ဆင်တစ္ဆေ(စ/ဆုံး)

Unicode Version

ဆင်တစ္ဆေ(စ/ဆုံး)
———————–
” ထူးစိန်…မလုပ်နဲ့…မလုပ်နဲ့…အား….”
ညနက်သန်းခေါင် စောမူထဲတစ်ယောက် အိပ်ရာက ယောင်အော်လိုက်ခြင်းပင်။
သူ၏ အော်သံကြောင့် ကျန်အိမ်သားများ လန့်နိုးကုန်ကြလေ၏။
” ဖိုးခွား…နင်ဘာဖြစ်တာလဲ ”
ဖထီး စောကျော်ဟဲက မူထဲကို လှုပ်နှိုးရင်း မေးလေသည်။ မူထဲ၏ မျက်ဝန်းထဲတွင်တော့ မျက်ရည်တို့က ပြည့်လျှံနေ၏။ ဘေးနားတွင်တော့ အမိုးနှင့် ညီမငယ် နော်ကလဲရာတို့။
” ဖထီး…ငါ…ငါထူးစိန်ကို အိပ်မက်လို့…အိပ်မက်ထဲမှာ ထူးစိန်နောက်ကို ငါလိုက်သွားရင်း တွေ့တော့ ထူးစိန်က လူတစ်ယောက်ကို နှာမောင်းနဲ့ ရိုက်ပြီး တက်နင်းနေတာ။ ငါ တားတာကို သူ…သူ နားမထောင်ဘူး။ သူ…လူတွေ ဘယ်လောက်တောင် ထပ်သတ်နေဦးမှာလဲ မသိပါဘူး ဖထီးရယ်။ ပြီးတော့ သူ့ကို စစ်သားတွေက သေနတ်နဲ့ ဝိုင်းပစ်နေကြတယ်”
မူထဲက ပြောရင်းဖြင့် ငိုချေပြီ။ ဖထီး စောကျော်ဟဲ စိတ်မကောင်းဖြစ်ရ၏။ နံဘေးက အမိုးတို့ သားအမိမှာလည်း ထပ်တူထပ်မျှပင်။
” စိတ်ထိန်းထားပါဦး ဖိုးခွား ရယ်။ ထူးစိန်က မုန်ယိုပြီး လူသတ်လိုက်တာကိုး။ သူဘယ်လိုကြောင့်နဲ့မှ ပြန်လာလို့ မရဘူး။ ပြန်လာတာနဲ့ သူအသတ်ခံရမှာပဲလေ…”
” မ…မရဘူး ဖထီး။ ငါ…ငါ သူ့နောက်ကို လိုက်သွားမှရမယ်။ ငါသူ့ကို တားမှ…မဟုတ်ရင် သူပိုဆိုးသွားမှာ…သူ့ကို စစ်သားတွေက သတ်တော့မှာ”

” အေးပါ…ဖိုးခွား ရယ်။ နင်က အခု ဖျားနေတာလေ။ အေး… နင်သွားချင်သပဆိုရင်တော့ မနက်မိုးလင်းရင် သွားပေါ့။ အခုတော့ အိပ်ရေးဝ၊ အားရှိအောင် နင်အိပ်ချေဦး”
ဖထီးက မူထဲ စိတ်ပြေအောင် ပြောလိုက်သည်။
” ဟုတ်တယ် ငါအိပ်မယ်။ ဒါနဲ့ ဖထီး…ဟိုစစ်သားတွေ ဒီနေ့ကော ထူးစိန်ကို သွားရှာကြသေးလား။ သူတို့ချည်းသွားရင် ထူးစိန်အတွက် အန္တရာယ်သိပ်များတယ်”

” ဟင်အင်း…မရှာဘူး ဖိုးခွား။ နင်ဖျားနေလို့ သူတို့ နင်နေကောင်းမှ ဆက်ရှာမယ်ပြောတယ်”

ဖထီး ညာလိုက်သည်။ နေ့လည်တုန်းက သုတ်သင်ရေးအဖွဲ့သည် တောင်ခြေရွာက ထူးစိန်သတင်းရသည်မို့ အားချင်းပင် ထွက်သွားကြသည်။ ဤသည်ကို မူထဲအား အသိပေး၍ မဖြစ်။
အရင်ရက်တွေတုန်းကတော့ မူထဲပါ သုတ်သင်ရေးအဖွဲ့တွင် လိုက်ပါသွားပြီး ထူးစိန်ကို ရှာသည်။ သို့သော် မနက်အစောကမှ မူထဲ ကောက်ကာငင်ကာ ဖျားသည်မို့ တစ်နေကုန် အိပ်ရာထဲ လဲနေခဲ့သည်။
” ဟုတ်တယ်…ငါ..မနက်ကျရင် လိုက်သွားမယ်။ ငါလိုက်သွားမယ်”
စောမူထဲက တစ်ကိုယ်ထဲ ညည်းသလိုဆိုရင်း အိပ်ရာတွင် ပြန်လှဲသည်။ ဖထီးက စောင်ပိုင်းလေးကို မူထဲအား ခြုံပေးလိုက်လေ၏။ ပြီးသော်…မူထဲကို ကြည့်၍ စိတ်ထဲက
” မူထဲရယ်…နင်ချစ်တဲ့ ထူးစိန်က ဒီညကိုတောင် လွန်နိုင်ပါ့မလား မသိပါဘူးကွယ်”
ဟု စိတ်မကောင်းစွာပင် ရေရွတ်လိုက်လေသည်။

အိပ်ရာထဲတွင် လှဲလျောင်းရင်း ဖထီးစောကျော်ဟဲ၏ အတွေးများ အတိတ်ဆီ နောက်ပြန်လည်သွားသည်။
လွန်ခဲ့သည့် နှစ်များက မြန်မာ့သစ်လုပ်ငန်းသုံး၊ သူတို့မိသားစုပိုင် ဆင်မကြီး ပန်ထွာကို နေ့ဘက်လုပ်ငန်းခွင်အပြီး ထုံးစံအတိုင်း ညပိုင်းတွင် တောသို့ လွှတ်ကျောင်းထားခဲ့သည်။
နောက်တစ်နေ့နံနက် ဝေလီဝေလင်းတွင်တော့ စောကျော်ဟဲနှင့် စောမူထဲတို့ သားအဖနှစ်ဦး ပန်ထွာကို ပြန်ကောက်ရန် တောဆီဝင်ခဲ့သည်။
ဤတွင် ထူးဆန်းစွာပင် ပန်ထွာ၏ နံဘေး၌ တောဆင်ပေါက်ကလေးတစ်ကောင် သူ့မိခင်အမှတ်နှင့် ရောက်နေသည်ကို တွေ့လိုက်ရ၏။ သားအဖနှစ်ဦးလည်း အစက အနီးအနားက ဆင်ပေါက်ကလေး မျက်စိလည်ကာ ရောက်လာသည် ထင်မိပြီး ခေါ်လာခဲ့ကာ ပိုင်ရှင် ပြန်ရှာကြသည်။ သို့သော်…ပိုင်ရှင်မရှိ။ တောဆင်ရိုင်းကလေးဆိုသည်မှာ သေချာခဲ့သည်မို့ သူတို့ မွေးခဲ့ကြသည်။ နာမည်ကို ထူးထူးခြားခြား ဖြစ်ရပ်နှင့် တောထဲက ရခဲ့သည်မို့ ထူးစိန်ဟု ပေးခဲ့ကြသည်။
ထူးစိန်ကို စောမူထဲက အလွန်ချစ်သည်။ ထူးစိန်ကလည်း စောမူထဲကို ထပ်တူချစ်သည်။ မျက်စေ့အောက်က အပျောက်မခံ။ နှစ်ဦးကား ကစားဖော်၊ ကစားဘက်။ ထိုစဉ်က စောမူထဲမှာ သူတို့ရွာက အစိုးရကျောင်းဆီတွင် သုံးတန်းကျောင်းသား။

စောမူထဲ ကျောင်းကပြန်လာပြီဆို ထူးစိန်က ပျော်နေတတ်သည်။ ကျောင်းသွားချိန်ဆိုလျင် စောမူထဲသွားရာလမ်းကို မျှော်ငေးပြီး ငိုင်တွေနေတတ်သည်။
သည်အကြောင်းကို စောမူထဲသိသော် စာကို ဖြောင့်ဖြောင့်မသင်နိုင်တော့။ နောက်ဆုံး ထူးစိန်စိတ်တစ်ပိုင်းနှင့်ပင် ကျောင်းကထွက်ခဲ့သည်။ ပြီးနောက် သူတို့နှစ်ဦးသည် စောကျော်ဟဲ၏ လုပ်ငန်းခွင်ဆီ လိုက်လံကစားကြသည်။ ပန်ထွာ သစ်ဆွဲချိန်ဆိုလျင် ထူးစိန်နှင့် စောမူထဲကနံဘေးက လိုက်လံ အားပေးတတ်သည်။
နှစ်များကြာလာတော့ သူတို့အရွယ်ရောက်ကြပြီ။ ထူးစိန်က သန်မာလှသော စွယ်စုံကြီးဆင်ကြီးအဖြစ် ရောက်ရှိလာသလို၊ စောမူထဲကလည်း ကျွမ်းကျင်သော ဆင်ဦးစီးတစ်ယောက်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီပင်။
ထူးစိန်နှင့် မူထဲတို့သည် လွန်စွာ အတွဲညီကြသည်။ ထူးစိန်က သန်မာသလို မူထဲက သွက်လက်သည်။
တစ်ခုသောနေဆီတွင်တော့ ထူစိန်နှင့် မူထဲတို့ဆီ ကြမ္မာဆိုးဝင်လာခဲ့ငည်။ ထိုတလောက အမိုး ကျန်းမာရေး မကောင်းသဖြင့် မြို့ဆေးရုံကို ပြဖို့ဖြစ်လာသည်။ အဖော်အဖြစ်လိုက်ရန်ကား ညီမငယ် နော်ဆေးဖော့သာ ရှိသည်။ သည်တော့ အစောင့်အရှောက်အဖြစ် ဖထီးက မူထဲကိုပါ ထည့်လိုက်သည်။
မူထဲတို့ မြို့ကို သွားသော် ဖထီးက လုပ်ငန်းခွင်ဆက်ဝင်ရသည်။ သို့ရာတွင် ဖထီးကား ဆင်မကြီး ပန်ထွာနှင့် တစ်တွဲပေမို့ ထူးစိန်ကို သီးခြား မထိန်းနိုင်။ ထူးစိန်တို့ သစ်ကွက်ကလည်း တဆင် နားဖို့ မဖြစ်ပြီ။ သို့ကြောင့် ထူးစိန်ကို အခြားဆင်ဦးစီးတစ်ယောက်နှင့် တွဲဖက်ပေးခဲ့သည်။
သည်တွင် မူထဲမရှိလျင် မနေတတ်သည့် ထူးစိန်က ဗွေဖောက်လာသည်။ ခိုင်းမရ။ ကပ်သည်။ ညစ်သည်။ သည်တော့ သူ့ကို ထိန်းသည့် ဦးစီးက ချွန်းဒဏ်ပေးသည်။ မရ…။
ကြာတော့ ဦးစီးသည် ထူးစိန်အပေါ် စိတ်မရှည်တော့။ ထိုဦးစီးမှာ နဂိုကပင် အရက်သေစာသောက်စားတတ်သူဖြစ်ရာ ထူးစိန်ကို အကြမ်းကိုင်တော့သည်။ ထူးစိန်ကလည်း ဤသည်ကို လက်မခံ။ သို့နှင့်ပင် ထူးစိန်သည် နောက်ဆုံးဝယ် ထိုဦးစီးကို ဆွဲချပြီး နှာမောင်းဖြင့် ရိုက်ကာ ခြေဖြင့်နင်းတော့သည်။
ဦးစီး သေလေပြီ။ သည်အခါ နံဘေးက မြင်ရသူတို့က ထူးစိန်ကို ဝိုင်းဝန်းခြောက်လှန့်ကြပြီး ဆင်များဖြင့် အချင်းချင်း ထိန်းရန်ကြိုးစားသည်။ မရ။ အနားကပ်လာသည့် ဆင်များကို ထူးစိန်က တိုက်ခိုက်သည်။ နောက် ထိုနေရာက နောက်ဆုတ်ပြေးပြီး မည်းမည်းမြင်ရာတို့ကို ရိုက်ချိုး၊ နင်းချေ ဖျက်ဆီးတော့သည်။
ထူးစိန်သောင်းကျန်းချိန်ဝယ် စခန်း၌ တောအုပ်၊ တောခေါင်းတို့က အခြားလုပ်ကွက်ဆီရောက်နေ၏။ သေနတ်က ထိုသူတို့ထံတွင်သာ ရှိနေသည်။ သို့ကြောင့် ဆင်ဦးစီးတို့မှာ စခန်းတွင်ပင် အလွယ် ရှိသော စိန်ရောင်ခြည်ဗောက်အိုးတို့ကို အသုံးပြု၍ ထူးစိန်ကို ခြောက်ထုတ်ရတော့သည်။

ထူးစိန် တောထဲကို ဝင်သွားခဲ့ပြီ။ သို့သော် စခန်းဝန်းကျင်ကတော့ သူဖျက်ဆီးခဲ့သည့် အပျက်အစီးများ မနဲမနော။ တဲပျက်တစ်ခုထဲက ငှက်ဖျားမိပြီး နေမကောင်းဖြစ်ကာ အိပ်နေသော ကိုမိုးဆိုသူ တစ်ဦး သေသည်။ တစ်ခဏအတွင်း ထူးစိန် လူနှစ်ယောက်ကို သတ်ခဲ့သည်။
တောခေါင်းတို့ ရောက်သော် ဖြစ်စဉ်ကို အထက်ဆီ တင်ပြပြီး ထူးစိန်ကို တောနင်းရှာကြသည်။ ထူးစိန်ကိုတွေ့သော်လည်း ပါးနပ်စွာပင် ရှောင်ရှားသွားခဲ့သည်။ မမိကြ။
သည့်နောက်ရက်တွုင် သတင်းကြားရသည်မှာ ထူးစိန်သည် တောထဲတွင် တစ်ယောက်သတ်သည်။ ထိုည၌ပင် ယာခင်းဆီတွင် အစာဝင်စားရင်းဖြင့် ယာခင်းစောင့်သည့် တဲအတွင်း အိပ်နေကြသော မိသားတစ်စုကို နင်းသတ်ပြန်သည်။ မိသားစုတွင် အားလုံးပေါင်း ကလေးသုံးဦး၊ လူကြီးနှစ်ဦးပါရှိ၏။ သည်အတွက် ထူးစိန်သတ်ခဲ့သည်မှာ စခန်းကလူများပါလျင် စုစုပေါင်း လူရှစ်ဦးတိတိရှိခဲ့လေပြီ။ ထူးစိန်သည် လူတို့ကို သူ၏ ရန်သူဟုပင် သတ်မှတ်ခဲ့ပြီလောမသိ။
သို့အတွက်ဖြင့်ပင် တောခေါင်းတို့မှာ သူတို့ချည်းသာ မထိန်းနိုင်တော့ပြီမို့ နိုင်ငံတော်ထံ တင်ပြပြီး ထူးစိန်ကို အသေဖမ်းခွင့် တင်ပြကြသည်။ ခွင့်ပြုပြီး မကြာပါ။ အနီးဆုံးစစ်တပ်နှင့် ရဲစခန်းဆီက ရဲနှင့် စစ်သားတချို့ လက်နက်၊ ခဲယမ်းတို့နှင့်အတူ ရောက်လာကြသည်။ ထူးစိန်ကို သူတို့ သတ်ကြတော့မည်ပင်။

ထို စစ်သားတို့ ရောက်လာသည့်နေ့တွင်ပင် မူထဲ ပြန်ရောက်လာသည်။ အမိုးလည်း ဆေးရုံဆင်းကာ သက်သာလေပြီ။
စောမူထဲမှာ ပြန်ရောက်ရောက်ချင်း ထူးစိန်သတင်းကို ကြားသောအခါ မယုံနိုင်အောင် ဖြစ်လေသည်။ ပြီးသော် သုတ်သင်ရေးအဖွဲ့ကို သူ ဦးဆောင်မည်ဟုဆိုကာ ထူးစိန်ကို တောနင်းရှာသည်။ တစ်ပါတ်ခန့်ကြာသည်အထိ မတွေ့။
အမှန်တော့ စောမူထဲစိတ်က ထူးစိန်ကို သတ်မှာ စိုးရိမ်သည်။ သို့ကြောင့် ထူးစိန်ကို တွေ့အောင်မရှာ။ တမင်ပင် လမ်းကြောင်းလွှဲကာ ရှာသည်။ သို့ကြောင့် တစ်ပါတ်ကြာသည်အထိ မတွေ့။ သတင်းရသည်ရှိသော်လည်း မူထဲ၏ ပါးနပ်မှုကြောင့် ထူးစိန်ကို မသတ်နိုင်။
ထိုအတော့အတွင်း ညဘက်များ၌ စောမူထဲမှာ အတော်နှင့်မအိပ်။ အိပ်ပျော်ခဲ့ပြန်သော် ထူးစိန်စိတ်ကြောင့် ယောင်ရမ်းကာ အော်သည်။ ငိုသည်။ ဖြစ်စဉ်က သည်လိုပင် ဖြစ်တော့လေသည်ကား။
ဖထီးသည် မူထဲနှင့် ထူးစိန်တို့၏ အတိတ်ကအကြောင်း တွေးနေခြင်းကို ရပ်တန့်သည်။
” ဟူး…ထူးစိန်ဘာမှမဖြစ်ပါစေနဲ့”
တီးတိုး ရေရွတ်မိတော့သည်သာ။

