“စုန်းထီးကြီး ဦးဘသာနှင့် သူတောင်းစား ငဒူ”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီး ဦးဘသာနှင့် သူတောင်းစား ငဒူ”(စ/ဆုံး)
—————————————————————————-
အတွဲ(၄) စာစဉ်(၂၄)

(၁)

ကျုပ်တို့ရွာနဲ့ ပေတောရွာကြားမှာ ဇရပ်ကလေးတစ်ဆောင်ရှိတာကို ခင်ဗျားတို့မှတ်မိမယ်ထင်တယ်ဗျ၊ ပေတောရွာကနေ နွားတွေဆွဲပြီးထွက်လာကြတဲ့ ကျုပ်နဲ့ဦးဘသာက ဇရပ်ကလေးမှာ တစ်ထောက်နားကြတယ်ပေါ့ဗျာ၊ နွားတွေကို ဇရပ်အတက်အဆင်းနားက တိုင်တစ်ခုမှာချည်ပြီးတော့ ကျုပ်လည်းဇရပ်ပေါ်ကိုပြေးတက်လိုက်တယ်၊ ဇရပ်ခေါင်းရင်းမှာရှိတဲ့ သောက်ရေအိုးနှစ်လုံးဆီကိုပြေးသွားပြီးတော့ မောမောနဲ့ရေခပ်လိုက်တာပေါ့ဗျာ၊ ထန်းသီးမှုတ်က သောက်ရေအိုးဖင်နဲ့ထိသွားပြီး တဂျစ်ဂျစ်နဲ့အသံထွက်လာသဗျ။

“ရေအိုးထဲမှာ ရေမရှိတာကြာပြီထင်ပါ့”

ဇရပ်ပေါ်က အသံတစ်ခုကြားရတယ်ဗျ၊ ကျုပ်လည်းအသံကြားတဲ့နေရာကိုလှည့်ကြည့်လိုက်မိတယ်၊ သူတောင်းစားတစ်ယောက်က ဇရပ်ခြေရင်းက တိုင်တစ်တိုင်ကိုမှီပြီးတော့ ခြေပစ်လက်ပစ်ထိုင်နေသဗျ၊ သူ့ကိုသူတောင်းစားလို့ထင်တယ်ဆိုတာက သူဝတ်ထားတဲ့အဝတ်အစားတွေက စုတ်ပြတ်သပ်နေပြီးတော့ ပုဆိုးဆိုရင်လည်း အဆင်းအကွက်တောင် မမြင်ရတော့ဘဲ ဖြူမွဲနေတာပဲဗျာ၊ ဒါ့အပြင် ပုဆိုးအရှေ့ဘက်ကလည်း အကွဲကြီးနဲ့ဗျာ၊ ဆံပင်တွေဆိုရင်လည်း ဘယ်နှခုနှစ်ကတည်းက မလျော်တာလဲမသိပါဘူးဗျာ၊ ဆံပင်တွေက လုံးကျစ်ပြီး ခဲတောင့်နေတာပဲ။

ကျုပ်လည်း စိတ်ပျက်ပျက်နဲ့ ဇရပ်ထဲမှာထိုင်ချလိုက်တယ်၊ ဦးဘသာက အဲဒီတော့မှ ဇရပ်ပေါ်တက်လာတယ်ဗျ၊

“နွားကျောင်းသား မိုးစွေမရှိတော့ကတည်းက ဇရပ်ထဲက သောက်ရေအိုးကို ရေဖြည့်တဲ့လူမရှိတော့ဘူးနဲ့ တူပါတယ် ဦးဘသာရာ”

“အေးပေါ့ကွာ၊ ဒီလမ်းက လူသွားလူလာလည်း နည်းတယ်မဟုတ်လားကွ၊ ပြီးတော့ ဒီဇရပ်ကလည်း ရွာဆက်ကျဲတဲ့နေရာမှာရှိတာဆိုတော့ ဘယ်သူက တကူးတကလာပြီး ရေဖြည့်ှမှာလဲကွ”

ဦးဘသာက ပြောဆိုရင်း ကွမ်းအစ်ကလေးကိုချလိုက်တယ်၊ ဒီတော့ ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ သူတောင်းစားလူငယ်က ကျုပ်တို့ကိုလှမ်းကြည့်ပြီးတော့

“ဘကြီးတို့ ရေဆာလာတယ်နဲ့တူတယ်”

ဦးဘသာက ခေါင်းညိတ်ရင်း

“ရာသီဥတုကပူတော့ ရေဆာတယ်ဆိုပါတော့ သူငယ်ရာ”

“ဘကြီးတို့ရေဆာတယ်ဆိုရင် ကျုပ်ရေရအောင်ဖန်တီးပေးနိုင်ပါတယ်ဗျ”

ကျုပ်က မျက်မှောင်ကြုတ်လိုက်ပြီး

“ခင်ဗျားကတော့ ပြောတော့မယ်ဗျာ၊ ဒီလောက်ခေါင်တဲ့နေရာမှာ ဘယ်သူက ဟောဒီရေအိုးထဲကို ရေလာဖြည့်မှာလဲဗျ”

ဒီလူငယ်က ကျုပ်ကိုကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးတယ်ဗျ။

“ခင်ဗျားမသောက်ချင်နေပေါ့ဗျာ၊ ကျုပ်လည်း ရေသောက်ချင်တယ်ဗျ၊ ဒီအချိန် ရေအေးအေးကလေး သောက်လိုက်ရရင် သိပ်ကောင်းမှာ၊ ရေကလေးအပြင် ဇီးထန်းလျက်ကလေး တစ်ခဲလောက်ငုံလိုက်ရရင် ရင်အေးသွားမှာပဲဗျာ”

ဒီလူငယ်က ရေရွတ်နေတယ်ဗျ၊ ဦးဘသာကတော့ ကွမ်းယာနေတာပေါ့ဗျာ၊ ရေမသောက်ရတဲ့အဆုံး ကွမ်းပဲငုံတော့မယ်ထင်ပါတယ်၊ ကျုပ်တို့ထိုင်နေပြီး မကြာပါဘူးဗျာ၊ နွားလှည်းတစ်စီးမောင်းလာတဲ့အသံကို ကြားလိုက်ရသဗျ၊ လှည်းသံကတော့ ခပ်နှေးနှေးရယ်ပါ၊ ကျုပ်တို့အနားရောက်တော့မှ လှည်းမောင်းတဲ့လူက ဇရပ်ပေါ်ထိုင်နေတဲ့ ကျုပ်တို့ကိုလှမ်းကြည့်တယ်၊ နွားလှည်းကို ဇရပ်အနားကပ်ရပ်ပြီးတော့ ဇရပ်ပေါ်ကိုတက်လာတယ်ဗျ၊ ပြီးတော့ သူဆောင်းတဲ့ခမောက်နဲ့ သူ့ကိုယ်သူယပ်ခပ်နေတယ်။ သူတောင်းစားလူငယ်က အဲဒီလူကိုကြည့်ပြီး

“ဒီကအကိုကြီး၊ အကိုကြီးဆီမှာ ရေလေးတစ်ပေါက်နှစ်ပေါက်လောက်များ ပါသလားဗျာ၊ ကျုပ်တို့ ရေသောက်ချင်တာကြာပြီဗျ”

ဒီလူက လူငယ်ကိုကြည့်ပြီး

“ပါပါတယ်ဗျာ၊ ခင်ဗျားတို့ခဏစောင့်၊ ကျုပ်ရေအိုးသွားယူလိုက်အုံးမယ်”

အဲဒီလူက လှည်းပေါ်က ရေအိုးသွားထမ်းပြီး တက်လာတယ်ဗျ၊ ရေအိုးကတော့ သိပ်မကြီးမသေးအိုးကလေးပေါ့ဗျာ၊ ပြီးတော့ ကျုပ်တို့အရှေ့ကိုချပေးတယ်၊ လူငယ်က ရေတစ်မှုတ်ခပ်လိုက်ပြီးတော့ ဦးဘသာကိုအရင်လှမ်းပေးတယ်ဗျ။ ဦးဘသာလည်း ရေကိုသောက်လိုက်တာပေါ့ဗျာ။

“ကောင်းတယ်ဟေ့၊ ရေကအေးပြီး ချိုနေပါလားကွ”

“ချိုမှာပေါ့ဗျာ၊ ဇီးကုန်းရွာအပြင်ဘက် ချောင်းရိုးထဲပေါက်ထွက်နေတဲ့ လက်ယက်တွင်းက ခပ်လာတာကိုးဗျ”

လူငယ်က ရေတစ်မှုတ်ခပ်သောက်တယ်ဗျ၊ မဝသေးလို့ထင်ရဲ့ နောက်ထပ်ရေတစ်မှုတ်ခပ်သောက်ပြန်တယ်၊ ကျုပ်ဖြင့်် ရေဆာလို့ သူတို့သောက်တာကြည့်ပြီး တံတွေးမြိုချမိတယ်ဗျာ၊ လူငယ်က ကျုပ်ကိုကြည့်ရင်း

“ကဲ ခင်ဗျားက ကျုပ်ရေရအောင် ဖန်တီးပေးမယ်ဆိုတာကို မယုံဘူးဆိုဗျ”

“ယုံပါပြီ၊ ယုံပါပြီဗျာ၊ ပေးပါအုံး ကျုပ်လည်း ရေသောက်ချင်လို့”

လူငယ်လှမ်းပေးတဲ့ ရေမှုတ်နဲ့ ကျုပ်လည်း ရေသုံးမှုတ်လောက်ခပ်သောက်လိုက်တယ်။ လူငယ်က ရေသောက်ပြီးတော့ လှည်းသမားကိုကြည့်ရင်း

“ရေတိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်တို့လို ရေငတ်နေတဲ့လူတွေကို ရေတိုက်ရတဲ့အကျိုးကြောင့် ရေအကျိုးဆယ်ပါး မတောင်းပဲနဲ့ပြည့်ပါစေ အကိုကြီးရာ”

သူတောင်းစားဆုပေးလိုက်တော့ လှည်းသမားက ခပ်ပြုံးပြုံးဖြစ်သွားတယ်ဗျ၊ ပြီးတော့ သူ့လွယ်ထားတဲ့လွယ်အိတ်ထဲက စက္ကူနဲ့ထုပ်ပိုးထားတဲ့ စက္ကူထုပ်ကိုဖြေလိုက်တယ်၊ အထဲမှာတော့ ဇီးထန်းလျက်တွေပါလာတယ်ဗျာ၊ ကျုပ်တို့ကို ဇီးထန်းလျက် တစ်ယောက်တစ်လုံးပေးတယ်ဗျ၊

“ကဲ၊ ရေသောက်ပြီးတော့ ဟောဒီထန်းလျက်ခဲစားကြ၊ အမောပြေတာပေါ့ကွာ”

ကျုပ်ဖြင့် ဇီးထန်းလျက်ယူပြီးတော့ အံ့သြလို့မဆုံးပါဘူးဗျာ၊ ခုနကပဲ သူတောင်းစားလူငယ်က ရေသောက်ချင်တယ်၊ ဇီးထန်းလျက်စားရရင် ကောင်းမယ်လို့ပြောထားတယ်မဟုတ်လားဗျာ၊ ကျုပ်ဖြင့် ဒီလူငယ်ကိုကြည့်ပြီး နည်းနည်းတော့လေးစားသွားတာအမှန်ပဲ။ ကျုပ်တို့စားသောက်နေတုန်း လှည်းသမားက နှုတ်ဆက်ပြီးပြန်သွားတယ်ဗျ၊ ခဏနေတော့ ကျုပ်တို့လည်းခရီးဆက်ဖို့အတွက် ဇရပ်ပေါ်က ထလိုက်ကြပါရောဗျာ၊ သူတောင်းစားက ကျုပ်တို့ကိုကြည့်ရင်း

“ဘကြီးတို့ ဘယ်သွားကြမလို့လဲဗျ”

ဦးဘသာက

“တို့က ဟောဟိုအရှေ့က ဇီးကုန်းရွာသားတွေပါ၊ အခုနွားတွေဝယ်လာပြီး ရွာကိုပြန်မလို့ပါ သူငယ်ရဲ့”

သူတောင်းစားလူငယ်ကလည်း ဖုတ်ဖတ်ခါပြီးတော့ ထလာတယ်။

“ဒါဆို ကျုပ်လည်း လိုက်ပါရစေဗျာ၊ အတူတူစားတော့ ထမင်းမြိန်တယ်၊ အတူတူသွားတော့ ခရီးတွင်တယ်ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား”

ကျုပ်တို့မခေါ်ဘဲနဲ့ သူတောင်းစားလူငယ်က ကျုပ်တို့နဲ့အတူတူလိုက်လာတယ်ဗျ၊ ကျုပ်တို့လည်း ထူးပြီးငြင်းမနေတော့ပါဘူးဗျာ၊ ဒါနဲ့ ကျုပ်တို့သုံးယောက် ခရီးဆက်လာခဲ့တာပေါ့။

(၂)

“ဒါနဲ့ မောင်ရင်ရဲ့နာမည်က ဘယ်လိုခေါ်သလဲကွဲ့”

“ကျုပ်နာမည်က ကျော်စိုးပါ၊ ဒါပေမယ့် သူတောင်းစားတစ်ယောက်ကို ဘယ်သူက နာမည်တွေဘာတွေနဲ့ အတည်တကျခေါ်နေမှာလဲဗျ၊ တောင်းစားတဲ့သူအချင်းချင်းတော့ ငဒူလို့ခေါ်ကြသဗျ”

ဦးဘသာက ခေါင်းညိတ်တယ်။ ကျုပ်လည်းသိချင်တာနဲ့

“ဒါနဲ့နေပါအုံးဗျ၊ ခင်ဗျားက ဘာဖြစ်လို့ ကျုပ်တို့ရွာကိုသွားမှာလဲ”

ကျုပ်မေးတော့ ငဒူက ဝါထိန်နေတဲ့ သူ့သွားကြီးတွေပေါ်အောင်လို့ ရယ်မောနေရင်း

“သူတောင်းစားဗျ၊ ခြေဦးတည့်ရာသွားမယ်၊ တွေ့တဲ့နေရာအိပ်မယ်၊ လူတွေ့ရင်တောင်းမယ်၊ စားမယ်သောက်မယ်ပေါ့ဗျာ၊ ဘယ်ကိုဘာလို့သွားမှာလဲဆိုတဲ့ အကြောင်းရှိမလားဗျ ကိုယ့်လူရ”

ကျုပ်ဖြင့် သူ့စကားကြားပြီးတော့ စိတ်ထဲစနိုးစနောင့်ဖြစ်သွားသေးတယ်။ သူကမိတ်ဆက်နေပြီဆိုတော့ ကျုပ်ကလည်း ပြန်ပြီးမိတ်ဆက်ရတော့တာပေါ့ဗျာ၊

“ကျုပ်နာမည်ခင်မောင်၊ လူတွေကတော့ အလတ်ကောင်လို့ခေါ်ကြတယ်၊ ဟောဒါကတော့ ဦးဘသာလို့ခေါ်တယ်”

“အောင်မယ်၊ ခင်ဗျားတို့က ထူးထူးဆန်းဆန်း သူတောင်းစားနဲ့များ မိတ်ဖွဲ့နေကြသေးတယ်ဗျာ၊ သူတောင်းစားနဲ့မိတ်ဖွဲ့ရင် သူတောင်းစားဖြစ်တတ်တယ်တဲ့၊ ခင်ဗျားတို့ သူတောင်းစားဖြစ်မှာမကြောက်ဘူးလား”

သူပြောမှ ကျုပ်တောင်နည်းနည်းရွံ့သွားတယ်ဗျာ၊ ကျုပ်မျက်နှာပျက်သွားတာကိုကြည့်ပြီး ငဒူက ရယ်တယ်ဗျ။

“ဟား၊ ဟား အလကားစတာပါ ကိုအလတ်ကောင်ရာ၊ ကဲကဲ ဒီအတိုင်းသွားရင် ပျင်းဖို့ကောင်းတယ်၊ ကျုပ်တို့ သီချင်းဆိုသွားကြရင်မကောင်းဘူးလား”

ကျုပ်က အလျှင်အမြန်လက်ကာပြလိုက်ပြီး

“နေ၊ နေပါစေကွာ၊ သီချင်းတော့မဆိုပါနဲ့၊ တစ်ခါကလည်း ခရီးသွားရင်း သီချင်းဆိုခဲ့ဖူးလို့ ဒုက္ခရောက်ခဲ့ပြီးပြီ၊ နေပါစေ”

“ဟား၊ ဟား ခင်ဗျားက ကြောက်တတ်ရန်ကောဗျာ၊ သူတောင်းစားတွေ တတ်အပ်တဲ့ပညာထဲမှာ သီချင်းဆိုတတ်ရတာကလည်း ပညာတစ်ခုပဲဗျ”

“အောင်မယ်၊ ခင်ဗျားကများ သူတောင်းစားဋီကာဖွင့်နေသေးတယ်၊ နေပါအုံး ခင်ဗျားတို့ သူတောင်းစားတွေရော ကျုပ်တို့လူတွေလို ကျောင်းတွေဘာတွေတက်ပြီး သူတောင်းစားပညာတွေ သင်ကြရသေးလို့လားဗျ”

ကျုပ်ကရွဲ့ပြီးမေးလိုက်ပေမယ့် ငဒူက ခေါင်းညိတ်တယ်ဗျ။

“ဒါပေါ့ဗျ၊ သူတောင်းစားဆိုပြီးတော့ အထင်မသေးနဲ့ဗျာ၊ သူတောင်းစားမှာလည်း သူတောင်းစားတို့ တပ်အပ်တဲ့ပညာတွေရှိသေးသဗျ၊ ဒီပညာတွှေမှ မတတ်ရင် သူတောင်းစားအစစ်လို့ မခေါ်သင့်ဘူးဗျ”

“တယ်ဆိုတဲ့ စာပါလား၊ လမ်းလျှောက်ရင်း ပျင်းတာနဲ့အတော်ပဲ၊ ပြောစမ်းပါအုံးကွာ၊ သူတောင်းစားဖြစ်ရတာ ဘာများခက်ခဲလို့လဲဆိုတာ”

“သူတောင်းစားဆိုတာ စကားလုံးတစ်ခုထဲဆိုပေမယ့် အနက်အဓိပ္ပါယ်က အကျယ်ကြီးဗျ၊ ပြီးတော့ သူတောင်းစားထဲမှာလည်း အမျိုးအများကြီးရှိသေးတယ်၊ သူတောင်းစားဆိုတိုင်း သူများဆီက တောင်းစားရတာမဟုတ်ဘူးဗျာ၊ တကယ်တော့ သူတောင်းစားဆိုတာ အလုပ်ကြမ်းသမားတွေ၊ သူများမလုပ်ချင်တဲ့အလုပ်တွေကို လုပ်နေရတဲ့သူကိုခေါ်သဗျ”

“အောင်မယ်လေးကွာ၊ အလုပ်ကြမ်းလုပ်တဲ့လူဆိုရင် အလုပ်ကြမ်းသမားလို့ခေါ်မှာပေါ့ကွာ ဘာလို့သူတောင်းစားလို့ခေါ်မှာလဲ”

“ကျုပ်ပြောပြမယ်ဗျ၊ သူတောင်းစားဆိုတာ ခေတ်ပေါ်စကားဗျ၊ ကျုပ်အထင်တော့ လွတ်လပ်ရေးရပြီးလောက်မှ လူတွေခေါ်ကြတဲ့စကား ရှေးခတ်ကတော့ သူတောင်းစားကို သူဖုန်းစားလို့ခေါ်တယ်၊ သူဖုန်းစားဆိုတာ သူတစ်ပါးရဲ့ ပုညလို့ခေါ်တဲ့ ကုသိုလ်ကံကို တောင်းရမ်းပြီး မှီခိုစားသောက်တဲ့လူကိုခေါ်တာပေါ့ဗျာ၊ သူပုညစားကနေ ပုညက ဖုန်းဖြစ်ပြီး သူဖုန်းစားဆိုပြီး ဖြစ်သွားတာဗျ”

တကယ်ပါ၊ သူတောင်းစားငဒူက အချက်နဲ့အလက်နဲ့ပြောတော့ ကျုပ်လည်းခေါင်းညိတ်လိုက်ရပါရော၊ ဦးဘသာက နွားတွေကိုမောင်းရင်း

“အရင်က ဖုန်းတောင်းယာစကာလို့ ခေါ်တာကြားဖူးပါသေးတယ်ကွာ”

