*စွဲလမ်းတစ္ဆေ*📖📖📖
စာရေးသူ = မောင်မှိုင်းညို့(ချောင်းဦး)
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
ညရယ်၊ အမှောင်ရယ်က အမြဲဒွန်တွဲနေတဲ့ အရာနှစ်ခု ။
ညရောက်တာနဲ့ အမှောင်တွေကလည်း လောကကြီး ထဲကို တစ်စ..တစ်စ ချင်းနင်း ဝင်ရောက်လာကြတယ်၊ပြီးတော့ ညကမ္ဘာကြီးတစ်ခုလုံးကို ပိန်းပိန်းပိတ် မှောင် မည်းအောင် လုပ်ပစ်လိုက်တယ်။
ညကာလကို ရောက်တာနဲ့…..။ ထိတ်လန့်စရာ အမှောင်တွေ ကြီးစိုးလာတယ်….။ လောကကြီးက တိတ်ဆိတ်ပြီး… ချောက်ချားစရာကောင်းအောင် ငြိမ်သက်သွားတယ်။လူတွေရဲ့ရင်ထဲကို အားငယ်ခြင်းနဲ့ အကြောက်တရား တွေ ကိန်းအောင်းခိုဝင်လာတယ်။အဲဒီအချိန်မှာပဲ နာနာဘာဝ၊ တစ္ဆေသရဲကောင်တွေဟာ အစာရှာဖွေ စားသောက်ကြဖို့၊
သူတို့နေထိုင်ရာ နေရာဋ္ဌာနကနေ အလျှို၊ အလျှို ထွက် ခွာသွားကြပါတော့တယ်…….။
“… ဒုန်း… ဂလွမ်း… ဂလွမ်း… ညရဲ့ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်တဲ့အသံတွေ….။“ဒါ… အိမ်ရှေ့သံပန်းတံခါး ဖွင့်တဲ့အသံ…
မသူဇာ အသံကြားတာနဲ့ တန်းသိလိုက်တယ်။ ပထမတော့ အိပ်ချင်မူးတူးနဲ့မို့ ခင်ပွန်းသည် ကိုဇော်ဝင်း ပြန်လာတာလားလို့ တွေးမိသေးတယ်။
ဒါပေမဲ့ ချက်ချင်းဆိုသလို မဖြစ်နိုင်ဘူးဆိုကာ သိလိုက် တယ်…..။S
သူတို့ ရန်ကုန်တာမွေကနေ၊ သုံးဆယ်မြို့ကိုပြောင်းလာ တာ မကြာသေးဘူး။
ကားလမ်းအနောက်ဘက်က ဒေါ်ဝိတန်းရပ်မှာ ခြံကွက် တစ်ကွက် ဝယ်တယ်….။ခြံဝယ်တုန်းကပါတဲ့ အိမ်လေးကိုဖျက်ပြီး အိမ်သစ်ပြန် ဆောက်တယ်။
အိမ်သစ်ပြန်ဆောက်တယ်ဆိုပေမဲ့ အိမ်ဟောင်းပါပဲ။ တောင်ခြေရွာလေးတစ်ရွာက အိမ်ဟောင်းကိုဝယ်၊ ဖျက် ယူလာပြီး ပြန်ဆောက်တဲ့အိမ်သစ်။
တောင်ခြေရွာဆိုတော့ သစ်သားတွေက ကောင်းတယ်၊ တိုင်တွေက အချင်းတစ်ပေလောက်ရှိတဲ့ ကျွန်းတိုင်လုံး တွေ၊ ထုတ်၊ လျောက်၊ ဒိုင်း၊ မြားတွေကလည်း ကျွန်းခွဲသားတွေ ချည်းပဲ။ရက်မနဲ့ ဆင့်တွေလောက်ပဲ ပျဉ်းကတိုးသစ်တွေ ပါ တယ်၊အိမ်ဆောက်ပေးပြီးတာနဲ့ ကိုကျော်ဝင်းက သူ့ ကား မောင်းအလုပ်ရှိရာ ရန်ကုန်ကို ပြန်သွားရတယ်။
