တစ္ဆေဟောတဲ့ဗေဒင်

စုန်းထီးကြီးဦးဘသာနှင့် တစ္ဆေဟောတဲ့ဗေဒင်
အတွဲ(၁) စာစဉ်(၅၅)
(၁)
တစ်ရက်တော့ ကျုပ်တို့ရွာကိုလူတစ်ယောက်ရောက်လာတယ်၊ အဲဒီလူက အဖေဘက်က ဆွေမျိုးနီးစပ်တော်တဲ့တစ်ယောက်ဗျ၊ ကျုပ်တို့နဲ့အသက်မတိမ်းမယိမ်းလောက်ပဲကွာမယ်၊ သူ့နာမည်က ကိုသားထွေးလို့ခေါ်တယ်ဗျ၊ နာမည်အရင်းတော့မဟုတ်ဘူးပေါ့ဗျာ၊ သူက အငယ်ဆုံးသားမို့လို့ သားထွေးလို့ခေါ်ရင်းကနေ လူတွေက အဖေအမေခေါ်တဲ့အတိုင်း သားထွေး သားထွေးလို့ လိုက်ခေါ်ကြရင်းနဲ့ ဒီနာမည်တွင်တာဖြစ်မယ်လို့ ကျုပ်တော့ထင်တာပါပဲ။
ကိုသားထွေးရွာရောက်ရင် ကျုပ်နဲ့ပေါင်းမိတာများတယ်၊ ကိုသားထွေးက ကျုပ်ထက်အသက်တစ်နှစ်လောက်ကြီးတယ်ဆိုပေမယ့် သူက မြိုင်သာမှာ ရှစ်တန်းအထိကျောင်းနေဖူးတယ်၊ နောက်ပြီး စာအုပ်စာပေ ကျမ်းဂန်တွေလည်း တော်တော်ဖတ်တဲ့လူဗျ၊ စာဖတ်တယ်ဆိုပေမယ့် ကျုပ်တို့လို ဖတ်ပြီးမေ့လိုက်တာမဟုတ်ဘဲ သူက စာသားတွေ၊ ကျမ်းထဲကစာတွေကို မှတ်သားထားပြီး စကားပြောရင် စာတိုပေစတွေထည့်ထည့်ပြောတတ်လို့ ကျုပ်ကတော့သူ့ကိုအထင်ကြီးမိတာအမှန်ပဲဗျ၊ ဒီလူက စကားလည်းတော်တော်အပြောကောင်းတယ်၊ လူကြီးတွေနဲ့တွေ့လို့ပြောဆိုကြပြီဆိုရင်လည်း တရားအကြောင်း၊ ဇာတ်တော်တွေအကြောင်းကို ထဲထဲဝင်ဝင်ငြင်းခုန်ပြီးပြောနိုင်သလို လူငယ်တွေနဲ့စကားပြောပြီဆိုရင်လည်း လူငယ်တွေအကြိုက်စကားတွေပြောတတ်လို့ သူရှိတဲ့နေရာမှာ စကားဝိုင်းတွေဖြစ်တတ်တာမဆန်းပါဘူး။
ကိုသားထွေးက အခုထိလူပျိုပဲဗျ၊ ကျုပ်တို့ရွာကို တစ်နှစ်တစ်ခါလောက်တော့ လာတတ်တယ်၊ လာရင်လည်း တစ်ပတ်ဆယ်ရက်လောက်နေပြီး သူပြန်ချင်မှ ထပြန်သွားတတ်တဲ့လူပေါ့၊ အခုလည်း လွယ်အိတ်တစ်လုံးလွယ်ပြီး ကျုပ်တို့အိမ်ကို ရောက်ချလာပြန်ပါပြီ၊ လူပုံက ခပ်ဖိုင့်ဖိုင့်၊ အသားမည်းမည်းနဲ့ ကိုယ်လုံးကိုယ်ထည်က ခပ်တုတ်တုတ်ဗျ၊ အမြဲတမ်းရှပ်အင်္ကျီအကွက်တွေဝတ်တတ်တယ်၊ မျက်နှာမှာတော့ ကိုင်းအမဲတပ်ထားတဲ့ လေးထောင့်စပ်စပ်မျက်မှန်ကြီးတပ်လို့ပေါ့ဗျာ၊ ကွမ်းတွေစားတော့ သွားတွေက ကွမ်းချိုးတွေကပ်နေပြီး ပါးနှစ်ဖက်မှာလည်း ကျောက်ပေါက်မာတွေနဲ့ဆိုတော့ ရုပ်ရည်က ခပ်ကြမ်းကြမ်းလို့ပြောရမယ်ထင်တယ်။
အမေက ခြံထဲလှမ်းဝင်လာတဲ့ ကိုသားထွေးကိုကြည့်ရင်း
“ဟော ဟိုမှာရှင့်တူ ပိဋကတ်အိုးကွဲ လာပါပြီတော်”
အမေက ခပ်ငေါ့ငေါ့ပြောလိုက်တယ်၊ အိမ်ကလူတွေထဲမှာ ကျုပ်တစ်ယောက်ပဲ ကိုသားထွေးနဲ့ ခင်ခင်မင်မင်ရှိတာဗျ၊ အမေတို့ အကိုကြီးတို့ဆိုရင် ကြည့်လို့ကိုမရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စကားများလို့၊ နားညည်းလို့တဲ့။
ကိုသားထွေးရောက်တော့ ကျုပ်အတွက် သူယူလာတဲ့စာအုပ်တွေလက်ဆောင်ပေးတယ်၊ သူဖတ်တဲ့စာအုပ်တွေက ပညာရပ်ဆိုင်ရာစာအုပ်တွေ၊ ကျမ်းစာလို စာတွေဆိုတော့ ကျုပ်အကြိုက်နဲ့တော့မကိုက်ဘူးပေါ့ဗျာ၊ ကျုပ်က ဝတ္ထုစာအုပ်တွေပဲ အဖတ်များတာ၊ ဒါကြောင့် သူလက်ဆောင်ပေးတဲ့စာအုပ်တွေကို အားနာနာနဲ့ယူထားလိုက်ပြီး မီးမွှေးလိုက်၊ ပစ္စည်းထုပ်လိုက်နဲ့လုပ်နေတာကြာပါပြီကော။
“ဟေ့ အလတ်ကောင်၊ မတွေ့တာကြာလို့လားမသိဘူး မင်းအသားတွေပိုပြီးမဲသွားသလိုပဲကွ၊ ဒါနဲ့ ဒီနှစ်ရော မင်းမစွံသေးဘူးလား”
“စွံရအောင် ကျုပ်အသက်က ငယ်ပါငေးတယ်ဗျ၊ ခုမှ ဆယ့်ရှစ်နှစ်ကို တစ်လ နှစ်လပဲ လွန်သေးတာကို”
“မင်းကအခုမှ ဆယ့်ရှစ်နှစ်ကို တစ်ရက်လွန်တယ်ဖြစ်နေတာ၊ သူများတွေကြည့်လိုက်စမ်း၊ ဒီအရွယ်ဆို သားနဲ့မယားနဲ့ဖြစ်ကုန်ကြပြီ”
“ဟား၊ ဟား ဒါကတော့ ခေတ်ပျက်လာရင် သစ်ပင်သစ်သီးတွေက အရွယ်မတိုင်ခင် သီးကြပွင့်ကြတယ်မဟုတ်လားဗျ၊ ဒါခေတ်ပျက်တဲ့လူတွေ ဖြတ်တတ်တဲ့သဘောပဲ”
“အောင်မယ်၊ မင်းက ငါ့ကိုဒီတစ်ခါတော့ စာသံပေသံနဲ့ချေပလိုက်တာပါလား”
ကိုသားထွေးက သူ့လွယ်အိတ်ဖောင်းဖောင်းကြီးကို တိုင်မှာချိတ်လိုက်တယ်။
“ဒါနဲ့ ကိုသားထွေးက သူများသာ မစွံဘူးလားတို့ဘာတို့မေးနေတာ ကိုယ်တိုင်ရော စွံအောင်မလုပ်တော့ဘူးလား၊ မြိုင်သာမြို့မှာ မိန်းကလေးအချောအလှတွေ ပေါတယ်ဆိုဗျ”
“မယားတောသူ ကျွန်ယုံကုလားတဲ့ကွ၊ မြို့ကမိန်းကလေးတွေက ချောတယ်လှတယ်ဆိုပေမယ့် အိမ်မှုှုကိစ္စမနိုင်တဲ့လူနဲ့၊ ထမင်းဟင်းမချက်တတ်တာကိုပဲ ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး ပြောဆိုနေကြတဲ့လူနဲ့ ငါတော့ တစ်ယောက်မှ သဘောမတွေ့ပါဘူးကွာ”
“အံမာ ဒါနဲ့ပဲ မယားတောသူရှာမယ်ဆိုပြီး ကျုပ်တို့ရွာကိုရောက်လာတယ်ပေါ့လေ”
ကိုသွားထွေးက ကွမ်းဂျိုးတွေတက်နေတဲ့ သူ့သွားကြီးတွေအကုန်ပေါ်အောင် ဖြီးလိုက်ရင်း
“အေးပေါ့ကွ၊ အကြိုက်တွေ့တော့လဲ ယူတာပေါ့ကွာ”
“ဒါဆို ကိုသားထွေးရောက်တာ နောက်ကျသွားတယ်လို့ပြောလို့ရတယ်ဗျ၊ ရွာမှာ ရှင်ပြုရဟန်းခံ အလှူကြီးပြီးသွားတာ နှစ်ရက်လားပဲရှိသေးတယ်၊ အလှူကိုမီလိုက်ရင်တော့ ကျုပ်တို့ရွာက အချောအလှတွေအကုန်လုံးကို တွေ့ရမှာဗျ”
“အဲဒီအချိန်က မိတ်ကပ်တွေလိမ်း၊ နှုတ်ခမ်းနီတွေဆိုးထားလို့ တကယ့်အလှစစ်မဟုတ်ပါဘူးကွာ၊ ငါက တကယ့်အလှအစစ်ကိုမြင်ချင်တာကွ”
“အဲဒါဆိုရင်လည်း ညနေရေခပ်ဆင်းတဲ့အချိန် ရေချိုတွင်းနားမှာသာ စောင့်တော့ဗျာ၊ အဲဒီမှာ ရွာကအပျိုတွေ လာကြပါလိမ့်မယ် တန်းစီပြီး”
