ညိုမီ

ညိုမီ(စ/ဆုံး)

————

မလင်းတလင်း မီးရောင်အောက်မှာ ကျွန်မ တစ်ယောက်တည်း ရပ်နေမိတယ်။ ပါးပြင်ထက်မှာ ကျွန်မ မလိမ်းခြယ်ချင်တဲ့ နှုတ်ခမ်းနီ၊ ပါးနီတွေကို လိမ်းခြယ်ထားရတယ်။ အဲဒီနောက် ကျွန်မ လက်က နာရီကို ငုံ့ကြည့်လိုက်တော့ အချိန်က ည ၁၂ နာရီကို ထိုးလုနေပြီ။ ချိန်းထားတဲ့သူ ရောက်လာတော့မည်ဖြစ်၍ အင်္ကျီနှင့် လုံချည်ကို သေသပ်အောင် ပြင်ဆင်လိုက်တယ်။ ဒီနေရာမှာ ကျွန်မရပ်နေတာ အချိန်အတော် ကြာနေပြီ။ ကြာပြီဆို သုံးနာရီခန့်လောက်တော့ ရှိလောက်ပြီ ထင်တယ်။ ကျွန်မအလုပ်က ညဥ့်ငှက်အလုပ်။ အများကတော့ ညမွှေးပန်း၊ ပြည့်တန်ဆာ၊ မိန်းမပျက် စတဲ့ နာမည် အမျိူးမျိုးနဲ့ ခေါ်ကြတယ်။

ကျွန်မအတွက်တော့ ဒီနာမည်တွေအပေါ် သိပ်ပြီး ခံစားချက် မရှိတော့ဘူး။ ရိုးအီနေပြီဖြစ်တဲ့ လူတွေရဲ့ အကြည့်တွေနဲ့ အခြားသော လက်ညှိုးထိုးမှုတွေကိုလည်း ကျွန်မ စိတ်ဆိုးဒေါသထွက်ခြင်း မရှိတော့ပြီ။ ကျွန်မ အလုပ်က သူတို့ပြောသလို မိန်းမပျက်လေ။ ထားပါတော့။ မိန်းမပျက်ဆိုတဲ့ အဓိပ္ပါယ်က ဘယ်လောက်အထိ သက်ရောက်တာကို သူတို့ သိလောက်မည် မထင်။ ကျွန်မအတွက်တော့ စကားတစ်ခွန်းပဲ ရှိတယ်။ အဲဒီလို ပြောနေတဲ့ လူတွေ၊ လက်ညှိုးထိုးနေတဲ့ လူတွေ အဲလိုလူတွေအကုန်လုံးကို နေရာချင်း ခဏလဲထားချင်တယ်။ လူတစ်ယောက်ကို ပြောဖို့အတွက် ထိုးခဲ့တဲ့ လက်ညှိုးတွေမှာ ကိုယ့်ကိုယ်ကိုရော ဘယ်လောက်အထိ အထိုးခံနေရသလဲဆိုတာကို သူတို့ရော သတိထားမိကြရဲ့လား။

” တီ…တီ…”

” ဟေ့… ချာတိတ်၊ စောင့်နေရတာကြာပြီလာ၊သွားကြရအောင် ဒီမှာ တော်တော်ဖြစ်နေပြီ ”

ကားဟွန်းသံနှင့်အတူ ရမ္မက်သွယ်နေသည့် မျက်လုံး၊ တဏှာခိုးဝေနေသည့် အပြုံးတွေနှင့် ထိုသူက ကျွန်မ ခန္ဓာကိုယ်ကို သိမ်းကြုံးကြည့်တယ်။ ကြည့်ပါစေပေါ့။ ကျွန်မ ဘာတတ်နိုင်မှာလဲ။ ကျွန်မ အလုပ်က ညဥ့်ငှက်လေ။ အကြည့်တစ်ချက်လောက်က ကျွန်မအတွက် ဘယ်လိုခံစားချက်မျိုးမှ မခံစားရဘူး။ ကျွန်မ အလုပ်က အကြည့်နဲ့ မလုံလောက်ဘူးလေ။ ဒီအကြည့်တွေနဲ့သာ ပြီးမယ်ဆိုရင် ညဥ့်ငှက်ဆိုတဲ့ နာမ်စားမျိုး၊ ပြည့်တန်ဆာ၊ မိန်းမပျက်ဆိုတဲ့ နာမ်နှိမ်မှုမျိုးကို ကျွန်မအပေါ် အမည်တပ်ကြမှာ မဟုတ်ဘူး။

