စုန်းထီးကြီးဦးထော်

မြင့်ဆောင် နှင့် စုန်းထီးကြီးဦးထော်
(စာစဉ်-၅၀)
(၁)
ဦးထော်တစ်ယောက် သူမရှိတုန်း သူတို့ရွာမှာဖြစ်ပြက်သွားသည့် အဖြစ်အပြက်ကို နားထောင်ရင်း တက်တခေါက်ခေါက်ဖြင့်ရှိနေသည် သူလည်းဤစုန်းရွာမှာ ဒေါ်အုန်းပြီးလျှင် ပညာအထက်ဆုံးစုန်းထီးကြီးဖြစ်ကာ ဒေါ်အုန်း၏ညာလက်ရုံးဟုပင်ပြောရမည်ဖြစ်သည်။
သူလည်း ရွာကိုပြန်‌ရောက်လာသည်မှာမကြာ‌သေး အလုပ်ကိစ္စဖြင့်ခရီးထွက်နေရသည်မို့ ဒေါ်အုန်းနှင့် ကိုမြင့်ဆောင်ပညာပြိုင်တာကိုမသိလိုက် ဒါကြောင့် ယခု ငခင်ပြန်ပြောပြသည့်အခါတွင်တော့ သူတို့အမေကြီးဒေါ်အုန်းအား အနိုင်ယူသွား‌သော ကိုမြင့်ဆောင်ကိုမကျေမနပ်ဖြစ်နေပြီး
“ငခင် မင်းအဲ့ဒီကောင် ဘယ်မှာနေတယ်ဆိုတာသိလား”
“သေချာတော့မသိဘူးဗျာ့ ပေပင်ရွာသားတော့မဟုတ်ဘူး”
သူတို့လည်း ဤအနီးအနားရွာများကို သွားလာခြင်းမရှိကြ၍ ကိုမြင့်ဆောင်ကိုဘယ်ရွာသားမှန်းကိုမသိကြ နောက်ပြီး ကပ္ပိယကြီးတို့နဲ့ ဒေါ်အုန်းတွေ့ဆုံနေသည့်အချိန် ငခင်လည်းရွာထဲမှာအချုပ်ခံထားရ၍ သူတို့ပြောဆိုနေတာတွေကို မကြားရ ဒါကြောင့်ကိုမြင့်ဆောင်ကို သလဲကုန်းရွာသားဖြစ်မှန်းမသိ ငခင်ထိုသို့သူမသိကြောင်းကိုပြောလိုက်တော့
“ဘယ်ရွာသားဖြစ်ဖြစ်ကွာ ဒီအနီးအနားရွာကဆိုတာတော့သေချာတယ်မဟုတ်လား”
“သေချာတယ်ဗျာ့ ဒါကြောင့်ပေပင်ရွာသားတွေ လွယ်လွယ်ကူကူသွားခေါ်နိုင်တာပေါ့”
“အေး ဒီလိုဆိုရင်လည်း မင်းနဲ့ငါ အဲ့ဒီကောင်ကို လိုက်ရှာကြတာပေါ့ကွာ တွေ့လို့ကတော့ ငထော့်အကြောင်းပြရသေးတာပေါ့”
ဦးထော်လည်း ထိုစကားကို အံတကြိတ်ကြိတ်‌ဖြင့်ပြောလိုက်ပြီး ငခင်ကတော့
“အမေကြီးကိုတောင်အနိုင်ယူသွားတာ ကျုပ်တို့သူနဲ့သွားပြိုင်လို့ဖြစ်ပါ့မလား”
“ဘာလို့မဖြစ်ရမှာတုန်းကွ အ‌‌ေမကြီးကသူ့ကိုလျှော့တွက်ပြီး ပေါ့ပေါ့ဆဆပြိုင်လို့ရှုံးရတာ အခုတခါ ငါတို့နဲ့ပြိုင်ရင်တော့ သတိဝီရိယထားရမှာပေါ့ကွာ”
ဦးထော်လည်း ဒေါ်အုန်းကိုပင် အနိုင်ယူသွားသော ကိုမြင့်ဆောင်ကို မမြင်ဘူး မတွေ့ဘူးသေးပေမဲ့ စိတ်ထဲကတော့လန့်နေမိသည် ဒါပေမဲ့ သူ့ရွာ၏ဂုဏ်သိက္ခာအတွက် ဒီအတိုင်းတော့မနေနိုင်ပဲ ဒါကြောင့်သူ ကိုမြင့်ဆောင်ကိုပညာစမ်းကြည့်ချင်နေပြီး ငခင့်နှင့်အတူ ရွာမှထွက်လာခဲ့သည်။
သူတို့နှစ်ယောက်ရွာအပြင်ရောက်တော့
“ဦးထော် ကျုပ်တို့ဘယ်ကို သွားမတုန်းဗျာ့ အဲ့ဒီလူကပေပင်ရွာကမဟုတ်တာတော့ သေချာတယ်”
“ဒီလိုဆိုလည်း ထိမ်ပင်ရွာဘက်ကိုသွားကြည့်တာပေါ့ကွာ အဲ့ဒီရွာရောက်တော့ ရွာအပြင်ထွက်လာတဲ့ လူတစ်ယောက်ယောက်ကို မြင့်ဆောင်ဘယ်ရွာသားတုန်းဆိုတာမေးကြည့်တာပေါ့ တကယ်လို့ထိမ်ပင်ရွာသားဆိုရင်လည်း သူနဲ့တခါတည်းလိုက်ပြီး မြင့်ဆောင်နဲ့သွားတွေ့တာပေါ့ကွာ”
ဦးထော်လည်း သူ့အစီအစဉ်ကိုပြောပြလိုက်ပြီး
“ကဲ လင်းတ(လဒ)လေး မင်းအဆင်သင့်ဖြစ်ရင် သွားရအောင်ကွာ”
ဦးထော်ခေါ်လိုက်တာနဲ့ငခင်လည်း ကုပ်ကုပ်ကွကွဖြင့်ပျံသန်းရန်ပြင်နေသော လင်းတ(လဒ)တစ်ကောင်ဖြစ်သွားပြီး တောင်ပန်နှစ်ဖက်ကို တမြောက်မြောက်လုပ်နေသည် ဦးထော်လည်း ငခင်လင်းတ(လဒ)ဖြစ်သွားသည်နှင့် သူကိုယ့်သူပါ လင်းတ(လဒ)တစ်ကောင်အဖြစ်ပုံပြောင်းပြီး ထိမ်ပင်ရွာဘက်ကို ပြန်သန်းသွားကြသည် သူတို့နှစ်ယောက်ကိုအကဲခပ်နေသော ဒေါ်အုန်းကတော့ တောင်ဝှေးကြီးထောက်လျှက်ရွာထဲမှာရပ်‌နေရင်း သူတို့ပျံသန်းသွားရာနောက်ကို လိုက်ကြည့်‌‌နေတော့သည်။
(၂)
လင်းတ(လဒ)ကြီးနှစ်ကောင် ရွာဘက်ပျံဝဲလာတာမြင်တော့ ထိမ်ပင်ရွာမှလူများ ရုတ်ရုတ်သည်းသည်းဖြစ်သွားပြီး မကောင်းသော နိမိတ်ဟုယူစကာ ရွာနားအကပ်မခံပဲ လေးဂွဖြင့်လှမ်းဝဲကြသည် သူတို့စိတ်ထဲမှာလည်း ထိုလင်းတ(လဒ)နှစ်ကောင်သည် စုန်းရွာမှလာသော လူနှစ်ယောက်ဖြစ်သည်ဆိုတာသိထားကြပြီး ထိုလူနှစ်ယောက်ရွာထဲရောက်လာမည်ကို စိုးရိမ်နေကြသည် ဒါကြောင့်ရွာနားမရောက်ခင်တည်းကပင် လေးဂွဖြင့်လှမ်းဝဲနေကြပြီး တဟေးဟေးဖြင့် မောင်းထုတ်နေကြသည်။