အိမ်မှာ မသူဇာ၊ သားလေးနှစ်ယောက်နဲ့ တစ်နှစ်အ ရွယ် သမီးလေးတစ်ယောက်တို့ ကျန်ခဲ့တယ်…။ကိုဇော်ဝင်း လကုန်ပြီးလောက်မှ ပြန်လာဖြစ်မယ်ဆိုတာ ချက်ချင်း သတိရလိုက်တယ်။မသူဇာ၊ ကလေးတွေမနိုးအောင် သတိထားပြီး အိပ် ရာက ထတယ်၊တံခါးဆီကို ခြေဖော့ပြီး အသာလျှောက်လာတယ်၊ တံခါးရွက်မှာဖြစ်နေတဲ့ အပေါက်ငယ်ကနေ ချောင်း ကြည့်လိုက်တယ်….။
ဒါ……. ဘယ်လိုဖြစ်တာလဲ…။ ခြံတံခါး သေသေချာချာ ပိတ်ထားတာကို….” ဟုတ်တယ်၊ ခြံတံခါးနှစ်ရွက်စလုံး ပွင့်နေတယ်။ သူ၊ မအိပ်မီက ခြံတံခါး သေသေချာချာ ပိတ်ခဲ့တာကို သတိရလိုက်တယ်။တံခါးက သံပန်းတံခါး၊ တံခါးနှစ်ရွက်ဆွဲစေ့ပြီး တစ်ဖက် မှာရှိတဲ့ သံကွင်းလေးထဲကိုမင်းတုပ်ထိုးထည့်ရတယ်၊ သော့ခလောက်မရှိပေမဲ့ အလွယ်တကူတော့ ဖွင့်လို့မရဘူး။
“အခု ဘာလို့ပွင့်နေတာပါလိမ့်….။ ခြံတံခါးဖွင့်သံလည်း ကြားရတယ်….
သေချာပြီ….၊ လူတစ်ယောက်ဝင်လာတာပဲ ဖြစ်မယ်…”အန္တရာယ်သတိပေး ခေါင်းလောင်းသံတွေ သူ့အာရုံမှာ ဆူညံသွားတယ်။မသူဇာ၊ အိပ်ရာဘက်ပြန်လာပြီး သူ့အနီးမှာ အမြဲထား အိပ်တဲ့ဓါးရှည်ကို ကိုင်ထားလိုက်တယ်။
သူခိုးဖြစ်ဖြစ်၊ ဓါးပြဖြစ်ဖြစ် ဘယ်လိုလူမှ မသူဇာ ကြောက်ဘူး၊
အိမ်ပေါ်တက်လာလို့ကတော့ ဓါးနဲ့ခုတ်ပစ်မှာ သေချာ တယ်….။
ခင်ပွန်းသည်က တစ်ရပ်တစ်ကျေး၊ စီးပွားရှာသွားနေရတဲ့ အချိန်မှာအိမ်မှာကျန်ခဲ့တဲ့ သူ့အနေနှင့်လည်း မိသားစုကို အ သက်နဲ့လဲစောင့်ရှောက်ဖို့ အသိတရားနဲ့ သတ္တိတွေရှိတယ်၊ မသူဇာ၊ ဓါးကိုကိုင်ပြီး အသာငြိမ်နေလိုက်တယ်။
“အိမ်ပေါ်တက်လာဖို့ ကြိုးစားလို့ကတော့၊ ရှေ့နောက် စဉ်းစားမှာ မဟုတ်တော့ဘူး၊ ဘာဖြစ်ဖြစ် ခုတ်ပစ်မှာပဲ….” လို့လည်း ယတိပြတ် ဆုံး ဖြတ်ထားတယ်။ဒါပေမဲ့ အချိန်တွေသာ တဖြည်းဖြည်း ကြာလာတယ်၊ ဘာသံမှ ဆက်မကြားရတော့ဘူး။
အချိန်တွေ ဘယ်လောက်ထိ ကြာမြင့်သွားလဲမသိဘူး၊ သူ ငိုက်မျဉ်းပြီး မှေးခနဲအိပ်ပျော်သွားတယ်…။
ခြံတံခါးပေါက်က သံပန်းတံခါးမြည်သံက သူ့ကို လှုပ်နှိုး လိုက်ပြန်တယ်။သူ အလန့်တကြားနိုးပြီး တံခါးပေါက်ကနေ ခြံတံခါးကို
လှမ်းကြည့်တယ်….။ အိမ်ရှေ့မိးရောင်ကြောင့် ခြံတံခါးကို လင်းလင်းရှင်းရှင်း မြင်နေရတယ်…။
တံခါးရွက်တွေအနီးမှာ ဘယ်သူမှ ရှိမနေဘူး။ သက်ရှိသတ္တဝါဆိုလို့ ခွေးတစ်ကောင်၊ ကြောင်တစ်မြီး ဘိုတောင် မတွေ့ရဘူး။
စောစောတုန်းကပွင့်နေတဲ့ တံခါးရွက် နှစ်ရွက်စလုံးက စေ့ပြီး ပိတ်နေတယ်။
သူကြည့်နေခိုက်မှာပဲ .။
