စောင့်မျှော်နေသူပါ

စောင့်မျှော်နေသူပါ(စ/ဆုံး)
———————-

ရှမ်းခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲတစ်ပွဲမှာကာ သူမသူငယ်ချင်းဇလပ်ဝါကိုစောင့်မျှော်ရင်း ရုတ်တရက်ဖုန်းဝင်လာသောကြောင့် သူမကောက်ကိုင်မိတော့
သူမအဖွားဆီကဖြစ်နေကြောင်းသိလိုက်ရသည်။

“သမီးရေ သမီးအဆင်ပြေလားလို့အဖွားဖုန်းဆက်ကြည့်တာ
ဘယ်လိုလဲနောက်ထပ် အာရုံနိမိတ်တွေမြင်သေးလား”

“သမီးအဆင်ပြေပါတယ် အဖွားရဲ့သမီးအိမ်ပြန်တဲ့အခါလမ်းထိပ်ကအကြော်ဆိုင်ရောက်ခါမှပဲ
သဏ္ဍာန်တွေထင်ထင်ရှားရှားမြင်ရတာ အစကတော့ကြောက်မိပေမယ့် အခုတော့သမီးဆုံးဖြတ်လိုက်ပြီ
သူဘာလိုချင်သလဲဆိုတာမေးပြီးသူ့ကိုကူညီရမယ်လို့လေ”

သူမက သူမဆုံးဖြတ်ထားသည့်အတိုင်း သူမအဖွားအားပြောပြလိုက်တော့ အဖွားကအရမ်းဝမ်းသာသွားပုံပေါက်သည်။ထိုအခိုက်သူမသူငယ်ချင်းဇလပ်ဝါ ဆိုင်ထဲရောက်လာပြီး သူမအားတစ်ခုခုပြောချင်ပုံဖြင့်စောင့်ဆိုင်းနေတာကိုတွေ့လိုက်ရသည်။

“သမီးအခုလို ကိုယ့်ကိုယ်ကိုလက်ခံလိုက်တာအဖွားအရမ်းဝမ်းသာတယ် သမီးအမေတုန်းကမနည်းလက်ခံဖို့ပြောရတာ သမီးမြင်နေရတဲ့သဏ္ဍာန်ကိုသမီးပြောပုံအရဆို အကြော်ဆိုင်ကအဖွားကြီးဖြစ်ပုံရတယ် ကဲသမီးရေဒါပဲအဖွားဖုန်းချလိုက်တော့မယ်”

“ဟုတ်အဖွား”

သူမဖုန်းဆက်လို့ပြီးမှ ဘာကိုလောနေမှန်းမသိသောဇလပ်ဝါကိုသူမလှမ်းကြည့်လိုက်သည်။

“ကဲ ဇလပ်ဝါ နင်ငါ့ကိုဘာပြောချင်လို့ဒီလောက်လောနေရတာလဲ”

“ပြောချင်တာမဟုတ်ဘူးနင့်ကိုတားချင်လို့ မှုးသက်လယ် နင်
သက်မင်းပိုင်ကိုလမ်းခွဲလိုက်တော့”

ဇလပ်ဝါစကားကြောင့်သူမခတ္တဆွံ့အသွားမိသည်။တကယ်တော့
သက်မင်းပိုင်က သူမအားချစ်ရေးဆိုတော့ ဇလပ်ဝါကပင်စတင်တွဲဖို့အကြံပြုခဲ့တာမဟုတ်ပါလား။

“ဘယ်လိုဖြစ်တာလဲ ဇလပ်ဝါရယ်နင်ပဲသူနဲ့သဘောတူခဲ့တာမဟုတ်လား”

“အဲ့ဒါငါသူ့အကြောင်းမသိသေးလို့ သူ
်နဲ့တွဲဖို့ပြောခဲ့တာ အခုတော့သူ့အကြောင်းသိလာခဲ့ပြီ ပြီးခဲ့တဲ့စာသင်နှစ်က သူ့အကြောင်းနဲ့ပတ်သက်ပြီးသတင်းဆိုးဆိုးဝါးဝါးထွက်ခဲ့ဘူးတယ်
အဲ့ဒီသတင်းကြားရင်နင်ယုံမှာမဟုတ်ဘူး”