ဒီလိုနဲ့ ကိုသားထွေးနဲ့ကျုပ်နဲ့ ရွာထဲလည်ကြပတ်ကြတယ်ပေါ့ဗျာ၊ ညနေရောက်တော့ ဦးတရုတ်ကြီးဆိုင်သွားပြီး နည်းနည်းပါးပါး တစ်ခွက်တစ်ဖလားသွားသောက်ကြသေးတယ်၊ ကိုသားထွေးမှာ ပိုက်ဆံပါတော့ ကျုပ်က ကပ်မြှောင်လုပ်တာပေါ့၊ ညနေ နေအတော်စောင်းတော့မှ ရေချိုတွင်းဘက်ကိုခြေဦးလှည့်ခဲ့ကြတယ်။
ပုံမှန်ဆိုရင် ရေချိုတွင်းဘက်မှာ ကာလသားတွေမရှိတတ်ဘူးဗျ၊ ရွာခံကာလသားက ညနက်တော့မှ အပျိုရှိတဲ့အိမ်ကို လှည့်လည်လို့ရတာကိုး၊ ဒီတော့ ရေချိုတွင်းနဲ့မလှမ်းမကမ်းမှာ ကျုပ်နဲ့ကိုသားထွေးနဲ့ထိုင်နေကြတယ်။ ကိုသားထွေးက ရေခပ်ဆင်းလာတဲ့အပျိုတွေကို သေသေချာချာကြည့်နေတယ်။
“ဘယ်လိုလဲ ကိုသားထွေး၊ ကိုသားထွေးအကြိုက်တွေ့ရဲ့လား”
ကိုသားထွေးက ခေါင်းခါရင်း
“ငါက မိန်းကလေးဆိုရင် သွယ်သွယ်လျှလျှလေးမှကြိုက်တာကွ၊ အထူးသဖြင့် ပေါင်တို့ ခြေသလုံးတို့ပေါ့ကွာ၊ ဒါပေမယ့် မင်းတို့ရွာက မိန်းကလေးတွေကတော့ ခြေသလုံးအိမ်တိုင်တွေကွ”
“ဟာဗျာ၊ ခြေသလုံးအိမ်တိုင်တော့မဟုတ်ပါဘူး သူတို့က အိမ်မှတ်မှတ်ခြံမှတ်မှတ်ရှိပြီးသားလူတွေပါဗျ”
“ငါပြောချင်တာက အဲဒီအဓိပ္ပါယ်မဟုတ်ဘူးကွ၊ မင်းတို့ရွာက မိန်းကလေးတွေရဲ့ ခြေသလုံးက အိမ်တိုင်လောက်ရှိအောင် တုတ်လို့ ခြေသလုံးအိမ်တိုင်လို့ပြောတာ”
ကျုပ်ဖြင့် တဟားဟားနဲ့ရယ်မိတယ်။
“တုတ်မှာပေါ့ဗျာ၊ တစ်နေ့တစ်နေ့ အိမ်မှုကိစ္စတွေနဲ့ ဇယ်ဆက်အောင်လုပ်နေရတာကိုး၊ ဒီကြားထဲ လယ်ထဲယာထဲ ထမင်းပို့ဆိုလည်းဆင်းရတာပဲ၊ ရက်ကန်းရက်ဖို့ ချည်စာနင်းကြပြီဟေ့ဆိုရင်လည်း ဆန်ကြမ်းအမာချက်ကို ချည်ခင်နဲ့တသားတည်းဖြစ်သွားအောင်လို့ သေချာဖိနင်းရမှတော့ ဒီခြေသလုံးမကြီးရင် ဘယ်ခြေသလုံးက ကြီးတော့မှာလဲဗျာ”
ကိုသားထွေးက မိန်းကလေးတွေကိုကြည့်ရွေးနေရင်း ညနေအတော်စောင်းပြီး နေဝင်လာခါနီးဖြစ်သွားတယ်၊ တစ်ရွာလုံးက အပျိုတွေလည်း ရေခပ်ဆင်းတာ ကုန်သလောက်ဖြစ်နေပြီ၊ ဒါနဲ့ ကျုပ်နဲ့ကိုသားထွေး လှည့်ပြန်မယ်လုပ်တော့မှ မိန်းကလေးတစ်ယောက်က သုတ်သီးသုတ်ပြာနဲ့ ရေအိုးကလေးပိုက်ပြီး ရေတွင်းကိုပြေးလာတယ်။
အဲဒီမိန်းကလေးကိုတော့ ကိုသားထွေးက သေချာကြည့်တာဗျ၊ သူ့မျက်နှာမှာ ဝတ်ထားတဲ့မျက်မှန်ကိုတောင်ချွတ်ပြီး တော်တော်ကိုစိုက်ကြည့်နေတာ။
“ဘယ်လိုလဲ ကိုသားထွေး၊ ဒီတစ်ယောက်ကို အကြိုက်တွေ့သွားပြီနဲ့ထင်တယ်”
“အေးကွ၊ သူ့ကိုတော့ ငါတော်တော်စိတ်ဝင်စားတယ်၊ သူက ဘယ်သူလဲ”
“သူ့နာမည်က ရွှေရည်ဦးဆိုလားပဲ၊ ဒါပေမယ့် ရွာမှာတော့ ဝိုင်းစိန်လို့ပဲခေါ်တယ်၊ သူက ရွာမြောက်ပိုင်းက ဦးဘထူးရဲ့သမီးဗျ၊ ကောင်မလေးက ခပ်ချေချေနော်၊ ကျုပ်တို့လိုတစ်ရွာတည်းသားတွေကိုဆိုရင် ပြုံးတောင် ပြုံးမပြဘူးဗျာ”
“ဟာ၊ ငါကလည်း ဒါမျိုးမှကြိုက်တာဟေ့၊ လာဟေ့အလတ်ကောင်”
“ဟ၊ ဘာလုပ်မလို့လဲဗျ”
“အကြိုက်တွေ့သွားရင် ဈေးမေးရမယ်ဆိုတဲ့စကားရှိတယ်မဟုတ်လား”
“ဟာ၊ ကိုသားထွေး၊ သူ့ကိုသာဈေးသွားမေးလို့ကတော့ ကိုသားထွေးကိုသူက ပါးကွဲအောင်ရိုက်သွားမှာပေါ့ဗျ”
“မင်းတော်တော်တုံးတဲ့ကောင်ပဲကွာ၊ ငါကတော့ ဈေးသွားမေးမလားကွ၊ သူနဲ့နည်းနည်းပါးပါး စကားစမြည်ပြောပြီး အရောတဝင်လုပ်မယ်ပြောတာ”
ကျုပ်တို့တောင် မပြုံးပြတဲ့မိန်းကလေးကို ကိုသားထွေးက စကားသွားပြောမယ်ဆိုတော့ ကျုပ်ဖြင့် မျက်ခုံးက ခပ်လှုပ်လှုပ်ပဲဗျ၊ ဒါနဲ့မယောင်မလည်နဲ့ ကိုသားထွေးအနောက်ကနေ ခပ်လှမ်းလှမ်းက လိုက်သွားမိတယ်ဆိုပါတော့၊ ကိုသားထွေးကတော့ ရေတွင်းမှာရေခပ်နေတဲ့ ဝိုင်းစိန်အနားကို တိုးကပ်သွားတယ်။
“ဒီကညီမကိုကြည့်ရတာ စိတ်ညစ်စရာတစ်ခုခုရှိနေတဲ့ပုံပဲ”
ဝိုင်းစိန်က ကိုသားထွေးကို မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်ပြီး ရေဆက်ခပ်နေတယ်။ ဘယ့်နှယ့်ဗျာ၊ မိန်းကလေးတစ်ယောက်ကို စကားသွားပြောတာ သူချောကြောင်းလှကြောင်း မြှောက်ပင့်မပြောဘဲနဲ့ စိတ်ညစ်စရာရှိသလားဆိုပြီးသွားမေးတာကိုး။
“တစ်ခုခုပျောက်နေပုံရတယ်”
ကိုသားထွေးက နောက်တစ်ခွန်းပြောလိုက်တော့ ဝိုင်းစိန်တစ်ယောက် တုတ်လှုပ်သွားပြီး လက်ထဲက ရေငင်တဲ့ရေဆွဲပုံးတောင် ပြုတ်ကျမလိုဖြစ်သွားတယ်၊ ကိုသားထွေးကိုလည်း အံ့သြတဲ့အကြည့်နဲ့ကြည့်ရင်း
“ရှင်က ဗေဒင်ဆရာများလား”
“ဗေဒင်ဆရာတော့မဟုတ်ပေမယ့် မင်းအခက်အခဲဖြစ်နေတာကို ငါကူညီနိုင်ပါတယ်”
ဝိုင်းစိန်က ဘေးဘီကိုကြည့်လိုက်ရင်း
“ပစ္စည်းပျောက်နေတာတော့မှန်တယ်၊ အဖေတို့သာသိရင် ကျုပ်တော့သေအောင်အရိုက်ခံရမှာပဲ”
“ကျုပ်က နှုတ်လုံပါတယ်၊ ဘာဖြစ်သလဲဆိုတာကိုသာ ပြောပါ”
ဝိုင်းစိန်က ကျုပ်ကိုလည်း မယုံကြည်သလိုနဲ့လှည့်ကြည့်တယ်၊
“ဒီကောင်က စိတ်ချရပါတယ်၊ ပြောမှာသာပြောပါ”
“ဒီလို ကိုအဝှာရဲ့၊ အလှူနေ့က ကျုပ်ဝတ်ထားတဲ့ ဆွဲကြိုးတစ်ကြိုး ကျပျောက်သွားလို့ စိတ်ညစ်နေရတာ၊ အမေ့ကိုလက်ဝတ်လက်စားတွေ ပြန်အပ်တော့ အဲဒီဆွဲကြိုးကို ခဏဝတ်မယ်ဆိုပြီးတော့ ပြောလိုက်ရတယ်၊ အဖေသာ ဆွဲကြိုးပျောက်မှန်းသိရင် ကျုပ်ကိုသေအောင်ရိုက်မှာ”
ကိုသားထွေးက ပြုံးရယ်လိုက်ရင်း
“ဒါလောက်တော့ ကျုပ်ကအပျော့ပါ၊ ဆွဲကြိုးက အချိန်ဘယ်လောက်ရှိသလဲ”
“ငါးမူးသားကျော်ပါတယ်”
