” စွဲလမ်းမှုကကြိုး ” (စ/ဆုံး)

” စွဲလမ်းမှုကကြိုး ” (စ/ဆုံး)

==========================

တိတ်ဆိတ်လွန်းတဲ့ည တစ်ည။မှောင်မဲ တိတ်ဆိတ်ပြီး ဘဝရဲ့ ဒဏ်ခတ်မှုတွေကို အံတုဖို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိ။ လမိုက်ညဆိုလျှင် ပိုမှန်လေမလား။ဘယ်သူမှ မရှိတဲ့ ကျောင်းဆောင်ဟောင်းထဲကို ခြူးအိမ့်နဲ့ ရတီ မဝင်ဖြစ်ခဲ့ကြသည်မှာ အတော်ပင် ကြာခဲ့ပြီ ဖြစ်သည်။အရင်က တိုင်ပင်စရာ ရှိတဲ့ အချိန်မျိုး၊ဝမ်းနည်းစရာ ရှိတဲ့ အချိန်တွေဆို ခြူးအိမ့်နဲ့ရတီ ကျောင်းထဲက ပိတ်ပင်ထားသည့် ကျောင်းဆောင် ဟောင်းကြီးဆီ ခိုးဝင်ပြီး ရင်ဖွင့်လေ့ ရှိကြသည်။ယခုဆို အရင်ကတစ်တွဲတွဲ ရှိနေတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ အေးစက်တင်းမာ လာခဲ့သည်ကို နှစ်ဦးသား အသိဆုံး မဟုတ်လား ။
ရတီ သူမလက်တွေကို မနေတတ်စွာ ဆုပ်ကိုင်ထားသည်ကို ခြူးအိမ့် မြင်နေရသည်။ဘာတွေ ပြောလာမလဲဆိုတာ မသိပေမယ့် ရင်တွေခုန်နေမိသည်။အတန်ကြာစောင့်ဆိုင်းနေသည် အထိ ရတီ ဘက်က စကားတစ်ခွန်းထွက်မလာ။ ခြူးအိမ့်ကို ပြောပြဖို့ အရှိန်ယူနေသည် ထင်ပါသည်၊
“ငါ..ငါ့မှာ ကိုယ်ဝန်ရှိနေပြီ ..”
ခြူးအိမ့် .. ရတီ့ မျက်လုံးတွေကို မယုံကြည်နိုင်စွာ သေချာစိုက်ကြည့်လိုက်သည်။ရတီ့ မှာ မောင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီတဲ့ ။ခြူးအိမ့် ခေါင်းတွေ ကိုက်လာသည်။ခြူးအိမ့်.. ရတီ မသိအောင် မောင်နှင့် တွဲနေခဲ့သည်မှာ ၆လပင် ပြည့်တော့မည်။မောင်သာ ရတီ် နှင့် လက်ထပ်သွားလျှင်..
“ဇွဲက .. ဘာတဲ့လဲ ။ နင့်ကို လက်ထပ်မယ်တဲ့လား။ သူ ဘာပြောသေးလဲ..”
ခြူးအိမ့် အထိတ်တလန့်မေးသည့် မေးခွန်းကို ရတီ မဖြေ။ ခြူးအိမ့်ကို ကြည့်ကာ ငိုပဲ ငိုနေသည်။
” နင် ဖြေလေဟာ…”
“သူ.. သူက ဖျက်ချ လိုက်တဲ့..ဟင့်..”
“ရတီ ရယ်..”
ခြူးအိမ့် ရတီကို ဖက်ကာ မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။အချစ်ဆုံး သူငယ်ချင်းရဲ့ ဖြစ်ရပ်ကို စိတ်မကောင်း ဖြစ်သော်လည်း ခြူးအိမ့် တစ်ကိုယ်ကောင်းဆန်ချင်မိသည်။ခြူးအိမ့်.. မောင်နှင့် ပတ်သတ်ပြီး ရတီ့အပေါ် အတ္တတွေများ ကြီးနေမိလေသလား။
“ဒါဆို နင်ဘယ်လို လုပ်မလဲ။ ဒီကလေးကို ဖျက်.. ဖျက်ချတော့မှာလား…”
ခြူးအိမ့်စကားတွေကို ရတီ ရှိုက်ကြီး တငင်ငိုကာ ငြင်းဆန်သည်။ဒါ.. ဒါဆို ရတီ မောင်နဲ့ရတဲ့ ရင်သွေးလေးကို ယူဖို့ ဆုံးဖြတ်လိုက်ပြီလား။ မောင်နဲ့ရတဲ့ ရင်သွေးကို ရတီ မွေးဖွားဖို့ ခြူးအိမ့် လက်မခံနိုင်။မောင်နှင့် ခြူးအိမ့်ကြား ဝင်လာမည့် အတားအဆီးမှန်သမျှ တားဆီးချင်မိသည်။
“ငါ .. ငါ သေချင်တယ် ခြူးအိမ့်..”
“နင် ဘာတွေဖြစ်နေတာလဲ..”
ခြူးအိမ့် မျက်ရည်တို့က မထိန်းနိုင် ငိုချလိုက်မိသည်။ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။
“ကိုကို ငါ့ကို လက်မထပ်နိုင်ဘူး။ ကိုယ်ဝန်ကိုလဲ ဖျက်ချပေးပါတဲ့။ ငါ .. ငါ အသက်မရှင်ချင်ဘူး..”
ခြူးအိမ့် စိတ်တွေ မွန်းကြပ်လာသည်။ အတွေးတွေ ချော်နေသည့် ရတီ့ကို ခြူးအိမ့် ဖြောင်းဖြဖို့ စကားလုံး ရှာမတွေ့။ရတီနဲ့သာ အတူ သေလိုက်ချင်သည်။ခြူးအိမ့် ရတီ့ လက်ကို ဆွဲကာ ကျောင်းဆောင် အပေါ်ဆုံးထပ် ကို တက်ခဲ့သည်။ ပြီးလျှင် .. အမြင့်ဆုံး အစွန် တစ်နေရာကို ခေါ်သွားလိုက်ပြီး..
“လာ..ငါနဲ့ အတူ ခုန်ချမယ်။ အတူတူ သေကြမယ် ဟုတ်ပြီလား၊ ဖြစ်နေတဲ့ အရာတွေ မခံစားနိုင်တော့ဘူး ..”
ရတီ.. ခြူးအိမ့်ကို သေချာ စိုက်ကြည့်သည်။
“ငါ ခုန်မချရဲဘူး ထင်နေတာလား..ခြူးအိမ့်။ ငါ တကယ် ခုန်ချလိုက်မှာ”
ခြူးအ်ိမ့် ငိုချင်လာသည်။ ဘယ်လို လုပ်မှ ခြူးအိမ့်တို့ နှစ်ယောက်အတွက် အဆင်ပြေမှာလဲ..။ရတီ့ အစား ခြူးအိမ့်သာ ဖြစ်လိုက်ချင်တော့သည်။ရတီ ခြူးအိမ့်လက်တွေကို ဆုပ်ကိုင်လိုက်ပြီး..
“နင် ငါနဲ့ အတူ သေမယ်မလား ခြူးအိမ့်။ နင် ငါနဲ့ အတူ သေပေးရမယ်..”
ခြူးအိမ့် တုန်လှုပ်လာသည်။ကွယ်ရာမှာ ခြူးအိမ့်နဲ့မောင် ဖောက်ပြန်နေကြသည်ကို ရတီ မသိချင်ယောင် ဆောင်ခဲ့သည်မှာ ခြူးအိမ့် အသိဆုံး မဟုတ်လား။ ရတီ ခွင့်လွှတ်မည် မဟုတ်။အခုချိန် ရတီနဲ့ အတူ ခုန်ချဖို့ ဆိုတာ မဖြစ်နိုင်။ခြူးအိမ့် .. ရတီ့ကို ချော့မှ ရတော့မည်။
“ဟုတ်ပြီ.. ငါတို့ အတူတူ သေကြမယ်။ဟုတ်ပြီလား ငါပြောတာ နားထောင်..”
ခြူးအိမ့်လက်တွေကို ရတီ့ဆီက ရုန်းထွက်ကာ ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။ရတီ ခေါင်းယမ်းကာ ကျောင်းဆောင်အောက်ကို တစ်ချက်ငုံ့ကြည့်ပြီး ခြူးအိမ့်ကို ခုန်ချဖို့ အေးစက်စက် ပြုံးပြလျှင် ကြောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
“ငါနဲ့အတူ သေပေးပါ ခြူးအိမ့်..”
ဘုရားရေ..ရတီ တကယ် ခုန်မချပါစေနဲ့။ရတီ့ အကြောင်း ခြူးအိမ့် အသိဆုံး ဖြစ်သည်။သူမ ရုတ်တရက် ဆုံးဖြတ်ချက် ချတဲ့အရာ ဘယ်သူမှ တားဆီးမရ။ခြူးအိမ့် ဆုတောင်းတွေ ပြည့်ပါတော့ မလား။ရတီ ခြူးအိမ့်လက်ကို ဆွဲကာ ကျောင်းဆောင်အောက် ခုန်ချလျှင် ကြောက်အား လန့်အားနှင့် လက်တွေကို လွှတ်ချ လိုက်မိသည်။
” အားးး…”
@@@@@@@@
“အခန်း ၂”
“ရတီ သေသွားပြီတဲ့..”
