Unicode Version
” စုန်းထီးကြီးဦးဘသာနှင့် ကိုပေါက်ချွန်း “(စ/ဆုံး)
————————————————————
အတွဲ(၄) စာစဉ်(၂၆)
(၁)
“ကဲ ဖမ်းပြီဟေ့၊ ဖွင့်စမ်းကွာ”
ကျုပ်လည်း ဖျာပေါ်ဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ ပြုံးဖြီးဖြီးနဲ့ လက်ထဲက ဖဲချပ်သုံးချပ်ကို ဖျာပေါ်ကိုပစ်ချလိုက်တော့တယ်။
“ရော့ဗျာ၊ ဒီတစ်ခါတော့ ဘူမဟုတ်တော့ဘူး၊ ရှစ်ဗျ၊ ရှစ်”
ကိုပေါက်ချွန်းက တစ်ဝိုင်းလုံးကိုဆက်ဖမ်းတယ်ဗျ၊ တစ်ဝိုင်းလုံးက နှစ်ပေါက်ကျတဲ့လူနဲ့ ငါးပေါက်ကျတဲ့လူနဲ့ပေါ့ဗျာ၊ ပြီးတော့သူက ကျုပ်အရှေ့မှာပုံထားတဲ့ ပိုက်ဆံတွေကိုလှမ်းယူဖို့လုပ်ပါရောဗျာ၊ ကျုပ်ကလည်း ကိုပေါက်ချွန်းလက်ကိုပုတ်ချလိုက်ပြီးတော့
“အောင်မာ၊ ခင်ဗျားကတ်တောင်မလှန်ဘဲနဲ့ စားချင်လို့ရမလားဗျ၊ ကျုပ်ကတ်က ရှစ်နော်ဗျ၊ ခင်ဗျား”
ဒီတော့မှာ ကိုပေါက်ချွန်းက ပြုံးရင်း
“အေးကွာ၊ ငါလောသွားတယ်”
သူကပြောပြီးတော့ သူ့ကတ်နှစ်ကတ်ကိုလှန်လိုက်တယ်ဗျ၊ သူ့ကတ်က ခုနစ်နဲ့ အေဗျာ၊ ခုနစ်တောင်မှ ပေါက်ချွန်းခုနစ်နဲ့ပေါက်ချွန်းအေဗျ။ ကျုပ်ဖြင့် သူ့ကတ်ကိုမြင်တော့ နိုင်ပြီလို့တွေးပြီး ဆောင့်ကြောင့်ထိုင်ထားရာကနေ ဖင်ထိုင်ကျသွားတော့တယ်ဗျာ၊ ကိုပေါက်ချွန်းက ပြုံးဖြီးဖြီးနဲ့ ကျုပ်အရှေ့က ထိုးကြေးပိုက်ဆံတွေအကုန်လုံးကို သိမ်းကျုံးပြီးယူသွားတော့တာပါပဲ။ အကိုကြီးက ကျုပ်ကိုအနောက်ကနေတွန်းထားလို့သာ ပက်လက်လန်ကျမသွားတာဗျ။
“ကုန်ပြီ၊ အကိုကြီးရေ၊ ကုန်ပြီ”
အကိုကြီးက ပွဲထကြမ်းတော့တယ်။
“မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး”
ဖဲဝိုင်းထဲပွဲဆူပြီဆိုတော့ ဝိုင်းထဲထိုင်နေကြတဲ့လူတွေအကုန် အကိုကြီးကိုဝိုင်းကြည့်တာပေါ့ဗျာ၊ အကိုကြီးက မတ်တပ်ရပ်ထပြီးတော့
“ခင်ဗျားဗျာ၊ ကျုပ်ခင်ဗျားတို့နဲ့ ဆယ်ပွဲကစားတာလည်း တစ်ပွဲမှမနိုင်ဘူး၊ ကျုပ်လာဘ်ကီးမကောင်းလို့ ကျုပ်ညီသုံးပွဲကစားတာလည်း တစ်ပွဲမှမနိုင်ဘူးဆိုတော့ ခင်ဗျားတို့ဟာက ဟုတ်မှဟုတ်သေးရဲ့လား”
ဖဲသမားတစ်ယောက်က သူ့အနားချထားတဲ့ ဓါးမြှောင်ကိုလက်နဲ့ပုတ်ပြတယ်ဗျ၊ နောက်တစ်ယောက်ကျတော့ ပုဆိုးကြားထဲက သံလက်သီးကိုကျုပ်တို့မြင်သာအောင်ချပြလိုက်တယ်၊ ဒါပေမယ့် ကိုပေါက်ချွန်းက အဲဒီလူတွေကို ဟန့်တားလိုက်ပြီးတော့
“ဟေ့၊ မင်းတို့စကားက ဘာလဲကွ၊ မင်းတို့ဆိုလိုချင်တာက ငါတို့က မင်းတို့ကိုညှပ်ချပြီးတော့ ဖဲလိမ်ရိုက်တယ်လို့ဆိုလိုချင်တာလား၊ ငါပြောမယ်ဟေ့ကောင်၊ ဖဲတွေဘာတွေအကုန် မင်းတို့စိတ်ကြိုက်ကုလားဖန်ထိုးပြီး ချိုးထားတာပဲကွ၊ ပြီးတော့ ငါလည်းမင်းတို့အရှေ့မှာပဲ အကုန်လုံးမြင်သာထင်သာအောင်လုပ်နေတာပဲ၊ မင်းတို့သံသယဝင်မှာစိုးလို့ ငါ့ဖဲကိုတောင် ငါ့လက်ထဲကိုင်တာမဟုတ်ဘူး၊ ဖျာပေါ်ဘဲချထားတာဘဲဥစ္စာ”
အကိုကြီးလည်း ဘာပြောရမှန်းမသိတော့ဘူးဖြစ်သွားတယ်ဗျ၊ ကိုပေါက်ချွန်းက ပြုံးလိုက်ပြီး
“မင်းတို့က လူငယ်တွေဆိုတော့ ရှုံးပွဲဆက်ရင် ဒေါသထွက်တာ ထုံးစံပါပဲကွာ၊ ကဲ ရော့ရော့ ငါးဆယ်ပြန်ယူကွာ၊ ပုံမှန်ဆိုရင် ငါကတော့ ပြန်ပေးရိုးထုံးစံမရှိဘူးကွ၊ မင်းတို့ညီအကိုကို သနားလို့ လမ်းစရိတ်ပြန်ပေးတာ၊ မဟုတ်ရင် မြိုင်သာနဲ့ မင်းတို့ရွာကို လမ်းလျှောက်ပြန်ရတော့မယ်မဟုတ်လား”
ကိုပေါက်ချွန်းက ပြောပြီးတော့ ကျုပ်တို့ဆီကို ခေါက်ထားတဲ့ငါးဆယ်တန်တစ်ရွက်လှမ်းပစ်ပေးပြီး ရယ်ပါရောဗျာ၊ သူရယ်တော့ ကျန်တဲ့ဖဲဝိုင်းထဲက လူတွေကလည်း ကျုပ်တို့ကိုလှမ်းကြည့်ပြီး ရယ်ပါရောဗျ၊ ကျုပ်တို့လည်း မတတ်နိုင်တော့ဘူးလေဗျာ၊ သူပေးတဲ့ငါးဆယ်တန်ကို ဘတ်ခနဲကောက်ပြီးတော့ ဝိုင်းထဲကနေ ညီအကိုနှစ်ယောက်ထွက်လာခဲ့တာပေါ့ကွာ။
“တောက်၊ ဒီကောင်တွေ ဒါသက်သက်လူပါးဝတာကွ”
အကိုကြီးကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကျုပ်က အကိုကြီးပုခုံးကိုဖက်ရင်း
“အကိုကြီးရာ၊ သူတို့ပြောတာလည်းဟုတ်နေတာပဲလေဗျာ၊ ကျုပ်တို့ကိုက လဘ်ကီးမကောင်းတဲ့ ဘူကောင်တွေဖြစ်နေလို့နေမှာပါ၊ သူတို့မှာ မသင်္ကာစရာ ဘာမှမတွေ့ဘူးမဟုတ်လား”
“မဟုတ်ဘူး၊ ငါသိတယ်အလတ်ကောင်၊ ဒီကောင်တွေတမင်တို့ကိုညစ်တာကွ”
“ညစ်တာတွေ ဖျစ်တာတွေထားပါတော့ဗျာ၊ အခု အဖေပေးလိုက်တဲ့ မြေဆီဖိုး ငွေရှစ်ရာကုန်ပြီဗျ၊ မြေဆီတွေလည်းမပါဘဲနဲ့ ကျုပ်တို့ဘယ်လိုရွာပြန်ရပါ့မလဲ”
“အိုကွာ၊ ဒီကောင်တွေကို လွယ်လွယ်လက်လျော့ပေးရရိုးလားကွ”
အကိုကြီးက ပြောပြီးတော့ ထပြုံးပြန်ရောဗျာ၊ ကျုပ်ဖြင့် အကိုကြီးငွေတွေရှုံးပြီးတော့ စိတ်များလွတ်သွားသလားဆိုပြီး အကိုကြီးကိုသေသေချာချာကြည့်လိုက်မိတယ်။ နောက်တော့ အကိုကြီးကိုပါးတွေဘာတွေ ပုတ်ကြည့်ပြီး
“အကိုကြီး၊ စိတ်ကိုခိုင်ခိုင်ထားပါအကိုကြီးရာ၊ ငွေရှစ်ရာလောက်နဲ့ ဒီလိုမဖြစ်သင့်ပါဘူးဗျာ”
အကိုကြီးက ကျုပ်ကိုဒေါသတကြီးနဲ့ကြည့်ပြီး ကျုပ်လက်ကိုပုတ်ချလိုက်တယ်။
“ဟာ လခွမ်းတဲ့မှ၊ မင်းဘာတွေပြောနေတာလဲကွ”
“မဟုတ်ဘူးလေ၊ အကိုကြီးခုနကတုန်းကကျတော့ ငွေတွေရှုံးလို့စိတ်ညစ်နေတာမဟုတ်လား၊ အခုကျတော့လည်း မျက်နှာကြီးပြုံးပြီး တဟင်းဟင်းနဲ့ရယ်နေတာကိုးဗျ”
“ဟာကွာ၊ မင်းဘာသိလို့လဲကွ၊ ဒီကောင်တွေကို လက်စားချေဖို့ ငါအကြံရလို့ပါကွ”
“အကိုကြီး၊ ဟုတ်မှလဲလုပ်နော်၊ ဟိုလူတွေဆီမှာ ဓါးတွေ၊ လက်နက်တွေပါတာ အကိုကြီးတွေ့တယ်မဟုတ်လားဗျ”
“ဒီလိုလူမိုက်နည်းနဲ့ လက်စားချေမှာမဟုတ်ပါဘူးကွာ၊ လူလိမ္မာနည်းနဲ့လက်စားချေမှာပါ”
ကျုပ်လည်း အံ့အားသင့်သွားပြီး
“ပြောစမ်းပါအုံးအကိုကြီးရာ”
အကိုကြီးက လူတတ်ကြီးဂိုက်ဖမ်းရင်းနဲ့
“အလတ်ကောင်ရ၊ ဖဲရိုက်တယ်ဆိုတာ လောင်းကစားလုပ်တာပဲကွ၊ လောင်းကစားလုပ်တာ တရားဝင်သလား၊ တရားမဝင်ဘူးလား”
“တရားမဝင်ဘူးလို့တော့ အဖေကပြောဖူးတယ်၊ ဒါပေမယ့် ရွာမှာလည်း ဖဲဝိုင်းတွေအများကြီးရှိတယ်မဟုတ်လား”
“ဟာ၊ ဟေ့ကောင်၊ ဒါရွာမဟုတ်ဘူး၊ မြိုင်သာမြို့ကွ၊ ရွာမှာက ဖမ်းမယ့်ဆီးမယ့်သူမရှိပေမယ့် ဒီမှာက ဖမ်းမယ့်ဆီးမယ့် ရဲတွေရှိတယ်ကွ”
အကိုကြီးပြောတာကို ကျုပ်သဘောပေါက်သွားပါပြီဗျာ၊ လတ်စသတ်တော့ အကိုကြီးက ရဲတိုင်ပြီးတော့ ဖဲဝိုင်းကိုဝင်ဖမ်းချင်တဲ့ပုံပါပဲ၊ ရဲတွေသာဝင်ဖမ်းရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီလူတွေအဖမ်းခံရမယ်၊ ပြီးတော့ ရဲစခန်းမှာ အချုပ်ခံရမယ်လေဗျာ၊ ကျုပ်လည်း ဒါကိုတွေးမိပြီးတော့ ပြုံးလိုက်မိတယ်ဗျ၊ ပြီးတော့ ညီအကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ အသဲပြဲကြီးတွေနဲ့ အော်ရယ်လိုက်ကြတယ်ဗျာ။ ပြီးတာနဲ့ ကျုပ်တို့နှစ်ယောက် တစ်နေရာကိုအပြေးသွားတော့တာပဲဗျို့၊ ကျုပ်တို့သွားတဲ့နေရာက ဘယ်နေရာဆိုတာတော့ ခင်ဗျားတို့ခန့်မှန်းမိမယ်ထင်ပါရဲ့ဗျာ။
ရဲစခန်းကိုဖဲဝိုင်းထောင်တာတိုင်လည်းတိုင်လိုက်ရော ချက်ချင်းပဲရဲတပ်သားတွေက ကျုပ်တို့နဲ့လိုက်လာကြပါရောဗျာ၊ မြိုင်သာမြို့လယ်ခေါင်နား ရပ်ကွက်တစ်ခုထဲက ခြံဝိုင်းထဲကို ရဲတပ်သားတွေဝင်ပြီးဝိုင်းလိုက်ကြတယ်၊ ပြီးတော့ ရပ်ကွက်လူကြီးတွေ၊ သက်သေတွေနဲ့အတူ အိမ်ပေါ်ကိုတက်ဖမ်းတော့ ဖဲဝိုင်းကိုမိတာပေါ့ဗျာ၊ ဖဲရိုက်နေတဲ့လူတွေကို ရဲတပ်သားတွေက ဖမ်းဆီးပြီး လက်ထိပ်တွေခတ်ကြတယ်၊ ဒါပေမယ့် ထူးထူးဆန်းဆန်းပါပဲ၊ ကိုပေါက်ချွန်းဆိုတဲ့လူတော့ မပါဘူးဗျ။ ဖမ်းမိတဲ့လူတွေကလည်း မကျေနပ်ဘူးပေါ့ဗျာ၊ ဒါနဲ့ကျုပ်တို့ကိုလက်ညှိုးထိုးပြီးတော့
“သူတို့လည်းပါတယ်၊ သူတို့ညီအကိုလည်း ဖဲရိုက်တဲ့အထဲပါတယ်”
“သူတို့လည်းပါတယ်ဆိုပဲ၊ သူတို့ပါဖမ်းကွာ”
“ဟာ၊ ဟေ့လူတွေ၊ မလုပ်၊ မလုပ်ကြနဲ့လေ”
ရဲတပ်သားတွေက ကျုပ်တို့ညီအကိုကိုပါ ဖမ်းပါရောဗျာ၊ ပြီးတော့ ကျုပ်တို့ဖဲရိုက်တဲ့လူတစ်သိုက်ကို အတွဲလိုက်ကြီးဖမ်းခေါ်သွားကြပါရောဗျာ။ အချုပ်ထဲရောက်တော့ ဖဲသမားတွေက ကျုပ်တို့ညီအကိုကို ထိုးမယ်ကြိတ်မယ်လုပ်နေကြလို့ ကျုပ်တို့ကိုသပ်သပ်ခွဲပြီး ချုပ်ထားရတယ်ဗျာ၊ ဟိုလူတွေက ကျုပ်တို့ကိုတစ်ဖက်အချုပ်ခန်းထဲကနေကြည့်ပြီးတော့ မျက်လုံးတွေပြူးပြ၊ လက်သီးတွေထောင်ပြနဲ့မို့လို့ ရဲတပ်သားတွေက တော်တော်ကြိမ်းမောင်းယူနေရတယ်ဗျ။
“အဲဒါအကိုကြီးကြောင့်၊ အကိုကြီးအကြံကောင်းလို့ အခုတော့ ငွေလည်းဆုံး၊ အဖမ်းလည်းခံရပြီမဟုတ်လား”
အကိုကြီးကတော့ မျက်နှာငယ်ကလေးနဲ့
“ဒါထက်ပိုဆိုးတာက တို့ဖဲရိုက်တာကိုအဖေသိပြီ၊ တို့ငွေတွေရးသွားတာလည်း သိသွားပြီ၊ နောက်ပြီး ငါ့မိန်းမကလည်း ငါ့ကိုလောင်းကစားထပ်လုပ်ရင် ကွာမယ်လို့ပြောထားတာမဟုတ်လားကွာ”
ကျုပ်လည်း ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းပဲချလိုက်ရတာပေါ့ဗျာ။
(၂)
ကျုပ်ပြောတာကိုနားထောင်ပြီးတော့ ဦးဘသာက တခွီးခွီးနဲ့ရယ်တယ်ဗျာ၊ ကွမ်းတောင်သီးမလို ဖြစ်သွားလို့ သူ့ပါးစပ်ထဲက ဝါးလက်စကွမ်းဖတ်တွေကို ထထွေးလိုက်ပါရော။ ပြီးတော့မှ ကျုပ်ကိုကြည့်ရင်း
“ရယ်လိုက်ရတာ အလတ်ကောင်ရာ၊ မင်းလုပ်မှ ငါကွမ်းတောင်သီးတော့မလို့ဟေ့၊ ဟား၊ ဟား”
ကျုပ်က ဦးဘသာကိုမျက်စောင်းထိုးပြီး
“အောင်မယ်၊ ဦးဘသာဖာသာ ရယ်လို့ကွမ်းသီးမှာကိုများ၊ ကျုပ်လုပ်တယ်ဖြစ်ရသေးတယ်၊ ဒါဆိုရင် မရယ်နဲ့ပေါ့ဗျ”
“အေးပါ၊ အေးပါ၊ ဒါကြောင့် မင်းတို့ညီအကို အခုတလော ခြေငြိမ်နေတာကိုးကွ”
“မငြိမ်လို့ရမလားဗျ၊ အဖေ့ဒေါသကိုလည်း သိရဲ့သားနဲ့”
“မင်းတို့ဘယ်လိုပြန်လွတ်လာကြတာလဲကွ”
“မြိုင်သာရဲစခန်းက စခန်းမှူးက အဖေနဲ့အသိမဟုတ်လားဗျ၊ အဖေ့ကိုဆက်သွယ်ပြီးအကြောင်းကြားတော့ အဖေက လိုက်လာရတာပေါ့ဗျာ၊ အဖေ့ရဲ့အရှိန်အဝါနဲ့ဆိုတော့ ကျုပ်တို့ ထောင်တွေတန်းတွေမကျဘဲ နောက်မလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိထိုးပြီးတော့ လွတ်လာတယ်ဆိုပါတော့ဗျာ”
ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ဒါနဲ့ အဲဒီကိုပေါက်ချွန်းဆိုတဲ့လူကရောကွ”
“အဲဒါလည်း ထူးဆန်းတယ် ဦးဘသာရဲ့၊ ဟိုဖဲသမားတွေ အပြောအရ ကျုပ်တို့ထွက်သွားပြီး သိပ်မကြာဘူးဗျာ၊ ကိုပေါက်ချွန်းက အိမ်သာတက်ချင်တယ်ဆိုပြီးတော့ သူ့ငွေတွေကိုလွယ်အိတ်ထဲထည့်ပြီး အိမ်နောက်ဖေးခဏဝင်သွားရာကနေ ပျောက်သွားတယ်ဆိုပဲဗျ၊ ကိုပေါက်ချွန်းထသွားတော့ တခြားလူတွေက အလှည့်ကျဒိုင်လုပ်ပြီးတော့ ဆက်ဆော့နေတယ်ပေါ့ဗျာ၊ အဖမ်းခံရတော့ တကယ့်ငွေတွေအများကြီးရထားတဲ့ ကိုပေါက်ချွန်းပါမသွားတာ အံ့သြစရာမကောင်းဘူးလားဗျာ”
“အိုကွာ၊ ဒါကတော့ မင်းတို့ညီအကိုရဲသွားတိုင်မယ်မှန်း ရိပ်စားမိလို့ဖြစ်မှာပေါ့ကွ”
“အဲဒါထားပါတော့ဗျာ၊ ဒါနဲ့ ကျုပ်တို့ညီအကို ဆယ့်သုံးပွဲဆော့တာတောင်မှ သူ့ကိုတစ်ပွဲမှမနိုင်ဘူးဆိုတာရော ထူးဆန်းမနေဘူးလား”
“ဒါကလည်း မင်းတို့ကောင်တွေ ဘူပိတ်နေလို့ဖြစ်မှာပေါ့ကွ”
ဦးဘသာက ခပ်ကျဲကျဲရယ်ရင်း ရေနွေးတစ်ခွက်ငှဲ့ပြီးသောက်နေသဗျာ၊ ကျုပ်ကတော့ မခံချင်ပါဘူးဗျာ၊ သက်သေတော့မပြနိုင်ပေမယ့် ကျုပ်စိတ်ထဲမှာ ကိုပေါက်ချွန်းမရိုးသားဘူးဆိုတာကို ကျုပ်သိနေတယ်၊ မနောအသိလို့ပဲ ပြောရမလားပဲဗျာ။
“ဒါနဲ့ဦးဘသာ၊ ဖဲတွေဘာတွေကို ပွဲတိုင်းနိုင်အောင် လုပ်လို့ရတဲ့ အောက်လမ်းနည်းတွေဘာတွေ မရှိဘူးလားဗျာ”
ကျုပ်မေးတော့ ဦးဘသာက ရေနွေးသောက်နေရင်း ခေါင်းညိတ်တယ်ဗျ။
“ရှိသမှ သိပ်ရှိတာပေါ့ကွာ၊ တစ်ပွဲတိုးနည်း၊ အမြဲတမ်းနိုင်တဲ့နည်း၊ နည်းလမ်းကတော့ အစုံရှိတာပေါ့ကွ”
“ပြောပြစမ်းပါအုံးဗျာ၊ ကျုပ်သိချင်လို့ပါ”
“အောင်မယ်၊ မင်းအကြောင်းငါမသိဘူးများမှတ်နေလား အလတ်ကောင်ရ၊ မင်းက ငါ့ဆီကနေ နည်းလမ်းတွေမေးပြီးတော့ အဲဒီနည်းအတိုင်း လိုက်လုပ်ပြီး ကိုပေါက်ချွန်းဆိုတဲ့လူနဲ့ မကျေပွဲ သွားနွှဲမယ်ပေါ့ ဟုတ်လား”
“ဟာ၊ မဟုတ်ပါဘူး ဦးဘသာရာ၊ အဖေကြိမ်းထားလို့ ကျုပ်တို့လည်း တော်တော်နောင်တရနေပါပြီဗျ၊ ကျုပ်က သိရုံတင်သိချင်တာပါဗျာ၊ ပြောပြစမ်းပါ”
“အေး၊ တစ်ပွဲတိုးနည်းကတော့ အစုံပေါ့ကွာ၊ တစ်ချို့က အစိမ်းသေနဲ့ လောလောလတ်လတ် သေထားတဲ့လူကို သစ်ခက်နဲ့ရိုက်ခေါ်ပြီးတော့ ဖဲရိုက်တဲ့နည်းလမ်းပေါ့ကွာ၊ ဘယ်နှရက်ရိုက်ပါ့မယ်၊ ဘယ်နေ့ပြန်ပို့ပေးပါ့မယ်ဆိုပြီး ကတိပေးပြီး ရိုက်ကြတာမျိုးပေါ့ကွာ၊ အဲဒီကတိအတိုင်းဖဲရိုက်ပြီးတော့ လူသေရဲ့ဝိညာဉ်ကို ပြန်ပို့ပေးကြရတယ်ကွ၊ မပို့ပေးရင်တော့ အဲဒီဝိညာဉ်က ကြမ်းပြီသာမှတ်တော့ဟေ့”
“နေပါအုံးဗျ၊ လူသေဝိညာဉ်ခေါ်ရိုက်တယ်ဆိုတော့ ဝိညာဉ်က ဖဲဝင်ရိုက်ပေးတာလား”
“ဒါတော့ ငါလည်းမသိဘူးလေကွာ၊ ငါမှမလုပ်ဘူးတာကွ”
“ဆက်ပြောပါအုံးဗျာ”
“နောက်တစ်နည်းကတော့ အဆောင်ယူတဲ့နည်းကွ၊ သချိုင်းကုန်းသွားပြီးတော့ လူသေအုတ်ဂူတွေဖောက်၊ မြေပုံတွေဖော်ပြီးတော့ လူသေပါးစပ်ထဲက မတ်စေ့တို့၊ လူသေမှာဝတ်ဆင်ထားတဲ့ လက်စွပ်တို့ နားကပ်တို့၊ ပြီးတော့ နောက်ဆုံး လူသေရဲ့အရိုး၊ အဝတ်အစားတွေကိုယူပြီး အဆောင်လုပ်ပြီးရိုက်တဲ့နည်းပေါ့ကွာ၊ ဒီနည်းကတော့ ပွဲတိုင်းတော့မအောင်ပေမယ့် လပြည့်လကွယ်၊ နောက်ပြီးတော့ လဆန်းသုံးရက်လဆုတ်သုံးရက်၊ လဆန်းရှစ်ရက်၊ လဆုတ်ရှစ်ရက် အဲဒီနေ့တွေနဲ့ တိုက်တဲ့ပွဲတွေမှာဆိုရင်တော့ အောင်တတ်တယ်တဲ့ကွ”
“လူသေရဲ့ပစ္စည်းသွားယူတယ်ဆိုတော့ အဲဒီလူသေရဲ့သရဲက ကပ်ပါလာတာမျိုးလား”
“ဒီလိုတော့ဟုတ်မယ်မထင်ဘူး၊ တို့ဗမာတွေမှာ အယူအဆတစ်ခုရှိတယ်လေကွာ၊ လူသေက လဘ်ကောင်းသတဲ့၊ တစ်ချို့ဆိုရင် နာရေးလုပ်တာ၊ မြေချတာမြင်ရင် ကိုယ်ဝတ်ထားတဲ့ အကျီအိတ်တို့၊ ပိုက်ဆံအိတ်တို့ကိုလက်နဲ့ပုတ်ပြီးတော့ လဘ်ခေါ်တတ်ကြတယ်မဟုတ်လား”
ကျုပ်လည်း ခေါင်းညိတ်ပြီးတော့
“ဒါတော့ဟုတ်တယ်ဗျ၊ အမေက အဲဒီလို နာရေးတွေဘာတွေ အိမ်ရှေ့ကဖြတ်သွားရင် သူ့ပိုက်ဆံအိတ်ကိုလက်နဲ့ပုတ်ပုတ်ပြီးတော့ လဘ်ဝင်ပါစေ၊ လဘ်တွေလာပါစေ ဆိုပြီးတော့ အော်လေ့ရှိတာ”
“အေးပေါ့ကွာ၊ ဒါကြောင့် ဒီလိုအဆောင်ဆိုတာကလည်း မကောင်းတဲ့အစိမ်းသရဲဆိုတာမျိုးထက် ခုနကပြောသလို လဘ်ရှိတဲ့ပစ္စည်းဆိုပြီးတော့ ဒီအတိုင်းဆောင်တာနေမှာပါ”
“နည်းတွေကလည်း စုံသားဗျနော်”
“နောက်ဆုံးနည်းကတော့ ပွဲတိုင်းနိုင်တဲ့ ဖဲမှော်အပ်တဲ့နည်းပဲကွ၊ ဖဲမှော်အပ်နည်းက အများကြီးရှိတယ်ဆိုပေမယ့် ယေဘုယျအားဖြင့်တူညီတာကတော့ သချိုင်းတစ်ခုက သချိုင်းစောင့်နဲ့ဖဲရိုက်ရတဲ့နည်းပေါ့ကွာ”
“ဗျာ၊ သချိုင်းစောင့်နဲ့ဖဲရိုက်တာဆိုတော့ သုဘရာဇာနဲ့များလား”
ဦးဘသာက ကျုပ်ကို “တုံးလိုက်တာ” ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးတော့
“ဟ၊ အလတ်ကောင်ရ၊ သုဘရာဇာနဲ့ရိုက်တော့ ဘာရမလဲကွလခွမ်း”
“မသိဘူးလေဗျာ၊ သချိုင်းစောင့်ဆိုတော့ သုဘရာဇာပြေးမြင်တာပေါ့ဗျ၊ ဒါဆိုရင် သချိုင်းစောင့် မဖဲဝါနဲ့ ရိုက်ရတာပေါ့နော်”
“လွဲပြန်ပြီကွာ၊ မဖဲဝါက မဖဲဝါ၊ သချိုင်းစောင့်က သချိုင်းစောင့်ကွ၊ မှတ်ထား သချိုင်းမြေတစ်ခုမှာ သူ့ကိုကြီးစိုးအုပ်ချုပ်တဲ့ အစောင့်တစ်ယောက်ယောက်ရှိတယ်ကွ၊ များသောအားဖြင့်ကတော့ ပြိတ္တာ၊ သရဲကြီး၊ သဘက်ကြီးတွေပေါ့ကွာ၊ သူတို့နဲ့ပြိုင်ရိုက်ပြီးတော့ နိုင်တဲ့ကတ်ကိုဖဲမှော်သွင်းပြီး ဆောင်ထားကြတာပေ့ါကွာ၊ ရှင်းရှင်းပြောရရင် အဲဒီသချိုင်းအစောင့်နဲ့ရှုံးတဲ့လူ တပည့်ခံကြေးဆိုပြီး ဖဲရိုက်တာပေါ့ကွာ၊ ကိုယ်နိုင်သွားတဲ့အခါကျတော့ သချိုင်းစောင့်ကို ခြောက်လတန်သည်၊ တစ်နှစ်တန်သည် တပည့်ခံဆိုပြီးတော့ မွေးထားတာပေါ့”
