တစ္ဆေလက်သီး

တစ္ဆေလက်သီး

ဆရာ တာတေ

ဒီနှစ် ရွှေတောင်ဦးဘုရားပွဲက လွှတ်စည်တာဗျ။
ကျုပ် စိတ်ထင်တော့ အနီးအနားရွာတွေမှာ ရွာထဲ
လူမကျန်အောင်ကို လာကြတယ် ထင်တာပဲဗျာ။

ကျုပ်တို့အဖွဲ့တွေမှာ လှည်းဝိုင်းတွေချဖို့ လုပ်ထားတဲ့နေရာနဲ့
မလောက်တော့လို့ ထပ်ပြီးချဲ့ပေးကြရတယ်။
အစားအသောက် ရောင်းတဲ့ ဆိုင်တွေဆိုတာ အစောကြီးကို
ပြတ်ကုန်တာဗျ။ အပိန့်ခေါက်ဆွဲကြော်ဆိုင်ဆိုတာ
ကြော်လို့ကို မနိုင်တော့တာဗျို့။

မျက်လှည့်ပွဲမှာရော ဇာတ်ရုံနှစ်ခုထဲမှာရော
ကြိမ်ခွေစွပ်တဲ့
ဆိုင်တွေ ဘောလုံးပစ်တဲ့ဆိုင်တွေ အနီတောင်လို့ ခေါ်တဲ့
မြားပစ်တဲ့ ဆိုင်တွေမှာလည်း လူတွေကို ခဲနေတော့တာဗျ။

လူအများဆုံးနေရာကတော့ ဗမာ့လက်ဝှေ့မှာပေါ့ဗျာ။
လုံးတူ ဆိုက်တူတွေကို တွဲပြီး ထိုးခိုင်းရတာဗျ။
တော်တော်များများကတော့ လူငယ်တွေပါပဲဗျာ။
အသက်နှစ်ဆယ်ဝန်းကျင်တွေ ထိုးကြတာများ ရတာပေါ့ဗျာ။

ဒိုင်တွေကတော့ မန္တလေးတို့ မြဝတီတို့ ကော့ကရိတ်ဘက်တို့က
လာကြတာဗျ ။ တောဘုရားပွဲက လက်ဝှေ့ပွဲဆိုတော့လည်း
စင်တွေ ဘာတွေတော့ မပါဘူးပေါ့ဗျာ ။ မြေကြီးပေါ်မှာပဲ
ကြိုးဝိုင်းလုပ်ထား ရတာပေါ့ဗျာ။

ကြည့်တဲ့ ပရိတ်သတ်ကတော့ ကြိုးဝိုင်းလေးဘက်လေးတန်းမှာ
အပြည့်ဗျ။ တစ်ချီ တစ်ချီ ထပ်ပြီး အော်လိုက်တဲ့ အသံကြီးက
ညံထွက်နေတာဗျို့။ ဒီလက်ဝှေ့ပွဲမှာ လူငယ်ချည်း ထိုးတာတော့
မဟုတ်ဘူး ။ ဟိုနယ် ဒီနယ် ရောက်လာတဲ့ လက်ဝှေ့သမားတွေရဲ့
စိန်ခေါ်ပွဲတွေလည်း ပါတာဗျ။ အဲဒီစိန်ခေါ်ပွဲကတော့
တကယ်ကြေးကြီးစားတဲ့ပွဲတွေလည်း ပါတာဗျ။

ဘုရားပွဲကပေးတဲ့ ဆုကတော့ သတ်မှတ်ထားတဲ့
ပွဲတွေအတွက်ပဲ ပေးတာဗျ။ ဒီလို ကြားပေါက်ပွဲတွေကတော့
လောင်းကြေးပေါ်ကနေ အချိုးကျခွဲပြီး ချီးမြှင့်တာ
သိန်းဂဏန်းတော့ ရှိတာများပါတယ် ။ နာမည်ကြီး
လက်ဝှေ့သမားတွေ ဆိုရင် လောင်းကြေးလည်း မြင့်သလို
ဆုကြေးလည်း မြင့်တာပေါ့ဗျာ ။ နာမည်သိပ်မကြီးတဲ့
လက်ဝှေ့သမားကတော့ လောင်းကြေးလည်း နိမ့်သလို
ဆုကြေးလည်း နိမ့်တာပေါ့ ။

အဲဒီပွဲစဉ်တွေထဲမှာ ပရိတ်သတ် စိတ်အဝင်စားပွဲကတော့
ကော့ကရိတ်က ရောက်လာတဲ့ ကရင်လက်ဝှေ့သမားနဲ့
ကျုပ်တို့ရွာသား ရွှေမိုးတို့ပွဲပဲဗျ။ လောင်းကြေးအမြင့်ဆုံးနဲ့
ဆုကြေးအမြင့်ဆုံးပဲဗျို့။ ပြောရဦးမယ်ဗျ။

ကိုရွှေမိုးကြီးက အသက်သုံးဆယ်လောက်ရှိပြီ။
သူ့ညီ ကိုရွှေဒိုးကတော့ အသက်(၂၇)နှစ်လောက်ပဲ ရှိမယ် ။
တောင်သူအလုပ်လည်း သူတို့ညီအစ်ကို လုပ်ပါတယ်။
ဒါပေမဲ့ သူတို့ ဝါသနာပါတဲ့ လက်ဝှေ့ထိုးတာကိုလည်း
မပြတ်လေ့ကျင့်နေကြတာဗျ။

တခြားဒေသကပွဲတွေမှာလည်း သူတို့ ညီအစ်ကိုက
ကြေးကြီးစားတွေဗျ။ ရှုံးပွဲမှကို မရှိကြတဲ့သူတွေပေါ့ဗျာ။
ရွာထဲကလူတွေ ပြောတာကတော့ ကိုရွှေမိုးက ပိုတော်တယ်တဲ့ဗျ။
ခြေအနှုတ်အသိမ်း လက်သီးအထွက် လွှတ်မြန်တယ်ဆိုပဲ။
ကိုရွှေမိုးရဲ့ လက်သီးချက် နှစ်ချက်လောက် မိသွားလို့ကတော့
ကားကနဲ့ မှောက်သွားကြတာတာချည်းပါပဲဗျ။

ကော့ကရိတ်က ရောက်လာတဲ့ ကရင်လက်ဝှေ့သမားက
သူ့နာမည်ကို စောကရင်လို့ပဲ ကြေညာတာဗျ ။ သူနာမည်ကတော့
ဘယ်သူမှ မသိကြဘူးလေ ။ ကိုရွှေမိုးနဲ့ စောကရင်တို့
လက်ဝှေ့ကြိုးဝိုင်းထဲ မဝင်ခင် ဒိုင်လူကြီးသုံးယောက်ရဲ့
ရှေ့မှာ လက်မှတ်ထိုးကြ ရတယ်ဗျ။

အခုထိုးမယ့် လက်ဝှေ့ရဲ့ စည်းကမ်းချက်တွေကို
ဒိုင်လူကြီးတစ်ယောက်က ရှင်းပြတယ် ။ အဲဒီအထဲမှာ
မတော်တဆ အသက်အန္တရာယ် ရှိခဲ့ရင် နှစ်ဦးစလုံးက
ကျေနပ်ကြောင်း အမှုအခင်းမလုပ်နိုင်ကြောင်းလည်း
ပါတယ်ဗျ ။ ပြောပြတဲ့ အချက်တစ်ချက်ချင်းကို
သဘောတူကြောင်း နှစ်ယောက်လုံး လက်မှတ်ထိုးကြရတယ်

ဒါကတော့ စိန်ခေါ်ပွဲတွေရဲ့ ထုံးစံပဲ ထင်ပါတယ်
ပွဲကြည့်ပရိတ်သတ်တွေဆိုတာ ပွဲစမယ့်အချိန်ကိုပဲ
မျှော်နေကြတာပေါ့ဗျာ ။ လက်ဝှေ့ပွဲမှာက ဆိုင်းဝိုင်းလည်း
ပါတာဗျ။ စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ တစ်ပြိုင်နက်
ဆိုင်းဝိုင်းကလည်း လက်ဝှေ့ရေးပြဖို့
ဗိန်းဗောင်းတီးတော့တာပေါ့ဗျာ။

“ဗေ့ပုံ …ဗေပုံ …ဗေဗုံထိပုံဂျိ”

ဆိုတဲ့ ဆိုင်းသံလည်း ထွက်လာရော ကြိုးဝိုင်းထဲကို
အရင်ဝင်လာတဲ့သူက စောကရင်ဗျ။ လူက ဂင်တိုတို
ပုပြတ်ပြတ် အောက်ခံဘောင်းဘီအနီက ဒူးခေါင်းအထိ
ဖုံးနေတယ် ။ အဲဒီအပေါ်ကမှ ပုဆိုးကို ခေါက်ပြီး အချွန်းပုံ
ချီထားတာပေါ့ဗျာ ။ ကိုယ်ပေါ် အပိုင်းကတော့ ဗလာပေါ့ဗျာ။

ရင်အုပ်မောက်မောက်ကြီးနဲ့ လက်မောင်းကြွက်သားတွေ
အပြိုင်းပြိုင်း ထနေတာဗျ။စောကရင် သူ့လက်ကို ထောင်ပြတယ်
လူတွေက သူ့လက်သီးကို ပြတယ်ထင်တယ်ဗျ။မဟုတ်ဘူးဗျို့။
စောကရင် ပြတာက သူ့လက်ဖျံ ပုတ်ပြတာ။ ပြီးတော့
လက်ညှိုး တစ်ချောင်း ထောင်ပြတယ်ဗျ။
တချို့ကတော့ သဘောပေါက်တာပေါ့ဗျာ။

“သူ့လက်က လက်ဖျံရိုးတစ်ချောင်းတည်း ရှိတယ်ဆိုတာကို
ပြောနေတာကွ”