သုတ်သင်ရေးအဖွဲ့သည် မနက်အစောတုန်းက ထူးစိန် သတင်းကို ရလေ၏။ တောင်ခြေက ယာခင်းတွေဆီကို ဆင်တစ်ကောင်ဝင်ကာ စားသောက်တတ်သည်ဆိုပြီး ယာပိုင်ရှင်အချို့က လာသတင်းပို့ကြသည်။ ထိုဆင်ကို ထူးစိန်ဟုဟု အတိအကျ ပြောနိုင်ရခြင်းမှာ ခြေတွင် သံကြိုးပြတ်ကြိး တန်းလန်းပါနေသည့်အတွက်ပင်။

သိုအတွက် သုတ်သင်ရေးအဖွဲ့သည် စောမူထဲကို မခေါ်ဘဲ သတင်းရရာဆီ ကင်းပုန်ဝပ်ပစ်ခတ်ရန် ချက်ချင်းပင် သွားကြသည်။ သုတ်သင်ရေးအဖွဲ့ကား ဆင်များနှင့်မသွား။ လူချည်းသာသွားကြသည်။ အကြောင်းမှာ ထူးစိန်ကို အသေပစ်ခတ်ရမည်ကတစ်ကြောင်း၊ ပြီးတော့ ဆင်များပါလျင်မူ လှုပ်ရှားသံ၊ အော်သံတို့ကြောင့် ကင်းပုန်ဝပ်လျင် မလုံခြုံမှာ စိုးသည်က တစ်ကြောင်းကြောင့်ပင်။ ကင်းပုန်းမဝပ်ဘဲ အရှင်ဖမ်းမည်ဆိုလျင်တော့ ထူးစိန်ကို ထိန်းရန် ဆင်တို့ကို မပါမဖြစ် ခေါ်ဆောင်သွားရမည်ပင်။
ညတွင် သုတ်သင်ရေးအဖွဲ့သည် ထူးစိန်လတ်တလော ကျင်လည်နေသည့် ယာခင်းများဆီတွင် သုံးယောက်တစ်စု ဖြန့်ခွဲ၍ ကင်းပုန်းဝပ်ကြသည်။ အားလုံးသည် ငြိမ်သက်လျက်။ အချင်းအချင်းအသံပြုရန် လွယ်ကူသည့် နေရာဆီ၌ နေရာယူထားကြသည်။ လက်နက်ကတော့ စစ်သားတို့တွင် ယမ်းအားပြင်းထန်လှသည့် ဂျီသရီး မောင်းပြန်ရိုင်ဖယ်များပါသည်။ ရဲများကတော့ ပွိုင့် ၃၀ ကာဘိုင်များဖြင့်။ ( ထိုကာဘိုင်သေနတ်များကို ကျော်ဟိန်းကာဘိုင်ဟုလည်း ခေါ်သေးသည်။ တစ်ချိန်က ပျဉ်းမငုတ်တို ဇာတ်ကားတွင် ကျော်ဟိန်းကိုင်ခဲ့သည်ဟု သိရပါသည်။)
ည ၈ နာရီခန့်တွင် ထူးခြားမှု ရှိလာသည်။ တောတိုးသံ၊ သစ်ကိုင်းချိုးသံများ ကြားလာရသည်။

မကြာပါ။ အမှောင်ထဲတွင် နှစ်နာရီခန့်နေပြီး မျက်စိကျင့်သားရနေပြီဖြစ်သော သုတ်သင်ရေးအဖွဲ့တို့၏ မြင်ကွင်းဝယ် မည်းမည်းအရိပ်ကြီး တောတိုးထွက်လာသည်ကို မြင်ရလေပြီ။ အချင်းချင်း လက်ကုတ်ကာ သတိပေးပြီး သေနတ်များကို အသံမမြည်အောင် ဂရုတစိုက် ကျည်ထိုးကြသည်။

တအောင့်အကြာ။ ညနေကတည်းက ကြိုတင်သတ်မှတ်ထားသည့် သတ်ကွင်းဆီကို အရိပ်မည်းကြီး ရောက်သော်…။

” ပစ်…..”
” ဒိုင်း…ဒိုင်း….ဒိုင်း…ဘောင်း…”
” ဝူး…ကျီ….”
” ဝုန်း…ဖုန်း….”
တစ်တောလုံး သေနတ်သံ၊ ဆင်အော်သံ၊ သစ်ပင်တစ်ချို့ လဲပြိုသံတို့ ပွက်လောရိုက်စွာ ထွက်ပေါ်လာသည်။
မည်းမည်းအရာကြီးက ထွက်ပြေးရန်ကြိုးစားရင်း အရှိန်ဖြင့် ပစ်လဲကျသွားသည်။ မကြာပါ…။ အသံဗလံများ တိတ်ဆိတ်ကုန်သည်။

ငါးမိနစ်ခန့်အကြာတွင်။ အားကောင်းလှသော ဓာတ်မီးရောင်က မည်းမည်းအရာကြီးထံ ကျရောက်သွားသည်။ လဲကျနေသော ဆင်ကောင်ကြီး။
” သွားကြည့်ကြစို့ဟေ့။ ထိတော့ ထိသွားပြီ။ အခုထိ ငြိမ်နေတယ်ဆိုတော့ အခြေအနေကောင်းတယ်”
သေနတ်များဖြင့် လဲနေသော ဆင်ကြိးကို သတိဖြင့် ချိန်ထားလျက် ချဉ်းကပ်ကြသည်။
အနားရောက်သည်အထိ ထူးခြားမှု မရှိ။ အနီးကပ် သေချာကြည့်သော်အခါ လဲကျနေသော ဆင်ကြီးမှာ ထူးစိန်ပင် ဖြစ်ပြီး သေနတ်ဒဏ်ရာ ဗလပွဖြင့် သေဆုံးနေလေပြီပင်။

နံနက်စောစောအချိန် ဖထီးတို့ မိသားစု စခန်းကုန်းတစ်ခုလုံးကို ပတ်ကာ စောမူထဲကို လိုက်ရှာနေသည်။ မနေ့ညက မူထဲဖျားနေသည်။ သည့်အတွက် သူတို့ တစ်ညလုံးနီးပါး ပြုစုပေးရင်း မိုးလင်းပိုင်းမှ အိပ်ပျော်ခဲ့ကြရသည်။ နံနက်လင်းသော် မူထဲ ပျောက်နေလေ၏။
” သေချာပြီ…ဖော့အယ်။ ဖိုးခွား တောထဲကို ဝင်သွားပြီ”
” ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ”
” အေး…သူက ဖျားနေတာဆိုတော့ အဝေးကြီးတော့ ရောက်မှာ မထင်သေးဘူး။ ငါ…လူစုပြီး လိုက်ရှာလိုက်မယ်”
ဖထီးက ချက်ချင်း လူစုပြီး တောထဲ လိုက်ရှာကြသည်။ သို့သော်…နေသာကုန်ခဲ့ပြီ မူထဲကို မတွေ့။

” ကျော်ဟဲရေ…ငါတို့ ဆက်ရှာလို့ မသင့်တော့ဘူးဟေ။ မကြာခင် နေဝင်တော့မယ်။ ပြန်ကြစို့”
” အေးလေ…ပြန်ကြစို့ စေးဖိုးရယ်။ မနက်ဖြန်ကျရင်တော့ နင်တို့တတွေ ငါ့ကို ကူပြီး ဖိုးခွားကို ဆက်ရှာကူကြပါဦးနော့်”
ဖထီးတို့အဖွဲ့ နောက်လှည့်ပြန်ခဲ့ကြလေသည်။

စခန်းဆီ ပြန်ရောက်သော် ညကထွက်သွားကြသော သုတ်သင်ရေးအဖွဲ့ကို တွေ့ကြလေ၏။ ထူးစိန်၏ သတင်းကိုလည်း အားလုံးကြားကြရလေသည်။
ထူးစိန်ကိုကား အသေပစ်ခတ်ခဲ့ပြီး ထိုနေရာတွင်ပင် မှတ်တမ်းဓာတ်ပုံရိုက်ကာ မြှုပ်နှံထားရစ်ခဲ့ကြောင်းသိရလေသည်။
ဖထီးကား ထူးစိန်သတင်းကြောင့် တောထဲဝင်ကာ ထူးစိန်ကို လိုက်ရှာရန်ထွက်သွားသော မူထဲကို ပို၍ပင် စိတ်ပူမိချေတော့သည်။
စောမူထဲ တောထဲကို ဝင်ပြီး ထူးစိန်ကို ရှာမိသည်။ တောင်တွေကျော်၊ လျိုတွေဖြတ်ဖြင့် ဖျားနေသည့်ကြားက တစ်နေကုန်၊ တစ်နေခန်း တောထဲပတ်ကာ ရှာသည်။ မတွေ့။ ညနေစောင်းသော် လူက နေမကောင်းသည့် အရှိန်ကြောင့် အားအင်များကုန်ကာ နုံးချိလာပြီး မူးဝေမောဟိုက်လာသည်မို့ စမ်းပေါက်တစ်ခုအနီးတွင် ထိုင်ချကာ အမောဖြေနေရင်း အိပ်ပျော်မှန်းမသိ အိပ်သွားခဲ့ရလေသည်။
” ရွဲ…ဖေရာ…”
အနီးကပ်ကာ ထွက်ပေါ်လာသည့် သစ်ခက်၊ သစ်လက်များ ချိုးချေယူသည့် အသံကြောင့် စောမူထဲ လန့်နိုးလာရသည်။

မျက်စိဖွင့်ဖွင့်ချင်း ထူထဲလှသော ပတ်ဝန်းကျင် အမှောင်ထုကြီးကို စောမူထဲ မြင်လိုက်ရသည်။
” ဂျိ…ဂျီး…ရှူး…”
အနားကပ်ကာ ထပ်မံထွက်ပေါ်လာသည့် အသက်ရှူသံပြင်းပြင်းကြောင့် စောမူထဲ မျက်စိကို ကစားကြည့်လိုက်သည်။ သူနံဘေးတွင် မည်းလုံးလုံးအရာကြီး။

စောမူထဲ မျက်စိကို သေချာစွာ ပွတ်ကြည့်သော်
” ဟာ…ထူး…ထူးစိန်။ မင်း…မင်း ထူးစိန်ပဲ ”
ဟုတ်ပေသည်။ မည်းမည်းအရာကြီးမှာ ဆင်ကြီး ထူးစိန်ပင်။ စောမူထဲက ဝမ်းသာအားရဖြင့် ထူးစိန်ကို ပြေးဖက်လိုက်သည်။
” ဘယ်တွေများ လျောက်သွားနေတာလဲ။ မင်းကို ငါလိုက်ရှာနေတာ ကာပြီ။ စိုးရိမ်လိုက်ရတာ ထူးစိန်ရာ။ မင်း…မင်း…စခန်းကို မပြန်နဲ့နော်။ ပြန်ရင် မင်းကို သူတို့ သတ်ကြမှာ။ ဒီတော့ ငါ…မင်းနဲ့အတူ ဒီတောထဲမှာပဲ အတူနေတော့မယ်။ အို…ငါတို့တွေ လူတွေနဲ့ ဝေးတဲ့ဆီကို သွားကြမယ်ကွာ…”
စောမူထဲသည် ဆင်ကြီးထူးစိန်ကို ဖက်လျက် စကားတွေ တတွတ်တွတ်ပြောနေသည်။
ထူးစိန်ကလည်း နှာမောင်းဖြင့် စောမူထဲကို တင်းကျပ်စွာ ပြန်လည်ဖက်ထားလေ၏။
ထိုညက မူထဲနှင့် ထူးစိန်တို့သည် ထိုနေရာကလေးဆီ၌ပင် အတူတကွ ရှိနေကြတော့သည်။
ဆင်တစ္ဆေ
အပိုင်း ၂ ( သိမ်း)
စောမူထဲတစ်ယောက် မျက်နှာဆီက ပူရှရှ အထိအတွေ့ကြောင့် နိုးလာရပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
” အား…ကျွတ် နေတောင်မြင့်နေပြီပဲ”
စောမူထဲ ရေရွတ်ရင်း ထထိုင်လိုက်သည်။
” ဟင်…ထူးစိန်ကော…ဘယ်ရောက်သွားပြန်ပါလိမ့်”
ထူးစိန်ကို နံဘေးတွင် မမြင်တော့သည်မို့ စောမူထဲ ရေရွတ်ရင်း ထရပ်လိုက်သည်။
” အား…ကျွတ်…ကျွတ်”
တစ်ကိုယ်လုံးအားအင်မရှိ၊ နှုန်းချိနေသည်မို့ အနည်းငယ် ညည်းမိ၏။ ညတုန်းက ထူးစိန်နှင့် အတူရှိနေရင်း သူအဖျားတက်သေးသည်။ တစ်ကိုယ်လုံး တုန်ရီကာ ချမ်းခိုက်သည့် ဒဏ်ကို အပြင်းအထန်ခံစားရ၏။ ထိုစဉ်က ထူးစိန်သည် နှာမောင်းဖြင့် သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လျက် ဝပ်တွားထားသော သူ၏ ရင်ခွင်အတွင်းဆွဲယူကာ ထည့်ထားခဲ့သည်။ သည့်အတွက်ပင် တောဆီဝင်စဉ်က ပလိုင်းနှင့် ဓားသာ ပါခဲ့ပြီး ခြုံစောင်မယူမိခဲ့သော စောမူထဲမှာ သက်သာရာရခဲ့သည်။ နောက်တော့ သူအိပ်ပျော်သွားခဲ့ရ၏။ ယခု အိပ်ရာနိုးသော် မိုးလင်းလေပြီ။ ထူးစိန်ကား သူ့အနားမရှိတော့။ အစာရှာများ ထွက်သွားလေသလော၊ သို့မဟုတ် ဘယ်ဆီရောက်သွားလေသည်မသိ။

စောမူထဲ နံဘေးက စမ်းချောင်းကလေးဆီတွင် မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်၏။ ခံတွင်းကျင်းသော် ဖျားထားသည့်အတွက် ခါးသက်လှသည့် ဖြစ်ခြင်း။ မျက်နှာသစ်ပြီးသော် ညက အိပ်စက်ရာနေရာဆီ ပြန်ခဲ့သည်။ ဝမ်းထဲက ဆာလောင်မှုကို ခံစားရသည်မို့ ပလိုင်းထဲရှိနေသော မနေ့ကလမ်းတွင် အရံသင့်တွေ့၍ ခူးဆွတ်လာသည့် ငှက်ပျောသီးနှင့် ကနစိုးသီးတို့ကို စားလိုက်သည်။
ထို့နောက် ထူးစိန်ပြန်အလာကို စောင့်နေလိုက်သည်။ နာရီအတန်ကြာသည်အထိ စောင့်ပြီးချိန် ထူးစိန်ပြန်ပေါ်မလာ။
” ဟူး…ထူးစိန်ရယ်။ မင်း ဘယ်ကိုသွားပြန်ပြီလဲကွာ…ငါ့မှာတော့ စိတ်ပူလို့ မင်းကတော့ ငါ့ကို အသိတောင် ပေးမသွားဘူး”
စောမူထဲ ရေရွတ်ပြီး ပလိုင်းနှင့် ဓားကို ကောက်ကာ မတ်တပ်ရပ်လိုက်သည်။ ညတုန်းက အဖျားတက်ပေမယ့် ကောင်းစွာ အိပ်ခဲ့ရပြီး ဝမ်းထဲကိုလည်း အစာအနည်းငယ်ဝင်ခဲ့ပြီမို့ လူက အိပ်ရာထစဉ်ကထက်တော့ လန်းဆန်းနေသည်။
စောမူထဲသည် မတ်တပ်ရပ်မတ်တပ်ရပ်ပြီးနောက် သူရောက်ရှိနေသည့် ရေသေမြောင်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး ဟိုဟိုသည်သည် လျှောက်ကြည့်သည်။

” ဘာခြေရာမှလည်း မတွေ့ဘူး။ အမှန်ဆို ခြေရာခြေခင်းတော့ ကျန်ရစ်ရမှာပေါ့”

စောမူထဲ တအံ့တသြရေရွတ်သည်။ ယခင်များကဆို လုပ်ငန်းပြီး၍ ညပိုင်း ဆင်လွှတ်၊ မနက်ပိုင်း ဆင်ပြန်ကောက်ရာတွင် ယခုလို ခြေရာခြေခင်းကြည့်၊ ခလောက်သံနားစွင့်၍ အလွယ်ပင် လိုက်နိုင်ခဲ့သည်။ ယခုမူကား ထူးဆန်းစွာ ခြေရာခြေခင်းမကျန်။ ခလောက်သံမကြား။
” ထူးစိန်ရေ….ထူးစိန်…”
အော်ခေါ်ကြည့်သည်။ လူက အားမရှိသည်မို့ အသံက သိပ်မကျယ်။

