တစ္ဆေကြီး၏မယား

တစ္ဆေကြီး၏မယား(စ/ဆုံး)
———————

ကိုပန်းထိမ်နှင့် မစောအိမ်တို့ လင်မယားသည် တောကွက်ရွာ၏ တောင်ဘက် လယ်ကွင်းပြင်တွင် တဲအိမ်တစ်လုံး ထီးတည်းဆောက်၍ နေထိုင်ကြသည်။

အသက်အရွယ်အားဖြင့် ကိုပန်းထိမ်က ၃၅ နှစ်ခန့် မစောအိမ်က ၃၀ ခန့် ရှိကာ အိမ်ထောင်သက် ၁၀ နှစ်ပြည့်ခဲ့ပြီ။ သို့သော် ယခုအချိန်ထိ မည်သူ၏ အားနည်းချက်မှန်း မသိ သားသမီး မထွန်း ကားသေးပေ။

နှစ်ယောက်စလုံးမှာ ပညာမတတ်သလို အသိညာဉ်နည်းပါးကာ အနေအထိုင်အပြော အဆိုကအစ ရုန့်ရင်းကြမ်းတမ်းလှသည်။

ဤသို့ အနေအထိုင် အပြောအဆို ရုန့်ရင်း ကြမ်းတမ်း မှုကြောင့် ပင် ထူးဆန်း၍ ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်တစ်ခုက ကိုပန်းထိမ်နှင့် မစောအိမ် ဘဝထဲသို့ ရောက်လာခဲ့ရသည်။

ကိုပန်းထိမ်တို့ နေထိုင်ရာ လယ်မြေသည် သူတို့ မင်္ဂလာဆောင်စဉ်က မိဘများ၏ လက်ဖွဲ့ လယ်မြေ ဖြစ်သည်။ သူတို့ လင်မယားနေထိုင်ရာ တဲ၏ အရှေ့ဘက် လယ်ကွက်ထဲ၌ ကုန်းကမူလေး တစ်ခု ရှိနေပြီး ထိုကမူလေးပေါ်၌ ခတက်ပင်ကြီး တစ်ပင် ရှိလေသည်။

ထိုကမူလေးနှင့် ခတက်ပင်ကြီးသည် မိဘတွေ လက်ထက်ကတည်းက ခုတ်ထွင်ခြင်း ထွန်ယက်စိုက်ပျိုးခြင်း မရှိ ဤအတိုင်းပင်ရှိနေခြင်း ဖြစ်သည်။ ဘာ့ကြောင့် ကွက်၍ ထားသည်ကို ကိုပန်းထိမ် မသိသော်လည်း သူ့ပိုင်လယ် အဖြစ်သို့ ရောက်သည့်တိုင် ဤအတိုင်း ပင် ဆက်၍ ထားလိုက်သည်။ ထိုခတက်ပင်ကြီးမှ အညွန့်အတက်များ ထွက်လျင် ခူးယူ၍ ဆားရည်စိမ်ကာ ရွာထဲ၌ မစောအိမ်က လိုက်လံရောင်းချ၍ အပိုဝင်ငွေ ရသေးသည်။

လင်မယားနှစ်ယောက် လယ်လုပ်ကိုင်းလုပ်ရင်း မောပန်းလျင်လည်း ထိုခတက်ပင်ကြီးအောက်၌ အမောဖြေ နားတတ်ကြသည်။ ထို့ပြင် မဆင်မခြင် အပေါ့အပါးလည်း ဤအပင်ကြီးအောက် စွန့်တတ်ကြသေးသည်။ ထိုသို့ မဆင်မခြင် အနေအထိုင် မတတ်မှုများကြောင့်ပင် မစောအိမ် ထူးဆန်းသော အိပ်မက် တစ်ခုကို မြင်မက်လေသည်။

အိမ်မက်ထဲ၌ တစ်ကိုယ်လုံး အသားအရည် နက်မှောင်၍ ထွားကြိုင်းကြိုင်း လူကြီးတစ်ဦးသည် ခတက်ပင်ပေါ်မှ ဆင်းလာကာ အိမ်ရှေ့၌ ရပ်၍ မစောအိမ်အား ခေါ်လေသည်။

“” မစောအိမ်… မစောအိမ်… “”

“” ဘာလဲတော့… ဘယ်သူလဲ… “”

မစောအိမ် အိပ်နေရာမှ ထူးလိုက်ရင်း ထကြည့်သည့်အခါ အိမ်ရှေ့၌ သူမအား ကြည့်၍ ခေါ်နေသည့် နက်မှောင်သော အသားအရေ နှင့် ရုပ်ဆိုးဆိုး ထွားကြိုင်းကြိုင်း လူကြီး တစ်ယောက်ကို တွေ့ရသည်။

