ဆရာတစ်ဆူဦးစိုင်းလူ(စ/ဆုံး)
————————-
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေပြု၍ ရေးသားခြင်းဖြစ်သည်။
စာဖတ်သူများဖတ်ရှုရအဆင်ပြေစေရန် အနည်းငယ်ဖြည့်စွက် ရေးသားထားပါသည်။
နေရာကား စစ်ကိုင်းတိုင်းဒေသတွင်းရှိ မြို့နယ်လေး တစ်မြို့ရှိရှမ်းရွာကြီးတစ်ရွာတွင်ဖြစ်သည်။
ထိုရွာလေးသို့ မကြာခဏ လူစိမ်းဧည့်သည်များလာရောက်တတ်ကြသည်။
ဧည့်သည်များလာရောက်ခြင်း အကြောင်းကား ထိုရွာတွင် အောက်လမ်းပညာရပ်၌တဖက်ကမ်း ခတ်အောင်ကျွမ်းကျင်သော ဦးစိုင်းလူဟူသော အောက်လမ်းဆရာကြီး ရှိသောကြောင့်ဖြစ်သည်။
ဦးစိုင်းလူအိမ်သည် ရွာအစွန်တွင်နှစ်ထပ်ပျဥ်ဆောင် အိမ်မဲကြီးဖြစ်ပြီး ရေနံဂျီးများ ဝနေအောင် သုတ်ထားကာ အိမ်ဝန်းအတွင်း အရိပ်ရ ပင်များအုံ့ဆိုင်းလျှက် ရှိသောကြောင့် နေရောင်ပျောက်ကာ နေ့ခင်းပင်ဖြစ်လင့်ကစား မှောင်နေသကဲ့သို့ရှိလေသည်။
ဦးစိုင်းလူသည် ဧည့်သည်များကို လက်ခံတွေ့ဆုံရာတွင် သူ၏အိမ်ရှေ့ရှိသီးသန့်အဆောင်လေး၌သာ တွေ့ဆုံလေ့ရှိရာ အိမ်ပေါ်သို့ကား မည်သူတစ်ဦးမှ မရောက်ဖူးချေ။
ဧည့်သည်များ ထိုခြံဝိုင်းအတွင်း ဝင်သွားကြလျှင်လဲ အမှောင်ဓာတ်၏ကြီးစိုးမှုကြောင့် ကြောက်ရွံ ကာ ခြေလှမ်းများပင်နှေးကွေးသွားတတ်ကြသည်။
ဦးစိုင်းလူနှင့်တွေ့လျှင်လဲ ဦးစိုင်းလူ၏မျက်စိအကြည့်စူးစူးကို မည်သူမျှကြာကြာရင်မဆိုင်ရဲကြ ။
ဦးစိုင်းလူ၏အမျိုးသမီးအမည်ကား နန်းဟူဟု ခေါ်ကာ သူ့တွင်စိုင်းလုံဟူသော ၁၃နှစ်အရွယ် သားတစ်ယောက်လဲ ရှိသေးသည်။
နန်းဟူက ဦးစိုင်းလူအား အင်မတန်ကြောက်ရွံရိုသေလေသည်။
ဦးစိုင်းလူတွင် ဒေဝနှင့်ယက္ခဟူသော တပည့်ကြီးနှစ်ဦးရှိကာ လူဝံကြီးများတစ်ဖွယ်ထွားကျိုင်းကြပြီး နှစ်ဦးလုံး၏ခန္ဓာကိုယ်တွင် အင်းကွက်များကဲ့သို့ရေးထိုးထားကာ မည်မျှရာသီဥတု အေးစေကာမူ အင်္ကျီမဝတ်ဘဲ ရှမ်းဘောင်းဘီအနက်ရောင်များကိုသာ ဝတ်ဆင်ထားကြလေသည်။
ဦးစိုင်းလူမိသားစုများရွာထဲသို့ တော်ရုံလာလေ့မရှိကြဘဲ သူ၏တပည့်များသာ စျေးသို့တစ်ခါတစ်ရံလာကာ အသားစိမ်းများ အားဆယ်ပိသာနီးပါးခန့် ဝယ်ခြမ်းသွားတတ်ကြသောကြောင့် ရွာထဲ၌ ဦးစိုင်းလူ အိမ်၌ သရဲသဘက်များ မွေးမြူထားသည်ဟု သတင်းပျံ့လျှက်ရှိလေသည်။
ဒေဝနှင့်ယက္ခ နှစ်ဦးကို မြင်ရသူတိုင်းက လန့်ကြကာ အထူးသဖြင့် ကလေးများကသာ၍ ကြောက်ကြလေသည်။
ထိုသူနှစ်ဦးရွာထဲဝင်လာသံကြားသည်နှင့်ကလေးများအားလုံး နီးစပ်ရာ အိမ်သို့ဝင်ရောက်ပုန်းကြတော့သည်။
ထိုသူနှစ်ဦအား ဦးစိုင်းလူမွေးထားသော ဘီလူးနှစ်ကောင်ဟု ကွယ်ရာ၌ ပြောဆိုကြလေေသာ်လည်း ရှေ့တွင်မူကား စေ့စေ့ပင်မကြည့်ရဲကြ။
ထိုသူနှစ်ဦးအား မျှော်နေတတ်သောသူတစ်ဦးကားရှိလေသည်။
ထိုသူကတော့ အသားရောင်းသော နန်းဘောင် ဟူသောအမျိုးသမီးဖြစ်သည်။
ဦးစိုင်း၏လူတပည့်နှစ်ဦးက နန်းဘောင်ထံသို့ အသားလာဝယ်လျှင် အသားဖိုးအပြင် ငွေစကြေးစများ ပိုပေးတတ်သောကြောင့်ဖြစ်သည်။
ဦးစိုင်းလူ အိမ်မှအသားယူမည့်နေ့မတိုင်မီ တစ်ရက်စော၍ ကြိုတင်မှာယူတတ်လေရာ နန်းဘောင်အိမ်သို့ကြိုတင်အကြောင်းကြားရသူကား ဦးစိုင်းလူ၏သား စိုင်းလုံပင်ဖြစ်သည်။
စိုင်းလုံကို ရွာမှလူငယ်များက သူ၏အဖေကို ကြောက်သောကြောင့်သာ အထိုက်အလျှောက်ဆက်ဆံကြလေသည်။
ထိုရွာ၏ ရွာသူကြီး နာမည်ကား စိုင်းလိတ်ဟုအမည်တွင်ကာ နန်းကျန်ဟူေသာသမီးတစ်ဦးလည်းရှိေလသည်။
ရွာသူကြီးကတော်အမည်ကားနန်းမိုးဖြစ်သည်။
ဦးစိုင်းလူ ရွာသို့ရောက်လာပုံကား ထူးဆန်းသည်။
ဦးစိုင်းလူက ရွာသင်္ချိုင်းသို့ တပည့်နှစ်ဦးနှင့်အတူ ရောက်ရှိလာကာ ကျင့်စဥ်တစ်ခု ကျင့်ကြံမည်ဟုရွာသူကြီး စိုင်းလိတ်ထံ ခွင့်တောင်းကြသည်။
စိုင်းလိတ်လဲ ခွင့်ပြုလိုက်လေသောည၌ပင် စိုင်းလိတ်ရွာသို့ဓားပြလာတိုက်သည်နှင့်ကြုံကြိုက်ကြတော့သည်။
အလစ်အငိုက်လာတိုက်သောေကြာင့် ရွာမှပြင်ဆင်ထားမှုမရှိကြချေ။
ထိုဓားပြများက မြင်းစီးကာ သေနတ်ကိုယ်စီနှင့်
ဝင်လာသောအခါ ရွာသားများမလှုပ်ရဲကြ ။
ထိုအချိန်တွင်တိုက်ခိုက်သံများကြားလိုက်ကြရပြီး ရွာလယ်လမ်းမ၌
“ဓားပြတွေအကုန်သေကုန်ပြီ ရွာသားတွေ ထွက်လာကြတော့”
ထိုအသံကြားကြောင့် သူ့ထက်ငါ အလုအယက်ထွက်ကြည့်ကြတော့သည်။
ထိုအခါ ဦးစိုင်းလူတပည့်နှစ်ဦး လက်ချက်ဖြင့် ဓားပြငါးဦးလုံး သေဆုံးနေလေပြီဖြစ်သည်။
ရွာလူကြီး အပါအဝင် အားလုံးက ကျေးဇူးတင်ကြောင်းပြောသောအခါ ထိုသူနှစ်ဦး ကမိမိတို့အား ကျေးဇူး တင်ရန်မလိုကြောင်း ၊
ဆရာစိုင်းလူက ညဒီရွာကိုဓားပြတွေလာတိုက်ကြမှာဖြစ်ကြောင်းပြောပြီး မိမိတို့နှစ်ဦးအား ဓားပြများအား နှိမ်နင်းရန်ကြိုတင်စေလွှတ်ထားသောကြောင့် ရွာလယ်ရှိစပါးကျီဟောင်း၌ မိမိတို့နှစ်ဦး ကြိုတင်စောင့်ဆိုင်းနေကြကြောင်း ပြောကြား ကာ ရွာသင်္ချိုင်းဖက်သို့ ဓားပြအလောင်းအားလုံးကို ပိတ်စမဲကြီးထဲသို့ထည့်ကာ တစ်ဖက်လျှင်တစ်ဦးစီ မ လျှက်ထွက်သွားကြတော့သည်။