ဇလပ်ဝါစကားကြောင့်သူမစိတ်ဝင်တစားဖြစ်သွားသည်။မောင်နဲ့ပတ်သက်တာမဟုတ်ပါလား။

“ပြီးခဲ့တဲ့စာသင်နှစ်တုန်းက သက်မင်းပိုင်က ပိုးဖြူ ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့တွဲခဲ့တယ်တဲ့ တစ်ကျောင်းလုံးက
သူတို့အတွဲကိုကြည့်ပြီးအရမ်းလိုက်ဖက်တယ်ချီးမွမ်းကြတယ်
သက်မင်းပိုင်ရဲ့ဗီဇက ကောင်မလေးတစ်ယောက်ကိုသုံးလအပြင်ပိုမတွဲဘူး သူတို့ချစ်သူသက်တမ်းသုံးလကြာပြီးတဲ့နောက်မှာ သက်မင်းပိုင်က
ပိုးဖြူအပေါ် ရှောင်ဖယ်လာတယ် ရှင်းရှင်းပြောရရင်ဇာတ်လမ်းဖြတ်ချင်လာတယ်ပေါ့အေ နောက်တော့
သက်မင်းပိုင်ကို ပိုးဖြူကသူတို့အမြဲတွေ့တဲ့နေရာလေးမှာ နောက်ဆုံးတွေ့ချင်လို့ဆိုပြီးချိန်းဆိုခဲ့တယ် အဲ့ဒီနေ့ကမိုးတွေအရမ်းရွာနေခဲ့တာပေါ့ ဒါပေမယ့်သက်မင်းပိုင်ရောက်မလာခဲ့ဘူး ပိုးဖြူဟာ သက်မင်းပိုင်ကိုရောက်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ မိုးရေထဲမှာဆက်စောင့်နေခဲ့တယ် နောက်သုံးရက်အကြာမှာ ပိုးဖြူဆုံးသွားခဲ့တယ်မှုးသက်လယ် ငါဒီအကြောင်းတွေကိုပိုးဖြူရဲ့သူငယ်ချင်းဆီကကြားလာခဲ့တာနင်သူနဲ့မြန်မြန်အဆက်ဖြတ်လိုက်တာကောင်းတယ်”

“ဟုတ်ရဲ့လားဇလပ်ရယ် မောင်ကြည့်ရတာစိတ်ထားနူးညံ့တဲ့သူတစ်ယောက်ပါ မလိုသူတွေပြောတာနေမှာပါ”

သူမကိုကြည့်ပြီးဇလပ်ဝါကသက်ပြင်းချလိုက်သည်။

“နင်သက်မင်းပိုင်အပေါ်ဘယ်လောက်ချစ်နေမှန်းငါမသိပေမယ့်
နင့်ကိုငါသူနဲ့အဆက်ဖြတ်စေချင်တယ် သူဘယ်လောက်တောင်မျက်နှာပြောင်တိုက်သလဲဆိုရင် ပိုးဖြူရဲ့နာရေးဖြစ်တာကိုသူနဲ့ဘာမှမပတ်သက်သလိုစိတ်လွတ်ကိုယ်လွတ်နေနိုင်ခဲ့တာကိုပဲ ငါတစ်ခုမေးမယ် မှုး သူ့သူငယ်ချင်းတွေနင့်ကိုဘယ်လိုနာမည်ပြောင်တပ်ခေါ်လဲ”

“ငါ့ကိုလား တွမ်တီးဝမ်း(21)လို့ခေါ်တယ်လေဘာလို့လဲ”

ဇလပ်ဝါကသူမအားကြည့်ကာခေါင်းတချက်ရမ်းလိုက်သည်။

“ပိုးဖြူကို သက်မင်းပိုင်
ူ့သူငယ်ချင်းတွေက တွမ်တီး(20)လို့ခေါ်ကြတယ်တဲ့ သေချာတာကတော့ နင်ဟာသူ့ရဲ့နှစ်ဆယ့်တစ်ယောက်မြောက်ရည်းစားပဲမှုးရေ”

°°°°°°°°°°°°°°
သူမ ကော်ဖီကို အရမ်းနှစ်သက်ပါသည်။သို့သော်သူမတငုံမှမသောက်ရသေးပေ။ကော်ဖီခွက်ကိုအတန်ကြာသည့်အထိငေးမာရင်းဇေလပ်ဝါပြောသည့်စကားများကိုသူမစဉ်းစားနေမိသည်။ ထိုကိစ္စကိုမောင့်ကိုဘယ်လိုမေးရမလဲဆိုတာတွေးနေမိသည်။
သူမတွေးနေခိုက်မှာပဲ DT ဆိုင်ကယ်ကိုစတိုင်ကျကျစီးနင်းပြီးကော်ဖီဆိုင်ရှေ့သို့ထိုးရပ်လာတဲ့မောင့်ကိုသူမလှမ်းမြင်လိုက်ရသည်။ အရပ်ရှည်တဲ့မောင့်အဖို့ DTဆိုင်ကယ်စီးနင်းလာတာ အင်မတန်လိုက်ဖက်သည်ဟုသူမအမြဲအောက်မေ့လေ့ရှိသည်။မောင်ဆိုင်ကယ်ပေါ်ကနေအဆင်းမောင့်နောက်ကနေလူရိပ်တစ်ခုကိုသူမဝိုးတဝါးလှမ်းမြင်လိုက်ရသည်။နောက်တစ်ခါသေသေချာချာလှမ်းကြည့်တော့ထိုလူရိပ်ကိုမမြင်ရတော့ချေ။

