ညတာရှည်သောည (စ/ဆုံး)
————————–
“ငါ့ကောင်ကြီးက မြို့ကပြန်လာမှ အသားလေးဖြူပြီးတော့ မြို့သားပုံပေါက်လာတယ်ကွ”
“ဟုတ်ပကွာ…လေသံကလည်းရန်ကုန်သားလေသံကိုပေါက်လို့ဟေ့”
“ရုပ်ရှင်မင်းသား မင်းသမီးတွေကိုရော မတွေ့ခဲ့ဘူးလားကွ”
ငယ်ပေါင်းသူငယ်ချင်းများ၏စကားများက
ကြားတစ်ချက် မကြားတစ်ချက်ဖြင့် သူ၏နားထဲအလုအယက်တိုးဝင်နေသည်။သူကလည်း ပလုံးပထွေးအသံဖြင့် ပြန်လည်ပြောဆိုနေသည်။သူသည် ဤ ထန်းနှစ်ပင်ရွာဇာတိမဟုတ်သော်လည်း
သူ၏ မူလတန်းနှင့်အလယ်တန်းကျောင်းသားဘဝ
အချိန်များကို ဤရွာတွင်ပင်ကုန်ဆုံးခဲ့ရသည်ဖြစ်၍ သူ၏
ချက်မြှပ်ဇာတိဖြစ်သော ဇော်ကုန်း ရွာထက်ပင် သူငယ်ချင်း အသိမိတ်ဆွေများ
ပေါများသည်။ဇော်ကုန်းရွာတွင် စာသင်ကျောင်းမရှိသောကြောင့် သူကျောင်းစတက်သည့်အရွယ်ကတည်းကပင် ဤရွာ၌ မူလတန်းနှင့်အလယ်တန်းပညာကိုသင်ယူခဲ့ရသည်။သူ၏မိဘများမှာ လယ်ပိုင်ယာပိုင်များဖြစ်သဖြင့် ငွေကြေးဖူလုံသူများဟုဆိုနိုင်သည်။ထို့နောက် အထက်တန်းပညာကို
အနီးရှိ မြို့ကျောင်းတွင်သင်ယူပြီးနောက်
ရန်ကုန်မြို့သို့သွားရောက်ကာ တက္ကသိုလ် ဆက်တက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဖြင့်ဘွဲ့ရပြီးနောက် ရန်ကုန်မှာပင်
ရှေ့နေအလုပ်ကိုလုပ်ကိုင်နေခဲ့ရာ ရွာသို့မပြန်ဖြစ်ခဲ့သည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ယခုတော့ မိဘများနှင့်သူငယ်ချင်းများကိုသတိရလွန်းလှ၍ မဖြစ်ဖြစ်အောင်ရွာသို့ပြန်လာခြင်းဖြစ်သည်။အခြားအကြောင်းတစ်ခုမှာ ရန်ကုန်မှာပင်
သူအိမ်ထောင်ကျသွားသောကြောင့် သူ၏
ဇနီး ရန်ကုန်သူ ချောချောလေးနှင့် သားဖြစ်သူအား ကြွားချင်၍လည်းပါသည်။
ဇော်ကုန်းရွာမှ မိဘများထံတွင်နှစ်ရက်နေပြီးနောက် သူ၏
ငယ်သူငယ်ချင်းများရှိသော ထန်းနှစ်ပင်ရွာသို့ စက်ဘီးကလေးဖြင့်ထွက်ခဲ့သည်။ဇော်ကုန်း
နှင့် ထန်းနှစ်ပင်ရွာမှာ သုံးမိုင်ခန့်သာ ဝေးသောကြောင့် စက်ဘီးဖြင့်လာခြင်းဖြစ်သည်။မိဘအိမ်တွင်နေရစ်ခဲ့သောဇနီးချောလေးက….
“ကို…ညနေပြန်လာနော်”
ဟု သေချာမှာလိုက်သည်။သူလည်း ပြန်လာမည်ဟု ကတိပေးပြီးနောက် ထန်းနှစ်ပင်ရွာမှ သူငယ်ချင်းများနှင့် တွေ့ဆုံပြီး ညနေဘက်တွင် ထန်းတောသို့ရောက်သွားကာ မစားရတာကြာပြီဖြစ်သော လယ်ကြွက်ကင်ကိုစားရင်း ပင်ကျရည်ကို
အငမ်းမရဆိုသလိုသောက်နေလိုက်သည်။
သူငယ်ချင်းများနှင့်စကားဖောင်ဖွဲ့နေရင်း
ထန်းရည်ဆိုင်ပိတ်ချိန်တွင်တော့ တောအရက်များဝယ်ယူကာ သူငယ်ချင်း ဖိုးနီ ၏အိမ်တွင် တောဝက်သားဟင်းဖြင့်
ထပ်သောက်ရင်း ဝိုင်းဆက်နေကြပြန်သည်။
အချိန်ကား ည ရှစ် နာရီကျော်နေပြီ။ထိုတော့မှ သူလည်း…
“ကဲကွာ…စကားလည်းပြောလို့ကောင်းတယ်..ဒါပေမယ့် ငါ့မိန်းမကစောင့်နေမှာကွ…ပြန်မှဖြစ်တော့မယ်ဟေ့”
ဟုပြောလိုက်ရာ သူငယ်ချင်း တိုးမောင်က…
“ဟကောင်ရ…ဘာအလျင်လိုနေတာလဲဟ…
ခုမှပြန်တွေ့ရတဲ့ဟာကို…ပြီးတော့ မင်းဒီအချိန်ပြန်လို့မရဘူးကွ…ဒီရွာနဲ့ မင်းတို့ရွာကြားက သင်္ချီုင်းက သရဲ အတော်ခြောက်တာကွ…ပြီးတော့ အဲ့ သင်္ချီုင်းအလွန်က ညောင်ပင်ကြီးက သဘက်ကြီးက မင်းကို ဂုတ်ချိုးသတ်လိုက်မယ်ဟ”
ဟုပြောလာသည်။သူက သရဲ တစ္ဆေများ
ရှိသည်ကို ယုံကြည်သော်လည်း ကြောက်စရာဟုမထင်…ပြိတ္တာ မျိုးနွယ်ဝင်
သနားစရာ မကောင်းဆိုးရွားများဟုသာ
ထင်မြင်နေသူဖြစ်သဖြင့် တိုးမောင်အား…
“ဟ ကောင်ရ…သရဲတစ္ဆေဆိုတာ ကြောက်စရာမဟုတ်ဘူးကွ…သနားစရာကွ..