ရွာလူကြီးစိုင်းလိတ်လဲ နောက်ရက်မနက်၌
ဓားပြများ၏သေနတ်နှင့် မြင်းများအား မြို့ရှိပုလိပ်ရုံးသို့သွားရောက်အပ်နှံရာ ပုလိပ်အရာရှိက ရွာသူကြီးစိုင်းလိတ်အား သေနတ်တစ်လက် လက်ဆောင်ပေး ချီးမြှင့်လိုက်လေသည်။
စိုင်းလိတ်လဲ မြို့မှပြန်ရောက်သောအခါ ဦးစိုင်းလူရှိရာသင်္ချိုင်းသို့ ရွာသားအချို့နှင့်သွားရောက်ကာ ကျေးဇူး တင်ကြောင်းပြောကြားလေသည်။
ဦးစိုင်းလူမှ မိမိအားကျေးဇူးတင်ရန်မလိုအပ်ကြောင်းနှင့် ဓားပြအလောင်းများအား မိမိတပည့်နှစ်ဦးမှ မြေမြုပ်လိုက်ပြီဖြစ်ကြောင်း သင်္ချိုင်းအတွင်း မြေပုံအကြီးတစ်ခုအား လက်ညှိုး ထိုးကာ ပြလေသည်။
ဦးစိုင်းလူမှ သူကြီးဦးစိုင်းလိတ်အား
“ကျုပ်တစ်ခုပဲ တောင်းဆိုချင်ပါတယ် ၊ကျုပ်ဒီရွာမှာ အခြေချခြင်တယ် ၊ကျုပ်ရွာအစွန်မှာ နေမှာပါ၊ ကျုပ် ရွာအစွန်က ဖုန်းဆိုးမြေဆိုတ့ဲ မြေကွက်ကြီးမှာ ကျုပ်မိသားစုတွေနဲ့ ကျုပ်တပည့်တွေနဲ့ နေမယ်”
ဟုဆိုသောအခါ ရွာသူကြီးစိုင်းလိတ်ကလဲ
“ဟာဆရာရယ် နေချင်ရင်ရွာထဲနေပါ အဲဒီဖုန်းဆိုးမြေက မြေအတော်ကြမ်းတယ် ဆရာ၊ ဆရာ့မိသားစုပါနေမှာဆိုတော့ သိပ်အဆင်မပြေလောက်ဘူးဆရာ”
“အဲဒီအတွက် မပူနဲ့ ကျုပ်ပညာနဲ့စာလျှင် ဒါက ပမွှားပါ ၊ကျုပ်အဲဒီမြေမှာပဲ အခြေချမယ်”
ဟုဆိုရာ ရွာသားများနှင့်ရွာလူကြီးလဲ ဦးစိုင်းလူအားသူတို့ရွာ၌နေရန်သဘောတူကြလိုက်လေသည်။
ထို့နောက်ထိုဖုန်းဆိုးမြေအား ရှင်းလင်းပြီး အိမ်ကြီးရခိုင်အား အလျှင်အမြန်ဆောက်လုပ်ကာ နေ့ချင်းညချင်းအလျှင်အမြန်ပြောင်းရွှေ့နေထိုင်ကြလေတော့သည်။
ဤကား ဦးစိုင်းလူ ထိုရွာသို့ရောက်လာသော အကြောင်းဖြစ်သည်။
ဦးစိုင်းလူမည်သည့်အရပ်မှပြောင်းရွှေ့လာသည်ဟူကား မည်သူမှမသိကြချေ။
တစ်နေ့ဦးစိုင်းလိတ်ထံသို့မြို့မှ ဂတ်ဗိုလ်များ လာရောက်လည်ပတ်ကာ ဓားပြများ အားနှိမ်နင်းပေးသော ဦးစိုင်းလူနှင့်တွေ့ချင်သည်ဟုဆိုသောကြောင့် ရွာလူကြီးလဲ ဦးစိုင်းလူအိမ်သို့ ဂတ်ဗိုလ်သုံးရောက်အား လိုက်ပို့ပေးလေသည်။
ဦးစိုင်းလူအိမ်သို့ရောက်သောအခါ စကားစမြည်ပြောကြရင်း ဗိုလ်လေးတစ်ဦးမှ
“ဆရာကြီးရယ် ကျွန်တော်က လုပ်ငန်းသစ်လေး လုပ်ချင်တာ ငွေကြေးက အဆင်မပြေဘူး၊ယောက်ခမသေလျှင် အမွေရဖို့ရှိပေမ့ဲ ယောက်ခမ အိပ်ယာထဲလဲနေပြီဖြစ်ပေမဲ့”
ဟုဆိုကာ ဆက်မပြောတော့ချေ။
ဦးစိုင်းလူက သဘောကျစွာ ရယ်မောလိုက်ပြီး
” ဗိုလ်လေး ရမည့်အမွေထဲက ကျုပ်ကို ဆယ်ရာနှုန်းလောက်ပေးရင်တော့ ဗိုလ်လေး အဆင်ပြေစေရမယ် ဘယ်လိုလဲ”
ဟုဆိုလိုက်သည်။
ဦးစိုင်းလိတ်နဲ့ ဗိုလ်လေးများလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။
“ဆရာကြီးကိုကျွန်တော် ဆယ်ရာနှုန်းအတိအကျပေးပါမယ်၊ အဆင်ပြေအောင်လုပ်ပေးပါ”
ဟုပြန်ပြောလိုက်တော့ ဦးစိုင်းလူမှ ဗိုလ်လေးအား ကြေးအင်းပြားငယ်တစ်ချပ်နှင့် ဖယောင်းတိုင်တစ်တ်ိုင်ပေးကာ အိမ်သို့ရောက်လျှင်ရောက်ချင်း အိပ်ယာခန်း တနင်္လါ ထောင့်တွင်ထွန်းရန်မှကြားလေသည်။
ထို့နောက်ဦးစိုင်းလိတ်နှင့် ဗိုလ်လေး တို့လဲ ဦးစိုင်းလူအားနှုတ်ဆက်ကာ ပြန်ခဲ့ကြသည်။
အပြန်တွင် တစ်ဦးနှင့်တစ်ဦး စကားပင်မပြောနိုင်ကြပဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြလေတော့သည်။
ဦးစိုင်းလိတ် စိတ်ထဲတွင် ဦးစိုင်းလူအား မိမိရွာတွင် ပေးနေတာ မှားပြီလားဟု စိုးရိမ်ကြီးစွာ တွေးမိနေလေတော့သည်။
ထိုည ဦးစိုင်းလူ တစ်ရေးနိုး ရေအိမ်သို့သွားရန် အိမ်အောက်သို့ဆင်းလာရာ မိမိအိမ်ဘက်သို့တစ်ဦးတစ်ယောက် လာနေသည်ကို တွေ့လိုက်ရလေသည်။ဦးစိုင်းလိတ်လဲ မည်သူလဲဟုစောင့်နေရာ ဦးစိုင်းလူဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဦးစိုင်းလိတ်လဲ ညကြီးဘာများ အရေးကြီးပါလိမ့်ဟု တွေးရင်း အိမ်ခြံပေါက်ဝတွင် ဦးစိုင်းလူအားရပ်စောင့်နေလေသည်။
ဦးစိုင်းလူရောက်လာသောအခါ
“ကျုပ်ပြောစရာရှိလို့လာခဲ့တာပါ ။ခင်ဗျားရွာမှာကျုပ်နေလို့ ဘာမှမစိုးရိမ်နဲ့ ခင်ဗျားရော ခင်ဗျားရွာသားတွေရော ကျုပ်အတွက်နဲ့ ဘာမှမဖြစ်စေရဘူး၊
ခင်ဗျား ဘာမှမကြောက်နဲ့ ကျုပ်ရှိနေသရွေ့ ခင်ဗျားရွာအတွက် ဘာအန္တရယ်မှလဲ မကျရောက်စေရဘူး ၊
အေ ကျုပ်မရှိတော့ရင်တော့ ခင်ဗျားရွာလဲ မရှိတော့ဘူးလို့မှတ်ထားလိုက်တော့”
ဟုဆိုကာ ပြန်လှည့်ပြန်သွား၏။
နန်းမိုးလဲ သူ့ယောက်ကျားအောက်သွားတာ ကြာသောကြောင့် အိမ်အောက်သို့လိုက်ဆင်းလာရာ ခြံဝတွင် တစ်ဦးတည်းရပ်နေသော ယောက်ျားဖြစ်သူအားတွေ့လိုက်ရလျှင်
“ယောက်ျား ဘာလုပ်နေတာလဲ ညဘက်ကြီးခြံဝမှာတစ်ယောက်တည်း”
ဟုဆိုသောကြောင့်နန်းမိုးအားလှည့်ကြည့်ပြီး ဦးစိုင်းလူအားကြည့်လိုက်ရာ အရိပ်မျှပင်မတွေ့ရတော့ချေ။