“ကောင်းပြီ၊ မနက်ဖြန်မနက်ကျရင် အဲဒီဆွဲကြိုးဘယ်မှာရှိတယ်ဆိုတာကို ကျုပ်ပြောပြမယ်၊ ကျုပ်ပြောတဲ့နေရာမှာသာရှာ ခင်ဗျားရဲ့ဆွဲကြိုးကို တွေ့ကိုတွေ့စေရမယ်ဗျာ”
ဝိုင်းစိန်က အားကိုးတကြီးနဲ့ဖြစ်နေတယ်၊ ဒါပေမယ့် ကျုပ်ကတော့ မထင်ဘူးဗျ၊ ကိုသားထွေးက စာပေကျမ်းဂန်နှံ့စပ်တယ်ဆိုပေမယ့် ဗေဒင်မှ မတတ်တာပဲ၊ သူဘယ်လိုလုပ်ပြီးတော့ ဆွဲကြိုးရှိတဲ့နေရာကို တပ်အပ်သိနိုင်မှာလဲ။
“ဟုတ်ပါ့မလားရှင်”
“ဟုတ်ပါတယ်ဆို ညီမရယ်၊ ဒါနဲ့ ကျုပ်နာမည်ကိုမှတ်ထား ကျုပ်နာမည်သားထွေးတဲ့၊ မပိုင်ရင် ခြင်တောင်မရိုက်ဘူး”
“ဒါဆို ရှင့်ကိုပဲအားကိုးပါတယ်”
ဝိုင်းစိန်က ရေအိုးကလေးရွက်ပြီးအမြန်ထွက်သွားတယ်၊ ခပ်လှမ်းလှမ်းရောက်တော့မှ ကိုသားထွေးကိုတစ်ချက်လှည့်ကြီးပြီး စိတ်ချမယ်နော်ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်တာဗျ၊ ကိုသားထွေးကလည်း ဘာမှမပြောဘဲ ခေါင်းကိုညိတ်ပြလိုက်တယ်။ ဝိုင်းစိန်ခပ်လှမ်းလှမ်းရောက်သွားတော့မှ ကျုပ်က ကိုသားထွေးပုခုံးကိုပုတ်ပြီး
“ကိုသားထွေး၊ ခင်ဗျားကတော့ မြွေဖမ်းလိုက်တာပဲဗျာ”
“ဟ ဘာဖြစ်လို့တုန်း အလတ်ကောင်ရ”
“ဘာဖြစ်ရမလဲ သူ့ဟာသူတောင် ဘယ်နားကျလို့ကျမှန်းမသိဘဲ ဖြစ်နေတာကို ခင်ဗျားက ဘယ်နေရာမှာရှိတယ်ဆိုတာ အတပ်ဟောမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ကိုသားထွေးရ”
ကိုသားထွေးက ခပ်ပြုံးပြုံးနဲ့
“မင်းက ငါ့ကိုသိပ်အထင်သေးတာပဲ အလတ်ကောင်ရာ”
“မဟုတ်မှလွဲရော၊ ကိုသားထွေးက အဲဒီဆွဲကြိုးကို ကောက်ရထားတာများလား၊ ဒါကြောင့် ဝိုင်းစိန်မစိတ်ညစ်နေတာကို ကြိုသိနေတာလား”
“မင်းကတော့ ကြံကြံဖန်ဖန်ပြောတော့မယ်အလတ်ကောင်ရာ၊ ငါက ဆွဲကြိုးကောက်ရပါပြီပဲထား ဒီဆွဲကြိုးက ဘယ်သူ့ဆွဲကြိုးလဲဆိုတာ သိပါ့မလားကွ”
သူပြောတာလည်း ခပ်ဟုတ်ဟုတ်ပဲ။
“ဒါနဲ့ ခုနက ဆွဲကြိုးအလေးချိန်ကို မေးပုံထောက်တော့ ဇာတ်လမ်းတွေထဲကလို ဆွဲကြိုးအတုပုံစံတူလုပ်ပြီးတော့ တစ်နေရာသွားချထားပြီး မိန်းကလေးကို ဗေဒင်ဟောသလိုနဲ့ အယုံသွင်းဖို့မဟုတ်လား”
“မင်းက တော်တော်ဒုံးဝေးတဲ့ကောင်ပဲကွ၊ သူ့ဆွဲကြိုးကို အတုလုပ်ပါပြီတဲံ၊ သူ့ဆွဲကြိုးက ဘယ်လိုပုံစံမှန်း ငါကသိမလား၊ မင်းတောင် သူ့ဆွဲကြိုးဘာပုံဆိုတာ သိလို့လား”
ကျုပ်ခေါင်းခါပြလိုက်တယ်။
“ဒါဆို ကိုသားထွေး ဘယ်လိုလုပ်မယ်စိတ်ကူးထားသလဲဗျာ”
“နည်းလမ်းကောင်းရှိပါတယ်ကွ၊ အလတ်ကောင်ရ”
“ဟာ၊ အဲဒီနည်းလမ်းကောင်းကို ကျုပ်ကိုပြောအုံးဗျာ”
“မပူပါနဲ့ ညကျတော့ သိရမှာပါ၊ ကဲ အခုတော့ မင်းတို့အိမ်ကိုပြန်ပြီးတော့ မင်းအမေချက်တဲ့ထမင်းကို သွားစားကြစို့ဟေ့”
ကိုသားထွေးက ထွက်သွားတာနဲ့ ကျုပ်လည်း သူ့အနောက်ကနေ လိုက်လာခဲ့တော့တယ်။
(၂)
အိမ်ရောက်တော့ ထမင်းစားသောက်ပြီး ကိုသားထွေးနဲ့ကျုပ်နဲ့ အိမ်ပေါ်တက်လာခဲ့ကြတယ်၊ ကိုသားထွေးလာရင်တော့ ကျုပ်နဲ့သူနဲ့အတူတူအိပ်ဖြစ်တာများတယ်၊ တစ်ခါတစ်ခါ မအိပ်ခင် စကားစမြည်ပြောရင်း ကိုသားထွေးက စကားပြောကောင်းလို့ သန်းခေါင်ကျော်ပြီး နောက်တစ်နေ့ကူးသွားတတ်တယ်၊
ကျုပ်တို့အတူတူအိပ်ဖို့ အိပ်ရာပြင်နေတုန်း ကိုသားထွေးက ကျုပ်အနားကိုကပ်လာတယ်။
“ငါအခုလုပ်မယ့်နည်းလမ်းက ဗေဒင်တော့ ဗေဒင်ပဲကွ၊ ဒါပေမယ့် လူကိုမေးတာမဟုတ်ဘဲ တစ္ဆေကိုမေးတဲ့ဗေဒင်ကွ”
သရဲတစ္ဆေတွေဆိုတာနဲ့ ကျုပ်တောင်တော်တော်စိတ်ဝင်စားသွားတယ်။
“ဘယ်လို ကိုသားထွေးရဲ့ တစ္ဆေက ဗေဒင်ဟောမှာတဲ့လား”
ကိုသားထွေးက ပါးစပ်ကိုလက်ညှိုးနဲ့ကပ်ပြပြီး
“တိုးတိုးလုပ်စမ်းပါအလတ်ကောင်ရာ”
ဒါနဲ့ကျုပ်လည်း သူ့အနားထိုင်လိုက်တယ်။
“မင်းဒါမျိုးမကြုံဖူးဘူးမဟုတ်လားကွ၊ ဒါဆိုရင်တော့ ဒီညငါနဲ့လိုက်ခဲ့ပေတော့”
“လိုက်မယ်ဗျာ၊ ဒါနဲ့ တစ္ဆေက ဗေဒင်ဟောတာ မှန်ရဲ့လား”
“မှန်တာမှ သွေးထွက်အောင်မှန်တာဟေ့၊ ငါလည်း ဟိုတလောကမှ ငါ့သူငယ်ချင်းတစ်ယောက်ခေါ်လို့ လုပ်ဖူးတာကွ၊ သူဟောတာတွေအကုန်လုံး ကွက်တိပဲ”
“ဟုတ်မှလဲလုပ်အုံးနော်၊ တော်ကြာ တစ္ဆေက ကျုပ်တို့ကို ဒုက္ခပေးနေအုံးမယ်”
“ရပါတယ်ကွာ၊ ငါလေးငါးခါလောက်တော့ စမ်းလုပ်ကြည့်ပြီးပါပြီကွ၊ လုပ်တိုင်းလဲအဆင်ပြေတယ်၊ အဲ . . . ဒါနဲ့ ပစ္စည်းလေးတွေ နည်းနည်းလိုသကွ”
“ဘာလိုတာလဲ ကိုသားထွေး”
“လူသုံးယောက်လောက် ပတ်ဝိုင်းပြီးထိုင်နိုင်တဲ့ ခပ်ရွယ်ရွယ်စားပွဲတစ်လုံးလိုတယ်ကွာ၊ ပြီးတော့ တစ်ထွာလောက်ရှိမယ့် တုတ်ချောင်းတစ်ခုလိုတယ်၊ တုတ်ချောင်းက အသားမာမာနဲ့လုပ်ထားပြီးတော့ ခပ်မာမာမှရမယ်ကွ၊ ထင်းချောင်းဆိုရင်လည်း မာတာလေးပေါ့ကွာ၊ ပြီးရင်တော့ နောက်ထပ်လူတစ်ယောက် ထပ်လိုသကွ၊ ဒီနည်းက လူသုံးယောက်လုပ်မှရမှာ”
“ရတယ် ကိစ္စမရှိဘူး ဒါတွေအားလုံး ကျုပ်ရအောင်ဖန်တီးပေးမယ်”
စားပွဲဝိုင်းကတော့ ကျုပ်တို့အိမ်မှာ အပေါဆုံးပေါ့ဗျာ၊ သစ်ကောင်းကောင်း ပျဉ်ကောင်းကောင်းရလာပြီဆိုရင်တော့ အဖေက လက်သမားခေါ်ပြီး စားပွဲရိုက်ခိုင်းတာပဲ၊ ကျုပ်တို့အိမ်မှာ တစ်တောင်ခွဲလောက်အချင်းရှိတဲ့ အငယ်မတို့ သနပ်ခါးတွေ ကျောက်ပျဉ်တွေတင်တဲ့ စားပွဲကလေးကစလို့၊ လူတစ်ယောက်စားတဲ့စားပွဲ၊ လူသုံးယောက်စားနိုင်တဲ့စားပွဲကနေ ဘုန်းကြီးငါးပါး ကျယ်ကျယ်ဝန်းဝန်းလွတ်လွတ်လပ်လပ်စားသောက်လို့ရတဲ့ စားပွဲကြီးတွေအထိရှိတယ်ဗျ၊ သူကြီးအိမ်ဆိုတော့လည်း အသုံးလိုရင် သုံးရအောင်လို့ဆိုပြီး အပေါ်ထပ်ခြေရင်းခန်းမှာ စားပွဲတွေကိုထောင်ထားတာပေါ့၊ ကျုပ်လည်း အဲဒီအထဲက အချင်းနှစ်တောင်တစ်ထွာလောက်ရှိတဲ့ ခပ်ရွယ်ရွယ်စားပွဲတစ်လုံးကို ရှာလိုက်တယ်။
