနဲ့ ငါထပ်တွေ့လို့ကတော့ နင်ကိုအသေသတ်ပစ်မယ် ”

” ဟာ တောက် ”

ရေချမ်းကဒေါသထွက်ပြီး တောက်ခေါက်ကာ မိဝိုင်းကိုပြန်ဆွဲယူဖို့အလုပ်

” ရာရာစစ နင့်လိုကောင်က ငါ့ကိုအာခံဖို့တွေးတယ်ပေါ့လေ ဟားဟားဟား အမေ့သားနက်ကြီးရေဒီကောင် လည်ချောင်းသွေးကို နင့်အတွက်ပေးလိုက်ပြီ ” လို့ပြောကာ မိဝိုင်းရဲ့ ဇက်ပိုးကို လက်ဝါးဇောင်းနဲ့ရိုက်ချလိုက်တယ်။

” ညီမ ညီမ အစ် အစ် အစ် ”

ရေချမ်းစကားမဆုံးခင်မှာ သန်မာတဲ့လက်နှစ်ဖက်က လည်ပင်းကိုလာညှစ်တာကိုသိလိုက်ရတဲ့အချိန် လက်နှစ်ဖက်နဲ့ညှစ်ထားတဲ့လက်ကို ဆွဲဖယ်ဖို့ကြိုးစားပေမယ့် အင်အားချင်းမမျှတာရယ်၊ ညှစ်ထားတဲ့အရှိန်တွေရယ်ကြောင့် မျက်လုံးတွေတစ်ဖြေးဖြေး ဝေဝါးလာကာ နောက်ဆုံးမှာ မြေကြီးပေါ်ကိုအရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။
++++++++++

” ရေချမ်း သတ်ခံထိတယ်တဲ့ ကြားပီးပီလား”
ရေခပ်နေရင်းပြောလိုက်တဲ့ လှတင်မ စကားကြောင့် ရေအိုးရွက်ဖို့ပြင်နေတဲ့ မညိုက

” မနက်ထဲက ရေချမ်းသတင်းက ရွာထဲပျံ့နေတာ မကြားစရာလား”

” ရေချမ်းကိုဘယ်သူသတ်တယ်လို့ထင်လဲ အလောင်းသွားသယ်တဲ့သူတွေပြောတာတော့ လည်မြိုက သစ်ငုတ်နဲ့စိုက်ပြီးသေနေတာတဲ့ သွေးတွေဆိုတာ အိုင်ထွန်းနေတာပဲလို့ပြောတယ်”

” ရေချမ်းက ဒီရွာမှာ လူချစ်လူခင်ပေါပါတယ် ဘယ်လိုလူတွေကများသတ်သွားတာလဲမသိပါဘူးအေ”

” ဟဲ့ လှတင်မ ငါကြားတာကတော့ ဒေါ်စံမြက သူ့သမီးနဲ့ ရေချမ်းကြိုက်နေလို့ သတ်လိုက်တာတဲ့”

မညိုစကားကြောင့် လှတင်မက ဘေးဘီကိုကြည့်လိုက်ပြီး

” ဟဲ့ကောင်မ စကားကိုလက်လွတ်စပယ်မပြောနဲ့ ဟိုကကြားရင် နင့်ကိုနှစ်ခြမ်းဆွဲဖြဲသွားမယ် ”

” အေးပါဟယ် ငါသိပါတယ် နင်မို့လို့ပြောပြတာ ဒါနဲ့ ရေချမ်းရဲ့ဆွေမျိုးတွေကိုရောရှာတွေ့ပြီလား”

” ရွာသူကြီးကတော့ စုံစမ်းနေတယ်ပြောတာပဲ ရေချမ်းကတစ်ကောင်ကြွက်ဆိုတော့ ရှာတွေ့ဖို့မလွယ်ဘူးထင်တယ်”

” အခြေအနေထူးရင် ငါ့ကိုလာပြောပြဦး အခုတော့ ရေသွားဖြည့်လိုက်ဦးမယ်”
+++++++
ရေချမ်းသေဆုံးတဲ့ကိစ္စကို မြို့ပေါ်က ပုလိပ်တွေလာရောက်စစ်ဆေးခဲ့ကြပေမယ့် အဖြေရှာမရပဲ နောက်ဆုံးမှာတော့ပေါ့ဆမှုကြောင့် ခြေချော်ကျကာသစ်ငုတ်နဲ့လည်မြိုကိုထိုးမိတယ်ဆိုပြီးအမှုကိုပိတ်လိုက်ကြတယ်။

ရေချမ်းဆုံးပြီးတစ်လလောက်ကြာတော့

” မိဝိုင်း ဒီကိုလာဦး”

အိမ်ရှေ့မှာ ပြောင်းဖူးဖက်ဆေးလိပ်ထိုင်ဖွာနေတဲ့ ဒေါ်စံမြခေါ်သံကြောင့် မိဝိုင်းအပြင်ကိုထွက်လာခဲ့လိုက်တယ်။

” ကောင်မ နင့်ကိုကြည့်ရတာ အခုတစ်လော မူမမှန်ဘူး ထမင်းလဲသိပ်မစားဘူး တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့ ဘာလဲ နင့်လင်ကိုလွမ်းနေတာလား”

” မ မဟုတ်ပါဘူး အမေ နေသိပ်မကောင်းလို့ပါ”

” နင်ငါ့ကိုဘာတွေလိမ်ဦးမလို့လဲ မှန်မှန်ပြောစမ်း နင့်မှာဟိုကောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေတာလား”

ရုတ်တရက်မေးလိုက်တဲ့ ဒေါ်စံမြစကားကြောင့် မိဝိုင်း‌လန့်ဖြန့်သွားပြီး

” မဟုတ် မဟုတ်ပါဘူး ”

” ဖြန်း”

မိဝိုင်းစကားမဆုံးခင်မှာ ဒေါ်စံမြရဲ့ လက်ဝါးက မိဝိုင်းမျက်နှာပေါ်ကျသွားခဲ့တယ်။

” ငါထပ်မေးမယ် နင့်မှာကိုယ်ဝန်ရှိနေတာလား ”

ဒီတစ်ခါတော့ မိဝိုင်း မလိမ်ရဲတော့ပဲ
” ဟုတ်ပါတယ် သမီးမှာကိုယ်ဝန်ရှိနေတယ်”

” ‌တောက် ငါထင်တော့ထင်သား ဒီစောက်ကောင်းကျိုးမပေးတဲ့ ကလေးကို နင်မို့လို့လွယ်ထားတယ် မနက်ဖြန် ကလေးကိုဖျက်ချလိုက် ”

ဒေါ်စံမြစကားကြောင့် မိဝိုင်းမျက်ရည်တွေကျလာပြီး

” အမေ ဘယ်လိုပြောထွက်တာလဲ ဒီကလေးက သမီးဝမ်းနဲ့လွယ်ထားရတာ နောက်ပြီး ဘာမှမသိတဲ့ကလေးက အမေကိုဘာဒုက္ခမှပေးတာမဟုတ်ဘူးလေ ”

” နင်စကားထပ်မများနဲ့ မနက်ဖြန် ဟိုဘက်ရွာက လက်သည်နဲ့ကလေးဖျက်ချရမယ် အေး နင့်အကောင်လိုဖြစ်ချင်ရင်တော့ ရွာကနေထွက်ပြေးပေါ့ ”