ဦးစိုင်းလိတ်ကလဲ
“ဘာမှမဟုတ်ပါဘူးနန်းမိုးရဲ့ ခြံတံခါး သေချာပိတ်ရဲ့လားကြည့်တာ”
ဟုသာ ပြန်ပြောပြီး ရေအိမ်သို့ဝင်ကာ အိမ်ပေါ်သို့ပြန်တက်ကာ အိပ်လိုက်ကြသည်။
တစ်ပတ်ကြာသောအခါ မြို့မှဗိုလ်လေး လဲ အဆင်ပြေပြီဟုဆိုကာ ဦးစိုင်းလူအား လာရောက်ကန်တော့လေတော့သည်။
ဗိုလ်လေးပြန်ရောက်သောည၌ပင်သူ့ယောက်ခမကြီး ဆုံးသွားကြောင်း နာရေးကိစ္စများ ပြုလုပ်နေသောကြောင့် ချက်ချင်းမလာနိုင်ကြောင်း ပြောကာ အမွေ၏ဆယ်ရာနှုန်း(ရွှေချောင်းများဖြင့် )ဦးစိုင်းလူအားကန်တော့လိုက်တော့သည်။
ဗိုလ်လေး၏ယောက်ခမကြီးမှာ တနင်္လါသမီးတစ်ဦးဖြစ်လေသည်။
မကြာမီ မြို့မှဧည့်သည် တစ်ဦးနှင့်ဗိုလ်လေး တို့ဦးစိုင်းလူထံရောက်လာကြပြန်သည်။
ဧည့်သည်မှာ သင်္ဘောသားတစ်ဦးဖြစ်ကာ သူနိုင်ငံခြား သွားနေခိုက်သူ့အမျိုးသမီးမှာအခြားယောက်ျားတစ်ဦး(စနေသား)နှင့် ဖောက်ပြန် နေသောကြောင့်ဖြစ်သည်။
ဦးစိုင်းလူလဲ အစီအရင်များလုပ်ပေးလိုက်ပြန်သည်။
ထိုအမျိုးသား စနေသားလဲ မကြာမီမတော်တဆ တစ်ခုဖြင့် သေဆုံးသွားတော့လေသည်။
ဤသို့ဖြင့်ဦးစိုင်းလူသည် လူကုံထံအသိုင်းအဝိုင်းကြားတွင် တဖြည်းဖြည်း နာမည်ကြီးလာလေသည်။
တစ်ခါသော် အခြားရွာတစ်ရွာ၌ အသတ်ခံရသော လူသေလောင်းတစ်လောင်းအား ရက်အတော်ကြာမှသိကြရသည်။
ထိုရွာလူကြီးလဲ ဂတ်သို့အကြောင်းကြားကာ ဂတ်ဗိုလ်များလဲ ထိုရွာသို့လူသတ်မှုအားလာရောက်စုံစမ်းကြပြီး ပြသနာ ကား အလောင်းအားသယ်ယူရန်ဖြစ်သည်။
(ထိုစဥ်အချိန်က နာရေးကူညီမှုအသင်း ပရဟိတများ မရှိသေးချေ)
ထိုဗိုလ်လေးတို့လဲ အမှုအတွက်လာရင်း ဦးစိုင်းလူရွာထံသို့လမ်းကြုံဝင်ရောက်လည်ပတ်ကြရင်း အလောင်းသယ်ရန်ပြဿနာအား ပြောဖြစ်ကြသည်။
ထိုအခါ ဦးစိုင်းလူက
“အဲဒီအလောင်းသည်ဖို့က ကျုပ်တာဝန်ထား ကျုပ်သယ်ပေးမယ်။ကျုပ်အလောင်းသယ်ချိန်သာ ရွာကလူတွေအကုန်လုံး တစ်ယောက်မှအပြင်မထွက်စေနဲ့ ”
ဟုဆိုကာ ထိုရွာထံသို့ လိုက်လာသည်။
ဦးစိုင်းလူ နှင့်အတူ သူ့တပည့်နှစ်ဦးအပြင် ဦးစိုင်းလူလက်ထဲတွင်ဓားရှည်ကြီး တစ်ချောင်းလဲ ပါလာသည်။
ရွာသူကြီးဦးစိုင်းလိတ်နှင့် အမှုဖြစ်သောရွာမှ ရွာသူကြီးတို့က ညီအစ်ကို ဖြစ်သည်က တစ်ကြောင်း ၊
ဦးစိုင်းလူ အလောင်းအားမည်သို့သယ်မည်ဆိုတာကို သိလိုသည်က တစ်ကြောင်းမို့ ဦးစိုင်းလိတ်လဲ ထိုရွာသို့ ဂတ်ဗိုလ် များနှင့်အတူဦးစိုင်းလူတို့နှင့်အတူ တစ်ပါတည်းလိုက်ပါလာကြ၏။
ထိုရွာသို့ရောက်သောအခါ ဦးစိုင်းလူက
“ကဲဗိုလ်လေးတို့က ရွာလူကြီးအိမ်မှာ သွားနေကြ၊ရွာသင်္ချိုင်းမှာ အလောင်းမြုပ်ဖို့မြေတွင်းအဆင်သင့်တူးထားပါ၊ မြေပြန်ဖို့ ရန်အတွက်ဂေါ်ပြားတစ်လက် အဆင်သင့်ချထားပါ ပြီးရင်အိမ်ထဲ မှာအားလုံးနေကြပါ”
ဟုဆိုလေသည်။
ဦးစိုင်းလူမှာကြားသည့်အတိုင်း မသာကျင်းအားအဆင်သင့်တူးထားလိုက်ကြသည်။
ရွာသူကြီးအိမ်သည် ရွာလည်လမ်းမကြီး၌ ဘေး၌တည်ရှိနေလေသည်။
ဦးစိုင်းလူက ဘယ်လိုလုပ်ပြီးပုတ်ပွနေသော အလောင်းကောင်ကို သူ့တပည့်နှစ်ဦးနှင့်အတူဘယ်လိုသယ်ယူမြေမြှုပ်မလဲ ၊
ဦးစိုင်းလိတ်ရွာမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဦးစိုင်းလူသားကရော ဘာတွေလုပ်မှာလဲ၊
ဦးစိုင်းလူက ရောဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ အပိုင်း၂တွင်ဆက်လက်ဖတ်ရှုပေးကြပါရန်
လေးစားလျက်
စာရေးသူ ..နန်းကြာညို
****ဆရာတစ်ဆူ ဦးစိုင်းလူ****
အပိုင်း(၂)ဇာတ်သိမ်း
ထိုအသတ်ခံရပြီး ပုတ်ပွနေသောအလောင်းအား သယ်ယူရန် ဦးစိုင်းလူနှင့်သူ့တပည့်နှစ်ဦးအား ရွာလူကြီးများက ထိုအလောင်း ရှိရာနေရာသို့ လိုက်ပြလိုက်ကြပြီးနောက် ထိုရွာ၏ရွာလူကြီးအိမ်သို့ ပြန်လာကြသည်။
ဦးစိုင်းလူနှင့်တပည့်နှစ်ဦးက ထိုအလောင်းနားတွင်ကျန်ရစ်ခဲ့ကြသည်။
ဦးစိုင်းလူမှ ထိုအလောင်းအားသေချာစွာ ကြည့်ပြီး ဂါထာအချို့ အားရွတ်ဖတ်နေလေသည်။
မကြာမီ လေများခပ်ပြင်းပြင်းတိုက်ခတ်လာပြီး နေပူနေရာမှ ချက်ချင်းမို့အုံ့ကာ ပတ်ဝန်းကျင် တခွင် အလင်းရောင်များမိန်ဖျော့လာသည်။
ထိုအချိန်တွင် ပုတ်ပွနေသော အလောင်းကောင်ကြီးက လှုပ်လာကာ ရုတ်တရက်ထ ထိုင်လိုက်သည်။
ဦးစိုင်းလူမှ အလောင်းကောင်အား ဓားနှင့်သုံးကြိမ်ရွယ်ကာ အလောင်းအားထရန် လက်ဖြင့်အမူအရာ လုပ်ပြလေသည်။
ထိုအချိန်တွင် ဒေဝနှင့်ယက္ခ နှစ်ဦးမှာလဲ လက်မောင်းများတွင် ကြိုးအနီများအားချည်နှောင်လိုက်လေသည်။
ထို့နောက် ဒေဝခါးတွင်ချည်နှောင်လာသော ပိတ်စအမဲအား ဖြုတ်ကာ အလောင်းကောင်ထရပ်လိုက်သည်နှင့် ထိုအလောင်းကောင်၏ ခန္ဓာကိုယ်အား ပိတ်စအမဲအပါးဖြင့်ပတ်လိုက်ကာ ခါးနေရာ၌ ကြိုးအနီဖြင့် ချည်နှောင်လိုက်လေသည်။
ထိုအချိန်တွင် လေပြင်းများတိုက်ခတ်နေရာမှ ရပ်တန့်သွားကာ ဦးစိုင်းလူမှာ ရွာသင်္ချိုင်းဖက်သို့ သွားရန်ဦးတည်လိုက်လေသည်။
