ဇီဝဇိုးကျိန်စာ(စ/ဆုံး)
——————-
ရေငွေ့တွေကြောင့်လား ၊ မြူတွေကြောင့်လားမသိ ။
ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးနေသည် ။
ပင်လယ်ကမ်းခြေရှိ ရွာငယ်လေး တစ်ရွာမှာမူ အလင်းရောင်အားနည်းသေးသည်ကို ဂရုမထားနိုင်ဘဲ ဝမ်းရေးအတွက် နိစ္စဓူ၀ သက်ဝင်လှုပ်ရှားနေကြပြီ ။
များစုမှာ တံငါသည်များမို့ သောင်စပ်တွင် လှေများဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ကြတော့မည် ။
တစ်ဦးသော်လည်းကောင်း အုပ်စုဖွဲ့၍သော်လည်းကောင်း ငါးဖမ်းထွက်ကြသည် ။
အများအားဖြင့် နှစ်ယောက်သွားသည်က ပိုများသည် ။
တံငါရွာလေးမို့ ငါးဖမ်းခြင်းသည် အဓိက အလုပ်ဖြစ်သည် ။ တပိုင်တနိုင် ဖမ်းသူများ လည်းရှိသလို လူချမ်းသာများက လူငှါးများဖြင့် တွင်ကျယ်စွာ လုပ်သူများလည်း ရှိသည် ။
ငါးဖမ်းခြင်းသည် အဓိကဟု ဆိုသော်လည်း အခြားအလုပ်လုပ်သူမျလည်း ရှိသေးသည် ။
” ဒီနေ ရေ .. ပြီးပြီလားကွ ”
” အေး .. ထမင်းထုပ်ထည့်နေတာဟေ့ .. လာပြီ .. လာပြီ ”
ဒီနေ သည် လိုအပ်သည်များကို ပလိုင်းထဲသို့ စုရုံးထည့်ကာ အိမ်လေးထဲမှ ထွက်လိုက်သည် ။ ထို့နောက် အိမ်ထဲသို့ လှည့်ကာ အော်လေသည် ။
” မိန်းမရေ … အိမ်မှာပဲ နားနားနေနေ နေနော် . အပြင်တွေ လျှောက်ထွက်မနေနဲ့ .. ကိုယ်ဝန်အရင့်အမာကြီးနဲ့ မတော်လို့ လဲနေရင် ဒုက္ခ ”
အဖော်ဖြစ်သူ မင်းလူက ဒီနေ ကို အဖြစ်သည်းရန်ကောဟူသော အကြည့်ဖြင့် ကြည့်ကာ
” မင်းမှာလည်း ပင်လယ်ထွက်ခါနီးတိုင်း ဒါပဲ မှာနေတာ .. ကြားထဲက ငါတောင် အမြင်ကတ်လာပြီ ”
” ကတ်မှာပေါ့ .. မင်းမှာ မိန်းမမှ မရှိသေးတာ .. ငါက မကြာခင် ကလေးအဖေဖြစ်တော့မှာကွ ”
” အေးပေါ့ကွာ .. ပြောနိုင်တုန်းတော့ ပြောထားဦးပေါ့ ”
ဒီနေ နှင့် မင်းလူတို့သည် ငယ်ပေါင်းကြီးဖော်များဖြစ်ကြပြီး အလုပ်အတူလုပ်ကာ ရလာသည့် အကျိုးအမြတ်ကို ခွဲဝေယူကြသည် ။
မင်းလူ၌ အိမ်ထောင်မရှိသော်လည်း မိခင်ကို လုပ်ကျွေးနေသူ တစ်ယောက်ဖြစ်သည် ။
ဒီနေက မနှစ်က အိမ်ထောင်ကျသည် ။
” သွားမယ် ဒီနေ … နောက်ကျနေပြီ ”
” အေး ”