လင်းတ(လဒ)ကြီးနှစ်ကောင်လည်း ထိုသို့မောင်းထုတ်နေ၍လားမသိ ရွာဘက်ကိုမလာတော့ပဲ အရှေ့ဘက်ကိုဆက်ပြီးပျံဝဲသွားတော့သည် လဒကြီးနှစ်ကောင် ပျံဝဲသွားရာအရပ်သည် သလဲကုန်းရွာဘက်ကိုဖြစ်ပြီး ထိုအချိန် ငတူးတစ်ယောက်မူးမူးဖြင့် ပက်လက်လန်အိပ်ရင်း နွားကျောင်းနေသည့်အချိန်ဖြစ်သည် ငတူးလည်း မိုးမော့နေရင်း ကောင်းကင်ပေါ်တွင်ပျံဝဲနေသောငှက်ကြီးနှစ်ကောင်ကိုမြင်လိုက်ရပြီး
“တယ်ကြီးတဲ့ငှက်နှစ်ကောင်ပါလား တစ်ကောင်လောက်ရရင် အရက်မြည်းဖို့တော့ မပူရတော့ဘူး”
ငတူးလည်း တကိုယ်ထဲပြောရင်း ငှက်ကြီးနှစ်ကောင်ကို လိုက်ကြည့်နေသည် ထိုအချိန်ငှက်ကြီးနှစ်ကောင်လည်း သူနွားကျောင်းနေသည့် တောစလေးကိုဆင်းလာပြီး ထိုတောစထဲမှလူနှစ်ယောက်ထွက်လာတာကိုမြင်လိုက်ရသည် ငတူးလည်းထိုနှစ်ယောက်ကို သေချာကြည့်နေပြီး ထိုလူနှစ်ယောက်သည်လည်းသူ့ထံကိုပင် တန်းတန်းမတ်မတ်လျှောက်လာသည် ငတူးလည်း ထိုလူနှစ်ယောက်သူ့နားကိုရောက်လာတော့
“ဘယ့်နယ် ငှက်လူသားကြီးနှစ်ယောက် ကျုပ်ဆီကိုဘာလာလုပ်တာတုန်း”
ငတူးလည်း အရက်ကလေးခပ်ထွေထွေဖြစ်နေ၍ ထိုလူနှစ်ယောက်ကိုဘာတွေမှန်းမသိ ဒါကြောင့် သူ့ရှေ့တွင်ပင် ငှက်မှလူဖြစ်သွား၍ ငှက်လူသားဟုပင်ခေါ်လိုက်ပြီး သူ့ထံရောက်လာသည့်အကြောင်းကို မေးလိုက်သည် ထိုအခါ ဦးထော်လည်း
“ဦးကြီး ငါ့တူကို မေးစရာလေးတစ်ခုရှိလို့ကွဲ့”
“မေးပါဗျာ မေးပါ ဘာမေးမှာတုန်း”
ငတူးလည်း ထူးဆန်းလှသော ငှက်လူသားနှစ်ယောက်ကို သဘောကြနေ၍ ခပ်သွက်သွက်ပင်ပြန်ပြောလိုက်ပြီး ဦးထော်က
“မင်းတို့ရွာမှာ မြင့်ဆောင်ဆိုတာရှိလားကွဲ့”
“ရှိတာပေါ့ဗျာ ဘာဖြစ်လို့တုန်း သူ့ဆီသွားချင်လို့လား ကျုပ်လိုက်ပို့ပေးမယ်လေဗျာ”
ငတူးလည်း ခပ်သွက်သွက်ပင်ပြန်ဖြေလိုက်သည် ငတူးပြန်ဖြေသံကိုကြားတော့ ဦးထော်လည်း ခဏစဉ်းစားလိုက်ပြီး
“သွားတော့သွာချင်တယ်ကွ ဒါပေမဲ့ မင်းသူ့ကိုဒီရောက်အောင်ခေါ်နိုင်ရင် ပိုအစဉ်ပြေတယ်ကွ”
“အင်း ဒီ‌လိုဆိုရင်တော့ အဆင်မပြေဘူးဗျာ့ သူကကျုပ်ထက်ကြီးတယ် နောက်ပြီး သူကရွာမှာနေတာမဟုတ်ဘူး တောထဲမှနေတာဗျာ့”
“ဟုတ်လားကွ ဒါဆိုရင် သူနေတဲ့တောထဲကို ခေါ်သွားစမ်းပါကွာ ငါသူနဲ့တွေ့ချင်လို့”
ငတူးလည်း စောစောကခေါ်သွားမည်ဆိုတော့မလိုက်ပဲအခုမှအတင်းပို့ခိုင်းနေ၍
“ခင်ဗျားတို့ကဘယ်လိုတုန်းဗျာ့ စောစောကလိုက်ပို့မယ်ဆိုတော့မလိုက်ချင်ဘူး အခုတောထဲမှာနေတယ်ဆိုတော့မှ လိုက်ပို့ခိုင်းနေတယ် ခင်ဗျားတို့ကိုမြင့်ဆောင်ကို တစ်ခုခုလုပ်ဖို့ကြံစဉ်နေတာလား”
ငတူးလည်း သင်္ကာမကင်းဖြစ်၍မေးလိုက်တော့
“မဟုတ်ပါဘူးကွာ ဒို့ကသူနဲ့အေးအေးဆေးဆေးတွေ့ချင်တာပါ ဒါကြောင့်စောစောက ရွာထဲမှာနေတယ်ထင်လို့ ဒီကိုခေါ်ခိုင်းလိုက်တာပါ”
“ဟုတ်လားဗျာ့ ဒါဆိုလည်း ကျုပ်လိုက်မနေတော့ဘူး လမ်းပဲညွှန်ပေးလိုက်မယ် ဒါပေမဲ့ ကျုပ်ကိုတော့ ခင်ဗျားတို့လို ကို့ကိုယ်ကို ငှက်ကြီးဖြစ်အောင်လုပ်လို့ရတဲ့အတတ်ကိုသင်ပေးခဲ့ဦး”
ငတူးလည်း မူးတိမူးကြောင်ဖြင့် သူ့ကိုယ်သူငှက်ကြီးတအားဖြစ်ချင်နေပြီး ထိုငှက်ကြီးဘဝဖြင့် ရွာပေါ်ပြန်ဝဲ၍ အစွမ်းပြလိုက်မည်ဟူသောအတွေးဖြင့် သင်ခိုင်းနေပြီး ဦးထော်ကလည်း
“မင်းငှက်ကြီးတအားဖြစ်ချင်နေတာလား”
“ဘယ့်နှယ်ပြောလိုက်ပါလိမ့်ဆရာကြီးရယ် ဖြစ်ချင်တာပေါ့ကျုပ်ငှက်ကြီးဖြစ်မှ ရွာထဲလူတွေကို ကျုပ်ဘာကောင်လည်းဆိုတာပြရဦးမယ် နောက်ပြီး ရွာပေါ်ပျံဝဲပြီး ကျုပ်နဲ့မတည့်တဲ့လူတွေရဲ့ ခေါင်းပေါ် ချေးပါချမယ်ဗျာ”
ငတူးလည်းပါးစပ်ထဲတွေ့ရာလျှောက်ပြောပြီး ဦးထော်ကိုကြည့်နေသည် ဦးထော်လည်း ငတူး၏မျက်လုံးထဲကို သေချာကြည့်လိုက်ပြီး
“ကဲ ငှက်ကလေး ဒို့ကိုမြင့်ဆောင်ရှိတဲ့နေရာကို ခေါ်သွားစမ်းပါကွာ”
