ဆရာမသာဓုခေါ်ပါ

ဆရာမသာဓုခေါ်ပါ(စ/ဆုံး)

————————-

ကျွန်တော် ရှစ်တန်းကျောင်းသား အရွယ်လောက်က ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ခုလို့ ဆိုရပေမည်။ လွန်ခဲ့သော ဆယ်နှစ်ခန့် အချိန်ကာလ လောက်ကို ပြန်သွားကြည့်မည် ဆိုပါက အလွန်ပျော်စရာကောင်းလှသည့် အဖြူထည်ကျောင်းသား ဘ၀လေးကို ကျွန်တော် ဦးစွာ အမှတ်ရမိသည်။ အထက ( …… ) အထက်တန်းကျောင်းကြီးက ကျွန်တော့်အိမ်သဖွယ် ။ ကျယ်ကျယ်ပြန့်ပြန့်ရှိလှတဲ့ကျောင်း ၀န်းကြီးကလည်း ကျွန်တော့် တို့ကို အသိပညာ အတတ်ပညာ ပေါင်းစုံသင်ကြားပေး သည့်နေရာကြီး ဖြစ်၏။ ကျွန်တော် တို့နေထိုင်ရာ မြို့ငယ်လေး‌တွင်တော့ အထက်တန်းကျောင်း ဟူ၍ ထိုတစ်ကျောင်းသာ ရှိလေသည်။

ကျွန်တော်ကား ရှစ်တန်း ( က ) တွင် ပညာသင်ကြားနေရသည့် ကျောင်းသား ဖြစ်၏။ ထိုရှစ်တန်း ( က ) တွင် ကျောင်းသားကျောင်းသူ ဦးရေမှာတော့ သုံးဆယ်ကျော်ခန့်လောက်ရှိပေလိမ့်မည်။ ကျောင်းသူကျောင်းသား များလည်း ရှိသလို ဘာသာ ပြဆရာမ များသည်လည်း တစ်ဘာသာ ကို တစ်ယောက်နှုန်းဖြင့်ရှိလေသည်။ အတန်းပိုင် ဆရာမ ဒေါ်သန်းသန်းဆင့်ကား သင်္ချာ ဘာသာရပ်ကို သင်ပြ၏။ ခြောက်ဘာသာရှိသည့် အလျောက် ဘာသာပြဆရာမ ခြောက်ဦးရှိလေသည်။ ထို ဆရာမ ခြောက်ဦး အနက်မှ ကျွန်တော် တို့အား မေတ္တာ အပြည့်အ၀ပေးကာ ကျွန်တော် တို့ ကျောင်းသူကျောင်းသားများထံမှ အချစ်တို့ကို သိမ်း ပိုက်ထားသော ဆရာမ မှာ အင်္ဂလိပ်စာ ဘာသာပြ ဆရာမ ဒေါ်နှင်းနှင်းအေး ပင်။ ယနေ့ခေတ်လို ကျူရှင်တွေ အဆောင် တွေ မပေါများလှ သေးသည်မို့ ကျောင်းဆရာ ဆရာမ များက ပညာကို တတ်အောင်သင်ပေးကြသည်။ စေတနာ ဝါသနာ အနစ်နာ ဟူ၍ နာသုံးနာ နှင့်လည်း ကြိုးစား သင်ကြားပြသမှုများကြောင့် ကျွန်တော် တို့တစ်တွေ ပညာကောင်းကောင်း တတ်မြောက်ခဲ့ကြသည်။

ကျွန်တော် တို့ အထက်တန်းကျောင်းကြီးကား လွန်စွာမှလည်း ကျယ်၀န်းလှသလို ကျောင်း အရှေ့ဖက် တည့်တည့် တွင်ရှိနေသော ကုက္ကိုလ်ပင်ကြီး မှာလည်း ကျောင်း၏ ကျက်သရေ လိုပင် ဖြစ်နေပြန်သေးသည်။ ရှစ်တန်း နှင့် လေးတန်း မှာ အစိုးရ စစ် စာမေးပွဲလည်း ဖြစ်သည်မို့ ကျောင်းသူ ကျောင်းသားများကလည်း စာကိုကြိုးစားကျက်မှတ် လေ့လာရင်းမှ နှစ်၀က်စာမေးပွဲကြီးကို ဖြေဆိုလို့ပင်ပြီးခဲ့ချေပြီ ။ ထိုအချိန်ထိတော့ နာရီများ လည်း ပုံမှန်လည်ပတ်နေသလို အရာအားလုံးကလည်း ပုံမှန် ဖြစ်တည်နေဆဲ ။

( ၂ )

“ဆရာမလာပြီဟေ့ …..”

အတန်း ခေါင်းဆောင် ဖြစ်ဟန်တူသောကျောင်းသား တစ်ယောက်၏ အသံက ဟိန်းကနဲထွက်ပေါ်လာတော့သည်။ ထိုအသံကြောင့်လည်း စာသင်ခန်း အတွင်းရှိ ကျောင်းသားကျောင်းသူ များလည်း ပြိုင်တူ မတ်တပ်ထရပ်ကာ

“မင်္ဂလာပါ ဆရာမ ”

ဟူ၍ သံပြိုင် နှုတ်ဆက်လိုက်ကြတော့သည်။ စာသင်ခန်းထဲ၀င်လာသော သူမှာ အင်္ဂလိပ်ဘာသာပြ ဆရာမ ဒေါ်နှင်းနှင်းအေးပင် ။

“အေးကွယ် … မင်္ဂလာပါ … အားလုံးထိုင်လို့ရပါပြီ ”

အင်္ဂလိပ်ဘာသာ ပြဆရာမ လည်းဖြစ်သည်မို့ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်ဖတ်စာအုပ်ကို ထုတ်လိုက်ကြသည်။ ထိုအနည်းအတူ ဆရာမ ဒေါ်နှင်းနှင်းအေးလည်း ဖတ်စာအုပ်ကို ထုတ်ကာ သင်ရိုးတစ်ခု အတွက် စာရွက်များကို လှန်လှော လို့နေလေ၏။ ဆရာမ၏ မျက်နှာမှာ သိပ်မကောင်းလှ ။ နေမကောင်းဖြစ်နေဟန်တူလေသည်။

“ကဲ … ဒီနေ့ … ဆရာမ တို့ active passive ဆိုတဲ့ Grammar လေးသင်ရအောင် … အဟွတ် ”

ထုံးစံ အတိုင်းပင် ဆရာမ လည်း ထို Grammar pattern ကို ရှင်းလည်းရှင်း ကျောက်သင်ပုန်းပေါ် ချရေးပြကာ ကျောင်းသူကျောင်းသားများကို လိုက်လံ မှတ်သားစေသည်။ ဆရာမ ဒေါ်နှင်းနှင်းအေး မှာ ခါတိုင်းလို မလန်းဆန်းနေဘဲ ချောင်းများသာ တဟွတ်ဟွတ် ဆိုးနေသည်ကို အားလုံးသော ကျောင်းသူကျောင်းသားများသတိထားမိကြသည်။ ခနကြာတော့ ဆရာမကပင်