ငဒူက ခေါင်းညိတ်ပြီးတော့

“ဖုန်းတောင်းယာစကာဆိုတာ ပါဠိကနေ ပျက်လာတဲ့စကားဗျ၊ ယာစကာ ဆိုတာ ပါဠိစကားဗျာ၊ အဓိပ္ပါယ်က တောင်းရမ်းခြင်းတဲ့၊ ဖုန်းတောင်းဆိုတာကတော့ ခုနကပြောတဲ့ ပုညကို တောင်းရမ်းတာကို ပြောတာပဲ၊ နောက်တစ်ခုကတော့ မွန်လို ပုင်ဆိုတာ ထမင်းဗျ၊ ပုင်ကနေ ဖုန်းဖြစ်သွားပြီးတော့ ဖုန်းတောင်းယာစကာဖြစ်သွားတယ်လို့ ပြောကြတာပဲ”

“ဟာ၊ တို့တွေ့တဲ့ သူတောင်းစားက လတ်စသတ်တော့ ပိဋကတ်အိုးကွဲကြီးပါလားဟေ့”

ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောလိုက်တယ်။ ငဒူက လက်တွေချိုးပြရင်း

“တကယ်တော့ သူတောင်းစားမျိုးက ဆယ့်လေးမျိုးတောင်ရှိတာဗျ၊ ဘကြီးတို့ မသိရင်မှတ်ထားရအောင် ပြောပြရအုံးမယ်၊ ခုနက ဖုန်းတောင်းယာစကာက စပြောရင် ဖုန်းတောင်းယာစကာ၊ သူဖုန်းစား၊ သူတောင်းစား၊ ကျွန်သီးတော်၊ သင်ချီ၊ သင်လျင်၊ သုဘရာဇာ၊ ဖက်ခွက်စား၊ ဒွန်းစဏ္ဍား၊ စဏ္ဍာလ၊ ခွာသား၊ ပန်းမှိုက်ကျုံး၊ သွေးမစွမ်း၊ ကယ်ပါတဲ့ဗျ”

“ဟ၊ များလှချည်လားကွ”

“သင်ချီဆိုတာက ပုဂံခေတ်ကတည်းက ရှိတဲ့ဘုရားကျွန်ကိုခေါ်တာဗျ၊ ကျောက်စာတွေထဲမှာ သင်ကြီးလို့လည်းရေးကြတယ်၊ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးတဲ့သူပေါ့၊ အခုတော့ သင်္ချေလို့ခေါ်ကြတယ်၊ ဘုရားတွေမှာနေပြီး တောင်းစားတဲ့သူကိုခေါ်တာ၊ သင်လျင်ဆိုတာကတော့ သင်ချီထက်နိမ့်ကျတဲ့သူပဲ၊ ခုတော့ သင်ချီနဲ့သင်လျင်ကို သင်္ချေလို့ပဲ သိကြတော့တယ်”

“မင်းပြောတာအဆန်းပါလား၊ ဒါဖြင့် ကျွန်သီးတော်ဆိုလား ခုနက ကြားလိုက်တယ်”

“ကျွန်သီးတော်ဆိုတာ ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်၊ သိမ်ကျွန်လို့ခေါ်တဲ့ သာသနာနဲ့ဆိုင်တဲ့ ကျွန်တွေကို ဗမာမင်းလက်ထက်က ခေါ်ကြတာဗျ၊ အဲဒီခေတ်က ကျွန်တွေကို အမြင့်စား၊ အလတ်စား၊ အနိမ့်စားခွဲထားကြတော့ ကျွန်သီးတော်တွေဆိုတာ အမြတ်စားကျွန်တွေပေါ့ဗျာ၊ သူတို့လည်း သူတောင်းစားစာရင်းဝင်တယ်ဆိုပေမယ့် ဆရာတော်တွေ၊ ဘုရင်တွေမြှောက်စားကြတဲ့အခါ အိမ်ကြီးရာကြီးတွေနဲ့ အချွေအရံအသင်းအပင်းနဲ့ ချမ်းချမ်းသာသာ နေနိုင်ကြသဗျ”

“ဟာ၊ ဒီလိုဆိုတော့လည်း မဆိုးဘူးပဲကွ”

“သူတောင်းစားထဲမှာ အလယ်အလတ်ကတော့ သုဘရာဇာပေါ့ဗျာ၊ သုဘရာဇာဆိုတာ အသုဘရာဇာဆိုတဲ့စကားကနေ အပြုတ်ပြီး သုဘရာဇာဖြစ်သွားတာဗျ၊ ရာဇာဆိုတဲ့အတိုင်း သုဿန်ထဲမှာဆိုရင်တော့ သူကဘုရင်ပေါ့ဗျာ”

“ဒါဆို အနိမ့်စားကရောကွ”

“အနိမ့်စားကတော့ ဒွန်းစဏ္ဍား နဲ့ စဏ္ဍာလ တွေပဲဗျ၊ ဒွန်းစဏ္ဍားတွေက သူတောင်းစားဆိုပေမယ့် အစုအဖွဲ့၊ မိသားစုလိုက် တောင်းရမ်းစားတဲ့သူတွေဗျ၊ ဒွန်းစဏ္ဍားတွေအချင်းချင်း ဂိုဏ်းဂဏတွေတောင်ရှိတယ်ဆိုပဲဗျာ၊ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းနယ်မြေတွေ၊ နယ်နိမိတ်တွေသတ်မှတ်ပြီးတော့ ဗိုလ်ကျနေထိုင်ကြသဗျ၊ ဒါကြောင့် ဒွန်းစဏ္ဍားကို တစ်ယောက်တည်းဆိုပြီးတော့ အထင်မသေးနဲ့ဗျ၊ ဟိုက အုပ်လိုက်ကျင်းလိုက် ပြန်ပြီးလက်တုံ့ပြန်တတ်ကြတဲ့အမျိုး”

“ကြောက်စရာပါလားဟေ့”

“စဏ္ဍာလကတော့ လူသေကောင် ကိုင်တဲ့လူပေါ့ဗျာ၊ သုဘရာဇာနဲ့မတူတာက သူတို့က အခြေတကျမရှိဘူး၊ သုဘရာဇာက သုဿန်မှာ အခြေတကျနေနိုင်ပေမယ့် စဏ္ဍာလကတော့ လှည့်လယ်သွားလာရင်း နာရေးတွေကူညီပေးရတယ်၊ တောင်းစားတဲ့အခါ တောင်းရမ်းစားသောက်ၤရတာပေါ့ဗျာ၊ သူတောင်းစားဆိုပြီး အထင်တော့မသေးကြနဲ့နော်၊ ဘုရင်ခေတ်ကဆိုရင် သူတောင်းစားတွေက ဘုရင်ကို အခွန်ဆက်ကြရတယ်ဗျ၊ စဏ္ဍာလတွေကို အရွတ်ဝန်က အုပ်ချုပ်ပြီး အခွန်ကောက်ရသဗျ၊ ရရှိတဲ့အခွန်ဘဏ္ဍာငွေကို နိုင်ငံရပ်ခြားကလာတဲ့ သံတမန်တွေကို ကျွေးမွေးဖို့သုံးတယ်ဆိုပဲ”

“ဟာ၊ ဒါဆိုရင် သူတောင်းစားလက်က ပြန်လုပြီး စားသောက်တာပဲကွ”

“ဒါပေါ့ဗျာ၊ နိုင်ငံခြားက သံတမန်တွေဆိုတော့ နာမ်နှိမ်ချင်တာလည်း ပါတာပေါ့၊ ဒါကြောင့်် မန်လည်ဆရာတော်ဘုရားကြီးက မာဃဒေဝလက္ခာသစ်မှာ ‘စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တစ်ပြည် တစ်စံ၊ တစ်နိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏’လို့ စပ်ဆိုခဲ့သဗျ”

ဦးဘသာက ရယ်တယ်ဗျ။

“အလတ်ကောင်ရေ၊ တို့နဲ့တွေ့တဲ့ သူတောင်းစားက နှယ်နှယ်ရရမဟုတ်ဘူးကွ၊ သူတောင်းစားဘုရင်ကြီးများလား မသိပါဘူးကွာ၊ ဒါနဲ့ ငါကြားဖူးတာက လွတ်လပ်ရေးရပြီးကတည်းက အစိုးရက အမိန့်နဲ့ သူတောင်းစားတွေ၊ ဒွန်းစဏ္ဍား၊ စဏ္ဍာလ တွေအကုန်လုံးကို အမျိုးဇတ်ခွဲခြားဆက်ဆံတာတွေကို ဖျက်သိမ်းလိုက်ပြီမဟုတ်ဘူးလားကွ”

“ဖျက်သိမ်းတာက အမိန့်ပါဗျာ၊ တကယ်တော့ ဒီအမိန့်ကိုလိုက်နာရမှာက လူတွေဗျ၊ အခုပဲကြည့်လေ၊ ဘယ်လိုပဲ လူအချင်းချင်းခွဲခြားတာကို ဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် သူတောင်းစားတစ်ယောက်ကို ဘယ်သူကမှ လူလိုသူလို မဆက်ဆံကြဘူးမဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ရင်း

“အေး၊ ဒါတော့လည်းဟုတ်တယ်ကွ၊ ငါ့အထင်တော့ လူတွေကြားထဲအလေ့အကျင့်ဖြစ်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ လိုအုံးမယ်ထင်တာပါပဲကွာ”

ဒီလိုနဲ့ ကျုပ်တို့ရွာကိုရောက်လာခဲ့ကြတာပေါ့ဗျာ၊

(၃)

ရွာထိပ်ရောက်တော့ အကိုကြီးနဲ့တွေ့တယ်ဗျ၊ အကိုကြီးက ဝတ်ကောင်းစားလှတွေဝတ်လို့ဗျ၊ ကျုပ်ကိုမြင်တော့ တော်တော်အံ့သြသွားတယ်။

“ဟာ၊ အလတ်ကောင်၊ ပြန်လာပြီလားကွ”

“ပြန်လာပြီအကိုကြီးရ၊ ဒါနဲ့ တောက်တောက်ပြောင်ပြောင်နဲ့ ဘယ်သွားမလို့လဲဗျ”

တန်းမြင့်ရွာက ငါ့သူငယ်ချင်းအလှူသွားပြီး ပြန်လာတာပါကွာ၊ ဒါနဲ့ မင်းဘယ်က သူတောင်းစားကြီးကို ခေါ်ချလာပြန်တာလဲကွာ၊ နံလိုက်စော်လိုက်တာ”

အကိုကြီးက နှာခေါင်းကိုလက်နဲ့ပိတ်ပြီးတော့ ငဒူကိုကြည့်တယ်ဗျ၊ ငဒူက ဒေါသထွက်သွားတယ်နဲ့တူပါတယ်။

“အောင်မာ၊ ကျုပ်ကိုများ ချိုးချိုးဖဲ့ဖဲ့နဲ့၊ ကျုပ်က သူတောင်းစားဗျ၊ သူတောင်းစားက သားသားနားနားဝတ်လို့ရမလား၊ ကျုပ်သားသားနားနားဝတ်ရင် ခင်ဗျားထက်တောင်မှ ရုပ်ထွက်သေးတယ်”

“ဟ၊ သူတောင်းစားကများ ကြီးကြီးကျယ်ကျယ်နဲ့ပါလား၊ ကဲ ပြစမ်း၊ မင်းသားသားနားနားဝတ်မယ်ဆိုရင် ဝတ်ပြစမ်းပါအုံး”

ငဒူက အကိုကြီးကိုကြည့်ပြီးတော့ သူ့လက်ဝါးကိုဖြန့်လိုက်တယ်။

“ကဲ၊ ခင်ဗျားဝတ်ထားတဲ့အင်္ကျီကို ဝတ်ပြမယ်ဗျာ၊ ကဲ ကျုပ်ကိုအဲဒီအင်္ကျီလေး စွန့်ကြဲပေးခဲ့ပါ”

ငဒူကို ကျုပ်က စနောက်နေတယ်လို့ထင်တာဗျ၊ အကိုကြီးက ငဒူကိုပြူးတူးကြောင်တောင်နဲ့ကြည့်ပြီးတော့ သူဝတ်ထားတဲ့ ရှပ်အင်္ကျီကိုချွတ်ပေးလိုက်သဗျာ၊ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။ ငဒူက သူဝတ်ထားတဲ့ အင်္ကျီအစုတ်ကြီးကိုချွတ်လိုက်ပြီးတော့ အကိုကြီးအင်္ကျီကိုဝတ်လိုက်တယ်၊ သိပ်မတော်ဘူးဆိုပေမယ့် အင်္ကျီကအသစ်ဆိုတော့ ရုပ်ထွက်ပါတယ်ဗျာ၊ အကိုကြီးကတော့ စွပ်ကျယ်ချိုင်းပြတ်နဲ့ပေါ့။

“ဟာ၊ အကိုကြီး သူ့ကိုဘာလို့ ဒီအင်္ကျီကြီးပေးလိုက်တာလဲ”

“မသိဘူးလေကွာ၊ သူက တောင်းတော့ပေးရတာပေါ့ကွ”

“ဟာဗျာ၊ တောင်းတိုင်းသာ ပေးရမယ်ဆိုရင် သူတောင်းစားတွေ သူဌေးဖြစ်ကုန်မှာပေါ့ဗျ”

ငဒူကရယ်မောရင်းနဲ့

“ဒီမှာ ကိုအလတ်ကောင်၊ ကျုပ်ကိုအထင်မသေးနဲ့ဗျ၊ ကျုပ်တောင်းရင် မရဘူးဆိုတာ မရှိဘူး၊ ကျုပ်က မတောင်းချင်လို့သာ”

“ဟား၊ ဟား၊ ဒါကတော့ မင်းကြွားလွန်းရာရောက်သွားပြီ ငဒူရေ၊ ဒါဆိုလည်း မင်းပုဆိုးအစုတ်ကြီးအစား ပုဆိုးအသစ်တစ်ထည်တောင်းပေါ့ကွာ၊ အဲ၊ ငါ့အကိုပုဆိုးတော့ မလုပ်နဲ့နော်၊ တော်ကြာ ရွာထဲကို ဘောင်းဘီတိုနဲ့ ပတ်နေရအုံးမယ်”

“စိန်လိုက်လေ ကိုအလတ်ကောင်ရာ၊ ခင်ဗျားက မယုံဘူးဆိုတော့ ကျုပ်က ခင်ဗျားယုံအောင်ပြရသေးတာပေါ့၊ ဒီအတိုင်းဆိုရင်တော့ ပျင်းစရာကြီးဗျာ၊ ကြေးလေးတစ်ခုခုတော့လုပ်ဗျ”

“ကောင်းပြီလေငဒူ၊ ငါတောင်းခိုင်းတာကိုသာ မင်းရအောင်တောင်းပေးမယ်ဆိုရင် ငါကမင်းကိုဆရာတင်လိုက်မယ်ကွ”

“ခင်ဗျားတကယ်ပြောတာလား၊ ယောက်ျားကတိနော်”

“အေးပါကွ၊ ကတိပါ”

“ကောင်းပြီ၊ ခင်ဗျားခုနက ပုဆိုးတောင်းထားတယ်နော်၊ အခုကျုပ် ပုဆိုးရအောင်တောင်းပြမယ်”

ကျုပ်တို့ရွာထဲရောက်တော့ ဦးဘသာက သူ့အိမ်ထဲကိုနွားတွေဆွဲပြီးဝင်သွားပါရောဗျာ၊ ကျုပ်နဲ့ အကိုကြီးနဲ့ ငဒူနဲ့ အတူတူလျှောက်လာခဲ့တာပေါ့၊ တစ်နေရာရောက်တော့ ရွာသူတစ်ယောက်က အဝတ်တွေရုတ်နေတယ်ဗျ၊ အဝတ်တွေထဲမှာ ဘန်ကောက်ပုဆိုးလိုလို ပြောင်ပြောင်လက်လက်နဲ့ ပုဆိုးတစ်ထည်လည်းပါသဗျ၊ ငဒူက အဝတ်ရုတ်နေတဲ့မိန်းကလေးအနားကိုသွားလိုက်ပြီးတော့ ဘယ်ဘက်လက်ကိုဖြန့်လိုက်တယ်။

“ကဲ၊ ဒီက နှမငယ်၊ ဟောဒီပုဆိုးကို ဒီကအကိုကြီးကို ပေးကမ်းစွန့်ကြဲချင်တဲ့စိတ်များ မဖြစ်ဘူးလား”

ဒီမိန်းကလေးက ကြောင်ကြည့်နေတယ်ဗျ၊ နောက်တော့ သူ့လက်ထဲကိုင်ထားတဲ့ ဘန်ကောက်ပုဆိုးကို လှမ်းပေးလိုက်တာပါပဲဗျာ၊

“အကိုကြီးလိုတယ်ဆို ညီမပေးပါ့မယ်၊ အဖေ့ဆီမှာ ပုဆိုးတွေအများကြီးရှိတယ်ဆိုတော့ ဒီပုဆိုးတစ်ထည်လောက်တော့ စွန့်ကြဲချင်မယ်ထင်ပါရဲ့”

ငဒူက ဘန်ကောက်ပုဆိုးကို ယူပြီးတော့ ကောက်ဝတ်လိုက်တယ်ဗျာ၊ သူ့ပုဆိုးအစုတ်ကြီးကို ချွတ်ပြီးတော့ လမ်းဘေးက အမှိုက်ပုံမှာ ပစ်ချခဲ့တာပေါ့၊ ကျုပ်လည်း သူတောင်းလို့မရမဲ့အရာတစ်ခုကို စဉ်းစားရတော့တယ်။

“ဟုတ်ပြီ၊ အကြံရပြီဟေ့”

ဒီလိုနဲ့ပဲ ကျုပ်တို့အိမ်ရှေ့ကိုရောက်ပါရောဗျာ။

“အမေရေ၊ ကျုပ်ပြန်လာပြီဗျ”

ခြံပေါက်ဝကနေ အသံပြဲကြီးနဲ့လှမ်းအော်လိုက်တော့ အမေက အိမ်ထဲကနေ ထမီရင်လျားကြီးနဲ့ပြေးထွက်လာပါရောဗျာ။

“ဟာ၊ အလတ်ကောင်ပြန်လာပြီ၊ လာလေ ဝင်ခဲ့”

ကျုပ်နဲ့အကိုကြီးလည်း အိမ်ထဲကိုပြေးဝင်ခဲ့တယ်၊ သူတောင်းစားငဒူကတော့ ခြံရှေ့မှာကျန်နေခဲ့တာပေါ့ဗျာ၊ အမေက ကျုပ်ကိုဖက်လှဲတကင်းနဲ့နှုတ်ဆက်တယ်ဗျ၊ ပြီးတော့ ခြံရှေ့ကျန်နေခဲ့တဲ့ ငဒူကိုလှမ်းကြည့်ရင်း

“ဧည့်သည်လည်း ပါလာတာကိုး၊ အိမ်ထဲကိုခေါ်လိုက်လေ အလတ်ကောင်ရဲ့”

“ဟာ၊ အမေကလည်း အဲဒါက သူတောင်းစားဗျ၊ သူတောင်းစားကို အိမ်ထဲမပြောနဲ့ ခြံထဲကိုခေါ်ရင်တောင် ဆင်းရဲတတ်တယ်ဆို၊ အမေပဲပြောတာလေ”

ကျုပ်စောင့်နေတဲ့အကွက်က အဲဒါပဲဗျာ၊ အမေက ရှေးရိုးစွဲဗျ၊ သူတောင်းစားတို့၊ စဏ္ဍာလတို့ဆိုရင် ခြံထဲသွင်းဖို့မပြောနဲ့ ခြံရှေ့မှာကြာကြာရပ်တာတောင် ကြိုက်တာမဟုတ်ဘူးဗျ၊ ကျက်သရေမရှိဘူးဆိုပဲ၊ သူတောင်းစားခြံထဲဝင်ရင် အိမ်ကဆင်းရဲတတ်တယ်လို့ အယူရှိတယ်ဗျ၊ ဒါကြောင့်် ကျုပ်က ဒီအကြံရသွားတာ၊ ငဒူဘယ်လောက် တောင်းတိုင်းရရ၊ ကျုပ်တို့ခြံထဲကိုဝင်ဖို့တော့ မဖြစ်နိုင်ဘူးလေဗျာ၊ အမေက ငဒူကိုအသေအချာကြည့်တယ်။

“ဟဲ့ အလတ်ကောင်၊ နင့်လူက သူတောင်းစားသာပြောတယ် ဝတ်ထားစားထားတာကလည်း အကောင်းစားတွေပါလားဟဲ့၊ တကယ်သူတောင်းစားရောဟုတ်ရဲ့လား၊ တကယ်ဆိုရင်တော့ ခြံရှေ့ကနေ မောင်းထုတ်ပစ်မယ်”

“ဟုတ်ပါတယ်ဆိုမှ အမေရာ၊ အမေမယုံရင် သူ့ကိုသွားမေးကြည့်ပေါ့ဗျာ”