လို့ တစ်ယောက်ကို တစ်ယောက် တိုးတိုး တိုးတိုးနဲ့
ပြောကြတော့တာပေါ့ဗျာ။လက်ဖျံတစ်ချောင်းနဲ့ဆိုရင်
လက်သီးချက်က လွှတ်ပြင်းတာပေါ့ဗျာ ။ စောကရင်
လက်ဝှေ့ရေးပြပြီးတော့ ကျုပ်တို့ရွာသား ကိုရွှေမိုး
ကြိုးဝိုင်းထဲကို ဝင်လာတယ် ။ ဆိုင်းကလည်း
မြူးမြူးကြွကြွကလေး တီးပေး ။ ကိုရွှေမိုးကလည်း
လက်ဝှေ့ရေးကို လှလှပပ ပြတာပေါ့ဗျာ။

လက်ခုတ်သံတွေ ဆူညံသွားရောဗျို့။ ကိုယ်ဒေသသားကိုဗျ။
ဟိုရွာ ဒီရွာက လာကြည့်ကြတဲ့ လက်ဝှေ့ဝါသနာအိုးတွေက
ကိုရွှေမိုးဘက်ကပဲ လောင်းကြေးထပ်ကြတာပေါ့ဗျာ။
လက်ဝှေ့ရေးပြပြီးပြီဆိုတော့ ပွဲစပြီဗျို့။ ကြိုးဝိုင်းဒိုင်က
ရန်ကုန်က လာတာတဲ့ဗျ ။ လက်ဝှေ့ပညာရှင်ကြီးဆိုပဲဗျ။
သူလည်း ခါးတောင်းကျိုက်ထားတာဆိုတော့ ပေါင်တွေမှာ
ထိုးကွင်းတွေမှ ပြည့်လို့ဗျ။ ဟော စထိုးပြီဗျို့။
ဆိုင်းကလည်း ခပ်ကြမ်းကြမ်းကို တီးပေးတာဗျို့။

“ဖြောင်း ဖြောင်း ”

ဟာ စထိုးပြီဗျို့။ ဆိုင်းကလည်း ခပ်ကြမ်းကြမ်းကို
တီးပေးတာဗျို့။

“ဖြောင်း ဖြောင်း”

ဟာ ကိုရွှေမိုး ထိုးပြီ။ စောကရင်ရဲ့ မေးရိုးကို တစ်ချက်
ပခုံးကို တစ်ချက် ထိသွားတယ်ဗျ။

“ဝေး”

ပရိတ်သတ်ရဲ့ အော်သံကြီးဗျာ ကြောက်စရာတောင်
ကောင်းသေရဲ့။

ဟော စောကရင်က ကိုရွှေမိုးကို လိုက်ထိုးပြီဗျို့။
ကိုရွှေမိုးက ပေါ့ပေါ့ပါးပါးနဲ့ကို လှည့်ပတ်ပြီး ရှောင်ပေးလိုက်တယ်
ရှောင်ပေးနေရင်းနဲ့ စောကရင်ရဲ့ လွတ်သွားတဲ့ မျက်နှာကို
ဖြောင့်လက်သီးတစ်လုံး ပစ်ထည့်လိုက်တယ်။

“ဖြောင်း”

စောကရင် နောက်ကို ခေါင်းလည်ထွက်သွားတယ်ဗျ။

“ဝေး”

အော်ကြပြန်ပြီဗျို့။ ကိုယ်နယ်သားက ဖိထိုးနေတော့
လူတွေဆိုတာ ကြုံးအော်တော့တာဗျ။

“ဘုန်း”

ဟာ ဒီတစ်ခါတော့ ကိုရွှေမိုး ထိသွားပြီဗျို့။
ရင်ဘတ်တည့်တည့်ကို ဝင်လာတဲ့ စောကရင်ရဲ့
ဖြောင့်လက်သီးကို ကိုရွှေမိုး မကာနိုင်ဘူးဗျ။
နောက်ကို နည်းနည်းယိုင်ထွက်သွားတယ်။

“ရွှေမိုး ထိုးကွ ။ ထိုး ။ ထနောင်းကုန်းသားရဲ့
သတ္တိကို ပြလိုက်စမ်းကွ”

အော်သံတွေ ထွက်လာပြန်ရောဗျို့ ။ပွဲကြည့်တဲ့လူတွေက
သူတို့ပါ ဝင်ထိုးတော့မယ် အတိုင်းပါပဲဗျာ ။
ကျွက်ကျွက်ကိုညံနေတော့တာဗျ။တစ်ယောက်နဲ့
တစ်ယောက် လှည့်ပတ်ပြီး ချောင်းနေတာဗျ။
ဟော ထိုးပြီ ထိုးပြီ ။ ကိုရွှေမိုး ဆက်တိုက်ထိုးပြီဗျ။

“ဖြောင်း…ဖြောင်း ဖြောင်း”

မျက်နှာကို ထိုးချလိုက်တာဗျ။
“ဖြောင်း ဖြောင်း”ဆိုတာက မျက်လုံးအောက်တွေကို
ထိနေတာ ။ နောက်တစ်ချက် ‘ခွပ်’ဆိုတာက မေးရိုးကို
ကော်ပြီး ထိုးလိုက်တာ။ဟာ လဲပြီ။ လဲပြီ။ စောကရင်
ဖင်ထိုင်လျက် လဲပြီဗျ။

“ဝေး…ရွှေမိုးကွ ။ ရွှေမိုး”

စောကရင် ခေါင်းမူးသွားပုံပဲဗျ။ချက်ချင်းမထနိုင်ဘူး။
ခဏနေမှ ပြန်ထလာတယ် ။ ဒါတောင် ဒယီးဒယိုင်နဲ့ဗျ။

“ရွှေမိုးကွ ။ ရွှေမိုး ထိုးစမ်းကွ ထပ်ထိုး”

ပရိတ်သတ်ကလည်းဗျာ ကိုယ်ရွာသားမှ ကိုယ်ရွာသားကို
ဖြစ်နေတာဗျို့ ။ပြန်ထိုးပြီဗျ။ တစ်ယောက်နဲ့ တစ်ယောက်
လှည့်ပတ်ပြီး ချောင်းနေကြပြန်ရောဗျို့။ဟော ထိုးပြီး ထိုးပြီ။

“ဖြောင်း ဖြောင်း ဘုန်း ဖြောင်း ဘုန်း ဘုန်း”

ဟာ ဒီတစ်ခါတော့ ပြေးကပ်လိုက်ပြီးတော့ နှစ်ယောက်စလုံး
တေ့ပြီးထိုးကြတာဗျ။ နှစ်ယောက်စလုံး ထိတာပဲ။
ဟော သွားပြီ ။ သွားပြီ ။ ဟာ ကန်ပြီဗျို့။

“ဖြောင်း”

နှစ်ယောက်သား ပူးပြီးထိုးနေရာကနေ နောက်ကို ပြန်ဆုတ်ပြီး
လူချင်းခွဲလိုက်တဲ့အချိန်မှာ လျင်လိုက်တဲ့ ကိုရွှေမိုးဗျာ။
စောကရင်ရဲ့ မေးဖျားကို ခြေထောက်နဲ့ ခုန်ကန်လိုက်တာဗျို့။
ဒါပေမဲ့ မေးဖျားကို မထိဘဲ ရင်ဘတ်ကိုပဲ ကန်မိတယ်။
ဟာ လွင့်ထွက်သွားပြီ။ ဖင်ထိုင်လျက် ကျသွားပြီဗျို့

စောကရင် လဲတာ ဒါပါနဲ့ဆို နှစ်ခါရှိပြီ။
စောကရင် ရင်ဘတ်တော်တော်အောင့်သွားပုံပဲဗျ။
ပြန်ထနိုင်တော့ ခုန်ဆွ ခုန်ဆွ လုပ်ပြီး အသက်ရှုနေရတယ်

ဟော ကပ်လာပြန်ပြီဗျို့ ။ ကပ်လာပြီ ။ ကိုရွှေမိုးက
စောကရင် အထိနာနေမှန်းသိတော့ ဖိထိုးတာပေါ့ဗျာ။
ပြေးဝင်သွားပြီဗျို့။ ကိုရွှေမိုး ပြေးဝင်သွားပြီ ။

ဝှီး ဝှီး

ဟာ ဝိုက်လက်သီးထိုးတာဗျ။ ဘယ်ဝိုက်တွေ ညာဝိုက်တွေပါ
ထိုးတာဗျ။မထိဘူးဗျ။ စောကရင်က နောက်ကိုလှန်ပြီး
ရှောင်တာ လွတ်တယ်ဗျ။ ဟော စောကရင် ပြန်ထိုးပြီဗျို့။

ခွပ် ဘုန်း

‘ခွပ်’ ဆိုတာက ကိုရွှေမိုးရဲ့ မေးရိုးကို ထိသွားတာဗျ။
‘ဘုန်း’ဆိုတာက ကိုရွှေမိုးရဲ့ ရင်ဝကို ထိုးမိသွာူတာ။

“ဒုန်း”

“ဟာ ရွှေမိုး သတိထား သတိထား”

ကိုရွှေမိုးက ရှေ့ကို ကိုယ်ကြီးကိုင်းပြီး ဒူးထောက်လျက်
ကျသွားတာဗျို့။ ဟာ စောကရင်ရှေ့ကို တိုးဝင်လာပြီ။

“ဒုန်း”

“ဟာ ရွှေမိုး သတိထား ။ ရွှေမိုး သတိထား”

စောကရင်က သူ့ရဲ့ လက်သီးကြီးနှစ်လုံးနဲ့ ကိုရွှေမိုးရဲ့
နားထင်ကို နှစ်ဖက်ညှပ်ပြီး ရိုက်ချလိုက်တာဗျို့။

“ဘုန်း”

“ဟာ ရွှေမိုး”

ကိုရွှေမိုး ရှေ့ကို ဟပ်ထိုးကျသွားပြီဗျို့။ကြိုးဝိုင်းဒိုင်က
ပြေးလာပြီး ထုံးစံအတိုင်း နံပတ်တွေ ရေရတာပေါ့ဗျာ။

“တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်”

နံပတ်ပြည့်သွားပြီ။ ကိုရွှေမိုးကတော့ လုံးဝကို ပြန်မထနိုင်တော့ဘူးဗျာ။

“ဝေး”