“သားတို့သမီးတို့ … စုံညီပွဲတော် ရှိတယ်နော် … ရှစ်တန်း ( က ) က ဘာလုပ်ကြမလဲ ”

“ဆရာမ … သန်းသန်းဆင့်ကတော့ … မုန့်လက်ဆောင်း လုပ်မယ် ပြောတယ် ”

ခပ်ချောချော နှင့် စာတော်သည့် ကျောင်းသူ လေးတစ်ယောက်က ထဖြေလေသည်။ စာသင်ခန်းတိုင်း တွင်ရှိတတ်သည်မဟုတ်ပါလား ။ ရုပ်လည်းချော စာလည်း တော်သည့် ကျောင်းသူလေးတွေ ။ အပြောင်အပျက်တွေ ပြောတတ်သည့် ကျောင်းသားတွေ ။ စာမရလို့ အမြဲဆူခံထိနေတဲ့သူတွေ ။ ယခုလည်း ထိုနည်းအတူပင် ကျောင်းသားတစ်ယောက်က ။

“ကျွန်တော်ကတော့ … မုန့်လက်ဆောင်းမကြိုက်ဘူးဗျ … ဖာလူဒါ စားချင်တာ ”

“ကျွန်တော်ကတော့ … ကြာဇံဟင်းခါးပဲ ”

စသဖြင့် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့် ကျောင်းသားများကိုကြည့်ကာ ဆရာမ ဒေါ်နှင်းနှင်းအေး ပြုံးနေမိသည်။ သို့သော် ဆရာမ၏ အပြုံးက တစ်ရာရာခိုင်နှုန်း အသက်၀င်မနေပါ။ ဆရာမ နေမကောင်းဖြစ်နေသည်ပါလား။

( ၃ )

စုံညီပွဲတော် နေ့သို့ရောက်ခဲ့ပြီ ။ ဆရာမ ဒေါ်နှင်းနှင်း အေး ကျောင်းမလာသည်မှာ လေးရက်ခန့်ပင် ရှိလို့နေချေပြီ ။ ကျောင်းသူကျောင်းသားများကလည်း ထိုစုံညီပွဲတော် ကိစ္စနှင့် အလုပ်ရှုပ်နေကြသလို စာသင်ချိန်များပါ ဖဲ့ကာ ကျောင်းသန့်ရှင်းရေး၊ အခမ်းအနား အပြင်အဆင်များ လုပ်နေကြရသည်မို့ ဆရာမ ဒေါ်နှင်းနှင်းအေး အားသတိမထားမိကြ။ ကျောင်း၀န်းထဲတွင် ဆရာ ဆရာမ များ လူစုံတက်စုံရှိနေသော်လည်း တစ်ယောက်တည်းသော ဆရာမ ဖြစ်သူ ဒေါ်နှင်းနှင်းအေးကတော့ ရှိမနေပါ ။ တိုင်းရင်းသား အကကမည့် ကျောင်းသားများကလည်း ၀တ်စုံများဖြင့်လည်းကောင်း မုန့်ထုတ်ယူရန် လက်မှတ်ကလေးများ ကိုင်ကာ ပြေးလွားနေကြသည့် ကျောင်းသား ကျောင်းသူ များသည်လည်းကောင်း ကျောင်း၏ စုံညီပွဲတော် ကိုပိုမို အသက်၀င်စေသည်။ နေ့လည်၏စောင်း နှစ်နာရီလောက်ကျတော့ ကျောင်းစုံညီပွဲတော် လည်းပြီး စီးလို့သွားချေပြီ ။

“ဟဲ့ … ဆရာမ ဒေါ်နှင်းနှင်းအေးလဲ မတွေ့ပါလား ”

“ဟုတ်တယ်နော် … ဆရာမ ဘာလို့မလာတာလဲ မသိဘူး ”

ကျောင်းသူ နှစ်ယောက်က ထိုသို့ တီးတိုးပြောနေကြသည်။

“အာကာ ကိုသွားမေးကြည့်ပါလား … နွယ်နွယ် … သူက ဆရာမ နဲ့ အိမ်နီးတယ် ”

“အေ … သွားမေးကြည့်ရအောင်လေ ”

ဤသို့ဖြင့် နွယ်နွယ် နှင့် သီတာလည်း ဆရာမ ဒေါ်နှင်းနှင်းအေး အကြောင်းမေးရန် အာကာကို လိုက်ရှာကြတော့သည်။ အာကာမှာတော့ သစ်ပင်ရိပ် တစ်ခုအောက်တွင် မုန့်လက်ဆောင်း ထိုင်သောက်နေသည်။

“ဟဲ့ … အာကာ … ဆရာမ ဒေါ်နှင်းနှင်းအေး ဘာလို့ကျောင်းမလာတာလဲ ”

ထိုအခါ အာကာက

“ငါလည်း မသိဘူးဟ … နေမကောင်းဘူးလို့ကြားတာပဲ ”

“ဟယ် … ဆရာမ သနားပါတယ် … ညနေကျရင် ငါတို့ ဆရာမ ဆီသွားကြရအောင်ဟာ ”

“အေ … ကောင်းတာပဲ … ညနေကျ တို့တွေ သွားကြတာပေါ့ တခြား …. လိုက်မယ့် သူတွေလည်း ခေါ်ကြည့်လေ ”

ညနေရောက်တော့ နွယ်နွယ် တို့ သီတာ တို့ အပါအ၀င် ကျောင်းသူကျောင်းသား ငါးယောက်ခန့်လောက်က ဆရာမ ဒေါ်နှင်းနှင်းအေးသို့ရောက်ခဲ့ကြသည်။ ဆရာမ မှာ အပျိုကြီးဖြစ်လင့်ကစား အိမ်တွင် တစ်ယောက်တည်းသာ နေထိုင်လေသည်။ နွယ်နွယ် တို့လည်း ဆရာမ အိမ်သို့ရောက်ခဲ့ ချေပြီ။

“ဆရာမ … ဆရာမ ….”