ိထို့နောက်မောင်ကဆိုင်အတွင်းသို့ဝင်လာပြီးသူမရှေ့တွင်ဝင်ထိုင်ကာ
‘ရောက်နေတာကြာပြီလား’ ဟုတစ်ချက်သာမေးမြန်းပြီး သူ့ရဲ့ဖုန်းကိုဖွင့်ကာအလုပ်ရှုပ်နေတာကိုသူမတွေ့သည်။

“မောင် ပိုးဖြူဆိုတဲ့ကောင်မလေးကိုသိလားဟင်”

နောက်ဆုံးမှာတော့သူမစိတ်ဆုံးဖြတ်လိုက်ပြီးမောင့်ကိုမေးဖို့ဆုံးဖြတ်လိုက်သည်။သူမစကားကြားတော့မောင်ကသူမအားတစ်ချက်မျက်လုံးဖြင့်ပင့်ကြည့်လိုက်သည်။

“အင်းသိတယ် မောင့်ရဲ့exလေ အရေးကြီးလို့လားမှုး”

“ဟင့်အင်း အရေးမကြီးပါဘူး”

မောင့်ရဲ့စကားကိုသူမပျာပျာသလဲငြင်းမိသည်။မောင်သူမအပေါ်စိတ်ကွတ်သွားမှာကိုသူမထိတ်လန့်မိပြီး မောင့်ရှေ့ရောက်ရင်အလိုလိုပျော့ညံ့မိသည့်သူမစိတ်ကိုသူမတော်တော်စိတ်ပျက်သွားမိသည်။

“မောင့်ကိုတစ်ခုလောက်မေးချင်တယ်မောင်
မောင့်သူငယ်ချင်းတွေက ကျွန်မကိုတွမ်တီဝမ်းဆိုပြီးခေါ်ကြတယ်အဲ့ဒါဘာအဓိပ္ပါယ်လဲမောင်”

ထိုစကားကြားတော့ မောင်ကသူဖုန်းကိုအာရုံစိုက်နေရာမှကျွန်မအားတစ်ချက်လှမ်းကြည့်လိုက်သည်။

“တကယ်မသိဘူးလားမှုး ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား မောင်က စိတ်ထားသေးသိမ်ပြီး စကားများတဲ့မိန်းကလေးတွေကိုအရမ်းမုန်းတယ်ဆိုတာမှုးသိတယ်နော် မှုးကိုအဲ့ဒီမိန်းကလေးတွေထဲမှာမပါစေချင်ဘူး”

မောင့်ရဲ့စကားက ဘယ်လိုအဓိပ္ပါယ်ဆီ ဦးတည်နေသလဲဆိုတာသူမကောင်းကောင်းရိပ်မိသွားသည်။မောင့်ရဲ့စိတ်ကိုသိလိုက်ရတဲ့အခိုက်အတန့် ဝမ်းနည်းသည့်စိတ်ကိုထိန်းချုပ်နေစဉ် မောင့်နောက်ကျောတစ်နေရာကနေ ရုတ်တရက်ပေါ်လာသည့်သဏ္ဍာန်ကြောင့်သူမထိတ်လန့်သွားမိသည်။

“ရှင်ဘယ်သူလဲ ရှင်ဘာလိုချင်လို့လဲ”

သူမစကားကြောင့်မောင်ရုတ်တရက်ကြောင်သွားပြီး ထိုသဏ္ဍာန်ရှိရာသို့လှည့်ကြည့်လိုက်သည်။

ထိုသဏ္ဍာန်ကိုထိုနေရာမှာသူမမှလွဲ၍ဘယ်သူမှမမြင်နိုင်မှန်းသူမငိသည်။ ထိုသဏ္ဍာန်ကိုအနီးကပ်စူးစိုက်ကြည့်မိတော့အမျိုးသမီးတစ်ယောက်ရဲ့သဏ္ဍာန်ဖြစ်နေတာကိုသူမတွေ့လိုက်ရသည်။ထိုသဏ္ဍာန်ကသူမသဲကွဲစာမမြင်ရပေမယ့်သူမအားဂရုဏာသက်စွာစိုက်ကြည့်ရင်းပြန်လည်ပျောက်ကွယ်သွားတာကိုသူမမြင်လိုက်ရသည်။

“မှုး မင်းဘယ်သူနဲ့စကားပြောနေတာလဲ”

“မောင်စဝင်လာကတည်းကဒီသဏ္ဍာန်ကကပ်ပါလာတာဖြစ်မယ်မောင် သူဘာလိုချင်တာလဲမသိဘူး မောင့်နောက်မှာဝိဥာဉ်တွေကပ်ပါလာတာကိုမှုးခံစားမိတယ်မောင်”

သူမစကားကြောင့်မောင်က တစ်ချက်ရယ်မောလိုက်သည်။မောင့်ရယ်သံကသူမအားလှောင်ပြောင်နေသလိုခံစားမိသည်။