“သရဲနဲ့ဖဲရိုက်တာပေါ့၊ ကြောက်စရာကြီးဗျာ၊ ကိုယ်ကနိုင်ရင်ထားပါတော့ မနိုင်ဘဲရှုံးသွားတယ်ဆိုရင်ရော”
“ရှုံးသွားတော့လည်း ပြေးပေါ့ကွာ၊ ပြေးမလွတ်ရင်တော့ သရဲရဲ့တပည့်ဖြစ်တာပေါ့ကွာ၊ မင်း တို့ရွာက မောင်ညှက်ကိုသိတယ်မဟုတ်လားကွ”
“သိပါ့ဗျာ၊ သချိုင်းကုန်းထဲမှာ ဖဲရိုက်ရင်းသေသွားတာမဟုတ်လား၊ ဟာ၊ ကျုပ်စဉ်းစားမိပြီဗျ၊ ကိုမောင်ညှက်သေတော့ သချိုင်းအလယ်က သစ်ပင်ကြီးအောက်မှာ ဖျာကြီးခင်းပြီးတော့ ဖဲချပ်တွေလည်း ပြန့်ကျဲနေတယ်မဟုတ်လား၊ ဒါဆို ကိုမောင်ညှက်က ဦးဘသာခုနကပြောသလို ဖဲမှော်သွင်းရင်း သချိုင်းစောင့်ကို ရှုံးသွားတာများလား”
ဦးဘသာက ဘာမှပြန်မဖြေဘဲ ခေါင်းပဲညိတ်တယ်ဗျ။
“ဒါဆိုရင် အဲဒီသချိုင်းစောင့်က ကိုယ့်ကိုကူညီတာပေါ့”
“ဒါပေါ့ကွ၊ ဖဲမှော်အဆင့်မြင့်မြင့်အောင်ထားတဲ့လူဆိုရင် ဖဲကတ်ကိုလက်နဲ့ထိစရာတောင်မလိုဘူးတဲ့ကွာ၊ သူဘာကတ်ရထားတယ်ဆိုတာကို သချိုင်းစောင့်က ပြောပြတယ်၊ သူကလည်း သူလိုချင်တဲ့ကတ်ကို သချိုင်းစောင့်ကိုပြောလိုက်ရင် သချိုင်းစောင့်က ကမ္မဇိဒ္ဓိ တန်ခိုးနဲ့ လိုရာကတ်ကိုရှာဖွေထည့်ပေးတယ်ဆိုပဲကွ၊ ဒီနည်းနဲ့ဆိုတော့ ပွဲတိုင်းနိုင်တာပေါ့ကွာ”
ကျုပ်လည်း အခုမှသဘောပေါက်သွားတော့တယ်။
“ပေါက်ပြီ၊ ပေါက်ပြီ၊ ဒါကြောင့် ကိုပေါက်ချွန်းဆိုတဲ့လူက ပွဲတိုင်းနိုင်နေတာကိုးဗျ”
“မင်းကွာ၊ သူများကို စွပ်စွပ်စွဲစွဲ”
“ဟာ၊ မဟုတ်ဘူးဦးဘသာ၊ ကျုပ်တို့နဲ့ဖဲရိုက်တော့ ကိုပေါက်ချွန်းက ဖဲကိုတစ်ချက်ပဲလှန်ကြည့်တာဗျ၊ ပြီးတော့ ကျန်တဲ့အချိန်ဆို လက်နဲ့တောင်မထိဘူး၊ ဒါပေမယ့် ထူးဆန်းတာက ပွဲတိုင်းနိုင်နေတာပဲဗျ၊ ကိုးမီးရိုက်ရင် တခြားလူက ရှစ်ဆိုရင်တောင် သူက ကိုးဖြစ်နေတတ်တယ်ဗျ၊ တခြားလူကိုးရတယ်ဆိုရင်တောင် သူက နှစ်ချပ်နဲ့ ဒိုတာဗျာ၊ နှစ်ချပ်နဲ့ ဒိုတာချင်းတူတူဆိုရင်တောင်မှ သူက ပေါက်ချွန်းရှစ်နဲ့ ပေါက်ချွန်းတစ်ကျပြီး ဒိုတာနော်၊ အဲဒီလောက်အထိကို နိုင်တာ မထူးဆန်းဘူးလားဗျာ”
ဦးဘသာက တစ်ချက်တွေးသွားပြီးတော့ ခေါင်းညိတ်သွားတယ်။
“အင်းလေ၊ ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ လောင်းကစားဆိုတာကိုက နိုင်ဖို့အဓိကဆိုတော့ မဟုတ်တဲ့နည်းတွေသုံးပြီး နိုင်ချင်လို့ဖြစ်မှာပေါ့ကွာ၊ ကဲပါ၊ ငါလည်း နွားတွေလွှတ်ကျောင်းရအုံးမယ်ကွ၊ မင်းတို့လည်း နောက်ဆို အဲဒီဖဲသမားတွေနဲ့ ဝေးဝေးနေကွ၊ ဖဲသမားဆိုတာ လူလိမ်လူကောက်တွေချည်းဘဲ၊ ကြားလား”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ဦးဘသာရဲ့အိမ်ကနေ ပြန်လာခဲ့တာပေါ့ဗျာ။
(၃)
ကျုပ်တို့ခေတ်က အခုခေတ်လိုမျိုး ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေကလည်း ရှိတာမဟုတ်ဘူးဗျ၊ ရွာဆိုတော့လည်း ပိုဆိုးတာပေါ့ဗျာ၊ လူဆိုတာကလည်း တခြားသတ္တဝါတွေနဲ့မတူဘဲ ဖျော်ဖြေမှုလိုတယ်မဟုတ်လားဗျာ၊ ဒီဖျော်ဖြေမှုတွေထဲမှာ လောင်းကစားဆိုတာက အဆိုးဆုံးပေါ့ဗျာ။ လူတွေလောင်းကစားစွဲတာ ဟိုးခေတ်ကတည်းကဗျ၊ ကျုပ်တို့ရွာမှာဆိုရင်တော့ ခွေးနှစ်ကောင်ကိုက်ရင်တောင် လူတွေဝိုင်းကြည့်ပြီး ဘယ်ခွေးနိုင်မလဲဆိုပြီး လောင်းတတ်ကြသေးတာကိုးဗျာ၊ အဲဒီလိုလောင်းတာကနေ အစပြုပြီးတော့ နောက်ပိုင်း ကစားနည်းတွေပါလာတယ်ဗျ၊ ကစားနည်းကတော့ အစုံပေါ့ဗျာ၊ မြေကြီးမှာကျင်းလေးတွေတူးပြီး ကျောက်ဒိုးထည့်ပြီး ကျင်းစိမ်တာတို့၊ နောက်တော့ အံစားတုံးခေါက်တာ၊ ဂျင်လှည့်တာကနေ ဖဲချပ်တွေကစားတာအထိပေါ့ဗျာ။
ကျုပ်ကြားဖူးသလောက် ဖဲကစားတာကို တရားမဝင်ဘူးလို့သတ်မှတ်တာ အင်္ဂလိပ်ခေတ်ကတည်းကတဲ့ဗျ၊ ထူးတော့ထူးဆန်းသားနော်၊ အင်္ဂလိပ်အရာရှိကြီးတွေ၊ အရာရှိကတော်တွေက အားလပ်ချိန်ပျင်းတဲ့အခါ ဖဲကစားကြပေမယ့် သာမန်ပြည်သူတွေကိုတော့ ဖဲမရိုက်စေချင်ဘူးတဲ့ဗျာ၊ ဘာလို့လည်းဆိုတော့ ဖဲဆိုတာကလည်း တော်တော်စွဲတဲ့အရာကိုး၊ အင်္ဂလိပ်အရာရှိတွေက အပျင်းပြေဖဲရိုက်တယ်ဆိုပေမယ့် ဗမာတွေကတော့ ဖဲကိုအိမ်ပေါင်၊ ယာရောင်းပြီး ရေဆုံးမြေဆုံးရိုက်ကြတော့တာပဲဗျာ၊ နောက်တော့ ဘာအလုပ်မှမလုပ်ဘဲ ဖဲပဲထိုင်ရိုက်ကြတယ်၊ နောက်ပြီး ဖဲဝိုင်းမှာရှုံးကြွေးတင်တာ၊ အငြင်းပွားတာကနေစပြီး ရိုက်ပွဲသတ်ပွဲတွေဖြစ်ကြ၊ နောက်တော့ ရိုက်တဲ့လူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေပါ တစ်နွယ်ငင်တစ်စင်ပါပြီးတော့ ရန်ပွဲကြီးတွေဖြစ်တတ်ကြတယ်ဆိုပဲဗျ၊ ဒါကြောင့် ဖဲရိုက်တာကို ဥပဒေအရ တားမြစ်ထားတယ်ဆိုပဲ။ အင်္ဂလိပ်ခေတ်ကတော့ ငွေဒဏ်လောက်ပဲတတ်တယ်ဆိုတယ်ဗျ၊ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဖဲဝိုင်းတွေက မြို့ကြီးတွေပေါ်မှာ ဟိုးလေးတကျော်ဖြစ်လာပြီးတော့ လူတွေက ကာယ၊ ဉာဏအားတွေသုံးပြီး အလုပ်မလုပ်တော့ဘဲ ဖဲပဲရိုက်နေလို့ လွတ်လပ်ရေးရပြီးကတည်းက တင်းတင်းကြပ်ကြပ်ကိုင်တွယ်ခဲ့တာ ဒီနေ့အထိပါပဲတဲ့ဗျာ။
အဲဒီခေတ်တုန်းက လောင်းကစားမှာ ဖဲကဘုရင်ပဲဗျ၊ ဖဲချပ်တွေရှိပြီး လူနှစ်ယောက်လောက်ရှိရင် ဆော့လို့ရတာကိုး၊ ဖဲလောကမှာ ရှမ်းကိုးမီးခေတ်စားတယ်ဆိုတာကလည်း ဖဲချပ်စုံစရာမှမလိုတာပဲဗျာ၊ ဖဲထုပ်ကလည်း ဝယ်ရတာခက်တယ်ဆိုတော့ ဖဲတစ်ထုပ်မှာ ကတ်ပြည့်ပြည့်မပြည့်ပြည့် ကိုးမီးလောက်တော့ ဆွဲလို့ရတာကိုး၊ ကျန်တဲ့ ပိုကာတို့ဘာတို့ကျတော့ ကတ်စုံမှ ဆော့လို့ရတယ်မဟုတ်လား။ ခုခေတ်တော့ နှစ်လုံးထီ၊ သုံးလုံးထီတွေပေါနေပြီပေါ့ဗျာ၊ နှစ်လုံးသုံးလုံးလည်း စွဲတာပဲဗျ၊ နှစ်လုံးထီ၊ သုံးလုံးထီပေါ်ပြီးတော့ လူတွေလည်း ဖဲဘက်မလှည့်နိုင်ကြတော့ ဖဲကစားတာမှေးမှိန်သွားတယ်ထင်ပါတယ်ဗျာ၊ ဒါပေမယ့် ခုနောက်ပိုင်းတော့ ဖုန်းတွေမှာ ဖဲရိုက်ဂိမ်းတွေထည့်ဆော့ကြသဗျာ၊ အင်တာနက်ကနေလည်း ဆော့လို့ရတယ်ဆိုပြီး တော်တော်များများပြန်ဆော့နေကြတာတွေ့တယ်၊ ဒါပေမယ့် သတိတော့ထားဗျာ၊ လောင်းကစားဆိုတာ အစမလုပ်မိတာအကောင်းဆုံးပါပဲ၊ တကယ့်ဖဲသမား၊ ဖဲဂျိုးကြီးတွေဆိုရင်လည်း အပျော်ဆိုပြီးဆော့ရာကနေ စွဲသွားကြတာပဲမဟုတ်လား။ ပြောနေရင်း ဘယ်ရောက်ကုန်မှန်းမသိဘူးဗျာ၊ ပြန်ဆက်ကြတာပေါ့။
ကျုပ်လည်း လမ်းလျှောက်လာရင်း ရွာထိပ်နားကိုရောက်တော့ လူနှစ်ယောက်က ရွာတော်ရှင်နတ်နန်းနားမှာ ရပ်နေသဗျ၊ အဲဒီအထဲက လူတစ်ယောက်တော့ ရွာတော်ရှင်နတ်နန်းကိုရှိခိုးနေလေရဲ့၊ ကျုပ်လည်း ဒီလူတွေဘယ်သူလဲလို့ သိချင်တာနဲ့ အနားကိုကပ်ခဲ့လိုက်တော့မှ ရွာက ကိုမောင်စိဖြစ်နေသဗျ။ ကိုမောင်စိက ကျုပ်ကိုမြင်တော့ လှမ်းပြုံးပြတယ်။
“အတော်ပဲကွာ၊ ငါတောင်မင်းတို့အိမ်ကိုလာခဲ့မလို့”
“ဘာကိစ္စလဲဗျ”
“ဘာမှမဟုတ်ပါဘူးကွာ၊ မြိုင်သာက ငါ့အသိတစ်ယောက်ရွာကို လာတယ်လို့ သတင်းလာပို့မလို့ပါ၊ မင်းနဲ့တွေ့တာနဲ့အတော်ပဲ၊ မင်းအဖေကိုပြောပြလိုက်စမ်းပါကွာ”
ဒီတော့မှ နတ်နန်းကိုရှိခိုးနေတဲ့လူက ကျုပ်ဘက်ကိုလှည့်လာတယ်၊ ကျုပ်ဖြင့် သူ့မျက်နှာကိုမြင်ပြီး အံ့သြသွားတာပဲဗျာ။ ကျုပ်တွေ့လိုက်ရတာက တခြားသူမဟုတ်ဘူး၊ ကိုပေါက်ချွန်းဗျ။ ကျုပ်က ကိုပေါက်ချွန်းကို မှတ်မိပေမယ့် ကိုပေါက်ချွန်းကတော့ ကျုပ်ကိုမှတ်မိပုံမရဘူးဗျ၊ ကျုပ်ကိုပြုံးပြပြီးတော့
“တွေ့ရတာဝမ်းသာပါတယ်၊ ကျုပ်နာမည် တင့်ဆွေပါ၊ မြိုင်သာကနေလာပါတယ်”
ကိုပေါက်ချွန်းက သူ့နာမည်အရင်းကိုပြောတာဖြစ်မယ်ဗျ၊ ကျုပ်လည်း အယောင်ယောင်အမှားမှားနဲ့ခေါင်းညိတ်ပြီးတော့
“ဟုတ်၊ ဟုတ်ကဲ့၊ ဒါနဲ့ ကျုပ်တို့ရွာကို ဘာလာလုပ်တာလဲဗျ”
ကျုပ်မေးလိုက်တော့ ကိုပေါက်ချွန်းက မျက်မှောင်တစ်ချက်ကြုတ်သွားတယ်ဗျ၊ ပြီးတော့ ကိုမောင်စိကိုလှည့်ကြည့်ပြီး
“နေပါအုံး၊ ခင်ဗျားတို့ရွာကိုလာဖို့က ဘာလို့လာတယ်၊ ဘာအကြောင်းနဲ့လာတယ်ဆိုတာတွေ ပြောဖို့လိုသေးလို့လား ကိုမောင်စိ”
ကျုပ်လည်း အခုမှသတိဝင်သွားပြီးတော့
“မဟုတ်ပါဘူး ကိုပေါက် . . . အဲ ကိုတင့်ဆွေရာ၊ ကျုပ်က အဖေ့ကိုပြန်ပြောပြရမှာဆိုတော့ အလည်သက်သက်နဲ့လာတာလား၊ စီးပွားရေးကိစ္စလာတာလား၊ ဘာဝယ်ညာဝယ် လာဝယ်တာလားဆိုတာ သိထားဖို့လိုလို့ပါဗျ၊ တစ်မျိုးမထင်ပါနဲ့”
“အေးပါငါ့ညီရာ၊ အလည်ပဲလာတယ်ဆိုပါတော့ကွာ၊ မောင်စိနဲ့ငါနဲ့က မိတ်ဆွေတွေကွ”
“ဟုတ်ကဲ့ပါ၊ ရပါပြီ”
ကိုပေါက်ချွန်းက ခပ်တည်တည်ပဲ ရွာထဲကိုဝင်သွားတယ်ဗျ၊ ကိုမောင်စိက ကျုပ်ကိုကြည့်ပြီး
“သူကြီးကိုသေချာပြောလိုက်နော်အလတ်ကောင်၊ ဒါဆို ငါမင်းတို့အိမ်ကိုလာမပြောတော့ဘူး”
အဲဒီလိုပြောပြီးတော့ ကိုပေါက်ချွန်းအနောက်ကို လိုက်သွားပါရောဗျာ၊ ကျုပ်လည်း သူတို့နှစ်ယောက်နောက်ကျောကိုကြည့်ပြီး ခါးထောက်လိုက်တယ်။
“အင်း၊ ဒီဖဲသမား တို့ရွာကိုလာတယ်ဆိုတော့ တစ်ခုခုတော့တစ်ခုခုပဲ၊ ပြီးတော့လည်း ရွာတော်ရှင်နတ်နန်းကို ရှိခိုးနေသေးတာဆိုတော့ ထူးတော့ထူးမှာပဲ၊ ဒီကိစ္စကို ငါစုံစမ်းရမယ်”
ကျုပ်လည်း အဲဒီလိုတွေးပြီးတော့ အိမ်ဘက်ကိုပြန်လှည့်ခဲ့တာပေါ့ဗျာ။ ခြံထဲဝင်လိုက်တော့ အကိုကြီးက အဝတ်တွေလှန်းနေတယ်ဗျ၊ ဖဲရိုက်တဲ့အမှုနဲ့ အကိုကြီးအိမ်မှာ အကျယ်ချုပ်ကျနေတယ်ဆိုပါတော့ဗျာ၊ ဒါတောင်မရီးက အိမ်ပေါ်ကနေဆင်းသွားလို့ ပြန်ချော့ပြီးခေါ်လာရတာဗျ၊ အခုတော့ မိန်းမအကြိုက် အိမ်မှုကိစ္စတွေ ကူလုပ်နေတယ်ဆိုပါတော့ဗျာ။ ကျုပ်လည်း အကိုကြီးနားကိုရောက်သွားရော အကိုကြီးက
“အလတ်ကောင်၊ မင်းလာတာနဲ့အတော်ပဲကွာ၊ ဟောဒီငါ့အဝတ်တွေကို ကူလှန်းပေးပါအုံးကွာ”
“ဟာဗျာ၊ အကိုကြီးအဝတ်တွေ အသာထားလိုက်စမ်းပါ၊ အဝတ်တွေထက် အရေးကြီးတာရှိတယ်ဗျ”
“ဘာတုန်းအလတ်ကောင်ရာ၊ အဝတ်တွေလျှော်ပြီး လက်ညောင်းနေရတဲ့အထဲ”
ကျုပ်လည်း ဘေးဘီကိုကြည့်ပြီးတော့ အကိုကြီးအနားကို အသာကပ်လိုက်ပြီး
“ရွာကို ကိုပေါက်ချွန်းရောက်နေတယ်ဗျ”
အကိုကြီးမျက်လုံးတွေပြူးသွားတယ်။
“ဟေ့ကောင် တကယ်လား”
“ဟာ၊ ကျုပ်ကလိမ်ပါ့မလားဗျာ၊ အခုတင် ကိုမောင်စိနဲ့ရွာထဲဝင်သွားတာဗျ”
“ဒီကောင်သေချာလား”
“သေချာပါတယ်ဆိုမှဗျာ၊ ဒါပေမယ့် ကျုပ်ကိုတော့ သူကမမှတ်မိဘူးဗျ၊ သူ့နာမည်အရင်းက တင့်ဆွေတဲ့ဗျာ၊ ကျုပ်ကိုနှုတ်ဆက်ပြီး ရွာထဲဝင်သွားတာပါဆို”
အကိုကြီးက ညှစ်လက်စပုဆိုးတစ်ထည်ကို ပုံးထဲကိုပြန်ပစ်ချလိုက်ပြီးတော့ ထွက်သွားဖို့လုပ်တယ်ဗျ၊ ကျုပ်လည်း အကိုကြီးလက်မောင်းကိုဆွဲပြီး
“အကိုကြီး၊ ဒါကဘယ်သွားမလို့လဲ”
“ဘယ်သွားရမှာလဲကွ၊ ဒီကောင်နဲ့စာရင်းရှင်းမလို့ပေါ့”
“ဟာဗျာ၊ ဒီလိုဒေါသရှေ့ထားပြီးလုပ်လို့ဘယ်ဖြစ်မလဲဗျ၊ ဟိုလူက အခုမှရွာရောက်ရုံရှိသေးတာ”
“ဒီကောင်က ငါတို့ကိုဖဲလိမ်ရိုက်ပြီးတော့ ငါတို့ပိုက်ဆံတွေယူသွားတာကွာ၊ ဒါတင်မကဘဲ ရဲတိုင်တော့လည်း ဖျံကျပြီးထွက်ပြေးခဲ့တာမဟုတ်လား”
“အကိုကြီး အကြမ်းနည်းနဲ့သွားမလုပ်နဲ့နော်၊ တော်ကြာ ရန်ပွဲတွေဖြစ်ကုန်လို့ အကိုကြီးတစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေအုံးမယ်၊ ပြီးတော့ မရီးကလည်းပြောထားတယ်မဟုတ်လား၊ ဒီတစ်ခါ ရုံးရောက်ဂတ်ရောက်ဆိုရင်တော့ အကိုကြီးနဲ့အပြတ်ပဲဆိုတာလေ”
ကျုပ်ပြောလိုက်မှ အကိုကြီးခြေလှမ်းတွေ တုန့်ခနဲရပ်သွားတယ်ဗျ၊ နောက်တော့ အံကိုကြိတ်ရင်း
“ဘာပဲပြောပြော ငါကတော့ ဒီကောင့်ကိုမကျေဘူးကွာ”
“ကျုပ်လည်း မကျေနပ်ပါဘူးဗျာ၊ ဒါပေမယ့် ဖဲသမားစကားရှိတယ်မဟုတ်လား၊ ဖဲဝိုင်းက ပြဿနာကို ဖဲဝိုင်းမှာပဲရှင်းတဲ့လေ၊ စိတ်ချပါ၊ ဒီလူရောက်ရင် ကျုပ်တို့ရွာမှာ ဖဲဝိုင်းဖြစ်မှာပဲ၊ ဖဲဝိုင်းဖြစ်ရင်တော့ ကျုပ်တို့သူ့ကိုပြန်ပြီး အနိုင်ယူလို့ရပါသေးတယ်၊ ရှုံးကြွေးဆပ်လို့ ရပါသေးတယ်ဗျ”
ကျုပ်ပြောလိုက်တော့မှ အကိုကြီးလည်း နည်းနည်းတည်ငြိမ်သွားတယ်။
“ဒါဆို ဘယ်လိုလုပ်ကြမလဲကွ”
“ဒီလူက မှော်ပညာနဲ့ဖဲနိုင်အောင်လုပ်ထားတာလို့ ကျုပ်ထင်တယ်ဗျ၊ ဦးဘသာလည်း တစ်ခါပြောဖူးတယ်၊ ဒီမှော်ပညာသာမရှိရင် ဒီလူပွဲတိုင်းမနိုင်ပါဘူးဗျာ၊ အကိုကြီး တစ်ရက်နှစ်ရက်လောက် သည်းခံထားအုံး၊ ဒီလူကိုနိုင်မယ့်နည်းလမ်းကို ကျုပ်ရှာလိုက်အုံးမယ်”
အကိုကြီးက ခေါင်းကိုဆတ်ခနဲညိတ်ပြီး
“အေး၊ သူ့ကိုနိုင်တဲ့အခါကျရင် ငါ့ကိုလည်းခေါ်စမ်းပါကွာ၊ ဒီကောင်ရှုံးတာကိုကြည့်ပြီး ငါအားရပါးရ ရယ်ချင်လို့ပါ”
“မပူနဲ့အကိုကြီး၊ အကိုကြီး ရယ်ရမယ်၊ ရယ်ရစေမယ်ဗျာ၊ လောလောဆယ်တော့ အဝတ်ဆက်လှန်းပြီး မရီးခိုင်းတာလုပ်ထား၊ ကျုပ်အဆင်သင့်ဖြစ်ရင် အကိုကြီးကိုလာပြောမယ်၊ ဟုတ်ပြီလား”
အကိုကြီးလည်း ခေါင်းညိတ်ပြီးတော့ သူ့ပုဆိုးတွေကို ရေညှစ်ပြီးလှန်းနေတယ်ဗျ၊ ကျုပ်လည်း စနည်းနာရအောင်လို့ အိမ်ကနေတိတ်တိတ်ကလေးထွက်ခဲ့တာပေါ့ဗျာ။
(၄)
“ဦးဘသာ၊ ဦးဘသာ”
ဦးဘသာ အိမ်မှာမရှိတာနဲ့ ကျုပ်လည်းရွာပြင်ထွက်ပြီး လိုက်အော်နေမိတယ်၊ ဦးဘသာက ယာခင်းတွေအစွန်ဘက်က သရဲခြောက်တဲ့တောတန်းနားကိုတောင် ရောက်နေပြီဗျ၊ ကျုပ်လည်း ဦးဘသာဆီကိုပြေးသွားလိုက်တော့တယ်၊ နေပူကျဲတဲ ယာခင်းထဲကနေ ဖုန်တထောင်းထောင်းနဲ့ပြေးလာတဲ့ကျုပ်ကို ဦးဘသာက အရိပ်ထဲကနေ တအံ့တသြနဲ့ကြည့်နေသဗျာ။ အနားရောက်တော့မှ
“အလတ်ကောင်၊ မင်းကြည့်လိုက်ရင် အမြဲတမ်းအပြေးတစ်ပိုင်းနဲ့ပါလားကွ၊ အခုလည်း ဘယ်လိုဖြစ်လာပြန်ရတာလဲ”
ကျုပ်လည်း ပြောတော့ပြောချင်တယ်၊ ဒါပေမယ့် မောနေလို့အသက်ကိုမနည်းရှုနေရသေးတယ်ဗျ၊
“ဟို၊ ဟိုလူ ရွာကိုရောက်လာပြီဗျ”
“အစပ်အဆက်မရှိ နင့်မေကြီးတော် ရွာကိုရောက်လာတာလားဟ”
“မဟုတ်ပါဘူးဗျာ၊ ကိုပေါက်ချွန်း ရောက်လာတာဗျ၊ ကျုပ်တို့ကို ဖဲလိမ်ရိုက်ပြီး ရှောင်ပြေးသွားတဲ့ ကိုပေါက်ချွန်းဆိုတဲ့လူ ရောက်လာတာ”
ဦးဘသာက တအံ့တသြနဲ့ဗျ။
“ဟ၊ မင်းလူကတော့ အသက်ရှည်အုံးမယ်ထင်ပါ့ကွာ၊ မနက်ကပဲ သူ့အကြောင်းပြောနေရင်း အခုရောက်လာပြီတဲ့လား”
“အသက်ရှည်တာ မရှည်တာ အရေးမကြီးပါဘူးဗျာ၊ ဒီလူရောက်လာတာပဲ အရေးကြီးတာ”
ဦးဘသာက ကျုပ်ကိုမှုန်တေတေနဲ့ကြည့်ရင်း
“သူ့ဖာသူ ရွာကိုလာတာ ဘာအရေးကြီးလဲကွ၊ မင်းတို့သာ သူနဲ့ဖဲသွားမရိုက်ဖို့ အရေးကြီးတာမဟုတ်လား၊ မင်းတို့ဖဲမရိုက်ရင် ဘာမှမဖြစ်ဘူး”
ဦးဘသာစကားကြားတော့ ကျုပ်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။
“မဟုတ်မှလွဲရော အလတ်ကောင်၊ မင်းသူလာတော့ သူ့ကိုရှုံးကြွေးပြန်ဆပ်မယ်ဆိုပြီး ဖဲရိုက်ဖို့များစိတ်ကူးထားတာလားကွ”
ကျုပ်ဘာမှပြန်မပြောနိုင်တော့ပါဘူးဗျာ။
“သွားမလုပ်နဲ့နော်အလတ်ကောင်၊ မင်းတို့ဖဲရိုက်တာကို မင်းအဖေသိရင် ငြိမ်နေမှာမဟုတ်ဘူး၊ ဟိုကလည်း မင်းတို့နဲ့ အလကားနေရင်း ဖဲလာမရိုက်ပါဘူးကွာ၊ မင်းတို့သွားရိုက်မှဖြစ်တာ”
“အိုဗျာ၊ ဘာပဲဖြစ်ဖြစ်ပေါ့”
“ဘာပဲဖြစ်ဖြစ်လုပ်မနေနဲ့၊ တစ်ခုခုလုပ်မယ်ဆိုရင် မင်းအဖေမျက်နှာလည်းထောက်အုံးကွ၊ မင်းအဖေမှာ မင်းတို့ဟိုတစ်ခါ လောင်းကစားမှုနဲ့အဖမ်းခံရကတည်းက ရွာထဲမှာ အပြောအဆိုခံနေရတာကွ၊ အဖေကသူကြီး သားတွေက လူဆိုးတွေဆိုပြီး ပြောခံရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲကွာ၊ မဟုတ်တာတွေ မလုပ်ပါနဲ့တော့အလတ်ကောင်ရာ”