“သမီး နွယ်နွယ် တို့လား … လာလေ ”

ဆရာမကား လူကိုယ်တိုင် ထွက်မလာဘဲ အိမ်ထဲမှ လှမ်းအသံပြုလိုက်လေသည်။ ဆရာမ၏ အိမ်ကလေး မှာ သိပ်မကျယ်လွန်းလှသဖြင့် နွယ်နွယ် တို့ ဆရာမ အသံကို ကောင်းစွာကြားရသည်။ ထို့ကြောင့် သူတို့လည်း အိမ်ထဲသို့ ၀င်သွားလိုက်ကြ တော့သည်။ ဆရာမ ဒေါ်နှင်းနှင်းအေးလည်း သူတို့ ရောက်လာပြီမို့ အိပ်ရာထဲ လဲလျောင်းနေရာမှ ထထိုင်လိုက်တော့သည်။

“လာ … လာ … သမီးတို့ ထိုင် … ဘာစားခဲ့ကြပြီလဲ … အဟွတ် … အဟွတ် … အဟမ်း ”

“စုံညီပွဲတော်မှာ … စားခဲ့ပြီးပါပြီ ဆရာမ … ”

မှန်ပေသည်။ ဆရာမ ဒေါ်နှင်းနှင်းအေး မှာ နေမကောင်း သည့်ဒဏ်ပိကာ အတော်ပင် ပိန်လှီလို့နေချေပြီ။ ချောင်းများကလည်း စကားပြောနေရင်းမှ တစ်ရစပ် ဆိုးကာ တစ်ချက်ချက် ရင်ခေါင်းသံများပင် ပါလို့နေလေ၏။ နွယ်နွယ်တို့ အဖွဲ့လည်း ဆရာမ အားကြည့်ကာ စိတ်မကောင်းဖြစ်နေကြသည်။

“အဟွတ် … အဟွတ် …. ကလေး တို့ စာမေးပွဲကြီး ကနီးလာပြီနော် … စာတွေကော ရကြပြီလား … ”

“ဟုတ် … စာတွေက ရသင့်သလောက် ရနေပါပြီ … ဒါနဲ့ဆရာမ နေမကောင်းဘူးဆို … သက်သာ ရဲ့လား ”

သီတာက ထိုသို့မေးလိုက်တော့ ဆရာမလည်း ပြုံးလျက်သားပင်

“သက်သာသွားမှာပါ … သမီးတို့ရယ် … ဆရာမကို စိတ်မပူကြနဲ့ … စာကိုသာ အာရုံစိုက်လုပ်ကြ ကြားလား ”

“ဟုတ်ကဲ့ … ဆရာမ ”

“ဆရာမလည်း … သက်သာရင် အရင်လို စာလာပြန်ပြ ပါ့မယ် … ခုရော အစားထိုး ဆရာမ သင်ပေးတယ် မို့လား … အဟမ်း ”

“လာတော့လာတယ် ဆရာမ … ဆရာမ သင်ပေးတာလောက်တော့ နားမ၀င်ဘူး ”

အာကာ ထို့သို့၀င်ပြောလိုက်တော့ ဆရာမလည်း သဘောကျဟန်ဖြင့်

“အသင်အပြက … အတူတူပါပဲ သားတို့ရယ် ”

ဟူ၍သာ ပြောလေ၏။ ဤ သို့ဖြင့် ဆရာမ ဒေါ်နှင်းနှင်းအေး နှင့် နွယ်နွယ် တို့ အဖွဲ့တွေ အတော်ကြာအောင် စကားပြောခဲ့ကြပြီးနောက် ပြန်ခဲ့ကြတော့သည်။ ဆရာမ မှာ အရင်လို မဟုတ်တော့ သိသိသာသာ ပိန်ကျသွားကာ အရိုးပေါ် အရေတင်လို့နေချေပြီ ။ တစ်ယောက်တည်း သမားလည်း ဖြစ်သည် မို့ အာဟာရ ဖြစ်စေသော အစားအစာများကို သေချာမှ စားပါ့မလား ဟူ၍ စိုးရိမ်မိကြသည်။ ထို့ကြောင့်လည်း နွယ်နွယ် တို့ သီတာ တို့ အဖွဲ့တွေ ကြုံရင် ကြုံသလို ဆရာမထံသို့ အားရှိစေမည့် ကြက်စွပ်ပြုတ်ကလေးများ နွားနို့လေးများကို ပို့ပေးလေသည်။

ဒီဇင်ဘာလ ဆယ်ရက်နေ့ စနေနေ့လည်း ဖြစ်သလို ကျောင်းပိတ်ရက်လည်း ဖြစ်လေသည်။ နွယ်နွယ် တို့ အဖွဲ့ကတော့ ထုံးစံအတိုင်း ဆရာမ ဒေါ်နှင်းနှင်းအေး ထံတွင်သာ စကားများပြော စာများမေးရင်း တနေကုန်စေပြန်သည်။ ဆရာမ မှာတော့ ရောဂါ သက်သာမလာသည့်အပြင် ပိုပိုလို့သာ ဆိုးလာခဲ့ရ၏။ ထိုနေ့လေးက နွယ်နွယ် တို့တွေ ဆရာမ အား နောက်ဆုံး တွေ့ဆုံရသည့် နေ့လေး ဖြစ်ခဲ့မည်ဆိုလျှင် …….

( ၄ )

“ဆရာမ … ဒေါ်နှင်းနှင်းအေး ဆုံးပြီတဲ့ ”

“ဟာ … ”

“ဟမ် …”

အာကာ တစ်ယောက်ထိုသို့ပြောလိုက်တော့ စာသင်ခန်းထဲမှ ကျောင်းသားကျောင်းသူများ အံ့ဩထိတ်လန့်သွားကြတော့သည်။

“ဟုတ်တယ် … မနက်က ငါကျောင်းလာတော့ ဆရာမ အိမ်ရှေ့မှာ လူတွေ ရုံးစု ရုံးစု နဲ့ ”

အာကာ ထိုသို့ပြောနေစဉ်မှာပဲ စာသင်ခန်းထဲသို့ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းမြင့်၀င်လာလေတော့သည်။

“မင်္ဂလာပါ … ဆရာကြီး ”

“အေအေ … ထိုင်ကြ … ထိုင်ကြ … ဆရာကြီး အခုပြောမှာကတော့ … မင်းတို့ရဲ့ အင်္ဂလိပ်စာ ဘာသာပြ ဆရာမ ဒေါ်နှင်းနှင်းအေး ဆုံးသွားပြီ ဆိုတဲ့ အကြောင်းပဲ … အဲ့တော့ … ဆရာမ နာရေးအတွက် … ဆရာကြီး တို့ကလည်း တတ်နိုင်သလောက် အလှူငွေလေးတွေ ထည့်ရအောင် …လာပြောတာပါ … အတန်းခေါင်းဆောင် ရှိတယ်မလား ”

“ရှိပါတယ် … ဆရာကြီး ”

အတန်းခေါင်းဆောင် သူရိန်က ထိုင်နေရာမှ ထရပ်လိုက်တော့သည်။

“သားက … ရသလောက် ကောက်ထားပေးပေါ့ … ဟုတ်ပြီလား ”

“ဟုတ်ကဲ့ပါ ဆရာကြီး ”

“ကဲ … ကဲ … စာလုပ်စရာရှိတာတွေ လုပ်ထားကြနော် … ခ‌နနေ သင်္ချာဆရာမ လာလိမ့်မယ် ”