“ဒုန်း…. ဂလွမ်း…. ဂလွမ်း….”ဆိုတဲ့
အသံတွေထွက် ပေါ်လာတယ်။
အသံနဲ့အတူ သူ့တစ်သက်မှာ တစ်ကြိမ်တစ်ခါမှ မ မြင်၊ မတွေ့ဘူးတဲ့ အထူးအဆန်းတစ်ခုကို မြင်တွေ့လိုက်ရတယ်။ ဟုတ်တယ်။
ဘယ်သူမှမရှိဘဲပိတ်သွားတဲ့ သံပန်းတံခါးက သံမင်း တုပ်ဟာ သူ့အလိုလိုရွေ့ ပြီး တစ်ဖက်တံခါးရွက်က သံကွင်းလေး ထဲ ဝင်သွားတယ်။
မျက်စိရှေ့မှာ မျက်ဝါးထင်ထင်မြင်နေရတဲ့ မြင်ကွင်း ကြောင့် မသူဇာ ကြက်သီးဖျန်းဖျန်းထသွားတယ်…။ ခေါင်းနပန်းတွေ ကြီးသွားတယ်။ အခြေအနေက ဒီလောက်နဲ့ ရပ်မသွားသေးဘူး။
“ရှပ်…ရှပ်…..ရှပ်”
ခြေသံတွေ….။ လူတစ်ယောက်ရဲ့ ခြေသံတွေ….။ တစ်စုံတစ်ယောက် ခြံဝင်းတံခါးကနေ အိမ်ဘက်ကို လှမ်းလျှောက်လာတဲ့ ခြေသံတွေ….။သူ ကြားနေရတယ်၊ ထင်ထင်ရှားရှား ကြားနေရတယ်။ ဒါပေမဲ့ ဘယ်သူမှမရှိဘူး။ ခြေသံတွေက တစ်စတစ်စ နီးကပ်လာတယ်၊ အိမ်တံ စက်မြိတ်အနီးထိတိုင် ကပ်လာတယ်။
“ရှပ်…ရှပ်…..”
ခြေသံတစ်ချက်၊ နှစ်ချက် နောက်ဆုံးကြားလိုက်ရပြီး ဘာသံမှ မကြားရတော့ဘူး။
ညက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ တိတ်ဆိတ် ငြိမ်သက်သွားတယ်။
ဒါပေမဲ့ မသူဇာ့ရင်တွေကတော့ တဒုန်းဒုန်းနဲ့ ခပ်ကြမ်း
ကြမ်းခုန်နေတယ်။ လူတစ်စုံတစ်ယောက်မှ မမြင်မတွေ့ရဘဲ သူ့အလိုလိုပွင့် သွားတဲ့ တံခါး..။
အလိုအလျောက်ပိတ်ပြီး မင်းတုပ်ထိုးနေတဲ့ တံခါးနှစ် ဒုတ်ရဲ့ မြင်ကွင်း…
အကောင်အထည်မပြင်ရဘဲ ခြံထဲဝင်လာတဲ့ ခြေသံများ၊ တစ်ခုပြီးတစ်ခု သူ့မျက်လုံးထဲကမထွက်အောင် မြင်နေ တယ်။
ကြားရတဲ့ ခြေသံတွေက ခြံထဲမှာမဟုတ်ဘူး၊ အိမ်ေပါ်မှာ။ သူတို့အိပ်ခန်းရဲ့ ခေါင်းရင်းက ဧည့်ခန်းထဲမှာ လူတစ် ယောက် တရှပ်ရှပ်သွားနေတယ်။ ဟိုသွားလိုက်၊ ဒီသွားလိုက်…..။ ခြေသံတွေကလည်း ရပ်သွားလိုက်၊ ထွက်ပေါ်လာလိုက်ဖြစ်နေတယ်။
ကြောက်လွန်းတာကြောင့် သူ အိပ်လို့မရတော့ဘူး။ သူနဲ့ကလေးတွေရှိတဲ့ အိပ်ခန်းထဲ ဝင်လာလေမလား၊ သရဲဆိုတာ ရုပ်ပုံတွေထဲကလို ရုပ်ပျက်ဆင်းပျက် အ တောင်ကြီးလား၊ အစွယ်ကြီးနဲ့လား၊ တစ်ကိုယ်လုံး အမွှေးတွေနဲ့လား။
အမျိုးမျိုးတွေးရင်း ကြောက်နေမိတယ်။ ခေါင်းတွေကြီးနေတယ်။
မသူဇာ၊ အိမ်ထောင်မကျမီက သူနာပြုလုပ်ခဲ့ဖူးတယ်၊ ့မျက်စိအောက်မှာ၊ သူ့လက်ပေါ်မှာ၊ အသက်ပျောက်သွားတဲ့ လူနာတွေ ကြုံဖူးတယ်။