ငါတော့မကြောက်ဘူးကွ”
ဟုပြန်ပြောလိုက်သည်။ကျန်သော သူငယ်ချင်းများကလည်း ဝိုင်းတားကြသည်။သို့သော် သူ့စိတ်က တစ်ခုခုလုပ်မည်ဆိုလျှင် ဖြစ်အောင်လုပ်တတ်သောစိတ်ရှိသည့်
အလျှောက် ဇွတ်ပြန်ရန်သာ ပြောဆိုပြီး ပြန်ရန် ထရပ်လိုက်သည်။ဖိုးနီက….
“ကဲကွာ…ပြောမရလို့ ပြန်ချင်လည်း ပြန်ကွာ…ငါလိုက်ပို့ပေးမယ်”
ဟုဆိုပြီး ထရပ်လိုက်သော်လည်း မတ်မတ်ပင်မရပ်နိုင်ပဲ ပြန်ပြီးခွေလဲကျသွားသည်။သူငယ်ချင်းများ
အားလုံးအမူးလွန်နေပြီကိုသိသော သူက…
“ကဲပါကွာ…ဒီလမ်းခရီးက ငါ့အတွက် မစိမ်းပါဘူးကွာ…ငါပြန်လို့ဖြစ်ပါတယ်…
မင်းတို့သာ မနက်ဖြန်ငါ့ဆီလာဖို့မမေ့ကြနဲ့
လစ်ပြီဟေ့”
ဟု ပြောဆိုကာ စက်ဘီးပေါ်တက်ခွပြီး နင်းထွက်ခဲ့သည်။
“ကောင်းကောင်းသွားကွာ…မနက်ဖြန် မှ
မင်းဆီလာခဲ့တော့မယ်”
ဆိုသော သူငယ်ချင်းများ၏ အသံကိုကြားလိုက်ရသည်။တောရွာတို့၏ ထုံးစံအတိုင်း လမ်းမီးများက ကျိုးတို့ကျဲတဲ
နှင့် မှိန်ပျပျ။လပြည့်နေ့ဖြစ်၍ လရောင်ကြောင့်လမ်းကိုထင်ရှားစွာမြင်နေရသည်။သူ့ထံတွင် ဖိုးနီထံမှ တောင်းလာသော
သုံးတောင့်ထိုးဓာတ်မီးတစ်လက်လည်းပါလာသဖြင့် ထိုဓာတ်မီးကိုဖွင့်ကာ ပါးစပ်ဖြင့်
ကိုက်၍ ရှေ့သို့ထိုးထားသဖြင့် ချိုင့်များ
ကျင်းများကို အလွယ်တကူရှောင်ကွင်းသွားလာနိုင်သည်။
မူးနေသော်လည်းသတိမလွတ်စေပဲ ရွာနှစ်ရွာ စပ်ကြားမှ လယ်ကွင်းလေးအတိုင်း နင်းလာရာ သင်္ချီုင်း
နေရာသို့ရောက်လာသည်။
* * *
“အူး…ဝူး…”
သင်္ချီုင်းအနီးသို့အရောက်တွင် သင်္ချီုင်းအတွင်းမှ ခွေးအူသံများထွက်ပေါ်လာသဖြင့် သူအနည်းငယ် ကြောချမ်းသွားမိသည်။
လရောင်အောက်တွင် မို့မောက်နေသော
မြေပုံများနှင့် အုတ်ဂူဖြူဖြူ ငါးလုံး ခြောက်လုံးခန့်ကိုတွေ့လိုက်ရသည်။ရွာနှစ်ရွာစပ်ကြားတွင် လယ်ကွင်းများသာ အများစု
ရှိသော်လည်း ထိုသင်္ချီုင်းနေရာတွင်တော့
တောအုပ်လေးသဖွယ်ဖြစ်နေပြီး သစ်ပင်ကြီးအချို့နှင့် ချုံနွယ်တို့ ပေါက်နေသည်။သစ်ပင်ကြီးများ၏ လေတိုက်၍ ယိမ်းထိုးနေပုံက သူ့အား လက်ယပ်ခေါ်နေသော တစ္ဆေတစ်ကောင်
အလား ထင်မှတ်မိသည်။သူစိတ်ကို တည်ငြမ်စွာထားပြီး သင်္ချီုင်းအနီးမှ ဖြတ်နင်းခဲ့သည်။ဘေးဘီဝဲယာသို့လည်း
မကြည့်မိအောင် သတိထားနေရသည်။
စိတ်ထဲမှလည်း ရသမျှဘုရားစာတို့ကို
ရွတ်ဆိုနေမိသည်။ထိုစဉ်….