ဦးဘသာစကားကို နားထောင်ပြီးတော့ ကျုပ်လည်း အဲဒီနေရာကနေ တွေတွေကြီးပြန်လာခဲ့မိတော့တယ်၊ ဒါပေမယ့် ယာခင်းနေပူပူကြီးထဲဖြတ်ရင်း ကျုပ်လက်သီးကို ကျစ်နေအောင်ဆုပ်လိုက်မိတယ်၊ ပြီးတော့ ဦးဘသာဘက်ကိုတစ်ချက်လှည့်ကြည့်ပြီး။
“ဦးဘသာက မခံထားဖူးတော့ ဘယ်သိမလဲဗျ၊ ကျုပ်တို့ကတော့ ခံရဖူးတော့ အရိုးထိအောင်နာသဗျာ၊ ဒီတစ်ခါ ဦးဘသာမကူညီလည်း ကျုပ်ဖာသာကျုပ် ဒီလူကိုအနိုင်ရအောင် လုပ်ပြမယ်ဗျ”
စိတ်ထဲကနေ ကြိမ်းဝါးပြီးတော့ လမ်းဆက်လျှောက်ခဲ့တာပေါ့ဗျာ။
ခေါင်းငိုက်စိုက်ပြီး အိမ်ထဲဝင်လာတဲ့ကျုပ်ကို အကိုကြီးက လှမ်းကြည့်နေတယ်ဗျ၊ ကျုပ်လည်း လေးတိလေးကန်နဲ့ အိမ်ရှေ့က ခုံတန်းမှာထိုင်ချလိုက်တယ်။
“ဘယ်လိုလဲကွ၊ မင်းမျက်နှာကြည့်ရတာကလည်း ဝမ်းလျောသေထားတဲ့မျောက်ကြီးလိုဖြစ်နေပါလားကွ”
“ဟာဗျာ၊ အကိုကြီးကလည်း ကြံကြံဖန်ဖန်”
“ဒါနဲ့ ငါအဲဒီကိုပေါက်ချွန်းအကြောင်း စုံစမ်းရသကွ”
“အမယ်၊ အကိုကြီးက အိမ်ထဲမှာနေပြီး ဘယ်လိုသိတာလဲဗျ”
“ဟ၊ ငါ့ခယ်မက ရွာမှာ မောင်းလေကွာ၊ ခုနကပဲ သူအိမ်ကိုလာသွားတယ်၊ ငါ့မိန်းမနဲ့ စကားပြောနေရင်း ငါကြားခဲ့တာကွ၊ အဲဒီကိုပေါက်ချွန်းဆိုတဲ့လူက မောင်စိနဲ့ ရင်းနှီးတာ သိပ်မကြာသေးဘူးတဲ့ကွ၊ ပြီးတော့ အခုရွာကိုရောက်လာတာကလည်း တခြားကြောင့်မဟုတ်ဘူးကွ”
“ဘာကြောင့်လဲဗျ”
“လောင်းကစားမှုနဲ့ မြိုင်သာမှာကျော်ဇောနေလို့ တို့ရွာကိုလာပြီး ခဏရှောင်တာတဲ့ကွာ”
“ဟာဗျာ၊ သူက ဒီအကြောင်းတွေကို ထုတ်ပြောပါ့မလား”
“သူကပြောတာမဟုတ်ဘူးကွ၊ မောင်စိက သူ့မိန်းမကိုပြောထားတာ၊ သူ့မိန်းမက ငါ့ခယ်မကပြောပြတာတဲ့ကွ”
“လူဆိုးမှန်းသိနေတာတောင်မှ ကိုမောင်စိက သူ့ကိုဘာလို့ ခေါ်လာတာလဲမသိဘူးနော်”
“သူတို့ပြောပုံအရဆို ကိုပေါက်ချွန်းက အလကားနေမှာမဟုတ်ဘူးတဲ့ဟေ့၊ နေ့တိုင်းငွေပေးပြီးနေမှာတဲ့ဟ”
“အင်း၊ ဒါကြောင့်လည်း ကိုမောင်စိခေါ်တာဖြစ်မှာပေါ့”
“အခုတောင်မှ ကြက်ဖဆယ်ကောင်ဝယ်ခိုင်းလို့ မောင်စိက ရွာထဲလိုက်ဝယ်နေသတဲ့ကွာ”
“ကြက်ဖတွေက ဘာလုပ်လို့ရမှာလဲဗျ၊ ချက်စားချင်ရင် ကြက်မဝယ်စားပေါ့၊ ဧကန္တတော့ ဒီလူတွေ မဟုတ်တာတစ်ခုခုလုပ်ဖို့ကြံနေတာဖြစ်မယ်ဗျ”
“မဟုတ်တာလုပ်လို့ကတော့ ငါနဲ့တွေ့ပြီသာမှတ်စမ်းကွာ”
အသံသြသြကြီးကြားလိုက်လို့ ကျုပ်တို့ညီအကိုနှစ်ယောက်မျက်လုံးပြူးသွားတယ်ဗျ၊ အနောက်ကိုလှည့်ကြည့်တော့ အဖေက အိမ်လှေကားကနေ ဆင်းလာသဗျ။
“မင်းတို့ညီအကိုနှစ်ယောက်ပေါင်းပြီး ဘာမဟုတ်တာတွေလုပ်မလို့လဲကွ၊ ငါခုနက ကြားလိုက်ပါတယ်”
အဖေက ပြောဆိုရင်း ကျုပ်တို့အရှေ့ကိုဝင်ထိုင်လိုက်တယ်ဗျ၊ ကျုပ်လည်း
“ဘာ၊ ဘာမှမလုပ်ပါဘူးအဖေရာ”
“အေး၊ လုပ်ကြည့်ပေါ့ကွာ၊ မင်းတို့မဟုတ်တာလုပ်တဲ့အသံထပ်ကြားရရင်တော့ မင်းတို့ငါ့အကြောင်းသိစေရမယ်၊ ငါက တကယ်မလုပ်ဘူးဆိုပြီး မင်းတို့က ပေါ့သေးသေးမှတ်နေကြတယ်မဟုတ်လားကွ”
“မမှတ်ပါဘူးဗျာ အဖေကလည်း”
ကျုပ်နဲ့အကိုကြီးလည်း လူစုခွဲလိုက်တာပေါ့ဗျာ၊ ကျုပ်ဖြင့် ကိုမောင်စိက ကြက်ဖဆယ်ကောင်ကို ဘာလို့ဝယ်သလဲဆိုတာကိုပဲ သိချင်နေတာဗျ၊ ဒီလိုနဲ့ တဖြည်းဖြည်းမိုးချုပ်လာတယ်ဗျာ၊ ကျုပ်လည်း ထမင်းစားနေတုန်းအကြံတစ်ခုရသွားတယ်။
“ဖဲမှော်ဆိုတာ သချိုင်းစောင့်နဲ့ ဖဲရိုက်တာဆိုပဲ၊ ဒါဆိုရင် ငါလည်း သချိုင်းစောင့်နဲ့ ဖဲသွားရိုက်ရင်ကောင်းမလား၊ ဘာပဲဖြစ်ဖြစ်ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူးလေ”
ဒါနဲ့ စားသောက်ပြီးတော့ ကျုပ်လည်း အကိုကြီးအနားကိုကပ်ရတယ်။
“အကိုကြီး ညသန်းခေါင်လောက်အားသလား”
“ဟာ၊ ညည့်နက်သန်းခေါင်ကြီး အားမလားကွ၊ အိပ်ရမှာပေါ့”
“အဲဒါပြောတာမဟုတ်ဘူး၊ အိမ်ကနေခဏထွက်လို့ အားသလားလို့ပြောတာ”
“ဒါတော့မရဘူးကွ၊ ညဆိုရင် ငါ့မိန်းမက ငါ့ကိုခြေထောက်နဲ့ခွပြီးအိပ်တာကွ၊ ငါထွက်သွားရင် သူသိသွားလိမ့်မယ်”
“အကိုကြီးဘဝကလည်း ဆိုးပါတယ်ဗျာ၊ ထားပါတော့ ကျုပ်ပဲလုပ်ပါ့မယ်၊ ဒါနဲ့ အကိုကြီးမှာ ဖဲထုပ်ရှိသလား”
ကျုပ်မေးတော့ အကိုကြီးက ခေါင်းညိတ်ပြီးတော့ ဟိုဟိုဒီဒီကြည့်ရင်း သူတို့ခင်းအိပ်တဲ့ဖျာကြမ်းအောက်ကို လှန်လိုက်တယ်ဆိုရင်ပဲ ဖဲချပ်တွေအများကြီးထွက်လာသဗျ။ ခင်ဗျားတို့ နားရှုပ်သွားမှာစိုးလို့ပြောရအုံးမယ်၊ ကျုပ်တို့အညာဘက်က အိမ်တွေက ကြမ်းခင်းပျဉ်တွေက ခပ်ကြဲကြဲဗျ၊ ဒါကြောင့် လင်မယားအိပ်ခန်းတွေ၊ အပျိုအိပ်ခန်းတွေဆိုရင် ကြမ်းပေါက်ကနေ ချောင်းလို့မရအောင်လို့ ထန်းကြောဖျာအကြမ်းကြီးတွေကို ခန်းလုံးပြည့်နီးပါး ခင်းထားတတ်ကြတာ၊ အိပ်ခါနီးတော့မှ အပေါ်ကနေဖျာချောထပ်ခင်းပြီးအိပ်တာဆိုတော့ တော်ရုံတန်ရုံ ဖျာကြမ်းကိုလှန်မကြည့်တတ်ကြဘူးပေါ့ဗျာ။
“အကိုကြီးကလည်း ဖဲချပ်တွေ ဖျာအောက်ခုထားရတယ်လို့”
“ဟကောင်ရ၊ မလုံခြုံဆုံးလို့ ထင်ရတဲ့နေရာက အလုံခြုံဆုံးပဲတဲ့ကွ၊ ယူစရာရှိတာ မြန်မြန်ယူစမ်းကွာ”
ကျုပ်လည်း ဖဲချပ်တွေယူပြီးတော့ အကျီအိတ်ကပ်ထဲထည့်ပြီး ထွက်ခဲ့တာပေါ့ဗျာ။ ဒီအတိုင်းဆိုရင် ကျုပ်တော့ ညသန်းခေါင်ရောက်အောင် စောင့်ဖို့ပဲကျန်တော့သဗျ။
(၅)
မှေးခနဲအိပ်ပျော်သွားလိုက်တာ အိမ်နောက်ဖေးမှာမွေးထားတဲ့ ကြက်ဖကြီးထအော်တော့မှ ကျုပ်လည်းလန့်နိုးသွားတယ်၊ ကမန်းကတန်းနဲ့နာရီကိုကြည့်လိုက်တော့ ညဆယ့်တစ်ခွဲပြီးပြီဗျ၊ ကြက်ဖကြီးက သန်းခေါင်ကြက်တွန်တာဖြစ်မယ်၊ ကျုပ်လည်း အိပ်ရာထဲကနေထပြီးတော့ အသင့်ပြင်ထားတဲ့ ရေနံဆီမီးခွက်ရယ်၊ ပြီးတော့ မီးခတ်တစ်ခုရယ်ယူပြီးတော့ အိမ်ပေါ်ကနေ ခြေသံမကြားအောင် အသာဆင်းခဲ့တာပေါ့ဗျာ။
တစ်ရွာလုံးလည်း တိတ်ဆိတ်လို့ဗျ၊ ကျုပ်ဖြင့် ရွာထဲကနေ ခပ်သုတ်သုတ်ထွက်ခဲ့တော့ ရွာလယ်လမ်းမှာကျက်စားကြတဲ့ ခွေးလေခွေးလွင့်တွေက ကျုပ်ကိုကြည့်ပြီး ထိုးဟောင်ပါလေရောဗျာ၊ ကျုပ်လည်း သချိုင်းထဲကို ခပ်မြန်မြန်လာခဲ့လိုက်တယ်၊ အပြေးတစ်ပိုင်းနဲ့လာတာဆိုတော့ ခဏလေးနဲ့ရောက်သွားတယ်ပေါ့ဗျာ၊ သချိုင်းအလယ်နားက သစ်ပင်ကြီးရဲ့ပင်စည်ကိုမှီထိုင်ပြီးတော့ ရေနံဆီမီးခွက်ကို မီးထွန်းဖို့လုပ်တယ်ဗျ။
“နေအုံးဟ၊ ငါအိမ်ကလာတာ ဆယ့်တစ်နာရီခွဲ၊ အခုပြေးလာတာ အလွန်ဆုံးရှိမှ ဆယ့်ငါးမိနစ်ဆိုတော့ ဆယ့်နှစ်နာရီထိုးအုံးမှာမဟုတ်ဘူး၊ နောက်ထပ် ဆယ်မိနစ်လောက်မှပဲ မီးထွန်းပြီးလုပ်ငန်းစမယ်”
ကျုပ်လည်းတွေးမိပြီး မီးခတ်ကိုအိတ်ထဲကိုပြန်ထည့်လိုက်တယ်ဗျ၊ သချိုင်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ အုတ်ဂူကြီးတွေ၊ မြေပုံကြီးတွေက ထိုးထိုးထောင်ထောင်နဲ့ ကြောက်စရာကြီးပေါ့ဗျာ၊ သချိုင်းထိပ်နားက လူသေတွေကို သရဏဂုံတင်တဲ့ ဇရပ်ကြီးကလည်း အိုဟောင်းလို့နေသဗျ၊ ဇရပ်အမိုးနားက ပန်းဆွဲသစ်သားပြားက တွဲလောင်းကျနေပြီးတော့ လေတိုက်တိုင်း တကျွီကျွီနဲ့အော်မြည်နေပါရော။ ဒါတင်ဘယ်ကမလဲဗျာ၊ သချိုင်းကုန်းထဲပေါက်နေတဲ့ သစ်ပင်ကြီးတွေကလည်း အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လေတိုက်တိုင်း တရှဲရှဲမြည်လို့ဗျ၊ လဆန်းနှစ်ရက်ဆိုတော့ လခြမ်းကွေးကလေးကလည်း သိပ်မလင်းပါဘူးဗျာ။
ကျုပ်ကြည့်နေတုန်း သချိုင်းကုန်းဇရပ်အနားမှာ မီးရောင်တွေကိုတွေ့လိုက်ရတယ်ဗျ၊ ကျုပ်ဖြင့် သရဲခြောက်တယ်မှတ်ပြီး ထွက်ပြေးမလို့လုပ်နေမိပါရောဗျာ၊ နောက်တော့မှ လူဖြစ်နေမှန်းသိလိုက်ရတာ၊ လူကနှစ်ယောက်ဗျ၊ သူတို့က ရေနံဆီမီးအိမ်တစ်ယောက်တစ်ခုကိုင်ပြီးလာကြပါရော။
ဇရပ်ပေါ်ကို ရေနံဆီမီးခွက်တင်ပြီးတော့ စကောကြီးတစ်ချပ်ကိုထုတ်လိုက်တယ်၊ နောက်တော့ သံပုံးနဲ့ထည့်လာတဲ့ ကြက်ကောင်လုံးတွေကို အဲဒီစကောပေါ်ကိုတင်သဗျ၊ ကျုပ်လည်း စိတ်ဝင်စားသွားလို့ သစ်ပင်ကိုအကာအကွယ်လုပ်ရင်း အနားတိုးကပ်ကြည့်တော့မှ ကိုမောင်စိနဲ့ ကိုပေါက်ချွန်းဖြစ်နေသဗျာ။
“ဟာ၊ ငါထင်ပါတယ် ဒီလူတွေ တစ်ခုခုလုပ်တော့မယ်ဆိုတာ”
ဇရပ်ရှေ့နားက မြေပြင်ပေါ်မှာ စကောချပြီးတော့ အလယ်မှာ ထမင်းတွေပုံတယ်ဗျ၊ ပြီးတော့ ထမင်းပုံပေါ်မှာ ဖယောင်းတိုင်တစ်တိုင်စိုက်ပြီးထွန်းတယ်၊ အမွှေးတိုင်လည်း သုံးလေးတိုင်လောက်ထွန်းတယ်၊ ထမင်းပုံရဲ့ဘေးပတ်ပတ်လည်မှာတော့ ကြက်ဖအကောင်လိုက်တွေ ဆယ်ကောင်ကို ပတ်ပတ်လည်တင်ထားတယ်ဗျ၊ ကြက်ဖတွေက မီးသင်းထားပုံရတယ်ဗျ၊ မီးသင်းထားတယ်ဆိုတာက မီးနဲ့ကျက်အောင်မကင်ဘဲ မီးပြရုံပြထားတဲ့ မကျက်တကျက်ကြက်သားပေါ့ဗျာ။
အားလုံးပြီးတော့ ကိုပေါက်ချွန်းက စကောကြီးအရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ လက်အုပ်ချီလိုက်တယ်။
“ဤသချိုင်းကို စောင့်ကြပ်တဲ့ သချိုင်းစောင့်များအတွင်းမှ အကြီးအကဲသချိုင်းစောင့်အား ဖိတ်မန္တကပြုပါတယ်၊ အသင့်ကို ကျွနု်ပ်က ကျွေးပါတယ်၊ မွေးပါတယ်၊ သုံးဆောင်ပါ၊ ပြီးရင်တော့ ကျွနု်ပ်နဲ့ အပျင်းပြေတစ်ပွဲတစ်လမ်း ဖဲစမ်းဆော့ကစားပါမယ်”
အဲဒီလိုပြောပြီးတော့ စကောကို တုတ်တစ်ချောင်းနဲ့ တဘတ်ဘတ်ခေါက်တယ်ဗျ၊ ဒီအချိန် ဇရပ်ခေါင်မိုးက ကျွီခနဲအသံတစ်ချက် မြည်သွားတယ်ဗျာ၊ ကျုပ်က အစကတော့ တွဲလောင်းကျနေတဲ့ ပန်းဆွဲသစ်သားပြားကို လေတိုက်လို့အသံမြည်တယ်လို့ထင်နေတာဗျ၊ နောက်တော့ဘယ်ဟုတ်မလဲဗျာ၊ မည်းမည်းအကောင်ကြီးတစ်ကောင်က ဇရပ်ပေါ်ကနေ ဇောက်ထိုးကြီးဖက်ပြီး ဆင်းလာတာဗျ၊ ခြေတွေလက်တွေမှာလည်း အမွှေးကြမ်းကြီးတွေနဲ့ဗျို့၊ ဇရပ်တိုင်ကို ဖက်ပြီးဆင်းလာတာများ မသိရင် ပင့်ကူကြီးတစ်ကောင်ကျနေတာပဲ။
ပြီးတာနဲ့ စကောရှေ့မှာ ငုတ်တုတ်ထိုင်ပြီးတော့ ကြက်ကောင်လုံးကင်တစ်ကောင်ကို ခြေထောက်ကနေဆွဲကိုင်ပြီးတော့ လေပေါ်ကိုမြှောက်တင်လိုက်တယ်ဗျ၊ ပြီးတော့ သူ့ပါးစပ်ကြီးကို ဖြဲဟလိုက်တယ်၊ ပါးစပ်ကြီးက နှစ်ပေလောက်ရှိတယ်ဗျာ၊ အထဲမှာလည်း သွားတွေ၊ အစွယ်တွေအပြည့်ပဲ၊ အဲဒီပါးစပ်ကြီးနဲ့ ခုနကမြှောက်တင်လိုက်တဲ့ ကြက်ကောင်လုံးကို လေပေါ်မှာတင်ပဲ ဖမ်းပြီးစားလိုက်တော့တာပဲဗျာ၊ အရိုးတွေကို တဂျွတ်ဂျွတ်နဲ့ဝါးနေတာဖြင့် ကျုပ်တောင်အဝေးကနေ အတိုင်းသားကြားရသဗျ။
ဒီလိုနည်းနဲ့ သချိုင်းစောင့်ကြီးက ကြက်တွေကိုတစ်ကောင်ပြီးတစ်ကောင်စားလိုက်တာ ကြက်တွေအားလုံးကုန်သွားပါရောဗျာ၊ ဒီတော့ ထမင်းပုံပေါ်မှာစိုက်ထားတဲ့ ဖယောင်းတိုင်မီးကို ကောက်ယူပြီးလွှင့်ပစ်လိုက်တယ်၊ အမွှေးတိုင်တွေကိုလည်း လက်နဲ့ဖယ်ပစ်ပြီးတော့ ထမင်းပုံကိုသူ့လက်ဝါးအကြီးကြီးနဲ့ သိမ်းကြုံးခပ်လိုက်တာ ထမင်းတစ်လုံးချက်လောက်ရှိတဲ့ထမင်းပုံက လက်ထဲကိုအကုန်ပါသွားတာပဲဗျာ၊ ပြီးတော့ ပါးစပ်ထဲကို ထမင်းတွေပက်ထည့်တယ်ဗျ၊ စားလို့လည်းပြီးရော ဘာမပြောညာမပြောနဲ့ စကောကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီးတော့ သူ့လျာအရှည်ကြီးနဲ့ ပယ်ပယ်နယ်နယ်လျှက်နေပါရောဗျာ၊ သူ့ပုံကြည့်ရတာ အနှစ်နှစ်အလလက မစားမသောက်ခဲ့ရတဲ့ ပုံစံမျိုးပဲဗျ၊ စားသောက်ပြီးလို့ စကောကိုပြန်ချလိုက်တော့ စကောထဲမှာ ထမင်းတစ်စေ့တောင်မကျန်ဘဲ ပြောင်သလင်းခါနေတယ်ဗျာ၊
ဒီတော့မှ ကိုပေါက်ချွန်းက ပြုံးပြီးတော့
“ကဲ၊ စားသောက်ပြီးပြီဆိုတော့ ကျုပ်နဲ့ဖဲရိုက်ရအောင်”
ကိုပေါက်ချွန်းက ဖဲထုတ်ကိုမွှေနှောက်ပြီးတော့ အဲဒီစကောထဲမှာပဲ ပုံလိုက်တယ်ဗျ၊ သချိုင်းစောင့်ကလည်း ဖဲရိုက်တတ်တယ်ထင်ပါ့ဗျာ၊ အဲဒီဖဲပုံကို ကောက်လိုက်ပြီးတော့ သူ့လက်ကြီးတွေနဲ့ ဖဲချပ်တွေကို ကုလားဖန်ထိုးနေပါရော၊ ပြီးတော့ ဖဲချပ်တွေကို ကစားပြနေသေးတယ်။ ကိုပေါက်ချွန်းတစ်ယောက် သချိုင်းစောင့်ကိုကြည့်ပြီးတော့ တွေဝေနေတာပေါ့ဗျာ။ နောက်တော့ သချိုင်းစောင့်က ဖဲကိုပြန်ပုံပြီးတော့ ဖဲပုံတစ်ဝက်နီးပါးကို ချိုးချပစ်လိုက်တယ်ဗျ။
ကျုပ်လည်း အုတ်ဂူတစ်ခုကိုအကာအကွယ်ယူပြီးတော့ ဇရပ်အနားအထိ တိုးကပ်လာခဲ့တာပေါ့ဗျာ၊ ကိုပေါက်ချွန်းတို့က သူ့အာရုံနဲ့သူမို့ ကျုပ်ကိုမမြင်ဘူးဗျ။ ကျုပ်လည်း ဖဲချပ်တွေကို သေသေချာချာမမြင်ရတာနဲ့ အနားက သစ်ပင်ကြီးတစ်ပင်ပေါ်ကိုကုပ်ဖက်တက်လိုက်တယ်ဗျ၊ သစ်ပင်ခွကြားရောက်တော့ မြင်ကွင်းကောင်းသွားတယ်၊ သူတို့ကိုရော၊ စကောထဲက ဖဲချပ်တွေကိုရော အတိုင်းသားမြင်နေရသဗျ။
ကိုပေါက်ချွန်းက ချောင်းတစ်ချက်ဟန့်ရင်း
“ကဲ ကစားမယ်ဆိုတော့ လောင်းကြေးလေးပါမှ ကောင်းသဗျ၊ ဒီတော့ ကျုပ်ကပဲ လောင်းကြေးစခေါ်မယ်၊ ခင်ဗျားရှုံးရင် ခင်ဗျားကျုပ်ဆီမှာ ခြောက်လတိတိ တပည့်ခံပြီး ကျုပ်ခိုင်းတာလုပ်ရမယ်၊ တကယ်လို့ ကျုပ်ရှုံးရင်တော့ ကျုပ်က ခင်ဗျားဆီမှာ တစ်သက်လုံးတပည့်ခံမယ်ဗျာ”
သချိုင်းစောင့်သရဲကြီးက ခေါင်းညိတ်တယ်ဗျ၊ ဒါနဲ့ ကစားပွဲစတာပေါ့ဗျာ၊ ကိုပေါက်ချွန်းက ဖဲချပ်တွေကို တစ်ယောက်နှစ်ချပ်စီ ဝေလိုက်တယ်ဗျ၊ ပြီးတော့ မျက်နှာတည်တည်နဲ့ သချိုင်းစောင့်ကြီးကိုကြည့်တယ်၊ သချိုင်းစောင့်ကြီးက သူ့သွားကြီးတွေပေါ်အောင် ပြုံးဖြီးလို့နေသဗျ။
“ကဲ သချိုင်းစောင့်ကြီး၊ ခင်ဗျားဖဲကိုအရင်လှန်ဗျာ”
သချိုင်းစောင့်က စကောထဲက ဖဲနှစ်ချပ်ကို သူ့လက်သည်းနဲ့ထိုးပြီး အသာကလေးလှန်လိုက်တယ်၊
“ဟာ . . . ”
ကိုမောင်စိတစ်ယောက် တအံ့တသြနဲ့ ထအော်လိုက်တာဗျ၊ သရဲကြီးရဲ့ကတ်က ဒိုင်းမွန်းရှစ်နဲ့ အသည်းပုံတစ်ဗျ၊ ကိုမောင်စိ အံ့သြချင်လည်း အံ့သြစရာပါဗျာ၊ ကိုးမီးမှာ ကိုးကျတဲ့လူက အနိုင်မဟုတ်လားဗျာ၊ သရဲကြီးက ကိုးကျတော့ နိုင်ပြီပေါ့ဗျ၊ ဒါပေမယ့် ကိုပေါက်ချွန်းကတော့ မအံ့သြတဲ့အပြင် အေးအေးဆေးဆေးပါပဲဗျာ။
“ဘာပဲပြောပြော ခင်ဗျားရှုံးပြီး သရဲကြီး”
သရဲကြီးက ရယ်မောရင်း ကိုပေါက်ချွန်းဖဲချပ်ကိုလက်ညှိုးထိုးပြတယ်၊ ဆိုလိုချင်တာကတော့ ကိုပေါက်ချွန်းရဲ့ဖဲချပ်ကို လှန်ခိုင်းတယ်ထင်ပါတယ်ဗျာ၊ ကိုပေါက်ချွန်းကလည်း မှင်သေသေနဲ့ သူ့ဖဲချပ်ကိုလှန်ပြလိုက်တယ်၊ ဖဲချပ်တွေကိုလည်းလှန်ပြီးရော ကြောက်လန့်တကြားနဲ့ထအော်တယ်ဗျ။ သူ့ဖဲချပ်က ပေါက်ချွန်းရှစ်နဲ့ ပေါက်ချွန်းနှစ်ဗျ၊ စုစုပေါင်းတော့ တစ်ဆယ်ပေါ့ဗျာ၊ တစ်ဆယ်ဆိုရင် ဘူပြီလေ၊ အရှုံးပေါ့။ ကိုပေါက်ချွန်းက သူ့ဆံပင်တွေကိုသူဆွဲကုတ်ရင်းနဲ့
“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ ငါ့ဖဲထုပ်ထဲမှာ နှစ်မပါဘူး”
သရဲကြီးက ကိုပေါက်ချွန်းကိုလက်ညှိုးထိုးပြီးတော့ ဟက်ဟက်ပက်ပက်ရယ်နေတယ်ဗျ၊
“မင်း . . .ရှုံး . . . ပြီ”
အသံလေးလေးကြီးနဲ့ တစ်လုံးချင်းပြောတာဗျာ၊ ကိုပေါက်ချွန်းလည်း တော်တော်တုန်လှုပ်နေတယ်ဗျ၊ သရဲနဲ့ရိုက်တာ ရှုံးပြီဆိုတော့ သရဲရဲ့တပည့်ဖြစ်ပြီလေဗျာ၊ ဒါနဲ့ပဲ ကိုပေါက်ချွန်းက ဘာလိုလိုညာလိုလိုနဲ့ အသာထပြီး ပြေးတော့တာပဲဗျာ၊ ဖိနပ်တောင် မပါဘူးဗျို့။ ကိုမောင်စိတစ်ယောက်ကတော့ ကြောင်တောင်တောင်နဲ့ကျန်နေခဲ့တယ်ဗျ၊ သရဲကြီးက အသံနက်ကြီးနဲ့အော်ပြီးတော့ ကိုပေါက်ချွန်းဆီကိုပြေးလိုက်ပါရောဗျာ၊ ဖြစ်ချင်တော့ ကိုပေါက်ချွန်းက လူလည်ဗျ၊ သချိုင်းအဝင်လောက်မှာတင်လုပ်တာဆိုတော့ သူထပြေးပြီးတော့ သချိုင်းအပြင်ဘက်ကိုရောက်သွားပြီလေဗျာ။ သရဲကြီးက သချိုင်းကုန်းအပြင်ကိုထွက်မရဘဲ အသံနက်ကြီးနဲ့အော်ပြီး တော်တော်ဒေါသထွက်နေပုံရတယ်ဗျ။
