တစ်ပွဲစားမုဆိုးနှင့် မဲလရွာ
(အပိုင်း ၁)
ရေးသူ- ထမံ(တောင်ငူ)
xxxxxxx
တောရဲ့အစပ်ဆီမှာ တောခွေးနှစ်ကောင်နဲ့ ကျားသစ်တစ်ကောင်ဟာ အသည်းအသန်တိုက်ခိုက်နေကြတယ်။
သူတို့တိုက်ခိုက်နေရာနဲ့ မဝေးရာဆီမှာတော့ တစ်လသားအရွယ် အရုပ်ဆိုးဆိုး ပုံမကျပန်းမကျ ကလေးလေးတစ်ယောက်က မြေပြင်မှာ ယက်ကန်ယက်ကန်နဲ့။
တကယ်တော့ တောခွေးနဲ့ ကျားသစ်က ကလေးငယ်ကို လုယက်နေကြတာဖြစ်ပြီး ကလေးငယ်ကို ဦးစွာ ချီလာခဲ့သူကတော့ တောခွေးဖြစ်ပါတယ်။
တောခွေးဟာ ကလေးငယ်လေးကို ရွာအစပ်ဆီက ဆွဲလာခဲ့တာဖြစ်ပြီး လက်ရှိနေရာကိုအရောက် ပွဲတော်အဖြစ်သုံးဆောင်နေချိန် ကျားသစ်က ကြားဖြတ်၀င်လုခြင်းသာ။
တောခွေးရဲ့ အစာငမ်းမှုကြောင့် ကလေးငယ်ဆီမှာ ခြေထောက်တစ်ဖက်က ဒူးအထက်လောက်ကနေ စုတ်ဖွာပြီးပြတ်နေလေရဲ့။
ပတ်၀န်းကျင်တစ်ခွင်ဟာ သူတို့နှစ်ကောင်ရဲ့ တိုက်ခိုက်သံအပြင် ကလေးငယ်ရဲ့ နာနာကျင်ကျငိ ငိုယိုသံတို့ကသာ လွှမ်းမိုးလို့ရယ်ပေါ့။
xxxxx
ု ဒီရွာလေးရဲ့ နာမည်အရင်းက မဲလကျေးရွာ။ ရွာတည်ထောင်သူ ဦးမဲလကို အစွဲပြုပြီး မှည့်ထားတဲ့ နာမည်။ အိမ်ခြေက တစ်ရာကျော်ရှိတယ်။
တည်ရှိနေတာက ရိုးမရဲ့ အလယ်။ ရွာနေ လူထုက လယ်ယာစိုက်တဲ့ အလုပ်နဲ့ အသက်မွေးကြတယ်။
ရေခံမြေခံကောင်းတော့ အလုပ်အကိုင်အဆင်ပြေကြပြီး အားလုံးက စားနိုင်နေနိုင်ကြသူများကြတယ်။
သို့ပေမယ့်လည်း ရွာထိပ်ပိုင်းဆီက သာကျော်တစ်ယောက်ကတော့ အခြားသူတွေလိုမဟုတ်၊ လယ်ယာအလုပ်ကို မလုပ်ဘဲ ဝါသနာပါရာ တောလိုက်ခြင်းအလုပ်ကို တစ်ယောက်ကောင်း ချွန်ပြီးတော့ လုပ်ကိုင်လေတယ်။
သူ့လိုပဲ အများနည်းတူမဟုတ် တစ်မူကွဲနေတဲ့ အခြားတစ်ယောက်ရှိသေးတယ်။
သူကတော့ အရူးမကြီးမစာဥပါပဲ။
တကယ်တော့ သူ့နာမည်အရင်းက မဖွေးဥတဲ့။ မွေးတုန်းက ဖွေးဖွေးဥဥလေးမို့ သူ့အမေက ပေးခဲ့တဲ့ နာမည်။ အရွယ်ရောက်လာတော့လည်း ဖွေးဖြူတဲ့အသားအရည်အပြင် လှပတဲ့ရုပ်ရည်လေးက ထပ်ဆင့်လိုက်တော့ သိပ်ကို လှပပြီး သတင်းကြီးတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။
ဒါပေမယ့် သူ့ဘဝလေးက သိပ်သနားဖို့ကောင်းတယ်။
သူ့မှာ အဖေမရှိဘူး။
အဖေဘယ်သူဘယ်ဝါဆိုတာကိုလည်း သူခမျာသိခွင့်မရဘူး။ သူတစ်ပါး ကလေးတွေ ဖခင်တွေနဲ့ ပျော်နေချိန်မှာ သူကတော့ အဖေဆိုတာကို တမ်းတဖို့ အခွင့်တောင် မရှိခဲ့ဘူး။ မိခင်ဖြစ်သူကို မေးပြန်တော့လည်း နာကျည်းမျက်ရည်တွေသာ စင်းစင်းကျလို့ အံကိုသာကြိတ်ပြီး သူ့အဖေသေပြီဆိုတဲ့ စကားကိုပဲ ထပ်ဖန်တစ်လဲလဲ ကြားခဲ့ရတယ်။
ဒီလိုနဲ့ ဖွေးဥလေးအသက်နှစ်ဆယ်ကျော်တော့ သူ့အမေက လောကဓံကို ရင်စည်းခဲ့ရတဲ့ ဒဏ်တွေကြောင့် အရွယ်မတိုင်ခင် ဇရာထောင်းပြီး ကွယ်လွန်ခဲ့လေတယ်။
မိခင်ကွယ်လွန်ပြီးတော့ ဖွေးဥက အားကိုးရာအဖြစ် ရွာတောင်ပိုင်းက ဖိုးခင်ဆိုတဲ့ သူနဲ့ သက်တူရွယ်တူ ဘ၀တူတဲ့သူနဲ့ အိမ်ထောင်ပြုလိုက်မိလေရဲ့။
ဖိုးခင်က ဖွေးဥကို သိပ်ချစ်တာ။
ညားပြီးကတဘ်းက ဖွေးဥကို မျက်နှာတစ်ချက်မညိုစေရဘူး။ နေတော့လည်း သူဋ္ဌေးသမီးပမာ ခြေမွှေးလက်မွှေး မီးမလောင်အောင်ထားတာ။ ချက်တာ ပြုတ်တာ ခူးခပ်ကျွေးတာက အစ သူကိုယ်တိုင်ကပဲ လုပ်ကိုင်ကျွေးမွေးတာရယ်။
သို့ပေမယ့်လည်း ဖွေးဥက ကံမကောင်းသူတစ်ယောက်မို့လား မသိဘူး။ အိမ်ထောင်ကျပြီး တစ်နှစ်ကျော်အကြာ တစ်ရက်သားမှာတော့…။
xxxxxx
” ဒေါင်…ဒေါင်…ဒေါင်…”
” ဓားပြဗျို့…ဓားပြ…”
ရွာထိပ်ဆီက ရွာလှန့်သံချောင်း ခေါက်သံနဲ့အတူ ထွက်ပေါ်လာတဲ့ အော်သံတွေ။ီူအသံတွေကို ကြားတာနဲ့ မဖွေးဥတစ်ယောက် အိပ်ရာက လန့်နိုးပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်လို့ဘာကိုင်ရမယ် မသိဖြစ်သွားတယ်။
အဲ့ဒီ့အချိန် နံဘေးမှာ အိပ်နေတဲ့ ဖိုးခင်က လန့်နိုးလာခဲ့ပြီး…။
” မိန်းမ…မိန်းမ…”
” ကို…ကိုဖိုးခင်။ ဓား…ဓားပြတဲ့။ ကျုပ် ကြောက်တယ်တော်။ ဘယ်…ဘယ်လိုလုပ်ရမလဲဟင်…”
” မိန်းမ…ဘာမှမကြောက်နဲ့နော်။ အကိုတစ်ယောက်လုံး ရှိတယ်။ အခုနေတော့ ညီမလေး လုံခြုံရာကို အကိုလိုက်ပို့ခဲ့မယ်…”
” အို…ကိုဖိုးခင်ရယ်။ ကျုပ်တစ်ယောက်ထဲလား။ ကျုပ် ဘယ်လိုများ နေရဲပါ့မလဲ…”
” မိန်းမရယ်။ လုံခြုံအောင် ထားခဲ့မှာပါ။ သူကြီးက ရွာမှာ အရေးအကြောင်းဆို ယောက်ျားသားတွေအကုန်ထွက်ရမယ်လို့ ပြောထားတယ်မလား။ ဒါကြောင့် အကိုတော့ မသွားမဖြစ်သွားရမယ်…”
” ကိုဖိုးခင်ရယ်။ တော်ပါအတူလိုက်ခဲ့ပါလားတော်။ မတော်လို့ တော်သာ တစ်စုံတစ်ခုဖြစ်ရင်…”
မဖွးဥစကားမဆုံးလိုက်ဘူး။ ဖိုးခင်က ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တာမို့ စကားတွေက တစ်၀က်တစ်ပျက်။
” အချိန်မရှိတော့ဘူး မိန်းမ။ လာလာ…”
ဖိုးခင်က ပြောပြီးတာနဲ့ ဖွေးဥလက်ကို တွဲတယ်။ ပြီးတော့ ခေတ်ကာလအခြေအျနအရ အမြဲလိုလို အသင့်ပြင်ထားပြီးသားဖြစ်နေတဲ့ အထုပ်ကလေးကို ထပ်ဆွဲပြီး အိမ်အောက်ကို ပြေးဆင်းလို့ ခြံဝိုင်းရဲ့ အနောက်ဘက်က တင်းကုတ်ကြီးထဲမှာ ဖွေးဥကို ထည့်ထားခဲ့တော့တယ်။