“ကိုယ့်ကိုယ်ကို သတ်သေ သွားတာ..”
အတန်းထဲက စကားသံတွေက ခြူးအိမ့် ကို သတ်နေသလိုပင်။ ခြူးအိမ့် မနေ့ညက ဘာမှ မဖြစ်ခဲ့ဘူး။ ဘာမှ မသိခဲ့ဘူးဆိုပြီး ကိုယ့်ကိုကိုယ်သာ ညာနေမိတော့သည်။တုန်ယင်နေတဲ့ လက်ချောင်းတွေကို နှုတ်ခမ်းမှာတေ့ကာ ကိုက်ရင်း .. ကြောက်ရွံ့ နေမိသည်။
“ရတီက ဘယ်လို ဖြစ်ရတာလဲ..”
အမုန်း .. ခြူးအိမ့်ရှေ့ ရပ်ကာ စူးစူးရဲရဲ ကြည့်သည်။
“ငါ .. ငါမသိဘူး..။ ရ..ရတီ သူ့ကိုယ်သူ သတ်သေသွားတာ..”
အမုန်းနှုတ်ခမ်းကို တစ်ချက်မဲ့ကာ မချိပြုံး ပြုံးသည်။အမုန်းဆိုတာက ရတီ့ကို အရမ်းချစ်သည့် သူငယ်ချင်းတစ်ယောက်။ဆွဲမက်ဖို့ ကောင်းပြီး မည်းနက်နေသည့် ဆံနွယ်ရှည် ၊ တောက်ပလွန်းသည့် မျက်လုံးအစုံနှင့် အမုန်းကို ခြူးအိမ့် မနာလိုခဲ့ဖူးသည်။ မိန်းကလေးချင်း ငေးလောက်အောင် ဆွဲဆောင်မှု ရှိလွန်းသည့် အမုန်းကို ရတီနှင့် ခင်မင်တာ မကြိုက်။ခြူးအိမ့်ထက်.. အမုန်းကို ရတီခင်သွားမှာ သိပ်ကြောက်ခဲ့သည်။ခြူးအိမ့် .. ရတီ သတ်သေသည့် ကိစ္စ အမုန်းကို လိမ်လို့ ရပါ့မလား..။
“ရတီ သေဆုံးတာ နင့်ပယောဂ ကင်းပါစေလို့ .. ငါ ဆုတောင်းတယ် ခြူးအိမ့်..”
အမုန်း .. ခြူးအိမ့် နားက ထွက်သွားကာ .. သူမနေရာကနေ ထိုင်ပြီး ကြည့်နေလျှင် ဆောက်တည်ရာ မရ ဖြစ်လာသည်။
အခန်းရှေ့မှာ .. မောင်..။ ခြူး တို့ နှစ်ယောက်ကို လူတွေ ရိပ်မိလို့ မဖြစ်။ ရိုက်ခတ်လာမည့် အရာတွေက မောင်နဲ့ ခြူးအိမ့် အတွက် ကံကောင်းခြင်းတွေ ဖြစ်မလာနိုင်။ ခြူးအိမ့် ဘယ်သူမှ မသိခင် ဖုန်းဆက်ချင်ယောင်ဆောင်က မောင့် ဆီ ထွက်လာခဲ့လိုက်သည်။
“ခြူး..”
မောင့်ရဲ့ ခေါ်သံကို ကြားလျှင် မျိုသိမ့်မထားနိုင်။မောင့်ရဲ့ ရင်ခွင်ထဲ မျက်နှာအပ်ကာ ခြူးအိမ့် ငိုချလိုက်သည်။
“မောင်.. ရတီ.. ရတီ ဟင့်..”
“စိတ်မကောင်း မဖြစ်ပါနဲ့။ မောင် အကုန် ကြားပြီးပြီ၊ မငိုနဲ့တော့နော်..”တဲ့။
ခြူးအိမ့် မောင့်ကို မော့်ကြည့်လျှင် ဘာမှ မဖြစ်သလို မျက်နှာ ပြုံးနေသည်။မောင်ရော ရတီအတွက် မခံစားရဘူးလားဆိုတဲ့ မေးခွန်းတွေ မေးချင်ပေမယ့် စကားလုံးတွေ ထွက်မလာ။ မောင့်ရင်ထဲ ခြူးအိမ့် တစ်ယောက်သာ ရှိချင်မိသည်။
“ခြူး..”
“ဟင်..”
“ဒီနေ့က စပြီး.. မောင်နဲ့ခြူး .. Official တွဲမယ်..”တဲ့။
ပျော်ရမှာလား ငိုရမှာလား မခွဲခြားတတ်။ ရိုက်ခတ်လာမည် ဒဏ်တွေကို နှစ်ယောက်လုံး ခံနိုင်ရည် ရှိမှာတဲ့လား။
ခြူးအိမ့် မောင့်ကို တင်းကြပ်စွာ ဖက်ထားလိုက်ရင်း .. ခေါင်းကို အသာလေး ငြိမ့်လိုက်လျှင် နောက်ကနေ စောင့်ကြည့်နေသည့် တစ်စုံတစ်ယောက်ကို သတိမထားမိတော့..။
“တောက်…”
@@@@@@@@@@
“အခန်း ၃”
ခြူးအိမ့် ဘယ်သူတွေ ဘယ်လိုပဲ အပြစ်တင် ရှုပ်ချပါစေ မောင်နှင့် official တွဲခဲ့သည်။ ရက်ပိုင်းအတွင်း တွဲသွား တွဲလာ လုပ်သည့် ခြူးအိမ့်တို့ အတွဲကို တစ်ကျောင်းလုံး အပြစ်တင်မဆုံး ။ ခြူးအိမ့် မောင့် အနား နေချင်တာပဲ သိသည်။ကျောင်းသွားလျှင် မောင်လာကြိုသည်။ ကျောင်းပြန်လျှင် မောင်နှင့် လျှောက်လည်ပြီး အိမ်ပြန်ပို့သည်။ အချိန် ဘယ်လောက်ထိ ခြူးအိမ့် ပျော်ရွှင်ရမှာ မို့တဲ့လဲ။ နောက်ပိုင်း မောင် မအားသည်ဆိုသော အကြောင်းပြချက်ဖြင့် ခြူးအိမ့်ဆီ အလာ နည်းသည်။သိုပေမယ့် ခြူးအိမ့် ..မောင့် အပေါ် မေတ္တာ မပျက်ခဲ့။ နားလည်မှုတွေ ပေးနိုင်ခဲ့သည်။ခြူးအိမ့် အကြောက်ရဆုံးအချိန်က အိမ်ပြန်ပြီး ညရောက်သွားမှာကိုပင်။ညရောက်တိုင်း စိတ်ခြောက်ခြားရသည်ဖြစ်၍ အိပ်ဆေးသောက်ပြီးမှ အိပ်ရသည်။ ရတီ ခြူးအိမ့် အနား ရောက်လာတတ်သည် မဟုတ်လား။အိပ်မက်မက် တိုင်းလဲ ခြူးအ်ိမ့်ကို သူနှင့်အတူ ခုန်ချဖို့ လာခေါ်တတ်သည်။ကျောင်းမှာ ဘာဖြစ်နေတယ်၊ ဘယ်သူတွေ ဘာဖြစ်နေတယ်ဆိုတာကစ ခြူးအိမ့် ဘာတစ်ခုမှ မသိတော့။မောင်နဲ့ တွေ့တဲ့ အချိန် မောင့်ရဲ့ အချစ်တွေ ကြားမှာ မိန်းမော သာယာနေမိသည်။ဟူးးး..။
ရတီ သေတဲ့ ကိစ္စအပေါ် အများအမြင်မှာ ခြူးအိမ့် လိပ်ပြာလုံပါတော့ မလား။
@@@@@
“အခန်း ၄”
ဖောင်တိန် တစ်ချောင်းကို စာအုပ်ပေါ် ထောက်ကာ အတွေးလွန်နေသော ခြူးအိမ့်ကို ရှိုင်း ဘယ်ချိန်ကတည်းက စောင့်ကြည့်နေမှန်း မသိ။ရှိုင်းဆိုတာ ခြူးအိမ့်ကို အရင်က တဖက်သတ် ချစ်ခဲ့ဖူးတဲ့သူ။အရပ်မြင့်မြင့် အသားဖြူဖြူ ၊ဆံပင်ရှည် အလယ်ခွဲ နှင့်ယောကျား ပီသသော ရှိုင်းဆိုတာ ကောင်မလေး တော်တော်များများရဲ့ အရူးအမူး ဖြစ်ရသူ တစ်ယောက်ပင်။ခြူးအိမ့် .. ရှိုင်းကို လှည့်စားခဲ့ဖူးသည်။ ထိုကိစ္စတွေကြောင့်လည်း အမုန်း.. ခြူးအိမ့်ကို ကြည့်မရတာ ဖြစ်နိုင်သည်။
“ဇွဲထက်လွန်း နဲ့ အဆင်ပြေလား..”
“အော်.. အင်း.”
ခြူးအိမ့် .. ရှိုင်းရဲ့ မေးခွန်းကို အသက်မပါစွာ ဖြေလိုက်မိသည်။
“နင် သူ့ကို အရမ်းချစ်တာပဲလား..”
“ချစ်တာပေါ့..”
“အေးပါ .. အဲ့တာကြောင့်မို့လဲ..”