စောကရင် အော်ပြီဗျို့။ သူ နိုင်သွားပြီလေဗျာ။
ကျုပ်တို့ ရွာသား ကိုရွှေမိုး ရှုံးသွားပြီလေဗျာ။
ဒီတော့လည်း ပရိတ်သတ်က မဆိုးပါဘူးလေ။
လက်ခုတ်တွေ တီးပြီးတော့ စောကရင်ကို ဂုဏ်ပြုကြပါတယ်။

စောကရင်ကလည်း သူ့ကို အခုလို ဂုဏ်ပြုတဲ့ ပရိတ်သတ်ကို
လက်အုပ်ချီပြီး ကြိုးဝိုင်းရဲ့ လေးဘက်လေးတန်းကို ကန်တော့တယ်ဗျ။
ကြိုးဝိုင်းဒိုင်က ဒူးထောက်ပြီး ကိုရွှေမိုးကို လှုပ်နှိုးတယ်။
နှိုးလို့မရတာ လည်ပင်းကို စမ်းကြည့်တယ်

“ဟာ”

ကြိုးဝိုင်းဒိုင် ပါးစပ်ဟသွားတယ် ။ပြီးတော့ အနိုင်အရှုံးဆုံးဖြတ်တဲ့
ဒိုင်တွေဘက်ကို လှည့်ကြည့်ပြီး ခေါင်းရမ်းပြတယ် ။

“ဟင် ဘယ်လို ဖြစ်တုံး”

“ဟာ ကိုရွှေမိုး ဘာဖြစ်တုံး”

ပရိတ်သတ်က ကျွတ်စီ ကျွတ်စီ ဖြစ်ပြီဗျို့။အပြင်ဒိုင်တွေ
ကြိုးဝိုင်းထဲ ဝင်သွားပြီး ကိုရွှေမိုးကို စမ်းကြည့်ကြတယ်
ဟော ကျုပ်တို့ရွာက ကျန်းမာရေးမှူး ဦးဝင်းထိန် ကြိုးဝိုင်းထဲ
ဝင်သွားပြီး နားကြပ်နဲ့ ကိုရွှေမိုးကို စမ်းတယ် ။ ဦးဝင်းထိန်
ခေါင်းရမ်းပြလိုက်တယ်။ဒါ နောက်ဆုံးအဆုံးအဖြတ်ပေါ့ဗျာ။

ပရိတ်သတ်တွေအားလုံး ငြိမ်ကျသွားပြီဗျို့။
ပွဲတစ်ခုလုံး တိတ်ဆိတ်လို့ ။ စောကရင်ကလည်း
တော်တော်ကို စိတ်မကောင်းဖြစ်သွားပုံပါပဲဗျာ။
ကြိုးဝိုင်းထောင့်ကလေးမှာ သွားထိုင်နေတယ်

ကိုရွှေမိုးအလောင်းကို ကပ်နဲ့သယ်ထုတ်သွားပြီ။
လူတွေ အားလုံး လိုက်သွားကြတယ်
ဒိုင်က စောကရင် နိုင်ကြောင်း ကြေညာတယ်
လက်ဝှေ့ထိုးတဲ့ပွဲတွေမှာ ဒီလိုဖြစ်တတ်တဲ့အကြောင်း
ပြောတယ်။လက်ဝှေ့ပွဲ မစခင် ကတည်းက
နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီးမှ အခုလို
ထိုးသတ်တာဖြစ်လို့ စောကရင်မှာ ရာဇဝတ်ကြောင်းအရ
အပြစ်မရှိကြောင်း ရှင်းပြတယ်။

ပြီးတော့ စောကရင်ကို ဆုကြေးငွေ ပေးတယ်။
ဒီမှာတင် ပြဿနာ စတော့တာပေါ့ဗျာ။ကိုရွှေမိုးရဲ့ညီ
ကိုရွှေဒိုးက ဒိုင်လူကြီးတွေရှေ့မှာ စောကရင်ကို စိန်ခေါ်တယ်။

စောကရင်က ကိုရွှေဒိုးကို တောင်းပန်တယ်ဗျ။
အခုလို စိတ်လိုက်မာန်ပါ မလုပ်ဖို့ပြောတယ်။
ဒါပေမဲ့ အစ်ကိုအတွက် သွေးဆူနေတဲ့ ကိုရွှေဒိုးက
ဘယ်သူဖျောင်းဖျလို့မှ မရတော့ဘူးဗျို့။
ဒါနဲ့ပဲ နောက်ဆုံးတော့ လက်ဝှေ့ပွဲ နောက်ဆုံးညမှာ
စိန်ခေါ်ပွဲ ကျင်းပပေးဖို့ ဒိုင်လူကြီးတွေရော
ရွာလူကြီးတွေရော စောကရင်ရော ကိုရွှေဒိုးရော
အားလုံးသဘောတူလိုက်ကြတယ်

ဒီသတင်းက ဘုရားပွဲတစ်ဝိုက်ကို ချက်ချင်းပျံ့သွားပြီးတော့
အားလုံးက ပွဲကြီးပွဲကောင်းတစ်ပွဲတော့ ကြည့်ရပြန်ပြီဆိုပြီး
မျှော်လင့်နေကြတော့တာပေါ့ဗျာ။

ကျုပ်တို့ကတော့ ဘုရားပွဲကိစ္စ လုပ်လိုက်ကြ
ကိုရွှေမိုး အသုဘကိစ္စ လုပ်လိုက်ကြနဲ့
တအားပင်ပန်းနေကြတာပေါ့ဗျာ။
အသုဘရက်အတွင်း ကိုရွှေဒိုးကို လုံးဝမတွေ့ရဘူးဗျ။

“ကိုရွှေဒိုးတစ်ယောက် မမြင်ပါလားဗျ”

လို့ ကျုပ်က ကိုဆိတ်ဖွားကို မေးလိုက်တယ်
ကိုဆိတ်ဖွားက ကျုပ်နားနားကိုကပ်ပြီး
တိုးတိုးလေး ပြောတယ်ဗျ။

“တာတေ ကိုရွှေဒိုးက တောထဲဝင်သွားပြီကွ။
တောထဲမှာ တစ်ယောက်တည်း လက်ဝှေ့သွားကျင့်နေတယ်တဲ့”

“ဟာ ဟုတ်လား ။ သူအစ်ကိုရွှေမိုး သင်္ဂြ ိုဟ်တဲ့နေ့က
ကျုပ် တွေ့လိုက်ပါတယ်”

“အေး ဟုတ်တယ် ။ အဲဒါ ခဏလာတာ ။ ပြီးတော့
တောထဲ ပြန်ဝင်သွားတယ် ”

ကိုဆိတ်ဖွားလည်း ငြိမ်ပြီး စဉ်းစားနေတယ် ။
ကျုပ်လည်း တွေးနေမိတာပေါ့ဗျာ။

(ကဝေပျံစာအုပ်ထဲမှာ ‘ပင်လယ်စုန်း ‘မှာ ကိုဆိတ်ဖွားအကြောင်း
ကျုပ်ရေးခဲ့ပါတယ်)

“တာတေ ငါ့သဘောပြောရရင်တော့ ရွှေမိုးက ရွှေဒိုးထက်
လက်ဝှေ့ပညာမှာ အပုံကြီးသာတာကွ။ ရွှေမိုးတောင် စောကရင်ကို
မနိုင်ရင် ရွှေဒိုးက စောကရင်ကို နိုင်ဖို့ လွယ်ပါ့မလား”

ကိုဆိတ်ဖွားပြောတာ အမှန်ဗျ။ ဒါ စေတနာစကားဗျ။
ကိုရွှေဒိုးအတွက် စိုးရိမ်လို့ပြောတာ ။

“ကျုပ်လည်း ဒီအတိုင်း တွေးမိတာပဲဗျ။ ကိုဆိတ်ဖွားရဲ့။
ဒါပေမဲ့ အခြေအနေက လွန်သွားပြီလေ။ တရားဝင် စိန်ခေါ်ပြီး
ပွဲရက်တောင် သတ်မှတ်ပြီးသွားပြီလေ”

“အေး အဲဒါကြောင့် ငါ စိုးရိမ်နေတာပေါ့ တာတေရ”

“ကျုပ်လည်း ကိုရွှေဒိုးအတွက် စိတ်ပူမိတာပါပဲဗျာ”

ကျုပ်နဲ့ ကိုဆိတ်ဖွား ပြောနေတာကို ဘေးက နားထောင်နေတဲ့
ကိုဖိုးထောင်ကလည်း ဝင်ပြောတယ်ဗျာ။

“သိပ်မပူပါနဲ့ကွာ ။ လက်ဝှေ့ထိုးတယ်ဆိုတာ ပညာသက်သက်လည်း
မဟုတ်ဘူးကွ။ ကံလည်းပါတယ် တာတေရ ။ ကိုယ့်အတွက်
ထိုးကွက်ကောင်းတွေ အမှတ်မထင် ပေါ်လာရင် ကိုယ်ကလည်း
မိမိရရ ထိုးလိုက်နိုင်ရင် ကိုယ်နိုင်တာပဲကွ ။ ပြီးတော့
စောကရင်က ရွှေမိုးကိစ္စနဲ့ တော်တော်ကို တုန်လှုပ်သွားတာကွ။
လက်ဝှေ့သမားတစ်ယောက်ဟာ အဲဒီလို စိတ်တုန်လှုပ်သွားရင်လည်း
ရှုံးတတ်တာကွ”

(ကိုဖိုးထောင်အကြောင်းကို ‘သံလက်ဝါးမဖဲဝါ’စာအုပ်ထဲက
ကိုးသင်္ချိုင်းပုဆိန်မှာ ဖတ်နိုင်တယ်ဗျ)

“ဖိုးထောင် မင်းပြောချင်တာက စောကရင် ရှုံးနိုင်တယ်လို့
ပြောချင်တာမို့လား”

“ဟုတ်တယ် ကိုဆိတ်ဖွားရဲ့ ။ ကျုပ်တော့ ရွှေဒိုးနိုင်မယ်ထင်တာပဲဗျာ”