ဦးထော်‌ပြောလိုက်သည်နှင့် ငတူး၏တစ်ကိုယ်လုံး‌ပေါ့ပါးသွားပြီး လေထဲကို မြောက်တက်သွားသလိုခံစားလိုက်ရသည် ထို့နောက် သူ့ကိုယ်သူပြန်ကြည့်လိုက်တော့ အရင်လို လူသားတစ်ယောက်မဟုတ်တော့ပဲ ငှက်ဘဝရောက်နေတာကို တွေ့လိုက်ရပြီး သူလည်းဝမ်းသားအားရဖြင့်
“ကဲဆရာကြီး ကျုပ်နောက်ကလိုက်ခဲ့ပေတော့ ကျုပ်ဆရာကြီးတို့ကို ကိုမြင့်ဆောင်ဆီခေါ်သွားပေးမယ်”
ငတူးလည်း ပြောပြောဆိုဆို တောင်ပန်နှစ်ဖက်ကို တဖျတ်ဖျတ်ခတ်ရင်း ရှေ့မှပျံထွက်သွားသည် ဦးထော်နဲ့ငခင်ကတော့ သူ့ကိုကြည့်ရင်း ပြုံးစိစိဖြင့်နောက်မှ လိုက်လာခဲ့ကြသည်။
(၃)
သူတို့သုံးယောက် ကျတ်တက်လျှိုထဲကိုရောက်တော့ ရှေ့ဆုံးမှနေ၍လက်နှစ်ဖက်ကို တောင်ပန်ခတ်သလိုလုပ်လာသောငတူးကိုကြည့်ပြီး
“ဟေ့ကောင်ငတူး မင်းဘာဖြစ်နေတာတုန်း”
ကိုမြင့်ဆောင်သူ့ကိုမေးလိုက်တော့ ငတူးလည်းအံ့သြသွားပြီး
“ကိုမြင့်ဆောင် ခင်ဗျားကျုပ်ကို ငှက်ဘဝရောက်နေတာတောင်မှတ်မိသေးတယ်ပေါ့”
ငတူးလည်း သူ့ကိုယ်သူငှက်တစ်ကောင်ဖြစ်နေသည်ဟုထင်ပြီး တောင်ပန်တဖျတ်ဖျတ်ခတ်ရင်းမေးလိုက်သည်
“ဘယ်နှယ်ငှက်ဖြစ်ရမှာတုန်းကွာ မင်းစိတ်ကိုတစ်ယောက်ယောက်ကပြုစားထားပြီထင်တယ်”
ကိုမြင့်ဆောင်လည်း ငတူးကိုပြောရင်း သူ့နောက်မှပါလာသူနှစ်ယောက်ကို ကြည့်လိုက်သည် ထိုအခါ အသက်ကြီးကြီး လူကြီးက
“ဒီသူငယ် သူ့ကိုယ်သူငှက်ဖြစ်ချင်တယ်ပြောနေလို့ ကျုပ် သူ့ကို ငှက်ဖြစ်အောင်လုပ်ပေးလိုက်တာပဲ”
ဦးထော်သူလုပ်ထားမှန်းပြောလိုက်တော့ ကိုမြင့်ဆောင်လည်း ဦးထော်ဘယ်လိုလူလဲဆိုတာသိသွားသည် ဒါပေမဲ့ သူဦးထော်ကို စိတ်ဆိုးဒေါသထွက်ချင်းမဖြစ်ပဲ
“ကဲ ဒါဆိုလည်း ဦးကြီးသူ့ကိုပြန်ဖြေပေးလိုက်ပါဦးဗျာ သူ့ခမျာ့ လက်တော်တော်ညောင်းနေလောက်ပြီ”
ကိုမြင့်ဆောင်ပြောလိုက်တော့ ဦးထော်လည်း ငတူး၏မျက်လုံးကို စူးစိုက်ကြည့်လိုက်ပြီး
“ကဲ ငှက်ကလေးမင်းတာဝန်ကျေပါပြီကွာ လူပဲပြန်လုပ်ပါတော့”
ဦးထော်ပြောလိုက်တော့ ငတူးလည်း ရုတ်တရက် အမြင့်‌ပေါ်မှပြုတ်ကြသလိုခံစားလိုက်ရပြီး အေးကနဲဖြစ်သွားသည် သူမြေပေါ်ကိုပြန်ရောက်တော့ သူ့ကိုယ်သူလူတစ်ယောက်ပြန်ဖြစ်နေမှန်း သိလိုက်ရပြီး
“ဘယ်နှယ်ဆရာကြီးရယ် ကျုပ်ငှက်လိုပျံလို့ကောင်းနေတုန်းရှိသေးတယ်ဗျာ ရုတ်တရက်ကြီး ပုံပြောင်းပေးလိုက်ရလား”
ငတူးလည်း သူ့ကိုလူအဖြစ်ပြန်ပြောင်းပေးလိုက်သော ဦးထော်ကိုမကျေမနပ်ဖြစ်ပြောလိုက်ပြီး သူ့စိတ်ထဲမှာငှက်တစ်ကောင်လိုပျံသန်း၍ ကောင်းနေဆဲဖြစ်သည် ဒါကြောင့် လက်မောင်းနှစ်ဖက်ကို နှိပ်နေရင်း
“ကဲ ဆရာကြီး ဒါဆရာကြီးတွေ့ချင်တဲ့ ကိုမြင့်ဆောင်ပဲ ဘာပြောမှာတုန်းပြော အပြန်ကြရင်တော့ ကျုပ်ကို ငှက်လိုပြန်ပြောင်းပေးဦး”
ငတူးလည်းငှက်တစ်ကောင်လို ပျံသန်းလာရတာကိုသဘောကြပြီး သူ့ကိုသူစိတ်ညှို့ခံလိုက်ရမှန်းမသိ အမှန်တော့ ငတူးတစ်ယောက် ဦးထော်၏စိတ်ညှို့ခြင်းကိုခံလိုက်ရပြီး သူ့ကိုသူကိုငှက်တစ်‌ေကာင်လိုထင်နေခြင်းဖြစ်သည် ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ လူတစ်ယောက်ပုံစံအတိုင်းရှိနေပြီး ကိုမြင့်ဆောင်တဲကို လာရာလမ်းတလျှောက် လက်နှစ်ဖက်ကိုမြောက်ချည်ချချည်ဖြင့် လုပ်လာခဲ့သည် ထိုသို့လျှောက်လာရ၌လည်း ဟိုခလုတ်တိုက်ဒီခလုတ်တိုက်ဖြစ်နေ၍ အကြိမ်ကြိမ်ထပ်ထပ်ပျံနေရသည် ဒါပေမဲ့ သူကတော့ အပျံသင်စမို့သာ ထိုသို့ဖြစ်နေချင်းဟုယူစပြီး အားမလျှော့ပဲ မရောက် ရောက်အောင်ပျံသန်းလာခဲ့ခြင်းဖြစ်သည် ဤကဲ့သို့ ငတူးကိုစိတ်ဖြေပေးပြီးသည်နှင့် ကိုမြင့်ဆောင်က
“ကဲ ဦးကြီးတို့က ကျုပ်နဲ့တွေ့ချင်လိုဆို ဘာကိစ္စများရှိလို့တုန်း”
ကိုမြင့်ဆောင် ဦးထော်ကိုမေးရင်း တဲစင်လေးပေါ်တက်ထိုင်လိုက်သည် ဦးထော်လည်း နွားစာကျွေးသည့်စင်လေးပေါ်တွင်ထိုင်လိုက်ရင်း
“တစ်ခြားတော့မဟုတ်ပါဘူးကွာ စုန်းရွာကဒေါ်အုန်းကို အနိုင်ယူသွားတယ်ဆိုလို့ မောင်ရင်နဲ့တွေ့ချင်လို့ လိုက်လာတာပါ”