ဆိုကာ ရှိုင်းရဲ့ စကားတွေ ရပ်သွားလျှင် ခံစားရခက်လာသည်။ အဲ့တာကြောင့်မို့လဲ ဆိုသည့် စကားရဲ့ နောက်ကွယ်မှာ စကားတွေ အများကြီးရှိတယ်ဆိုတာ ခြူးအိမ့် သိတာပေါ့။
ခြူးအိမ့် စိတ်ပျက်စွာ ခုံနေရာ ပြောင်းရွှေ့ဖို့ ထလိုက်သည်။ သူတို့ရဲ့ ဝေဖန်အပြစ်တင်စကားတွေကို နားထောင်ဖို့ စိတ်ကူးမရှိ..။
“မနေ့ညက ကလပ်မှာ စော်တစ်ပွေနဲ့ တွေ့လိုက်တယ်..”
ခြူးအိမ့် ရင်တွေ ဒုန်းခနဲ ခုန်သွားသည်။ စိုးရိမ် စိတ်တို့က ထိန်းချုပ်လို့ မရ။
“ဘယ်သူနဲ့ တွေ့တာလဲ ရှိုင်း..”
ရှိုင်း.. ခြူးအိမ့်ကို နှုတ်ခမ်းတွန့်ယုံ ပြုံးပြီး ထွက်သွားလျှင် နောက်ကနေ လိုက်ဖို့ ပြင်လိုက်သည်။
“အရှက်မရှိတာ..”
ဟင်..အမုန်းရဲ့ အသံ။ ခြူးအိမ့်ကိုများ ရွဲ့ပြီး ပြောလေ သလား။အခုတလော အမုန်းရဲ့ သတင်း ကျောင်းမှာ ပျံ့နေသည်။အမုန်း .. ရတီဆုံးသွားသည့် နောက်ပိုင်း တစ်ယောက်ထဲ စကားတွေ ပြောနေသည်တဲ့။တစ်ခါတစ်လေ ဘေးမှာ လူရှိသလို စကားပြောရင်း တခစ်ခစ် ရယ်သည့် အမုန်း.. ခြူးအိမ့်ကို မြင်လျှင် ကြောက်စရာကောင်းအောင် ရုပ်တည်သွားတတ်သည်။ အမုန်း ဘာပဲ ဖြစ်နေနေ ခြူးအိမ့်နှင့် မသက်ဆိုင်သည့် ကိစ္စမို့ စိတ်ဝင်စားခြင်း မရှိ။အမုန်းဆိုတာ အရင်ကတည်းက. သရဲ ၊ တစ္ဆေ နာနာဘာဝ တွေ မြင်တတ်တဲ့ အာရုံ ရှိတယ်ဆိုတာ အကုန်လုံး သိပြီးသား ဖြစ်သည်..။
“ရှိုင်း ကိုတော့ အလွတ်ပေးပါ ခြူးအိမ့်။ ရှိုင်းကနင်နဲ့ တန်လို့လား..”
“အမုန်း..”
“ငါ နာမည် နင်ခေါ်စရာ မလိုဘူး ။ မခေါ်နဲ့ ရွံလို့ ..”
ခြူးအိမ့် .. အမုန်းလက်ကို ဆောင့်ဆွဲကာ အခန်းနံရံမှာ တွန်းလိုက်သည်။
“ပြော.. နင် ငါ့ကို ဘာမကျေနပ်တာလဲ။ ငါ နင့်အပေါ် ဘာလုပ်ခဲ့လို့လဲ..”
“ရှက်တတ်လား။ နင် မရှက်ဘူးလား ခြူးအိမ့်။ ရတီ သေတဲ့ ကိစ္စ နင့်ပယောဂ မပါဘူးလို့ နင် ငြင်းရဲလား..”
ခြူးအိမ့် လက်တွေ အေးစက်လာသည်။ ပြောဖို့ နှုတ်ခမ်းတွေ ဆွံ့အ ကာ တုန်ယင်လာသည်။အမုန်း.. ခြူးအိမ့်ကို ခြိမ်းခြောက်နေတာလား..။
“တော်လိုက်တော့ အမုန်း..၊ ခြူးအိမ့် သူ့ဘာသာ နေပါစေ ..”
ရှိုင်း ဆွဲခေါ်သွားသည့်တိုင် အမုန်း .. စကားလုံးတွေနှင့် ခြူးအိမ့်ကို သတ်သွားသည်။
“ရတီနဲ့ ပတ်သတ်တဲ့ အကြောင်းကို နင်ဝန်မခံမချင်း ဖော်ထုတ်မယ်..။သူ.. ငါနဲ့အတူ အမြဲရှိတယ်။ငါအကုန် သိပြီးပြီ..။ဒီနေ့က စပြီး နင့်နောက် လိုက်ခဲ့လိမ့်မယ် ခြူးအိမ့်..”..တဲ့။
@@@@@@@@
“အခန်း ၅”
အမုန်း ပြောသလိုပင် ရတီ ခြူးအိမ့် နောက် လိုက်လာသည်။ခြူးအိမ့် တစ်ညလုံး အိပ်မရ။နားထဲ ရတီ့ရဲ့ သီချင်းဆိုသံတွေကိုသာ ကြားနေရသည်။မောင့်ဆီ ဖုန်းဆက်ပြီး ကြောက်နေမိသည့် အကြောင်း ပြောလျှင်လဲ အရင်လို မနွေးထွေးတော့။ ခြူးအိမ့် အပေါ် အေးစက်လွန်းသည်။ခြူးအိမ့် စောင်ကိုသာ ခေါင်းမြီးခြုံ ပြီး မြန်မြန် မိုးလင်းပါစေသာ ဆုတောင်းနေမိတော့သည်။ရတီ အနားမှာ ရှိနေတဲ့ အချိန်တွေ ကုန်လွန်ပါစေတော့။
ကျောင်းရောက်တော့လဲ မောင်.. ခြူးအိမ့် နှင့် မျက်နှာချင်းမဆိုင်။ရှောင်နေသလို ခံစားရသည်။ညနေ အတန်းဆင်းချိန် ခြူးအိမ့် .. မောင်စာသင်သည့် အခန်း လိုက်သွားသည်။အတန်းထဲ ဘယ်သူမှ မရှိတော့သည့်တိုင် အချိန်အတော်ကြာ အိမ်ပြန်ပို့ဖို့ ပူဆာမှ မတတ်သာသည့် အမူအယာနှင့် ခေါင်းငြိမ့်သည်။ဘာဖြစ်နေတာလဲ..မောင်ရယ်။
ခြူးအိမ့် ပြောနေသည့် စကားတွေကို အရေးမလုပ်။ခြူးအိမ့် အလိုက်မသိစွာ ရတီ.. ခြူးအိမ့်နောက် လိုက်နေသည့်အကြောင်း၊ အနားမှာ ရှိသလိုခံစားရသည့် အကြောင်းတွေပြောလျှင် မောင် အမူအယာတွေ ပျက်လာသည်။ ခြူးအိမ့် အကြောင်း စကားထဲ ထည့်ပြောလျှင်ပင် မကြိုက်တော့။ထိုစဉ်..
“ကိုကို..”
ဟင်..။ ခြူးအိမ့် ကျောရိုးတစ်လျှောက် အေးစိမ့်လာသည်။ ရတီ အသံ မဟုတ်လား။ ခြူးအိမ့်တင်မဟုတ် မောင်လည်း ကြားလိုက်ရပုံ ပေါ်သည်။ မောင် .. ခြူးအိမ့်ကို မျက်လုံး အဝိုင်းသားနှင့် အံ့အားသင့်စွာ ကြည့်နေလျှင် အခန်းထဲ သီချင်းဆိုသံ တစ်ခုကို ပီပြင်စွာ ကြားလိုက်ရသည်။ ရတီရေ နင် အနားမှာ ရှိတာလား..။ထိုအခါ အခန်းထဲက မီးတွေ ပိတ်လိုက် ဖွင့်လိုက်ဖြစ်လာပြီး .. တံခါးပိတ်သံတွေ ကြက်သီး ထဖွယ် ကြားလိုက်ရသည်။မောင် တုံ့ဆိုင်း မနေဘဲ အပေါ်ထပ် အကျီကို ချက်ချင်း ကောက်ဝတ်ကာ ခြူးအိမ့်လက်ကို ဆွဲခေါ်ပြီး အတန်းထဲက ထွက်ခဲ့တော့သည်။တစ်လမ်းလုံး စကားလဲ မပြောဖြစ်။မောင် ခြူးအိမ့် အိမ်ရှေ့ရောက်လျှင်.. ဘာစကားတစ်ခွန်းမှ မပြောပဲ လှည့်ထွက်ဖို့ ပြင်သည်။
“မောင်..”
ခြူးအိမ့် မောင့်လက်ကို နောက်မှ ဆွဲထားသော်လည်း တစ်ချက်ပင် လှည့်မကြည့်။ခြူးအိမ့်..မောင့်ခါးကို နောက်ကနေ ဖက်တွယ်ထားလိုက်သည်။
“ခြူးအိမ့်.. ကြောက်တယ်..”