ဦးစိုင်းလူသည်ဓားကြီးကို သူ၏ပုခုံးပေါ်ထမ်းလျှက်ရှေ့မှလျှောက်သည်။
အလောင်းကောင်ကြီးမှ ဦးစိုင်းလူ နောက်မှ လမ်းလျှောက်လိုက်လာကာ အလောင်းကောင်ကြီး၏နောက်တွင် ဒေဝနှင့် ယက္ခက လိုက်ပါလျှက်လျှောက်လှမ်းလာကြလေသည်။
ဤမြင်ကွင်းအား ထရံကြားမှ ချောင်းကြည့်မိသူများက ကြောက်လန့်ကာ မည်သူမှဆက်လက်မကြည့်ရဲကြချေ။
ထိုရွာရှိ လူကြီးအိမ်မှ ရွာသူကြီးစိုင်းလိတ်ညီအစ်ကိုနှင့် ဂတ်ဗိုလ်များက ထရံကြားမှ ချောင်းကြည့်နေကြပြီး အလွန်အံ့ဩလျှက် ကြာကြာမကြည့်ရဲဘဲ ထိုအိမ်အလယ်၌ စုစည်းကာ ထိုင်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး စကားပင် မပြောမိကြတော့ဘဲ အတွေးကိုယ်စီနှင့် ငြိမ်သက်လျှက် ရှိကြသည်။
ဤနည်းကား ဖုတ်ကောင်ကို အသက်သွင်းကာ လူသေအလောင်းအား လမ်းေလျှာက်စေသော နည်းလမ်းပင်ဖြစ်သည်။
ဦးစိုင်းလူက သင်္ချိုင်းတွင်းသို့ဝင်ရောက်လာသောအခါ နာနာဘာဝများ ဟိုဒီပြေးလွှားလျက် ထိုအလောင်းကောင်အား အဝေးမှ ကြည့်ရှုနေကြလေသည်။
အနားကိုမူကား မကပ်ရဲကြ။
အသင့်တူးထားသော မသာကျင်းသို့ ရောက်သောအခါ ဒေဝမှ အလောင်းကောင်အား ကျင်းထဲသို့ ကန်ချလိုက်ကာ ယက္ခမှာ ဂေါ်ပြားဖြင့် မြေများအား အလျှင်အမြန် ဖို့လိုက်တော့သည်။
မသာအား မြေဖို့ပြီးသည်နှင့် နေ၏အလင်းရောင်သည်လည်း ပြန်လည်လင်းလာကာ ပတ်ဝန်းကျင်တခွင်သည် ပုံမှန်ပြန်ဖြစ်သွားတော့သည်။
ဦးစိုင်းလူလည်း ဓားကြီးအား ဓားအိမ်အတွင်း ပြန်လည်ထည့်လိုက်စဥ် ဒေဝနှင့် ယက္ခက လည်း လက်မောင်းတွင်စည်းနှောင်ထားသော အနီရောင်ကြိုးများကို ပြန်လည်ဖြုတ်သိမ်းလိုက်ကြသည်။
ဦးစိုင်းလူလဲ မိမိအလုပ်ပြီးပြီမို့ တပည့်နှစ်ယောက်နှင့် အိမ်သို့ပြန်လာခဲ့ ကြလေသည်။
ဤအလောင်းသယ်သော အလုပ်အား ဦးစိုင်းလူမှ မည်သည့်အခကြေးငွေမှမယူပဲ လုပ်ကိုင်ပေးခြင်းဖြစ်၏။
ရွာထဲ၌ ဦးစိုင်းလူတို့ လာမည်ထင်ကာ မျှော်နေကြသော်လည်း ဦးစိုင်းလူတို့ပြန်မလာတော့သောကြောင့် စိုင်းလိတ်နှင့် ဂတ်ဗိုလ်အရာရှိတို့လည်း ရွာသို့ပြန်လာကြသည်။
ရွာသို့ရောက်သောအခါ ဦးစိုင်းလူ၏ ပညာအား မျက်ဝါးထင်ထင် မြင်ထားရသောကြောင့် ဦးစိုင်းလူအိမ်သို့သွားရန်မူကား ကြောက်ရွံ့နေကြလေသည်။
ဦးစိုင်းလူအိမ်သို့ ဂတ်ဗိုလ်လေးနှင့် စိုင်းလိတ်တို့ညီအစ်ကိုလဲ ကျေးဇူးတင်စကားပြောရန် အရဲစွန့်လျှက် လာခဲ့ကြသည်။
ဦးစိုင်းလူအိမ်သို့ရောက်ကြလျှင် စိုင်းလိတ်အစ်ကိုမှ
“ဆရာကြီးရယ် ကျေးဇူးအများကြီးတင်ပါတယ် ဗျာ ”
ဟုပြောလျှင် ဦးစိုင်းလူမှ
“ကျုပ်တတ်နိုင်တာ ကူညီတာပါ မလိုပါဘူး။ဗိုလ်လေး တို့လည်း နောက်ဆို သယ်ဖို့ခက်ခဲတဲ့ အလောင်းတွေရှိရင် ကျုပ်ကို ပြောပါ ကျုပ်ကူညီပါမယ်”
ဟုဆိုလေတော့သည်။
ဗိုလ်လေးတို့နှင့် စိုင်းလိတ်တို့လည်း ကျေးဇူးတင်ကြောင်းပြောကာ ဦးစိုင်းလူအိမ်မှပြန်လည် ထွက်ခွာလိုက်ကြသည်။
ဦးစိုင်းလူ၏သတင်းကား ထိုနယ်တဝိုက်တွင် နာမည်အလွန်ကြီးသွား လေသည်။
လူတစ်ဦး အသက်တစ်ချောင်းလျှင် ဖယောင်းတိုင်တစ်တိုင်ဖြင့် အသက်သေကြသလို အလောင်းကောင်အား ဖုတ်သွင်းကာ လမ်းလျှောက်စေနိုင်သော ဦးစိုင်းလူ၏ ပညာကား အစွန်းရောက်၍ ကြောက်စရာကောင်းအောင် တော်သည့်ပညာသည်တစ်ဦးပင်ဖြစ်သည်။
အချိန်ကာလဟူသည် ရွေ့လျား လျှက်ရှိရာဦး စိုင်းလူ၏သား စိုင်းလုံသည်ပင် ၁၈နှစ်ပြည့်လေပြီ။
ဦးစိုင်းလူသည် နတ်မိစ္ဆာများအား တစ်လလျှင် နှစ်ကြိမ်ခန့် အသားစိမ်းများအား ယစ်ပူဇော်လေ့ရှိသည်။
လိုအပ်လျှင် တစ်လလျှင် သုံးလေးကြိမ်လဲ ပူဇော်တတ်လေသည်။
ဦးစိုင်းလိတ်၏ သမီးနန်းကျန်လည်း အပျိုဖားဖား ဖြစ်လျှက်အလွန်လှသွေးကြွယ်လျက်ရှိရာ မြို့ပေါ်ထိတိုင်အောင် နန်းကျန်၏အလှသတင်းလဲ မွှေးလျက်ရှိသည်။
သို့သော် ဦးစိုင်းလူ ရှိသောရွာသို့ မည်သူမျှ အပျိုမလှည့်ရဲကြ။
တစ်နေ့ စိုင်းလုံတစ်ယောက် စက်ဘီးနှင့် နန်းဘောင်အိမ်သို့ အသားသွားမှာရာ နန်းကျန်နှင့် လမ်းတွင် ဆုံကြသည်။
စိုင်းလိတ်တစ်ယောက် နန်းကျန်ကို တွေ့လိုက်ရသောအခါ အလွန်ပင် ချစ်ခင်စုံမက်သွားလေသည်။
နန်းကျန်ကား စိုင်းလုံကို သိသောကြောင့် ရှောင်ကွင်းကာ သွားလိုက်သည်။
နန်းကျန်က ဆွမ်းချိုင့်ပို့ရန်အတွက် နန်းဘောင်အိမ်တွင် အသားမှာပြီးမအထွက် စိုင်းလုံနှင့်ဆုံမိကြခြင်းဖြစ်သည်။
စိုင်းလုံမှ ဒေါ်နန်းဘောင်အိမ်ထဲသို့ရောက်လျှင် ဒေါ်နန်းဘောင်မှ
“ဒီတစ်ခေါက် အသားအချိန်ဘယ်လောက်ယူမှာလဲ စိုင်းလုံ”
“ထုံးစံအတိုင်းပဲ ဒေါ်နန်းဘောင် ၊ဒါနဲ့ အစောတုန်းက မိန်းမချောလေးက ဘယ်သူလဲ လှလိုက်တာဗျာ ”
“အဲတာ ပီစိုင်းလိတ်သမီး နန်းကျန်လေ စိုင်းလုံရဲ့ နင်မသိဘူးလား ၊ဒီနယ်တကြောမှာ လှလွန်းလို့နာမည်ကြီးနေတာ ၊အေးလေ နင်က ဘယ်သိမလဲ နင်မှရွာထဲမှ သိပ်မလာတာ”