” အိုး …အချစ်ရယ်၊ ကြာရောပေါ့.. ညိုမီစောင့်နေတာ ခြင်တွေတောင် ညိုမီကို ချီနေလောက်ပြီ … ”

” ကိုတောင်းပန်တယ်၊ လာ…အခုတက်ခဲ့၊ အဲဒီကောင်တွေကို ကိုယ့်အချစ်တွေနဲ့ ဖြေသိမ့်ပေးမယ်…”

တစ်ဖက်လူ အကြိုက် ကျွန်မ စကားသံကို ပြစ်ချွဲချွဲ သုံးလိုက်တယ်။ သူသိပ်ကို သဘောခွေ့သွားတယ် ထင်တယ်။ ကျွန်မလက်ကို ဆောင့်ဆွဲရင်း ကားတံခါးထဲကို ဆွဲသွင်းလိုက်တယ်။ ကျွန်မ ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ထဲကို ဒရောသောပါး ရောက်သွားတယ်။ ကျွန်မရင်တွေ ဖိုနေတယ်ထင်လား။ ကျွန်မမျက်နှာတွေ နီရဲနေပြီး၊ ရှက်ရွံ့နေမယ် ထင်လား။ မဟုတ်တာရှင်။ ကျွန်မက ညဥ့်ငှက်လေ ပြီးတော့ ပြည့်တန်ဆာ မဟုတ်လား။ ဒီလိုအထိအတွေ့မျိူး၊ ဒီလို အခိုက်အတန့်မျိူးက ကျွန်မအတွက် ရိုးအီနေပြီလေ။

ကျွန်မက အပျိုမှ မဟုတ်တော့ဘဲ။ အပျိုမဟုတ်တော့တာ ဆယ်စုနှစ် တစ်ခုရှိပြီ။ မှတ်မိသေးတယ်။ ကျွန်မအသက် ၁၆ နှစ်မှာ အမေ့ရဲ့ နောက်ယောကျ်ားက အလိုမတူဘဲ ကျွန်မကို သားမယား ပြုကျင့်ခဲ့တာ။ အရှက်တရားနဲ့ အကြောက်တရား ကြီးလွန်းတဲ့အမေဟာ ကျွန်မကြောင့်နဲ့ အဲဒီ နောက်ယောကျ်ားကို ဓားနဲ့ တစ်ချက်တည်း ပိုင်းလိုက်တာ။ သွေးတွေက ကျွန်မပါးပြင်ကို ဖြန်းကနဲပဲ။ ကျွန်မ သနားသင့်လား။ မဟုတ်ဘူး။ ကျွန်မ သူ့ကို စိတ်ရှိလက်ရှိ ဓားနဲ့ထိုးခဲ့တာ။ နောက်ဆုံး ကျွန်မအမေ သူရဲကောင်းကြီးက ကျွန်မအတွက်နဲ့ ထောင်ထဲမှာ သေတဲ့အထိ အရိုးထုတ်သွားခဲ့တယ်။

” ချာတိတ်… ဘာတွေ စဥ်းစားနေတာလဲ ”

” အင်း.. ဒီလိုပါပဲ၊ မောင်းလေ သွားကြမယ် ”

” အို… ဟိုးထားဆရာ ဒါက ကားပေါ်မှာနော်၊ စိတ်လေးတော့ လျှော့ပါ ဆရာရယ်၊ ဟိုရောက်မှ အဝချစ် ဟုတ်ပြီလား ”