“အဓိပ္ပာယ် မရှိတာတွေ ဆက်ပြောနေမယ် ဆိုရင် ..ကိုယ်တို့နှစ်ယောက် လမ်းခွဲဖို့ ဖြစ်လာလိမ့်မယ် ခြူးအိမ့်”
ခြူးအိမ့် ဘာစကား တစ်ခွန်းမှ မဆိုဖြစ်တော့။ထွက်ခွာသွားသည့် မောင့်ရဲ့ ကျောပြင်ကိုသာ ကြည့်ပြီး အိမ်ထဲ ဝင်ခဲ့လိုက်သည်။မောင် ခြူးအိမ့်ကို အရင်လို မချစ်တော့ဘူးလား။ခြူးအိမ့် လေးလံစွာ ခြံထဲ ဝင်လိုက်လျှင်ပဲ..
“ခြူးအိမ့်..”
ဘုရားရေ။ ရတီ့ အသံပါလား.။ခြူးအိမ့် ခြံတံခါး အမြန်ပိတ်ပြီး အိမ်ထဲဝင်သည့် တံခါးပေါက်မှ လှည့်ကြည့်လျှင် အိမ်ရှေ့မှာ ရပ်နေသည့် ရတီ့ကို တွေ့လိုက်ရသည်။
ထွက်သွားပါတော့ ရတီရေ။စိတ်ထဲ ငါနင်နဲ့ အတူ မသေနိုင်သေးဘူးသာ ပြောနေမိတော့သည်။သေချာတာ တစ်ခုကတော့ ရတီ.. ခြူးအိမ့် အနားကနေ ထွက်ခွာသွားမှာ မဟုတ်ဘူး။
@@@@
“အခန်း ၆”
နောက်ရက် ကျောင်းတက်ရက်တွေမှာ မောင့်ကို မတွေ့ရတော့။ မောင် ကျောင်းမလာ။ သူငယ်ချင်း တစ်ချို့က ပလာဇာ တစ်ခုမှာ မောင့်ကို ကောင်မလေးတစ်ယောက်နှင့် တွေ့ရသည့်အကြောင်း ပြောသည့်အခါ မခံစားနိုင်။ ကိုယ်တိုင်တပ်အပ်မြင်မှ ယုံကြည်ချင်မိသည်။ဖုန်းဆက်သွယ်၍လည်း မရ။မောင် ဆင်းကတ် ချိန်းပြန်သည်နှင့် တူသည်။ကြာတော့ စိတ်ပင်ပန်း လူပင်ပန်းပြီး အနားယူဖို့ လိုအပ်လာသည်။ယခုဆို ခြူးအိမ့် ကျောင်းမသွားတာ ၃ရက်ပင် ရှိနေပြီ ။မောင်နှင့်လဲ မဆက်သွယ်ဖြစ်တော့။ဒီနေ့တော့ သွားရမည် ။ မနေ့က မောင် အတန်းတက်သည်ဟု ရှိုင်း ဖုန်းဆက်ခဲ့သည် မဟုတ်လား။ခြူးအိမ့် အခုရပ်ပိုင်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ကာ မူးပြီး အန်ချင်သလို ခံစားနေရသည်။စိတ်ညစ်စရာ အတွေးတွေ ဖယ်ပြီး ခြူးအိမ့် အိပ်ယာမှ ထ မျက်နှာသစ်ကာ breakfast စားဖို့ အောက်ထပ်ဆင်းလာခဲ့သည်။ဒီအချိန်ဆို ဒယ်ဒီ အလုပ်သွားပြီ ဖြစ်၍ မာမီလဲ ထမင်းချက်နေလောက်ပြီ။ ခြူးအိမ့် ကော်ဖီ တစ်ခွက်ဖျော်ကာ မာမီဝယ်ပေးထားသည့် မုန့်ကို ယူပြီး TVရှေ့ ထိုင်လိုက်သည်။
TVဖွင့်ကာ သတင်းလိုင်းဘက် ကူးမိသည် ဆိုလျှင်ပဲ ရတီ့ အကြောင်းက ပါလာသည်။
“×××တက္ကသိုလ်မှ ၁၈နှစ်အရွယ် ဒုတိယနှစ် ကျောင်းသူ တစ်ဦး ပိတ်ပင်ထားသည့် ကျောင်းဆောင် အပေါ်ဆုံးထပ်မှ ခုန်ချ သေဆုံး..××”
ခြူးအိမ့် ချက်ချင်း လိုင်းပြောင်းသော်လည်း မရ။ ရတီ့အကြောင်း လွှင့်နေသည့် သတင်းဘက် ဆီသာ ပြန်လည် ရောက်ရှိသွားသည်။Power off နှိပ်သော်လည်း မရ။ နောက်ဆုံး TVက ခလုတ်ကို ပိတ်ဖို့ ထလျှင်.. သတင်းကြေငြာသည့် အမျိုးသမီးမှာ ခြူးအိမ့်ကို ခပ်ညစ်ညစ်လေး ပြုံးပြနေသည်ကို ကြည့်ပြီး ကြက်သီးတွေ ထသွားသည်။
“သေဆုံးသူ အလောင်းကို စစ်ဆေးရာတွင်.. ကိုယ်ဝန် နှစ်လခန့် ရှိနေသည်ကို …×××”
ဟင်..။ ထိုနေရာမှာပဲ ခွေထစ်သလို ခဏ ခဏ ပြန်ရောက်နေလျှင် ခြူးအိမ့် နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ အကျယ်ကြီး အော်ပစ်လိုက်သည်။
“အားးး…”
@@@@@@
“သမီး တစ်ယောက်ထဲ အော်ပြီး ဘာတွေ ဖြစ်နေတာလဲ။ TVက လိုင်းပြတ်တဲ့ဘက် ပြောင်းထားတယ်..။ကျောင်းသွားဖို့ မပြင်သေးဘူးလား..”
ဆိုကာ ခြူးအိမ့်ဆီက Remove control ကိုယူပြီး သတင်းလိုင်းဘက် ပြောင်းသည်။ခြူးအိမ့် မကြားချင်သည့် ရတီ့ သတင်း။ လအနည်းငယ် ကြာသည့်အထိ သတင်းတွေမှာ ပါလို့ မပြီး။ ခြူးအိမ့် ထိုနေရာမှ ထထွက်လာခဲ့လျှင် တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။
“သေဆုံးသူ အလောင်းကို စစ်ဆေးရာတွင်.. ကိုယ်ဝန် နှစ်လခန့် ရှိနေသည်ကို …×××” တဲ့။
ဘုရားရေ..။ ခြူးအိမ့် ဓမ္မတာ မလာသည်မှာ ၂လလောက် ရှိနေခဲ့ပြီ မဟုတ်လား…။ ခြူးအိမ့် တွေဝေ မနေပဲ အဝတ်အစားလဲကာ ကျောင်းကို သွားဖို့ ပြင်လိုက်သည်။
@@@@@
“အခန်း ၇”
ခြူးအိမ့် ကျောင်းရောက်ပြီ ဆိုသည်နှင့် မဝယ်ရဲ ဝယ်ရဲ နှင့် ဝယ်ခဲ့သည့် ဆီးစစ်တံကို ကြည့်ပြီး Tioletထဲက မထွက်။မျဉ်းကြောင်း နှစ်ကြောင်း ပေါ်နေသည့် ဆီးစစ်တံကို ကြည့်ရင်း လက်တွေ တုန်ယင်လာသည်။စီးကျ လာသည့် မျက်ရည်တ်ို့က ထိန်းမရ။ခြူးအိမ့် ..ရတီလိုများ ဖြစ်လာတော့မှာလား။ မောင့်ကို ပြောပြရင်ရော မောင်က လက်ခံမှာတဲ့လား။ခြူးအိမ့် တွေ ဝေ မနေဘဲ ဖုန်း နံပါတ် တစ်ခုကို ကောက်နှိပ်လိုက်သည်။
“တူ..တူ..တူ ”
တတူတူ ဝင်နေပေမယ့် ဖုန်းမကိုင်။ မောင် မအား၍ များလား။ခြူးအိမ့် Tioletထဲမှ ထွက်ကာ မောင် စာသင်သည့် အခန်းဘက်သို့ ထွက်လာခဲ့သည်။
မောင် ခြူးအိမ့်ကို မြင်တာနှင့် တခြားသူနှင့် မမြင်အောင် ကွယ်ပစ်လိုက်သည်။အမျိုးအမည်မသိ .. ခံစားရခက်တဲ့ ခံစားချက်ကြီးက ဝင်လာသည်။မောင် ဘာတွေဖြစ်နေတာလဲ။ခြူးအိမ့် မောင် စာသင်သည့် အခန်းထဲသို့ ဝင်ဖို့ ကြိုးစားလိုက်သည်။
“ဘယ်သူ့လာရှာလာလဲ ..ညီမ”..တဲ့။
အမိန့်ဆန်ဆန် ခပ်ပြတ်ပြတ် အသံမျိုး၊ သေချာ ကြည့်မိလျှင် ဆွဲဆောင်မှုရှိသည့် မျက်နှာနှင့် ကိုယ်နေဟန်ထား ရှိသည့် ကောင်လေး တစ်ယောက်။
“ညီမ ကိုဇွဲကို လာရှာတာပါ…”
“ဇွဲထက်လွန်းကို ပြောတာလား..”
“ဟုတ်..”