“ဖိုးထောင် မင်းစဉ်းစားနော် ။ ဟိုနေ့က ပွဲမှာ စောကရင်ကို
ရွှေမိုး ထိုးထားတာ နည်းနည်းနောနောမှ မဟုတ်တာကွာ။
ဒါတောင် ဒီကရင်က တောင့်ခံနိုင်တာကွ ။ ပြီးတော့
ဒီကောင်က လက်ဖျံတစ်လုံးတည်းကောင်ကွ။ အဲဒီလို
လက်ဖျံတစ်လုံးတည်း ရှိတဲ့ကောင်တွေက လွှတ်သန်တာနော”

“ဒါတော့ ကိုဆိတ်ဖွားပြောတာ ဟုတ်တယ်ဗျ။ ကိုဖိုးထောင်ရဲ့။
ကိုရွှေမိုးကို နောက်လုပ်လိုက်တဲ့ နားထင်နှစ်ဖက်ကို ညှပ်ရိုက်ချလိုက်တာ
အဲဒီလက်ဖျံအားနဲ့ ရိုက်လိုက်တာဗျ။ ကိုရွှေမိုးအသက်
ပါသွားတာနော်”

“တာတေရေ လက်ဝှေ့ဆိုတာ သတိပဲကွ။ သတိတစ်ချက်
လွတ်သွားရင် ခံရမှာပဲ”

ကိုဖိုးထောင် ပြောတာလည်း ဟုတ်တာပဲဗျ။ကျုပ်လည်း
ငိုင်ပြီး စဉ်းစာနေမိတော့တာပေါ့ဗျာ။ အသုဘအိမ်က ဝိုင်းထဲမှာ
ထိုးထားတဲ့ ကနဖျင်းထဲမှာ ကိုယ်အုပ်စုနဲ့ ကိုယ် ရေနွေးကြမ်း
သောက် လက်ဖက်စားရင်း တိုးတိုး တိုးတိုး စကားပြောနေကြတာပေါ့ဗျာ။
အားလုံးကတော့ ကိုရွှေဒိုး ထပ်ပြီးဒုက္ခရောက်မှ စိုးရိမ်နေကြတာပေါ့ဗျာ။

ဒါပေမဲ့ ဘယ်လိုပဲ စိုးရိမ် စိုးရိမ် စကားက လွန်နေပြီဗျ။
လူကြီးတွေ အားလုံးရှေ့မှာ စိန်ခေါ်ပွဲလက်မှတ်တွေ ထိုးပြီးသွားပြီဗျ။

ကိုရွှေဒိုးက တောထဲဝင်ပြီး လက်ဝှေ့ကျင့်နေလို့ စောကရင်ကလည်း
မီးလောင်ကုန်းက သူ့မိတ်ဆွေ တစ်ယောက်ရဲ့ အိမ်မှာ လက်ဝှေ့
ကျင့်နေတယ်ဗျ။

အားလုံးမျှော်လင့်နေတဲ့နေ့ ရောက်ပြီပေါ့ဗျာ။ ဒီနေ့ဟာ
လက်ဝှေ့ပွဲတွေ အားလုံး ပြီးသွားတဲ့နေ့ဗျ။ ညခုနှစ်နာရီမှာ
ကိုရွှေဒိုးနဲ့ စောကရင် နောက်ဆုံးပွဲထိုးမှာ ။ ပြီးရင် ဒီနှစ်ဘုရားပွဲအတွက်
ဗမာ့လက်ဝှေ့ပွဲ ပြီးဆုံးသွားပြီပေါ့ဗျာ။

ထနောင်းကုန်း။မီးလောင်ကုန်း ။ငွေတွင်းကုန်း။ ဘန့်ဘွေးကုန်းစတဲ့
အနီးအနားရွာတွေက သူကြီးတွေ အကုန်ရောက်နေကြပြီ။
အရှုံးအနိုင်ကို ဆုံးဖြတ်မယ့် ဒိုင်လူကြီးသုံးယောက်နဲ့ ရန်ကုန်က
လာတဲ့ ကြိုးဝိုင်းဒိုင်လူကြီးလည်း ရောက်ပြီဗျ။

ကြိုးဝိုင်းရဲ့ လေးဘက်လေးတန်းမှာ ရောက်နေတဲ့
ပရိတ်သတ်တွေကလည်းကြိတ်ကြိတ်ကို တိုးနေတော့တာဗျို့။
စောကရင်က ဒူးဖုံးဘောင်းဘီအနီပေါ်မှာ ပုဆိုးပတ်စည်းထားတယ်။
ကိုရွှေဒိုးကဘောင်းဘီအနက်ပေါ်မှာ ပုဆိုးပတ်စည်းထားတယ်။

ဆိုင်းဝိုင်ူက ဧည့်ခံတီးလုံး စနေပြီဗျ။ဒီတစ်ခါ ကြိုးဝိုင်းထဲကို
အရင်ဝင်ရတဲ့သူက ကိုရွှေဒိုးဗျ။ တည်ငြိမ်နေတဲ့ မျက်နှာနဲ့
လက်ဝှေ့ရေးပြတယ်။ သဘောလောက်ပါပဲ။
သိပ်ကြာကြာ မပြပါဘူး။ပြီးတော့ စောကရင်။
သူလည်း လက်ဝှေ့ရေးကို စတိလောက်ပဲ ပြတာဗျ။

စောကရင်လည်း မျက်နှာ နည်းနည်းတော့ ပျက်နေတယ်ဗျ။
ကိုဆိတ်ဖွားပြောတာ ဟုတ်လောက်မယ်။ လက်ဝှေ့ပွဲထုံးစံအတိုင်း
ကြိုးဝိုင်းဒိုင်က လက်ဝှေ့ပွဲမှာ မလုပ်ရမယ့်ကိစ္စတွေကို
ရှင်းပြနေတယ် ။ ပြီးတာနဲ့ တစ်ယောက် တစ်ထောင့်ဆီသွားပြီး
ရပ်နေရတာပေါ့ဗျာ။

“နောင်”

ပွဲတော့ စပြီဗျို့။နှစ်ယောက်သား ပြေးဝင်လာတယ်။
ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် လှည့်ပတ်ပြီး
အကဲခတ်နေတယ်ဗျ။ဘယ်သူမှစပြီး မထိုးသေးဘူး။
ကြိုးဝိုင်းအလယ်မှာ လှည့်ပတ်ပြီး တစ်ယောက်ကိုတစ်ယောက်
ချောင်းနေတယ် ။

“ဖောင်း”

“ဘုန်း”

ကိုရွှေဒိုးက စထိုးတယ်ဗျ။ စောကရင်ရဲ့ မျက်နှာကို
လက်သီးတစ်လုံး ဝင်သွားတယ်။ ဖောင်း ဆို မြည်သွားတာဗျို့။
လက်သီးတစ်ချက် ထိတာလောက်တော့ စောကရင်က ဖြုန်တောင်
မဖြုန်ဘူးဗျို့။ ချက်ချင်းကို ပြန်ထိုးလိုက်တာ ဘုန်း ကနဲ
မြည်ပြီး ကိုရွှေဒိုးရင်ဘတ်ကို ထိတယ်။ တစ်ယောက်နဲ့
တစ်ယောက်ကတော့ လှည့်ပတ်ချောင်းနေတော့တာဗျ။

“ဖုန်း ဖြောင်း”

“ဝေး ရွှေဒိုးကွ ထနောင်းကုန်းသားကွ”

ကိုရွှေဒိုးက စောကရင်ကို အငိုက်မှာ ခြေထောက်နဲ့ ပတ်ပြီး
ကန်လိုက်တာဗျို့။ ‘ဖုန်း’ဆိုတဲ့ အသံက လက်ပြင်ကို
ထိသွားတာ။ ပြီးတော့ တစ်ဆက်တည်း မေးဖျားကို ထိသွားပြီး
‘ဖြောင်း’မြည်သွားတာ။ဒီတစ်ခါတော့ စောကရင် နောက်ကို
ယိုင်သွားပြီး ခြေတစ်လှမ်း နောက်ကို ဆုတ်သွားတယ်ဗျို့

စောကရင်က ခေါင်းကို တစ်ချက်ခါလိုက်တယ်။
နည်းနည်းမူးသွားတယ် ထင်ရဲ့။ချက်ချင်း ပြေးဝင်လာတယ်။
ဒီလက်ဝှေ့ပွဲက တစ်ယောက်နဲ့တစ်ယောက် ဘာမာယာ
ဘာပရိယာယ်မှ မပါဘဲ ရိုးရိုးသားသား ပညာချင်းပြိုင်တဲ့ပွဲ
အစစ်ဗျ။

တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်ပြီး ပြန်ချောင်းနေပြန်ပြီဗျ။
စောကရင်က အသားဖြူတော့ မျက်နှာက ချက်ချင်းကို
ရဲတက်လာတာဗျို့။ကိုရွှေဒိုးကတော့ အညာသား အသားညိုညို
ဆိုတော့ ချက်ချင်းမသိသားသေးဘူးဗျ။ စောကရင်က
ခုန်နေတယ်ဗျ။ စောကရင် ဘာလုပ်တော့မယ်ဆိုတာ
ကိုရွှေဒိုးက ကြိုသိနေတဲ့ပုံပဲဗျ။ခုန်ပြီ စောကရင် ခုန်ကန်လိုက်ပြီ။

“ဝှီး”

လေကို ကန်မိတာဗျ။’ဝှီး’ကနဲ မြည်သွားတာဗျို့။
ဒီကန်ချက်သာ ထိသွားရင် ကိုရွှေဒိုး ပွဲသိမ်းသွားနိုင်တယ်။
ကိုရွှေဒိုးက ကိုယ်ကို နောက်ဘက်ကလေးယိမ်းပြီး ရှောင်ပေးလိုက်တယ်။

ခြေဖျားက ကိုရွှေဒိုးရဲ့ ရင်ဘတ်ရှေ့က ကပ်ပြီး လွတ်သွားတာ။
ကိုရွှေဒိုးကလည်း အဆင့်သင့်ပြင်ပြီးသားဗျ။ဘယ်တံတောင်နဲ့
စောကရင်ရဲ့ ပေါင်ကို ဆက်ကနဲ လှမ်းထောက်လိုက်တယ်။