ကျွန်မ ပါးစပ်က ဒီလို ကြမ်းကြမ်း တမ်းတမ်းတွေ ပြောမိလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။ ဒါပေမဲ့ ဒီစကားတွေကို ကျွန်မ ပြောဖြစ်ခဲ့တာ နှစ်မနည်းတော့ဘူး။ ဒီလိုစကားလုံးတွေမှ မသုံးရင် ကျွန်မမှာ ဖောက်သည်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ အကာအကွယ် သုံးနေတဲ့ကြားက ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတဲ့ ကလေးတစ်ယောက်ကို ကျွန်မ လူ့လောကထဲ ဆွဲခေါ်ခဲ့တယ်။ ကျွန်မ ပျော်ခဲ့တယ်။ ဘာကြောင့်ဆို ကျွန်မရဲ့ ကလေးက ယောကျ်ားလေး ဖြစ်နေလို့ပဲ။

ကားကို စက်မနှိုးသေးပဲ ကျွန်မလည်တိုင်ပေါ်ကို ဖြတ်လျှောက်လာတဲ့ အထိအတွေ့။ ဒေါသထွက်လိုက်တာ။ ဒါပေမဲ့ ကျွန်မမှာ ဘာမှပြောခွင့် မရှိဘူး။ အဆုံးစွန်ဆုံး ပြောရရင် ကျွန်မမှာ ခုခံပိုင်ခွင့်တောင် မရှိဘူး။ ကျွန်မက ညဥ့်ငှက်လေ။ ညိုမီက ညဥ့်ငှက်ကလေး တစ်ကောင်ပေါ့။ အထိအတွေ့တွေကို သည်းခံရင်း နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။ အဲဒီနောက် သူ့ရဲ့ လက်တွေက စည်းကျော်လာတယ်။ လည်တိုင် ကြော့ကြော့ဆီမှ တဆင့် အောက်ကို လျှောဆင်းလာတယ်။ အဲဒီလက်ကို ကျွန်မလက်နဲ့ ဆုပ်ကိုင်ရင်း သူ့ကို လှည့်ပြုံးပြလိုက်တယ်။

” ကျေနပ်လိုက်တော့… အခု ကားမောင်းလိုက်ပါတော့လား ရှင်ရယ် ”

” အိုကေ… အိုကေ.. ဆောရီး မင်းက သိပ်လှတာကိုး ကိုယ်တကယ် မထိန်းနိူင်လိုက်ဘူး ”

သူက ကျွန်မပါးပြင်ပေါ်ကို ခပ်ကြမ်းကြမ်း အနမ်းတွေပေးရင်း ကားစက်နှိုးလိုက်တယ်။ အဲဒီနောက် သူကားကို မောင်းထွက်သွားရင်း ကျွန်မရပ်နေတဲ့ နေရာနဲ့ တဖြည်းဖြည်း ဝေးကွာသွားတယ်။ ကျွန်မကို ဘယ်ခေါ်သွားမှာလည်း မမေးဘူး။ ဘယ်အချိန်ပြန်ပို့မှာလည်း မမေးဘူး။ ကျွန်မသိချင်တာက ဒီနေ့ ဘယ်လောက်ပေးမှာလဲ ဆိုတာကိုပဲ။ ကျွန်မသားလေး နေမကောင်းနေတယ်။ ဘေးအိမ်က အဒေါ်ကြီးကို ငွေ ၃၀၀၀ ပေးပြီး ကျွန်မသားကို အပ်ထားခဲ့ရတာ။ ဒီကပြန်ရင် မနက်ဆို ကျွန်မသားကို ဆေးခန်းပြရမယ်။

” ကဲ… ရောက်ပြီ၊ ဆင်းတော့… ”

” အို… အသာလုပ်ပါ၊ လူကိုနော် ရှင်က သိပ်ကြမ်းတာပဲ ”

