” စုန်းထီးကြီး ဦးဘသာနှင့် ခြေရာတစ်တောင် မောင်မဲခေါင် “

” စုန်းထီးကြီး ဦးဘသာနှင့် ခြေရာတစ်တောင် မောင်မဲခေါင် ” (စ/ဆုံး)

==============================

(၁)
ကိုအေးတို့ အိမ်ခွဲနေလိုက်တော့ ဦးအောင်ရှိန်တို့အိမ်က ကျယ်သွားတယ်ဗျ၊ အရင်က ဦးအောင်ရှိန်တို့အပေါ်ထပ်မှာ ဦးအောင်ရှိန်တို့လင်မယားရယ်၊ ကိုအေးတို့လင်မယားရယ် နေကြတာမဟုတ်လား၊ အခုတော့ ဦးအောင်ရှိန်တို့လင်မယားပဲရှိတော့တာပေါ့၊ အောက်ထပ်မှာကျတော့ မနှင်းကြည်နဲ့ မိသက်နဲ့အတူတူနေကြတယ်လေ။
ဒါပေမယ့် မခင်ကြည်ကတော့ မပျက်ကွက်ပါဘူးဗျာ၊ မနက်မိုးမလင်းသေးဘူး၊ ဒီဘက်အိမ်ကိုရောက်လာပြီး ချက်ပြုတ်နေပြီဗျ၊ သူတို့က အိမ်သာခွဲနေပေမယ့် အိုးစားတော့မခွဲသေးဘူးပေါ့ဗျာ။ ဒီဘက်အိမ်မှာကလည်း မခင်ကြည်မှမရှိရင် လုပ်မယ့်ကိုင်မယ့်လူမှ မရှိတာပဲဗျာ။
ကျုပ်နဲ့ကိုအေးလည်း အတွဲမိနေတာပေါ့ဗျာ၊ တစ်ရက်တော့ ညနေစာစားမလို့လုပ်နေတုန်းကိုအေးက ယာခင်းထဲကပြန်လာပြီး သူတို့အိမ်ရှေ့ကနေကျုပ်ကိုအသာလက်လှမ်းပြတယ်ဗျ၊ နှုတ်ခမ်းကိုလည်း ရှူးရှူးဆိုပြီးလုပ်ပြတော့ တစ်ခုခုတော့ တစ်ခုခုပေါ့လေ၊ ကျုပ်လည်း သူ့ဆီအပြေးလာခဲ့တယ်၊
“ဟေ့ ခင်ကြည်ဘာလုပ်နေလဲ”
“ထမင်းစားဖို့ပြင်နေတယ်လေဗျ၊ ဘာလဲသွားခေါ်ရမလား”
“မခေါ်ပါနဲ့ကွာ၊ လာစမ်းပါ၊ မင်းအမဲသားစားလား”
“စားတာပေါ့ဗျာ”
“ကောင်းပြီ၊ လာ၊ ဒါဆို ငါ့အိမ်ထဲကိုဝင်”
ကျုပ်လည်း ကိုအေးအိမ်ထဲကိုဝင်လိုက်တော့မှ ကိုအေးက ဖက်နဲ့ထုပ်ပြီးဖွက်ယူလာတဲ့အမဲသားတွဲကိုပြတယ်ဗျ၊ အသားကလတ်သလားတော့မမေးနဲ့နီရဲနေတာပဲဗျာ၊ အသားစိမ်းနံ့ကိုက မွှေးနေတာဗျ။
“လာကွာ၊ ငါတို့နှစ်ယောက် သူတို့မသိခင် အမဲသားတွေကြော်စားစို့”
ကိုအေးက မီးဖိုထဲဝင်သွားတယ်၊ ထင်းမီးမွှေးပြီးတော့ သံဒယ်အိုးကလေးတင်ပြီး နှမ်းဆီထည့်တယ်ဗျ၊ ကျုပ်ကတော့ အမဲသားတွေကို ရေဆေးပေးရတာပေါ့၊ ပြီးတာ့ ဆားနဲ့ဆနွင်းနဲ့နယ်ပေးရတယ်။ အမဲသားတွေက အသားချည်းပဲဗျာ၊ တစ်ပိဿ တောင်မကဘူးထင်တယ်။ နောက်တော့ အတုံးသေးသေးလေးတွေတုံးပြီးတော့ ဆီပူထဲထည့်လိုက်တယ်၊ အမဲသားကြော်နံ့က မွှေးပြီးတက်လာတာပေါ့ဗျာ။
“ဒါနဲ့ ကိုအေးက အမဲသားကို ဘာလို့ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲဗျ”
“မင်းကလည်း မသိဘူးလားကွ၊ အဘိုးကြီးက အမဲသားစားတာမကြိုက်ဘူးကွ”
ကိုအေးက လူလစ်ရင်တော့ ဦးအောင်ရှိန်ကို အဘိုးကြီးလို့ခေါ်သဗျ၊ သူ့မိန်းမရှေ့ကျရင်တော့ အဖေတဲ့၊ ကိုအေးမျက်နှာက သိပ်အပြောင်းအလဲမြန်တာ၊ သူအရက်မူးပြီဆိုရင် ကျုပ်ကိုယောက်ဖလို့ခေါ်တယ်၊ အမူးပြေရင်တော့ ယောက်ဖလို့သွားမပြောနဲ့၊ လက်သီးစာမိသွားမယ်မဟုတ်လား။
“အဘိုးကြီးက အထက်လမ်းဆရာဆိုတော့ အမဲသားစားတာမကြိုက်ဘူးကွ၊ ခင်ကြည်ကလည်း သူ့သမီးဆိုတော့ အမဲသားမစားဘူး၊ ငါကတော့ အမဲသားဆိုသိပ်ကြိုက်တာ၊ ဒါပေမယ့်မင်းသိတဲ့အတိုင်း အရင်က သူတို့အိမ်ကပ်နေရတာဆိုတော့ အပြင်မှာခိုးစားမှပဲရတာ၊ အခုတော့ ကိုယ့်အိမ်နဲ့ကိုယ်ဖြစ်သွားပြီမဟုတ်လား”
ကိုအေးက ကြော်ပြီးသား အမဲသားတုံးတစ်တုံးကျုပ်ကိုပေးလိုက်တော့ ကျုပ်လည်းကောက်ဝါးလိုက်တယ်၊ အမဲသားကြော်က နူးအိပြီးတော့ အရသာသိပ်ရှိတာဗျာ။ ကျုပ်လည်းအမဲသားမစားရတာ တစ်လလောက်ရှိတော့မှာဆိုတော့ ငတ်ငတ်နဲ့စားတာပေါ့ဗျာ။ ကိုအေးကလည်း အမဲသားတစ်တုံးကို ပလုပ်ပလောင်းနဲ့ဝါးတယ်၊ ပြီးတော့ မီးဖိုချောင်က ကြွက်လျှောက်တန်းပေါ်တင်ထားတဲ့ ပုလင်းတစ်လုံးကိုသွားယူတယ်၊ ပုလင်းမှာက လက်ရေးကြီးကြီးနဲ့ ရေနံဆီလို့ရေးထားသဗျ။
“ကိုအေး ဒါဘာလုပ်တာလဲ”
ကိုအေးက ရေနံဆီပုလင်းကိုဖွင့်ပြီးမော့သောက်တယ်ဗျ။ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ကိုအေးတော့ သေကြောင်းကြံပြီလားပေါ့၊ သူကတော့ အေးဆေးပဲ တစ်ငုံသောက်ပြီးတော့ ကျုပ်ကိုရေနံဆီပုလင်းလှမ်းပေးတယ်။ ကျုပ်လည်းယူပြီးနမ်းလိုက်တော့ ရေနံဆီနံ့မထွက်ဘဲနဲ့ အရက်နံ့ဗျ။ ကျုပ်လည်းကိုအေးကိုရယ်ပြီးကြည့်လိုက်တာပေါ့ဗျာ။
