စုန်းစွဲ

စုန်းစွဲ(စ/ဆုံး)
________

စျေးထဲမှာ
လူအရမ်းကျတော့ တော်ရုံနဲ့သွားမရဘူး ၀ယ်စရာခြမ်းစရာကအများကြီးကျန်သေးတယ်
ဒီညကျနော်တို့သူငယ်ချင်းတွေကစုပြီးနှုတ်ဆက်ပွဲလေးလုပ်မလို့ဖြစ်တယ်
ဒါကြောင့် အစောကြီးစျေးကိုလာလို့ ၀ယ်ရခြင်းပင်

ကျောင်းစာမေးပွဲပြီးလို့အဝေးကသူငယ်ချင်းတွေက အိမ်ပြန်ကျတော့ ကျနော်တို့ပဲကျန်ခဲ့ရတော့မည်ပေါ့
ကောင်းကင်တစ်ချက်ကြည့်လိုက်ရာနေရောင်က
နီရဲလို့မြို့ရဲ့အနောက်ဘက်ကိုတဖြေးဖြေးငုပ်ချိုး
ပျောက်ကွယ်လုနေပါပြီ

နယ်မြို့လေးရဲ့စျေးကသိပ်မကြီးကျယ်ပေမယ့်စည်ကားချက်ကတော့လက်လန်တယ် မိုးချုပ်ခါနီးလေလူကျလေပဲ

နောက်ဘက်ကအသားစျေးတန်းဘက်သွားလိုက်ရန်ပြင်လိုက်စဥ် စျေးရဲ့အဆုံးစွန်ကျတဲ့ ကုက္ကိုပင်နှစ်ပင်ကြားက လက်ဖက်ရည်ဆိုင်ထဲကိုမိန်းကလေးတစ်ယောက်ကို့ယိုးကားယား၀င်သွားတာကိုမြင်လိုက်မိတယ်
ပထမတစ်ခေါက်တုန်းကမြင်ဖူးသလိုရှိပေမယ့်
ဒီတစ်ခေါက်အနီးကပ်တွေ့တော့ဘာလိုလိုနဲ့အမျိုးအမည်မသိစိတ်ခံစားချက်တစ်ချို့ကခေါင်းထဲ၀င်ရောက်လာခဲ့တယ်

နောက်တော့လာမှမဖြစ်သလိုလုပ်ပြီး ကြက်သားအစိမ်းတစ်သောင်းဖိုး၀ယ် ဟင်းလေးနည်းနည်း၀ယ်ပြီးစျေးကထွက်လာခဲ့ပြီ
အဆောင်ကစျေးနဲ့ဝေးတော့ အထုပ်တွေနဲ့လမ်းလျှောက်ပြန်ရတာမသက်သာပေ အဖော်ကမပါ ဓာတ်မီးကမပါဒီကြားထဲ မိုးကချိန်းလိုက်သေးတယ်

ကျနော်တဖြေးဖြေးလျှောက်လာရာ ကုက္ကိုပင်ကြားကလက်ဖက်ရည်ဆိုင်ကျော်လာခဲ့ပါပြီ
ဘာမှန်းမသိခုနကမိန်းကလေးများတွေ့မလားဆိုပြီးဆိုင်ထဲပြန်လှည့်ကြည့်မိတယ် ဒါပေမယ့်သူမ
မရှိတော့ပေ

” လုပ်ကြပါအုံး……..
ကျမသားလေးမရှိတော့ဘူး”

အပြန်လမ်းတစ်၀က်တောင်မရှိသေးဘူး စျေးထဲကမိန်းမတစ်ယောက်မှာအလန့်တကြားထအော်ပါလေရော ကျနော်လည်းအစကတည်းကစပ်စုတတ်တဲ့လူဆိုတော့ ဘာများလည်းလို့ ပြန်ကြည့်လိုက်မိတယ်