ခက်တာကတော့ လူဗျ၊ ညကြီးသန်းခေါင် သချိုင်းကုန်းကိုထသွားမှာဆိုတော့ မကြောက်တတ်တဲ့လူမှရမှာ၊ ဒါနဲ့ အငယ်ကောင်ကိုသွားပြောရတယ်။
“အငယ်ကောင် ငါတို့အရေးကြီးတာတစ်ခုလုပ်ဖို့ ဒီညသန်းခေါင်လောက် သချိုင်းကုန်းကိုလိုက်ခဲ့မလား”
“ဟာဗျာ၊ လုပ်မယ့်အချိန်ကလည်း ညသန်းခေါင်၊ သွားမယ့်နေရာကလည်း သချိုင်းကုန်းတဲ့လား၊ မလိုက်ချင်ဘူးဗျာ”
“လုပ်စမ်းပါ အငယ်ကောင်ရာ၊ မုန့်ဖိုးပေးပါ့မယ်ကွ”
“ရွှေတွေပုံပေးတောင်မှ မလိုက်ဘူးဗျာ၊ အကိုလတ်ဖာသာ သွားချင်သွား၊ ကျုပ်တော့လာမခေါ်နဲ့”
အငယ်ကောင်က ကြောက်တတ်တဲ့ကောင်ဆိုတော့ ဘယ်လိုမှကို စည်းရုံးလို့မရဘူးဗျာ၊ ဒါနဲ့ နောက်ဆုံး အိမ်က ယောက်ျားသား ထောင်ထောင်မောင်းမောင်း အကိုကြီးကိုပဲ ပြောရတော့တယ်။
“အကိုကြီး၊ ဒီညသန်းခေါင် သချိုင်းကုန်းကို လိုက်မလား”
“လခွမ်း၊ သချိုင်းကုန်းကို မင်းကဘာသွားလုပ်မှာလဲကွ”
“တိုးတိုးပြောပါ အကိုကြီးရာ၊ အရေးကြီးတာတစ်ခုလုပ်ဖို့ဗျ”
“မင်းနဲ့ သားထွေးနဲ့ တကြိတ်ကြိတ်လုပ်ပြီး ခေါင်းချင်းဆိုင်နေကြတာ မဟုတ်မှလွဲရော သချိုင်းကုန်းသွားပြီးတော့ ပီယဆေးတွေဘာတွေဖော်ဖို့လား”
“ပီယဆေး . . . ဟုတ်တယ်၊ ပီယဆေးတစ်မျိုးပဲ၊ အကိုကြီးသာ မလိုက်ရင် ကိုသားထွေးဒီတစ်သက် မိန်းမရမှာမဟုတ်တော့ဘူးဗျ”
အကိုကြီးလည်းသိချင်ပုံရတယ်။
“မင်းပြောတာနဲ့ ငါတောင်သိချင်လာပြီကွာ၊ ဒါနဲ့ ပီယဆေးရရင် ငါ့လည်းနည်းနည်းမျှနော်ကွ”
“ဟာဗျာ၊ အကိုကြီးက အိမ်ထောင်သည်ဖြစ်နေပြီပဲ ပီယဆေးက ဘာလုပ်မှာလဲ”
“လုပ်စမ်းပါ အလတ်ကောင်ရာ”
“ပြီးရောဗျာ၊ လိုက်မှာသာလိုက်ခဲ့၊ ပီယဆေးကိုတော့ ကိုသားထွေးဆီကနေတောင်းပေတော့”
အကိုကြီးက ပျော်သွားပုံရတယ်ဗျ၊ ဒီလိုနဲ့ ကျုပ်တို့လည်း ခြင်ထောင်ထဲဝင်ပြီး မအိပ်ဘဲ ညနက်အောင်စောင့်နေမိတယ်၊ သန်းခေါင်ကြက်တွန်သံကြားတဲ့အချိန် တစ်အိမ်လုံးကလည်း အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေပါရော၊ ကျုပ်က သန်းခေါင်ရောက်အောင်စောင့်ရင်း မှေးခနဲအိပ်ပျော်သွားလို့ ကိုသားထွေးက ကျုပ်လက်မောင်ကိုဆွဲဆိတ်ပြီးနှိုးရတယ်။
“အလတ်ကောင် ထတော့ဟ၊ သွားကြမယ်”
ကျုပ်က ကြိုတင်ကြံစည်ထားတဲ့အတိုင်း ချောင်းဟန့်သံသုံးချက်ပေးလိုက်တော့ အကိုကြီးက အခန်းထဲကနေ အသာထွက်လာတယ်ဗျ၊ ဒါနဲ့သုံးယောက်သား အိမ်ပေါ်ကနေဆင်းလာကြတယ်၊ အိမ်ဘေးမှာ ကြိုထောင်ထားတဲ့ စားပွဲခုံကိုယူပြီး ခြံဝိုင်းထဲကနေထွက်ခဲ့ကြတယ်။
“အလတ်ကောင် တုတ်ချောင်းပါရဲ့လား”
“ပါပါတယ်ဗျာ၊ ပျဉ်းကတိုးတုတ်တိုလေး ကျုပ်ခါးကြားညှပ်လာသဗျ”
ခြံဝိုင်းအပြင်ကို ထွက်ခါနီးကျတော့ ကိုသားထွေးက အိမ်ရှေ့ရာဝင်ကြီးအိုးနှစ်လုံးကြားကို သွားနှိုက်တယ်ဗျ၊ သူ့လက်ကိုပြန်ထုတ်လိုက်တော့ လက်ထဲမှာ ပုလင်းတစ်လုံးပါလာတယ်။
“ဒါဘာတွေလဲ”
“ရဲဆေးကွ ရဲဆေး”
ကိုသားထွေးကပြောပြီး တစ်ငုံသောက်ထည့်လိုက်တယ်၊ ကိုသားထွေးက ပုလင်းကို အကိုကြီးကိုလှမ်းပေးတော့ အကိုကြီးကလည်း ပုလင်းယူပြီး တစ်ကျိုက်မော့သောက်လိုက်ပါရော၊ နောက်တော့ ကျုပ်ကိုလှမ်းပေးတာနဲ့ ကျုပ်လည်းတစ်ငုံသောက်လိုက်တော့တယ်၊ အရက်က ဦးတရုတ်ကြီးခိုးချက်တဲ့ မီးတောက်အရက်စစ်စစ်ဗျာ၊ ပြင်းလိုက်တာမှ ပြောမနေပါနဲ့၊ ညနက်သန်းခေါင်ကြီး သချိုင်းကုန်းထဲသွားဖို့ဆိုတာကလည်း လူက နည်းနည်းထွေနေမူးနေမှ ကောင်းတယ်မဟုတ်လား၊ ယောက်ျားကြောက်တော့ အရက်သောက်တယ်ဆိုတဲ့ စာဆိုလိုပေါ့။
ဒီလိုနဲ့ ကျုပ်က စားပွဲခုံကြီးရွက်ပြီး အရက်ပုလင်းကို တစ်ယောက်တစ်လှည့်သောက်ရင်း လျှောက်လာလိုက်တာ ရွာထိပ်နားရောက်တော့ အရက်ပုလင်းက ကုန်သွားတယ်၊ ကျုပ်လည်း ခပ်ထွေထွေကလေးဖြစ်နေပြီ၊ ကိုသားထွေးလည်း နည်းနည်းတော့အရှိန်ရနေပြီဗျ၊ အရက်ကြိုက်တဲ့အကိုကြီးက ခပ်များများသောက်တော့ အကိုကြီးဆို တော်တော်ကိုမှန်နေပြီ၊ ကျုပ်အထင် အရက်ပုလင်းတစ်ဝက်လောက်ကို အကိုကြီးက သောက်ပစ်ထည့်လိုက်တာဗျ။
ကျုပ်စိတ်ထဲတော့ တထင့်ထင့်ဖြစ်နေတယ်၊ အဲဒါကတော့ အရက်ကြောင့်ပဲဗျ၊ အကိုကြီးက အရက်ဝင်သွားရင် နည်းနည်းသွေးဆိုးသွားတတ်တယ်မဟုတ်လား၊ ရွာပြင်ရောက်တော့ အကိုကြီးက သီချင်းအကျယ်ကြီးထဆိုတယ်။
“တိုးတိုးလုပ်စမ်းပါ အကိုကြီးရာ”
“ဟ၊ တစ်ရွာလုံးက အိပ်နေပြီ၊ ငါတို့ ဖင်လိပ်ခေါင်းထွက်အောင် အော်လည်း ဘယ်သူမှ မနိုးတော့ပါဘူးကွာ၊ ပြီးတော့ ငါလည်းသီချင်းအရမ်းဆိုချင်လို့ပါ”
ဒီလိုနဲ့ သီချင်းဆိုပြီး သုံးယောက်သား သချိုင်းကုန်းထဲဝင်ခဲ့ကြတယ်၊ သချိုင်းကုန်းထဲက သစ်ပင်ကြီးတစ်ပင်အောက်ရောက်တော့ ကိုသားထွေးက စားပွဲခုံကိုချခိုင်းတယ်။ ပြီးတော့ သုံးယောက်မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး တံတောင်ဆစ်ကို စားပွဲပေါ်ထောက်ပြီး လက်နှစ်ဖက်ကို ဘေးကိုဆန့်လိုက်တယ်၊ ဘယ်ဘက်လက်ကို မှောက်ခုံအနေအထားလုပ်ပြီး ညာဘက်လက်ကို ပက်လက်အနေအထားလှန်ထားရတယ်၊ သုံးယောက်သား အဲဒီလိုလုပ်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းထိပြီး ချိတ်ဆက်မိသွားတယ်၊ နောက်တော့ စားပွဲအလယ်ကို ကျုပ်ယူလာတဲ့တုတ်ချောင်းကလေး ချလိုက်တယ်။