“” ငါက ခတက်ပင်မှာ နေတဲ့ တစ္ဆေ ပါ… နင်က ငါနေတဲ့ ကတက်ပင်ကြီးအောက်မှာ မကြာခဏ အပေါ့စွန့်လိုက်… ပိုးလိုးပက်လက် အိပ်လိုက်နဲ့ … နေ့တိုင်း မြင်နေရတော့… … နင့်ကို ငါကြည့်ပြီး စွဲလန်းစိတ်တွေ ဖြစ်နေတာ… အဲ့ဒါကြောင့် နင်နဲ့ အတူ အိပ်စက်ချင်လို့ ခွင့်လာတောင်း တာ … “”

မစောအိမ်မှာ တစ္ဆေကြီး၏ ထူးဆန်းသော စကားကိုကြား၍ အံသြနေမိသည်။ ကြောက်လည်း ကြောက်မိသဖြင့် ယောက်ျားဖြစ်သူ ကိုပန်းထိမ်ကို ခေါ်ရန် ကြိုးစားသည့်အခါ ခပ်လှမ်းလှမ်း၌ အိပ်နေသည်ကို တွေ့ရသည်။

“” ကိုပန်းထိမ်… ကိုပန်းထိမ် ထပါဦး “”

ကိုပန်းထိမ်မှာ လုံးဝ မနိုး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။

“” နင့် ယောက်ျားကို နှိုးမနေနဲ့ မစောအိမ်… နိုးမှာ… မဟုတ်ဘူး … ငါ့ကိုသာ နင်နဲ့ အိပ်ခွင့်ပေးပါ… နင်တို့ မိသားစုကို ငါစောင့်ရှောက်ပါ့မယ်… “”

မစောအိမ်မှာ တစ္ဆေကြီး၏ စကားကို ကြားပြီး စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ တန်ခိုး ဣိတ္ထိပ ရှိသူ တစ်ဦးက စောင့်ရှောက်မည် ဆို၍ စိတ်ထဲ ကျေနပ် ဂုဏ်ယူစိတ် ဝင်မိလေသည်။

“” ကဲ… တော်… ဒီလောက်ဖြစ်နေလဲ… လာအိပ်တော်…. “”

ဟု မစောအိမ် ပြောလိုက်လျင် တစ္ဆေကြီးက အိမ်ပေါ်တက်လာက မစောအိမ်အနား ၌ အိပ်စက်လေတော့သည်။ တစ္ဆေကြီး၏ ကိုယ်မှ ရသော ရနံ့ တစ်မျိုးက မစောအိမ်အား မိန်းမူးစေလေသည်။

မစောအိမ်မှာ တစ္ဆေကြီးနှင့် အိပ်သည်ဟု အိပ်မက် မက်နေသော်လည်း ပြင်ပ၌ တစ္ဆေကြီးနှင့် အမှန်တကယ် အတူ အိပ်စက်နေသည်ဟု ခံစားနေရသည် ။ မနက်သို့ ရောက်သည့်အခါ တစ်ကိုယ်လုံး နုံချိနွမ်းလျကာ မလှုပ်ချင် မကိုင်ချင် ဖြစ်နေလေသည်။ ထို့ကြောင့် မိမိ၏ အိပ်မက်အား ကိုပန်းထိမ်ကို ပြောပြချင်စိတ် ပေါ်လာသည်။

“” ကိုပန်းထိမ်… တော့… ကိုပန်းထိမ် … ကိုပန်းထိမ်… ဟဲ့ သောက်စောင်း…မသာ သောက်စောင်း…. ခေါ်နေတာ မကြာဘူးလား… “”

“” ကြားတယ်… သောက်ခေါမရဲ့… သောက်မြင်ကပ်လို့ မထူးတာ… “”

မယားဖြစ်သူ မစောအိမ် ရဲ့ တရစပ် ခေါ်ဆိုနေမှုကို ကိုပန်းထိမ် ထင်းခွဲနေရာမှ ဆောင့်ကြီး အောင့်ကြီး ထူးလိုက်သည်။

“” တော့်ကို ပြောစရာရှိလို့ … ကောင်းကောင်းခေါ်နေရင် မထူးဘူး… “”

“” အင်း… ပြော…သောက်ခေါမ ရေ “”

ကိုပန်းထိမ်က စိတ်မပါ လက်မပါ ဖြင့်သာ ဇနီးဖြစ်သူ၏ စကားကို နားထောင်နေသည်။

“” ညက ကျုပ်အိပ်မက် မက်တယ်… “”

