“စွယ်ရမ်း “(စ/ဆုံး)

“စွယ်ရမ်း “(စ/ဆုံး)

———————————–

မိုးသည် တစိတ်စိတ်ရွာလျက်။

တချီတချီ လေကပင့်ကာ တိုက်ဆော်လိုက်တိုင်း သစ်ကိုင်းသစ်ရွက်များမှ မိုးပေါက်များသည် တဖြောက်ဖြောက်နှင့် အသံပြင်းပြင်း မြေသို့ ကျစေတော့သည်။

သို့ရာတွင် မိုးလေတို့ကို လုံးဝ ဂရုမစိုက်နိုင်ကြသော လူတစုသည် အထမ်းအပိုးများဖြင့် တောတွင်းတနေရာဆီသို ရွှံ့ဗွက်များကို တစွတ်စွတ်နင်းကာ ခရီးနှင်နေကြသည်။

“ဒီမိုးနဲ့တော့ ခက်နေပြီ ဘိုးခရေ့။ နောက်တခေါက် ပြန်ပြီး မျှစ်ရှာဘို့ သိပ်မလွယ်ဘူးဟေ့။ တောင်ရေတွေ ကျလာပြီး ချောင်းတွေ ရိုးတွေ ရေစီးမှဖြင့်ကွာ”

မျှစ်ထမ်းသမားတဦးဖြစ်သူ ဦးရွှေသီးက စိုးရိမ်သည့်လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့ဗျာ ဘထွေးရွှေရယ်။ တောင်ရေကျလာရင် ချောင်းကိုဖြတ်ဖို့ စိတ်မကူးလေနဲ့။ ဆင်တောင် ကျလာရင် ချောင်းမှာပါသွားလို့ ဆင်သေချောင်းလို့ ခေါ်ခဲ့ရတာကလား။ ဖြစ်သမျှအကြောင်းကတော့ အဆိုးချည့်ဘဲ။ မျှစ်ဒိုင် ကိုကုလားကလဲ မျှစ်သွင်းတဲ့လူတွေ များလာတော့ မျက်နှာတစ်မျိုး၊ လေသံတစ်မျိုး ဖြစ်လာပြီဗျ”

“အေးပေါ့ကွာ။ ဒို့ တောသူတောင်သား နင်းပြားတွေမှာတော့ ငွေရှင်ကြေးရှင်တွေပြုသမျှ ခေါင်းငုံ့ခံနေရတာ ချည့်ဘဲ။ ကိုင်းဟေ့ … မျှစ်ပေး ပေးထားတဲ့ ငွေရှင်းရင် တမျိုးတဖုံ ခြေလှမ်းကြတာပေါ့ကွာ”

အကျိုးအကြောင်းများကို စဉ်းစားမိလာပုံဖြင့် ဦးရွှေသီးကပြောလိုက်၊ သတိပေးလိုက်တော့၏။

ပျဉ်းမနားမြို့အရှေ့ဘက် ညောင်ပင်သာရွာမှ ငွေကြေးချောင်လည်သော ကိုကုလားဆိုသူသည် ဦးရွှေသီးတို့ကျေးရွာ မိုးစွေသို့ မိုးတွင်းကာလတလျှောက်လုံးတွင် စတည်းချကာ မျှစ်ချဉ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်တော့သည်။

ကိုကုလားသည် မိုးစွေရွာမှ ယုံကြည်စိတ်ချရသူများကို နွေဦးကာလမှစ၍ မျှစ်ပေး ပေးသည့် စံနစ်အရ တဦးလျှင် ငွေတရာမှ နှစ်ရာအတွင်း ကြိုတင်၍ ငွေပေးထားခဲ့သည်။

မချောင်လည်ကြသလို ရှေ့ရေးကို မမျှော်မှန်းနိုင်ကြ သည့် တောသူတောင်သားများက ကိုကုလားကိုပင် ကျေးဇူးအတင်ကြီးတင်ကာ မျှစ်ပေးငွေကို လက်ခံ၍ အသက်ရှင်ရေးအတွက် စားသုံးခဲ့ကြသည်။

မျှစ်ပေါ်ချိန်မယ် တောတွင်းမှ မျှစ်စိမ်းများကို ရသလောက် ရှာဖွေကာ ပိဿာချိန်နှင့် မျှစ်ချဉ်တွင်းလုပ်ကာ ယာယီစခန်းမှထိုင်၍ အသင့်စောင့်ကြိုနှင့်သော ကိုကုလားထံတွင် တပိဿာလျှင် ငါးပဲနှုန်းဖြင့် သွင်းရပေ၏။

တခြားကျေးရွာများ၌လည်း မျှစ်ချဉ်လုပ်နေသူများ၏ သတင်းအခြေအနေကို စုံစမ်းကြည့်ခဲ့ကြသည်။

မိုးစွေ ရွာသားများသည် မျှစ်စိမ်းတပိဿာကို ငါးမူးနှုန်းဖြင့် ဝယ်ယူနေသည်ကို သိခဲ့ရပေ၏။ သိုရာတွင် ငွေတိုးစနစ်ကဲ့သို့ပင် မျှစ်ပေး ပေးထားခဲ့သည့် ကိုကုလား၏ ငါးမျှားချိတ်နှင့်တူလှသည့်ငွေကို ကြိုတင်၍ လက်ခံသုံးစွဲထားခဲ့သည်ကြောင့် မိုးစွေရွာသားများအဘို့ သုံးစွဲထားခဲ့သည့်ငွေကိုကျေအောင်မတန်တဆ ဈေးနှိမ်၍ ဝယ်ယူနေသည့် ငွေရှင် ကိုကုလား၏ မျှစ်ချဉ်ဖိုးကို မနားမနေ ပေးဆပ် ထည့်သွင်းနေရပေ၏။

သက်ကယ်မိုးထားသည့် တဲပေါ်မှ ဟန်ရပန်ရထိုင်ပြီး လဖက်ရည်ကြမ်းကျကျကို ဇိမ်နှင့်သောက်နေသော ကိုကုလားသည် ဦးရွှေသီးတို့ မျှစ်သွင်းသူများကို တချက် လှမ်း၍ကြည့်လိုက်ပြီး…