သချိုင်းကုန်းကြီးတစ်ခုလုံးက မှောင်မဲနေတာပဲဗျာ၊ လဆုတ်ရက်ဆိုတော့ လအလင်းရောင်က မရှိသလောက်ပဲ၊ ဒီကြားထဲ သစ်ပင်ကြီးအောက်ထိုင်နေတာဆိုတော့ ဘယ်လောက်မှောင်နေသလဲဆိုတာ ခင်ဗျားတို့ပဲစဉ်းစားကြည့်တော့၊ ကျုပ်တို့သုံးယောက်တောင် တစ်ယောက်မျက်နှာတစ်ယောက် မမြင်ရဘူးဗျာ၊ လူပုံသဏ္ဍာန် ခပ်ဝါးဝါးကလေးပဲမြင်နေရတာ။
“ကဲ ငါတစ္ဆေစခေါ်ရင် မင်းတို့လက်တွေကို မဖြုတ်နဲ့နော်ကွ၊ လက်တွေဖြုတ်ရင် တစ္ဆေက တို့လက်တွေကြားကနေထွက်သွားလိမ့်မယ်”
“ဟာ အလတ်ကောင် မင်းပြောတော့ ပီယဆေးဖော်မှာဆိုကွ၊ အခုက ဘာလုပ်တာလဲ”
“ဟာ အကိုကြီးကလည်း မသိရင် မသိသလိုနေစမ်းပါဗျာ”
“ကဲ ကျုပ်စခေါ်တော့မယ်၊ အားလုံး ပါးစပ်တွေပိတ်ထားကြပါ၊ မလိုအပ်ဘဲ စကားမပြောပါနဲ့”
ကိုသားထွေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
“ယခု သချိုင်းကုန်းအတွင်း မှီတင်းနေထိုင်ကြသည့် သရဲတစ္ဆေအပေါင်းတို့ကို တိုင်တည်ပြောကြားပါသည်၊ ကျွနု်ပ်တို့ရှေ့ရှိ စားပွဲပေါ်သို့ သချိုင်းအတွင်းရှိ နှစ်ကြီးဝါကြီး တစ္ဆေကြီးတစ်ကောင်လောက် ကြွရောက်ပေးပါရန် ကျွန်ုပ်တို့ ပင့်ဖိတ်ပါသည်၊ ကြွရောက်တော်မူကြပါ”
ကိုသားထွေးက သုံးကြိမ်တိတိပင့်ဖိတ်တယ်ဗျ၊ အဲဒီအချိန်အထိ ဘာမှမထူးခြားသေးဘူး။ အကိုကြီးက လျှာသွက်အာသွက်နဲ့ဖြစ်နေပြီဆိုတော့ ထပြောတယ်။
“ဟေ့ကောင် ဒီလိုဖိတ်လို့ တစ္ဆေကလာမလားကွ”
အကိုကြီးပြောလို့ စကားတောင်မဆုံးသေးဘူး စားပွဲပေါ်ကို လူတစ်ယောက်တက်လိုက်သလိုမျိုးခံစားလိုက်ရပြီး စားပွဲက နည်းနည်းလှုပ်သွားသလိုပဲဗျ၊ စားပွဲပေါ်ကို ကျုပ်တို့လက်တွေတင်ထားတော့ စားပွဲက ဘယ်လိုဖြစ်နေတယ်ဆိုတာ ခံစားမိတယ်၊ ဘာမှတော့ မမြင်ရဘူးဗျို့၊ တစ္ဆေတက်လာမှန်းသိတာနဲ့ ကိုသားထွေးကစပြောတယ်။
“စားပွဲပေါ်ကို တစ္ဆေရောက်လာပြီဆိုရင် ခုံပေါ်က သစ်သားတုတ်နဲ့ ခုံကို သုံးချက်ခေါက်ပြပါ”
ကိုသားထွေးပြောပြီး မကြာဘူး ခုံကိုသုံးခေါက် တဒေါက်ဒေါက်နဲ့ခေါက်သံကြားလိုက်ရတယ်ဗျ၊ ကျုပ်ဆိုရင် ခေါင်းနားပန်းတွေကြီးပြီး တစ်ကိုယ်လုံးကြက်သီးတွေ တဖြန်းဖြန်းထသွားမိတယ်။
“ဒီရွာထဲက ဝိုင်းစိန်ဆိုတဲ့မိန်းကလေးကို သိရင် နှစ်ချက်ခေါက်ပြပါ၊ မသိဘူးဆိုရင် တစ်ချက်ခေါက်ပြပါ”
ဒီအခါ စားပွဲကို နှစ်ချက်ခေါက်တဲ့အသံကြားရတယ်၊ ကိုသားထွေးကပဲ
“ဝိုင်းစိန်ဆွဲကြိုးပျောက်သွားတယ်လို့ပြောပါတယ်၊ အဲဒီဆွဲကြိုးကို ရှာပေးနိုင်ပါသလား၊ ရှာပေးနိုင်ရင် နှစ်ချက်ခေါက်ပြပါ”
စားပွဲနှစ်ချက်ခေါက်သံထပ်ကြားရပြန်တယ်။
“ပျောက်သွားတဲ့ဆွဲကြိုးက သူတို့အိမ်မှာရှိတယ်ဆိုရင် တစ်ချက်ခေါက်ပြပါ၊ အိမ်မှာ မရှိဘူးဆိုရင် နှစ်ချက်ခေါက်ပြပါ”
ဒီလိုနည်းနဲ့ မေးတော့ အိမ်မှာရှိတယ်လို့ပြောတယ်၊ နောက်တော့ အိမ်ရှေ့လား အိမ်နောက်လား၊ အိမ်အပေါ်ထပ်လား မြေကြီးပေါ်မှာလား စသဖြင့် ထပ်ပြီးမေးရင်းမေးရင်း နောက်ဆုံးတော့ အိမ်အတက်အဆင်းလုပ်တဲ့ လှေကားအောက်က လှေကားခုံကြားထဲကျနေတာဆိုတဲ့ ဟောချက်ကိုရတယ်ဗျ။ ကိုသားထွေးက ခပ်တည်တည်နဲ့
“ကျုပ် အဲဒီဝိုင်းစိန်ကိုကြိုက်တယ်၊ ဝိုင်းစိန်နဲ့ကျုပ်နဲ့ ညားမယ်ဆိုရင် တစ်ချက်ခေါက်ပြပါ၊ မညားဘူးဆိုရင် နှစ်ချက်ခေါက်ပြပါ”
ဒီတော့ စားပွဲကို ဒေါက်ခနဲတစ်ချက်ခေါက်သံကြားရတယ်၊ ကိုသားထွေးက မယုံလို့ သုံးခါလောက် လှည့်မေးနေသေးတယ်၊ သုံးခါလုံး ညားမယ်ချည်းဖြေတာပဲဗျာ။
“ကဲ ငါတော့ မေးပြီးပြီဟေ့၊ မင်းတို့ကောင်တွေ ကြိုက်ရာမေးတော့”
ကျုပ်က ဘာမေးရမယ်ဆိုတာ စဉ်းစားနေတုန်း အကိုကြီးက
“ကဲ အခုဒီကိုရောက်နေတဲ့သရဲက အထီးလား အမလား၊ အထီးဆိုရင် တစ်ချက်ခေါက်၊ အမဆိုရင် နှစ်ချက်ခေါက်”
အကိုကြီးမေးတော့ စားပွဲကိုနှစ်ချက်ခေါက်သံကြားရတယ်။
“ဟား ဟား ဒါဆို နင်က သရဲမပဲ၊ နင်ငါ့ကိုချစ်သလား ချစ်ရင် တစ်ချက်ခေါက်ပြ၊ မချစ်ဘူးဆို နှစ်ချက်ခေါက်ပြ”
အကိုကြီးမေးခွန်းကိုနားထောင်ပြီး ကျုပ်ခေါင်းနားပန်းကြီးသွားတယ်၊
“အကိုကြီး ဘယ်လိုမေးလိုက်တာလဲဗျာ”
တစ္ဆေက စားပွဲကို ဒေါက်ခနဲခေါက်တော့ အကိုကြီးနဲ့ ကိုသားထွေးက ထပြီးရယ်ကြတယ်ဗျ၊ ကိုသားထွေးက အကိုကြီးဘက်လှည့်ပြီး
“အကိုကြီး ခင်ဗျားကတော့ တော်တော်စွံတာပဲ တစ္ဆေတောင် ခင်ဗျားကိုချစ်တယ်တဲ့”
“ဟားဟား၊ ဒီတစ္ဆေက ဗေဒင်ဟောတတ်တယ်ကွ၊ ဒါမျိုး တစ္ဆေတစ်ကောင် အိမ်မှာရှိလို့ကတော့ ဗေဒင်ဟောစားလို့ရပြီဟေ့၊ ဒါနဲ့ တစ္ဆေနင်ငါနဲ့လိုက်နေမလား၊ လိုက်နေမယ်ဆိုရင် နှစ်ချက်ခေါက်ပြ၊ မနေချင်ဘူးဆိုရင် တစ်ချက်ပဲခေါက်”
စားပွဲနှစ်ချက်ခေါက်တဲ့အသံက ခပ်မြန်မြန်ထွက်လာတယ်။
“ငါ့အိမ်လိုက်နေရင် ငါ့ကိုယူမှဖြစ်မှာနော်၊ နင်ငါ့ကိုယူမယ်ဆိုရင် သုံးချက်ခေါက်ပြ”
စားပွဲကို သုံးချက်ခေါက်တဲ့အသံကြားတော့ ကျုပ်ဆက်ပြီးမနေရဲတော့ဘူးဗျာ၊ ဒါနဲ့ ကျုပ်က လက်တွဲထားတာကိုဖြုတ်လိုက်တယ်၊ လက်ဖြုတ်လိုက်တာနဲ့ စားပွဲကြီးက ဝုန်းခနဲအသံမြည်ပြီး စားပွဲပေါ်ကနေ တစ်ခုခုဆင်းပြေးသွားသလိုမျိုးခံစားလိုက်ရတယ်။
“ဟ အလတ်ကောင် မင်းဘာလုပ်တာလဲကွ၊ ဟိုမှာပြေးပြီထင်တယ်”