အမေက မယုံသင်္ကာနဲ့ ခြံရှေ့ကိုပြေးထွက်သွားတယ်ဗျ၊ ခြံရှေ့ရပ်နေတဲ့ သူတောင်းစားငဒူကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း

“နေစမ်းပါအုံး မောင်ရင်က သူတောင်းစားလားကွဲ့”

“ဟုတ်ပါတယ်အဒေါ်၊ ကျုပ်က ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာပြီး တောင်းစားနေတဲ့ သူတောင်းစားပါပဲ”

အမေ့ မျက်နှာ ကွက်ခနဲပျက်သွားတယ်ဗျ၊ ကျုပ်တော့ အကြံအောင်မြင်ပြီဆိုပြီးတော့ ကြိတ်ရယ်နေတာပေါ့ဗျာ၊ ငဒူက အမေ့ကိုကြည့်ပြီး

“ကျုပ်ကသူတောင်းစားဆိုတော့ အိမ်ရှင်ကြည်ဖြူမှ ခြံဝိုင်း၊ အိမ်ဝိုင်းထဲကို ဝင်လို့ရမှာမို့လို့ပါ၊ ဒါကြောင့် ကျုပ်ကိုအိမ်ထဲဝင်ခွင့်ပြုပါလို့ အဒေါ့်ဆီမှာ ခွင့်တောင်းပါရစေ”

အမေက တစ်ချက်တွေဝေသွားတယ်၊ အမေက ငဒူကိုပြောဆိုလွှတ်ဖို့ စဉ်းစားနေတဲ့ပုံပဲဗျ၊ နောက်တော့ ကြောင်စီစီနဲ့ခေါင်းညိတ်လိုက်တယ်။ ပါးစပ်ကလည်း

“လာပါသူငယ်၊ အိမ်ထဲဝင်ခဲ့လေကွဲ့”

ကျုပ်ဖြင့် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူးဗျာ၊ ဒီစကားကို အမေ့ပါးစပ်ကထွက်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အံ့သြနေမိတယ်။ ဒါနဲ့ သေချာအောင်လို့

“အမေ၊ အမေဘယ်လိုပြောလိုက်တာလဲ၊ သူက သူတောင်းစားဗျ၊ သူတောင်းစား၊ ဘာဖြစ်လို့ သူ့ကိုအိမ်ထဲဝင်ခွင့်ပေးလိုက်ရတာလဲ”

ငဒူက ကျုပ်ကို ပြုံးစိစိနဲ့ကြည့်ပြီးတော့ ခြံထဲဝင်သွားတော့တာပါပဲဗျာ၊၊ အမေက ကျုပ်အနားကပ်ပြီးတော့

“နင်ဘာသိလို့လဲအလတ်ကောင်ရ၊ သူက လူထူးလူဆန်းပဲ၊ အမေကြားဖူးတာက ဘိုးတော်တွေဘာတွေက သူတောင်းစားပုံစံ၊ အရူးပုံစံယောင်ဆောင်ပြီးတော့ သွားလာနေတတ်တယ်ဆိုပဲ၊ တစ်လောကပဲ ရွာအရှေ့ပိုင်းက မခင်တို့က အရူးကြီးတစ်ယောက်ကို အိမ်ပေါ်ခေါ်ပြီး ထမင်းကျွေးလိုက်တာ ဖြစ်ချင်တော့ အရူးကြီးက ဘိုးတော်ကြီးဖြစ်နေတယ်အလတ်ကောင်ရေ၊ ဘိုးတော်က သူတို့ကိုစီးပွားတက်စေတဲ့ အစီအရင်ချီးမြှင့်ခဲ့လို့ အခုစီးပွားတွေဖြစ်ပြီး အိမ်တောင်မှ ပြင်ဆောက်တော့မလို့တဲ့”

အမေ့အထင်နဲ့အမေတော့ ဟုတ်နေတာပဲဗျာ၊ အမေက ခြံထဲကို ခပ်သုတ်သုတ်ဝင်သွားပေမယ့် ကျုပ်ကတော့ ခြံဝမှာ တွေတွေကြီးကျန်နေခဲ့တော့တာပဲဗျာ။

(၄)

“စဉ်းစားစမ်း၊ ဒီကောင်တောင်းလို့မရတာ ဘာဖြစ်မလဲ”

ကျုပ်ရေမိုးချိုးရင်း ဒါပဲစဉ်းစားနေမိတာဗျ၊ အမေကတော့ ငဒူနဲ့စကားပြောရင်း အဖွဲ့ကျနေတာပေါ့ဗျာ၊ ငဒူကလည်း သူတောင်းစားဆိုတော့ လူတွေအကြောင်းသိတယ်ဗျ၊ ဒီလူဘာကြိုက်တယ်၊ ဘယ်လိုစကားကြိုက်တယ်ဆိုတာကို သိပြီးလိုက်ပြောတတ်တော့ သူနဲ့စကားပြောတဲ့လူ ဘယ်သူမဆို ကျေနပ်ကြတာမဆန်းပါဘူးဗျာ၊ ဒါလည်း သူတောင်းစားတွေတတ်အပ်တဲ့ ပညာထဲက တစ်ခုဖြစ်ချင်ဖြစ်နေမှာဗျ။

ရေချိုးပြီး မီးဖိုထဲကိုဝင်ခဲ့တော့ အမေက အမဲသားတွေကြော်နေတာတွေ့လိုက်တယ်၊ ကျုပ်လည်း အမဲသားကြော်ပြီးသားတစ်တုံးကို လက်နဲ့နှိုက်စားလိုက်မယ်လုပ်လိုက်တော့ အမေက ကျုပ်လက်ကို ယောက်မပူပူနဲ့ ပုတ်ချသဗျ။

“ဟဲ့အလတ်ကောင်၊ နင်ငတ်ကြီးမကျနဲ့၊ အမဲသားက နှစ်ဆယ်သားထဲရတာ၊ ဒါနင့်အဖေအတွက်”

“အမေကလည်းဗျာ၊ အဖေတစ်ယောက်တည်း ပါးစပ်ပါတာမဟုတ်ပါဘူးဗျ၊ ကျုပ်တို့မှာလည်း ပါးစပ်ပါပါတယ်”

“ဟဲ့၊ အမဲသားက ခဲရာခဲဆစ်ရထားတာ၊ နင့်အဖေတစ်ယောက်စာပဲရလိုက်တယ်၊ နင်တို့ငတ်ကြီးမကျနဲ့”

ကျုပ်လည်း လက်ကလေးကိုစုပ်လို့်ပေါ့ဗျာ၊ ဒီအချိန်မှာ ကျုပ်ခေါင်းထဲအတွေးတစ်ခုဝင်လာသဗျ။

“ဟုတ်ပြီ၊ အဖေက အမဲသားကြော်ဆို သိပ်ကြိုက်တာ၊ ဒီလိုရှားရှားပါးပါးဆိုရင် သူစိမ်းမပြောနဲ့ သားသမီးအရင်းတောင်မှ တစ်တုံးတစ်ဖတ်ကျွေးတာမဟုတ်ဘူး၊ ဒီတော့ ငါတောင်မစားရတဲ့ အမဲသားကြော်ကို ငဒူဘယ်လောက်တောင်းတောင်း စားရမှာမဟုတ်ဘူး”

ကျုပ်လည်း အကြံရပြီးတော့ ပျော်ပြီးအိမ်ရှေ့ကိုထွက်လာတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ အဖေက ရွာပတ်ပြီးတော့ ပြန်လာတယ်ဗျ၊ အမေတို့က ငဒူနဲ့မိတ်ဆက်ပေးပြီးတော့ ငဒူကိုထမင်းကျွေးဖို့လုပ်ကြပါရောဗျာ၊ ထင်တဲ့အတိုင်းပါပဲ ငဒူကိုပြင်ကျွေးတဲ့ထမင်းဝိုင်းမှာ အမဲသားကြော်မပါဘူးဗျ၊ ဒီအတိုင်းဆိုရင် အမေက အဖေ့အတွက်ဆိုပြီး ဖွက်ထားပုံရတယ်။ ကျုပ်လည်း အမေဟင်းချိုသွားခပ်တဲ့အချိန် ငဒူရဲ့အနားကိုကပ်လိုက်ပြီး

“ငဒူ၊ အမေ့ဆီမှာ ငါ့အဖေအတွက်ဆိုပြီးတော့ ဖွက်ထားတဲ့ အမဲသားကြော်ရှိတယ်ကွ၊ ဒီအမဲသားကြော်ကို မင်းရအောင်တောင်းကြည့်စမ်းကွာ”

ငဒူက ပြုံးရင်း

“အမဲသားကြော်ဆိုပါလား စားရချည်သေးရဲ့ဗျာ”

“အေး၊ မင်းတောင်းရင် အဖေ့ကိုတောင်းစားနော်ကွ”

ငဒူက ခေါင်းညိတ်တယ်ဗျ၊ ဒါနဲ့ မကြာပါဘူး၊ အမေက ဟင်းချိုခွက်လေးခပ်ပြီးရောက်လာပါရော၊ ငဒူက ထမင်းကို သုံးလေးလုပ်စားနေတယ်၊ နောက်တော့ အဖေက အဝတ်အစားလဲပြီး ဆင်းလာပါရောဗျာ၊ ဆင်းလာပြီးတော့ ငဒူစားနေတဲ့ ထမင်းစားပွဲဘေးနားမှာ ဝင်ထိုင်တယ်။

“စားနော်၊ ငါ့တူကြီး အားမနာနဲ့”

အမေကတော့ ဘိုးတော်ကြီးလားဆိုပြီးတော့ မျှော်လင့်ချက်တွေနဲ့ မျက်လုံးတွေအရောင်လက်လို့ပေါ့ဗျာ။

“စားပါ သူငယ်ရဲ့၊ ထမင်းစားတာ အားမရလိုက်တာ၊ ဘာလဲ အဒေါ်ချက်ထားတဲ့ဟင်းတွေကို ခံတွင်းမတွေ့ဘူးလား”

ငဒူက ထမင်းပန်းကန်ထဲလက်နှိုက်ရင်း

“အဒေါ်ရဲ့လက်ရာကတော့ ကောင်းပါရဲ့ဗျာ၊ ဒါပေမယ့် ကျုပ်က အသားဓါတ်လိုသဗျ၊ ဒီတော့ အမဲသားကြော်လေးစားချင်တယ်”

ုပြီးတော့ အဖေ့ကိုကြည့်ရင်း

“ဦးလေးစားမယ့် အမဲသားကြော်ကို ကျုပ်ကိုကျွေးပါလို့ တောင်းပါရစေ၊ ကျုပ်ကိုကျွေးမယ်မဟုတ်လား”

အဖေက တည်ငြိမ်သွားတယ်ဗျ၊ နောက်တော့ အဖေနဲ့အမေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ လင်မယားနှစ်ယောက် မျက်လုံးချင်းစကားပြောနေတဲ့ပုံပဲဗျာ၊ ကျုပ်ကတော့ စိတ်ထဲကနေ မကျွေးပါစေနဲ့ဆိုပြီး ဆုတွေကြိတ်တောင်းနေရတာပေါ့၊ ဒါပေမယ့် ကျုပ်ဆုတောင်းမပြည့်ပါဘူးဗျာ။

“အင်းလေ၊ တောင်းတော့လည်း ကျွေးရမှာပေါ့၊ သူ့ကိုအမဲသားကြော် ကျွေးလိုက်စမ်းပါ မသန်းရာ”

အမေက မီးဖိုထဲကနေ အမဲသားခွက်ကလေးနှိုက်ပြီးပြန်ထွက်လာတယ်ဗျာ၊ ငဒူက အမဲသားကြော်တွေအကုန်လုံးကို သူတစ်ယောက်တည်း ကုန်အောင်စားရင်း ကျုပ်ကိုပြီတီတီနဲ့ကြည့်နေတယ်၊ ကျုပ်ကတော့ ကျောက်ရုပ်ကြီးလို မလှုပ်မရှားနဲ့ တော်တော်ထိတ်လန့်နေတာပေါ့ဗျာ၊ စားသောက်ပြီးတော့ ငဒူက ကျုပ်အနားကပ်လာတယ်ဗျ။

“ကိုအလတ်ကောင်၊ လောကမှာ တောင်းရအခက်ဆုံးက ဘာလဲဆိုတာသိသလားဗျ”

“ဟေ၊ ဘာလဲကွ”

“လူဗျ၊ လူ၊ တစ်နည်းပြောရရင် မိန်းမပေါ့ဗျာ”

“ဟာ၊ ဟေ့ကောင်ငဒူ၊ ဟုတ်မှလဲလုပ်စမ်းပါကွာ”

“ရပါတယ်၊ ဒီတော့ ကျုပ်ကိုအလတ်ကောင်ရဲ့ ညီမကိုတောင်းမယ်ဗျာ”

“ဘာ၊ ဘာပြောတယ်ကွ”

“ဟုတ်တယ်၊ ကျုပ်ခင်ဗျားညီမကို တောင်းကြည့်မယ်၊ မရဘူးဆိုရင် ခင်ဗျားနိုင်ပြီ၊ ရမယ်ဆိုရင်တော့ ကျုပ်လည်း အိုရချည်သေးရဲ့ဗျာ၊ ဟက်၊ ဟက်”

ငဒူက သူ့မုတ်ဆိတ်မွှေးထူလဗြစ်ကို လက်နဲ့ပွတ်နေသေးသဗျာ။

“ဟာ၊ ဒါတော့မဖြစ်ဘူးဟေ့၊ မင်းတောင်းလို့ ငါ့ညီမကိုရသွားရင် ငါ့ညီမက သူတောင်းစားရဲ့မိန်းမဖြစ်သွားမှာပေါ့ကွ”

“ဖြစ်ဖြစ်ပေါ့ဗျ၊ သူတောင်းစားမိန်းမဖြစ်တော့လည်း ကောင်းတာပဲ၊ ဘာမှမလုပ်ရမကိုင်ရဘဲ အချိန်တန်ရင် တောင်းရမ်းစားသောက်ပြီး အေးအေးဆေးဆေးနေလို့ရတယ်၊ ကျုပ်ရဲ့အစွမ်းကို ကိုအလတ်ကောင်လည်း သိမှာပါ၊ ခင်ဗျားညီမကို ကျုပ်တင့်တောင်းတင့်တယ် တောင်းကျွေးမှာပါဗျ”

ကျုပ်ဖြင့် ခေါင်းတွေတောင်ကြိမ်းသွားတယ်ဗျာ၊ တကယ်လို့ သူသာတကယ်တောင်းလို့ရရင် ကျုပ်ညီမက သူတောင်းစားမိန်းမဖြစ်ပြီဗျ၊ အဲဒါတင်မကဘူး ကျုပ်တို့လည်း သူတောင်းစားနဲ့ဆွေမျိုးတော်ကုန်ပြီ၊ အဖေကသူကြီး လင်က သူတောင်းစားဆိုပြီး ကျုပ်ညီမတော့ ရွာကလူတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မြောတော့မယ်ထင်ပါရဲ့။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီကိစ္စကို ငါရအောင်တားရမယ်၊ ရအောင်တားရမယ်”

အခက်အခဲကြုံရင် အရင်ဆုံးသတိရမိတာကတော့ ဦးဘသာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း ခြံထဲကနေအပြေးထွက်လာခဲ့ပြီး ဦးဘသာအိမ်ကိုပြေးလာခဲ့တာပေါ့။

“ဦးဘသာ၊ ဦးဘသာ၊ ကျုပ်ကိုကယ်ပါအုံးဗျာ”

“ဘယ်လိုဖြစ်တာလည်းအလတ်ကောင်ရာ မင်းဟာကလည်း မထိတ်သာမလန့်သာနဲ့”

“ကျုပ်ကိုကယ်ပါအုံးဗျာ၊ ဦးဘသာသာ မကယ်ရင် ကျုပ်သူတောင်းစားနဲ့ဆွေမျိုးအရင်းဖြစ်တော့မှဗျ”

ကျုပ်လည်း ဦးဘသာကို ကျုပ်နဲ့ငဒူနဲ့စိန်ခေါ်ခဲ့တဲ့အကြောင်းတွေကို ခရေစေ့တွင်းကျ ပြောပြလိုက်တာပေါ့ဗျာ၊ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်တယ်။

“အဲဒါဘယ်လိုလုပ်မလဲ ဦးဘသာ”

“ငါထင်တာက သူ့ဆီမှာအဆောင်တစ်ခုခုရှိနေလို့ကွ”

“ဗျာ၊ ဘယ်လိုအဆောင်လဲ”

“သူတောင်းစားတွေမှာ အဆင့်အမြင့်ဆုံး ပညာရပ်တစ်ခုရှိသကွ၊ အဲဒါကတော့ မာတင်္ဂဆိုတဲ့ အဆောင်တစ်ခုပဲ”

ကျုပ်လည်း အဲဒီစကားကို အခုမှကြားဖူးတယ်ဗျာ။

“မာတင်္ဂဆိုတာ ဘာလဲဗျ”

“မာတင်္ဂဆိုတာ ဘုရားအလောင်းပေါ့ကွာ၊ တစ်ချိန်တုန်းက ဘုရားအလောင်းက ဘဝတစ်ခုမှာ သူတောင်းစားဖြစ်ခဲ့တယ်ကွ၊ သူတောင်းစားဆိုပေမယ့် အစွမ်းရှိတယ်၊ သူတောင်းရင် တောင်းတဲ့အရာကိုရနိုင်သတဲ့ကွ၊ ဒါပေမယ့် မာတင်္ဂက သူ့အစွမ်းကို သိုသိုသိပ်သိပ်နဲ့နေတယ်၊ ပုံမှန်အတိုင်းပဲ တောင်းစားနေသတဲ့ကွာ”

“သူတို့တိုင်းပြည်မှာပဲ မင်္ဂလိကာလို့အမည်ရတဲ့ အမျိုးဇတ်မြင့်တဲ့ ပုဏ္ဍားသမီးတစ်ယောက်ရှိသတဲ့၊ ရုပ်ရည်ကလည်း တော်တော်ချောတယ်ဆိုပဲ၊ ဒါပေမယ့် မင်္ဂလိကာ က မောက်မာတယ်ကွ၊ သူ့ကိုလိုချင်လို့ တောင်းရမ်းလက်ဖွဲ့လာတဲ့ သူဌေးသူကြွယ်တွေအကုန်လုံးကို မတူသလို မတန်သလိုပြောဆိုသတဲ့၊ သူတောင်းစားတွေကိုလည်း သိပ်ပြီးမောက်မောက်မာမာဆက်ဆံတာနဲ့ မာတင်္ဂက မင်္ဂလိကာကို ရအောင်တောင်းရမ်းမယ်ဆိုပြီးတော့ ပုဏ္ဍားကြီးဆီမှာ သမီးကိုသွားတောင်းတာပေါ့ကွာ”

“ဟာဗျာ၊ လူကိုတောင်းတာတဲ့လား၊ ဒီလိုတောင်းတော့ ပုဏ္ဍားကြီးက ပေးစားရောလား”

“ဒါပေါ့ကွ၊ မင်္ဂလိကာတစ်ယောက်လည်း တိုင်းပြည်ထဲအရှက်ကွဲတာပေါ့ သူဌေးသူကြွယ်တွေကို ပြောဆိုလွှတ်ပြီး အခုတော့ သူတောင်းစားက လာတောင်းရမ်းတယ်ဆိုပြီး အရှက်ကွဲတာပေါ့ကွာ၊ မာတင်္ဂရဲ့အစွမ်းကြောင့် ပုဏ္ဍားကြီးကလည်း သူ့သမီးကို မာတင်္ဂနဲ့ လက်ထပ်ပေးလိုက်တယ်၊ မင်္ဂလိကာလည်း နေ့ချင်းညချင်း ချမ်းသာတဲ့ ပုဏ္ဍားသမီးအဖြစ်ကနေ သူတောင်းစားမဖြစ်သွားပြီးတော့ မြို့ရွာအနှံ့လှည့်လည်ပြီးတော့ တောင်းစားရတယ်ဆိုပဲ”

“တောက်၊ တော်တော်ရက်စက်တဲ့ဘုရားအလောင်းဗျာ”

ကျုပ်လည်းဒေါသထွက်သွားတယ်၊ နောက်တော့မှ အယောင်ယောင်အမှားမှားနဲ့ လက်အုပ်ချီပြီးတော့ မိုးပေါ်ကိုကြည့်ရင်း

“ကန်တော့၊ ကန်တော့ပါဗျာ၊ ကျုပ် လွှတ်ခနဲထွက်သွားလို့ပါ”