” ခုနကတင်ပဲ ဒီနားထိုင်နေတာပါ ကျမဆိုင်ထဲကထွက်လာတော့မရှိတော့ဘူး ဘယ်လောက်မှမကြာသေးဘူး လုပ်ကြပါအုံးရှင်”

ထိုမိန်းမကြီးမှာသားပျောက်သွားတော့ စိုးရိမ်နေမည်ပေါ့ တစ်ယောက်ယောက်များရှာပေးကြမလားလို့ ငေးကြည့်နေစဥ် ကျနော့်ဘေးကရေဆိုးမြောင်းထဲ တဗွက်ဗွက်မြည်တဲ့အသံတွေထွက်လာတယ်

မလင်းတစ်ချက်လင်းတစ်ချက်မီးရောင်အောက်ထဲပြုုးပြဲကြည့်လိုက်တော့ ကျနော်ပါးစပ်အဟောင်းသားဖြစ်သွားရသည်

ယိုးတိုးယိုင်တိုင်မိန်းမတစ်ယောက်က ကလေးတစ်ယောက်လက်ကိုဆွဲကာရေဆိုးမြောင်းထဲကို၀င်ဖို့လုပ်နေခြင်းပင် ကျနော်စဥ်းစားမိတော့
အစောကလက်ဖက်ရည်ဆိုင်ထဲ၀င်သွားတဲ့မိန်းကလေးမှန်းသဘောလိုက်တယ် ကလေးကလည်းသူ့ကလေးဟုတ်မည်မထင် ကျနော်မဖြစ်ဘူးလို့စိတ်ကတွေးကာ သူတို့နောက်ကိုအပြေးလိုက်သွားပြီး

” ဟိတ် မပြေးနဲ့ သူခိုးမ နင့်ကိုငါမိပြီ”

” ဗွမ်း…….”

ကျနော့်စကားတောင်မဆုံးခင်မှာပင် ထိိုမိန်းကလေးက ကလေးကိုမကာရေဆိုးမြောင်းထဲခုန်ဆင်းသွားတော့သည် ကျနော့်မှာတော့ ဘာလုပ်ရမည်မသိဘဲကျန်ခဲ့တာပေါ့ အောက်ကိုဆင်းဖို့ကလည်း ဓာတ်မီးဖြစ်ဖြစ်ပါမလာ နောက်တော့စျေးထဲကိုပြေးကာ ကလေးအမေကိုအကျိုးအကြောင်းသွားပြောရတော့တယ်

” ဟင်……. အမယ်လေး ကိုယ်ကျိုးနည်းပါပြီ
ကျမသားလေး…. လုပ်ကြပါအုံးရှင် ……
ကျမသားလေးကိုကယ်ပေးကြပါအုံး”

စျေးထဲကယောကျာ်းသားတွေလေးငါးယောက်ခန့်စုပြီး ရေဆိုးမြောင်းထဲသွားရန်လုပ်ကြတော့၏
ကျနော်လည်း ကူညီပေးချင်တာနဲ့ လူတွေနဲ့အတူထိုနေရာကိုရောက်လာခဲ့ကြတယ် အပေါ်ကမိန်းမတွေမှာကျန်ခဲ့ပြီး ကျနော်တို့ယောကျာ်းသားငါးယောက်ခန့် မြောင်းထဲ၀င်လာခဲ့ကြသည်

မြောင်းထဲက အနံ့အသက်တွေကောင်းခြင်းမဟုတ်
ဆိုး၀ါးနံစော်လှ၏ စျေးကလူတွေပေးလိုက်တဲ့ ဓာတ်မီးကို​ရှေ့ကိုထွန်းကာ တဖြေးဖြေး၀င်လာကြတော့ မြောင်းအဆုံးကိုရောက်လာခဲ့ပြီ