“အကိုကြီးစကားတွေကို မကြိုက်လို့လုပ်တယ်ဗျာ၊ ဘာဖြစ်လဲ”
အကိုကြီးက ကျုပ်ကိုရန်ထောင်တယ်ဗျ၊ ညီအကိုနှစ်ယောက် ထိုးမယ်ကြိတ်မယ်ဆိုပြီးဖြစ်ကြတာနဲ့ ကိုသားထွေးက ကြားထဲက ဝင်တားရတယ်။
“ငါတို့သိချင်တာသိရပြီဆိုတော့ ပြန်ကြစို့ကွာ၊ ညီအကိုအချင်းချင်းရန်မဖြစ်စမ်းပါနဲ့”
“အလတ်ကောင်ကတော့ မပျော်တတ်ဘူးကွာ၊ တစ္ဆေကို ပေါက်ကရမေးတာ ပျော်စရာကောင်းရဲ့သားနဲ့”
အကိုကြီးက အားမလိုအားမရနဲ့ပြောပြီး အရှေ့ကထွက်သွားတယ်၊ ကျုပ်ကတော့ စားပွဲကြီးရွက်ပြီး သချိုင်းကုန်းထဲကနေ ထွက်လာခဲ့လိုက်တယ်၊ သချိုင်းအဝရောက်တော့ ဘာဖြစ်မှန်းမသိဘူး စိတ်ထဲအနောက်ကိုလှည့်ကြည့်ချင်လာတာနဲ့ လည်ပြန်လှည့်ကြည့်လိုက်တော့၊ သချိုင်းကုန်းအဝမှာ မည်းမည်းအရိပ်ကြီးတစ်ခုက မတ်တပ်ကြီးရပ်နေသဗျ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့သုတ်ခြေတင်ပြီး ပြေးခဲ့ရပါရော။
(၃)
နောက်နေ့မနက်ရောက်တော့ ကိုသားထွေးက ဝိုင်းစိန်အိမ်ကိုသွားပါရော၊ ကျုပ်တောင်ကြားကနေခေါ်ပေးလိုက်ရသေးတယ်၊ ဝိုင်းစိန်က ခြံထဲကနေထွက်လာပြီး အားကိုးတကြီးနဲ့
“ဘယ်နားမှာလဲဆိုတာ သိပြီလား”
ကိုသားထွေးက လက်ပိုက်ပြီးဟန်ပါပါနဲ့
“မင်းရဲ့ဆွဲကြိုးက မင်းတို့အိမ်အတက်အဆင်းလုပ်တဲ့ လှေကားခုံရဲ့အောက်ကြားထဲပြုတ်ကျနေတာဟ”
ဝိုင်းစိန်က မယုံကြည်သလိုနဲ့ ခြံထဲကိုပြေးဝင်သွားတယ်၊ ကျုပ်နဲ့ကိုသားထွေးလည်းသိချင်တာနဲ့ အသာလိုက်ဝင်သွားတာပေါ့၊ ဝိုင်းစိန်တို့အိမ်ကိုတက်တဲ့လှေကားခုံကို သစ်သားနဲ့ရိုက်ထားတာဗျ၊ ဖြစ်ချင်တော့ ဆွဲကြိုးက လှေကားကနေကျပြီး လှေကားခုံကြမ်းပေါက်ကြားထဲကနေတဆင့်ထပ်ကျပြီးတော့ လှေကားခုံအောက်ကျနေတာ၊ ဝိုင်းစိန်က လှေကားခုံက သစ်သားချောင်းတစ်ခုကိုဖြုတ်ပြီး ကောက်လိုက်တော့မှ သူ့လက်ထဲမှာ ဆွဲကြိုးတစ်ကုံးပါလာတာကိုတွေ့ရတယ်၊ မျက်နှာကလည်း ပြုံးလို့ရွှင်လို့ဗျ။
“ဟော၊ တွေ့ပြီ၊ ရှင်ပြောတဲ့အတိုင်း တစ်ထပ်တည်းပါပဲလား”
ကိုသားထွေးက အောင်နိုင်သူအပြုံးနဲ့ပြုံးရင်း အိုက်တင်ခံနေတယ်၊ ဝိုင်းစိန်မ တစ်ယောက်ကတော့ ကိုသားထွေးကိုတော်တော်လေးစားပြီး အားကိုးသွားပုံရတယ်၊ ကျုပ်နဲ့ကိုသားထွေးကို အိမ်ပေါ်ကိုခေါ်ပြီးတော့ စကားတွေဘာတွေပြောပြီး သူ့မိဘတွေအိမ်သားတွေနဲ့မိတ်ဆက်ပေးနေသေးတယ်၊ ကျုပ်က သူကြီးသားဆိုတော့ အားလုံးကသိပြီးသားပါ။ ဒါနဲ့ဝိုင်းစိန်က နောက်နေ့ကိုသားထွေးကို အိမ်မှာထမင်းကျွေးဖို့ဆိုပြီး ဖိတ်တောင်ဖိတ်လိုက်သေးသဗျာ၊ ကျုပ်ကိုကျ မဖိတ်ဘူးဗျ။
ကိုသားထွေးနဲ့ကျုပ်နဲ့ အောင်ပွဲခံပြီးပြန်လာတော့ အကိုကြီးက ယာခင်းထဲကနေပြန်လာတယ်၊ ပုံမှန်ဆိုရင် ညနေအတော်စောင်းမှ ယာခင်းထဲက ပြန်တတ်တဲ့အကိုကြီးက အခုတော့ ခပ်စောစောပြန်လို့ဗျ၊ ဒါနဲ့ ဦးတရုတ်ကြီးဆိုင်မှာထိုင်နေတဲ့ ကျုပ်တို့နှစ်ယောက်နဲ့တွေ့ပါရော။
“ဟာ၊ ဒီကောင်တွေကတော့ နေတောင်မစောင်းသေးဘူး ကောင်းနေကြပြီလားကွ”
“အသောက်ကနည်းနည်း အစားကများများပါအကိုကြီးရ၊ အကိုကြီးကလည်း ဒီနေ့စောလှချည်လား”
“အေးကွ၊ စောဆို ငါဒီနေ့ယာခင်းထဲမှာ နေရတာတစ်မျိုးကြီးပဲကွာ”
“ဘယ်လိုတစ်မျိုးကြီးလဲဗျ”
“ငါ့ကိုတစ်ယောက်ယောက်က စောင့်ကြည့်နေသလိုကြီးခံစားရတယ်၊ အဲဒီခံစားချက်ကို မင်းတို့နားလည်မယ်မထင်ဘူးကွ၊ ငါယာခင်းထဲ ပျိုးဘောင်တွေပေါက်နေတဲ့အချိန် မျက်လုံးထောင့်နားမှာ လူတစ်ယောက်လာရပ်ကြည့်နေသလိုပဲကွ၊ လှည့်ကြည့်လိုက်တော့လည်း မရှိတော့ဘူး၊ ဒါနဲ့ ငါလည်းတစ်ယောက်တည်းမနေရဲတော့လို့ စောစောပြန်လာတာကွ”
“အကိုကြီးကလည်း ကြောက်တတ်ရန်ကောဗျာ၊ အဲဒါ စိတ်ကထင်နေတာပါကွ”
“ကြောက်တော့မကြောက်ပါဘူးကွာ၊ သရဲအကြောင်းပြပြီး စောစောနားမလားလို့ပြန်လာခဲ့တာပါကွ၊ ကဲ ငါ့ကိုလည်းတိုက်ကွာ”
အကိုကြီးက ခုံပေါ်ထောင်ထားတဲ့ပုလင်းကို ဆွဲယူပြီး ဒီအတိုင်းမော့ထည့်ပါရောဗျာ၊ ကိုသားထွေးကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲဗျ၊ သိတဲ့အတိုင်း အကိုကြီးက ကြွက်တွင်းမဟုတ်လား။ နှစ်ပုလင်းလောက်သောက်ပြီးတော့ ကိုသားထွေးက ထပြန်လာခဲ့တယ်၊ ပိုက်ဆံက သူ့ဆီပါတာဆိုတော့ ကျုပ်တို့ညီအကိုလည်း လိုက်လာတာပေါ့ဗျာ၊ အရက်ဝင်သွားတော့ အကိုကြီးက သီချင်းကလေးတကြော်ကြော်နဲ့ဗျ၊ အကိုကြီးအကျင့်က အဲဒီလိုပဲ၊ အရက်ကလေးနည်းနည်းဝင်သွားတာနဲ့ ဆိုချင်တော့တာ၊ ခုခေတ်လို ကာရာအိုကေတွေ ကေတီဗွီတွေ မပေါ်သေးလို့ပေါ့ဗျာ၊ ပေါ်များပေါ်လို့ကတော့ အကိုကြီး အရက်မူးတာနဲ့ အဲဒီလိုနေရာရောက်နေမှာဗျ။
ကျုပ်တို့ပြန်လာတော့ ဦးဘသာနဲ့လမ်းမှာတွေ့တယ်၊ ဦးဘသာက ကျုပ်တို့ကိုနှုတ်ဆက်ရင်း
“သားထွေး၊ မင်းတောင်မတွေ့ရတာကြာလို့ပါလားကွ”
ကိုသားထွေးက ဦးဘသာနဲ့လည်း စကားတွေဘာတွေပြောဖူးတော့ ခင်နေတယ်ဆိုပါတော့၊ လမ်းမှာပြောဆိုနှုတ်ဆက်နေကြရင်း အငယ်ကောင်က ရွာလမ်းမကြီးအတိုင်း သုတ်ခြေတင်ပြီးပြေးလာတယ်။ ကျုပ်တို့ကိုတွေ့တာနဲ့
“အကိုကြီးတို့ကို တွေ့တာအတော်ပဲဗျာ၊ အိမ်ကိုမြန်မြန်လိုက်ခဲ့ကြပါ”
“ဟေ၊ ဘာဖြစ်လို့လဲကွ”
“ဘာဖြစ်ရမလဲ မရီးက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေလို့ဗျ”