နောက်တော့ ကိုမောင်စိကိုလှမ်းကြည့်ပြီးတော့ ကိုမောင်စိဆီကိုပြေးလာပါရောဗျာ။ ကိုမောင်စိလည်း ကြောင်ကြောင်ကြီးရပ်နေပြီး ပါးစပ်က အသံပြဲကြီးနဲ့အော်ဟစ်နေတယ်။ နောက်တော့ ကိုမောင်စိကို လက်နှစ်ဖက်နဲ့ဆွဲညှစ်ပြီးဖမ်းထားလိုက်တယ်။
“လွှတ်ပေး . . . ကျုပ်ကိုလွတ်ပေး”
“မင်းရဲ့ဆရာပြေးပြီဆိုတော့ သူ့ကိုမမိရင် မင်းကိုတပည့်လုပ်ခိုင်းရမယ်၊ မင်းရဲ့အသက်ကိုနှုတ်ရမယ်ကွ”
ကျုပ်လည်း မနေနိုင်တာနဲ့ သစ်ပင်ခွကြားကနေ လှမ်းအော်လိုက်ရတာပေါ့ဗျာ။
“ဟေ့၊ ခင်ဗျားဒီလိုလုပ်တာ မတရားဘူး”
ကျုပ်အော်လိုက်တော့ သရဲကြီးရော၊ ကိုမောင်စိရော ကျုပ်ကိုလှည့်ကြည့်ကြတယ်။ ကျုပ်လည်း သစ်ပင်ပေါ်ကနေဆင်းပြီးတော့
“ဒီမှာ၊ ခင်ဗျားလောင်းကြေးလုပ်တာ ခုနကလူနဲ့လုပ်တာလေဗျာ၊ သူနဲ့လုပ်တာမှမဟုတ်တာ၊ ခင်ဗျားဖမ်းချင်ရင် သူ့ကိုရအောင်ဖမ်းပေါ့ဗျ၊ ကိုမောင်စိနဲ့ဘာမှမဆိုင်ဘူး”
ကိုမောင်စိဆိုရင် ကြောက်လွန်းလို့ ဆီးတွေတောင် ထွက်ကျတယ်ဗျ၊ နောက်တော့ တုန်တုန်ယင်ယင်နဲ့
“ဟုတ်၊ ဟုတ်ပါတယ်ဗျာ၊ ကျုပ်က သူ့တပည့်မဟုတ်ပါဘူး၊ သူ့ကိုအဖော်အဖြစ်နဲ့လိုက်လာခဲ့တာပါ၊ ကျုပ်၊ ကျုပ်ကိုမစားပါနဲ့”
“မရဘူး၊ ဒီငါ့သချိုင်း၊ ငါ့အပိုင်၊ ငါ့သချိုင်းထဲမှာ ငါလုပ်ချင်တာလုပ်မယ်၊ ဘယ်သူမှမတားနဲ့ကွ”
သရဲကြီးက ဗလုံးဗထွေးလေသံကြီးနဲ့ပြောပြီးတော့ ကိုမောင်စိမျက်နှာကိုစိုက်ကြည့်ပြီး ပါးစပ်ကြီးဖြဲပြလိုက်တယ်၊ ကိုမောင်စိဆိုရင် သူ့လက်ထဲမှာပဲ ခေါင်းငိုက်စိုက်ကျသွားပြီး သတိလစ်သွားပါရော။
“မင်းရဲ့သချိုင်းဆိုပေမယ့် ဒီလူက မသေသေးဘူးလေကွ”
အသံတစ်ချက်ထွက်လာလို့ သချိုင်းအဝင်ဝကိုလှမ်းကြည့်လိုက်တော့ ဦးဘသာကြီးက တစ်လှမ်းချင်းလျှောက်လာတယ်ဗျ။ ကျုပ်လည်း အားတက်သရောနဲ့
“ဦးဘသာ၊ ဦးဘသာ ရောက်လာပြီ”
သရဲကြီးက ဦးဘသာကိုကြည့်ရင်း
“ငါ့အစာကို ငါစားတာဘာဖြစ်သလဲ”
“မင်းရဲ့အစာမဟုတ်ပါဘူးကွာ၊ မင်းရဲ့အစာကို မင်းခုနက စားပြီးပြီလေကွာ၊ ငါပြောမယ် မောင်ညှက်၊ မင်း မောင်စိကိုပြန်လွှတ်ပေးလိုက်”
ဦးဘသာပြောတော့မှ ကျုပ်လည်းအံ့သြသွားမိတယ်။
“နေပါအုံး၊ ဦးဘသာက ခုနကသူ့ကို မောင်ညှက်လို့ ခေါ်လိုက်တာလား”
“အေးလေကွာ”
“ဒါ၊ ဒါဆိုရင် ကိုမောင်ညှက်က သချိုင်းစောင့်လား”
ဦးဘသာက ခေါင်းညိတ်လိုက်ရင်း
“အေးလကွာ၊ မောင်ညှက်က သချိုင်းစောင့်ကို ဖဲရှုံးပြီးတော့ သချိုင်းစောင့်က အသက်နှုတ်ယူလိုက်ပါရော၊ အခုတော့ အရင်သချိုင်းစောင့်က ကျွတ်လွတ်သွားပြီဆိုတော့ မောင်ညှက်သချိုင်းစောင့်ဖြစ်သွားတာ မဆန်းပါဘူးကွာ”
“ဒါကြောင့်ကိုးဗျ၊ ဒါကြောင့် ခုနက ကိုပေါက်ချွန်းကို ခင်ဗျားက ဖဲနိုင်အောင်ရိုက်လိုက်တာကိုး”
သရဲကြီးက ခေါင်းညိတ်တယ်ဗျ၊ နောက်တော့ ဗလုံးဗထွေးလေသံကြီးနဲ့
“တင့်ဆွေက အရင်တုန်းက ငါ့ကိုနိုင်ဖူးတယ်၊ ဒီကောင်က သရဲတွေကိုအသုံးချပြီးတော့ ဖဲနိုင်အောင်လုပ်တာကြောင့်မို့လို့ ငါလည်း သချိုင်းစောင့်နဲ့ဖဲရိုက်ပြီးတော့ ဖဲမှော်ရအောင်လုပ်ရင်းကနေ ဒီလိုဖြစ်ခဲ့တာပဲ”
“အပိုတွေပြောမနေနဲ့ မောင်ညှက်ရာ မောင်စိကိုလွှတ်လိုက်စမ်းပါ”
“ဒီအတိုင်းတော့ ဘယ်လွတ်နိုင်မလဲဗျ၊ ဟား၊ ဟား”
သရဲကြီးက အသံနက်ကြီးနဲ့အော်ရယ်တယ်ဗျ။ ပြီးတော့ ဦးဘသာကိုလက်ညှိုးထိုးပြီးတော့
“ခင်ဗျားနဲ့ကျုပ်နဲ့ ဖဲရိုက်မယ်၊ တကယ်လို့ ခင်ဗျားနိုင်ရင် ကျုပ်ဒီလူကိုလွှတ်ပေးမယ်၊ ခင်ဗျားရှုံးရင်တော့ ကျုပ်ဒီလူကိုစားမယ်”
ဦးဘသာက ပုဆိုးကိုမလိုက်ရင်း
“ကောင်းပြီဟေ့ကောင်၊ လုပ်စမ်းကွာ”
သရဲကြီးက စကောထဲက ကိုပေါက်ချွန်းကျန်ခဲ့တဲ့ ဖဲထုပ်ကို လက်နဲ့ပုတ်ချလိုက်ပြီးတော့
“ဒီကောင့်ဖဲက အလိမ်အညာတွေချည်းဘဲ၊ ဒီကောင်က ငါ့ကိုနိုင်အောင်လို့ တမင်ညစ်ထားတာကွ”
ကျုပ်လည်း အိတ်ကပ်ထဲက ဖဲထုပ်ကိုနှိုက်လိုက်တယ်။
“ရော့ဗျာ၊ ကျုပ်မှာ ဖဲထုပ်ပါတယ်”
ကျုပ်လည်း ဖဲထုပ်ကို စကောထဲကိုချပေးလိုက်တော့ သရဲကြီးက ကျုပ်ဖဲထုပ်ကို ကျင်ကျင်လည်လည်နဲ့မွှေနှောက်ပြီး ကုလားဖန်ထိုးနေသဗျ၊ ပြီးတော့ ဖဲထုပ်ကိုချပြီး ဦးဘသာကိုဝေပေးလိုက်ပါရောဗျာ၊ ကျုပ်လည်း ရင်ထဲတော်တော်ထိတ်လန့်နေတယ်ဗျာ၊ နောက်တော့ သရဲကြီးက ပြုံးရွှင်ပြီးတော့ သူ့ကတ်နှစ်ကတ်ကိုလှန်ပြတယ်လိုက်တယ်ဗျ၊ ဒိုင်းမွန်းရှစ်နဲ့ ဒိုင်းမွန်းတစ်နဲ့ဗျ၊ ဒါဆိုရင် သရဲကြီးက ကိုးကျပြီ၊ ဖဲအခေါ် ဒိုပြီပေါ့ဗျာ၊ ဒိုပြီဆိုရင် တစ်ပွဲလုံးပွဲသိမ်းပြီပေါ့၊ သရဲကြီးက ဦးဘသာကိုကြည့်ပြီး တဟားဟားနဲ့ရယ်တယ်၊ နောက်ပြီးတော့ လက်ထဲက ကိုမောင်စိကိုလည်း ပါးစပ်နဲ့ဟပ်ဖို့ပြင်တယ်ဗျ။
“မလောစမ်းပါနဲ့ကွာ၊ ငါ့ကတ်ကိုကြည့်စမ်းပါအုံးကွ”
ဦးဘသာက ကတ်ကိုတောင်မကိုင်ဘဲနဲ့ လက်ညှိုးထိုးလိုက်တော့ ကတ်က လန်သွားပါရောဗျာ၊ ပေါက်ချွန်းရှစ်နဲ့ ပေါက်ချွန်းတစ်ဗျ၊ ဖဲထဲမှာတော့ ပေါက်ချွန်းက အဆင့်အမြင့်ဆုံးပဲဗျာ၊ ကိုးချင်းတူရင်တောင်၊ ရှစ်နဲ့တစ်ချင်းတူရင်တောင်မှ ပေါက်ချွန်းရှစ်နဲ့ ပေါက်ချွန်းတစ်က၊ ဒိုင်းမွန်းရှစ်နဲ့ ဒိုင်းမွန်းတစ်နဲ့ကို နိုင်တယ်ဗျ၊ သရဲကြီးက တအံ့တသြနဲ့ကြည့်နေတယ်။
“မယုံဘူး၊ မဖြစ်နိုင်ဘူး”
“ဟေ့ကောင်မောင်ညှက်၊ မင်းစကားကို မင်းတည်စမ်းကွာ၊ အခုမင်းရှုံးပြီ၊ ဒီတော့ မင်းရဲ့ကတိအတိုင်း မင်းသူ့ကိုလွှတ်ပေးလိုက်၊ မင်းတို့ပရလောကသားတွေကြားထဲမှာ ကတိတစ်လုံးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိတယ်မဟုတ်လား”
ဒါနဲ့ပဲ သချိုင်းစောင့်သရဲကြီး မောင်ညှက်တစ်ယောက် ကိုမောင်စိကိုလွှတ်ပေးလိုက်ရတော့တာပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း ကိုမောင်စိကိုတွဲပြီးတော့ ထွက်လာခဲ့ရတယ်၊ သိပ်ဝေးဝေးမသယ်နိုင်တာနဲ့ ရွာအဝင်အနားက ဇရပ်အပေါ်မှာတင်ထားခဲ့ရတယ်ဗျာ။
“ကိုမောင်စိ အဆင်ပြေပါ့မလား ဦးဘသာ”
“သူက မေ့နေရုံသက်သက်ပါကွ၊ သိပ်တော့ စိုးရိမ်စရာမရှိတော့ပါဘူးကွာ၊ သူနိုးလာရင် ဖြစ်ခဲ့သမျှအားလုံးကို မေ့သွားလိမ့်မယ်ကွ”
ဒါနဲ့ ကျုပ်နဲ့ဦးဘသာလည်း ရွာထဲကိုပြန်လာခဲ့တာပေါ့။
(၆)
“သရဲကြီး . . . သရဲကြီး”
ကိုမောင်စိတစ်ယောက် သတိရပြီးကတည်းက အဖျားတွေတက်ပြီး ကယောင်ကတမ်းတွေအော်ဟစ်နေတာပဲဗျာ၊ ဆေးဆရာဦးမှတ်ကြီးက ကြပ်ကြပ်မတ်မတ်ကုသပေးနေရတယ်၊ သူ့အိမ်မှာနေတဲ့ ကိုပေါက်ချွန်းကတော့ အိမ်မှာမနေတော့ဘဲနဲ့ ရွာပြင်ဇရပ်မှာနေတယ်ဗျ၊ မနက်ခင်း ထမင်းစားသောက်ပြီးတော့ အကိုကြီးက ကျုပ်ကိုလက်တို့သဗျ။
“အလတ်ကောင်၊ ဒီနေ့ ရွာပြင်ဇရပ်မှာ ဖဲဝိုင်းရှိတယ်တဲ့ကွ၊ ငါ့ကို ကာလသား ကိုထိန်တို့ပြောခဲ့တာ”
“အဲဒါဘာဖြစ်သလဲဗျာ”
“ဘာဖြစ်ရမှာလဲကွ၊ အဲဒီဖဲဝိုင်းကို ဦးဆောင်တဲ့လူက ပေါက်ချွန်းတဲ့ကွ၊ ဒါနဲ့ ငါမေးပါအုံးမယ်၊ မင်းဘာတွေလုပ်နေတာလဲ၊ မင်းပြောတဲ့ အကြံအစည်က ဘယ်တော့အောင်မြင်မှာလဲ”
ကျုပ်လည်း စိတ်ထဲတွေးမိလိုက်တယ်ဗျ၊ ကိုပေါက်ချွန်းက သူ့အစီအရင်တွေကို မအောင်မြင်သွားဘူးဆိုတော့ ဖဲမှော်တော့ရမှာမဟုတ်ဘူးဗျ၊ ဒါနဲ့ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး
“စိတ်ချအကိုကြိး၊ ကျုပ်တို့အဲဒီဝိုင်းကိုသွားမယ်”
အကိုကြီးအားတက်သရောဖြစ်သွားတယ်။
“သေချာလားအလတ်ကောင်”
“သေချာပါတယ်ဗျာ၊ အကိုကြီးရှုံးကြွေးကို ကျုပ်တို့ဒီနေ့ပဲပြန်ဆပ်ကြမယ်၊ ပိုက်ဆံသာများများ ယူခဲ့ဗျာ၊ ဒီနေ့တစ်ဝိုင်းလုံးကို ကျုပ်သိမ်းပြမယ်ဗျာ”
ဒီလိုနဲ့ ကျုပ်တို့ညီအကိုနှစ်ယောက် ရွာအပြင်ကိုထွက်ခဲ့ကြတာပေါ့ဗျာ၊ ထင်တဲ့အတိုင်းပါပဲ ရွာအပြင်ဇရပ်မှာ လူတွေစုရုံးနေကြတယ်၊ ဖဲဝိုင်းကောင်းနေပြီပေါ့ဗျာ၊ ကျုပ်တို့ရောက်တော့ ထိုးသားတွေကိုစုံလို့ဗျ၊ ဝိုင်းဘေးက မတ်တပ်ရပ်ကြည့်နေတဲ့သူတွေတင် အယောက်နှစ်ဆယ်လောက်ရှိတယ်၊ ရွာထဲက ကာလသားတွေအကုန်ပါတယ်၊ ဝိုင်းထိပ်မှာထိုင်နေတာကတော့ ကိုပေါက်ချွန်းပေါ့ဗျာ။
ကျုပ်တို့လည်း ဝိုင်းအပြင်ကနေရပ်ကြည့်နေကြတယ်။ ကိုပေါက်ချွန်းက အရင်လိုတော့မဟုတ်တော့ဘူးဗျ၊ စားရတာရှိသလို လျော်ရတာလည်းရှိတယ်၊ ဒါပေမယ့်လည်း စားရတာက များပါတယ်ဗျာ၊ ထိုးသားအိမ်တွေ တစ်အိမ်ပြီးတစ်အိမ် ပိုက်ဆံကုန်လို့ ထထပြန်သွားကြတယ်၊ အကိုကြီးကတော့ ဝင်ဆော့စေချင်ပေမယ့် ကျုပ်ကတော့ မဆော့ဖို့တားတယ်ဗျ။
“ခဏစောင့်ပါအုံး အကိုကြီးရာ၊ ဝိုင်းထဲပိုက်ဆံတွေများပါစေအုံးဗျ၊ ပိုက်ဆံတွေများတော့မှ ကျုပ်တို့များများစားရတာပေါ့ဗျ”
တစ်နာရီကျော်လောက်ကြာပြီးတော့ ဖဲဝိုင်းမှာလူရှင်းသွားပြီ၊ ကိုပေါက်ချွန်းအရှေ့မှာလည်း ငွေတွေတော်တော်ပုံနေပြီဗျ၊ ဒါတောင်လွယ်အိတ်ထဲကို ထည့်သိမ်းထားတာတွေမပါသေးဘူးဗျာ၊ ထိုးသားတွေလည်း သုံးယောက်လောက်ပဲကျန်တော့သဗျ၊ ဒါနဲ့ကျုပ်လည်း ဝိုင်းထဲဝင်ထိုင်လိုက်တော့တယ်။ ကိုပေါက်ချွန်းက ကျုပ်တို့ကိုကြည့်ပြီး
“မင်းတို့တွေကြည့်နေတာကြာပြီနော်ကွ၊ ငါဖြင့် ထိုးဖို့ထိုးကြေးမရှိလို့ ကြည့်နေတာမှတ်လို့”
“ကျုပ်တို့က အချီကြီးသိမ်းမလို့လာတာဗျ၊ ကဲ အကိုကြီး ရှိသမျှအကုန်သာထုတ်ပေတော့”
အကိုကြီးက သူယူလာတဲ့ငွေတွေထုတ်ပေးတယ်ဗျ၊ ကျုပ်လည်း အဲဒီငွေကိုထိုးလိုက်တာပေါ့ဗျာ၊ ပြီးတော့ ကိုပေါက်ချွန်းက ကျုပ်ဆီကိုကတ်တွေဝေပေးတယ်ဗျ၊ ကျုပ်လည်း အိပ်ကပ်ကလေးကို မသိမသာပုတ်ပြီးတော့
“ကဲဟေ့၊ နိုင်အောင်လုပ်နော်”
ကတ်ရလို့ကြည့်လိုက်တော့ ခုနစ်ဗျ၊ ကျုပ်လည်း ထပ်မဆွဲရဲတာနဲ့ မဆွဲဘဲအသာနေလိုက်တယ်၊ နောက်တော့ ကိုပေါက်ချွန်းက ဝိုင်းထဲက အိမ်တွေကိုဖမ်းပါရော၊ အိမ်တွေအားလုံး အဖမ်းခံပြီး အစားခံရတယ်ဗျ၊ နောက်တော့ ကိုပေါက်ချွန်းက သူ့ကတ်ကိုပြတော့ သူက ခြောက်ပေါက်ပဲရှိသဗျ၊ ကျုပ်က ခုနစ်ပေါက်ပေါ့ဗျာ။ အများကြီးထိုးထားတာဆိုတော့ ငွေအများကြီးရတာပေါ့ဗျာ၊ အကိုကြီးမျက်နှာကြီးဆို ဖြီးပြီးနေတာပဲဗျ၊ သူယူလာတဲ့ပိုက်ဆံတွေက အခုဆိုပွားသွားပြီကိုးဗျ။
ကျုပ်က ပိုက်ဆံပုံကိုယူတောင်မယူပါဘူးဗျာ၊ ဖျာပေါ်ကိုအကုန်ပြန်ထိုးတင်လိုက်တယ်၊ ရွာသားတွေက ကျုပ်ကိုကြည့်ပြီး အံ့သြလို့ဗျ၊ ကိုပေါက်ချွန်းကတော့ ကျုပ်ကိုကြည့်ပြီး
“ဟေ့ကောင်တကယ်လားကွ”
“တကယ်ပေါ့ဗျာ၊ အကုန်လုံးကိုထိုးမှာ”
ကိုပေါက်ချွန်းက ဖဲဝေပြန်ရောဗျာ၊ ကျုပ်လည်း အိတ်ကပ်ကလေးကို အသာပုတ်လိုက်တယ်၊ ဒီတစ်ခါတော့ ဖဲက အပွင့်ကောင်းသဗျ၊ ကျုပ်ဖြင့် ကတ်ကိုမြင်ပြီးတာနဲ့ ဖဲချပ်တွေကိုလှန်ချလိုက်ပါရောဗျာ။
“ကဲ၊ ဒိုပြီဗျာ၊ အသည်းပုံရှစ်နဲ့ အသည်းပုံတစ်ဗျ၊ အပွင့်တူတော့ နှစ်ဆ၊ နှစ်ဆ”
ကိုပေါက်ချွန်းမျက်နှာ တော်တော်ပျက်သွားတာဗျ၊ ကျုပ်လည်း သူ့ကိုလက်နှစ်ချောင်းထောင်ပြပြီးတော့ ပျော်ရွှင်နေမိတယ်၊ ကိုပေါက်ချွန်းကြည့်ရတာ အတော်စိတ်ညစ်နေပုံပဲ၊ ဒီအတိုင်းဆို သူ့ရှေ့က ငွေပုံကြီးကို ကျုပ်တို့ညီအကိုအကုန်သိမ်းနိုင်ပြီပေါ့ဗျာ။
“ဟေ့ကောင်တွေ၊ မလှုပ်နဲ့”
ဒီအချိန်မှာ ဇရပ်ပတ်ပတ်လည်ကနေ အသံတွေကြားလိုက်ရတယ်ဗျ၊ ကျုပ်တို့အလန့်တကြားနဲ့ကြည့်လိုက်တော့ ကာလသားတွေအပြင်၊ ရဲတွေနဲ့ ရွာလူကြီးတွေအကုန်လုံး ကျုပ်တို့ကိုဝိုင်းထားလိုက်ကြပါရောဗျာ၊ ကျုပ်မှာ ထပဲပြေးရတော့မလိုလို၊ လက်ပဲမြှောက်ရတော့မလိုလိုနဲ့ ဇရပ်ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်လျှက်သားကြီးဖြစ်ပြီး ကျန်နေခဲ့တယ်၊ အကိုကြီးကတော့ ငွေပုံကြီးကိုပြေးဖက်ပြီး
“ငါ့ငွေတွေ၊ ငါ့ငွေတွေ . . .”
ဆိုပြီးအော်နေရဲ့ဗျာ၊ နောက်တော့ ကျုပ်တို့တွေကို ရဲတွေကဖမ်းလိုက်တော့တာပါပဲ၊ နောက်တော့မှ အဖေနဲ့ရဲစခန်းမှူးက လမ်းလျှောက်လာကြသဗျ။ ရဲစခန်းမှူးက
“ဘာပဲပြောပြော သူကြီးက ကျုပ်တို့ကို အချိန်မီသတင်းပေးနိုင်ခဲ့လို့ အခု ပေါက်ချွန်းလို့ခေါ်ကြတဲ့ တင့်ဆွေကို လူသတ်မှုနဲ့လက်ရဖမ်းဆီးနိုင်ခဲ့ပြီမဟုတ်လား၊ သူကြီးကိုကျေးဇူးတင်ပါတယ်ဗျာ”
“ရပါတယ်ဗျာ၊ ဒီလိုလောင်းကစားလည်းလုပ်၊ လူလည်းသတ်တဲ့ ဒုစရိုက်ကောင်တွေကို ဥပဒေအရ အပြစ်ပေးနိုင်တော့မယ်ဆိုတာသိရလို့ ကျုပ်ကပဲ ဝမ်းသာပါတယ်ဗျ”
နောက်တော့ အဖေက ဖမ်းထားတဲ့လူတွေကိုကြည့်လိုက်တယ်၊ ပြီးတော့ အဖေ့ပါးစပ်က တွဲလောင်းကြီးကျပြီး ပါးစပ်ပွင့်သွားတယ်ဗျ။
“ဟင်၊ အကြီးကောင်၊ အလတ်ကောင်”
ကျုပ်တို့လည်း အဖေ့မျက်နှာကို မချိသွားဖြဲကြည့်ရင်း
“အ . . . အဖေ”
အဖေက တော်တော်ဒေါသထွက်လာတယ်ထင်ပါတယ်ဗျာ၊ တစ်ခါတည်း ပုဆိုပြင်ဝတ်ပြီးတော့ ကျုပ်တို့ဆီပြေးဝင်လာပါရော။
“ဟေ့ကောင်တွေ၊ မင်းတို့ကို ငါဘာပြောထားသလဲ၊ မင်းတို့ကို ငါဘာမှာထားသလဲကွ ဟင်”
ပြောပြီးတော့ ကျုပ်တို့ဆီအတင်းဝင်လုံးပြီး ထိုးတော့တာပါပဲဗျာ၊ ကျုပ်တို့မှာ ရဲတွေကလည်း လက်ထိပ်တွေခတ်၊ ကြိုးတွေနဲ့တုပ်ထားတော့ မပြေးသာဘဲ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးလေးတွေလိုဖြစ်ကုန်တော့တာပေါ့။ ရဲတွေက ဝိုင်းဆွဲထားတော့မှ အဖေလည်းရပ်လိုက်တော့တယ်ဗျ၊ ဒါတောင် ကျုပ်တို့ကို ဒေါသတကြီးနဲ့ကြည့်နေသေးတယ်။
“လူသတ်သမား တင့်ဆွေကို သက်သေခံငွေကြေးတွေ၊ ဖဲထုပ်တွေနဲ့အတူ ဖမ်းသွားပါမယ်၊ ရွာခံတွေကိုတော့ ပြန်လွှတ်ပေးခဲ့ပါမယ်၊ သူကြီးသူတို့ကိုကြိုက်သလို ဆုံးမပေ့ါဗျာ”
အဖေက အံကြိတ်ပြီးတော့ ကျုပ်တို့ကိုလက်ညှိုးထိုးရင်း
“ဟေ့ကောင်တွေ၊ မင်းတို့သေပြီသာမှတ်ထား”
အသံအကျယ်ကြီးနဲ့ အော်လိုက်တာပေါ့ဗျာ။
ဒီလိုနဲ့ ကျုပ်တို့ညီအကိုနှစ်ယောက် ထိပ်တုံးနဲ့ညားတော့တာပေါ့ဗျာ၊ မျက်နှာမှာလည်း အဖေထိုးထားလို့ ဖူးယောင်ပြီး ဖုသီးတွေထနေပြီဗျ၊ အကိုကြီးဆိုရင် မျက်စိတစ်ဖက်က ဖူးယောင်ပြီး ပိတ်နေပြီ။
“ငါသိချင်တာ တစ်ခုရှိတယ်အလတ်ကောင်ရ”
“ဘာလဲဗျ”
“မင်းအိတ်ကပ်ကို ပုတ်ပုတ်ပြီးဆော့နေတော့ မင်းဆီမှာ အဆောင်တစ်ခုခုများရှိသလားလို့”
“သိပ်ရှိတာပေါ့ဗျာ”
ကျုပ်လည်း အိတ်ကပ်ထဲက ဖဲချပ်ကလေးတစ်ချက်နှိုက်လိုက်တယ်၊ အဲဒါကတော့ ပေါက်ချွန်းတစ်နံပါတ် ဖဲချပ်ကလေးဗျ၊ ထိပ်တုံးက ခြေထောက်တွေကိုခတ်ထားတာဆိုတော့ လက်ကလှုပ်လို့ရတယ်လေဗျာ၊ အကိုကြီးက ဒီကတ်ကလေးကိုသေချာယူကြည့်ပြီးတော့
“ဒါက ဘာထူးသလဲကွ”
“ထူးတာပေါ့ဗျာ၊ သချိုင်းစောင့်ကို ဦးဘသာဖဲရိုက်လို့ နိုင်သွားတဲ့ ဖဲကတ်ဗျ၊ သချိုင်းစောင့်ကို ဖဲနိုင်တဲ့ကတ်ဆိုရင် လဘ်ကီးကောင်းတယ်ဆိုပြီး ဖဲသမားတွေသိမ်းကြတယ်မဟုတ်လား၊ ကျုပ်လည်း အဲဒီကတ်ကလေးကို စကောထဲက ခိုးယူလာခဲ့တာ”
အကိုကြီးက ဘာမှရေရေလည်လည်မသိတော့ ကျုပ်ပြောသမျှကို ကြောင်အမ်းအမ်းနဲ့ကြည့်နေတော့တာပေါ့ဗျာ၊ ပြောလို့တောင်မဆုံးသေးပါဘူး အဖေက ကျုပ်တို့ရှေ့ကိုရောက်လာပါရော။
“ဟော၊ ဖဲသမားနှစ်ယောက်က အခုထိပ်တုံးခတ် ခံရတာတောင်မှ ဖဲချပ်ကိုလက်ကမချနိုင်ဘူးပေါ့လေ၊ ပေးစမ်း၊ အဲဒီဖဲချပ်ငါ့ကိုပေးစမ်း”
အဖေက ကျုပ်ရဲ့လဘ်ကီးဖဲချပ်ကလေးကို ဆွဲလုပြီးတော့ ကျုပ်တို့အရှေ့မှာပဲ တစ်စစီဆွဲဖြဲလိုက်ပါရောဗျာ၊ ပြီးတော့
“ဟေ့ကောင်တွေ၊ မင်းတို့ကို ထိပ်တုံးမှာ ခုနစ်ရက်ခတ်ပြီးတော့ ကျောတစ်ရာ ရင်တစ်ရာ ကြိမ်လုံးနဲ့နှက်မယ်ကွ”
ကျုပ်ဖြင့် ကလေးတစ်ယောက်လို အသံပြဲကြီးနဲ့ အော်ငိုပါရောဗျာ၊ အကိုကြီးက ကျုပ်ကိုကြည့်ရင်း
“အလတ်ကောင်၊ ဒီလောက်လည်းငိုစရာမပါပါဘူးကွ”