ဒေါ်စံမြစကားကြောင့် မိဝိုင်းဘာမှမပြောတော့ပဲ အိမ်ခန်းထဲဝင်ကာ ရှိုက်ကြီးတစ်ငင်ငိုနေခဲ့တယ်။ ငိုလွန်းအားကြီးလို့ မျက်လုံးတွေစပ်ပြီး မျက်ကြောတွေညောင်းလာတာကြောင့် ကြမ်းပေါ်လှဲချကာ မှေးလိုက်တဲ့အချိန် အိမ်ပေါ်ကို တက်လာတဲ့ခြေသံကြောင့် အိပ်နေရာကနေ ဇတ်ကနဲ့ ကောက်ထကာ အခန်းပြင်ထွက်လာတော့ အိမ်ဦးခန်းမှာ တောင်ဝှေးကိုထောက်ပြီးရပ်နေတဲ့အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ရှည်ကျနေတဲ့ဆံပင်ဖြူတွေက ရင်ဘတ်လောက်ထိရောက်နေပြီး ခါးက ကြမ်းပြင်နဲ့ထိလုမတတ်ကိုင်းနေတာမြင်တော့

” အဖိုးကဘယျသူလဲ ဘာကိစ်စနဲ့လာတာလဲ”

မိဝိုင်းရဲ့စကားကြောင့် တောင်ဝှေးကိုအားယူပြီးရပ်နေတဲ့အဖိုးအိုက

” ငါကနင်နဲ့လာနေတာ ” ဆိုပြီးခပ်ပြတ်ပြတ်ပြောလိုက်တော့ မိဝိုင်းက

” အဖိုးနေလို့မရဘူးလေ ဒီအိမ်မှာ မိန်းမသားတွေပဲရှိတာ နောက်ပြီးကျွန်မက မပေါ့မပါးကြီးနဲ့ အဖိုးဝေယျာဝစ္စတွေကိုလုပ်ပေးနိုင်မယ်မထင်ဘူး တစ်ခြားနေရာသွားပါလား”

” ရတယ် ငါဒီမှာပဲနေမှာ ငါ့ကြောင့် နင်ဘာမှမဖြစ်စေရဘူး ”

မိဝိုင်းက အဖိုးအိုကို မနေဖို့အတန်တန်ပြောပေမယ့် မရတဲ့နောက်ဆုံး
” ဒါဆိုလဲ အမေကိုမေးကြည့်ရဦးမယ် သူပေးနေရင်နေလို့ရပါတယ်”လို့ပြောလိုက်တော့ အဖိုးအိုက

” ငါကသူ့ဆီကခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး နင့်ဆီကတောင်းတာ အခုနင်ကခွင့်ပြုပြီဆိုတော့ ငါနေခွင့်ရပြီ” လို့ပြောပြီး ကြမ်းပြင်နဲ့ထိလုမတတ်ဖြစ်နေတဲ့ခါးကိုမတ်လိုက်ရာ ၁၆နှစ်အရွယ်လိုပျိုမြစ်နုနယ်နေတဲ့ မျက်နှာကိုမြင်လိုက်ရတယ်။

မိဝိုင်းလဲရုတ်တရက်အံ့ဩသွားပြီးရပ်ကြည့်နေတဲ့အချိန် အဖိုးအိုက မိဝိုင်းဗိုက်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

” အဖိုး အဖိုး အဖိုး ”
ဗိုက်ထဲဝင်သွားတဲ့အဖိုးအိုကိုမြင်ပြီး လန့်ဖြန့်ကာထအော်လိုက်တဲ့အချိန်

” ဟိုကောင်မ ဘာတွေအော်နေတာလဲ ” ဆိုတဲ့အသံကြောင့် အိမ်မက်ကနေလန့်နိုးလာခဲ့တယ်။
+++++
နောက်တစ်နေ့ရောက်တော့ ဒေါ်စံမြက ဟိုဘက်ရွာကနေ လက်သည်သွားခေါ်လာပြီး မိဝိုင်းကိုယ်ဝန်ကိုဖျက်ချဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကလေးက ပျက်ကျမသွားခဲ့ပဲ ထူးဆန်းစွာသန္ဓေစွဲကပ်နေတာကိုမြင်တော့ ဒေါ်စံမြက

” တော်တော် အကြောတင်းတဲ့ကောင်ပဲ ” လို့ပြောတဲ့ထိကို ကိုယ်ဝန်က စွဲနေခဲ့တယ်။

တစ်နေ့ကျတော့ ဒေါ်စံမြ ရှူးရှူးရှဲရှဲနဲ့အိမ်ပေါ်တက်လာပြီး
” ကောင်းကျိုးမပေးတဲ့ဟာ ဒင်းရောက်လာထဲက ငါ့အလုပ်တွေအဆင်မပြေတော့ဘူး အစီအရင်တွေလဲ အကုန်လွဲ ဒီကြားထဲ နက်ကြီးက စိတ်ရိုင်းဝင်ပြီး ထွက်ပြေးနေလို့ လိုက်ဖမ်းရတာကရှိသေး နင်က ငါ့သမီးဖြစ်နေလို့ ကံကောင်းတယ်မှတ် နောက်ဆိုဟိုကောင်နောက်ကို နင်ပါလိုက်နေရပြီ ”

” ကလေးက သူ့ဘာသာဗိုက်ထဲနေနေတာ အမေ့ကိုဘာလုပ်နေလို့လဲ အမေပညာတွေကိုလဲသမီးစိတ်မဝင်စားဘူး အမေလူတကာကိုပြုစားပြီးစီးပွားရှာနေတာကိုရပ်တန်းကရပ်လိုက်ပါလား သမီးတို့ကောင်းရောင်းကောင်းဝယ်လုပ်စားကြမယ်လေ ဟိုးငယ်ငယ်လေးထဲက သမီးကို ဘယ်သူကဖော်ဖော်ရွေရွေခေါ်ပြောဆက်ဆံကြလဲ အမေကိုကြောက်နေလို့သာ ဟန်လုပ်ပြီးဆက်ဆံနေကြတာ ဒီအလုပ်တွေရပ်လိုက်ပါတော့အမေရယ်”

မိဝိုင်းစကားကြောင့် ဒေါ်စံမြ မျက်နှာထားတင်းသွားပြီး

” ဟဲ့ ကောင်မ မြိုလို့ဆို့လို့ဝမှ ဒီစကားထွက်တာပေါ့လေ နင့်အသက်ဒီအရွယ်ထိရောက်အောင် ဟောဒီက မိန်းမက ရှာကျွေးလာတာ အခုမှ ဒီအလုပ်ကဘာဖြစ်တယ် ညာဖြစ်တယ်လာပြောနေရလား နင့်ပါးစပ်ပေါက်ကိုပိတ်ပြီး ငါ့မျက်စိရှေ့ကထွက်သွားစမ်း မြင်ရတွေ့ရတာ ကျက်သရေယုတ်တယ်”

ဒေါ်စံမြစကားကြောင့် မိဝိုင်းထရပ်ကာ အိမ်နောက်ဖေးကိုထွက်သွားခဲ့လိုက်တယ်။ အချိန်ကတစ်ဖြေးဖြေးကုန်ဆုံးလာပြီမို့ အလင်းရောင်ကမှိန်သထက်မှိန်လာတဲ့အချိန် အိမ်နောက်ဖေးကနေထဖို့အလုပ်

” ညီမ ညီမ အကိုခေါ်တာကြားလား ”

ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် မိဝိုင်းခေါင်းနားပန်းကြီးသွားတယ်။

” ကိုရေချမ်းလား ကိုရေချမ်းအသံလား”

” ဟုတ်တယ် ညီမ အစ်ကိုပါ ”

” အစ်ကို ဘယ်ရောက်နေလဲ ဘယ်မှာနေတာလဲ ”

” အကိုအခုညီမတို့အိမ်အနောက်က ဥသျှစ်ပင်မှာနေတယ် အရင်က နက်ကြီးရှိနေလို့ ခြံထဲဝင်မရတာ အခုဒီကောင်စိတ်ရိုင်းဝင်ပြီးထွက်ပြေးနေလို့ ခိုးဝင်လာခဲ့တာ ညီမဒီကလေးကို သေချာမွေးရမယ်နော် ဒီကလေးရှင်ပြုတဲ့အချိန် အစ်ကို့ကိုအမျှဝေပေးပါ အစ်ကိုသားလေးရှင်ပြုမှ အကိုသာဓုခေါ်မယ် ဒါပဲနော် အများကြီးပြောချင်ပေမယ့် ပြောမရလို့ သွားလိုက်ဦးမယ် ကလေးကိုမွေးဖြစ်အောင်မွေးနော်”