စောကရင် ချိန်ဆထားတဲ့အရှိန်ကို နောက်ထပ်အရှိန်တစ်ခု
ခပ်ပြင်းပြင်း ထပ်ပေါင်းပေးလိုက်တယ်။ ဟန်ချက်ပျက်သွားပြီပေါ့ဗျာ။
စောကရင် မြေကြီးပေါ်ကို ဝမ်းလျားမှောက် လဲကျသွားတယ်။

“ဝေး…ကရင် သွားတော့မယ်ဟေ့”

ပရိတ်သတ်က ကိုယ့်ရွာသားနဲ့ ရွာနီးချုပ်စပ်က လူတွေလေဗျာ။
ကိုရွှေဒိုးကိုပဲ အားပေးတာပေါ့ဗျ။ ဒါပေမဲ့လည်း ကျုပ်တို့
အညာသားတွေက သိပ်တော့ မရိုင်းပါဘူးဗျာ။စောကရင်ကိုလည်း
အားပေကြပါတယ်။

“စောကရင် ထ ထ မြန်မြန်ပြန်ထပြီး ထိုးကွ”

ထပါတယ် ။ စောကရင်ကလည်း မြေပြင်မှာ လက်ထောက်ပြီး
ပြန်ထတယ် ။ ဒါပေမဲ့ တော်တော်တော့ ထယူရတယ်ဗျ။
စောကရင် ခုန်နေတယ်။ သွေးလှည့်ပတ်မှုကို မှန်အောင် ပြန်လုပ်တာ
ဖြစ်မှာဗျ။ မထိုးကြသေးဘူး ။ တစ်ယောက်ကို တစ်ယောက်
မျက်ခြည်မပြတ် ကြည့်နေတယ် ။

တစ်ယောက်ရဲ့ ဟာကွက်ကို တစ်ယောက်က ချောင်းနေကြတာပေါ့ဗျာ။

ကိုရွှေဒိုးက ရှေ့မှာကာထားတဲ့ လက်နှစ်ဖက်ကို ချက်ချင်း
အောက်ချလိုက်တယ်။ လျင်လိုက်တဲ့ စောကရင် ။ချက်ချင်း
ပြေးဝင်ပြီး ကိုရွှေဒိုးရဲ့ ရင်ဘတ်ကို ခေါင်းနဲ့ ပြေးဆောင့်တာဗျ။

ဒါပေမဲ့ ကိုရွှေဒိုးက တမင်ဖွင့်ပေးလိုက်တဲ့ အကွက်လေဗျာ။
ဘယ်လွယ်လွယ်နဲ့ရမလဲ။ကိုရွှေဒိုးက ကိုယ်ကို ဆတ်ကနဲ
တိမ်းပြီး ရှောင်လိုက်တယ်။ ပြီးတော့မှ ဘယ်ဒူးနဲ့
ရင်ဝကို ဆတ်ခနဲ ထိုးလိုက်တယ်။ စောကရင်
မျက်နှာကြီးရှုံ့ပြီး ဟက်ထိုးကြီး လဲကျသွားရောဗျို့။

“ဝေး…ကိုရွှေဒိုးတဲ့ဟေ့ ကရင် မထနိုင်တော့ဘူးကွ”

“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

အော်သံတွေရော လက်ခုတ်သံတွေရော ဆူညံနေတော့တာဗျာ။
ရွှေတောင်ဦး ဘုရားပွဲတင်မကဘူး ။ အနီးအနားရွာတွေပါ
လွှမ်းသွားလောက်ရဲ့ဗျ။ ဒီတစ်ခါတော့ စောကရင်
ချက်ချင်းမထနိုင်တော့ဘူးဗျာ။သူတို့ဘေးမှာ ပတ်ပြေးပြီး
မျက်ခြည်မပြတ် ကြည့်နေတဲ့ ကြိုးဝိုင်းဒိုင်လူကြီးက
ထုံးစံအတိုင်း ပြေးပြီး နံပါတ်ရေပြီပေါ့ဗျာ။

“တစ် နှစ် သုံး လေး ငါး ခြောက်”

“ဝေး…”

စောကရင် မထနိုင်တော့ဘူးထင်ပြီး လူတွေက အော်ကြတာဗျို့။

“ခုနှစ်”

ထပြီ။ စောကရင် ထလာပြီ။ နည်းနည်းတော့ ယိုင်သွားပြီဗျ။
သူ့ရင်ဘတ်ကို လက်နဲ့ဖိပြီး ခုန်ဆွ ခုန်ဆွ လုပ်နေတယ်။

“ဟေ့ကောင် ကရင် အရှုံးပေးလိုက်တော့ မင်း ရှုံးနေပြီ”

တစ်ယောက်တစ်ပေါက်ပေါ့ဗျာ အော်ဟစ်နေကြတာပေါ့။
ဒါကတော့ လက်ဝှေ့ပွဲရဲ့ ထုံးစံပေါ့။

ဒါပေမဲ့ စောကရင်ကတော့ သူတို့ထင်သလောက် မပျော့ဘူးဗျ။
လက်ဝှေ့သမားပါဆိုဗျာ။ ဇာတ်မင်းသားမှ မဟုတ်တာ။
ဒါလောက်နဲ့တော့ ခွေကျသွားပါ့မလားဗျာ။
ဟော စောကရင် ပုံမှန်ဖြစ်သွားပြီဗျ။ ကိုရွှေဒိုးနဲ့
စောကရင်ထိုးတဲ့ပွဲဟာ တော်တော်ကို ကောင်းတဲ့ပွဲပါဗျာ။

တစ်ယောက်ကို တစ်ယောက်တို့ လှည့်စားတာတို့ ဘာမှမလုပ်ဘဲ
ပညာသက်သက်ကို ပြိုင်ကြတာဗျ။ ဟာ…ဒီတစ်ခါတော့
စောကရင်က တိုက်ကွက်ပြောင်းသွားပြီဗျို့။ကိုရွှေဒိုးဆီကို
ပြေးဝင်တာဗျ။ လူချင်း ပြေးလုံးတာ။ထိုးပြီဗျို့။
ထိုးပြီ။နှစ်ယောက်စလုံး ထိုးကြတာဗျ။

‘ခွပ်’ ‘ဖြောင်း’ ‘ခွပ်’ ‘ဖြောင်း’ ‘ဘုန်း’

ရှောင်လည်း မရှောင်တော့ဘူး ။ နှစ်ယောက်သား
တေ့ပြီး ထိုးတာဗျ ။ ဒီလိုတေ့ပြီးထိုးတော့ စောကရင်ရဲ့
လက်သီးက ပိုပြီး ပြင်းပုံရတယ် ။
သူက လက်ဖျံတစ်လုံးတည်းလူကိုဗျ။
ကိုရွှေဒိုး မျက်နှာတွေ ချက်ချင်းနီရဲပြီး ဖူးယောင်ကုန်တာဗျို့။
တော်တော်ကို ပါးနပ်တဲ့ စောကရင်ပဲဗျာ။

သူ့ရဲ့ အားသာချက်ကို သူသိတာကိုးဗျ။
အတူတူယှဉ်ထိုးပေမယ့် ကိုရွှေဒိုး ပိုပြီး အထိနာတဲ့ပုံဗျ။
ကိုရွှေဒိုး နည်းနည်းယိုင်သွားတယ် ။ ဟော စောကရင်က
နောက်ကို ခွာလိုက်တယ် ။ ကိုရွှေဒိုးလည်း
နောက်ကို ဆုတ်လိုက်တယ် ။
လူချင်း ပြန်ခွာလိုက်ကြတာပေါ့ဗျာ။

ဟာ စောကရင် ခုန်ပြီဗျို့။ လွှားကနဲပဲဗျာ။ ဘယ်သူမှကို
ထင်မထားတာဗျ ။ ကို ရွှေဒိုးလည်း တင်ထားပုံ မရဘူး။
တိုက်ပြီဗျာ ။ တိုက်ပြီ ။ ဒူးနဲ့ တိုက်တာဗျို့။
ဒူးပျံမှ ဒူးပျံအစစ်ဗျာ။

“ဘုန်း” “အင့် ” “ဖုန်း”

“ဘုန်း” ဆိုတာက ကိုရွှေဒိုးရဲ့ ရင်ဝတည့်တည့်ကို
စောကရင်ရဲ့ ညာဘက်ဒူးပျံ ဝင်သွားတာဗျို့။

“အင့်” ဆိုတာက ကိုရွှေဒိုး အော်လိုက်တဲ့ အသံ။
“ဖုန်း” ဆိုတာက ကိုရွှေဒိုး ဖင်ထိုင်လျက် လဲသွားတာ။
ကိုရွှေဒိုးက ဖင်ထိုင်လျက် လဲရုံမကဘူး ။ ပက်လက်ပါ
လန်ကျသွားတာဗျာ ။ ဘယ်လိုလူ ဒီဒူးပျံကို ခံနိုင်မှာတုံးဗျာ။

“ဟာ”

ကျုပ်တို့ အညာသားတွေရဲ့ ပါးစပ်က ပြိုင်တူထွက်လာတဲ့
အသံဗျ။ ပေါင်မှာ ထိုးကွင်းတွေ အပြည့်ထိုးထားတဲ့
ကြိုးဝိုင်းဒိုင်ကကိုရွှေဒိုးအနားကို ပြေးလာပြီး နံပါတ်ရေတယ်ဗျ။

“တစ် ။ နှစ် ။ သုံး”

ကိုရွှေဒိုးကတော့ လှုပ်တောင် မလှုပ်တော့ပါဘူးဗျာ။

“လေး။ ငါး။ ခြောက်”

နည်းနည်းမှကို မလှုပ်တာဗျ။

“ဟာ ရွှေဒိုး သွားပြန်ပြီထင်တယ်”

“ရွှေမိုးနောက်ကို လိုက်သွားပြီကွ”

တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့ဗျာ။

“ဒီကရင်ကို ဝိုင်းသတ်လိုက်ကြရအောင်ကွာ”