“မဟုတ်ဘူးအကိုကြီး၊ ကျုပ်ငိုတာ အဖေရိုက်မှာစိုးလို့ငိုတာမဟုတ်ဘူး၊ ခဲရာခဲဆစ်ရထားတဲ့ ကျုပ်ရဲ့ လဘ်ကီးကောင်းတဲ့ ဖဲချပ်ကလေးကို အဖေဖြဲသွားလို့ ငိုတာဗျ၊ အီး၊ ဟီး”
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီးဦးဘသာႏွင့္ ကိုေပါက္ခြၽန္း “(စ/ဆုံး)
————————————————————
အတြဲ(၄) စာစဥ္(၂၆)
(၁)
“ကဲ ဖမ္းၿပီေဟ့၊ ဖြင့္စမ္းကြာ”
က်ဳပ္လည္း ဖ်ာေပၚေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီးေတာ့ ၿပဳံးၿဖီးၿဖီးနဲ႔ လက္ထဲက ဖဲခ်ပ္သုံးခ်ပ္ကို ဖ်ာေပၚကိုပစ္ခ်လိုက္ေတာ့တယ္။
“ေရာ့ဗ်ာ၊ ဒီတစ္ခါေတာ့ ဘူမဟုတ္ေတာ့ဘူး၊ ရွစ္ဗ်၊ ရွစ္”
ကိုေပါက္ခြၽန္းက တစ္ဝိုင္းလုံးကိုဆက္ဖမ္းတယ္ဗ်၊ တစ္ဝိုင္းလုံးက ႏွစ္ေပါက္က်တဲ့လူနဲ႔ ငါးေပါက္က်တဲ့လူနဲ႔ေပါ့ဗ်ာ၊ ၿပီးေတာ့သူက က်ဳပ္အေရွ႕မွာပုံထားတဲ့ ပိုက္ဆံေတြကိုလွမ္းယူဖို႔လုပ္ပါေရာဗ်ာ၊ က်ဳပ္ကလည္း ကိုေပါက္ခြၽန္းလက္ကိုပုတ္ခ်လိုက္ၿပီးေတာ့
“ေအာင္မာ၊ ခင္ဗ်ားကတ္ေတာင္မလွန္ဘဲနဲ႔ စားခ်င္လို႔ရမလားဗ်၊ က်ဳပ္ကတ္က ရွစ္ေနာ္ဗ်၊ ခင္ဗ်ား”
ဒီေတာ့မွာ ကိုေပါက္ခြၽန္းက ၿပဳံးရင္း
“ေအးကြာ၊ ငါေလာသြားတယ္”
သူကေျပာၿပီးေတာ့ သူ႔ကတ္ႏွစ္ကတ္ကိုလွန္လိုက္တယ္ဗ်၊ သူ႔ကတ္က ခုနစ္နဲ႔ ေအဗ်ာ၊ ခုနစ္ေတာင္မွ ေပါက္ခြၽန္းခုနစ္နဲ႔ေပါက္ခြၽန္းေအဗ်။ က်ဳပ္ျဖင့္ သူ႔ကတ္ကိုျမင္ေတာ့ ႏိုင္ၿပီလို႔ေတြးၿပီး ေဆာင့္ေၾကာင့္ထိုင္ထားရာကေန ဖင္ထိုင္က်သြားေတာ့တယ္ဗ်ာ၊ ကိုေပါက္ခြၽန္းက ၿပဳံးၿဖီးၿဖီးနဲ႔ က်ဳပ္အေရွ႕က ထိုးေၾကးပိုက္ဆံေတြအကုန္လုံးကို သိမ္းက်ဳံးၿပီးယူသြားေတာ့တာပါပဲ။ အကိုႀကီးက က်ဳပ္ကိုအေနာက္ကေနတြန္းထားလို႔သာ ပက္လက္လန္က်မသြားတာဗ်။
“ကုန္ၿပီ၊ အကိုႀကီးေရ၊ ကုန္ၿပီ”
အကိုႀကီးက ပြဲထၾကမ္းေတာ့တယ္။
“မျဖစ္ႏိုင္ဘူး၊ ဒါလုံးဝမျဖစ္ႏိုင္ဘူး”
ဖဲဝိုင္းထဲပြဲဆူၿပီဆိုေတာ့ ဝိုင္းထဲထိုင္ေနၾကတဲ့လူေတြအကုန္ အကိုႀကီးကိုဝိုင္းၾကည့္တာေပါ့ဗ်ာ၊ အကိုႀကီးက မတ္တပ္ရပ္ထၿပီးေတာ့
“ခင္ဗ်ားဗ်ာ၊ က်ဳပ္ခင္ဗ်ားတို႔နဲ႔ ဆယ္ပြဲကစားတာလည္း တစ္ပြဲမွမႏိုင္ဘူး၊ က်ဳပ္လာဘ္ကီးမေကာင္းလို႔ က်ဳပ္ညီသုံးပြဲကစားတာလည္း တစ္ပြဲမွမႏိုင္ဘူးဆိုေတာ့ ခင္ဗ်ားတို႔ဟာက ဟုတ္မွဟုတ္ေသးရဲ႕လား”
ဖဲသမားတစ္ေယာက္က သူ႔အနားခ်ထားတဲ့ ဓါးေျမႇာင္ကိုလက္နဲ႔ပုတ္ျပတယ္ဗ်၊ ေနာက္တစ္ေယာက္က်ေတာ့ ပုဆိုးၾကားထဲက သံလက္သီးကိုက်ဳပ္တို႔ျမင္သာေအာင္ခ်ျပလိုက္တယ္၊ ဒါေပမယ့္ ကိုေပါက္ခြၽန္းက အဲဒီလူေတြကို ဟန႔္တားလိုက္ၿပီးေတာ့
“ေဟ့၊ မင္းတို႔စကားက ဘာလဲကြ၊ မင္းတို႔ဆိုလိုခ်င္တာက ငါတို႔က မင္းတို႔ကိုညႇပ္ခ်ၿပီးေတာ့ ဖဲလိမ္႐ိုက္တယ္လို႔ဆိုလိုခ်င္တာလား၊ ငါေျပာမယ္ေဟ့ေကာင္၊ ဖဲေတြဘာေတြအကုန္ မင္းတို႔စိတ္ႀကိဳက္ကုလားဖန္ထိုးၿပီး ခ်ိဳးထားတာပဲကြ၊ ၿပီးေတာ့ ငါလည္းမင္းတို႔အေရွ႕မွာပဲ အကုန္လုံးျမင္သာထင္သာေအာင္လုပ္ေနတာပဲ၊ မင္းတို႔သံသယဝင္မွာစိုးလို႔ ငါ့ဖဲကိုေတာင္ ငါ့လက္ထဲကိုင္တာမဟုတ္ဘူး၊ ဖ်ာေပၚဘဲခ်ထားတာဘဲဥစၥာ”
အကိုႀကီးလည္း ဘာေျပာရမွန္းမသိေတာ့ဘူးျဖစ္သြားတယ္ဗ်၊ ကိုေပါက္ခြၽန္းက ၿပဳံးလိုက္ၿပီး
“မင္းတို႔က လူငယ္ေတြဆိုေတာ့ ရႈံးပြဲဆက္ရင္ ေဒါသထြက္တာ ထုံးစံပါပဲကြာ၊ ကဲ ေရာ့ေရာ့ ငါးဆယ္ျပန္ယူကြာ၊ ပုံမွန္ဆိုရင္ ငါကေတာ့ ျပန္ေပး႐ိုးထုံးစံမရွိဘူးကြ၊ မင္းတို႔ညီအကိုကို သနားလို႔ လမ္းစရိတ္ျပန္ေပးတာ၊ မဟုတ္ရင္ ၿမိဳင္သာနဲ႔ မင္းတို႔႐ြာကို လမ္းေလွ်ာက္ျပန္ရေတာ့မယ္မဟုတ္လား”
ကိုေပါက္ခြၽန္းက ေျပာၿပီးေတာ့ က်ဳပ္တို႔ဆီကို ေခါက္ထားတဲ့ငါးဆယ္တန္တစ္႐ြက္လွမ္းပစ္ေပးၿပီး ရယ္ပါေရာဗ်ာ၊ သူရယ္ေတာ့ က်န္တဲ့ဖဲဝိုင္းထဲက လူေတြကလည္း က်ဳပ္တို႔ကိုလွမ္းၾကည့္ၿပီး ရယ္ပါေရာဗ်၊ က်ဳပ္တို႔လည္း မတတ္ႏိုင္ေတာ့ဘူးေလဗ်ာ၊ သူေပးတဲ့ငါးဆယ္တန္ကို ဘတ္ခနဲေကာက္ၿပီးေတာ့ ဝိုင္းထဲကေန ညီအကိုႏွစ္ေယာက္ထြက္လာခဲ့တာေပါ့ကြာ။
“ေတာက္၊ ဒီေကာင္ေတြ ဒါသက္သက္လူပါးဝတာကြ”
အကိုႀကီးကေတာ့ မေက်နပ္ဘူးေပါ့ဗ်ာ၊ က်ဳပ္က အကိုႀကီးပုခုံးကိုဖက္ရင္း
“အကိုႀကီးရာ၊ သူတို႔ေျပာတာလည္းဟုတ္ေနတာပဲေလဗ်ာ၊ က်ဳပ္တို႔ကိုက လဘ္ကီးမေကာင္းတဲ့ ဘူေကာင္ေတြျဖစ္ေနလို႔ေနမွာပါ၊ သူတို႔မွာ မသကၤာစရာ ဘာမွမေတြ႕ဘူးမဟုတ္လား”
“မဟုတ္ဘူး၊ ငါသိတယ္အလတ္ေကာင္၊ ဒီေကာင္ေတြတမင္တို႔ကိုညစ္တာကြ”
“ညစ္တာေတြ ဖ်စ္တာေတြထားပါေတာ့ဗ်ာ၊ အခု အေဖေပးလိုက္တဲ့ ေျမဆီဖိုး ေငြရွစ္ရာကုန္ၿပီဗ်၊ ေျမဆီေတြလည္းမပါဘဲနဲ႔ က်ဳပ္တို႔ဘယ္လို႐ြာျပန္ရပါ့မလဲ”
“အိုကြာ၊ ဒီေကာင္ေတြကို လြယ္လြယ္လက္ေလ်ာ့ေပးရ႐ိုးလားကြ”
အကိုႀကီးက ေျပာၿပီးေတာ့ ထၿပဳံးျပန္ေရာဗ်ာ၊ က်ဳပ္ျဖင့္ အကိုႀကီးေငြေတြရႈံးၿပီးေတာ့ စိတ္မ်ားလြတ္သြားသလားဆိုၿပီး အကိုႀကီးကိုေသေသခ်ာခ်ာၾကည့္လိုက္မိတယ္။ ေနာက္ေတာ့ အကိုႀကီးကိုပါးေတြဘာေတြ ပုတ္ၾကည့္ၿပီး
“အကိုႀကီး၊ စိတ္ကိုခိုင္ခိုင္ထားပါအကိုႀကီးရာ၊ ေငြရွစ္ရာေလာက္နဲ႔ ဒီလိုမျဖစ္သင့္ပါဘူးဗ်ာ”
အကိုႀကီးက က်ဳပ္ကိုေဒါသတႀကီးနဲ႔ၾကည့္ၿပီး က်ဳပ္လက္ကိုပုတ္ခ်လိုက္တယ္။
“ဟာ လခြမ္းတဲ့မွ၊ မင္းဘာေတြေျပာေနတာလဲကြ”
“မဟုတ္ဘူးေလ၊ အကိုႀကီးခုနကတုန္းကက်ေတာ့ ေငြေတြရႈံးလို႔စိတ္ညစ္ေနတာမဟုတ္လား၊ အခုက်ေတာ့လည္း မ်က္ႏွာႀကီးၿပဳံးၿပီး တဟင္းဟင္းနဲ႔ရယ္ေနတာကိုးဗ်”
“ဟာကြာ၊ မင္းဘာသိလို႔လဲကြ၊ ဒီေကာင္ေတြကို လက္စားေခ်ဖို႔ ငါအႀကံရလို႔ပါကြ”
“အကိုႀကီး၊ ဟုတ္မွလဲလုပ္ေနာ္၊ ဟိုလူေတြဆီမွာ ဓါးေတြ၊ လက္နက္ေတြပါတာ အကိုႀကီးေတြ႕တယ္မဟုတ္လားဗ်”
“ဒီလိုလူမိုက္နည္းနဲ႔ လက္စားေခ်မွာမဟုတ္ပါဘူးကြာ၊ လူလိမၼာနည္းနဲ႔လက္စားေခ်မွာပါ”
က်ဳပ္လည္း အံ့အားသင့္သြားၿပီး
“ေျပာစမ္းပါအုံးအကိုႀကီးရာ”
အကိုႀကီးက လူတတ္ႀကီးဂိုက္ဖမ္းရင္းနဲ႔
“အလတ္ေကာင္ရ၊ ဖဲ႐ိုက္တယ္ဆိုတာ ေလာင္းကစားလုပ္တာပဲကြ၊ ေလာင္းကစားလုပ္တာ တရားဝင္သလား၊ တရားမဝင္ဘူးလား”
“တရားမဝင္ဘူးလို႔ေတာ့ အေဖကေျပာဖူးတယ္၊ ဒါေပမယ့္ ႐ြာမွာလည္း ဖဲဝိုင္းေတြအမ်ားႀကီးရွိတယ္မဟုတ္လား”
“ဟာ၊ ေဟ့ေကာင္၊ ဒါ႐ြာမဟုတ္ဘူး၊ ၿမိဳင္သာၿမိဳ႕ကြ၊ ႐ြာမွာက ဖမ္းမယ့္ဆီးမယ့္သူမရွိေပမယ့္ ဒီမွာက ဖမ္းမယ့္ဆီးမယ့္ ရဲေတြရွိတယ္ကြ”
အကိုႀကီးေျပာတာကို က်ဳပ္သေဘာေပါက္သြားပါၿပီဗ်ာ၊ လတ္စသတ္ေတာ့ အကိုႀကီးက ရဲတိုင္ၿပီးေတာ့ ဖဲဝိုင္းကိုဝင္ဖမ္းခ်င္တဲ့ပုံပါပဲ၊ ရဲေတြသာဝင္ဖမ္းရင္ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ဒီလူေတြအဖမ္းခံရမယ္၊ ၿပီးေတာ့ ရဲစခန္းမွာ အခ်ဳပ္ခံရမယ္ေလဗ်ာ၊ က်ဳပ္လည္း ဒါကိုေတြးမိၿပီးေတာ့ ၿပဳံးလိုက္မိတယ္ဗ်၊ ၿပီးေတာ့ ညီအကိုႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတာ့ အသဲၿပဲႀကီးေတြနဲ႔ ေအာ္ရယ္လိုက္ၾကတယ္ဗ်ာ။ ၿပီးတာနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္ တစ္ေနရာကိုအေျပးသြားေတာ့တာပဲဗ်ိဳ႕၊ က်ဳပ္တို႔သြားတဲ့ေနရာက ဘယ္ေနရာဆိုတာေတာ့ ခင္ဗ်ားတို႔ခန႔္မွန္းမိမယ္ထင္ပါရဲ႕ဗ်ာ။
ရဲစခန္းကိုဖဲဝိုင္းေထာင္တာတိုင္လည္းတိုင္လိုက္ေရာ ခ်က္ခ်င္းပဲရဲတပ္သားေတြက က်ဳပ္တို႔နဲ႔လိုက္လာၾကပါေရာဗ်ာ၊ ၿမိဳင္သာၿမိဳ႕လယ္ေခါင္နား ရပ္ကြက္တစ္ခုထဲက ၿခံဝိုင္းထဲကို ရဲတပ္သားေတြဝင္ၿပီးဝိုင္းလိုက္ၾကတယ္၊ ၿပီးေတာ့ ရပ္ကြက္လူႀကီးေတြ၊ သက္ေသေတြနဲ႔အတူ အိမ္ေပၚကိုတက္ဖမ္းေတာ့ ဖဲဝိုင္းကိုမိတာေပါ့ဗ်ာ၊ ဖဲ႐ိုက္ေနတဲ့လူေတြကို ရဲတပ္သားေတြက ဖမ္းဆီးၿပီး လက္ထိပ္ေတြခတ္ၾကတယ္၊ ဒါေပမယ့္ ထူးထူးဆန္းဆန္းပါပဲ၊ ကိုေပါက္ခြၽန္းဆိုတဲ့လူေတာ့ မပါဘူးဗ်။ ဖမ္းမိတဲ့လူေတြကလည္း မေက်နပ္ဘူးေပါ့ဗ်ာ၊ ဒါနဲ႔က်ဳပ္တို႔ကိုလက္ညႇိဳးထိုးၿပီးေတာ့
“သူတို႔လည္းပါတယ္၊ သူတို႔ညီအကိုလည္း ဖဲ႐ိုက္တဲ့အထဲပါတယ္”
“သူတို႔လည္းပါတယ္ဆိုပဲ၊ သူတို႔ပါဖမ္းကြာ”
“ဟာ၊ ေဟ့လူေတြ၊ မလုပ္၊ မလုပ္ၾကနဲ႔ေလ”
ရဲတပ္သားေတြက က်ဳပ္တို႔ညီအကိုကိုပါ ဖမ္းပါေရာဗ်ာ၊ ၿပီးေတာ့ က်ဳပ္တို႔ဖဲ႐ိုက္တဲ့လူတစ္သိုက္ကို အတြဲလိုက္ႀကီးဖမ္းေခၚသြားၾကပါေရာဗ်ာ။ အခ်ဳပ္ထဲေရာက္ေတာ့ ဖဲသမားေတြက က်ဳပ္တို႔ညီအကိုကို ထိုးမယ္ႀကိတ္မယ္လုပ္ေနၾကလို႔ က်ဳပ္တို႔ကိုသပ္သပ္ခြဲၿပီး ခ်ဳပ္ထားရတယ္ဗ်ာ၊ ဟိုလူေတြက က်ဳပ္တို႔ကိုတစ္ဖက္အခ်ဳပ္ခန္းထဲကေနၾကည့္ၿပီးေတာ့ မ်က္လုံးေတြျပဴးျပ၊ လက္သီးေတြေထာင္ျပနဲ႔မို႔လို႔ ရဲတပ္သားေတြက ေတာ္ေတာ္ႀကိမ္းေမာင္းယူေနရတယ္ဗ်။
“အဲဒါအကိုႀကီးေၾကာင့္၊ အကိုႀကီးအႀကံေကာင္းလို႔ အခုေတာ့ ေငြလည္းဆုံး၊ အဖမ္းလည္းခံရၿပီမဟုတ္လား”
အကိုႀကီးကေတာ့ မ်က္ႏွာငယ္ကေလးနဲ႔
“ဒါထက္ပိုဆိုးတာက တို႔ဖဲ႐ိုက္တာကိုအေဖသိၿပီ၊ တို႔ေငြေတြရးသြားတာလည္း သိသြားၿပီ၊ ေနာက္ၿပီး ငါ့မိန္းမကလည္း ငါ့ကိုေလာင္းကစားထပ္လုပ္ရင္ ကြာမယ္လို႔ေျပာထားတာမဟုတ္လားကြာ”
က်ဳပ္လည္း ဘာမွမေျပာႏိုင္ေတာ့ဘဲ သက္ျပင္းပဲခ်လိုက္ရတာေပါ့ဗ်ာ။
(၂)
က်ဳပ္ေျပာတာကိုနားေထာင္ၿပီးေတာ့ ဦးဘသာက တခြီးခြီးနဲ႔ရယ္တယ္ဗ်ာ၊ ကြမ္းေတာင္သီးမလို ျဖစ္သြားလို႔ သူ႔ပါးစပ္ထဲက ဝါးလက္စကြမ္းဖတ္ေတြကို ထေထြးလိုက္ပါေရာ။ ၿပီးေတာ့မွ က်ဳပ္ကိုၾကည့္ရင္း
“ရယ္လိုက္ရတာ အလတ္ေကာင္ရာ၊ မင္းလုပ္မွ ငါကြမ္းေတာင္သီးေတာ့မလို႔ေဟ့၊ ဟား၊ ဟား”
က်ဳပ္က ဦးဘသာကိုမ်က္ေစာင္းထိုးၿပီး
“ေအာင္မယ္၊ ဦးဘသာဖာသာ ရယ္လို႔ကြမ္းသီးမွာကိုမ်ား၊ က်ဳပ္လုပ္တယ္ျဖစ္ရေသးတယ္၊ ဒါဆိုရင္ မရယ္နဲ႔ေပါ့ဗ်”
“ေအးပါ၊ ေအးပါ၊ ဒါေၾကာင့္ မင္းတို႔ညီအကို အခုတေလာ ေျခၿငိမ္ေနတာကိုးကြ”
“မၿငိမ္လို႔ရမလားဗ်၊ အေဖ့ေဒါသကိုလည္း သိရဲ႕သားနဲ႔”
“မင္းတို႔ဘယ္လိုျပန္လြတ္လာၾကတာလဲကြ”
“ၿမိဳင္သာရဲစခန္းက စခန္းမႉးက အေဖနဲ႔အသိမဟုတ္လားဗ်၊ အေဖ့ကိုဆက္သြယ္ၿပီးအေၾကာင္းၾကားေတာ့ အေဖက လိုက္လာရတာေပါ့ဗ်ာ၊ အေဖ့ရဲ႕အရွိန္အဝါနဲ႔ဆိုေတာ့ က်ဳပ္တို႔ ေထာင္ေတြတန္းေတြမက်ဘဲ ေနာက္မလုပ္ေတာ့ပါဘူးဆိုတဲ့ ခံဝန္ကတိထိုးၿပီးေတာ့ လြတ္လာတယ္ဆိုပါေတာ့ဗ်ာ”
ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း
“ဒါနဲ႔ အဲဒီကိုေပါက္ခြၽန္းဆိုတဲ့လူကေရာကြ”
“အဲဒါလည္း ထူးဆန္းတယ္ ဦးဘသာရဲ႕၊ ဟိုဖဲသမားေတြ အေျပာအရ က်ဳပ္တို႔ထြက္သြားၿပီး သိပ္မၾကာဘူးဗ်ာ၊ ကိုေပါက္ခြၽန္းက အိမ္သာတက္ခ်င္တယ္ဆိုၿပီးေတာ့ သူ႔ေငြေတြကိုလြယ္အိတ္ထဲထည့္ၿပီး အိမ္ေနာက္ေဖးခဏဝင္သြားရာကေန ေပ်ာက္သြားတယ္ဆိုပဲဗ်၊ ကိုေပါက္ခြၽန္းထသြားေတာ့ တျခားလူေတြက အလွည့္က်ဒိုင္လုပ္ၿပီးေတာ့ ဆက္ေဆာ့ေနတယ္ေပါ့ဗ်ာ၊ အဖမ္းခံရေတာ့ တကယ့္ေငြေတြအမ်ားႀကီးရထားတဲ့ ကိုေပါက္ခြၽန္းပါမသြားတာ အံ့ၾသစရာမေကာင္းဘူးလားဗ်ာ”
“အိုကြာ၊ ဒါကေတာ့ မင္းတို႔ညီအကိုရဲသြားတိုင္မယ္မွန္း ရိပ္စားမိလို႔ျဖစ္မွာေပါ့ကြ”
“အဲဒါထားပါေတာ့ဗ်ာ၊ ဒါနဲ႔ က်ဳပ္တို႔ညီအကို ဆယ့္သုံးပြဲေဆာ့တာေတာင္မွ သူ႔ကိုတစ္ပြဲမွမႏိုင္ဘူးဆိုတာေရာ ထူးဆန္းမေနဘူးလား”
“ဒါကလည္း မင္းတို႔ေကာင္ေတြ ဘူပိတ္ေနလို႔ျဖစ္မွာေပါ့ကြ”
ဦးဘသာက ခပ္က်ဲက်ဲရယ္ရင္း ေရေႏြးတစ္ခြက္ငွဲ႔ၿပီးေသာက္ေနသဗ်ာ၊ က်ဳပ္ကေတာ့ မခံခ်င္ပါဘူးဗ်ာ၊ သက္ေသေတာ့မျပႏိုင္ေပမယ့္ က်ဳပ္စိတ္ထဲမွာ ကိုေပါက္ခြၽန္းမ႐ိုးသားဘူးဆိုတာကို က်ဳပ္သိေနတယ္၊ မေနာအသိလို႔ပဲ ေျပာရမလားပဲဗ်ာ။
“ဒါနဲ႔ဦးဘသာ၊ ဖဲေတြဘာေတြကို ပြဲတိုင္းႏိုင္ေအာင္ လုပ္လို႔ရတဲ့ ေအာက္လမ္းနည္းေတြဘာေတြ မရွိဘူးလားဗ်ာ”
က်ဳပ္ေမးေတာ့ ဦးဘသာက ေရေႏြးေသာက္ေနရင္း ေခါင္းညိတ္တယ္ဗ်။
“ရွိသမွ သိပ္ရွိတာေပါ့ကြာ၊ တစ္ပြဲတိုးနည္း၊ အၿမဲတမ္းႏိုင္တဲ့နည္း၊ နည္းလမ္းကေတာ့ အစုံရွိတာေပါ့ကြ”
“ေျပာျပစမ္းပါအုံးဗ်ာ၊ က်ဳပ္သိခ်င္လို႔ပါ”
“ေအာင္မယ္၊ မင္းအေၾကာင္းငါမသိဘူးမ်ားမွတ္ေနလား အလတ္ေကာင္ရ၊ မင္းက ငါ့ဆီကေန နည္းလမ္းေတြေမးၿပီးေတာ့ အဲဒီနည္းအတိုင္း လိုက္လုပ္ၿပီး ကိုေပါက္ခြၽန္းဆိုတဲ့လူနဲ႔ မေက်ပြဲ သြားႏႊဲမယ္ေပါ့ ဟုတ္လား”
“ဟာ၊ မဟုတ္ပါဘူး ဦးဘသာရာ၊ အေဖႀကိမ္းထားလို႔ က်ဳပ္တို႔လည္း ေတာ္ေတာ္ေနာင္တရေနပါၿပီဗ်၊ က်ဳပ္က သိ႐ုံတင္သိခ်င္တာပါဗ်ာ၊ ေျပာျပစမ္းပါ”
“ေအး၊ တစ္ပြဲတိုးနည္းကေတာ့ အစုံေပါ့ကြာ၊ တစ္ခ်ိဳ႕က အစိမ္းေသနဲ႔ ေလာေလာလတ္လတ္ ေသထားတဲ့လူကို သစ္ခက္နဲ႔႐ိုက္ေခၚၿပီးေတာ့ ဖဲ႐ိုက္တဲ့နည္းလမ္းေပါ့ကြာ၊ ဘယ္ႏွရက္႐ိုက္ပါ့မယ္၊ ဘယ္ေန႔ျပန္ပို႔ေပးပါ့မယ္ဆိုၿပီး ကတိေပးၿပီး ႐ိုက္ၾကတာမ်ိဳးေပါ့ကြာ၊ အဲဒီကတိအတိုင္းဖဲ႐ိုက္ၿပီးေတာ့ လူေသရဲ႕ဝိညာဥ္ကို ျပန္ပို႔ေပးၾကရတယ္ကြ၊ မပို႔ေပးရင္ေတာ့ အဲဒီဝိညာဥ္က ၾကမ္းၿပီသာမွတ္ေတာ့ေဟ့”
“ေနပါအုံးဗ်၊ လူေသဝိညာဥ္ေခၚ႐ိုက္တယ္ဆိုေတာ့ ဝိညာဥ္က ဖဲဝင္႐ိုက္ေပးတာလား”
“ဒါေတာ့ ငါလည္းမသိဘူးေလကြာ၊ ငါမွမလုပ္ဘူးတာကြ”
“ဆက္ေျပာပါအုံးဗ်ာ”
“ေနာက္တစ္နည္းကေတာ့ အေဆာင္ယူတဲ့နည္းကြ၊ သခ်ိဳင္းကုန္းသြားၿပီးေတာ့ လူေသအုတ္ဂူေတြေဖာက္၊ ေျမပုံေတြေဖာ္ၿပီးေတာ့ လူေသပါးစပ္ထဲက မတ္ေစ့တို႔၊ လူေသမွာဝတ္ဆင္ထားတဲ့ လက္စြပ္တို႔ နားကပ္တို႔၊ ၿပီးေတာ့ ေနာက္ဆုံး လူေသရဲ႕အ႐ိုး၊ အဝတ္အစားေတြကိုယူၿပီး အေဆာင္လုပ္ၿပီး႐ိုက္တဲ့နည္းေပါ့ကြာ၊ ဒီနည္းကေတာ့ ပြဲတိုင္းေတာ့မေအာင္ေပမယ့္ လျပည့္လကြယ္၊ ေနာက္ၿပီးေတာ့ လဆန္းသုံးရက္လဆုတ္သုံးရက္၊ လဆန္းရွစ္ရက္၊ လဆုတ္ရွစ္ရက္ အဲဒီေန႔ေတြနဲ႔ တိုက္တဲ့ပြဲေတြမွာဆိုရင္ေတာ့ ေအာင္တတ္တယ္တဲ့ကြ”
“လူေသရဲ႕ပစၥည္းသြားယူတယ္ဆိုေတာ့ အဲဒီလူေသရဲ႕သရဲက ကပ္ပါလာတာမ်ိဳးလား”
“ဒီလိုေတာ့ဟုတ္မယ္မထင္ဘူး၊ တို႔ဗမာေတြမွာ အယူအဆတစ္ခုရွိတယ္ေလကြာ၊ လူေသက လဘ္ေကာင္းသတဲ့၊ တစ္ခ်ိဳ႕ဆိုရင္ နာေရးလုပ္တာ၊ ေျမခ်တာျမင္ရင္ ကိုယ္ဝတ္ထားတဲ့ အက်ီအိတ္တို႔၊ ပိုက္ဆံအိတ္တို႔ကိုလက္နဲ႔ပုတ္ၿပီးေတာ့ လဘ္ေခၚတတ္ၾကတယ္မဟုတ္လား”
က်ဳပ္လည္း ေခါင္းညိတ္ၿပီးေတာ့
“ဒါေတာ့ဟုတ္တယ္ဗ်၊ အေမက အဲဒီလို နာေရးေတြဘာေတြ အိမ္ေရွ႕ကျဖတ္သြားရင္ သူ႔ပိုက္ဆံအိတ္ကိုလက္နဲ႔ပုတ္ပုတ္ၿပီးေတာ့ လဘ္ဝင္ပါေစ၊ လဘ္ေတြလာပါေစ ဆိုၿပီးေတာ့ ေအာ္ေလ့ရွိတာ”
“ေအးေပါ့ကြာ၊ ဒါေၾကာင့္ ဒီလိုအေဆာင္ဆိုတာကလည္း မေကာင္းတဲ့အစိမ္းသရဲဆိုတာမ်ိဳးထက္ ခုနကေျပာသလို လဘ္ရွိတဲ့ပစၥည္းဆိုၿပီးေတာ့ ဒီအတိုင္းေဆာင္တာေနမွာပါ”
“နည္းေတြကလည္း စုံသားဗ်ေနာ္”
“ေနာက္ဆုံးနည္းကေတာ့ ပြဲတိုင္းႏိုင္တဲ့ ဖဲေမွာ္အပ္တဲ့နည္းပဲကြ၊ ဖဲေမွာ္အပ္နည္းက အမ်ားႀကီးရွိတယ္ဆိုေပမယ့္ ေယဘုယ်အားျဖင့္တူညီတာကေတာ့ သခ်ိဳင္းတစ္ခုက သခ်ိဳင္းေစာင့္နဲ႔ဖဲ႐ိုက္ရတဲ့နည္းေပါ့ကြာ”
“ဗ်ာ၊ သခ်ိဳင္းေစာင့္နဲ႔ဖဲ႐ိုက္တာဆိုေတာ့ သုဘရာဇာနဲ႔မ်ားလား”
ဦးဘသာက က်ဳပ္ကို “တုံးလိုက္တာ” ဆိုတဲ့အၾကည့္နဲ႔ၾကည့္ၿပီးေတာ့
“ဟ၊ အလတ္ေကာင္ရ၊ သုဘရာဇာနဲ႔႐ိုက္ေတာ့ ဘာရမလဲကြလခြမ္း”
“မသိဘူးေလဗ်ာ၊ သခ်ိဳင္းေစာင့္ဆိုေတာ့ သုဘရာဇာေျပးျမင္တာေပါ့ဗ်၊ ဒါဆိုရင္ သခ်ိဳင္းေစာင့္ မဖဲဝါနဲ႔ ႐ိုက္ရတာေပါ့ေနာ္”