“ခင်ဗျားတို့ မျှစ်သွင်းတာ တခေါက်နဲ့ တခေါက် သိပ်ကြာလှချည့်ကလား။ ခပ်သွက်သွက်ပို့ကြမှပေါ့ဗျ”

ဆီးကြို၍ အပြစ်တင်လိုက်သည်။

ဤတွင် ဦးရွှေသီးက …
“ရွာနားနီးနီးမှာ မျှစ်တွေ မရှိဘူးဗျ။ ခပ်ဝေးဝေးထွက်ရှာပြီး ချောင်းရေမကျမီ အရောက်ပြန်လာခဲ့ရတာ ကိုကုလားရဲ့” ဟု ပြန်ပြောလိုက်သည်။ ယင်းနောက် ကိုကုလား၏ လက်ထောက် ချိန်ခွင်ကိုင်သူ ကိုကုလား၏သမက် စိန်ဌေးဆီ မျှစ်များကို ချိန်စေသည်။

“စုစုပေါင်း ပိဿာရှစ်ဆယ်”

စိန်ဌေးက ကြွေးကြော်လိုက်သည်တွင် တဲပေါ်မှ ကိုကုလားက စာရင်းစာအုပ်ကိုဆွဲ၍ မျှစ်အချိန်စာရင်းကို မှတ်လိုက်ရင်း….

“လုပ်ရကိုင်ရတာ သိပ်မကောင်းပါဘူးဗျာ။ ခင်ဗျား တိုဘို့ငဲ့ပြီး မိတ်မပျက်ရအောင် မှိတ်ကျိတ်လုပ်နေတာပါ။ ဒါကြောင့် ခပ်သွက်သွက် လုပ်ကြကိုင်ကြဗျာ”
ဟု ပြောလိုက်သည်။

ဦးရွှေသီးတို့ လူတစုံ ပြန်ထွက်သွားသည်တွင် ကိုကု
လားက သမက်ဖြစ်သူကို …
“ဒီဘက်တွင်းက မျှစ်ချဉ်တွေကို ဖော်ပြီး ရန်ကုန်က တရုပ်သူဌေးဆီ အမြန်ပို့ရလိမ့်မယ်။ ငါးကျပ်နှုန်းဆိုတော့ ဒို့တတွေ မျှစ်ချဉ်တတွင်းဆိုရင် ထောင့်ငါးရာလောက်ကျန်လိမ့်မယ်”

စိန်ဌေးက …
“ရန်ကုန်ပို့ရင် ဘယ်အလေးနဲ့ ပိုမှာလဲ ဦးလေး။ ဒီမှာချိန်တဲ့အလေးနဲ့ ပို့မှာလား”

“ဟာ… ဘယ်ဖြစ်မှာလဲ။ ရန်ကုန်က တရုတ်လူလယ်တွေကွ။ အလေးမှန်မှ လက်ခံမှာ။ ဒီကလူတွေသာ ဒို့ကြိုက်သလို လုပ်နိုင်တာ”

“ကြည့်လဲ လုပ်ပါအုံး ဦးလေးရဲ့။ တစ်ပိဿာလုံးမှာ သုံးဆယ်သားအထိ လျော့နေတော့ တစ်နေ့ သူတို့သိသွားရင် မျက်နှာပျက်နေကြမယ်ဗျ”

“ဒီကိစ္စအတွက် မပူနဲ့။ ဒို့ငွေကို သူတို့ လက်ခံထားတဲ့ ဥစ္စာ။ အထွန့်မတက်ရဲပါဘူး။ အသာနေ”

မှင်သေသေမျက်နှာဖြင့် ကိုကုလားက ပြောလိုက်သည်။

+ + + +

တတောလုံး တတောင်လုံးသည် ညို့မှိုင်းရီဝေနေပါသည်။

ကြက်တူရွေးတအုပ်သည် တဂဲဂဲအော်မြည်ကာ သီးစားပင်များပေါ်တွင် တောသံပေးနေတော့၏။

ခပ်လှမ်းလှမ်း လျှိုဝဆီမှ ဆတ်တကောင်က တတိန်တိန်နှင့် တစ်နေသည်။

“ကိုင်း- ငါ့လူတွေ ခုတ်စရာရှိတာ ခုတ်ကြ၊ လုပ်စရာ ရှိတာ လုပ်ကြ။ ပျော်ပျော်ပါးပါးပေါ့ကွာ”

မျှစ်ချဉ်သူဌေး သို့မဟုတ် မျှစ်ချင်များရယူရေးအတွက် လက်မနှေးတမ်း ခေါင်းပုံဖြတ်ကောင်းလှသော ကိုကုလားသည် မီးတေခံ ချက်အရက်ကို လဖက်ရည်ကြမ်းပန်းကန်နှင့် နှစ်ခွက်တိတိ ဆင့်ကာ မော့လိုက်ပြီးနောက် သူ၏ တပည့်လက်သားတွေကို အားပေးစကား ပြောလိုက်ခြင်းဖြစ်ပါသည်။

သို့ရာတွင် ကိုကုလား၏သမီး အေးယဉ်၏ယောက်ျား စိန်ဌေးကမူ ရွာနှင့် ခြောက်မိုင်ခန့် ဝေးကွာပြီး ထူထပ်လှသော တောရိပ်တောင်ရိပ်ကို အကဲခပ်ကာ တုန်လှုပ်နေသော မျက်နှာဖြင့် –

“ကျွန်တော်တို့ကိုယ်တိုင် မျှစ်တွေရှာပြီး စုပြီး မျှစ်ချဉ်လုပ်ရတာကတော့ လုပ်ခ ကိုင်ခ စရိတ်ငြိမ်းသလို လက်ဖျားငွေသီးတာကတော့ မှန်ပါတယ် ဦးလေးရဲ့။ ဒါပေမယ့်လို့ ၃-ယောက်ထဲ တောနက်တဲ့နေရာမှာ လုပ်ငန်းအခြေစိုက်တာကတော့ သိပ်မကောင်းဘူး ထင်တယ်။ မနေ့ညကလဲ ကျားသစ်ရုတ်သံတွေ ဆူနေလို့ တညလုံး မအိပ်ရဲဘူးဗျ။ အရေးရယ် အကြောင်းရယ်ရှိလို့မှ ရွာနဲ့ မနီးတော့ ကူဖော်လောင်ဖက်မရမှာ စိုးရတယ်”