အဲ့ဒီ့နောက်တော့ ဖိုးခင်တစ်ယောက် ဓားကိုဆွဲလို့ ရွာထဲကို ပြေးထွက်သွားခဲ့တော့တာ။
xxxxxx
” ဒိုင်း…ဒိုင်း…ဒိုင်း…”
” အမလေး…”
ဖိုးခင်ထွက်သွားပြီး မကြာခင်မှာပဲ အထပ်ထပ်ဆင့်ပြီး ထွက်ပေါ်လာတဲ့ သေနတ်သံတွေ။ ဖွေးဥတစ်ကိုယ်လုံး တုန်ရီနေရင်းက လန့်တောင်အော်မိသွားတယ်။
နားနှစ်ဖက်ကို ပိတ်ထားမိပေမယ့် သေနတ်သံတွေ ဆူညံသံတွေကိုတော့ ကြားနေရတုန်းပဲ။
အချိန်ဘယ်လောက်ကြာသွားတယ်တော မသိဘူး။ ဖွေးဥ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်မိချိန်မှာတော့ ရွာထဲမှာ အသံဗလံတွေက တိတ်ဆိတ်နေခဲ့ပြီ။
” ကို…ကိုဖိုးခင်…”
ဖိုးခင် ပြန်ရောက်မလာသေးတာကို ဖွေးဥ သတိရလိုက်တယ်။ ချက်ချင်းပဲ စိုးရိမ်စိတိတို့ ကဲလာရပြီး ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာမိခဲ့တယ်။
ဒါကပဲ ဖွေးဥအတွက် လူတစ်ထောင်မှာ တစ်ယောက်တောင် ကြုံရခဲပေမယ့် အဖြစ်ဆိုးကြီးနဲ့ တဲ့တဲ့ကို တိုးစေခဲ့တာပါပဲ။
xxxxxx
” ဟင်…”
မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကြောင့် ဖွေးစိန် အလွန်အမင်း ထိတ်လန့်သွားရတယ်။
မြင်းစီးထားတဲ့ ဓားပြတွေလေ။
ဓားပြတွေရဲ့ အရှေ့မှာ ရွာသူရွာသားတွေက ငုတ်တုတ်ထိုင် ခေါင်းငုံ့နေကြလို့။ လက်နက်ကိုင်ဓားပြအချို့ကလည်း ရွာသူရွာသားတို့ကို ဝိုင်းထားကြတယ်။
ရွာသားတို့ရဲ့ အရှေ့ဘက် ကွက်လပ်ကလေးမှာတော့ ပိုးလို့ပက်လက်လဲကျနေတဲ့ လူအချို့။ အဲ့ဒီ့အထဲမှာမှ အစွန်ဆုံးကလူက ဖိုးခင်ရယ်လေ။
” ကိုဖိုးခင်…”
ဖွေးဥရဲ့ အာရုံထဲ ဘာကိုမှ မမြင်နိုင်တော့ဘူး။ လက်ထဲက အထုပ်ကို ပစ်ချလို့ သွေးတွေရွှဲနေတဲ့ ဖိုးခင်ရဲ့အလောင်းကိုသာ ပြေးဖက်ပြီး ငိုမိလိုက်တော့တာ။
သူ့အတွက်တော့ ဖိုးခင်က ကမ္ဘာကြီးတစ်ခုလေ။ မြင်နေရတဲ့ ရွာသူရွာသားတို့အဖို့ ဆို့နင်ကြေကွဲစရာပါ။
ဒါပေမယ့်လည်း ဓားပြတွေကတော့ ဒီလိုမမြင်နိုင်ခဲ့ဘူး။
မီးရောင်အောက်မှာ ဖွေးစွတ်ပြီး လှပလွန်းတဲ့ သူမကို ဓားပြခေါင်းဆောင်ရဲ့ အကြည့်တွေက အာသီသအချို့ ရောယှက်ပြီး ပါ၀င်နေတယ်။
” ဟေ့ကောင်တွေ…”
မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြဗိုလ်က အရိပ်အခြည်ပြလိုက်တော့ ဓားပြနှစ်ယောက်က ဖွေးဥဆီကို ရောက်လာပြီး ဆောင့်ဆွဲမယူလိုက်တယ်။
” လွှတ်…လွှတ်…ငါ့ကို လွှတ်။ နင်တို့ ငါ့ယောက်ျားကို သတ်တာ။ နင်တို လူယုတ်မာတွေ။ နင်တို့ကို မုန်းတယ် လွှတ်…အား…”
ဖွေးဥရဲ့ အော်သံက နာကျည်းစိတ်ကြောင့် ငယ်သံတောင်ပါနေတယ်။
ကြားရသူတို့အဖို့ ရင်ထဲမချိပေမယ့် လက်နက်အားကိုးထားတဲ့ ဓားပြတို့အပေါ် သက်ရောက်တဲ့ ဘာတုန့်ပြန်မှုမှ မလုပ်ပေးနိုင်ကြဘူး။
ဖွေးဥကတော့ အော်နေဆဲပဲ။
” ဟာ…ဟေ့ကောင်တွေ နားညည်းတယ်ကွာ။ နဲနဲ သိပ်ပေးလိုက်ကြစမ်း…”
ဓားပြကြီးရဲ့ စကားအဆုံး သူ့တပည့်တွေက ဖွေးဥရဲ့ နားရင်းကို လက်နဲ့ ခပ်တတ်ဆတ်အုပ်ရိုက်လိုက်တယ်။
ဖွေးဥတစ်ယောက် ခွေကျသွားခဲ့ရပါပြီ။
” သူ့ကို ငါ့မြင်းပေါ်တင်လိုက်…”
ဖွေးဥကို ဖမ်းဆီးထားသူနှစ်ယောက်က ဖွေးဥကို ခေါင်းဆောင်ရဲ့ မြင်းပေါ်ကို မတင်ပေးလိုက်ကြတယ်။ အဲ့ဒါလည်းပြီးရော ဓားပြကြီးက…
” ကဲ…ကဲ ခင်ဗျားတို့ဆီက ရှိတာတွေ အကုန်ထုတ်ထားကြ။ ပြီးရင် ဒီမိန်းကလေးကို ငါခေါ်သွားမယ်။ မကျေနပ်တဲ့သူရှိရင် အခုပဲ ထွက်ရှင်းလှည့်…”
ဓားပြဗိုလ်ဆီက စိန်ခေါ်သံ။
သို့ပေမယ့်လည်း တစ်ကောင်ကြွက်တစ်မျက်နှာသာဖြစ်တဲ့ ဖွေးဥအတွက် ရပ်တည်ပေးမယ့်သူက ရှိမလာပါဘူး။
ဓားပြတွေက အရှေ့ဆီမှာ စုပုံထားတဲ့ ပစ္စည်းတွေကိုသိမ်းဆည်းယူလိုက်တယ်။ ပြီးတော့ ဓားပြခေါင်းဆောင်က အားလုံးကို ကျေနပ်တဲ့အကြည့်နဲ့ ဝေ့၀ိုက်ကြည့်ပြီး…။
” ခင်ဗျားတို့ရဲ့ မဲလရွာကို ကျုပ်က ဒီနေ့အတွက်ကော လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်က အတွက်ရော အားလုံးပေါင်းပြီး ကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့တုန်းက ခင်ဗျားတို့ ရွာကို ကျုပ်က နွားသူခိုးအဖြစ် ၀င်ခိုးခဲ့ဖူးတယ်။ ဒါပေမယ့် ခင်ဗျားတို့ လိုက်ဖမ်းလို့ ကျုပ် ထွက်ပြေးရင်း အခုဒီနေရာမှာ အခုလိုရှိနေနိုင်တာပဲ။ အဲ…နောက်တစ်ခု ရှိသေးတယ် အဲ့ဒါကတော့ ကျုပ် အဲ့ဒီတုန်းကလည်း သိပ်လှတဲ့ မိန်းမတစ်ယောက်ကို ကျုပ်ရခဲ့ရသလို အခုလည်းပဲ ဒီလို လှပတဲ့ မိန်းကလေးကို ကျုပ် ဓားပြဗိုလ်ဖိုးကဲက ထပ်ပြီး တော်ကောက်လိုက်တယ်။ ဒါအတွက် ဘယ်သူမကျေနပ်တာရှိလဲ။ ရှိရင် ဖိုးကဲက ဆင်နှာမောင်းတောင်မှာနေတယ်…”
ဓားပြကြီးက စိန်ခေါ်ပေမယ့် အားလုံး တုတ်တုတ်မလှုပ်ကြပါဘူး။ ဒီတော့ ဓားပြခေါင်းဆောင် ဖိုးကဲက…
” အတော့်ကို သတ္တိနည်းတဲ့သူတွေ၊ အချိန်ကြတယ်။ ကဲဟေ့…အားလုံးပဲ သွားကြမယ်…”
ဓားပြခေါင်းဆောင်က ပြောပြီးတာနဲ့ သူ့လူတို့ကို ခေါ်ပြီး ထွက်သွားကြတယ်။
ဖွေးဥကိုလည်း အတူ ဖမ်းဆီးသွားခဲ့ကြတာပ။