နှစ်ယောက်သား ဆိပ်ကမ်းသို့ ဆင်းကာ အသင့်ရှိနေသော လှေငယ်လေးပေါ်တက်ကာ ပင်လယ်ကြီးဆီသို့ ဦးတည်လှော်ခတ်လိုက်သည် ။
ရာသီဥတုက သာယာနေသည် ။
” ဒီနေ့ .. ဘယ်ကျွန်းကို သွားမလဲ ”
” ခပ်ဝေးဝေးက လူမရောက်တဲ့ ကျွန်းကိုသာလှော် ”
” ဟ .. ကိုယ်လိုလူတွေ ခြေချင်းလိမ်နေကြတာ.လူမရောက်တဲ့ ကျွန်းမှ မရှိတာ ”
” အခြားလူတွေရောက်တယ်ဆိုတာလည်း အလွယ်ရရင်သာ ယူသွားကြတာ .. အန္တရာယ်များတဲ့ ခဲရာခဲဆစ်ကိုတော့ မကြိုးစားကြဘူး .. ငါတို့ မရောက်သေးတဲ့ ကျွန်းတစ်ကျွန်းကိုသာ သွားကွာ .. အဆင်ပြေမှာပါ ”
လှေလေးကို ပုံမှန်လှော်ခတ်သွားကြသည် ။
တကယ်တော့ သူတို့သည် ငါးဖမ်းမည့့်သူများ မဟုတ်ကြပေ ။ ပင်လယ်ပြင်ရှိ ကျောက်တောင်များ ပေါများရာ ကျွန်းများပေါ်သို့ သွားရောက်ကာ ငှက်သိုက်ခွာသူများ ဖြစ်ကြသည် ။
ငှက်သိုက်ဆိုသည်မှာ ဇီဝဇိုးငှက်များ၏ အသိုက်ကို ခေါ်ခြင်းဖြစ်သည် ။
ဇီဝဇိုးသည် ပျံလွှားငှက် အမျိုးနွယ်ဖြစ်ကာ ပျံလွှားငှက်အရွယ်သာ ရှိသည် ။
သို့သော် သဘာဝမှာမူ မတူညီပေ ။
ဇီဝဇိုးငှက်ကလေးများသည် အခြားငှက်များကဲ့သို့ သီးနှံ စပါး များ ၊ ပိုးကောင်များ ၊ ငါးများ ကို မစားသောက်ကြပေ ။
ကောင်းကင်အမြင့်သို့ ပျံတက်ကာ မိုးတိမ်ညွန့်များကြား၌ လွင့်မျောပါလာသော ပရမာ မြူမှုန်လေးများကိုသာ စားကြသည် ။
လေထဲမှာပင် အစာရှာကြသောကြောင့် လေထဲမှာပင် အနေများပြီး သားပေါက်ရန် ဥချသည့်အခါမှ လူမနီးသော ကျောက်တောင်များသို့ ဆင်းကာ အန်ဖတ်များဖြင့် အသိုက်ပြုလုပ်ကြသည် ။
သူတို့အန်ထုတ်လိုက်သော ချွဲရည် အန်ဖတ်လေးများဖြင့် ပြုလုပ်ထားသော သူတို့၏ အသိုက်ကို လူတွေက ရှာဖွေယူဆောင်နေခြင်းဖြစ်သည် ။
အသိုက်တစ်ခုရရန် တစ်ခါတည်း မဖြစ်နိုင်သဖြင့် အန်လိုက် ၊ ကောင်းကင်ပေါ်တက်ပြီး မြူမှုန်လေးတွေ စားလိုက် ၊ ဆင်းအန်လိုက်နှင့် ကြိမ်ဖန်များစွာ ပြုလုပ်ကြရသည် ။
ထိုသို့ ပြုလုပ်ထားသော အသိုက်လေးများကို လူတို့က ခွာယူသွားပါက သားပေါက်ရန် မဖြစ်မနေ ပြန်အန်ကြရသည် ။
သုံးကြိမ်လောက် အန်ပြီးပါက အန်ဖတ်ထဲတွင် သွေးစလေးများ ပါလာတတ်သည် ။