မိဝိုင်းလဲ အသံသာကြားရပြီး အကောင်အထည်မမြင်ရတာကြောင့် အိမ်အနောက်ဘက်မှာပေါက်နေတဲ့ ဥသျှစ်ပင်ကိုငေးကြည့်ကာ

” အစ်ကိုကလေးလေးကို ရအောင်မွေးမှာပါ ညီမအသက်နဲ့ လဲရရင်တောင် လဲပြီးမွေးမှာပါ”ဆိုပြီးတီးတိုးရေရွတ်လိုက်တယ်။

ကိုယ်ဝန်လရင့်တဲ့နောက်ပိုင်းမှာတော့ အိပ်နေရင်း ဗိုက်ထဲကနေ အဝတ်ဖြူဝတ်ထားတဲ့ ကလေးတစ်ယောက်ခုန်ထွက်လိုက် ခုန်ဝင်လိုက်နဲ့ ဆော့ကစားနေတာမျိုးကို မကြာခဏဆိုသလိုအိမ်မက်မက်ခဲ့တယ်။ တစ်ခါတစ်ရံ ဗိုက်ထဲကထွက်လာပြီး ကြမ်းပေါ်မှာအင်းစမကွက်လိုလေးထောင့်အကွက်တွေထိုင်ဆွဲနေတာကိုလဲ‌မြင်ခဲ့ရတယ်။

ကလေးလေးဗိုက်ထဲကနေထွက်လာတဲ့နေ့ဆိုရင် ဒေါ်စံမြတစ်ယောက် မလှုပ်နိုင်အောင်ဖျားတော့တာပဲ။ အရင်ကဒေါင်ဒေါင်မြည်ကျန်းမာသလောက် ကိုယ်ဝန်ရပြီးနောက်ပိုင်း ကျန်းမာရေးမကောင်းဖြစ်လာတော့ ဗိုက်ထဲက ကလေးကိုမဲဖို့အံတကြိတ်ကြိတ်ဖြစ်နေတာသိပေမယ့် မိဝိုင်းမသိချင်ယောင်ဆောင်ကာ ကလေးမွေးဖွားမယ့်ရက်ကိုသည်းခံစောင့်နေခဲ့တယ်။

ကိုယ်ဝန်ရှစ်လပြည့်တဲ့နေ့မှာတော့
” မိဝိုင်း ဒီညငါသွားစရာတစ်ခုရှိတယ် ဘာအကြောင်းကြောင့်နဲ့မှ ခြံထဲကခြံပြင်ထွက်ဖို့စိတ်မကူးနဲ့ ခြံထဲမှာလဲ ငါ့မွေးထားတဲ့ကောင်တွေ ရှိတယ် အပြင်ထွက်ရင်တော့ နင့်ထိုက်နဲ့နင့်ကံပဲ ” လို့ပြောပြီးထွက်သွားခဲ့တယ်။

ညဘက်သန်းခေါင်အချိန်ရောက်တော့
” ကလေးမ ထစမ်း ထစမ်း”ဆိုတဲ့အသံကြားလို့ ထကြည့်လိုက်တော့ လှေကားအဝမှာရပ်နေတဲ့ လူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ်။

” ဘယ်သူများလဲ”

” ငါက နင်ကလေးမွေးတဲ့အချိန်ထိ စောင့်ရှောက်‌ပေးရမယ့်သူပဲ အခုဒီရေမန်းဘူးကိုယူထား ညဘက်ရောက်တိုင်း အိပ်ယာပတ်ပတ်လည်ကိုရေမန်းနဲ့စည်းချပြီးမှအိပ်ပါ ဘယ်သူခေါ်ခေါ်စည်းထဲကနေအပြင်မထွက်နဲ့ နောက်တစ်ပတ် စနေနေ့မှာ ကလေးမွေးလိမ့်မယ် ငါတို့လဲဒီအနားတစ်ဝိုက်မှာရှိနေမယ်” လို့ပြောပြီး ပြန်ဆင်းသွားခဲ့တယ်။

မိဝိုင်းလဲ ရုတ်တရက်ပေါ်လာတဲ့လူကိုကြည့်ပြီး အံ့ဩနေတဲ့အချိန် ဗိုက်ထဲကနေ ရုတ်တရက်လှုပ်လာတဲ့ကလေးကြောင့် အိမ်တံခါးကိုအမြန်ပိတ်ကာ အိပ်ယာပေါ်ကိုပြန်လာခဲ့လိုက်တယ်။

အိပ်ယာပေါ်ရောက်တော့ လက်ထဲကိုင်ထားတဲ့ရေမန်းဘူးကို ခေါင်းအုံးအောက်ထဲထည့်ပြီး ပြန်အိပ်မလို့လုပ်တဲ့အချိန် ဗိုက်ထဲကနေ လှုပ်လာတဲ့ အသိကိုခံစားလိုက်ရတယ်။

” ဒီကလေး ဒီနေ့မှဘာကြောင့်ဒီလောက်လှုပ်နေရတာလဲ”ဆိုပြီးတွေးနေရင်း ရွာထဲကနေ စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံအချို့ကိုကြားလိုက်ရတယ်။

” အူး ဝူး ဝူး ဝူး ဝူး”
ခွေးအူသံတွေကြားပြီးမရှေးမနှောင်းမှာပဲ
“ဒေါ်စံမြရှိလား ” ဆိုပြီးအော်ခေါ်နေတဲ့ အသံတစ်သံကိုကြားလိုက်ရတယ်။

မိဝိုင်းလဲ တစ်ခါမှမကြားဖူးတဲ့အသံကိုကြားလိုက်ရတဲ့အတွက် မကြာသေးခင်က လာပေးထားတဲ့ရေမန်းပုလင်းကိုဖွင့်ကာ အိပ်ယာလေးပတ်ပတ်လည်ကိုအစက်ချပြီးစည်းတားလိုက်တယ်။

အိမ်အောက်ကအော်ခေါ်နေတဲ့သူကလဲ တုံ့ပြန်မှုမရှိတာတွေ့တော့ တောက်တစ်ချက်ခတ်ပြီး ပြန်ထွက်သွားခဲ့တယ်။

နံနက်အာရုဏ်တက်ခါနီးရောက်တော့ ဒေါ်စံမြပြန်ရောက်လာပြီး မိဝိုင်းကိုနှိုးဖို့ အိပ်ယာနားကိုအသွားမှာ အလွန်ပူပြင်းတဲ့အပူလှိုင်းတစ်ခုကြောင့် အနားကပ်မရပဲ အနောက်ကိုပြန်ဆုတ်လိုက်ရတယ်။

ဒေါ်စံမြလဲ မိဝိုင်းတစ်ခုခုလုပ်ထားပြီဆိုတာသိတဲ့အတွက် အိပ်ယာနဲ့မလှမ်းမကမ်းမှာ မတ်တပ်ရပ်ပြီး

” မိဝိုင်း ထစမ်း မြန်မြန်လေးထစမ်း”

ဒေါ်စံမြခေါ်နှိုးသံကြောင့် မိဝိုင်းအိပ်ယာကနိုးလာပြီး

” အမေ ဘာဖြစ်လို့လဲ”

” နင်ငါ့အိမ်မှာဘာတွေလုပ်ထားလဲ ပြောစမ်း နင့်အိပ်ယာဘေးမှာဘာတွေချထားတာလဲ”

” ဘာမှမဟုတ်ပါဘူးအမေ ”

” နင်ဒီကိုယ်ဝန်ရထဲက ပြောင်းလဲလာတာ အခုငါလတိုင်းဆပ်နေရတဲ့ လက်ဆောင်ပဏ္ဍာတွေလဲ အရင်ကလိုမပေးနိုင်ဘူး အဲဒါနင့်ကလေးကြောင့် ”