“အား…ကျွတ်ကျွတ်ကျွတ်…နာလိုက်တာ”
ဆိုသော အဖွားအိုတစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် သူကြက်သီးများ ထသွားမိပြီး အသံလာရာသို့ လှည့်ကြည့်လိုက်မိသည်။ဓာတ်မီးကိုပါးစပ်နှင့်ကိုက်ထားခြင်းဖြစ်၍ သူ၏ မျက်နှာလှည့်ရာသို့ ဓာတ်မီးရောင်က ထိုးမိလျက်သားဖြစ်နေသည်။အဖွားအိုတစ်ယောက်…သင်္ချီုင်းအဝအနီးတွင် ခြေထောက်တစ်ဖက်ကို ကိုင်ကာ ညည်းညူနေသည်ကိုတွေ့လိုက်ရသည်။
လူလား သရဲလား ဟု သူစဉ်းစားနေချိန်မှာပင် ဓာတ်မီးရောင်ကြောင့် အဖွားအိုက သူ့အား
အကူအညီတောင်းသည့်ဟန်ဖြင့် သနားစဖွယ် မော့ကြည့်လာသည်။သူလည်း
ဘာမှမစဉ်းစားတော့ပဲ စက်ဘီးကို ဒေါက်ထောက်ကာ ရပ်လိုက်ပြီး ဓာတ်မီးကို
လက်တစ်ဖက်ဖြင့်ကိုင်ကာ အဖွားအိုအနီးလျှောက်သွားလိုက်ပြီး…
“အဖွား…ဘယ်လိုဖြစ်တာလဲ…ဒီအချိန်ကြီးတစ်ယောက်တည်းဒီမှာဘာလုပ်နေတာလဲ”
ဟုမေးလိုက်ရင်း အနားတွင် ထိုင်လိုက်ပြီး အဖွားအိုအားတွဲထူလိုက်သည်။အဖွားအိုက
“အေးကွယ်…အဖွားကို သူတို့တွေက ဟိုနားလေးမှာလာပစ်ထားကြလို့ကွဲ့…အဖွားရွာပြန်ချင်လို့ကူညီပါကွယ်”
ဟုပြန်ပြောသည်။အဖွားအို၏ကိုယ်လုံးမှာ
အေးစက်နေသည်ကိုသတိထားမိသည်။အင်္ကျီအဝတ်အစားများမှာလည်း ရွံ့များပေကျံလျက်။သူလည်း ဂရုဏာသက်သွားမိပြီး ပြန်မေးလိုက်သည်။
“ဘယ်သူတွေကလာပစ်သွားတာလဲအဖွား”
“အဖွားရဲ့ သားသမီး တွေနဲ့ မြေးတွေ..ပြီးတော့ ရွာကလူတွေအားလုံးပဲ”
“ဟင်….အတော်ရက်စက်တဲ့လူတွေပဲ…ဘာကြောင့်အဖွားကိုလာပစ်သွားကြတာလဲ”
“သူတိုက အဖွားကို သေပြီထင်ပြီး လာပစ်သွားကြတာပဲ..တကယ်တော့အဖွားက မသေပါဘူးကွယ်…အဲ့ဒါ ရွာထဲပြန်ပြီး
သူတို့ကိုသွားပြောပြချင်လို့…အဖွားကိူကူညီပါနော်”
ဟုသနားစဖွယ်ပြန်ပြောသည်။သူလည်း…
“ဟုတ်ပါပြီအဖွားရယ်…ကျနော်ကူညီပါ့မယ်..လာလာ…စက်ဘီးပေါ်တက်..ဒီနေရာမှာ ကြာကြာနေလို့မကောင်းဘူး”
ဟုပြောပြောဆိုဆိုအဖွားအိုအားတွဲရင်း
ဘေးဘီသို့ ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ရာ
မြေပုံမှတ်တိုင်အချို့တွေ့ရသည်။
“ကိုတင်ဖေ အသက် ၃၀ နှစ်”
“ဦးဖိုးသာ…အသက် ၅၄ နှစ်”
“ဒေါ်မှုံ…အသက် ၆၅ နှစ်”
သူလည်း မှတ်တိုင်အချို့မှ နာမည်ကဗ္မည်းများကိုအမှတ်မထင်ဖတ်ကြည့်လိုက်ပြီး အဖွားအိုအား စက်ဘီးကယ်ရီယာပေါ်တွင်သေချာတင်ပေးလိုက်ပြီးနောက် စက်ဘီးကိုနင်းထွက်လိုက်ရင်း…