“ဝိဥာဉ်ဟုတ်လားမှုး သတိပေးတာကျေးဇူးပဲမှုး မောင့်မှာစိတ်ရောဂါအထူးကုတဲ့ဆရာဝန်ဦးလေးရှိတယ်
နောက်မှမှုးနဲ့မိတ်ဆက်ပေးမယ်
မှုးကိုတစ်ခုလောက်တောင်းဆိုချင်တယ်
မောင်နဲ့မှုး တွဲနေတာခဏလောက်ရပ်ထားရအောင်မောင်စိတ်ဝေဒနာရှင်နဲ့ရည်းစားဖြစ်သင့်မဖြစ်သင့်စဉ်းစားရမှာမို့လို့ ”

စကားကိုအနိုင်နဲ့ပိုင်းပြီးထွက်သွားသည့်မောင့်ရဲ့ကျောပြင်ကိုကြည့်ပြီး
ဝမ်းနည်းစိတ်ကိုသာသူမအဖော်လုပ်၍သာကျန်ခဲ့တော့သည်။

•••••••••••

“နင်ဝမ်းနည်းနေမယ်ဆိုတာသိပေမယ့် သူနဲ့နင်အဆက်အသွယ်မရှိတော့တာ
့်ငါတော့အရမ်းဝမ်းသာတယ်မှုး အဲ့ကောင်ကအစကတည်းကနင်နဲ့အဆက်ဖြတ်ချင်နေတာ
ဟိုနေ့ကမှငါသတင်းကြားတာတော့ သူ့မှာစေ့စပ်ထားတဲ့သူရှိတယ်တဲ့ သူနဲ့စေ့စပ်ထားတဲ့သူကအရမ်းချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုပဲ
တကယ်တော့နင့်ကိုအပျော်သဘောနဲ့တွဲခဲ့တဲ့သဘောပဲမှုး”

ဇလပ်ဝါရဲ့စကားကသူမအတွက်အားဆေးလားဝေဒနာလားဆိုတာသူမမခွဲဝေတတ်တော့ချေ။သေချာတာကတော့ မောင့်အပေါ်စွဲလန်းစိတ်သူမမှာရှိသေးတယ်ဆိုတာပင်။

“ဒီနေ့သူနဲ့ငါတွေ့နေတဲ့ကျနေရာလေးမှာချိန်းထားတ်ာဇလပ်ရယ်
နောက်ဆုံးအကြိမ်မောင့်မျက်နှာလေးမြင်ပြီး လမ်းခွဲရမယ်ဆိုငါကျေနပ်ပါတယ်”

“ရူးလိုက်တာ မှုးရယ်နင်ချိန်းတဲ့နေရာကိုသူကလာမှာလား
သူ့ကြောင့်စောင့်မျှော်ပြီးပြန်လှည့်ခဲ့ရတဲ့မိန်းကလေးတွေအများကြီးပဲ
နင်စောင့်ရတာသာအဖတ်တင်မယ်နော်”

သူမအပေါ်စိုးရိမ်တကြီးဖြစ်နေတဲ့ဇလပ်ကိုကြည့်ပြီးသူမပြုံးမိသည်။
သူမအပေါ်မောင်တန်ဖိုးမထားပေမယ့်သူမအပေါ်တန်ဖိုးထားတဲ့သူတွေရှိနေတာကိုသိလိုက်ရတော့ သူမအနေနဲ့အားတတ်မိတာတော့အမှန်ပင်။

“စောင့်မျှော်ရမယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ စောင့်ရမှာပေါ့
မောင့်မျက်နှာကိုဝအောင်ကြည့်ပြီး မောင့်နားမှာမြင်နေရတဲ့သဏ္ဍာန်တွေအကြောင်းကိုငါသတိပေးရဦးမယ်”

“မှုးရယ် နင့်မှာလဲတစ်ဒုက္ခနော် ဒါနဲ့နင် ဝိဥာဉ်တွေကိုခွဲခြားတတ်ပြီလား ဟိုတစ်ခါပြောတော့ လူနဲ့ဝိဥာဉ်ကိုမခွဲခြားတတ်သေးဆို”

သူမကခေါင်းတစ်ချက်ငြိမ့်ပြပြီးနာရီကိုကြည့်လိုက်တော့ မောင်နဲ့ချိန်းထားသည့်နေရာကိုသွားရတော့မည်ဆိုတာကိုသိလိုက်သည်။

“အခုလဲ မခွဲဝေတတ်သေးဘူး မောင့်ကိုတွေ့ပြီးသတိပေးဖို့ကငါမှာတာဝန်ရှိတယ်လိုယူဆတယ်
မောင့်သင်တန်းကိုသွားတဲ့လမ်းနဲ့ငါတို့ချိန်းထားတဲ့နေရာကနီးတယ်ဆိုတော့ ငါမစောင့်ရလောက်ပါဘူး ကဲသွားပြီ ဇလပ်ရေ”