” အမေမနေစေချင်ရင် သမီးထွက်သွားမယ် သမီးမရှိရင် အမေလုပ်ရကိုင်ရအဆင်ပြေမှာမဟုတ်လား”

မိဝိုင်းစကားကြောင့် ဒေါ်စံမြ တောက်တစ်ချက်ခတ်လိုက်ပြီး

” နင့်ကို ငါက ခေါ်ချင်လို့များခေါ်ထားတယ် ထင်နေတာလား ငါနှော် ငါနင့်ကိုမသတ်ရဲဘူးထင်နေလား ဟမ်”

ရုတ်တရက်ခက်ထန်လာတဲ့ ဒေါ်စံမြကိုကြည့်ပြီး မိဝိုင်းကြောက်လာခဲ့တယ်။

‘နင်သတိထားနေ ငါကတော့နင့်ဗိုက်ထဲက ကလေးကို မရရအောင်ဖျက်ချပစ်မှာ ကောင်းကျိုးမပေးတဲ့ဟာမ ” လို့ပြောပြီး အိမ်ရှေ့ကိုခြေဆောင့်ကာထွက်သွားခဲ့တယ်။

ဒေါ်စံမြရဲ့စကားကြောင့်မိဝိုင်း အိပ်ယာထဲကနေ အပြင်ကိုမထွက်ရဲတော့ပဲ ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကိုတွေးကာ ငိုင်နေခဲ့တယ်။ ညနေစောင်းရောက်တော့ ဒေါ်စံမြနဲ့အတူ မမြင်ဖူးတဲ့ မိန်းမလေးယောက်ပါလာခဲ့တယ်။

” စံမြ နင်ပြောတာဒီကောင်မလား”

” ဟုတ်တယ် အတော်ခေါင်းမာတဲ့မိန်းမ ငါဘယ်လိုပြောပြောမရဘူး”

” သူ့အမေဗီဇအတိုင်းပဲပေါ့ နင်ကသူ့ကိုဘာရည်ရွယ်ချက်နဲ့ ဒီအရွယ်ထိရောက်အောင်ကျွေးမွေးခဲ့တာလဲ”

မိန်းမလေးယောက်နဲ့ဒေါ်စံမြပြောတဲ့စကားတွေကိုကြားတော့ မိဝိုင်းက

” အဒေါ်တို့ဘာတွေပြောနေကြတာလဲ “လို့မေးလိုက်တဲ့အခါ ဒေါ်စံမြဘေးမှာရပ်နေတဲ့မိန်းမကြီးက

” ဟဲ့ကောင်မ စံမြကို နင့်အမေလို့ထင်နေတာလား တကယ်တော့နင်က စံမြသတ်လို့သေခဲ့တဲ့ လင်မယားရဲ့ သမီးဟဲ့ ”

” ဝါစိန် နင်ဘာလို့အခုလိုလျောက်ပြောနေတာလဲ”

” ပြောရတော့မယ် စံမြ နင်ကသူ့ကို လက်သပ်မွေးပြီး ခိုင်းစားဖို့ကြိုးစားခဲပေမယ့် သူကနင်ထင်သလိုမဖြစ်လာဘူးမဟုတ်လား နင့်ရည်မှန်းချက်တွေကို သူ့ကြောင့်အပျက်စီးခံတော့မှာလား ဒီကလေးက ငါတို့အားလုံးကို ဒုက္ခပေးနိုင်တယ်လို့ မနေ့ညက ဆရာကြီးပြောခဲ့တာ ကြားတယ်မဟုတ်လား နင့်ရဲ့မဟုတ်တဲ့ အတွေးတွေကိုဖယ်လိုက်တော့”

မိဝိုင်းလဲ အိပ်ယာပေါ်ကနေ ကြားလိုက်ရတဲ့စကားတွေကြောင့် အံ့ဩတုန်လှုပ်စွာနဲ့ မလှမ်းမကမ်းမှာရပ်နေတဲ့မိန်းမတွေကို စိုက်ကြည့်နေလိုက်တယ်။

” စံမြ သူ့ကိုအပြင်ခေါ်ထုတ်လာခဲ့ သူ့ကိုအရှင်ခိုင်းမရရင် သေပြီးမှခိုင်း ”

” မရဘူး ဝါစိန် သူ့အနားကိုငါကပ်လို့မရဘူး သူ့မှာတစ်ခုခုရှိနေတယ်”

ဒေါ်စံမြစကားကြောင့် ဝါစိန်ဆိုတဲ့မိန်းမကြီးက မိဝိုင်းအနားကိုကပ်ဖို့အလုပ် တစ်စုံတစ်ခုကိုခံစားမိပြီး အနောက်ကိုပြန်ဆုတ်လာခဲ့လိုက်တယ်။

” ဒီကောင်မက အတော်လည်တာပဲ ငါတို့ကပ်မရအောင်တောင်လုပ်ထားတာကိုး မိချို နင်အခုရွာထဲသွားပြီး လူလေးယောက်သွားခေါ်လာခဲ့ ”

ဝါစိန်ရဲ့စကားကြောင့် ဘေးမှာရပ်နေတဲ့ မိန်းမတစ်ယောက်က ခေါင်းညိမ့်ပြပြီးအိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။
” ငါတို့လုပ်မရပေမယ့် ရွာထဲကလူတွေကတော့ နင့်ကို ခေါ်လို့ရတယ် နင်ငါတို့လက်က မလွတ်တော့ဘူး ”

မိဝိုင်းကတော့ စိုးရိမ်အားငယ်တဲ့စိတ်နဲ့ ဒေါ်စံမြကိုလှမ်းကြည့်လိုက်ပေမယ့် မျက်နှာလွှဲတာကိုသာခံလိုက်ရတယ်။

မကြာခင်မှာ ထွက်သွားတဲ့ မိန်းမပြန်ရောက်လာပြီး သူ့အနောက်မှာတော့ မိန်းမလေးယောက်ပါလာခဲ့တယ်။

” ဝါစိန် နင်ပြောတဲ့အတိုင်းခေါ်လာပြီးပြီ သူတို့က ငါတို့အလုပ်တွေကိုစိတ်ဝင်စားတယ်ပြောထားတာကြာပြီ ပညာမသွင်းရသေးတဲ့အတွက် သူတို့တော့ကပ်လို့ရမှာပါ”

“ဒါဆိုရင် ဒီကောင်မကို အခန်းထဲကနေ ‌အရှေ့ကိုခေါ်ထုတ်လာခဲ့ စံမြ နင်က အိမ်တံခါးတွေ ခြံတံခါးတွေအကုန်ပိတ်ထား ဒီအချိန်မှာ ဘယ်သူမှခြံထဲမဝင်အောင် နင်မွေးထားတဲ့ ကောင်တွေကိုလွှတ်ပေးလိုက်တော့”

ဒေါ်ဝါစိန်က လက်ညိုးတစ်ထိုးထိုးနဲ့ လုပ်ခိုင်းပြီး အိမ်ရှေ့ကိုထွက်သွားခဲ့တယ်။ မိဝိုင်းကိုတော့ သူ့ထက်အားသန်တဲ့မိန်းမတွေက ဝိုင်းချုပ်ကာ ဆွဲခေါ်လာဖို့အလုပ်

” ခေါင်းအုံးအောက်မှာ ပုလင်းတစ်လုံးတွေ့တယ် ဘာအရည်တွေလဲတော့မသိဘူး”

ဖမ်းချုပ်နေတဲ့မိန်းမတွေရဲ့အော်သံကြောင့် ဒေါ်စံမြအခန်းဝကိုလျောက်လာပြီး

” လတ်စသတ်တော့ငါတို့ကပ်မရအောင် ဒီကောင်မက ရေမန်းနဲ့လုပ်ထားတာကိုး အဲဒီပုလင်းကို အပြင်ကိုပစ်ထုတ်လိုက် အိမ်မှာနေတဲ့သူက ဒီရေမန်းဘယ်ကရလဲဆိုတာမေးရမယ်”