ထိုလူ နှုတ်ခမ်းကို တစ်ချက်မဲ့ကာ ခနဲ့သလို ရယ်သည်။ပြီးလျှင် အနောက်ဖက်ကို တစ်လှည့်ကာ ကောင်မလေး တစ်ယောက်နှင့် ရယ်မောကာ စကားတွေ ပြောနေသည့် မောင့်ကို မေးဆတ်ပြသည်။
“အဲ့မယ်..”တဲ့။
ရင်ထဲ ဗလောင်ဆူသွားသည်။ ခြူးအိမ့် စိတ်တိုနေလို့ မဖြစ်။မောင့်ကို အရေးကြီးတဲ့ စကား ပြောပြဖို့ ရှိနေသေးသည် မဟုတ်လား။
“ညီမကို ခဏလောက် ခေါ်ပေးပါလား အစ်ကို။ ညီမ ပြောစရာ ရှိလို့ပါ..”
ထိုလူ အခန်းထဲ ဝင်ပြီး မောင့်ကို တီးတိုးပြောသည်။ခဏနေတော့ မောင် မျက်နှာပျက်ကာ ကျွတ်တစ်ချက်သတ်ပြီး ခြူးအိမ့်ဆီ ထွက်လာသည်။
“ခြူးအိမ့် ပြောစရာ ရှိတယ်..”
မောင် ဘာတစ်ခွန်းမှ မပြောဘဲ ခြူးအိမ့်လက်ကို ဆောင့်ဆွဲပြီး တစ်နေရာ ခေါ်သွားသည်။
“ပြော.. ဘာပြောစရာရှိလို့လဲ.. ပြော။ နောက် ငါနဲ့ ဆက်သွယ်ဖို့ မကြိုးစားနဲ့..”တဲ့၊
ခြူးအိမ့် တစ်ကိုယ်လုံး အေးစက် တုန်လှုပ်သွားသည်။ မောင် ဘာတွေ ပြောနေတာလဲ။ပြောမယ့် စကားတွေပင် ဆွံ့ အ သွားကာ ..ကမ္ဘာကြီး တစ်ခုလုံး ဖျက်ဆီးလိုက်သလို ခံစားရသည်။မောင်.. ခြူးကို မျက်မှောင် တစ်ချက်ကြုတ်ကာ..စိတ်မရှည်သလို..
“ပြောလေ..”
ဆိုလျှင် မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာသည်။ ခြူးအိမ့် ဘာမှ မပြောဘဲ မောင့်ကို နှစ်ကြောင်းပေါ်နေသည့် ဆီးစစ်တံကို ထုတ်ပြလျှင် မောင် နှုတ်ခမ်းကို တစ်ချက်မဲ့သည်။
“မင်းနဲ့.. မင်းသူငယ်ချင်း ရတီက သိပ်ရယ်ရတာပဲ..”တဲ့။
“ဘယ်လို..”
“ဖျက်ချလိုက်လေ..”
“ဘာ..”
မောင့်ကို အံ့အားသင့်စွာ ကြည့်လျှင် သူနဲ့ မဆိုင်သလို အေးစက်စက် နိုင်လွန်းသည်။ထင်မှတ် မထားလောက်အောင် ကြောက်စရာ ကောင်းလွန်းတဲ့ မောင့်ကို ရွံရှာ စက်စုပ်လာသည်။
“မောင် ဘယ်လို ပြောလိုက်တယ်..”
“ရှူး..တိုး..တိုး။သူများတွေ ကြားကုန်လိမ့်မယ်။အဲ့ တာ ငါက ဘာလုပ်ပေးရမှာလဲ…”
ပြောရင်း ဟက်ခနဲ ရယ်လိုက်သည့် မောင့်ကို ခြူးအိမ့်သတ်ပစ်ချင်လာသည်။ဒေါသစိတ်တို့ကြောင့် မျက်ရည်တွေက ထိန်းချုပ်လို့ မရ။စောစောက မောင်နှင့်အတူ ရယ်မောနေတဲ့ ကောင်မလေး ခြူးအိမ့်ကို သရော်သလို ကြည့်ကာ မောင့်လက်ကို လာတွဲလျှင် ခံစားချက်တွေ မျိုသိမ့်မထားနိုင်တော့။
“လူ ယုတ်မာ နင့်ကြောင့် ငါတို့ သူငယ်ချင်း နှစ်ယောက် ဘဝတွေ ပျက်ခဲ့ရတယ်။နင်အခု ဘယ်လို ဖြေရှင်းပေးမှာလဲ ပြော..”
ခြုးအိမ့်.. မောင့်ရင်ဘတ်ကို တွန်းကာ အကျီတွေကို ကုတ်ဆွဲပစ်လိုက်သည်။မောင် အားနဲ့ လက်ကို ဆွဲဖယ်ကာ တစ်ချက် တွန်းလိုက်လျှင် ခြူးအိမ့် ထိုနေရာမှာပင် လဲကျသွားသည်။ရက်စက်လိုက်ကြတာ..။လူတွေ ဝိုင်းအုံကြည့်နေသည့် ကြားက .. အကြင်နာတရား မရှိ မျက်နှာပြောင် တိုက်ပြီး ထွက်သွားသည့် မောင့်ကို ခြူးအိမ့် မျက်ရည်တွေကြားထဲက နာကျည်းစွာ တောက်ခ် ခေါက်ပစ်လိုက်သည်။
@@@@@@@@
“အခန်း ၈”
“ဇွဲထက်လွန်းက အဲ့လိုပဲလေ .. ဘယ်မိန်းမကိုမှ အတည် တွဲမှာ မဟုတ်ဘူး..”
“ခံစားနေရင် ရူးတောင် သွားဦးမယ်..”
အတိုင်းသား ကြားနေရသည့် စကားလုံးတွေက ရင်ထဲ ထိရှလွန်းသည်။အတန်းထဲ ရှိနေပေမယ့် စိတ်တို့ ကစဉ့်ကလျား ဖြစ်နေမိသည်။ အခန်းထဲက သူငယ်ချင်း တစ်ချို့ရဲ့ အကြည့်တွေ ခြူးအိမ့် မခံစားနိုင်။ မနက်ကတည်းက မောင်နဲ့ ခြူးအိမ့် ပြသနာ အကြီးအကျယ် တက်တာ တစ်ကျောင်းလုံး အသိမဟုတ်လား။တစ်ချို့ကိစ္စတွေ ခြူးအိမ့် မပြောပါဘဲ နှင့် အကုန် သိနေကြပြီ။ ဒယ်ဒီနှင့်မာမီပါ ခြူးအိမ့် အကြောင်းတွေ သိကုန်လျှင်.. ခံစားနိုင်မည် မဟုတ်။ အကောင်းဆုံးက ခြူးအိမ့် အချိန်မှီ မောင်နှင့် ညှိနှိုင်းမှ ဖြစ်မည်။ခြူးအိမ့် အိတ်ကို လွယ်ကာ အခန်းထဲကနေ ထွက်သွားဖို့ ပြင်လိုက်သည်။
“ဘယ်သွားမလို့လဲ .. ခြူးအိမ့်..”
ရှိုင်းရဲ့ မေးခွန်းကို ခြူးအိမ့် ဂရုမစိုက်စွာ ရှောင်ပြီး အခန်းပေါက်သို့ လှည့်ထွက်ဖို့ ပြင်လိုက်သည်။
“ရတီ့ရဲ့ နေရာကို ခံစားတတ်ပြီ မဟုတ်လား ခြူးအိမ့်..”
ခြူးအိမ့် သွားမည့် ရှေ့မှာ ပိတ်နေသည့် အမုန်း ..။ နာမည်နှင့်လိုက်အောင် ခြူးအိမ့် သူမကို မုန်းသည်။
“အမုန်း..”
“ရှိုင်း.. နင် ဝင်မပါနဲ့။ ”
ခြူးအိမ့် ရှိုင်းကို မာန်ပြီး အမုန်းမျက်လုံးတွေကို သေချာစိုက်ကြည့် လိုက်သည်။အမုန်းရဲ့ အပြုံးတွေက ခြူးအိမ့်ကို လှောင်ပြောင်နေသရောင်။ မထိမတိ အပြောတွေက တစ်ဖက်သားကို သေစေနိုင်သည်။
“ငါ ပြန်မလို့ ။ နင်ရှေ့က ဖယ် အမုန်း..”
“ပြန်မယ်။ ဒီအတိုင်း ပြန်လို့ရလား။ နင့်အကြောင်း တစ်ကျောင်းလုံး.. အကုန် သိကုန်ပြီ။နင် မရှက်ဘူးလား ဟမ်..”
ခြူးအိမ့် တစ်ကိုယ်လုံး တုန်ယင်ပြီး စိတ်တွေ မထိန်း ချုပ်နိုင်။ အမုန်း မျက်နှာကို အားသုံးကာ ရိုက်ချပစ်လိုက်မိသည်။
“ဖြန်း..”
“ခြူးအိမ့်..”
ရှိုင်းရဲ့ တားမြစ်သည့် အသံကို ခြူးအိမ့် ဂရုမစိုက်။ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း ရှေ့မှာရပ်နေသည့် အမုန်းကို ဖယ်ဖို့ ကြိုးစားလျှင်..