ကျောင်းအုပ်ကြီးလည်း ပြောစရာရှိသည်များကို ပြောပြီးနောက် စာသင်ခန်းထဲမှ ထွက်သွားလေတော့သည်။ ကျန်ရစ်ခဲ့သော စာသင်ခန်းထဲမှ ကျောင်းသားကျောင်းသူများမှာတော့ စိတ်မကောင်းဖြစ်နေကြသည်။ ဆရာမ အား လွန်စွာ ချစ်ခင်ကြသည့် ကျောင်းသူ အချို့ကတော့ ၀မ်းနည်းကာ မျက်ရည်လေးများဝိုင်းနေကြ၏ ။ ဆရာမ တစ်ယောက် ယခုကဲ့သို့ အစောကြီး နှုတ်ဆက်သွား မည်ကို မည်သူက ထင်လိမ့်မည်နည်း။ ထိုထဲတွင် နွယ်နွယ် တို့ အဖွဲ့က ပိုလို့ပင် စိတ်မကောင်းဖြစ်နေကြ၏ ။

“ဆရာမ ဒေါ်နှင်းနှင်းအေး … ကောင်းရာဘုံဘ၀ ကိုရောက်ပါ စေ ”

ဆရာမ ဒေါ်နှင်းနှင်းအေးမှာ နှစ်ပေါင်းသုံးဆယ် နီးပါး တာ၀န်ထမ်းဆောင်လာခဲ့သလို ယခုမှာတော့ ပန်းနာရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားချေပြီ ။ ရောဂါ စဖြစ်တည်းက တစ်ကိုယ်တည်း နေသည့် ဆရာမ မှာ ဆေးမှီးတို များဖြင့် ကုသကာ ရောဂါအားရှင်သန်စေခဲ့သည်။ ယခုအခြေနေ အရမ်းဆိုးလာတော့ ဆေးမမှီခဲ့တော့။

ကျောင်းသူကျောင်းသား များအား သားသမီးပမာ ချစ်ခင်သည့် ထိုဆရာမ ။ ကျောသားရင်သား မခွဲခြားဘဲ စေတနာ ဝါသနာ အနစ်နာဟူသော နာသုံးနှင့် ပညာသင်ကြားပေးခဲ့သည့် ဆရာမ ဒေါ်နှင်းနှင်းအေးမှာတော့ ယခု ပန်းနာ ဆိုသည့် နာခြင်း တစ်နာ နှင့် ကျောင်းကြီးကို စွန့်ခွာသွားခဲ့ပြီ ။ ဆရာမ မရှိတော့ ပေမယ့်လည်း ဆရာမ ကို ချစ်သော ကျောင်းသားကျောင်းသူ များ ထိုကျောင်းကြီးတွင် ဆက်လက်ရှိ နေအုံးမည်။ ဆရာမ၏ အငွေ့အသက်များကလည်း ကျန်ရှိနေပေအုံးမယ် ။ ဆရာမ၏ မေတ္တာဓာတ်တွေက ထိုကျောင်းကြီးမှ အပ မည်သည့်နေရာကို ကူးသန်းသွားနိုင်လိမ့်မည်နည်း ။

ဤသို့ပင် မေတ္တာတရားကြီးမားလှသည့် ဆရာမ ဒေါ်နှင်းနှင်းအေး တစ်ယောက် ထိုကျောင်းတော်ကြီးထဲ တွင် အမှန်တကယ် ရှိနေခဲ့အုံးမည် ဆိုပါက

( ၄ )

ဒီနေ့လေးက ဇန်နဝါရီလ ၁ ရက်နေ့ ။ တိတိကျကျ ဆိုရပါက ဆရာမ ဒေါ်နှင်းနှင်းအေး ဆုံးတာ ရက်နှစ်ဆယ်မြောက်ခဲ့ပြီ ။ မနက်အစော ခြောက်နာရီခွဲလောက်က နှင်းများဖြင့် ပိန်းပိတ်အောင် မှောင်မည်း လို့နေသည်။ ထိုမြို့ကလေးရဲ့ တစ်ကျောင်းတည်းသာရှိသော ‌အထက ( … ) ကျောင်းတော်ကြီးမှာတော့ ဆောင်း၏ အအေးဒဏ် ကို ငြိမ်သက်စွာအံတု နေသည့်အလား တိတ်ဆိတ်လို့ ။ ကျောင်းအရှေ့တည့်တည့် မှာ ရှိနေတဲ့ ကုက္ကိုလ်ပင်ကြီး ပေါ် နှင်းစက်များ တစ်ဖျောက်ဖျောက် ကျနေသည့် အသံကလည်း တိတ်ဆိတ်ခြင်းကို စည်းဝါးကျကျ အသက်၀င်နေစေသည် ။ ထိုစဉ်မှာပင် စက်ဘီးကလေး ကို မှန်မှန်လေး နင်းလာသော လူတစ်ယောက် ။ ၀က်ဝံပုဆိုး အစိမ်းပုပ်ရောင်လေးနှင့်အတူ အပေါ်ဘက်တွင်တော့ အနွေးထည် ခပ်ထူထူကို ၀တ်ဆင်ထားသေးသည်။ ထိုလူမှာ တစ်လောကမှ အသစ်ရောက်လာသည့် ကျောင်းဆရာလေး ဦးဟိန်း၀င်း ပင်။ ဦးဟိန်း၀င်း မှာတော့ ၎င်းတာ၀န်ကျရာ အသင်း နေ့လေဖြစ်သည် မို့ ကျောင်းသား များထက် စောစောရောက်အောင်လာနေဟန်တူလေသည်။ ဆရာမ ဒေါ်နှင်းနှင်းအေး ဆုံးသွားပြီးနောက် ဦးဟိန်း၀င်း မှာ ရှစ်တန်း ( က ) အတွက် အင်္ဂလိပ်စာ အစားထိုး သင်ပြပေးနေရသူပင် မဟုတ်ပါလား။

ယခုမှာလည်း ထိုရှစ်တန်း ( က ) အတွက် ဆရာတစ်ဖြစ်လဲ ကိုယ်ကျရာ အသင်းသန့်ရှင်းရေး တာ၀န် အတွက် သူရောက်လာခဲ့သည်။ ကျောင်း ကြီးမှာတော့ ပကတိငြိမ်သက်တိတ်ဆိတ်လျက်။ ဆရာလေး ဦးဟိန်း၀င်းလည်း ကျောင်း၀န်းတစ်နေရာ တွင် စက်ဘီးဒေါက်ကို အသာချကာ ရှစ်တန်း ( က ) စာသင်ဆောင်လေး ဆီသို့လျှောက်လာခဲ့တော့သည်။ ထူးဆန်းစွာပင် စာသင်ခန်း လေးမှာ သူရောက်သွားသည် နှင့် ရေအိုးများလည်း ရေဖြည့်ထားသလို အနီးပတ်၀န်းကျင်တွင်လည်း အမှိုက်တစ်စ မှ မတွေ့ရဘဲ သန့်ရှင်းနေသည်ကို တွေ့ရလေသည်။ ထိုမျှ မကသေး သူ နှင့် မလှမ်း မကမ်း တွင် တံမြက်စည်းလှည်းနေသော ဆရာမ တစ်ယောက် ။ ထိုဆရာမ မှာ နှင်းများကျကာ အေးစက်နေသည့် တိုင် အဖြူရောင်လက်တို ရင်ဖုံးအင်္ကျီလေး နှင့် အစိမ်းရောင်ချိတ် ထမီကို ၀တ်ဆင်ထားသေးသည်။ အရွယ်မှာ ‌လေးဆယ်ကျော် ၀န်းကျင်ခန့်ပင်ရှိလောက်မည်။ ဆရာလေး လည်း ထိုဝီရိယ ကောင်းသော ဆရာမ အား စိတ်ထဲက မချီးကျူးဘဲ မနေနိုင်အောင်ရှိနေလေ၏။ ထို့ကြောင့်လည်း