ဒီအဖြစ်အပျက်အပြီး လေးငါးရက်အကြာမှာ ဖွေးဥတစ်ယောက် ဒဏ်ရာဒဏ်ချက်များစွာနဲ့ ရွာကို ပြန်ရောက်လာခဲ့တယ်။
သို့ပေမယ့် အရင်ကနဲ့မတူ ဆံပင်က ဖရိုဖရဲ။ လူပုံကလည်း ဖျပ်ဖျပ်ခုန်လို့ အော်ဟစ်သံအမျိုးမျိုးနဲ့ လောကကြီးကို ဟားတိုက်ရယ်မောနေတဲ့ ဖွေးဥ။ ခင်ပွန်းသည်ရဲ့စိတ်၊ သွေးလန့်ဖွယ်ရာမြင်ကွင်း၊ ပြီးတော့ ရရှိထားတဲ့ ဒဏ်ရာဒဏ်ချက်တို့ကြောင့် ဖွေးဥ သွက်သွက်ခါအောင် ရူးနှမ်းသွားခဲ့ရပြီလေ။
ဒါကတော့ လွန်ခဲ့တဲ့ ၁၈ နှစ်၀န်းကျင်က ဖြစ်ပျက်ခဲ့တဲ့ အရူးမကြီး ဒေါ်ဖွေးဥရဲ့ အတိတ်အကြောင်းပါပဲ။
နောက်ပိုင်းနှစ်တွေမှာတော့ သွက်သွက်ခါရူးနှမ်းနေတဲ့ ဖွေးဥဟာ အဆော့သန်၊ အစအနောက်သန်တဲ့ ကလေးတစ်သိုက်ကြောင့် အရုးမကြီးမစာဥအဖြစ် နာမည်တွင်သွားခဲ့ရတယ်။
နောက်ထပ် သိရတာက အရူးမကြီးမစာဥဟာ ရွာကို ပြန်ရောက်ပြီး လအပိုင်းအခြားတစ်ခုမှာ ကလေးတစ်ယောက် မွေးခဲ့တယ်လို့လည်း သိရပြန်ပါသေးတယ်။
ဒါပေမယ့်လည်း ဒီကလေးက မွေးပြီးမကြာခင်မှာပဲ ပျောက်ခြင်းမလှ ပျောက်ဆုံး ဆုံးသွားခဲ့တယ်လို့လည်း သိခဲ့ရပြန်ပါသေးတယ်။
xxxxxx
မနက်အစောအချိန်။
မုဆိုးသာကျော်တစ်ယောက် တောထဲမှာ မနေ့တုန်းက သုတ်ကိုင်းတွေထောင်ခဲ့ရာဆီကို လာခဲ့လိုက်တယ်။
ပထမသုတ်ကိုင်းနေရာကိုရောက်တော့ညအရာမယွင်းဘူး။
ဒါနဲ့ ဒုတိယနေရာကို ထပ်သွားလိုက်တယ်။ ရောက်ရောက်ချင်း မြင်ကွင်းကြောင့် ဖိုးခင် ကြက်သေသေသွားရတယ်။
ကိုင်းဆီမှာ ဂျီတစ်ကောင်လည်ကွင်းထိုးလျှက်မိနေပေမယ့် တွဲလွဲကျနေတဲ့ ၀မ်းဗိုက်ကစလို့ အောက်ပိုင်းတစ်ပိုင်းလုံးကတော့ ဘာမှရှိမနေတော့ဘူး။
” တောက်…”
သာကျော် ဒေါသထွက်ပြီး တောက်ခေါက်မိလိုက်တယ်။ ဒါဟာ သားရဲကောင်တစ်ကောင်က မိနေတဲ့ ဂျီကောင်ကို စားသောက်သွားတာလို့ ကျော်သာ ထင်မိတယ်။
ဒါကြောင့် ဘာကောင်ဆိုတာ သိရဖို့ ခြေရာခြေခင်းကြည့်မယ်ဆိုပြီး ကိုင်းအနားကို ကပ်သွားလိုက်တယ်။ ဒါပေမယ့် ပတ်၀န်းကျင်မှာ သားရဲကောင်က ရှိနေနိုင်သေးတာမို့ လက်ထဲက ဒူးလေးကိုလည်း အသင့်အနေအထား ကိုင်ရင်း တဖြေးဖြေးလှမ်းသွားခဲ့တာ။ အနားကို ရောက်တဲ့အထိ ဘာအန္တရာယ်မှ မရှိဘူး။ စိတ်ချရအောင် ပတ်၀န်းကျင်ကို အသေအချာ အကဲခတ်ပြီးတော့မှ ကျော်သာ ခြေရာခြေခင်းကို ကြည့်လိုက်မိတယ်။
” ဟင်…ဒါ…ဒါ…”
မြေပြင်က ဂျီသွေးတွေ စွန်းနေတယ်။ အဲ့ဒီ့သွေးတွေအကြားမှာ သာကျော်မြင်ရတာက ထင်ရှားနေတဲ့ လူခြေရာတစ်ခု။ သို့ပေမယ့် ခြေရာက တစ်ဖက်ထဲရယ်။ အရွယ်အစားက သာမန်လူခြေရာထက်တော့ နဲနဲကြီးမယ်။
သာကျော် ခြေရာကို ကြည့်ပြီး အတော့်ကို စိတ်ရှုပ်သွားရတယ်။
” လူတော့လူပဲ။ ဒါပေမယ့် လူခြေရာလည်းမဟုတ်ဘူး။ လူဆို ခြေရာဒီလောက်မကြီးနိုင်ဘူး။ ပြီးတော့ စားသောက်သွားပ့်ုကလည်း သားရဲလိုပဲ။ လူသာဆို အကောင်လိုက် ဖြုတ်သွားမှာပေါ့…”
သာကျော်တစ်ယောက်ထဲ အတော့်ကိုပဲ တွေးရခက်နေမိတာပါ။
အနီးအနားကို ခေါက်တုန့်ခေါက်ပြနန် လှည့်ပတ်ကြည့်ရင်း သဲလွန်စရှာမိပေမယ့် ဘာကိုမှ မတွေ့ဘူး။ ခြေရာကို လိုက်ကြည့်ရင်း တစ်နေရာကို ရောက်ချိန်မှာတော့ လုံးလုံးလျားလျားပျောက်ဆုံးသွားတယ်။ သာကျော်လည်း အဲ့ဒီ့အချိန်မှာ အကြံတစ်ခုကို တွေးမိသွားခဲ့လေရဲ့။
ခြေတစ်ချောင်းပိုင်ရှင်ဟာ ဝေးဝေးမသွားနိုင်လောက်ဘူး။ ဒါကြောင့် တစ်နေရာရာမှာ ပုန်းအောင်းနေမယ်။ ပြီးတော့ လူဖြစ်ရင်တောင် ခြေတစ်ချောင်းထဲမို့ အစာရှာဖွေရေးမှာ လွယ်ကူမှာမဟုတ်ဘူး။
ဒီတော့ သာကျော်အနေနဲ့ ဒီညမှာ ဒါမှမဟုတ် တစ်နေကုန်အတိုင်းအတာအထိ ဒီသတ္တဝါကို စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ခဲ့ရပြီ။
ဒါနဲ့ပဲ နေရာထိုင်ခင်းကောင်းနိုင်မယ့် သစ်ပင်မြင့်မြင့်တစ်ခုကို ရွေးချယ်လိုက်ပြီး အခြားကိုင်းနေရာတွေကို လိုက်လံကြည့်ရှုကာ လိုအပ်တာတွေ ယူဆောင်ဖို့ ရွာကို ပြန်ခဲ့ပါတော့တယ်။
*******
ညနေစောင်းအချိန်…။
သာကျော်တစ်ယောက် သစ်ပင်ထက်ဆီကနေ အောက်က ဂျီသေတစ်ပိုင်းကျန်နေတဲ့ သုတ်ကိုင်းထောင်ချောက်ဆီကို မမှိတ်မသုန် ကြည့်နေမိတယ်။
သူ့စိတ်ထဲမှာ ဘာကြောင့်ရယ်တော့ မသိဘူး။ ဂျီသေကို တစ်ပိုင်းစားသွားတဲ့အကောင်ဟာ လူတစ်ယောက်နဲ့ အနီးစပ်ဆုံးတူတဲ့ သတ္တဝါတစ်ကောင်လို့ တစ်ထစ်ချ ယူဆနေမိတယ်။ မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့်လားမသိ၊ ဒီညနေမှာ အဲ့ဒီ့သတ္တဝါ ပြန်ရောက်လာမယ်ဆိုတာ သာကျော်အတိအကျ ယုံကြည်မိနေတာ။
ဒါကြောင့်ပဲ လွဲချော်မှာစိုးလို့ နေမွန်းလွဲချိန်ကတည်းက သာကျော်တစ်ယောက် သတ်မှတ်ထားရာ သစ်ပင်ဆီမှာ တက်ရောက်နေရာဖြစ်ခဲ့လေရဲ့။
အချိန်အချို့ ကြာသွားပေမယ့် သတ္တဝါကောင်ဟာ ပေါ်မလာခဲ့သေးဘူး။ တောကတော့ နေ့ခင်းဘက်ဖြစ်နေတာတောင် သာမန်ထက်ကို ပိုကဲပြီး တိတ်ဆိတ်နေတယ်။ ကျက်စားနေကျ သားကောင်ငယ်တို့မပြောနဲ့ ကျေးငှက်တို့အသံကိုတောင် မကြားရဘူး။ ဒါဟာ တစ်စုံတစ်ခု ချွတ်ချော်နေတယ်။ သတ္တဝါကောင်ရှိနေလို့ ကျက်စားနေကျ သားကောင်တွေးမလာရဲတာလို့ သာကျော်ယူဆမိတယ်။