ဒေါသကြီးသလောက် မိုက်မဲတဲ့ ကျုပ်တို့ရွာသား
ငထုံဆိုတဲ့ လူက အဖော်စပ်နေသေးရောဗျာ။

“ဟေ့ကောင် ငထုံ ။ မင်း ပါးစပ်ပိတ်ထားစမ်း ။
ဒါ ယောင်္ကျားတွေ သတ္တိပြိုင်တဲ့ပွဲကွ ။
မင်း နားလည်လား”

တစ္ဆေလက်သီး (တ)

ငထုံ ငြိမ်သွားပြီဗျ။ ဘာမှမဟရဲတော့ဘူး ။
ကြိုးဝိုင်းဒိုင်လူကြီးတွေ ဆက်ပြီးနံပါတ်မှတ်တယ်။

“ခုနှစ် ”

ဟော ကိုရွှေဒိုး ဆတ်ကနဲတုန်သွားတယ်။

“ရှစ်”

ဟာ လှုပ်လာပြီဗျို့။ လှုပ်လာပြီ။

“ကိုး”

“ဝေး”

“ရွှေဒိုးကွ ရွှေဒိုး ဒါမှ ထနောင်းကုန်းသားကွ ထနောင်းကုန်းသွေး
နီကြောင်း ပြလိုက်စမ်းကွ”

ကိုရွှေဒိုး မားမားကြီးကို ရပ်နေတာဗျ ။ စောစောက ဘာမှ
ဖြစ်မသွားသလိုပါပဲဗျာ ။ နည်းနည်းတော့ ခုန်ဆွ ခုန်ဆွ လုပ်နေတယ်။
သူ့ခေါင်းကိုလည်း ဘယ်ညာချိုးလိုက်တယ် ။

“ဂျွတ် ဂျွတ်”

ဟာ ကိုရွှေဒိုး ဇက်ချိုးတဲ့ အသံက ကျုပ်တို့တောင်
ကြားရတယ်ဗျ။ အံ့သြစရာ ကောင်းတာက စောကရင်ဗျ။
ပြန်ထလာတဲ့ ကိုရွှေဒိုးကို ပါးစပ်ကြီး ဟပြီး ကြောင်ကြည့်နေတာဗျ။
ကိုရွှေဒိုး ပြန်ထလာတာကို သူလည်း တော်တော်ကို
အံ့သြနေတဲ့ပုံပဲဗျ။

“ဝေး”

“ရွှေဒိုးဟေ့”

ကိုရွှေဒိုးက စောကရင်ကို မထေမဲ့မြင် အမူအရာနဲ့
လက်ယပ်ခေါ်တယ် ။ ကျုပ် ကြားဖူးတယ်ဗျ။
လက်ဝှေ့သမားကောင်းဆိုတာ ဘယ်နှခါလဲလဲ
ပြန်ထနိုင်ရမယ်တဲ့ဗျို့။

ဟော စောကရင် ပြေးဝင်သွားပြန်ပြီ။
စောကရင်က လက်ဖျံရိုးတစ်လုံးတည်းပါတဲ့ သူ့ရဲ့
အားသာချက်ကို သူ သိတာနေတာကိုးဗျ။

အတူယှဉ်ပြီး တစ်ယောက် တစ်ချက်ထိုးရင်
လက်သီးပြင်းအားမှာ သူ့ကို ကိုရွှေဒိုး မယှက်နိုင်ဘူး
ဆိုတာ သိနေတာဗျို့။ ကိုရွှေဒိုးကလည်း လူပါးပဲဗျာ။
ဒီတစ်ခါ ပြေးဝင်လာတဲ့ စောကရင်ကို အနားရောက်တဲ့အထိ
အကပ်မခံတော့ဘဲ ညာဖြောင့်လက်သီးနဲ့ လှမ်းထောက်ထားတယ်။

“ဘုန်း”

ကိုရွှေဒိုး ထိုးလိုက်တဲ့ ညာဖြောင့်လက်သီးက
စောကရင်ရဲ့ ဘယ်ဘက်ရင်အုံကို တန်းထိတာဗျ။
အနားကပ်ပြီး ထိုးဖို့ကို စိတ်စောနေတဲ့ စောကရင် တုန့်ကနဲ
ရပ်သွားတယ်။

“အဲဒါ တစ္ဆေလက်သီးကွ မြည်းကြည့်ပေတော့”

“ဘုန်း ဘုန်း ဘုန်း ”

ဟာ မြန်လိုက်တဲ့ ကိုရွှေဒိုးဗျာ ။ ဖြောင့်လက်သီး သုံးချက်
ဆက်ထိုးတာဗျ။ စောကရင်ကလည်း ကာတာပဲဗျ။
ဒါပေမဲ့ ကိုရွှေဒိုးရဲ့ လက်သီးပြင်းအားကို စောကရင်
ဘယ်လိုမှ ကာလို့မရဘူး ။ ငုံ့ရှောင်လို့လည်း မလွတ်ဘူးဗျ။
ကိုရွှေဒိုးရဲ့ လက်သီးက အောက်ကို နှိမ့်ပြီး လိုက်ထိုးတယ်။

စောကရင် နောက်ကို ခုန်ပြီးဆုတ်တယ် ။လိုက်တယ်ဗျို့။
ကိုရွှေဒိုးကလည်း ခုန်ပြီးလိုက်တာဗျ။

“ဘုန်း ဘုန်း ဘုန်း ”

ထိုးချက်ကလည်း တစ်မျိုးတည်းဗျ။ ညာဖြောင့်လက်သီး။
ထိုးတဲ့နေရာကလည်း တစ်နေရာတည်းဗျ။ ဘယ်ဘက်ရင်အုံ။
တစ်ချက်မှလည်း မလွဲဘူးဗျ။ မြန်လိုက်တဲ့ လက်သီးချက်ကလည်း
သေနတ်ကျည်ဆံလား ထင်ရတယ်

“ခွပ်”

ရင်ဘတ်ကို ထိုးနေရာကနေ စောကရင်ရဲ့ လွတ်နေတဲ့
မေးဖျားကို တစ်ချက်ထိုးလိုက်တယ်ဗျ။ စောကရင်
တစ်သက်မှာ ဒီလောက်မြန်တဲ့ လက်သီးချက်မျိုး
မြင်ဖူးပုံမပေါ်ဘူးဗျ။ ဘယ်လို ရှောင်ရမှန်းကို သိပုံမပေါ်တာ။
စောကရင် ခေါင်းက နောက်ကို လန်သွားတယ်။

“ဘုန်း ဘုန်း ဘုန်း”

ကိုရွှေဒိုးကတော့ ဒီတစ်နေရာတည်းကိုပဲ
ဆက်တိုက်ထိုးနေတာဗျို့။

“ဝေး”

“ရွှေဒိုးတဲ့ဟေ့”

ဆိုတဲ့ အသံကြီးတွေကတော့ မြေကြီးပါ တုန်နေသလား
မှတ်ရတယ်ဗျာ။ ဟော ဘာမှပြန်မခုနိုင်တော့တဲ့ စောကရင်ကို
ပွဲသိမ်းထိုးဖို့ ထိုးနေတဲ့ လက်သီးချက်တွေကို ရပ်လိုက်ပြီး
ညာလက်သီးကို တစ်ကိုယ်လုံး အားထည့်လိုက်တယ် ။

“တစ္ဆေလက်သီးတဲ့ဟေ့”

“ဘုန်း”

“အင့် ။ ဒုတ် ။ ဘုန်း ”

ကိုရွှေဒိုးရဲ့ လက်သီး ထွက်လာလိုက်တာ အမြောက်ကျည်ဆံ
ထွက်လာသလား ထင်ရတယ်ဗျာ ။ ‘ဝီး’ ကနဲတောင်
မြည်သွားတယ်။စောကရင်ရဲ့ ယောင်ကိုင်းနေတဲ့
ဘယ်ဘက်ရင်အုံကို ‘ဘုန်း’ကနဲ ထိတယ်။ စောကရင်
ပါးစပ်က ‘အင်း’ဆိုတဲ့ ညည်းသံကြီး ထွက်လာပြီး
မြေပြင်ပေါ်ကို ‘ဒုတ်’ကနဲ ဒူးထောက်လျက်ကြီး
ပြုတ်ကျသွားတယ်။

ပြီးတော့မှ စောကရင်ရဲ့ ကိုယ်လုံးကြီးက ရှေ့ကို ဟပ်ထိုးကြီး
ပြုတ်ကျသွားတယ်။ဟာ သွေးတွေဗျို့ ။ သွေးတွေ။
စောကရင်ရဲ့ ပါးစပ်က သွေးတွေ ဒလဟောကို
စီးကျလာတာဗျ ။ မြေကြီးပေါ်ကို အိုင်ထွန်းသွားတာ။

“တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်”

“ဝေး”

“ရွှေဒိုး နိုင်ပြီကွ”

“တို့ရွာသား နိုင်ပြီဟေ့”

လူဆိုတာ ခွေးနှစ်ကောင်ကိုက်ရင်တောင် ကိုယ့်အိမ်က
ခွေးကို နိုင်စေချင်တာမို့လားဗျာ ။ အော်သံဟစ်သံတွေက
ကျွက်ကျွက်ကို ညံနေတော့တာပေါ့ဗျာ။ ဆေးမှူးနဲ့ ဒိုင်လူကြီးတွေ
အနီးအနား ရွာတွေက သူကြီးနှစ်ယောက်ရယ် အားလုံးခုနှစ်ယောက်
စောကရင်ကို စစ်ဆေးကြတယ်။ ဆေးမှူးက သေသေချာချာ
စစ်ပြီးမှ ခေါင်းခါပြတယ် ။

“အသက်မရှိတော့ဘူးဗျ။ ရင်ဘတ်အောက်က အရိုးကျိုးပြီး
နှလုံးကို ထိုးစိုက်သွားပုံရတယ်”

“ဟာ …သေသွားပြီတဲ့ဟ ။ ဒါဆို ရွှေမိုးအတွက် ကျေပြီပေါ့ကွာ”