ကိုမြင့်ဆောင်လည်း ‌စုန်းရွာမှဒေါ်အုန်းဆို၍ အရင်တစ်ပါတ်က ကိုတုတ်အကူအညီတောင်း၍ ကပ္ပိယကြီးနဲ့အတူလိုက်သွားခဲ့သော အဖြစ်အပြက်ကိုပြန်သတိရပြီး
“ဒါ ကျုပ်ကယှဉ်ပြိုင်တာမဟုတ်ပါဘူး ဒေါ်အုန်းကိုယ်တိုင်က သူ့ရဲ့ပညာစွမ်းတွေကို ကျုပ်ကိုလာပြတာပါ”
“ဘယ်လိုပဲဖြစ်ဖြစ် မောင်ရင် ဒေါ်အုန်းကိုတော့ အနိုင်ယူခဲ့တယ်မဟုတ်လား”
“ဒီလိုပဲဆိုရမှာပေါ့ဗျာ ဒါနဲ့ နေပါဦး ဦးကြီးတို့ကကျုပ်ကိုအဲ့ဒီကိစ္စအတွက်မကျေနပ်လို့ ဒီကိုလိုက်လာတာလား”
ကိုမြင့်ဆောင်လည်း ပွင့်ပွင့်လင်းလင်းပင်မေးလိုက်ပြီး ဦးထော်ကလည်း
“ဟုတ်တယ်ကွ အဲ့ဒီကိစ္စအတွက် မောင်ရင်နဲ့ကျုပ်ပညာထပ်ပြိုင်ချင်လို့ လိုက်လာတာ”
“ဒီလိုဆိုရင်တော့ ဦးကြီးပဲပြိုင်ရင်ပြိုင်ပါ ကျုပ်ကတော့ပြိုင်မှာမဟုတ်ပါဘူး နောက်ပြီး ကျုပ်လည်းဘာပညာမှတတ်တာမဟုတ်ဘူး”
ကိုမြင့်ဆောင်လည်း အမှန်အတိုင်းပင်ပြောလိုက်ပြီး သူတတ်ထားသောပညာသည် ပြိုင်ဆိုင်လို့ရသောပညာမဟုတ် သီလ သမာဓိကို အခြေခံထားသော သမထတရားသာဖြစ်၍ သူတပါးပြိုင်ဆိုင်လာသမျှကိုသာ တွန်းလှန်နိုင်ပြီး သူကစပြိုင်မည်ဆိုလျှင်တော့ အစွမ်းထက်မည်မဟုတ် ဒါကြောင့်ကိုမြင့်ဆောင်လည်း အေးအေးဆေးဆေးပင်တဲစင်လေးပေါ်မှာထိုင်ရင်း စိတ်ကိုသာဖြူစင်သန့်ရှင်းအောင်ထား၍ ဦးထော်အပေါ်မေတ္တာပွားနေလိုက်သည် ဦးထော်လည်း သူကစပြိုင်ချင်၍ရောက်လာသူဖြစ်တာကြောင့် ဘာစကားမှဆက်မပြောတော့ပဲ သူထိုင်နေသည့် မြက်စင်ပေါ်ရှိ မြက်ထုံးထဲမှ မြက်တစ်ဆုပ်ကိုဆွဲနှုတ်လိုက်ပြီး ကိုမြင့်ဆောင်ထံလှမ်းပစ်လိုက်သည် ထိုမြက်များအားလုံး သူ့လက်မှလွတ်သည်နှင့် မြွေများဖြစ်သွားကြပြီး လေထဲမှပင်ကိုမြင့်ဆောင်ထံကို တိုးဝှေ့ဝင်ရောက်သွားသည် ကိုမြင့်ဆောင်လည်း ထိုမြွေများကိုကြည့်ရင်း
“ဦးကြီးကျုပ်တဲကို အမှိုက်ရှုပ်လိုက်တာပဲ ဒီမြက်တွေက ကျုပ်နွားကြွေးဖို့ရိတ်ထားတာဗျာ့ တစ်ခြားဘာမှသုံးလို့မရဘူး”
ကိုမြင့်ဆောင်ပြောလိုက်သည့်ခဏ မြွေများအားလုံး မြက်ပင်များပြန်ဖြစ်သွားပြီး မြေပေါ်တဖုတ်ဖုတ်ပြုတ်ကြကုန်သည် ဦးထော်လည်း ကိုမြင့်ဆောင်၏စကားသည်ပင် ဤမျှအစွမ်းထက်နေ၍ အနည်းငယ်တော့ စိုးရိမ်သွားပြီး ဆက်ပြိုင်ရကောင်းနိုးမပြိုင်ရကောင်းနိုးစဥ်းစားလိုက်မိသည် ဒါပေမဲ့ သူတစ်ခုစဉ်းစားလိုက်မိသည်က ကိုမြင့်ဆောင်သည် သူတို့လိုမကောင်းသည့်အတတ်ပညာရှင်မဟုတ်၍ သူ့အသက်ကိုတော့ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ သိလိုက်သည်။
ဒါကြောင့်သူလည်း မိမိအသက်ကိုမစိုးရိမ်ရ၍ သူဘေးတွင်ရပ်နေသော ငခင့်ကို
“ကဲ ခွေးကောင် သူ့ကိုကိုက်နိုင်ရင် ကိုက်စမ်းကွာ”
ငခင်လည်း ဦးထော်ပြောလိုက်သည့်အတိုင်း ရုတ်တရက်ခွေးနက်ကြီးတစ်ကောင်ဖြစ်သွားပြီး အစွယ်တဖွေးဖွေးပါးစပ်ကြီးတဖြဲဖြဲဖြင့် ကိုမြင့်ဆောင်ထံကိုချည်းကပ်သွားသည် ကိုမြင့်ဆောင်လည်း သူ့ထံသို့လာနေသော ခွေးငခင်ကိုကြည့်ပြီး တစ်စုံတစ်ခုပြောမည်အလုပ် ဝေါင်း ကနဲဟူသော ကျားဟိန်းသံကြီးကိုကြားလိုက်ရပြီး သူတို့အားလုံးအသံလာရာဘက်ကို လှည့်ကြည့်မိလိုက်သည် ထိုအခါ ဥနှဲပင်ကြီးပေါ်မှ လွှားကနဲခုန်ချလာသော ကျားကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ဦးထော်နဲ့ခွေးငခင်တို့ တစ်ကိုယ်လုံတုန်တက်သွားသည် ခွေးငခင်ဆိုလျှင် အမြီးကိုကုပ်၍ ပါးစပ်မှတဟီးဟီးညည်းနေပြီး ဦးထော်နားသို့တိုးကပ်ကာ သူ့ကိုလူအဖြစ်ပြန်ပြောင်းပေးဖို့ တောင်းဆိုနေသည် မြွေတွေမြင်ကတည်းက ကိုမြင့်ဆောင်ဘေး တဲစင်ပေါ် တက်ထိုင်နေသောငတူးကတော့
“ကိုမြင့်ဆောင် အဲ့ဒါဦးဖိုးခေါင်ကြီး မဟုတ်လားဗျာ့”
ငတူး၏အသံမှာဝမ်းသာသလို အံဩသလိုအသံများရောစွတ်နေပြီး သူလည်း ကိုမြင့်ဆောင်နှင့် ဖိုးခေါင်ကြီးအကြောင်းကိုသိနေသည် ဒါကြောင့်သူ ယခုဥနှဲပင်ပေါ်မှ ဆင်းလာသောကျားကြီးသည် ဖိုးခေါင်ကြီးဖြစ်မည်ဆိုတာ ခန့်မှန်းမိ၍ပြောလိုက်ချင်းဖြစ်ပြီး ကိုမြင့်ဆောင်ကလည်း ဟုတ်မှန်ကြောင်းပြောလိုက်သည် သူတို့နှစ်ယောက် ထိုသို့ပြောဆိုနေတာတွေကိုမြင်တော့ ဦးထော်က