​ကျနော့်စိတ်တွေလည်းဘယ်လိုမှန်းမသိ ကသိကအောင့်ဖြစ်လာတယ် မလာရင်တောင်ကောင်းလိမ့်မယ်လို့အတွေးနှစ်ခွတွေလည်း၀င်လာခဲ့တယ်
ဓာတ်မီးရောင်အဆုံးကိုကြည့်လိုက်တော့ ရေဆိုးမြောင်းရဲ့အပြင်ကိုရောက်ပြီပေါ့ ရှေ့ကခပ်မြန်မြန်သွားနေတဲ့လူတွေကိုအမှီလိုက်ပြီး သွားမလို့ပြင်လိုက်စဥ်မှာပင် ရေအောက်ကပုလင်းကွဲနင်းမိတော့သည်

” အား ကျွတ်… ကျွတ်…”

” ဆိုးတာပဲ ”

တစ်ယောက်ထဲရေရွတ်ပြီး အပြင်အမြန်ထွက်ကာ
အိတ်ကပ်ထဲအမြဲဆောင်ထားတဲ့ ပ၀ါလေးနဲ့ချည်ထားလိုက်မှသွေးတိတ်သွား၏ ကျနော်လည်း
အဖော်လူတွေကိုပြောရန်ပြင်လိုက်စဥ် တစ်ယောက်မျှမရှိတော့ပေ

” ဟမ်…. ဘယ်ရောက်သွားကြတာလဲ”

နေရာကထပြီး ဘေးဘီ၀ဲယာကိုဓာတ်မီးထိုးကြည့်တော့ ကျနော့်နဲ့မလှမ်းမကမ်းခြုံရဲ့နောက်ဖက်က
မီးရောင်သဲ့သဲ့ကိုလှမ်းတွေ့လိုက်တယ်

” ဒီလိုရေဆိုးမြောင်းအောက်ဘက်မှာလည်း လူတွေနေကြတာလား ”

မီးရောင်လာရာဘက်ကို အကူအညီများရမလားလို့တွေးပြီး လူတစ်၀င်စာရှိတဲ့ခြုံကြားလမ်းထဲက၀င်လာခဲ့ရာ အိမ်ကလေးတစ်အိမ်ကိုတွေ့လိုက်ရတယ် မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့မီးရောင်အောက်မှာ ကျနော်အိမ်လေးကိုကြည့်နေမိစဥ်

” ဟီး…. ဟီး… ဟီး….”

နားထဲကို၀င်လာတဲ့ကလေးတစ်ယောက်ရယ်သံကအိမ်ထဲမှထွက်ပေါ်လာခြင်းပင် ကျနော်သံသယတွေ၀င်လာပြီး ပျောက်သွားတဲ့ကလေးများဖြစ်မလားလို့ အိမ်ပေါ်ကိုတိတ်တဆိတ်တတ်လာခဲ့သည်

ဆွေးမြေ့လုနီးပါးကြမ်းပြင်ပေါ်ကိုခပ်ဖွဖွနင်းရင်း
တတ်လာပြီး အထဲကိုကြည့်လိုက်တော့ ကျနော်ထင်ထားသလိုပင် အစောကတွေ့ခဲ့တဲ့ကလေးမှာသေချာသည် ဒိီတစ်ခါတော့အယင်တစ်ခေါက်လိုသတ္တိမရှိတော့ပေ နောက်ပြန်ထိုင်နေတဲ့ မိန်းကလေးကိုကြည့်ရင်း ကြောက်လန့်မှုတွေကတဖြေးဖြေးထိုးတတ်လာခဲ့တယ်

အော်ပြောလိုက်ဖို့ကလည်း အဖော်ပါလာတဲ့လူတွေကဘယ်ဆီကိုရောက်သွားမှန်းမသိ ပြန်ပြီးလူတွေကိုခေါ်ကာ လာရင်ကောင်းမလားလို့လဲ တွေးမိပြန်တယ်
မထူးတဲ့အဆုံး ကျနော်လှည့်ပြန်ရန်ခြေလှမ်းပြင်လိုက်စဥ် ကြမ်းပြင်ကဖောင်းခနဲမြည်သံနဲ့အတူ
ခြေထောက်ကကြမ်းပေါက်ကျွံကျသွား၏