ဒေါ်စံမြ ထွက်သွားတော့ ဖမ်းချုပ်ထားတဲ့မိန်းမတွေက မိဝိုင်းကိုအိမ်ရှေ့ကိုဆွဲခေါ်လာခဲ့တယ်။

” သူ့ကိုအလယ်မှာထားလိုက် ကျန်တဲ့လေးယောက်က သူ့ကိုဝိုင်းထား ရွာထဲက ကောင်မတွေက နင်တို့အလုပ်ပြီးပြီဆိုတော့ ပြန်ကြတော့ ဒီကိစ္စကို ပါးစပ်ဟတာနဲ့ နင်တို့‌တွေ အသက်နဲ့ကိုယ်အိုးစားကွဲပြီမှတ် ”

ဒေါ်ဝါစိန်ရဲ့စကားကြောင့် ခေါ်လာတဲ့မိန်းမလေးယောက်ဘာမှပြန်မပြောရဲပဲ ကုတ်ကုတ်လေးအိမ်ပေါ်ကဆင်းသွားခဲ့တယ်။

မိဝိုင်းလဲ သူ့ကိုဝိုင်းထားတဲ့မိန်းမတွေနဲ့ ဒေါ်စံမြကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်

” မိဝိုင်း နင်ခုနကပုလင်းဘယ်ကရလဲ ”

” လူတစ်ယောက်လာပေးသွားတာ သူ့ကိုလဲမမြင်ဖူးဖူး သိလဲမသိဘူး”

မိဝိုင်းစကားကြောင့် ဒေါ်ဝါစိန်က
” လတ်စသတ်တော့ ဒါကြောင့် အမွှေးရှည်အိမ်ပေါ်တက်မရတာကိုး”

” အဲဒီညက နင်မွေးထားတဲ့ကောင်ကို လွှတ်ခဲ့သေးတာလား”

” ဟုတ်တယ် ဆရာကြီးက နင်မသိအောင် သတ်ခိုင်းလိုက်တာ အိမ်ထဲဝင်မရဘူးဆိုပြီးပြန်လာလို့ အဲဒီကောင်ကို အစာမကျွေးပဲ ဒဏ်ပေးထားတယ် စံမြ နင်ဒီကောင်မကို သံယောဇဉ်ရှိသေးလား”

” ငါ့အတွက်အသုံးမဝင်မှတော့ ဘာလို့သံယောဇဉ်ထားနေရမှာလဲ လုပ်စရာရှိတာလုပ်ကြ ”

ဒေါ်စံမြစကားကိုကြားတော့ ဝါစိန်က အိတ်ကပ်ထဲကနေ စက္ကူနဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကိုထုတ်လိုက်ပြီး မိဝိုင်းအရှေ့ကိုပစ်ချကာ
” နင့်ဘာသာနင် ဒီဆေးကိုသောက်မရလား ငါတို့တိုက်ရမလား ”

” ရှင်တို့အတော်ရက်စက်ပါလား ဒီဆေးမှုန့်ကိုသောက်ရင် ကျွန်မရော ကလေးပါ သေမှာ မသောက်နိုင်ဘူး ”

” ငါတို့အချိန်မရှိဘူး နင်သေရင် နင့်အလောင်းကို ခိုင်းစားဖို့ လုပ်စရာရှိသေးတယ် သောက်စရာရှိတာ မြန်မြန်သောက်”

” မသောက်ဘူး ကျွန်မကြောင့် ဗိုက်ထဲက ကလေးမသေစေရဘူး”

” ဟာ စောက်စကားများတဲ့ကောင်မပဲ မိချိုနဲ့ မယ်တင် နင်တို့ကသူ့ကိုချုပ်ထား စံမြနင်က သူ့ပါးစပ်ထဲဆေးမှုန့်လောင်းထည့်လိုက်”

ဒေါ်ဝါစိန်ရဲ့စကားအဆုံးမှာ ဘေးမှာထိုင်နေတဲ့မိန်းမနှစ်ယောက်ထလာပြီး မိဝိုင်းကိုဖမ်းချုပ်ထားလိုက်တယ်။

” ရှင်တို့ ကျွန်မကိုလွှတ် လွှတ်စမ်း အင်း အီး ”

မိဝိုင်းရုန်းနေတဲ့အချိန် ဒေါ်စံမြက ဆေးမှုန့်ထုပ်ကိုယူပြီး ပါးစပ်ထဲလောင်းထည့်ခါနီးမှာ ကြောက်လန့်တကြားအော်ဟစ်နေတဲ့ မိဝိုင်းကိုကြည့်ပြီးဒေါ်စံမြ လက်တွေရှေ့ဆက်မတိုးနိုင်ပဲ

” ဝါစိန် ငါမလုပ်နိုင်ဘူး သူကငါ့သမီးအရင်းမဟုတ်ပေမယ့် သူနို့စို့အရွယ်ထဲကမွေးလာတဲ့ သံယောဇဉ်ကိုငါဖြတ်မရဘူး ငါမလုပ်နိုင်ဘူး ဝါစိန်”

” နင်ဆရာကြီးရဲ့အမိန့်ကိုဖီဆန်တာလား ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရမယ်ဆိုပြီးသစ္စာဆိုထားတာ နင်မေ့နေပြီလား”

” ငါသိပါတယ် ဒါပေမယ့် …”

” အချိန်မရှိဘူး စံမြ နင်တွေဝေမနေနဲ့ နင်မလုပ်နိုင်ရင် မိချိုကိုပေးလိုက်”

ဒေါ်စံမြလဲ လက်ထဲမှာကိုင်ထားတဲ့ ဆေးမှုန့်တွေကို တုန်တုန်ရီရီနဲ့ မိဝိုင်းပါးစပ်ထဲလောင်းထည့်ဖို့အလုပ်

” ဒေါက် ဒေါက် ဒေါက်”ဆိုပြီး အိမ်တံခါးကိုလာခေါက်တဲ့အသံကိုကြားလိုက်ရတယ်။

” စံမြ မလုပ်နဲ့ဦး အရေးအကြောင်းဆို အနှောင့်အယှက်ကလာပြီ အိမ်ရှေ့မှာဘယ်သူလဲသွားကြည့်ဦး”

စိတ်မရှည်စွာပြောလိုက်တဲ့ ဒေါ်ဝါစိန်စကားကြောင့် ဒေါ်စံမြလက်ထဲက ဆေးမှုန့်ထုပ်ကိုဘေးချပြီး တံခါးရှိရာလာခဲ့လိုက်တယ်။

တံခါးပေါက်နားရောက်တော့ ဟနေတဲ့အပေါက်ကနေ ချောင်းကြည့်လိုက်ရာ လွယ်အိတ်တစ်လုံးကိုလွယ်ထားတဲ့လူတစ်ယောက် အိမ်တံခါးကိုကျောပေး‌ရပ်နေတာတွေ့လိုက်ရတယ်။

” ဝါစိန် ဘယ်သူလဲတော့ငါမသိဘူး အိမ်ရှေ့မှာရောက်နေတယ် ဖွင့်ပေးလိုက်ရမလား”

” မိချို ဒီကောင်မကို အခန်းထဲပြန်ခေါ်သွားပြီးမှ ဖွင့်ပေးလိုက် ဘာကိစ္စလဲဆိုတာကြည့်ကြတာပေါ့”

ဒေါ်စံမြလဲ မိဝိုင်းအခန်းထဲရောက်တဲ့အချိန် တံခါးဆွဲဖွင့်လိုက်ပြီး

” ဘာကိစ္စရှိလို့လဲ ”