“မောင်ရင်က မကောင်းဆိုးဝါး နာနာဘာဝတွေအပေါ်မှာတောင် အာဏာသက်ရောက်တာကို”
ဦးထော်လည်း ခေါင်းတညိတ်ညိတ်လုပ်ရင် ကိုမြင့်‌ဆောင်ကိုကြည့်ကာပြောလိုက်သည် ထိုအခါ ကိုမြင့်ဆောင်က
“ကျုပ်အာဏာသက်ရောက်တာမဟုတ်ပါဘူးဗျာ ကျုပ်မိတ်ဆွေကြီးက ကျုပ်ဒုက္ခရောက်နေတယ်ထင်လို့ သူ့အသိစိတ်နဲ့သူ ဝင်ကူညီတာပါ”
ကိုမြင့်ဆောင် အေးဆေးတည်ညိမ်စွာပြောလိုက်ပြီး တဲကုန်းပေါ်တက်လာသော ကျားကြီးကို ကြည့်နေသည် ထိုအချိန် လူပြန်ဖြစ်သွားသော ငခင်က
“ဦးထော်ကျုပ်တို့ပြန်ရအောင်ဗျာ တော်ကြာပညာရှူံးလို့မသေပဲ ကျားကိုက်လို့သေနေဦးမယ်”
ငခင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် တဲကုန်းပေါ်တက်လာသော ကျားကြီ‌ကိုကြည့်၍ပြောလိုက်ပြီး သူလည်းနွားစားကျွေးသည့်စင်လေးပေါ်တက်၍ ဦးထော်ဘေးမှာ ကပ်ထိုင်နေလိုက်သည် ဦးထော်လည်း ကျားကြီးကိုမမှိတ်မသှုန်ကြည့်နေပြီး သူ့ကိုယ်သူကျားတစ်ကောင်အဖြစ်ပြောင်း၍ တဲပေါ်တက်လာသောကျားကြီးနဲ့ ရင်ဆိုင်ကြည့်ဖို့စဉ်းစားမိလိုက်သည် ဒါပေမဲ့ ကိုမြင့်ဆောင်ရှိနေ၍ ထိုအစီအစဉ်မအောင်မြင်နိုင်မှန်းသိပြီး ခပ်တည်တည်နဲ့သာရပ်နေရသည် တဲကုန်းပေါ်တက်လာသော ကျားကြီးဖိုးခေါင်လည်း တဲပေါ်ရောက်သည်နှင့် တံစက်မြိက်အောက်မှာဝပ်ရင်း ဦးထော်နဲ့ငခင်ကို မမှိုတ်မသုန်ကြည့်နေသည်။
ငခင်လည်း သူတို့နှင့်တဲတစ်ခန်းစာသာကွာသော ကျားကြီးကိုကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမန်းမသိဖြစ်ကာ ဦးထော်ကိုသာ ပြန်ဖို့တတွတ်တွတ်ပြောနေ‌သည် ဦးထော်ကတော့ အလျှော့ပေးချင်ပုံမပေါ်သေးပဲ နွားစာ‌‌ကျွေးသည့်စင်လေးပေါ်မှာသာဆက်ထိုင်ရင်း မည်သို့လုပ်ရမည်ကိုစဉ်းစားကြည့်နေသည် ထိုအချိန် ဘယ်ကရောက်လာမှန်းမသိသော လင်းနို့တစ်ကောင် တဲအတွင်းဝင်လာပြီး ကိုမြင့်ဆောင်၏ မျက်နှာကိုပြေးကပ်ဖို့ပြင်လိုက်သည် တံစက်မြိက်အောက်မှာဝပ်နေသည့် ကျားကြီးဖိုးခေါင်လည်း ရုတ်တရက်ဝင်လာသောလင်းနို့အား ပတတ်ရပ်၍ လက်ဖြင့်ပုတ်ချလိုက်ပြီး ယာကွက်ခရိုးစပ်ကို လှမ်းကြည့်နေသည် ထို့နောက်ကျယ်လောင်စွာတစ်ချက်ဟိန်းလိုက်ပြီး ထိုဘက်ကို ပြေးထွက်ဖို့အပြင်
“ဦးဖိုးခေါင် ဒီမှာပဲနေပါ”
ကိုမြင့်ဆောင်၏တားသံနှင့်အတူ ဖိုးခေါင်ကြီးလည်း ရှေ့ဆက်မသွားတော့ပဲ တံစက်မြိက်အောက်မှာသာပြန်ဝပ်နေသည် သူ့မျက်လုံးကတော့ ခရိုးစပ်ကမခွါပဲရှိနေပြီး သူပုတ်ချလိုက်သော လင်းနို့ကတော့မြေပေါ်ရောက်သည်နှင့် အမဲရောင်အခို့အငွေ့အဖြစ်ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည် ထိုလင်းနို့ကိုမြင်တော့ ငခင်၏ပါးစပ်မှ
“အမေကြီး အမေကြီးလိုက်လာပြီ”
သူ၏မျက်လုံးများ အရောင်‌တောက်သွားပြီး သူမျက်နှာ၌အပြုံးရိပ်များပေါ်လာသည် သူလည်းမည်သို့ဆက်လုပ်ရမှန်းမသိဖြစ်နေသည့်အချိန် သူတို့ရွာမှ အမေကြီးဒေါ်အုန်းလိုက်လာ၍ ဝမ်းသာသွားပြီး ဦးထော်ကိုကြည့်လိုက်သည် ဦးထော်ကတော့သူ့ကိုမကြည့်ပဲ ကျားကြီးကြည့်နေသော ခရိုးစပ်ကိုသာ လှမ်းကြည့်နေသည် ထိုအချိန် ခရိုးစပ်ဘက်မှနေ၍ အဖွားအိုတစ်ဦးထွက်လာပြီး ထိုအဖွားအိုသည် တောင်ဝှေးကိုထောက်လျှက် ကိုမြင့်ဆောင်တဲရှိရာကို လာနေသည် သူ၏ခေါင်းပေါ်မှာတော့ လင်းနို့ကောင်တော်တော်များများ ပျံသန်းလိုက်ပါလာပြီး ကိုမြင့်ဆောင်လည်း ထိုအဖွားအိုကိုမြင်ကတည်းကဒေါ်အုန်းမှန်းသိလိုက်သည်။
သူ့စိတ်ထဲမှာလည်း ဒေါ်အုန်းဤနေရာသို့လိုက်လာခြင်းသည် သူ့ကိုမကျေနပ်၍လိုက်လာခြင်းလား သူ့ရွာသားနှစ်ဦးဖြစ်သည့် ဦးထော်နှင့်ငခင်ကို စိတ်မချ၍လိုက်လာခြင်းလားဆိုတာကိုတော့မခွဲခြားတတ်ပဲ ဒေါ်အုန်းကိုသာ သေခြာကြည့်နေသည်။
(၄)