ညကြီးမင်းကြီး ပိတ်ဖြူဖုံးထားတဲ့ လူသေအလောင်း တွေကို သံအခေါင်းကြီးထဲထည့်၊ဘီးတပ်တွန်းလှည်းပေါ်တင်ပြီး သူကိုယ်တိုင် ရင်ခွဲရုံထဲ တဂျောင်းဂျောင်းနဲ့ အရောက်ပို့ဖူးတယ်။ ဒါ့ကြောင့် ကြောက်စိတ်လန့်စိတ် မရှိသလောက် နည်းတယ်။
ခုတော့ သူနာပြုအလုပ်က ထွက်တာကြာသွားလို့လား။ သရဲခြောက်တာ ခဏခဏ ခံရတာကြောင့်လား မသိ ဘူး…..၊ အသည်းငယ်သလို ဖြစ်လာတယ်။ လိပ်ပြာလန့်လာတယ်၊ ညရောက်မှာကိုတောင် ကြောက်လန့်လာနေတယ်။ တစ်ညနှစ်ညပဲ စောင့်ကြည့်လိုက်ရတယ်၊ သရဲသရဲက သူတို့ခြံထဲမှာ ရှိနေတာဖြစ်ပြီး ညညမှာခြံတံခါး ဖွင့်ပြီး အပြင်ထွက်တယ်။
သူပြန်ဝင်လာတဲ့အခါမှာလည်း ခြံတံခါးပြန်ပိတ်လေ့ ရှိ တယ်ဆိုတာ သဘောပေါက်သွားတယ်။နောက်ပြီး ညဥ့်နက်သန်းခေါင် ဧည့်ခန်းထဲမှာ လမ်း လျှောက်နေတဲ့ ခြေသံတရှပ်ရှပ်ကိုလည်း သူကိုယ်ကို ကြား လိုက်ရတယ်။
သူရောက်ပြီး သုံးရက်မြောက်ညမှာတော့ အဆိုးဆုံးအ ခြေအနေတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။အဲဒီညက တစ်ညလုံး ဘာအနှောင့်အယှက်မှ မတွေ့ ရဘူး၊ ကောင်းကောင်းမွန်မွန် အိပ်စက်ကြရတယ်။ ပြဿနာက မနက်လင်းအားကြီးချိန်မှ ဖြစ်တာ။
ထုံးစံအတိုင်း မသူဇာ အိပ်ရာကထတယ်၊ မနက်လင်းပြီဆိုတဲ့အတွေးနဲ့ ကိုဇော်ဝင်း ထလိုက်မသွားတော့ဘဲ ဆက်အိပ်နေတယ်။ ဘယ်လောက်မှ မကြာဘူး၊စူးစူးဝါးဝါး ငယ်သံပါအောင် အော်လိုက်တဲ့ မသူဇာရဲ့ အသံကို ကြားလိုက်ရတယ်။
ကိုဇော်ဝင်း အမြန်လူးလဲထပြီး ပြေးသွားတယ်။ အိပ်ရှေ့တံခါးဝမှာ မသူဇာ ရပ်နေတယ်။ မျက်စိစုံမှိတ်ပြီး ကြောက်လန့်တကြား အော်နေတယ်၊ အလွန်အကြူး ကြောက်လန့်နေတာကြောင့် သူ့တစ် ကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။
ဘာလဲ ဘာလဲ
ကိုဇော်ဝင်း အမောတကော မေးတယ်၊ ““သရဲ… သရဲ… သရဲကြီး…. ကိုဇော်ဝင်း သဘောပေါက်လိုက်ပြီ…..။ မသူဇာ သရဲ ခြောက်ခံရပြီ…။
မသူဇာကို အသာအယာ ဖေးဖေးမမတွဲခေါ်ပြီး အိမ်ရှေ့ ခန်းထဲ ခေါ်လာတယ်။စိတ်ငြိမ်ပြီး အကြောက်အလန့်ပြေသွားအောင် ရေတစ် ခွက် ခပ်တိုက်လိုက်တယ်။