ချွတ်ဆိုတဲ့ အသံကို နားက ကြားလိုက်မိတယ်။ သာကျော်တစ်ယောက် ဆတ်ခနဲဖြစ်သွားရပြီး လက်ထဲက ဒူးလေးကို အသင့်ပြင်ထားလိုက်တယ်။ ပြီးတော့ မျက်စိကိုဖွင့် နားကိုစွင့်လို့။
အသံက ခြုံတန်းတစ်ခုဆီက လာတာ။ သစ်ရွက်ပွတ်တိုက်သံရယ်။ သာကျော် အသက်ကို ဖြေးဖြေးရှူပြီး မမှိတ်မသုန်နဲ့ စောင့်ဆိုင်းနေတယ်။
အချိန်အတော်ကြာတဲ့အထိ ဘာမှတော့မထူးခြားသေးဘူး။
” ချွတ်…ဖရော…”
တိုးတိုက်ရုန်းထွက်သံ။
သာကျော်ရဲ့ မြင်ကွင်းထဲမှာ ဝါဆင်ဆင် အမဲရောင် အစက်အပျောက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရတယ်။
” ကျားသစ်ပဲ…”
ကျားသစ်တစ်ကောင်ပါ။
သာကျော်က သူမျှော်လင့်နေတဲ့ သတ္တဝါမဟုတ်တာကြောင့် စိတ်ကို အသာလျော့လိုက်တယ်။
ကျားသစ်က ဂျီသေတွဲလောင်းကျနေတဲ့ ကိုင်အောက်ကို ရောက်လာတယ်။ ပြီးတော့ အပေါ်က ဂျီသေကို တစ်ချက်မော့ကြည့်တယ်။ ကျားသစ်က ဂျီသေကို စားတော့မယ်လို့ သာကျော်ထင်မိပေမယ့် မစားဘဲ အောက်ကို ငုံ့လို့ မြေပြင်ကို အနံ့ခံပြန်တယ်။
ကျားသစ်ရဲ့ အပြုအမူက ထူးဆန်းသလိုဖြစ်နေတာမို့ သာကျော်စိတ်၀င်တစားနဲ့ ကြည့်မိနေတယ်။
တအောင့်ကြာတော့ ကျားသစ်ဆီက အသံတစ်မျိုးပြုလာတယ်။ နောက်တော့ နေရာဆီကနေ လှစ်ခနဲ ပြေးထွက်သွားတော့တာ။
” ဟူး…”
သာကျော် သက်မောကို မချင့်မရဲ ချမိလိုက်တယ်။
တကယ်လို့ ကျားသစ်သာ ကျန်ရှိနေတဲ့ ဂျီသေကောင်တစ်ပိုင်းကို စားသွားခဲ့ရင်လို့ ကျော်သာတွေးမိရတယ်။
” ဟူး…”
ကျော်သာသက်မောကိုချတယ်။
ပြီးတော့ တစ်နေ့လုံးနီးပါး မပြတ်တမ်းစောင့်ကြည့်နေရတာမို့ ညောင်းညာနေပြီဖြစ်တဲ့ မျက်လုံးတွေကို အနားယူတဲ့အနေနဲ့ မှေးစက်လိုက်မိလေရဲ့။
ငိုက်ခနဲ ကျော်သာဖြစ်သွားရတယ်။
မုဆိုးတစ်ယောက်ရဲ့ အလေ့အကျင့်ရှိထားတာမို့ ဆတ်ခနဲဖြစ်သွားပြီး ခန္ဓာကိုယ်ဟန်ချက်ကို ကျော်သာ အသာပြန်ထိန်းလိုက်ရတယ်။
အချိန်က နေစောင်းနေပြီ။
ကျော်သာ အနည်းငယ်အညောင်းအညာဆန့်လိုက်တယ်။
” ပလပ်…ပလပ်…ဂျွတ်…”
” ဟင်…”
အောက်ဆီက အသံ။
သာကျော် အသံလာရာဆီကို ကြည့်လိုက်တယ်။
” ဟာ…ဒါ…ဒါက ဘာကောင်လဲ…”
သာကျော် အလွန်အံ့သြသွားရတာ။
သူမြင်နေရတဲ့ အကောင်က လူလိုလို မျေက်လိုလို။ အမွေးအမျှင်တွေမရှိဘူး။ ခြေထောက်က တစ်ချောင်းထဲရှိပြီး ဦးခေါင်းကလည်း လူလည်းမဟုတ်၊ မျောက်လည်းမဟုတ်တဲ့ အသွင်မျိုး။
” ဒါ…ဘာကောင်လဲ…”
သာကျော် ကြည့်နေရင်း မှတ်ဥာဏ်ကို အလုပ်ပေးမိတယ်။ အောက်က အကောင်ကတော့ ကိုင်းဆီမှာ တစ်ပိုင်းကျန်ရှိနေတဲ့ ဂျီသားကို မက်မက်စက်စက် စားသောက်နေတယ်။
” ငှက်ဟူမမယ် လူရယ်မမြောက် ငေါင်းခြေတစ်ချောင်း မစားကောင်း။ ဒါက ဆရာဖိုးဦး ပြောခဲ့ဖူးတာ။ လူလိုလိုငှက်လိုလိုနဲ့ ငေါင်းဆိုတဲ့ ရှားပါးကောင်က ခြေတစ်ချောင်းထဲတဲ့။ ဒါ…ဒါဆို အခုဟာက ခြေကတစ်ချောင်းထဲ၊ ပြီးတော့ လက်ပြင်က ကိုင်းကိုင်း အသားကနီနီနဲ့။ ဒီအတိုင်းဆိုရင်တော့ သေချာပြီ ဒါဟာ ငေါင်း ငေါင်းတစ်ကောင်ပဲပေါ့…”
သာကျော်တစ်ယောက် အောက်က အကောင်ကို ကြည့်ရင်း စိတ်ထဲက ရေရွတ်မိတာ။ အမှန်တော့ ငေါင်းဆိုတဲ့ သတ္တဝါက တွေ့ဖူးမြင်ဖူးသူဆိုတာ တစ်ထောင်မှာ တစ်ယောက်လောက်တောင် မရှိဘူး။ ပုံစံကလည်း ရှေးက ကျမ်းစာနဲ့ စကားပုံကိုသာ မီငြမ်းကိုးကားခဲ့ကြတာ။
အထင်ရှားဆုံး အထောက်အထားကတော့ ကုန်းဘောင်မင်းဆက်ရွှေတိုက်တော်ဆီက ရွှေနန်းရှင်လက်သုံး ပရပိုက်ဖြူဆီမှာ ဖော်ပြထားတဲ့ ဘိုးတော်ဘုရားလက်ထက် တောင်ငူမြို့ မြတ်စောညီနောင်ဘုရားဆီမှာ ဖမ်းဆီရမိပြီး တောင်ငူမြို့၀န်က ဆက်သလာဖူးတယ်ဆိုတာပဲ။
အဲ့ဒီ့ပရပိုက်ရဲ့ ဖော်ပြမှုမရ ငေါင်းဆိုတာ အသားမစား၊ ပုံစံက ငုံးလိုလို ငှက်လိုလို ခန္ဓာကိုယ်ပြားချပ်ပြီး ဥိးခေါင်းနောက်မှာ ချိတ်ကောက်ပါရှိတယ်။ ခြေတစ်ဖက်ထဲသာရှိပြီး ဒူးဆစ်မပါရှိဘူးဆိုပြီး ဖော်ပြထားတယ်။
ဒါပေမယ့်လည်း သာကျော်ကတော့ ဒါကို သေချာမသိ။ ကြားဖူးနား၀ကို ကိုးကားလို့သာပဲ အောက်က အကောင်ကို ငေါင်းရယ်လို့ တစ်ထစ်ချယူဆမိလိုက်တယ်။
စိတ်ကလည်း အကယ်လို့သာ ဒီငေါင်းကောင်ကို သူပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ရင်ဆိုပြီးတွေးမိလို့ လောဘကလည်း တက်လာရလေတယ်။
သာကျော် ဒူးလေးဒင်ကို ပခုံးထောက်လိုက်ပြီး အောက်ကအကောင်ရဲ့ သေကွင်းသေကွက်နေရာကို သေချာချိန်လိုက်တယ်။
မြင်ကွင်းက ရှင်းသလို ပစ်ကွင်းကလည်း ကောင်းမွန်တဲ့ အနေအထား။ အောက်ကကောင်ကတော့ သာကျော် လုပ်ရပ်ကို မသိဘူး။ ဂျီသားကိုသာ စိတ်ကြိုက်စားသောက်နေတယ်။
သာကျော် စိတ်တိုင်းကျ ချိန်မှတ်ပြီး အသက်ကို အောင့်လို့ လက်ညှိုးကို ကွေးအံ့ဆဲဆဲအချိန်…။
” ခြီး…..”
သာကျော်ရဲ့ အပေါ်ဘက်က သစ်ကိုင်းဆီက မာန်ဖီသံ။
အသံကြောင့် အောက်က အကောင်ကလည်း မော့ကြည့်လာသလို သာကျော်လည်း မချင့်မရဲနဲ့ အပေါ်ကို မော့ကြည့်လိုက်တယ်။
” ဟာ…”
” ဝုန်း….”