“” အင်း… “”

“” ဟို ကတက်ပင်ပေါ်က တစ္ဆေကြီး တစ်ကောင် ဆင်းလာပြီး ကျုပ်နဲ့ အိပ်ခြင်တယ် ပြောလို့ ကျုပ်ပေး အိပ်လိုက်တယ် လို့ အိပ်မက် မက်တယ် တော့… “”

“” ကြည့်စမ်း… ခွေးမ… အိပ်မက်ထဲမှာတောင် ဖောက်ပြန် နေတာ… သောက်ကျင့်ကိုက သရဲနဲ့တောင် မလွတ်ဘူး… မျောက်ဇာတ်ခင်းတာ… ဟင်း “”

ကိုပန်းထိမ်က မျက်စောင်းကြီးခဲလျက် စိတ်ပေါက်ပေါက်နှင့် ပါးစပ်က အယုတ္တ အနတ္တ ဆဲရေးလိုက်သည်။

“” တော်ကလဲ… အိပ်မက်ထဲ မို့ ပေးအိပ်မိတာ ပါ တော်… အပြင်မှာဆို ရမလား တော့…ဒါနဲ့ အဲ့ဒီ အိပ်မက်ကို ချဲကောက် ထိုးရင် ကောင်းမလား လို့… “”

“” အေး… ဟုတ်သားကွ … အိပ်မက်က ထူးဆန်းတယ်… တွက်ကြည့်ရအောင်… ခတက်ပင်ဆိုတော့ နှစ်… သရဲ ဆို တော့……. “”

လင်မယား နှစ်ယောက် ဟိုတွက် ဒီတွက် ဖြင့် ချဲဂဏန်း သုံးလေးကွက် ရသွားသည်။

“” ကဲ… ကိုပန်းထိမ်… နေမမြင့်ခင် ရွာထဲသွား… ချဲထိုးခဲ့… ဟင်းစားလေး တွေ့ရင်လဲ ဝယ်ခဲ့ဦး… “”

“” အေးပါ… သောက်ခေါမရယ်… နင်သာ… အိမ်မှာ သရဲနဲ့ ဖောက်ပြန် မနေနဲ့… “”

“” မသာကြီး သောက်စောင်း… “”

မစောအိမ် စိတ်ပေါက်ပေါက်နှင့် အော်ဆဲပြီးမှ ကျောပေးထွက်သွားသည့် ယောက်ျားဖြစ်သူ ကိုပန်းထိမ် ကို ကြည့်ကာ သက်ပြင်း ချမိသည်။

ကိုပန်းထိမ်နှင့် မစောအိမ်မှာ ချစ်၍ ယူခဲ့ကြသူများ ဖြစ်သော်လည်း အတူနေလျင် တစောင်းစေးနှင့် မျက်ချေး။ နည်းနည်းမှ စကားပြော အပေါက်လမ်း တည့်ကြသူတွေ မဟုတ်။

စိတ်အခန့် မသင့်လျင် ကိုပန်းထိမ်က သွား အနည်းငယ် ခေါသယောင်ရှိသော မစောအိမ်ကို သောက်ခေါမ ဟူ၍ ခေါ်တတ်ပြီး မစောအိမ်ကလည်း မျက်စိ အနည်းငယ်စွေသယောင်ရှိသည့် ကိုပန်းထိမ်ကို သောက်စောင်း ဟု ခေါ်တတ်သည်။ ရန်ဖြစ်ပြီဆိုလျင်လည်း တစ်ယောက်နှင့်တစ်ယောက် အယုတ္တ အနတ္တ မကြားဝံ့ မနာသာ ဆဲဆို ရိုက်ပုတ်ကြသည့် အထိ ကြမ်းတမ်းကြသည်။ ထိုသို့ တစ်ယောက်နှင့် တစ်ယောက် မတည့်ကြသော်လည်း တစ်ရက် မတွေ့ရလျင်လည်း တစ်ယောက်ကို တစ်ယောက် သတိရနေတတ်သည်။ သူတို့ လင်မယား၏ အချစ်က ထူးဆန်းလှသည်။

“” ဟေး… ချဲပေါက်ပြီကွ… ဟား… ဟား.. ဟေ့… မောင်မြင့်… ငါ… ချဲပေါက်တယ် ကွ… “”

“” ဟုတ်လား… အခုတလော မင်းတို့ ချဲ ခဏ ခဏ ပေါက်တယ်နော်… တော်တော် ကံကောင်းနေတယ်… ဘယ်ကများ အကွက်တွေ ရလဲကွာ… “”

“” ဒီလိုကြ… “”