ကျနော်တော့မျက်နှာအကြီးကြီးထူပူသွားသွားသည် ထင်ထားသလိုပင်အိမ်ထဲကမိန်းကလေးကဒေါသတကြီးထွက်လာခဲ့တယ် ထိုမိန်းကလေးရဲ့ မျက်လုံးမှာအမျက်တကြီးနဲ့ခက်ထန်နေ၏ ဖားယားချထားတဲ့ဆံပင်တွေအောက်က အမာရွတ်တွေဗလပွဖြင့်မဲသဲနေတော့ ကျနော်တစ်ကိုယ်လုံးကြက်သီးတွေထသွားမိတယ် ကျနော်သူ့လက်ကိုကြည့်လိုက်တော့ ၀ါးရင်းတုတ်တစ်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်ပင်
ထိုမိန်းကလေးကအားကုန်လွှဲကာ ၀ါးရင်းတုတ်ကြီးနဲ့ကျနော့်ကိုခေါင်းကိုရိုက်ချလိုက်တော့၏

******************

မျက်လုံးအာရုံတွေထဲလင်းထိန်နေတဲ့စူးရှရှအလင်းရောင်ကြောင့် နိုးလာခဲ့သည် နာကျင်နေတဲ့ဦးခေါင်းကိုလက်ဖြင့်စမ်းသပ်လိုက်တော့ သွေးတွေကခြောက်နေပြီ ထိုနေရာလူးလိမ့်ထကာ
ပြန်ကြည့်မိတော့ အိပ်မက်လားတကယ်လားဝေခွဲမရတော့ပေ မနေ့ညကအရိုက်ခံရပြီးသတိလစ်သွားခဲ့တော့ အိမ်လေးကအကောင်းအတိုင်းပင် ယခုမနက်မိုးလင်းတော့ ဆွေးမြေ့ပျက်စီးနေတဲ့ပျဥ်ပြားတွေ
သွပ်ပြားတွေကပြိုကျပျက်စီးပြီးနေရာအနှံ့ပျံ့ကျဲလျက်ဖြစ်နေ၏

အားအင်တွေလျော့နေသလိုခံစားချက်တွေက သိပ်မကောင်းလှ ထိုမိန်းကလေးများရှိအုံးမလားလို့ ပတ်၀န်းကျင်အနံ့လိုက်ရှာကြည့်မိသေးတယ် သို့ပေမယ့်ဘာဆိုဘာမှမရှိ
မကောင်းတဲ့အငွေ့အသက်တွေပြည့်နှက်နေတဲ့ထိုနေရာကထွက်လာပြီးအဆောင်ဆီကိုပြန်လာခဲ့၏

အတော်ကြာလမ်းလျှောက်ခဲ့ပြီးနောက်အဆောင်ကိုရောက်လာခဲ့တယ် အဆောင်ခြံ၀န်းတစ်ခုလုံးတိတ်ဆိတ်နေသည် ပုံစံကလူတစ်ယောက်မျှမနေတော့သလိုမျိုး အထဲ၀င်ရန်တံခါးဖွင့်မလို့လုပ်တော့
သော့ခတ်ထား၏ ကျနော်ဘာမှနားမလည်နိုင်တော့ပေ ကျောင်းပီးတာတစ်ရက်ပဲကြာသေးတယ် အခုကသစ်ရွက်ခြောက်တွေကနေရာအနှံ့ပျံ့ကျဲကာ
လူမနေတာအတော်ကြာပြီသလိုပင်

ကျနော်လှည့်ပြန်ရန်ပြင်လိုက်စဥ် အဆောင်ဆီကိုလျှောက်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်သည်

” သဲခိုင်…”

ကျနော်လှမ်းခေါ်လိုက်တော့ သဲခိုင်ထူးဆန်းစွာကြည့်ပြီး အသံကုန်အော်လိုက်တယ်

“အမယ်လေး သရဲ… သရဲ….. ”

” ဟော….”