အချို့လူများက သွေးစပါသော အသိုက်များကို မယူသော်လည်း လောဘသားများကမူ ယူဆောင်သွားကြသည် ။
နောက်ဆုံးတွင် ဇီဝဇိုး ငှက်ကလေးများသည် သားပေါက်ရန် အချိန်နီးကပ်လာသော် အသိုက်မရှိလျှင် မဖြစ်သောကြောင့် သွေးအန်သကဲ့ အန်ကာ ရင်ကွဲနာကျ၍ သေကြရသည် ။
ရှေးအခါက ဇီဝဇိုးငှက်သိုက်ကို သုံးစွဲရမှန်း မသိကြပေ ။
ဆေးအဖြစ်သာ သုံးစွဲ ခဲ့ကြသည် ။
နောက်ပိုင်းတွင် စားသုံး၍ရမှန်း ၊ စားသုံးလျှင် ခွန်အားတိုးပွားမှန်း သိသောအခါ မရမက ရှာဖွေစုဆောင်းကာ စီးပွားဖြစ်ပင် ရောင်းချလာကြသည် ။
ထို့ကြောင့် ဇီဝဇိုးငှက်များမှာ.သူတို့၏ အသိုက်များကို လူမရောက်သည့် ကျောက်တောင်ထိပ်များ၌ ပြုလုပ်လေ့ရှိသည် ။
မည်သို့ပင် ပြုလုပ်စေကာမူ လူတို့၏ လောဘကြောင့် အသိုက်များ ခွာယူကြရာ ဇီဝဇိုးငှက်ကလေးများမှာ အသိုက်ပြုလုပ်ရင်း သွေးအန်ကာ သေဆုံးကြရသည် ။
အချို့က ထိုသေနေသော ငှက်ကိုပင် ယူကာ ဆေးဖက်ဝင်သည်ဟု ဆို၍ ချက်ပြုတ်စားကြသည်။
ထိုသို့ သနားစရာကောင်းသော ဇီဝဇိုး ငှက်ကလေးများ၏ အသိုက်ကို ယူဆောင်သူ များထဲတွင် ဒီနေ နှင့် မင်းလူတို့က ထိပ်ဆုံးက ပါသည် ။
အခြားသူများ မတက်ဝံ့သော ကျောက်တောင်များပေါ်သို့ပင် တက်ကာ ငှက်သိုက် ခွာကြသည် ။
သူတို့လှေလေးသည် တရွေ့ရွေ့ဖြင့် အတော်ဝေးဝေးသို့ ရောက်ရှိသွားလေပြီ ။
” ဒီနေ .. ဟိုးက ကျောက်တောင်တွေဆီ မရောက်သေးဘူးနော် ”
မင်းလူက ခပ်လှမ်းလှမ်းမှ ကျောက်တောင်ကြီးများကို လှမ်းပြသည် ။
ကျွန်းငယ်တစ်ခုပင် ။
” အေးကွ .. အဲ့ကို သွားကြည့်ရအောင် ”
ထို့နောက် လှေကို ထိုကျွန်းငယ်လေးဆီသို့ လှော်ခတ်သွားလိုက်သည် ။
ကျွန်းလေးဆီသို့ လှေကပ်ပြီးသည်နှင့် လှေကို ကျောက်စွန်းတစ်ခုတွင် ချည်နှောင်ကာ ကျွန်းပေါ်တက်ခဲ့ကြသည် ။
ကျွန်းလေးသည် လွန်စွာသေးငယ်ပြီး အလယ်တွင် ကြီးမားသော.ကျောက်တောင်ကြီးက ထီးထီးကြီး ဆီးကြိုနေသည် ။
ကျွန်းပေါ်တွင် ကျောက်သားများချည်းမို့ သစ်ပင်များလည်း မရှိကြပေ ။
” မင်းလူ .. ကြည့်စမ်း ”
ဒီနေ က ကျောက်တောင်ထိပ်ပိုင်းတွင် ပျံဝဲနေကြသော ဇီဝဇိုးငှက်များကို ပြသည် ။
” အေးကွ .. အခြေအနေ မဆိုးလောက်ဘူးကွ ”