ကိုပန်းထိမ်က သူမိန်းမ မစောအိမ်၏ အိပ်မက်ကို ပြောပြလိုက်သည်။

“” ဟ… ဒါဆို… မင်းမိန်းမက တစ္ဆေကြီးနဲ့ အိပ်တယ် လို့ အိပ်မက် မက်တယ်ပေါ့… ကြည့်လည်း လုပ်ဦး ကိုယ့်လူ … မင်းမိန်းမ တစ္ဆေမယား ဖြစ်နေဦးမယ်… “”

“” ဟာ… မင်းကလဲ… အိပ်မက်ပါကွ… ပြီးရင်.. သူက ချဲဂဏန်း ပေးပေးသွားသေး ဟ… “”

“” အေးပါ… အေးပါ… မင်းတို့ အဆင်ပြေရင် ပြီးတာ ပဲ… “”

မောင်မြင့်၏ မှတ်ချက်စကားကို မတုန့်ပြန်အား ။ မနာလို ဝန်တို၍ ပြောသည်ဟုသာ မှတ်ယူလိုက်သည်။ ချဲပေါက်၍ ပျော်ရွှင်စိတ်ဖြင့် ကိုပန်းထိမ် ဝမ်းသာအားရ မိန်းမဖြစ်သူ မစောအိမ်ကို ပြောပြရန်သာ စိတ်အား ထက်သန်နေသည်၊

ကိုပန်းထိမ် ဝမ်းသာမည်ဆိုလည်း ဝမ်းသာစရာ။ အခုတလော ကိုပန်းထိမ် တို့ လင်မယား ချဲ ခဏ ခဏ ပေါက်သည်။ မစောအိမ် ပြောသည်က ခတက်ပင်ပေါ်က တစ္ဆေကြီးမှာ မကြာခဏလာ၍ မစောအိမ် နှင့် အိပ်သည်ဟု အိပ်မက်မက်သည်တဲ့ ။ မစောအိမ်ကလည်း ထိုအိပ်မက် မက်တိုင်း ချဲဂဏန်း တောင်းထားတတ်သည်။ ထိုလူကြီးကလည်း ဂဏန်းအချို့ ပေးသွားတတ်သည်။ ထိုဂဏန်းအား ချဲထိုးသည့် အခါ မပေါက်သည့် အခါများ ရှိသလို ပေါက်သည့်အခါများလည်း ရှိသည်။

မပေါက်သည့် အခါများဆိုလျင် ကိုပန်းထိမ်က ထိုခတက်ပင်ကို လက်ညိုးထိုး၍ ဆဲတော့သည်။

“” ခွေးမသား ခတက်ပင်တစ္ဆေ… ငါ့ကို မွဲအောင် လုပ်နေတယ်… ချီး ဂဏန်းတွေ ပေးတယ်… နောက်တစ်ခါဆို… အပင်ပါ… ခုတ်လှဲပစ်မယ် ကြည့်နေ… “”

ချဲ ပေါက်သည့် အခါများတော့ လင်မယား နှစ်ယောက်စလုံး မှိုရသည့် မျက်နှာကဲ့သို့ပင်။ ဘာပဲဖြစ်ဖြစ် ကိုပန်းထိမ်တို့ လင်မယား ယခင်ထက်ပို၍ အဆင်ပြေလာသည်မှာ အမှန်။

ထိုအရာများသည် မုန်တိုင်းမလာခင် လေပြေလေညှင်းများသာ ဖြစ်သည်ကို ကိုပန်းထိမ် နှင့် မစောအိမ် ကြိုသိခဲ့လျင်….။

“” မစောအိမ်… မစောအိမ်… “”

အလုပ်လုပ်နေရာမှ နေ့လည်နေ့ခင်း နေပူပြင်း လွန်းသဖြင့် ခတက်ပင်ကြီးအောက် ခေတ္တအနားယူရင်း အိပ်ပျော်နေစဉ် ခေါ်သံကြောင့် ကြည့်လိုက်သည့်အခါ နက်မှောင်သော အသားအရေနှင့် တစ္ဆေကြီးအား ခတက်ပင် ခွကြား ထိုင်လျက် တွေ့ရသည်။

“” တော်ကြီး… လာပြန်ပြီလား… ခဏ ခဏ လာတောင်း အိပ်မနေနဲ့… ကျုပ်ယောက်ျားတောင် ကျုပ်ကို မယုံချင် သလို ဖြစ်လာပြီ… ကျုပ်ယောက်ျားကို ကျုပ် သစ္စာ ဖောက်သလိုများ ဖြစ်နေပြီလား မသိဘူး… နောက်ကို မလာနဲ့တော့ “”