“ဟဲဟဲ ဒီလိုပဲ လုပ်ထားရတာကွ၊ ခင်ကြည်လစ်တဲ့အချိန် ဒါလေးမော့မော့နေရတာ”
“ခင်ဗျားတော်တော်ဥာဏ်များတဲ့လူပဲ ကိုအေး”
ကျုပ်တို့လည်း အရက်လေးသောက်လိုက် အမဲကြော်လေးစားလိုက်နဲ့ပေါ့ဗျာ။
“ဒီလောက်ကောင်းတဲ့အသားကို သူတို့တွေဘာလို့ရှောင်သလဲဆိုတာ တွေးလို့ကိုမရဘူးကွာ”
ကိုအေးက ထွေလာတော့ ထုံးစံအတိုင်း စကားစလာပါရော။
“ဟုတ်တယ်ဗျာ၊ ဦးအောင်ရှိန်က အထက်လမ်းမို့မစားတာထားပါတော့၊ ဦးဘသာလည်း စုန်းဖြစ်ပြီး အမဲသားကိုမစားဘူးဗျာ၊ ကျုပ်တို့ကတော့ အမဲသားဆိုရင်သိပ်ကြိုက်တာ၊ ဟောဒီပါးစပ်ထဲကို အကောင်လိုက်မောင်းသွင်းလို့ရရင် မောင်းသွင်းချင်တာဗျ၊ ဟား၊ ဟား”
အိမ်ရှင်စိတ်ကြိုက် ဖော်လိုလိုက်ပြီးပြောရတာပေါ့ဗျာ၊ ကျုပ်တို့စားပြီးမကြာပါဘူး၊ ဖိုးတွမ်တီးကပြေးဝင်လာတယ်။
“ဖေကြီး၊ မေကြီးက ထမင်းစားမယ်တဲ့၊ အဲ၊ ဖေကြီးတို့ဘာတွေကြော်နေကြတာလဲ”
အမေးအမြန်းထူပြီး သိပ်ပါးတဲ့ဖိုးတွမ်တီးရောက်လာတော့ ကျုပ်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိဘူးပေါ့ဗျာ၊ ကိုအေးက ကျုပ်ထက်အာသွက်တယ်ဗျ။
“အေး သား​ေရ၊ အဖေတို့ ချေသားတွေ ကြော်စားနေတာ၊ ငါ့သားစားကြည့်ပါလား”
ကိုအေးက ဖိုးတွမ်တီးကို ချေသားဆိုပြီး အမဲသားကြော်တစ်တုံးပေးလိုက်တယ်။ ဖိုးတွမ်တီးကလည်း အမဲသားကြော်ကိုစားရင်းကြိုက်သွားတယ်ထင်ပါ့။
“ကောင်းလိုက်တာဖေကြီးရာ၊ အဲဒါ ချေသားတဲ့လား”
“မင်းမစားဖူးဘူးမဟုတ်လား၊ စားကွ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်၊ မင်းအမေကိုတော့ ပြောလို့မဖြစ်ဘူး၊ ပြောရင်မင်းကို မကျွေးတော့ဘူး”
“စိတ်ချပါဖေကြီးရာ၊ စားလို့ကောင်းလိုက်တာ နောက်တစ်တုံးလောက်”
ဖိုးတွမ်တီးပါ ကြာနေရင် မကောင်းတော့ဘူးလေဗျာ၊ ဒါနဲ့ပဲ သူ့ကိုပြန်လွှတ်လိုက်ရတယ်။ ကျုပ်တို့ခဏနေရင်လာခဲ့မယ်ဆိုပြီးတော့ ပြောလိုက်တာပေါ့ဗျာ၊ ခိုးစားရတဲ့အသားမို့လို့လားမသိဘူး သိပ်ကိုအရသာရှိတာဗျ။
ကျုပ်တို့စားနေရင်း ဗြုန်းဆို မခင်ကြည်က မီးဖိုထဲဝင်ချလာပါရော၊ ကျုပ်ကလည်း အရက်ပုလင်းကြီးမော့နေတုန်းတန်းလန်းကြီးဆိုတော့ ဖွီးခနဲဖြစ်သွားတာပေါ့ဗျာ၊ မခင်ကြည်က မီးဖိုချောင်ထဲ ကုပ်နေကြတဲ့ကျုပ်တို့ကိုကြည့်ပြီးတော့
“ရှင်တို့ချေသားတွေစားနေကြတယ်ဆို၊ ကျုပ်ကိုလည်း ကျွေးပါအုံးတော်”
ကိုအေးက အမဲသားကြော်ထည့်ထားတဲ့ပန်းကန်ကိုမခင်ကြည်ဆီကိုလှမ်းပေးတယ်ဗျ၊ ကိုအေးလက်တွေ တဆတ်ဆတ်တုန်လို့ဗျာ၊ မခင်ကြည်က အမဲသားတစ်တုံးကောက်ပြီးတော့
“ကိုအေး . . .”
“ဗျ . . . ဗျာ . . .”
“ရှင့်ဟာက ချေသားရောဟုတ်ကဲ့လား”
ကိုအေးက ဘာမှမပြောဘဲ မျက်နှာသေလေးနဲ့လုပ်နေတယ်၊ မခင်ကြည်က အသားတုန်းကိုအသေအချာအနံ့ခံကြည့်ပြီးတော့ မျက်နှာကတစ်ဖြည်းဖြည်းတင်းမာသွားတယ်။
“ဒီမယ်ကိုအေး . . .”
“ဟေ . . ခင် . . ခင်ကြည်”
“ဒါဘာသားတုန်းတော့ . . .”
“ငတင့်ကတော့ ချေ . . ချေသားလို့ပြောတာပဲကွ”
“ရှင်ကျုပ်ကိုမလိမ်နဲ့ ငတင့်ဆိုတာ အမဲသတ်တဲ့လူ၊ သူက ဘယ်ကချေသား ရမှာလဲ”
“အေး . . အေး၊ မသိပါဘူးကွာ၊ သူက ချေသားဆိုတော့လည်း . . . ဟဲ . .ဟဲ”
သူ့မိန်းမမြင်တော့ ကိုအေးအမြှီးကုပ်သွားတဲ့ရုပ်ကို ခင်ဗျားတို့ကို ပြချင်တယ်ဗျာ၊ ကိုအေးက ဘာလို့လဲမသိဘူး မခင်ကြည်တော့ သိပ်ကြောက်တာဗျ။ မခင်ကြည်က ကျုပ်ဘက်ကိုလှည့်လိုက်တယ်၊ ကျုပ်က ရေနံဆီလို့ရေးထားတဲ့ ပုလင်းအနက်ကြီးကိုင်လို့ပေါ့ဗျာ။
“ဟဲ့အလတ်ကောင်၊ နင့်လက်ထဲက ပုလင်းငါ့ကိုပေးစမ်း”
ကျုပ်လည်း ဘာပြောရမှန်းမသိ၊ ပေးရကောင်းနိုးနိုး၊ မပေးရကောင်းနိုးနိုးပေါ့ဗျာ။
“ငါ့ကိုအခုပေးစမ်းအလတ်ကောင်”
ကျုပ်ကိုထအော်တာနဲ့ ကျုပ်လည်းပေးလိုက်ရတာပေါ့ဗျာ၊ မခင်ကြည်က ပုလင်းကိုနမ်းကြည့်ပြီး
“ဟင် . . . ကြည့်စမ်း၊ ကိုအေး၊ ရှင်ပြောတော့ ရေနံဆီဆို . . .”