ကျုပ်အဖြစ်ကို ဦးဘသာက ကြည့်ပြီးရယ်နေတယ်ဗျ။

“သူတောင်းစားအဖြစ်နဲ့နေပေမယ့် မာတင်္ဂက မင်္ဂလိကာကို မောင်နှမလိုပဲ ဆက်ဆံတယ်ဆိုပဲကွ၊ ဒါနဲ့ကြာလာတော့ သနားသွားတယ်၊ သူ့ခမျာ ငါ့အတွက်နဲ့ ဒုက္ခဖြစ်ရတယ်၊ ပြီးတော့ သူတောင်းစားမိန်းမဆိုပြီး လူတွေအထင်သေးခံရတယ်၊ သူ့ကို ကောင်းစားအောင်ကြံဆောင်ပေးမယ်ဆိုပြီးတော့ မင်္ဂလိကာကိုပြောတယ်၊ ကျွန်မယောက်ျားက သူတောင်းစားမဟုတ်ပါ၊ ဗြဟ္မာကြီးဖြစ်တယ်၊ နောက်ဆယ့်ငါးရက်ကြာတဲ့အခါ လကိုခွင်းပြီးဆင်းပြလိမ့်မယ်လို့ ပြောခိုင်းသတဲ့”

“ဒါလိမ်ခိုင်းတာမဟုတ်လား”

“မဟုတ်ဘူးကွ၊ မာတင်္ဂက ဆယ့်ငါးရက်အတွင်း တောထွက်ပြီးတော့ ဈာန်သမာပတ်ဝင်စားလိုက်တာ အထုံပါရမီကောင်းတော့ ခဏလေးနဲ့ ဗြဟ္မာတွေမှာရှိတဲ့ တန်ခိုးတွေရသွားတယ်ဆိုပဲ၊ ဒါနဲ့ လူတွေအားလုံးကို လကိုခွင်းပြီးဆင်းပြလိုက်တော့ အားလုံးက လေးစားကြည်ညိုသွားတယ်၊ ဗြဟ္မဏဆိုတာ အမျိုးအမြတ်ဆုံးလူတွေ၊ သူတို့တွေက ဗြဟ္မာတွေကို ကိုးကွယ်တာဆိုတော့ မင်္ဂလိကာတစ်ယောက် ဗြဟ္မဏတွေထဲမှာမှ အဆင့်အမြင့်ဆုံးလူတစ်ယောက်ဖြစ်သွားပြီးတော့ တခြားလူတွေက တလေးတစားဆက်ဆံခံရပြီး ချမ်းသာသွားတယ်ဆိုပါတော့ကွာ”

“အဲဒါနဲ့ အခု ငဒူနဲ့ဘာဆိုင်သလဲဗျ”

“အဲဒီ မာတင်္ဂကို အစွဲပြုပြီးတော့ မာတင်္ဂဂါထာ၊ မာတင်္ဂအစီအရင်ဆိုပြီး လူတွေလုပ်ကြသကွ၊ လုပ်တာကတော့ ခက်လည်းခက်တယ် လွယ်လည်းလွယ်တယ်ပြောရမယ်၊ ဘယ်လိုလုပ်သလဲဆိုတော့ သူတောင်းစားတွေ အမြဲကိုင်ဆောင်သွားလာတဲ့ တံပိုး၊ တောင်ဝှေးကျိုးကို လိုသကွ၊ အဲဒီတောင်ဝှေးကျိုးမှာ လာဘသိဒ္ဒိတွေရှိနေတယ်လို့ ယုံကြည်ကြတယ်၊ တောင်ဝှေးကျိုးရရင် မာတင်္ဂအရုပ်ထုရတယ်၊ လူတစ်ယောက်က မုဆိုးထိုင်ထိုင်နေပြီးတော့ ဘယ်ဘက်လက်က ခွက်တစ်လုံးကိုင်ထားရတယ်၊ ညာဘက်လက်ကတော့ တောင်ဝှေးတစ်ချောင်းကိုင်ထားတဲ့ပုံစံကို ထုလုပ်ရသကွ၊ တစ်ချို့လည်း မတ်တပ်အနေအထားနဲ့ထုလုပ်ကြတယ်”

“ထုလုပ်ပြီးရင်ကောဗျာ”

“ပြီးရင်တော့ ဘုရားရှေ့မှာ အဲဒီအရုပ်ကို မာတင်္ဂဂါထာ သုံးဆယ့်ခုနစ်အုပ်ရွတ်ပြီး မှော်သွင်းရတယ်၊ ပြီးရင် သိမ်ထဲမှာတစ်ခါ၊ နတ်စင်နတ်ကွန်းမှာတစ်ခါ၊ လမ်းလေးခွဆုံမှာတစ်ခါ၊ အိမ်အတက်အဆင်းမှာတစ်ခါ မှော်သွင်းပြီးတော့ ရွှေချရတယ်၊ မှော်အောင်လို့ကတော့ မာတင်္ဂအတိုင်း တောင်းသမျှရတယ်၊ တသမျှပြည့်စုံတယ်တဲ့ကွာ”

“ဒါဆို ငဒူက မာတင်္ဂမှော် အောင်ထားတာများလား”

“ဒါကတော့ မင်းစုံစမ်းရမှာပဲအလတ်ကောင်ရေ၊ သူအိတ်နေတဲ့အချိန် သူ့လွယ်အိတ်ထဲ ရှာဖွေကြည့်ပေါ့ကွ”

“တွေ့ရင်ရော”

“တွေ့ရင်မင်းသိမ်းထားလိုက်၊ ဒါဆို သူတောင်းသမျှ မအောင်တော့ဘူးပေါ့ကွာ၊ သူ့အရုပ်ကို ပြီးရင် ပြန်ပေးလိုက်ပါ၊ မာတင်္ဂအရုပ်က ကိုယ်တိုင်စီရင်တဲ့လူ သုံးမှစွမ်းတာကွ၊၊ ဟုတ်ပြီလား”

ကျုပ်လည်း ဦးဘသာဆီကနေပြန်ခဲ့တော့တယ်၊

(၅)

ညရောက်ပြီဗျ၊ ကျုပ်က အိပ်ချင်ယောင်ဆောင်ပြီးတော့ အသာစောင့်နေတာ၊ ဘုရားခန်းရှေ့မှာအိပ်တဲ့ ငဒူကတော့ တခေါခေါနဲ့အိပ်ပျော်နေတာပဲဗျာ၊ ဒါနဲ့ကျုပ်လည်း သူ့ခြေရင်းမှာချထားတဲ့ လွယ်အိတ်ထဲက အရုပ်ကိုသွားရှာတယ်၊ လွယ်အိတ်တစ်ခုလုံးလည်း အစုတ်အပြတ်တွေချည်းပါပဲဗျာ၊ အရုပ်တော့ မတွေ့ဘူးဗျ။

ဒါနဲ့ သူ့ကိုယ်လုံးမှာရှာတယ်၊ ဒါလည်းမတွေ့ပါဘူးဗျာ၊ ကျုပ်လက်လျှော့မယ်လုပ်ရင်း ငဒူရဲ့ခေါင်းမှာ ဝင်းဝင်းလက်လက်ဖြစ်နေတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ဗျ၊ ဒီကောင့်ရဲ့ ဆံပင်ရှည်ဘုတ်သိုက်ကြားထဲမှာ ရွှေရောင်အရုပ်ကလေးတစ်ရုပ်ဗျ၊ ကျုပ်လည်း အသာကလေးလှမ်းဆွဲယူလိုက်တယ်။ အရုပ်ကလေးက လက်တစ်ဆစ်လောက်ပဲရှိပါတယ်ဗျာ၊ ရွှေချထားတော့ အရောင်ဝင်းနေတယ်။

“ဟုတ်ပြီ၊ လတ်စသတ်တော့ ဒီကောင်က ခေါင်းထဲမှာထည့်ထားတာကိုး”

ကျုပ်လည်း အရုပ်ကလေးကိုယူပြီးဖွက်ထားလိုက်တာပေါ့ဗျာ။ မနက်ရောက်တော့ ငဒူက ပြုံးဖြီးဖြီးနဲ့ အဖေ့အရှေ့မှာထိုင်လိုက်တယ်ဗျ။

“ဦးလေးနဲ့ အဒေါ်ကို ကျုပ်တစ်ခုပြောစရာရှိလို့ပါ”

“အေး၊ ပြောလေကွာ”

“ကျုပ်ပြောမယ့်အရာက အရမ်းအရေးကြီးပါတယ်ဦးလေး၊ ဦးလေးတီု့ သေချာနားထောင်ပေးပါ”

အဖေက ခေါင်းညိတ်တယ်။ ငဒူက ကျုပ်ညီမအလတ်မကိုကြည့်ပြီး

“ကျုပ် ဦးလေးတို့ရဲ့သမီးအကြီးမကို သဘောကျနေပါတယ်၊ ဒါကြောင့် ဦးလေးတို့သဘောတူမယ်ဆိုရင်ဖြင့် ဒီမိန်းကလေးကို ကျုပ်ကလက်ထပ်ယူချင်ပါတယ်၊ ကျုပ်နဲ့ ဦးလေးတို့သမီးနဲ့ကို လက်ထပ်ပေးဖို့ တောင်းဆိုပါရစေ”

အမေဆိုရင် တော်တော်ထိတ်ထိတ်ပြာပြာဖြစ်သွားတာဗျ၊ အဖေက ခေါင်းအသာညိတ်လိုက်တော့ ကျုပ်ဖြင့်ရင်ထဲ ထိတ်သွားတာပဲဗျာ။

“ဟုတ်ပါပြီ၊ ဒါနဲ့ မောင်ရင်ရဲ့နာမည်အရင်းကိုတောင် ဦးလေးတို့မသိရသေးပါလား”

“ကျုပ်နာမည် ကျော်စိုးပါ”

“ဒါနဲ့ မောင်ရင်က ဘာလုပ်ကိုင်စားသလဲ၊ မိဘတွေကရော ဘာအလုပ်လုပ်ကြသလဲကွဲ့”

“ကျုပ်က သူတောင်းစားပါ၊ မိဘတွေကလည်း ပုဂံဘက်မှာ တောင်းစားကြပါတယ်”

အဖေက မတ်တပ်ရပ်လိုက်ပြီး

“ဒီတော့မောင်ရင်ရယ်၊ မောင်ရင်တို့လို သူတောင်းစားမျိုးရိုးကလာတဲ့ သူတောင်းစားကို ဦးလေးတို့လို သူကြီးမျိုးကလာတဲ့လူနဲ့ ပေါင်းဖက်ပေးဖို့က ဖြစ်နိုင်မယ်လို့ မောင်ရင်ထင်နေတာလား”

ငဒူနည်းနည်းတော့ ဖြုံသွားတယ်ဗျ။

“မဟုတ်ဘူးလေ၊ ဟို . . . ဟို”

“ဒီမှာ မောင်ရင် မောင်ရင်ကို သူတောင်းစားကို ဦးလေးတို့က အရေးတယူနဲ့ ထမင်းတွေကျွေး၊ အိမ်ဦးခန်းမှာ ပေးအိပ်နေတာနဲ့တင် မောင်ရင်ကျေနပ်ပါတော့၊ ဒီထက်ပိုပြီးတော့ ထပ်ပြီးရောင့်မတက်ချင်ပါနဲ့ မောင်ရင်ရ”

ငဒူက အဖေ့ကိုလက်ညှိုးထိုးပြီး

“ဟေ့လူကြီး၊ ကျုပ်ခင်ဗျားသမီးကိုလိုချင်တယ်၊ ခင်ဗျားသမီးကိုတောင်းတယ်၊ ခင်ဗျား ပေးမလား မပေးဘူးလား”

အဖေက ခပ်ပြုံးပြုံးနဲ့ပြ့ုံးလိုက်ပြီးတော့ သူ့အနောက်နံရံမှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကြီးကိုဆွဲဖြုတ်လိုက်တယ်ဗျ။ ငဒူလည်း ပျာပျာသလဲနဲ့ သူ့ခေါင်းကိုသူစမ်းကြည့်တယ်။

“ဟာ၊ သွားပြီ၊ မရှိ၊ မရှိတော့ဘူး”

အဖေက ဓါးကိုဝင့်လိုက်ပြီး

“ဒီလောက်ပြောနေတာကိုတောင် ရောင့်တက်တဲ့သူတောင်းစား၊ မင်း ငါ့သမီးကိုတော့မရဘူး၊ ငါ့ဓါးကိုပဲ ရမယ်ကွ”

အဖေက လွှားခနဲခုန်လိုက်တော့ ငဒူခမျာ ထိုင်ခုံကနေ ကမန်းကတမ်းထပြီးတော့ ပြေးတော့တာပဲဗျာ၊ အဖေလည်း တော်တော်စိတ်ဆိုးပုံရတယ်ဗျ၊ ငဒူအနောက်ကို ဓါးကြီးကိုင်ရင်း ပြေးလိုက်ပါရောဗျာ၊ ကျုပ်ဖြင့် သူတို့ကိုကြည့်ပြီး ရယ်လိုက်ရတာ အူတွေတောင်နာတယ်ဗျ။ အဲဒီကတည်းက ငဒူတစ်ယောက် ကျုပ်တို့ရွာကို ခြေဦးမလှည့်တော့ဘူးဗျို့၊ ကျုပ်ဆီမှာတော့ ဒီကောင်ကျန်ခဲ့တဲ့ မာတင်္ဂအရုပ်ကလေး ကျန်နေခဲ့ပါသေးတယ်၊ ဒါပေမယ့်လည်း ကျုပ်သုံးလို့မှ မစွမ်းဘဲကိုးဗျ။ ဒါနဲ့ပဲ အရုပ်ကလေးကို ခြံနောက်ဘက် အိမ်သာကျင်းထဲ ပစ်ချလိုက်ပါရောဗျာ။

နေ့လည်ရွာထဲထွက်ခဲ့တော့ ဦးဘသာနဲ့လမ်းမှာဆုံသဗျ၊ ဦးဘသာက ကွမ်းသီးစိတ်တွေ ထွက်ဝယ်တယ်နဲ့တူပါတယ်။

“ဘယ်လိုလဲကွ၊ မင်းယောက်ဖ ပြန်သွားပြီလား”

“ဟာဗျာ၊ ဒီလိုမပြောပါနဲ့၊ မနက်ကတည်းက ဒီကောင့််ကိုအဖေဓါးနဲ့လိုက်လို့ ဒီကောင်ရွာကနေထွက်ပြေးသွားရှာပြီဗျ”

“မင်း မာတင်္ဂအရုပ်ကိုရော တွေ့ရဲ့လား”

“တွေ့ပါ့ဗျာ၊ လက်တစ်ဆစ်လောက်ပဲရှိတယ်ဗျ၊ အရုပ်ကလေးက”

“အေး၊ မင်းတော့ပွတာပဲဟေ့၊ မာတင်္ဂအစစ်ဆိုရင် ငွေသိန်းချီတန်တယ်ကွ၊ ဟိုအရင်ကတောင် မာတင်္ဂမှော် အောင်ထားတဲ့အရုပ်ကို ငွေသုံးသိန်းပေးဝယ်ကြသတဲ့”

“ဗျာ၊ ဒါ၊ ဒါနဲ့ သူများသုံးလို့ မစွမ်းဘူးဆိုဗျ”

“အေးလေ၊ တောင်းတိုင်းတော့မရတော့ဘူးပေါ့၊ ဒါပေမယ့် ဈေးဆိုင်တွေ လုပ်ငန်းတွေမှာ အဲဒီအရုပ်ကိုထားရင် သိပ်စိးပွားဖြစ်သတဲ့ကွ၊ လာဘသိဒ္ဒိ၊ ဓနသိဒ္ဒိ သိပ်ကောင်းဆိုပဲ”

ကျုပ်လည်း ဦးဘသာကိုတောင် နှုတ်မဆက်တော့ဘဲ တစ်ခါတည်း လှည့််ပြေးတော့တာပဲဗျာ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင်၊ အလတ်ကောင်၊ ဟာ၊ ဒီကောင်ကတော့ ဘာဖြစ်ပြန်တာလဲမသိဘူး”

ကျုပ်ဘယ်ကိုပြေးသလဲဆိုတာတော့ ခင်ဗျားတို့သိလောက်ပြီထင်ပါရဲ့ဗျာ၊ ကျုပ်ဘဝမှာ ထူးဆန်းတဲ့ပစ္စည်းတွေ တော်တော်များများ လက်ဝယ်ရဖူးသဗျ၊ ဒါပေမယ့် မထိုက်ပုံများတော့ ပြောမနေပါနဲ့တော့ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီး ဦးဘသာႏွင့္ သူေတာင္းစား ငဒူ”(စ/ဆုံး)
—————————————————————————-
အတြဲ(၄) စာစဥ္(၂၄)

(၁)

က်ဳပ္တို႔႐ြာနဲ႔ ေပေတာ႐ြာၾကားမွာ ဇရပ္ကေလးတစ္ေဆာင္ရွိတာကို ခင္ဗ်ားတို႔မွတ္မိမယ္ထင္တယ္ဗ်၊ ေပေတာ႐ြာကေန ႏြားေတြဆြဲၿပီးထြက္လာၾကတဲ့ က်ဳပ္နဲ႔ဦးဘသာက ဇရပ္ကေလးမွာ တစ္ေထာက္နားၾကတယ္ေပါ့ဗ်ာ၊ ႏြားေတြကို ဇရပ္အတက္အဆင္းနားက တိုင္တစ္ခုမွာခ်ည္ၿပီးေတာ့ က်ဳပ္လည္းဇရပ္ေပၚကိုေျပးတက္လိုက္တယ္၊ ဇရပ္ေခါင္းရင္းမွာရွိတဲ့ ေသာက္ေရအိုးႏွစ္လုံးဆီကိုေျပးသြားၿပီးေတာ့ ေမာေမာနဲ႔ေရခပ္လိုက္တာေပါ့ဗ်ာ၊ ထန္းသီးမႈတ္က ေသာက္ေရအိုးဖင္နဲ႔ထိသြားၿပီး တဂ်စ္ဂ်စ္နဲ႔အသံထြက္လာသဗ်။

“ေရအိုးထဲမွာ ေရမရွိတာၾကာၿပီထင္ပါ့”

ဇရပ္ေပၚက အသံတစ္ခုၾကားရတယ္ဗ်၊ က်ဳပ္လည္းအသံၾကားတဲ့ေနရာကိုလွည့္ၾကည့္လိုက္မိတယ္၊ သူေတာင္းစားတစ္ေယာက္က ဇရပ္ေျခရင္းက တိုင္တစ္တိုင္ကိုမွီၿပီးေတာ့ ေျခပစ္လက္ပစ္ထိုင္ေနသဗ်၊ သူ႔ကိုသူေတာင္းစားလို႔ထင္တယ္ဆိုတာက သူဝတ္ထားတဲ့အဝတ္အစားေတြက စုတ္ျပတ္သပ္ေနၿပီးေတာ့ ပုဆိုးဆိုရင္လည္း အဆင္းအကြက္ေတာင္ မျမင္ရေတာ့ဘဲ ျဖဴမြဲေနတာပဲဗ်ာ၊ ဒါ့အျပင္ ပုဆိုးအေရွ႕ဘက္ကလည္း အကြဲႀကီးနဲ႔ဗ်ာ၊ ဆံပင္ေတြဆိုရင္လည္း ဘယ္ႏွခုႏွစ္ကတည္းက မေလ်ာ္တာလဲမသိပါဘူးဗ်ာ၊ ဆံပင္ေတြက လုံးက်စ္ၿပီး ခဲေတာင့္ေနတာပဲ။

က်ဳပ္လည္း စိတ္ပ်က္ပ်က္နဲ႔ ဇရပ္ထဲမွာထိုင္ခ်လိုက္တယ္၊ ဦးဘသာက အဲဒီေတာ့မွ ဇရပ္ေပၚတက္လာတယ္ဗ်၊

“ႏြားေက်ာင္းသား မိုးေစြမရွိေတာ့ကတည္းက ဇရပ္ထဲက ေသာက္ေရအိုးကို ေရျဖည့္တဲ့လူမရွိေတာ့ဘူးနဲ႔ တူပါတယ္ ဦးဘသာရာ”

“ေအးေပါ့ကြာ၊ ဒီလမ္းက လူသြားလူလာလည္း နည္းတယ္မဟုတ္လားကြ၊ ၿပီးေတာ့ ဒီဇရပ္ကလည္း ႐ြာဆက္က်ဲတဲ့ေနရာမွာရွိတာဆိုေတာ့ ဘယ္သူက တကူးတကလာၿပီး ေရျဖည့္ွမွာလဲကြ”

ဦးဘသာက ေျပာဆိုရင္း ကြမ္းအစ္ကေလးကိုခ်လိုက္တယ္၊ ဒီေတာ့ က်ဳပ္တို႔နဲ႔ခပ္လွမ္းလွမ္းမွာ ထိုင္ေနတဲ့ သူေတာင္းစားလူငယ္က က်ဳပ္တို႔ကိုလွမ္းၾကည့္ၿပီးေတာ့