ဒေါ်အုန်း တဲကုန်းပေါ်တက်လာတော့ ကျားကြီးဖိုးခေါင်လည်း ဝေါင်းကနဲ တစ်ချက်ဟိန်းလိုက်ပြီး ဒေါ်အုန်းဆီကို တရွေ့တရွေ့တိုးကပ်သွားသည် သူလည်းကျားစင်စစ်မဟုတ်ပဲ တစ္ဆေတစ်ကောင်အသွင်ယူထားသောကျားဖြစ်၍ ထိုက်သင့်သည့် အသိဉာဏ်တော့ရှိပြီး ဒေါ်အုန်းနားကို ရမ်းပြီးတိုးကပ်မသွားရဲ ဒါကြောင့်အကဲစမ်းသည့်သဘောဖြင့်တိုးကပ်သွားပြီ ဒေါ်အုန်းလည်း သူ့ဆီလာနေသော ကျားကြီးကိုကြည့်ကာ
“ကဲ ငါ့သားတို့ ဒီကောင့်ကို သွားဆုံးမလိုက်စမ်း”
ဒေါ်အုန်း သူ့ခေါင်းပေါ်ပျံဝဲနေသောလင်းနို့များကို ပြောလိုက်ခြင်းဖြစ်ကာ လင်းနို့များလည်း ဒေါ်အုန်းစေခိုင်းသည့်အတိုင်း ကျားကြီးဖိုးခေါင်ဆီကို အုပ်လိုက်ပျံသန်းသွားကြပြီး အပေါ်ဘက် ဘေးဘက်မှာနေပြီး ဝိုင်းဝန်းကိုက်ဖြတ်ကုတ်ခြစ်ကြသည် ကျားကြီးဖိုးခေါင်လည်း သူ့ကိုတိုက်ခိုက်နေသော လင်းနို့များကိုဒေါသတကြီးဟိန်းသံပေးရင် လက်ဖြင့်ပုတ်ပါးစပ်နှင့်ကိုက်ဖြင့် ပြန်လည်တိုက်ခိုက်တော့သည် ထိုသို့ဖြင့် အချိန်အတော်ကြာတော့ လင်းနို့မျာလည်း အောက်သို့တဖုတ်ဖုတ်ပြုတ်ကြပြီး အမဲရောင်အခိုးအငွေ့မျာဖြစ်ကာ ပြောက်ကွယ်သွားကြတော့သည် တစ္ဆေကျားကြီးဖိုးခေါင်လည်း လင်းနို့များကို တိုက်ခိုက်ပြီးသည်နှင့် ဒေါ်အုန်းထံသို့ တိုးကပ်သွားပြန်သည် ဒေါ်အုန်းလည်း သူ့ထံလာနေသော ကျားကြီးကိုကြည့်ပြီး
“ဟဲ့ တစ္ဆေကောင် နင်ငါ့နားဘာလာလုပ်တာတုန်း ကိုယ့်နေရာကို သွားစမ်း”
ဒေါ်အုန်းသူ့လက်ထဲမှတောင်ဝှေးဖြင့် ကျားကြီးဖိုးခေါင်ကိုချိန်ရွယ်၍ထိုးရင်း ဖနှောင့်တစ်ချက်ပေါက်၍ပြောလိုက်သည် ထိုအခါ သူ့တောင်ဝှေးထိပ်မှ အနီရောင်အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး ဖိုးခေါင်ကြီး၏ထိပ်တည့်တည့်ကို ထိမှန်လေသည် ကျားကြီးဖိုးခေါင်လည်း ဝေါင်းကနဲတစ်ချက်ဟိန်းရင်း နောက်ဂျွမ်းပစ်လိုက်သည် သူတစ်ပတ်လည်၍ မြေပေါ်ရောက်သွားသည်နှင့် နဂိုအတိုင်းတစ္ဆေဖိုးခေါင်ကြီးဖြစ်သွားပြီး ဒေါ်အုန်းကို စူးစူးစိုက်စိုက်ကြည့်နေသည် ဒေါ်အုန်းလည်း တစ္ဆေဖိုးခေါင်ကြီးကိုကြည့်ပြီး
“အင်း စောစောကလို ကျားပုံစံအတိုင်းထားတာမှ ဟုတ်လိမ့်ဦးမယ် အခုတော့ ဘယ်နှယ်ဒီလောက်ကြီးတဲ့ တစ္ဆေကြီးဖြစ်သွားပါလိမ့်”
ဒေါ်အုန်းလည်း တစ်ကိုယ်တည်းပြောရင်း တဲပေါ်ကိုတက်လာသည် သူတဲပေါ်ကိုရောက်တော့ ဦးထော်က
“အမေကြီး ကျုပ်တို့နောက်ဘာလို့လိုက်လာတာတုန်း”
“နင်တို့ကို စိတ်မချလို့လိုက်လာတာပေါ့ဟဲ့ အခုတော့ငါထင်တဲ့ အတိုင်းနင်တို့လှုပ်မရချုပ်မရဖြစ်နေပြီမဟုတ်လား”
ဒေါ်အုန်းလည်း သူ့ကို အသိမပေးပဲထွက်သွားသော ဦးထော်တို့ကို ပြစ်တင်ပြောလိုက်ပြီး ကိုမြင့်ဆောင်ဘက်လှည့်၍
“ကဲ ကောင်လေး ဒီနေရာက မင်းနေရာဆိုတော့ ငါတို့ဘယ်လိုပြိုင်ပြိုင်ရှူံးမှာပဲ ဒီတော့ တကယ်လို့သာမင်းပညာကိုယုံတယ်ဆိုရင် ဒို့ရွာကိုတစ်ခေါက်လောက်လာခဲ့ပါ အဲ့ဒီအခါထပ်ပြိုင်ကြတာပေါ့”
ဒေါ်အုန်းလည်း သူ့တို့ပညာသယ်အချင်းချင်း ပညာပြိုင်သည့်အဆိုအတိုင်းဆိုလိုက်ပြီး ကိုမြင့်ဆောင်ကတော့
“ကျုပ်ဘယ်သူနဲ့မှ မပြိုင်ချင်ပါဘူးဗျာ ခင်ဗျားတို့လို ဘာပညာမှလည်းမတတ်ပါဘူး အခုလည်း သူတို့ဘာသာသူတို့လာပြိုင်ပြီး ရှုံးလားနိုင်လားဆိုတာတောင် ကျုပ်မသိပါဘူး”
ကိုမြင့်ဆောင်လည်း သူ့စိတ်ထဲရှိသည့်အတိုင်း အမှန်အတိုင်းပြောလိုက်ပြီး သူတို့နှင့်ပညာထပ်ပြိုင်ဖို့ကို ငြင်းဆိုလိုက်သည် ထိုအခါ ဒေါ်အုန်းက
“မင်းပညာတတ်လား မတတ်လားသိရအောင် ငါလက်တွေ့စမ်းပြမယ်”
ဒေါ်အုန်းလည်းပြောပြောဆိုဆို သူ့လက်မှတောင်ဝှေးဖြင့် ကိုမြင့်ဆောင်ကိုချိန်ရွယ်လိုက်ပြီး မြေကြီးကိုဖနှောင့်ဖြင့်ပေါက်လိုက်သည် ထိုအခါ တစ္ဆေကျားကြီးဖိုးခေါင်ကို ထိမှန်ခဲ့သည် အနီရောင်အလင်းတန်းမျိုးတစ်ခုထွက်လာပြီး ကိုမြင့်ဆောင်ထံကို ပြေးဝင်သွားသည် ကိုမြင့်ဆောင်လည်း ရုတ်တရက်ဖြစ်ပေါ်လာသောအလင်းတန်းကိုကြည့်၍ မည်သို့တားဆီးရမည်ကိုမသိသလို နီးကပ်လွန်းတာကြောင့်လည်း ရှောင်တိမ်းဖို့မဖြစ်နိုင် ဒါကြောင့် ဒီအတိုင်းပင်ထိုင်နေရပြီး သူ့ဘေးနားမှာထိုင်နေသောငတူးက