စဉ်းစားတတ်သူပီပီ ရှေ့ရေးအတွက် ကြိုတင်သတိ ပေး ပြောကြားလိုက်သည်။

ဤတွင် ကိုကုလားက …
“ဟေ့ ငွေရဖို့၊ ငွေစုနိုင်ဖို့ အရေးကြီးတယ် မောင်စိန်ဌေး။ မိုးစွေရွာကအကောင်တွေကို ပိုက်ဆံတစ်ပြားမှ မပေးတော့ဘူး။ ဒို့တတွေ သူတို့ စားကျက်တွေပေါ်ခွပြီး မျှစ်ချဉ်လုပ်ငန်းကို အပိုင်စီးပြီး ရသမျှငွေကို အိတ်ထဲသွန်ချရုံပဲ။ ကျားလာရင်လဲ တုံးခေါက်ပြီး ချောက်လိုက်ရင် ပြေးပါတယ်ကွာ။ ဘာ ကြောက်စရာလိုက်လို့လဲ”

အားပေးစကားကို ခပ်သွက်သွက်ပြောလိုက်၏။

ထို့နောက် တိုက်မရွာမှ ထမင်းချက်၊ ထင်းခွေ၊ လမ်း ပြလုပ်ငန်းများအတွက် ငှားရမ်းခေါ်လာခဲ့သူ ဦးရွှေမှင်အား …

“ဘယ့်နှယ်လဲ အဖိုးကြီး၊ ဒီနားတဝိုက်မှာ ဘာအန္တရာယ်တွေ ရှိနိုင်သလဲ။ သားကောင်တွေက လူသံကြားရင် တချိုးထဲ ပြေးကြမှာ မဟုတ်လားဗျ။ ဒီလောက် တောတော့ ကုလားတို့ မမှုဘူးဗျ”

တောတောင်အခြေအနေကို မေးမြန်းတီးခေါက်လိုက်ပြန်၏။

ဦးရွှေမှင်သည် တစုံတခု အကြောင်းအရာကို ပြောရ ကောင်းနိုး မပြောရကောင်းနိုးနှင့် ပါးစပ်မှ မဖွင့်ဟဘဲ ချည်တုံချတုံနှင့် စဉ်းစားနေတော့သည်တွင် စိန်ဌေးသည် အကဲခပ်မိပုံဖြင့်…

“ပြောစရာရှိတာတွေ ပြောလေဦးကြီးရဲ့။ ခရီးလမ်းပန်းအခြေအနေကို စောစောက ပြောထားတာ ကောင်းတယ်။ မနက်တုန်းက ရေခပ်သွားရင်း ဟိုခြေရာကြီးတွေတွေ့တော့ ဘကြီးက မျက်နှာပျက်သွားပြီး လွှတ်ကနဲ ပြောလိုက်သေးတာကိုး”

အတင်းတိုက်တွန်းလိုက်မှပင် မိုးစွေနယ်တဝိုက်ကို ကျွမ်းကျင်ပုံရသော ဦးရွှေမှင်သည် ချောင်းတချက် ဟန့်လိုက်ပြီး…

“ပြောမလို့ဟာဘဲဗျ။ ဒီဘက်တောတွေဟာ ရိုးမနဲ့ တဆက်ထဲမို့ အစစအရာရာ သတိထားဘို့လိုတယ်။ ဆရာကြီး ကိုကုလားတို့ ဟိုအရင် မျှစ်ချဉ်လုပ်ခဲ့တဲ့ ပလွေးနယ်နဲ့ မတူဘူးဗျ။ ငှက်ဖျားကိုလည်း သတိပြုရတယ်။ ခုလို မိုးတွင်းဆိုတော့ သိပ်ပြီး အဖက်ဖက်က ဂရုစိုက်ဘို့ လိုတယ်။ မျှစ်တွေ ဖူးချိန် ထွက်ချိန်မှာ တောဆင်တွေက မိုးစွေရွာအနားထိ ဆင်းလာကြတယ်။ ဆင်တွေနောက်က မျှစ်ကျမျှစ်န မျှစ်ကျန်တွေကို လိုက်စားတဲ့ ပြောင်တွေက တခါထဲ အုပ်လိုက်ပါလာတတ်တယ်။ မျှစ်တွေကို တအားကြိုက်တဲ့ တောဝက်တွေ နောက်က တောကောင် (ကျားကြီး) တွေက လိုက်လာပြီး တွေ့သမျှ တိရစ္ဆာန်ရော လူရော ရန်မူတတ်ပါတယ်။ အဲဒါကြောင့် ဆရာကြီးကို မိုးစွေရွာနဲ့ နှစ်မိုင်လောက် က စခန်းကို သတ်မှတ်ဘို့ အကြံပေးခဲ့ပါတယ်ဗျာ”

သူသိသရွေ့ အန္တရာယ်နှင့် ပြဿနာများကို ကြိုတင် သတိပေး ပြောကြားလိုက်သည်။

“ထွီ …. ဘာကောင်မှ အရေးစိုက်စရာ မလိုဘူး။ ဘာ ကောင်မှ မှုစရာ မလိုဘူးဟေ့။ ကျားလာရင် ဓားနဲ့ခုတ်လွှတ်မယ်။ ဆင်လာရင် လှံနဲ့ထိုးမယ်။ ကုလားတဲ့ကွ၊ နာမည်နဲ့နေတဲ ကုလားဟေ့။ ဘာကောင်မှ သောက်ဂရုမစိုက်လို့ ဒီနယ်ကို ဝင်တာဟေ့။ ရိုးမပေါ်အထိ တက်ပြီး မျှစ်ချဉ်တွင်းတွေ ဖွင့်မယ်”

ရေချိန်ကိုက်လာအောင် ချက်အရက်ကို ဆင့်ကာ ဆင့်ကာ သောက်ခဲ့သည့်အလျောက် ဆောက်ပြီးခါစ တဲကလေးပေါ်တွင် လေးကွက်နင်းကာ ဆဲဆိုကြိမ်းဝါးနေသော ကိုကုလားသည် လောဘနောက်သို့ ဒေါသလိုက်ကာ သတိကင်းလွတ်စ ပြုလာပါသည်။