“လြဲျပန္ၿပီကြာ၊ မဖဲဝါက မဖဲဝါ၊ သခ်ိဳင္းေစာင့္က သခ်ိဳင္းေစာင့္ကြ၊ မွတ္ထား သခ်ိဳင္းေျမတစ္ခုမွာ သူ႔ကိုႀကီးစိုးအုပ္ခ်ဳပ္တဲ့ အေစာင့္တစ္ေယာက္ေယာက္ရွိတယ္ကြ၊ မ်ားေသာအားျဖင့္ကေတာ့ ၿပိတၱာ၊ သရဲႀကီး၊ သဘက္ႀကီးေတြေပါ့ကြာ၊ သူတို႔နဲ႔ၿပိဳင္႐ိုက္ၿပီးေတာ့ ႏိုင္တဲ့ကတ္ကိုဖဲေမွာ္သြင္းၿပီး ေဆာင္ထားၾကတာေပ့ါကြာ၊ ရွင္းရွင္းေျပာရရင္ အဲဒီသခ်ိဳင္းအေစာင့္နဲ႔ရႈံးတဲ့လူ တပည့္ခံေၾကးဆိုၿပီး ဖဲ႐ိုက္တာေပါ့ကြာ၊ ကိုယ္ႏိုင္သြားတဲ့အခါက်ေတာ့ သခ်ိဳင္းေစာင့္ကို ေျခာက္လတန္သည္၊ တစ္ႏွစ္တန္သည္ တပည့္ခံဆိုၿပီးေတာ့ ေမြးထားတာေပါ့”
“သရဲနဲ႔ဖဲ႐ိုက္တာေပါ့၊ ေၾကာက္စရာႀကီးဗ်ာ၊ ကိုယ္ကႏိုင္ရင္ထားပါေတာ့ မႏိုင္ဘဲရႈံးသြားတယ္ဆိုရင္ေရာ”
“ရႈံးသြားေတာ့လည္း ေျပးေပါ့ကြာ၊ ေျပးမလြတ္ရင္ေတာ့ သရဲရဲ႕တပည့္ျဖစ္တာေပါ့ကြာ၊ မင္း တို႔႐ြာက ေမာင္ညႇက္ကိုသိတယ္မဟုတ္လားကြ”
“သိပါ့ဗ်ာ၊ သခ်ိဳင္းကုန္းထဲမွာ ဖဲ႐ိုက္ရင္းေသသြားတာမဟုတ္လား၊ ဟာ၊ က်ဳပ္စဥ္းစားမိၿပီဗ်၊ ကိုေမာင္ညႇက္ေသေတာ့ သခ်ိဳင္းအလယ္က သစ္ပင္ႀကီးေအာက္မွာ ဖ်ာႀကီးခင္းၿပီးေတာ့ ဖဲခ်ပ္ေတြလည္း ျပန႔္က်ဲေနတယ္မဟုတ္လား၊ ဒါဆို ကိုေမာင္ညႇက္က ဦးဘသာခုနကေျပာသလို ဖဲေမွာ္သြင္းရင္း သခ်ိဳင္းေစာင့္ကို ရႈံးသြားတာမ်ားလား”
ဦးဘသာက ဘာမွျပန္မေျဖဘဲ ေခါင္းပဲညိတ္တယ္ဗ်။
“ဒါဆိုရင္ အဲဒီသခ်ိဳင္းေစာင့္က ကိုယ့္ကိုကူညီတာေပါ့”
“ဒါေပါ့ကြ၊ ဖဲေမွာ္အဆင့္ျမင့္ျမင့္ေအာင္ထားတဲ့လူဆိုရင္ ဖဲကတ္ကိုလက္နဲ႔ထိစရာေတာင္မလိုဘူးတဲ့ကြာ၊ သူဘာကတ္ရထားတယ္ဆိုတာကို သခ်ိဳင္းေစာင့္က ေျပာျပတယ္၊ သူကလည္း သူလိုခ်င္တဲ့ကတ္ကို သခ်ိဳင္းေစာင့္ကိုေျပာလိုက္ရင္ သခ်ိဳင္းေစာင့္က ကမၼဇိဒၶိ တန္ခိုးနဲ႔ လိုရာကတ္ကိုရွာေဖြထည့္ေပးတယ္ဆိုပဲကြ၊ ဒီနည္းနဲ႔ဆိုေတာ့ ပြဲတိုင္းႏိုင္တာေပါ့ကြာ”
က်ဳပ္လည္း အခုမွသေဘာေပါက္သြားေတာ့တယ္။
“ေပါက္ၿပီ၊ ေပါက္ၿပီ၊ ဒါေၾကာင့္ ကိုေပါက္ခြၽန္းဆိုတဲ့လူက ပြဲတိုင္းႏိုင္ေနတာကိုးဗ်”
“မင္းကြာ၊ သူမ်ားကို စြပ္စြပ္စြဲစြဲ”
“ဟာ၊ မဟုတ္ဘူးဦးဘသာ၊ က်ဳပ္တို႔နဲ႔ဖဲ႐ိုက္ေတာ့ ကိုေပါက္ခြၽန္းက ဖဲကိုတစ္ခ်က္ပဲလွန္ၾကည့္တာဗ်၊ ၿပီးေတာ့ က်န္တဲ့အခ်ိန္ဆို လက္နဲ႔ေတာင္မထိဘူး၊ ဒါေပမယ့္ ထူးဆန္းတာက ပြဲတိုင္းႏိုင္ေနတာပဲဗ်၊ ကိုးမီး႐ိုက္ရင္ တျခားလူက ရွစ္ဆိုရင္ေတာင္ သူက ကိုးျဖစ္ေနတတ္တယ္ဗ်၊ တျခားလူကိုးရတယ္ဆိုရင္ေတာင္ သူက ႏွစ္ခ်ပ္နဲ႔ ဒိုတာဗ်ာ၊ ႏွစ္ခ်ပ္နဲ႔ ဒိုတာခ်င္းတူတူဆိုရင္ေတာင္မွ သူက ေပါက္ခြၽန္းရွစ္နဲ႔ ေပါက္ခြၽန္းတစ္က်ၿပီး ဒိုတာေနာ္၊ အဲဒီေလာက္အထိကို ႏိုင္တာ မထူးဆန္းဘူးလားဗ်ာ”
ဦးဘသာက တစ္ခ်က္ေတြးသြားၿပီးေတာ့ ေခါင္းညိတ္သြားတယ္။
“အင္းေလ၊ ဟုတ္ခ်င္လည္း ဟုတ္မွာေပါ့၊ ေလာင္းကစားဆိုတာကိုက ႏိုင္ဖို႔အဓိကဆိုေတာ့ မဟုတ္တဲ့နည္းေတြသုံးၿပီး ႏိုင္ခ်င္လို႔ျဖစ္မွာေပါ့ကြာ၊ ကဲပါ၊ ငါလည္း ႏြားေတြလႊတ္ေက်ာင္းရအုံးမယ္ကြ၊ မင္းတို႔လည္း ေနာက္ဆို အဲဒီဖဲသမားေတြနဲ႔ ေဝးေဝးေနကြ၊ ဖဲသမားဆိုတာ လူလိမ္လူေကာက္ေတြခ်ည္းဘဲ၊ ၾကားလား”
က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့ ဦးဘသာရဲ႕အိမ္ကေန ျပန္လာခဲ့တာေပါ့ဗ်ာ။
(၃)
က်ဳပ္တို႔ေခတ္က အခုေခတ္လိုမ်ိဳး ႐ုပ္ရွင္ေတြ၊ ဗြီဒီယိုေတြကလည္း ရွိတာမဟုတ္ဘူးဗ်၊ ႐ြာဆိုေတာ့လည္း ပိုဆိုးတာေပါ့ဗ်ာ၊ လူဆိုတာကလည္း တျခားသတၱဝါေတြနဲ႔မတူဘဲ ေဖ်ာ္ေျဖမႈလိုတယ္မဟုတ္လားဗ်ာ၊ ဒီေဖ်ာ္ေျဖမႈေတြထဲမွာ ေလာင္းကစားဆိုတာက အဆိုးဆုံးေပါ့ဗ်ာ။ လူေတြေလာင္းကစားစြဲတာ ဟိုးေခတ္ကတည္းကဗ်၊ က်ဳပ္တို႔႐ြာမွာဆိုရင္ေတာ့ ေခြးႏွစ္ေကာင္ကိုက္ရင္ေတာင္ လူေတြဝိုင္းၾကည့္ၿပီး ဘယ္ေခြးႏိုင္မလဲဆိုၿပီး ေလာင္းတတ္ၾကေသးတာကိုးဗ်ာ၊ အဲဒီလိုေလာင္းတာကေန အစျပဳၿပီးေတာ့ ေနာက္ပိုင္း ကစားနည္းေတြပါလာတယ္ဗ်၊ ကစားနည္းကေတာ့ အစုံေပါ့ဗ်ာ၊ ေျမႀကီးမွာက်င္းေလးေတြတူးၿပီး ေက်ာက္ဒိုးထည့္ၿပီး က်င္းစိမ္တာတို႔၊ ေနာက္ေတာ့ အံစားတုံးေခါက္တာ၊ ဂ်င္လွည့္တာကေန ဖဲခ်ပ္ေတြကစားတာအထိေပါ့ဗ်ာ။
က်ဳပ္ၾကားဖူးသေလာက္ ဖဲကစားတာကို တရားမဝင္ဘူးလို႔သတ္မွတ္တာ အဂၤလိပ္ေခတ္ကတည္းကတဲ့ဗ်၊ ထူးေတာ့ထူးဆန္းသားေနာ္၊ အဂၤလိပ္အရာရွိႀကီးေတြ၊ အရာရွိကေတာ္ေတြက အားလပ္ခ်ိန္ပ်င္းတဲ့အခါ ဖဲကစားၾကေပမယ့္ သာမန္ျပည္သူေတြကိုေတာ့ ဖဲမ႐ိုက္ေစခ်င္ဘူးတဲ့ဗ်ာ၊ ဘာလို႔လည္းဆိုေတာ့ ဖဲဆိုတာကလည္း ေတာ္ေတာ္စြဲတဲ့အရာကိုး၊ အဂၤလိပ္အရာရွိေတြက အပ်င္းေျပဖဲ႐ိုက္တယ္ဆိုေပမယ့္ ဗမာေတြကေတာ့ ဖဲကိုအိမ္ေပါင္၊ ယာေရာင္းၿပီး ေရဆုံးေျမဆုံး႐ိုက္ၾကေတာ့တာပဲဗ်ာ၊ ေနာက္ေတာ့ ဘာအလုပ္မွမလုပ္ဘဲ ဖဲပဲထိုင္႐ိုက္ၾကတယ္၊ ေနာက္ၿပီး ဖဲဝိုင္းမွာရႈံးေႂကြးတင္တာ၊ အျငင္းပြားတာကေနစၿပီး ႐ိုက္ပြဲသတ္ပြဲေတြျဖစ္ၾက၊ ေနာက္ေတာ့ ႐ိုက္တဲ့လူေတြရဲ႕ မိသားစုေတြ၊ ေဆြမ်ိဳးေတြပါ တစ္ႏြယ္ငင္တစ္စင္ပါၿပီးေတာ့ ရန္ပြဲႀကီးေတြျဖစ္တတ္ၾကတယ္ဆိုပဲဗ်၊ ဒါေၾကာင့္ ဖဲ႐ိုက္တာကို ဥပေဒအရ တားျမစ္ထားတယ္ဆိုပဲ။ အဂၤလိပ္ေခတ္ကေတာ့ ေငြဒဏ္ေလာက္ပဲတတ္တယ္ဆိုတယ္ဗ်၊ ဒါေပမယ့္ ဒုတိယကမာၻစစ္ျဖစ္ေတာ့ ဖဲဝိုင္းေတြက ၿမိဳ႕ႀကီးေတြေပၚမွာ ဟိုးေလးတေက်ာ္ျဖစ္လာၿပီးေတာ့ လူေတြက ကာယ၊ ဉာဏအားေတြသုံးၿပီး အလုပ္မလုပ္ေတာ့ဘဲ ဖဲပဲ႐ိုက္ေနလို႔ လြတ္လပ္ေရးရၿပီးကတည္းက တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ခဲ့တာ ဒီေန႔အထိပါပဲတဲ့ဗ်ာ။
အဲဒီေခတ္တုန္းက ေလာင္းကစားမွာ ဖဲကဘုရင္ပဲဗ်၊ ဖဲခ်ပ္ေတြရွိၿပီး လူႏွစ္ေယာက္ေလာက္ရွိရင္ ေဆာ့လို႔ရတာကိုး၊ ဖဲေလာကမွာ ရွမ္းကိုးမီးေခတ္စားတယ္ဆိုတာကလည္း ဖဲခ်ပ္စုံစရာမွမလိုတာပဲဗ်ာ၊ ဖဲထုပ္ကလည္း ဝယ္ရတာခက္တယ္ဆိုေတာ့ ဖဲတစ္ထုပ္မွာ ကတ္ျပည့္ျပည့္မျပည့္ျပည့္ ကိုးမီးေလာက္ေတာ့ ဆြဲလို႔ရတာကိုး၊ က်န္တဲ့ ပိုကာတို႔ဘာတို႔က်ေတာ့ ကတ္စုံမွ ေဆာ့လို႔ရတယ္မဟုတ္လား။ ခုေခတ္ေတာ့ ႏွစ္လုံးထီ၊ သုံးလုံးထီေတြေပါေနၿပီေပါ့ဗ်ာ၊ ႏွစ္လုံးသုံးလုံးလည္း စြဲတာပဲဗ်၊ ႏွစ္လုံးထီ၊ သုံးလုံးထီေပၚၿပီးေတာ့ လူေတြလည္း ဖဲဘက္မလွည့္ႏိုင္ၾကေတာ့ ဖဲကစားတာေမွးမွိန္သြားတယ္ထင္ပါတယ္ဗ်ာ၊ ဒါေပမယ့္ ခုေနာက္ပိုင္းေတာ့ ဖုန္းေတြမွာ ဖဲ႐ိုက္ဂိမ္းေတြထည့္ေဆာ့ၾကသဗ်ာ၊ အင္တာနက္ကေနလည္း ေဆာ့လို႔ရတယ္ဆိုၿပီး ေတာ္ေတာ္မ်ားမ်ားျပန္ေဆာ့ေနၾကတာေတြ႕တယ္၊ ဒါေပမယ့္ သတိေတာ့ထားဗ်ာ၊ ေလာင္းကစားဆိုတာ အစမလုပ္မိတာအေကာင္းဆုံးပါပဲ၊ တကယ့္ဖဲသမား၊ ဖဲဂ်ိဳးႀကီးေတြဆိုရင္လည္း အေပ်ာ္ဆိုၿပီးေဆာ့ရာကေန စြဲသြားၾကတာပဲမဟုတ္လား။ ေျပာေနရင္း ဘယ္ေရာက္ကုန္မွန္းမသိဘူးဗ်ာ၊ ျပန္ဆက္ၾကတာေပါ့။
က်ဳပ္လည္း လမ္းေလွ်ာက္လာရင္း ႐ြာထိပ္နားကိုေရာက္ေတာ့ လူႏွစ္ေယာက္က ႐ြာေတာ္ရွင္နတ္နန္းနားမွာ ရပ္ေနသဗ်၊ အဲဒီအထဲက လူတစ္ေယာက္ေတာ့ ႐ြာေတာ္ရွင္နတ္နန္းကိုရွိခိုးေနေလရဲ႕၊ က်ဳပ္လည္း ဒီလူေတြဘယ္သူလဲလို႔ သိခ်င္တာနဲ႔ အနားကိုကပ္ခဲ့လိုက္ေတာ့မွ ႐ြာက ကိုေမာင္စိျဖစ္ေနသဗ်။ ကိုေမာင္စိက က်ဳပ္ကိုျမင္ေတာ့ လွမ္းၿပဳံးျပတယ္။
“အေတာ္ပဲကြာ၊ ငါေတာင္မင္းတို႔အိမ္ကိုလာခဲ့မလို႔”
“ဘာကိစၥလဲဗ်”
“ဘာမွမဟုတ္ပါဘူးကြာ၊ ၿမိဳင္သာက ငါ့အသိတစ္ေယာက္႐ြာကို လာတယ္လို႔ သတင္းလာပို႔မလို႔ပါ၊ မင္းနဲ႔ေတြ႕တာနဲ႔အေတာ္ပဲ၊ မင္းအေဖကိုေျပာျပလိုက္စမ္းပါကြာ”
ဒီေတာ့မွ နတ္နန္းကိုရွိခိုးေနတဲ့လူက က်ဳပ္ဘက္ကိုလွည့္လာတယ္၊ က်ဳပ္ျဖင့္ သူ႔မ်က္ႏွာကိုျမင္ၿပီး အံ့ၾသသြားတာပဲဗ်ာ။ က်ဳပ္ေတြ႕လိုက္ရတာက တျခားသူမဟုတ္ဘူး၊ ကိုေပါက္ခြၽန္းဗ်။ က်ဳပ္က ကိုေပါက္ခြၽန္းကို မွတ္မိေပမယ့္ ကိုေပါက္ခြၽန္းကေတာ့ က်ဳပ္ကိုမွတ္မိပုံမရဘူးဗ်၊ က်ဳပ္ကိုၿပဳံးျပၿပီးေတာ့
“ေတြ႕ရတာဝမ္းသာပါတယ္၊ က်ဳပ္နာမည္ တင့္ေဆြပါ၊ ၿမိဳင္သာကေနလာပါတယ္”
ကိုေပါက္ခြၽန္းက သူ႔နာမည္အရင္းကိုေျပာတာျဖစ္မယ္ဗ်၊ က်ဳပ္လည္း အေယာင္ေယာင္အမွားမွားနဲ႔ေခါင္းညိတ္ၿပီးေတာ့
“ဟုတ္၊ ဟုတ္ကဲ့၊ ဒါနဲ႔ က်ဳပ္တို႔႐ြာကို ဘာလာလုပ္တာလဲဗ်”
က်ဳပ္ေမးလိုက္ေတာ့ ကိုေပါက္ခြၽန္းက မ်က္ေမွာင္တစ္ခ်က္ၾကဳတ္သြားတယ္ဗ်၊ ၿပီးေတာ့ ကိုေမာင္စိကိုလွည့္ၾကည့္ၿပီး
“ေနပါအုံး၊ ခင္ဗ်ားတို႔႐ြာကိုလာဖို႔က ဘာလို႔လာတယ္၊ ဘာအေၾကာင္းနဲ႔လာတယ္ဆိုတာေတြ ေျပာဖို႔လိုေသးလို႔လား ကိုေမာင္စိ”
က်ဳပ္လည္း အခုမွသတိဝင္သြားၿပီးေတာ့
“မဟုတ္ပါဘူး ကိုေပါက္ . . . အဲ ကိုတင့္ေဆြရာ၊ က်ဳပ္က အေဖ့ကိုျပန္ေျပာျပရမွာဆိုေတာ့ အလည္သက္သက္နဲ႔လာတာလား၊ စီးပြားေရးကိစၥလာတာလား၊ ဘာဝယ္ညာဝယ္ လာဝယ္တာလားဆိုတာ သိထားဖို႔လိုလို႔ပါဗ်၊ တစ္မ်ိဳးမထင္ပါနဲ႔”
“ေအးပါငါ့ညီရာ၊ အလည္ပဲလာတယ္ဆိုပါေတာ့ကြာ၊ ေမာင္စိနဲ႔ငါနဲ႔က မိတ္ေဆြေတြကြ”
“ဟုတ္ကဲ့ပါ၊ ရပါၿပီ”
ကိုေပါက္ခြၽန္းက ခပ္တည္တည္ပဲ ႐ြာထဲကိုဝင္သြားတယ္ဗ်၊ ကိုေမာင္စိက က်ဳပ္ကိုၾကည့္ၿပီး
“သူႀကီးကိုေသခ်ာေျပာလိုက္ေနာ္အလတ္ေကာင္၊ ဒါဆို ငါမင္းတို႔အိမ္ကိုလာမေျပာေတာ့ဘူး”
အဲဒီလိုေျပာၿပီးေတာ့ ကိုေပါက္ခြၽန္းအေနာက္ကို လိုက္သြားပါေရာဗ်ာ၊ က်ဳပ္လည္း သူတို႔ႏွစ္ေယာက္ေနာက္ေက်ာကိုၾကည့္ၿပီး ခါးေထာက္လိုက္တယ္။
“အင္း၊ ဒီဖဲသမား တို႔႐ြာကိုလာတယ္ဆိုေတာ့ တစ္ခုခုေတာ့တစ္ခုခုပဲ၊ ၿပီးေတာ့လည္း ႐ြာေတာ္ရွင္နတ္နန္းကို ရွိခိုးေနေသးတာဆိုေတာ့ ထူးေတာ့ထူးမွာပဲ၊ ဒီကိစၥကို ငါစုံစမ္းရမယ္”
က်ဳပ္လည္း အဲဒီလိုေတြးၿပီးေတာ့ အိမ္ဘက္ကိုျပန္လွည့္ခဲ့တာေပါ့ဗ်ာ။ ၿခံထဲဝင္လိုက္ေတာ့ အကိုႀကီးက အဝတ္ေတြလွန္းေနတယ္ဗ်၊ ဖဲ႐ိုက္တဲ့အမႈနဲ႔ အကိုႀကီးအိမ္မွာ အက်ယ္ခ်ဳပ္က်ေနတယ္ဆိုပါေတာ့ဗ်ာ၊ ဒါေတာင္မရီးက အိမ္ေပၚကေနဆင္းသြားလို႔ ျပန္ေခ်ာ့ၿပီးေခၚလာရတာဗ်၊ အခုေတာ့ မိန္းမအႀကိဳက္ အိမ္မႈကိစၥေတြ ကူလုပ္ေနတယ္ဆိုပါေတာ့ဗ်ာ။ က်ဳပ္လည္း အကိုႀကီးနားကိုေရာက္သြားေရာ အကိုႀကီးက
“အလတ္ေကာင္၊ မင္းလာတာနဲ႔အေတာ္ပဲကြာ၊ ေဟာဒီငါ့အဝတ္ေတြကို ကူလွန္းေပးပါအုံးကြာ”
“ဟာဗ်ာ၊ အကိုႀကီးအဝတ္ေတြ အသာထားလိုက္စမ္းပါ၊ အဝတ္ေတြထက္ အေရးႀကီးတာရွိတယ္ဗ်”
“ဘာတုန္းအလတ္ေကာင္ရာ၊ အဝတ္ေတြေလွ်ာ္ၿပီး လက္ေညာင္းေနရတဲ့အထဲ”
က်ဳပ္လည္း ေဘးဘီကိုၾကည့္ၿပီးေတာ့ အကိုႀကီးအနားကို အသာကပ္လိုက္ၿပီး
“႐ြာကို ကိုေပါက္ခြၽန္းေရာက္ေနတယ္ဗ်”
အကိုႀကီးမ်က္လုံးေတြျပဴးသြားတယ္။
“ေဟ့ေကာင္ တကယ္လား”
“ဟာ၊ က်ဳပ္ကလိမ္ပါ့မလားဗ်ာ၊ အခုတင္ ကိုေမာင္စိနဲ႔႐ြာထဲဝင္သြားတာဗ်”
“ဒီေကာင္ေသခ်ာလား”
“ေသခ်ာပါတယ္ဆိုမွဗ်ာ၊ ဒါေပမယ့္ က်ဳပ္ကိုေတာ့ သူကမမွတ္မိဘူးဗ်၊ သူ႔နာမည္အရင္းက တင့္ေဆြတဲ့ဗ်ာ၊ က်ဳပ္ကိုႏႈတ္ဆက္ၿပီး ႐ြာထဲဝင္သြားတာပါဆို”
အကိုႀကီးက ညႇစ္လက္စပုဆိုးတစ္ထည္ကို ပုံးထဲကိုျပန္ပစ္ခ်လိုက္ၿပီးေတာ့ ထြက္သြားဖို႔လုပ္တယ္ဗ်၊ က်ဳပ္လည္း အကိုႀကီးလက္ေမာင္းကိုဆြဲၿပီး
“အကိုႀကီး၊ ဒါကဘယ္သြားမလို႔လဲ”
“ဘယ္သြားရမွာလဲကြ၊ ဒီေကာင္နဲ႔စာရင္းရွင္းမလို႔ေပါ့”
“ဟာဗ်ာ၊ ဒီလိုေဒါသေရွ႕ထားၿပီးလုပ္လို႔ဘယ္ျဖစ္မလဲဗ်၊ ဟိုလူက အခုမွ႐ြာေရာက္႐ုံရွိေသးတာ”
“ဒီေကာင္က ငါတို႔ကိုဖဲလိမ္႐ိုက္ၿပီးေတာ့ ငါတို႔ပိုက္ဆံေတြယူသြားတာကြာ၊ ဒါတင္မကဘဲ ရဲတိုင္ေတာ့လည္း ဖ်ံက်ၿပီးထြက္ေျပးခဲ့တာမဟုတ္လား”
“အကိုႀကီး အၾကမ္းနည္းနဲ႔သြားမလုပ္နဲ႔ေနာ္၊ ေတာ္ၾကာ ရန္ပြဲေတြျဖစ္ကုန္လို႔ အကိုႀကီးတစ္ပူေပၚတစ္ပူဆင့္ျဖစ္ေနအုံးမယ္၊ ၿပီးေတာ့ မရီးကလည္းေျပာထားတယ္မဟုတ္လား၊ ဒီတစ္ခါ ႐ုံးေရာက္ဂတ္ေရာက္ဆိုရင္ေတာ့ အကိုႀကီးနဲ႔အျပတ္ပဲဆိုတာေလ”
က်ဳပ္ေျပာလိုက္မွ အကိုႀကီးေျခလွမ္းေတြ တုန႔္ခနဲရပ္သြားတယ္ဗ်၊ ေနာက္ေတာ့ အံကိုႀကိတ္ရင္း
“ဘာပဲေျပာေျပာ ငါကေတာ့ ဒီေကာင့္ကိုမေက်ဘူးကြာ”
“က်ဳပ္လည္း မေက်နပ္ပါဘူးဗ်ာ၊ ဒါေပမယ့္ ဖဲသမားစကားရွိတယ္မဟုတ္လား၊ ဖဲဝိုင္းက ျပႆနာကို ဖဲဝိုင္းမွာပဲရွင္းတဲ့ေလ၊ စိတ္ခ်ပါ၊ ဒီလူေရာက္ရင္ က်ဳပ္တို႔႐ြာမွာ ဖဲဝိုင္းျဖစ္မွာပဲ၊ ဖဲဝိုင္းျဖစ္ရင္ေတာ့ က်ဳပ္တို႔သူ႔ကိုျပန္ၿပီး အႏိုင္ယူလို႔ရပါေသးတယ္၊ ရႈံးေႂကြးဆပ္လို႔ ရပါေသးတယ္ဗ်”
က်ဳပ္ေျပာလိုက္ေတာ့မွ အကိုႀကီးလည္း နည္းနည္းတည္ၿငိမ္သြားတယ္။
“ဒါဆို ဘယ္လိုလုပ္ၾကမလဲကြ”
“ဒီလူက ေမွာ္ပညာနဲ႔ဖဲႏိုင္ေအာင္လုပ္ထားတာလို႔ က်ဳပ္ထင္တယ္ဗ်၊ ဦးဘသာလည္း တစ္ခါေျပာဖူးတယ္၊ ဒီေမွာ္ပညာသာမရွိရင္ ဒီလူပြဲတိုင္းမႏိုင္ပါဘူးဗ်ာ၊ အကိုႀကီး တစ္ရက္ႏွစ္ရက္ေလာက္ သည္းခံထားအုံး၊ ဒီလူကိုႏိုင္မယ့္နည္းလမ္းကို က်ဳပ္ရွာလိုက္အုံးမယ္”
အကိုႀကီးက ေခါင္းကိုဆတ္ခနဲညိတ္ၿပီး
“ေအး၊ သူ႔ကိုႏိုင္တဲ့အခါက်ရင္ ငါ့ကိုလည္းေခၚစမ္းပါကြာ၊ ဒီေကာင္ရႈံးတာကိုၾကည့္ၿပီး ငါအားရပါးရ ရယ္ခ်င္လို႔ပါ”
“မပူနဲ႔အကိုႀကီး၊ အကိုႀကီး ရယ္ရမယ္၊ ရယ္ရေစမယ္ဗ်ာ၊ ေလာေလာဆယ္ေတာ့ အဝတ္ဆက္လွန္းၿပီး မရီးခိုင္းတာလုပ္ထား၊ က်ဳပ္အဆင္သင့္ျဖစ္ရင္ အကိုႀကီးကိုလာေျပာမယ္၊ ဟုတ္ၿပီလား”
အကိုႀကီးလည္း ေခါင္းညိတ္ၿပီးေတာ့ သူ႔ပုဆိုးေတြကို ေရညႇစ္ၿပီးလွန္းေနတယ္ဗ်၊ က်ဳပ္လည္း စနည္းနာရေအာင္လို႔ အိမ္ကေနတိတ္တိတ္ကေလးထြက္ခဲ့တာေပါ့ဗ်ာ။
(၄)
“ဦးဘသာ၊ ဦးဘသာ”
ဦးဘသာ အိမ္မွာမရွိတာနဲ႔ က်ဳပ္လည္း႐ြာျပင္ထြက္ၿပီး လိုက္ေအာ္ေနမိတယ္၊ ဦးဘသာက ယာခင္းေတြအစြန္ဘက္က သရဲေျခာက္တဲ့ေတာတန္းနားကိုေတာင္ ေရာက္ေနၿပီဗ်၊ က်ဳပ္လည္း ဦးဘသာဆီကိုေျပးသြားလိုက္ေတာ့တယ္၊ ေနပူက်ဲတဲ ယာခင္းထဲကေန ဖုန္တေထာင္းေထာင္းနဲ႔ေျပးလာတဲ့က်ဳပ္ကို ဦးဘသာက အရိပ္ထဲကေန တအံ့တၾသနဲ႔ၾကည့္ေနသဗ်ာ။ အနားေရာက္ေတာ့မွ
“အလတ္ေကာင္၊ မင္းၾကည့္လိုက္ရင္ အၿမဲတမ္းအေျပးတစ္ပိုင္းနဲ႔ပါလားကြ၊ အခုလည္း ဘယ္လိုျဖစ္လာျပန္ရတာလဲ”
က်ဳပ္လည္း ေျပာေတာ့ေျပာခ်င္တယ္၊ ဒါေပမယ့္ ေမာေနလို႔အသက္ကိုမနည္းရႈေနရေသးတယ္ဗ်၊
“ဟို၊ ဟိုလူ ႐ြာကိုေရာက္လာၿပီဗ်”
“အစပ္အဆက္မရွိ နင့္ေမႀကီးေတာ္ ႐ြာကိုေရာက္လာတာလားဟ”
“မဟုတ္ပါဘူးဗ်ာ၊ ကိုေပါက္ခြၽန္း ေရာက္လာတာဗ်၊ က်ဳပ္တို႔ကို ဖဲလိမ္႐ိုက္ၿပီး ေရွာင္ေျပးသြားတဲ့ ကိုေပါက္ခြၽန္းဆိုတဲ့လူ ေရာက္လာတာ”
ဦးဘသာက တအံ့တၾသနဲ႔ဗ်။
“ဟ၊ မင္းလူကေတာ့ အသက္ရွည္အုံးမယ္ထင္ပါ့ကြာ၊ မနက္ကပဲ သူ႔အေၾကာင္းေျပာေနရင္း အခုေရာက္လာၿပီတဲ့လား”
“အသက္ရွည္တာ မရွည္တာ အေရးမႀကီးပါဘူးဗ်ာ၊ ဒီလူေရာက္လာတာပဲ အေရးႀကီးတာ”
ဦးဘသာက က်ဳပ္ကိုမႈန္ေတေတနဲ႔ၾကည့္ရင္း
“သူ႔ဖာသူ ႐ြာကိုလာတာ ဘာအေရးႀကီးလဲကြ၊ မင္းတို႔သာ သူနဲ႔ဖဲသြားမ႐ိုက္ဖို႔ အေရးႀကီးတာမဟုတ္လား၊ မင္းတို႔ဖဲမ႐ိုက္ရင္ ဘာမွမျဖစ္ဘူး”
ဦးဘသာစကားၾကားေတာ့ က်ဳပ္ေတာင္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားတယ္။
“မဟုတ္မွလြဲေရာ အလတ္ေကာင္၊ မင္းသူလာေတာ့ သူ႔ကိုရႈံးေႂကြးျပန္ဆပ္မယ္ဆိုၿပီး ဖဲ႐ိုက္ဖို႔မ်ားစိတ္ကူးထားတာလားကြ”
က်ဳပ္ဘာမွျပန္မေျပာႏိုင္ေတာ့ပါဘူးဗ်ာ။
“သြားမလုပ္နဲ႔ေနာ္အလတ္ေကာင္၊ မင္းတို႔ဖဲ႐ိုက္တာကို မင္းအေဖသိရင္ ၿငိမ္ေနမွာမဟုတ္ဘူး၊ ဟိုကလည္း မင္းတို႔နဲ႔ အလကားေနရင္း ဖဲလာမ႐ိုက္ပါဘူးကြာ၊ မင္းတို႔သြား႐ိုက္မွျဖစ္တာ”
“အိုဗ်ာ၊ ဘာပဲျဖစ္ျဖစ္ေပါ့”
“ဘာပဲျဖစ္ျဖစ္လုပ္မေနနဲ႔၊ တစ္ခုခုလုပ္မယ္ဆိုရင္ မင္းအေဖမ်က္ႏွာလည္းေထာက္အုံးကြ၊ မင္းအေဖမွာ မင္းတို႔ဟိုတစ္ခါ ေလာင္းကစားမႈနဲ႔အဖမ္းခံရကတည္းက ႐ြာထဲမွာ အေျပာအဆိုခံေနရတာကြ၊ အေဖကသူႀကီး သားေတြက လူဆိုးေတြဆိုၿပီး ေျပာခံရတာ ဘယ္ေလာက္ရွက္စရာေကာင္းလိုက္မလဲကြာ၊ မဟုတ္တာေတြ မလုပ္ပါနဲ႔ေတာ့အလတ္ေကာင္ရာ”