“ဟာ ဟေ့လူ ဟေ့လူ”
ငတူးလည်းထိုမျှသာပြောနိုင်ပြီး အလင်းတန်းကသူတို့နားကို ရောက်ရှိလာပြီဖြစ်သည် သူလည်းကြောက်လန့်တကြားဖြင့် နောက်သို့လှန်ချမည်အလုပ် ထိုအလင်းတန်းကသူတို့ကို မထိမှန်ပဲ သူတို့နှင့်လက်တစ်ကမ်းအကွာလောက်မှာ ရပ်တန့်နေသည် ထိုအလင်းတန်းရပ်တန့်သွားတာကိုမြင်တော့
“အင်း မင်းပညာမတတ်ဘူးဆိုတာတော့ ငါယုံပါပြီ ဒါပေမဲ့ မင်းမတတ်တဲ့ပညာက ငါတို့ပညာတွေအားလုံးကို ချေဖြက်နိုင်တာကတော့ အံ့ဩစရာပဲကွဲ့ ဒီလိုလူမျိုးနဲ့ ပညာဆက်ပြိုင်နေလည်း ငါတို့ပဲရှုံးဦးမှာပဲ ကဲဒီတော့ ငါတို့ကိုသွားခွင့်ပြုပါဦး”
ဒေါ်အုန်းလည်း ကိုမြင့်ဆောင်ထံခွင့်တောင်း၍ ဦးထော်နဲ့ငခင်ကိုခေါ်ကာ တဲအတွင်းမှပြန်ထွက်သွားသည် သူတို့သုံးယောက်တဲနဲ့ခပ်လှမ်းလှမ်းရောက်သွားတော့
“ကိုမြင့်ဆောင် သူတို့သုံးယောက်က ဘယ်က‌လူတွေတုန်းဗျာ့ ကြည့်ရတာတော့လူကောင်းတွေ ဟုတ်ပုံမရဘူး”
ငတူးလည်း စောစောတုန်းက‌တော့ ထိုသူများအပေါ်အထင်ကြီးနေပြီး ကိုမြင့်ဆောင်တဲပေါ်ရောက်၍ ဦးထော်စပြီး မြက်ပင်များကိုမြွေဖြစ်အောင်လုပ်လိုက်သည့်နောက်ပိုင်း အထင်မကြီးတော့သလို ထိုသူများသည်မကောင်းသည့်အတတ်ပညာရှင်များဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည် ဒါကြောင့် သူတို့ပြန်သွားမှ ဒီမေးခွန်းကိုမေးလိုက်ပြီး
“ဟုတ်တယ်ကွ ဒါစုန်းရွာက ပညာသည်တွေပဲ လူကောင်းတွေမဟုတ်သလို လူဆိုးတွေလည်း မဟုတ်ပါဘူးကွာ သူတို့ပညာကိုသူ့တို့ယုံကြည်လို့ သီးသီးသန့်သန့်နေတဲ့သူတွေပါ”
ကိုမြင့်ဆောင်လည်း တစ်ဖက်သားကိုအပြစ်မမြင်လို၍ ထိုမျှသာပြောလိုက်ပြီး ငတူးက
“ဒါဆို သူတို့က ခင်ဗျားနောက်ဘာလို့လိုက်လာတာတုန်းဗျာ့”
ထိုအခါမှ ကိုမြင့်ဆောင်လည်း သူနဲ့ကပ္ပိယကြီး ကိုတုတ်ကိုကူညီရင်း စုန်းရွာ၌ဖြစ်ပြက်ခဲ့သည်များကို ပြန်ပြောလိုက်သည် ငတူးလည်း ထိုအကြောင်းတွေကိုသိတော့
“ဟာ ဒါဆိုကျုပ်လည်းမြန်မြန်ပြန်မှ ဖြစ်မယ်ဗျာ့ ကျုပ်နွားတွေဒီအတိုင်းလွှတ်ခဲ့တာ တော်ကြာစုန်းရွာဘက်ရောက်သွားလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်”
ငတူးလည်း ပြောပြောဆိုဆို တဲစင်ပေါ်မှဆင်းလိုက်ပြီး တဲအတွင်းမှ ထွက်သွားသည် ထိုအခါ ကိုမြင့်ဆောင်က
“ဟေ့ကောင်ငတူး မင်းငှက်လိုမပြန်ချင်တော့ဘူးလားကွ”
“တော်ပါပြီဗျာ လူလိုပဲ‌ပြန်တော့မယ် တော်ကြာကျုပ်ကိုမြင်တဲ့လူတွေ အရူးလို့ထင်သွားပါဦးမယ် နောက်ပြီးကျုပ်လက်မောင်းတွေလည်းပြုတ်ထွက်တော့မယ်ဗျာ့”
ငတူးလည်း သူလာတုန်းကဖြစ်စဉ်ကို ပြန်အမှတ်ရပြီး ရှက်ကို့ရှက်ကန်းဖြင့် ခပ်သွက်သွက်ထွက်သွားတော့သည် ကိုမြင့်ဆောင်လည်း ငတူးထွက်သွားတာကိုကြည့်ရင်း တဲပေါ်မှာပြုံးစိစိဖြင့်ကျန်နေခဲ့တော့သည်။
(၅)
နောက်နေ့မနက်ရောက်တော့ ငတူးတစ်ယောက် လက်နှစ်ဖက်လှုပ်လို့မရတော့ပဲ မျက်နှာကြီးရှုံ့မဲလျှက် တအင်းအင်းညည်းညူနေရသည် မနေ့ကတော့သူ့ဇောနဲ့သူ သွေးပူနေ၍ မသိသာပေမဲ့ ဒီနေ့မနက်ရောက် သူ့လက်နှစ်ဘက်ကိုမြှောက်လို့မရတော့ပဲ ကုပ်ကွကွကြီးဖြစ်နေသည် ငတူးထိုသို့ဖြစ်နေတာကိုမြင်တော့ ဦးသံချောင်းက
“ငတူးမင်းဘာဖြစ်နေတာတုန်းကွ နွားလေးတစ်ရက်ကျောင်းခိုင်းလိုက်တာ ပြဿနာတစ်ခုဖြစ်လာပြန်ပြီလား”
ဦးသံချောင်းလည်း မနေ့ကမှနွားတစ်ရက်ကျောင်းခိုင်းလိုက်တယ် ဒီနေ့ကုပ်ကွကွကြီးဖြစ်နေသော ငတူးကိုကြည့်ပြီး စိတ်မသက်သာစွာမေးလိုက်တော့
“ကျုပ်ကို စုန်းလုပ်ထားတာဗျာ့ အဲ့ဒါကြောင့် ကျုပ်လက် မြှောက်လို့မရပဲဖြစ်နေတာ”
ငတူးလည်း သူ့အဖြစ်သူသိ၍ပြောလိုက်တော့