ဟုဆိုကာ ရေနွေးကြမ်းအိုးအား စားပွဲပေါ်တွင် ယူလာကာ တင်လိုက်သည်။
စိုင်းလုံမှ ရေနွေးကြမ်းတစ်ခွက်သောက်လိုက်ပြီး
“သူ့မှာ ချစ်သူတွေဘာတွေများ ရှိတယ်ကြားသလား ဒေါ်နန်းဘောင်”
“အဲလိုတော့ ငါလည်းမကြားမိဘူး ပီလိတ်က သူ့သမီးကို ဘယ်မှလဲသိပ်ပေးမသွားဘူး ဒါပေမဲ့ ညနေပိုင်းတော့ နန်းကျန်က ချောင်းထဲ ရေသွားခပ်တတ်တယ် ”
စိုင်းလုံလဲ ကျေနပ်စွာတစ်ချက်ပြုံးလိုက်ပြီးနောက်
“ကျေးဇူးပါ ဒေါ်နန်းဘောင် နက်ဖြန်ထုံးစံအတိုင်း စျေးထဲကို အဖေ့တပည့်တွေ အသားလာယူလိမ့်မယ် ကျွန်တော် အကူအညီလိုရင်တော့ ဒေါ်နန်းဘောင် ကူညီဦး ”
ဟုဆိုကာ ငွေစအချို့အား ဒေါ်နန်းဘောင်အား ပေးလိုက်ရာ ဒေါ်နန်းဘောင်မှ အားရဝမ်းသာ လှမ်းယူလိုက်ပြီး
“စိတ်ချပါစိုင်းလုံရယ် ပြောစရာမှ မလိုတာ၊
ပီစိုင်းလူက ငါ့ကျေးဇူးရှင်ဆိုလဲမမှားဘူး ၊
ပီစိုင်းလူကြောင့်ငါလဲ စီးပွားရေးအဆင်ပြေလာတာလေ ၊
ငါညနေကြရင် အသားကောင်းကောင်းလေး သွားမှာထားလိုက်မယ် ”
စိုင်းလုံလဲ ဒေါ်နန်းဘောင်အား နှုတ်ဆက်ကာ ပြန်လာခဲ့ရာ လမ်းတစ်လျှောက်၌ နန်းကျန်၏မျက်နှာ လေးကိုသာ မြင်ယောင်မိနေလေသည်။
အိမ်သို့ရောက်လျှင် ဦးစိုင်းလူ ထိုင်နေရာသို့ စိုင်းလုံ သွားလိုက်ပြီး
“ပေါ့လူ သား ပြောစရာရှိလို့ ”
ဦးစိုင်းလူမှ ဆေးတံဖွာနေရာမှ
“အထူးအဆန်းပါလား စိုင်းလုံ ၊
ပြောလေ ဘာပြောမှာလဲ၊
ပေါ့ပေါ့ဆီ ပညာသင်ချင်တာကလွဲရင် ကျန်တာ ပြောနိုင်တယ်”
(ရှမ်းလိုနှင့် အဖေကို ပေါ့ပေါ့၊အမေကို မယ့်မယ့်၊အစ်ကိုကို ပီစိုင်းဟုခေါ်ကြလေသည်)
ဦးစိုင်းလူက မိမိပညာမည်မျှတတ်စေကာမူ သားစိုင်းလုံအား ဘာပညာမှ သင်မပေးချေ။
မကောင်းသော ပညာရပ်ဖြင့်သားအား မနစ်မွန်းစေချင်။
မကောင်းသော အတတ်ပညာရပ်၏ နိဂုံးကိုလည်း မိမိကိုယ်တိုင်သိနေသည်မဟုတ်လား ။
အမှောင်လောကပညာရပ်က ကျွံဝင်သွားပြီးလျှင် နုတ်ထွက်မရသောကြောင့် သားလေးစိုင်းလုံအား မိမိကဲ့သို့ လမ်းမှားမလိုက်စေလိုသည်ကား ဖခင်တစ်ဦး၏မေတ္တာ ပင်ဖြစ်သည် ။
သားလေးစိုင်းလုံ နားလည်မည်ဟု ထင်ပါသည်။
“ပေါ့ပေါ့ သားလေ ဦးစိုင်းလိတ်သမီး နန်းကျန်ကို စုံမက်တယ် ”
ဟုဆိုလိုက်ရာ ဦးစိုင်းလူ သောက်နေသော ဆေးတံပင် လွတ်ကျသွားကာ
“ဟေ”
ဩငါ့သားတောင် မိန်းမယူချင်ပြီကောဟု တွေးရင်း ဦးစိုင်းလိတ်၏မျက်နှာကို မြင်ယောင်လာမိသည်။
မိမိလို အမှောင်ပညာသည် တစ်ဦး၏သားနှင့် သဘောတူပါ့မလားဟုလည်း တွေးမိလိုက်သည်။
“သားစိုင်းလုံ မင်းဘာသာမင်း ကောင်မလေး အချစ်ကို အရင်ရအောင်ကြိုးစားကြည့်ပေါ့ကွာ ၊အေ မင်းအစွမ်းအစနှင့် မရရင်တော့ တစ်မျိုးပေါ့ကွာ”
ဟုဆိုကာ အိမ်မကြီး ဘက်သို့ထွက်သွားသည်။
စိုင်းလုံလဲ ဝမ်းသာသွားပြီး ညနေစောင်းအချိန်၌ အဖေ့ တပည့်နှစ်ဦးနှင့်အတူ ချောင်းဘက်ထွက်လာကြ၏။
ချောင်းဘေးရှိ သစ်ပင်ကြီး နဘေးတွင်သုံးယောက်သား ထိုင်စောင့်နေစဉ် နန်းကျန်နှင့်အပျိုတစ်သိုက်ရေခပ်ဆင်းလာကြသည်။
နန်းကျန်တို့ရေခပ်ပြီး ပြန်တက်လာချိန်၌ စိုင်းလုံလဲ သစ်ပင်နောက်ကွယ်မှ ထွက်လာပြီး
“နန်းကျန်နေဦး ငါနင့်ကိုပြောစရာရှိလို့”
စိုင်းလုံအားမြင်လိုက်ရသောအခါ ကျန်အပျိုများလည်း လန့်သွားကြပြီး
“နန်းကျန်ငါတို့သွားနှင့်တော့မယ်”
ဟုဆိုကာ သုတ်ခြေတင်လစ်ကြတော့သည်။
” ဘာလဲ စိုင်းလုံ နင်နဲ့ငါ ဘာမှပြောစရာမလိုဘူး ၊ကျေးဇူးပြုပြီး ငါနဲ့ဝေးဝေးနေပါ ငါနင်တို့မိသားစုကိုကြောက်တယ်”
ဒေဝနှင့်ယက္ခလည်း နန်းကျန်စကားကြောင့် သစ်ပင်ကွယ်မှ ထွက်လာကာ
“သခင်လေးကို မင်းကောင်းကောင်းဆက်ဆံပါ ကလေးမ”
စိုင်းလုံမှ ဒေဝတို့အား လက်ကာပြလိုက်ပြီး
“နန်းကျန် ငါနင့်ကို ချစ်တယ် ၊နင့်ကိုလက်ထပ်ချင်တယ် နင်ဖြစ်ချင်တာ ဘာမဆိုလုပ်ပေးနိုင်တယ် ၊နင်သာငါ့ကိုလက်ခံပေးပါ”
“ငါစကားကုန်ပြောပြီးပြီ စိုင်းလုံ နင့်ကိုလည်း မချစ်နိုင်ဘူး ငါနင့်အသိုင်းအဝိုင်းနဲ့လည်းမပက်သက်နိုင်ဘူး”
ဟုဆိုကာ ချာကနဲ လှည့်ထွက်သွားလိုက်တော့သည်။
စိုင်းလုံတစ်ယောက် စိတ်မကောင်းဖြစ်ကာ အိမ်သို့ပြန်ရောက်လာ၏။ မည်သူနှင့်မျှ စကားမပြောတော့ဘဲ အခန်းထဲဝင်ကာ တံခါးပိတ်ထားလိုက်သည်။
ေဒဝနှင့်ယက္ခလည်း ဦးစိုင်းလူအား အကြောင်းစုံရှင်းပြသောအခါ
” ဟား ဟား ဟား..ဒါက လွယ်ပါတယ်”
ဟုဆိုပြီး ဒေဝနှင့်ယက္ခအား တီးတိုးမှာကြားလိုက်သောအခါ ဒေဝနှင့်ယက္ခလည်း ခေါင်းညိမ့်လိုက်ကြသည်။
နန်းကျန်ကအိမ်သို့ရောက်သောအခါ မိဘများအား စိုင်းလုံကသူ့အားကမ်းလှမ်းသည့်အကြောင်းဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ နန်းမိုးမှ
“တော်သေးတာပေါ့သမီးရယ်..လူကိုဘာမှမလုပ်သွားလို့… သူတို့မိသားစုက ပညာသည်တွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ လူ့အသက်တစ်ချောင်း ဖယောင်းတိုင် လေးတစ်တိုင်နဲ့ ခြွေပြီး ရတဲ့ငွေတွေ က အကုသိုလ်ငွေ တွေပါ၊ သမီးဒီနေ့ကစပြီး အပြင်မထွက်နဲ့တော့”