ဦးရွှေမှင်နှင့် စိန်ဌေးတို့နှစ်ဦးကား လူပေါင်းမှား မိလေခြင်းဟူသော ဝမ်းနည်းပက်လက် မျက်နှာများဖြင့် တစ်ဦးကိုတစ်ဦးကြည့်ကာ ပင့်သက်ကြီးများအသီးသီး ချမိလိုက်ကြသည်။

ဝါခေါင်လပိုင်း၏ မိုးသည် လေပြင်းနှင့်အတူ တဟောဟော ဆိုက်ရောက်လာပြီး သစ်ပင် ဝါးပင်များ တုန်လှုပ်ရိုက်ခတ်လာအောင် သဲသဲမဲမဲ ဒလဟော ရွာချလာပါသည်။

+ + + +

ညဦးပိုင်းက သဲသဲမဲမဲရွာချခဲ့သည့် မိုးဒဏ်ကြောင့် မြေသားသည် ပျော့ရာက တချို့နေရာများတွင် ရေအိုင်ကလေးများအဖြစ်၊ ရွှံ့ဗွက်ကလေးများအနေဖြင့် မြင်တွေ့နေရသည်။

ဦးဘိုးဟန်သည် မြေပျော့ပေါ်မှ ခြေရာစဉ်ကို ငုံ့ကာ အကဲခပ်လိုက်ပြီး…
“ဘယ့်နှယ်လဲဗျို့ ကိုဘိုးရံရဲ့၊ တောဆင်အုပ်ထဲမှာ ခါတိုင်း တကောင်ချင်းတွေ့နေကျ စွယ်ရမ်းကြီးရဲ့ ဧရာမခြေရာကြီး တွေ့နေပါကလားဗျ”

တုတ်ခိုင်ကျယ်ဝန်းနေသော ဆင်ခြေရာကို ညွှန်ပြရင်း ပြောလိုက်သည်။

ဦးဘိုးရံသည် ညာဘက်လက်မှ လွှဲ၍ ကိုင်ထားခဲ့သည့် ၄၀၄-မဂ္ဂဇင်းရိုင်ဖယ်ကို ပခုံးပေါ် ဇော်ထမ်းထမ်းလိုက်ပြီး ဆင်ခြေရာကိုကြည့်ရင်း….

“ဟုတ်တယ် အရီးဟန်ရေ့။၊ ဒီအကောင်ကြီးတွေ ဆင်အုပ်ထဲ ရောပါလာရင် သိပ်သတိထားရမယ်။ အားကြီးဆိုးတဲ့ လူသတ်ကောင်ကြီးဗျ။ ပျဉ်းမနားအနောက်နယ် အုပ်သျှစ်လှိုင်းရွာကစပြီး ဘုရားတောင်၊ ပိုတက် ရွာတွေအဆုံး စွယ်ရမ်းဆိုရင် ခလေးအငို တိတ်ကုန်တယ်။ လူသတ်ရာမှာ အင်မတန် ပရိယာယ်များပြီး ရက်စက်တယ်။ သူရောက်လေရာရာမှာ လယ်တဲတွေ၊ လှည်းဝိုင်းတွေ တချိုးထဲ ပစ်ပြီး ပြေးကြတယ်။ အစွယ်ကလဲ တကယ်လှ တကယ်ကြီးဆိုဘဲ။ လူသတ်ရာမှာဆို ဆိုးလွန်း ရမ်းကားလွန်းလို့ တောသူတောင်သားတွေက ဒီဆင်ပေါက်ကြီးကို “စွယ်ရမ်း” လို့ နာမည်ပေးထားကြတယ်ဗျ”
ဟု ပြန်ပြောလိုက်သည်။

တောဆင်အုပ်နှင့် ရောနှောကျက်စားနေပုံရသည့် လူသတ်ကောင် ဆင်ဆိုးကြီးအကြောင်းကို နားထောင်နေကြသော ဆင်ပစ်အဖွဲ့ဝင်များသည် စိတ်ပါဝင်စားစွာ နားထောင်နေရာမှ ဦးနုသည်

“ဒီအကောင်ကြီးပါလာရင် သိပ်ကောင်းပေါ့ဗျ။ ဦးဘိုးရရဲ့ တချက်ခုတ် နှစ်ချက်ပြတ်ဘဲ။ စလောင်း၊ငဖိုင်းလောင် ရွာခြေက ပျိုးခင်းတွေကို ဝင်ဖျက်သွားတဲ့ ဟောဒီ တောဆင်အုပ်ကိုလဲ မှတ်လောက်သားလောက် ပစ်ခတ်နှိမ်နင်းပေးပြီး လူသတ်ကောင် စွယ်ရမ်းကို ခပ်ကြမ်းကြမ်းပစ်သတ် စခန်းသိမ်းရုံဘဲ”

ခပ်တင်းတင်းမျက်နှာဖြင့် ကြွေးကြော်လိုက်ပြီး ရေဗူးမှ ရေတခွက်ကိုဖွင့်ကာ သောက်လိုက်လေ၏။

ကျွန်တော်သည် ကောင်ရေသုံးဆယ်ကျော်မျှ စုဝေးကာ ပါဝင်ခဲ့သည့် ဆင်ပေါက်များ ဆင်မများ ပါဝင်ခဲ့သည့် ကျေးရွာပျိုးခင်းများကို ဖျက်ဆီးစားသောက်သွားသည့် တောဆင်များ၏ ရှုပ်ထွေးနေသော ခြေရာများကိုကြည့်ကာ စဉ်းစားနေရာမှ ဦးဘိုးဟန်၊ ဦးဘိုးရနှင့် ဦးနုတို့၏ ပြောဆိုဝေဘန်သံများကို တိတ်တဆိတ် နားထောင်လေ့လာနေရာမှ စွယ်ရမ်းကြီး၏ မမြှော်လင့်သော အန္တရာယ်ကို ကြိုတင်သတိပြုရန် ပြင်ဆင်လိုက်ရပေ၏။