°°°°°°°°°°
အချိန်ကတရွေ့ရွေ့ဖြင့်ကုန်ဆုံးသွားချေပြီ။မောင်နဲ့ချိန်းဆိုထားတာလေးနာရီဆိုပေမယ့် လေးနာရီခွဲသည့်အထိမောင့်ကိုအရိပ် အယောင်တောင်မတွေ့ရချေ။မောင်အရင်ကထားသွားဖူးတဲ့မိန်းကလေးစာရင်းထဲမှာသူမပါနေပြီလားဟုအားငယ်စွာတွေးနေမိသည်။

“ညီမလေးနာမည် မှုးသက်လယ်ထင်တယ်”

“ဟုတ်ကဲ့ရှင့် အမက”

အသံကြားရာသို့သူမလှည့်ကြည့်လိုက်တော့ သူမနဲ့မသိသည့်အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရသည်။
သူမနာမည်ကိုသိနေသောထိုအမျိုးသမီးကိုသူမမသိချေ။

“အမက သက်မင်းပိုင်နဲ့သက်ဆိုင်သူပါ ပြီးတော့ ညီမနဲ့သက်မင်းပိုင်နဲ့ပက်သက်မှု့ကိုသိထားတဲ့သူတစ်ယောက်ပေါ့”

“ရှင် အမကမောင်နဲပက်သက်တာလား မောင်ဒီကိုမလာနိုင်ဘူးပေါ့”

သူမကအဝေးတစ်နေရာသို့ငေးကြည့်ရင်း သူမနဲ့မောင့်ရဲ့အဆုံးသတ်က မလှမပနဲ့ပြီးဆုံးတော့မှာလားဆိုတဲ့အတွေးရောက်လာသည်။

“သက်မင်းပိုင်က ညီမဒီမှာစောင့်နေတယ်ဆိုတာသိတယ်ညီမ
အမက မိန်းကလေးချင်းကိုယ်ချင်းစာလို့ပြောတာသူညီမဆီလာနိုင်မယ်မထင်ဘူး”

“အမနဲ့မောင်ဘယ်လိုပက်သက်သလဲဆိုတာမသိပေမယ့် ကျွန်မမှာမောင့်ကိုဆုပ်ကိုင်ထားမယ်ဆိုတဲ့အတွေးမျိုးကျွန်မမှာမရှိပါဘူး မောင့်မျက်နှာကိုနောက်ဆုံးတွေ့ချင်တာပဲရှိတယ်”

ထိုအမျိုးသမီးကသူမအားဂရုဏာသက်စွာတစ်ချက်ကြည့်လိုက်ပြီးသူမဆီသို့ဓာတ်ပုံတစ်ပုံလှမ်းပေးလိုက်သည်။သူမယူကြည့်လိုက်တော့ထိုအမျိုးသမီးနဲ့ မောင်နဲ့တွဲရိုက်ထားသည့်ပုံဖြစ်နေတာကိုမြင်လိုက်ရသည်။

“မောင်ကအမကိုရွေးချယ်သင့်ပါတယ် အမတို့နှစ်ယောက်တကယ်လိုက်ဖက်ပါတယ်အမ”

“သက်မင်းပိုင်နဲ့အမနဲ့က မကြာခင်အဝေးကြီးကိုထွက်သွားတော့မှာသက်မင်းပိုင်ကိုစောင့်တာမစောင့်တာတော့မင်းအပိုင်းပေါ့”

ထိုအမျိုးသမီးထွက်သွားသည်အထိသူမလက်ထဲကဓာတ်ပုံကိုကြည့်ကာသူမငေးငိုင်နေမိသည်။

°°°°°°°°°°°°°°°°

သူသင်တန်းကနေလစ်ထွက်လာတော့ ညနေသုံးနာရီထိုးပြီဖြစ်သည်။ အပြန်လမ်းမှာ လမ်းသွားလမ်းလာလည်းရှင်းနေတာကြောင့်ဆိုင်ကယ်ကိုအရှိန်မြင့်ကာမောင်းနှင်နေပြီးသူ့စိတ်ကမြူ းလာမိသည်။ သူဆိုင်ကယ် မောင်းရင်း တစ်နေရာအရောက်မှာ တော့ သူနဲ့နောက်ဆုံးတွဲခဲ့သည့်
ကောင်မလေးနဲ့ချိန်းတွေ့သည့်နေရာကိုအမှတ်ရသွားသည်။
ထိုကောင်မလေးကဒီနေုသူနဲ့လေးနာရီချိန်းထားတာကိုသူသိသည်။
သို့သော်သူသွားဖြစ်မှာမဟုတ်ဘူးဆိုတာလည်းသူသိသည်။