“ဟုတ်ရောဟုတ်ရဲ့လားကွာ မင်းတောထဲနွားသွားကျောင်းနေတာ ဘယ်စုန်းကလာလုပ်မှာတုန်း မတော်အိပ်ပျော်နေတုန်း နွားများတက်နင်းမိရောလား”
ဦးသံချောင်းလည်း သူ့သားအကြောင်းသူသိ၍ မေးလိုက်တော့
“မဟုတ်ပါဘူးဗျာ စုန်းငထော်လုပ်သွာတာပါ”
“ဘယ်ကစုန်းငထော်တုန်းကွ မင်းသိရင်လည်းသူ့ကိုသွားတောင်းပန်လိုက်လေကွာ ဒါမှမင်းလက်ပြန်ကောင်းသွားမှာပေါ့”
“တောင်းပန်လို့မရတော့ဘူးဗျာ့ သူကလုပ်ပြီးသွားပြီ ကျုပ်ကအခုမှနာနေတာ”
ငတူးလည်း သူ့အဖြစ်သူအမှန်အတိုင်းမပြောခြင်၍ ဝေ့ဝိုက်ပြီးနေတာကို ဦးသံချောင်းကနားမလည်ပဲ
“မင်းကလည်း ဖြစ်လိုက်ရင်ထူးထူးဆန်းဆန်းကြည့်ပဲ စုန်းလုပ်တာကမနေ့က လူကငနေ့မှလာနာနေရတယ်လို ဖြစ်သေးပါဘူးကွာ မြင့်ဆောင်ဆီသွားမေးကြည့်ဦးမှာပဲ ဒီကောင်ကစုန်းတို့တစ္ဆေသရဲတို့ အကုန်နိုင်တယ်ကွ”
ဦးသံချောင်း ကိုမြင့်ဆောင်ဆီသွားမေးမည်ဟု ပြောလိုက်တော့ ငတူးကပြူးပြူးပြာပြာဖြင့်
“ဟာ ဘာလုပ်မှာတုန်းအဖေရာ သွားမေးမနေစမ်းပါနဲ့ ကိုမြင့်ဆောင်လည်း ဘာမှလုပ်ပေလို့မရဘူးဗျာ့”
သူလည်း သူ့အကြောင်းသူသိ၍ပြောလိုက်ပြီး တကယ်လို့ ကိုမြင့်ဆောင်ဆီသူ့အ‌ဖေရောက်လျှင် သူမနေ့ကငှက်ပျံသလိုပျံခဲ့သည့်အကြောင်းကို တရွာလုံးသိရှိသွား‌တော့မည်ဖြစ်ပြီး သူမျက်နှာဘယ်မှာထားရမှန်းမသိဖြစ်သွားတော့မည်ဖြစ်သည် ဒါကြောင့် သူအဖေအား ကိုမြင့်ဆောင်ဆီမသွားဖို့တားနေပြီး ဦးသံချောင်းကတော့
“နေစမ်းပါကွာ မင်းကလည်း ကိုယ်ရောဂါပျောက်ဖို့အရေး သွားမေးမှဖြစ်မှာပေါ့ကွ ဒီလိုမှမဟုတ်ရင် မင်းတစ်သက်လုံး လက်ပြင်ကုန်းကြီးဖြစ်သွားတော့မှာပေါ့ မင်းဒီလိုနေချင်လို့လား”
ဦးသံချောင်းလည်း ယခုမှသူ့သားအတွက် သိတတ်နေပြီး ငတူးကတော့
“မဖြစ်ပါဘူးအဖေရာ တစ်ရက်နှစ်ရက်ဆိုပျောက်သွားမှာပါ”
“တစ်ရက်နှစ်ရက်နေပြီး ပျောက်တာထက် အခုချက်ခြင်းပျောက်တာ ဘယ်ဟာကပိုကောင်းတုန်းပြောစမ်း”
ဦးသံချောင်းလည်း သူ့သားငတူးကို မေးခွန်းပြန်မေးလိုက်ပြီး ငတူးက
“တစ်ရက်နှစ်ရက်နေပြီးပျောက်တာက ပိုကောင်းတယ်အဖေ”
“အရူး မင်းအိမ်မှာအေးအေးဆေးဆေးနေ ငါမြင့်ဆောင်ဆီသွားလိုက်ဦးမယ်”
ဦးသံချောင်းလည်း ပြောပြောဆိုဆို ခမောက်ဆောင်း၍ အိမ်ဝိုင်းထဲမှထွက်လာသည် ငတူးလည်း သူ့အဖေ့မသွားရန်နောက်မှလိုက်၍ လက်ဖြင့်ဆွဲဖို့ပြင်သည် ဒါပေမဲ့ သူ့လက်နှစ်ဖက်ကမြှောက်လို့မရပဲ ပုခုံးကြီးနှစ်ဖက်သာ မြောက်မြောက်လာပြီး လက်နှစ်ဖက်ကတော့ အောက်မှာတွဲလောင်းကြီးကြနေသည် ဒါကြောင့် ငတူးလည်းဘယ်လိုမှမတတ်နိုင်သည့်အဆုံး သူ့အဖေကို လက်ဆန့်၍သာကြည့်နေရတော့သည်။
ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်လောက်ကြတော့ ဦးသံချောင်းတစ်ယောက် အိမ်ပြန်ရောက်လာပြီး
“ဘယ်လိုတုန်းကွ ငှက်ဖြစ်ချင်တဲ့အကောင် အခုတော့ထမင်းတောင်ကိုယ်တိုင်မစားနိုင်တော့ဘူးလား ဘယ်နှယ် မကြီးမငယ် စုန်းကိုမှသွားပြီး ငှက်ဖြစ်ချင်တယ်လေးဘာလေး သွားပြောရတယ်လို့”
ဦးသံချောင်လည်း အိမ်အောက်တွင် သူ့အမေထမင်းခွံ့တာကို စားနေသောငတူးအားကြည့်ပြီး မဲ့ရွဲ့ပြောလိုက်သည်ငတူးလည်း သူ့အဖေအကြောင်းစုံသိလာမှန်းသိသွားပြီးမို့
“ကျုပ်လည်းဘယ်သိမတုန်းဗျာ့ သူတို့လေပေါ်ကပျံလာတာမြင်တော့ ကျုပ်လည်းသူတို့လို ပျံကြည့်ချင်တာပေါ့ ဒါကြောင့်ငှက်ဖြစ်ချင်တယ်လို့ ‌ပြောလိုက်တာ”
“အေးပေါ့ကွာ အခုတော့ငှက်ဖြစ်ချင်တဲ့အကောင် ကိုယ်ဒုက္ခနဲ့ကိုယ် ခံပေတော့ ငါကတော့ဒီအကြောင်းရွာထဲကလူ‌ေတွသိအောင် လိုက်ပြောလိုက်ဦးမယ်ဟေ့”
ဦးသံချောင်းလည်း လက်မှကိုင်ထားသော ခမောက်လေးကိုပြန်ဆောင်းကာ မမောနိုင်မပန်းနိုင်ရွာထဲပြန်ထွက်သွားတော့သည် ငတူးလည်း ထမင်းစားနေရင်းမှ ကော့ပက်ကော့ပက်ဖြင့် ရွာထဲပတ်ပြီးအတင်းတုတ်တော့မည့် သူ့အဖေကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ကျန်ခဲ့တော့သည်။
စာစဉ်(၅၁)ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။