“ဘႀကီးတို႔ ေရဆာလာတယ္နဲ႔တူတယ္”

ဦးဘသာက ေခါင္းညိတ္ရင္း

“ရာသီဥတုကပူေတာ့ ေရဆာတယ္ဆိုပါေတာ့ သူငယ္ရာ”

“ဘႀကီးတို႔ေရဆာတယ္ဆိုရင္ က်ဳပ္ေရရေအာင္ဖန္တီးေပးႏိုင္ပါတယ္ဗ်”

က်ဳပ္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

“ခင္ဗ်ားကေတာ့ ေျပာေတာ့မယ္ဗ်ာ၊ ဒီေလာက္ေခါင္တဲ့ေနရာမွာ ဘယ္သူက ေဟာဒီေရအိုးထဲကို ေရလာျဖည့္မွာလဲဗ်”

ဒီလူငယ္က က်ဳပ္ကိုၾကည့္ရင္း ခပ္ယဲ့ယဲ့ၿပဳံးတယ္ဗ်။

“ခင္ဗ်ားမေသာက္ခ်င္ေနေပါ့ဗ်ာ၊ က်ဳပ္လည္း ေရေသာက္ခ်င္တယ္ဗ်၊ ဒီအခ်ိန္ ေရေအးေအးကေလး ေသာက္လိုက္ရရင္ သိပ္ေကာင္းမွာ၊ ေရကေလးအျပင္ ဇီးထန္းလ်က္ကေလး တစ္ခဲေလာက္ငုံလိုက္ရရင္ ရင္ေအးသြားမွာပဲဗ်ာ”

ဒီလူငယ္က ေရ႐ြတ္ေနတယ္ဗ်၊ ဦးဘသာကေတာ့ ကြမ္းယာေနတာေပါ့ဗ်ာ၊ ေရမေသာက္ရတဲ့အဆုံး ကြမ္းပဲငုံေတာ့မယ္ထင္ပါတယ္၊ က်ဳပ္တို႔ထိုင္ေနၿပီး မၾကာပါဘူးဗ်ာ၊ ႏြားလွည္းတစ္စီးေမာင္းလာတဲ့အသံကို ၾကားလိုက္ရသဗ်၊ လွည္းသံကေတာ့ ခပ္ေႏွးေႏွးရယ္ပါ၊ က်ဳပ္တို႔အနားေရာက္ေတာ့မွ လွည္းေမာင္းတဲ့လူက ဇရပ္ေပၚထိုင္ေနတဲ့ က်ဳပ္တို႔ကိုလွမ္းၾကည့္တယ္၊ ႏြားလွည္းကို ဇရပ္အနားကပ္ရပ္ၿပီးေတာ့ ဇရပ္ေပၚကိုတက္လာတယ္ဗ်၊ ၿပီးေတာ့ သူေဆာင္းတဲ့ခေမာက္နဲ႔ သူ႔ကိုယ္သူယပ္ခပ္ေနတယ္။ သူေတာင္းစားလူငယ္က အဲဒီလူကိုၾကည့္ၿပီး

“ဒီကအကိုႀကီး၊ အကိုႀကီးဆီမွာ ေရေလးတစ္ေပါက္ႏွစ္ေပါက္ေလာက္မ်ား ပါသလားဗ်ာ၊ က်ဳပ္တို႔ ေရေသာက္ခ်င္တာၾကာၿပီဗ်”

ဒီလူက လူငယ္ကိုၾကည့္ၿပီး

“ပါပါတယ္ဗ်ာ၊ ခင္ဗ်ားတို႔ခဏေစာင့္၊ က်ဳပ္ေရအိုးသြားယူလိုက္အုံးမယ္”

အဲဒီလူက လွည္းေပၚက ေရအိုးသြားထမ္းၿပီး တက္လာတယ္ဗ်၊ ေရအိုးကေတာ့ သိပ္မႀကီးမေသးအိုးကေလးေပါ့ဗ်ာ၊ ၿပီးေတာ့ က်ဳပ္တို႔အေရွ႕ကိုခ်ေပးတယ္၊ လူငယ္က ေရတစ္မႈတ္ခပ္လိုက္ၿပီးေတာ့ ဦးဘသာကိုအရင္လွမ္းေပးတယ္ဗ်။ ဦးဘသာလည္း ေရကိုေသာက္လိုက္တာေပါ့ဗ်ာ။

“ေကာင္းတယ္ေဟ့၊ ေရကေအးၿပီး ခ်ိဳေနပါလားကြ”

“ခ်ိဳမွာေပါ့ဗ်ာ၊ ဇီးကုန္း႐ြာအျပင္ဘက္ ေခ်ာင္း႐ိုးထဲေပါက္ထြက္ေနတဲ့ လက္ယက္တြင္းက ခပ္လာတာကိုးဗ်”

လူငယ္က ေရတစ္မႈတ္ခပ္ေသာက္တယ္ဗ်၊ မဝေသးလို႔ထင္ရဲ႕ ေနာက္ထပ္ေရတစ္မႈတ္ခပ္ေသာက္ျပန္တယ္၊ က်ဳပ္ျဖင့္္ ေရဆာလို႔ သူတို႔ေသာက္တာၾကည့္ၿပီး တံေတြးၿမိဳခ်မိတယ္ဗ်ာ၊ လူငယ္က က်ဳပ္ကိုၾကည့္ရင္း

“ကဲ ခင္ဗ်ားက က်ဳပ္ေရရေအာင္ ဖန္တီးေပးမယ္ဆိုတာကို မယုံဘူးဆိုဗ်”

“ယုံပါၿပီ၊ ယုံပါၿပီဗ်ာ၊ ေပးပါအုံး က်ဳပ္လည္း ေရေသာက္ခ်င္လို႔”

လူငယ္လွမ္းေပးတဲ့ ေရမႈတ္နဲ႔ က်ဳပ္လည္း ေရသုံးမႈတ္ေလာက္ခပ္ေသာက္လိုက္တယ္။ လူငယ္က ေရေသာက္ၿပီးေတာ့ လွည္းသမားကိုၾကည့္ရင္း

“ေရတိုက္တဲ့အတြက္ေက်းဇူးတင္ပါတယ္ဗ်ာ၊ က်ဳပ္တို႔လို ေရငတ္ေနတဲ့လူေတြကို ေရတိုက္ရတဲ့အက်ိဳးေၾကာင့္ ေရအက်ိဳးဆယ္ပါး မေတာင္းပဲနဲ႔ျပည့္ပါေစ အကိုႀကီးရာ”

သူေတာင္းစားဆုေပးလိုက္ေတာ့ လွည္းသမားက ခပ္ၿပဳံးၿပဳံးျဖစ္သြားတယ္ဗ်၊ ၿပီးေတာ့ သူ႔လြယ္ထားတဲ့လြယ္အိတ္ထဲက စကၠဴနဲ႔ထုပ္ပိုးထားတဲ့ စကၠဴထုပ္ကိုေျဖလိုက္တယ္၊ အထဲမွာေတာ့ ဇီးထန္းလ်က္ေတြပါလာတယ္ဗ်ာ၊ က်ဳပ္တို႔ကို ဇီးထန္းလ်က္ တစ္ေယာက္တစ္လုံးေပးတယ္ဗ်၊

“ကဲ၊ ေရေသာက္ၿပီးေတာ့ ေဟာဒီထန္းလ်က္ခဲစားၾက၊ အေမာေျပတာေပါ့ကြာ”

က်ဳပ္ျဖင့္ ဇီးထန္းလ်က္ယူၿပီးေတာ့ အံ့ၾသလို႔မဆုံးပါဘူးဗ်ာ၊ ခုနကပဲ သူေတာင္းစားလူငယ္က ေရေသာက္ခ်င္တယ္၊ ဇီးထန္းလ်က္စားရရင္ ေကာင္းမယ္လို႔ေျပာထားတယ္မဟုတ္လားဗ်ာ၊ က်ဳပ္ျဖင့္ ဒီလူငယ္ကိုၾကည့္ၿပီး နည္းနည္းေတာ့ေလးစားသြားတာအမွန္ပဲ။ က်ဳပ္တို႔စားေသာက္ေနတုန္း လွည္းသမားက ႏႈတ္ဆက္ၿပီးျပန္သြားတယ္ဗ်၊ ခဏေနေတာ့ က်ဳပ္တို႔လည္းခရီးဆက္ဖို႔အတြက္ ဇရပ္ေပၚက ထလိုက္ၾကပါေရာဗ်ာ၊ သူေတာင္းစားက က်ဳပ္တို႔ကိုၾကည့္ရင္း

“ဘႀကီးတို႔ ဘယ္သြားၾကမလို႔လဲဗ်”

ဦးဘသာက

“တို႔က ေဟာဟိုအေရွ႕က ဇီးကုန္း႐ြာသားေတြပါ၊ အခုႏြားေတြဝယ္လာၿပီး ႐ြာကိုျပန္မလို႔ပါ သူငယ္ရဲ႕”

သူေတာင္းစားလူငယ္ကလည္း ဖုတ္ဖတ္ခါၿပီးေတာ့ ထလာတယ္။

“ဒါဆို က်ဳပ္လည္း လိုက္ပါရေစဗ်ာ၊ အတူတူစားေတာ့ ထမင္းၿမိန္တယ္၊ အတူတူသြားေတာ့ ခရီးတြင္တယ္ဆိုတဲ့ စကားလည္းရွိတယ္မဟုတ္လား”

က်ဳပ္တို႔မေခၚဘဲနဲ႔ သူေတာင္းစားလူငယ္က က်ဳပ္တို႔နဲ႔အတူတူလိုက္လာတယ္ဗ်၊ က်ဳပ္တို႔လည္း ထူးၿပီးျငင္းမေနေတာ့ပါဘူးဗ်ာ၊ ဒါနဲ႔ က်ဳပ္တို႔သုံးေယာက္ ခရီးဆက္လာခဲ့တာေပါ့။

(၂)

“ဒါနဲ႔ ေမာင္ရင္ရဲ႕နာမည္က ဘယ္လိုေခၚသလဲကြဲ႕”

“က်ဳပ္နာမည္က ေက်ာ္စိုးပါ၊ ဒါေပမယ့္ သူေတာင္းစားတစ္ေယာက္ကို ဘယ္သူက နာမည္ေတြဘာေတြနဲ႔ အတည္တက်ေခၚေနမွာလဲဗ်၊ ေတာင္းစားတဲ့သူအခ်င္းခ်င္းေတာ့ ငဒူလို႔ေခၚၾကသဗ်”

ဦးဘသာက ေခါင္းညိတ္တယ္။ က်ဳပ္လည္းသိခ်င္တာနဲ႔

“ဒါနဲ႔ေနပါအုံးဗ်၊ ခင္ဗ်ားက ဘာျဖစ္လို႔ က်ဳပ္တို႔႐ြာကိုသြားမွာလဲ”

က်ဳပ္ေမးေတာ့ ငဒူက ဝါထိန္ေနတဲ့ သူ႔သြားႀကီးေတြေပၚေအာင္လို႔ ရယ္ေမာေနရင္း

“သူေတာင္းစားဗ်၊ ေျခဦးတည့္ရာသြားမယ္၊ ေတြ႕တဲ့ေနရာအိပ္မယ္၊ လူေတြ႕ရင္ေတာင္းမယ္၊ စားမယ္ေသာက္မယ္ေပါ့ဗ်ာ၊ ဘယ္ကိုဘာလို႔သြားမွာလဲဆိုတဲ့ အေၾကာင္းရွိမလားဗ် ကိုယ့္လူရ”

က်ဳပ္ျဖင့္ သူ႔စကားၾကားၿပီးေတာ့ စိတ္ထဲစႏိုးစေနာင့္ျဖစ္သြားေသးတယ္။ သူကမိတ္ဆက္ေနၿပီဆိုေတာ့ က်ဳပ္ကလည္း ျပန္ၿပီးမိတ္ဆက္ရေတာ့တာေပါ့ဗ်ာ၊

“က်ဳပ္နာမည္ခင္ေမာင္၊ လူေတြကေတာ့ အလတ္ေကာင္လို႔ေခၚၾကတယ္၊ ေဟာဒါကေတာ့ ဦးဘသာလို႔ေခၚတယ္”

“ေအာင္မယ္၊ ခင္ဗ်ားတို႔က ထူးထူးဆန္းဆန္း သူေတာင္းစားနဲ႔မ်ား မိတ္ဖြဲ႕ေနၾကေသးတယ္ဗ်ာ၊ သူေတာင္းစားနဲ႔မိတ္ဖြဲ႕ရင္ သူေတာင္းစားျဖစ္တတ္တယ္တဲ့၊ ခင္ဗ်ားတို႔ သူေတာင္းစားျဖစ္မွာမေၾကာက္ဘူးလား”

သူေျပာမွ က်ဳပ္ေတာင္နည္းနည္း႐ြံ႕သြားတယ္ဗ်ာ၊ က်ဳပ္မ်က္ႏွာပ်က္သြားတာကိုၾကည့္ၿပီး ငဒူက ရယ္တယ္ဗ်။

“ဟား၊ ဟား အလကားစတာပါ ကိုအလတ္ေကာင္ရာ၊ ကဲကဲ ဒီအတိုင္းသြားရင္ ပ်င္းဖို႔ေကာင္းတယ္၊ က်ဳပ္တို႔ သီခ်င္းဆိုသြားၾကရင္မေကာင္းဘူးလား”

က်ဳပ္က အလွ်င္အျမန္လက္ကာျပလိုက္ၿပီး

“ေန၊ ေနပါေစကြာ၊ သီခ်င္းေတာ့မဆိုပါနဲ႔၊ တစ္ခါကလည္း ခရီးသြားရင္း သီခ်င္းဆိုခဲ့ဖူးလို႔ ဒုကၡေရာက္ခဲ့ၿပီးၿပီ၊ ေနပါေစ”

“ဟား၊ ဟား ခင္ဗ်ားက ေၾကာက္တတ္ရန္ေကာဗ်ာ၊ သူေတာင္းစားေတြ တတ္အပ္တဲ့ပညာထဲမွာ သီခ်င္းဆိုတတ္ရတာကလည္း ပညာတစ္ခုပဲဗ်”

“ေအာင္မယ္၊ ခင္ဗ်ားကမ်ား သူေတာင္းစားဋီကာဖြင့္ေနေသးတယ္၊ ေနပါအုံး ခင္ဗ်ားတို႔ သူေတာင္းစားေတြေရာ က်ဳပ္တို႔လူေတြလို ေက်ာင္းေတြဘာေတြတက္ၿပီး သူေတာင္းစားပညာေတြ သင္ၾကရေသးလို႔လားဗ်”

က်ဳပ္က႐ြဲ႕ၿပီးေမးလိုက္ေပမယ့္ ငဒူက ေခါင္းညိတ္တယ္ဗ်။

“ဒါေပါ့ဗ်၊ သူေတာင္းစားဆိုၿပီးေတာ့ အထင္မေသးနဲ႔ဗ်ာ၊ သူေတာင္းစားမွာလည္း သူေတာင္းစားတို႔ တပ္အပ္တဲ့ပညာေတြရွိေသးသဗ်၊ ဒီပညာေတႊမွ မတတ္ရင္ သူေတာင္းစားအစစ္လို႔ မေခၚသင့္ဘူးဗ်”

“တယ္ဆိုတဲ့ စာပါလား၊ လမ္းေလွ်ာက္ရင္း ပ်င္းတာနဲ႔အေတာ္ပဲ၊ ေျပာစမ္းပါအုံးကြာ၊ သူေတာင္းစားျဖစ္ရတာ ဘာမ်ားခက္ခဲလို႔လဲဆိုတာ”

“သူေတာင္းစားဆိုတာ စကားလုံးတစ္ခုထဲဆိုေပမယ့္ အနက္အဓိပၸါယ္က အက်ယ္ႀကီးဗ်၊ ၿပီးေတာ့ သူေတာင္းစားထဲမွာလည္း အမ်ိဳးအမ်ားႀကီးရွိေသးတယ္၊ သူေတာင္းစားဆိုတိုင္း သူမ်ားဆီက ေတာင္းစားရတာမဟုတ္ဘူးဗ်ာ၊ တကယ္ေတာ့ သူေတာင္းစားဆိုတာ အလုပ္ၾကမ္းသမားေတြ၊ သူမ်ားမလုပ္ခ်င္တဲ့အလုပ္ေတြကို လုပ္ေနရတဲ့သူကိုေခၚသဗ်”

“ေအာင္မယ္ေလးကြာ၊ အလုပ္ၾကမ္းလုပ္တဲ့လူဆိုရင္ အလုပ္ၾကမ္းသမားလို႔ေခၚမွာေပါ့ကြာ ဘာလို႔သူေတာင္းစားလို႔ေခၚမွာလဲ”

“က်ဳပ္ေျပာျပမယ္ဗ်၊ သူေတာင္းစားဆိုတာ ေခတ္ေပၚစကားဗ်၊ က်ဳပ္အထင္ေတာ့ လြတ္လပ္ေရးရၿပီးေလာက္မွ လူေတြေခၚၾကတဲ့စကား ေရွးခတ္ကေတာ့ သူေတာင္းစားကို သူဖုန္းစားလို႔ေခၚတယ္၊ သူဖုန္းစားဆိုတာ သူတစ္ပါးရဲ႕ ပုညလို႔ေခၚတဲ့ ကုသိုလ္ကံကို ေတာင္းရမ္းၿပီး မွီခိုစားေသာက္တဲ့လူကိုေခၚတာေပါ့ဗ်ာ၊ သူပုညစားကေန ပုညက ဖုန္းျဖစ္ၿပီး သူဖုန္းစားဆိုၿပီး ျဖစ္သြားတာဗ်”

တကယ္ပါ၊ သူေတာင္းစားငဒူက အခ်က္နဲ႔အလက္နဲ႔ေျပာေတာ့ က်ဳပ္လည္းေခါင္းညိတ္လိုက္ရပါေရာ၊ ဦးဘသာက ႏြားေတြကိုေမာင္းရင္း

“အရင္က ဖုန္းေတာင္းယာစကာလို႔ ေခၚတာၾကားဖူးပါေသးတယ္ကြာ”

ငဒူက ေခါင္းညိတ္ၿပီးေတာ့

“ဖုန္းေတာင္းယာစကာဆိုတာ ပါဠိကေန ပ်က္လာတဲ့စကားဗ်၊ ယာစကာ ဆိုတာ ပါဠိစကားဗ်ာ၊ အဓိပၸါယ္က ေတာင္းရမ္းျခင္းတဲ့၊ ဖုန္းေတာင္းဆိုတာကေတာ့ ခုနကေျပာတဲ့ ပုညကို ေတာင္းရမ္းတာကို ေျပာတာပဲ၊ ေနာက္တစ္ခုကေတာ့ မြန္လို ပုင္ဆိုတာ ထမင္းဗ်၊ ပုင္ကေန ဖုန္းျဖစ္သြားၿပီးေတာ့ ဖုန္းေတာင္းယာစကာျဖစ္သြားတယ္လို႔ ေျပာၾကတာပဲ”

“ဟာ၊ တို႔ေတြ႕တဲ့ သူေတာင္းစားက လတ္စသတ္ေတာ့ ပိဋကတ္အိုးကြဲႀကီးပါလားေဟ့”

ဦးဘသာက ရယ္က်ဲက်ဲနဲ႔ေျပာလိုက္တယ္။ ငဒူက လက္ေတြခ်ိဳးျပရင္း

“တကယ္ေတာ့ သူေတာင္းစားမ်ိဳးက ဆယ့္ေလးမ်ိဳးေတာင္ရွိတာဗ်၊ ဘႀကီးတို႔ မသိရင္မွတ္ထားရေအာင္ ေျပာျပရအုံးမယ္၊ ခုနက ဖုန္းေတာင္းယာစကာက စေျပာရင္ ဖုန္းေတာင္းယာစကာ၊ သူဖုန္းစား၊ သူေတာင္းစား၊ ကြၽန္သီးေတာ္၊ သင္ခ်ီ၊ သင္လ်င္၊ သုဘရာဇာ၊ ဖက္ခြက္စား၊ ဒြန္းစ႑ား၊ စ႑ာလ၊ ခြာသား၊ ပန္းမႈိက္က်ဳံး၊ ေသြးမစြမ္း၊ ကယ္ပါတဲ့ဗ်”

“ဟ၊ မ်ားလွခ်ည္လားကြ”