“အေးလေ၊ ခင်ကြည်ရဲ့ . . . ဒီရေကလည်း နံတယ်မဟုတ်ဘူးလား”
“တိတ်စမ်း၊ ရှင်တို့နှစ်ယောက်ပေါင်းပြီးတော့ ကျွန်မကိုမလှိမ့်တပတ်လုပ်တယ်၊ အဖေမကြိုက်၊ ကျွန်မမကြိုက်တဲ့ အမဲသားကို ခိုးစားကြတယ်၊ ပြီးတော့ အရက်ကိုလည်း ရေနံဆီဆိုပြီးတော့ ခွက်ပုန်းခုတ်ကြသေးတယ်၊ ဒါတင်မကဘဲ ကျုပ်သား . . ကျုပ်သားကလေးကိုလည်း ချေသားဆိုပြီး အမဲသားတွေ ကျွေးလိုက်တာမဟုတ်လား”
ကိုအေးက လက်သုံးချောင်းထောင်ပြီး
“သုံးတုံးထဲ ကျွေးလိုက်တာပါကွာ”
“တော်စမ်း၊ ရှင်တို့တော်တော်တရားလွန်နေပြီ၊ အဖေသိရင် ဘယ်လောက်စိတ်ဆိုးမလဲ၊ နောက်ပြီးကိုအေး၊ ရှင်က ကျွန်မမကြိုက်ဘူး၊ မစားပါနဲ့လို့ အတန်တန်တားတဲ့ အမဲသားကိုမှ အိမ်ပေါ်တင်ပြီးရအောင်စားတယ်ဆိုတာ ကျွန်မကိုစော်ကားတာပဲ၊ ရှင်ကျွန်မကို အာခံချင်တာလား”
“မဟုတ်ပါဘူးမိန်းမရာ၊ ဒီကောင်ပေါ့၊ အမဲသားစားချင်တယ်ဆိုလို့၊ ငါကအိမ်ရှင်ဆိုတော့ ဖန်တီးပေးရတာ”
“တော်ပြီ၊ ဘာမှမပြောနဲ့တော့၊ ရှင်တို့နှစ်ယောက်စလုံး ကျွန်မအိမ်ကနေအခုဆင်းသွားကြ”
ကျုပ်လည်း အိမ်ပေါ်ကနေဆင်းမလို့လုပ်တာပေါ့၊ ကိုအေးက ကျုပ်လက်ကိုလှမ်းဆွဲထားတယ်။ ပြီးတော့ မခင်ကြည်ကိုကြည့်ပြိး
“ဒီမှာခင်ကြည်၊ မင်းငါ့ကိုပြတ်နိုင်လို့လား”
ကိုအေးမေးလိုက်တော့ ဒေါ်သထွက်နေတဲ့ မခင်ကြည်က ငြိမ်ကျသွားတယ်ဗျ။
“ငါတို့ဒီအသားလေးစားတာ ဘာဖြစ်သလဲကွ၊ နောက်ပြီး မင်းဒီမှာတင်ရပ်လိုက်နော်၊ ငါတို့စားတာကို မင်းအဖေသိသွားရင် ပိုပြီးဆိုးသွားလိမ့်မယ်ကွ”
ကိုအေးက ပြန်ပြီးခြိမ်းခြောက်ပါရောဗျာ၊ မခင်ကြည်လည်း စဉ်းစားနေပြီးခေါင်းညိတ်တယ်။
“အဲဒါဆိုလည်း ပြီးတာပဲ၊ ရှင်တို့စားပြီးရင် မသိမသာကလေးနေကြ”
“ဒီလိုမှပေါ့ခင်ကြည်ရာ၊ ငါအမဲသားကြိုက်တာ မင်းလည်းသိသားနဲ့”
“ကဲပါ၊ ကျုပ်ဟိုဘက်သွားလိုက်အုံးမယ်၊ ရှင်တို့ တိုးတိုးတိတ်တိတ်လုပ်ကြနော်”
“အေးပါဟ၊ ငါတို့ဟာနဲ့ငါတို့ဆို လူတောင်မသိပါဘူး”
မခင်ကြည်က မီးဖိုထဲကထွက်သွားတယ်၊ ကျုပ်ဖြင့် ဒီတစ်ခါတော့ ကိုအေးကိုချီးကျူးမိတယ်ဗျ။
“ကိုအေးရာ၊ ခင်ဗျားကိုကျုပ် ဒီတစ်ခါတော့လေးစားသွားပြီဗျာ”
ကိုအေးကတော့ မျက်လုံးလေး ပေကလပ်၊ ပေကလပ်လုပ်ရင်း ကျုပ်ဆီက ရေနံဆီပုလင်းကြီးဆွဲပြီး မော့တော့တာပဲဗျာ။
(၂)
အဲဒီညက ကျုပ်ထမင်းပြန်မစားဖြစ်ပါဘူးဗျာ၊ စားပြီးသောက်ပြီးမှ ကိုအေးအိမ်ကနေကူးခဲ့တယ်၊ မျက်နှာသစ်ပြီး ပလုပ်လေးဘာလေးကျင်းလိုက်တော့ လူကဟန်မပျက်ဘူးပေါ့ဗျာ၊ ဦးအောင်ရှိန်က ညနေစောင်းဆိုဘုရားရှိခိုးပြီးပေမယ့် ဒေါ်အေးကြည်ကတော့ ညဘက်မှ ဘုရားရှိခိုးတာဗျ၊ ဦးဘသာနဲ့ဦးအောင်ရှိန်ထိုင်နေတဲ့အနားကို ကျုပ်လည်းမသိမသာလေးသွားတာပေါ့ဗျာ၊ သူတို့အနားလည်းသိပ်မကပ်ရဲဘူးဗျ၊ မဟုတ်ရင် ကျုပ်အမဲသားခိုးစားထားတာရယ်၊ အရက်သောက်ထားတာရယ် ပေါ်သွားမှာစိုးတာကိုး၊ ဒါနဲ့ပဲ သူတို့ရဲ့လေအောက်ဘက် ကွပ်ပျစ်ထောင့်ကလေးမှာပဲ အသာထိုင်လိုက်တယ်။
“ဒါနဲ့ ဆရာကြီးရှိန်က အမဲသားစားတာ ဘာလို့မကြိုက်တာလဲဗျ”
အမေးအမြန်းထူတဲ့ ကျုပ်က စမေးလိုက်တာပေါ့ဗျာ၊ ဦးအောင်ရှိန်က ကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“အထက်လမ်းဂိုဏ်းသားတွေ တော်တော်များများက ဝက်သားစားချင်စားမယ်၊ အမဲသားတော့ မစားကြဘူးကွ၊ ဘာလို့လဲဆိုတော့ အမဲသားဆိုတာ အစိမ်းသရဲတွေ၊ ဘီလူးတွေကြိုက်တဲ့အသားတဲ့၊ အမဲသားစားထားတဲ့လူကိုဆိုရင် သူများပြုစားရလွယ်တယ်၊ အစိမ်းသရဲဖမ်းစားရလွယ်တယ်ကွ”
“ဟာဗျာ၊ နွားသေတာနဲ့ အမဲသားဖြစ်တာပဲကို၊ ဒီလောက်ကြီးကျတော့ဖြစ်နိုင်ပါ့မလား”
“ဒါက တို့အထက်လမ်းဂိုဏ်းသားတွေ လက်ဆင့်ကမ်းလာကြတဲ့ ထုံးစံပဲကွ၊ ဒါကိုဖောက်ဖျက်ရင် ဂိုဏ်းပညာကိုဖောက်ဖျက်တာနဲ့အတူတူပဲပေါ့”
“အင်းလေ၊ ထားပါတော့၊ ဒါနဲ့ဦးဘသာကရော၊ စုန်းဖြစ်ပြီး အမဲသားဘာလို့မစားတာလဲ”
ကျုပ်လည်း ဦးအောင်ရှိန်ဘက်လှည့်မရတာနဲ့ ဦးဘသာဘက်ကိုလှည့်ရတာပေါ့။ ဦးဘသာက ခေါင်းညိတ်ရင်း
“ဟေ့အလတ်ကောင်ရ၊ ငါက နွားမွေးနေတဲ့လူကွ၊ နွားမွေးတဲ့လူ အမဲသားမစားချင်ကြတာ ထုံးစံပါပဲ”