” ဒီနားမှာတော့ မရှိဘူး။ ဘယ်ကို ထွက်သွားပါလိမ့်။ ဟိုဘက် ဝါးတောတွေဘက်များ သွားနေသလားဘဲ”
စောမူထဲ တုန့်ပြန်လှုပ်ရှားသံလုံးဝမကြားသည်မို့ ရေရွတ်လိုက်သည်။ ပြီးသော် သူယူဆထားသည့်အတိုင်း တစ်ဖက်ကြောဆီက ဝါးတောများဆီ သွားရန် ခြေလှမ်းလိုက်တော့သည်။
” ကျော်ဟဲရေ…ကျော်ဟဲ…”
” ဝေး…စေးဖိုးလား။ ငါပြီးပြီ လာပြီဟေ့…”
ဖထီးစောကျော်ဟဲ အိမ်ထဲ၌ မူထဲ ကိုဆက်ရှာရန်အတွက် ပလိုင်းကိုပြင်ပြီး ထမင်းထုပ်ထည့်နေစဉ် တဲရှေ့က စောစေးဖိုး၏ ခေါ်သံကြောင့် အမြန်ထွက်လိုက်သည်။
” ဟာ…ဆရာလေး တင့်ဆွေကော ပါလာတာပဲဟေ”
လူအုပ်ထဲတွင် တောခေါင်းကလေး တင့်ဆွေကို တွေ့ရသည်မို့ ဖထီး ရေရွတ်လိုက်သည်။ တောခေါင်းကလေးကား ယူနီဖောင်းဝတ်လျက်။ အီကွေးမင့်အပြည့်အစုံ၊ သေနတ်ကို လက်ကကိုင်လျက်။
” ဟုတ်တယ် ဖထီးရေ…မနေ့ညက မူထဲကို မတွေ့ဘူးဆိုတဲ့ သတင်းကြောင့် တောအုပ်ကြီးက ဒီမနက်ကို ဖထီးတို့ ရှာရင် ကျွန်တော်ကိုပါ လိုက်ရှာကူလိုက်ပါလို့ဆိုတာနဲ့ အခုလိုက်လာတာ။ သူ့အမိန့်နဲ့ဆိုတော့ လုပ်ငန်းခွင်ကို လှည့်ကြည့်စရာမလိုဘူးလေ။ ဒီတော့ တစ်နေကုန် စိတ်အေးလက်အေး ရှာရတာပေါ့ မဟုတ်ဘူးလား ဖထီးရ”
” အေးလေ…ဒါတော့ ဒါပေါ့ ဆရာလေးရယ်။ ဒါပေမယ့် ငါက နင်တို့ကို ဒုက္ခပေးသလိုများ ဖြစ်နေမလား တွေးမိနေတာ။ ဒါကြောင့်လည်း ငါက နင်တို့ကို အသိမပေးဘဲ စေဖိုးတို့ကို အသိပေးပြီး ကြိတ်ရှာနေတာပေါ့”
” အို…ဖထီးရာ။ ဒီစခန်းတစ်ခုလုံးက အားလုံး မိသားစုတွေချည်းပဲဟာ…တစ်ယောက်အခက်အခဲ တစ်ယောက်ကူညီရမှာပေါ့”
” အေးပါလေ…အေးပါ။ နင်တို့ ကျေးဇူးကို ငါမှတ်ထားရမပေါ့”
” ဟုတ်ပါပြီဗျာ။ ကဲ…လူလည်းစုံပြီဆိုတော့ သွားကြစို့ဗျာ။ စောစောရှာ…စောစောတွေ့တော့ စောစော စိတ်အေးရတာပေါ့။ ကဲ… သွားကြစို့ ဖထီး”
တောခေါင်းကလေး တင့်ဆွေက ပြောပြောဆိုဆို အရှေ့ဆီက ဦးဆောင်ထွက်သွားလေတော့သည်။ ဖထီးစောကျော်ဟဲကား အနောက်ကပိတ်လိုက်၍ လူကို ရေကြည့်သော် အားလုံးပေါင်း ခုနှစ်ယောက်။ ဂဏန်းက မ’ ဂဏန်းဖြစ်နေ၏။ သို့အတွက် လမ်းနံဘေးက တွေ့ရာ ကျောက်ခဲတစ်လုံးကို ကောက်လေကာ
” မောင်ကျောက်ခဲရေ…ငါတို့နဲ့ လိုက်ခဲ့ကွာ…”
ရေရွတ်ပြီး သူ၏ ပလိုင်းထဲကောက်ထည့်လိုက်လေ၏။ သူတို့နယ်ဘက် အယူအဆကား တောသွားလျင် မ’ ဂဏန်းဖြင့်သွားပါက အနှောက်အယှက်ကြုံတတ်၏ဟု ယူဆကြ၏။ သို့ကြောင့် စုံ ဂဏန်းဖြစ်လေအောင် ဖထီးက မောင်ကျောက်ခဲကောက်ခဲ့ခြင်းပင်ဖြစ်လေသည်။
” ဒီတကြောရှာပြီး မတွေ့ရင် ဟိုဘက်က ရေသေမြောင်ကို ထပ်ဝင်ကြမယ်ဟေ့…”
တောခေါင်းကလေး၏ အသံ။ စခန်းက မနက်အစော ခုနှစ်နာရီခန့်က ထွက်ခဲ့ကြပြီး ယခု ညနေစောင်းတွင် လျိုသုံးခုနှင့် တောင်ကြောသုံးခုကို ပိုက်စိပ်တိုက်လျက် တောအူသံပေးပြီး ရှာခဲ့ကြပြီးလေပြီ။ လူရှာကြသည်မို့ တောတိုး၍ ရှာကြရသည်။ အသေးစိတ်ရှာကြသည်မို့ ခရီးကတော့ သိပ်မတွင်ပေ။
တစ်ခါတစ်ရံ တောခေါင်းကလေးကိုယ်၌သည်လည်း သေနတ်ကို လွယ်၍ ဓားကိုင်ကာ တောခုတ်လမ်းရှင်းရသည် အခါမျိုးလည်း ရှိတတ်၏။ သို့ပေမယ့် ညနေသာစောင်းခဲ့ပြီ။ စောမူထဲ၏ အရိပ်အယောင်၊ သဲလွန်စက ပျောက်နေဆဲ။
ရှာဖွေသူများလည်း နွမ်းကြလေပြီ။ သို့သော် လက်လျော့၍ မဖြစ်သေး။ ယခုကိစ္စက လူတစ်ယောက်၏ အသက်နှင့်ဆိုင်နေသည်။ တတ်နိုင်သည်ထက်ပို၍ ကြိုးစားကာ ရှာကြရပေမည်။
မကြာပါ။ အဖွဲ့အားလုံး ရေသေမြောင်ထဲ ဝင်ကြလေပြီ။
ရေသေမြောင်တွင်တော့ မူထဲကို တွေ့နိုင်မည်ဟု ယုံကြည်မိကြသည်။ အဘယ့်ကြောင့်ဆိုသော် ရေသေမြောင်တွင် စမ်းပေါက်တစ်ခုရှိသည်။ ထိုစမ်းပေါက်က ရေကြည်၏။ သို့အတွက် စောမူထဲ ထိုနေရာတွင် ရှိနိုင်မည်ဟု ယူဆကြခြင်းပင်။
ရေသေမြောင်ကို ပိုက်စိပ်တိုက် ရှာကြသည်။ မတွေ့။ အချိန်က ညနေ ၄ နာရီကျော်ပြီ။ တောတောင်ထဲပေမို့ နေဝင်စောသည်။ မကြာမီ မှောင်တော့မည်။ မှောင်လျင် အပြန်ခရီးခက်ချေမည်။
” ဟေး…ဒီဘက်ကို လာကြ။ ဒီမှာ ငှက်ပျောသီးခွံနဲ့ ကနစိုးသီး အခွံတွေ တွေ့တယ်”
မြောင်၏ တစ်ဖက်ထိပ်ဆီက အော်သံ။ အော်သံကြားရာဆီ အားလုံးစုပြီး သွားကြည့်ကြသည်။ မြေပြင်ထက်ဆီတွင် ငှက်ပျောခွံနှစ်ခုနှင့် ကနစိုးသီးအခွံအစအနများ။

” ဒါ…မူထဲ စားခဲ့တာ ဖြစ်နိုင်တယ်”
ဖထီးစောကျော်ဟဲက အခွံတွေကု ကိုင်ကြည့်ရင်း ပြောသည်။ တောခေါင်းကလေးက အခွံတစ်ခုကို ကောက်ကိုင်ကြည့်လေပြီး

” ဟုတ်လောက်တယ် ဖထီး။ စားထားတာ နေ့မကူးသေးလောက်ဘူး။ အစိုဓာတ်က ရှိနေသေးတယ်။ ငှက်ပျောသီးခွံဆို အထဲက အသားတွေက အရောင်မပြောင်းသေးဘူး။ ဒီတော့ သူဒီနားဝန်းကျင်မှာပဲ ရှိလိမ့်မယ်”
” ဒါဆို ငါတို့ လိုက်ရှာကြမယ်လေ ဆရာလေး”
စောအာယုက ဝင်ပြောသည်။ တောခေါင်းကလေးက ခေါင်းညိတ်ကာ လက်ကာပြလိုက်လေပြီး
” ခဏလေး…အချိန်က သိပ်မရှိတော့ဘူး။ ဒီတော့ သူ ဒီကနေ အရပ်လေးမျက်နှာမှာ ဘယ်ကိုသွားနိုင်လဲဆိုတာ အရင်ကြည့်ရမယ်”
တောခေါင်းကလေးသည် ပြောပြောဆိုဆို ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၏။ ပြီးသော် တစ်ဖက်ဆီကို လက်ညိုးညွှန်ကာ
” ဒီဘက်မှာ ဘာရှိလဲ ဖထီးတို့ သိကြလား ”

” အဲ့ဒီ့ဘက် တကြောအလွန်မှာတော့ တောင်ပြန့်ကလေးတစ်ခုနဲ့ ရေသေမြောင်ကထွက်တဲ့ စမ်းပေါက်ကလေးတစ်ခု ရှိတယ် ဆရာလေး”
စောနယ်စဲန်က ပြောသည်။ ဆရာလေးက ခေါင်းကိုအသာ ရမ်းလိုက်၏။
” ဒီဘေက္ကကာ…”
တစ်ဖက် ဆန့်ကျင်ဘက်ကို ပြကာ မေးလိုက်သည်။
” အဲ့ဒီ့ဘက်မှာက ဝါးတောနဲ့ ဝါးတောအလွန်မှာ ဗျိုက်တောတစ်ခုရှိတယ်”
” ဟုတ်ပြီ…အဲ့ဒါဆို ကျွန်တော်တို့ မိုးလည်း ချုပ်တော့မယ်ဆိုတော့ ရှေ့ဆက်မတိုးတော့ဘူး။ ပြီးတော့ ဟိုဘက် ဝါးတောက မမြင်နိုင်တဲ့ မြွေပါးကင်းပါး အန္တရာယ်ရှိတယ်။ နောက်… စောမူထဲကလည်း နေမကောင်းဖြစ်နေတာဆိုတော့ ဝါးတောကိုဝင်မယ်မထင်ဘူး။ ဝင်မယ်ဆိုလည်း အခုလိုမိုးချုပ်ကာနီးမှာတော့ အဲ့ဒီ့ထဲမှာ သူမနေလောက်ဘူး။ ပြန်ထွက်မှာပဲ။ ဒီတော့က စဉ်းစားကြည့်ရရင် စမ်းပေါက်ဘက်မှာ စခန်းချပြီး နေရင်နေလိမ့်မယ်။ ဒါကြောင့် ဒီဘက်ကို သွားကြမယ်။ ကဲ… မကြာခင် မိုးကလည်း.ချုပ်တော့မှာဆိုတော့ မြန်မြန်ရှာပြီး တွေ့တွေ့ မတွေ့တွေ့ မြန်မြန်ပြန်ကတာပေါ့…”

တောခေါင်းကလေးက တွေးဆပြီး လမ်းရွေးခဲ့သည်။ ထိုစဉ်က တောခေါင်းကလေးသည် သူရွေးသောလမ်းမှားခဲ့သည်ကို မသိနိုင်ခဲ့။ သူတွေးသည်က နှစ်ဖက်မျှတပြီး တွေးခဲ့ခြင်းသာ။ သူ့လူများ အန္တရာယ်ကင်းရန်အတွက်ကလည်း လိုအပ်သေးသည် မဟုတ်ပါလား။
ဤသည်ကပင် ထူးစိန်မည်သော ဆင်တစ္ဆေလေး၏ သံယောဇဉ်တရားကို သူတို့ သိခဲ့ကြရလေခြင်းပင်။
မှောင်ရီသမ်းပြီ။
စောမူထဲတစ်ယောက် နေ့လည်က ဝါးတောထဲပတ်ပြီး ထူးစိန်ကို ရှာနေရင်း ရုတ်တရက်အဖျားပြန်တက်လာကာ ဝါးရုံတစ်ရုံ၏ အခြေတွင် ခွေလဲကျနေရသည်။ သို့အတွက် အချိန်ဘယ်လောက်ရှိပြီ သူမသိ။ လူက သတိလစ်တစ်ချက်၊ မလစ်တစ်ချက်။
” အင်း…ဟင်း…ဟင်း…”
ညည်းညူသံက ခပ်တိုးတိုးသာ။ ချမ်းတုန်လှသည့် ခံစားချက်ကြောင့် ဓားနှင့် ပလိုင်းကို ချပြီး ပုဆိုးကို ခြုံထားရသည်။
” ဝေါ…ဖျော…ဖရော…”
တောတိုးလာသည့် အသံက သူ့ အနားကို တဖြေးဖြေးနီးကပ်လာနေသည်။ ခေါင်းထောင်ကြည့်လိုသော်လည်း ဦးခေါင်းတစ်ခုလုံးကား ကိုက်ခဲလေးဖင့်နေသည့်အတွက် မျက်စိဖွင့်ရန်ပင် အနိုင်နိုင်။ ခန္ဓာကိုယ်ဆီကို ပျော့ပျောင်းနူးညံ့သည့် ရှည်မျောမျော အထိအတွေ့ တစ်ခု တွေ့ထိလာသည်။
” ထူး…ထူးစိန်လား…”
ထိုအရာဆီက နှာမှုတ်သံလိုလို လေဝင်လေထွက်အသံကြောင့် စောမူထဲ တိုးဖျော့စွာ မေးလိုက်သည်။ လက်ကလည်း အားတင်း၍ စမ်းကြည့်လိုက်သည်။ အမွှေးစူးရှရှ၊ ပါးလျှလျှအချို့။ သေချာလေပြီ။ ဆင်နှာမောင်းတစ်ခုပင်။
” ထူး…ထူးစိန် မင်းပဲ။ ငါ…ငါဝမ်းသာလိုက်တာကွာ။ ချမ်း…ချမ်းလွန်းလို့ ငါ့ကို ဖက်ထားစမ်းပါ”

တုန့်ပြန်သံမကြား။ ညင်ညာသော ထွေးပွေ့မှုကိုတော့ စောမူထဲ ခံစားလိုက်ရသည်။ ထို့နောက်တွင်တော့ စောမူထဲ၏ အာရုံများကား တစ်ဖန်ပြန်လည်ပြီး ဝေဝါးသွားရပြန်လေ၏။
တောခေါင်းကလေးတို့အဖွဲ့ ရေထွက်စမ်းချောင်းကလေးအတိုင်း တောအူသံပေး၍ ရှာခဲ့ကြသည်။ မတွေ့။
” ကဲ…ဖထီးရေ။ မိုးလည်း ချုပ်လှပြီ။ ဓာတ်မီးကလည်း အစက ဒီလောက်ကြီး မိုးချုပ်ကြမယ်မထင်တော့ အားလုံးပေါင်းမှ သုံးလက်ပဲ ပါလာကြတာ။ လက်နက်ကလည်း လောက်လောက်လားလားဆိုလို့ ကျွန်တော့်ဆီက သေနတ်ပဲပါတာဆိုတော့ မိုးချုပ်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဒီနေ့တော့ ဒီလောက်နဲ့ပဲ လက်လျော့ပြီး ပြန်ကြစို့ရဲ့ဗျာ…။ မနက်ဖြန်ကျရင်တော့ အစောကြီးထလာပြီး ဒီနေရာကနေ ဆက်ရှာကြတာပေါ့”