မစောအိမ်၏ ဒေါသ စကားကို လူကြီးက ခေါင်းခါပြလျက်

“” မဟုတ်ဘူး မစောအိမ်… ဒီတစ်ခါ ငါလာတာ… နင်နဲ့ အိပ်ချင်လို့ မဟုတ်ဘူး… နင်တို့ လင်မယားနဲ့ နေချင်လို့… ဒီတစ်ခါ ငါ နောက်ဆုံး အခွင့်အရေး တောင်းတာပါ ဟာ… “”

“” ဒီလောက်နေခြင်လဲ နေဟာ… ရှုပ်တယ်… “”

မစောအိမ် စိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည့်အခါ တစ္ဆေကြီးက ပြုံးလျက် ပျောက်ကွယ်သွားသည်။ တစ္ဆေကြီး၏ အပြုံးမှာ ကောက်ကျစ်၍ ရက်စက်မည့် အပြုံးဟု မစောအိမ် ထင်မိသည်။ ထိုအပြုံးကြောင့်ပင် ခတက်ပင်ကြီးအောက်၌ အိပ်မက်မက်နေရာမှ မစောအိမ် လန့်နိုးလာသည်။

များမကြာမှီ မစောအိမ်၌ ကိုယ်ဝန်ရှိသည့် အရိပ်အယောင်များ ပြလာသည်။ ကိုပန်းထိမ်မှာ ပျော်လိုက်သည် ဖြစ်ခြင်း။ ၁၀ နှစ်ခန့် သူ လိုချင် တောင့်တနေသည့် အရာ ဖြစ်လာပြီ မဟညတ်လား။

“”ဟိတ်.. ဟိတ်… သောက်ခေါမ အလေးတွေ မ, မနဲ့နော်… ငါ့သား.. ထိခိုက်မယ်.. “”

“” ဒီ သောက်စောင်း ကတော့ ပိုနေပြီ… “”

ကိုပန်းထိမ်မှာ ယခင်ထက် မစောအိမ်ကို ပို၍ ဂရုစိုက်လာသည်။ သို့သော် သူ့စိတ်ထဲ မတင်မကျ ဖြစ်နေသည်က ဆယ်နှစ်လုံးလုံး မရသည့် ကိုယ်ဝန် ယခုမှ အဘယ့်ကြောင့် ရသည်ကို စဉ်းစား မရခြင်းပင်။ သို့သော်လည်း သူပျော်ပါသည်။

“” မစောအိမ်… နင် ည ည ဘယ်ပျောက်ပျောက် သွားတာလဲ… “”

“” ဘယ်မှ မပျောက်ပါဘူး ငစောင်းရယ်… ငါ ရှိပါတယ် ဟဲ့… “”

“” မဟုတ်ဘူးနော်… နင် ည ညဆို ဘယ်အချိန် ထ ထသွားမှန်း မသိဘူး… အပြင်က ပြန်လာမှ ငါသိတယ်… နင် ဘယ်သူနဲ့ ဖောက်ပြန်နေလဲ ပြောစမ်း… “”

“” မဟုတ်တာတော်… ကျုပ် ဗိုက်ကြီးကြီးနဲ့နော်… မဟုတ်တာ မပြောနဲ့… အိမ်သာတက်ချင်လို့ ဆင်းသွားတာပါ … “”

ကိုယ်ဝန်ကြီး ဖြစ်နေ၍ ကိုပန်းထိမ် ဘာမျှ မပြောတော့သော်လည်း စိတ်ထဲ၌ မကျေမနပ် ဖြစ်နေမိသည်။ ညဉ့်နက်လျင် မစောအိမ် ပျောက်သွား တတ်သည်မှာ အမှန်။ တစ်ည ကိုပန်းထိမ် အိပ်ပျော်နေရာမှ တရေးနိုးလာ၍ ကြည့်သည့်အခါ မစောအိမ်ကို အိပ်ယာထဲ မတွေ့၍ အိပ်ချင်ဟန် ဆောင်ကာ စောင့်နေလိုက်သည်။ ခဏ အကြာ မစောအိမ် ပြန်လာလျင် ရုတ်တရက်ထ၍ ဓာတ်မီးနှင့် ထိုးကာ

“” ကဲ နင် ဘယ်က ပြန်လာ… လာ… “”

“” ဝူး… ဝူး… အု… “”

မြင်ရသည့် မြင်ကွင်းကြောင့် ကိုပန်းထိမ် ကြောင်သွားသည်။ မစောအိမ်မှာ ဆံပင်ဖားလျား ကြီးနှင့် ပါးစပ်ထဲ၌ အသားစ တစ်ခုကို ပလုတ်ပလောင်းစားလျက် တက်လာသည်ကို တွေ့ရသည်။