ကျနော်ထပ်ပြီးအံသြရပြန်၏ ဘယ့်နှယ်လူတစ်ယောက်လုံးကိုသရဲတဲ့

” နင့်လင်ကိုသရဲလား…. ”

ကျနော်ဆဲပြောလိုက်တော့ သဲခိုင်ကထပ်ပြီးနားမလည်သလိုလုပ်ကာ

” နင်…… နင်… လူလား..”

“ဟ…… လူကိုကြည့်ပြီး လူလားတဲ့
နင်ရူးနေတာလား”

” ဟယ်…. တကယ်လူနော်…”

” ဘာဖြစ်နေတာလဲ ဘာလို့ငါ့ကိုသရဲလို့ပြောတာလဲ”

” မသိဘူးလေ ကျောင်းပြီးကတည်းက နင်ပျောက်သွားတာ သေလားရှင်လားဘယ်သူမှမသိဘူး”

“အေးလေ မနေ့ကတောင် ငါစျေးသွားသေးတာ ကိစ္စတစ်ခုဖြစ်သွားလို့ ”

” ဘာမနေ့ကလဲ နင်ပျောက်သွားတာအခုဆို တစ်လခွဲလောက်ရှိပြီ”

” ဘာ…..”

ဒီတစ်ခါအော်မိသူကကျနော်ပင်

” ငါ …. ငါပျောက်သွားတာ တစ်လခွဲလောက်ရှိပြီ
နင်မနောက်နဲ့နော် မနေ့ကတောင် ငါစျေးသွားသေးတာလေ ”

” ဟဲ့….ငါကလိမ်ပြောပါ့မလား
နင်ကြည့်လေ ငါတို့နေခဲ့အဆောင်က အခုဆိုဘယ်လိုဖြစ်နေပြီလဲဆိုတာ”

သဲခိုင်ပြောမှသေချာကြည့်မိ၏ အဆောင်ခြံ၀ိုင်းတစ်ခုလုံးအရင်ကနဲ့လုံး၀မတူတော့ပေ ဒါဆိုကျနော်ပျောက်သွားတာ တစ်လခွဲရှိတာတကယ်ပဲပေါ့

ဘယ်လိုဖြစ်နိုင်မှာလဲ……

” ငါ့အမေတို့ရော ဘာပြောကြသေးလဲ ”

” အမယ်လေး နင့်အမေက နင့်အတွက်အလှုုတွေလုပ် ရက်လည်ဆွမ်းတွေကျွေး ကုသိုလ်တွေလုပ်နေလေရဲ့ ”

” တကယ်….”

” အေး…”

” ဒါနဲ့ နင်ဟိုသတင်းကြားသေးလား ”

” ဘာသတင်းလဲ ..”

” ငါပျောက်သွားတဲ့နေ့က ကလေးတစ်ယောက်ကိုမိန်းမတစ်ယောက် ခိုးသွားတာ အဲ့ကိစ္စကြောင့်ပဲ ငါဒီလိုဖြစ်ရတာဟ”

ကျနော့်စကားဆုံးတော့ သဲခိုင်ကခနစဥ်းစားလိုက်ပြီး

“သြော်…. နင်ပြောတာ မနှင်းဆီပဲဖြစ်မယ်

အဲ့သတင်းက နင်ပျောက်သွားတဲ့နေ့တလောတုန်းက
ဟိုးလေးတ​ကျော် ဖြစ်ခဲ့သေးတယ်”

” အေး”

” နင်ပျောက်သွားတဲ့နောက်ပိုင်း ငါတို့ရက်ကွပ်ရော
တစ်မြို့လုံးနီးပါး ကလေးတွေအပျောက်များခဲ့တယ်”

” ဟင်….”