“သင္ခ်ီဆိုတာက ပုဂံေခတ္ကတည္းက ရွိတဲ့ဘုရားကြၽန္ကိုေခၚတာဗ်၊ ေက်ာက္စာေတြထဲမွာ သင္ႀကီးလို႔လည္းေရးၾကတယ္၊ ဘုရားေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ ေဝယ်ာဝစၥလုပ္ေပးတဲ့သူေပါ့၊ အခုေတာ့ သေခ်ၤလို႔ေခၚၾကတယ္၊ ဘုရားေတြမွာေနၿပီး ေတာင္းစားတဲ့သူကိုေခၚတာ၊ သင္လ်င္ဆိုတာကေတာ့ သင္ခ်ီထက္နိမ့္က်တဲ့သူပဲ၊ ခုေတာ့ သင္ခ်ီနဲ႔သင္လ်င္ကို သေခ်ၤလို႔ပဲ သိၾကေတာ့တယ္”

“မင္းေျပာတာအဆန္းပါလား၊ ဒါျဖင့္ ကြၽန္သီးေတာ္ဆိုလား ခုနက ၾကားလိုက္တယ္”

“ကြၽန္သီးေတာ္ဆိုတာ ဘုရားကြၽန္၊ ေက်ာင္းကြၽန္၊ ပိဋကတ္ကြၽန္၊ သိမ္ကြၽန္လို႔ေခၚတဲ့ သာသနာနဲ႔ဆိုင္တဲ့ ကြၽန္ေတြကို ဗမာမင္းလက္ထက္က ေခၚၾကတာဗ်၊ အဲဒီေခတ္က ကြၽန္ေတြကို အျမင့္စား၊ အလတ္စား၊ အနိမ့္စားခြဲထားၾကေတာ့ ကြၽန္သီးေတာ္ေတြဆိုတာ အျမတ္စားကြၽန္ေတြေပါ့ဗ်ာ၊ သူတို႔လည္း သူေတာင္းစားစာရင္းဝင္တယ္ဆိုေပမယ့္ ဆရာေတာ္ေတြ၊ ဘုရင္ေတြေျမႇာက္စားၾကတဲ့အခါ အိမ္ႀကီးရာႀကီးေတြနဲ႔ အေခြၽအရံအသင္းအပင္းနဲ႔ ခ်မ္းခ်မ္းသာသာ ေနႏိုင္ၾကသဗ်”

“ဟာ၊ ဒီလိုဆိုေတာ့လည္း မဆိုးဘူးပဲကြ”

“သူေတာင္းစားထဲမွာ အလယ္အလတ္ကေတာ့ သုဘရာဇာေပါ့ဗ်ာ၊ သုဘရာဇာဆိုတာ အသုဘရာဇာဆိုတဲ့စကားကေန အျပဳတ္ၿပီး သုဘရာဇာျဖစ္သြားတာဗ်၊ ရာဇာဆိုတဲ့အတိုင္း သုႆန္ထဲမွာဆိုရင္ေတာ့ သူကဘုရင္ေပါ့ဗ်ာ”

“ဒါဆို အနိမ့္စားကေရာကြ”

“အနိမ့္စားကေတာ့ ဒြန္းစ႑ား နဲ႔ စ႑ာလ ေတြပဲဗ်၊ ဒြန္းစ႑ားေတြက သူေတာင္းစားဆိုေပမယ့္ အစုအဖြဲ႕၊ မိသားစုလိုက္ ေတာင္းရမ္းစားတဲ့သူေတြဗ်၊ ဒြန္းစ႑ားေတြအခ်င္းခ်င္း ဂိုဏ္းဂဏေတြေတာင္ရွိတယ္ဆိုပဲဗ်ာ၊ တစ္ဂိုဏ္းနဲ႔တစ္ဂိုဏ္းနယ္ေျမေတြ၊ နယ္နိမိတ္ေတြသတ္မွတ္ၿပီးေတာ့ ဗိုလ္က်ေနထိုင္ၾကသဗ်၊ ဒါေၾကာင့္ ဒြန္းစ႑ားကို တစ္ေယာက္တည္းဆိုၿပီးေတာ့ အထင္မေသးနဲ႔ဗ်၊ ဟိုက အုပ္လိုက္က်င္းလိုက္ ျပန္ၿပီးလက္တုံ႔ျပန္တတ္ၾကတဲ့အမ်ိဳး”

“ေၾကာက္စရာပါလားေဟ့”

“စ႑ာလကေတာ့ လူေသေကာင္ ကိုင္တဲ့လူေပါ့ဗ်ာ၊ သုဘရာဇာနဲ႔မတူတာက သူတို႔က အေျခတက်မရွိဘူး၊ သုဘရာဇာက သုႆန္မွာ အေျခတက်ေနႏိုင္ေပမယ့္ စ႑ာလကေတာ့ လွည့္လယ္သြားလာရင္း နာေရးေတြကူညီေပးရတယ္၊ ေတာင္းစားတဲ့အခါ ေတာင္းရမ္းစားေသာက္ရၤတာေပါ့ဗ်ာ၊ သူေတာင္းစားဆိုၿပီး အထင္ေတာ့မေသးၾကနဲ႔ေနာ္၊ ဘုရင္ေခတ္ကဆိုရင္ သူေတာင္းစားေတြက ဘုရင္ကို အခြန္ဆက္ၾကရတယ္ဗ်၊ စ႑ာလေတြကို အ႐ြတ္ဝန္က အုပ္ခ်ဳပ္ၿပီး အခြန္ေကာက္ရသဗ်၊ ရရွိတဲ့အခြန္ဘ႑ာေငြကို ႏိုင္ငံရပ္ျခားကလာတဲ့ သံတမန္ေတြကို ေကြၽးေမြးဖို႔သုံးတယ္ဆိုပဲ”

“ဟာ၊ ဒါဆိုရင္ သူေတာင္းစားလက္က ျပန္လုၿပီး စားေသာက္တာပဲကြ”

“ဒါေပါ့ဗ်ာ၊ ႏိုင္ငံျခားက သံတမန္ေတြဆိုေတာ့ နာမ္ႏွိမ္ခ်င္တာလည္း ပါတာေပါ့၊ ဒါေၾကာင့္္ မန္လည္ဆရာေတာ္ဘုရားႀကီးက မာဃေဒဝလကၡာသစ္မွာ ‘စ႑ာလငါး၊ အစို႔မ်ားက၊ ရျငားတမည္၊ အခြန္သည္ကား၊ တစ္ျပည္ တစ္စံ၊ တစ္ႏိုင္ငံက၊ သံကိုေကြၽးေမြး၊ ေပးကမ္းဘို႔ရန္၊ အ႐ြတ္ဝန္သို႔၊ မက်န္ေစငွာ၊ အပ္ထားရာ၏’လို႔ စပ္ဆိုခဲ့သဗ်”

ဦးဘသာက ရယ္တယ္ဗ်။

“အလတ္ေကာင္ေရ၊ တို႔နဲ႔ေတြ႕တဲ့ သူေတာင္းစားက ႏွယ္ႏွယ္ရရမဟုတ္ဘူးကြ၊ သူေတာင္းစားဘုရင္ႀကီးမ်ားလား မသိပါဘူးကြာ၊ ဒါနဲ႔ ငါၾကားဖူးတာက လြတ္လပ္ေရးရၿပီးကတည္းက အစိုးရက အမိန႔္နဲ႔ သူေတာင္းစားေတြ၊ ဒြန္းစ႑ား၊ စ႑ာလ ေတြအကုန္လုံးကို အမ်ိဳးဇတ္ခြဲျခားဆက္ဆံတာေတြကို ဖ်က္သိမ္းလိုက္ၿပီမဟုတ္ဘူးလားကြ”

“ဖ်က္သိမ္းတာက အမိန႔္ပါဗ်ာ၊ တကယ္ေတာ့ ဒီအမိန႔္ကိုလိုက္နာရမွာက လူေတြဗ်၊ အခုပဲၾကည့္ေလ၊ ဘယ္လိုပဲ လူအခ်င္းခ်င္းခြဲျခားတာကို ဖ်က္သိမ္းလိုက္တယ္ဆိုေပမယ့္ သူေတာင္းစားတစ္ေယာက္ကို ဘယ္သူကမွ လူလိုသူလို မဆက္ဆံၾကဘူးမဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ရင္း

“ေအး၊ ဒါေတာ့လည္းဟုတ္တယ္ကြ၊ ငါ့အထင္ေတာ့ လူေတြၾကားထဲအေလ့အက်င့္ျဖစ္ဖို႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာ လိုအုံးမယ္ထင္တာပါပဲကြာ”

ဒီလိုနဲ႔ က်ဳပ္တို႔႐ြာကိုေရာက္လာခဲ့ၾကတာေပါ့ဗ်ာ၊

(၃)

႐ြာထိပ္ေရာက္ေတာ့ အကိုႀကီးနဲ႔ေတြ႕တယ္ဗ်၊ အကိုႀကီးက ဝတ္ေကာင္းစားလွေတြဝတ္လို႔ဗ်၊ က်ဳပ္ကိုျမင္ေတာ့ ေတာ္ေတာ္အံ့ၾသသြားတယ္။

“ဟာ၊ အလတ္ေကာင္၊ ျပန္လာၿပီလားကြ”

“ျပန္လာၿပီအကိုႀကီးရ၊ ဒါနဲ႔ ေတာက္ေတာက္ေျပာင္ေျပာင္နဲ႔ ဘယ္သြားမလို႔လဲဗ်”

တန္းျမင့္႐ြာက ငါ့သူငယ္ခ်င္းအလႉသြားၿပီး ျပန္လာတာပါကြာ၊ ဒါနဲ႔ မင္းဘယ္က သူေတာင္းစားႀကီးကို ေခၚခ်လာျပန္တာလဲကြာ၊ နံလိုက္ေစာ္လိုက္တာ”

အကိုႀကီးက ႏွာေခါင္းကိုလက္နဲ႔ပိတ္ၿပီးေတာ့ ငဒူကိုၾကည့္တယ္ဗ်၊ ငဒူက ေဒါသထြက္သြားတယ္နဲ႔တူပါတယ္။

“ေအာင္မာ၊ က်ဳပ္ကိုမ်ား ခ်ိဳးခ်ိဳးဖဲ့ဖဲ့နဲ႔၊ က်ဳပ္က သူေတာင္းစားဗ်၊ သူေတာင္းစားက သားသားနားနားဝတ္လို႔ရမလား၊ က်ဳပ္သားသားနားနားဝတ္ရင္ ခင္ဗ်ားထက္ေတာင္မွ ႐ုပ္ထြက္ေသးတယ္”

“ဟ၊ သူေတာင္းစားကမ်ား ႀကီးႀကီးက်ယ္က်ယ္နဲ႔ပါလား၊ ကဲ ျပစမ္း၊ မင္းသားသားနားနားဝတ္မယ္ဆိုရင္ ဝတ္ျပစမ္းပါအုံး”

ငဒူက အကိုႀကီးကိုၾကည့္ၿပီးေတာ့ သူ႔လက္ဝါးကိုျဖန႔္လိုက္တယ္။

“ကဲ၊ ခင္ဗ်ားဝတ္ထားတဲ့အက်ႌကို ဝတ္ျပမယ္ဗ်ာ၊ ကဲ က်ဳပ္ကိုအဲဒီအက်ႌေလး စြန႔္ႀကဲေပးခဲ့ပါ”

ငဒူကို က်ဳပ္က စေနာက္ေနတယ္လို႔ထင္တာဗ်၊ အကိုႀကီးက ငဒူကိုျပဴးတူးေၾကာင္ေတာင္နဲ႔ၾကည့္ၿပီးေတာ့ သူဝတ္ထားတဲ့ ရွပ္အက်ႌကိုခြၽတ္ေပးလိုက္သဗ်ာ၊ က်ဳပ္ျဖင့္ ယုံေတာင္မယုံႏိုင္ဘူး။ ငဒူက သူဝတ္ထားတဲ့ အက်ႌအစုတ္ႀကီးကိုခြၽတ္လိုက္ၿပီးေတာ့ အကိုႀကီးအက်ႌကိုဝတ္လိုက္တယ္၊ သိပ္မေတာ္ဘူးဆိုေပမယ့္ အက်ႌကအသစ္ဆိုေတာ့ ႐ုပ္ထြက္ပါတယ္ဗ်ာ၊ အကိုႀကီးကေတာ့ စြပ္က်ယ္ခ်ိဳင္းျပတ္နဲ႔ေပါ့။

“ဟာ၊ အကိုႀကီး သူ႔ကိုဘာလို႔ ဒီအက်ႌႀကီးေပးလိုက္တာလဲ”

“မသိဘူးေလကြာ၊ သူက ေတာင္းေတာ့ေပးရတာေပါ့ကြ”

“ဟာဗ်ာ၊ ေတာင္းတိုင္းသာ ေပးရမယ္ဆိုရင္ သူေတာင္းစားေတြ သူေဌးျဖစ္ကုန္မွာေပါ့ဗ်”

ငဒူကရယ္ေမာရင္းနဲ႔

“ဒီမွာ ကိုအလတ္ေကာင္၊ က်ဳပ္ကိုအထင္မေသးနဲ႔ဗ်၊ က်ဳပ္ေတာင္းရင္ မရဘူးဆိုတာ မရွိဘူး၊ က်ဳပ္က မေတာင္းခ်င္လို႔သာ”

“ဟား၊ ဟား၊ ဒါကေတာ့ မင္းႂကြားလြန္းရာေရာက္သြားၿပီ ငဒူေရ၊ ဒါဆိုလည္း မင္းပုဆိုးအစုတ္ႀကီးအစား ပုဆိုးအသစ္တစ္ထည္ေတာင္းေပါ့ကြာ၊ အဲ၊ ငါ့အကိုပုဆိုးေတာ့ မလုပ္နဲ႔ေနာ္၊ ေတာ္ၾကာ ႐ြာထဲကို ေဘာင္းဘီတိုနဲ႔ ပတ္ေနရအုံးမယ္”

“စိန္လိုက္ေလ ကိုအလတ္ေကာင္ရာ၊ ခင္ဗ်ားက မယုံဘူးဆိုေတာ့ က်ဳပ္က ခင္ဗ်ားယုံေအာင္ျပရေသးတာေပါ့၊ ဒီအတိုင္းဆိုရင္ေတာ့ ပ်င္းစရာႀကီးဗ်ာ၊ ေၾကးေလးတစ္ခုခုေတာ့လုပ္ဗ်”

“ေကာင္းၿပီေလငဒူ၊ ငါေတာင္းခိုင္းတာကိုသာ မင္းရေအာင္ေတာင္းေပးမယ္ဆိုရင္ ငါကမင္းကိုဆရာတင္လိုက္မယ္ကြ”

“ခင္ဗ်ားတကယ္ေျပာတာလား၊ ေယာက္်ားကတိေနာ္”

“ေအးပါကြ၊ ကတိပါ”

“ေကာင္းၿပီ၊ ခင္ဗ်ားခုနက ပုဆိုးေတာင္းထားတယ္ေနာ္၊ အခုက်ဳပ္ ပုဆိုးရေအာင္ေတာင္းျပမယ္”

က်ဳပ္တို႔႐ြာထဲေရာက္ေတာ့ ဦးဘသာက သူ႔အိမ္ထဲကိုႏြားေတြဆြဲၿပီးဝင္သြားပါေရာဗ်ာ၊ က်ဳပ္နဲ႔ အကိုႀကီးနဲ႔ ငဒူနဲ႔ အတူတူေလွ်ာက္လာခဲ့တာေပါ့၊ တစ္ေနရာေရာက္ေတာ့ ႐ြာသူတစ္ေယာက္က အဝတ္ေတြ႐ုတ္ေနတယ္ဗ်၊ အဝတ္ေတြထဲမွာ ဘန္ေကာက္ပုဆိုးလိုလို ေျပာင္ေျပာင္လက္လက္နဲ႔ ပုဆိုးတစ္ထည္လည္းပါသဗ်၊ ငဒူက အဝတ္႐ုတ္ေနတဲ့မိန္းကေလးအနားကိုသြားလိုက္ၿပီးေတာ့ ဘယ္ဘက္လက္ကိုျဖန႔္လိုက္တယ္။

“ကဲ၊ ဒီက ႏွမငယ္၊ ေဟာဒီပုဆိုးကို ဒီကအကိုႀကီးကို ေပးကမ္းစြန႔္ႀကဲခ်င္တဲ့စိတ္မ်ား မျဖစ္ဘူးလား”

ဒီမိန္းကေလးက ေၾကာင္ၾကည့္ေနတယ္ဗ်၊ ေနာက္ေတာ့ သူ႔လက္ထဲကိုင္ထားတဲ့ ဘန္ေကာက္ပုဆိုးကို လွမ္းေပးလိုက္တာပါပဲဗ်ာ၊

“အကိုႀကီးလိုတယ္ဆို ညီမေပးပါ့မယ္၊ အေဖ့ဆီမွာ ပုဆိုးေတြအမ်ားႀကီးရွိတယ္ဆိုေတာ့ ဒီပုဆိုးတစ္ထည္ေလာက္ေတာ့ စြန႔္ႀကဲခ်င္မယ္ထင္ပါရဲ႕”

ငဒူက ဘန္ေကာက္ပုဆိုးကို ယူၿပီးေတာ့ ေကာက္ဝတ္လိုက္တယ္ဗ်ာ၊ သူ႔ပုဆိုးအစုတ္ႀကီးကို ခြၽတ္ၿပီးေတာ့ လမ္းေဘးက အမႈိက္ပုံမွာ ပစ္ခ်ခဲ့တာေပါ့၊ က်ဳပ္လည္း သူေတာင္းလို႔မရမဲ့အရာတစ္ခုကို စဥ္းစားရေတာ့တယ္။

“ဟုတ္ၿပီ၊ အႀကံရၿပီေဟ့”

ဒီလိုနဲ႔ပဲ က်ဳပ္တို႔အိမ္ေရွ႕ကိုေရာက္ပါေရာဗ်ာ။

“အေမေရ၊ က်ဳပ္ျပန္လာၿပီဗ်”

ၿခံေပါက္ဝကေန အသံၿပဲႀကီးနဲ႔လွမ္းေအာ္လိုက္ေတာ့ အေမက အိမ္ထဲကေန ထမီရင္လ်ားႀကီးနဲ႔ေျပးထြက္လာပါေရာဗ်ာ။

“ဟာ၊ အလတ္ေကာင္ျပန္လာၿပီ၊ လာေလ ဝင္ခဲ့”

က်ဳပ္နဲ႔အကိုႀကီးလည္း အိမ္ထဲကိုေျပးဝင္ခဲ့တယ္၊ သူေတာင္းစားငဒူကေတာ့ ၿခံေရွ႕မွာက်န္ေနခဲ့တာေပါ့ဗ်ာ၊ အေမက က်ဳပ္ကိုဖက္လွဲတကင္းနဲ႔ႏႈတ္ဆက္တယ္ဗ်၊ ၿပီးေတာ့ ၿခံေရွ႕က်န္ေနခဲ့တဲ့ ငဒူကိုလွမ္းၾကည့္ရင္း

“ဧည့္သည္လည္း ပါလာတာကိုး၊ အိမ္ထဲကိုေခၚလိုက္ေလ အလတ္ေကာင္ရဲ႕”

“ဟာ၊ အေမကလည္း အဲဒါက သူေတာင္းစားဗ်၊ သူေတာင္းစားကို အိမ္ထဲမေျပာနဲ႔ ၿခံထဲကိုေခၚရင္ေတာင္ ဆင္းရဲတတ္တယ္ဆို၊ အေမပဲေျပာတာေလ”

က်ဳပ္ေစာင့္ေနတဲ့အကြက္က အဲဒါပဲဗ်ာ၊ အေမက ေရွး႐ိုးစြဲဗ်၊ သူေတာင္းစားတို႔၊ စ႑ာလတို႔ဆိုရင္ ၿခံထဲသြင္းဖို႔မေျပာနဲ႔ ၿခံေရွ႕မွာၾကာၾကာရပ္တာေတာင္ ႀကိဳက္တာမဟုတ္ဘူးဗ်၊ က်က္သေရမရွိဘူးဆိုပဲ၊ သူေတာင္းစားၿခံထဲဝင္ရင္ အိမ္ကဆင္းရဲတတ္တယ္လို႔ အယူရွိတယ္ဗ်၊ ဒါေၾကာင့္္ က်ဳပ္က ဒီအႀကံရသြားတာ၊ ငဒူဘယ္ေလာက္ ေတာင္းတိုင္းရရ၊ က်ဳပ္တို႔ၿခံထဲကိုဝင္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးေလဗ်ာ၊ အေမက ငဒူကိုအေသအခ်ာၾကည့္တယ္။

“ဟဲ့ အလတ္ေကာင္၊ နင့္လူက သူေတာင္းစားသာေျပာတယ္ ဝတ္ထားစားထားတာကလည္း အေကာင္းစားေတြပါလားဟဲ့၊ တကယ္သူေတာင္းစားေရာဟုတ္ရဲ႕လား၊ တကယ္ဆိုရင္ေတာ့ ၿခံေရွ႕ကေန ေမာင္းထုတ္ပစ္မယ္”