” ဟားဟား… ကိုယ်က ကြမ်းမှ ကြိုက်တာ ”

သိပ်ကိုမုန်းဖို့ကောင်းတဲ့အသံ။ သတ်ပစ်ချင်စရာကောင်းတဲ့ အကြည့်။ ကျွန်မ သည်းခံရင်း သူခေါ်ရာကို လိုက်သွားတယ်။ ချောင်ကျကျ တည်းခိုခန်းတစ်ခုပါပဲ။ လှည်းတန်း ကုန်းကျော်တံခါးရဲ့ တစ်ဖက်ကပေါ့။ နာမည်ကိုတော့ ကျွန်မ မပြောတော့ဘူး။ လိုလည်း မလိုအပ်ဘူးလေ။ ကျွန်မလာတာ အပျော်သက်သက် လာတည်းခိုတာမှ မဟုတ်ဘဲ။ ကျွန်မ ဝင်လိုက်တာနဲ့ လူအားလုံးရဲ့ အကြည့်တွေက ကျွန်မ ခန္ဓာကိုယ်ပေါ်မှာ။ ဒီအကြည့်တွေက ကျွန်မသိတယ်။ ဒီအကြည့်တွေကို ကျွန်မမုန်းတယ်။ ဒါပေမဲ့ ကျွန်မမှာ မုန်းပိုင်ခွင့် ရှိသေးသလား။

ကျွန်မ ဝတ်ဆင်ပုံနဲ့ အကြည့်တွေကြောင့် သူတို့အားလုံးက ကျွန်မ ဘာလဲဆိုတာကို သိကြတယ်။ သောက်ကျိုးနည်း ကံတရား။ ဟိုတစ်လက ကျွန်မကို ခပ်ကြမ်းကြမ်း ဆက်ဆံလို့ ပန်းအိုးနဲ့ ခေါင်းရိုက်ခွဲခဲ့တဲ့သူက ဒီမှာ ရှိနေတယ်။ မမြင်ချင်ယောင် ဆောင်လို့မှမရဘဲ။ ကျွန်မသူ့ကို ခပ်စူးစူးစိုက်ကြည့်လိုက်တယ်။ သူက ကျွန်မကို ပုခုံးတွန့်ပြပြီး မချိပြုံးပြုံးတယ်။ ဒေါသကို သက်ပြင်းအဖြစ်နဲ့ပဲ ကျွန်မ ဖြေသိမ့်လိုက်တယ်။

အဲဒီနောက် ကျွန်မကို ခေါ်လာတဲ့သူက အခန်းတစ်ခန်းယူပြီး သော့ကိုကိုင်ကာ ကျွန်မကို ခေါ်သွားတယ်။ ရိုးရိုးအခန်းလေး။ ပန်ကာမရှိဘူး။ သိပ်ပြီး မကျယ်ဘူး။ အလွန်ဆုံးရှိမှ ၁၀၀၀၀။ စိတ်ထဲက ကျွန်မ ဖောက်သည်ကို ဆဲလိုက်တယ်။ ဒါပေမဲ့ ကျွန်မမှာ ရွေးချယ်ခွင့်မှ မရှိဘဲ။ အိတ်ကိုချရင်း ရေချိုးခန်းထဲ ဝင်လိုက်တယ်။ တော်သေးတယ်။ ရေချိူးခန်း ရှိနေသေးလို့။ အဝတ်အစားကိုချွတ်ပြီး အဖြူရောင် ခြုံထည်ကို ခြုံပြီး အိပ်ရာထက်မှာ ကျွန်မ အသင့် စောင့်နေလိုက်တယ်။