ခဏကြာတော့ မသူဇာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်၊ “အောက်ဆင်းမလို့ တံခါးဖွင့်လိုက်တော့….။ လှေကားထစ်ပေါ်မှာ လူကြီ တစ်ယောက် ကျောပေးပြီး ထိုင်နေတယ်…..။တံခါးဖွင့်သံကြားလို့နဲ့ တူပါရဲ့၊ ကျွန်မကို မော့ကြည့် တယ်…..။
အရေပြားတွေ ရှုံ့တွနေတဲ့ ရုပ်ပျက်ဆင်းပျက်မျက်နှ ကြီး၊သိပ်ကြောက်တာပဲ…..” လို့ မသူဇာက ပြောတယ်။
“အဲဒီသရဲကြီး ဘယ်ထွက်သွားတာလဲ…” မေးတော့ “လှေကားထစ်မှာပဲ ဖျတ်ခနဲပျောက်သွားတယ်..”
ဆက်ပြောပြတယ်။
အစပထမမှာ အသံဗလံလေးပဲ ကြားရတဲ့သရဲ၊ ခု အ ကောင်အထည်ပါ တွေ့လာရပြီ။ဒါ တဖြည်းဖြည်း အတင့်ရဲလာတာပဲ….။ နောက်၊ ဒီထက်ဒီထက် ပိုဆိုးလာရင် လူတွေပါ ဒုက္ခ ရောက်နိုင်တယ်၊
ကလေးတွေကလည်း ရှိသေးတယ်။ ဒါ့ကြောင့် သရဲကို မြန်မြန်နှင်ထုတ်ဖို့ လင်မယားနှစ် ယောက် တိုင်ပင်လိုက်ကြတယ်။ပယောဂဆရာကြီးက ဆန်မန်း၊ သဲမန်းဘွေယူပြီး ခြံ ပတ်ပတ်လည်ကို ကိုယ်တိုင်လိုက်ပြီး ကြဲပက်တယ်။နောက်ပြီး တစ်ခြံလုံးကို ချည်ပန်းကြိုးနဲ့ သုံးပတ်ပတ် တယ်။
အစီအရင်တွေလုပ်ပြီးတော့ အိမ်ပေါ် ပြန်တာလာ တယ်၊ အိမ်ရှေ့ဧည့်ခန်းထဲမှာ ကိုဇော်ဝ တို့လင်မယားရယ်၊ ဆွေ သားချင်းအချို့နဲ့ အိမ်နီးချင်းတွေရယ်၊စုစုပေါင်း ဆယ်ယောက်၊ ဆယ့် ငါးယောက်လောက် ထိုင်နေကြတယ်။ဆရာကြီးက ကလေးငယ်တွေ တစ်ယောက်မှမရှိစေ နဲ့ဆိုလို့ အိမ်ပေါ်မှာ ကလေးတစ်ယောက်မှမရှိဘူး။
ကိုဇော်ဝင်းဟာ သူတို့ကလေးတွေကို တစ်ခြံကျော်က ဆွေမျိုးအိမ်ကို ပို့ထားတယ်။ဆရာကြီးက အိမ်ပေါ်မှာရောက်နေတဲ့ ပရိသတ်အား လုံးကို လက်အုပ်ချီခိုင်းပြီး ဘုရားကို အာရုံပြုစေတယ်။အဲဒီနောက်မှာ ဆရာကြီးဟာ တစ်စုံတစ်ခုကို နှုတ်က တတွတ်တွတ် ရွတ်ဆိုနေတယ်။
သူရွတ်ဆိုတာက ဂါထာ၊ မန္တာန်ရွတ်တာမျိုး မဟုတ်ဘူး။ တစ်စုံတစ်ယောက်ကို ငေါက်ငမ်းကြိမ်းမောင်းနေတဲ့ အသံမျိုး ဖြစ်တာကြောင့်၊သရဲကို ဝင်ပူးဖို့အမိန့်ပေးနေပြီဆိုတာ အားလုံးလိုလို သဘောပေါက်နေတယ်၊
ဆရာကြီးရဲ့ ဋ္ဌာန်နဲ့မာန်နဲ့ ရွတ်ဆိုသံကလွဲပြီး အခန်းထဲ မှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ တယ်…..။ဆယ့်ငါးမိနစ်လောက် အကြာမှာ ထူးခြားမှုတစ်ခု စပြီး ဖြစ်တယ်။
မသူဇာတစ်ယောက် လက်အုပ်ချီ၊ ပုဆစ်ဒူးတုပ် ထိုင်နေ ရာကနေ ရုတ်တရက် ခွေခနဲလဲကျသွားတယ်။ ဆရာကြီးဟာ ချည်မန်းကြိုးကွင်းတစ်ခုယူပြီး မသူ ဇာ့လည်ပင်းကို စွပ်ပေးလိုက်တယ်။