“ကိုင်း … အဖိုးကြီး၊ ကျွန်တော်တို့ ဘယ်တော ဘယ်တောင် ရောက်နေပြီလဲ။ နောက်တချက်က တောဆင်တွေ ခြေဦးတော်တဲ့နေရာဟာ ဘယ်နယ်နဲ့နီးသလဲ”

စုံစမ်းမေးမြန်းလိုက်သည်တွင် ဦးဘိုးဟန်သည် တောတောင်အခြေအနေကို လှည့်ကာပတ်ကာ စူးစူးစိုက်စိုက် အကဲခပ်လိုက်ပြီးမှ…

“ကျုပ်တို့ မနက်အစောက ဝင်ခဲ့တဲ့တောဟာ မီးလောင်ကုန်းရွာ အနောက်ဖက် နတ်သမီးကျောလေ ဗိုလ်မှူးရဲ့။ တနေ့လုံး လိုက်ခဲ့ကြတာ၊ ခု ရောက်နေတာ မိုးစွေအနောက်ဘက်တည့်တည့် ရောက်နေပြီး ကြက်သီးထစခန်းလေ။ လွန်ခဲ့တဲ့လေးနှစ် တပေါင်းလမှာ ဗိုလ်မှူး ပြောင်ထီးခေါင်းကြီးကို ပစ်ခဲ့တာနဲ့ ဘာဝေးလို့လဲဗျ”

တောတောင်အခြေအနေကို တိကျခိုင်မာစွာ ပြောလိုက်သည်တွင်…

“လိုက်ကြရအောင်ဗျို့။ ခြေရာတွေ သိပ်ပြီးသစ်တယ်။ ရှေ့က ဆင်အုပ်ဟာ သိပ်မဝေးဘူးဗျ”

ဦးဘိုးရက ပြောလိုက်သည်ကြောင့် ကျွန်တော်သည် မုဆိုးနှစ်ဖွဲ့ခွဲ၍ ခြေရာရင်းမှ တဖွဲ့၊ ရှေ့ကပန်း၍ တောဆင်များ ဖြတ်ကျော်မည့် တောဆက်ကို ကြို၍ စီး၍ စောင့်ရန်တဖွဲ့ စသည်ဖြင့် နှစ်ဖွဲ့ ခွဲလိုက်ရပေ၏။

ကျွန်တော်သည် ခြေရာရင်းက လိုက်ရမည့် မုဆိုးအဖွဲ့ကို ခေါင်းဆောင်လိုက်ရသလို ဦးဘိုးဟန်နှင့် ဦးနုတို့က ရှေ့က တောဆင်များကို ဖြတ်စီးရမည့် အဖွဲ့ကို ခေါင်းဆောင်ချီတက်ရန် ပြင်ဆင်လိုက် ကြသည်။

“အားလုံး အကင်းပါးပါး လိုက်ကြဗျို့။ စွယ်ရမ်းကို ကြပ်ကြပ်သတိပြု။ လူသတ်နေကြ ဆင်ကြီးဗျ။ ခြေသံလုံလုံနင်း၊ အကြောင်းမရှိဘဲ စကားမပြောကြနဲ့။ ရှေ့ဆုံးက ခြေရာခံတဲ့လူက ခြေရာခံရင်း သေနတ်သမားတယောက်က ပတ်ဝန်းကျင်ကိုပါ လိုက်ကြည့်။ လှုပ်ကနဲဆိုရင် ပစ်မိအောင်သာ ပစ်ကြ”

ဦးဘိုးဟန်က မုဆိုးစည်းကမ်းများကို ထပ်မံသတိပေးလိုက်ပြန်တော့သည်။

ကျွန်တော်နှင့် ဦးဘိုးရတို့က ရင်ဘောင်တန်းကာ တောဆင်အုပ်ကြီး၏ ခြေရာစဉ်အတိုင်း ခပ်သုတ်သုတ်ဖိကာ နင်းလိုက်ခဲ့ကြသည်။

တဖာလုံခန့် တက်ခဲ့ကြသည်တွင် ကျွန်တော်တို့ညာဘက်ဘေးထဲမှ လွှားကနဲ ခုန်လိုက်သည့် သတ္တဝါတကောင်ကြောင့် ကျွန်တော်၏ လက်ထဲမှ .၅၀၀-ဘို့ ရိုက်ဖယ်နှင့် ထိုး၍ ချိန်လိုက်သည်တွင် ဦးဘိုးရသည် စုတ်သပ်ကာ တားဆီးလိုက်ပြီး…

“အရေးထဲမှာ ဂျီပေါက် အချောင်သေချင်ပြီထင်တယ်”
ဟူ၍ ထွက်ပြေးသော ဂျီကို အပြစ်တင်လိုက်သည်။

+ + + +

တနာရီခန့် အပြင်းချီတက်ခဲ့သည်တွင် မြေမျက်နှာပြင်သည် ရုတ်တရက် ပြောင်းလွဲသွားပြီး တောင်ကုန်းယောင်ယောင် အတက်များအဖြစ် တွေ့လိုက်ရပေ၏။

ကျွန်တော်၏ဘေးမှ ကပ်လျက် လိုက်ပါလာသော ဦးဘိုးရသည် တောဆင်အုပ်မှ စွန့်ပစ်ခဲ့သော ဆင်ချေးတုံးများကို အရေးတကြီး လက်ဖဝါးဖြင့် စမ်းသပ်လိုက်ရင်း

“ဟာ… ပူပူနွေးနွေးကြီးဗျို့ ဗိုလ်မှူး။ သိပ်မဝေးဘူး၊ ဒီဆင်တွေ ကပ်နေပြီဗျ”

အရေးတကြီး အမူအရာဖြင့် လေသံသဲ့သဲ့နှင့် သတိ ပေးလိုက်၏။

ထိုကြောင့် ကျွန်တော်သည် အငွေ့ တထောင်းထောင်းထွက်နေသော ဆင်ချေးတုံးများကို ကျော်လွှားကာ တောင်ကုန်းထိပ်ဆီသို့ မျက်စိရှင်ရှင်နှင့်ကြည့်ကာနားနှစ်ဘက်ကို အစွမ်းကုန်နားထောင် အကဲခပ်ရင်း ချီတက်ခဲ့သည်။