ကျနော်သဲခိုင်စကားကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားမိ၏

“တကယ်တော့ အဲ့ဒီမိန်းမက စုန်းမတစ်ယောက်လေ
ကလေးတွေကိုဦးစားပေးဖမ်းတာတဲ့ နောက်တော့ ရဲတွေကသူ့ကိုဖမ်းမိပြီးမကြာခင်ပဲ ထောင်ထဲကထွက်ပြေးသွားတယ်တဲ့ ပျောက်သွားတဲ့နေ့ကတည်းက ဒီနေ့ထိ ဘာသတင်းမှမကြားရဘူး”

ကျနော်အခုမှသဘောပေါက်မိသွားတယ် နောက်တော့သဲခိုင်ကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့၏
မနှင်းဆီဆိုတဲ့စုန်းမက ထွက်ပြေးပြီးဘယ်ရောက်သွားတာလဲ ဆိုတဲ့အတွေးတွေကလည်း ခေါင်းထဲအလိုလိုထပ်ရောက်လာပြန်တယ်

အိမ်ကိုရောက်တော့ တံခါးကိုဖွင့်လိုက်ရာ အိမ်ထဲကလူတွေက ပါးစပ်အဟောင်းသားနဲ့ပေါ့ မယုံနိုင်စရာအသံတွေ သရဲထင် သဘက်ထင် ရေမန်းပတ်သူတွေနဲ့ ပြောမကုန်တော့ပါ

ကျနော်လည်း ခပ်မြန်မြန်ရှင်းပြပြီး ရေမိုးချိုး ထမင်းစားကာတစ်ယောက်ထဲအခန်းထဲ၀င်လာခဲ့တယ် စိတ်ထဲမှာနေရာယူထားတာတော့ မနှင်းဆီပင်

*****************

မသာတသာလမင်းကြီးရဲ့အောက်က ညနက်ချိန်ရဲ့သတ္တ၀ါတို့လှုပ်ရှားနေကြဆဲ တစ်ခါတစ်ခါ မြို့ပြင်သုသာန်ဆီက ဆွဲငင်စွာအူလိုက်ကြတဲ့ ခွေးအူသံတွေကသန်းခေါင်ယံအချိန်ကိုပိုမိုအသက်သွင်းလိုက်သလိုပါ

နံရံပေါ်ကနာရီလက်တံအသံတွေက တဂျစ်ဂျစ်နဲ့

ကျနော်ဖတ်လက်စ စာအုပ်ကိုချပြီးနို့ကော်ဖီတစ်ခွက်သောက်လိုက်တယ် ဦးခေါင်းပေါ်ကအနာကိုတစ်ချက်စမ်းကြည့်တော့ ပျောက်လုနီးနေပါပြီ

နောက်တဖြေးဖြေး လေးလံလာတဲ့မျက်လုံးကိုမထိန်းနိုင်တော့ အိပ်ယာပေါ်တတ်လိုက်ပြီး နဖူးပေါ်လက်တင်လိုက်တာနဲ့ လွန်ခဲ့တဲ့တစ်လခွဲလောက်က
ကြောက်မက်ဖွယ်မျက်နှာတစ်စုံကပေါ်လာခဲ့၏

ကျနော်ကတော့ ဒီအဖြစ်အပျက်တစ်ခုလုံးကိုမနေ့ကဖြစ်သလိုမျိုး စိမ်းနေဆဲ အတတ်နိုင်ဆုံးမေ့ပစ်လိုက်ဖို့ကြိုးစားပြီး မျက်လုံးကိုမှိတ်လိုက်တယ်

သန်းခေါင်အချိန်ကပိုမိုနက်လာလေခဲ့ပြီ ညသတ္တ၀ါတို့အသံလည်းမရှိတော့ တိတ်ဆိတ်မှုတွေကအပြည့်

ထိုစဥ် အခန်းတံခါးဆီကိုတတ်လာတဲ့ခြေသံတစ်ခုက နားထဲကိုအချက်ပေးလိုက်သဖြင့် ကျနော်မျက်လုံးကိုဖွင့်ကြည့်လိုက်တယ် ဒီအချိန်ကြီး အခန်းထဲကိုဘယ်သူ၀င်လာမလဲမသိတော့ ဖုန်းမီးကိုထွန်းလိုက်ဖို့ဟန်ပြင်လိုက်စဥ်မှာပင် အခန်းအပြင်ဆီက