“မင်္ဂလာ နံနက်ခင်းပါ ဆရာမ … စောလှချည်လား ”

ဟူ၍ ပြောလိုက်တော့သည်။ ထိုဆရာမ မှာတော့ တံမြက်စည်းလှည်းနေရာမှ ခေါင်းကို မော့ကြည့်လိုက်၏။ ပြီးနောက် ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ တံမြက်စည်းသာပြန်လှဲနေလိုက်သည် ။ ဆရာလေး ဦးဟိန်း၀င်း စိတ်ထဲတွင်တော့ မဖော်ရွေသော ဆရာမကြောင့် စိတ်က‌သိကအောက် ဖြစ်သွားတော့သည်။ သို့သော် လက်မလျှော့ဘဲ

“ကျွန်တော်က … ဟိုတလောကမှ ရောက်လာတဲ့ ကျောင်းဆရာ အသစ်ပါ … ဆရာမ နာမည်က ဘယ်သူလဲ ”

ထိုသို့မေးလိုက်သည့်အခါ ဆရာမ မှာ ဦးဟိန်း၀င်းအား မျက်လုံးစိမ်းကြီးများဖြင့် စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်တော့သည်။ ထိုအခါ ဦးဟိန်း၀င်းလည်း မည်သို့ဖော်ပြရမှန်းမသိသော ခံစားချက်ကို ခံစားမိလိုက်ပြီး ကြောက်စိတ်အနည်းငယ် ၀င်မိသွားတော့သည်။ ထိုအခါမှ သူ မရောက်လာခင် အချိန်က ကျောင်းဆရာမ တစ်ယောက် ထိုကျောင်းတွင် လောလောလတ်လတ် သေဆုံးထားကြောင်း သတိရလိုက်မိတော့၏။ သတိရလျှင် ရချင်းပဲ နောက်သို့ပြန်လည့်မည်အပြု ချက်ချင်းဆိုသလိုပင် တံမြက်စည်းလှည်းနေသော ဆရာမ က သူ့လက်ကို ဇတ်ကနဲ လှမ်းဆွဲလိုက်လေတော့သည်။ ပြီးနောက် ပါးစပ်မှလည်း

“ငါ့ နာမည် ဒေါ်နှင်းနှင်းအေး ”

ဟူ၍ အသံဩကြီးဖြင့် ပြောလိုက်ပြီး ရုတ်ချည်းပင် ထိုဆရာမ၏ မျက်နှာမှာ ရွတ်တွလာလေတော့သည်။ ပါးများ မျက်ခွံများ အရည်ပျော်ကျလာကာ ပါးစပ်ထဲမှလည်း ယင်ကောင်များ တစ်ဝီဝီဝဲပျံထွက်လာလေတော့၏။

“ဟာ … ဒေါ် … ဒေါ် နှင်း … နှင်းအေး … အောင်မလေး သရဲ ”

‌ဦးဟိန်း၀င်လည်း သူ့အား ဆုပ်ကိုင်ထားသည့် လက်ကြီး ကိုအားကုန်ရုန်းကာ ထို ရှစ်တန်း ( က ) စာသင်ဆောင် ကနေ တဟုန်ထိုးပြေးလေတော့သည်။ သူထို့သို့ ရုန်းကန်လိုက်သည့်အတွက် ဆရာမ၏ လက်ပြက်ကြီးမှာ သူ့လက်အားကိုင်လျက်သားကြီးပါသွားလေတော့သည်။ ကျောင်းဆရာ ဦးဟိန်း၀င်းတစ်ယောက် ၎င်း၏ စက်ဘီးကိုပင် ပြန်မကောက်နိုင်ရှာတော့ဘဲ ကျောင်း၀န်းထဲမှ ပြေးထွက်သွားချေပြီ။ ကျောင်းရှေ့ကုက္ကိုလ်ပင်ကြီး ထံမှ အိပ်တန်းတက် ငှက် တို့ကလည်း အတော်တဖျပ်ဖျပ်ခပ်ကာ ကြောက်လှန့်တကြား ။ ကျောင်း၀န်းထဲတွင် ကျန်ရစ်ခဲ့သော အရာ နှစ်ခုမှာတော့ တံမြက်စည်းကိုင်ထားသည့် ကျောင်းဆရာမ တစ်ယောက် နှင့် စက်ဘီးလေး တစ်စီး ။

ထိုအဖြစ်အပျက်ကလေး ဖြစ်ပြီးလျှင်ဖြစ်ပြီးချင်း ကျောင်းဆရာ ဦးဟိန်း၀င်းတစ်ယောက် နယ်ပြောင်း လျှောက်ကာ ထိုကျောင်းကလေးမှ အပြီးတိုင် ပျောက်ကွယ်သွားလေတော့သည်။ ထို့အတူပင် ဆရာမ ဒေါ်နှင်းနှင်းအေး တစ်ယောက် မကျွတ်လွတ်ကာ ကျောင်း၀န်းအတွင်းကျင်လည် နေသည်ဟူသော သတင်းကလည်း တစ်စတစ်စ ကြီးထွားလာလေတော့၏။ ထိုကိစ္စကို လုံး၀ လက်မခံ နားမလည်ပေးနိုင်သော လူတစ်ယောက်တော့ ရှိ၏ ထိုသူကား အခြားမဟုတ်ပေ ။ ကျောင်းဆရာကြီး ဦးစိုင်းမြင့်ပင် ဖြစ်ပါ‌လေတော့၏။

( ၅ )

ကျောင်းဆရာလေး ဦးဟိန်း၀င်း အခြောက်ခံရပြီး နောက် သိပ်မကြာခင်မှာပဲ ကျောင်းစောင့်ကြီး ဦးချစ်ဖေ လည်း ကြုံတွေ့ခဲ့ရပြန်သေးသည်။ ကျောင်းစောင့်ကြီးမှာ ထိုကျောင်းကြီးတွင် အလုပ်လုပ်လာသည်မှာ ဆယ်နှစ်ကျော်ကာလပင်ရှိချေတော့မည်။ ရိုးသားကြိုးစားသော လူကြီးလည်း ဖြစ်သလို ကျောင်းအတွက် သန့်ရှင်းရေး လုံခြုံရေးက အစ သူမရှိလို့ မဖြစ်ပေ။ ထို့အပြင် ဦးချစ်ဖေ မှာ ကျောင်းအုပ်ကြီး၏ အားအထားရဆုံး အပြင်လူတစ်ယောက်လည်းဖြစ်လေ၏။