မကြာသေးခင်က မြင်လိုက်ရတဲ့ ကျားသစ်ကောင်။ ဘယ်အချိန်ကတည်းက သာကျော်အပေါ်ဘက် သစ်ကိုင်းဆီကို ရောက်နေတယ်မသိရဘူး။
အခုတော့ သာကျော် နောက်ကျသွားရပြီ။
ကျားသစ်က သူ့ကို ခုန်အုပ်လိုက်တာမို့ လူရော ကျားသစ်ပါ သစ်ပင်အောက်ဆီကို လုံးထွေးလို့ ပြုတ်ကျသွားခဲ့တော့တာ…။
*******
” အင်း…ဟင်း…ဟင်း…”
မေ့မျောနေရာကနေ ညည်းညူရင်း သာကျော် မျက်လုံးအစုံကို အားတင်းဖွင့်ကြည့်လိုက်တယ်။
အမှောင်ထုကြီးက သိပ်သည်းလို့။ ပတ်၀န်းကျင်အနှံ့ဆီက ပိုးမွှားကောင်တို့ရဲ့ အော်သံတွေကို ကြားနေရတယ်။
သာကျော် ကုန်းထဖို့ လှုပ်ရှားကြည့်လိုက်တယ်။
” အား…ကျွတ်…ကျွတ်…”
မရဘူး။ ခန္ဓာကိုယ်အနှံ့ဆီက နာကျင်မှုတို့ကို တစ်ပြိုင်နက် ခံစားနေရတယ်။ မထနိုင်တာမို့ စိတ်ကိုလျော့ချပြီး သာကျော်ပြန်လှဲလိုက်မိလေတယ်။
ခန္ဓာကိုယ်ဆီက စိုစိစိ ထိတွေ့မှုတွေကိုလည်း သိရှိနေရတယ်။ ဒါက သွေးထွက်နေတာပဲနေမယ်။
” ငါ…ငါ မသေသေးတာတော့ သေချာတယ်။ ဘုရား…ဘုရား တော်သေးတာပေါ့…”
တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတခဲ့ဖူးတဲ့ ဘုရားကို သာကျော်တမိလိုက်တယ်။
” ငါ့မှာ သားတွေ သမီးတွေရှိနေသေးတယ်။ ငါ…ငါ ဒီအတိုင်းကြီးနဲ့တော့ မသေပါရစေနဲ့…”
မိသားစုအကြောင်းကို တွေးလိုက်တော့ သာကျော်ရင်ထဲ လှိုက်ခနဲ ၀မ်းနည်းသွားရလေတာ။
အခုအနေအထားအရ တောကြီးမျက်မည်းထဲမှာမို့ သူ့အနေနဲ့ အသက်ရှင်မလား၊ သေပဲသွားမလားဆိုတာ မရေရာ။ တောဆိုတာက သားရဲတို့ ကျက်စားရာ။ အချိန်ကလည်း ညအချိန်ဆိုတော့…။
” အို…တောစောင့်တောင်စောင့်နတ်၊ ဒီပတ်၀န်းကျင်မှာ ရှိတဲ့ အစောင့်အရှေုက်အပေါင်းတို့။ ကျုပ်သာကျော်သာ အခုအခြေအနေကနေ အရှင်တို့ရဲ့ ကျေးဇူးကြောင့် အသက်ဆက်ရှင်ခဲ့မယ်ဆိုပါရင် ကျန်ရှိနေတဲ့ သက်တမ်းကို သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါတော့မယ်။ ကျုပ်သာကျော်ကို အရှင်ကြီးတို့က စောင့်ရှောက်ပေးပါ…”
ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ကလည်း အသက်ကယ်ရာပဲမို့ သာကျော် ကယောင်ကတမ်း တမ်းတမိတယ်။
ပြီးတော့ သာကျော် ချုံးပွဲချ ငိုချလိုက်မိတော့တာ အချိန်တွေ ဘယ်လောက်ကြာသွားတယ်ဆိုတာကိုတောင် သတိမထားခဲ့ဘူး။
” ဟေး…”
” ဝေး…”
နားထဲကို တိုး၀င်လာတဲ့ အော်သံတွေ။ သာကျော် ရင်ထဲ အတိုင်းအဆမရှိ ၀မ်းသာသွားရတယ်။
သို့ပေမယ့်လည်း ခဏပါပဲ။
တောထဲမှာ ကျင်လည်နေခဲ့တဲ့ မုဆိုးပေမို့ ဒါဟာ တောခြောက်တာလည်း ဖြစ်နိုင်တယ်လို့ တွေးမိလိုက်ပြီး ၀မ်းနည်းသွားရပြန်ပါတယ်။
” ဟေး…ဝေး…”
အသံတွေကတော့ မပြတ်တမ်း ကြားနေရတယ်။ တဖြေးဖြေးလည်း သူရှိရာဘက်ကို နီးလာနေလေရဲ့။ ဒါပေမယ့် သာကျော်ကတော့ အသံတွေကို လစ်လှူရှုထားပြီး မျက်စိအစုံကို မှိတ်လို့ ဘုရားကိုသာ အကြိမ်ြီမ် တနေမိတယ်။
” ဝေး…သာကျော်ရေ…”
နာမည်ကိုပါ ခေါ်လာကြပြီ။ သာကျော် ဆတ်ခနဲတုန်သွားပေမယ့်လည်း ဒါဟာ နာနာဘာ၀တို့ရယ်လို့ သာကျော်စိတ်ထင်ပြီး နှုတ်ခမ်းကိုစေ့ မျက်စိကို စုံတင်းတင်းမှိတ်လို့။
” ဟာ…ဟို…ဟိုမှာ…”
အသံတွေနဲ့အတူ စူးရှတဲ့ အလင်းစ။
ဒီတစ်ခါတော့ သာကျော် မျက်လုံးဖွင့်ကြည့်လိုက်တယ်။
အို…။
ဒါ…ဒါ ရွာကလူတွေ။ သာကျော် အလွန်ပဲ ၀မ်းသာသွားရတယ်။ လူအုပ်ကြီးက အနားဆီ ရောက်ရောက်လာကြပြီ။
” သာကျော်…သာကျော်…”
အပြေးပွေ့ထူလာကြတော့ သာကျော်တစ်ယောက် ၀မ်းသာလွန်းလို့ မျက်ရည်တွေ စီးကျလာရတယ်။
” သာကျော်ရယ် ဖြစ်မှဖြစ်ရလေ။ ငါတို့ မင်းပြန်မလာဘူးဆိုပြီး မင်းမိန်းမလာအကူအညီတောင်းတာနဲ့ လိုက်ရှာကြတာပဲ…”
သာကျော့်ဆီက တုန့်ပြန်စကားရှိမလာနိုင်ဘူး။ ၀မ်းသာလုံးဆို့မှုကြောင့် သာကျော် စကားစတောင်ရှာမရဘူးလေ။ ဒဏ်ရာတွေကြောင့်လည်းပါတာပေါ့။
” သာကျော် ငါ့ညီ မင်းသတိကော ရရဲ့လား။ ငါဘယ်သူလဲ မင်းပြောစမ်းပါဦးကွာ…”
သာကျော်ရဲ့ ၀မ်းကွဲအကို ၀င်းခိုင်က စိုးရိမ်တကြီးမေးရင်း သတိစမ်းလာတာ။ ဒါမျိုးက အခန့်မသင့်ရင် အပမှီ ဖုတ်၀င်တာမျိုး ဖြစ်တတ်တယ်ဆိုတာ ၀င်းခိုင်က ကြားဖူးထားတယ်လေ။
” အကို…အကို၀င်းခိုင်။ ကျုပ်…ကျုပ်၀မ်းသာလွန်းလို့ပါဗျာ။ ကျုပ်ကိုယ်ကျုပ် ဒီကနေ မပြန်နိုင်တော့ဘူး မှတ်ထားတာဗျ…”
သာကျော့်စကားက တိကျမှန်ကန်တာမို့ ၀င်းခိုင် ပြာပြာသလဲဖြစ်သွားရပြီး…။
” သာကျော်…ငါ့ညီရယ်။ ဘယ်လိုများဖြစ်တာလဲ။ မင်း ဘာတွေများ ထိခိုက်မိထားသေးလဲ…”
” ကျုပ် ခါးသိပ်နာတယ်။ မထနိုင်ဘူး အကို။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ရွာရောက်မှပဲ ကျုပ် ပြောပြပါ့မယ်…”
” အေး…အေးပါကွာ။ ဟိုမှာ တင်မြင့်တို့ပုခက်လုပ်နေတာ ပြီးရင် ရွာကို ပြန်ကြတာပေါ့ကွာ…”
ပုခက်လုပ်တဲ့သူတွေ ရောက်လာကြပြီ။ သာကျော့်ကို ဝိုင်းမပြီး ပုခက်နဲ့ ထမ်းလို့ ရွာပြန်ခဲ့ကြတယ်။
ရွာကိုရောက်တော့ အိမ်မှာ ထားကြပြီး ေးဆရာအပြေးပင့်ကြတယ်။
အိမ်ရောက်လို့ သေချာကြည့်ပါမှပဲ သာကျော့်ခြေထောက်တွေနဲ့ လက်တွေမှာ အသားတွေ ဖွာလန်ကြဲနေတာကို မြင်ကြရတယ်။
သာကျော် စတိတော့ မလွတ်ဘူး။ ဆေးဆရာကြီးက ချက်ချင်းပဲ ဆေးတွေကုသပေးတယ်။ ပုဆိုးစတွေနဲ့ ပတ်တီးတွေ ဟည်းနှောင်ပေးတယ်။
ပြီးသွားတဲ့အချိန်ကျတော့ ဖြစ်ကြောင်းကုန်စင်ကို မေးတော့တာပဲ။
သာကျော်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြရင်း သူတွေ့ခဲ့ရတဲ့ ငေါင်းသတ္တဝါအကြောင်းကို ပြောပြတော့ အားလုံးမှာ မယုံတ၀က် ယုံတ၀က်နဲ့။
” ဘယ်လိုပုံစံမျိုးလဲ သာကျော်…”
ဆေးဆရာကြီးက ၀င်မေးတာ။
သာကျော်က မှတ်ထင်မိသလောက်ကို ဲန်ပြီး ပြောပြတော့ ကြားရသူတို့ အံ့အားသင့်ကြလို့ရယ်။
ငေါင်းတဲ့…။
တချို့က ကြားဖူးနား၀ ရှိဖူးကြသလို တချို့ကလည်း အခုမှကြားဖူးတဲ့ ဝေါဟာရအသစ်တစ်ခုလို ထင်ကြတယ်။
ကျွတ်ကျွတ်စီ ထင်ကြေးပေးသံတွေ ထွက်ပေါ်လာတယ်။ ငေါင်းကောင်ကြီးနဲ့ သာကျော့်ကို တိုက်ခိုက်တဲ့ ကျားသစ်တို့ရဲ့ ဆက်နွယ်မှုကိုလည်း ထင်ကြေးတွေ ပေးကြလေရဲ့။
ဆေးဆရာကြီးကလည်း သူလေ့လာထားမိသလောက်ကို ပြောပြတယ်။ ပြီးတော့ ဆေးဝါးကျမ်းဂန်တွေအရ ငေါင်းနဲ့ ပက်သက်ဆက်နွယ်လို့ ဖော်နိုင်တဲ့ ဆေးတွေကို ရေရွတ်တယ်။
အားလုံးကို ရေရွတ်ပြီးချိန် ဆရာကြီးရဲ့ မျက်၀န်းတွေမှာ အလိုလောဘရိပ်လွှမ်းတဲ့ အရိပ်အရောင်တွေတဖျပ်ဖျပ် ဖြစ်ပေါ်လာတယ်။
” မုဒုအဋ္ဌိ…နူးညံ့သော အရိုးဖြင့် စီမံအပ်သော။ လေကိုနိုင်သည်၊ သွေးကိုလှသည်၊ အသားကို စိုသည်၊ ရွယ်မူနုဖြိုး စွမ်းရည်တိုး၏…”
အာယုနဲ့ ခန္ဓာအတွက် မဟာဆေးတော်ကြီး။
ဒီဆေးတော်ကြီးကို ဖော်စပ်ချင်လာတာကြောင့် သမားတော်ကြီးရဲ့ မျက်နှာက အရိပ်အယောင်အမျိုးမျိုးတွေ ဖြစ်ပေါ်နေတာ။
” ကဲ…ကဲ…အားလုံးပဲ။ ညဉ့်ကလည်း နက်လှပြီ။ သာကျော့်ကိုတော့ ဒီညအတွက် အောင့်တစ်ယောက်နဲ့ ကျုပ်ဆီထားခဲ့။ ကျန်တဲ့သူတွေက ပြန်ကြချေတော့…”
ဆရာကြီးက လူသူရှင်းသွားအောင် လုပ်ဆောင်လိုက်တာ။
သူ့ရဲ့စကားအဆုံးတော့ အစောင့်အဖြစ်နေမယ့် သာကျော့်အကို ၀င်းခိုင်နဲ့ ဆေးဆရာကြီး၊ သာကျော်တို့ သုံးဦးသာ ကျန်ခဲ့ပါတော့တယ်။
” သာကျော်…”
” ဗျာ….”