“ဒါနဲ့အဖွားနာမည်က ဘယ်သူလဲ”
ဟုမေးလိုက်မိသည်။အဖွားအိုက…သူ၏ခါးကို တင်းကြပ်စွာဖတ်ထားရင်း…
“အဖွားက ဒေါ်မှုံပါကွယ်”
ဟုပြန်ဖြေလိုက်ရာ သူ၏ ခေါင်းနားပန်းကြီးသွားပြီး တစ်ကိုယ်လုံး
ကြက်သီးများထသွားကာ စက်ဘီးကို ထိုးရပ်လိုက်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။သို့သော် အဖွားအို၏
လက်များကအရွယ်နှင့်မလိုက်လှသောအင်အားတို့ဖြင့် သူ၏ခါးကိုဖက်တွယ်ထားရာ
သူလည်းပြေးမရပဲထိုနေရာတွင်ပင် ရုန်းကန်နေရသည်။အဖွားအိုထံမှ ခြောက်ကပ်ကပ်အသံထွက်ပေါ်လာသည်။
“ဟီးဟီး…ငါ့ကိုအိမ်ပြန်ပို့ပေး…ငါအိမ်ပြန်ချင်တယ်”
သူလည်း ဘာမှမအော်နိုင်တော့ပဲ အဖွားအိုလက်ကိုအတွင်းဖယ်ခွာနေမိသည်။
ထိုသို့ဖယ်ခွာနေစဉ်မှာပင်အဖွားအို၏ လက်မှအသားစများပဲ့ကြွေကျကာ သူ၏လက်ထဲလုံးထွေးပါလာသည်။အပုပ်နံ့စူးစူးတစ်ခုကလည်း နှာခေါင်းထဲတိုးဝင်လာသဖြင့်
အသက်ပင်မရှူမိပဲအာင့်ထားရသည်။
အဖွားအို၏လက်ကိုသူ၏ခါးမှဆွဲဖယ်လိုက်တိုင်းမြဲမြံလှသောလက်က မကွာပဲ အသားစပုပ်ပွပွများသာသူ၏လက်ထဲလုံးထွေးပါလာသည်။အဖွားအို၏လက်မှာကာ…
အရိုးပြိုင်းပြိုင်းသာကျန်တော့သည်။
သို့သော်…သူ၏ခါးကိုမူ ဖက်တွယ်ထားဆဲ။
အတန်ကြာမှ အဖွားအို၏လက်ကိုဆွဲခွာနိုင်ပြီး စက်ဘီးကို
မယူတော့ပဲ သူ၏ရွာဘက်သို့ တဟုန်ထိုး
ပြေးထွက်ခဲ့မိသည်။သို့သော်…ရွာလမ်းသည်
သူလာခဲ့စဉ်ကလိုမဟုတ်တော့…အဆုံးအစမရှိသလိုဖြစ်နေသည်။သို့သော် သူရပ်နေ၍မရ..။ဆက်ပြေးနေမိသည်။အတန်ကြာအောင်ပြေးနေမိပြီးနောက်သူလည်း
မောပန်းလာသည်။ထိုစဉ်မှာပင် လယ်ကွင်းတစ်နေရာမှ မီးရောင်လဲ့လဲလင်းနေသော တဲအိမ်လေးတစ်လုံးကိုသူတွေ့လိုက်ရသဖြင့်
ဝမ်းသာသွားမိသည်။ထိုတဲအိမ်လေးဆီသို့
သူအားတင်းကာ လျှောက်သွားလိုက်သည်။
တဲအိမ်အနီးသို့အရောက်တွင် တဲအောက်မှ
ခွေးပုလေးက သူ့အားစူးစူးရဲရဲကြည့်ကာ
ထိုးဟောင်နေသည်။
“ဟဲ့ကောင် ပုလေး…ဘာဖြစ်လို့ဟောင်နေတာလဲ”
ဆိုသောအသံနှင့်အတူ တဲပေါ်မှ အသက် ၄၀
ကျော်ခန့်ရှိမည့် အမျိုးသမီးတစ်ဦးက မှန်အိမ်လေးကိုဆွဲကာ အောက်သို့ဆင်းလာသည်။ခွေးပုလေးက
သူ၏ သခင်မအသံကြားမှ တအီအီဖြင့်ငြိမ်ကုတ်သွားသည်။အမျိုးသမီးက သူ့အားတွေ့သွားပြီး….