“နင်က အပြစ်ကို ဝန်မခံဘူး ဆိုတော့ ငါက အမှန်တရားကို ပြောရမယ်။ပြော ..နင် .. ရတီ့ကို ဘာလုပ်ခဲ့လဲ..” တဲ့။
ဘုရားရေ..။ ကြောက်ရွံ့မှုတွေနဲ့ အတူ တုန်လှုပ်ခြောက်ခြားလာသည်။ ခြူးအိမ့် ဘယ်လို ဖြေရမလဲ။မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိတဲ့။အမုန်း .. ခြူးအိမ့်ကို အရှက်ခွဲနေတာလား..။ ခြူးအိမ့် ကြောက်နေခဲ့တဲ့ အမှန်တရားတွေ ထွက်ပေါ်လာတော့ မှာတဲ့လား။
အမုန်း .. ခြူးအိမ့် ရင်ဘတ်ကို လက်နှင့် တွန်းကာ တစ်လှမ်း ရှေ့တိုးသည်။
“ဆက်တိုက်အားဖြင့် နှုတ်နဲ့ စော်ကားတယ်..”
ပြီးလျှင် နောက်တစ်ချက်တွန်းကာ..
“သူငယ်ချင်းရဲ့ ရည်းစားကို ဖြတ်ခုတ်တယ်..”
ဟင်..။အမုန်းရဲ့ အပြုအမူတွေက ပြတ်သားလွန်းသည်။ပြောလိုက်သည့် စကားလုံးတွေက နားထဲ သံရည်ပူ လောင်းချ သလိုပင်။ ခုခံပြောဖို့ စကားလုံးရှာ မတွေ့။ အမှန်တရားတွေက ခါးသီးလွန်းသည်။အမုန်း ရင်ဘတ်ကို တစ်ချက်ဆောင့်တွန်းပြီး တစ်ခွန်းပြောတိုင်း ရင်ထဲ နာကျင်ရသည်။လူအများအမြင် ..ခြူးအိမ့်က လူယုတ်မာကြီး ဖြစ်ခဲ့တာပေါ့ ။ခြူးအိမ့်ဘက်ကနေ ရပ်တည်ပေးမယ့်သူ တစ်ယောက်မှ မရှိ။အမှောင်ထုကြီး ဖုံးကွယ်လာသလို ခံစားရသည်။တကယ်ဆို ရတီဆိုတာ.. ခြူးအိမ့်သေခိုင်းလို့ သတ်သေသွားတာမှ မဟုတ်တာ။ဘာလို့ ခြူးအိမ့်ကိုပဲ အပြစ်တင်နေကြတာလဲ။တစ်ခန်းလုံး တိတ်ဆိတ်ပြီး.. အဖြစ်အပျက်အပေါ် အာရုံစိုက်နေလျှင်..အမုန်း.. ခြူးအိမ့်ကို တတိယအကြိမ်မြောက် ဆောင့်တွန်း ကာ..
“ကိုယ့်ရှေ့ လူတစ်ယောက်သေတာကို ကိုယ်နဲ့မဆိုင်သလို မျက်နှာပြောင်တိုက်ပြီး နေနိုင်လွန်းတယ်။ နင် လူမှ ဟုတ်ရဲ့လား..”တဲ့..။
ခြူးအိမ့် ..တီချယ် စာသင်သည့် ခုံပေါ် နောက်ဆုတ်ရင်း အလိုက်မသင့် ခံရခက်စွာ လဲကျသွားသည်။လက်ကိုမြှောက်ကာ ခြူးအိမ့်ကို ရိုက်ဖို့ အုပ်မိုးလာသည့် အမုန်းကို မြင်လျှင် မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်..။
စိတ်ထဲကနေ.. ငါ့ကို ကယ်ပါ..ရတီရေ…။
အမုန်း.. ခြူးအိမ့်ကို မျက်ရည်တွေ ကြားက နာကျည်းစွာ စိုက်ကြည့်သည်။အချိန်ကြာသည် အထိ ခြူးအိမ့် မျက်နှာအပေါ် အမုန်းလက်တွေ ရောက်မလာ။ ခြူးအိမ့် .. မျက်ရည်တွေကြားက နှုတ်ခမ်းကိုမဲ့ကာ အံကြိတ်ထားရင်း..အမုန်း မျက်လုံးတွေကို ကြည့်နေမိသည်။ ဒါတွေက နင် ဖြစ်စေချင်တဲ့ အရာတွေလား.. ရတီရယ်…။ခြူးအိမ့် အသက် မရှင်ချင်တော့…
“အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ အပြစ်ပေးတာ ငါ့အတွက် အောက်တန်းကျတယ်။ ရတီ ငို နေတယ်။ အခုလို မလုပ်ပါနဲ့တဲ့။သူ.. နင့်ကို အခုချိန်ထိ သူငယ်ချင်းတစ်ယောက်လို ချစ်နေတုန်း …” တဲ့..။
အမုန်း .. ခြူးအိမ့် ရှေ့ကနေ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပြီး ..ထွက်သွားကာ သူမ နေရာကို ပြန်ထိုင်သည်။ရင်ထဲ အထီးကျန်မှု ဝမ်းနည်းမှု တို့က ဆို့နစ်လာသည်။ အကျယ်ကြီး အော်ငိုပစ်ချင်ပေမယ့် အသံက ရင်ဘတ်ထဲ တစ်ဆို့ပြီး ထွက်မလာ။ကျောင်းကြီး တစ်ခုလုံးက ခြူးအိမ့် အတွက် ကြောက်စရာနေရာ တစ်ခု ဖြစ်လာသည်။ငါ .. မနေချင်တော့ဘူး ရတီရယ်…။အတန်းထဲက ..
“ဟင်…”
“ဟာ..”
အသံနဲ့ အတူ အထင်သေးတဲ့ အကြည့်တွေနဲ့ အပြစ်တင်သည့် စကားလုံးတွေ ကြားလျှင် ခြူးအိမ့် ဟင့်ခနဲ ရှိုက်ငိုကာ ထိုနေရာကနေ ပြေးထွက်ခဲ့မိလိုက်သည်။
@@@@@@
“အခန်း ၉”
ကျောင်းက ပြန်လာကတည်းက သေမိန့်ချခံထားရသည့် လူတစ်ယောက်လို ပင်ပန်းချိနဲ့လာသည်။ခြူးအိမ့် ဘဝက သေပြီလေ။ခြူးအိမ့် ဘာဆက်လုပ်ရမလဲ။ရေပန်းအောက်မှာ တစ်ကိုယ်လုံး ရွှဲစိုအောင် တစ်နာရီအကြာထိ ထိုင် ငိုနေမိသည်။ခြူးအိမ့် ..ရတီလို..ဘဝကို အရှုံးပေးရတော့မှာလား။ ဟင့်အင်း..။ ခြူးအိမ့် ရတီလိုတော့ အလွယ်တကူ အရှုံးပေးမည်တော့ မဟုတ်ပါ..။ပါးပြင် ပေါ်စီးကျလာတဲ့ မျက်ရည်စတွေကို ဖယ်ပစ်လိုက်ပြီး ဘေစင်ပေါ်က မှန်ကို ကြည့်လိုက်သည်။အနည်းဆုံးတော့.. ခြူးအိမ့်ဘက်မှာ ရတီတော့ ရှိနေရမည် မဟုတ်လား။သူနဲ့ ဘဝချင်းတူနေသည့် ခြူးအိမ်ရဲ့ အမှန်တရားကို ရတီ သိနေရမည် မဟုတ်လား။
“ရတီ .. နင် အနားမှာ ရှိတယ်မလား..”
ဘာတုန့်ပြန်မှုမှ မကြား။
“ငါ နင့်လိုတော့ လွယ်လွယ်တော့ အရှုံးပေးမှာ မဟုတ်ဘူး။ နင် ထွက်ခဲ့လေဟာ..။ဘာလဲ အခု နင် ငါ့ကို ကြောက်နေပြီမလား..။ခြူးအိမ့်ဆိုတဲ့ ငါက နင့်ကို မကြောက်တော့ဘူးဆိုတာ သိလို့ နင် ထွက်မလာတာလား..”
ခြူးအိမ့် စကားဆုံးလျှင် အခန်းထဲက မီး တစ်ချက်ပိတ်ပြီး ပြန်ဖွင့်လာသည်၊၊
“ဟင့်..”
ခြူးအိမ့် တစ်ချက် ရှိုက်ငိုလိုက်သည်။ ရတီ ခြူးအိမ့် အဖြစ်ကို ကြည့်ပြီး လှောင်နေမှာတဲ့လား..၊ခြူးအိမ့် ရေချိုးခန်းထဲကနေ လှည့်ထွက်ဖို့ ပြင်လိုက်လျှင်ပဲ ရတီရဲ့ ဖြူစုတ်ပြီး သွေးမရှိတဲ့ မျက်နှာကြီးကို နီးကပ်စွာ မြင်ရသည်။
“အားးး..”
ခြူးအိမ့် မျက်လုံးတွေကို မှိတ်ကာ အော်ဟစ်နေလျှင် ရတီရဲ့ အေးစက်နေသည့် လက်တွေက လည်ပင်းကို ရောက်လာသည်။
“နင်ပြောလေ။ အပြစ်တွေ ငါ့ဆီ ပုံချလေ။နင်ပျော်ရမယ်ပေါ့ ဟုတ်လား..”
“ရ…တီ..”
ရတီရဲ့ အက်ကွဲကွဲ စကားတွေကို ခြူးးအိမ့် ကြားတစ်ချက် မကြားတစ်ချက်။မျက်ဖြူတွေ လန်လာသည်။ခံစားချက် တစ်ချို့ ရတီ့ကို ပြောပြချင်နေသည်။
“က.. ကလေး။ငါ့ .. ငါ့ဆီမှာ ရင်.. ရင်သွေးလေး ရှိနေတယ်.. ရတီ..ဟင့်..”