“ဟေ” ခနဲကျုပ်တို့အားလုံးရေရွတ်ပြီးတော့ အိမ်ကိုအမြန်လာခဲ့ကြတာပေါ့ဗျာ၊ ဦးဘသာကလည်း သုတ်သီးသုတ်ပြာနဲ့ ကျုပ်တို့အနောက်ကလိုက်လာတယ်၊ ခြံဝန်းရှေ့ကိုရောက်တယ်ဆိုရင်ပဲ ခြံရှေ့မှာ ရွာသား သုံးလေးယောက်ကိုတွေ့ရတယ်။ အိမ်ထဲမှာလည်း ဆူညံပူညံနဲ့မို့ ကျုပ်တို့လည်းအိမ်ထဲကိုပြေးဝင်ခဲ့တာပေါ့။
အိမ်အရှေ့ဘက် လှေကားအတက်အဆင်းနားမှာ မရီးကိုတွေ့လိုက်ရတယ်၊ ကာလသားကိုမြင့်နဲ့ နောက်ထပ်ကာလသားတစ်ယောက်က မရီးကိုလက်မောင်းတစ်ဖက်ဆီကနေ ဆွဲပြီးကိုင်ချုပ်ထားတယ်၊ မရီးကတော့ ရုန်းကန်ရင်း
“ကျုပ်ကိုလွှတ်နော်၊ ကျုပ်ကိုလွှတ်ကြ”
အဖေ၊ အမေနဲ့ ညီမတွေက ဝိုင်းကြည့်နေကြတယ်။ အကိုကြီးက အဖေ့နားကပ်ပြီး
“အဖေ၊ ဘာဖြစ်တာလဲဗျာ”
“မင်းမိန်းမတစ်ယောက် အိမ်ခန်းထဲက ထုပ်တန်းမှာကြိုးချည်ပြီးတော့ သူ့လည်ပင်းသူ ကြိုးကွင်းစွပ်နေတာဟေ့၊ ကံကောင်းချင်တော့ မင်းညီမက မရီးဆီက သနပ်ခါးတုံးသွားတောင်းမယ်ဆိုပြီးတက်သွားလို့ တွေ့လိုက်ရတာ”
အကိုကြီးက မရီးအရှေ့ကိုပြေးသွားပြီး
“မိန်းမ၊ မင်းဘာဖြစ်လို့ ဒီလိုလုပ်တာလဲကွ”
မရီးက အကိုကြီးကိုတွေ့တော့ တဟားဟားနဲ့ရယ်ရင်း
“ချစ်လို့၊ ရှင့်ကိုချစ်လို့လုပ်လိုက်တာ”
“ဘာကွ၊ ငါ့ကိုချစ်တာနဲ့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံရရောလား”
မရီးက ရယ်တယ်ဗျ၊ အကိုကြီးရောက်လာတယ်ဆိုတော့လည်း ကာလသားနှစ်ယောက်က ဖမ်းချုပ်ထားတာကိုလျှော့ပေးလိုက်တယ်၊ မရီးက ရယ်ပြီးတာနဲ့ ဝုန်းခနဲရုန်းထတယ်၊ ကိုမြင့်နဲ့ကာလသားနဲ့လှမ်းဆွဲတာကို လက်နဲ့ပုတ်ထုတ်လိုက်ကာ ဟိုလူနှစ်ယောက် ခွေခနဲလဲကျသွားတာပဲဗျာ၊ ပြီးတာနဲ့ မီးဖိုချောင်အဝင်ဘက် ထရံမှာထိုးထားတဲ့ ဓါးဦးချွန်ကလေးကိုပြေးဆွဲထုတ်လိုက်တယ်၊ ပြီးတော့ သူ့ဗိုက်ကိုသူထိုးဖို့ ဓါးကိုလက်နှစ်ဖက်နဲ့ကိုင်တယ်။
အားလုံးအံ့အားသင့်နေတဲ့အချိန် အဖေက လွှားခနဲခုန်ဝင်သွားပြီးတော့ မရီးရဲ့ဓါးကိုင်လက်ကို လိမ်ဆွဲပြီးတော့ လက်ဖျံကိုဒူးနဲ့တိုက်ထည့်လိုက်တာ မရီးလက်ထဲကိုင်ထားတဲ့ဓါးက မြေပေါ်ကိုကျသွားပါရော၊ အဖေလှုပ်ရှားတာသိပ်မြန်တာပဲဗျာ၊ အဖေက ငယ်ငယ်တုန်းက သိုင်းသင်ထားတဲ့လူဆိုတော့ ဓါးတွေလက်နက်တွေကို ဖယ်တဲ့သိုင်း တတ်တာနေမှာ၊
“သမီး၊ ဒီလိုမလုပ်ပါနဲ့၊ သမီးစိတ်ထဲမကျေနပ်တာရှိရင် အဖေ့ကိုပွင့်ပွင့်လင်းလင်းပြောပါ”
အဖေက ချော့ပြောပေမယ့် မရီးက အဖေ့ကိုမျက်ထောင့်နီကြီးနဲ့ကြည့်ပြီး လက်ဝါးနဲ့ဆောင့်တွန်းထည့်လိုက်တာ သိုင်းတတ်ထားတဲ့အဖေတောင်မှ လွင့်ထွက်သွားပါရောဗျာ။ မရီးက ဘာမှမပြောတော့ဘဲ သူ့လည်ပင်းကိုသူ လက်နှစ်နဲ့ဆွဲညှစ်တာဗျ၊ ဒါနဲ့ဦးဘသာကြီးက ဟေးခနဲအော်ပြီး အရှေ့ကိုတိုးလာတယ်။
ဦးဘသာက မရီးကိုမမှိတ်မသုန်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးတော့ လက်ညှိုးထိုးလိုက်တယ်၊ မရီးကလည်း သူ့လည်ပင်းကိုသူညှစ်နေတယ်ဗျ၊ ကျုပ်အထင်သူတို့နှစ်ယောက် အားပြိုင်နေပုံရတယ်၊ မရီးက လက်အားကိုသုံးလိုက်လို့ လက်ဖျံကြွက်သားကြီးတွေက တင်းသွားလိုက်၊ နောက်တော့ လက်ချောင်းတွေက ပျော့ကျသွားလိုက်နဲ့ သုံးကြိမ်လောက်ဖြစ်ပြီးတော့ လည်ပင်းကိုညှစ်ထားတဲ့လက်တွေက လူတစ်ယောက်ဘေးကနေဆွဲဖယ်လိုက်သလို ပြုတ်ကျသွားတယ်။
“မကောင်းဆိုးဝါးမ မပြေးနဲ့ ချုပ်စရာချုပ်၊ အုပ်စရာအုပ်ထားစမ်းဟဲ့”
ဦးဘသာက အသံကျယ်ကျယ်နဲ့အော်လိုက်တော့ မရီးတစ်ယောက် သတိဆွဲသလိုမျိုး လက်နှစ်ဖက်ဘေးကပ်ပြီး တောင့်တောင့်ကြီးဖြစ်နေပါရော။
“နင်ဘယ်သူလဲ နင်ဘာလို့ သူ့ကိုဒုက္ခပေးတာလဲ”
မရီးက မျက်မှောင်ကြုတ်ထားပြီးတော့ အကိုကြီးကိုမေးငေါ့ပြရင်း
“သူ့ကိုချစ်လို့လိုက်လာတာ၊ သူခေါ်လို့လိုက်လာတာ”
အကိုကြီးက ကြောင်စီစီနဲ့
“ငါက ဘာလို့ခေါ်တာလဲ”
“နင်မမှတ်မိဘူးလား၊ ညတုန်းက နင်ပဲ ငါ့ကိုချစ်ရင် ငါ့အိမ်လိုက်ခဲ့၊ ငါနဲ့အတူတူပေါင်းကြမယ်ဆိုပြီး ခေါ်လာတာလေ”
အကိုကြီးရုပ်က ကြောင်စီစီနဲ့ဗျ၊ သူပြောခဲ့တာကို သူမမှတ်မိသလိုပဲ၊ ဒါနဲ့ကျုပ်ဘက်ကိုလှည့်ပြီး
“အလတ်ကောင်၊ ငါဒီလိုပြောခဲ့လို့လားကွ”
“ပြောခဲ့တာပေါ့အကိုကြီးရာ၊ အကိုကြီးပြောလို့ပဲ ကျုပ်တောင်မှ ကြောက်လန့်ပြီး စားပွဲဝိုင်းက ထလိုက်တာမဟုတ်လား”
အကိုကြီးက မူးရူးနေတော့ ပါးစပ်က ဗလွတ်ရွတ်တပြောပြီး သူပြောတာကို သူမမှတ်မိသလိုဖြစ်နေတာဗျ၊ ဒါပေမယ့် သရဲကတော့မှတ်မိတယ်၊ ဦးဘသာက ကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီး
“မင်းတို့ကောင်တွေ ဘာမဟုတ်တာတွေ လုပ်ထားကြသလဲကွ”
ဖုံးဖိမရတော့တာနဲ့ ကျုပ်တို့လည်း ညက ကိစ္စကိုပြောလိုက်ရတယ်၊ အဖေတို့ဆိုရင် ဆူလိုက်တာပြောမနေပါနဲ့။
“မင်းတို့ကောင်တွေကွာ၊ မလုပ်ကောင်းတာကိုလုပ်တယ်၊ မပြောကောင်းတာကို ပြောကြတယ်၊ မင်းတို့ခေါ်လာတဲ့သရဲက နှယ်နှယ်ရရမဟုတ်ဘူးကွ၊ သရဲတောင်မဟုတ်ဘူး သရဲအဆင့်ကိုကျော်နေတဲ့ မိစ္ဆာမကြီးကွ၊ တော်ရုံဆရာဆို နိုင်မှာတောင်မဟုတ်ဘူးဟေ့”
“ဗျာ၊ ဒါဆို ဦးဘသာက ဒီသရဲကြီး . . .မိစ္ဆာမကြီးကို သိတယ်တဲ့လား”
“သိတာပေါ့ကွ၊ တို့ရွာသချိုင်းမှာနေတဲ့ အသက်အကြီးဆုံးသရဲဆိုတာ သူပဲရှိတာ၊ ဟုတ်တယ်မဟုတ်လား မိမိကြီး”
ဦးဘသာက မရီးဘက်ကိုလှည့်မေးလိုက်တော့ မရီးက မကျေနပ်တဲ့ပုံစံနဲ့ ခေါင်းကိုဆတ်ခနဲညိတ်ပြတယ်၊ အမေက အတော်အံ့သြသွားပြီး