သာကျော့်အသံက ခပ်ယဲ့ယဲ့။ ဆေးဆရာကြီးက
” မင်းအခြေအနေက ဒီရက်ပိုင်းအတွင်းတော့ ပြန်ကောင်းလာဦးမယ် မထင်ဘူး။ ဒါပေမယ့် မင်းဆီက အကူအညီကိုတော့ ငါတောင်းစရာရှိတယ်…”
ဆေးဆရာကြီးက စကားစကို ခဏဖြတ်ပြီး ၀င်းခိုင်ကို ကြည့်တယ်။
” ပြီးတော့ ၀င်းခိုင်…မင်းလည်း ငါ့ကို ကူညီပေးနိုင်မလား…”
၀င်းခိုင်က မျက်မှောင်ကြုတ်လိုက်ပြီး…။
” ကျုပ်က ဘာကို ကူညီရမှာလဲ ဆေးဆရာကြီးရ…”
ဆေးဆရာကြီးက စိတ်လောနေဟန်ကြောင့် မောလျပြီး ဇောချွေးတွေလည်း ပြန်နေတယ်။
သက်ပြင်းတစ်ချက်ကိုချပြီး ဒီအခြေအနေကို ဆေးဆရာကြီး ထိန်းလိုက်တယ်။
” အေးကွာ…မင်းတို့ နားလည်အောင် ငါပြောပြမယ်…”
၀င်းခိုင်းတို့ ဆေးဆရာကြီးရဲ့ စကားကို အလွန်ပဲ စိတ်၀င်စားမိသွားကြတယ်။
” တကယ်တော့ကွာ…အခု သာကျော်မြင်ခဲ့တယ်ဆိုတဲ့ ငေါင်းကောင်က သိပ်ကို တန်ဖိုးကြီးရှားပါးတယ်ကွာ။ ဆေးကျမ်းတွေအရဆို ဆေးဘက်လည်းသိပ်၀င်တယ်။ အစွမ်းလည်း သိပ်ထက်တယ်။ ဗလငါးတန်ကို ပြည့်ဝစေပြီး သိဒ္ဒိအဖုံဖုံကို နှောချေနိုင်တယ်။ ဒီတော့ကွာ ငါ အဲ့ဒီ့ငေါင်းကောင်ကို လိုချင်တယ်။ ဒါကို ဖမ်းဆီးချင်တယ်။ ဒါကြောင့် မုဆိုးဖြစ်တဲ့ မင်းတို့ကို ငါက အကူအညီတောင်းလိုတာ။ အခကြေးငွေအနေနဲ့လည်း မင်းတို့ကို မနစ်နာအောင် ငါစွမ်းပါ့မယ်ကွာ…”
ဆေးဆရာကြီးရဲ့ စကားကြောင့် သာကျော်က အားမပြည့်သေးပေမယ့် ၀င်းခိုင်းကတော့ စိတ်၀င်စားသယောင်။
တကယ်တော့ သာကျော်နဲ့ ၀င်းခိုင်ဆိုတာ ငယ်စဉ်ကတည်းက သာကျော်ဆရာ မုဆိုးပညာရပ်ကို အတူဆည်းပူးခဲ့ကြတာပါ။
နောက်မှသာ မိဘတို့ရဲ့ လိုလားမှုအပေါ်မူတည်ပြီး ဘ၀ရပ်တည်ချက်တွေက ပြောင်းသွားကြရတာရယ်။
အခု ဆေးဆရာကြီးရဲ့ စကားကြောင့် ၀င်းခိုင်က စိတ်၀င်စားသယောင်။ ငွေကြေးကြောင့်ဆိုတာလည်း ပါ၀င်သလို ဖမ်းဆီးရမယ့် သတ္တဝါက ငေါင်းဖြစ်နေတာမို့ သာပြီး စိတ်၀င်စားမိနေတာပါ။
သို့ပေမယ့် သာကျော်ကတော့ နာကျင်မှုကြားက လေးတွဲစွာနဲ့ ခေါင်းခါရမ်းပြတယ်။ သူ ပြုထားတဲ့ သစ္စာစကား ရှိနေတယ်လေ။ ဒါကို သူမမေ့ဘူး။
” သာကျော်…မင်း အတွက် အဆင်မပြေလို့လား…”
” ဟုတ်တယ် ဆရာကြီး။ ကျုပ်တော့ လက်မခံလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ် သစ္စာပြုထားတာ ရှိတယ်။ ကျုပ် မသေခဲ့ရင် သူတစ်ပါးအသက်သတ်ခြင်းကို ဘယ်တော့မှ မသတ်တော့ပါဘူး ဆိုပြီးတော့…”
ဆရာကြီးမျက်နှာက အလိုမကျသလို။
သို့ပေမယ့်လည်း ဟန်ကိုထိန်းလို့ ပြုံးရယ်လိုက်ပြီး…။
” သာကျော်ရယ်။ မင်းကလည်းကွာ…မင်းမပါဘဲနဲ့တော့ ဒီကိစ္စကို ငါတို့ လုပ်နိုင်မှာမဟုတ်ဘူးလေ။ ဒီရွာမှာ မင်းက တစ်ဦးတည်းသော မုဆိုးမဟုတ်လား။ သာကျော်…ငါတို့ကို ကူညီပါကွာ…”
သာကျော် ခေါင်းကို ထပ်ခါရမ်းတယ်။ မျက်၀န်းဆီက မျက်ရည်စအချို့ စီးကျလာတယ်။ တကယ်တော့ ရင်ထဲမှာ အဆင်ပြေမနေဘူး။ သူချစ်တဲ့ မုဆိုးပညာရပ်ကို သူစွန့်ရတာ့မယ်ဆိုတာ တကယ်ကြုံလာတော့ ချီတုံချတုံပါ။
ဒါပေမယ့် မတတ်နိုင်ပါ။ လူဆိုတာ သစ္စာတရားကို အလေးထားရမယ်လို့ သူ့ဆရာဦးဖိုးဦးက သင်ကြားပေးဖူးတာရယ်။ အခု အသက်နဲ့ ဝါသနာမှာ သစ္စာကြောင့် ရရှိလာတဲ့ အသက်ကို သူရွေးချယ်ရပါမယ်။
” ကျုပ် မလုပ်နိုင်ပါဘူး ဆရာကြီး။ ကျုပ်ရဲ့ ကတိကို ကျုပ်တန်ဖိုးထားရပါမယ်။ ကျုပ်ကို ခွင့်လွှတ်ပါ…”
ဆေးဆရာကြီး မျက်နှာပျက်သွားတယ်။
” ကောင်းပြီလေ သာကျော်။ ဒါဖြင့်လည်း ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာဖြစ်အောင်လို့ အဲ့ဒီ့ငေါင်းကောင်ကို အရှင်ဖမ်းဖဖို့ စီမံချေကွာ။ ဒါဆို မင်းအနေနဲ့ သတ်ဖြတ်ရာမရောက်သလို သစ္စာဖောက်ရာလည်း မရောက်တော့ဘူးပေါ့…”
” မထူးပါဘူးဗျာ။ ၀က်သားမစားဘူး ၀က်ရေတော့ သောက်တယ်ပါပဲ…”
” ဒါဖြင့်လည်းကွာ ဘယ်လိုဖမ်းဆီးရမယ်ဆိုတာကိုတော့ မင်းအနေနဲ့ ငါတို့ကို ပြောပြပါ။ ဒါတော့ ကူညီပါ…”
သာကျော် တွေဝေရပါပြီ။
ဒါပေမယ့် အကိုဖြစ်တဲ့ ၀င်းခိုင်က ကြား၀င်လာပြီး…။
” ကဲ…ကဲ…ဆရာကြီး။ ညီလေးသာကျော်က နေလည်းကောင်းတာ မဟုတ်ဘူးဗျာ။ သစ္စာပြုလို့ ရလာတဲ့ အသက်ကို သူအနေနဲ့ ကတိတည်စွာ တန်ဖိုးထားပါစေဗျာ…”
” ဒါဆို ငါတို့ချည်းက ဘယ်လိုအဆင်ပြေပါ့မလဲ…”
ဆေးဆရာကြီးက မကျေမချမ်း ထောက်မေးလာတာ။
” ဒီအတွက်တော့ မပူပါနဲ့ဗျာ…ကျုပ်လည်း ငယ်တုန်းက သာကျော်အတူ မုဆိုးကြီးဦးဖိုးဦးဆီမှာ ပညာအတူ သင်ခဲ့ဖူးပါတယ်။ ကျုပ် နဲနဲ ပြန်နွေး ပြန်လေ့ကျင့်လိုက်ရင် အားလုံး ပြန်ရနိုင်ပါတယ်…”
” အကို…”
သာကျော်က ၀င် တားမြစ်မလို့ ခေါ်လိုက်တာ။
မုဆိုးဆိုတာဖြစ်ဖို့က ပညာရည်သောက်စို့ခဲ့ရုံနဲ့တော့ မရနိုင်ဘူး။ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့ တောတောင်အနေအထား၊ သားကောင်တို့ရဲ့ သဘာ၀တရားနဲ့ အလေ့အကျင့်တို့၊ ကျက်စားရာတို့၊ နေထိုင်ကျင်လည်တတ်တဲ့ အခြေခံသဘောတရားတို့ကို သိရှိထားဖို့ လိုအပ်ပါတယ်။