“သြော်…ကောင်လေး…ဘယ်ကရောက်လာတာလဲကွယ့်”
ဟုမေးလိုက်မှ သူလည်း စိတ်သက်သာရာ
ရသွားပြီး…
“ကျနော်က ဇော်ကုန်းရွာက ပိုင်စိုး ပါခင်ဗျ…
ဟိုဘက်ရွာကပြန်လာရင်း လမ်းပျောက်နေလို့ပါ”
ဟုပြောလိုက်သည်။အမျိုးသမီးက သူ့အား
သေချာစွာကြည့်လိုက်ပြီးနောက်…
“ပိုင်စိုး…ဟုတ်လား…နေပါဦး..လယ်ပိုင်ရှင်
ဦးစိုးပု ရဲ့သားများလားကွယ့်”
ဟုပြန်မေးလိုက်ရာ သူလည်းအားတက်သွားပြီး…
“ဟုတ်ပါတယ်ခင်ဗျာ…အဒေါ်က အဖေ့ကိုသိတယ်ပေါ့နော်”
ဟုပြန်ပြောလိုက်သည်။
“သိပ်သိတာပေါ့ကွယ်…အရမ်းလည်းခင်ကြပါရဲ့…နင်ကငါ့ကိုဘယ်မှတ်မိတော့မလဲ…
မြို့မှာကျောင်းသွားတက်ပြီးကတည်းက
ပျောက်နေတာကိုး…ငါက အရီးဝင်းလေ…
ငါ့ယောက်ျားက ဦးဖိုးထိန် လေဟယ်….အင်းပေါ့လေ..နင်က ငယ်သေးတော့မမှတ်မိတာဖြစ်မှာပေါ့…လာလာ..အိမ်ပေါ်တက်…နင့်ဦးလေးကတော့
ဖားထွက်ရိုက်နေရဲ့..မိုးလေးကလည်း ဖွဲဖွဲလေးကျနေတာကိုးကွယ့်…ဒီအချိန်ဆို
ဖားတွေ တအားထွက်တယ်မဟုတ်လားကွယ်”
ဟု ပြန်ပြောလိုက်မှ သူလည်း မှတ်မိသွားတော့သည်။ဦးဖိုးထိန်နှင့်အရီးဝင်းတို့က ဆင်းရဲချို့တဲ့သူများဖြစ်ပြီး သူများလယ်တွင် သူရင်းငှါးလုပ်ကိုင်ပြီး
လယ်ထဲတွင်သာ အနေများသည်။ရွာတွင်
သူတို့အိမ်မရှိ။တစ်ခါတစ်ရံ ဦးလေးဖိုးထိန်
က ညဘက် ဖားထွက်ရိုက်ပြီး မနက်ဘက်ဆိုလျှင် အရီးဝင်းက ရွာထဲတွင်
စားဖားမသေမရှင်များကို လာရောက်ရောင်းချတတ်သည်။စိတ်ရင်းကောင်းကြသော လင်မယားနှစ်ယောက်ဖြစ်သည်။သူလည်း
အားတက်သွားမိသော်လည်း အရီးဝင်း ပြောသော မိုးတဖွဲဖွဲကျနေသည် ဆိုသောစကားကို သိပ်ဘဝင်မကျလှ…။
အဘယ့်ကြောင့်ဆိုသော်…သူလာခဲ့သော
လမ်းတစ်လျှောက် မည်သည့်မိုးစက်မှ
ကျ မနေသောကြောင့်ပင်ဖြစ်သည်။
* * *
သူလည်း တဲအိမ်ပေါ်သို့တက်ကာ ထိုင်ချပြီး
အမောဖြေနေလိုက်သည်။အရီးဝင်းက…
“နင့်ပုံကြည့်ရတာအတော်မောနေပုံပဲ…ထမင်းလည်းမစားရသေးဘူးထင်တယ်..ခဏလေး..အဒေါ်ထမင်းဟင်းခူးပေးမယ်…နင့်
ဦးလေးလည်းပြန်လာတော့မှာပါ”
ဟုပြောရင်း တဲအိမ်အနောက်ဘက်သို့ ဝင်သွားသည်။ထိုတော့မှသူလည်းဗိုက်ဆာနေသည်ကို သတိထားလိုက်မိသည်။တစ်နေကုန် ထန်းရည်နှင့်အရက်ဖြူသာ ဝင်ထားသော
သူ့ဗိုက်က စောစောကပြေးလွှားခဲ့ရသောအရှိန်နှင့်ပေါင်းကာ အဆာတောင်းနေလေပြီ။ထိုအချိန်တွင်
အရီးဝင်းက ထမင်းပန်းကန်တစ်ချပ်တွင် အငွေ့တထောင်းထောင်းထနေသော ထမင်းများနှင့် အသားဟင်းတစ်မျိုးကိုလာချပေးရင်း…
“အတော်ပဲဟေ့…ထမင်းကစောစောကမှ
ကျက်တာကွဲ့…ဟင်းကတော့ စားဖားဟင်းပဲ…မနက်ကကျန်တဲ့ဟင်းကိုပြန်နွှေးထားတာ…အားရပါးရသာစားပေတော့”
ဟုပြောဆိုလိုက်ရာ သူလည်း
“ကျေးဇူးတင်ပါတယ် အရီးလေး”
ဟုပြောဆိုရင်း အသင့်ချထားပေးသော လက်ဆေးရေခွက်ထဲလက်နှစ်ဆေးကာ