ပါးစပ်ကလည်း “ချုပ်လိုက်ပြီ”လို့ ပြောတယ်။ “ဘာမှလုပ်မပေးနဲ့ ဒီအတိုင်းကြည့်နေ..” ဆရာကြီးစကားကြောင့် ပြုစုပေးဖို့ ဟန်ပြင်နေတဲ့ မိန်း မတစ်ချို့ ဒီအတိုင်းပြန်ထိုင်ပြီး မသူဇာကိုကြည့်နေကြတယ်။ ချက်ချင်းဆိုသလို တအင်းအင်းညည်းတွားရင်း မသူဇာ သတိပြန်လည်လာတယ်။
မသူဇာဟာ ပုဆစ်ဒူးတုပ်ထိုင်ရာကနေ ယောက်ျားတွေ ထိုင်သလို တင်ပျဉ်ခွေအနေအထားကို ပြောင်းထိုင်လိုက်တယ်..။ ခန္ဓာကိုယ်ကလည်း ရှေ့နောက်လှုပ်ပြီး ယိမ်းနေတယ်။ မသူဇာကို သရဲဝင်ပူးနေပြီဆိုတာ အားလုံး သော ပေါက်သွားကြတယ်။
“ကဲ…. ပြောစမ်း၊ ခင်ဗျား ဘယ်သူလဲ..
ဆရာကြီးအမိန့်ပေးလိုက်တာနဲ့ မသူဇာနှုတ်က စကား သံထွက်လာတယ်….။ဒါပေမဲ့ မသူဇာရဲ့ ပင်ကိုအသံမဟုတ်ဘဲ ယောက်ျားကြီး တစ်ယောက်အသံ ဖြစ်နေတာကြောင့် အားလုံး အံ့အားတ ဖြစ်သွားတယ်။
ရုပ်ကလည်း ရုပ်ဆိုးဆိုး လူအိုကြီးတစ်ယောက်ရုပ်မျိုး ပြောင်းသွားတာကြောင့် မိန်းမတစ်ချို့ လန့်ပြီး နောက်ကိုဆုတ် သွားတယ်။
“ကျုပ်နာမည် ဆိုးပေ…” မသူဇာက အသံသြသြကြီးနဲ့ ပြန်ဖြေတယ်။“ခင်ဗျား၊ ဘယ်လိုအကြောင်းကြောင့် ဒီအိမ်ကို လာတာလဲ။
“ဒါ…. ကျုပ်အိမ်၊ ကျုပ်ပိုင်တဲ့အိမ်၊ ဒါ့ကြောင့် ကျုပ်လာနေတာ..” သရဲပြောတဲ့ စကားကြောင့် ကိုဇော်ဝင်း အံ့ဩသွားတယ်။
“ဒီအိမ်က ကိုဇော်ဝင်း၊ မသူဇာတို့ပိုင်ဆိုင်းာ့ အိမ်ပါ ဘယ်လိုကြောင့် ခင်ဗျားအိမ် ဖြစ်ရတာလဲ…”
“ကျုပ်ကိုယ်တိုင် တောင်ပေါ်တက်ပြီး သစ်ခုတ်ခဲ့တယ် တောင်အောက်ကိုအရောက် ကျုပ်ပုခုံး ထမ်းချပြီးမှ ကျုပ်ကိုယ်တိုင် ဆောက်ခဲ့တဲ့အိမ်….။ ကျုပ်အိမ်မဟုတ်လို့ ဘယ်သူ့အိမ် ဖြစ်ရာလဲ…..” ဒီတော့မှ ဆရာကြီးရော၊ ကိုဇော်ဝင်းရော၊ ပရိသတ်တွေ သဘောပေါက်သွားတယ်။
ကိုဇော်ဝင်း အိမ်ဟောင်းဝယ်ရာက၊ အိမ်ကိုစွဲပြီး ပါလာ တဲ့သရဲဆိုတာ သဘောပေါက်သွားတယ်။
“အော်…. ခင်ဗျားက အိမ်ကိုစွဲပြီး မှီကပ်နေတာကိုး။ ဒီအိမ်က ခင်ဗျားအိမ် မဟုတ်တော့ဘူးလေ…..၊ခင်ဗျားမိန်းမနဲ့ ခင်ဗျားသားသမီးတွေ စိတ်တူညီမှု ရောင်းလိုက်လို့ ကိုဇော်ဝင်းတို့က တန်ရာတန်ကြေးပေးပြီး ဝယ် ထားတာ…………ဒါ့ကြောင့် ကိုဇော်ဝင်းတို့ ပိုင်ဆိုင်တဲ့အိမ် ဖြစ်သွားပြီ။ ခင်ဗျားနဲ့ ဘာမှမဆိုင်တော့ဘူးလေ….”