သူ ကောင်မလေးများစွာကိုထည်လဲတွဲခဲ့ပေမယ့် သူနောက်ဆုံးလက်ထက်ရမှာကသူနဲ့စေ့စပ်ထားသူသာဖြစ်သည်ကိုသူနားလည်ထားသည်။ သူနောက်ဆုံးတွဲခဲ့သည့်မှုးသက်လယ်ဆိုသည့်ကောင်မလေးချိန်းထားသည့်နေရာကိုတစ်ချက်မျှသာလှည့်ကြီး သူလိုရာခရီးသို့ဆက်လက်မောင်းနှင်လာခဲ့သည်။အရှိန်ပြင်းစွာမောင်းနှင်လာခဲ့သည့်သူ့ဆိုင်ကယ်ကို အရှိန်လျှော့ဖို့သူစိတ်ကူးမိလိုက်သည်။
ရှေ့နားမှာမီးရထားလမ်းကူးရှိသည်ဆိုတာကိုသူ သိနေသောကြောင့်ဖြစ်သည်။

မီးရထားလမ်းနဲ့နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး သူ့တကိုယ်လုံးချမ်းအေးလာသလိုခံစားလိုက်ရပြီး သူ့ရဲ့ခါးကိုတစ်စုံတစ်ယောက်ကလာဖက်ထားသလိုခံစားလိုက်ရသည်။

သူကောင်မလေးတွေနဲ့ဆိုင်ကယ်စီးသည့်အခါတိုင်း သူ့နဲ့တွဲခဲ့သည့်မိန်းကလေးအများစုကသူ့ခါးကိုဖက်ကစီးနင်းကြသည်မို့ ခါးဖက်ခံရသည့်ခံစားမှု့မျိုးကို သူ့အနေနဲ့မထူးဆန်းသော်လည်း
ယခုသူ့နောက်မှာဘယ်သူမှမရှိပဲထိုခံစားမှု့မျိုးကိုရလိုက်သည်မို့ထိတ်လန့်စွာဖြင့်သူကြည့်လိုက်သည်။

သူမြင်လိုက်ရသည်က သူ့ရဲ့ခါးထက်မှာ အေးစက်ဖြူ ဖျော့ကာ သွေးရောင်ကင်းမဲ့လှသောလက်တစ်စုံကိုသူချောက်ချားဖွယ်တွေ့လိုက်ရသည်။ ဆိုင်ကယ်စီးနင်းလာသည့်သူ့ခန္တာကိုယ်ဟန်ချက်ပျက်သွားကာ လမ်းဘေးသို့ထိုးဆင်းသွားပြီး မာကျောသည့်အရာတစ်ခုဖြင့်တိုက်မိသွားသည်။ထို့နောက် သူခန္တာကိုယ်တစ်ခုလုံးလေပေါ်သို့မြောက်တတ်သွားပြီးပြန်အကျမှာတော့သူ့ရဲ့နောက်ကျောဘက်က နာကျင်သည့်ဒဏ်ကိုခံစားမိပြီးသူ့ရဲ့အသိတရားများကင်းလွတ်သွားခဲ့သည်။
••••••••••
သူုပြန်သတိရလာတော့ သူ့ရဲ့ဆိုင်ကယ်ကို လမ်းဘေးတစ်နေရာမှာတွေ့လိုက်ရပြီး ဆိုင်ကယ်ရဲ့ဘေးမှာကလေး
လေးငါးယောက်ဝိုင်းအုံနေတာကိုမြင်လိုက်ရသည်။

“ဟေ့ကလေးတွေ ဘေးဖယ်စမ်း”

သူ့အသံကြားတော့ဆိုင်ကယ်အနီးကကလေးတွေရဲ့မျက်နှာကသူရှိရာသို့လှည့်လာပြီး ထိုကလေးတွေရဲ့မျက်နှာကိုမြင်လိုက်ရသည့်အခိုက်အတန့်သူမယုံနိုင်ဖြစ်သွားသည်။

ထိုကလေးများရဲ့မျက်နှာက သွေးမရှိသလိုခြောက်ကပ်ပိန်လိန်နေပြီးနှာခေါင်းချွန်သည့်အပြင်
နားရွက်များကတိုနေတာကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်။

ထိုကလေးများကသူ့အားတစ်ချက်လှမ်းကြည့်ပြီးထွက်သွားတော့မှသူဆိုင်ကယ်နားသို့သွားပြီးလဲကျနေသောဆိုင်ကယ်အားဆွဲထူလိုက်သည်။ သို့သော်သူ့လက်ထဲမှာဆိုင်ကယ်ပါလာရမည့်အစား လေကိုသာလက်ထဲဖမ်းမိသလိုဖြစ်နေသည်။
သူအကြိမ်ကြိမ်ကြိုးစားသော်လည်း အချည်းအနှီးသာပင်ဖြစ်သည်။