ဒေါ်စံမြအသံကြောင့် ကျောပေးရပ်နေတဲ့ လူရဲ့ကိုယ်က အရှေ့ကိုလှည့်လာပြီး
” ဒီအိမ်မှာရှိတဲ့ ကိုယ်ဝန်သည်ကလေးမကိုလာခေါ်တာ” လို့ပြောလိုက်တဲ့အသံကြောင့် အိမ်ဦးခန်းမှာထိုင်နေတဲ့ ဝါစိန်မျက်နှာပျက်သွားခဲ့တယ်။

” ဟေ့ ကောင်လေး ဒီအိမ်မှာ ဘယ်ကိုယ်ဝန်သည်မှမရှိဘူး နင်အိမ်မှားနေပြီ ”

” မမှားပါဘူး ဒေါ်ဝါစိန် ကျုပ်ဒီကိုရောက်နေတာကြာပြီ ခင်ဗျားတို့ပြောတဲ့စကားတွေလဲ အကုန်ကြားတယ် ဒါကြောင့် မိန်းကလေးကို ထုတ်ပေးပါ ”

လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ထားတဲ့ လူငယ်ရဲ့စကားကြောင့် ဒေါ်ဝါစိန် စိတ်တိုသွားပြီး

” ငါတို့အလုပ်ကိုဝင်ရှုပ်တဲ့အပြင် ပြန်ခိုင်းတာမပြန်ပဲ လေကြောရှည်နေတဲ့ကောင်ရဲ့ လည်ချောင်းသွေးကိုဖောက်သောက်လိုက်စမ်း” လို့အော်ပြောတာကိုကြားတော့ လွယ်အိတ်နဲ့လူငယ်က အသံထွက်ရုံရယ်လိုက်ပြီး

” ခင်ဗျားတို့ ခေါ်နေတာ ဒီနှစ်ကောင်ကိုလား” လို့ပြောကာ အိမ်အောက်ကိုမျက်စပစ်ပြလိုက်တယ်။

ဒေါ်စံမြလဲ လူငယ်ပြတဲ့နေရာကိုကြည့်လိုက်တော့ လှုပ်မရအောင် ကြိုးအထပ်ထပ်နဲ့ ချည်ခံထိထားတဲ့ အမွှေးရှည်နဲ့ နက်ကြီးကိုတွေ့လိုက်ရတယ်။

အိမ်ပေါ်မှာရှိနေတဲ့ ဒေါ်ဝါစိန်နဲ့ အခြားမိန်းမကလဲ အိမ်ပေါက်ဝမှာရောက်နေတဲ့လူငယ်ရဲ့ ပညာကိုရိပ်မိပြီး ပြူတင်းပေါက်ကနေရုတ်တရက်ခုန်ဆင်းကာ ပြေးပါလေရော။

ရုတ်တရက်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် ဒေါ်စံမြလဲ ဒေါ်ဝါစိန်ပြေးတဲ့နောက်ကို လိုက်ပြေးဖို့ ပြူတင်းပေါက်ကိုကျော်အတက်မှာ ခြေထောက်နှစ်ချောင်းကလှုပ်မရတော့ပဲ အောက်ကိုခွေလျက်လဲကျသွားခဲ့တယ်။

အပြင်မှာဖြစ်နေတဲ့အသံတွေကြောင့် ‌အခန်းထဲမှာရှိနေတဲ့ မိချိုထွက်လာခဲ့ပြီး ဒေါ်စံမြကို တွဲထူလိုက်တဲ့အချိန်

” ခင်ဗျားတို့နှစ်ယောက် ထွက်ပြေးဖို့မကြိုးစားနဲ့ ကျုပ်ကလဲ ခင်ဗျားတို့ကို ဖမ်းဖို့လာတာမဟုတ်ဘူး ကျုပ်တာဝန်က ကိုယ်ဝန်သည်မိန်းကလေးကိုလာခေါ်တာ ဒါကြောင့် အခန်းထဲက မိန်းကလေးကို ခေါ်လာခဲ့ပေးပါ”

လွယ်အိတ်နဲ့လူငယ်ရဲ့စကားကြောင့် မိချိုက အခန်းထဲမှာရှိနေတဲ့ မိဝိုင်းကိုအပြင်ကိုခေါ်ထုတ်လာခဲ့တယ်။

အပြင်ရောက်တော့ မိဝိုင်းက
” ရှင် ရှင်က ရေမန်းဘူးလာပေးတဲ့သူမဟုတ်လား”

မိဝိုင်းစကားကြောင့် ဒေါ်စံမြအံ့ဩသွားပြီး
” နင်က မိဝိုင်းနဲ့ဘယ်လိုပတ်သတ်တာလဲ ဘာကြောင့်ဒီလိုလုပ်ပေးနေရတာလဲ”လို့မေးလိုက်တော့ လူငယ်က

” ကျုပ်က ဒီကမိန်းကလေးကိုသိတောင်မသိဘူး ဒါပေမယ့် သူ့ဗိုက်ထဲက ကလေးကိုတော့ ရင်းရင်းနှီးနှီးကိုသိတယ် ဒါကြောင့်ကျုပ်လာရတာ ကျုပ်အခုဒီမိန်းကလေးကိုခေါ်သွားမယ် နှောင့်ယှက်ဟန့်တားနေမယ်ဆိုရင်တော့ ကျုပ်အဆိုးမဆိုပါနဲ့” လို့ပြောပြီး အိမ်ပေါ်ကဆင်းလာခဲ့လိုက်တယ်။

မိဝိုင်းလဲ အိမ်အောက်ကိုအရောက် လွယ်အိတ်နဲ့လူငယ်က အိမ်ပေါ်ကိုမော့ကြည့်ပြီး
” ကလေးမွေးပြီးတဲ့နေ့ နောက်အပတ်လပြည့်နေ့ည ကျုပ်ပြန်လာခဲ့မယ် အဲဒီတော့မှ ခင်ဗျားတို့နဲ့ထပ်တွေ့ကြတာပေါ့” လို့ပြောပြီး ခြံထဲကနေထွက်သွားခဲ့တယ်။

ရွာနဲ့အတော်ဝေးတဲ့နေရာရောက်မှ
” အမိ သင်ရောကလေးပါ ဘေးကင်းပါပြီ ကောင်းကောင်းမွန်မွန်မွေးနိုင်ဖို့အတွက်လဲပြင်ဆင်ထားပါတယ် “လို့ပြောလိုက်တော့ မိဝိုင်းက

” ရှင်နာမည်ဘယ်လိုခေါ်လဲ ဘာလို့ ညီမကိုဒီလောက်ထိလိုက်ကူညီနေရတာလဲ” ဆိုပြီးမေးလိုက်တော့ လူငယ်က ဘာမှပြန်မပြောပဲ အရှေ့ကိုသာဆက်ထွက်သွားခဲ့တယ်။

နှစ်ပြလောက်လမ်းဆက်လျောက်ပြီးချိန်မှာတော့ အိမ်ခြေတစ်ရာလောက်ရှိတဲ့ ရွာကြီးတစ်ရွာကိုတွေ့လိုက်ရတယ်။ ရွာထဲကိုရောက်တော့ အိမ်တစ်အိမ်ကနေ လူနှစ်ယောက်ပြေးထွက်လာပြီး

” ဆရာ ဒီကလေးမ မွေးဖို့ဖွားဖို့အတွက်အကုန်အဆင်ပြေပြီ လက်သည်မိန်းမကလဲ သူ့အိမ်မှာပဲမွေးပေးမယ်ပြောတယ် ”

” ကဲ ဒီအိမ်က ညီမနေရမယ့်အိမ်ပဲ အိမ်ရှင်တွေက အဟာရရှိတဲ့အစားအစာတွေကျွေးပါလိမ့်မယ် ”

လူငယ်သုံးယောက်လဲ မိဝိုင်းကို လက်သည်အိမ်မှာအပ်နှံပြီး ရွာပြင်ကိုထွက်လာခဲ့လိုက်တယ်။ ရွာပြင်ရောက်တော့

” ဆရာ ဟိုမိန်းမတွေက ဒီကိုမလာဘူးလို့ပြောနိုင်ပါ့မလား သူတို့ကဒီကလေးအကြောင်းကို သိနေပုံရတယ် ”