ဦးချစ်ဖေ တစ်ယောက် လက်ဖက်ရည် တစ်ခွက်သောက်ထားသည့်မို့ မျက်စိကြောင်ကာ ည ဆယ်နာရီကျော်သည် အထိ အိမ်မပျော်နိုင် ။ သိုင်း၀တ္ထု စာအုပ်တစ်အုပ်ကိုသာ ဖယောင်းတိုင်ထွန်းဖတ် ရင်း အိပ်‌ချင်လာမည့် အချိန်ကို စောင့်နေလိုက်သည်။ သို့သော် ၀တ္ထုထဲ ဈာန်၀င်သွားကာ အိပ်ချင်စိတ်ပင် သူပျောက်လို့နေချေပြီ။ ကျောင်းကြီးထဲတွင်တော့ ဆရာကြီး၏ အိမ်နှင့် သူနေထိုင်ရာ အခန်းငယ်လေး တစ်လုံး နေရာရထားသည်မဟုတ်ပါလား။ ကျောင်းအုပ်ကြီးမှာတော့ အိပ်ပျော် နေဟန်တူသည် ဘာအသံမျှ မကြားရ ။ ကောင်းကင် တစ်ခွင်လုံးကလည်း အနက်ရောင် ကတ္တီပါစကြီး အုပ်မိုးထားသလို မည်းမှောင်လို့ ။ ပတ်၀န်းကျင်တွင်လည်း တိတ်ဆိတ်ခြင်းက ကြီးစိုးထားကာ ညပုရစ် အော်သံ တို့ကိုသာ တသဲ့သဲ့ကြားနေရသည်။ ထိုအချိန်မှာပင်

“ကျွီ … ကျွီ …. ကျွီ ”

တိတ်ဆိတ်ခြင်းကို ထိုးခွဲသွားသည့် အသံတကျွီကျွီ ကို ဦးချစ်ဖေ အတိုင်းသားကြားလိုက်ရတော့သည်။ ထိုအသံကား စာသင်ခန်းထဲမှ ခုံများကို တစ်စုံတစ်ယောက် ရွှေ့နေသည့် အသံ။ ဦးချစ်ဖေ လည်း ထိုအသံကြောင့် ဖတ်လက်စ စာအုပ်ကို အသာချကာ လက်နှိပ်ဓာတ်မီးဖြင့် အခန်းပြင် ထွက်ခဲ့လိုက်တော့သည်။ ဓာတ်မီးလေးမှာ နေ့လည်က အားသွင်းရန် မေ့လျော့နေသည်မို့ မီးရောင် ခပ်မှိန်မှိန်ကလေးသာ လင်းနေလေ၏။

အပြင်အရောက် တိုးဝှေ့လာတဲ့ လေစိမ်းကြောင့် ဦးချစ်ဖေ ဓာတ်မီးကိုင်ထားသော လက်ကို ကျန်လက်တစ်ဖက်ဖြင့် ပွတ်သပ်နေလိုက်သည်။ အသံမှာ ထပ်မကြားရ ။ ကြောင်အထင် နှင့် အခန်းထဲပြန်၀င်မည် အလုပ် ၎င်း အသံက ထပ်မံထွက်ပေါ်လာလေတော့သည်။ ထိုအသံမှာ ရှစ်တန်းစာသင်ဆောင်များထံမှ ထွက်ပေါ်လာနေခြင်းဖြစ်၏။ ဦးချစ်ဖေလည်း ထိုမီးမှိန်မှိန် ဓာတ်မီးလေး ဖြင့် ရှစ်တန်းစာသင်ဆောင်များဆီသို့ တစ်ကိုယ်တည်း ထွက်ခဲ့လိုက်တော့သည်။ စာသင်ဆောင် များနှင့် နီးလာလေ အသံမှာပိုမိုကျယ်လောင်လာသလို ထိုအသံမှာ ရှစ်တန်း ( က ) ဆီမှ အသံဖြစ်သည်ဟု ဦးချစ်ဖေ သိလိုက်ရသည်။

ည၏ တိတ်ဆိတ်ခြင်းများကလည်း ပိုမို အသက်၀င်လာသလို ထိုခုံများရွေ့လျားသံကလည်း တစ်စတစ်စ ပိုမို၍ ပီပြင်လို့လာချေပြီ။ ဦးချစ်ဖေ လည်း စိုးရိမ်စိတ်ကြောက်စိတ်ကြောင့် သူ၏ နှလုံးခုန်သံကိုပင် သူပြန်ကြားနေရ၏။ ထိုစာသင်ဆောင်ရှေ့ အရောက်မှာတော့ မထင်မှတ်ထားသည့် မြင်ကွင်းကို မြင်လိုက်ရတော့သည်။ စာသင်ခန်းထဲတွင် မည်သူမျှ ရှိမနေပါ ။ သို့သော်လည်း စာသင်ခုံများမှာတော့ တစ်စုံတစ်ယောက်က တွန်းရွှေ့နေသည့်အလား တစ်နေရာမှ တစ်နေရာသို့။

“ဟာ …..”

မှန်ပြတင်းပေါက်ကလေးတွေမှ တစ်ဆင့် ဦးချစ်ဖေ ဓာတ်မီးဖြင့် ထိုးကြည့်သော်လည်း မည်သူမျှ မတွေ့ရ ထိုအချိန်မှာပင် သူ၏ နောက်ကျောဖက်ဆီမှ ခြေသံ တရှပ်ရှပ်ကို ကြက်သီးထဖွယ်ကြားလိုက်ရတော့သည်။ ထို့ကြောင့် ဦးချစ်ဖေလည်း ခြေသံလာရာ ဆီကို ဓာတ်မီးထိုးကြည့်လိုက်ရာမှာတော့

“ဟာ …. ဒေါ်နှင်း … ဒေါ်နှင်းနှင်းအေး ”

မှန်ပေသည်။ ဆရာမ ဒေါ်နှင်းနှင်းအေးမှာ ၎င်း၏ ကျောင်း၀တ်စုံဖြင့် လက်ကြီးဆန့်တန်းကာ ဦးချစ်ဖေ ဆီတစ်ရှိန်ထိုးပြေး၀င်လာတော့သည်။

“သရဲမ … မလာနဲ့ … သရဲမ … သွား … သွား ”