“ဆိုင်ကယ်ကိုထောင်ဖို့မကြိုးစားနဲ့တော့လူလေး ဘယ်ဝိဥာဉ်မှ ကြီးမားတဲ့အရာဝတ္ထုတွေကိုမကိုင်တွယ်နိုင်ဘူး”

အသံကြားရာသို့လှည့်ကြည့်လိုက်တော့ အဖိုးအိုတစ်ဦးကိုသူမြင်လိုက်ရသည်။

“အဖိုးဘာပြောတာလဲ ဝိဥာဉ်ဆိုတာကျွန့်တော့်ကိုပြောတာလား
ကျွန်တော်မသေသေးပါဘူး”

“ဟုတ်ရဲ့လား လူလေး ဟိုသံလမ်းပေါ်ကိုကြည့်စမ်း”

အဖိုးအိုညွှန်ပြရာနေရာကိုကြည့်လိုက်တော့သံလမ်းပေါ်မှလဲကျနေတဲ့လူတစ်ယောက်ကိုသူမြင်လိုက်ရသည်။ သေချာကြည့်လိုက်တော့ သူ့ခန္တာကိုယ်ဖြစ်နေတာကိုတွေ့လိုက်ရသည်။

“မ မဖြစ်နိုင်ဘူး ဒါ ဒါ ဆိုကျွန်တော်သေ သွားပြီးပေါ့ဟုတ်လားအဖိုး”

“နီးစပ်တယ်လို့ပြောရမှာပဲလူလေး တကယ်တော့လူလေးကမြောနေတာပါ လူလေးရဲ့ဝိဥာဉ်ကြိုးကခန္တာကိုယ်နဲ့ဆက်ထားတုန်းရှိသေးတယ်ဒါပေမယ့်ဒီခန္တကိုယ်ကြီးပျက်စီးသွားရင် လူလေးဟာဝိဥာဉ်စင်စစ်ဖြစ်လိပ်မယ်”

“ဟုတ်လား ဒါဆိုကျွန်တော်အခုပဲခန္တာကိုယ်ထဲဝင်လိုက်တော့မယ်”

သူ့စကားကို အဖိုးအိုကခေါင်းရမ်းပြလိုက်သည်။

“ခန္တာကိုယ်နဲ့ဝိဥာဉ်နဲ့ဆက်သွယ်ဖို့ အနည်းဆုံးအချိန်သုံးရက်လောက်ယူရမယ် ဒါပေမယ့်လူလေးအဖို့
လွယ်မယ်မထင်တော့ဘူး မကြာခင်လူလေးခန္တာကိုယ်ကပျက်စီးတော့မယ်လေ ခဏနေ ရထားလာတော့မယ် အဲ့ဒီကျရထားလမ်းပေါ်မှာရှိတဲ့လူလေးခန္တာကိုယ်က….”

သူအဖိုးအိုစကားကိုအဆုံးထိနားမထောင်တော့ပဲ သူ့ခန္တာကိုယ်ပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ ၄:၄၅ရှိပြီဖြစ်သည်။ သူလုပ်ရမည့်အလုပ်ကိုသူသိသည်။
သူ့အားစောင့်မျှော်နေသည့်မိန်းကလေးတစ်ဦးရှိသည်။ထိုမိန်းကလေးကဝိဥာဉ်တွေကိုမြင်နိုင်သူလည်းဖြစ်သည်။ သူအသက်ရှင်နိုင်ဖို့အခွင့်အရေးကထိုမိန်းကလေးထဲမှာရှိသည်မဟုတ်ပါလား။

•••••••
မှုးသက်လယ်ချိန်းဆိုထားသည့်နေရာကိုသူရောက်လာတော့ သူတို့တွေ့နေကျနေရာမှာ ထိုင်နေသည့်မှုးသက်လယ်ကိုမြင်မှသူဝမ်းသာသွားမိသည်။
မှုးသက်လယ်သူ့ကိုစောင့်နေတာပဲဟုသူတွေးမိလိုက်သည်။

“ဟယ် မောင်မောင်ရောက်လာတယ် မောင့်ကိုမလာတော့ဘူးအောက့်မေ့နေတာ”

“ဟုတ်တယ်မှုး မောင်နောက်မှရှင်းပြမယ် အခုမောင့်ကိုမှုးမြင်ရတယ်မဟုတ်လား မောင့်နောက်ကနေလိုက်ခဲ့
မောင့်ရဲ့အသက်ကမှုးရဲ့လက်ထဲမှာပဲ”

••••••

ရထားသံလမ်းပေါ်မှာရှိတဲ့သူ့ရဲ့ခန္တာကိုယ်အနီးမှာမှုးရောက်လာမှပဲသူစိတ်အေးသွားမိသည်။

“ကဲမှုးမောင့်ရဲ့ခန္တာကိုယ်ကို အရင်ဆုံးရထားသံလမ်းပေါ်ကနေဖယ်လိုက် ပြီးမှအရေးပေါ်ကိုအကြောင်းကြားနော်ဟုတ်ပြီလား”