ကိုပန်းထိမ် အော်မေးလိုက်တော့ အတော်လန့်သွားပုံ။ စားလက်စ အသားစများနင်ကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ကိုပန်းထိမ်မှာ မဆူရက်တော့ပဲ ဘာတွေစားနေတာလဲ မေးသည့် အခါ ညနေက ချက်ထားသော အမဲသားဟင်းများ စားသည် ဟု ဖြေသည်။

မီးဖိုချောင်ထဲ ဝင်ကြည့်လျင် အမဲသားများ တကယ် ကုန်နေသည်ကို တွေ့ရသည်။ သို့သော် ကိုပန်းထိမ် စိတ်မကျေနပ်သေး။ အမဲသားဟင်း စားလျင် အဘယ့်ကြောင့် သူမ၏ ပါးစပ်၌ သွေးစများ ပေနေသနည်း။ ကိုပန်းထိမ် ခေါင်းကုတ်၍သာ နေပြီး အဖြေက ရှာမရ။ ကိုယ်ဝန်ကြီးနှင့် ဖြစ်၍ ချဉ်ချင်း တက်ကာ အသားဟင်း ကြိုက်နေသည် ဟူ၍သာ မှတ်ယူလိုက်သည်။

“” ပန်းထိမ်… မနေ့ညက ရွာထဲမှာ ကိုတက်လုံး မိန်းမ ကလေး မွေးလို့တဲ့… မင်းမိန်းမကော မမွေးသေးဘူးလား… “”

“” အေးကွာ မမွေးသေးဘူး… ဆယ်လကျော်လို့ ဆယ့်တစ်လတောင် ဝင်နေပြီ… ဗိုက်ကြီး တကားကားနဲ့ သူ့ခမျာ ဘယ်မှ မသွားရဘူး… “”

“” ငါပြောမယ်… ပန်းထိမ်… မင်း စိတ်မဆိုးနဲ့နော်… မင်းကသာ မင်းမိန်းမ ဘယ်မှ သွားမရဘူး ပြောနေတာ… မနေ့ညက ကိုတက်လုံး မိန်းမ ကလေးမွေးတော့ အိမ်အောက်မှာ ဘာတွေ့တယ် မှတ်လဲ… “”

“” ဘာတွေ့တာလဲ… နောက်ပြီး ငါ့မိန်းမနဲ့ ဘာ ပတ်သတ်လဲ… “”

“” အေး… ကိုတက်လုံး မိန်းမ မေနု ရဲ့ ကလေးအချင်းကို အိမ်အောက်ကနေ လက်ကြီးနဲ့ ယူစားနေတာ ဆံပင်ဖားလျားနဲ့ မင်း မိန်းမ တဲ့ကွ…. “”

“” ဟေ့…ဟေ့ကောင်… မောင်စိန်… မင်းစကားပြော တာ ကြည့်ပြောနော်… လူမှုရေးတွေ မပုတ်ခတ်နဲ့… မင်းနဲ့ငါ… ဒီနေရာမှာ လူသတ်ပွဲ ဖြစ်သွားမယ်… “”

ဓားကြိမ်း ကြိမ်းတော့ ကိုမောင်စိန် ဆက်မပြော့တော့ပေ။ ကိုပန်းထိမ် မှာ ရွာထဲမှ အတင်းအဖျင်း စကားများကို နားထဲ တရေးရေး ကြားယောင်ရင်း မိန်းမဖြစ်သူ အမြန်မွေးဖွားနိုင်ရန် အကြံရကာ ရွာဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့သည်။

“” အရှင်ဘုရား… တပည့်တော် မိန်းမ ဗိုက်က ၁၀လ ကျော်ပြီ မမွေးသေးလို့.. အရှင်ဘုရား ရေမန်းလေး စွန့်ပါဦး ဘုရား… “”

ရွာကျောင်း ဆရာတော် ဘုရားကြီး၏ ရေမန်းမှာ အစွမ်းထက်သည်ဟူ၍ သတင်းကြီးသည် မဟုတ်လား။ အရေးအကြောင်းရှိလျင် အခြားအခြားသော ရွာများမှပင် လာရောက် အကူအညီ တောင်းရသည့် အထိ ဆရာတော်ကြီး၏ ဂုဏ်သတင်းက မွှေးသည်။

“” အေး.. အေး.. ဒကာ မောင်ပန်းထိမ်… ရော့… ရော့… ဒါ အဂုင်္လိမာလ သုတ်ကို ခေါက်ရေ တစ်ထောင် ပြည့်အောင်ရွတ်ပြီး မန်းထားတဲ့ ရေမန်း… ရော့… ယူသွား… ဒကာ့ မိန်းမ ကို တိုက်ပေတော့… “”