” ဒီလိုဆိုလည်း စားသောက်ပြီး တက်ကြမယ် ”
” အေး .. ”
ထို့နောက် ပါလာသော ထမင်းထုပ်များကို ဖြေ၍ စားလိုက်ကြသည် ။
စားပြီးသော် ခေတ္တ ထမင်းလုံးစီရင်း ကျောက် တောင်ပေါ်သို့ တက်ရောက်နိုင်မည့် လမ်းကို ရွေးချယ်ကြသည် ။
ကျောက်သားများချည်း ဖွဲ့စည်းထားသဖြင့် ခိုတွယ်စရာ သစ်ပင်များ မရှိပေ ။ ထို့ပြင် မတ်စောက်နေသည် ။
ကျောက်တောင်ပေါ်သို့ တက်ရန် လမ်းမရှိသဖြင့် အစဉ်ပြေသော လမ်းကို ရွေးချယ်ကာ သံစူးများ ၊ ကြိုးများ ၊ တူများဖြင့် ခက်ခက်ခဲခဲ တက်ကြရသည် ။
သူတို့အတွက် ကျွမ်းကျင်သောအလုပ်မို့ အခက်အခဲအနည်းငယ်နှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ခဲ့ကြသည် ။
တောင်ထိပ်ပေါ်ရောက်သော် နေရာတစ်ခုတွင် အထုပ်များချကာ ငှက်သိုက် ခွာကြသည် ။
ကျောက်ခွက်လေးများ ၊ ကျောက်စွန်းလေးများ ၊ တောင်းကမ်းပါးယံများတွင် ရှိနေသော ငှက်သိုက်များကို သံစူးချွန် ၊ ခက်ရင်းတို့ဖြင့် စိမ်ပြေနပြေ ခွာရသည် ။
ဒီနေ နှင့် မင်းလူတို့ တစ်ယောက်တစ်နေရာစီ ရှာကြသည် ။
ဇီဝဇိုးငှက်ကလေးများသည် သူ့တို့၏ သိုက်မြုံလေးများကို ရက်စက်စွာ ခွာယူနေသော လူသားများကို ကောင်းကင်ထက်မှ ပျံဝဲရင်း ကြည့်နေရှာသည် ။
နှစ်ချက်တီးသော် မူလနေရာသို့ ပြန်လာကာ ထမင်းစားကြသည် ။
ငှက်သိုက်များလည်း အတန်အသင့် ရနေပြီ ။
” ဘယ်လိုလဲ မင်းလူ ”
” ဒီတောင်ပေါ်ကို လူတွေရောက်တယ်ထင်တယ်ကွ ”
” ဘာလို့လဲ ”
” ငါခွာတဲ့ ဖက်က ငှက်သိုက်တွေက သွေးမျှင်စလေးတွေ ပါနေတယ် ”
” အေး .. ဟုတ်တယ်ကွ .. ငါလည်း တွေ့တယ် .. ဒီမှာလေ ”
ဒီနေက ပြောပြောဆိုဆို အိတ်ထဲမှ ငှက်သိုက်တစ်ခုကို ထုတ်ပြလိုက်သည် ။
” ဟာ .. ဒီနေ. . မင်းက သွေးစပါတဲ့ ငှက်သိုက်တွေလည်း ယူတာပဲလား ”
” အေးလေ .. မင်းက မယူဘူးလား ”
” မယူဘူး .. ခု မင်းယူလာတဲ့ ငှက်သိုက်ကို လုပ်ရတဲ့ ဇီဝဇိုးငှက်လေးက နောက်တစ်ခါ ထပ်လုပ်ရရင် သွေးအန်ပြီး သေတာကွ ”
” မင်းကွာ .. ငှက်သိုက်လာခွာပါတယ်ဆိုမှ တရားပေါက်နေသေးတယ် .. ငှက်သိုက်တွေ့လျက်နဲ့ မယူမှတော့ ဘာလို့ ဒီအလုပ်လုပ်နေမလဲ ”