ဖထီးကား သားဇောနှင့် ပေမို့ မျက်နှာတော့ မကောင်း။ သို့သော် တစ်နေကုန်၊ တစ်နေခန်း တစ်ဖွဲ့လုံး အပင်ပန်းခံကာ ရှာပေးခဲ့သည့် စေတနာကိုလည်း သူအမြင်ပေမို့ အားနာလှပြီ။
” အင်းပါ…ဆရာလေး။ နင်တို့ ဒီလောက်အပင်ပန်းခံရှာပေးတာကြကိုပဲ ငါကျေးဇူးတင်လှပါပြီ။ ငါတို့ ပြန်ကြတာပေါ့”
တစ်ဖွဲ့လုံး နောက်ပြန်လှည့်ကြသည်။ အချိန်က မှောင်ရီဝေတဝါးပင် ဖြစ်လို့ နေချေပြီ။ ရေသေမြောင်ထံကို ပြန်ဝင်ရောက်ပြီး အသီးခွံများ တွေ့သော နေရာဆီ ရောက်လာကြသည်။
” ကလောက်…ကလောက်…တောက်…တောက်…”
” ချွမ်…ရှလွမ်…”
ဆင်ခလောက်သံနှင့်အတူ မြေပြင်နှင့် ထူးကြိုးရိုက်သံများ။
” ဟေ့ဟေ့…နားထောင်ကြစမ်း…”
ရှေ့ဆုံးက ဓာတ်မီးထိုးကာသွားနေသော စောကလိုမူးရဲ့ အသံ။ အားလုံး ငြိမ်ပြီး နားထောင်ကြသည်။ အသံက တစ်ဖက်ဝါးတောအစပ်ဆီ လောက်က ထွက်ပေါ်နေသည်။ ကြားတွင် ခြုံများ၊ အပင်များခံနေသည်မို့ အကောင်အထည်ကိုမူ မမြင်ကြရ။
“ဟာ… ဒါ…ဒါ ထူးစိန်ရဲ့ ခလောက်သံပဲ…ဟုတ်တယ်…”
ဖထီးစောကျော်ဟဲ၏ စကားကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။
” ဟာ…ကျော်ဟဲရယ် နင်ကလည်း မဟုတ်တာပြောတော့မယ်။ ထူးစိန်က မနေ့က သေပြီပဲကို။ အခြားအသံတူတာနေမှာပါ”
ဖထီး စောဘော်ဆေးက မယုံနိုင်စွာ ဝင်ပြောလိုက်သည်။
” မဟုတ်ဘူး ဘော်ဆေး။ မူထဲက သူ့ဆင်ထူးစိန်ရဲ့ ခလောက်နံဘေးမှာ ခလောက်သေးသေးလေးတွေ တပ်ပေးထားတာ။ သူ့အသံ ငါမှတ်မိပါတယ်”
တောခေါင်းကလေးလည်း စောဘော်ဆေးလို မယုံကြည်သူမို့
” ကဲပါ…ဖထီးတို့ရာ ငြင်းမနေကြပါနဲ့တော့။ ထူးစိန်က မနေ့က သေပြီဆိုတော့ ဒါက တခြားဆင်ပဲ ဖြစ်မှာပါ။ ထါးလိုက်ပါ…အပြန်နောက်ကျနေလိမ့်မယ် သွားကြစို့”
” မဟုတ်သေးဘူး ဆရာလေး။ ငါတွေးမိတယ်။ ဒီကိစ္စက သမရိုးကျဖြစ်စဉ်တော့ မဟုတ်ဘူး။ နင်စဉ်းစားကြည့်နော်။ ငါတို့ လုပ်ကွက်က ဆင်တွေကို စားကျက် လွှတ်ရင် ညနေလုပ်ငန်းပြီးမှ လွှတ်ကြတာ။ ညနေက လွှတ်တဲ့ဆင်က ဒီနေရာကို ဘယ်လိုအမြန်နှုန်းနဲ့ ရောက်လာမလဲ…နင်တို့လည်း စဉ်းစားကြည့်ကြဦး”
ဖထီးစောကျော်ဟဲ၏ စကားက တစ်ဖွဲ့လုံးကို ဒွိဟဖြစ်သွားစေသည်။ လုပ်ကွက်က ဆင်များဆိုပါက အစာစားရင်းသွားနေမည်မို့ လွှတ်ထားချိန်နာရီပိုင်းအတွင်း သည်နေရာကို ရောက်ဖို့မလွယ်။
” အင်း…ဖထီးပြောတာ တစ်ခုခုတော တစ်ခုခုပဲ။ ဘာပဲဖြစ်ဖြစ်ဗျာ…ကျွန်တော်တော့ စိတ်ဝင်စားသွားပြီ။ တိတိကျကျ သိရအောင် သွားကြည့်ကြစို့”
တောခေါင်းကလေးသည် လူငယ်ပီပီ အဖြေကို စိတ်ဝင်စားမှုနှင့်အတူ သေနတ်ကို ကျည်ထိုးလိုက်လေပြီး အရှေ့ကနေ ဓာတ်မီးကို ခပ်အုပ်အုပ်ထိုးလိုက်လေကာ အသံကြားရာဆီ ထွက်သွားလေတော့၏။ အနောက်က အဖွဲ့သားများသည်လည်း တောခေါင်းကလေး၏ နောက်ကနေ ရင်တထိတ်ထိတ်ဖြင့် လိုက်ခဲ့ကြတော့သည်။
” ကလောက်…ကလောက်…တောက်…”
တောခေါင်းကလေးတို့ အရှေ့ကို တိုးလာလေ အသံကလည်း ဆန့်ကျင်ဘက်ဆီ ရွေ့သွားလေဖြစ်နေ၏။
အသံက တကယ်တမ်းဆိုပါလျင် ဓာတ်မီးတစ်ပြခန့်ကသာ ကြားနေရသော်လည်း တကယ်တမ်း တစ်ချက်တစ်ချက် လှမ်းထောက်ကြည့်ချိန် မီးတစ်ဆုံးဆီလောက်က ဖြစ်သွားပြန်တတ်၏။တောတိုးနေသံများကလည်း ထိုအသံနှင့်အတူ သိသာစွာကြားနေရပြန်သည်။
” ဆရာလေး…ငါတို့ကို တစ္ဆေများခြောက်နေတာလားဘဲနော်…”
ဝါးတောထဲကို အတော်အတန်ရောက်ချိန် အားလုံးထဲတွင် အငယ်ဆုံးဖြစ်သော စောအာယုက ပြောလေသည်။
” အာ…မဖြစ်နိုင်တာပဲ အာယုရယ်။ အသံက ဒီလောက်ကြီး ပြတ်သားနေတာကို”
” ဟုတ်တယ်…ဘာပဲဖြစ်ဖြစ် မကြာခင်တော့ သိရတော့မှာပါ”
ရှေ့ဆက်တိုးခဲ့ကြသည်။ နောက်ထပ် ဆယ်မိနစ်ခန့်ကြာချိန်တွင်တော့ အသံက ရှေ့ဆက်မရွေ့တော့။ နေရာတစ်ခုဆီတွင် ရပ်တန့်ပြီး မြည်နေ၏။
” ရပ်တော့ ရပ်သွားပြီ။ လာဗျာ…အားလုံးပဲ မီးတွေ မှိတ်လိုက်တော့။ အရှေ့က ဆင်သွားထားတာဆိုတော့ အန္တရာယ်လည်း မရှိလောက်တော့ပါဘူး။ ဒီတော့ အာယု မင်းက ငါ့အနားလာ ဓာတ်မီးကိုင်။ အားလုံးပဲ မီးမှိတ်ပြီး ရှေ့ဆက်တိုးမယ်။ သူ့အနားရောက်တာနဲ့ မီးကို ပြိုင်တူထိုးကြည့်ကြမယ်။ ကျွန်တော်ကတော့ တစ်ခုခုဆိုပစ်ရအောင်လို့ အသင့်ဖြစ်နေအောင် သေနတ်နဲ့ ကြိုချိန်ထားလိုက်မယ်ဗျာ”
တောခေါင်းကလေးက အစီအစဉ်ကို တီးတိုးပြောပြသည်။
ထို့နောက် အစီအစဉ်အတိုင်းရှေ့ဆက်တိုးခဲ့ကြ၏။ အသံက ကြားနေရဆဲ။ မကြာပါ။ အသံကြားရာနှင့် အတော့်ကို နီးကပ်လာပြီး ဝါးရုံလေးတစ်ခုကို ကျော်မိချိန်။
” ဟာ…”
ဝါးရုံတစ်ခုအောက်တွင် ဆင်တစ်ကောင်လို မည်းလုံးလုံးအရာကြီးကို အမှောင်ထုထဲတွင် မသဲမကွဲမြင်ရလေ၏။ ထိုအရာကြီးကား ရပ်တန့်နေပြီး ဦးခေါင်းနေရာကိုမူ လှုပ်ရမ်းခါနေသည်။
” ထိုးတော့…”

ဓာတ်မီးရောင်များ ဖြာခနဲ။ အလင်းရောင်ကြောင့် အိပ်တန်းဝင်ငှက်အချို့ပင် လန့်ပျံကုန်ကြသည်။
” ဟင်…”
” ဟာ…”
” အလို…မူ..မူထဲ”
အားလုံးလိုလို အာမေဋိတ်တို့ အသီးသီးရေရွတ်မိကြ၏။ ဓာတ်မီးရောင်များအောက်ဝယ် အခုနက အမှောင်ထဲတွင် မြင်နေရသည့် မည်းမည်းအရာကြီးက ပျောက်ခြင်းမလှပျောက်လျက်။ ထိုနေရာတွင်ကား ခွေခွေကလေးလဲနေသော စောမူထဲ။
” မူ…မူထဲ…”
ကြက်သေသေနေကြရာက ဖထီးစောကျော်ဟဲသည် သတိဝင်ပြီး စောမူထဲကို ပြေးပွေ့လိုက်သည်။ ကျန်လူများလည်း ထိုအခါမှ စောမူထဲနှင့် ဖထီးတို့ အနားကို ပြေးကြလေသည်။
စောမူထဲကား ဖထီး၏ လက်ထဲတွင် တဟီးဟီးဖြင့် အဖျားတက်နေ၏။
” မူထဲ…ငါ…ငါတို့ ရောက်လာပြီလေ…မူထဲ…နင်အားတင်းထားစမ်း…”
ဖထီးစောကျော်ဟဲက ပြောလိုက်သည်။
ထိုစဉ် သူ၏ ပါးစပ်က ညည်းတွားသံက တောခေါင်းကလေးအပါအဝင် အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့လေသည်။
” အင်း…ဟင်း…ဟင်း…ထူး…ထူးစိန်။ ငါ့ကို ဖက်ထားပါ…”
ဇာတ်လမ်းကို နိဂုံးချုပ်ရလေသော်။
စောမူထဲသည် ငှက်ဖျားရောဂါဖြင့် မြို့ဆေးရုံဆီတွင် နှစ်ပါတ်ခန့် ဆေးရုံတက်ကာ ကုသခဲ့ရသည်။
စောမူထဲ ဆေးရုံက ပြန်ဆင်းသော် အတော်ပင် ထူထူထောင်ထောင်ဖြစ်ခဲ့လေ၏။ လူနာလာမေးကြသူများက အိမ်ဆီတွင် ပြည့်နေသည်။ မူထဲကား ရောက်ရောက်ချင်း ထူးစိန်အကြောင်းကို မေး၏။
ဆေးရုံတက်စဉ်က သူ့အား ထူးစိန်အကြောင်းကို စိတ်ထိခိုက်မည်စိုး၍ အသိမပေးခဲ့ကြ။ ယခု စောမူထဲမေးလာချိန်ကျမှ ဖထီးတို့သည် ထူးစိန်အကြောင်းကို အမှန်အတိုင်း ပြောပြလိုက်တော့သည်။ ကြားကြားချင်း မူထဲမှာ
” ဟာ…မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး ထူးစိန်က ငါတောထဲမှာတုန်းက ညတိုင်း ရောက်လာတတ်တာ။ ငါဖျားတိုင်း သူလာဖက်ထားတာ….သူသေပြီဆို ငါ့ဆီ ဘယ်လာမလဲ”
ဟု မျက်ရည်များလည်၍ တွင်တွင်ကြီး ငြင်းဆန်လေသည်။
ထိုအခါ ဖထီးတင်မက ရှာဖွေစဉ်က လိုက်ပါခဲ့သော တောခေါင်းကလေးနှင့် အခြားသူများက သူတို့ရှာဖွေစဉ်က အဖြစ်အပျက်က်ု ဝိုင်းပြောပြကြရလေတော့သည်။ အများက ဝိုင်းကာ ပြောလေသည့်အခါတွင် စောမူထဲမှာ မယုံ၍ မရတော့။
” ဒါ…ဒါဆို… ထူးစိန်က ငါ့ကို ကယ်လိုက်တာပေါ့နော်…ဟုတ်လားဟင်…ဖထီး…ဟုတ်လားလို့….အီး…ဟီး…ဟီး….”

ဟုဆိုကာ ချုံးပွဲချကာ ငိုကြွေးလေတော့သည်။ စောမူထဲ၏ ငိုကြွေးသံသည်ကား ကြည့်၊ မြင်၊ ကြားနေရသူတို့အဖို့ အတော့်ကိုပင် ဝမ်းနည်းစရာကောင်းလှသည်။ မျက်ရည်မခိုင်သူတို့က မျက်ရည်ကျကြလေ၏။
သို့နှင့် နောက်လေးငါးရက်ခန့်အကြာတွင်တော့…။
စောမူထဲတို့ အိမ်ရှေ့ ခပ်လှမ်လှမ်းဆီက မြေကွက်လပ်တွင်။
တောခေါင်းကလေး၏ ဦးဆောင်စီစဉ်မှု၊ ဖထီးစောကျော်ဟဲ၏ ခွင့်ပြုချက်၊ ငွေကြေးအချို့ထည့်ဝင်မှုနှင့်အတူ သံဃာတော် ငါးပါးအား ပင့်ဆောင်၍ ထူးစိန်အတွက် ရည်စူးကာ ပြုလုပ်လေသော ဆွမ်းသွတ်ပွဲလေးတစ်ခု။
ထိုဆွမ်းသွတ်ပွဲကို စခန်းရှိ ဗုဒ္ဓဘာသာဝင်တို့က တရားနာကြကာ ထူးစိန်အတွက်ရည်စူး၍ ယခုပြုသည့် အလှူဒါနအစုစုတို့ကို ရေစက်သွန်းချ အမျှဝေကြလေသည်။
ဖထီးစောကျော်ဟဲတို့ကတော့ ဘာသာခြားဖြစ်သည့်အတွက် တရားဝင်မနာကြ။ နံဘေးကနေ လိုအပ်သည်များ ကူညီပေးရန် စောင့်နေကြလေ၏။
ထိုအချိန် စောမူထဲကမူ ခပ်လှမ်းလှမ်းဆီကနေ ဆွမ်းသွတ်ပွဲကလေးအား မျက်ရည်များကြားက ငေးရီကာကြည့်နေရင်းဖြင့်…..။
ပြီးပါပြီ။

အားပေးကြသူတိုင်းကို အစဉ်လေးစားဦးညွတ်လျက်….
နောင်ရိုး(ဆေးတပ်)

Zawgyi Version

ဆင္တေစၦ(စ/ဆံုး)
———————–
” ထူးစိန္…မလုပ္နဲ႔…မလုပ္နဲ႔…အား….”
ညနက္သန္းေခါင္ ေစာမူထဲတစ္ေယာက္ အိပ္ရာက ေယာင္ေအာ္လိုက္ျခင္းပင္။
သူ၏ ေအာ္သံေၾကာင့္ က်န္အိမ္သားမ်ား လန႔္ႏိုးကုန္ၾကေလ၏။
” ဖိုးခြား…နင္ဘာျဖစ္တာလဲ ”
ဖထီး ေစာေက်ာ္ဟဲက မူထဲကို လႈပ္ႏႈိးရင္း ေမးေလသည္။ မူထဲ၏ မ်က္ဝန္းထဲတြင္ေတာ့ မ်က္ရည္တို႔က ျပည့္လွ်ံေန၏။ ေဘးနားတြင္ေတာ့ အမိုးႏွင့္ ညီမငယ္ ေနာ္ကလဲရာတို႔။
” ဖထီး…ငါ…ငါထူးစိန္ကို အိပ္မက္လို႔…အိပ္မက္ထဲမွာ ထူးစိန္ေနာက္ကို ငါလိုက္သြားရင္း ေတြ႕ေတာ့ ထူးစိန္က လူတစ္ေယာက္ကို ႏွာေမာင္းနဲ႔ ႐ိုက္ၿပီး တက္နင္းေနတာ။ ငါ တားတာကို သူ…သူ နားမေထာင္ဘူး။ သူ…လူေတြ ဘယ္ေလာက္ေတာင္ ထပ္သတ္ေနဦးမွာလဲ မသိပါဘူး ဖထီးရယ္။ ၿပီးေတာ့ သူ႔ကို စစ္သားေတြက ေသနတ္နဲ႔ ဝိုင္းပစ္ေနၾကတယ္”
မူထဲက ေျပာရင္းျဖင့္ ငိုေခ်ၿပီ။ ဖထီး ေစာေက်ာ္ဟဲ စိတ္မေကာင္းျဖစ္ရ၏။ နံေဘးက အမိုးတို႔ သားအမိမွာလည္း ထပ္တူထပ္မွ်ပင္။
” စိတ္ထိန္းထားပါဦး ဖိုးခြား ရယ္။ ထူးစိန္က မုန္ယိုၿပီး လူသတ္လိုက္တာကိုး။ သူဘယ္လိုေၾကာင့္နဲ႔မွ ျပန္လာလို႔ မရဘူး။ ျပန္လာတာနဲ႔ သူအသတ္ခံရမွာပဲေလ…”
” မ…မရဘူး ဖထီး။ ငါ…ငါ သူ႔ေနာက္ကို လိုက္သြားမွရမယ္။ ငါသူ႔ကို တားမွ…မဟုတ္ရင္ သူပိုဆိုးသြားမွာ…သူ႔ကို စစ္သားေတြက သတ္ေတာ့မွာ”

” ေအးပါ…ဖိုးခြား ရယ္။ နင္က အခု ဖ်ားေနတာေလ။ ေအး… နင္သြားခ်င္သပဆိုရင္ေတာ့ မနက္မိုးလင္းရင္ သြားေပါ့။ အခုေတာ့ အိပ္ေရးဝ၊ အားရွိေအာင္ နင္အိပ္ေခ်ဦး”
ဖထီးက မူထဲ စိတ္ေျပေအာင္ ေျပာလိုက္သည္။
” ဟုတ္တယ္ ငါအိပ္မယ္။ ဒါနဲ႔ ဖထီး…ဟိုစစ္သားေတြ ဒီေန႔ေကာ ထူးစိန္ကို သြားရွာၾကေသးလား။ သူတို႔ခ်ည္းသြားရင္ ထူးစိန္အတြက္ အႏၲရာယ္သိပ္မ်ားတယ္”

” ဟင္အင္း…မရွာဘူး ဖိုးခြား။ နင္ဖ်ားေနလို႔ သူတို႔ နင္ေနေကာင္းမွ ဆက္ရွာမယ္ေျပာတယ္”