ဦးချစ်ဖေ မှာတော့ အော်လည်းအော်ကာ နောက်သို့ ဆုတ်ရင်း ဆုတ်ရင်းဖြင့် စာသင်ခန်းရှေ့ ကော်ရစ်တာ ပေါ်တွင် ရှိနေ‌သည့် အုတ်လှေကားထစ် ကလေးဖြင့် တိုက်မိကာ နောက်သို့ လှန်ကျသွားလေတော့သည်။ ချက်ချင်းဆိုသလို ခေါင်းထဲမိုက်ကနဲ ဖြစ်သွားကာ ယောကျာ်းကြီး အသံလိုလို အသံဩကြီးကို ကြားလိုက်ရပါတော့၏။

” ချစ်ဖေ … ချစ်ဖေ ”

ထိုအသံကြီး နှင့်အတူ ဦးချစ်ဖေ တစ်ယောက် ၎င်း၏ လက်မောင်းအစုံကို လက်အေးကြီး နှစ်ဖက်က လာကိုင်သည်ကိုလည်း သတိထားမိလေသည်။ သူကြောက်လွန်း၍ မျက်စိ နှစ်လုံးကို မဖွင့်ရဲ ။ အသံကြီးမှာ အဆက်မပြတ်ထွက်ပေါ်လို့နေလေ၏။

“ချစ်ဖေ … ချစ်ဖေ … ငါပါဟ ….”

ထိုအသံက တဖြေးဖြေးပီသလာကာ ယောကျာ်းကြီး တစ်ယောက်၏ အသံဖြစ်သွားလေတော့သည်။

“ဟင် … ဆရာကြီး ”

“အေ … မင်းဘာဖြစ်နေတာလဲ … ငါ အော်သံကြားလို့လိုက်လာတာ ”

“ဆ … ဆ … ဆရာမ နှင်းနှင်းအေး ရော … ”

ဦးချစ်ဖေ တစ်ယောက် အသံကတုန်ကယင်ဖြင့် ကျောင်းအုပ်ဆရာကြီး ဦးစိုင်းမြင့်အားမေးလေသည်။ ဦးချစ်ဖေ မျက်လုံးထဲတွင်လည်း အင်မတန်ကြောက်ရွံနေသော အရိပ်ယောင်များက တဖျပ်ဖျပ် ပြေးလွှားနေသည်။

“ဘယ်က …. ဆရာမ နှင်းနှင်းအေးလဲ … ငါလာတော့ မင်းတစ်ယောက်တည်း လဲကျနေတာ ချစ်ဖေ ”

“မဟုတ်ဘူးဗျ … ကျုပ်လည်း … အသံကြားလို့ထလာကြည့်တာ … ဆရာမ နှင်းနှင်းအေး ကမကျွတ်သေးဘူး ဆရာကြီး ”

“အာ … ပေါက်တတ်ကရကွာ … ”

ဆရာကြီးမှာတော့ ထိုအချိန်ထိ လက်မခံနိုင်သေးပေ။ သူ မယုံကြည်ဘူးဟူ၍ ပြောနေခဲ့သော်လည်း စောစောက စာသင်ဆောင်ထဲမှ ခုံများရွှေ့နေသည့် အသံကို သူကိုယ်တိုင်လည်း ကြားခဲ့ရသည်မဟုတ်ပါလား ။ သို့သော် သူရောက်လာတော့ ဦးချစ်ဖေမှာ လဲကျသတိလစ်‌လို့နေသည်ကို တွေ့ခဲ့ရသည်။ ဦးချစ်ဖေ လီဆယ်ပြောဆိုနေသည်မဟုတ် ကိုတော့ ဆရာကြီး အတတ်သိ၏။ ထိုည တစ်ညလုံး တော့ ဦးချစ်ဖေရော ဆရာကြီးပါ အိပ်မပျော်။ မီးလှုံကာ ထွေရာလေးပါး စကားများပြောကြရင်း မနက်မိုးလင်းစေခဲ့ပြီ။

မနက်ခင်းကျောင်းသား ကျောင်းသူများ ရောက်လာချိန်မှာတော့ ကျောင်းပတ်ပတ်လည်တွင်လည်းကောင်း ကုက္ကိုလ်ပင်ကြီးတွင် လည်းကောင်း ပရိတ်ကြိုးဖြူဖြူများကို ကျောင်းအုပ်ဆရာကြီး ဦးစိုင်းမြင့်၏ အမိန့်ဖြင့် ပတ်ပတ်လည် တားဆီးပြီးဖြစ်နေပါတော့သတည်း ။

( ၆ )

ကျောင်းအုပ်ဆရာကြီး ဦးစိုင်းမြင့်တစ်ယောက် အိပ်မပျော်သည်မို့ ကျောင်း၀င်းထဲဆင်းကာ လျှောက်ပတ်ကြည့်ရှုနေသည်။ အချိန်ကား ည ရှစ်နာရီကျော်ပင် ရှိအုံးမည်။ ထိုစဉ်မှာပင်

“ဆရာကြီး … ဆရာကြီး ”

“ဟင် … ဘယ်သူလဲဟေ့ ….”

ကျောင်းရှေ့ကုက္ကိုလ်ပင်ကြီးဆီမှ ခေါ်သံ တစ်ခုကိုဆရာကြီး ဦးစိုင်းမြင့် တစ်ယောက် ကြားလိုက်ရသည်။

“ကျွန်မပါ …. အင်္ဂလိပ်ဘာသာပြ ဆရာမ ဒေါ်နှင်းနှင်းအေးပါ”

“‌နှင်း‌နှင်းအေး … ဟုတ်လား ”

“ဟုတ်ပါတယ် ဆရာကြီး …. ဆရာကြီးရဲ့ ဘုန်းကြီးကျောင်းက ပရိတ်ကြိုးတွေ ကြောင့် ကျွန်မကျောင်းထဲ ၀င်လို့ မရတော့လို့ပါ ”

ဆရာကြီး ထိုသို့ပြောလိုက်တော့ ထိုကျောင်းရှေ့ကုက္ကုလ်ပင်ကြီး ဆီမှ လူရိပ်တစ်ခု ပီသစွာ ထွက်ပေါ်လာလေတော့သည်။ ထိုလူရိပ်မှာ ရှစ်တန်း အင်္ဂလိပ်ဘာသာပြ ဆရာမ ဒေါ်နှင်းနှင်းအေးပင်။ ဆရာကြီးလည်း မကြောက်တတ်သူမို့

“ဆရာမ နှင်းနှင်းအေး …. နင်က သေသွားပြီလေ … နင်နဲ့ ငါတို့နဲ့က … ဘ၀ခြားသွားပြီ … နင် နဲ့ ဒီကျောင်းနဲ့ ဘာမှ မပတ်သက်တော့ဘူး ”

ထိုသို့ပြောလိုက်တော့ ဆရာမ ဒေါ်နှင်းနှင်းအေး လည်း မျက်နှာလေး ညှိုးငယ်ကျသွားတော့သည်။ ဆရာမ မှာ မကွယ်လွန်ခင်တုန်းက ကျောင်းလာသည့် အတိုင်း အဖြူအစိမ်းလေးကို ကျက်သရေ ရှိစွာ၀တ်ဆင်ထားလို့ ။