” လုပ်တာလည်း လုပ်တာပေါ့ကွာ .. ဒါပေမယ့် … ”
” တော်ပါကွာ .. အခုလောလောဆယ် ငါ့မိန်းမ မီးဖွားဖို့အတွက် ငွေလိုနေတယ်ကွ .. ဘာပဲဖြစ်ဖြစ် ယူရမှာပဲ .. မင်းမခွာခဲ့တဲ့ ငှက်သိုက်တွေကိုလည်း ပြီးရင် ငါသွားခွာမယ် ”
” ဒီမှာ ဒီနေ .. မင်းမိန်းမလည်း မီးဖွားရမှာ … ဇီဝဇိုးငှက်ကလေးတွေလည်း သူတို့ သားပေါက်ဖို့ အသိုက်လုပ်ရတာပါကွာ .. ကိုယ်ချင်းစာကြည့်ပေါ့ ”
” မင်းက ငှက်ကလေးတွေကို အဲ့လောက်တောင် သနားနေလျက်နဲ့ ဘာလို့ ငှက်သိုက်လာရှာတာလဲ ”
” မဟုတ်ဘူးကွာ .. ငါပြောချင်တာက ယူလည်း ယူပေါ့ .. ဒါပေမယ့် သွေးစ ပါလာတဲ့ ငှက်သိုက်လေးတွေကိုတော့ ရှောင်ပေးဖို့ ပြောတာပါ ”
” ကြံကြံဖန်ဖန်တွေ လျှောက်တွေးမနေနဲ့ မင်းလူ .. သတ္တဝါတစ်ခု ကံတစ်ခုပေါ့ကွာ .. ဘာတတ်နိုင်မှာလဲ .. ကိုယ်လည်း ဝမ်းစာအတွက် မလုပ်မဖြစ်လို့ လုပ်နေရတာ .. တိရစ္ဆာန် တွေပဲကွာ .. ဘာမှ မသိပါဘူး .. သေသွားတော့လည်း စောစောစီးစီးကျွတ်သွားတာပေါ့ ”
ဒီနေ ၏ တယူသန်ပြောစကားကြောင့် မင်းလူ သက်ပြင်းချလိုက်သည် ။
ဒီနေ သည် တဇွတ်ထိုး တဇောက်ကန်းသမား ။
” တိရစ္ဆာန်တွေ ဘာမှမသိဘူး ဆိုပေမယ့်လည်း သူတို့က လူတွေကို ကျိန်ဆဲနေကြမှာ .. လူတွေက နားမလည်လို့သာ ”
” ဘယ်လို ကျိန်ဆဲတာလဲ ရှင်းပါဦး မာဂဓ ပညာရှင်ကြီးရဲ့ ”
ဒီနေ က ခပ်ငေါ့ငေါ့ မေးလိုက်သည် ။
” သူတို့က သူတို့အသိုက်အမြုံကို ဖျက်စီးတဲ့ လူတွေကို သူတို့လိုပဲ အသိုက်အမြုံ ပျက်စီးပါစေ .. သူတို့ သွေးအန်သေရသလို သွေးအန်သေပါစေ .. သူတို့ .. ”
” တော် တော် မင်းလူ .. ထင်ရာတွေ လျှောက်ပြောမနေနဲ့ .. အချိန်မရှိတော့ဘူး .. ငါ့မိန်းက မီးဖွားခါနီးနေပြီ .. အစောပြန်မှ ဖြစ်မယ် ”
ထိုသို့ပြောကာ အိတ်တစ်လုံးယူ၍ မနက်ပိုင်းက မင်းလူ သွားသော နေရာသို့ ထွက်သွားသဖြင့် မင်းလူလည်း အခြားနေရာသို့ သွားလေသည် ။
ဒီနေ သည် သူပြောသလိုပင် မင်းလူ မခွာဘဲ ချန်ထားခဲ့သော သွေးစမျှင်လေးများ ပါနေသော ငှက်သိုက်များကို ရှာဖွေကာ ခွာယူလာခဲ့သည် ။
သို့ဖြင့် ခပ်စောစောလေး အိမ်သို့ ပြန်ခဲ့ကြသည် ။