တစ်ယောက်တစ်ပေါက် ပြောကြပြန်တာပေါ့ဗျာ။
ကြိုးဝိုင်းဒိုင်လူကြီးက ရွှေဒိုး နိုင်ကြောင်း ကြေညာတယ်။
စောကရင် သေသွားပေမယ့် လက်ဝှေ့ပွဲ မစခင် လက်မှတ်
ရေးထိုးကြတာဆိုတော့ ရာဇဝတ်မှု မမြောက်တဲ့အကြောင်းကို
ထုံးစံအတိုင်း ဒိုင်လူကြီးက ရှင်းပြတယ်။

စောကရင်ရဲ့အလောင်းကို ကိုရွှေမိုးရဲ့ အလောင်းလိုပဲ
ကပ်နဲ့သယ်ထုတ်သွားတယ် ။ ကိုရွှေမိုးကိုတော့
ဆုကြေးတွေ ပေးလိုက်တာပေါ့ဗျာ ။ ဒီနှစ်
ရွှေတောင်ဦးဘုရားပွဲမှာ ကျင်းပတဲ့ လက်ဝှေ့ပွဲကြီးကတော့
မကြုံစဖူးတွေ ကြုံပြီး ပြီးသွားခဲ့တာပေါ့ဗျာ။

အဲဒီမှာတင် ဇာတ်လမ်းက စတော့တာဗျ။
ရွာသားတွေက ကိုရွှေဒိုးကို ပခုံးမှာထမ်းပြီး ရွာထဲ
ခေါ်သွားကြတယ် ။ ရွာထဲမှာ လျှောက်လှည့်ကြတယ်။
လူတွေကလည်း နောက်ကအုံပြီး လိုက်သွားကြတာပေ့ါဗျာ။

အဲဒီည အောင်ပွဲခံကြတာပေါ့ ။ ကျုပ်လည်း သွားပါတယ်။
ကိုရွှေဒိုးတို့ အိမ်က ဝိုင်းထဲမှာ အောက်လမ်းဓါတ်မီးတွေ
ထွန်းလို့ဗျ။ အားလုံးပျော်နေကြတာ။

“ရွှေဒိုးရေ မင်းကတော့ မင်းအစ်ကို ရွှေမိုးအတွက်
တာဝန်ကျေလိုက်ပြီပေါ့ကွာ”

ရွာသားတွေက တစ်ယောက်တစ်ပေါက်နဲ့ ပြောဆိုပြီး
ကိုရွှေဒိုးကို ဂုဏ်ပြုနေကြတာပေါ့ဗျာ။

“ဟေ့ ငါ့ညီ ရွှေဒိုး ပြောစမ်း မင်းဘာစားချင်လဲ
ဘာသောက်ချင်လဲ။ ဘယ်လောက်ကုန်ကုန် အစ်ကို ကျွေးမယ်
ငါ့ညီကို ဂုဏ်ပြုချင်လွန်းလို့ကွ”

ကိုရွှေသောင်းကြီးဗျ။ ဒယိမ်းဒယိုင်နဲ့ ဝိုင်းထဲဝင်လာပြီး
ကိုရွှေဒိုးကို မေးတယ်။

“ကျုပ် ဘဲကင်နှစ်ကောင် စားမယ် ။ ပြီးတော့ အရက်နှစ်ပုလင်း
သောက်မယ်”

“ဟာ ရတာပေါ့ ရွှေဒိုးရ ။ ရတာပေါ့ ။ ဟေ့ကောင်
စံဘော် လာကွာ ။ မင်းတို့အစ်ကိုကြီး ရွှေဒိုး ထနောင်းကုန်းသာူ
သတ္တိခဲကြီး အတွက် အခုချက်ချင်း သွားဝယ်စမ်းကွာ။
ရော့ ဟောဒီမှာ ပိုက်ဆံ ငပိန့်ကို ပြောလိုက် ။
လိုရင် နောက်နေ့ ကိုရွှေသောင်း ပေးမယ်လို့ ”

စံဘော်နဲ့ ကောင်လေးနှစ်ယောက် ချက်ချင်းပြေးသွားကြတယ်
ဒီအချိန်မှာက ကိုရွှေဒိုးအတွက်ဆိုရင် ဘာမဆို လုပ်ပေးမယ့်
လူချည်းပဲဗျ။ မကြာပါဘူး ။ စံဘော်တို့အုပ်စု ဘုရားပွဲစျေးက
အပြေးပြန်ရောက်လာတယ် ။

“ရော့ ညီလေး သောက် စား”

ကိုရွှေသောင်းက ကိုရွှေဒိုးအတွက် ဘဲကင်နှစ်ကောင်နဲ့
အရက်နှစ်လုံး ချပေးလိုက်တယ် ။ အရက်ကတော့
အဖြူပေါ့ဗျာ။

“နေဦးဗျ ဒီမှာ ကိုပိန်က ကိုကြီးရွှေဒိုးအတွက် ဂုဏ်ပြုတဲ့
အနေနဲ့ သပ်သပ်ပေးလိုက်တာ”

“ဘာတုံးကွ ကျောက်ခဲ”

“အရက်တစ်ပုလင်းနဲ့ ဘဲကင်တစ်ကောင်ဗျ”

“ဟာ …ကောင်းတာပေါ့ကွာ ။ သိပ်ကောင်းတာပေါ့”

ကိုရွှေဒိုးက အရက်ပုလင်းကိုဖောက်ပြီး ဒီအတိုင်း
မော့သောက်လိုက်တယ် ။

“ဟာ”

ကျုပ်တို့တွေ ‘ဟာ’ကနဲကို အော်လိုက်မိတာဗျ။
ဘာဖြစ်လို့လဲဆိုတော့ အရက်ပုလင်းကို မနားတမ်း
မော့တာ ကုန်သွားလို့ဗျို့။ ဘဲကင် စားတယ်။

“ဟာ”

ဘဲတစ်ကောင်ကို စားလိုက်တာမှ ပြိုက်ကနဲကို
ကုန်သွားတာဗျို့။

“ရွှေဒိုး တောထဲမှာသွားပြီး လက်ဝှေ့ကျင်နေတုန်း
ဘာမှ မစားဘူး ထင်တယ်ကွ”

“ဟုတ်မှာပေါ့ဗျ အစ်ကိုအတွက် ဇောကပ်နေတာ
ရှိမှပေါ့ဗျ”

“မဟုတ်ဘူးဗျ ။ ဒါယောင်္ကျားအားမာန်ဗျ။ စစ်ပွဲနိုင်တဲ့
စစ်သူကြီးလိုနေမှာပေါ့ဗျာ”

ဟာ သောက်ပြန်ပြီဗျို့။ နောက်ထပ်တစ်ပုလင်း
ဒီတစ်ပုလင်းလည်း တစ်မော့တည်းပဲဗျ။
အကုန်ပြောင်းသွားတော့မှ ပါးစပ်က ပုလင်းကို
ခွာလိုက်တာဗျ။ ဟာ စားပြန်ပြီဗျို့။

ဘဲကင်နောက်တစ်ကောင် ။ဒါလည်း ပြိုက်ကနဲ
ပြိုက်ကနဲ ကုန်သွားတာပါပဲဗျာ။ ဝိုင်းထဲမှာ
လူတွေကလည်း ပြည့်လို့။ ကိုရွှေဒိုးကလည်း
သောက်ဆဲ စားဆဲဗျ။ ကျုပ်ကတော့ အိမ်ပြန်လာခဲ့တယ်။

ဘုရားပွဲဘက်တောင် ကျုပ် ပြန်မသွားဘူးဗျ။
ဘယ်လိုဖြစ်တယ်မသိဘူး ။ အိပ်ချင်တာ
မျက်လုံးကြီးတွေ ပိတ်ကျလာတာ။

ကျုပ် အိမ်ရောက်တာနဲ့ အိပ်ရာထဲဝင်ပြီး
အိပ်တော့တာဗျို့။ အဘနဲ့ အမေတောင်
မအိပ်ကြသေးဘူးဗျ။

“ဟာ တာတေ ။ နေမကောင်းဘူးလား ။ တန်းအိပ်တော့တာပဲ။
ဘာဖြစ်လို့တုံး”

“ဘာမှမဖြစ်ပါဘူး အမေရ ။ ကျုပ် အိပ်ချင်လို့ပါ”

“ငွေစိန်ရယ် နင့်သား ဘုရားပွဲမှာ ညတိုင်းလုပ်ကိုင်နေတာ
ဘယ်လောက်ကြာပြီတုံး ။ ဒီကြားထဲ ကိုရွှေမိုးကိစ္စက
ပေါ်လာတော့ အဲဒီမှာ သွားလုပ်ကြရသေးတာမို့လား။
အိပ်ချင်မှာပေါ့ ။ အိပ် ။ အိပ် ။ လူလေး”

ကျုပ် အိပ်ပျော်သွားတယ်။ ဘယ်လောက်ကြာသွားလဲတော့
မသိဘူးဗျ။

“တာတေ ထစမ်း ။ ငါ နင့်ကို ပြောစရာရှိလို့ လာတာ”

ကျုပ် ဆတ်ကနဲ ကုန်းထတယ်။ ကျုပ်အိပ်တဲ့ကုတင်ဘေးမှာ
ရပ်နေတာ မဖဲဝါဗျ ။ ဟိုတစ်ခါ ညောင်ကုန်းကအပြန်
တွေ့တဲ့ ကောင်မလေးပုံစံဗျ။

(မဖဲဝါရဲ့အိမ်မှာ ပုံစံပြောင်းထားတဲ့ မဖဲဝါအကြောင်း
ကျုပ် ရေးခဲ့ပြီးပါပြီ)

“အမိန့်ရှိပါ သင်္ချိုင်းရှင်မ မဖဲဝါ”

“တာတေ လက်ဝှေ့ပွဲမှာ ကရင်ကို ထိုးသတ်သွားတာ
ရွှေဒိုး မဟုတ်ဘူးဟဲ့ ။ အဲဒါ ရွှေမိုး ။ တစ္ဆေဖြစ်နေတဲ့
ရွှေမိုး ထိုးတာ ။ ရွှေဒိုးက သတိလစ်ပြီး လိပ်ပြာလွင့်သွားတဲ့အချိန်
ဘေးမှာအဆင်သင့်စောင့်နေတဲ့ ရွှေမိုးက ရွှေဒိုးရဲ့
ကိုယ်ထဲကို ဝင်လိုက်တာ။ နင်တို့ မကြားကြဘူးလား။
တစ္ဆေလက်သီးလို့ ရွှေမိုး အော်တာကို”