ထမင်းကို အားရပါးရစားလိုက်တော့သည်။
ဆာလောင်နေ၍လောမပြောတတ်…ထမင်းနှင့်ဟင်းမှာလွန်စွာစားကောင်းလွန်းလှသည်။
သူထမင်းစားပြီးခါနီးတွင် အိမ်အောက်မှ
ခွေးလေး၏ ဟောင်သံကို ကြားလိုက်ရသဖြင့် သူလည်း အပြင်သို့
ကြည့်လိုက်မိသည်။မီးအိမ်တစ်လုံးကိုကိုင်ဆွဲထားသောလူတစ်ယောက်က တဲအနီးသို့ ရောက်လာကာ…
“ဟေ့ကောင်…ဟောင်မနေနဲ့…ဒါမင်းအတွက်..ရော့…စားပေတော့”
ဟုဆိုကာ သူ၏ ပလိုင်းအတွင်းမှ တစ်စုံတစ်ခုကို ပစ်ချပေးလိုက်ရာ ထိုအရာက အောက်သို့အရောက်တွင် နှစ်ခါခန့်မျှခုန်လိုက်သော်လည်း ခွေးလေးက
ထိုခုန်နေသောအရာကို လက်ဖြင့်ဖိကာ
ကိ်ုက်ဖြတ်စားသောက်လိုက်သည်။ထိုအရာမှာ အလွန်ကြီးမားသော ဖားတစ်ကောင်ဖြစ်မှန်းသူသိလိုက်ရသည်။
“ဟော…နင့်ဦးလေး ပြန်လာပြီထင်တယ်”
ဟု အရီးဝင်း ကပြောပြောဆိုဆိုဖြင့် အိမ်ရှေ့ဘက် ထွက်လာပြီး ဦးလေးဖိုးထိန်အားဆီးကြိုကာ လက်ထဲမှပလိုင်းကိုကိုင်ပြီး အိမ်ပေါ်တက်လာကြသည်။
“ဒီမှာလေ ကိုစိုးပုရဲ့သား ပိုင်စိုးလေ…မြို့မှာကျောင်းသွားတက်တဲ့ကောင်လေးပေါ့”
ဟု သူ့အားညွှန်ပြကာပြောဆိုလိုက်သည်။
ဦးဖိုးထိန်က သူ့အား တစ်ချက်မျှပြုံးပြကာ
ဘာမှမပြောပဲ တဲအိမ်အနောက်ဘက်သို့ ဝင်သွားသည်။အရီးဝင်းက…
“သူဗိုက်ဆာနေလို့ထင်တယ်…စားနော် ကောင်လေး…အားမနာနဲ့…ဒေါ်လေး သူ့ကိုထမင်းသွားခူးပေးလိုက်ဦးမယ်”
ဟုဆိုကာ သူမ လည်းတဲအနောက်သို့
လိုက်ဝင်သွားလိုက်သည်။သူလည်း ထမင်းစားပြီးပြီဖြစ်၍ ပန်းကန်များကို သိမ်းဆည်းကာ တဲအနောက်ဘက်သို့ထွက်ခဲ့သည်။ထိုအချိန်တွင် သူလည်း လုံးဝ အမူးပြေနေပြီဖြစ်သည်။တဲအနောက်သို့
ရောက်ခါနီးတွင် သူ၏ နားထဲ “ပလပ်..ပလပ်”
နှင့် တစ်စုံတစ်ခုကို အားရပါးရ စားသောက်နေသော အသံများကို ကြားရသဖြင့် ခြေကိုဖော့နင်းကာဝင်ခဲ့ပြီး
မီးအိမ်ထွန်းထားသော နေရာကို ချောင်းကြည့်လိုက်ရာ….
“အမလေး…ဘာ…ဘာတွေလဲ…သူ…သူတို့က”
ဟု ကယောင်ကတမ်းရေရွတ်လိုက်မိသည်။
သူတွေ့လိုက်ရသည်က…ပလိုင်းထဲမှ ဖားများကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ကာ အစိမ်းလိုက် ကိုက်ဖြတ်စားသောက်နေသော
ဦးဖိုးထိန် တို့ လင်မယားနှစ်ယောက်။ဖားများမှ သွေးစများနှင့် အူအချို့ ၊ ကလီစာအချို့တို့ကလည်း သူတို့၏ ပါးစပ်မှနေ၍ တွဲလောင်းကျနေသည်။ဖားများက မသေသေးပဲ တဆက်ဆက်တုန်ကာ သူတို့၏
ပါးစပ်ထဲတွင် တစ်ပိုင်းကရောက်လျှက် ကျန်အပိုင်းက လှုပ်ရှားနေဆဲ။သူလည်း
အသက်ကိုပင် ရဲရဲ မရှူရဲတော့ပဲ အသံမထွက်စေရန် သတိထားကာ ခြေကိုဖော့နင်းပြီး တဲအရှေ့ဘက်သို့ ပြန်လှည့်ထွက်ခဲ့သည်။တဲရှေ့နားသို့ အရောက်တွင် သူကိုင်ထားသော ဟင်းခွက်အတွင်းမှ တစ်စုံတစ်ခုက ခုန်ထွက်သွားသဖြင့် ကြည့်လိုက်ရာ စားဖားကြီးတစ်ကောင်ဖြစ်နေသည်။