အခု အကို၀င်းခိုင်က သူနဲ့အတူ ပညာသင်ခဲ့တာ မှန်ပေမယ့် အတွေ့အကြုံနည်းပါးသူဖြစ်ကာ တောနှင့်ညအဆက်ပြတ်နေသူပင်။ သို့အတွက် သာကျော် စိုးရိမ်မိရ၏။
၀င်းခိုင်က သာကျော်၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လာသည်။
” ညီလေး…မင်းစိတ်မပူပါနဲ့။ ငါလည်းီူနှစ်မိုးအတွက် အိမ်ပြင်ဖို့ ငွေအချို့လိုအပ်နေတယ်။ မင်းစိတ်ချပါ ငါ အန္တရာယ်ကင်းအောင် လုပ်မှာပါ…”
” မဟုတ်ဘူး အကို။ မင်းက ဒီပညာရပ်နဲ့ ဝေးနေတာ ကြာပြီနော်…”
၀င်းခိုင် ခပ်ဖွဖွ ပြုံး၏။
” ရပါတယ်ကွာ။ လူကိုယ်တိုင် မလိုက်ပါဘူး။ ထောင်ချောက်နည်းကိုပဲ ငါသုံးမှာပါ…”
သာကျော် ဆက်မပြောနိုင်တော့။
အခြေအနေအရ သူ့အကိုရဲ့ အခက်အခဲကိုလည်း သူက ကူညီနိုင်တဲ့ အခြေအနေက ရှိမနေ။ သူကိုယ်တိုင်တင်မက သူတို့အသိုင်းအဝိုင်းက စီးပွားတောင့်တင်းလှသူတွေမဟုတ်။ ဒီတော့ ငြိမ်သက်နေရုံသာပဲ။
” အင်းကွာ…မင်း သေချာတော့ ဂရုစိုက်ပြီးလုပ်ပါ…”
” အေးပါကွာ…”
သာကျော် မျက်လုံးများကို မှေးစက်နေလိုက်တယ်။
၀င်းခိုင်ကတော့ မနက်ဖြန်အတွက် သူလုပ်ရမယ့် အလုပ်တွေကို စိတ်နဲ့ စဉ်ကြည့်နေတယ်။
ဆေးဆရာကြီးကတော့ ငေါင်းကောင်နဲ့ ပက်သက်ပြီး ဆေးစီမံမယ့် အကြောင်းတွေကို တွေးတောရင်းနဲ့ပေါ့။
*******
” အီး…ဟီး…ဟီး…”
ဒီနေ့ အရူးမကြီးစာဥတစ်ယောက် အတော့်ကို ထူးထူးဆန်းဆန်းပါပဲ။ တစ်သက်နဲ့ တစ်ကိုယ် စိတ်ရှိတိုင်း ခံစားခဲ့ရတဲ့ လောကဓံကို ဟားတိုက်လှောင်ပြောင်နေတဲ့ သူမ။ အခုတော့ ငိုကြီးချက်မနဲ့ကို ငိုနေတာ။
” ငါ့…ငါ့သားလေးကို ငါသတိရလိုက်တာ။ ညတုန်းက အိပ်မက်မက်တယ်။.ငါ့သားလေးကလေ ငါ့ကို လိုက်ရှာနေတာတဲ့…”
ဆုံလာတဲ့ သူတိုင်းကို နားမထောင်ပေးလည်း အရုးမကြီးက လိုက်လံပြောပြနေတဲ့စကား။
ဒါပေမယ့်လည်း ဆုံမိသူတိုင်းက ငိုနေတဲ့ အရူးမကြီးကို ကြည့်လို့ အံ့သြတော့ အံ့သြနေကြတာပါပဲ။
သူ့ဆီမှာ သားရှိတယ်ဆိုတာ လူတိုင်းနီးပါး သိခဲ့ကြပေမယ့် ဖြတ်သန်းလာတဲ့ နှစ်ကာလတွေအတွင်းမှာ ဒီနေ့လို ငိုကြွေးတာမျိုး မရှိဘူးလေ။
” သားလေးရေ…အမေ သားကို ချစ်တယ်နော်။ အမေ သားဆီကို လာပါ့မယ်…”
အရုးမကြီး အော်ဟစ်လိုက်ပြန်တာ။
မျက်ရည်လည်ရွှဲနဲ့ အရုးမကြီး ရွာထဲမှာ အော်ဟစ်ရင်း ဟိုပြေးဒီပြေးနဲ့ပါပဲ။
ဒီလိုနဲ့ မနက်ပိုင်းက ရွာမှာ အရူးမကြီးကိစ္စက လူတွေကို အံ့သြစေခဲ့သလို ညနေပိုင်းမှာတော့ စိုးရိမ်စရာ အခြေအနေတစ်ခုက ရှိလာခဲ့တယ်။
အဲ့ဒါကတော့ ဆိတ်ကျောင်းသား မောင်လှကို ကျားသစ်၀င်ဆွဲတယ်ဆိုတဲ့သတင်းပါ။ ပြီးတော့ ငေါင်းကောင်ရဲ့ သတင်းကလည်း ထပ်တူပါလာခဲ့ပြန်တယ်လေ။
ဖြစ်ပုံက မောင်လှတစ်ယောက် ညနေမွန်းလွဲပိုင်းမှာ မောင်လှတစ်ယောက် ထမင်းစားပြီး ဆိတ်တွေကို စားကျက်ထဲ လွှတ်လို့ သူကတော့ သစ်ပင်အောက်မှာ အသာမှေးနေချိန်။
ဆိတ်အုပ်က လန့်အော်ကြတယ်။
မောင်လှ ထကြည့်တော့ ဆိတ်အုပ်ထဲကို ခုန်ဆွပြီး ပြေး၀င်လာတဲ့လူလိုလို အသားနီနီနဲ့ သတ္တဝါတစ်ကောင်။
မောင်လှလည်းညပထမ အံ့သြနေမိေးသတာ။ ကြည့်နေရင်း အဲ့ဒီ့သတ္တဝါက ဆိတ်တစ်ကောင်ကို ဆွဲဖမ်းတော့မှ ရုတ်တရက် သတိ၀င်ပြီး ခြောက်လှန့်မောင်းထုတ်ဖို့ ကြိုးစားချိန်။ ဘယ်က ပြေး၀င်လာမှန်းမသိတဲ့ ကျားသစ်ကောင်က မောင်လှကို ၀င်တိုက်ခိုက်တော့တာပဲ။
ကျားသစ်ရဲ့ လျင်မြန်ပြီး ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုကို မောင်လှ မတုန့်ပြန်နိုင်ဘူး။ မျက်နှာ လည်ဂုတ်နဲ့ ခြေလက်၀မ်းဗိုက်တွေမှာ ကျားသစ်ရဲ့ ကိုက်ရာနဲ့ ကုတ်ရာတွေကြောင့် အသားတွေ ဖွာလန်ကြဲလို့။ ကျားသစ်က ခန္ဓာကိုယ်သေးတဲ့ မောင်မှတ်ကို ဆွဲသွားတယ်။
ဒါပေမယ့် မောင်မှတ်ကံကောင်းခဲ့တယ်ပဲ ပြောရမလားမသိဘူး။ အနီးက စားကျက်မှာ နွားကျောင်းနေတဲ့ သူတွေက ဝိုင်းချောက် လှန့်တာမို့ ကျားသစ်က ပစ်ချပြီး ထားရစ်ခဲ့တယ်။
အဲ့ဒီမှာ ထူးဆန်းတာက ကျားသစ်နဲ့အတူ ဆိတ်ကို ၀င်တွဲတဲ့ သတ္တဝါကောင်ကလည်း ဆိတ်တစ်ကောင်ကို ထမ်းလို့ ခုန်ဆွပြီး အတူတကွ ထွက်ပြေးသွားတာပဲ။
မောင်လှကို ရွာကို ပြန်သယ်ခဲ့ကြတယ်။
ဒါပေမယ့် မောင်လှ ကံမကောင်းရှာပါဘူး။ ရွာကို မ၀င်ခင်မှာပဲ ဆုံးပါးသွားခဲ့ရတယ်။
ဒီတော့ မောင်လှရဲ့ အလောင်းကို ရွာအပြင်မှာ ထားပြီး ရွာထဲမှာ နာရေးကိစ္စအတွက် အားချင်းစီစဉ်ကြရတော့တာ။
နာရေးဆိုတော့ လူက စုံပြီလေ။
ဒီအခါမှာ ကျားသစ်အကြောင်းနဲ့ ခုန်ဆွသွားတဲ့ သတ္တဝါဆန်းရဲ့ အကြောင်းက လူပြောသူပြော ထင်မြင်ချက် အမျိုးမျိုးနဲ့။
ဒါပေမယ့်လည်း နောက်ဆုံးမှာ ထွက်ပေါ်လာတဲ့ အဖြေက တစ်ခုထဲ။ ဒီကျားသစ်ဟာ သာကျော့်ကို တိုက်ခိုက်တဲ့ ကျားသစ်ဖြစ်ပြီး ခုန်ဆွသွားတဲ့ သတ္တဝါကတော့ ငေါင်းကောင်ရယ်ပေါ့။