အချိန်နှောင်းနေတာနဲ့ ကျုပ်တို့လည်းလူစုခွဲပြီး အိပ်ဖို့ပြင်ကြတာပေါ့ဗျာ၊ ဦးဘသာကြီးက တခေါခေါနဲ့အိပ်သွားပေမယ့် ကျုပ်ကတော့ အရက်သောက်ထားတာကလည်း မတင်မကျနဲ့မို့လို့ အိပ်လို့မပျော်ဘဲ တစ်မျိုးကြီးဖြစ်နေတာပေါ့ဗျာ၊ ဒါနဲ့ပဲ ရေနံဆီမီးခွက်ကလေး ခေါင်းရင်းမှာထွန်းပြီးတော့ စာတစ်အုပ်ဖတ်နေတာပေါ့။
“ဘုတ်၊ ဘုတ်၊ ဘုတ်”
ညသန်းခေါင်လောက်ကျတော့ လမ်းမပေါ်မှာ လမ်းလျှောက်သံတစ်ခုကြားတယ်ဗျ၊ ကျုပ်တို့တဲကလေးက လမ်းဘေးကပ်ရပ်ဆိုတော့ ကြားရတာပေါ့၊ လူခြေသံက ထူးတော့ထူးတယ်ဗျ၊ လူတစ်ယောက်ခြေကိုဆောင့်ပြီးတော့ လမ်းလျှောက်လာတဲ့အသံမျိုးဗျ။
ကျုပ်လည်းထူးဆန်းပြီးဆက်နားထောင်နေတယ်၊ ခြေသံက တဖြည်းဖြည်းကျယ်လာပြီးတော့ တဘုတ်ဘုတ်အသံကြီးကလည်း အကျယ်ကြီးပဲဗျာ၊ ခက်တာက ကျုပ်တို့တဲမှာလည်း ပြတင်းပေါက်မရှိဘူးဗျ၊ ပြတင်းပေါက်ရှိရင် ကျုပ်က တံခါးဖွင့်ပြီးကြည့်ချင်တာ၊ ကျုပ်နားထောင်နေရင်း ခြေသံကတဖြည်းဖြည်းနီးလာတယ်ဗျ၊ နောက်တော့ ကျုပ်တို့တဲအရှေ့အရောက်မှာ ခြေသံကရပ်သွားတယ်၊ ကျုပ်လည်းထူးထူးဆန်းဆန်း တဲထဲမှာနေရင်း ကြက်သီးတွေထလာတာဗျ၊ ဒါနဲ့ပဲ ရေနံဆီမီးခွက်ကို ခပ်မြန်မြန်မှုတ်ပြီးတော့ ခြင်ထောင်ထဲဝင်ပြေးပြီး ကွေးနေလိုက်ရတာပေါ့ဗျာ။
မကြာပါဘူး၊ ကလေးငိုသံကြားရတယ်ဗျ၊ ငိုတာကတော့ အိမ်ရှေ့ မခင်ကြည်တို့အိမ်က ဖိုးတွမ်တီးငိုတဲ့အသံဖြစ်မယ်၊ မခင်ကြည်တို့လင်မယား ထပြီးစကားတွေပြောနေကြတယ်၊ ပြီးတော့ မခင်ကြည်က သူ့အိမ်ကနေဆင်းလာပြီး ကျုပ်တို့ခြံဆီကိုပြေးလာတယ်။
“အဖေရေ၊ အဖေ၊ ရေမန်းလေးဘာလေးပေးပါအုံး”
မခင်ကြည်က ဦးအောင်ရှိန်ကိုလာနှိုးတော့ ဦးအောင်ရှိန်လည်းနိုးလာတာပေါ့၊ ကျုပ်လည်းမနေနိုင်တာနဲ့ ထလိုက်လာခဲ့တယ်။
“အမခင်ကြည်၊ ဖိုးတွမ်တီးဘာဖြစ်တာလဲ”
“မသိပါဘူး၊ အိပ်နေရင်း ကယောင်ကတမ်းတွေယောင်ပြီးတော့ ထငိုတာပဲ”
ဦးအောင်ရှိန်က လှေကားပေါ်ကနေဆင်းလာပြီးတော့
“လေတွေဘာတွေထိုးသလားဟဲ့”
“မဟုတ်ပါဘူးအဖေရာ၊ လန့်လို့ငိုတာနေမှာပါ”
“ဒါဆိုငါလိုက်ခဲ့ရမလား”
“မလိုက်ပါနဲ့အဖေရာ၊ ရေမန်းပဲပေး၊ သူ့ကိုနည်းနည်းတိုက်လိုက်ရင် ကောင်းသွားမှာ၊ အဖေလည်း အိပ်ရေးပျက်ပါတယ်”
မခင်ကြည်ရေမန်းယူသွားတယ်ဗျ။ ဒါနဲ့ကျုပ်လည်း တဲကလေးထဲကိုပြန်ဝင်ခဲ့တာပေါ့၊ ကျုပ်အိပ်မလို့လုပ်နေရင်း ခုနကခြေသံနဲ့ ဖိုးတွမ်တီးငိုတာ တစ်ခုခုများဆက်စပ်နေမလားလို့ တွေးမိသေးတယ်၊ ဖိုးတွမ်တီးလည်း ပရိတ်ရည်နဲ့အဆင်ပြေသွားတယ်ထင်ပါတယ်၊ ဆက်မငိုတော့ဘူး၊ နောက်တော့ တစ်ရွာလုံးက ပြန်ပြီးငြိမ်သက်သွားတာပေါ့ဗျာ။
(၃)
မနက်မလင်းသေးဘူး၊ လူသံတွေက ဆူညံနေတာပဲဗျာ၊ ကျုပ်အိပ်တဲ့နားမှာလာပြီးတော့ စုရုံးစုရုံးနဲ့စကားတွေလာပြောနေကြတာ၊ ကျုပ်လည်း အိပ်မရတာနဲ့ အိပ်ရာထဲကနေထွက်ခဲ့တယ်၊ လူတွေက ဖိုးတွမ်တီးတို့အိမ်ရှေ့မှာ ဆူညံနေတာဗျ၊ ကျုပ်လည်း သိချင်စိတ်နဲ့လူအုပ်ကြားထဲ တိုးခဲ့တာပေါ့။
“ဘာတွေကြည့်နေတာလဲ”
“ဒီမှာကြည့်ပါလား ခြေရာကြီး”
ဖိုးတွမ်တီးတို့အိမ်အပေါ်ထပ်ကို တက်တဲ့လှေကားရင်းမှာ ခြေရာကြီးတစ်စုံက အထင်းသားဗျာ၊ အိမ်က ခြေတံရှည်အိမ်ဆိုတော့ လှေကားအတက်မှာ မြေကြီးပဲရှိတာပေါ့၊ မြေကြီးဆိုပေမယ့်လည်း မြေပျော့ပျော့မဟုတ်ဘူးဗျ၊ သံမံတလင်းလိုမျိုး မာမာတောင်တောင်နဲ့မြေကြီးမှာ ခြေရာကြီးနှစ်ခုထင်နေတာ။ ခြေရာကြီးကလည်း တစ်ခုတစ်ခုကို တစ်တောင်လောက်ရှိတယ်၊ ဒီလောက်မြေမာမာမှာ ခြေရာထင်နေတာ အံ့ဩပါရဲ့ဗျာ။
“အဲဒါ ခြေရာတစ်တောင် မောင်မဲခေါင်မို့လား”
“ဟုတ်တာပေါ့”
ရွာသားတွေက အမျိုးမျိုးပြောဆိုနေကြလို့ ကျုပ်လည်း ဦးအောင်ရှိန်အိမ်ထဲကို ပြန်လာခဲ့တယ်၊ ဦးအောင်ရှိန်က ဘုရားခန်းမှာထိုင်ရင်း ရွာလူကြီးတွေနဲ့ ဆွေးနွေးနေကြတယ်။
“ဆရာကြီး၊ ခြေရာကြည့်ပုံအရတော့ ခြေရာတစ်တောင် မောင်မဲခေါင်ကြီးပဲထင်တယ်”
ဦးအောင်ရှိန်က ခေါင်းညိတ်တယ်။
“ကျုပ်လည်း ဒီလိုပဲထင်ပါတယ်”
“မောင်မဲခေါင်ဆိုရင်တော့ အဲဒါရွာကိုအစာလာတောင်းတာပဲဗျ၊ မောင်အေးတို့အိမ်ရှေ့မှာ ခြေရာပေါ်တယ်ဆိုတော့ မောင်အေးတို့ ရွာစာချရမှာပေါ့”