စားဖားမှာ ဗိုက်ကိုခွဲပြီး ကလီစာများကိုမထုတ်ပဲ ထားထားသဖြင့်
ဗိုက်ပွင့်နေသော်လည်း မသေသေးပဲအသက်ရှူနေသည်။
ထိုအခြင်းအရာကို တွေ့လိုက်ရသောအခါ
သူလည်း အံသြကာ ကြောင်ငေးပြီးရပ်ကြည့်နေမိသည်။ထိုအချိန်တွင် အခန်းတွင်းမှ အရီးဝင်းနှင့် ဦးဖိုးထိန်တို့ထွက်လာကာ…
“ဘယ်လိုလဲကောင်လေး…ဖားသားက စားကောင်းရဲ့လား…ဒီမှာရှိသေးတယ်…
စားမဝသေးရင်လာယူဦးလေ”
ဆိုသောအသံကိုကြားလိုက်ရရာ သူလည်း
အနောက်သို့လှည့်မကြည့်တော့ပဲ တစ်ချိုးတည်း လှည့်ပြေးခဲ့တော့သည်။
တဲအောက်သို့ အရောက်တွင် ခွေးပုလေးက
သူ့အားစူးစူးဝါးဝါးထိုးဟောင်သည်။သူကြည့်နေရင်းမှပင် ထိုခွေးပုလေးက တစ်ဖြည်းဖြည်း အရွယ်အစားကြီးလာသည်ကို တွေ့လိုက်ရပြီး သူလည်း…
“အမလေး…သရဲတွေ.. ခွေးသရဲ”
ဟုကြောက်လန့်တကြားအော်ဟစ်ကာ
ထွက်ပြေးခဲ့ရပြန်သည်။မည်မျှအထိပြေးနေမိသည်မသိတော့…။ဘယ်ကိုရောက်နေသည်ကိုလည်းမသိတော့…။သူ၏နောက်မှ လိုက်လာသော အလွန်ကြီးမားသော ခွေးကြီးလက်မှ လွတ်ရန်သာအားစိုက်ပြီး
ပြေးနေမိတော့သည်။နောက်ဆုံးတွင် သူလည်း လုံးဝမဟန်နိုင်တော့ပဲ လဲကျကာ
သတိလစ်မေ့မျောသွားတော့သည်။
* * *
“ခင်ဗျား ဇာတ်လမ်းက အတော်စိတ်ဝင်စားဖို့ကောင်းတာပဲဗျ”
ကျနော်သည် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကိုပိုင်စိုး ၏စကားကိုနားထောင်နေရင်းမှ
ပြန်ပြောလိုက်သည်။သူက…
“ဘယ်ကလာ ဇာတ်လမ်းတုန်းဗျာ…ကိုယ်တွေ့ဗျ”
ဟုပြန်ပြောသည်။ကျနော်က…
“ဒါနဲ့ ခင်ဗျားသတိမေ့သွားပြီး ဘာတွေ ဘယ်လိုဆက်ဖြစ်သေးလဲဗျ”
ဟုစိတ်ဝင်စားစွာမေးလိုက်သည်။
“အေးဗျ…ဒီလို..ကျနော်လည်းသတိပြန်ရလာတော့ အိမ်ကိုပြန်ရောက်နေပြီဗျ…ကျနော့်ကို မနက်စောစော လယ်ထဲဆင်းလာတဲ့လယ်သမားတွေက
ညောင်ပင်ကြီးအောက်မှာ သတိမေ့နေတာတွေ့လို့ အိမ်ကိုပြန်ပို့ခဲ့တာ”
“ညောင်ပင်ကြီးဆိုတာ ခင်ဗျားသူငယ်ချင်းပြောတဲ့ သရဲခြောက်တဲ့အပင်ကြီးလား”
“သိပ်ဟုတ်တာပေါ့ဗျာ…”
“ဒါနဲ့ခင်ဗျား အဲ့အပင်အောက်မှ သတိလစ်နေတော့ ဘာမှမဖြစ်ဘူးလား”
“မဖြစ်ပဲနေမလားဗျာ…အိမ်ပြန်ရောက်ပြီး
ကျနော်လည်း ကယောင်ကတမ်းတွေပြောလိုပြော…
အော်လိုအော် နဲ့ အရူးတစ်ယောက်လိုဖြစ်နေလို့ အထက်လမ်းဆရာတစ်ယောက်ကိုပင့်ပြီး
ကုခဲ့ရသေးတယ်ဗျ…အဲ့ဟာက ကျနော့်မိန်းမနောက်ပိုင်းမှပြန်ပြောပြလို့သိရတာဗျ…အဲ့တုန်းက ကျနော်က ဘာမှကိုမသိတော့ဘူး…
အဲ့ညောင်ပင်အောက်မှာ အသားစိမ်းတွေနဲ့သွားတောင်းပန်လိုက်မှ ကျနော်လည်းပြန်ကောင်းသွားတယ်လို့ပြောတယ်ဗျ”
ကျနော်တို့ စကားဝိုင်း ခေတ္တမျှတိတ်ဆိတ်သွားသည်။ကျနော်က
ခံတွင်း ချဉ်လာသဖြင့် စီးကရက်တစ်လိပ်ကို
မီးညှိကာ အားရပါးရ ဖွာရှိုက်လိုက်ရင်း ကိုပိုင်စိုး အားလည်းစီးကရက်ဘူးအား
ကမ်းပေးလိုက်ရင်း….