“ဒါတွေ ကျုပ်မသိဘူး၊ ကျုပ်သိတာက ဒီအိမ်ဟာ ကျုပ်အိမ်ဖြစ်တယ်ဆိုတာပဲ” ဒေါသတကြီးအော်ဟစ်နေတဲ့ သရဲရဲ့စကားကြောင့် ဆရာကြီး ပြုံးလိုက်တယ်။ပြီးတော့ လေအေးအေးလေးနဲ့ ပြောတယ်။
“မသေမီကတည်းက ဒီအိမ်ကိုစွဲပြီး အဝိဇ္ဇာတွေ ထူ ပြောခဲ့ပုံရတယ်….။
ဒါ့ကြောင့် လားရာဂတိမကောင်းဘဲ သရဲတစ္ဆေ ဖြစ်လာတယ်။
ဟော… ခု၊ သရဲတစ္ဆေဘဝမှာလည်း ဘာမဟုတ်တဲ့ ဒီ အိမ်ကိုပဲ စွဲလန်းတပ်မက်နေပြန်ပြီ..။ဒီလို အမိုက်မှောင်တွေဖုံးလွှမ်းနေမှတော့ အရိမေတ္တယျ ဘုရားပွင့်တာတောင် ဒီ ယုတ်နိမ့်တဲ့ဘဝက လွတ်မှာမဟုတ်ဘူး၊ သုံးဆယ့်တစ်ဘုံသား ဆုံလည်နွားတွေဖြစ်တဲ့ သတ္တဝါ မှန်သမျှ ငါ့သား၊ ငါ့မယား၊ ငါ့အိမ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဆိုတာပဲစွဲလန်း နေကြတယ်။ဒါတွေအားလုံး တစ်ခုမကျန်၊ အကုန်လုံး ထားခဲ့ရတာ မဟုတ်လား….၊
ဆင်းရဲနုံချာလွန်းလှတဲ့ ဒီဘဝကလွတ်အောင်ပဲ ကြည့်စမ်းပါ……
ဆရာကြီးရဲ့ တရားစကားကို သရဲဆိုးပေနားလည်ပုံရတယ်။ နားထောင် နေတယ်။ စောစောကလို ခွန်းတုံ့မပြန်တော့ဘူး၊ ငြိမ်နားထောင်နေတယ်
ဆရာကြီးဟာ သရဲဆိုးပေရဲ့အကဲကို တစ်ချက်ကြည့် လိုက်တယ်၊ ပြီးမှ ဆက်ပြောတယ်။
“ခင်ဗျားကတော့ ခင်ဗျားဘာသာ သွားလာနေတာပေ မယ့် တစ်အိမ်တည်းအတူတူနေတဲ့လူတွေကျ ထိတ်ရ၊ လန့်ရ၊ ကြောက်ရွံ့ရ ဖြစ်နေကြတယ်.….။လူသားနဲ့ နာနာဘာဝဆိုတာကလည်း အတူနလို့မရဘူး။
ဒါ့ကြောင့် ခင်ဗျားအနေနဲ့ ဒီဝင်း၊ ဒီခြံထဲကနေပြီး သင့်လော်ရာဘုံဋ္ဌာနကို ပြောင်းရွှေ့နေထိုင်ဖို့ မေတ္တာရပ်ခံပါတယ်…” ဆရာကြီးရဲ့ စကားအဆုံးမှာ သရဲဆိုးပေရဲ့မျက်နှာ ငုံ့ သွားတယ်။
“ကျုပ်ကိုယ်တိုင် ခင်ဗျားအတွက် ဘုံဋ္ဌာနရှာပေးရမ လား- ခင်ဗျားဘာသာ ရှာမလား…” သရဲဆိုးပေ. မျက်နှာမော့လာတယ်၊ သူ့ အပြုအမူကြောင် နေတယ်။