ဦးအောင်ရှိန်က ဒေါသထွက်သွားတယ်။
“ဒါတော့ ကျုပ်လက်မခံဘူးဗျာ၊ ကျုပ်က အထက်လမ်းဆရာပဲဗျ၊ ဒီလိုအစိမ်းသရဲက တောင်းဆိုတိုင်းကျုပ်က လုပ်ပေးရရိုးလား”
“ကျုပ်တို့လည်း လုပ်လေ့ရှိတာကိုပြောတာပါ ဆရာကြီးရာ၊ အခုရော ဆရာကြီးဘယ်လိုလုပ်မယ် စိတ်ကူးသလဲ”
“ဒီကောင်နောက်တစ်ခါလာရင်တော့ ကျုပ်အကြောင်းသိရမှာပေါ့ဗျ”
ရွာလူကြီးတွေလည်း အိမ်ပေါ်ကနေဆင်းသွားတယ်၊ ဦးအောင်ရှိန်က ကိုအေးကို ပေါက်တူးတစ်လက်နဲ့ခြေရာကို ကလော်ခိုင်းပြီးတော့ ကလော်လို့ထွက်လာတဲ့ မြေစာတွေကိုလည်း မြစ်ထဲကိုသွားစွန့်ခိုင်းတယ်ဗျ။ ကျုပ်လည်း ဦးအောင်ရှိန် စိတ်တိုနေပုံရတာနဲ့ မနှင်းကြည်ကိုပဲ ကပ်မေးရတာပေါ့။
“မမနှင်း၊ မောင်မဲခေါင်ဆိုတာ ဘာလဲဗျ”
“ခြေရာတစ်တောင် မောင်မဲခေါင်လေ၊ မောင်လေးမသိဘူးလား”
“ကြားတော့ကြားဖူးတယ်၊ ဒါပေမယ့် သေချာမသိဘူး”
“ပုံပြင်ရှိတယ်လေမောင်လေးရယ်၊ မအောင်ဖြူသေတော့ ဘီလူးဖြစ်သွားတယ်တဲ့၊ ဒါနဲ့သူ့ယောက်ျားကိုa ခါ်ပြီး တောထဲမှာ နှစ်ယောက်တည်းပေါင်းသင်းနေထိုင်တယ်၊ အဲဒီမှာ မောင်မဲခေါင်ကိုမွေးတယ်၊ မောင်မဲခေါင်က လူနဲ့ဘီလူးနဲ့စပ်မွေးတာဆိုတော့ အားလည်းသိပ်ရှိတာဆိုပဲ၊ ခြေရာကြီးတင် တစ်တောင်နဲ့တစ်ထွာရှိတယ်၊ အဲဒါကြောင့် သူ့ကို ခြေရာတစ်တောင် မောင်မဲခေါင်လို့ခေါ်ကြတာပေါ့”
“ကျုပ်နားလည်ပြီ၊ မအောင်ဖြူဆိုတာက ဖျာလိပ်နတ်ကိုပြောတာမဟုတ်လား”
“ဟုတ်တာပေါ့”
“ဒါဆို အခုခြေရာက အဲဒီမောင်မဲခေါင်ရဲ့ခြေရာလား”
“ဒီလိုတော့ ပြောကြတာပဲမောင်လေးရဲ့၊ အဲဒီမောင်မဲခေါင်ခြေရာက အိမ်တစ်အိမ်ရဲ့အရှေ့မှာပေါ်လာပြီဆိုရင် အဲဒီအိမ်ကိုသူက ထမင်းတောင်းစားတာတဲ့၊ ဆန်တစ်ပြည်၊ ကြက်တစ်ကောင်ကို ဘာမှမကိုင်ဘဲ ဒီအတိုင်းမီးကင်ပြီးတင်ပေးရတယ်၊ ပြီးရင် ကောက်ညှင်းနဲ့လူရုပ်လုပ်ပြီးတော့ အဲဒီအပေါ်မှာထပ်တင်ပြီး ဒီအိမ်က ဘယ်သူ့အတွက် ဆက်သပါတယ်၊ သူ့ကို မနှောင့်ယှက်ပါနဲ့ဆိုပြီးတော့ ရွာပြင်မှာရွာစာချပေးရတယ်တဲ့”
“ခုနက ကျုပ်ကြားတာကတော့ ဆရာကြီးက အဲဒီလိုရွာစာမချဘူး၊ နောက်တစ်ခါလာရင် သူနှိမ်နင်းမယ်ဆိုပဲ”
မနှင်းကြည်က ဘာမှတော့ဆက်မပြောတော့ဘူးဗျ၊ မခင်ကြည်ကတော့ အဲဒီနေ့က စိတ်မဖြောင့်နိုင်ဘူးထင်ပ၊ သူ့စိတ်ထဲကအတိုင်းဆိုရင်တော့ ရွာစာချလိုက်ချင်တာ၊ ဒါပေမယ့် အဖေက ဂိုဏ်းဆရာဆိုတော့လည်း မလွန်ဆန်နိုင်ဘူးပေါ့ဗျာ။
ဦးအောင်ရှိန်က တစ်နေ့လုံးဒေါသထွက်နေတယ်ဗျ၊ သူ့လိုအထက်လမ်းဂိုဏ်းဆရာရဲ့ မိသားစုကိုမှ မဲခေါင်ကပေါ်လာရတာကိုး။ ကျုပ်တို့လည်း သူနဲ့စကားမပြောဖြစ်ပါဘူးဗျာ၊ ညနေထမင်းစားပြီးတာနဲ့ ကိုယ့်တဲကလေးထဲ ကိုယ်ဝင်နေလိုက်ကြတယ်၊ ဦးဘသာနဲ့ စကားစပ်မိတော့ ဒီမဲခေါင်အကြောင်းတောင်ပြောမိလိုက်သေးတယ်ဗျ။
“အင်း၊ ငါထင်တာကတော့ ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးကွ”
“ဦးဘသာက ဘာကိုဆိုလိုချင်တာလဲ”
“ခြေရာတစ်တောင် မောင်မဲခေါင်ဆိုတာ တို့စုန်းတွေ၊ အောက်လမ်းတွေ တတ်အပ်တဲ့အတတ်ပညာတစ်ခုထဲမှာပါတယ်၊ မောင်မဲခေါင်ကိုဆင့်ခေါ်တဲ့ အတိုက်တစ်ခုပေါ့ကွာ”
“ဗျာ၊ ဒီဟာက အတိုက်တဲ့လား”
“မောင်မဲခေါင်ကို အမျိုးမျိုးဆင့်ခေါ်လို့ရတယ်၊ မဲခေါင်အတိုက်လုပ်ပြီဆိုရင် အရင်ဆုံးသူတို့ခြံ၀မှာ ခြေရာကြီးပေါ်တတ်တယ်ကွ၊ နောက်နေ့ရောက်ရင် ခြေရာက အိမ်ထဲပေါ်တတ်တယ်၊ ဒါက သတိပေးနေတဲ့သဘောပေါ့၊ ခြေရာအိမ်ပေါ်တက်သွားပြီဆိုရင် အဲဒီအိမ်မှာ မကောင်းတာတစ်ခုခုဖြစ်တတ်တယ်ကွ”
“ဘယ်လိုမကောင်းတာလဲ”
“လူသေတာတို့ဘာတို့ တစ်ခုခုပေါ့ကွာ”
ကျုပ်လည်းထိတ်လန့်သွားတယ်ဗျ၊
“နေစမ်းပါအုံး ဦးဘသာရာ၊ တကယ်လို့ ဒါကအောက်လမ်းအတိုက်တစ်ခုဆိုရင် ဦးအောင်ရှိန်က မသိဘူးလား”
“မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ သိတော့သိတယ်၊ မသိဘူးပေါ့ကွာ၊ သိတယ်ဆိုတာက တစ်ခုခုထူးခြားတယ်ဆိုတာပေါ့၊ မသိဘူးဆိုတာက ဒါကဘယ်လိုအတိုက်လဲ၊ ဘယ်လိုစီရင်ထားတာလဲဆိုတာကို မသိနိုင်ဘူးကွ”
“ဦးအောင်ရှိန်ကြီးကလည်း ညံ့ပါ့ဗျာ၊ ဆရာလုပ်နေပြီးတော့”