သူက ဘရန်ဒီခွက်ကို ဖြည်းဖြည်းချင်းမော့ရင်း မာပိုလို ဆေးလိပ်ကို ခပ်ပြင်းပြင်း ဖွာရှိုက်နေတယ်။ ကျွန်မကို စိုက်ကြည့်နေတဲ့အကြည့်တွေက ကျွန်မ ပထွေးနဲ့ တထေရာတည်း။ အဲဒီနောက် သူက အရက်ခွက်ကိုချရင်း ဆေးလိပ်ကို ပြာခြွေလိုက်တယ်။ ရမ္မက်ပြင်းတဲ့ အကြည့်တွေနဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကြည့်တယ်။ သူ့လက်က ကျွန်မရဲ့ စည်းနှောင်ထားတဲ့ ခါးစည်းကြိုးကို ဖြေချလိုက်တယ်။ အဝတ်အဖြူက ပုံလျက်၊ ကျွန်မခန္ဓာကိုယ်ကလည်း အေးကနဲ ဖြစ်သွားတယ်။ ပြီးတော့ သူ့ရဲ့ လက်ကြမ်းကြမ်းကြီးတွေက ခန္ဓာကိုယ် အနှံ့ ပွတ်သပ်နေတယ်။

” အင်း… ”

အတွေ့အကြုံအနေနဲ့ ပြောစရာမလိုတော့တဲ့ ကျွန်မနှုတ်က ခပ်တိုးတိုး ညည်းသံလေးတွေ ထွက်လာတယ်။ အဲဒီနောက် ကျွန်မကို တွန်းလဲချလိုက်ပြီး သူက ကျွန်မ မျက်နှာကို အပေါ်က မိုးကြည့်တယ်။ အဲဒီနောက် ကျွန်မရဲ့ နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ ဖိကပ်လိုက်ရင်း ခပ်ပြင်းပြင်း အနမ်းတွေကို ပေးတယ်။ ကျွန်မ သူ့ဆန္ဒအတိုင်း အလိုက်သင့် မျောပါပေးလိုက်တယ်။ စိတ်ကို လွှတ်ပေးလိုက်တဲ့အခါ အရာရာက အဆင်ပြေစွာ ပြီးမြောက်သွားတယ်။ အသက်ကိုခပ်ပြင်းပြင်း ရှူရင်း မောဟိုက်မှုကို ဖြေရန် အိပ်ရာပေါ် လဲချလိုက်တယ်။

” ကျေးဇူးပဲ ချာတိတ်၊ ကောင်းသောည ”

ကျွန်မပါးပြင်ကို ခပ်ဖြည်းဖြည်း နမ်းလိုက်ရင်း ကျွန်မနားနားကပ်ကာ သူက ပြောတယ်။ အဲဒီနောက် တစ်ထောင်တန် တစ်အုပ်ကို ကျွန်မဘေးကို ပစ်ချရင်း သူအခန်းထဲက ထွက်သွားတယ်။ ပြီးပြီ။ ဒါကျွန်မရဲ့ ဖောက်သည်တစ်ယောက် ပြီးသွားပြီ။ သူထွက်သွားရင် ဒီအခန်းကို ကျွန်မပိုင်တယ်။ အခန်းတံခါးကို ကဂျက်ထိုးပြီး အိပ်ရာပေါ်ကို ပစ်လဲလိုက်တယ်။ ပင်ပန်းမှုကို သက်ပြင်းအဖြစ် ​ပြောင်းလဲလိုက်တယ်။

ဘာကြောင့်လဲ မသိပေမယ့် ကျွန်မ မျက်ဝန်းက မျက်ရည်တွေ စီးကျလာတယ်။ ဒီမျက်ရည်တွေက တစ်ထောင်တန် အုပ်ပေါ်ကို ဆက်လက်စီးသွားတယ်။ ကျွန်မ ဒီဘဝကို မုန်းတယ်။ ကျွန်မ ဒီအလုပ်ကို ရွံတယ်။ ဒါပေမဲ့ ကျွန်မမှာ ဒီလိုပြောပိုင်ခွင့်ရှိလား။ နေမကောင်းတဲ့ ကျွန်မသားလေးက အိမ်အပြန်ကို မျှော်နေမှာ။ နေမကောင်းတဲ့ ကလေးအတွက် ကျွန်မဘာတွေ ဝယ်သွားသင့်လဲ။ ပါးပြင်ပေါ်က မျက်ရည်တွေကို ညာဘက်လက်ခုံနဲ့ သုတ်ရင်း ကျွန်မပြုံးလိုက်တယ်။ ကျွန်မမှာ သားလေး ရှိသေးတယ်။ ကလေးက ၄ နှစ်။ ဒီကလေး ကြီးတဲ့အထိ ကျွန်မက ရုန်းကန်ရင်း ရှေ့ဆက်ရဦးမှာ။