“အဲ့နောက်ပိုင်း ခင်ဗျား ရွာကိုပြန်ဖြစ်သေးလားဗျ…”
ဟုမေးလိုက်ရာ…သူက စီးကရက် မီးခိုးကို
မှုတ်ထုတ်လိုက်ကာ….
“ပြန်တော့ပြန်တယ်ဗျ…ဒါပေမယ့် အဲ့ဒီရွာနှစ်ရွာကြားကိုတော့ မှောင်စပျိုးတဲ့အချိန်ဆို သွားဖို့မပြောနဲ့…
လှည့်တောင်မကြည့်တော့ဘူးဗျို့”
ဟုပြောဆိုလိုက်ရာ ကျနော်တို့နှစ်ယောက်လည်း ပြိုင်တူရယ်လိုက်မိကြသည်။
“ဒါနဲ့ နေစမ်းပါဦးဗျ…ကျနော်မရှင်းတာ တစ်ခုရှိလို့…ခင်ဗျားပြောတဲ့ ဦးဖိုးထိန်နဲ့အရီးဝင်းလေ…သူတို့က ဘယ်လိုဖြစ်တာလဲဗျ…အဲ့ဟာလေး ကျနော်မရှင်းလို့ဗျ”
“သြော်…ဟုတ်ပ…ကျနော်လည်း စကားပြောနေရင်း ခင်ဗျားကဖြတ်မေးလိုက်လို့ စကားစ ပြတ်သွားတာဗျို့…ဒီလိုဗျ…ကျနော် ရန်ကုန်မှာ ကျောင်းတက်နေတဲ့အချိန်မှာ….. ဦးလေးဖိုးထိန်ကညဘက်ဖားထွက်ရိုက်ရင်း ပိုးထိပြီး ဆုံးသွားတယ်တဲ့ဗျ…သူဆုံးသွားပေမယ့်
သူ့မိန်းမကိုစွဲလန်းပြီး ညတိုင်း ဖားတွေရှာပြီးလာပေးတာတဲ့ဗျာ…အဲ့အချိန်ထိ ဦးဖိုးထိန်သေတာ အရီးဝင်းအပါအဝင်
ဘယ်သူမှမသိကြသေးဘူးဗျ…သုံးရက်လောက်ကြာမှ ပုပ်ပွနေတဲ့သူ့အလောင်းကို ရွာသားတွေကတွေ့ကြတာ…အဲ့ဒါကို အရီးဝင်းက လက်မခံနိုင်ဘူးလေ…ညကပဲ
သူ့ကို ဖားတွေလာပေးတာကိုးဗျ…ဒီလိုနဲ့
ဦးဖိုးထိန်ကလည်း တစ်ညမပျက် ဖားတွေလာပေးတယ်…အရီးဝင်းကလည်း
ယူပြီးရောင်းတန်ရောင်း ချက်တန်ချက်စားပေါ့…နောက်တော့ ရွာက
လူတွေက သူ့ဆီက ဖားကိုစားရဖို့မသတီတော့ဘူးတဲ့…အဲ့ဒါနဲ့
အရီးဝင်းလည်း စိတ်ဓာတ်တွေကျပြီး အားကိုးရာလည်းမရှိတော့ ပစ်စလက်ခက်ပဲ
နေလိုက်တော့တယ်…ဖားတွေကိုအစိမ်းစားတယ်…နောက်တော့ ရောဂါတွေဝင်ပြီး စိတ်နောက်သွားတယ်…နောက်တော့ အဲ့တဲလေးပေါ်မှာပဲသေသွားတယ်ဗျ…သူသေသွားပြီးတဲ့အချိန်ကစပြီး ညဘက်ဆိုရင်
အဲ့လယ်ကွင်းက သူတို့နေခဲ့တဲ့တဲမှာ မီးရောင်ကိုမြင်ရတဲ့လူတွေမနည်းဘူးဗျ…
ဒါကြောင့်တော်ရုံလူတွေဆိုအဲ့ဘက်ကို သိပ်မသွားရဲကြဘူး…ဒီအကြောင်းတွေကို
ကျနော်က မြို့ရောက်နေတော့မသိလိုက်ဘူးလေ…
ဒါကြောင့်မို့လဲ အဲ့လိုတွေကြုံခဲ့ရတာပေါ့ဗျာ”
သူ၏စကားအဆုံး ကျနော်တို့စကားဝိုင်းလေး တိတ်ဆိတ်သွားပြန်သည်။ကျနော်တို့၏
အတွေးများသည် စီးကရက်မှ ထွက်လာသော မီးခိုးများနှင့်အတူ လေနှင်ရာသို့မျောလွင့်သွားတော့သည်။
အတန်ကြာမှ ကိုပိုင်စိုးက လေးတွဲ့စွာ တစ်ခွန်းချင်းပြောလိုက်သည်။
“အဲ့တစ်ညကတော့ ကျနော့်ဘဝမှာ ဘယ်လိုမှမေ့မရခဲ့တဲ့ ညတာရှည်တဲ့ ညတစ်ညပါပဲဗျာ”
“ပြီးပါပြီ”
*စာဖတ်သူများအား အစဉ်လေးစားလျက်…
*ကြိုးစားပါဦးမည်….
#ငဓူဝံ
#လေးစားစွာcreditပေးပါသည်