“ဒီလိုပြောလို့တော့မရဘူးအလတ်ကောင်ရ၊ အထက်လမ်းနဲ့အောက်လမ်းဆိုတာ ပညာရပ်ကတစ်ခြားဆီကွ၊ မင်းကို ဥပမာပေးရရင် လက်သမားဆရာက ဆေးဆရာဆေးကုတာကိုကြည့်ရုံနဲ့ သူက ဆေးလိုက်ကုတတ်ပါ့မလား”
“ဒါကတော့ ဘယ်ကုတတ်မှာလဲဗျ”
“ဒီလိုပဲပေါ့ကွာ၊ အထက်လမ်းမှာလည်း အောက်လမ်းတွေစုန်းတွေ မသိတဲ့ပညာရပ်တွေအများကြီးရှိသလို၊ စုန်းပညာ၊ အောက်လမ်းပညာမှာလည်း အထက်လမ်းသမားတွေမသိတဲ့ ပညာရပ်တွေအများကြီးရှိတယ်၊ ဒါကိုမသိလို့ ဗဟုသုတနည်းတယ်၊ ပညာနည်းတယ်လို့ ဆိုလို့မရဘူးကွ”
“ကျုပ်နားလည်ပါပြီဦးဘသာ၊ ဒါနဲ့ ခြေရာက လှေကားခြေရင်းမှာတောင် ပေါ်နေပြီနော်”
“ဒါပေါ့ကွ၊ ဒါဆိုရင် မကြာဘူး မဲခေါင်အိမ်ပေါ်တက်လိမ့်မယ်၊ ငါ့အထင်တော့ ဒီညပဲထင်တယ်”
“လာဗျာ၊ ဒါဆိုရင် ဦးအောင်ရှိန်ကိုသွားပြောရအောင်”
ဦးဘသာက ကွမ်းတံတွေးကို ထွေးခံထဲကို ထွေးထည့်လိုက်ပြီး
“အောင်ရှိန်ကိုမင်းသွားပြောကြည့်လေ၊ သူက လက်ခံမတဲ့လား”
ဦးဘသာပြောတာလည်း ဟုတ်တယ်ဗျ၊ ဦးအောင်ရှိန်က ဦးဘသာနဲ့သူငယ်ချင်းဆိုပေမယ့် စိတ်ထားကတော့ သိပ်မတူဘူး၊ ဦးအောင်ရှိန်က ဆရာဆိုတဲ့ အရှိန်အဝါပြချင်တယ်၊ သူ့ပညာရပ်နဲ့ကြွားဝါချင်တယ်ဗျ။ အခုလည်း သူမသိတဲ့အရာကို ဦးဘသာက သိနေတယ်ဆိုတာ သွားပြောရင် ဘယ်လောက်သူငယ်ချင်းအရင်းပဲပြောပြော သူစိတ်ထဲတော့ ခုနေမှာပဲဗျာ။
“ဒါဆို ဘယ်လိုလုပ်ကြမလဲ ဦးဘသာ”
“မင်းနဲ့ငါနဲ့ မဲခေါင်ကြီးကို စောင့်ဖမ်းကြတာပေါ့ကွာ”
ကျုပ်လည်း ပြုံးပြီးတော့ ခေါင်းညိတ်လိုက်မိတယ်၊ ဦးဘသာပါတယ်ဆိုရင်တော့ ကျုပ်ဓါးတောင်ကိုလည်း ဖြတ်ရဲတယ်၊ မီးပင်လယ်ကိုလည်း ကျော်ရဲတယ်လေဗျာ၊ ဟား၊ ဟား။
(၄)
ညနက်လာပြီဗျ၊ ညသန်းခေါင်လောက်မရောက်တရောက်မှာ ရွာထိပ်ဘက်က ခွေးအူသံတွေကြားရတယ်၊ ပြီးတော့ ခွေးတွေက ရွာထဲမှာလည့်ပတ်ပြီးအူနေတော့တာ၊ ဦးဘသာက ပုဆိုးပြင်ဝတ်ပြီးဆင်းသွားတယ်၊ ကျုပ်လည်း သုံးတောင့်ထိုး လက်နှိပ်ဓါတ်မီးယူပြီးတော့ သူ့အနောက်ကနေဆင်းလိုက်လာတာပေါ့ဗျာ။
ခွေးအူသံတွေ ဆူညံနေတယ်ဆိုပေမယ့် ရွာကလူတွေက အိပ်မောကျနေတာလား၊ ဒါမှမဟုတ် ကြောက်လို့ပဲငြိမ်ကုပ်နေတာလားတော့မသိဘူး၊ ငြိမ်သက်လို့ဗျ၊ ကျုပ်တို့လမ်းလျှောက်လာရင်း ရွာထိပ်ကိုရောက်လာခဲ့တယ်၊ ရွာထိပ်ရောက်တော့ ခြေရာကြီးတွေမနည်းဘူးဗျာ။ ခြေရာကြီးကလည်း အကြီးကြီးပဲဗျ။
“ခြေရာတစ်တောင် မောင်မဲခေါင်တဲ့၊ မင်းခြေရာကို တိုင်းကြည့်စမ်းကွာ”
ကျုပ်လည်း ဖုန်တောထဲမှာ ပေါ်နေတဲ့ခြေရာကို လက်နဲ့တိုင်းကြည့်တော့ တစ်ကယ်ပဲ ကျုပ်လက်တစ်တောင်ကွက်တိပဲဗျာ၊ ဒါပေမယ့် ခြေရာတွေက ရွာထဲကိုဝင်မလာဘဲ ရွာကိုပတ်နေသလိုဖြစ်နေတာဗျ။
“အဲဒါ မဲခေါင်ကြီးရွာပတ်နေတာကွ၊ ဒီကောင်ကြီးတွေ တစ်ခုခုလုပ်ရတော့မယ်ဆို ရွာတော်ရှင်တွေကို အသိပေးတဲ့သဘောနဲ့ ရွာကိုတစ်ပတ်ပတ်ရတယ်ကွ၊ တစ်ပတ်ပြည့်ပြီးရင် ဒီကောင်ကြီး ဒီလမ်းကနေပြီးဝင်လာလိမ့်မယ်”
ကျုပ်လည်းဆက်စောင့်နေတာပေါ့ဗျာ၊ ရွာထိပ်မှာက အိမ်ခြေမရှိဘဲ သစ်ပင်လေးတွေခပ်အုပ်အုပ်ရှိတာမဟုတ်လား၊ ရွာလမ်းမကြီးကလည်း ဖြူးလို့ဗျ၊ ဒီအချိန်မှာပဲ တစ်ဘုတ်ဘုတ်နဲ့ခြေသံကြီးကိုကြားရတယ်ဗျ၊ ခြေသံကြီးနားထောင်ကတည်းကိုက ကြောက်စရာကြီးဗျာ။
“ဟော၊ ဟိုမှာလာနေပြီ”
ဦးဘသာက ရွာအဝင်လမ်းကိုလက်ညှိုးထိုးပြပေမယ့် ကျုပ်ကတော့ ဘာမှမမြင်ရဘူး၊ ဒါနဲ့ ဓါတ်မီးနဲ့ထိုးကြည့်တယ်၊ ဘာဆိုဘာမှကိုမမြင်ရတာဗျာ။
“ဦးဘသာ၊ ကျုပ်လည်း ဘာမှမမြင်ရပါလား”
ဦးဘသာက ကျုပ်မျက်လုံးကို သူ့လက်နဲ့အုပ်လိုက်တယ်ဗျ၊ ပြီးတော့
“ကဲ၊ မြင်စေဟေ့”
အဲဒီလိုအော်လိုက်ပြီး လက်ကိုဖယ်လိုက်တာနဲ့ ကျုပ်အရှေ့မှာ မဲခေါင်ကြီးကိုဘွားခနဲမြင်လိုက်ရတာဗျ၊ အကောင်အကြီးကြီးပဲ၊ အရပ်ကြီးကိုက ဆယ်ပေမကဘူးမြင့်တယ်၊ သူလမ်းလျှောက်လာတာ မသိရင် အိမ်ကြီးတစ်လုံးရွေ့လာတဲ့အတိုင်းပဲဗျာ၊ ခြေသလုံးကြီးတစ်လုံးတစ်လုံးဆိုရင် အိမ်တိုင်ကြီးတွေလောက်ကိုရှိတာ။ ခြေသံတဘုတ်ဘုတ်နဲ့ လမ်းလျှောက်လာတာ အနားရောက်လာတော့ မသိရင် မြေကြီးတွေပါတုန်နေတယ်လို့ထင်ရတယ်ဗျာ။