ခြူးအိမ့် စိတ်ထဲကနေ ပြောနေခြင်းပင်။ ရတီ ခြူးအိမ့် ရင်ထဲက စကားတွေကို ကြား၍ပဲလား မသိ ခြူးအိမ့်ရှေ့ ကနေ ပျောက်ကွယ်သွားသည်။လည်ပင်းညှစ်ခံ ထားရသည့် ဒဏ်ကြောင့် အသက်ရှူမဝ ဖြစ်ကာ ထိုင်ချကာ အားရပါးရ အော်ငိုပစ်လိုက်သည်။ကျေးဇူးပါ ရတီ။ ငါအလှည့်တုန်းက ကိုယ်ချင်းစာ တရား မရှိခဲ့မိဘူး။
“ငါ ကလဲစား ချေခဲ့မယ် ရတီ..”
သက်ပြင်း ရှိုက်သံ သဲ့သဲ့နှင့်အတူ ဘေးနားတစ်စုံတစ်ယောက် အတူတူ ထိုင်နေသလို ခံစားလိုက်ရသည်။ရတီ တကယ်ပဲ ခွင့်ပြုပေးသည်တဲ့လား။မောင့်ကိုရော ခြူးအိမ့် တကယ်ပဲ ခွင့်လွှတ်ရမည်တဲ့လား။ဟင့်အင်း ခြူးအိမ့် သူနဲ့မဆိုင်သလို နေနေသည့် မောင့်ရဲ့ လုပ်ရပ်တွေကို ခွင့်မလွှတ်နိုင်ပါ။ခြူးအိမ် ဆုံးဖြတ်ချက်ချကာ ထိုနေရာမှ ချက်ချင်းထလိုက်သည်။ အမှား အမှန်တွေ ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိတော့။ ခြေလှမ်းတွေက မောင့်ရှိမယ့် ဆီသာ ဦးတည်နေမိတော့သည်။
@@@@@@
“အခန်း ၁၀”
ခြူးအိမ့် .. မောင့် လက်ကို ဆွဲပြီး ကျောင်းဆောင်ဟောင်း အပေါ်ထပ် ရအောင် ခေါ်လာခဲ့သည်။ခြူးအ်ိမ့်သာ ခြိမ်းခြောက်ပြီး မခေါ်လျှင် မောင် လာတွေ့မည် မဟုတ်။ ခြူးအိမ့် မောင့်ကို သေစေချင်သည်။ အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့။ရတီ ဘယ်လို သေခဲ့ရသည်ဆိုတာ မောင် သိမှ ဖြစ်မည်။ ခြူးအိမ့်ကို ရတီလို လုပ်လို့ ရမည်တဲ့လား။
ခြူးအိမ့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရင်နာစွာ စကားလုံးတွေ တန်းစီ ပြောပစ်ချင်မိသည်။
“မောင် .. သိလား။ ခြူးအိမ့်ရှေ့မှာတင် ရတီ ဒီနေရာကနေ ခုန်ချပြီး သတ်သေသွားတာ..”
မောင်.. ခြူးအိမ့်ကို စိတ်ပျက်စွာ တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။
“မောင် .. ခြူးအိမ့်ကို ထားပြီး ထွက်သွားတာနဲ့ နောင်တ ရမယ်နော်..”
မောင် တစ်ချက်လှည့် မကြည့် ။ ခေတ္တမျှ ရပ်ကာ နားထောင်ပြီး ရှေ့ကို တိုးလျှင်.. ခြူးအိမ့် အသင့်ယူလာသည့် ချွန်ထက်တဲ့ အရာနှင့် ပြေးထိုးလိုက်သည်။ မောင့်.. ရှောင်ပြီး ခြူးအိမ့်လက်တွေကို ချုပ်ထားသည်။
“မင်း ရူးနေလား..”
“ဟုတ်တယ်၊ ခြူးအိမ့် ရူးနေပြီ..။ မောင့်ကြောင့် ခြူးအိမ့် ဘဝ အဖတ်ဆယ်လို့ မရတော့ဘူး..။ခြူးအိမ့် မောင့်ကို မပိုင်ဆိုင်ရသလို ဘယ်သူမှလဲ မပိုင်ဆိုင်စေရဘူး။မောင့်ကို မုန်းတယ်..”
ရှိုက်ကြီး တငင် ငိုရင်း ပြောနေသည့် ခြူးအိမ့် ကို မောင် နားမလည်သလို ကြည့်သည်။ပြီးရင် အံကို တင်းတင်းကြိတ်ကာ မျက်နှာ အမူအယာပြောင်းလာသည်။
“အေး..။ငါ့ရှေ့ကနေ ပိတ်ရင်.. ငါဘယ်သူ့ကိုမှ အလွတ်မပေးဘူး ခြူးအိမ့်..”
မောင် ခြူးအိမ့် လည်ပင်းကို ညှစ်သည်။
“မောင်..”
ခြူးအိမ့် အသံပင် မထွက်နိုင်။မျက်လုံးတွေ ပြူးထွက်နေပြီး အသက်ရှူ မဝသည့်တိုင် .. မောင် ခြူးအိမ့်ကို လွှတ်မပေး..။မျက်ရည်ပူတွေ စီးကျလာသည်။ရတီ.. ခြူးအိမ့်ကို ကယ်ပါ..။ရတီ့ကိုသာ ခြူးအိမ့် တောင့်တနေမိတော့သည်။ခြူးအိမ့် မောင့်လက်ကနေ ရုန်းထွက်ဖို့ အားအင်မရှိ ပျော့ခွေသွားလျှင် ရုတ်တရက်ဆိုသလို ရတီ .. အနား ရောက်လာပြီး မောင့်လက်တွေကို ဆွဲဖယ်ပစ်လိုက်သည်။သွေးမျက်ရည်တွေ စီးဆင်းနေသည့် ရတီ မျက်နှာမှာ စွဲလန်းမှုတွေ နာကျည်းမှုတွေ ပြည့်နှက်နေသည်။ခြူးအိမ့်နဲ့ရတီက မောင် စေလိုရာ က နေရတဲ့ ကကြိုးတွေလား။မောင်တွန်းလိုက်သည့် အရှိန်ကြောင့်.. ခြူးအိမ့် ထိုနေရာမှာတင် လဲကျသွားပြီး အတော်နှင့် မထနိုင်..။ခြေသလုံးပေါ် သွေးစတစ်ချို့ စီးဆင်းလာသည်။ဘုရားရေ.. ခြူးအိမ့် ရင်သွေးလေးကို မဆုံးရှုံးပါရစေနဲ့။ရတီ ရှပ်တိုက်သွားကာ ရှေ့ကို ဖြည်းဖြည်းချင်းတိုးလျှင်..မောင် သွေးတန်းသွေးတန်းနဲ့ နောက်ဆုတ်ပြီးသွားသည်။
“မလာနဲ့… မလာနဲ့..”
တစ်ယောက်ထဲ အော်ဟစ်ပြီး နောက်ပြန်ဆုတ်ကာ သွားနေသည့် မောင့်ကို ကြည့်ရင်း ခြူးအိမ့် မျက်လုံးတွေ ပြူးလာသည်။မောင် ဘာမှ မဖြစ်ပါစေနဲ့..။စိတ်ထဲကနေ မလုပ်ဖို့ တားဆီးနေပေမယ့် အသံက ထွက်မလာ။
“ရ..တီ.. မလုပ်..နဲ့။.မောင်…ရေ.”
်ခြူးအိမ့် တားချိန်ပင် မရလိုက်။မောင်.. ရတီ ခုန်ချ သတ်သေသွားသည့် နေရာမှာ ..အရှိန်လွန်ပြီး ပြုတ်ကျသွားသည်ကို မြင်လိုက်လျှင် လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားသည်။
“မောင်..”
@@@@@@@@
“အခန်း ၁၁”
“abortion .. ဖြစ်သွားတာ..”
“ငါတို့ တစ်ကနေ ပြန်စကြမယ်၊ ထားမသွားပါနဲ့ ခြူးအိမ့်..××××.”
ရှိုင်းရဲ့..စကားသံ တစ်ချို့ကို ကြားလိုက်ရပြီး ခြူးအိမ့် မျက်လုံးတွေ ပြန်မှိတ်လိုက်သည်။အိမ်မက်လား တစ်ကယ်လား မသဲကွဲ။အရာအားလုံးကို မေ့ပစ်လိုက်ချင်မိသည်။
ခြူးအိမ့်.. မသိစိတ်ထဲမှာ ..ရတီနဲ့ အတူ ကျောင်းဆောင်အပေါ်ထပ်က အစွန်မှာ သီချင်းတစ်ပုဒ်ကို နားကြပ် တစ်ဖက်ဆီ တပ်ကာ နားထောင်နေကြသည်။လေတဖြူ းဖြူး မှာ ဆံနွယ်လေးတွေ ဝေ့ဝဲနေတဲ့ ရတီရဲ့ မျက်နှာလေးက ပကတိ ဖြူစင်နေသည်။ခြူးအိမ့် ..ပုခုံးပေါ်မှီကာ သံစဉ်လေး လိုက်ညည်းနေသည့် ရတီကို ငေးရင်း ငိုချင်လာသည်။ရတီ သေဆုံးသွားတာ သိနေခဲ့ပေမယ့် ကြောက်ရွံ့ခြင်း မရှိ။ရင်ထဲက စကားတွေ ပြောပြချင်နေမိသည်။
“ခြူ းအိမ့်..”