ဦးဘသာစကားကို နားေထာင္ၿပီးေတာ့ က်ဳပ္လည္း အဲဒီေနရာကေန ေတြေတြႀကီးျပန္လာခဲ့မိေတာ့တယ္၊ ဒါေပမယ့္ ယာခင္းေနပူပူႀကီးထဲျဖတ္ရင္း က်ဳပ္လက္သီးကို က်စ္ေနေအာင္ဆုပ္လိုက္မိတယ္၊ ၿပီးေတာ့ ဦးဘသာဘက္ကိုတစ္ခ်က္လွည့္ၾကည့္ၿပီး။
“ဦးဘသာက မခံထားဖူးေတာ့ ဘယ္သိမလဲဗ်၊ က်ဳပ္တို႔ကေတာ့ ခံရဖူးေတာ့ အ႐ိုးထိေအာင္နာသဗ်ာ၊ ဒီတစ္ခါ ဦးဘသာမကူညီလည္း က်ဳပ္ဖာသာက်ဳပ္ ဒီလူကိုအႏိုင္ရေအာင္ လုပ္ျပမယ္ဗ်”
စိတ္ထဲကေန ႀကိမ္းဝါးၿပီးေတာ့ လမ္းဆက္ေလွ်ာက္ခဲ့တာေပါ့ဗ်ာ။
ေခါင္းငိုက္စိုက္ၿပီး အိမ္ထဲဝင္လာတဲ့က်ဳပ္ကို အကိုႀကီးက လွမ္းၾကည့္ေနတယ္ဗ်၊ က်ဳပ္လည္း ေလးတိေလးကန္နဲ႔ အိမ္ေရွ႕က ခုံတန္းမွာထိုင္ခ်လိုက္တယ္။
“ဘယ္လိုလဲကြ၊ မင္းမ်က္ႏွာၾကည့္ရတာကလည္း ဝမ္းေလ်ာေသထားတဲ့ေမ်ာက္ႀကီးလိုျဖစ္ေနပါလားကြ”
“ဟာဗ်ာ၊ အကိုႀကီးကလည္း ႀကံႀကံဖန္ဖန္”
“ဒါနဲ႔ ငါအဲဒီကိုေပါက္ခြၽန္းအေၾကာင္း စုံစမ္းရသကြ”
“အမယ္၊ အကိုႀကီးက အိမ္ထဲမွာေနၿပီး ဘယ္လိုသိတာလဲဗ်”
“ဟ၊ ငါ့ခယ္မက ႐ြာမွာ ေမာင္းေလကြာ၊ ခုနကပဲ သူအိမ္ကိုလာသြားတယ္၊ ငါ့မိန္းမနဲ႔ စကားေျပာေနရင္း ငါၾကားခဲ့တာကြ၊ အဲဒီကိုေပါက္ခြၽန္းဆိုတဲ့လူက ေမာင္စိနဲ႔ ရင္းႏွီးတာ သိပ္မၾကာေသးဘူးတဲ့ကြ၊ ၿပီးေတာ့ အခု႐ြာကိုေရာက္လာတာကလည္း တျခားေၾကာင့္မဟုတ္ဘူးကြ”
“ဘာေၾကာင့္လဲဗ်”
“ေလာင္းကစားမႈနဲ႔ ၿမိဳင္သာမွာေက်ာ္ေဇာေနလို႔ တို႔႐ြာကိုလာၿပီး ခဏေရွာင္တာတဲ့ကြာ”
“ဟာဗ်ာ၊ သူက ဒီအေၾကာင္းေတြကို ထုတ္ေျပာပါ့မလား”
“သူကေျပာတာမဟုတ္ဘူးကြ၊ ေမာင္စိက သူ႔မိန္းမကိုေျပာထားတာ၊ သူ႔မိန္းမက ငါ့ခယ္မကေျပာျပတာတဲ့ကြ”
“လူဆိုးမွန္းသိေနတာေတာင္မွ ကိုေမာင္စိက သူ႔ကိုဘာလို႔ ေခၚလာတာလဲမသိဘူးေနာ္”
“သူတို႔ေျပာပုံအရဆို ကိုေပါက္ခြၽန္းက အလကားေနမွာမဟုတ္ဘူးတဲ့ေဟ့၊ ေန႔တိုင္းေငြေပးၿပီးေနမွာတဲ့ဟ”
“အင္း၊ ဒါေၾကာင့္လည္း ကိုေမာင္စိေခၚတာျဖစ္မွာေပါ့”
“အခုေတာင္မွ ၾကက္ဖဆယ္ေကာင္ဝယ္ခိုင္းလို႔ ေမာင္စိက ႐ြာထဲလိုက္ဝယ္ေနသတဲ့ကြာ”
“ၾကက္ဖေတြက ဘာလုပ္လို႔ရမွာလဲဗ်၊ ခ်က္စားခ်င္ရင္ ၾကက္မဝယ္စားေပါ့၊ ဧကႏၲေတာ့ ဒီလူေတြ မဟုတ္တာတစ္ခုခုလုပ္ဖို႔ႀကံေနတာျဖစ္မယ္ဗ်”
“မဟုတ္တာလုပ္လို႔ကေတာ့ ငါနဲ႔ေတြ႕ၿပီသာမွတ္စမ္းကြာ”
အသံၾသၾသႀကီးၾကားလိုက္လို႔ က်ဳပ္တို႔ညီအကိုႏွစ္ေယာက္မ်က္လုံးျပဴးသြားတယ္ဗ်၊ အေနာက္ကိုလွည့္ၾကည့္ေတာ့ အေဖက အိမ္ေလွကားကေန ဆင္းလာသဗ်။
“မင္းတို႔ညီအကိုႏွစ္ေယာက္ေပါင္းၿပီး ဘာမဟုတ္တာေတြလုပ္မလို႔လဲကြ၊ ငါခုနက ၾကားလိုက္ပါတယ္”
အေဖက ေျပာဆိုရင္း က်ဳပ္တို႔အေရွ႕ကိုဝင္ထိုင္လိုက္တယ္ဗ်၊ က်ဳပ္လည္း
“ဘာ၊ ဘာမွမလုပ္ပါဘူးအေဖရာ”
“ေအး၊ လုပ္ၾကည့္ေပါ့ကြာ၊ မင္းတို႔မဟုတ္တာလုပ္တဲ့အသံထပ္ၾကားရရင္ေတာ့ မင္းတို႔ငါ့အေၾကာင္းသိေစရမယ္၊ ငါက တကယ္မလုပ္ဘူးဆိုၿပီး မင္းတို႔က ေပါ့ေသးေသးမွတ္ေနၾကတယ္မဟုတ္လားကြ”
“မမွတ္ပါဘူးဗ်ာ အေဖကလည္း”
က်ဳပ္နဲ႔အကိုႀကီးလည္း လူစုခြဲလိုက္တာေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ ကိုေမာင္စိက ၾကက္ဖဆယ္ေကာင္ကို ဘာလို႔ဝယ္သလဲဆိုတာကိုပဲ သိခ်င္ေနတာဗ်၊ ဒီလိုနဲ႔ တျဖည္းျဖည္းမိုးခ်ဳပ္လာတယ္ဗ်ာ၊ က်ဳပ္လည္း ထမင္းစားေနတုန္းအႀကံတစ္ခုရသြားတယ္။
“ဖဲေမွာ္ဆိုတာ သခ်ိဳင္းေစာင့္နဲ႔ ဖဲ႐ိုက္တာဆိုပဲ၊ ဒါဆိုရင္ ငါလည္း သခ်ိဳင္းေစာင့္နဲ႔ ဖဲသြား႐ိုက္ရင္ေကာင္းမလား၊ ဘာပဲျဖစ္ျဖစ္ႀကိဳးစားၾကည့္လို႔ အရႈံးမရွိပါဘူးေလ”
ဒါနဲ႔ စားေသာက္ၿပီးေတာ့ က်ဳပ္လည္း အကိုႀကီးအနားကိုကပ္ရတယ္။
“အကိုႀကီး ညသန္းေခါင္ေလာက္အားသလား”
“ဟာ၊ ညည့္နက္သန္းေခါင္ႀကီး အားမလားကြ၊ အိပ္ရမွာေပါ့”
“အဲဒါေျပာတာမဟုတ္ဘူး၊ အိမ္ကေနခဏထြက္လို႔ အားသလားလို႔ေျပာတာ”
“ဒါေတာ့မရဘူးကြ၊ ညဆိုရင္ ငါ့မိန္းမက ငါ့ကိုေျခေထာက္နဲ႔ခြၿပီးအိပ္တာကြ၊ ငါထြက္သြားရင္ သူသိသြားလိမ့္မယ္”
“အကိုႀကီးဘဝကလည္း ဆိုးပါတယ္ဗ်ာ၊ ထားပါေတာ့ က်ဳပ္ပဲလုပ္ပါ့မယ္၊ ဒါနဲ႔ အကိုႀကီးမွာ ဖဲထုပ္ရွိသလား”
က်ဳပ္ေမးေတာ့ အကိုႀကီးက ေခါင္းညိတ္ၿပီးေတာ့ ဟိုဟိုဒီဒီၾကည့္ရင္း သူတို႔ခင္းအိပ္တဲ့ဖ်ာၾကမ္းေအာက္ကို လွန္လိုက္တယ္ဆိုရင္ပဲ ဖဲခ်ပ္ေတြအမ်ားႀကီးထြက္လာသဗ်။ ခင္ဗ်ားတို႔ နားရႈပ္သြားမွာစိုးလို႔ေျပာရအုံးမယ္၊ က်ဳပ္တို႔အညာဘက္က အိမ္ေတြက ၾကမ္းခင္းပ်ဥ္ေတြက ခပ္ႀကဲႀကဲဗ်၊ ဒါေၾကာင့္ လင္မယားအိပ္ခန္းေတြ၊ အပ်ိဳအိပ္ခန္းေတြဆိုရင္ ၾကမ္းေပါက္ကေန ေခ်ာင္းလို႔မရေအာင္လို႔ ထန္းေၾကာဖ်ာအၾကမ္းႀကီးေတြကို ခန္းလုံးျပည့္နီးပါး ခင္းထားတတ္ၾကတာ၊ အိပ္ခါနီးေတာ့မွ အေပၚကေနဖ်ာေခ်ာထပ္ခင္းၿပီးအိပ္တာဆိုေတာ့ ေတာ္႐ုံတန္႐ုံ ဖ်ာၾကမ္းကိုလွန္မၾကည့္တတ္ၾကဘူးေပါ့ဗ်ာ။
“အကိုႀကီးကလည္း ဖဲခ်ပ္ေတြ ဖ်ာေအာက္ခုထားရတယ္လို႔”
“ဟေကာင္ရ၊ မလုံၿခဳံဆုံးလို႔ ထင္ရတဲ့ေနရာက အလုံၿခဳံဆုံးပဲတဲ့ကြ၊ ယူစရာရွိတာ ျမန္ျမန္ယူစမ္းကြာ”
က်ဳပ္လည္း ဖဲခ်ပ္ေတြယူၿပီးေတာ့ အက်ီအိတ္ကပ္ထဲထည့္ၿပီး ထြက္ခဲ့တာေပါ့ဗ်ာ။ ဒီအတိုင္းဆိုရင္ က်ဳပ္ေတာ့ ညသန္းေခါင္ေရာက္ေအာင္ ေစာင့္ဖို႔ပဲက်န္ေတာ့သဗ်။
(၅)
ေမွးခနဲအိပ္ေပ်ာ္သြားလိုက္တာ အိမ္ေနာက္ေဖးမွာေမြးထားတဲ့ ၾကက္ဖႀကီးထေအာ္ေတာ့မွ က်ဳပ္လည္းလန႔္ႏိုးသြားတယ္၊ ကမန္းကတန္းနဲ႔နာရီကိုၾကည့္လိုက္ေတာ့ ညဆယ့္တစ္ခြဲၿပီးၿပီဗ်၊ ၾကက္ဖႀကီးက သန္းေခါင္ၾကက္တြန္တာျဖစ္မယ္၊ က်ဳပ္လည္း အိပ္ရာထဲကေနထၿပီးေတာ့ အသင့္ျပင္ထားတဲ့ ေရနံဆီမီးခြက္ရယ္၊ ၿပီးေတာ့ မီးခတ္တစ္ခုရယ္ယူၿပီးေတာ့ အိမ္ေပၚကေန ေျခသံမၾကားေအာင္ အသာဆင္းခဲ့တာေပါ့ဗ်ာ။
တစ္႐ြာလုံးလည္း တိတ္ဆိတ္လို႔ဗ်၊ က်ဳပ္ျဖင့္ ႐ြာထဲကေန ခပ္သုတ္သုတ္ထြက္ခဲ့ေတာ့ ႐ြာလယ္လမ္းမွာက်က္စားၾကတဲ့ ေခြးေလေခြးလြင့္ေတြက က်ဳပ္ကိုၾကည့္ၿပီး ထိုးေဟာင္ပါေလေရာဗ်ာ၊ က်ဳပ္လည္း သခ်ိဳင္းထဲကို ခပ္ျမန္ျမန္လာခဲ့လိုက္တယ္၊ အေျပးတစ္ပိုင္းနဲ႔လာတာဆိုေတာ့ ခဏေလးနဲ႔ေရာက္သြားတယ္ေပါ့ဗ်ာ၊ သခ်ိဳင္းအလယ္နားက သစ္ပင္ႀကီးရဲ႕ပင္စည္ကိုမွီထိုင္ၿပီးေတာ့ ေရနံဆီမီးခြက္ကို မီးထြန္းဖို႔လုပ္တယ္ဗ်။
“ေနအုံးဟ၊ ငါအိမ္ကလာတာ ဆယ့္တစ္နာရီခြဲ၊ အခုေျပးလာတာ အလြန္ဆုံးရွိမွ ဆယ့္ငါးမိနစ္ဆိုေတာ့ ဆယ့္ႏွစ္နာရီထိုးအုံးမွာမဟုတ္ဘူး၊ ေနာက္ထပ္ ဆယ္မိနစ္ေလာက္မွပဲ မီးထြန္းၿပီးလုပ္ငန္းစမယ္”
က်ဳပ္လည္းေတြးမိၿပီး မီးခတ္ကိုအိတ္ထဲကိုျပန္ထည့္လိုက္တယ္ဗ်၊ သခ်ိဳင္းကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ အုတ္ဂူႀကီးေတြ၊ ေျမပုံႀကီးေတြက ထိုးထိုးေထာင္ေထာင္နဲ႔ ေၾကာက္စရာႀကီးေပါ့ဗ်ာ၊ သခ်ိဳင္းထိပ္နားက လူေသေတြကို သရဏဂုံတင္တဲ့ ဇရပ္ႀကီးကလည္း အိုေဟာင္းလို႔ေနသဗ်၊ ဇရပ္အမိုးနားက ပန္းဆြဲသစ္သားျပားက တြဲေလာင္းက်ေနၿပီးေတာ့ ေလတိုက္တိုင္း တကြၽီကြၽီနဲ႔ေအာ္ျမည္ေနပါေရာ။ ဒါတင္ဘယ္ကမလဲဗ်ာ၊ သခ်ိဳင္းကုန္းထဲေပါက္ေနတဲ့ သစ္ပင္ႀကီးေတြကလည္း အုပ္အုပ္ဆိုင္းဆိုင္းနဲ႔ ေလတိုက္တိုင္း တရွဲရွဲျမည္လို႔ဗ်၊ လဆန္းႏွစ္ရက္ဆိုေတာ့ လျခမ္းေကြးကေလးကလည္း သိပ္မလင္းပါဘူးဗ်ာ။
က်ဳပ္ၾကည့္ေနတုန္း သခ်ိဳင္းကုန္းဇရပ္အနားမွာ မီးေရာင္ေတြကိုေတြ႕လိုက္ရတယ္ဗ်၊ က်ဳပ္ျဖင့္ သရဲေျခာက္တယ္မွတ္ၿပီး ထြက္ေျပးမလို႔လုပ္ေနမိပါေရာဗ်ာ၊ ေနာက္ေတာ့မွ လူျဖစ္ေနမွန္းသိလိုက္ရတာ၊ လူကႏွစ္ေယာက္ဗ်၊ သူတို႔က ေရနံဆီမီးအိမ္တစ္ေယာက္တစ္ခုကိုင္ၿပီးလာၾကပါေရာ။
ဇရပ္ေပၚကို ေရနံဆီမီးခြက္တင္ၿပီးေတာ့ စေကာႀကီးတစ္ခ်ပ္ကိုထုတ္လိုက္တယ္၊ ေနာက္ေတာ့ သံပုံးနဲ႔ထည့္လာတဲ့ ၾကက္ေကာင္လုံးေတြကို အဲဒီစေကာေပၚကိုတင္သဗ်၊ က်ဳပ္လည္း စိတ္ဝင္စားသြားလို႔ သစ္ပင္ကိုအကာအကြယ္လုပ္ရင္း အနားတိုးကပ္ၾကည့္ေတာ့မွ ကိုေမာင္စိနဲ႔ ကိုေပါက္ခြၽန္းျဖစ္ေနသဗ်ာ။
“ဟာ၊ ငါထင္ပါတယ္ ဒီလူေတြ တစ္ခုခုလုပ္ေတာ့မယ္ဆိုတာ”
ဇရပ္ေရွ႕နားက ေျမျပင္ေပၚမွာ စေကာခ်ၿပီးေတာ့ အလယ္မွာ ထမင္းေတြပုံတယ္ဗ်၊ ၿပီးေတာ့ ထမင္းပုံေပၚမွာ ဖေယာင္းတိုင္တစ္တိုင္စိုက္ၿပီးထြန္းတယ္၊ အေမႊးတိုင္လည္း သုံးေလးတိုင္ေလာက္ထြန္းတယ္၊ ထမင္းပုံရဲ႕ေဘးပတ္ပတ္လည္မွာေတာ့ ၾကက္ဖအေကာင္လိုက္ေတြ ဆယ္ေကာင္ကို ပတ္ပတ္လည္တင္ထားတယ္ဗ်၊ ၾကက္ဖေတြက မီးသင္းထားပုံရတယ္ဗ်၊ မီးသင္းထားတယ္ဆိုတာက မီးနဲ႔က်က္ေအာင္မကင္ဘဲ မီးျပ႐ုံျပထားတဲ့ မက်က္တက်က္ၾကက္သားေပါ့ဗ်ာ။
အားလုံးၿပီးေတာ့ ကိုေပါက္ခြၽန္းက စေကာႀကီးအေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီးေတာ့ လက္အုပ္ခ်ီလိုက္တယ္။
“ဤသခ်ိဳင္းကို ေစာင့္ၾကပ္တဲ့ သခ်ိဳင္းေစာင့္မ်ားအတြင္းမွ အႀကီးအကဲသခ်ိဳင္းေစာင့္အား ဖိတ္မႏၲကျပဳပါတယ္၊ အသင့္ကို ကြၽႏု္ပ္က ေကြၽးပါတယ္၊ ေမြးပါတယ္၊ သုံးေဆာင္ပါ၊ ၿပီးရင္ေတာ့ ကြၽႏု္ပ္နဲ႔ အပ်င္းေျပတစ္ပြဲတစ္လမ္း ဖဲစမ္းေဆာ့ကစားပါမယ္”
အဲဒီလိုေျပာၿပီးေတာ့ စေကာကို တုတ္တစ္ေခ်ာင္းနဲ႔ တဘတ္ဘတ္ေခါက္တယ္ဗ်၊ ဒီအခ်ိန္ ဇရပ္ေခါင္မိုးက ကြၽီခနဲအသံတစ္ခ်က္ ျမည္သြားတယ္ဗ်ာ၊ က်ဳပ္က အစကေတာ့ တြဲေလာင္းက်ေနတဲ့ ပန္းဆြဲသစ္သားျပားကို ေလတိုက္လို႔အသံျမည္တယ္လို႔ထင္ေနတာဗ်၊ ေနာက္ေတာ့ဘယ္ဟုတ္မလဲဗ်ာ၊ မည္းမည္းအေကာင္ႀကီးတစ္ေကာင္က ဇရပ္ေပၚကေန ေဇာက္ထိုးႀကီးဖက္ၿပီး ဆင္းလာတာဗ်၊ ေျခေတြလက္ေတြမွာလည္း အေမႊးၾကမ္းႀကီးေတြနဲ႔ဗ်ိဳ႕၊ ဇရပ္တိုင္ကို ဖက္ၿပီးဆင္းလာတာမ်ား မသိရင္ ပင့္ကူႀကီးတစ္ေကာင္က်ေနတာပဲ။
ၿပီးတာနဲ႔ စေကာေရွ႕မွာ ငုတ္တုတ္ထိုင္ၿပီးေတာ့ ၾကက္ေကာင္လုံးကင္တစ္ေကာင္ကို ေျခေထာက္ကေနဆြဲကိုင္ၿပီးေတာ့ ေလေပၚကိုေျမႇာက္တင္လိုက္တယ္ဗ်၊ ၿပီးေတာ့ သူ႔ပါးစပ္ႀကီးကို ၿဖဲဟလိုက္တယ္၊ ပါးစပ္ႀကီးက ႏွစ္ေပေလာက္ရွိတယ္ဗ်ာ၊ အထဲမွာလည္း သြားေတြ၊ အစြယ္ေတြအျပည့္ပဲ၊ အဲဒီပါးစပ္ႀကီးနဲ႔ ခုနကေျမႇာက္တင္လိုက္တဲ့ ၾကက္ေကာင္လုံးကို ေလေပၚမွာတင္ပဲ ဖမ္းၿပီးစားလိုက္ေတာ့တာပဲဗ်ာ၊ အ႐ိုးေတြကို တဂြၽတ္ဂြၽတ္နဲ႔ဝါးေနတာျဖင့္ က်ဳပ္ေတာင္အေဝးကေန အတိုင္းသားၾကားရသဗ်။
ဒီလိုနည္းနဲ႔ သခ်ိဳင္းေစာင့္ႀကီးက ၾကက္ေတြကိုတစ္ေကာင္ၿပီးတစ္ေကာင္စားလိုက္တာ ၾကက္ေတြအားလုံးကုန္သြားပါေရာဗ်ာ၊ ဒီေတာ့ ထမင္းပုံေပၚမွာစိုက္ထားတဲ့ ဖေယာင္းတိုင္မီးကို ေကာက္ယူၿပီးလႊင့္ပစ္လိုက္တယ္၊ အေမႊးတိုင္ေတြကိုလည္း လက္နဲ႔ဖယ္ပစ္ၿပီးေတာ့ ထမင္းပုံကိုသူ႔လက္ဝါးအႀကီးႀကီးနဲ႔ သိမ္းႀကဳံးခပ္လိုက္တာ ထမင္းတစ္လုံးခ်က္ေလာက္ရွိတဲ့ထမင္းပုံက လက္ထဲကိုအကုန္ပါသြားတာပဲဗ်ာ၊ ၿပီးေတာ့ ပါးစပ္ထဲကို ထမင္းေတြပက္ထည့္တယ္ဗ်၊ စားလို႔လည္းၿပီးေရာ ဘာမေျပာညာမေျပာနဲ႔ စေကာကို လက္ႏွစ္ဖက္နဲ႔ကိုင္လိုက္ၿပီးေတာ့ သူ႔လ်ာအရွည္ႀကီးနဲ႔ ပယ္ပယ္နယ္နယ္လွ်က္ေနပါေရာဗ်ာ၊ သူ႔ပုံၾကည့္ရတာ အႏွစ္ႏွစ္အလလက မစားမေသာက္ခဲ့ရတဲ့ ပုံစံမ်ိဳးပဲဗ်၊ စားေသာက္ၿပီးလို႔ စေကာကိုျပန္ခ်လိုက္ေတာ့ စေကာထဲမွာ ထမင္းတစ္ေစ့ေတာင္မက်န္ဘဲ ေျပာင္သလင္းခါေနတယ္ဗ်ာ၊
ဒီေတာ့မွ ကိုေပါက္ခြၽန္းက ၿပဳံးၿပီးေတာ့
“ကဲ၊ စားေသာက္ၿပီးၿပီဆိုေတာ့ က်ဳပ္နဲ႔ဖဲ႐ိုက္ရေအာင္”
ကိုေပါက္ခြၽန္းက ဖဲထုတ္ကိုေမႊေႏွာက္ၿပီးေတာ့ အဲဒီစေကာထဲမွာပဲ ပုံလိုက္တယ္ဗ်၊ သခ်ိဳင္းေစာင့္ကလည္း ဖဲ႐ိုက္တတ္တယ္ထင္ပါ့ဗ်ာ၊ အဲဒီဖဲပုံကို ေကာက္လိုက္ၿပီးေတာ့ သူ႔လက္ႀကီးေတြနဲ႔ ဖဲခ်ပ္ေတြကို ကုလားဖန္ထိုးေနပါေရာ၊ ၿပီးေတာ့ ဖဲခ်ပ္ေတြကို ကစားျပေနေသးတယ္။ ကိုေပါက္ခြၽန္းတစ္ေယာက္ သခ်ိဳင္းေစာင့္ကိုၾကည့္ၿပီးေတာ့ ေတြေဝေနတာေပါ့ဗ်ာ။ ေနာက္ေတာ့ သခ်ိဳင္းေစာင့္က ဖဲကိုျပန္ပုံၿပီးေတာ့ ဖဲပုံတစ္ဝက္နီးပါးကို ခ်ိဳးခ်ပစ္လိုက္တယ္ဗ်။
က်ဳပ္လည္း အုတ္ဂူတစ္ခုကိုအကာအကြယ္ယူၿပီးေတာ့ ဇရပ္အနားအထိ တိုးကပ္လာခဲ့တာေပါ့ဗ်ာ၊ ကိုေပါက္ခြၽန္းတို႔က သူ႔အာ႐ုံနဲ႔သူမို႔ က်ဳပ္ကိုမျမင္ဘူးဗ်။ က်ဳပ္လည္း ဖဲခ်ပ္ေတြကို ေသေသခ်ာခ်ာမျမင္ရတာနဲ႔ အနားက သစ္ပင္ႀကီးတစ္ပင္ေပၚကိုကုပ္ဖက္တက္လိုက္တယ္ဗ်၊ သစ္ပင္ခြၾကားေရာက္ေတာ့ ျမင္ကြင္းေကာင္းသြားတယ္၊ သူတို႔ကိုေရာ၊ စေကာထဲက ဖဲခ်ပ္ေတြကိုေရာ အတိုင္းသားျမင္ေနရသဗ်။
ကိုေပါက္ခြၽန္းက ေခ်ာင္းတစ္ခ်က္ဟန႔္ရင္း
“ကဲ ကစားမယ္ဆိုေတာ့ ေလာင္းေၾကးေလးပါမွ ေကာင္းသဗ်၊ ဒီေတာ့ က်ဳပ္ကပဲ ေလာင္းေၾကးစေခၚမယ္၊ ခင္ဗ်ားရႈံးရင္ ခင္ဗ်ားက်ဳပ္ဆီမွာ ေျခာက္လတိတိ တပည့္ခံၿပီး က်ဳပ္ခိုင္းတာလုပ္ရမယ္၊ တကယ္လို႔ က်ဳပ္ရႈံးရင္ေတာ့ က်ဳပ္က ခင္ဗ်ားဆီမွာ တစ္သက္လုံးတပည့္ခံမယ္ဗ်ာ”
သခ်ိဳင္းေစာင့္သရဲႀကီးက ေခါင္းညိတ္တယ္ဗ်၊ ဒါနဲ႔ ကစားပြဲစတာေပါ့ဗ်ာ၊ ကိုေပါက္ခြၽန္းက ဖဲခ်ပ္ေတြကို တစ္ေယာက္ႏွစ္ခ်ပ္စီ ေဝလိုက္တယ္ဗ်၊ ၿပီးေတာ့ မ်က္ႏွာတည္တည္နဲ႔ သခ်ိဳင္းေစာင့္ႀကီးကိုၾကည့္တယ္၊ သခ်ိဳင္းေစာင့္ႀကီးက သူ႔သြားႀကီးေတြေပၚေအာင္ ၿပဳံးၿဖီးလို႔ေနသဗ်။
“ကဲ သခ်ိဳင္းေစာင့္ႀကီး၊ ခင္ဗ်ားဖဲကိုအရင္လွန္ဗ်ာ”
သခ်ိဳင္းေစာင့္က စေကာထဲက ဖဲႏွစ္ခ်ပ္ကို သူ႔လက္သည္းနဲ႔ထိုးၿပီး အသာကေလးလွန္လိုက္တယ္၊
“ဟာ . . . ”
ကိုေမာင္စိတစ္ေယာက္ တအံ့တၾသနဲ႔ ထေအာ္လိုက္တာဗ်၊ သရဲႀကီးရဲ႕ကတ္က ဒိုင္းမြန္းရွစ္နဲ႔ အသည္းပုံတစ္ဗ်၊ ကိုေမာင္စိ အံ့ၾသခ်င္လည္း အံ့ၾသစရာပါဗ်ာ၊ ကိုးမီးမွာ ကိုးက်တဲ့လူက အႏိုင္မဟုတ္လားဗ်ာ၊ သရဲႀကီးက ကိုးက်ေတာ့ ႏိုင္ၿပီေပါ့ဗ်၊ ဒါေပမယ့္ ကိုေပါက္ခြၽန္းကေတာ့ မအံ့ၾသတဲ့အျပင္ ေအးေအးေဆးေဆးပါပဲဗ်ာ။
“ဘာပဲေျပာေျပာ ခင္ဗ်ားရႈံးၿပီး သရဲႀကီး”
သရဲႀကီးက ရယ္ေမာရင္း ကိုေပါက္ခြၽန္းဖဲခ်ပ္ကိုလက္ညႇိဳးထိုးျပတယ္၊ ဆိုလိုခ်င္တာကေတာ့ ကိုေပါက္ခြၽန္းရဲ႕ဖဲခ်ပ္ကို လွန္ခိုင္းတယ္ထင္ပါတယ္ဗ်ာ၊ ကိုေပါက္ခြၽန္းကလည္း မွင္ေသေသနဲ႔ သူ႔ဖဲခ်ပ္ကိုလွန္ျပလိုက္တယ္၊ ဖဲခ်ပ္ေတြကိုလည္းလွန္ၿပီးေရာ ေၾကာက္လန႔္တၾကားနဲ႔ထေအာ္တယ္ဗ်။ သူ႔ဖဲခ်ပ္က ေပါက္ခြၽန္းရွစ္နဲ႔ ေပါက္ခြၽန္းႏွစ္ဗ်၊ စုစုေပါင္းေတာ့ တစ္ဆယ္ေပါ့ဗ်ာ၊ တစ္ဆယ္ဆိုရင္ ဘူၿပီေလ၊ အရႈံးေပါ့။ ကိုေပါက္ခြၽန္းက သူ႔ဆံပင္ေတြကိုသူဆြဲကုတ္ရင္းနဲ႔
“မျဖစ္ႏိုင္ဘူး၊ လုံးဝမျဖစ္ႏိုင္ဘူး၊ ငါ့ဖဲထုပ္ထဲမွာ ႏွစ္မပါဘူး”
သရဲႀကီးက ကိုေပါက္ခြၽန္းကိုလက္ညႇိဳးထိုးၿပီးေတာ့ ဟက္ဟက္ပက္ပက္ရယ္ေနတယ္ဗ်၊
“မင္း . . .ရႈံး . . . ၿပီ”
အသံေလးေလးႀကီးနဲ႔ တစ္လုံးခ်င္းေျပာတာဗ်ာ၊ ကိုေပါက္ခြၽန္းလည္း ေတာ္ေတာ္တုန္လႈပ္ေနတယ္ဗ်၊ သရဲနဲ႔႐ိုက္တာ ရႈံးၿပီဆိုေတာ့ သရဲရဲ႕တပည့္ျဖစ္ၿပီေလဗ်ာ၊ ဒါနဲ႔ပဲ ကိုေပါက္ခြၽန္းက ဘာလိုလိုညာလိုလိုနဲ႔ အသာထၿပီး ေျပးေတာ့တာပဲဗ်ာ၊ ဖိနပ္ေတာင္ မပါဘူးဗ်ိဳ႕။ ကိုေမာင္စိတစ္ေယာက္ကေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔က်န္ေနခဲ့တယ္ဗ်၊ သရဲႀကီးက အသံနက္ႀကီးနဲ႔ေအာ္ၿပီးေတာ့ ကိုေပါက္ခြၽန္းဆီကိုေျပးလိုက္ပါေရာဗ်ာ၊ ျဖစ္ခ်င္ေတာ့ ကိုေပါက္ခြၽန္းက လူလည္ဗ်၊ သခ်ိဳင္းအဝင္ေလာက္မွာတင္လုပ္တာဆိုေတာ့ သူထေျပးၿပီးေတာ့ သခ်ိဳင္းအျပင္ဘက္ကိုေရာက္သြားၿပီေလဗ်ာ။ သရဲႀကီးက သခ်ိဳင္းကုန္းအျပင္ကိုထြက္မရဘဲ အသံနက္ႀကီးနဲ႔ေအာ္ၿပီး ေတာ္ေတာ္ေဒါသထြက္ေနပုံရတယ္ဗ်။
ေနာက္ေတာ့ ကိုေမာင္စိကိုလွမ္းၾကည့္ၿပီးေတာ့ ကိုေမာင္စိဆီကိုေျပးလာပါေရာဗ်ာ။ ကိုေမာင္စိလည္း ေၾကာင္ေၾကာင္ႀကီးရပ္ေနၿပီး ပါးစပ္က အသံၿပဲႀကီးနဲ႔ေအာ္ဟစ္ေနတယ္။ ေနာက္ေတာ့ ကိုေမာင္စိကို လက္ႏွစ္ဖက္နဲ႔ဆြဲညႇစ္ၿပီးဖမ္းထားလိုက္တယ္။