“ဟေ့မဲခေါင်ကြီး ရပ်စမ်းကွာ”
ဦးဘသာက လက်ကာပြပြီးတားလိုက်တော့ မဲခေါင်ကြီးက တုန့်ခနဲရပ်သွားတယ်။
“ဟေ့ကောင်တွေ၊ မင်းတို့ဘေးဖယ်ကြ”
မဲခေါင်အသံကြီးက အသံလုံးကြီးကြီးနဲ့ အုပ်အုပ်ကြီးဗျ၊ ဦးဘသာက ပုဆိုးပြင်ဝတ်ရင်း လမ်းမလယ်ပေါ်တက်သွားပြီးတော့
“မဖယ်ဘူးဆိုရင်ရောကွာ၊ မင်းက ဘာလုပ်ချင်တာလဲ”
“မင်းတို့ ကိစ္စမရှိဘူး၊ မင်းတို့ဖယ်ပေးကြ၊ ငါ့ကိစ္စ ငါလုပ်မယ်”
“လုပ်စရာမလိုဘူးမဲခေါင်ကြီး၊ မင်းလာလမ်းအတိုင်းပြန်လှည့်လိုက်ပါ”
မဲခေါင်ကြီးက စိတ်ဆိုးသွားတဲ့ပုံပဲဗျ၊ ဒါနဲ့ပဲ သူ့ခြေထောက်ကြီးကိုမြှောက်တင်လိုက်ပြီးတော့ ဦးဘသာကို ခြေထောက်နဲ့တက်နင်းချလိုက်တယ်၊ ကျုပ်ဖြင့်လန့်ပြီးတော့ အနောက်ကို လေးငါးလှမ်းလောက်ဆုတ်လိုက်မိတယ်ဗျ၊ ဒါပေမယ့် ဦးဘသာခေါင်းကို မနင်းမိဘဲ ခြေထောက်က လေပေါ်မှတန်းလန်းကြီးဖြစ်ပြီး ရပ်နေတယ်ဗျ။ ဦးဘသာက မဲခေါင်ကြီးကိုမော့ကြည့်ပြီး
“ငါ့ကိုနင်းမယ်မဟုတ်လား၊ နင်းလေကွ”
ဦးဘသာက သူ့ခေါင်းမှာပေါင်းထားတဲ့ သဘက်ကြီးကိုဖြုတ်ပြီးလည်ပင်းမှာတင်လိုက်တယ်၊ ပြီးတော့ သူ့နဖူးပြောင်ပြောင်ကြီးကိုလက်ညှိုးထိုးပြီးတော့
“နင်းလေကွာ၊ နင်းမယ်ဆိုရင် ဟောဒီငါ့ငယ်ထိပ်တည့်တည့်ကိုသာ နင်းချလိုက်”
မဲခေါင်ကြီးက အားစိုက်ပြီးနင်းနေပုံရတယ်ဗျ၊ နင်းနေရင်းနဲ့ တအိအိနဲ့ ဖြစ်သံညှစ်သံတွေထွက်လာတာ၊ ဒါပေမယ့် ခြေထောက်က ဦးဘသာခေါင်းကိုမထိဘဲ တစ်ပေလောက်အကွာ လေပေါ်မှရပ်နေတာဗျ။
မဲခေါင်ကြီးက နင်းမရတော့ ခြေထောက်ကိုပြန်ရုပ်သိမ်းဖို့လုပ်တယ်ဗျ၊ ဒါပေမယ့် ခြေထောက်ကိုလည်း ပြန်ရုပ်လို့မရဘူး၊ လေထဲမှာတန်းလန်းကြီးဖြစ်နေတယ်၊ မဲခေါင်ကြီးက သူ့ခြေထောက်ကို လက်နဲ့ကိုင်ပြီးတော့ ဆွဲပေမယ့်လည်း ဒီအတိုင်းပဲဗျ၊ ဒီတော့မှ ဦးဘသာကြီးက ရယ်တယ်။
“ဟား၊ ဟား၊ လုပ်စမ်းပါကွ၊ မင်းခြေထောက်ကိုမင်းပြန်ယူစမ်းပါ”
“မရဘူး၊ ကျုပ်ယူမရဘူး၊ ကျုပ်ကိုလွှတ်ပေးစမ်းပါအဘိုးကြီး”
“မင်းကိုငါဘယ်နားဖမ်းထားလို့လဲကွ”
ဦးဘသာက အနောက်ကိုသုံးလှမ်းလောက်ဆုတ်လိုက်တာတောင်မှ မဲခေါင်ကြီးက ခြေတစ်ဖက်မြှောက်ပြီးကျန်နေခဲ့တယ်။
“ကျုပ်ခြေထောက်ကိုလွှတ်ပေး”
“မင်း တို့ရွာကနေလှည့်ပြန်မယ်ဆိုရင် မင်းခြေထောက်ကိုလွှတ်ပေးမယ်”
“တောက် . . . မရဘူး၊ ငါအဲဒီကောင်ကိုသတ်မယ်၊ အဲဒီကောင်ကိုငါသတ်မယ်”
“ပြောစမ်း၊ မင်းက ဘယ်သူ့ကိုသတ်ချင်တာလဲ”
“ဟိုအိမ်က ငအေးဆိုတဲ့ကောင်ကိုသတ်ချင်တာ”
မဲခေါင်ပြောတာ ကိုအေးကိုပြောချင်တာဖြစ်မယ်ဗျ၊ ဦးဘသာက ခေါင်းညိတ်ပြီးတော့
“သူက မင်းကိုဘာလုပ်လို့လဲ”
“ငတင့်က ငါ့ကိုကျွေးဖို့ဆိုပြီးယူလာတဲ့အမဲသားကို ဒီကောင်ယူသွားတယ်၊ ပြီးတော့ ဒီကောင်စားပစ်တယ်”
ကျုပ်သိလိုက်ပါပြီ၊ မနေ့က ကိုအေးယူလာတဲ့အမဲသားက လက်စသတ်တော့ မဲခေါင်ကြီးစားဖို့အတွက်တဲ့ဗျာ။
“မင်းစိတ်ကိုလျော့လိုက်ပါ မဲခေါင်ကြီး၊ သူတို့က မသိလို့စားမိတာပဲ”
“ငါခွင့်မလွှတ်ဘူး၊ ဒီကောင့်ကိုငါသတ်ပြီးတော့ စားပစ်မယ်”
မဲခေါင်ကြီးက ဒေါသမပြေသေးဘူးဗျ၊ ဦးဘသာကြီးကလည်း မဲခေါင်ကြီးကိုကြည့်ရ့င်း တဖြည်းဖြည်းစိတ်ဆိုးလာပြီထင်တယ်။ မဲခေါင်ကြီးကိုလက်ညှိုးထိုးပြီး
“ဟေ့ကောင်၊ မင်းမပြန်ဘူးဆိုရင် ငါမင်းအမေကိုခေါ်လိုက်မှာနော်ကွ”
ဒီလိုပြောလိုက်မှ မဲခေါင်ကြီးက ထိတ်လန့်သွားပုံရတယ်ဗျ၊ သူ့အသားတွေ တဆတ်ဆတ်တုန်လာတယ်။
“မ . . . မလုပ်ပါနဲ့”
“ဒါဆိုလှည့်ပြန်တော့၊ မင်းစားချင်တဲ့အသားကို ငအေးကိုငါကျွေးခိုင်းမယ်”
“ဒါဖြင့်ရင်လည်း ကျွဲနန်းရွာအဝင်နားက သစ်ဆိမ့်ပင်ကြီးအောက်မှာ ကျုပ်အတွက် အမဲသားတွဲလာချိတ်ပေးစမ်းပါ၊ ကျုပ်စားချင်လွန်းလို့”
“ကောင်းပြီ၊ မပူနဲ့၊ ငါမနက်ဖြန်ပဲ စီစဉ်ခိုင်းလိုက်မယ်”
ဒီတော့မှ မဲခေါင်ကြီးခြေထောက်တစ်ဖက်က မြေပေါ်ကိုဘုတ်ခနဲကျသွားတယ်ဗျ၊ မဲခေါင်ကြီးက အနောက်ကိုလှည့်ပြီး တဘုတ်ဘုတ်နဲ့ ဖြည်းဖြည်းချင်းလျှောက်သွားတယ်၊ လျှောက်သွားပြီး လေးငါးဆယ်လှမ်းလောက်ရောက်တာတောင် ရွာကိုလှည့်ကြည့်နေသေးတယ်၊ ဦးဘသာက ခါးထောက်လိုက်ပြီးတော့
“အဟမ်း . . .”