” သူတို့လာလဲ စိတ်ပူစရာမလိုပါဘူး ကလေးကိုသူတို့ဒုက္ခပေးလို့မရဘူး ဒါပေမယ့် သူတို့ကိုတော့ဆုံးမမှရမယ် သူတို့ကြောင့်သေခဲ့ရတဲ့လူတွေမနည်းတော့ဘူး မင်းတို့လဲလိုအပ်တဲ့အရာတွေကြိုတင်ပြင်ဆင်ထားပါ”

” ဟုတ်ကဲ့ပါဆရာ လိုရမယ်ရတော့ လက်သည်အိမ်ပတ်လည်ကိုမကောင်းတာတွေကပ်မရအောင်စည်းချထားပါတယ်”

” ကြိုတင်ပြင်ဆင်ထားတော့လဲကောင်းတာပေါ့ကွာ”

အောင်မြတ်သာတို့သုံးယောက်လဲ ရွာပြင်မှာရှိတဲ့အခြေအနေကိုအကဲခတ်ပြီးရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်။
+++++++++++
သုံးရက်မြောက်တဲ့ညမှာတော့
” ဆရာ ဟိုကလေးမ ဗိုက်နာနေပြီပြောတယ် အခြေအနေကတော့ သိပ်မကောင်းဘူး အဟာရမရှိတာရယ် စိတ်ဖိစီးမှုတွေရယ်ကြောင့် ကလေးညှစ်အားမရှိဘူးတဲ့”

” သူ့ရဲ့ကံက ဒီလောက်ပဲပါခဲ့တာကိုး လူတစ်ယောက်ရဲ့အသက်ကိုငါတို့ဆွဲဆန့်ပေးလို့မရဘူး ဒါကြောင့် ကလေးမွေးပြီးတာနဲ့ မိခင်သေရလိမ့်မယ် သူသေတဲ့အခါ ရွာထဲကို ဝိဉာဉ်တစ်ခုဝင်လာလိမ့်မယ် ရွာစောင့်နတ်တွေကိုလဲဝင်ခွင့်ပြုပေးဖို့ ပြောထားပြီးပြီ ကလေးမွေးတာနဲ့ ငါတို့စထွက်ကြရအောင်”

အောင်မြတ်သာစကားအဆုံးမှာ
“ဆရာလေး ဆရာလေး “ဆိုပြီးပြေးလာတဲ့ ရေထမ်းသမားငဘကိုတွေ့လိုက်ရတော့ သက်ခိုင်က

” ငဘ ဘာဖြစ်တာလဲ”

” ကလေးမွေးပြီ ယောင်္ကျားလေးတဲ့ မိခင်ကတော့ မီးတွင်းထဲမှာပဲ ဆုံးသွားတယ် အဲဒါလက်သည်ကလာပြောခိုင်းလို့ လာပြောပြတာ”

” စိတ်မကောင်းပါဘူးကွာ ကလေးကိုသေချာကြည့်ထားပေးပါလို့ ငါတို့မနက်ကျမှပြန်လာခဲ့မယ်”

” ဟုတ်ကဲ့ ဆရာလေး ကျွန်တော်ပြောထားလိုက်မယ်”

ငဘပြန်ထွက်သွားတဲ့အချိန် အောင်မြတ်သာတို့ရွာထဲကနေ စထွက်ခဲ့ကြတယ်။ ရွာပြင်ကိုသွားတဲ့လမ်းကိုရောက်တော့ အောင်မြတ်သာတို့ကိုယ်ထဲကိုဖြတ်ပြီးပြေးသွားတဲ့အရိပ်တစ်ခုကိုတွေ့လိုက်ရတယ်။

” ဆရာ ခုနက ဝင်တိုက်သွားတာ ဆရာပြောတဲ့တစ်ယောက်လား”

” ဟုတ်တယ် သူ့မိန်းမမီးတွင်းထဲမှာဆုံးတယ်ဆိုတာသိသွားပြီထင်တယ် ကဲ မနက်ကျရင် ကလေးအတွက်ငါတို့လုပ်စရာရှိတယ် ဒါကြောင့် ဒီညကိစ္စကိုအရင်ဖြတ်ကြတာပေါ့”

အောင်မြတ်သာတို့လဲ ဒေါ်စံမြတို့နေတဲ့ရွာကို ညတွင်းချင်းထွက်လာခဲ့ကြတယ်။ လပြည့်ညဖြစ်တဲ့အတွက် လမ်းတစ်လျောက်မှာရှိတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။ အတန်ကြာလမ်းလျောက်လာပြီးတဲ့အချိန်မှာတော့ ဒေါ်စံမြနေတဲ့ရွာအဝကိုရောက်လာခဲ့တယ်။

ရွာအဝင်ဝရောက်တော့ လူတစ်ယောက် ‌မှောက်လျက်အနေအထားလဲကျနေတာကိုမြင်လိုက်ရတယ်။ အောင်မြတ်သာတို့အနားရောက်တော့ လဲကျနေတဲ့သူက ရုတ်တရက်ခေါင်းမော့ပြီး

” လက်စားချေပေးပါ ကျုပ်ကိုသတ်ခိုင်းတဲ့ ဒေါ်စံမြကိုလက်စားချေပေးပါ ” လို့ပြောပြီး ပျောက်ကွယ်သွားတယ်။

လျှပ်တစ်ပြက်ဖြစ်သွားတဲ့အရာကိုမြင်ပြီး သက်ခိုင်က
” ဆရာ ခုနကတွေ့တာက ဘယ်သူလဲ”

” ဒေါ်စံမြလက်ချက်နဲ့ သေခဲ့ရတဲ့ ကလေးအဖေပဲ”

” ဒါဆိုခုနကတွေ့လိုက်တဲ့သူပေါ့ ”

” ဟုတ်တယ် သူ့စိတ်က ဒီနေရာကိုစွဲနေတာဆိုတော့ ကျွတ်ဖို့ကခက်တယ် ”

“အခုဒေါ်စံမြအိမ်ကိုအရင်သွားမလား ဒါမှမဟုတ် ရွာပြင်ကနေပဲ ခေါ်မလားဆရာ”

” သူ့အိမ်ကိုသွားရင် ရွာထဲကလူတွေသိကုန်လိမ့်မယ် ရွာပြင်ကနေပဲ ဆင့်ခေါ်မယ် ”

အောင်မြတ်သာက ပြောရင်းဆိုရင်း ရွာအပြင်ကွင်းစပ်မှာရပ်ကာ အမိန့်ပြန်ဖို့လုပ်လိုက်တဲ့အချိန်

” လူလေး အောင်မြတ်သာ ဒီအလုပ်တွေက မင်းအတွက်မဟုတ်ဘူးကွယ့်”ဆိုတဲ့အသံနဲ့အတူ သင်္ကန်းကိုသေသပ်စွာရုံထားတဲ့ ဘုန်းတော်ကြီးတစ်ပါးကိုကောင်းကင်မှာဖူးမြင်လိုက်ရတယ်။

အောင်မြတ်သာ၊သက်ခိုင်နဲ့‌တောက်ရက
ဘုန်းတော်ကြီးကိုမြင်တော့ ဦးချကာရှိခိုးလိုက်ပြီး
” အရှင်ဘုရားတို့လမ်းညွှန်ချက်အတိုင်း လိုက်နာပါမယ်ဘုရား အရှင်ဘုရားတို့မည်သို့စီမံထားပါသလဲသိခွင့်ရှိရင်သိချင်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ဘုန်းတော်ကြီးက
” ဒီနယ်တစ်ဝိုက်မှာရှိတဲ့ အောက်လမ်းစုန်းကဝေတွေကို ကျောကုန်းမှာအင်းစမကွက်ပါတဲ့ ကလေးက နောက်၁၃နှစ်ကျရင် နှိမ်နှင်းအောင်မြင်လိမ့်မယ် မင်းရဲ့တာဝန်က ကလေးကို သင်ကြားပြသပေးဖို့ဆိုပြီး အထက်ဆရာကြီးတွေကဆုံးဖြတ်ထားကြတယ် ”