“ချစ်မင်းမောင်…… မအိပ်သေးဘူးလား……”

ကြောက်မက်ဖွယ်အသံသြသြကြီးထွက်လာခဲ့၏
ကျနော့်မှာလက်ကဖုန်းလွတ်မကျရုံတမယ်ကိုင်ထားပြီး အချိန်ခနတွင်းမှာပင်ဇောချွေးတွေပြန်လာသည်

” ဘယ်…သူ….လဲ……”

အထစ်ထစ်အငေါ့ငေါ့ကျနော့်အသံဆုံးတော့ ဘာတုံ့ပြန်မှုမှထွက်မလာခဲ့ အိပ်ယာကနေထလိုက်ပြီး တံခါးဆီကိုတုန်ယင်စွာလျှောက်လာခဲ့ကာ ကျွီခနဲမြည်အောင် ဖွင့်လိုက်၏

သို့ပေမယ့်ဘာမှမရှိ အခန်းအပြင်ဘက်ကိုဟိုဟိုဒီဒီရှာဖွေပေမယ့်မထူးသဖြင့် အခန်းထဲပြန်၀င်လိုက်စဥ်
အိပ်ယာပေါ်မှာ စောင်ခြုံကာငုတ်တုတ်ထိုင်နေတဲ့
အရိပ်မည်းကြီးတစ်ခုကိုမြင်လိုက်ရသည်

” အမယ်လေးဟ……….”

အလန့်တကြားလက်ကဖုန်းလွတ်ကျသွားလို့ စမ်းတ၀ါး၀ါးကောက်ကိုင်လိုက်တော့ ဖုန်းကိုမတွေ့ဘဲ ပျော့အိပျော့ဖက်အရာတစ်ခုကိုကိုင်မိ၏ ဘာများလဲလို့ အနီးကပ်ကြည့်လိုက်ရာ ဘာပြောကောင်းတော့မလဲ ကျနော်ကိုင်ထားသည်မှာ အကြောတပြိုင်းပြိုင်းထနေတဲ့ လက်ကြီးတစ်ဖက်ပင်

” အားးးးးးးး”

ကျနော်ကြောက်လွန်းလို့ အခန်းထဲကပြေးထွက်လာခဲ့တယ် ပြီးတော့အမေ့အခန်းတံခါးကိုတဖုန်းဖုန်းထုကာ

” အမေရေ တံခါးဖွင့်ပါအုံး အစ်မ တံခါးဖွင့်အုံး”

ကျနော်တဖုန်းဖုန်းထုနေပေမယ့် အထဲကမည်သည့်အသံမျှထွက်မလာခဲ့ ဒီလောက်ပြိုကျမတတ်ထုရိုက်နေတာ ဘာလို့မနိုးကြတာလဲလို့ အမေတို့ကိုဒေါသတွေလည်းထွက်လာမိတယ် ​အနောက်ဖက်အသံတွေကြားလို့လှည့်ကြည့်တော့ အိမ်တံခါးအ၀မှာ မတ်မတ်ကြီးရပ်နေတဲ့ လူတစ်အုပ်ကိုမြင်လိုက်ရ၏

” အမေတို့လား………..”

ကျနော်မေးလိုက်မှ ယင်းလူအုပ်ကြီးက လက်တွေဆန့်တန်းကာ တဖြေးဖြေးလျှောက်လာခဲ့ကြ၏

” အားးးးး မလာနဲ့ မလာကွနဲ့……”

ကျနော်အသံကုန်အော်ကာ ဘေးနားကတံမြက်စည်းတံနဲ့လှမ်းရိုက်နေမိသည် သို့ပေမယ့်ခနကြာတော့ ထိုလူအုပ်ကြီးမှာ အငွေ့အသက်တွေအဖြစ်တဖြေးဖြေး ပျောက်ကွယ်သွားကြတော့၏