ဆိုပြီး ချောင်းဟန့်လိုက်တော့မှ မဲခေါင်ကြီးက မြစ်ရိုးအတိုင်းဆင်းချသွားတော့တာပဲဗျာ၊ မဲခေါင်ထွက်သွားမှပဲ ဦးဘသာလည်း သက်ပြင်းချနိုင်တော့တယ်။ ကျုပ်ဆိုအံ့အားသင့်ပြီး ပါးစပ်ကြီးပွင့်လို့ဗျ။
“ဒါ . . ဒါနဲ့ဦးဘသာ၊ မဲခေါင်ကြီးက သူ့အမေတော့ ကြောက်သားဗျ”
“သူ့အမေက သူတို့ကိုနိုင်တယ်လေ၊ ဇာတ်ကြောင်းအရတော့ မဲခေါင်နဲ့သူ့အဖေက ဘီလူးမကြီးနဲ့နေတာကို ငြီးငွေ့လို့ တစ်ရက်တော့ သူ့အမေဘီလူးမလစ်တုန်း မဲခေါင်က အဖေကိုထမ်းပြီး ထွက်ပြေးကြတယ်တဲ့၊ ဘီလူးမကြီးက သိလို့အမြန်လိုက်တော့ မဲခေါင်ခြေလှမ်းမကို မမီဘူးပေါ့ကွာ၊ မဲခေါင်ကလည်း ဘီလူးမကြီးပိုင်နက်နယ်မြေကို ကျော်အောင်ထွက်ပြေးတော့ ဘီလူးမဆက်လိုက်လို့မရဘူးတဲ့ကွ”
“ဪ၊ ဒါကြောင့် သူ့အမေကိုခေါ်မယ်ဆိုတော့ ကြောက်သွားတာဖြစ်မယ်၊ ဒါနဲ့ ကိုအေးယူလာတဲ့အမဲသားကို ကျုပ်ပါစားလိုက်တာဗျ၊ ဟီး”
“ငါထင်ပါတယ်၊ ညတုန်းက မဲခေါင်က ငါတို့တဲကလေးကိုကြည့်နေသေးတယ်လို့ ငါခံစားရသေးတယ်၊ နောက်တော့မှ လှည့်ထွက်သွားတာ၊ ငါ့စိတ်ထင်တော့ ငါရှိနေတာကိုသိလို့လား၊ ဒါမှမဟုတ် အောင်ရှိန်တို့အိမ်ဖြစ်နေလို့လားမသိဘူး၊ မဟုတ်လို့ကတော့ တို့တဲအတက်အဆင်းမှာလည်း ခြေရာတစ်စုံကျန်နေအုံးမှာကွ”
“ဗျာ၊ အဲဒီခြေရာက ဘယ်သူ့အတွက်လဲ”
“ဘယ်သူ့အတွက်ဖြစ်ရမှာလဲ၊ ငအေးနဲ့အတူတူ သူ့အမဲသားတွေစားလိုက်တဲ့ မင်းအတွက်ပေါ့ကွာ”
“ဗျာ”
ကျွန်တော်ဘာမှမပြောနိုင်တော့ဘူးဗျာ၊ ဒီလိုနဲ့ရွာထိပ်ကနေပြန်လာခဲ့ကြတယ်။ နောက်နေ့တော့ ကိုအေးကို အကျိုးအကြောင်းခေါ်ပြီးမေးကြည့်ရတယ်၊ ကိုအေးကလည်း သူ့အဖြစ်ကိုပြောပြတယ်။
“ဒီလိုကွ၊ ငါယာတဲကပြန်လာတော့ လမ်းမှာ ငတင့်နဲ့တွေ့တယ်ကွ၊ ငတင့်လက်ထဲမှာလည်း အမဲသားတွဲကြီးဆွဲထားလို့ပေါ့၊ သူက ငါ့ကိုတွေ့တော့ ငါ့ကိုဖော်ဖော်ရွေရွေနဲ့နှုတ်ဆက်ပြီးတော့ အဲဒီအမဲသားတွဲကြီး ပေးလိုက်တာပဲကွ”
နောက်ရက်တွေ မောင်မဲခေါင်ပေါ်မလာတော့လို့ ဦးအောင်ရှိန်လဲ စိတ်အေးသွားတာပေါ့ဗျာ၊ သူကတော့ မဲခေါင်က သူ့ကိုကြောက်လို့ ထပ်မလာရဲတော့တာဆိုပြီး ရွာလူကြီးတွေကို ကြွားဝါပြောဆိုနေတယ်ဗျ၊ အဖြစ်မှန်ကိုသိတဲ့ ကျုပ်နဲ့ဦးဘသာကတော့ စိတ်ထဲမှာကြိတ်ရယ်ကြတာပေါ့ဗျာ၊
တကယ်က ငတင့်ဆိုတဲ့လူက ကိုအေးနဲ့အရင်က သူငယ်ချင်းတွေဗျ၊ မခင်ကြည်ရဲ့အချစ်ကိုလုရင်း တုတ်တစ်ပြက်၊ ဓါးတစ်ပြက်ဖြစ်ခဲ့ကြသေးတယ်ဆိုပဲ၊ အခု ကိုအေးတို့လုပ်နေတဲ့ တောင်ဘက်က ယာခင်းတွေက အရင်က ငတင့်တို့ပိုင်ခဲ့တာတဲ့ဗျာ။ ငတင့်က ကိုအေးဆီက ပိုက်ဆံချေးပြီး ပြန်မဆပ်နိုင်လို့ သူကြီးနဲ့ပြောပြီး မြေတွေကိုသိမ်းယူလိုက်တယ်ဆိုပဲ၊ ဒါကို ငတင့်က အငြိုးအတေးထားတာဖြစ်မှာပေါ့ဗျာ၊ ဦးဘသာပြောပုံအရဆိုရင် မောင်မဲခေါင်လာတာက အစီအရင်၊ အတိုက်တစ်ခုမဟုတ်လား။
“အများကြီးဖြစ်နိုင်တာပေါ့အလတ်ကောင်ရာ၊ ဒီအမဲသားက မရိုးရှင်းဘူးကွ၊ သူ့မှာ အတိုက်တစ်ခုခုပါအုံးမှာပဲ၊ ပြီးတော့ပိုဆိုးတာက သရဲအတွက်ရည်ရွယ်ထားတဲ့အမဲသားကို မင်းတို့သွားစားမိတာမဟုတ်လား၊ ဒါကြောင့် အထက်လမ်းသမားတွေက ဘာလို့အမဲသားရှောင်တယ်ဆိုတာ မင်းသိပြီမဟုတ်လားကွ”
အဲဒါကတော့ ကျုပ်ဘ၀ရဲ့သင်ခန်းစာတစ်ခုပေါ့ဗျာ၊ အမဲသားကိုငတ်ရာကနေ ကိုအေးလည်း သေတော့မလို့၊ နောက်ပြီး သူနဲ့အတူတူ ငတ်ခဲ့တဲ့ကျုပ်လည်း ကံကောင်းလို့မသေတာလေဗျာ၊ ကျုပ်တို့နဲ့ သုံးလေးတုံးစားခဲ့တဲ့ ဖိုးတွမ်တီးတောင်မှ ဦးအောင်ရှိန်ရဲ့ရေမန်းကြောင့် ပျောက်ကင်းခဲ့တာမဟုတ်လားဗျ။
ဦးဘသာပြောပုံအရဆိုရင်တော့ မောင်မဲခေါင်ဆိုတာ နတ်စိမ်းတစ်ပါးပါပဲ၊ သူက အနယ်နယ်အရပ်ရပ်မှာ ရှိနေနိုင်တယ်ပေါ့ဗျာ၊ ခင်ဗျားတို့လည်း တကယ်လို့ခြေရာကြီးကြီးတစ်ခုတွေ့တယ်ဆိုရင် လက်နဲ့တောင်ပြီးတိုင်းကြည့်ဗျာ၊ တစ်ကယ်လို့ခြေရာက တစ်တောင်ရှိမယ်၊ တစ်တောင်ထက်ကျော်မယ်ဆိုရင်တော့ အဲဒါ မဲခေါင်ကြီးမှ မဲခေါင်ကြီးအစစ်ပဲဗျို့။
အဲဒီခြေရာကြီးတွေကို တခြားနေရာတွေမှာတွေ့တာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် ခြံ၀၊ အိမ်၀နဲ့ အိမ်ပေါ်အတက်အဆင်းမှာတွေ့တယ်ဆိုရင်တော့ ခြေရာတစ်တောင် မောင်မဲခေါင် အတိုက် တိုက်ခံရတာဖြစ်ပြီလို့သာ မှတ်လိုက်ကြတော့ဗျို့။

ပြီးပါပြီ။

ရေးသားသူ – အဂ္ဂဇော်
#crd