ဦးစိုင်းလိတ်က သက်ပြင်းရှည်ကြီးချလျှက် သမီးလေးအား ဂရုဏာသက်စွာကြည့်ရင်း ဆေးတံအားဖွာကာ ပြတင်းပေါက်ဆီထသွားလိုက်သည်။
ဦးစိုင်းလူ၏ ပညာရပ်အား သိသောကြောင့် သမီးလေးအတွက် ဝမ်းနည်းမှုကြောင့်ကျသည့်မျက်ရည်အား ဘယ်သူမှမမြင်ခင် သုတ်လိုက်တော့သည်။
နန်းဘောင်အိမ်သို့ ဒေဝနှင့်ယက္ခနှစ်ဦး ရောက်လာကြပြီး ဒေါ်နန်းဘောင်၏စားပွဲတွင် ရွှေချောင်းသုံးချောင်းအား ချလိုက်တော့ ဒေါ်နန်းဘောင် မျက်လုံးများ လင်းလက်သွားသည်။
သူ့ဘဝ၌ ရွှေချောင်းဆိုတာ မမြင်ဖူးခဲ့။
ဒေါ်နန်းဘောင်မှ
“ကျွန်မဘာကူညီပေးရမလဲ ဆရာတို့ ”
ဟုမေးလျှက် မျက်လုံးက ရွှေချောင်းအား မခွာနိုင်ဖြစ်နေသည်။
ထိုအခါ ဒေဝက
“ဘာမှပင်ပင်ပန်းပန်းခက်ခက်ခဲခဲ မဟုတ်ပါဘူး “ကောင်မလေး သုံးပြီးသား ပစ္စည်း လေး တစ်ခုလောက်လေး ယူပေးရုံပါပဲ ၊နက်ဖြန် အသားလာယူရင် ထည့်ပေးလိုက်ယုံပါပဲ ”
“စိတ်ချပါ ရစေရမယ်”
ဟုအားရဝမျးသာ ဆိုလိုကျ၏။
ဒေါ်နန်းဘောင်လဲ ယက္ခတို့နှစ်ဦးပြန်သွားေသာအခါ ရွှေချောင်းများအား အလျှင်အမြန်သိမ်းလိုက်သည်။
ဦးစိုင်းလိတ်နှင့် ဒေါ်နန်းဘောင်က အမျိုးမကင်းသည်မို့ နန်းကျန်ပစ္စည်းတစ်ခု ရရန်သူ့အတွက်လွယ်ကူလွန်းလှသည်။
နန်းဘောင်လဲ အသားခြောက်များ အားမီးဖုတ် ဆီဆမ်းကာ ခွက်လေးထဲ ထည့်ပြီး
“ပီလိတ်ရေ ပီလိတ်တို့အတွက် အသားခြောက် ဖုတ်လေးလာပို့တာ၊ နက်ဖြန်မနက်မှ အသားက ရမှာမို့ ”
ဟုဆိုကာ စိုင်းလိတ်အိမ်ထဲ၀င်ကာအခြေအနေအား အကဲခတ်နေသည်။
ဦးစိုင်းလိတ်က
“အေ …ကျေးဇူးပဲ နန်းဘောင်ရေ ၊ငါလဲ အလုပ်မပြတ်သေးလို့ မီးဖိုထဲက ကြောင်အိမ်ထဲ ထည့်ခဲ့လိုက်၊
နင့်အစ်မ နန်းမိုးနဲ့ နင့်တူမက သူ့အဖွားနေမကောင်းလို့ ဟိုဘက်ရွာ သွားကြတာ၊ညမှ ငါ့အစ်ကို ပြန်လိုက်ပို့မှာနဲ့တူတယ် ”
နန်းဘောင်လဲ အိမ်ပေါ်တက်ကာ တံမြက်စည်းလှဲပေးပြီး နန်းကျန်အခန်းထဲ ဝင်ကာလျှော်မည့်အဝတ်ထဲမှ နန်းကျန်၏ လက်ကိုင်ပုဝါတစ်ထည်အား ခါးထဲသို့လိတ်ကာထည့်ပြီးနောက် စိုင်းလိတ်အား နှုတ်ဆက်ကာ ပြန်လာခဲ့သည်။
နောက်ရက်မနက်၌ စျေးထဲတွင်အသားလာယူသော ယက္ခတို့လက်ထဲသို့ နန်းကျန်၏ပုဝါလေး အား လုံး၍ထည့်ပေးလိုက်သည်။
စိုင်းလုံသည် ညကတည်းက အစားလဲ မစား မည်သူနှင့်မှလည်း စကားမပြောချေ။
ဦးစိုင်းလူကသည် သူ့သားစိုင်းလုံ၏ ပုဝါနှင့်နန်းကျန်၏ ပုဝါဟောင်းအား ထပ်လိုက်ကာ ဂါထာများ မန်းမှုတ်လျှက် ကြေးလင်ဘန်းထဲသို့ထည့်ကာ မီးရှို့လိုက်၏။
ထို့နောက် သဘောကျစွာလျက် တ ဟား ဟားဖြင့်အော်ရယ်နေသည်။
ထိုအချိန်တွင် နန်းကျန်တစ်ယောက် စျေးထဲတွင် စျေးဝယ်နေရင်း စိုင်းလုံ၏မျက်နှာအား မြင်ယောင်လာကာ ခြေလှမ်းတို့အား ဦးစိုင်းလူအိမ်ဘက်သို့ ဦးတည်လိုက်၏။
“ဟဲ့… နန်းကျန် အိမ်မပြန်ပဲ ဘယ်သွားမှာလဲ ”
“ငါ ပီလုံကိုချစ်တယ် မခွဲနိုင်တော့လို့ ပီလုံဆီမှာပဲ သွားနေတော့မလို့ ”
ဟုဆိုသောကြောင့် ကြားရသူများလဲ အံ့ဩလျှက် ဉီးစိုင်းလိတ်အိမ်သို့ အပြေးအလွှား သွားရောက်ပြောကြသည်။
နန်းကျန်က ဦးစိုင်းလူအိမ်သို့ ရောက်သောအခါ
“ပေါ့လူ ပီလုံရော”
“ရှိပါ့ဗျာ သူ့အခန်းထဲမှာ ”
ဟုဆိုလိုက်ကာ တဟား ဟားရယ်မော နေလေ သည်။
နန်းဟူက လည်း
“လာသမီး နန်းကျန် အမေကြိုဆိုပါတယ် ”
ဟုဆိုကာ နန်းကျန်လက်ကလေး ဆွဲကာ စိုင်းလုံ အခန်းရှေ့လိုက်ပို့ပေးလိုက်လေသည်။
“သားလေး စိုင်းလုံ ဒီမှာ ဘယ်သူလာလဲ ကြည့်စမ်းပါဦး ”
ဟုဆိုရာ စိုင်းလုံလဲ တံခါးဖွင့်ကြည့်လိုက်ရာ အခန်းရှေ့တွင် ကျစ်စမြီးနှစ်ဖက် လေးကျစ်လျှက် သူ့အားပြုံးပြီးကြည့်နေသော နန်းကျန်ကို တွေ့လိုက်ရလျှင်
“ဟင် နန်းကျန် ကိုယ့်နောက်လိုက်လာတယ်ဟုတ်လား ”
ဟုဆိုကာ ရင်ခွင်ထဲ ထွေးဖက်ထားလိုက်သည်။
နန်းဟူလဲ အလိုက်သိစွာ အိမ်အောက်ဆင်းလာခဲ့တော့သည်။
စိုင်းလိတ်လင်မယားလဲ သတင်းကြားလျှင် ကြားချင်း ဦးစိုင်းလူ အိမ်သို့လိုက်လာကြတော့သည်။
နန်းမိုးက ဦးစိုင်းလူအိမ်ရှေ့သို့ ရောက်သောအခါ
“သမီးနန်းကျန်ရေ အမေတို့နှင့် ပြန်လိုက်ခဲ့ပါကွယ်၊ သမီးက မိန်းခလေး မို့ ယောက်ျားလေး တစ်ယောက်အိမ်လိုက်လာတာ မသင့်လျှော်ပါဘူး မယ်မယ့်ကို ချစ်ရင် ပြန်လိုက်ခဲ့ပါကွယ် ”
ဟုအော်လေတော့သည်။
ဦးစိုင်းလူက
“လာကြပါ ဖြေးဖြေးချင်း ပြောကြတာပေါ့ ”
ဟုခေါ်သောကြောင့် စိုင်းလိတ်နဲ့ နန်းမိုးလဲ ဦးစိုင်းလူ၏ ဧည့်တွေ့ဆောင်ထဲ ဝင်လာလိုက်ကြသည်။
နန်းမိုးက ဟိုဟိုဒီဒီ ကြည့်ရင်းသမီးဖြစ်သူအား ရှာဖွေနေမိလေသည်။
သမီးဖြစ်သူကား အရိပ်အယောင်မျှပင်မတွေ့ရ။
“ဒေါ်နန်းမိုး ခင်ဗျားသမီးရှိပါတယ် အိမ်ပေါ်က သားအခန်းထဲ မှာပါ ”
ဟုဆိုသောကြောင့် ဦးစိုင်းလိတ်တို့ လင်မယားလည်းရှက်ကာ ခေါင်းပင်မဖော်ရဲကြတော့ ။