“ဟုတ္ပါတယ္ဆိုမွ အေမရာ၊ အေမမယုံရင္ သူ႔ကိုသြားေမးၾကည့္ေပါ့ဗ်ာ”

အေမက မယုံသကၤာနဲ႔ ၿခံေရွ႕ကိုေျပးထြက္သြားတယ္ဗ်၊ ၿခံေရွ႕ရပ္ေနတဲ့ သူေတာင္းစားငဒူကို ေျခဆုံးေခါင္းဆုံးၾကည့္ရင္း

“ေနစမ္းပါအုံး ေမာင္ရင္က သူေတာင္းစားလားကြဲ႕”

“ဟုတ္ပါတယ္အေဒၚ၊ က်ဳပ္က ေျခသလုံးအိမ္တိုင္လွည့္လည္သြားလာၿပီး ေတာင္းစားေနတဲ့ သူေတာင္းစားပါပဲ”

အေမ့ မ်က္ႏွာ ကြက္ခနဲပ်က္သြားတယ္ဗ်၊ က်ဳပ္ေတာ့ အႀကံေအာင္ျမင္ၿပီဆိုၿပီးေတာ့ ႀကိတ္ရယ္ေနတာေပါ့ဗ်ာ၊ ငဒူက အေမ့ကိုၾကည့္ၿပီး

“က်ဳပ္ကသူေတာင္းစားဆိုေတာ့ အိမ္ရွင္ၾကည္ျဖဴမွ ၿခံဝိုင္း၊ အိမ္ဝိုင္းထဲကို ဝင္လို႔ရမွာမို႔လို႔ပါ၊ ဒါေၾကာင့္ က်ဳပ္ကိုအိမ္ထဲဝင္ခြင့္ျပဳပါလို႔ အေဒၚ့ဆီမွာ ခြင့္ေတာင္းပါရေစ”

အေမက တစ္ခ်က္ေတြေဝသြားတယ္၊ အေမက ငဒူကိုေျပာဆိုလႊတ္ဖို႔ စဥ္းစားေနတဲ့ပုံပဲဗ်၊ ေနာက္ေတာ့ ေၾကာင္စီစီနဲ႔ေခါင္းညိတ္လိုက္တယ္။ ပါးစပ္ကလည္း

“လာပါသူငယ္၊ အိမ္ထဲဝင္ခဲ့ေလကြဲ႕”

က်ဳပ္ျဖင့္ ကိုယ့္နားကိုယ္ေတာင္ မယုံႏိုင္ဘူးဗ်ာ၊ ဒီစကားကို အေမ့ပါးစပ္ကထြက္တယ္ဆိုတာ ဟုတ္မွဟုတ္ရဲ႕လားဆိုၿပီး အံ့ၾသေနမိတယ္။ ဒါနဲ႔ ေသခ်ာေအာင္လို႔

“အေမ၊ အေမဘယ္လိုေျပာလိုက္တာလဲ၊ သူက သူေတာင္းစားဗ်၊ သူေတာင္းစား၊ ဘာျဖစ္လို႔ သူ႔ကိုအိမ္ထဲဝင္ခြင့္ေပးလိုက္ရတာလဲ”

ငဒူက က်ဳပ္ကို ၿပဳံးစိစိနဲ႔ၾကည့္ၿပီးေတာ့ ၿခံထဲဝင္သြားေတာ့တာပါပဲဗ်ာ၊၊ အေမက က်ဳပ္အနားကပ္ၿပီးေတာ့

“နင္ဘာသိလို႔လဲအလတ္ေကာင္ရ၊ သူက လူထူးလူဆန္းပဲ၊ အေမၾကားဖူးတာက ဘိုးေတာ္ေတြဘာေတြက သူေတာင္းစားပုံစံ၊ အ႐ူးပုံစံေယာင္ေဆာင္ၿပီးေတာ့ သြားလာေနတတ္တယ္ဆိုပဲ၊ တစ္ေလာကပဲ ႐ြာအေရွ႕ပိုင္းက မခင္တို႔က အ႐ူးႀကီးတစ္ေယာက္ကို အိမ္ေပၚေခၚၿပီး ထမင္းေကြၽးလိုက္တာ ျဖစ္ခ်င္ေတာ့ အ႐ူးႀကီးက ဘိုးေတာ္ႀကီးျဖစ္ေနတယ္အလတ္ေကာင္ေရ၊ ဘိုးေတာ္က သူတို႔ကိုစီးပြားတက္ေစတဲ့ အစီအရင္ခ်ီးျမႇင့္ခဲ့လို႔ အခုစီးပြားေတြျဖစ္ၿပီး အိမ္ေတာင္မွ ျပင္ေဆာက္ေတာ့မလို႔တဲ့”

အေမ့အထင္နဲ႔အေမေတာ့ ဟုတ္ေနတာပဲဗ်ာ၊ အေမက ၿခံထဲကို ခပ္သုတ္သုတ္ဝင္သြားေပမယ့္ က်ဳပ္ကေတာ့ ၿခံဝမွာ ေတြေတြႀကီးက်န္ေနခဲ့ေတာ့တာပဲဗ်ာ။

(၄)

“စဥ္းစားစမ္း၊ ဒီေကာင္ေတာင္းလို႔မရတာ ဘာျဖစ္မလဲ”

က်ဳပ္ေရမိုးခ်ိဳးရင္း ဒါပဲစဥ္းစားေနမိတာဗ်၊ အေမကေတာ့ ငဒူနဲ႔စကားေျပာရင္း အဖြဲ႕က်ေနတာေပါ့ဗ်ာ၊ ငဒူကလည္း သူေတာင္းစားဆိုေတာ့ လူေတြအေၾကာင္းသိတယ္ဗ်၊ ဒီလူဘာႀကိဳက္တယ္၊ ဘယ္လိုစကားႀကိဳက္တယ္ဆိုတာကို သိၿပီးလိုက္ေျပာတတ္ေတာ့ သူနဲ႔စကားေျပာတဲ့လူ ဘယ္သူမဆို ေက်နပ္ၾကတာမဆန္းပါဘူးဗ်ာ၊ ဒါလည္း သူေတာင္းစားေတြတတ္အပ္တဲ့ ပညာထဲက တစ္ခုျဖစ္ခ်င္ျဖစ္ေနမွာဗ်။

ေရခ်ိဳးၿပီး မီးဖိုထဲကိုဝင္ခဲ့ေတာ့ အေမက အမဲသားေတြေၾကာ္ေနတာေတြ႕လိုက္တယ္၊ က်ဳပ္လည္း အမဲသားေၾကာ္ၿပီးသားတစ္တုံးကို လက္နဲ႔ႏႈိက္စားလိုက္မယ္လုပ္လိုက္ေတာ့ အေမက က်ဳပ္လက္ကို ေယာက္မပူပူနဲ႔ ပုတ္ခ်သဗ်။

“ဟဲ့အလတ္ေကာင္၊ နင္ငတ္ႀကီးမက်နဲ႔၊ အမဲသားက ႏွစ္ဆယ္သားထဲရတာ၊ ဒါနင့္အေဖအတြက္”

“အေမကလည္းဗ်ာ၊ အေဖတစ္ေယာက္တည္း ပါးစပ္ပါတာမဟုတ္ပါဘူးဗ်၊ က်ဳပ္တို႔မွာလည္း ပါးစပ္ပါပါတယ္”

“ဟဲ့၊ အမဲသားက ခဲရာခဲဆစ္ရထားတာ၊ နင့္အေဖတစ္ေယာက္စာပဲရလိုက္တယ္၊ နင္တို႔ငတ္ႀကီးမက်နဲ႔”

က်ဳပ္လည္း လက္ကေလးကိုစုပ္လို႔္ေပါ့ဗ်ာ၊ ဒီအခ်ိန္မွာ က်ဳပ္ေခါင္းထဲအေတြးတစ္ခုဝင္လာသဗ်။

“ဟုတ္ၿပီ၊ အေဖက အမဲသားေၾကာ္ဆို သိပ္ႀကိဳက္တာ၊ ဒီလိုရွားရွားပါးပါးဆိုရင္ သူစိမ္းမေျပာနဲ႔ သားသမီးအရင္းေတာင္မွ တစ္တုံးတစ္ဖတ္ေကြၽးတာမဟုတ္ဘူး၊ ဒီေတာ့ ငါေတာင္မစားရတဲ့ အမဲသားေၾကာ္ကို ငဒူဘယ္ေလာက္ေတာင္းေတာင္း စားရမွာမဟုတ္ဘူး”

က်ဳပ္လည္း အႀကံရၿပီးေတာ့ ေပ်ာ္ၿပီးအိမ္ေရွ႕ကိုထြက္လာတာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ အေဖက ႐ြာပတ္ၿပီးေတာ့ ျပန္လာတယ္ဗ်၊ အေမတို႔က ငဒူနဲ႔မိတ္ဆက္ေပးၿပီးေတာ့ ငဒူကိုထမင္းေကြၽးဖို႔လုပ္ၾကပါေရာဗ်ာ၊ ထင္တဲ့အတိုင္းပါပဲ ငဒူကိုျပင္ေကြၽးတဲ့ထမင္းဝိုင္းမွာ အမဲသားေၾကာ္မပါဘူးဗ်၊ ဒီအတိုင္းဆိုရင္ အေမက အေဖ့အတြက္ဆိုၿပီး ဖြက္ထားပုံရတယ္။ က်ဳပ္လည္း အေမဟင္းခ်ိဳသြားခပ္တဲ့အခ်ိန္ ငဒူရဲ႕အနားကိုကပ္လိုက္ၿပီး

“ငဒူ၊ အေမ့ဆီမွာ ငါ့အေဖအတြက္ဆိုၿပီးေတာ့ ဖြက္ထားတဲ့ အမဲသားေၾကာ္ရွိတယ္ကြ၊ ဒီအမဲသားေၾကာ္ကို မင္းရေအာင္ေတာင္းၾကည့္စမ္းကြာ”

ငဒူက ၿပဳံးရင္း

“အမဲသားေၾကာ္ဆိုပါလား စားရခ်ည္ေသးရဲ႕ဗ်ာ”

“ေအး၊ မင္းေတာင္းရင္ အေဖ့ကိုေတာင္းစားေနာ္ကြ”

ငဒူက ေခါင္းညိတ္တယ္ဗ်၊ ဒါနဲ႔ မၾကာပါဘူး၊ အေမက ဟင္းခ်ိဳခြက္ေလးခပ္ၿပီးေရာက္လာပါေရာ၊ ငဒူက ထမင္းကို သုံးေလးလုပ္စားေနတယ္၊ ေနာက္ေတာ့ အေဖက အဝတ္အစားလဲၿပီး ဆင္းလာပါေရာဗ်ာ၊ ဆင္းလာၿပီးေတာ့ ငဒူစားေနတဲ့ ထမင္းစားပြဲေဘးနားမွာ ဝင္ထိုင္တယ္။

“စားေနာ္၊ ငါ့တူႀကီး အားမနာနဲ႔”

အေမကေတာ့ ဘိုးေတာ္ႀကီးလားဆိုၿပီးေတာ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ မ်က္လုံးေတြအေရာင္လက္လို႔ေပါ့ဗ်ာ။

“စားပါ သူငယ္ရဲ႕၊ ထမင္းစားတာ အားမရလိုက္တာ၊ ဘာလဲ အေဒၚခ်က္ထားတဲ့ဟင္းေတြကို ခံတြင္းမေတြ႕ဘူးလား”

ငဒူက ထမင္းပန္းကန္ထဲလက္ႏႈိက္ရင္း

“အေဒၚရဲ႕လက္ရာကေတာ့ ေကာင္းပါရဲ႕ဗ်ာ၊ ဒါေပမယ့္ က်ဳပ္က အသားဓါတ္လိုသဗ်၊ ဒီေတာ့ အမဲသားေၾကာ္ေလးစားခ်င္တယ္”

ုၿပီးေတာ့ အေဖ့ကိုၾကည့္ရင္း

“ဦးေလးစားမယ့္ အမဲသားေၾကာ္ကို က်ဳပ္ကိုေကြၽးပါလို႔ ေတာင္းပါရေစ၊ က်ဳပ္ကိုေကြၽးမယ္မဟုတ္လား”

အေဖက တည္ၿငိမ္သြားတယ္ဗ်၊ ေနာက္ေတာ့ အေဖနဲ႔အေမက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကတယ္။ လင္မယားႏွစ္ေယာက္ မ်က္လုံးခ်င္းစကားေျပာေနတဲ့ပုံပဲဗ်ာ၊ က်ဳပ္ကေတာ့ စိတ္ထဲကေန မေကြၽးပါေစနဲ႔ဆိုၿပီး ဆုေတြႀကိတ္ေတာင္းေနရတာေပါ့၊ ဒါေပမယ့္ က်ဳပ္ဆုေတာင္းမျပည့္ပါဘူးဗ်ာ။

“အင္းေလ၊ ေတာင္းေတာ့လည္း ေကြၽးရမွာေပါ့၊ သူ႔ကိုအမဲသားေၾကာ္ ေကြၽးလိုက္စမ္းပါ မသန္းရာ”

အေမက မီးဖိုထဲကေန အမဲသားခြက္ကေလးႏႈိက္ၿပီးျပန္ထြက္လာတယ္ဗ်ာ၊ ငဒူက အမဲသားေၾကာ္ေတြအကုန္လုံးကို သူတစ္ေယာက္တည္း ကုန္ေအာင္စားရင္း က်ဳပ္ကိုၿပီတီတီနဲ႔ၾကည့္ေနတယ္၊ က်ဳပ္ကေတာ့ ေက်ာက္႐ုပ္ႀကီးလို မလႈပ္မရွားနဲ႔ ေတာ္ေတာ္ထိတ္လန႔္ေနတာေပါ့ဗ်ာ၊ စားေသာက္ၿပီးေတာ့ ငဒူက က်ဳပ္အနားကပ္လာတယ္ဗ်။

“ကိုအလတ္ေကာင္၊ ေလာကမွာ ေတာင္းရအခက္ဆုံးက ဘာလဲဆိုတာသိသလားဗ်”

“ေဟ၊ ဘာလဲကြ”

“လူဗ်၊ လူ၊ တစ္နည္းေျပာရရင္ မိန္းမေပါ့ဗ်ာ”

“ဟာ၊ ေဟ့ေကာင္ငဒူ၊ ဟုတ္မွလဲလုပ္စမ္းပါကြာ”

“ရပါတယ္၊ ဒီေတာ့ က်ဳပ္ကိုအလတ္ေကာင္ရဲ႕ ညီမကိုေတာင္းမယ္ဗ်ာ”

“ဘာ၊ ဘာေျပာတယ္ကြ”

“ဟုတ္တယ္၊ က်ဳပ္ခင္ဗ်ားညီမကို ေတာင္းၾကည့္မယ္၊ မရဘူးဆိုရင္ ခင္ဗ်ားႏိုင္ၿပီ၊ ရမယ္ဆိုရင္ေတာ့ က်ဳပ္လည္း အိုရခ်ည္ေသးရဲ႕ဗ်ာ၊ ဟက္၊ ဟက္”

ငဒူက သူ႔မုတ္ဆိတ္ေမႊးထူလျဗစ္ကို လက္နဲ႔ပြတ္ေနေသးသဗ်ာ။

“ဟာ၊ ဒါေတာ့မျဖစ္ဘူးေဟ့၊ မင္းေတာင္းလို႔ ငါ့ညီမကိုရသြားရင္ ငါ့ညီမက သူေတာင္းစားရဲ႕မိန္းမျဖစ္သြားမွာေပါ့ကြ”

“ျဖစ္ျဖစ္ေပါ့ဗ်၊ သူေတာင္းစားမိန္းမျဖစ္ေတာ့လည္း ေကာင္းတာပဲ၊ ဘာမွမလုပ္ရမကိုင္ရဘဲ အခ်ိန္တန္ရင္ ေတာင္းရမ္းစားေသာက္ၿပီး ေအးေအးေဆးေဆးေနလို႔ရတယ္၊ က်ဳပ္ရဲ႕အစြမ္းကို ကိုအလတ္ေကာင္လည္း သိမွာပါ၊ ခင္ဗ်ားညီမကို က်ဳပ္တင့္ေတာင္းတင့္တယ္ ေတာင္းေကြၽးမွာပါဗ်”

က်ဳပ္ျဖင့္ ေခါင္းေတြေတာင္ႀကိမ္းသြားတယ္ဗ်ာ၊ တကယ္လို႔ သူသာတကယ္ေတာင္းလို႔ရရင္ က်ဳပ္ညီမက သူေတာင္းစားမိန္းမျဖစ္ၿပီဗ်၊ အဲဒါတင္မကဘူး က်ဳပ္တို႔လည္း သူေတာင္းစားနဲ႔ေဆြမ်ိဳးေတာ္ကုန္ၿပီ၊ အေဖကသူႀကီး လင္က သူေတာင္းစားဆိုၿပီး က်ဳပ္ညီမေတာ့ ႐ြာကလူေတြရဲ႕ တံေတြးခြက္ထဲမွာ ပက္လက္ေျမာေတာ့မယ္ထင္ပါရဲ႕။

“မျဖစ္ဘူး၊ မျဖစ္ဘူး၊ ဒီကိစၥကို ငါရေအာင္တားရမယ္၊ ရေအာင္တားရမယ္”

အခက္အခဲႀကဳံရင္ အရင္ဆုံးသတိရမိတာကေတာ့ ဦးဘသာေပါ့ဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း ၿခံထဲကေနအေျပးထြက္လာခဲ့ၿပီး ဦးဘသာအိမ္ကိုေျပးလာခဲ့တာေပါ့။

“ဦးဘသာ၊ ဦးဘသာ၊ က်ဳပ္ကိုကယ္ပါအုံးဗ်ာ”

“ဘယ္လိုျဖစ္တာလည္းအလတ္ေကာင္ရာ မင္းဟာကလည္း မထိတ္သာမလန႔္သာနဲ႔”

“က်ဳပ္ကိုကယ္ပါအုံးဗ်ာ၊ ဦးဘသာသာ မကယ္ရင္ က်ဳပ္သူေတာင္းစားနဲ႔ေဆြမ်ိဳးအရင္းျဖစ္ေတာ့မွဗ်”

က်ဳပ္လည္း ဦးဘသာကို က်ဳပ္နဲ႔ငဒူနဲ႔စိန္ေခၚခဲ့တဲ့အေၾကာင္းေတြကို ခေရေစ့တြင္းက် ေျပာျပလိုက္တာေပါ့ဗ်ာ၊ ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္တယ္။

“အဲဒါဘယ္လိုလုပ္မလဲ ဦးဘသာ”

“ငါထင္တာက သူ႔ဆီမွာအေဆာင္တစ္ခုခုရွိေနလို႔ကြ”

“ဗ်ာ၊ ဘယ္လိုအေဆာင္လဲ”

“သူေတာင္းစားေတြမွာ အဆင့္အျမင့္ဆုံး ပညာရပ္တစ္ခုရွိသကြ၊ အဲဒါကေတာ့ မာတဂၤဆိုတဲ့ အေဆာင္တစ္ခုပဲ”

က်ဳပ္လည္း အဲဒီစကားကို အခုမွၾကားဖူးတယ္ဗ်ာ။

“မာတဂၤဆိုတာ ဘာလဲဗ်”

“မာတဂၤဆိုတာ ဘုရားအေလာင္းေပါ့ကြာ၊ တစ္ခ်ိန္တုန္းက ဘုရားအေလာင္းက ဘဝတစ္ခုမွာ သူေတာင္းစားျဖစ္ခဲ့တယ္ကြ၊ သူေတာင္းစားဆိုေပမယ့္ အစြမ္းရွိတယ္၊ သူေတာင္းရင္ ေတာင္းတဲ့အရာကိုရႏိုင္သတဲ့ကြ၊ ဒါေပမယ့္ မာတဂၤက သူ႔အစြမ္းကို သိုသိုသိပ္သိပ္နဲ႔ေနတယ္၊ ပုံမွန္အတိုင္းပဲ ေတာင္းစားေနသတဲ့ကြာ”