ကျွန်တော်တို့နှစ်ယောက်က တောင်ထိပ်ပေါ်သို့ ရောက်ခဲ့ပြီးနောက် ပေတရာ့နှစ်ဆယ်ခန့်မြင့်သော တောင်ထိပ်စွန်းမှ ဆင်ခြေလျှော နိမ့်ဆင်းသွားသည့် လျှို၀ အတွင်း ဂရုတစိုက် ဆင်းခဲ့သည်တွင်

“အမယ်လေး …. ကယ်ကြပါဗျာ … ကယ်ကြပါ”

လူတစု၏ ငယ်သံပါအောင် အော်ဟစ်လိုက်သည် ခပ်လှမ်းလှမ်းမှ အသံများကြောင့် အသာရပ်ကာ နှစ်ယောက်စလုံး နားစွင့်ကာ ထောင်လိုက်မိသည်။

“ကယ်ကြပါဗျို့ … ကယ်ကြပါ”

နောက်ထပ်၍ စူးစူးဝါးဝါးအသံများကြောင့် ကျွန်တော်တို့နှစ်ယောက်သည် အော်ဟစ်သံများ ထွက်ပေါ်ရာ ကျွန်တော်တို့ ရပ်နေရာ အောက်ခြေ ဘယ်ဘက် ဒီဂရီခြောက်ဆယ်ဆီသို့ အရေးတကြီး ကြည့်ရှုလိုက်ကြသည်။

ရှေ့ဦးစွာ တညီထဲပေါက်ရောက်နေသော မြိုင်ဆိုင်လှသည့် တောတပြင်ကိုလည်းကောင်း၊ ဒုတိယမြင်ကွင်းမှာ ထူးထူးခြားခြား အခြားသစ်ပင်တွေထက် အနည်းငယ်မြင့်၍ အနည်းငယ်ခြောက်သွေ့နေသော ပိတောက်ပင်တပင်၏ ထိပ်၌ လှုပ်ရှားအော်ဟစ်နေသော လူနှစ်ယောက်၏ မသဲမကွဲသဏ္ဌာန်များကိုတွေ့လိုက်ရပေ၏။

ကျွန်တော်၏စိတ်ထဲ၌ တောသူတောင်သားများ ဓလေ့အတိုင်း သစ်ပင်ပေါ်တက်၍ ပျားဖွပ်သဖြင့် ပျားတွေ၏ ဒဏ်ပြန်တုပ်နှက်မှုကို ရင်ဆိုင်နေကြသည်ဟူ၍ အထင်ရှိပြီး ဦးဘိုးရကို လက်ပြကာ အရေးတကြီး တောင်ခြေသို့ဆင်းရန် ပြင်လိုက်ရာ ဦးဘိုးရံက

“မဟုတ်ဘူး … အန္တရာယ်ကြီးကြီး ရင်ဆိုင်နေပြီ ဗိုလ်မှူး”

ခပ်တိုးတိုး သတိပေးလိုက်သည်ကြောင့် သစ်ပင်ထိပ်ပိုင်းနှင့် အောက်ခြေပိုင်းများဆီသို့ ဂရုတစိုက် ကြည့်ရှုလိုက်သည်တွင် သစ်ပင်သစ်ကိုင်းများအကြားတွင် တွယ်ကပ်နေသော လူနှစ်ယောက်ဆီသို့ အောက်ခြေဆီမှ တချီတချီတွင် သစ်ကိုင်းရှည်ရှည်တချောင်းက တက်လာပြီး ရိုက်ချခြင်း၊ ထိုးချ ခြင်းများ ပြုလုပ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရပေသည်။

ထို့ကြောင့် ကျွန်တော်သည် ခြေသံကို လုံနိုင်သမျှ လုံ အောင် ရှေ့ဆုံးမှ ဆင်းခဲ့ပြီး တောင်ခြေအရောက်တွင် ဂရုတစိုက် ဝဲယာတလျှောက်ကို အကဲခပ်ကြည့်ရှုရင်း သစ်ပင်တပင်မှ တပင်ဆီသို့ အကာအကွယ်ယူကာ အော်ဟစ်သံများဆီ ခပ်သွက်သွက်ချဉ်းကပ်တက်ရောက်ခဲ့သည်။

ကျွန်တော်၏ရှေ့ ပေတစ်ရာ့ငါးဆယ်အတွင်းဆီမှ ဆင်တကောင်၏ ဒေါသတကြီး “ကစ် ကစ် ကစ်” ဟူ၍ မာန်သွင်းသံများနှင့်အတူ တဖြောင်းဖြောင်းနှင့် သစ်ပင်ထိပ်ပိုင်းဆီသို့ ရိုက်နှက်သံများ ကြားလိုက်ရသည်တွင် ကျွန်တော်၏နောက်မှ ကပ်၍ လိုက်ပါလာသည့် ဦးဘိုးရက သတိနှင့်တက်ရန် လေချွန်၍ အချက်ပေးလိုက်တော့သည်။

ကျွန်တော်သည် မျက်ကွယ်ကို အတတ်နိုင်ဆုံးယူကာ သစ်ပင်ချုံများမှ တဆင့်စီကူးလျက် ပိတောက်ပင် အနီးသို့ ရောက်အောင် ကျိတ်၍ တက်ခဲ့တော့သည်။

ပေငါးဆယ်အတွင်းမှ မမြှော်လင့်ခဲ့သော မြင်ကွင်းဆန်းကြောင့် ကျွန်တော်သည် ရုတ်တရက် အံ့အားသင့်သွားမိသည်။ ထိုမြင်ကွင်းကား အင်မတန် ဆန်းကြယ်လှတော့သည်။