ဖထီး ညာလိုက္သည္။ ေန႔လည္တုန္းက သုတ္သင္ေရးအဖြဲ႕သည္ ေတာင္ေျခ႐ြာက ထူးစိန္သတင္းရသည္မို႔ အားခ်င္းပင္ ထြက္သြားၾကသည္။ ဤသည္ကို မူထဲအား အသိေပး၍ မျဖစ္။
အရင္ရက္ေတြတုန္းကေတာ့ မူထဲပါ သုတ္သင္ေရးအဖြဲ႕တြင္ လိုက္ပါသြားၿပီး ထူးစိန္ကို ရွာသည္။ သို႔ေသာ္ မနက္အေစာကမွ မူထဲ ေကာက္ကာငင္ကာ ဖ်ားသည္မို႔ တစ္ေနကုန္ အိပ္ရာထဲ လဲေနခဲ့သည္။
” ဟုတ္တယ္…ငါ..မနက္က်ရင္ လိုက္သြားမယ္။ ငါလိုက္သြားမယ္”
ေစာမူထဲက တစ္ကိုယ္ထဲ ညည္းသလိုဆိုရင္း အိပ္ရာတြင္ ျပန္လွဲသည္။ ဖထီးက ေစာင္ပိုင္းေလးကို မူထဲအား ၿခဳံေပးလိုက္ေလ၏။ ၿပီးေသာ္…မူထဲကို ၾကည့္၍ စိတ္ထဲက
” မူထဲရယ္…နင္ခ်စ္တဲ့ ထူးစိန္က ဒီညကိုေတာင္ လြန္ႏိုင္ပါ့မလား မသိပါဘူးကြယ္”
ဟု စိတ္မေကာင္းစြာပင္ ေရ႐ြတ္လိုက္ေလသည္။

အိပ္ရာထဲတြင္ လွဲေလ်ာင္းရင္း ဖထီးေစာေက်ာ္ဟဲ၏ အေတြးမ်ား အတိတ္ဆီ ေနာက္ျပန္လည္သြားသည္။
လြန္ခဲ့သည့္ ႏွစ္မ်ားက ျမန္မာ့သစ္လုပ္ငန္းသုံး၊ သူတို႔မိသားစုပိုင္ ဆင္မႀကီး ပန္ထြာကို ေန႔ဘက္လုပ္ငန္းခြင္အၿပီး ထုံးစံအတိုင္း ညပိုင္းတြင္ ေတာသို႔ လႊတ္ေက်ာင္းထားခဲ့သည္။
ေနာက္တစ္ေန႔နံနက္ ေဝလီေဝလင္းတြင္ေတာ့ ေစာေက်ာ္ဟဲႏွင့္ ေစာမူထဲတို႔ သားအဖႏွစ္ဦး ပန္ထြာကို ျပန္ေကာက္ရန္ ေတာဆီဝင္ခဲ့သည္။
ဤတြင္ ထူးဆန္းစြာပင္ ပန္ထြာ၏ နံေဘး၌ ေတာဆင္ေပါက္ကေလးတစ္ေကာင္ သူ႔မိခင္အမွတ္ႏွင့္ ေရာက္ေနသည္ကို ေတြ႕လိုက္ရ၏။ သားအဖႏွစ္ဦးလည္း အစက အနီးအနားက ဆင္ေပါက္ကေလး မ်က္စိလည္ကာ ေရာက္လာသည္ ထင္မိၿပီး ေခၚလာခဲ့ကာ ပိုင္ရွင္ ျပန္ရွာၾကသည္။ သို႔ေသာ္…ပိုင္ရွင္မရွိ။ ေတာဆင္႐ိုင္းကေလးဆိုသည္မွာ ေသခ်ာခဲ့သည္မို႔ သူတို႔ ေမြးခဲ့ၾကသည္။ နာမည္ကို ထူးထူးျခားျခား ျဖစ္ရပ္ႏွင့္ ေတာထဲက ရခဲ့သည္မို႔ ထူးစိန္ဟု ေပးခဲ့ၾကသည္။
ထူးစိန္ကို ေစာမူထဲက အလြန္ခ်စ္သည္။ ထူးစိန္ကလည္း ေစာမူထဲကို ထပ္တူခ်စ္သည္။ မ်က္ေစ့ေအာက္က အေပ်ာက္မခံ။ ႏွစ္ဦးကား ကစားေဖာ္၊ ကစားဘက္။ ထိုစဥ္က ေစာမူထဲမွာ သူတို႔႐ြာက အစိုးရေက်ာင္းဆီတြင္ သုံးတန္းေက်ာင္းသား။

ေစာမူထဲ ေက်ာင္းကျပန္လာၿပီဆို ထူးစိန္က ေပ်ာ္ေနတတ္သည္။ ေက်ာင္းသြားခ်ိန္ဆိုလ်င္ ေစာမူထဲသြားရာလမ္းကို ေမွ်ာ္ေငးၿပီး ငိုင္ေတြေနတတ္သည္။
သည္အေၾကာင္းကို ေစာမူထဲသိေသာ္ စာကို ေျဖာင့္ေျဖာင့္မသင္ႏိုင္ေတာ့။ ေနာက္ဆုံး ထူးစိန္စိတ္တစ္ပိုင္းႏွင့္ပင္ ေက်ာင္းကထြက္ခဲ့သည္။ ၿပီးေနာက္ သူတို႔ႏွစ္ဦးသည္ ေစာေက်ာ္ဟဲ၏ လုပ္ငန္းခြင္ဆီ လိုက္လံကစားၾကသည္။ ပန္ထြာ သစ္ဆြဲခ်ိန္ဆိုလ်င္ ထူးစိန္ႏွင့္ ေစာမူထဲကနံေဘးက လိုက္လံ အားေပးတတ္သည္။
ႏွစ္မ်ားၾကာလာေတာ့ သူတို႔အ႐ြယ္ေရာက္ၾကၿပီ။ ထူးစိန္က သန္မာလွေသာ စြယ္စုံႀကီးဆင္ႀကီးအျဖစ္ ေရာက္ရွိလာသလို၊ ေစာမူထဲကလည္း ကြၽမ္းက်င္ေသာ ဆင္ဦးစီးတစ္ေယာက္အျဖစ္သို႔ ေရာက္ရွိလာခဲ့ၿပီပင္။
ထူးစိန္ႏွင့္ မူထဲတို႔သည္ လြန္စြာ အတြဲညီၾကသည္။ ထူးစိန္က သန္မာသလို မူထဲက သြက္လက္သည္။
တစ္ခုေသာေနဆီတြင္ေတာ့ ထူစိန္ႏွင့္ မူထဲတို႔ဆီ ၾကမၼာဆိုးဝင္လာခဲ့ငည္။ ထိုတေလာက အမိုး က်န္းမာေရး မေကာင္းသျဖင့္ ၿမိဳ႕ေဆး႐ုံကို ျပဖို႔ျဖစ္လာသည္။ အေဖာ္အျဖစ္လိုက္ရန္ကား ညီမငယ္ ေနာ္ေဆးေဖာ့သာ ရွိသည္။ သည္ေတာ့ အေစာင့္အေရွာက္အျဖစ္ ဖထီးက မူထဲကိုပါ ထည့္လိုက္သည္။
မူထဲတို႔ ၿမိဳ႕ကို သြားေသာ္ ဖထီးက လုပ္ငန္းခြင္ဆက္ဝင္ရသည္။ သို႔ရာတြင္ ဖထီးကား ဆင္မႀကီး ပန္ထြာႏွင့္ တစ္တြဲေပမို႔ ထူးစိန္ကို သီးျခား မထိန္းႏိုင္။ ထူးစိန္တို႔ သစ္ကြက္ကလည္း တဆင္ နားဖို႔ မျဖစ္ၿပီ။ သို႔ေၾကာင့္ ထူးစိန္ကို အျခားဆင္ဦးစီးတစ္ေယာက္ႏွင့္ တြဲဖက္ေပးခဲ့သည္။
သည္တြင္ မူထဲမရွိလ်င္ မေနတတ္သည့္ ထူးစိန္က ေဗြေဖာက္လာသည္။ ခိုင္းမရ။ ကပ္သည္။ ညစ္သည္။ သည္ေတာ့ သူ႔ကို ထိန္းသည့္ ဦးစီးက ခြၽန္းဒဏ္ေပးသည္။ မရ…။
ၾကာေတာ့ ဦးစီးသည္ ထူးစိန္အေပၚ စိတ္မရွည္ေတာ့။ ထိုဦးစီးမွာ နဂိုကပင္ အရက္ေသစာေသာက္စားတတ္သူျဖစ္ရာ ထူးစိန္ကို အၾကမ္းကိုင္ေတာ့သည္။ ထူးစိန္ကလည္း ဤသည္ကို လက္မခံ။ သို႔ႏွင့္ပင္ ထူးစိန္သည္ ေနာက္ဆုံးဝယ္ ထိုဦးစီးကို ဆြဲခ်ၿပီး ႏွာေမာင္းျဖင့္ ႐ိုက္ကာ ေျချဖင့္နင္းေတာ့သည္။
ဦးစီး ေသေလၿပီ။ သည္အခါ နံေဘးက ျမင္ရသူတို႔က ထူးစိန္ကို ဝိုင္းဝန္းေျခာက္လွန႔္ၾကၿပီး ဆင္မ်ားျဖင့္ အခ်င္းခ်င္း ထိန္းရန္ႀကိဳးစားသည္။ မရ။ အနားကပ္လာသည့္ ဆင္မ်ားကို ထူးစိန္က တိုက္ခိုက္သည္။ ေနာက္ ထိုေနရာက ေနာက္ဆုတ္ေျပးၿပီး မည္းမည္းျမင္ရာတို႔ကို ႐ိုက္ခ်ိဳး၊ နင္းေခ် ဖ်က္ဆီးေတာ့သည္။
ထူးစိန္ေသာင္းက်န္းခ်ိန္ဝယ္ စခန္း၌ ေတာအုပ္၊ ေတာေခါင္းတို႔က အျခားလုပ္ကြက္ဆီေရာက္ေန၏။ ေသနတ္က ထိုသူတို႔ထံတြင္သာ ရွိေနသည္။ သို႔ေၾကာင့္ ဆင္ဦးစီးတို႔မွာ စခန္းတြင္ပင္ အလြယ္ ရွိေသာ စိန္ေရာင္ျခည္ေဗာက္အိုးတို႔ကို အသုံးျပဳ၍ ထူးစိန္ကို ေျခာက္ထုတ္ရေတာ့သည္။

ထူးစိန္ ေတာထဲကို ဝင္သြားခဲ့ၿပီ။ သို႔ေသာ္ စခန္းဝန္းက်င္ကေတာ့ သူဖ်က္ဆီးခဲ့သည့္ အပ်က္အစီးမ်ား မနဲမေနာ။ တဲပ်က္တစ္ခုထဲက ငွက္ဖ်ားမိၿပီး ေနမေကာင္းျဖစ္ကာ အိပ္ေနေသာ ကိုမိုးဆိုသူ တစ္ဦး ေသသည္။ တစ္ခဏအတြင္း ထူးစိန္ လူႏွစ္ေယာက္ကို သတ္ခဲ့သည္။
ေတာေခါင္းတို႔ ေရာက္ေသာ္ ျဖစ္စဥ္ကို အထက္ဆီ တင္ျပၿပီး ထူးစိန္ကို ေတာနင္းရွာၾကသည္။ ထူးစိန္ကိုေတြ႕ေသာ္လည္း ပါးနပ္စြာပင္ ေရွာင္ရွားသြားခဲ့သည္။ မမိၾက။
သည့္ေနာက္ရက္တြဳင္ သတင္းၾကားရသည္မွာ ထူးစိန္သည္ ေတာထဲတြင္ တစ္ေယာက္သတ္သည္။ ထိုည၌ပင္ ယာခင္းဆီတြင္ အစာဝင္စားရင္းျဖင့္ ယာခင္းေစာင့္သည့္ တဲအတြင္း အိပ္ေနၾကေသာ မိသားတစ္စုကို နင္းသတ္ျပန္သည္။ မိသားစုတြင္ အားလုံးေပါင္း ကေလးသုံးဦး၊ လူႀကီးႏွစ္ဦးပါရွိ၏။ သည္အတြက္ ထူးစိန္သတ္ခဲ့သည္မွာ စခန္းကလူမ်ားပါလ်င္ စုစုေပါင္း လူရွစ္ဦးတိတိရွိခဲ့ေလၿပီ။ ထူးစိန္သည္ လူတို႔ကို သူ၏ ရန္သူဟုပင္ သတ္မွတ္ခဲ့ၿပီေလာမသိ။
သို႔အတြက္ျဖင့္ပင္ ေတာေခါင္းတို႔မွာ သူတို႔ခ်ည္းသာ မထိန္းႏိုင္ေတာ့ၿပီမို႔ ႏိုင္ငံေတာ္ထံ တင္ျပၿပီး ထူးစိန္ကို အေသဖမ္းခြင့္ တင္ျပၾကသည္။ ခြင့္ျပဳၿပီး မၾကာပါ။ အနီးဆုံးစစ္တပ္ႏွင့္ ရဲစခန္းဆီက ရဲႏွင့္ စစ္သားတခ်ိဳ႕ လက္နက္၊ ခဲယမ္းတို႔ႏွင့္အတူ ေရာက္လာၾကသည္။ ထူးစိန္ကို သူတို႔ သတ္ၾကေတာ့မည္ပင္။

ထို စစ္သားတို႔ ေရာက္လာသည့္ေန႔တြင္ပင္ မူထဲ ျပန္ေရာက္လာသည္။ အမိုးလည္း ေဆး႐ုံဆင္းကာ သက္သာေလၿပီ။
ေစာမူထဲမွာ ျပန္ေရာက္ေရာက္ခ်င္း ထူးစိန္သတင္းကို ၾကားေသာအခါ မယုံႏိုင္ေအာင္ ျဖစ္ေလသည္။ ၿပီးေသာ္ သုတ္သင္ေရးအဖြဲ႕ကို သူ ဦးေဆာင္မည္ဟုဆိုကာ ထူးစိန္ကို ေတာနင္းရွာသည္။ တစ္ပါတ္ခန႔္ၾကာသည္အထိ မေတြ႕။
အမွန္ေတာ့ ေစာမူထဲစိတ္က ထူးစိန္ကို သတ္မွာ စိုးရိမ္သည္။ သို႔ေၾကာင့္ ထူးစိန္ကို ေတြ႕ေအာင္မရွာ။ တမင္ပင္ လမ္းေၾကာင္းလႊဲကာ ရွာသည္။ သို႔ေၾကာင့္ တစ္ပါတ္ၾကာသည္အထိ မေတြ႕။ သတင္းရသည္ရွိေသာ္လည္း မူထဲ၏ ပါးနပ္မႈေၾကာင့္ ထူးစိန္ကို မသတ္ႏိုင္။
ထိုအေတာ့အတြင္း ညဘက္မ်ား၌ ေစာမူထဲမွာ အေတာ္ႏွင့္မအိပ္။ အိပ္ေပ်ာ္ခဲ့ျပန္ေသာ္ ထူးစိန္စိတ္ေၾကာင့္ ေယာင္ရမ္းကာ ေအာ္သည္။ ငိုသည္။ ျဖစ္စဥ္က သည္လိုပင္ ျဖစ္ေတာ့ေလသည္ကား။
ဖထီးသည္ မူထဲႏွင့္ ထူးစိန္တို႔၏ အတိတ္ကအေၾကာင္း ေတြးေနျခင္းကို ရပ္တန႔္သည္။
” ဟူး…ထူးစိန္ဘာမွမျဖစ္ပါေစနဲ႔”
တီးတိုး ေရ႐ြတ္မိေတာ့သည္သာ။

သုတ္သင္ေရးအဖြဲ႕သည္ မနက္အေစာတုန္းက ထူးစိန္ သတင္းကို ရေလ၏။ ေတာင္ေျခက ယာခင္းေတြဆီကို ဆင္တစ္ေကာင္ဝင္ကာ စားေသာက္တတ္သည္ဆိုၿပီး ယာပိုင္ရွင္အခ်ိဳ႕က လာသတင္းပို႔ၾကသည္။ ထိုဆင္ကို ထူးစိန္ဟုဟု အတိအက် ေျပာႏိုင္ရျခင္းမွာ ေျခတြင္ သံႀကိဳးျပတ္ႀကိး တန္းလန္းပါေနသည့္အတြက္ပင္။