“သူတို႔တိုင္းျပည္မွာပဲ မဂၤလိကာလို႔အမည္ရတဲ့ အမ်ိဳးဇတ္ျမင့္တဲ့ ပု႑ားသမီးတစ္ေယာက္ရွိသတဲ့၊ ႐ုပ္ရည္ကလည္း ေတာ္ေတာ္ေခ်ာတယ္ဆိုပဲ၊ ဒါေပမယ့္ မဂၤလိကာ က ေမာက္မာတယ္ကြ၊ သူ႔ကိုလိုခ်င္လို႔ ေတာင္းရမ္းလက္ဖြဲ႕လာတဲ့ သူေဌးသူႂကြယ္ေတြအကုန္လုံးကို မတူသလို မတန္သလိုေျပာဆိုသတဲ့၊ သူေတာင္းစားေတြကိုလည္း သိပ္ၿပီးေမာက္ေမာက္မာမာဆက္ဆံတာနဲ႔ မာတဂၤက မဂၤလိကာကို ရေအာင္ေတာင္းရမ္းမယ္ဆိုၿပီးေတာ့ ပု႑ားႀကီးဆီမွာ သမီးကိုသြားေတာင္းတာေပါ့ကြာ”

“ဟာဗ်ာ၊ လူကိုေတာင္းတာတဲ့လား၊ ဒီလိုေတာင္းေတာ့ ပု႑ားႀကီးက ေပးစားေရာလား”

“ဒါေပါ့ကြ၊ မဂၤလိကာတစ္ေယာက္လည္း တိုင္းျပည္ထဲအရွက္ကြဲတာေပါ့ သူေဌးသူႂကြယ္ေတြကို ေျပာဆိုလႊတ္ၿပီး အခုေတာ့ သူေတာင္းစားက လာေတာင္းရမ္းတယ္ဆိုၿပီး အရွက္ကြဲတာေပါ့ကြာ၊ မာတဂၤရဲ႕အစြမ္းေၾကာင့္ ပု႑ားႀကီးကလည္း သူ႔သမီးကို မာတဂၤနဲ႔ လက္ထပ္ေပးလိုက္တယ္၊ မဂၤလိကာလည္း ေန႔ခ်င္းညခ်င္း ခ်မ္းသာတဲ့ ပု႑ားသမီးအျဖစ္ကေန သူေတာင္းစားမျဖစ္သြားၿပီးေတာ့ ၿမိဳ႕႐ြာအႏွံ႔လွည့္လည္ၿပီးေတာ့ ေတာင္းစားရတယ္ဆိုပဲ”

“ေတာက္၊ ေတာ္ေတာ္ရက္စက္တဲ့ဘုရားအေလာင္းဗ်ာ”

က်ဳပ္လည္းေဒါသထြက္သြားတယ္၊ ေနာက္ေတာ့မွ အေယာင္ေယာင္အမွားမွားနဲ႔ လက္အုပ္ခ်ီၿပီးေတာ့ မိုးေပၚကိုၾကည့္ရင္း

“ကန္ေတာ့၊ ကန္ေတာ့ပါဗ်ာ၊ က်ဳပ္ လႊတ္ခနဲထြက္သြားလို႔ပါ”

က်ဳပ္အျဖစ္ကို ဦးဘသာက ၾကည့္ၿပီးရယ္ေနတယ္ဗ်။

“သူေတာင္းစားအျဖစ္နဲ႔ေနေပမယ့္ မာတဂၤက မဂၤလိကာကို ေမာင္ႏွမလိုပဲ ဆက္ဆံတယ္ဆိုပဲကြ၊ ဒါနဲ႔ၾကာလာေတာ့ သနားသြားတယ္၊ သူ႔ခမ်ာ ငါ့အတြက္နဲ႔ ဒုကၡျဖစ္ရတယ္၊ ၿပီးေတာ့ သူေတာင္းစားမိန္းမဆိုၿပီး လူေတြအထင္ေသးခံရတယ္၊ သူ႔ကို ေကာင္းစားေအာင္ႀကံေဆာင္ေပးမယ္ဆိုၿပီးေတာ့ မဂၤလိကာကိုေျပာတယ္၊ ကြၽန္မေယာက္်ားက သူေတာင္းစားမဟုတ္ပါ၊ ျဗဟၼာႀကီးျဖစ္တယ္၊ ေနာက္ဆယ့္ငါးရက္ၾကာတဲ့အခါ လကိုခြင္းၿပီးဆင္းျပလိမ့္မယ္လို႔ ေျပာခိုင္းသတဲ့”

“ဒါလိမ္ခိုင္းတာမဟုတ္လား”

“မဟုတ္ဘူးကြ၊ မာတဂၤက ဆယ့္ငါးရက္အတြင္း ေတာထြက္ၿပီးေတာ့ ဈာန္သမာပတ္ဝင္စားလိုက္တာ အထုံပါရမီေကာင္းေတာ့ ခဏေလးနဲ႔ ျဗဟၼာေတြမွာရွိတဲ့ တန္ခိုးေတြရသြားတယ္ဆိုပဲ၊ ဒါနဲ႔ လူေတြအားလုံးကို လကိုခြင္းၿပီးဆင္းျပလိုက္ေတာ့ အားလုံးက ေလးစားၾကည္ညိဳသြားတယ္၊ ျဗဟၼဏဆိုတာ အမ်ိဳးအျမတ္ဆုံးလူေတြ၊ သူတို႔ေတြက ျဗဟၼာေတြကို ကိုးကြယ္တာဆိုေတာ့ မဂၤလိကာတစ္ေယာက္ ျဗဟၼဏေတြထဲမွာမွ အဆင့္အျမင့္ဆုံးလူတစ္ေယာက္ျဖစ္သြားၿပီးေတာ့ တျခားလူေတြက တေလးတစားဆက္ဆံခံရၿပီး ခ်မ္းသာသြားတယ္ဆိုပါေတာ့ကြာ”

“အဲဒါနဲ႔ အခု ငဒူနဲ႔ဘာဆိုင္သလဲဗ်”

“အဲဒီ မာတဂၤကို အစြဲျပဳၿပီးေတာ့ မာတဂၤဂါထာ၊ မာတဂၤအစီအရင္ဆိုၿပီး လူေတြလုပ္ၾကသကြ၊ လုပ္တာကေတာ့ ခက္လည္းခက္တယ္ လြယ္လည္းလြယ္တယ္ေျပာရမယ္၊ ဘယ္လိုလုပ္သလဲဆိုေတာ့ သူေတာင္းစားေတြ အၿမဲကိုင္ေဆာင္သြားလာတဲ့ တံပိုး၊ ေတာင္ေဝွးက်ိဳးကို လိုသကြ၊ အဲဒီေတာင္ေဝွးက်ိဳးမွာ လာဘသိဒၵိေတြရွိေနတယ္လို႔ ယုံၾကည္ၾကတယ္၊ ေတာင္ေဝွးက်ိဳးရရင္ မာတဂၤအ႐ုပ္ထုရတယ္၊ လူတစ္ေယာက္က မုဆိုးထိုင္ထိုင္ေနၿပီးေတာ့ ဘယ္ဘက္လက္က ခြက္တစ္လုံးကိုင္ထားရတယ္၊ ညာဘက္လက္ကေတာ့ ေတာင္ေဝွးတစ္ေခ်ာင္းကိုင္ထားတဲ့ပုံစံကို ထုလုပ္ရသကြ၊ တစ္ခ်ိဳ႕လည္း မတ္တပ္အေနအထားနဲ႔ထုလုပ္ၾကတယ္”

“ထုလုပ္ၿပီးရင္ေကာဗ်ာ”

“ၿပီးရင္ေတာ့ ဘုရားေရွ႕မွာ အဲဒီအ႐ုပ္ကို မာတဂၤဂါထာ သုံးဆယ့္ခုနစ္အုပ္႐ြတ္ၿပီး ေမွာ္သြင္းရတယ္၊ ၿပီးရင္ သိမ္ထဲမွာတစ္ခါ၊ နတ္စင္နတ္ကြန္းမွာတစ္ခါ၊ လမ္းေလးခြဆုံမွာတစ္ခါ၊ အိမ္အတက္အဆင္းမွာတစ္ခါ ေမွာ္သြင္းၿပီးေတာ့ ေ႐ႊခ်ရတယ္၊ ေမွာ္ေအာင္လို႔ကေတာ့ မာတဂၤအတိုင္း ေတာင္းသမွ်ရတယ္၊ တသမွ်ျပည့္စုံတယ္တဲ့ကြာ”

“ဒါဆို ငဒူက မာတဂၤေမွာ္ ေအာင္ထားတာမ်ားလား”

“ဒါကေတာ့ မင္းစုံစမ္းရမွာပဲအလတ္ေကာင္ေရ၊ သူအိတ္ေနတဲ့အခ်ိန္ သူ႔လြယ္အိတ္ထဲ ရွာေဖြၾကည့္ေပါ့ကြ”

“ေတြ႕ရင္ေရာ”

“ေတြ႕ရင္မင္းသိမ္းထားလိုက္၊ ဒါဆို သူေတာင္းသမွ် မေအာင္ေတာ့ဘူးေပါ့ကြာ၊ သူ႔အ႐ုပ္ကို ၿပီးရင္ ျပန္ေပးလိုက္ပါ၊ မာတဂၤအ႐ုပ္က ကိုယ္တိုင္စီရင္တဲ့လူ သုံးမွစြမ္းတာကြ၊၊ ဟုတ္ၿပီလား”

က်ဳပ္လည္း ဦးဘသာဆီကေနျပန္ခဲ့ေတာ့တယ္၊

(၅)

ညေရာက္ၿပီဗ်၊ က်ဳပ္က အိပ္ခ်င္ေယာင္ေဆာင္ၿပီးေတာ့ အသာေစာင့္ေနတာ၊ ဘုရားခန္းေရွ႕မွာအိပ္တဲ့ ငဒူကေတာ့ တေခါေခါနဲ႔အိပ္ေပ်ာ္ေနတာပဲဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း သူ႔ေျခရင္းမွာခ်ထားတဲ့ လြယ္အိတ္ထဲက အ႐ုပ္ကိုသြားရွာတယ္၊ လြယ္အိတ္တစ္ခုလုံးလည္း အစုတ္အျပတ္ေတြခ်ည္းပါပဲဗ်ာ၊ အ႐ုပ္ေတာ့ မေတြ႕ဘူးဗ်။

ဒါနဲ႔ သူ႔ကိုယ္လုံးမွာရွာတယ္၊ ဒါလည္းမေတြ႕ပါဘူးဗ်ာ၊ က်ဳပ္လက္ေလွ်ာ့မယ္လုပ္ရင္း ငဒူရဲ႕ေခါင္းမွာ ဝင္းဝင္းလက္လက္ျဖစ္ေနတဲ့အရာတစ္ခုကိုေတြ႕လိုက္ရတယ္ဗ်၊ ဒီေကာင့္ရဲ႕ ဆံပင္ရွည္ဘုတ္သိုက္ၾကားထဲမွာ ေ႐ႊေရာင္အ႐ုပ္ကေလးတစ္႐ုပ္ဗ်၊ က်ဳပ္လည္း အသာကေလးလွမ္းဆြဲယူလိုက္တယ္။ အ႐ုပ္ကေလးက လက္တစ္ဆစ္ေလာက္ပဲရွိပါတယ္ဗ်ာ၊ ေ႐ႊခ်ထားေတာ့ အေရာင္ဝင္းေနတယ္။

“ဟုတ္ၿပီ၊ လတ္စသတ္ေတာ့ ဒီေကာင္က ေခါင္းထဲမွာထည့္ထားတာကိုး”

က်ဳပ္လည္း အ႐ုပ္ကေလးကိုယူၿပီးဖြက္ထားလိုက္တာေပါ့ဗ်ာ။ မနက္ေရာက္ေတာ့ ငဒူက ၿပဳံးၿဖီးၿဖီးနဲ႔ အေဖ့အေရွ႕မွာထိုင္လိုက္တယ္ဗ်။

“ဦးေလးနဲ႔ အေဒၚကို က်ဳပ္တစ္ခုေျပာစရာရွိလို႔ပါ”

“ေအး၊ ေျပာေလကြာ”

“က်ဳပ္ေျပာမယ့္အရာက အရမ္းအေရးႀကီးပါတယ္ဦးေလး၊ ဦးေလးတီု႔ ေသခ်ာနားေထာင္ေပးပါ”

အေဖက ေခါင္းညိတ္တယ္။ ငဒူက က်ဳပ္ညီမအလတ္မကိုၾကည့္ၿပီး

“က်ဳပ္ ဦးေလးတို႔ရဲ႕သမီးအႀကီးမကို သေဘာက်ေနပါတယ္၊ ဒါေၾကာင့္ ဦးေလးတို႔သေဘာတူမယ္ဆိုရင္ျဖင့္ ဒီမိန္းကေလးကို က်ဳပ္ကလက္ထပ္ယူခ်င္ပါတယ္၊ က်ဳပ္နဲ႔ ဦးေလးတို႔သမီးနဲ႔ကို လက္ထပ္ေပးဖို႔ ေတာင္းဆိုပါရေစ”

အေမဆိုရင္ ေတာ္ေတာ္ထိတ္ထိတ္ျပာျပာျဖစ္သြားတာဗ်၊ အေဖက ေခါင္းအသာညိတ္လိုက္ေတာ့ က်ဳပ္ျဖင့္ရင္ထဲ ထိတ္သြားတာပဲဗ်ာ။

“ဟုတ္ပါၿပီ၊ ဒါနဲ႔ ေမာင္ရင္ရဲ႕နာမည္အရင္းကိုေတာင္ ဦးေလးတို႔မသိရေသးပါလား”

“က်ဳပ္နာမည္ ေက်ာ္စိုးပါ”

“ဒါနဲ႔ ေမာင္ရင္က ဘာလုပ္ကိုင္စားသလဲ၊ မိဘေတြကေရာ ဘာအလုပ္လုပ္ၾကသလဲကြဲ႕”

“က်ဳပ္က သူေတာင္းစားပါ၊ မိဘေတြကလည္း ပုဂံဘက္မွာ ေတာင္းစားၾကပါတယ္”

အေဖက မတ္တပ္ရပ္လိုက္ၿပီး

“ဒီေတာ့ေမာင္ရင္ရယ္၊ ေမာင္ရင္တို႔လို သူေတာင္းစားမ်ိဳး႐ိုးကလာတဲ့ သူေတာင္းစားကို ဦးေလးတို႔လို သူႀကီးမ်ိဳးကလာတဲ့လူနဲ႔ ေပါင္းဖက္ေပးဖို႔က ျဖစ္ႏိုင္မယ္လို႔ ေမာင္ရင္ထင္ေနတာလား”

ငဒူနည္းနည္းေတာ့ ၿဖဳံသြားတယ္ဗ်။

“မဟုတ္ဘူးေလ၊ ဟို . . . ဟို”

“ဒီမွာ ေမာင္ရင္ ေမာင္ရင္ကို သူေတာင္းစားကို ဦးေလးတို႔က အေရးတယူနဲ႔ ထမင္းေတြေကြၽး၊ အိမ္ဦးခန္းမွာ ေပးအိပ္ေနတာနဲ႔တင္ ေမာင္ရင္ေက်နပ္ပါေတာ့၊ ဒီထက္ပိုၿပီးေတာ့ ထပ္ၿပီးေရာင့္မတက္ခ်င္ပါနဲ႔ ေမာင္ရင္ရ”

ငဒူက အေဖ့ကိုလက္ညႇိဳးထိုးၿပီး

“ေဟ့လူႀကီး၊ က်ဳပ္ခင္ဗ်ားသမီးကိုလိုခ်င္တယ္၊ ခင္ဗ်ားသမီးကိုေတာင္းတယ္၊ ခင္ဗ်ား ေပးမလား မေပးဘူးလား”

အေဖက ခပ္ၿပဳံးၿပဳံးနဲ႔ျပ့ုံးလိုက္ၿပီးေတာ့ သူ႔အေနာက္နံရံမွာခ်ိတ္ထားတဲ့ ငွက္ႀကီးေတာင္ဓါးႀကီးကိုဆြဲျဖဳတ္လိုက္တယ္ဗ်။ ငဒူလည္း ပ်ာပ်ာသလဲနဲ႔ သူ႔ေခါင္းကိုသူစမ္းၾကည့္တယ္။

“ဟာ၊ သြားၿပီ၊ မရွိ၊ မရွိေတာ့ဘူး”

အေဖက ဓါးကိုဝင့္လိုက္ၿပီး

“ဒီေလာက္ေျပာေနတာကိုေတာင္ ေရာင့္တက္တဲ့သူေတာင္းစား၊ မင္း ငါ့သမီးကိုေတာ့မရဘူး၊ ငါ့ဓါးကိုပဲ ရမယ္ကြ”

အေဖက လႊားခနဲခုန္လိုက္ေတာ့ ငဒူခမ်ာ ထိုင္ခုံကေန ကမန္းကတမ္းထၿပီးေတာ့ ေျပးေတာ့တာပဲဗ်ာ၊ အေဖလည္း ေတာ္ေတာ္စိတ္ဆိုးပုံရတယ္ဗ်၊ ငဒူအေနာက္ကို ဓါးႀကီးကိုင္ရင္း ေျပးလိုက္ပါေရာဗ်ာ၊ က်ဳပ္ျဖင့္ သူတို႔ကိုၾကည့္ၿပီး ရယ္လိုက္ရတာ အူေတြေတာင္နာတယ္ဗ်။ အဲဒီကတည္းက ငဒူတစ္ေယာက္ က်ဳပ္တို႔႐ြာကို ေျခဦးမလွည့္ေတာ့ဘူးဗ်ိဳ႕၊ က်ဳပ္ဆီမွာေတာ့ ဒီေကာင္က်န္ခဲ့တဲ့ မာတဂၤအ႐ုပ္ကေလး က်န္ေနခဲ့ပါေသးတယ္၊ ဒါေပမယ့္လည္း က်ဳပ္သုံးလို႔မွ မစြမ္းဘဲကိုးဗ်။ ဒါနဲ႔ပဲ အ႐ုပ္ကေလးကို ၿခံေနာက္ဘက္ အိမ္သာက်င္းထဲ ပစ္ခ်လိုက္ပါေရာဗ်ာ။

ေန႔လည္႐ြာထဲထြက္ခဲ့ေတာ့ ဦးဘသာနဲ႔လမ္းမွာဆုံသဗ်၊ ဦးဘသာက ကြမ္းသီးစိတ္ေတြ ထြက္ဝယ္တယ္နဲ႔တူပါတယ္။

“ဘယ္လိုလဲကြ၊ မင္းေယာက္ဖ ျပန္သြားၿပီလား”

“ဟာဗ်ာ၊ ဒီလိုမေျပာပါနဲ႔၊ မနက္ကတည္းက ဒီေကာင့္္ကိုအေဖဓါးနဲ႔လိုက္လို႔ ဒီေကာင္႐ြာကေနထြက္ေျပးသြားရွာၿပီဗ်”

“မင္း မာတဂၤအ႐ုပ္ကိုေရာ ေတြ႕ရဲ႕လား”

“ေတြ႕ပါ့ဗ်ာ၊ လက္တစ္ဆစ္ေလာက္ပဲရွိတယ္ဗ်၊ အ႐ုပ္ကေလးက”

“ေအး၊ မင္းေတာ့ပြတာပဲေဟ့၊ မာတဂၤအစစ္ဆိုရင္ ေငြသိန္းခ်ီတန္တယ္ကြ၊ ဟိုအရင္ကေတာင္ မာတဂၤေမွာ္ ေအာင္ထားတဲ့အ႐ုပ္ကို ေငြသုံးသိန္းေပးဝယ္ၾကသတဲ့”

“ဗ်ာ၊ ဒါ၊ ဒါနဲ႔ သူမ်ားသုံးလို႔ မစြမ္းဘူးဆိုဗ်”

“ေအးေလ၊ ေတာင္းတိုင္းေတာ့မရေတာ့ဘူးေပါ့၊ ဒါေပမယ့္ ေဈးဆိုင္ေတြ လုပ္ငန္းေတြမွာ အဲဒီအ႐ုပ္ကိုထားရင္ သိပ္စိးပြားျဖစ္သတဲ့ကြ၊ လာဘသိဒၵိ၊ ဓနသိဒၵိ သိပ္ေကာင္းဆိုပဲ”

က်ဳပ္လည္း ဦးဘသာကိုေတာင္ ႏႈတ္မဆက္ေတာ့ဘဲ တစ္ခါတည္း လွည့္္ေျပးေတာ့တာပဲဗ်ာ၊ ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း

“အလတ္ေကာင္၊ အလတ္ေကာင္၊ ဟာ၊ ဒီေကာင္ကေတာ့ ဘာျဖစ္ျပန္တာလဲမသိဘူး”

က်ဳပ္ဘယ္ကိုေျပးသလဲဆိုတာေတာ့ ခင္ဗ်ားတို႔သိေလာက္ၿပီထင္ပါရဲ႕ဗ်ာ၊ က်ဳပ္ဘဝမွာ ထူးဆန္းတဲ့ပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ား လက္ဝယ္ရဖူးသဗ်၊ ဒါေပမယ့္ မထိုက္ပုံမ်ားေတာ့ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