ကျနော်လည်းအိမ်ထဲကပြေးထွက်ကာ မြို့ပြင်ဆီကဆရာတော်ဘုရားကျောင်းဆီကိုပြေးလာခဲ့တယ် ဘုန်းတော်ကြီးကျောင်းကိုရောက်မှ ကပ္ပိယကြီးကိုနှိုးကာ တစ်ညလုံးကိုဘုန်းကြီးကျောင်းထဲမှာပဲကုန်ဆုံးလိုက်တော့သည်

မနက်မိုးလင်းတော့ အိမ်ကလူတွေရောက်လာကြ၏
ကျနော့်မှာတော့ အမေတို့ကိုစိတ်တိုနေသည် မနေ့ညကဘယ်လိုများအိပ်နေကြတာလဲလို့ပေါ့

” ကပ္ပိယကြီး စျေးထဲသွားလို့လာပြောမှသိရတာ
ဘာလို့ကျောင်းကိုရောက်သွားတာလဲ ညနေကလည်းအိမ်မှာရှိတာကို”

” ဘာ… တစ်ညလုံးသရဲအခြောက်ခံရလို့ရူးတော့မလို့ပဲ အမေတို့ကိုလာနှိုးတာ ဘယ်သူတံခါးဖွင့်မပေးကြဘူး ”

” အောင်မာ ဘယ်တုန်းကလာနှိုးလို့လဲ ငါတို့အိမ်မှာသရဲမခြောက်ပါဘူးနော် ”

အစ်မစကားဆုံးတော့ဆရာတော်ဘုရားက အပြင်ထွက်လာပြီး

” ဒကာလေးကိုခြောက်လှန့်နေတာ မနှင်းဆီဆိုတဲ့ စုန်းမပဲ”

ဆရာတော်မိန့်တော့

” ဘာလို့လဲဘုရား တပည့်တော်ဘာလုပ်ရမလဲဘုရား”

” အိမ်း……. ဟိုးလွန်ခဲ့တဲ့ လ၀က်လောက်က မနှင်းဆီကကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာ သူကဒကာလေးတစ်ယောက်ကိုပဲ စွဲနေတော့ ဒကာလေးကလည်း သူ့ကိုအနှောင့်အယှက်ပေးခဲ့တယ်မလား
အဲ့တာသူကမကျေနပ်လို့ ခြောက်လှန့်နေတာ
အကောင်းဆုံးကတော့ သာသနာ့ဘောင်ကပဲ ကာကွယ်နိုင်လိမ့်မယ်”

” တင်ပါ့ဘုရား ……”

ကျနော်ဖြစ်ကြောင်းကုန်စင်ကိုအမေတို့ကိုပြောကြားပြီး ဆရာတော်ဘုရားနဲ့တိုင်ပင်ကာ ထိုနေ့မှာပဲသာသနာ့ဘောင်ထဲ၀င်ခဲ့လိုက်တယ် ဒီထက်ပိုပြီးကြောက်လန့်ကာမနေချင်တော့ပေ

ဒီလိုနဲ့ ရဟန်း၀တ်ပြီး အချိန်တွေအတော်ကြာလာတော့ စိတ်တွေငြိမ်သက်လာခဲ့တယ် အကြောက်တရားကိုအသိတရားနဲ့ဖြေနိုင်လာခဲ့တယ် နောက်ဆုံးမနှင်းဆီဆိုတဲ့ နာမည်ကိုပင်မေ့ပျောက်ခဲ့ပြီပေါ့ ကျနော့်ကိုအိပ်မက်ဆိုးတွေပေးခဲ့တဲ့ သူမလည်းအခုဆို ဘယ်နေရာမှာဘယ်လိုတွေများရှိနေလဲမသိိနိုင်ပေမယ့် ကျနော်ကတော့အရာအားလုံးကို
မသိစိတ်ထဲမှာပဲထားလိုက်တော့သည်

———–ပြီးပါပြီ