သိုအတြက္ သုတ္သင္ေရးအဖြဲ႕သည္ ေစာမူထဲကို မေခၚဘဲ သတင္းရရာဆီ ကင္းပုန္ဝပ္ပစ္ခတ္ရန္ ခ်က္ခ်င္းပင္ သြားၾကသည္။ သုတ္သင္ေရးအဖြဲ႕ကား ဆင္မ်ားႏွင့္မသြား။ လူခ်ည္းသာသြားၾကသည္။ အေၾကာင္းမွာ ထူးစိန္ကို အေသပစ္ခတ္ရမည္ကတစ္ေၾကာင္း၊ ၿပီးေတာ့ ဆင္မ်ားပါလ်င္မူ လႈပ္ရွားသံ၊ ေအာ္သံတို႔ေၾကာင့္ ကင္းပုန္ဝပ္လ်င္ မလုံၿခဳံမွာ စိုးသည္က တစ္ေၾကာင္းေၾကာင့္ပင္။ ကင္းပုန္းမဝပ္ဘဲ အရွင္ဖမ္းမည္ဆိုလ်င္ေတာ့ ထူးစိန္ကို ထိန္းရန္ ဆင္တို႔ကို မပါမျဖစ္ ေခၚေဆာင္သြားရမည္ပင္။
ညတြင္ သုတ္သင္ေရးအဖြဲ႕သည္ ထူးစိန္လတ္တေလာ က်င္လည္ေနသည့္ ယာခင္းမ်ားဆီတြင္ သုံးေယာက္တစ္စု ျဖန႔္ခြဲ၍ ကင္းပုန္းဝပ္ၾကသည္။ အားလုံးသည္ ၿငိမ္သက္လ်က္။ အခ်င္းအခ်င္းအသံျပဳရန္ လြယ္ကူသည့္ ေနရာဆီ၌ ေနရာယူထားၾကသည္။ လက္နက္ကေတာ့ စစ္သားတို႔တြင္ ယမ္းအားျပင္းထန္လွသည့္ ဂ်ီသရီး ေမာင္းျပန္႐ိုင္ဖယ္မ်ားပါသည္။ ရဲမ်ားကေတာ့ ပြိဳင့္ ၃၀ ကာဘိုင္မ်ားျဖင့္။ ( ထိုကာဘိုင္ေသနတ္မ်ားကို ေက်ာ္ဟိန္းကာဘိုင္ဟုလည္း ေခၚေသးသည္။ တစ္ခ်ိန္က ပ်ဥ္းမငုတ္တို ဇာတ္ကားတြင္ ေက်ာ္ဟိန္းကိုင္ခဲ့သည္ဟု သိရပါသည္။)
ည ၈ နာရီခန႔္တြင္ ထူးျခားမႈ ရွိလာသည္။ ေတာတိုးသံ၊ သစ္ကိုင္းခ်ိဳးသံမ်ား ၾကားလာရသည္။

မၾကာပါ။ အေမွာင္ထဲတြင္ ႏွစ္နာရီခန႔္ေနၿပီး မ်က္စိက်င့္သားရေနၿပီျဖစ္ေသာ သုတ္သင္ေရးအဖြဲ႕တို႔၏ ျမင္ကြင္းဝယ္ မည္းမည္းအရိပ္ႀကီး ေတာတိုးထြက္လာသည္ကို ျမင္ရေလၿပီ။ အခ်င္းခ်င္း လက္ကုတ္ကာ သတိေပးၿပီး ေသနတ္မ်ားကို အသံမျမည္ေအာင္ ဂ႐ုတစိုက္ က်ည္ထိုးၾကသည္။

တေအာင့္အၾကာ။ ညေနကတည္းက ႀကိဳတင္သတ္မွတ္ထားသည့္ သတ္ကြင္းဆီကို အရိပ္မည္းႀကီး ေရာက္ေသာ္…။

” ပစ္…..”
” ဒိုင္း…ဒိုင္း….ဒိုင္း…ေဘာင္း…”
” ဝူး…က်ီ….”
” ဝုန္း…ဖုန္း….”
တစ္ေတာလုံး ေသနတ္သံ၊ ဆင္ေအာ္သံ၊ သစ္ပင္တစ္ခ်ိဳ႕ လဲၿပိဳသံတို႔ ပြက္ေလာ႐ိုက္စြာ ထြက္ေပၚလာသည္။
မည္းမည္းအရာႀကီးက ထြက္ေျပးရန္ႀကိဳးစားရင္း အရွိန္ျဖင့္ ပစ္လဲက်သြားသည္။ မၾကာပါ…။ အသံဗလံမ်ား တိတ္ဆိတ္ကုန္သည္။

ငါးမိနစ္ခန႔္အၾကာတြင္။ အားေကာင္းလွေသာ ဓာတ္မီးေရာင္က မည္းမည္းအရာႀကီးထံ က်ေရာက္သြားသည္။ လဲက်ေနေသာ ဆင္ေကာင္ႀကီး။
” သြားၾကည့္ၾကစို႔ေဟ့။ ထိေတာ့ ထိသြားၿပီ။ အခုထိ ၿငိမ္ေနတယ္ဆိုေတာ့ အေျခအေနေကာင္းတယ္”
ေသနတ္မ်ားျဖင့္ လဲေနေသာ ဆင္ႀကိးကို သတိျဖင့္ ခ်ိန္ထားလ်က္ ခ်ဥ္းကပ္ၾကသည္။
အနားေရာက္သည္အထိ ထူးျခားမႈ မရွိ။ အနီးကပ္ ေသခ်ာၾကည့္ေသာ္အခါ လဲက်ေနေသာ ဆင္ႀကီးမွာ ထူးစိန္ပင္ ျဖစ္ၿပီး ေသနတ္ဒဏ္ရာ ဗလပြျဖင့္ ေသဆုံးေနေလၿပီပင္။

နံနက္ေစာေစာအခ်ိန္ ဖထီးတို႔ မိသားစု စခန္းကုန္းတစ္ခုလုံးကို ပတ္ကာ ေစာမူထဲကို လိုက္ရွာေနသည္။ မေန႔ညက မူထဲဖ်ားေနသည္။ သည့္အတြက္ သူတို႔ တစ္ညလုံးနီးပါး ျပဳစုေပးရင္း မိုးလင္းပိုင္းမွ အိပ္ေပ်ာ္ခဲ့ၾကရသည္။ နံနက္လင္းေသာ္ မူထဲ ေပ်ာက္ေနေလ၏။
” ေသခ်ာၿပီ…ေဖာ့အယ္။ ဖိုးခြား ေတာထဲကို ဝင္သြားၿပီ”
” ဒါဆို ငါတို႔ ဘယ္လိုလုပ္ၾကမလဲ”
” ေအး…သူက ဖ်ားေနတာဆိုေတာ့ အေဝးႀကီးေတာ့ ေရာက္မွာ မထင္ေသးဘူး။ ငါ…လူစုၿပီး လိုက္ရွာလိုက္မယ္”
ဖထီးက ခ်က္ခ်င္း လူစုၿပီး ေတာထဲ လိုက္ရွာၾကသည္။ သို႔ေသာ္…ေနသာကုန္ခဲ့ၿပီ မူထဲကို မေတြ႕။

” ေက်ာ္ဟဲေရ…ငါတို႔ ဆက္ရွာလို႔ မသင့္ေတာ့ဘူးေဟ။ မၾကာခင္ ေနဝင္ေတာ့မယ္။ ျပန္ၾကစို႔”
” ေအးေလ…ျပန္ၾကစို႔ ေစးဖိုးရယ္။ မနက္ျဖန္က်ရင္ေတာ့ နင္တို႔တေတြ ငါ့ကို ကူၿပီး ဖိုးခြားကို ဆက္ရွာကူၾကပါဦးေနာ့္”
ဖထီးတို႔အဖြဲ႕ ေနာက္လွည့္ျပန္ခဲ့ၾကေလသည္။

စခန္းဆီ ျပန္ေရာက္ေသာ္ ညကထြက္သြားၾကေသာ သုတ္သင္ေရးအဖြဲ႕ကို ေတြ႕ၾကေလ၏။ ထူးစိန္၏ သတင္းကိုလည္း အားလုံးၾကားၾကရေလသည္။
ထူးစိန္ကိုကား အေသပစ္ခတ္ခဲ့ၿပီး ထိုေနရာတြင္ပင္ မွတ္တမ္းဓာတ္ပုံ႐ိုက္ကာ ျမႇဳပ္ႏွံထားရစ္ခဲ့ေၾကာင္းသိရေလသည္။
ဖထီးကား ထူးစိန္သတင္းေၾကာင့္ ေတာထဲဝင္ကာ ထူးစိန္ကို လိုက္ရွာရန္ထြက္သြားေသာ မူထဲကို ပို၍ပင္ စိတ္ပူမိေခ်ေတာ့သည္။
ေစာမူထဲ ေတာထဲကို ဝင္ၿပီး ထူးစိန္ကို ရွာမိသည္။ ေတာင္ေတြေက်ာ္၊ လ်ိဳေတြျဖတ္ျဖင့္ ဖ်ားေနသည့္ၾကားက တစ္ေနကုန္၊ တစ္ေနခန္း ေတာထဲပတ္ကာ ရွာသည္။ မေတြ႕။ ညေနေစာင္းေသာ္ လူက ေနမေကာင္းသည့္ အရွိန္ေၾကာင့္ အားအင္မ်ားကုန္ကာ ႏုံးခ်ိလာၿပီး မူးေဝေမာဟိုက္လာသည္မို႔ စမ္းေပါက္တစ္ခုအနီးတြင္ ထိုင္ခ်ကာ အေမာေျဖေနရင္း အိပ္ေပ်ာ္မွန္းမသိ အိပ္သြားခဲ့ရေလသည္။
” ႐ြဲ…ေဖရာ…”
အနီးကပ္ကာ ထြက္ေပၚလာသည့္ သစ္ခက္၊ သစ္လက္မ်ား ခ်ိဳးေခ်ယူသည့္ အသံေၾကာင့္ ေစာမူထဲ လန႔္ႏိုးလာရသည္။

မ်က္စိဖြင့္ဖြင့္ခ်င္း ထူထဲလွေသာ ပတ္ဝန္းက်င္ အေမွာင္ထုႀကီးကို ေစာမူထဲ ျမင္လိုက္ရသည္။
” ဂ်ိ…ဂ်ီး…ရႉး…”
အနားကပ္ကာ ထပ္မံထြက္ေပၚလာသည့္ အသက္ရႉသံျပင္းျပင္းေၾကာင့္ ေစာမူထဲ မ်က္စိကို ကစားၾကည့္လိုက္သည္။ သူနံေဘးတြင္ မည္းလုံးလုံးအရာႀကီး။

ေစာမူထဲ မ်က္စိကို ေသခ်ာစြာ ပြတ္ၾကည့္ေသာ္
” ဟာ…ထူး…ထူးစိန္။ မင္း…မင္း ထူးစိန္ပဲ ”
ဟုတ္ေပသည္။ မည္းမည္းအရာႀကီးမွာ ဆင္ႀကီး ထူးစိန္ပင္။ ေစာမူထဲက ဝမ္းသာအားရျဖင့္ ထူးစိန္ကို ေျပးဖက္လိုက္သည္။
” ဘယ္ေတြမ်ား ေလ်ာက္သြားေနတာလဲ။ မင္းကို ငါလိုက္ရွာေနတာ ကာၿပီ။ စိုးရိမ္လိုက္ရတာ ထူးစိန္ရာ။ မင္း…မင္း…စခန္းကို မျပန္နဲ႔ေနာ္။ ျပန္ရင္ မင္းကို သူတို႔ သတ္ၾကမွာ။ ဒီေတာ့ ငါ…မင္းနဲ႔အတူ ဒီေတာထဲမွာပဲ အတူေနေတာ့မယ္။ အို…ငါတို႔ေတြ လူေတြနဲ႔ ေဝးတဲ့ဆီကို သြားၾကမယ္ကြာ…”
ေစာမူထဲသည္ ဆင္ႀကီးထူးစိန္ကို ဖက္လ်က္ စကားေတြ တတြတ္တြတ္ေျပာေနသည္။
ထူးစိန္ကလည္း ႏွာေမာင္းျဖင့္ ေစာမူထဲကို တင္းက်ပ္စြာ ျပန္လည္ဖက္ထားေလ၏။
ထိုညက မူထဲႏွင့္ ထူးစိန္တို႔သည္ ထိုေနရာကေလးဆီ၌ပင္ အတူတကြ ရွိေနၾကေတာ့သည္။
ဆင္တေစၦ
အပိုင္း ၂ ( သိမ္း)
ေစာမူထဲတစ္ေယာက္ မ်က္ႏွာဆီက ပူရွရွ အထိအေတြ႕ေၾကာင့္ ႏိုးလာရၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္သည္။
” အား…ကြၽတ္ ေနေတာင္ျမင့္ေနၿပီပဲ”
ေစာမူထဲ ေရ႐ြတ္ရင္း ထထိုင္လိုက္သည္။
” ဟင္…ထူးစိန္ေကာ…ဘယ္ေရာက္သြားျပန္ပါလိမ့္”
ထူးစိန္ကို နံေဘးတြင္ မျမင္ေတာ့သည္မို႔ ေစာမူထဲ ေရ႐ြတ္ရင္း ထရပ္လိုက္သည္။
” အား…ကြၽတ္…ကြၽတ္”
တစ္ကိုယ္လုံးအားအင္မရွိ၊ ႏႈန္းခ်ိေနသည္မို႔ အနည္းငယ္ ညည္းမိ၏။ ညတုန္းက ထူးစိန္ႏွင့္ အတူရွိေနရင္း သူအဖ်ားတက္ေသးသည္။ တစ္ကိုယ္လုံး တုန္ရီကာ ခ်မ္းခိုက္သည့္ ဒဏ္ကို အျပင္းအထန္ခံစားရ၏။ ထိုစဥ္က ထူးစိန္သည္ ႏွာေမာင္းျဖင့္ သူ႔တစ္ကိုယ္လုံးကို ရစ္ပတ္လ်က္ ဝပ္တြားထားေသာ သူ၏ ရင္ခြင္အတြင္းဆြဲယူကာ ထည့္ထားခဲ့သည္။ သည့္အတြက္ပင္ ေတာဆီဝင္စဥ္က ပလိုင္းႏွင့္ ဓားသာ ပါခဲ့ၿပီး ၿခဳံေစာင္မယူမိခဲ့ေသာ ေစာမူထဲမွာ သက္သာရာရခဲ့သည္။ ေနာက္ေတာ့ သူအိပ္ေပ်ာ္သြားခဲ့ရ၏။ ယခု အိပ္ရာႏိုးေသာ္ မိုးလင္းေလၿပီ။ ထူးစိန္ကား သူ႔အနားမရွိေတာ့။ အစာရွာမ်ား ထြက္သြားေလသေလာ၊ သို႔မဟုတ္ ဘယ္ဆီေရာက္သြားေလသည္မသိ။

ေစာမူထဲ နံေဘးက စမ္းေခ်ာင္းကေလးဆီတြင္ မ်က္ႏွာသစ္ ကိုယ္လက္သန႔္စင္လိုက္၏။ ခံတြင္းက်င္းေသာ္ ဖ်ားထားသည့္အတြက္ ခါးသက္လွသည့္ ျဖစ္ျခင္း။ မ်က္ႏွာသစ္ၿပီးေသာ္ ညက အိပ္စက္ရာေနရာဆီ ျပန္ခဲ့သည္။ ဝမ္းထဲက ဆာေလာင္မႈကို ခံစားရသည္မို႔ ပလိုင္းထဲရွိေနေသာ မေန႔ကလမ္းတြင္ အရံသင့္ေတြ႕၍ ခူးဆြတ္လာသည့္ ငွက္ေပ်ာသီးႏွင့္ ကနစိုးသီးတို႔ကို စားလိုက္သည္။
ထို႔ေနာက္ ထူးစိန္ျပန္အလာကို ေစာင့္ေနလိုက္သည္။ နာရီအတန္ၾကာသည္အထိ ေစာင့္ၿပီးခ်ိန္ ထူးစိန္ျပန္ေပၚမလာ။
” ဟူး…ထူးစိန္ရယ္။ မင္း ဘယ္ကိုသြားျပန္ၿပီလဲကြာ…ငါ့မွာေတာ့ စိတ္ပူလို႔ မင္းကေတာ့ ငါ့ကို အသိေတာင္ ေပးမသြားဘူး”
ေစာမူထဲ ေရ႐ြတ္ၿပီး ပလိုင္းႏွင့္ ဓားကို ေကာက္ကာ မတ္တပ္ရပ္လိုက္သည္။ ညတုန္းက အဖ်ားတက္ေပမယ့္ ေကာင္းစြာ အိပ္ခဲ့ရၿပီး ဝမ္းထဲကိုလည္း အစာအနည္းငယ္ဝင္ခဲ့ၿပီမို႔ လူက အိပ္ရာထစဥ္ကထက္ေတာ့ လန္းဆန္းေနသည္။
ေစာမူထဲသည္ မတ္တပ္ရပ္မတ္တပ္ရပ္ၿပီးေနာက္ သူေရာက္ရွိေနသည့္ ေရေသေျမာင္ဝန္းက်င္ကို လွည့္ၾကည့္လိုက္ၿပီး ဟိုဟိုသည္သည္ ေလွ်ာက္ၾကည့္သည္။

” ဘာေျခရာမွလည္း မေတြ႕ဘူး။ အမွန္ဆို ေျခရာေျခခင္းေတာ့ က်န္ရစ္ရမွာေပါ့”

ေစာမူထဲ တအံ့တၾသေရ႐ြတ္သည္။ ယခင္မ်ားကဆို လုပ္ငန္းၿပီး၍ ညပိုင္း ဆင္လႊတ္၊ မနက္ပိုင္း ဆင္ျပန္ေကာက္ရာတြင္ ယခုလို ေျခရာေျခခင္းၾကည့္၊ ခေလာက္သံနားစြင့္၍ အလြယ္ပင္ လိုက္ႏိုင္ခဲ့သည္။ ယခုမူကား ထူးဆန္းစြာ ေျခရာေျခခင္းမက်န္။ ခေလာက္သံမၾကား။
” ထူးစိန္ေရ….ထူးစိန္…”
ေအာ္ေခၚၾကည့္သည္။ လူက အားမရွိသည္မို႔ အသံက သိပ္မက်ယ္။