“ကျွန်မ … နားလည်ပါတယ် … ဆရာကြီးရယ် … ဒါပေမယ့် … ကျွန်မ ကလေးတွေ စာသိပ်မရကြသေးဘူး … အစိုးရစစ် စာမေးပွဲလည်း ဖြစ်လို့ သူတို့လေးတွေ မအောင်မှာ ကျွန်မ စိုးရိမ်လို့ပါ ”

ဆရာမ ထိုသို့ပြောလိုက်တော့ ဆရာကြီးလည်း အလွန် စိတ်မကောင်းဖြစ်သွားလေတော့သည်။

“စိတ်ချပါ … ဆရာမ နှင်းနှင်းအေးရယ် … နင် ကလေးတွေ အပေါ်ထားတဲ့ မေတ္တာ စေတနာကို ငါနားလည်ပါတယ် … ကလေးတွေ အတွက် စိတ်ချသွားပါ … အခုလို လုပ်နေတာက ဘယ်သူ့အတွက် မှမကောင်းဘူး …. ကလေးတွေလည်း ကြောက်နေကြပြီ … အခုသူတို့သင်ခန်းစာတွေလည်း ပျက်ကွက် ကုန်ကြရပြီ ”

ဆရာကြီး ထိုသို့ပြောလိုက်တော့ ဆရာမ ဒေါ်နှင်းနှငိး အေးလည်း တရှုံ့ရှံ့ငိုလေတော့သည်။ပြီးမှ

“ကျွန်မ မှားသွားပါတယ် … ကျွန်မ ကိုခွင့်လွှတ်ကြပါ … ကျွန်မ ကလေးတွေကို ချစ်လွန်းလို့ လုပ်မိတာပါ ”

“လူဆိုတာ အစွဲအလမ်း ထားရင် မကောင်းဘူး … ဆရာမ နှင်းနှင်းအေး … မနက်ဖြန်ကျရင် ဆရာကြီး တို့ ရေစက်ချ အမျှဝေပေးမယ် … သာဓုခေါ်ပြီး ကောင်းတဲ့ဘုံကိုသွားပါ ”

“ကျေး … ကျေးဇူး … တင်ပါတယ် ဆရာကြီးရယ် …ကျွန်မ ဆက်စပ်သာဓု ခေါ်‌ပါ့မယ် …”

ဆရာမအသံက တဖြေးဖြေး တိုး၀င်ပျောက်ကွယ်လို့သွားချေပြီ ။ ဆရာကြီးလည်း ထိုအခါမှ သတိပြန်၀င်လာကာ ဝုန်း ကနဲထထိုင်လိုက်တော့သည်။ သူအိပ်ပျော်သွားတာပါလား ။ နံရံမှ တချက်ချက်မြည်သံပေးနေသည့် နာရီလေးမှအပ အရာအားလုံးက အိပ်မောကျနေချေပြီ။ ညသန်းခေါင်ကျော်နေပြီ။ ဆရာကြီးလည်း ချွေးများစိုရွှဲနေသော သူ၏ အ၀တ်အစားများကို လဲရင် အိပ်ရာထဲမှ ထလိုက်တော့၏။ပါးစပ်မှလည်း

“အော် … ဆရာမ ဒေါ်နှင်းနှင်းအေး … ကလေးတွေကို ချစ်တဲ့ စိတ်နဲ့ …အပါယ်ဘုံဘ၀ ကိုရောက်နေပါရော့လား ”

ဟူ၍ပင်ဖြစ်ပါလေတော့၏။

( ၇ )

မနက်ဆယ်နာရီလောက်ကျတော့ ကျွန်တော် တို့ အထက ( …. ) ကျောင်းကြီး၏ ငွေရတု ခန်းမတွင် ရှစ်တန်း ကျောင်းသား‌ကျောင်းသူ များ အားလုံး နေရာ အသင့်ယူထားကြသည်။ မြို့ဦးကျောင်းမှ ပင့်ဆောင် လာခဲ့သော ဘုန်းတော်ကြီး ငါးပါးကလည်း လှူဖွယ် ပစ္စည်းများရှေ့တွင် အသင့်ရှိနေကြသည်။

“ဆရာမ … ဒေါ်နှင်းနှင်းအေး နှင့်တကွ … သုံးဆယ့် တစ်ဘုံတွင် ကျင်လည်နေကြကုန်သော … ဝေနေယျာ သတ္တဝါအားလုံးဆို့အား အမျှ အမျှ အမျှ ပေးဝေပါကုန်သည်။ အားလုံး အမျှ ရကြ၍ သာဓု အနုမောဿဒ် ခေါ်ဆိုနိုင်ကြပါစေ

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်သော် ”

“သာဓု …. သာဓု …. သာဓု ……”

“ဆရာမ … ဒေါ်နှင်းနှင်းအေး နှင့်တကွ … သုံးဆယ့် တစ်ဘုံတွင် ကျင်လည်နေကြကုန်သော … ဝေနေယျာ သတ္တဝါအားလုံးဆို့အား အမျှ အမျှ အမျှ ပေးဝေပါကုန်သည်။ အားလုံး အမျှ ရကြ၍ သာဓု အနုမောဿဒ် ခေါ်ဆိုနိုင်ကြပါစေ

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်သော် ”

“သာဓု …. သာဓု …. သာဓု ……”

“ဆရာမ … ဒေါ်နှင်းနှင်းအေး နှင့်တကွ … သုံးဆယ့် တစ်ဘုံတွင် ကျင်လည်နေကြကုန်သော … ဝေနေယျာ သတ္တဝါအားလုံးဆို့အား အမျှ အမျှ အမျှ ပေးဝေပါကုန်သည်။ အားလုံး အမျှ ရကြ၍ သာဓု အနုမောဿဒ် ခေါ်ဆိုနိုင်ကြပါစေ

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်သော် ”

“သာဓု …. သာဓု …. သာဓု ……”

ထိုငွေရတုခန်းမလေး ထဲက ထွက်ပေါ်လာသည့် အမျှဝေသံကို ဆရာမ ဒေါ်နှင်းနှင်းအေး တစ်ယောက်ကြားနိုင်ပါစေ။ ကျောင်းသူ ကျောင်းသားများကို သားသမီးအရင်းပမာ ချစ်ခင်ကြင်နာ တဲ့ ဆရာမ ကောင်းရာသုဂတိလားပါစေ ဟူ၍ ဆန္ဒပြုဆုတောင်းရင်းဖြင့် ………..

ကျွန်ုပ်ရေးသားသော ( ဆရာမ သာဓုခေါ်ပါ ) အမည်ရ ဇာတ်လမ်းလေး ဤတွင်ပြီး၏။

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ ။

( ပြီးပါပြီ )

လျှပ်ပန်းအိမ် ( လားရှိုး )

စာပြီးချိန် ( နေ့လည်စောင်း ၁ – ၄၄ မိနစ် )