“ဟာ ဒါတော့ ကြားသားဗျ ။ ကျုပ်က လက်ဝှေ့ရေးတစ်ခုလို့
ထင်လို့”

“နင် အခုချက်ချင်းသွား ။ ငါ့ကိုယ်ခွဲအရုပ်ကိုပြပြီး
ရွှေမိုးကို ထွက်ခိုင်းလိုက် ။ ကြာရင် ရွှေဒိုး ပြန်ဝင်လို့ရမှာ
မဟုတ်ဘူး ။ အဲဒီ ဝိုင်းထဲမှာ ရွှေဒိုး ရှိတယ်။ ရွှေမိုး ထွက်သွားရင်
ရွှေဒိုးရဲ့ ဝိညာဉ်က ချက်ချင်းပြန်ဝင်လိမ့်မယ်။
သွား…တာတေ ။ နင် အခုသွား”

ကျုပ် လန့်နိုးသွားတယ်။ ဖြစ်မှဖြစ်ရလေဗျာ။
ကျုပ် ဆိုင်းမနေတော့ဘူး။မျက်ကွင်းဆေးကွင်းပြီး
ကတ္တီပါအိတ်အနက်ကလေးကို ယူလိုက်တယ်။

အဘနဲ့အမေကတော့ အိပ်ပျော်နေကြပြီဗျ။
ည(၁၁)နာရီပဲ ရှိသေးတာပါ ။ ကိုရွှေမိုးတို့ဝိုင်းထဲ ကျုပ်ရောက်တော့
ကိုရွှေမိုးတစ္ဆေက ပွဲခံလို့ကောင်းတုန်းဗျ။ လူတွေကတော့
ပြန်ကုန်လို့ တော်တော် နည်းသွားပါပြီ။
ကိုရွှေဒိုးတို့ မိသားစုနဲ့ လူရင်းတွေပဲ ကျန်ပါတော့တယ်။

“ကိုရွှေမိုး ဒါကို သေသေချာချာ ကြည့်စမ်းဗျာ”

ကျုပ်က ကတ္တီပါအိတ်အနက်ထဲက မဖဲဝါရဲ့
ကိုယ်ခွဲအရုပ်ကလေးကိုထုတ်ပြီး
တစ္ဆေကိုရွှေမိုးကို ပြတယ်။

ကိုရွှေမိုးက မျက်လုံးကြီးပြူးသွားပြီး ချက်ချင်းနောက်ကို
ဆုတ်သွားတယ်။ပြီးတော့ ဒူးထောက်ပြီး ခေါင်းကြီးငုံ့ထားတယ်။

“ဟေ့ကောင် တာတေ မင်းဘာပြောတာလဲ။
ဒါက ရွှေဒိုးလေ။ ရွှေမိုးက သေမှပဲ”

“ခင်ဗျားတို့ မသိဘူး ခဏငြိမ်နေကြပါ ။
ဒါကိုရွှေဒိုး မဟုတ်ဘူး ကိုရွှေမိုး ဝင်နေတာ”

“ဟေ ဟုတ်လား ။ဒါကြောင့်ကိုးကွ ။ ငါထင်တော့
ထင်သားကွ ။ ရွှေဒိုးက အရက်မှ မသောက်တတ်တာ။
ရွှေမိုးကသာ အရက်သောက်တာ”

ကိုရွှေသောင်းက အံ့သြတဲ့အသံကြီးနဲ့ ပြောတာဗျ။

“ကိုရွှေမိုး ခင်ဗျား ကြာကြာဝင်နေရင်
ခင်ဗျားညီ ကိုရွှေဒိုး ပြန်လာလို့ရမှာ မဟုတ်တော့ဘူး ။
ခင်ဗျားညီပါ သေသွားလိမ့်မယ် ”

ကိုရွှေမိုး ခေါင်းညိတ်ပြီး မျက်ရည်တွေ ကျနေတယ်။
သူတို့ မိသားစုတွေ ငိုကြတော့တာပေါ့ဗျာ။
ကျုပ်လည်း ဘာတတ်နိုင်မှာတုံး ။ ဒါ မဖဲဝါကိုယ်တိုင်
လွှတ်လိုက်တာပဲ။ ဒီလို မလုပ်ရင် ညီအစ်ကို နှစ်ယောက်လုံး
သေသွားမှာ ။

“တာတေ ငါသွားမှာပါကွာ။ ငါ့ညီ ရွှေဒိုးကို
ငါ့လို အဖြစ်မခံပါဘူး တာတေရာ။ မင်း ရွှေဒိုးကို
တစ်ခုတော့ ပြောပေးပါကွာ ။ နောင်ကို ဘယ်တော့မှ
လက်ဝှေ့မထိုးပါနဲ့လို့ ”

“ဟာ …ပြောပေးပါ့မယ်ဗျာ ။ ကျုပ် ပြောပေးပါမယ်”

ဟော ဆတ်ကနဲ တုန်သွားတယ်ဗျ။ဒူးထောက်ပြီး
ခေါင်းကြီးငုံ့ထားတဲ့အတိုင်း ငြိမ်ကျသွားတယ်။
ကျုပ် သိတာပေါ့ဗျာ ။ ကိုရွှေမိုး ထွက်သွားပြီ။

ဟော ဟော ငုံ့ထားတဲ့ခေါင်းက ဖြည်းဖြည်းလေး
မော့လာတယ် ။ ပြီးပြီလေ။ ကိစ္စပြီးသွားပြီ။

ကျုပ် မဖဲဝါရဲ့ ကိုယ်ခွဲ အရုပ်ကလေးကို
ကတ္တီပါအိတ်အနက်ကလေးထဲကို ပြန်ထည့်လိုက်တယ်။

“ရွှေမိုး မင်း ဘာစားချင်သေးတုံး ။ အစ်ကို ကျွေးမယ်”

ကိုရွှေသောင်းကြီးက ငိုသံကြီးနဲ့ ပြောလိုက်တယ်

ဘေးကလူတွေကလည်း မျက်ရည်သုတ်နေကြတာပေါ့ဗျာ။

“ကိုကြီးရွှေသောင်း ဒါကိုရွှေမိုး မဟုတ်တော့ဘူး။
ကိုရွှေဒိုး ပြန်ရောက်လာတာဗျ။ ကိုရွှေမိုးက သွားပြီ”

“ဟေ ဟုတ်လား တာတေ”

ကိုရွှေဒိုးက လူတွေကို ကြောင်တောင်တောင်နဲ့
လိုက်ကြည့်နေတယ် ။

သူ ဘယ်ရောက်နေတာတုံးဆိုတာကို မသိသလိုပဲဗျ။

“ကျုပ် ဘယ်ရောက်နေတာတုံး”

“ကိုကြီးရွှေဒိုး ။ ဒါ ခင်ဗျားတို့ အိမ်လေ။
ညက ခင်ဗျား လက်ဝှေ့ထိုးတယ်လေဗျာ ။
ခင်ဗျား နိုင်သွားတာလေ”

ကျုပ်က ကိုရွှေဒိုး သတိရအောင် ပြောပြလိုက်တယ်

“ဟေ ဟုတ်လား ။ ဟို စောကရင်ရော”

“ခင်ဗျား ထိုးလိုက်လို့ သေသွားပြီဗျ”

“ဟင် …ဟုတ်ရဲ့လား တာတေရ ။
စောကရင် ပြေးပြီ ဒူးနဲ့ တိုက်လို့ ငါ လဲသွားတာလေကွာ”

“ဟုတ်တယ် ဒါပေမဲ့ ခင်ဗျား ပြန်ထလာပြီး စောကရင်ကို
ဆက်တိုက်ထိုးလိုက်တာ စောကရင် ရင်ဘတ်က
အရိုးကျိုးပြီး နှလုံးမှာ စိုက်သွားတယ်တဲ့ဗျ။
ခင်ဗျားရဲ့ ညာဖြောင့်လက်သီးက တော်တော်ကို
ပြင်းတာ ကိုရွှေဒိုးရ”

“ဟာ မဟုတ်တာကွာ ငါက ဘယ်သန်ကွ ။
ဘယ်ဖြောင့်ပဲ ထိုးတာ ။ ရွှေမိုးက ညာသန် ။
သူက ညာဖြောင့်ထိုးတာ”

“မင်း အော်,အော်ပြီး ထိုးတာလေကွာ ။ ရွှေဒိုးရာ ။
တစ္ဆေ လက်သီးကွ မြည်းကြည့်စမ်းဆို ”

ကိုရွှေသောင်းကြီးက ဝင်ပြောတာဗျ ။

“တစ္ဆေလက်သီး ဟုတ်လား ကိုကြီးရွှေသောင်း။
ဘာတုံးဗျ ။ တစ္ဆေလက်သီးဆိုတာ ။
ကျုပ်ဖြင့် ကြားတောင် မကြားဖူးပါဘူးဗျာ”

ကိုရွှေဒိုးက ဖူးရောင်နေတဲ့ သူ့မျက်နှာကို ကိုင်ကြည့်ပြီး
စုတ်သပ်တယ်ဗျ။

“ကဲ ကိုကြီးရွှေသောင်း စောစောက ကိုရွှေမိုးက
တစ္ဆေမို့လို့ မနာပေမဲ့ ကိုရွှေဒိုးက လူဆိုတော့ ဒဏ်ရာတွေ
နာနေပြီဗျ ။ ဆားကြပ်ထုတ် မြန်မြန်လုပ်ပေးတော့ဗျာ
ကျုပ်တော့ ပြန်ပြီဗျို့”

ကျုပ် အိမ်ပြန်ရောက်တော့ သန်းခေါင်ကြက်တောင်
တွန်နေပြီဗျ ။

ပြီးပါပြီ ခဗျာ

စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ပြန်လည်မျှဝေသူ TTTy အား credit ပေးပါသည်