ဆရာတော်ကြီး ပေးသော ရေမန်းကိုယူ၍ အိမ်ပြန်လာကာ မစောအိမ်ကို တိုက်လိုက်သည်။ ရေမန်းသောက်ပြီး ကတည်းက မစောအိမ် ဗိုက်မှာ နာလာပြီး မခံမရပ်နိုင် ဖြစ်လာသည်။တအင်းအင်း တအားအား လူးလှိမ့်ကာ အော်ဟစ်နေသည့် မစောအိမ်ကို ကြည့်ကာ ကိုပန်းထိမ်မှာ သနားစိတ်ဝင်၍ သားဖွားလက်သည် ဒေါ်ချစ်ကို ပြေးခေါ်ရသည်။ မစောအိမ်မှာ ဗိုက်က မခံမရပ်နိုင် နာနေသော်လည်း ကလေးက မမွေးပေ။

ကိုပန်းထိမ်မှာ အခန်းအပြင်မှနေ၍ နေမထိ ထိုင်မရ ဖြစ်နေသည်။ သားဖွားခန်းထဲ၌ မစောအိမ်၏ အော်ဟစ်သံက ဗြောင်းဆန်နေသည်မှာ ကမ္ဘာ ပျက်သလိုပင်။

“” ငါ… သွားတော့မယ်…ဟေ့… ဟား… ဟား…ဟား…””

ညနက်အချိန် မစောအိမ်၏ နှုတ်မှ ယောက်ျားသံ သြသြကြီးကို ကြားလိုက်ရသည်မှာ အခန်းထဲမှ လက်သည် ဒေါ်ချစ် မပြောနှင့် အပြင်မှ ကိုပန်းထိမ်ပင် ကြက်သီးမွှေးညှင်းများ ထကုန်သည်။

လက်သည်ဒေါ်ချစ်မှာ မစောအိမ်အား ကလေးမွေးဖွားနိုင်ရန် တတ်သည့်ပညာ အစုံ သုံး၍ ကူညီသော်လည်း ကလေးက မထွက်ပေ။ ညသန်းခေါင် ရောက်သည့် အခါ မစောအိမ်၏ နှုတ်ဖျားမှ

“” ငါ… ထွက်တော့မယ်… မစောအိမ်ကိုပါ ခေါ်သွား… မယ်… “”

ဟူသော အသံသြသြကြီးကို ကြားလိုက်ရသည်။ ထို့နောက် မစောအိမ် ပါးစပ်ထဲမှ လူပုံသဏ္ဍန် အသားတုံးကြီး တစ်တုံး ထွက်လာကာ တဖြည်းဖြည်း ကြီးလာပြီး အသားနက်နက် ရုပ်ဆိုးဆိုး အကောင်ကြီးတစ်ကောင် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအချင်းအရာကို မြင်၍ လက်သည်ဒေါ်ချစ်နှင့် အကူလက်သည် မခင်ထွေးတို့ နေရာတွင်ပင် အကြောက်လွန်၍ သတိလစ် မေ့မျော သွားကြသည်။

အသားနက်နက်နှင့် လူကြီးသည် မစောအိမ် နှင့် သတိလစ် မေ့မျောနေသော လက်သည် နှစ်ယောက်ပေါ်မှ ကျော်ခွ၍ အခန်းတွင်းမှ ထွက်လာကာ အိမ်ရှေ့၌ ထိုင်နေသော ကိုပန်းထိမ်ကို လက်ညိုးထိုး၍

“” မင်း ငါ့ကို နှင်ထုတ်တာ မြန်သွားလို့… မဟုတ်ရင်… မင်းကို ငါစားမှာ… အခုတော့ ငါသွားတော့မယ်… မစောအိမ်ကိုပါ ခေါ်သွားပြီ… မစောအိမ်က ငါ့မယား ဖြစ်နေတာ ကြာပြီကွ… မင်းနဲ့ ဘာမှ မဆိုင်တော့ ဘူး…. ဟား ဟား… ဟား… မင်းတို့က အနေအထိုင် ညစ်ပတ်သလောက် ဘုရား တရား မရှိလေတော့ မင်းတို့ အိမ်ပေါ်ထိ ငါလာ နိုင်တာပေါ့ကွာ… ဟင်း.. ဟင်း… မစောအိမ် ဗိုက်ထဲကို ငါဝင်ပြီး သူ့ကို အသားစိမ်း.. ငါးစိမ်းတွေ စားတတ်အောင် ငါ သင်ပေးနေတာ ကွ… ခုဆိုရင် မစောအိမ်လည်း အသားစိမ်း ငါးစိမ်းတွေ တော်တော် အရသာတွေ့ ကြိုက်နေပြီ… ဒါမှ ငါနဲ့ အတူနေလို့ ရမှာ လေကွာ….ဟား.. ဟား…ဟား… အခု ငါ့မယား မစောအိမ်ကို ငါ ခေါ်သွားပြီ ဟေ့… “”