သမီးအပျိုလေးက သူစိမ်းယောက်ကျားလေး တစ်ယောက်အခန်းထဲ မှာ ဆိုသည့် အသိက မျက်နှာပင်မထားတတ်အောင် ရှိလေသည်။
ဦးစိုင်းလိတ်မှ
“သားရေ စိုင်းလုံရေ အခန်းထဲကြီး အောင်းမနေကြနဲ့ဟ၊ ဒီမှာ မင်းယောက္ခမ တွေရောက်နေတယ် ဆင်းလာခဲ့ကြဦး ”
ဟုဆိုလေရာ စိုင်းလုံနဲ့ နန်းကျန်လဲ လက်တွဲကာ အိမ်ပေါ်မှာ ဆင်းလာခဲ့ကြသည်။
အဝတ်အစားများ နွမ်းကြေကာ ဆံပင်များ ဖိုသီဖတ်သီ ဖြစ်နေသော သမီးနန်းကျန်ကို ကြည့်ရင်း မိဘနှစ်ဦးလုံး ရင်နာလို့မဆုံး။
နန်းမိုးက
“သမီးနန်းကျန် အမေတို့နဲ့ ပြန်လိုက်ခဲ့ပါကွယ် ၊မဂ်လာဆောင်ပြီးမှ စိုင်းလုံတို့ အိမ်ကို ပြန်လာခ့ဲနော်”
“အို အမေရယ် သမီးမင်္ဂလာလဲ မဆောင်ချင်ဘူး ပြန်လဲ မလိုက်နိုင်ဘူး ၊သမီး ..ပီလုံနဲ့ တစ်မနက်တောင်မခွဲနိုင်ဘူး ၊မယ့်မယ့်ရော ပေါ့ပေါ့ရော ပြန်ကြပါတော့ ”
ဟုဆိုကာ စိုင်းလုံပုခုံးအား မှီနွဲ့နေသည်။
“ကဲ ကိုစိုင်းလိတ် ခင်ဗျားသမီး ကတော့ မြင်တဲ့အတိုင်းပဲ၊ ခင်ဗျားသမီးနဲ့ ကျုပ်သားက ဝိညာဥ် ချင်းတောင် တွဲထားတာ၊
တစ်ယောက်သေရင် နှစ်ယောက်လုံး သေမယ် ကျုပ်သေရင်တော့ အားလုံးသေကုန်မယ်”
ဟုဆိုကာ တစ်ဟား ဟား အော်ရီနေလေတော့ သည်။
စိုင်းလိတ်လင်မယားလဲ ပြန်လိုက်ဦးမည်ဟု ဆိုကာ ထပြန်လာကြသည်။
မိဘနှစ်ဦးရင်ထဲ၌ နေဆယ်စင်းမက ပူလောင်နေသော အပူများသည် မျက်ဝန်းအိမ်မှ မျက်ရည်များအဖြစ် စီးဆင်းကုန်ရှာတော့သည်။
နန်းမိုးတစ်ယောက် သမီးစိတ်ဖြင့် တစ်ငိုငိုတစ်ရယ်ရယ်ဖြစ်ကာ မစားနိုင်မသောက်နိုင်ဖြစ်လာပြီး အိပ်ရာထဲလဲလေသော်လည်း သမီးနန်းကျန်ကား မိခင်အား တစ်ခါမျှပင်လာမကြည့် ။
မကြာမီ နန်းမိုးတစ်ယောက် သမီးစိတ်ဖြင့်ပင် ကွယ်လွန်သွားရှာ လေတော့သည်။
ဦးစိုင်းလိတ်တစ်ယောက်လဲ ပျော်ရွှင်စရာ အသိုက်မြုံ လေးတစ်ခုမှ အထီးကျန်သော ဘဝတစ်ခုသို့ ချက်ချင်းကူးပြောင်းခံစားလိုက်ရသောကြောင့် ရပ်ရွာလုပ်ငန်းများ အားလုံးကို စွန့်လွှတ်ကာ သာသနာ့ဘောင်သို့ ထာဝရဝင်ရောက်သွားလေတော့သည်။
ရွာသူကြီး အသစ်အမည်ကား စိုင်းစံနောင်ဟု အမည်တွင်သော လူငယ်တစ်ဦးဖြစ်သည်။
စိုင်းစံနောင်သည် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိကာ အိမ်ထောင်မရှိသော လူလွတ်တစ်ဦးလည်းဖြစ်သည်။
စိုင်းစံနောင်သည် ရွာသူကြီးစဖြစ်စဥ်ကတည်းက ဦးစိုင်းလူမိသားစုနှင့် ကင်းအောင်နေသည်။
အချိန်ကာလ တိုက်စားလာသည်နှင့်အမျှ ဦးစိုင်းလူတစ်ယောက်လည်း လူသားတစ်ဦးပေမို့ ကျန်းမာရေး ချို့တဲ့လာသည်။
တစ်ရက် နန်းကျန်တစ်ယောက် ရေချိုးရင်း ချော်လဲကာ ဦးခေါင်းနှင့်အုတ်ခဲ ရိုက်မိပြီး သေဆုံးသွားတော့သည်။
စိုင်းလုံနှင့်နန်းကျန်တွင် သားသမီးမရရှိခဲ့ပါ။
အမှောင်လောက သား၏သွေးမို့ မပြန့်ပွားအောင် နတ်တို့က တားဆီးပေးခဲ့ကြသည်လား မပြောတတ်ပေ။
နန်းကျန်သေဆုံးတော့ စိုင်းလုံလဲ ခေါင်းအရမ်းနာသည်ဟု ဆိုကာအော်ဟစ်ရင်း သေဆုံးသွားလပြန်သည်။
ထိုအခါ ဦး စိုင်းလူတစ်ဦး နောင်တတရားဖြင့်ယူကြုံးမရဖြစ်တော့သည်။
နန်းကျန်အား
လက်ကိုင်ပုဝါဖြင့် ပြုစားစဥ်က မိမိမရှိတော့လျှင် ပညာပြယ်ကာ နန်းကျန်နှင့်သား အနေဝေးသွားမည်ကိုတွေးပူခဲ့မိသည်။
သူတို့နှစ်ဦး ထာဝရပေါင်းဖက်နိုင်ရေး ကိုမျှော်တွေးလျှက် ဝိညာဥ်ခြင်းထပ်ကာ အစီအရင်ပြုလုပ်ခဲ့သောကြောင့် နန်းကျန်သေဆုံးသွားေသာအခါ မိမိ၏ ချစ်လှစွာသော သားလေး စိုင်းလုံပါ သေဆုံးရလေပြီဟူသောအတွေးဖြင့် နှလုံးကြေကွဲရလေသည်။
သူများသားသမီးအား ဆုံးရှုံးအောင်ပြုလုပ်မိသောဝဋ်ကို မိမိခံရပြီဟုတွေးရင်း နောင်တ တရားဟူသည်ကား ဦးစိုင်းလူရင်ထဲ သောကအဖြစ် ပူလောင်လွန်းလေပြီ။
ဦးစိုင်းလူသည် အရူးမီးဝိုင်းဖြစ်ကာ ဘာမှမစဥ်းစားတော့ဘဲ အသိုက်အမြုံလေး မပျက်စေရန် သားနှင့်ချွေးမ အလောင်းအား အသက်ပြန်သွင်းလိုက်လေသည်။
ထိုနေ့မှစ၍ ဦးစိုင်းလူအိမ်မှ အသားစိမ်းများ ပိုဝယ်ယူလေတော့သည်။
နန်းဟူတစ်ယောက် သားနှင့်ချွေးမ အဖြစ်အား မသိချေ ၊နန်းဟူသည် နှလုံးရောဂါဖြစ်ကာ နေမကောင်းသောကြောင့် မြို့တက်၍ဆေးခန်းပြနေသောကြောင့်ဖြစ်၏။
နန်းဟူ ပြန်ရောက်ပြီး နောက်ရက်မနက်၌ ထမင်းချက်ရန်မီးဖိုတံခါးအား ဖွင့်လိုက်ရာ မြင်လိုက်ရသည်ကား အသားစိမ်းများကို အငမ်းမရ ထိုင်စားနေသော သားနှင့်ချွေးမအဖြစ်ကြောင့်
“အမယ်လေး ”
ဟုအော်ကာ လန့်လျှက် နှလုံးရပ်သွားလေသည်။
ဦးစိုင်းလူတစ်ယောက် နန်းဟူအလောင်းအား သင်္ချိုင်းတွင် ကောင်းစွာ မြှုပ်နှံပေးကာ နန်းဟူ အလောင်း မြှုပ်နှံထားသောမြေပုံပေါ်တွင် ပုဝါတစ်ထည်အား မီးရှို့ဖျက်ဆီးလိုက်လေသည်။
ဦးစိုင်းလူ ပညာစသင်စဥ်က အထက်လမ်းဖြစ်သော်လည်း အပျိုချောလေး နန်းဟူကို သဘောကျ ချစ်ခင်လွန်း၍ နန်းဟူအား အရယူရန် အောက်လမ်းပညာရပ်များအား ပြောင်းလဲ လိုက်စားရာမှ အမှောင်လောကထဲ နက်သထက်နက်လာခဲ့ခြင်းဖြစ်သည်။