အရပ် ကိုးပေကျော်ခန့်မြင့်၍ ကြီးမားသော အစွယ်ကြီးနှစ်ချောင်းက အခြား ဆင်ပေါက်များကဲ့သို့ ခပ်ကွေးကွေး ခပ်ကော့ကော့ မထွက်ဘဲ တန်းလျက် ဖြောင့်လျက် ထွက်နေသော မကြာခင်ကာလက ရွှံလူးထားပုံဖြင့် အနက်ရောင်အပေါ်တွင် ဝါကျင့်ကျင့်အရောင်များနှင့် ဆင်ပေါက်ကြီးတကောင်သည် ခြေသလုံးမျှတုပ်ခိုင်သော သစ်ကိုင်းအရှည်တချောင်းကို အရင်းပိုင်းမှ နှာမောင်းဖြင့် ဆုပ်ကိုင်ကာ ပိတောက်ပင်ထိပ်ရှိ လူနှစ်ယောက်ဆီသို့ လှမ်း၍ ရိုက်ချခြင်း၊ ဆောင့်၍ ထိုးချခြင်းများကို မနားမနေ လုပ်ကိုင်နေသော သဏ္ဌာန်ပင်ဖြစ်ပါသည်။

ကျွန်တော်က သစ်ပင်ပေါ်သို့ ကြည့်လိုက်ရာတွင် အောက်ကိုင်းတွင် တွယ်ဖက်ထားသော လူရွယ်တဦးကို တောဆင်ကြီးသည် အပိုင်အနိုင် သဘောမျိုးဖြင့် ဖိ၍ ရိုက်နေပါသည်။ ရှိုက်၍ အားမရသေးဘဲ သစ်ကိုင်းအဖျားဖြင့်လည်း ပင့်ကာ ပင့်ကာ ထိုးချလိုက်သည်ကြောင့် လူရွယ်၏အော်သံများမှာ အသည်းအူများ တုန်လှုပ်ဖွယ်ရာ ထွက်ပေါ်လာပါသည်။

ဆင်ကြီးသည် တအားပင့်၍ သစ်ကိုင်းနှင့် ထိုးချသည်ကြောင့် သစ်ကိုင်းတကိုင်းကို တွယ်ကပ်နေပုံရသည့် လူရွယ်သည် ကြာရှည်စွာကုပ်ကပ်မနေနိုင်ပုံဖြင့် သစ်ပင်ပေါ်မှ ကျလုဆဲဆဲ အခြေအနေဆိုးနေကြောင်းကိုလည်း ကျွန်တော်က ချက်ခြင်း ရိပ်မိပါသည်။

“ကယ်ကြပါဗျို့…. အမယ်လေး လုပ်ကြပါအုံးဗျ”

လူရွယ်၏ ပါးစပ်မှ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်တွင် ကျွန်တော်က ခပ်စောင်းစောင်းသဏ္ဌာန် လှုပ်ရှားနေသောဆင်ကြီးအား ပရိယာယ်ဆင်လိုက်တော့သည်။

“အဟမ်း” ဟူ၍ ခပ်ကျယ်ကျယ် ချောင်းဟန့်လိုက် သည်တွင် ဆင်ကြီးသည် လှုပ်ရှားနေသော နားရွက်ကြီးနှစ်ဘက်က တန့်ခနဲ ငြိမ်သွားပြီး စက္ကန့်ပိုင်းအတွင်း၌ ကျွန်တော် အကာအကွယ်ယူထားသော ကျွန်းပင်ဘက် လှည့်လိုက်တော့သည်။

ကျွန်တော်၏ ရိုက်ဖယ်ပြောင်းဝနှစ်လုံးနှင့် ပေလေး ဆယ်မျှသာ ခြားနားနေသော ဆင်ကြီး၏ ညာဖမိုးခေါ် ချိုင့်ကွက်ကြီးဆီသို့ .၅၀၀-ဘို့ ရိုက်ဖယ်၏ ညာပြောင်းမှ ကျည်ဆံကို ပိုင်နိုင်စွာ အသုံးပြုလိုက်ရပေ၏။

သေနတ်သံနှင့်အတူ ဆင်ကြီးသည် နောက်သို့ ဖင်ထိုင်ကျသွားစဉ်တွင် ကျွန်တော်သည် လှစ်ခနဲညာဘက်သို့ ပြေးထွက်ကာ ညာဘက်လက်ပြင်ဆီ ဒုတိယ ကျည်ဆံကို ပစ်သွင်းလိုက်ပြီး ချက်ခြင်းပင် ကျည်ဆံအသစ်နှစ်တောင့်ကို ပြောင်းဝနှစ်လုံးအတွင်းသို့ သိပ်ထည့်လိုက်တော့၏။

ခပ်လှမ်းလှမ်း ဂိုက်သုံးရာအတွင်းမှ ကျွန်တော်၏ ရိုက်ဖယ်သံ နှစ်ချက်အဆုံးတွင် တဝုန်းဝုန်း တောတိုးသံများနှင့်အတူ ရိုက်ဖယ်သံများက ရှေ့ဆင့် နောက်ဆင့် တဒိုင်းဒိုင်း ထွက်ပေါ်လာပါသည်။

“ဟေ့လူတွေ … ဖြည်းဖြည်းဆင်းခဲ့ကြ၊ ဘာမှမကြောက်နဲ့ဗျို့။ ဆင်ကြီးသေပြီ”

ဦးဘိုးရံက အော်ဟစ်၍ သစ်ပင်ထိပ်ဖျားက လူနှစ်ယောက်အား သတိပေးလိုက်ပြီး

“ရှေ့က ဦးဘိုးဟန်တို့အဖွဲ့နဲ့ တောဆင်တွေ တိုးမိကြပြီဗျို့။ သေနတ်သံတွေကဖြင့် မြိုင်ပါပေ့ဗျား”

အရေးတကြီးပြောလိုက်ပြီး …

“ဒီအကောင်က စွယ်ရမ်းဗျ၊ ပန်းဆင်ကြီးဘဲ။ ဆင်အုပ်ဘေးကလိုက်ပြီး ကင်းစောင့်တဲ့ဆင်။ ပန်းနေဆည်းနေတဲ့ ဆင်သိုးဗျ” ပြောလိုက်ပါသည်။