ငှက်သိုက်များလည်း ကျေနပ်လောက်အောင် ရခဲ့သည် မဟုတ်ပါလား ။
အိမ်ရောက်တော့ ငှက်သိုက်များကို ဒီနေအိမ်တွင် စုထားသည် ။ တစ်ပတ်တစ်ခါ မြို့မှလာသော ကုန်သည်များထံ ရောင်းချရန် စုထားခြင်းဖြစ်သည် ။
ရောင်းချပြီးပါမှ ရသော ပိုက်ဆံကို နှစ်ယောက် ခွဲယူကြသည် ။
ညနေပိုင်းရောက်တော့ ပင်လယ်မှ ပြန်လာကြသော လူများဖြင့် ရွာကလေးမှာ သက်ဝင်လှုပ်ရှားလာသည် ။
တစ်နေ့ပြီးတစ်နေ့ ထိုသို့ လည်ပတ်နေရသော သူတို့ဘဝများမှာ နာရီကြီး တစ်လုံးလိုပင် ။
ဓာတ်ခဲ မကုန်သ၍တော့ စက်ဝိုင်းကြီးကို ကြိမ်ဖန်များစွာ လည်ပတ်နေရမည်မှာ မလွဲမသွေပင် ဖြစ်သည် ။
*********
” ကိုဒီနေ .. ကိုဒီနေ .. ”
ဒီနေ မနိုးသေး ။
” အား .. ကျွတ် .. ကျွတ် .. နာလိုက်တာ … ကိုဒီနေ ”
” ဟင် .. ”
” ဘာလဲ မိန်းမ ”
” ကျွန်မ မွေးတော့မယ်ထင်တယ် .. အား .. နာလိုက်တာ ”
ဒီနေ မီးခွက်ကို စမ်း၍ ထွန်းလိုက်သည် ။
” ငါဘာလုပ်ပေးရမှာလဲ မိန်းမ ”
” ရှင်ဘာလုပ်တတ်မှာလဲ .. ရွာလယ်က ဒေါ်ဝိုင်းကို ခေါ်ပေးပါ ”
” ညနက်သန်းခေါင် မိန်းမရယ် ”
” ခေါ်ပေးပါရှင် ကျွန်မ မွေးတော့မယ် .. အား .. ”
ဒီနေလည်း မနေသာတော့ဘဲ မီးအိမ်တစ်လုံးဆွဲကာ အိမ်ထဲမှ ထွက်လာရသည် ။
အပြင်တွင် မှောင်မိုက်နေသည် ။
တစ်ရွာလုံး အိပ်မောကျနေချိန်မို့ အရာ အားလုံး တိတ်ဆိတ်နေသည် ။
ရွာလယ်ပိုင်းရှိ လက်သည် ဒေါ်ဝိုင်းအိမ်သို့ အမြန် သွားရသည် ။
” ဒေါ်ဝိုင်း .. ဒေါ်ဝိုင်း .. ”
” ဟေ့ . ညကြီးမိုးချုပ် ဘယ်သူလဲကွ ”
ဦးဘချို အသံ ။ အိမ်ထဲတွင် မီးထွန်းနေသည်ကို တွေ့ရပြီး ဦးဘချို ထလာသည် ။
” ဘကြီးချို .. ကျွန်တော် ဒီနေပါ .. ကျွန်တော့်မိန်းမ ဗိုက်နာနေလို့ ဒေါ်ဝိုင်းကို လာခေါ်တာပါ ”
” ခက်တာပဲ ဒီနေ .. မိဝိုင်းကို စန်းကြည်မ ဗိုက်နာနေလို့ လာခေါ်သွားတယ် ”
” ရွာတောင်ပိုင်းက စန်းကြည်မလား ”
” ဟုတ်တယ် .. အဲ့ကိုလိုက်သွားလိုက် ညနေကတည်းက လာခေါ်သွားတာ .. ခုလောက်ဆို မွေးပြီးလောက်ရောပေါ့ ”
” ဟုတ်ကဲ့ .. ကျွန်တော်လိုက်ခေါ်လိုက်ဦးမယ် ”
” အေး အေး ”
ရွာတောင်ပိုင်းသို့ ပြေးရသည် ။ မိန်းမက အိမ်မှာ လူးလှိမ့်နေပြီလားမသိ ။