နန်းဟူနှင့် လက်ထက်ပြီးနောက် သားလေးမွေးပြန်တော့လည်း မိသားစုစားဝတ်နေရေး အတွက် အကုသိုလ်အလုပ်ဖြင့် ပိုက်ဆံရှာမိလေတော့သည်။
သို့သော် မိမိမှလွဲ၍ ပညာအား လက်ဆင့်မကမ်းခဲ့ ၊မိမိမိုက်သလို မည်သူ့ကိုမျှ ဆက်လက် မမိုက်ေစလို။
အချို့ပညာရပ်အား သင်ယူတတ်မြောက်ပြီးသည်နှင့်ထိုပညာရပ် ကျမ်းကိုကား မီးရှို့ဖျက်ဆီး လိုက်သည်။
သစ္စာ ရှိလူယုံနှစ်ဦးအားလည်း မှော်ပညာရပ် အောက်လမ်းပညာရပ်များနှင့်ပေါင်းကာ ပညာအပင်း ထည့်ထားခြင်းဖြစ်သည်။
မိမိသေသွားလျှင် ထိုပညာရပ်များ ပျောက်ပြီး သာမန်လူတန်းစား ဘဝနှင့်နေထိုင်နိုင်ရန် စစီစဥ်ထားခြင်းဖြစ်သည်။
ထိုတပည့်နှစ်ဦးအားလည်း ထိုက်သင့်သည်များ ခွဲဝေပေးထားပြီး ဖြစ်လေသည်။
ဦးစိုင်းလူသည် တစ်ဖြည်းဖြည်းကျန်းမာရေးယုတ်လျော့လာလေရာ မိမိအခြေအနေ မိမိသိသည့်အလား တပည့်နှစ်ဦးအား ခေါ်ကာ သင်္ချိုင်းတွင် မြေကျင်းနှစ်ကျင်း တူးစေလေသည်။ချွေးမလေးနှင့်သားအား အေးချမ်းစွာ အနားယူစေလိုပြီ။
ထို့နောက် ဖုတ်ဝင်နေသော စိုင်းလုံနှင့်နန်းကျန်အား သင်္ချိုင်းတွင်းသို့ခေါ်လာကာ ဖုတ်ထုတ်မြေမြှုပ်လိုက်ပြီး ဒူးထောက်ကာ အားရပါးရ ထိုင်ချလိုက်သည်။
ဒေဝနှင့်ယက္ခတို့လည်း ဆရာနှင့်အတူထိုင်ကာ ဆရာ့ဝမ်းနည်းမှုအား ကြည့်၍ စိတ်မကောင်းကြ ။
ဆရာဦးစိုင်းလူ ထမှသာလျှင် သူတို့နှစ်ဦးလည်းထလာကာ အိမ်သို့ဖြည်းညှင်းစွာပြန်လာလိုက်ကြသည်။
ဦးစိုင်းလူ အိမ်သို့ရောက်လျှင် တပည့်နှစ်ဦးသာ ကျန်တော့သော အိမ်ကြီးကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး အချိန်မဟုတ်အခါမဟုတ်အုံ့မှိုင်းညိုနေသော မိုးကိုကြည့်ကာ
“ဒီမှာတပည့်တို့ ဆရာ့နောက်ဆုံးအချိန်ရောက်တော့မယ်၊ ဆရာသေရင် မင်းတို့ ဆရာ့ကို ဒီအိမ်မှာပဲ မြှုပ်နှံကြပါ ၊ဆရာ့ အကုသိုလ်ကြောင့် ဆရာအမှောင်လောက နယ်မြေကနေ ထာဝရ ရုန်းထွက်ခွင့်မရှိေတာ့ဘူး ၊ကဲကဲ အချိန်မရှိဘူး မြေတူးကြတော့ ၊ဆရာ့ အစီအရင် ပစ္စည်း တွေအားလုံးကို မင်းတို့က ဆရာ့နဲ့အတူ မြှုပ်နှံပေးကြပါ”
ဒေဝနှင့် ယက္ခနှစ်ဦးလည်း အလျှင်အမြန် အိမ်ဘေးရှိ မြေအလွတ်ကြီးကို တူးကြလေသည်။
မကြာမီ မိုးကြီးလေကြီး ကျလျှက် ဦးစိုင်းလူ အိမ်ကြီးအား မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချလေသည်။
ထိုအချိန်မှာပင် ဦးစိုင်းလူ အသုံးပြုခဲ့သော အစီအရင်ပစ္စည်းအားလုံးအား မြေတွင်းကြီးထဲ ပစ်ချလိုက်ကြတော့သည်။
ဦးစိုင်းလူ၏ဘေး၌ သူခြွေခဲ့သော အသက်ပေါင်းများစွာ၏ဝိညာဥ်များက ခြံဝန်းတစ်ခုလုံးဟိုဟိုဒီဒီ ပြေးလွှား နေကြလေသည်။
ဦးစိုင်းလူတစ်ယောက် သွေးပွက်ပွက်အန်ကာ မိုးကြိုးပစ်ချသံကြားမှာ အသက်ဝီဇီ ချုပ်ငြိမ်းသွားလေတော့သည်။
ဒေဝနှင့် ယက္ခနှစ်ဦးလဲ ဦးစိုင်းလူ အား မြေမြှုပ်ချိန်တွင် ဦးစိုင်းလူ အလောင်းမြှုပ်ရာ နေရာအား မိုးကြိုးသုံးချက် ဆင့်ကာပစ်လိုက်သောကြောင့် သူ့တပည့်နှစ်ဦးလည်း မိုးကြိုးထိမှန်ကာတစ်ကိုယ်လုံးမဲတူးလျက် သေဆုံးသွားကြ၏။
အကုသိုလ်အလုပ်လုပ်သောသူများကို သဘာဝတရားကြီးက ဒဏ်ခတ်လိုက်ကြလေပြီ။
ထူးခြားသော မိုးရွာမှုကြီး၊မိုးကြိုးများ ကြောင့် ရွာသူကြီး စိုင်းစံနောင်တစ်ယောက်လဲ အံ့ဩထိန့်လန့်လျှက်ရှိသည်။
နောက်ရက် မနက်တွင် စိုင်းစံနောင် နှင့် ရွာသားအချို့မိုးကြိုးများပစ်ချထားရာ ဦးစိုင်းလူအိမ်သို့ လာရောက်ကြည့်ရှုလျှင် ခြံပြင်ဝမှ ငှက်တစ်ကောင်က ဦးစိုင်းလူအိမ်ဝိုင်းထဲ ဖြတ်ပျံစဥ် မိုးပေါ်မှပြုတ်ကျသေဆုံးသွားသည်ကို မြင်လျှင် စိုင်းစံနောင်က
“နေကြဦး ဒီအိမ်ကြီးက ကျိန်စာမိနေပြီ ၊သက်ရှိသတ္တဝါဟူသမျှဒီအရပ် ဒီဝိုင်းအတွင်း မဝင်နိုင်တော့ဘူး၊ကျုပ်တို့လည်း ဒီအရပ်မှာမနေအပ်တော့ဘူး၊
ရွာသား အားလုံးကို ပြောကြဗျာ ဒီအရပ်က နေပြောင်းရအောင်”
ဟုပြောပြီး ရွာသို့ သုတ်ခြေတင် ပြန်ပြေးကြတော့သည်။
ထို့နောက် စိုင်းစံနောင် ဦးဆောင်လျှက် ရွာသူရွာသားအားလုံးလဲ အခြား တစ်နေရာသို့ ပြောင်းကြတော့သည်။
ဒေါ်နန်းဘောင်ကား ရွာပြောင်းသော နေ့၌ပင် မြွေကိုက်ခံရကာ သေဆုံးသွားလေသည်။
ဦးစိုင်းလူ နေခဲ့သောရွာကား ရွာပျက်ကြီးအဖြစ်ယခုချိန်ထိတည်ရှိ နေသေး၏။အချိန်ကာလ ကြာသော်လည်း ထိုရွာပျက်ကြီးအား ဒေသခံများက ရှောင်ကွင်းကာသွားလာကြဆဲဖြစ်သည်။
စိုင်းစံနောင်သည် မြေနေရာကျယ်ဝန်း၍ စေတီလေးတစ်ဆူ တည်ရှိသော နေရာသစ်၌ ရွာသစ်တည်ကာ အုပ်ချုပ်လာသည်မှာနှစ်ပေါင်းမနည်းတော့။
ရွာသစ်လေးရှိ စေတီလေး၌အေးချမ်းစွာ သတင်းသုံးနေသော ကိုယ်တော်ကြီးတစ်ပါးရှိလေသည်။
ထိုစေတီလေး၌ သီတင်းသုံးနေသော ကိုယ်တော်သည်ကား ………..
လေးစားလျက်
စာရေးသူ _ နန်းကြာညို