သူ့စကားကြားတော့ မှုးက သူ့ခန္တာကိုယ်အနီးသို့ထိုင်ချလိုက်ပြီးသူ့ခန္တာကိုယ်ကိုကိုင်တွယ်ပြုမယောင်လုပ်ပြီးသူရှိရာသို့မျက်နှာလှည့်လိုက်သည်။

“ရှင့်ရဲ့ရက်စက်မှု့ဒဏ်ကိုခံထားရတဲ့မိန်းကလေးတစ်ယောက်က
ရင့်ကိုစိတ်ရင်းနဲ့ကူညီမယ်လို့ရှင်ထင်နေရင်တော့ ရှင်ရူးသွပ်တာပဲ
ကိုသက်မင်းပိုင်”

မထင်မှတ်သည့်စကားလုံးများကို မှုးထံမှကြားလိုက်ရသည့်အတွက်
သူထိတ်လန့်သွားမိသည်။

“မှုးဘာတွေပြောနေတာလဲ မောင်မှုးအပေါ်ရက်စက်တယ်လို့ထင်ခဲ့ရင်မောင်တောင်းပန်တယ်နော်ဟုတ်ပြီလား မှုးဟာနူးညံ့တဲ့မိန်းကလေးပါ လူသားတစ်ယောက်အနေနဲ့မှုးမရက်စက်နိုင်ဘူးမဟုတ်လား”

“လူသားတစ်ယောက်အနေနဲ့ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်မှာပဲ
လူသားတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ကျွန်မကူညီချင်တောင်ကူညီလို့မရဘူး ခစ်ခစ်ခစ်
သရဲဖြစ်ရတာတစ်ခုတော့ကောင်းတယ် ကိုယ်ဖြစ်ချင်တဲ့လူယောင်ဆောင်လို့ရတယ်”

သူမှုးကိုအံ့အားသင့်စွာငေးကြည့်ရင်း တဖြည့်ဖြည်းသဏ္ဍာန်ပြောင်းလဲသွားသောမှုးရဲ့နောက်ဆုံးပေါ်လာသည့်မူလသဏ္ဍာန်ကြောင့်သူထိတ်လန့်သွားသည်။

“မင်း မင်း ပိုးဖြူ”

“သြော်ကျွန်မကိုမှတ်မိသားပဲ ရှင့်ကောင်မလေးမှုးက ရှင့်ကိုစောင့်နေသားပဲ ဒါပေမယ့်ရှင့်နဲ့ကျွန်မအရင်ကတွဲရိုက်ထားတဲ့ဓာတ်ပုံကိုပြလိုက်တော့ရှင်နဲ့စေ့စပ်ထားတဲ့သူလို့ထင်သွားတယ်ထင်တယ် ပြီးတော့
ရှင့်ကိုဆက်မစောင့်နိုင်တော့ဘူးပေါ့”

သူ ပိုးဖြူ ရဲ့လုပ်ရက်ကိုမယုံကြည်နိုင်စွာကြည့်ရင်း ရထားဥသြသံတချိုးကိုသူကြားလိုက်ရသည်။

“ကျွန်မဒီနေ့ကိုစောင့်မျှော်နေတာပဲ အခုကျွန်မမြင်ရတော့မယ်
ရှင့်ရဲ့ခန္တာကိုယ်ပျက်စီးတာကိုရှင်ကိုယ်တိုင်မြင်ရမယ့်အဖြစ်ကိုလေ”

“မဟုတ်ဘူး ငါ မသေသေးဘူး ငါမသေချင်သေးဘူး”

သူသွေးပျက်နေတာကိုပိုးဖြူက ဟားတိုက်ကာရယ်မောနေသည်။

“တရားနဲ့ဖြေပါရှင်
နောက်ပြီးရှင့်ကိုပြောရဦးမယ် ကျွန်မလိုပဲ ရှင့်ကိုစောင့်မျှော်နေတဲ့သူရှိတယ်”

သူရဲ့နောက်ကျောဘက်ကိုငေးကြည့်ပြီးပြောလိုက်သည့်ပိုးဖြူစကားကြောင့် သူလှည့်ကြည့်လိုက်တော့ ငွေရောင်တောက်ပသည့်ဓားသွားကိုကိုင်ထားပြီးဝတ်ရုံမည်းကြီးခြုံလွှမ်းထားသည့် အေးစက်သည့်မျက်နှာပိုင်ရှင်တစ်ဦးကိုသူမြင်လိုက်ရသည်။

“မဟုတ်ဘူး မစောင့်နဲ့ ငါ့ကိုမစောင့်နဲ့
ငါ့ကိုမစောင့်ကြနဲ့……….”

ပြီးပါပြီ
သျှင်သွေးသုတ

လေးစားစွားဖြင့် ကူယူဖော်ပြတာပါ
Credit