စန်းကြည်မတို့ အိမ်ထဲတွင် မီးရောင်တွေ့လိုက်ရသည် ။
” ကိုသာအေး .. ကိုသာအေး ”
မီးနေသည်ရှိသဖြင့် အပေါက်မှ ခပ်အုပ်အုပ်ခေါ်လိုက်ရာ ကိုသာအေး ထွက်လာသည် ။
” ဟာ .. ဒီနေ .. ဘာကိစ္စလဲကွ ”
” ဒေါ်ဝိုင်းရှိတယ်မလား ”
” အေး .. ငါ့မိန်းမ မွေးနေလို့ကွ ”
” ခဏလောက် ခေါ်ပေးပါဗျာ ”
” အေး ”
ကိုသာအေး အိမ်ထဲပြန်ဝင်သွားပြီး ဒေါ်ဝိုင်းကို ခေါ်လာသည် ။
” ဒေါ်ဝိုင်း .. ကျွန်တော့်မိန်းမ ဗိုက်နာနေလို့ မွေးတော့မယ်ဗျ ”
” ကြာပီလား ”
” ကြတော့ မကြာသေးပါဘူး ”
” ဒါဆို နင်ပြန်နှင့်ပြီး မီးဖိုဖို့ ထင်းတွေဘာတွေ အဆင်သင့် လုပ်ထား .. ငါက ဒီမှာ ကိစ္စမပြတ်သေးဘူး .. ပြီးတော့မှာပါ .. ပြီးတာနဲ့ ငါချက်ချင်း လိုက်လာခဲ့မယ် ”
” မြန်မြန်တော့ လုပ်ပါဗျာ ”
” အေးပါ ”
ထို့နောက် အိမ်သို့ အပြေးပြန်ရပြန်သည် ။
ဒီနေတစ်ယောက် အိမ်နှင့် မလှမ်းမကမ်းသို့ ရောက်သည်နှင့် မျက်လုံးပြူးသွားသည် ။
” ဟာ .. မီးတောက်ကြီးပါလား .. ငါ့ . ငါ့ အိမ်ကများလား ”
ကြီးမားသော မီးတောက်ကြီးကို မြင်လိုက်ရ၍ အမြန်သွားကြည့်ရာ သူ့အိမ်အား မီးလောင်နေခြင်းပင် ။
” ဟာ .. မိန်းမ .. မိန်းမ .. ”
မီးတောက်များကြားတွင် အော်ဟစ်ရုန်းကန်နေသော သူ၏ ဇနီးကို လှမ်းမြင်ရသဖြင့် အပြေးသွားကာ ကူညီမည်အပြု ခလုတ်တိုက်ကာ လဲကျသွားသည် ။
” ကိုဒီနေ ရေ .. ကျွန်မကို ကယ်ပါဦး .. ရှင်သားလေးလည်း မီးထဲမှာ .. ကျွန်မတို့ကို လာကယ်ပါဦး .. ”
အော်သံကြောင့် ပြန်ထမည်အပြု ရင်ဘတ်ထဲမှ အောင့်တက်လာကာ ထိုးအန်လိုက်သည် ။
” ဝေါ့ .. ”
သူအန်လိုက်သည်က သွေးပွက်များ ဖြစ်နေသည် ။
” ဟင် .. သွေး .. သွေးတွေ .. ”
လူတစ်ကိုယ်လုံး နုံးချိသွားကာ ပြန်မထနိုင်တော့ပေ ။
ထိုစဉ် သူ၏ နားထဲ၌ အသံတစ်ချို့ ကြားလိုက်ရသည် ။
” ငါတို့ အသိုက်အမြုံကို ပျက်စီးသလို အသိုက်အမြုံတွေ ပျက်စီးပါစေ …. ”
” ငါတို့ ဒုက္ခရောက်သလို ဒုက္ခ ရောက်ပါစေ … ”
” ငါတို့ သားပေါက်ခွင့်မရသလို ကလေးမွေးခွင့် မရပါစေ … ”
” ငါတို့ သွေးအန်သေသလို သွေးအန်သေပါစေ … ”