“လႊတ္ေပး . . . က်ဳပ္ကိုလြတ္ေပး”
“မင္းရဲ႕ဆရာေျပးၿပီဆိုေတာ့ သူ႔ကိုမမိရင္ မင္းကိုတပည့္လုပ္ခိုင္းရမယ္၊ မင္းရဲ႕အသက္ကိုႏႈတ္ရမယ္ကြ”
က်ဳပ္လည္း မေနႏိုင္တာနဲ႔ သစ္ပင္ခြၾကားကေန လွမ္းေအာ္လိုက္ရတာေပါ့ဗ်ာ။
“ေဟ့၊ ခင္ဗ်ားဒီလိုလုပ္တာ မတရားဘူး”
က်ဳပ္ေအာ္လိုက္ေတာ့ သရဲႀကီးေရာ၊ ကိုေမာင္စိေရာ က်ဳပ္ကိုလွည့္ၾကည့္ၾကတယ္။ က်ဳပ္လည္း သစ္ပင္ေပၚကေနဆင္းၿပီးေတာ့
“ဒီမွာ၊ ခင္ဗ်ားေလာင္းေၾကးလုပ္တာ ခုနကလူနဲ႔လုပ္တာေလဗ်ာ၊ သူနဲ႔လုပ္တာမွမဟုတ္တာ၊ ခင္ဗ်ားဖမ္းခ်င္ရင္ သူ႔ကိုရေအာင္ဖမ္းေပါ့ဗ်၊ ကိုေမာင္စိနဲ႔ဘာမွမဆိုင္ဘူး”
ကိုေမာင္စိဆိုရင္ ေၾကာက္လြန္းလို႔ ဆီးေတြေတာင္ ထြက္က်တယ္ဗ်၊ ေနာက္ေတာ့ တုန္တုန္ယင္ယင္နဲ႔
“ဟုတ္၊ ဟုတ္ပါတယ္ဗ်ာ၊ က်ဳပ္က သူ႔တပည့္မဟုတ္ပါဘူး၊ သူ႔ကိုအေဖာ္အျဖစ္နဲ႔လိုက္လာခဲ့တာပါ၊ က်ဳပ္၊ က်ဳပ္ကိုမစားပါနဲ႔”
“မရဘူး၊ ဒီငါ့သခ်ိဳင္း၊ ငါ့အပိုင္၊ ငါ့သခ်ိဳင္းထဲမွာ ငါလုပ္ခ်င္တာလုပ္မယ္၊ ဘယ္သူမွမတားနဲ႔ကြ”
သရဲႀကီးက ဗလုံးဗေထြးေလသံႀကီးနဲ႔ေျပာၿပီးေတာ့ ကိုေမာင္စိမ်က္ႏွာကိုစိုက္ၾကည့္ၿပီး ပါးစပ္ႀကီးၿဖဲျပလိုက္တယ္၊ ကိုေမာင္စိဆိုရင္ သူ႔လက္ထဲမွာပဲ ေခါင္းငိုက္စိုက္က်သြားၿပီး သတိလစ္သြားပါေရာ။
“မင္းရဲ႕သခ်ိဳင္းဆိုေပမယ့္ ဒီလူက မေသေသးဘူးေလကြ”
အသံတစ္ခ်က္ထြက္လာလို႔ သခ်ိဳင္းအဝင္ဝကိုလွမ္းၾကည့္လိုက္ေတာ့ ဦးဘသာႀကီးက တစ္လွမ္းခ်င္းေလွ်ာက္လာတယ္ဗ်။ က်ဳပ္လည္း အားတက္သေရာနဲ႔
“ဦးဘသာ၊ ဦးဘသာ ေရာက္လာၿပီ”
သရဲႀကီးက ဦးဘသာကိုၾကည့္ရင္း
“ငါ့အစာကို ငါစားတာဘာျဖစ္သလဲ”
“မင္းရဲ႕အစာမဟုတ္ပါဘူးကြာ၊ မင္းရဲ႕အစာကို မင္းခုနက စားၿပီးၿပီေလကြာ၊ ငါေျပာမယ္ ေမာင္ညႇက္၊ မင္း ေမာင္စိကိုျပန္လႊတ္ေပးလိုက္”
ဦးဘသာေျပာေတာ့မွ က်ဳပ္လည္းအံ့ၾသသြားမိတယ္။
“ေနပါအုံး၊ ဦးဘသာက ခုနကသူ႔ကို ေမာင္ညႇက္လို႔ ေခၚလိုက္တာလား”
“ေအးေလကြာ”
“ဒါ၊ ဒါဆိုရင္ ကိုေမာင္ညႇက္က သခ်ိဳင္းေစာင့္လား”
ဦးဘသာက ေခါင္းညိတ္လိုက္ရင္း
“ေအးလကြာ၊ ေမာင္ညႇက္က သခ်ိဳင္းေစာင့္ကို ဖဲရႈံးၿပီးေတာ့ သခ်ိဳင္းေစာင့္က အသက္ႏႈတ္ယူလိုက္ပါေရာ၊ အခုေတာ့ အရင္သခ်ိဳင္းေစာင့္က ကြၽတ္လြတ္သြားၿပီဆိုေတာ့ ေမာင္ညႇက္သခ်ိဳင္းေစာင့္ျဖစ္သြားတာ မဆန္းပါဘူးကြာ”
“ဒါေၾကာင့္ကိုးဗ်၊ ဒါေၾကာင့္ ခုနက ကိုေပါက္ခြၽန္းကို ခင္ဗ်ားက ဖဲႏိုင္ေအာင္႐ိုက္လိုက္တာကိုး”
သရဲႀကီးက ေခါင္းညိတ္တယ္ဗ်၊ ေနာက္ေတာ့ ဗလုံးဗေထြးေလသံႀကီးနဲ႔
“တင့္ေဆြက အရင္တုန္းက ငါ့ကိုႏိုင္ဖူးတယ္၊ ဒီေကာင္က သရဲေတြကိုအသုံးခ်ၿပီးေတာ့ ဖဲႏိုင္ေအာင္လုပ္တာေၾကာင့္မို႔လို႔ ငါလည္း သခ်ိဳင္းေစာင့္နဲ႔ဖဲ႐ိုက္ၿပီးေတာ့ ဖဲေမွာ္ရေအာင္လုပ္ရင္းကေန ဒီလိုျဖစ္ခဲ့တာပဲ”
“အပိုေတြေျပာမေနနဲ႔ ေမာင္ညႇက္ရာ ေမာင္စိကိုလႊတ္လိုက္စမ္းပါ”
“ဒီအတိုင္းေတာ့ ဘယ္လြတ္ႏိုင္မလဲဗ်၊ ဟား၊ ဟား”
သရဲႀကီးက အသံနက္ႀကီးနဲ႔ေအာ္ရယ္တယ္ဗ်။ ၿပီးေတာ့ ဦးဘသာကိုလက္ညႇိဳးထိုးၿပီးေတာ့
“ခင္ဗ်ားနဲ႔က်ဳပ္နဲ႔ ဖဲ႐ိုက္မယ္၊ တကယ္လို႔ ခင္ဗ်ားႏိုင္ရင္ က်ဳပ္ဒီလူကိုလႊတ္ေပးမယ္၊ ခင္ဗ်ားရႈံးရင္ေတာ့ က်ဳပ္ဒီလူကိုစားမယ္”
ဦးဘသာက ပုဆိုးကိုမလိုက္ရင္း
“ေကာင္းၿပီေဟ့ေကာင္၊ လုပ္စမ္းကြာ”
သရဲႀကီးက စေကာထဲက ကိုေပါက္ခြၽန္းက်န္ခဲ့တဲ့ ဖဲထုပ္ကို လက္နဲ႔ပုတ္ခ်လိုက္ၿပီးေတာ့
“ဒီေကာင့္ဖဲက အလိမ္အညာေတြခ်ည္းဘဲ၊ ဒီေကာင္က ငါ့ကိုႏိုင္ေအာင္လို႔ တမင္ညစ္ထားတာကြ”
က်ဳပ္လည္း အိတ္ကပ္ထဲက ဖဲထုပ္ကိုႏႈိက္လိုက္တယ္။
“ေရာ့ဗ်ာ၊ က်ဳပ္မွာ ဖဲထုပ္ပါတယ္”
က်ဳပ္လည္း ဖဲထုပ္ကို စေကာထဲကိုခ်ေပးလိုက္ေတာ့ သရဲႀကီးက က်ဳပ္ဖဲထုပ္ကို က်င္က်င္လည္လည္နဲ႔ေမႊေႏွာက္ၿပီး ကုလားဖန္ထိုးေနသဗ်၊ ၿပီးေတာ့ ဖဲထုပ္ကိုခ်ၿပီး ဦးဘသာကိုေဝေပးလိုက္ပါေရာဗ်ာ၊ က်ဳပ္လည္း ရင္ထဲေတာ္ေတာ္ထိတ္လန႔္ေနတယ္ဗ်ာ၊ ေနာက္ေတာ့ သရဲႀကီးက ၿပဳံး႐ႊင္ၿပီးေတာ့ သူ႔ကတ္ႏွစ္ကတ္ကိုလွန္ျပတယ္လိုက္တယ္ဗ်၊ ဒိုင္းမြန္းရွစ္နဲ႔ ဒိုင္းမြန္းတစ္နဲ႔ဗ်၊ ဒါဆိုရင္ သရဲႀကီးက ကိုးက်ၿပီ၊ ဖဲအေခၚ ဒိုၿပီေပါ့ဗ်ာ၊ ဒိုၿပီဆိုရင္ တစ္ပြဲလုံးပြဲသိမ္းၿပီေပါ့၊ သရဲႀကီးက ဦးဘသာကိုၾကည့္ၿပီး တဟားဟားနဲ႔ရယ္တယ္၊ ေနာက္ၿပီးေတာ့ လက္ထဲက ကိုေမာင္စိကိုလည္း ပါးစပ္နဲ႔ဟပ္ဖို႔ျပင္တယ္ဗ်။
“မေလာစမ္းပါနဲ႔ကြာ၊ ငါ့ကတ္ကိုၾကည့္စမ္းပါအုံးကြ”
ဦးဘသာက ကတ္ကိုေတာင္မကိုင္ဘဲနဲ႔ လက္ညႇိဳးထိုးလိုက္ေတာ့ ကတ္က လန္သြားပါေရာဗ်ာ၊ ေပါက္ခြၽန္းရွစ္နဲ႔ ေပါက္ခြၽန္းတစ္ဗ်၊ ဖဲထဲမွာေတာ့ ေပါက္ခြၽန္းက အဆင့္အျမင့္ဆုံးပဲဗ်ာ၊ ကိုးခ်င္းတူရင္ေတာင္၊ ရွစ္နဲ႔တစ္ခ်င္းတူရင္ေတာင္မွ ေပါက္ခြၽန္းရွစ္နဲ႔ ေပါက္ခြၽန္းတစ္က၊ ဒိုင္းမြန္းရွစ္နဲ႔ ဒိုင္းမြန္းတစ္နဲ႔ကို ႏိုင္တယ္ဗ်၊ သရဲႀကီးက တအံ့တၾသနဲ႔ၾကည့္ေနတယ္။
“မယုံဘူး၊ မျဖစ္ႏိုင္ဘူး”
“ေဟ့ေကာင္ေမာင္ညႇက္၊ မင္းစကားကို မင္းတည္စမ္းကြာ၊ အခုမင္းရႈံးၿပီ၊ ဒီေတာ့ မင္းရဲ႕ကတိအတိုင္း မင္းသူ႔ကိုလႊတ္ေပးလိုက္၊ မင္းတို႔ပရေလာကသားေတြၾကားထဲမွာ ကတိတစ္လုံးက ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ မင္းသိတယ္မဟုတ္လား”
ဒါနဲ႔ပဲ သခ်ိဳင္းေစာင့္သရဲႀကီး ေမာင္ညႇက္တစ္ေယာက္ ကိုေမာင္စိကိုလႊတ္ေပးလိုက္ရေတာ့တာေပါ့ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း ကိုေမာင္စိကိုတြဲၿပီးေတာ့ ထြက္လာခဲ့ရတယ္၊ သိပ္ေဝးေဝးမသယ္ႏိုင္တာနဲ႔ ႐ြာအဝင္အနားက ဇရပ္အေပၚမွာတင္ထားခဲ့ရတယ္ဗ်ာ။
“ကိုေမာင္စိ အဆင္ေျပပါ့မလား ဦးဘသာ”
“သူက ေမ့ေန႐ုံသက္သက္ပါကြ၊ သိပ္ေတာ့ စိုးရိမ္စရာမရွိေတာ့ပါဘူးကြာ၊ သူႏိုးလာရင္ ျဖစ္ခဲ့သမွ်အားလုံးကို ေမ့သြားလိမ့္မယ္ကြ”
ဒါနဲ႔ က်ဳပ္နဲ႔ဦးဘသာလည္း ႐ြာထဲကိုျပန္လာခဲ့တာေပါ့။
(၆)
“သရဲႀကီး . . . သရဲႀကီး”
ကိုေမာင္စိတစ္ေယာက္ သတိရၿပီးကတည္းက အဖ်ားေတြတက္ၿပီး ကေယာင္ကတမ္းေတြေအာ္ဟစ္ေနတာပဲဗ်ာ၊ ေဆးဆရာဦးမွတ္ႀကီးက ၾကပ္ၾကပ္မတ္မတ္ကုသေပးေနရတယ္၊ သူ႔အိမ္မွာေနတဲ့ ကိုေပါက္ခြၽန္းကေတာ့ အိမ္မွာမေနေတာ့ဘဲနဲ႔ ႐ြာျပင္ဇရပ္မွာေနတယ္ဗ်၊ မနက္ခင္း ထမင္းစားေသာက္ၿပီးေတာ့ အကိုႀကီးက က်ဳပ္ကိုလက္တို႔သဗ်။
“အလတ္ေကာင္၊ ဒီေန႔ ႐ြာျပင္ဇရပ္မွာ ဖဲဝိုင္းရွိတယ္တဲ့ကြ၊ ငါ့ကို ကာလသား ကိုထိန္တို႔ေျပာခဲ့တာ”
“အဲဒါဘာျဖစ္သလဲဗ်ာ”
“ဘာျဖစ္ရမွာလဲကြ၊ အဲဒီဖဲဝိုင္းကို ဦးေဆာင္တဲ့လူက ေပါက္ခြၽန္းတဲ့ကြ၊ ဒါနဲ႔ ငါေမးပါအုံးမယ္၊ မင္းဘာေတြလုပ္ေနတာလဲ၊ မင္းေျပာတဲ့ အႀကံအစည္က ဘယ္ေတာ့ေအာင္ျမင္မွာလဲ”
က်ဳပ္လည္း စိတ္ထဲေတြးမိလိုက္တယ္ဗ်၊ ကိုေပါက္ခြၽန္းက သူ႔အစီအရင္ေတြကို မေအာင္ျမင္သြားဘူးဆိုေတာ့ ဖဲေမွာ္ေတာ့ရမွာမဟုတ္ဘူးဗ်၊ ဒါနဲ႔က်ဳပ္လည္း ေခါင္းညိတ္လိုက္ၿပီး
“စိတ္ခ်အကိုႀကိး၊ က်ဳပ္တို႔အဲဒီဝိုင္းကိုသြားမယ္”
အကိုႀကီးအားတက္သေရာျဖစ္သြားတယ္။
“ေသခ်ာလားအလတ္ေကာင္”
“ေသခ်ာပါတယ္ဗ်ာ၊ အကိုႀကီးရႈံးေႂကြးကို က်ဳပ္တို႔ဒီေန႔ပဲျပန္ဆပ္ၾကမယ္၊ ပိုက္ဆံသာမ်ားမ်ား ယူခဲ့ဗ်ာ၊ ဒီေန႔တစ္ဝိုင္းလုံးကို က်ဳပ္သိမ္းျပမယ္ဗ်ာ”
ဒီလိုနဲ႔ က်ဳပ္တို႔ညီအကိုႏွစ္ေယာက္ ႐ြာအျပင္ကိုထြက္ခဲ့ၾကတာေပါ့ဗ်ာ၊ ထင္တဲ့အတိုင္းပါပဲ ႐ြာအျပင္ဇရပ္မွာ လူေတြစု႐ုံးေနၾကတယ္၊ ဖဲဝိုင္းေကာင္းေနၿပီေပါ့ဗ်ာ၊ က်ဳပ္တို႔ေရာက္ေတာ့ ထိုးသားေတြကိုစုံလို႔ဗ်၊ ဝိုင္းေဘးက မတ္တပ္ရပ္ၾကည့္ေနတဲ့သူေတြတင္ အေယာက္ႏွစ္ဆယ္ေလာက္ရွိတယ္၊ ႐ြာထဲက ကာလသားေတြအကုန္ပါတယ္၊ ဝိုင္းထိပ္မွာထိုင္ေနတာကေတာ့ ကိုေပါက္ခြၽန္းေပါ့ဗ်ာ။
က်ဳပ္တို႔လည္း ဝိုင္းအျပင္ကေနရပ္ၾကည့္ေနၾကတယ္။ ကိုေပါက္ခြၽန္းက အရင္လိုေတာ့မဟုတ္ေတာ့ဘူးဗ်၊ စားရတာရွိသလို ေလ်ာ္ရတာလည္းရွိတယ္၊ ဒါေပမယ့္လည္း စားရတာက မ်ားပါတယ္ဗ်ာ၊ ထိုးသားအိမ္ေတြ တစ္အိမ္ၿပီးတစ္အိမ္ ပိုက္ဆံကုန္လို႔ ထထျပန္သြားၾကတယ္၊ အကိုႀကီးကေတာ့ ဝင္ေဆာ့ေစခ်င္ေပမယ့္ က်ဳပ္ကေတာ့ မေဆာ့ဖို႔တားတယ္ဗ်။
“ခဏေစာင့္ပါအုံး အကိုႀကီးရာ၊ ဝိုင္းထဲပိုက္ဆံေတြမ်ားပါေစအုံးဗ်၊ ပိုက္ဆံေတြမ်ားေတာ့မွ က်ဳပ္တို႔မ်ားမ်ားစားရတာေပါ့ဗ်”
တစ္နာရီေက်ာ္ေလာက္ၾကာၿပီးေတာ့ ဖဲဝိုင္းမွာလူရွင္းသြားၿပီ၊ ကိုေပါက္ခြၽန္းအေရွ႕မွာလည္း ေငြေတြေတာ္ေတာ္ပုံေနၿပီဗ်၊ ဒါေတာင္လြယ္အိတ္ထဲကို ထည့္သိမ္းထားတာေတြမပါေသးဘူးဗ်ာ၊ ထိုးသားေတြလည္း သုံးေယာက္ေလာက္ပဲက်န္ေတာ့သဗ်၊ ဒါနဲ႔က်ဳပ္လည္း ဝိုင္းထဲဝင္ထိုင္လိုက္ေတာ့တယ္။ ကိုေပါက္ခြၽန္းက က်ဳပ္တို႔ကိုၾကည့္ၿပီး
“မင္းတို႔ေတြၾကည့္ေနတာၾကာၿပီေနာ္ကြ၊ ငါျဖင့္ ထိုးဖို႔ထိုးေၾကးမရွိလို႔ ၾကည့္ေနတာမွတ္လို႔”
“က်ဳပ္တို႔က အခ်ီႀကီးသိမ္းမလို႔လာတာဗ်၊ ကဲ အကိုႀကီး ရွိသမွ်အကုန္သာထုတ္ေပေတာ့”
အကိုႀကီးက သူယူလာတဲ့ေငြေတြထုတ္ေပးတယ္ဗ်၊ က်ဳပ္လည္း အဲဒီေငြကိုထိုးလိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ ကိုေပါက္ခြၽန္းက က်ဳပ္ဆီကိုကတ္ေတြေဝေပးတယ္ဗ်၊ က်ဳပ္လည္း အိပ္ကပ္ကေလးကို မသိမသာပုတ္ၿပီးေတာ့
“ကဲေဟ့၊ ႏိုင္ေအာင္လုပ္ေနာ္”
ကတ္ရလို႔ၾကည့္လိုက္ေတာ့ ခုနစ္ဗ်၊ က်ဳပ္လည္း ထပ္မဆြဲရဲတာနဲ႔ မဆြဲဘဲအသာေနလိုက္တယ္၊ ေနာက္ေတာ့ ကိုေပါက္ခြၽန္းက ဝိုင္းထဲက အိမ္ေတြကိုဖမ္းပါေရာ၊ အိမ္ေတြအားလုံး အဖမ္းခံၿပီး အစားခံရတယ္ဗ်၊ ေနာက္ေတာ့ ကိုေပါက္ခြၽန္းက သူ႔ကတ္ကိုျပေတာ့ သူက ေျခာက္ေပါက္ပဲရွိသဗ်၊ က်ဳပ္က ခုနစ္ေပါက္ေပါ့ဗ်ာ။ အမ်ားႀကီးထိုးထားတာဆိုေတာ့ ေငြအမ်ားႀကီးရတာေပါ့ဗ်ာ၊ အကိုႀကီးမ်က္ႏွာႀကီးဆို ၿဖီးၿပီးေနတာပဲဗ်၊ သူယူလာတဲ့ပိုက္ဆံေတြက အခုဆိုပြားသြားၿပီကိုးဗ်။
က်ဳပ္က ပိုက္ဆံပုံကိုယူေတာင္မယူပါဘူးဗ်ာ၊ ဖ်ာေပၚကိုအကုန္ျပန္ထိုးတင္လိုက္တယ္၊ ႐ြာသားေတြက က်ဳပ္ကိုၾကည့္ၿပီး အံ့ၾသလို႔ဗ်၊ ကိုေပါက္ခြၽန္းကေတာ့ က်ဳပ္ကိုၾကည့္ၿပီး
“ေဟ့ေကာင္တကယ္လားကြ”
“တကယ္ေပါ့ဗ်ာ၊ အကုန္လုံးကိုထိုးမွာ”
ကိုေပါက္ခြၽန္းက ဖဲေဝျပန္ေရာဗ်ာ၊ က်ဳပ္လည္း အိတ္ကပ္ကေလးကို အသာပုတ္လိုက္တယ္၊ ဒီတစ္ခါေတာ့ ဖဲက အပြင့္ေကာင္းသဗ်၊ က်ဳပ္ျဖင့္ ကတ္ကိုျမင္ၿပီးတာနဲ႔ ဖဲခ်ပ္ေတြကိုလွန္ခ်လိုက္ပါေရာဗ်ာ။
“ကဲ၊ ဒိုၿပီဗ်ာ၊ အသည္းပုံရွစ္နဲ႔ အသည္းပုံတစ္ဗ်၊ အပြင့္တူေတာ့ ႏွစ္ဆ၊ ႏွစ္ဆ”
ကိုေပါက္ခြၽန္းမ်က္ႏွာ ေတာ္ေတာ္ပ်က္သြားတာဗ်၊ က်ဳပ္လည္း သူ႔ကိုလက္ႏွစ္ေခ်ာင္းေထာင္ျပၿပီးေတာ့ ေပ်ာ္႐ႊင္ေနမိတယ္၊ ကိုေပါက္ခြၽန္းၾကည့္ရတာ အေတာ္စိတ္ညစ္ေနပုံပဲ၊ ဒီအတိုင္းဆို သူ႔ေရွ႕က ေငြပုံႀကီးကို က်ဳပ္တို႔ညီအကိုအကုန္သိမ္းႏိုင္ၿပီေပါ့ဗ်ာ။
“ေဟ့ေကာင္ေတြ၊ မလႈပ္နဲ႔”
ဒီအခ်ိန္မွာ ဇရပ္ပတ္ပတ္လည္ကေန အသံေတြၾကားလိုက္ရတယ္ဗ်၊ က်ဳပ္တို႔အလန႔္တၾကားနဲ႔ၾကည့္လိုက္ေတာ့ ကာလသားေတြအျပင္၊ ရဲေတြနဲ႔ ႐ြာလူႀကီးေတြအကုန္လုံး က်ဳပ္တို႔ကိုဝိုင္းထားလိုက္ၾကပါေရာဗ်ာ၊ က်ဳပ္မွာ ထပဲေျပးရေတာ့မလိုလို၊ လက္ပဲေျမႇာက္ရေတာ့မလိုလိုနဲ႔ ဇရပ္ၾကမ္းျပင္ေပၚမွာ ေလးဖက္ေထာက္လွ်က္သားႀကီးျဖစ္ၿပီး က်န္ေနခဲ့တယ္၊ အကိုႀကီးကေတာ့ ေငြပုံႀကီးကိုေျပးဖက္ၿပီး
“ငါ့ေငြေတြ၊ ငါ့ေငြေတြ . . .”
ဆိုၿပီးေအာ္ေနရဲ႕ဗ်ာ၊ ေနာက္ေတာ့ က်ဳပ္တို႔ေတြကို ရဲေတြကဖမ္းလိုက္ေတာ့တာပါပဲ၊ ေနာက္ေတာ့မွ အေဖနဲ႔ရဲစခန္းမႉးက လမ္းေလွ်ာက္လာၾကသဗ်။ ရဲစခန္းမႉးက
“ဘာပဲေျပာေျပာ သူႀကီးက က်ဳပ္တို႔ကို အခ်ိန္မီသတင္းေပးႏိုင္ခဲ့လို႔ အခု ေပါက္ခြၽန္းလို႔ေခၚၾကတဲ့ တင့္ေဆြကို လူသတ္မႈနဲ႔လက္ရဖမ္းဆီးႏိုင္ခဲ့ၿပီမဟုတ္လား၊ သူႀကီးကိုေက်းဇူးတင္ပါတယ္ဗ်ာ”
“ရပါတယ္ဗ်ာ၊ ဒီလိုေလာင္းကစားလည္းလုပ္၊ လူလည္းသတ္တဲ့ ဒုစ႐ိုက္ေကာင္ေတြကို ဥပေဒအရ အျပစ္ေပးႏိုင္ေတာ့မယ္ဆိုတာသိရလို႔ က်ဳပ္ကပဲ ဝမ္းသာပါတယ္ဗ်”
ေနာက္ေတာ့ အေဖက ဖမ္းထားတဲ့လူေတြကိုၾကည့္လိုက္တယ္၊ ၿပီးေတာ့ အေဖ့ပါးစပ္က တြဲေလာင္းႀကီးက်ၿပီး ပါးစပ္ပြင့္သြားတယ္ဗ်။
“ဟင္၊ အႀကီးေကာင္၊ အလတ္ေကာင္”
က်ဳပ္တို႔လည္း အေဖ့မ်က္ႏွာကို မခ်ိသြားၿဖဲၾကည့္ရင္း
“အ . . . အေဖ”
အေဖက ေတာ္ေတာ္ေဒါသထြက္လာတယ္ထင္ပါတယ္ဗ်ာ၊ တစ္ခါတည္း ပုဆိုျပင္ဝတ္ၿပီးေတာ့ က်ဳပ္တို႔ဆီေျပးဝင္လာပါေရာ။
“ေဟ့ေကာင္ေတြ၊ မင္းတို႔ကို ငါဘာေျပာထားသလဲ၊ မင္းတို႔ကို ငါဘာမွာထားသလဲကြ ဟင္”
ေျပာၿပီးေတာ့ က်ဳပ္တို႔ဆီအတင္းဝင္လုံးၿပီး ထိုးေတာ့တာပါပဲဗ်ာ၊ က်ဳပ္တို႔မွာ ရဲေတြကလည္း လက္ထိပ္ေတြခတ္၊ ႀကိဳးေတြနဲ႔တုပ္ထားေတာ့ မေျပးသာဘဲ ေခ်ာင္ပိတ္အ႐ိုက္ခံရတဲ့ ေခြးေလးေတြလိုျဖစ္ကုန္ေတာ့တာေပါ့။ ရဲေတြက ဝိုင္းဆြဲထားေတာ့မွ အေဖလည္းရပ္လိုက္ေတာ့တယ္ဗ်၊ ဒါေတာင္ က်ဳပ္တို႔ကို ေဒါသတႀကီးနဲ႔ၾကည့္ေနေသးတယ္။
“လူသတ္သမား တင့္ေဆြကို သက္ေသခံေငြေၾကးေတြ၊ ဖဲထုပ္ေတြနဲ႔အတူ ဖမ္းသြားပါမယ္၊ ႐ြာခံေတြကိုေတာ့ ျပန္လႊတ္ေပးခဲ့ပါမယ္၊ သူႀကီးသူတို႔ကိုႀကိဳက္သလို ဆုံးမေပ့ါဗ်ာ”
အေဖက အံႀကိတ္ၿပီးေတာ့ က်ဳပ္တို႔ကိုလက္ညႇိဳးထိုးရင္း
“ေဟ့ေကာင္ေတြ၊ မင္းတို႔ေသၿပီသာမွတ္ထား”
အသံအက်ယ္ႀကီးနဲ႔ ေအာ္လိုက္တာေပါ့ဗ်ာ။
ဒီလိုနဲ႔ က်ဳပ္တို႔ညီအကိုႏွစ္ေယာက္ ထိပ္တုံးနဲ႔ညားေတာ့တာေပါ့ဗ်ာ၊ မ်က္ႏွာမွာလည္း အေဖထိုးထားလို႔ ဖူးေယာင္ၿပီး ဖုသီးေတြထေနၿပီဗ်၊ အကိုႀကီးဆိုရင္ မ်က္စိတစ္ဖက္က ဖူးေယာင္ၿပီး ပိတ္ေနၿပီ။
“ငါသိခ်င္တာ တစ္ခုရွိတယ္အလတ္ေကာင္ရ”
“ဘာလဲဗ်”
“မင္းအိတ္ကပ္ကို ပုတ္ပုတ္ၿပီးေဆာ့ေနေတာ့ မင္းဆီမွာ အေဆာင္တစ္ခုခုမ်ားရွိသလားလို႔”
“သိပ္ရွိတာေပါ့ဗ်ာ”
က်ဳပ္လည္း အိတ္ကပ္ထဲက ဖဲခ်ပ္ကေလးတစ္ခ်က္ႏႈိက္လိုက္တယ္၊ အဲဒါကေတာ့ ေပါက္ခြၽန္းတစ္နံပါတ္ ဖဲခ်ပ္ကေလးဗ်၊ ထိပ္တုံးက ေျခေထာက္ေတြကိုခတ္ထားတာဆိုေတာ့ လက္ကလႈပ္လို႔ရတယ္ေလဗ်ာ၊ အကိုႀကီးက ဒီကတ္ကေလးကိုေသခ်ာယူၾကည့္ၿပီးေတာ့
“ဒါက ဘာထူးသလဲကြ”
“ထူးတာေပါ့ဗ်ာ၊ သခ်ိဳင္းေစာင့္ကို ဦးဘသာဖဲ႐ိုက္လို႔ ႏိုင္သြားတဲ့ ဖဲကတ္ဗ်၊ သခ်ိဳင္းေစာင့္ကို ဖဲႏိုင္တဲ့ကတ္ဆိုရင္ လဘ္ကီးေကာင္းတယ္ဆိုၿပီး ဖဲသမားေတြသိမ္းၾကတယ္မဟုတ္လား၊ က်ဳပ္လည္း အဲဒီကတ္ကေလးကို စေကာထဲက ခိုးယူလာခဲ့တာ”
အကိုႀကီးက ဘာမွေရေရလည္လည္မသိေတာ့ က်ဳပ္ေျပာသမွ်ကို ေၾကာင္အမ္းအမ္းနဲ႔ၾကည့္ေနေတာ့တာေပါ့ဗ်ာ၊ ေျပာလို႔ေတာင္မဆုံးေသးပါဘူး အေဖက က်ဳပ္တို႔ေရွ႕ကိုေရာက္လာပါေရာ။
“ေဟာ၊ ဖဲသမားႏွစ္ေယာက္က အခုထိပ္တုံးခတ္ ခံရတာေတာင္မွ ဖဲခ်ပ္ကိုလက္ကမခ်ႏိုင္ဘူးေပါ့ေလ၊ ေပးစမ္း၊ အဲဒီဖဲခ်ပ္ငါ့ကိုေပးစမ္း”
အေဖက က်ဳပ္ရဲ႕လဘ္ကီးဖဲခ်ပ္ကေလးကို ဆြဲလုၿပီးေတာ့ က်ဳပ္တို႔အေရွ႕မွာပဲ တစ္စစီဆြဲၿဖဲလိုက္ပါေရာဗ်ာ၊ ၿပီးေတာ့
“ေဟ့ေကာင္ေတြ၊ မင္းတို႔ကို ထိပ္တုံးမွာ ခုနစ္ရက္ခတ္ၿပီးေတာ့ ေက်ာတစ္ရာ ရင္တစ္ရာ ႀကိမ္လုံးနဲ႔ႏွက္မယ္ကြ”
က်ဳပ္ျဖင့္ ကေလးတစ္ေယာက္လို အသံၿပဲႀကီးနဲ႔ ေအာ္ငိုပါေရာဗ်ာ၊ အကိုႀကီးက က်ဳပ္ကိုၾကည့္ရင္း
“အလတ္ေကာင္၊ ဒီေလာက္လည္းငိုစရာမပါပါဘူးကြ”
“မဟုတ္ဘူးအကိုႀကီး၊ က်ဳပ္ငိုတာ အေဖ႐ိုက္မွာစိုးလို႔ငိုတာမဟုတ္ဘူး၊ ခဲရာခဲဆစ္ရထားတဲ့ က်ဳပ္ရဲ႕ လဘ္ကီးေကာင္းတဲ့ ဖဲခ်ပ္ကေလးကို အေဖၿဖဲသြားလို႔ ငိုတာဗ်၊ အီး၊ ဟီး”
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