တုန်တုန်ယင်ယင်နှင့် ဆင်ကြီးရိုက်ချသည့် သစ်ကိုင်း ကြောင့် သွေးများရွှဲနေသော လူနှစ်ဦးသည် ကျွန်တော်တို့နှစ်ဦးအား အသက်သခင်ကျေးဇူးရှင်များအနေဖြင့် ရှိခိုးကန်တော့ရန် ပြင်ဆင်လိုက်ရာ-
“ဟေ့လူတွေ ထကြပါ၊ ဒီလိုမလုပ်နဲ့။ ခင်ဗျားတို့ ဘယ်ကတုံး”

ကျွန်တော်က မေးလိုက်မိ၏။

“ကျွန်တော်တို့ မျှစ်ချဉ်သမားတွေပါ။ တဆိတ် ကျွန်တော်တို့တဲကို လိုက်ပြီး ကြည့်ကြပါခင်ဗျာ”

တောင်းပန်သည်ကြောင့် ကျွန်တော်တို့နှစ်ယောက်က လိုက်ခဲ့သည်တွင် ခဲတပစ်ခန့်တွင် ပြိုလဲနေသော တဲတတဲနှင့် မျှစ်ချဉ်တွင်း သုံးလေးတွင်းကို တွေ့လိုက်ရပေ၏။

တဲအနီး သစ်ပင်တပင်ခြေရင်းတွင် သွေးတွေရွှဲနေသော လုံချည်တထည်နှင့် အရင်းမှ ပြတ်ထွက်နေသော လက်မောင်းတချောင်းကို တွေ့ရ၏။

“ဟာ ဒီမှာ လူလက်တချောင်းပါလား။ တဲကိုလဲ ဆင်နင်းသွားတာ ပြားနေပါကလား”

ဦးဘိုးရံက မေးလိုက်ရာ အသက်ကြီးကြီးလူက …

“ဟုတ်ပါတယ် ဆရာကြီးတို့ရယ်၊ ကျွန်တော်တို့ နှစ်ယောက်က မျှစ်ချဉ်သူဌေး ကိုကုလားရဲ့လုပ်သားတွေပါ။ ဗြုန်းဗြုန်းဒိုင်းဒိုင်းနဲ့ ကျွန်တော်တို့ မျှစ်တွေချိန်နေတုံး ဆင်ကြီးရောက်လာပြီး ကျွန်တော်တို့က တဲကိုလှည့်ပတ်ပြီးအပြေးမှာ အရက်မူး နေတဲ့ ကိုကုလားက တဲပေါ်ကအဆင်းမှာ တောဆင်ကြီးက ကိုကုလားကို အစွယ်နဲ့ထိုးစိုက်ပြီး ရှေ့လက်နဲ့ နင်းပြီး နှာမောင်းနဲ့ တခြမ်းစီဖြစ်အောင်ဖဲ့ပြီး မျှစ်ချဉ်တွင်းထဲကို ပစ်သတ်လိုက်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ပိတောက်ပင်ပေါ်တက်နေရာကို ဆင်ကြီးက လိုက်လာပြီး ကြံကြံဖန်ဖန် သစ်ကိုင်းနဲ့ ရိုက်ချနေတုန်း ဆရာကြီးကိုရောက်လာတာ ဘုရားမတာပါဘဲခင်ဗျာ”

အကျိုးအကြောင်းကို ခပ်တိုတိုပြောပြလိုက်ပါသည်။

မကြာမီ ဦးဘိုးဟန်နှင့် ရဲဘော်ကျော်လှိုင်တို့နှစ်ဦး ရောက်ရှိလာသည်တွင် ..
“ဘယ်လိုလဲဟေ့ မောင်ကျော်လှိုင်ရေ့”

ဦးဘိုးရံက မေးလိုက်သည်တွင် ရဲဘော်ကျော်လှိုင်က လက်လေးချောင်းထောင်ပြလိုက်သလို ဦးဘိုး ဟန်ကလည်း..
“ဆင်ပေါက်သုံးကောင်နဲ့ ဆင်မတကောင်ဗျို့” ကြွေးကြော်လိုက်သည်။

ကျွန်တော်သည် အနီးကပ်ဆုံး တောင်ညိုရဲဋ္ဌာနသို့ တောဆင်နင်း၍ လူသေမှုအဖြစ် မိုးစွေရွာသူကြီးအား ခေါ်ယူပြသကာ အကြောင်းကြားခိုင်းလိုက်ရပေ၏။

ကျွန်တော်တို့ ဆင်ပစ်မုဆိုးအဖွဲ့အား ပျဉ်းမနား အနောက်နယ် ရိုးမခြေတလျှောက်မှ ကျေးရွာများက လူသတ်ကောင်စွယ်ရမ်းကို နောက်ဆုံးစခန်းမပြန်လမ်းသို့ ပို့ဆောင်ခဲ့သည်အတွက် ကျေးဇူးတင်၍ မဆုံးနိုင်အောင် ရှိတော့၏။

မိုးစွေရွာသားများကလည်း လောဘဇောတိုက်ကာ စည်းပွားအရှာလွန်သော မျစ်ချဉ်သူဌေး ကိုကုလား လောဘသတ်၍ သေဆုံးခဲ့ပြီဖြစ်၍ နောက်ထပ် ခေါင်းပုံဖြတ်ခြင်း မခံရတော့ပေ။

မကြာမီရက်ပိုင်းအတွင်း၌ မိုးစွေရွာသားများစုပေါင်း ၍ “မိုးစွေမျှစ်ချဉ်စခန်း” ကို ရွာနှင့် တမိုင်ကွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပေသည်။

မိုးစွေရွာသားများ၏ မျှစ်ချဉ်လုပ်ငန်းအတွက် အရင်းအနှီးမှာ တခြားမှ ရသည်မဟုတ်ပါ။ ကျွန်တော်တို့ ပစ်သတ်ခဲ့သည် တောဆင်သားများကိုရောင်းချကာ ဆင်သေတခု အရင်းပြုခဲ့သော စုပေါင်းရောင်းချရေးလုပ်ငန်းပင် ဖြစ်ပါတော့သတည်း။

✍ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)

📘 မြဝတီမဂ္ဂဇင်း အတွဲ (၂၃)၊ အမှတ် (၁) (၁၉၇၄၊ နိုဝင်ဘာ)

#ဗိုလ်တာရာရဲဘော်သုံးကျိပ် #စွယ်ရမ်း