ဒီအလုပ်ကို ကျွန်မ မုန်းတယ်။ ဒီဘဝကို ကျွန်မ ရွံတယ်။ ပတ်ဝန်းကျင်နဲ့ ကျွန်မ မနေချင်ဘူး။ ကျွန်မမှာ ဆန္ဒတွေ များစွာ ရှိတယ်။ ဒါပေမယ့် ကျွန်မမှာ မုန်းပိုင်ခွင့်၊ ငြင်းပိုင်ခွင့်၊ ဆန္ဒတွေကို ပြောပြပိုင်ခွင့် မရှိဘူး။ ညဥ့်ငှက်တစ်ယောက်ရဲ့ ဘဝကို ဘယ်သူတွေက စာနာသနားကြမှာ မို့လို့လဲ။ တစ်ထောင်တန် အုပ်ကို အိတ်ထဲကို ထည့်ရင်း အဝတ်တွေကို ပြန်ဝတ်လိုက်တယ်။ နှုတ်ခမ်းနီကို ရဲနေအောင်ဆိုးပြီး မိတ်ကပ်ကို ပြန်ဖို့လိုက်တယ်။ ကျွန်မသားလေးအတွက် ကျွန်မက ဘာမှမဖြစ်သလို ဟန်ဆောင်ရဦးမယ်။ ဒီအမည်းစက်တွေကို ကျွန်မသားလေးအပေါ် ယူမသွားချင်တော့ဘူး။ ကျွန်မ တောင့်ခံမှ ဖြစ်မယ်။ ကျွန်မမှာ လေးနှစ်အရွယ် သားလေးတစ်ယောက် ရှိတယ်။ ပြီးတော့ သားလေးက နေမကောင်းဘူး။

ကျွန်မ နာမည်က ညိုမီ။ ကျွန်မ အမေက သေပြီ။ ကျွန်မက ညဥ့်ငှက်။ ကျွန်မက ညမွှေးပန်း။ ကျွန်မက မိန်းမပျက်။ ကျွန်မက ပြည့်တန်ဆာ။ ဘာတွေပဲ ပြောပြော ကျွန်မမှာ လေးနှစ်အရွယ် သားလေးရှိတယ်။ ပြီးတော့ သားလေးက နေမကောင်းဘူး။ မိန်းမပျက် တစ်ယောက်ပေမယ့် မိန်းမတစ်ယောက် အမေတစ်ယောက်ရဲ့ မပျက်စီးတဲ့ စိတ်ထားမျိုးတော့ ကျွန်မမှာ အပြည့်ရှိတယ်။ ကျွန်မ နာမည်က ညိုမီ။

#ကိုကိုး
8.July.2021

စာရေးသူ – ဤစာမူသည် ညဥ့်ငှက်မလေး တစ်ယောက်အပေါ် စာနာစိတ်ဖြင့် ရေးဖွဲ့ခြင်းသာ ဖြစ်ပါသည်။ မည်သူ တစ်ဦးတစ်ယောက်အပေါ်တွင်မှ ထိပါးစော်ကားလိုစိတ် အလျင်းမရှိပါ။ အမှားအယွင်း တစ်စုံတရာ ရှိပါက ကျူးလွန်မိသူတိုင်းအပေါ် တောင်းပန်အပ်ပါသည်။