ထူးဆန်းသော ထိုအသံများကြောင့် ဒီနေ တုန်လှုပ်သွားမိသည် ။
ထိုအသံများသည် ပျောက်ကွယ်မသွားဘဲ ထပ်ခါထပ်ခါ ကြားနေရကာ ခဏအကြာတွင် ကောင်းကင်ထက်၌ ပျံသန်းနေသော ငှက်အများအပြားကို မီးတောက်မှ အလင်းရောင်ဖြင့် မြင်လိုက်ရသည် ။
” ဟင် .. ဒါ .. ဒါ .. ဇီဝဇိုးငှက်တွေ … ”
” ဇီဝဇိုးငှက်တွေ ကျိန်စာတိုက်နေတာ .. ”
” မဟုတ်ဘူး .. မဟုတ်ဘူး .. မိန်းမ … မိန်းမ. . ”
အားကုန် အော်ဟစ်လိုက်သည် ။
” ကိုဒီနေ .. ကိုဒီနေ .. ဘာဖြစ်နေတာလဲ ”
ထိုအခါမှ ဒီနေ အိမ်မက်မက်နေမှန်း သိလိုက်ရသည် ။
တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး စိုးရွံ့ထိတ်လန့်မှုမှာမူ မပျောက်သေးပေ ။
” ကိုဒီနေ .. ဘာဖြစ်တာလဲ ”
” အိမ်မက်မက်နေတာပါကွာ ”
” ဘာအိမ်မက်မို့ ဒီလောက်တောင် အော်ရတာလဲ ”
အိမ်မက်အကြောင်းကို မပြောပြချင်ပေ ။
” မိန်းမ ”
” ပြောလေ ”
” ငါလေ .. အရင်က ဇီဝဇိုးငှက်ကလေးတွေရဲ့ သွေးစတွေအန်ထားတဲ့ အသိုက်တွေကို ယူလာခဲ့မိတယ် .. မင်းလူက တားပါသေးတယ် .. ငါက လက်မခံဘဲ ယူလာခဲ့တာ …
အဲ့ဒီငှက်သိုက်ကို လုပ်ရတဲ့ ငှက်ကလေးတွေက သားပေါက်ခွင့်လည်း မရ .. အသိုက်အတွက် အန်ရရင်းနဲ့ သွေးအန်ပြီးသေကြရတာ
အခု ငါ နောင်တရသွားပြီ …
အဲ့လိုငှက်သိုက်တွေ့ရင် ငါဘယ်တော့မှ မယူတော့ဘူး …
ဖြစ်နိုင်ရင် အဲ့အလုပ်တောင် မလုပ်ချင်တော့ဘူး ..
ငါတို့ဘဝက ဆင်းရဲလွန်းတော့ အဲ့ဒီအလုပ်မလုပ်ရင်လည်း ထမင်းစားရမှာမဟုတ်ဘူး ”
ဒီနေပြောသမျှကို ဇနီးဖြစ်သူက ငြိမ်သက်စွာ နားထောင်နေသည် ။
” ကောင်းပါတယ်ရှင် .. ရှင်ပြောသလို စားဝတ်နေရေးက ရှိနေသေးတော့ အခက်သား .. လုပ်တဲ့အခါ ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းကို မကြည့်ဘဲ မျှမျှတတ လုပ်နိုင် အောင် ကြိုးစားဖို့ပဲ ရှိတာပေါ့ …
ဒီအကြောင်းတွေ တွေးမနေနဲ့တော့ .. စိတ်ကို ဖြူဖြူထား .. ပြန်လိုက်အိပ်ဦး .. မိုးမလင်းသေးဘူး ”
ဇနီးသည်စကားကို နားထောင်ရင်း အိမ်မက်ထဲမှ ဇီဝဇိုးငှက်များ၏ ကျိန်စာတိုက်သံကို ကြားယောင်မိနေသည် ။
#ပြီး#
############
Thank For Read
#Credit