” ဒီနားမွာေတာ့ မရွိဘူး။ ဘယ္ကို ထြက္သြားပါလိမ့္။ ဟိုဘက္ ဝါးေတာေတြဘက္မ်ား သြားေနသလားဘဲ”
ေစာမူထဲ တုန႔္ျပန္လႈပ္ရွားသံလုံးဝမၾကားသည္မို႔ ေရ႐ြတ္လိုက္သည္။ ၿပီးေသာ္ သူယူဆထားသည့္အတိုင္း တစ္ဖက္ေၾကာဆီက ဝါးေတာမ်ားဆီ သြားရန္ ေျခလွမ္းလိုက္ေတာ့သည္။
” ေက်ာ္ဟဲေရ…ေက်ာ္ဟဲ…”
” ေဝး…ေစးဖိုးလား။ ငါၿပီးၿပီ လာၿပီေဟ့…”
ဖထီးေစာေက်ာ္ဟဲ အိမ္ထဲ၌ မူထဲ ကိုဆက္ရွာရန္အတြက္ ပလိုင္းကိုျပင္ၿပီး ထမင္းထုပ္ထည့္ေနစဥ္ တဲေရွ႕က ေစာေစးဖိုး၏ ေခၚသံေၾကာင့္ အျမန္ထြက္လိုက္သည္။
” ဟာ…ဆရာေလး တင့္ေဆြေကာ ပါလာတာပဲေဟ”
လူအုပ္ထဲတြင္ ေတာေခါင္းကေလး တင့္ေဆြကို ေတြ႕ရသည္မို႔ ဖထီး ေရ႐ြတ္လိုက္သည္။ ေတာေခါင္းကေလးကား ယူနီေဖာင္းဝတ္လ်က္။ အီေကြးမင့္အျပည့္အစုံ၊ ေသနတ္ကို လက္ကကိုင္လ်က္။
” ဟုတ္တယ္ ဖထီးေရ…မေန႔ညက မူထဲကို မေတြ႕ဘူးဆိုတဲ့ သတင္းေၾကာင့္ ေတာအုပ္ႀကီးက ဒီမနက္ကို ဖထီးတို႔ ရွာရင္ ကြၽန္ေတာ္ကိုပါ လိုက္ရွာကူလိုက္ပါလို႔ဆိုတာနဲ႔ အခုလိုက္လာတာ။ သူ႔အမိန႔္နဲ႔ဆိုေတာ့ လုပ္ငန္းခြင္ကို လွည့္ၾကည့္စရာမလိုဘူးေလ။ ဒီေတာ့ တစ္ေနကုန္ စိတ္ေအးလက္ေအး ရွာရတာေပါ့ မဟုတ္ဘူးလား ဖထီးရ”
” ေအးေလ…ဒါေတာ့ ဒါေပါ့ ဆရာေလးရယ္။ ဒါေပမယ့္ ငါက နင္တို႔ကို ဒုကၡေပးသလိုမ်ား ျဖစ္ေနမလား ေတြးမိေနတာ။ ဒါေၾကာင့္လည္း ငါက နင္တို႔ကို အသိမေပးဘဲ ေစဖိုးတို႔ကို အသိေပးၿပီး ႀကိတ္ရွာေနတာေပါ့”
” အို…ဖထီးရာ။ ဒီစခန္းတစ္ခုလုံးက အားလုံး မိသားစုေတြခ်ည္းပဲဟာ…တစ္ေယာက္အခက္အခဲ တစ္ေယာက္ကူညီရမွာေပါ့”
” ေအးပါေလ…ေအးပါ။ နင္တို႔ ေက်းဇူးကို ငါမွတ္ထားရမေပါ့”
” ဟုတ္ပါၿပီဗ်ာ။ ကဲ…လူလည္းစုံၿပီဆိုေတာ့ သြားၾကစို႔ဗ်ာ။ ေစာေစာရွာ…ေစာေစာေတြ႕ေတာ့ ေစာေစာ စိတ္ေအးရတာေပါ့။ ကဲ… သြားၾကစို႔ ဖထီး”
ေတာေခါင္းကေလး တင့္ေဆြက ေျပာေျပာဆိုဆို အေရွ႕ဆီက ဦးေဆာင္ထြက္သြားေလေတာ့သည္။ ဖထီးေစာေက်ာ္ဟဲကား အေနာက္ကပိတ္လိုက္၍ လူကို ေရၾကည့္ေသာ္ အားလုံးေပါင္း ခုႏွစ္ေယာက္။ ဂဏန္းက မ’ ဂဏန္းျဖစ္ေန၏။ သို႔အတြက္ လမ္းနံေဘးက ေတြ႕ရာ ေက်ာက္ခဲတစ္လုံးကို ေကာက္ေလကာ
” ေမာင္ေက်ာက္ခဲေရ…ငါတို႔နဲ႔ လိုက္ခဲ့ကြာ…”
ေရ႐ြတ္ၿပီး သူ၏ ပလိုင္းထဲေကာက္ထည့္လိုက္ေလ၏။ သူတို႔နယ္ဘက္ အယူအဆကား ေတာသြားလ်င္ မ’ ဂဏန္းျဖင့္သြားပါက အေႏွာက္အယွက္ႀကဳံတတ္၏ဟု ယူဆၾက၏။ သို႔ေၾကာင့္ စုံ ဂဏန္းျဖစ္ေလေအာင္ ဖထီးက ေမာင္ေက်ာက္ခဲေကာက္ခဲ့ျခင္းပင္ျဖစ္ေလသည္။
” ဒီတေၾကာရွာၿပီး မေတြ႕ရင္ ဟိုဘက္က ေရေသေျမာင္ကို ထပ္ဝင္ၾကမယ္ေဟ့…”
ေတာေခါင္းကေလး၏ အသံ။ စခန္းက မနက္အေစာ ခုႏွစ္နာရီခန႔္က ထြက္ခဲ့ၾကၿပီး ယခု ညေနေစာင္းတြင္ လ်ိဳသုံးခုႏွင့္ ေတာင္ေၾကာသုံးခုကို ပိုက္စိပ္တိုက္လ်က္ ေတာအူသံေပးၿပီး ရွာခဲ့ၾကၿပီးေလၿပီ။ လူရွာၾကသည္မို႔ ေတာတိုး၍ ရွာၾကရသည္။ အေသးစိတ္ရွာၾကသည္မို႔ ခရီးကေတာ့ သိပ္မတြင္ေပ။
တစ္ခါတစ္ရံ ေတာေခါင္းကေလးကိုယ္၌သည္လည္း ေသနတ္ကို လြယ္၍ ဓားကိုင္ကာ ေတာခုတ္လမ္းရွင္းရသည္ အခါမ်ိဳးလည္း ရွိတတ္၏။ သို႔ေပမယ့္ ညေနသာေစာင္းခဲ့ၿပီ။ ေစာမူထဲ၏ အရိပ္အေယာင္၊ သဲလြန္စက ေပ်ာက္ေနဆဲ။
ရွာေဖြသူမ်ားလည္း ႏြမ္းၾကေလၿပီ။ သို႔ေသာ္ လက္ေလ်ာ့၍ မျဖစ္ေသး။ ယခုကိစၥက လူတစ္ေယာက္၏ အသက္ႏွင့္ဆိုင္ေနသည္။ တတ္ႏိုင္သည္ထက္ပို၍ ႀကိဳးစားကာ ရွာၾကရေပမည္။
မၾကာပါ။ အဖြဲ႕အားလုံး ေရေသေျမာင္ထဲ ဝင္ၾကေလၿပီ။
ေရေသေျမာင္တြင္ေတာ့ မူထဲကို ေတြ႕ႏိုင္မည္ဟု ယုံၾကည္မိၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေရေသေျမာင္တြင္ စမ္းေပါက္တစ္ခုရွိသည္။ ထိုစမ္းေပါက္က ေရၾကည္၏။ သို႔အတြက္ ေစာမူထဲ ထိုေနရာတြင္ ရွိႏိုင္မည္ဟု ယူဆၾကျခင္းပင္။
ေရေသေျမာင္ကို ပိုက္စိပ္တိုက္ ရွာၾကသည္။ မေတြ႕။ အခ်ိန္က ညေန ၄ နာရီေက်ာ္ၿပီ။ ေတာေတာင္ထဲေပမို႔ ေနဝင္ေစာသည္။ မၾကာမီ ေမွာင္ေတာ့မည္။ ေမွာင္လ်င္ အျပန္ခရီးခက္ေခ်မည္။
” ေဟး…ဒီဘက္ကို လာၾက။ ဒီမွာ ငွက္ေပ်ာသီးခြံနဲ႔ ကနစိုးသီး အခြံေတြ ေတြ႕တယ္”
ေျမာင္၏ တစ္ဖက္ထိပ္ဆီက ေအာ္သံ။ ေအာ္သံၾကားရာဆီ အားလုံးစုၿပီး သြားၾကည့္ၾကသည္။ ေျမျပင္ထက္ဆီတြင္ ငွက္ေပ်ာခြံႏွစ္ခုႏွင့္ ကနစိုးသီးအခြံအစအနမ်ား။

” ဒါ…မူထဲ စားခဲ့တာ ျဖစ္ႏိုင္တယ္”
ဖထီးေစာေက်ာ္ဟဲက အခြံေတြကု ကိုင္ၾကည့္ရင္း ေျပာသည္။ ေတာေခါင္းကေလးက အခြံတစ္ခုကို ေကာက္ကိုင္ၾကည့္ေလၿပီး

” ဟုတ္ေလာက္တယ္ ဖထီး။ စားထားတာ ေန႔မကူးေသးေလာက္ဘူး။ အစိုဓာတ္က ရွိေနေသးတယ္။ ငွက္ေပ်ာသီးခြံဆို အထဲက အသားေတြက အေရာင္မေျပာင္းေသးဘူး။ ဒီေတာ့ သူဒီနားဝန္းက်င္မွာပဲ ရွိလိမ့္မယ္”
” ဒါဆို ငါတို႔ လိုက္ရွာၾကမယ္ေလ ဆရာေလး”
ေစာအာယုက ဝင္ေျပာသည္။ ေတာေခါင္းကေလးက ေခါင္းညိတ္ကာ လက္ကာျပလိုက္ေလၿပီး
” ခဏေလး…အခ်ိန္က သိပ္မရွိေတာ့ဘူး။ ဒီေတာ့ သူ ဒီကေန အရပ္ေလးမ်က္ႏွာမွာ ဘယ္ကိုသြားႏိုင္လဲဆိုတာ အရင္ၾကည့္ရမယ္”
ေတာေခါင္းကေလးသည္ ေျပာေျပာဆိုဆို ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္၏။ ၿပီးေသာ္ တစ္ဖက္ဆီကို လက္ညိဳးၫႊန္ကာ
” ဒီဘက္မွာ ဘာရွိလဲ ဖထီးတို႔ သိၾကလား ”

” အဲ့ဒီ့ဘက္ တေၾကာအလြန္မွာေတာ့ ေတာင္ျပန႔္ကေလးတစ္ခုနဲ႔ ေရေသေျမာင္ကထြက္တဲ့ စမ္းေပါက္ကေလးတစ္ခု ရွိတယ္ ဆရာေလး”
ေစာနယ္စဲန္က ေျပာသည္။ ဆရာေလးက ေခါင္းကိုအသာ ရမ္းလိုက္၏။
” ဒီေဘကၠကာ…”
တစ္ဖက္ ဆန႔္က်င္ဘက္ကို ျပကာ ေမးလိုက္သည္။
” အဲ့ဒီ့ဘက္မွာက ဝါးေတာနဲ႔ ဝါးေတာအလြန္မွာ ဗ်ိဳက္ေတာတစ္ခုရွိတယ္”
” ဟုတ္ၿပီ…အဲ့ဒါဆို ကြၽန္ေတာ္တို႔ မိုးလည္း ခ်ဳပ္ေတာ့မယ္ဆိုေတာ့ ေရွ႕ဆက္မတိုးေတာ့ဘူး။ ၿပီးေတာ့ ဟိုဘက္ ဝါးေတာက မျမင္ႏိုင္တဲ့ ေႁမြပါးကင္းပါး အႏၲရာယ္ရွိတယ္။ ေနာက္… ေစာမူထဲကလည္း ေနမေကာင္းျဖစ္ေနတာဆိုေတာ့ ဝါးေတာကိုဝင္မယ္မထင္ဘူး။ ဝင္မယ္ဆိုလည္း အခုလိုမိုးခ်ဳပ္ကာနီးမွာေတာ့ အဲ့ဒီ့ထဲမွာ သူမေနေလာက္ဘူး။ ျပန္ထြက္မွာပဲ။ ဒီေတာ့က စဥ္းစားၾကည့္ရရင္ စမ္းေပါက္ဘက္မွာ စခန္းခ်ၿပီး ေနရင္ေနလိမ့္မယ္။ ဒါေၾကာင့္ ဒီဘက္ကို သြားၾကမယ္။ ကဲ… မၾကာခင္ မိုးကလည္း.ခ်ဳပ္ေတာ့မွာဆိုေတာ့ ျမန္ျမန္ရွာၿပီး ေတြ႕ေတြ႕ မေတြ႕ေတြ႕ ျမန္ျမန္ျပန္ကတာေပါ့…”

ေတာေခါင္းကေလးက ေတြးဆၿပီး လမ္းေ႐ြးခဲ့သည္။ ထိုစဥ္က ေတာေခါင္းကေလးသည္ သူေ႐ြးေသာလမ္းမွားခဲ့သည္ကို မသိႏိုင္ခဲ့။ သူေတြးသည္က ႏွစ္ဖက္မွ်တၿပီး ေတြးခဲ့ျခင္းသာ။ သူ႔လူမ်ား အႏၲရာယ္ကင္းရန္အတြက္ကလည္း လိုအပ္ေသးသည္ မဟုတ္ပါလား။
ဤသည္ကပင္ ထူးစိန္မည္ေသာ ဆင္တေစၦေလး၏ သံေယာဇဥ္တရားကို သူတို႔ သိခဲ့ၾကရေလျခင္းပင္။
ေမွာင္ရီသမ္းၿပီ။
ေစာမူထဲတစ္ေယာက္ ေန႔လည္က ဝါးေတာထဲပတ္ၿပီး ထူးစိန္ကို ရွာေနရင္း ႐ုတ္တရက္အဖ်ားျပန္တက္လာကာ ဝါး႐ုံတစ္႐ုံ၏ အေျခတြင္ ေခြလဲက်ေနရသည္။ သို႔အတြက္ အခ်ိန္ဘယ္ေလာက္ရွိၿပီ သူမသိ။ လူက သတိလစ္တစ္ခ်က္၊ မလစ္တစ္ခ်က္။
” အင္း…ဟင္း…ဟင္း…”
ညည္းညဴသံက ခပ္တိုးတိုးသာ။ ခ်မ္းတုန္လွသည့္ ခံစားခ်က္ေၾကာင့္ ဓားႏွင့္ ပလိုင္းကို ခ်ၿပီး ပုဆိုးကို ၿခဳံထားရသည္။
” ေဝါ…ေဖ်ာ…ဖေရာ…”
ေတာတိုးလာသည့္ အသံက သူ႔ အနားကို တေျဖးေျဖးနီးကပ္လာေနသည္။ ေခါင္းေထာင္ၾကည့္လိုေသာ္လည္း ဦးေခါင္းတစ္ခုလုံးကား ကိုက္ခဲေလးဖင့္ေနသည့္အတြက္ မ်က္စိဖြင့္ရန္ပင္ အႏိုင္ႏိုင္။ ခႏၶာကိုယ္ဆီကို ေပ်ာ့ေပ်ာင္းႏူးညံ့သည့္ ရွည္ေမ်ာေမ်ာ အထိအေတြ႕ တစ္ခု ေတြ႕ထိလာသည္။
” ထူး…ထူးစိန္လား…”
ထိုအရာဆီက ႏွာမႈတ္သံလိုလို ေလဝင္ေလထြက္အသံေၾကာင့္ ေစာမူထဲ တိုးေဖ်ာ့စြာ ေမးလိုက္သည္။ လက္ကလည္း အားတင္း၍ စမ္းၾကည့္လိုက္သည္။ အေမႊးစူးရွရွ၊ ပါးလွ်လွ်အခ်ိဳ႕။ ေသခ်ာေလၿပီ။ ဆင္ႏွာေမာင္းတစ္ခုပင္။
” ထူး…ထူးစိန္ မင္းပဲ။ ငါ…ငါဝမ္းသာလိုက္တာကြာ။ ခ်မ္း…ခ်မ္းလြန္းလို႔ ငါ့ကို ဖက္ထားစမ္းပါ”

တုန႔္ျပန္သံမၾကား။ ညင္ညာေသာ ေထြးေပြ႕မႈကိုေတာ့ ေစာမူထဲ ခံစားလိုက္ရသည္။ ထို႔ေနာက္တြင္ေတာ့ ေစာမူထဲ၏ အာ႐ုံမ်ားကား တစ္ဖန္ျပန္လည္ၿပီး ေဝဝါးသြားရျပန္ေလ၏။
ေတာေခါင္းကေလးတို႔အဖြဲ႕ ေရထြက္စမ္းေခ်ာင္းကေလးအတိုင္း ေတာအူသံေပး၍ ရွာခဲ့ၾကသည္။ မေတြ႕။
” ကဲ…ဖထီးေရ။ မိုးလည္း ခ်ဳပ္လွၿပီ။ ဓာတ္မီးကလည္း အစက ဒီေလာက္ႀကီး မိုးခ်ဳပ္ၾကမယ္မထင္ေတာ့ အားလုံးေပါင္းမွ သုံးလက္ပဲ ပါလာၾကတာ။ လက္နက္ကလည္း ေလာက္ေလာက္လားလားဆိုလို႔ ကြၽန္ေတာ့္ဆီက ေသနတ္ပဲပါတာဆိုေတာ့ မိုးခ်ဳပ္ရင္ အႏၲရာယ္ရွိႏိုင္တယ္။ ဒါေၾကာင့္ ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ လက္ေလ်ာ့ၿပီး ျပန္ၾကစို႔ရဲ႕ဗ်ာ…။ မနက္ျဖန္က်ရင္ေတာ့ အေစာႀကီးထလာၿပီး ဒီေနရာကေန ဆက္ရွာၾကတာေပါ့”