“ဟင်..”
“ငါတို့ ဒီနေရာလေးမှာ အမြဲ အတူရှိခဲ့တယ်နော်။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်အောင် ချစ်ခဲ့ကြဖူးတယ်..”
“အင်း..”
ခြူးအိမ့်..ရတီ စကားတွေကို နားထောင်ပြီး ရင်ထဲ စို့နစ်လာသည်။မောင်သာ ခြူးအိမ့်နဲ့ ရတီတို့ရဲ့ ဘဝထဲကိုသာ ဝင်မလာခဲ့ဘူး။ မဝင်ရောက်ခဲ့ဘူး ဆိုလျှင်…
“ငါ.. ငါနင့်ကို မုန်းခဲ့ဖူးတယ် ရတီ။ အခု ငါ့ကို ငါမုန်းတယ်..”
“ဘာလုိ့လဲ။ ဘာလို့ ကိုယ့်ကိုယ်ကို မုန်းရတာလဲ..”
“နင်.. နင်နဲ့.. နင့်ကလေး.. ငါ့ကြောင့်..”
ခြုးအိမ့် ဆက်မပြောနိုင်။ခံစားချက်တွေ မျိုသိမ့်မထားနိုင်ပဲ ငိုချပစ်လိုက်သည်။ ခွင့်လွှတ်ပါတော့ ရတီရယ်…။ငါမကောင်းခဲ့တာပါ။
ရတီ.. ခြူးအိမ့် မျက်ရည်တွေကို သုတ်ပေးသည်။ပြီးလျှင် အဝေးကို ငေးကြည့်ပြီး…အက်ကွဲကွဲ အသံကြီးနဲ့ စကားဆိုသည်။
“ငါ သေတာ နင့်ကြောင့် မဟုတ်ဘူးလေ ခြူးအိမ့်။ငါတို့ အရမ်းငယ်သေးတယ်။မစဉ်းစားတတ်ခဲ့တာ..”တဲ့။
ခြူးအိမ့် ကြည့်နေစဉ်မှာပင် ရတီမျက်နှာ ပြောင်းလဲလာသည်။ရတီ ပါးပြင်မှာလဲ သွေးမျက်ရည်တွေ စီးကျလို့..။
“နင်.. ငါအနား အမြဲတမ်း နေမယ်မလား..ခြူးအိမ့်..”
ခြူးအိမ့် မျက်ရည်စတွေကို သုတ်ပစ်လိုက်သည်။ ပြီးလျှင် ရတီဘက်ကို လှည့်ကာ အလှပ ပြုံးလိုက်ပြီး ကတိတစ်ခု ပေးလိုက်သည်။
“ဒါပေါ့..။ ငါ နင့်အနား လာခဲ့တော့မှာ။ ငါ နင်နဲ့ လိုက်ခဲ့မယ် ရတီ..” လို့..။
@@@@@@@
ခြူးအိမ့် အိပ်ယာကနေ ထထိုင်လိုက်သည်။လက်မှာ ထိုးသွင်းထားတဲ့ အရာတစ်ချို့ကို ထိတ်လန့်စွာ ဆွဲနှုတ်ပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်စွာ ကြည့်နေမိသည်။ရောက်ရှိနေသည့် နေရာက မီးတွေ ထိန်လင်းပြီး စိမ်းရွှေရွှေ အနံ့တွေနဲ့ ဆေးရုံက အခန်းတစ်ခန်း။ ခြူးအ်ိမ့် တကယ်ပဲ ရတီအနားမှာ နေရတော့မှာလား..။အင်းလေ.. ဘာမှ မရှိတော့တဲ့ ခြူးအိမ့် ဘဝကြီးက ဘာမက်စရာ ရှိတော့လို့လဲ။အခုဆို မောင်လဲ လူ့လောကကြီးထဲမှာ မရှိတော့။ ခြူးအိမ့် ရဲ့ ရင်သွေးလေးကိုလဲ ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ခြူးအိမ့် ကိုယ်ပေါ်မှ စောင်ကို ဖယ်ကာ ခုတင်ပေါ်မှ ဆင်းဖို့ ပြင်လိုက်လျှင် ရှိုင်း ဘေးနားမှာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။စီးကျလာတဲ့ မျက်ရည်စတွေကို ဖယ်ကာ ရှိုင်း နဖူးပေါ်က ဆံစတစ်ချို့ကို သပ်တင်ပေးလိုက်သည်။ဘယ်မှာလဲ ခြူးအိမ့်အတွက် အမှန်တရား။ လက်မခံချင်တဲ့ အရာတွေကိုလက်ခံ ခဲ့ရပြီးပြီ။ဒဏ်ရာတွေသာ ပေးနိုင်တဲ့ ခြူးအိမ့် ဘဝထဲကို ဝင်မလာချင်ပါနဲ့တော့ ရှိုင်းရယ်..။ ခြူးအိမ့်ရဲ့ ဘဝက မဖြူစင်တော့ပါဘူး။ခြူးအိမ့် မျက်လုံးတွေကို အသာမှိတ်လိုက်ပြီး အမှောင်ထဲက ရတီဆီ မှန်းရွယ်ကာ ညင်သာစွာ ပြုံးမိလိုက်သည်။
@@@@@@
“အခန်း ၁၂”
(ဇာတ်သိမ်းပိုင်း)
ကျောင်းဆောင်ဟောင်းကြီးထဲ ဝင်လိုက်လျှင်ပဲ အရာရာဟာ အဓိပ္ပာယ် မရှိတော့ ။ ခြူးအိမ့်နဲ့ ရတီ ထိုင်နေကြ နေရာလေးတွေ သွားတတ်တဲ့ နေရာတွေ အကုန် အသက်မဲ့ကုန်ပြီ ဖြစ်သည်။ ခြူးအိမ့်.. ရတီနောက်ဆုံး ရင်ဖွင့်ခဲ့သည့် နေရာကို ရောက်လျှင် အေးစက် စွာ ပြုံးလိုက်မိသည်။ဒီနေရာ ဒီလို အချိန်မှာပဲ လွန်ခဲ့တဲ့ လပိုင်းက ကံကြမ္မာဆိုးတွေ ဖုံးလွှမ်းခဲ့တာ မဟုတ်လား။ ခြူးအိမ့် သီချင်းတစ်ပုဒ်ကို ခြောက်ခြားစွာ တိုးတိုးလေး ဆိုညည်းပြီး ကျောင်းဆောင် အပေါ်ဆုံးထပ်ကို ခြေလှမ်းတွေ လှမ်းနေမိသည်။မသိလျှင် တစ်စုံတစ်ယောက် နောက်ကနေ လိုက်လာဖို့ ဆိုညည်းလိုက် သလိုမျိုး။နင် လိုက်လာနေတယ် မဟုတ်လား ရတီ။ ငါ နင့် အသံကို ကြားနေရသလို ခံစားနေမိပြီ..။
“အင်း..” တဲ့..။
ခပ်ဖျော့ဖျေ့ာလေး ခြူးအိမ့် အနားကပ်ပြီး ပြောလိုက်တဲ့ အသံ။ရတီ .. ခြူးအိမ့် အနားကို ရောက်နေပြီ။ကျောင်းဆောင် အပေါ်ဆုံးထပ် ရတီ ခုန်ချခဲ့သည့် နေရာသို့ ရောက်လျှင် .. ခြေလှမ်းတွေကို ရပ်ပစ်လိုက်သည်။ အေးချမ်းစွာ ပြုံးနေသည့် ရတီကို ကြည့်ရင်း.. နောက်ဆုံးတော့ ငါနင့်ကို မြင်နေရပြီ ရတီ။အဖြစ်အပျက်တွေက မနေ့တနေ့လို ဖြစ်တည်ဆဲမို့ ပင်ပန်းလွန်းနေသည်။ပြီးလျှင်..လေတဖြူးဖြူးနဲ့ အမြင့်တစ်နေရာကနေ ကောင်းကင်ကို မျက်နှာမူပြီး ကြည့်လိုက်သည်။ရွေးချယ်စရာ မရှိတော့သည့် ခြူးအိမ့် မျက်လုံးတွေကို မှိတ်လိုက်ကာ ရှိုက်ကြီး တငင် ငိုကြွေးလိုက်သည်။
“ခုန်ချလိုက်ပါ ခြူးအိမ့် ”
ဘေးနားကနေ မတ်တပ်လေးရပ်ကာ ပြုံးနေသည့် ရတီ။ခြူးအိမ့်ကို လက်ကမ်းပြီး သူမနှင့်အတူ ခုန်ချဖို့ တောင်းဆိုနေသည်။ဒါဟာ .. ခြူးအိမ့်အတွက် နောက်ဆုံးလေလား။ခြူးအိမ့် တကယ်ပဲ ခုန်ချရတော့မှာလား.. ။ခြူးအိမ့် မျက်လုံးတွေက်ို မှိတ်လိုက်ယုံမှ လွဲ၍ မငြင်းဆန်နိုင်။နောက်ဆုံးအနေနဲ့ အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှိုက်ကာ ပေါ့ပါးသွားတဲ့ ငှက်ကလေး တစ်ကောင်လို လေပေါ်ခုန်ဆင်းလိုက်ရင်း….

လေးစားစွာဖြင့်
နွေရွက်လွှာ
#crd