“မိမိကြီးဆိုတာ အပျိုကြီးသရဲမဟုတ်လား၊ အရင်က ဒီနေရာမှာ စီရင်ခဲ့ဖူးတဲ့လူလေ”
ကျုပ်တို့တော့ ဒီအကြောင်းကို တစ်ခါမှမကြားဖူးဘူးဗျာ။
“မိမိကြီးဆိုတာ ဘယ်သူလဲဦးဘသာ”
“မိန်းမ ဓါးပြတစ်ယောက်ပေါ့ကွာ၊ အရင်တုန်းက တို့ရွာမရှိခင် ဒီအနားကခင်တန်းလေးမှာ သားအမိနှစ်ယောက်ပုန်းအောင်းနေထိုင်ပြီး အနီးအနားကရွာတွေကို ဓါးပြလိုက်တိုက်တာပေါ့၊ ဓါးပြတိုက်ပုံကလည်း ဆန်းတယ်ကွ၊ အမေဖြစ်သူ အဘွားကြီးက ဈေးသည်ယောင်ဆောင်ပြီး ရွာစဉ်လှည့်ဈေးရောင်းရင်း ဘယ်အိမ်ကဘယ်လို၊ ဘယ်အိမ်ကတော့ ဘယ်လိုချမ်းသာတာဆိုတာကို လိုက်စုံစမ်းပြီးတော့ သမီးဖြစ်တဲ့လူက ခရီးသွားရင်း ခရီးလွန်တဲ့လူ ခရီးမှားတဲ့လူယောင်ဆောင်ပြီးတော့ ဓါးပြတိုက်မယ့်အိမ်မှာ တစ်ညလောက်တည်းခိုဖို့ခွင့်တောင်းတယ်လေကွာ”
“တို့ဗမာတွေဆိုတာ ကူညီတတ်တဲ့လူတွေမဟုတ်လား၊ ပြီးတော့ အကူအညီတောင်းတဲ့လူကလည်း မိန်းကလေး၊ ညကလည်းနက်ပြီဆိုတော့ တစ်ညတစ်လေဆိုပြီး လက်ခံမိတာနဲ့ အဲဒီအိမ်မှာ ရှိသမျှကုန်ပြီသာမှတ်ဟေ့”
“တော်တော်ဆိုးတဲ့လူတွေပဲနော်”
“အဲဒါနဲ့ ဘုရင့်ရဲ့အရေးပိုင်ရဲမက်တွေနဲ့ ရွာသားတွေက ထောင်ဖမ်းရင်း ဖက်လိပ်ရွာမှာမိပါလေရော၊ မိမိကြီးက သူ့ကိုယ်သူ အမိမခံပဲ ကိုယ်လွတ်ရုန်းပြေးရင်း ဒီနားရောက်တော့ ရွာသားတွေက မိသွားပြီး ဝိုင်းရိုက်သတ်ကြလို့ သေပါရောလား၊ အဲဒါ သူသေတဲ့နေရာမှာပဲ မြေမြှုပ်စီရင်လိုက်လို့ ဒီသချိုင်းမြေမှာ သူကပထမဆုံးမြှုပ်ခဲ့တဲ့လူဖြစ်ခဲ့တာပဲ၊ နှစ်ပေါင်းတော်တော်ကြာပြီဆိုတော့ သူလည်းတန်ခိုးအစွမ်းထက်ပြီး သရဲအဖြစ်ကနေ တစ္ဆေ၊ တစ္ဆေအဖြစ်ကနေ သဘက်၊ သဘက်အဖြစ်ကနေ အခုဆို မိစ္ဆာမကြီးဖြစ်နေပြီကွ”
“ကဲ မိမိကြီး၊ နင်ငါ့အကြောင်းသိတယ်မဟုတ်လား၊ ငါပြောနေတုန်း နင်ထွက်စရာရှိတာထွက်တော့”
“ဟဲ့ ငါ့ကိုသူကချစ်တယ်ပြောပြီး သူခေါ်လာတာ နင်နဲ့ဘာမှမဆိုင်ဘူး၊ ငါ့ဘဝမှာ ငါ့ကိုချစ်တယ်လို့ပြောဖူးတာ သူပဲရှိတာ၊ သူနဲ့ငါနဲ့ ရအောင်ပေါင်းမှာပဲ၊ ပေါင်းမရရင် သူ့လိပ်ပြာကိုငါနှုတ်ပြီးတော့ ငါ့ဆီခေါ်သွားမယ်”
“နင်ဒီလိုလုပ်လို့မရဘူး မိမိကြီး”
ဦးဘသာက အကိုကြီးဘက်ကိုလှည့်ပြီးတော့
“ကဲ အကြီးကောင်၊ မင်းစတဲ့ဇာတ်လမ်းကို မင်းပဲအဆုံးသတ်မှရမယ်”
“ကျုပ် . . . ကျုပ်က ဘယ်လိုလုပ်ရမှာလဲ”
“မင်းသူ့ကိုတကယ်ချစ်သလာား”
ဦးဘသာက မရီးကိုလက်ညှိုးထိုးပြီးမေးတယ်၊ အကိုကြီးက ခေါင်းခါပြီး
“မချစ်ဘူး . . . မချစ်ဘူး”
“မင်းတကယ်ချစ်သလားဟေ့ကောင်”
“မချစ်ဘူး၊ ကျုပ်က မူးရူးနေလို့ ပြောမိရာပြောမိတာ၊ သူ့ကိုလုံးဝကိုမချစ်ဘူး”
ဦးဘသာက သုံးကြိမ်တိတိမေးပြီးတော့
“ကဲ ဘယ့်နှယ့်လဲ မိမိကြီး၊ နင့်လို ဓါးပြတိုက်၊ လူသတ်တဲ့ မိန်းမကြမ်းကြိးကို ဘယ်ယောက်ျားကမှ ချစ်မှာမဟုတ်ဘူးဆိုတာ သိလိုက်တော့”
ဒီတော့ မရီးက မျက်ရည်တွေ တပေါက်ပေါက်နဲ့ကျလာတယ်ဗျ။ နောက်တော့ တခါတည်း ဇက်ကျိုးကျပြီး ပျော့ခွေသွားပါရော၊ မရီးက မြေကြီးပေါ်လဲကျသွားတာနဲ့ အကိုကြီးက စိတ်ပူပြီးမရီးဆီပြေးသွားလိုက်တယ်။
“မိန်းမ၊ မင်းအဆင်ပြေရဲ့လား”
အကိုကြီး အနားရောက်တာနဲ့ မရီးက မျက်လုံးဖတ်ခနဲပွင့်သွားပြီးတော့ အကိုကြီးရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့တအားညှစ်ထည့်ပါရောဗျာ၊ ဦးဘသာက အနားကိုပြေးသွားပြီး မရီးရဲ့နဖူးကို လက်ဝါးနဲ့ရိုက်ထည့်လိုက်တယ်၊ တစ်ချိန်တည်းမှာပဲ အကိုကြီးကို ဂုတ်ကနေဆောင့်ဆွဲလိုက်တော့ အကိုကြီးက လွင့်ထွက်သွားပြီး ခပ်လှမ်းလှမ်းမှာ လဲကျသွားပါရောဗျာ။
“အောင်မယ်၊ နင်က မိန်းမပီပီ မာယာများချင်သေးတယ်ပေါ့ဟုတ်သလား”
ဦးဘသာက မရီးရဲ့ဇက်ပိုးကို လက်နဲ့တဖြောင်းဖြောင်းရိုက်တော့မှ မရီးက ဝူးဝူးဝါးဝါးအသံကြီးတွေအော်ဟစ်ပြီးတော့ မြေပေါ်ကိုမှောက်လဲကျသွားပါရောဗျာ၊ ဒီတစ်ခါတော့ မရီးကိုဘယ်သူကမှ ပြေးမဆွဲရဲကြတော့ဘူးဗျ။
“ဦး . . . ဦးဘသာ ရပြီလား”
“ရပါပြီ၊ သူက မင်းအိမ်လိုက်နေမရမဲ့အတူတူ မင်းကိုပါခေါ်သွားချင်ပုံပဲဗျ၊ နောက်ဆို ကြပ်ကြပ်သတိထား အပြောအဆိုကို ဂရုစိုက်စမ်းကွ၊ မင်းတို့ တစ္ဆေကို ဗေဒင်မေးတယ်ဆိုတာ သိပ်ပြီးအန္တရာယ်များတဲ့အလုပ်ပဲ၊ နောက်မလုပ်နဲ့ ကြားလား”
ဦးဘသာက စိတ်တိုင်းကျဆူပြီးပြန်သွားတော့ အဖေကထပ်ပြီးဆူပါရောဗျာ။ ကျုပ်တို့ဖြင့် အဆူခံအငေါက်ခံရတာ ပြောမနေပါနဲ့။
ဒါပေမယ့် ဟန်ကျသွားတာကတော့ ကိုသားထွေးပဲဗျ၊ သူက ဝိုင်းစိန်နဲ့အဆင်ပြေပြီး ချစ်သူတွေဖြစ်သွားတယ်၊ ရွာထိပ်မှာချိန်းတွေ့ရတာနဲ့ ရွာဦးစေတီမှာ ချိန်းတွေ့ရတာနဲ့ ဟန်ကိုကျနေတာပဲဗျာ။
ဒါပေမယ့် ချစ်တိုင်းလည်း ညားတတ်တာမဟုတ်လို့ ကျုပ်ကတော့ သိပ်မယုံရဲသေးဘူးဗျ၊ ဒါပေမယ့် နောက်တစ်နှစ်ဝါကျွတ်မှာ ကိုသားထွေးနဲ့ ဝိုင်းစိန်တို့ ညားကြပါလေရောဗျာ၊ မင်္ဂလာဆောင်တောင်မှ ရွာမှာတစ်ပွဲ မြိုင်သာမှာတစ်ပွဲလုပ်ကြတယ်၊ အခုထိ ကိုသားထွေးနဲ့ ဝိုင်းစိန်တို့ မြိုင်သာမြို့မှာ သားတွေသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေကြတာကိုမြင်ရတိုင်း စားပွဲဝိုင်းပေါ်ကို တစ္ဆေကြီးပုတ်ပြတဲ့ အသံတဒေါက်ဒေါက်ကို နားထဲကြားယောင်နေဆဲပါပဲဗျာ။
ပြီးပါပြီ။