သူ နှစ်ဘဝဆက်တိုင် စွဲလမ်းခဲ့တဲ့အိမ်ကို စွန့်ခွါရမှာ ကြောင့် ဝမ်းနည်းနေပုံရတယ်။ ပြီးတော့ အက်ကွဲကွဲ၊ ယောက်ျားသံကြီးနဲ့…။ “ကျုပ် နားလည်ပါပြီ…။ ကျုပ် ဒီအိမ်ကနေ ဒီညမှာပဲ ထွက်ခွါသွားပါမယ်….” လို့ ပြောတယ်။
သရဲဆိုးပေဆီက စိတ်ချရတဲ့ကတိစကားကို ရယူပြီးမှ ဆရာကြီးဟာ မသူဇာရဲ့လည်ပင်းမှာ စွပ်ထားတဲ့ ချည် မန်းကွင်းကို ဖြုတ်ယူတယ်။သရဲဆိုးပေကို မသူဇာရဲ့ ခန္ဓာကိုယ်ကနေ ထွက်ခွာခွင့်ပြု လိုက်တယ်။
ခါတိုင်းညတွေမှာ ည (၈)နာရီပတ်ဝန်းကျင်လောက် သ ရဲဆိုးပေ အစာရှာထွက်လေ့ရှိတယ်။သူထွက်တာနဲ့ ပိတ်ထားတဲ့သံပန်းတံခါးဖွင့်သံ ကြားရ လေ့ရှိတယ်။
ကိုဇော်ဝင်းနဲ့ မသူဇာတို့လင်မယား တစ်ညလုံးမအိပ် ဘဲ သတိထားနေကြပေမဲ့….၊သန်းခေါင်းကျော်တဲ့တိုင်အောင် ဘာသံမှ မကြားရသေးမနက် အရုဏ်တက်ကာနီး လင်းအားကြီးအချိန်ရောက်
“…. ဂလွမ်း… ” သံပန်းတံခါးဖွင့် သံကို ကြားလိုက်ရတယ်။
သူတို့ အသာထကြည့်တော့ ပွင့်သွားတဲ့သံပန်းတံခါး တွေ သူ့အလိုလိုပြန်ပိတ်သွားတာကို တွေ့ ကြရတယ်။
““သရဲဆိုးပေ… အပြီးထွက်သွားတာမို့ တံခါး ကို တစ် ခါတည်း ပြန်ပိတ်ပေးသွားတာပဲ..”
ကိုဇော်ဝင်း၊ မသူဇာကို တီးတိုးပြောလိုက်တယ်။ ဟုတ်ပါတယ်၊ သူပြောတဲ့ အတိုင်းပါပဲ။ အဲဒီညကစပြီး သရဲဆိုးပေရဲ့အသံကို သူတို့မကြားကြရတော့ဘူး။
မျိုးမတူဇာတ်ခြား၊ လူနဲ့ နာနာဘာ၀ပေမဲ့၊ နှင်ထုတ်လိုက်ရတဲ့အတွက် ကိုဇော်ဝင်းရော၊ ၀သူဇာပါ စိတ်မကောင်းဖြစ်ကြရတယ်၊
ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ ဘာမှမတတ်နိုင်ော့ဘူး စွဲလမ်းတစ္ဆေ ဆိုးပေတစ်ယောက်….၊ဒီလို မကောင်းဆိုးဝါးဘဝကနေ အမြန်ဆုံးလွတ်မြောက် ပါစေဆိုတဲ့ ဆုတောင်းစကားတစ်ခွန်းကို ဆိုရုံကလွဲပြီး၊ သူတို့ ဘာမှ၊ မတတ်နိုင်တော့ဘူး ။
#မောင်မှိုင်းညို့(ချောင်းဦး)အားလေးစားလျက်