” တပည့်တော်လိုက်နာပါမယ်ဘုရား ဆရာတော်ဘုရားကိုဖူးမြင်ရတဲ့အတွက်လဲ အတိုင်းဆမရှိ ဝမ်းမြောက်လျက်ရှိပါတယ်ဘုရား”

” အိမ်း သာဓု သာဓု သာဓု ”

ဘုန်းတော်ကြီးက သာဓုသုံးကြိမ်ခေါ်ပြီးတာနဲ့ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။ ဘုန်းတော်ကြီးပျောက်ကွယ်သွားတာနဲ့အောင်မြတ်သာက

” သက်ခိုင်နဲ့တောက်ရ မင်းတို့အရမ်းကံကောင်းကြတယ် ဆရာတော်ကိုဖူးရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ငါတောင်သုံးကြိမ်ပဲဖူးခွင့်ရသေးတယ်”

” ဆရာ ခုနကဖူးလိုက်ရတဲ့ဆရာတော်က အင်းတော်ကြီးဂိုဏ်းကိုစတည်ထောင်ခဲ့တဲ့ဆရာတော်လား”

” ဟုတ်တယ် မင်းတို့ဖူးမြင်လိုက်ရတာက ငါတို့ဂိုဏ်းရဲ့မူလအစဆရာတော်ကြီးပဲ ”

” ဒါဆို ဒီရွာကပညာသည်တွေကို လွှတ်လိုက်ရတော့မလား”

” ဆရာတော်အခုလိုမိန့်တာအကြောင်းအရင်းတော့ရှိရမယ် ကဲ ငါတို့ပြန်ကြရအောင် ”

အောင်မြတ်သာတို့လဲ မူလအစီအစဉ်ကိုဖျက်ပြီး ကလေးမွေးဖွားရာ ရွာကိုပြန်လာခဲ့လိုက်ကြတယ်။ ရွာကိုပြန်ရောက်တော့ ရွာသားတွေစုရုံးစုရုံးဖြစ်နေတာကိုအဝေးကနေလှမ်းမြင်လိုက်ရတယ်။

” ဆရာ ရွာမှာဘာဖြစ်ကြလဲမသိဘူး ”
သက်ခိုင်က အောင်မြတ်သာကိုလှမ်းပြောရင်း လူအုပ်ကြားထဲကိုတိုးပြီးကြည့်လိုက်တော့ မြေကြီးပေါ်မှာ ပါးစပ်ထဲကသွေးတွေတပွက်ပွက်ထွက်ကျပြီး သေနေတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

” ဟာ ဒါကဘယ်လိုဖြစ်ကြတာလဲ”

သက်ခိုင်စကားကြောင့် အနားမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်က

” ကလေးမွေးပြီးတော့ ကလေးအမေကမီးတွင်းထဲမှာဆုံးသွားတယ်လေ အဲဒါကြောင့် ကလေးကို နို့တိုက်ဖို့ခေါ်လာတုန်းရှိသေးတယ် မိန်းမတစ်ယောက်က အတင်းလုယူပြီးထွက်ပြေးတာ မျက်စိရှေ့တင် ကလေးရော လုတဲ့သူပါပျောက်သွားတယ် အဲဒီမှာ ဒေါ်ကြီးသိန်းတို့အိမ်ကြားထဲကနေ အသံနက်ကြီးနဲ့အော်သံကြားလို့ကြည့်လိုက်တော့ ‌ဒီမိန်းမကိုတွေ့လိုက်ရတာပဲ နောက်ပြီးထူးဆန်းတာက ကလေးကမငိုပဲ ရယ်နေတယ်ဆရာ ”

သက်ခိုင်ကအမျိုးသမီးရဲ့စကားကြောင့် အောင်မြတ်သာကိုလှည့်ကြည့်လိုက်တော့ အောင်မြတ်သာက

” ကလေးကို သတ်ဖို့လုပ်ခဲ့တာပဲ ဒါပေမယ့် ကလေးရဲ့ကျောမှာပါတဲ့ မွေးရာပါအမှတ်ကြောင့် ကလေးမထိပဲ သူပြန်ထိသွားတာ သူ့ကိုအရင်ကရွာမှာတွေ့ဖူးလား ”

” သူဒီကိုပြောင်းလာတာ ရက်ပိုင်းပဲရှိဦးမယ် မျက်မှန်းတန်းမိရုံလောက်ပဲသိကြတာ ”

” အိမ်း အငြိုးအတေးတွေများ တယ်ကြောက်ဖို့ကောင်းတာကိုး မနက်ကျရင် အလောင်းကိုမီးသဂြိုလ်လိုက်ကြ ကလေးကိုတော့ ရွာကျောင်းဆရာတော်ဆီအပ်မှဖြစ်မယ် ကလေးနို့တိုက်ပြီးရင် ကျုပ်တို့ဆီခေါ်လာခဲ့ပါ နောက်တစ်ချက်က ရွာပတ်ပတ်လည်မှာ ဒီအင်းစမကွက်တွေမြုပ်ထားကြ ရွာပြင်ထွက်တဲ့သူတွေလဲ အင်းစမစာရွက်တွေကိုဆောင်သွားတာအန္တရာယ်ကင်းလိမ့်မယ်”

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်က ရွာသားတွေကိုအင်းစမစာရွက်တွေ ဝေပေးပြီး ညတွင်းချင်းမြုပ်နှံခိုင်းလိုက်တယ်။
++++++
မနက်ရောက်တော့ အောင်မြတ်သာက ကလေးကို ဘုန်းကြီးကျောင်းဆီခေါ်သွားပြီး ဆရာတော်ထံအပြီးတိုင်ရောင်းပေးခဲ့တယ်။ ဆရာတော်ကလဲ ကလေးရဲ့ကိစ္စအကုန်လုံးကို တာဝန်ယူပေးဖို့ ကတိပေးခဲ့တယ်။

ဆရာတော်က ကလေးရဲ့ကျောမှာပါတဲ့စမကွက်လိုအမာရွတ်ကိုကြည့်ပြီး
” ဒီကလေးကတော့ လောကီရေးရာမှာ ထွန်းပေါက်ဦးမှာ”ဆိုပြီး မိန့်ကာ မောင်စမလို့ခေါ်စေခဲ့တယ်။

အောင်မြတ်သာက ကလေးအသက်၁၃နှစ်ရောက်ရင် သူပြန်လာခဲ့မယ်လို့ပြောပြီး ရွာထဲကနေအပြီးတိုင်ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာက ကလေးအသက်၁၃နှစ်မပြည့်မချင်းရွာကိုပြန်မလာခဲ့ပေမယ့် ကလေးကိုတော့ အဝေးကနေကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။

နောက်ဝတ္တုမှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့အကြောင်းကိုခေတ္တနားပြီး မောင်စမရဲ့ထူးခြားတဲ့ဘဝဖြတ်သန်းပုံ၊ အောင်မြတ်သာကမောင်စမကိုပညာသင်ကြားမှုပုံစံ၊ မောင်စမအသက်၁၃နှစ်မှာ အောင်မြတ်သာနဲ့တွဲပြီး မည်သို့မည်ပုံကြမ်းမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ပါရမီရှင်မောင်စမ ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

စကားချပ်။ နောက်ဝတ္တုမှာတော့ သက်ခိုင်နဲ့ တောက်ရကိုမေ့ထားပေးကြဦးနော်။ ဘာကြောင့်လဲဆိုတော့ မောင်စမအကြောင်းကို ဒီဝတ္တုနဲ့တစ်ဆက်ထဲရေးမှအချိတ်အဆက်မိမှာမို့လို့ပါ။ ဒါကြောင့် နှစ်တွေကိုကျော်လိုက်ရခြင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