ဖထီးကား သားေဇာႏွင့္ ေပမို႔ မ်က္ႏွာေတာ့ မေကာင္း။ သို႔ေသာ္ တစ္ေနကုန္၊ တစ္ေနခန္း တစ္ဖြဲ႕လုံး အပင္ပန္းခံကာ ရွာေပးခဲ့သည့္ ေစတနာကိုလည္း သူအျမင္ေပမို႔ အားနာလွၿပီ။
” အင္းပါ…ဆရာေလး။ နင္တို႔ ဒီေလာက္အပင္ပန္းခံရွာေပးတာၾကကိုပဲ ငါေက်းဇူးတင္လွပါၿပီ။ ငါတို႔ ျပန္ၾကတာေပါ့”
တစ္ဖြဲ႕လုံး ေနာက္ျပန္လွည့္ၾကသည္။ အခ်ိန္က ေမွာင္ရီေဝတဝါးပင္ ျဖစ္လို႔ ေနေခ်ၿပီ။ ေရေသေျမာင္ထံကို ျပန္ဝင္ေရာက္ၿပီး အသီးခြံမ်ား ေတြ႕ေသာ ေနရာဆီ ေရာက္လာၾကသည္။
” ကေလာက္…ကေလာက္…ေတာက္…ေတာက္…”
” ခြၽမ္…ရွလြမ္…”
ဆင္ခေလာက္သံႏွင့္အတူ ေျမျပင္ႏွင့္ ထူးႀကိဳး႐ိုက္သံမ်ား။
” ေဟ့ေဟ့…နားေထာင္ၾကစမ္း…”
ေရွ႕ဆုံးက ဓာတ္မီးထိုးကာသြားေနေသာ ေစာကလိုမူးရဲ႕ အသံ။ အားလုံး ၿငိမ္ၿပီး နားေထာင္ၾကသည္။ အသံက တစ္ဖက္ဝါးေတာအစပ္ဆီ ေလာက္က ထြက္ေပၚေနသည္။ ၾကားတြင္ ၿခဳံမ်ား၊ အပင္မ်ားခံေနသည္မို႔ အေကာင္အထည္ကိုမူ မျမင္ၾကရ။
“ဟာ… ဒါ…ဒါ ထူးစိန္ရဲ႕ ခေလာက္သံပဲ…ဟုတ္တယ္…”
ဖထီးေစာေက်ာ္ဟဲ၏ စကားေၾကာင့္ အားလုံး အံ့အားသင့္ကုန္ၾကသည္။
” ဟာ…ေက်ာ္ဟဲရယ္ နင္ကလည္း မဟုတ္တာေျပာေတာ့မယ္။ ထူးစိန္က မေန႔က ေသၿပီပဲကို။ အျခားအသံတူတာေနမွာပါ”
ဖထီး ေစာေဘာ္ေဆးက မယုံႏိုင္စြာ ဝင္ေျပာလိုက္သည္။
” မဟုတ္ဘူး ေဘာ္ေဆး။ မူထဲက သူ႔ဆင္ထူးစိန္ရဲ႕ ခေလာက္နံေဘးမွာ ခေလာက္ေသးေသးေလးေတြ တပ္ေပးထားတာ။ သူ႔အသံ ငါမွတ္မိပါတယ္”
ေတာေခါင္းကေလးလည္း ေစာေဘာ္ေဆးလို မယုံၾကည္သူမို႔
” ကဲပါ…ဖထီးတို႔ရာ ျငင္းမေနၾကပါနဲ႔ေတာ့။ ထူးစိန္က မေန႔က ေသၿပီဆိုေတာ့ ဒါက တျခားဆင္ပဲ ျဖစ္မွာပါ။ ထါးလိုက္ပါ…အျပန္ေနာက္က်ေနလိမ့္မယ္ သြားၾကစို႔”
” မဟုတ္ေသးဘူး ဆရာေလး။ ငါေတြးမိတယ္။ ဒီကိစၥက သမ႐ိုးက်ျဖစ္စဥ္ေတာ့ မဟုတ္ဘူး။ နင္စဥ္းစားၾကည့္ေနာ္။ ငါတို႔ လုပ္ကြက္က ဆင္ေတြကို စားက်က္ လႊတ္ရင္ ညေနလုပ္ငန္းၿပီးမွ လႊတ္ၾကတာ။ ညေနက လႊတ္တဲ့ဆင္က ဒီေနရာကို ဘယ္လိုအျမန္ႏႈန္းနဲ႔ ေရာက္လာမလဲ…နင္တို႔လည္း စဥ္းစားၾကည့္ၾကဦး”
ဖထီးေစာေက်ာ္ဟဲ၏ စကားက တစ္ဖြဲ႕လုံးကို ဒြိဟျဖစ္သြားေစသည္။ လုပ္ကြက္က ဆင္မ်ားဆိုပါက အစာစားရင္းသြားေနမည္မို႔ လႊတ္ထားခ်ိန္နာရီပိုင္းအတြင္း သည္ေနရာကို ေရာက္ဖို႔မလြယ္။
” အင္း…ဖထီးေျပာတာ တစ္ခုခုေတာ တစ္ခုခုပဲ။ ဘာပဲျဖစ္ျဖစ္ဗ်ာ…ကြၽန္ေတာ္ေတာ့ စိတ္ဝင္စားသြားၿပီ။ တိတိက်က် သိရေအာင္ သြားၾကည့္ၾကစို႔”
ေတာေခါင္းကေလးသည္ လူငယ္ပီပီ အေျဖကို စိတ္ဝင္စားမႈႏွင့္အတူ ေသနတ္ကို က်ည္ထိုးလိုက္ေလၿပီး အေရွ႕ကေန ဓာတ္မီးကို ခပ္အုပ္အုပ္ထိုးလိုက္ေလကာ အသံၾကားရာဆီ ထြက္သြားေလေတာ့၏။ အေနာက္က အဖြဲ႕သားမ်ားသည္လည္း ေတာေခါင္းကေလး၏ ေနာက္ကေန ရင္တထိတ္ထိတ္ျဖင့္ လိုက္ခဲ့ၾကေတာ့သည္။
” ကေလာက္…ကေလာက္…ေတာက္…”
ေတာေခါင္းကေလးတို႔ အေရွ႕ကို တိုးလာေလ အသံကလည္း ဆန႔္က်င္ဘက္ဆီ ေ႐ြ႕သြားေလျဖစ္ေန၏။
အသံက တကယ္တမ္းဆိုပါလ်င္ ဓာတ္မီးတစ္ျပခန႔္ကသာ ၾကားေနရေသာ္လည္း တကယ္တမ္း တစ္ခ်က္တစ္ခ်က္ လွမ္းေထာက္ၾကည့္ခ်ိန္ မီးတစ္ဆုံးဆီေလာက္က ျဖစ္သြားျပန္တတ္၏။ေတာတိုးေနသံမ်ားကလည္း ထိုအသံႏွင့္အတူ သိသာစြာၾကားေနရျပန္သည္။
” ဆရာေလး…ငါတို႔ကို တေစၦမ်ားေျခာက္ေနတာလားဘဲေနာ္…”
ဝါးေတာထဲကို အေတာ္အတန္ေရာက္ခ်ိန္ အားလုံးထဲတြင္ အငယ္ဆုံးျဖစ္ေသာ ေစာအာယုက ေျပာေလသည္။
” အာ…မျဖစ္ႏိုင္တာပဲ အာယုရယ္။ အသံက ဒီေလာက္ႀကီး ျပတ္သားေနတာကို”
” ဟုတ္တယ္…ဘာပဲျဖစ္ျဖစ္ မၾကာခင္ေတာ့ သိရေတာ့မွာပါ”
ေရွ႕ဆက္တိုးခဲ့ၾကသည္။ ေနာက္ထပ္ ဆယ္မိနစ္ခန႔္ၾကာခ်ိန္တြင္ေတာ့ အသံက ေရွ႕ဆက္မေ႐ြ႕ေတာ့။ ေနရာတစ္ခုဆီတြင္ ရပ္တန႔္ၿပီး ျမည္ေန၏။
” ရပ္ေတာ့ ရပ္သြားၿပီ။ လာဗ်ာ…အားလုံးပဲ မီးေတြ မွိတ္လိုက္ေတာ့။ အေရွ႕က ဆင္သြားထားတာဆိုေတာ့ အႏၲရာယ္လည္း မရွိေလာက္ေတာ့ပါဘူး။ ဒီေတာ့ အာယု မင္းက ငါ့အနားလာ ဓာတ္မီးကိုင္။ အားလုံးပဲ မီးမွိတ္ၿပီး ေရွ႕ဆက္တိုးမယ္။ သူ႔အနားေရာက္တာနဲ႔ မီးကို ၿပိဳင္တူထိုးၾကည့္ၾကမယ္။ ကြၽန္ေတာ္ကေတာ့ တစ္ခုခုဆိုပစ္ရေအာင္လို႔ အသင့္ျဖစ္ေနေအာင္ ေသနတ္နဲ႔ ႀကိဳခ်ိန္ထားလိုက္မယ္ဗ်ာ”
ေတာေခါင္းကေလးက အစီအစဥ္ကို တီးတိုးေျပာျပသည္။
ထို႔ေနာက္ အစီအစဥ္အတိုင္းေရွ႕ဆက္တိုးခဲ့ၾက၏။ အသံက ၾကားေနရဆဲ။ မၾကာပါ။ အသံၾကားရာႏွင့္ အေတာ့္ကို နီးကပ္လာၿပီး ဝါး႐ုံေလးတစ္ခုကို ေက်ာ္မိခ်ိန္။
” ဟာ…”
ဝါး႐ုံတစ္ခုေအာက္တြင္ ဆင္တစ္ေကာင္လို မည္းလုံးလုံးအရာႀကီးကို အေမွာင္ထုထဲတြင္ မသဲမကြဲျမင္ရေလ၏။ ထိုအရာႀကီးကား ရပ္တန႔္ေနၿပီး ဦးေခါင္းေနရာကိုမူ လႈပ္ရမ္းခါေနသည္။
” ထိုးေတာ့…”

ဓာတ္မီးေရာင္မ်ား ျဖာခနဲ။ အလင္းေရာင္ေၾကာင့္ အိပ္တန္းဝင္ငွက္အခ်ိဳ႕ပင္ လန႔္ပ်ံကုန္ၾကသည္။
” ဟင္…”
” ဟာ…”
” အလို…မူ..မူထဲ”
အားလုံးလိုလို အာေမဋိတ္တို႔ အသီးသီးေရ႐ြတ္မိၾက၏။ ဓာတ္မီးေရာင္မ်ားေအာက္ဝယ္ အခုနက အေမွာင္ထဲတြင္ ျမင္ေနရသည့္ မည္းမည္းအရာႀကီးက ေပ်ာက္ျခင္းမလွေပ်ာက္လ်က္။ ထိုေနရာတြင္ကား ေခြေခြကေလးလဲေနေသာ ေစာမူထဲ။
” မူ…မူထဲ…”
ၾကက္ေသေသေနၾကရာက ဖထီးေစာေက်ာ္ဟဲသည္ သတိဝင္ၿပီး ေစာမူထဲကို ေျပးေပြ႕လိုက္သည္။ က်န္လူမ်ားလည္း ထိုအခါမွ ေစာမူထဲႏွင့္ ဖထီးတို႔ အနားကို ေျပးၾကေလသည္။
ေစာမူထဲကား ဖထီး၏ လက္ထဲတြင္ တဟီးဟီးျဖင့္ အဖ်ားတက္ေန၏။
” မူထဲ…ငါ…ငါတို႔ ေရာက္လာၿပီေလ…မူထဲ…နင္အားတင္းထားစမ္း…”
ဖထီးေစာေက်ာ္ဟဲက ေျပာလိုက္သည္။
ထိုစဥ္ သူ၏ ပါးစပ္က ညည္းတြားသံက ေတာေခါင္းကေလးအပါအဝင္ အားလုံးကို ပါးစပ္အေဟာင္းသား ျဖစ္ေစခဲ့ေလသည္။
” အင္း…ဟင္း…ဟင္း…ထူး…ထူးစိန္။ ငါ့ကို ဖက္ထားပါ…”
ဇာတ္လမ္းကို နိဂုံးခ်ဳပ္ရေလေသာ္။
ေစာမူထဲသည္ ငွက္ဖ်ားေရာဂါျဖင့္ ၿမိဳ႕ေဆး႐ုံဆီတြင္ ႏွစ္ပါတ္ခန႔္ ေဆး႐ုံတက္ကာ ကုသခဲ့ရသည္။
ေစာမူထဲ ေဆး႐ုံက ျပန္ဆင္းေသာ္ အေတာ္ပင္ ထူထူေထာင္ေထာင္ျဖစ္ခဲ့ေလ၏။ လူနာလာေမးၾကသူမ်ားက အိမ္ဆီတြင္ ျပည့္ေနသည္။ မူထဲကား ေရာက္ေရာက္ခ်င္း ထူးစိန္အေၾကာင္းကို ေမး၏။
ေဆး႐ုံတက္စဥ္က သူ႔အား ထူးစိန္အေၾကာင္းကို စိတ္ထိခိုက္မည္စိုး၍ အသိမေပးခဲ့ၾက။ ယခု ေစာမူထဲေမးလာခ်ိန္က်မွ ဖထီးတို႔သည္ ထူးစိန္အေၾကာင္းကို အမွန္အတိုင္း ေျပာျပလိုက္ေတာ့သည္။ ၾကားၾကားခ်င္း မူထဲမွာ
” ဟာ…မျဖစ္ႏိုင္ဘူး…မျဖစ္ႏိုင္ဘူး ထူးစိန္က ငါေတာထဲမွာတုန္းက ညတိုင္း ေရာက္လာတတ္တာ။ ငါဖ်ားတိုင္း သူလာဖက္ထားတာ….သူေသၿပီဆို ငါ့ဆီ ဘယ္လာမလဲ”
ဟု မ်က္ရည္မ်ားလည္၍ တြင္တြင္ႀကီး ျငင္းဆန္ေလသည္။
ထိုအခါ ဖထီးတင္မက ရွာေဖြစဥ္က လိုက္ပါခဲ့ေသာ ေတာေခါင္းကေလးႏွင့္ အျခားသူမ်ားက သူတို႔ရွာေဖြစဥ္က အျဖစ္အပ်က္က္ု ဝိုင္းေျပာျပၾကရေလေတာ့သည္။ အမ်ားက ဝိုင္းကာ ေျပာေလသည့္အခါတြင္ ေစာမူထဲမွာ မယုံ၍ မရေတာ့။
” ဒါ…ဒါဆို… ထူးစိန္က ငါ့ကို ကယ္လိုက္တာေပါ့ေနာ္…ဟုတ္လားဟင္…ဖထီး…ဟုတ္လားလို႔….အီး…ဟီး…ဟီး….”

ဟုဆိုကာ ခ်ဳံးပြဲခ်ကာ ငိုေႂကြးေလေတာ့သည္။ ေစာမူထဲ၏ ငိုေႂကြးသံသည္ကား ၾကည့္၊ ျမင္၊ ၾကားေနရသူတို႔အဖို႔ အေတာ့္ကိုပင္ ဝမ္းနည္းစရာေကာင္းလွသည္။ မ်က္ရည္မခိုင္သူတို႔က မ်က္ရည္က်ၾကေလ၏။
သို႔ႏွင့္ ေနာက္ေလးငါးရက္ခန႔္အၾကာတြင္ေတာ့…။
ေစာမူထဲတို႔ အိမ္ေရွ႕ ခပ္လွမ္လွမ္းဆီက ေျမကြက္လပ္တြင္။
ေတာေခါင္းကေလး၏ ဦးေဆာင္စီစဥ္မႈ၊ ဖထီးေစာေက်ာ္ဟဲ၏ ခြင့္ျပဳခ်က္၊ ေငြေၾကးအခ်ိဳ႕ထည့္ဝင္မႈႏွင့္အတူ သံဃာေတာ္ ငါးပါးအား ပင့္ေဆာင္၍ ထူးစိန္အတြက္ ရည္စူးကာ ျပဳလုပ္ေလေသာ ဆြမ္းသြတ္ပြဲေလးတစ္ခု။
ထိုဆြမ္းသြတ္ပြဲကို စခန္းရွိ ဗုဒၶဘာသာဝင္တို႔က တရားနာၾကကာ ထူးစိန္အတြက္ရည္စူး၍ ယခုျပဳသည့္ အလႉဒါနအစုစုတို႔ကို ေရစက္သြန္းခ် အမွ်ေဝၾကေလသည္။
ဖထီးေစာေက်ာ္ဟဲတို႔ကေတာ့ ဘာသာျခားျဖစ္သည့္အတြက္ တရားဝင္မနာၾက။ နံေဘးကေန လိုအပ္သည္မ်ား ကူညီေပးရန္ ေစာင့္ေနၾကေလ၏။
ထိုအခ်ိန္ ေစာမူထဲကမူ ခပ္လွမ္းလွမ္းဆီကေန ဆြမ္းသြတ္ပြဲကေလးအား မ်က္ရည္မ်ားၾကားက ေငးရီကာၾကည့္ေနရင္းျဖင့္…..။
ၿပီးပါၿပီ။

အားေပးၾကသူတိုင္းကို အစဥ္ေလးစားဦးၫြတ္လ်က္….
ေနာင္႐ိုး(ေဆးတပ္)