စကားများ တရပ်စပ်ပြော၍ တဟားဟား ရယ်မောပြီး အိမ်ပေါ်က တဒုန်းဒုန် ဆင်းသွားသည့် အကောင်ကြီးကို ကိုပန်းထိမ် ကြောက်ကြောက်နှင့် ကြည့်နေမိသည်။ ထိုအကောင်ကြီးမှ ခတက်ပင်ပေါ်သို့ တက်၍ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ထိုအခါမှ ကိုပန်းထိမ်မှာ မွေးခန်းထဲ ပြေးဝင်ကြည့်လိုက်သည်။ မွေးခန်းထဲ၌ လက်သည်နှစ်ယောက်မှာ သတိလစ် မေ့မျောနေပြီး မစောအိမ်မှာ ဇက်ကျိုးလျက် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ မစောအိမ်၏ နဂို ပူနေသော ဗိုက်မှာ ပြားချပ်၍ မွေးထားသော ကလေးကို မတွေ့ရခြင်းပင်။

“” မစောအိမ်… အောင်းမလေးဗျာ… မစောအိမ် ရေ… “”

ကိုပန်းထိမ်တစ်ယောက် မည်မျှပင် ခေါ်ခေါ် မစောအိမ် သို့မဟုတ် သူ အမြင်ကပ်တိုင်း ခေါ်တတ်တဲ့ သောက်ခေါမ လုံးဝ မထူးနိုင်တော့ပါ။ ကိုပန်းထိမ်နှင့် လောကကြီးကို နှုတ်မဆက်ပဲ ထွက်ခွာ သွားချေပြီ။

မစောအိမ်၏ အလောင်းအား သဂြိုလ်ပြီးသည့်နေ့မှစ၍ တောကွက်ရွာနှင့် လယ်ကွင်းပြင်တဲ၌ ကိုပန်းထိမ်ကို မတွေ့ရတော့ချေ။ မည်သူ့ကိုမျှ အသိမပေးပဲ ကိုပန်းထိမ် တစ်ယောက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။ တချို့ကတော့ ရဟန်းဝတ်၍ တောထွက်သွားသည်ဟု ပြောဆိုနေကြသည်။ တချို့ကလည်း သူ့မိန်းမကြောင့် စိတ်ဝေဒနာရ၍ နေရာအနံ့လျှောက်သွားနေသည် ဟု ထင်ကြေးပေးကြသည်။ မည်သူမျှ တိတိကျကျတော့ မသိကြပေ။

တောကွက်ရွာမှ လူများသည် လယ်ကွင်းပြင်ကြီး၏ ခတက်ပင်ကြီးအောက်၌ တစ်ခါ တရံ မစောအိမ်၏ ဝိညဉ်ကို တွေ့ကြရသည် ဆိုသည်။ သူမ၏ ဘေး၌ ရွာထဲမှ ဆုံးပါးသွားသော ကလေး အချို့ကိုလည်း တွေ့ကြရသည်ဟု ပြောကြသည်။ ကိုပန်းထိမ် နှင့် မစောအိမ်တို့ လင်မယားမှာ အနေအထိုင် အပြောအဆို ရုန့်ရင်းကြမ်းတမ်းမှုကြောင့် ကံဇာတာ နိမ့်ပါးသဖြင့် တစ်ယောက်မှာ ဘဝပျက်၍ တစ်ယောက်မှာ အရှင်လတ်လတ် မကောင်းဆိုးဝါး နာနာဘဝ၏ ဖမ်းယူခြင်းခံရကာ တစ္ဆေကြီး၏ မယား အဖြစ်နေထိုင်ရသည်ဟု တောကွက်ရွာ၌ နောင်လာနောက်သားများ ဆင်ခြင်စရာ ပြောစမှတ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့လေတော့သည်။

————————————————

ပြီးပါပြီ။

ဝန်ခံချက်။

စာရေးတတ်သူ မဟုတ်ပါ ။ လိုအပ်ချက်များအား သည်းခံဖတ်ပေးပါ။ စာရေး ဆရာ ဆရာမများ ဝေဖန် ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။

စာရေးဝါသနာရှင်-