*******
သုံးရက်အတွင်းမှာ ၀င်းခိုင်တစ်ယောက် တောထဲဆီ ဆက်တိုက်၀င်ပြီး ထောင်ချောက်တွေ ဆင်ထားခဲ့တာ ဆယ်ခုထက်မနည်းရှိပြီ။
ငေါင်းကောင် သွားနိုင်လာနိုင်မယ် ထင်တဲ့ နေရာတိုင်းမှာ ထောင်ချောက်တွေ ဆင်ထားပေမယ့် သေချာအောင်လို့ နေုာက်ထပ် ထပ်ဆင့်ထောင်ချောက်တွေ ဆင်မယ်လို့ တွေးပြီး အခုလည်း ၀င်းခိုင် တောထဲကို ရောက်နေခဲ့တယ်။
ထွက်သာလာခဲ့ရတာ။ ဒီနေ့အတွက်က သူ့အတွက် အချိန်သိပ်မရ။ ဘာကြောင့်ဆိုတော့ ဒီနေ့ နေ့လည်ကို လွန်ခဲ့တဲ့ ရက်က ကျားသစ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ မောင်လှရဲ့ နာရေးပို့ ရှိနေတယ်လေ။
ဒါကြောင့် မနက်ပိုင်းမှာတင် ထောင်ချောက်တစ်ခုတော့ အပြီးဆင်မယ်ဆိုပြီး ၀င်းခိုင် လုပ်ဆောင်နေဖြစ်တယ်။
သူထောင်ထားတဲ့ ထောင်ချောက်တွေက များသောအားဖြင့် ငြှောင့်ကျင်းပုံစံ ထောင်ထားတာတွေများတယ်။
ဒီနည်းလမ်းက သားကောင်ကို အရှင်ဖမ်းတဲ့နည်းမဟုတ်ဘူး။ ပြီးတော့ အန္တရာယ်လည်း သိပ်များတယ်။
ဘာကြောင့်လဲဆိုတော့ ငြှောင့်ကျင်းကို လမ်းမှာခင်းထားတာမို့ သာမန်တောထဲ လှုပ်ရှားသွားလာသူတွေလည်း မတော်တဆကျနိုင်တယ်လေ။
ဒါပေမယ့် ဒီရက်ပိုင်းကတော့ တောထဲကို လူတွေအသွားအလာမလုပ်ကြဘူး။ ကျားသစ်နဲ့ ငေါင်းကောင်တို့ သောင်းကျန်းနေတာမို့ တောထဲကို ဘယ်သူမှ မသွားရကြတာ။
ဒီတော့ ၀င်းခိုင်တစ်ယောက် ငေါင်းကောင် ကျင်လည်ကျက်စားနေတယ်လို့ သိထားရတဲ့ ရွာနဲ့ မလှမ်းမကမ်းဆီမှာပဲ စိတ်တိုင်းကျ ထောင်ချောက်တွေ ဆင်မိနေတာ။
ပထမ ခြေနင်းကိုင်းထောင်ထားတယ်။ ငေါင်းကောင်က ခုန်ဆွပြီးသွားတာမို့ ခြေနင်းခလုတ်ကို ဝါးရှည်ရှည်နဲ့ ခပ်ကြီးကြီးဖြန်ခင်းထားပြီး ပုံဖျက်ဖုံးကွယ်တယ်။ အဲ့ဒီက အလွန်မှာတော့ ငြှောင့်ကျင်းတစ်ခုကို စီမံထားပါတယ်။
ထောင်ချောက်လုပ်ပြီးတဲ့အချိန်ကျတော့ ၀င်းခိုင်တစ်ယောက် ပစ္စည်းတွေသိမ်း၊ ခြေရာလက်ရာဖျောက်ပြီး ပြန်ဖို့လုပ်ပါတယ်။
” ချွတ်…ဖရော…ဖရော…”
တောတိုးသံတစ်ခု။
၀င်းခိုင်က သတိထားနေသူဆိုတော့ သစ်ပင်အကွယ်တစ်ခုဆီကို လှစ်ခနဲ ပြေး၀င်ပုန်းလိုက်တယ်။
တောတိုးသံက ဆက်လက်ထွက်ပေါ်နေဆဲပဲ။ တစ်ဘက်ခြုံတန်းတွေဘက်ကနေ ၀င်းခိုင်ရှိရာဘက်ကို လှမ်းလာနေတာ။ ၀င်းခိုင်ဆီမှာ ပစ်ခတ်စရာအဖြစ် သာကျော်ကိုင်တဲ့ ဒူးလေးတော့ပါလာတယ်။
ဒူးလေးကို အသင့်ပြင်ထားပြီး ၀င်းခိုင် စောင့်နေမိတာ။ အချိန်အနည်းငယ် ကြာချိန်ကျတော့ ခြုံတန်းတွေက လှုပ်ရှားလာပြီ။ အကောင်အထည်ကိုတော့ မမြင်ရသေးဘူး။
၀င်းခိုင် စိတ်ကို ငြိမ်ငြိမ်ထားပြီး ဒူးလေးနဲ့ အဲ့ဒီ့နေရာကို ချိန်လို့ ဆက်စောင့်နေလိုက်တယ်။
” ဟင်…”
၀င်းခိုင်ရဲ့ မြင်ကွင်းဆီမှာ ထွက်ပေါ်လာတာ အရူးမကြီးမစာဥ။
အကောင်အထည်ကို မြင်မြင်ချင်း ဒူးလေးနဲ့ မပစ်မိတာ ၀င်းခိုင်ရော အရူးမကြီးပါ ကံကောင်းသွားရတယ်။
အရူးမကြီးက ၀င်းခိုင်ကြည့်နေတုန်းမှာပဲ ထောင်ချောက်တွေဘက်ကို ချိုးကွေ့သွားတယ်။
” ဟာ…သေတော့မှာပဲ…”
၀င်းခိုင် အလွန်ပဲ ထိတ်ပြာသွားရပြီး နေရာကနေ ပြေးထွက်လို့ အရူးမကြီးကို လိုက်ဆွဲရတော့တာ။
” ဝှစ်….”
ခြေနင်းကိုင်းဆီကို အရူးမကြီးရဲ့ ခြေအကျ၊ ၀င်းခိုင်က ဆောင့်အဆွဲနဲ့ တပြိုင်နက်ထဲ။
ကံသီတယ်ပဲ ပြောရမယ်၊ ထောင်ချောက်ဆီကနေ အရူးမကြီး လွတ်မြောက်သွားပြီး ၀င်းခိုင်နဲ့အတူ ပစ်လဲကျကုန်ရတယ်။
” အို…လွှတ်…လွှတ်…နင်ဘယ်သူလဲ။ ငါ့ကို လွှတ်စမ်း…”
အရူးမကြီးက ၀င်းခိုင်ကို တွန်းလွှတ်ပြီး ရုန်းကန်ထတယ်။ မသိရင် ၀င်းခိုင်က သူ့ကို မဟုတ်တရုတ်လုပ်မယ်ပုံနဲ့။ ၀င်းခိုင် ဒေါသထွက်ရတယ်။
” ဟေ့…အဘွားကြီး။ တော်ရောကာရော လွှတ်အော်မနေနဲ့။ ဟိုမှာ ကြည့်…ခင်ဗျားကို သေမှာစိုးလို့ ကျုပ်က ကယ်တာ တောက်…”
၀င်းခိုင်က ဒေါသတကြီးအော်လိုက်တော့ ထောင်ချောက်ဆီကို ကြည့်ပြီး အရူးမကြီး ငြိမ်သွားတယ်။ ပြီးတော့ မျက်နှာက ၀မ်းနည်းသလို ဖြစ်လာပြီး ရုတ်တရက် ငိုချလိုက်တော့တာ။
” ဟာ…ဟေ့…ဟေ့ အဘွားကြီး မငိုနဲ့လေ။ တော်ကြာ ကျုပ်ကို တစ်မျိုးထင်ကုန်ကြတော့မှာပဲ…”
” ထင်ထင်ဟာ…ငါက ငါ့သားလေး ဒီတောထဲမှာ ရောက်နေတယ်ဆိုလို့ လာရှာတာ။ ဒါကို နင်က ငါ့ကို လာဆူနေတယ်…အီး…ဟီး…ဟီး…”
၀င်းခိုင်က အရူးမကြီးအကြောင်းကို သိထားသူမို့ စိတ်မကောင်းဖြစ်သွားရပေမယ့် မဖြစ်နိုင်တာမို့…။
” အိုဗျာ… ခင်ဗျားရဲ့သား ဟုတ်လား။ ဘယ်က ခင်ဗျားရဲ့သားလဲ။ ခင်ဗျားသားက သေတာကြာပြီ။ မွေးကတည်းက သေသွားတာ။ ဒီမှာတော့ ဘာသားမှ မရှိဘူး။ ခင်ဗျားကို ကိုက်မယ့် ကျားသစ်ကောင်ပဲ ရှိတယိ…”
၀င်းခိုင်ကို အရူးမကြီးက ဒေါသထွက်သွားဟန်နဲ့…။
” ဘယ်က ကျားသစ်လဲ။ အဲ့ကျားသစ်က နင့်ကို ကိုက်မှာ။ ငါက ငါ့သားလေးကို လာရှာတာ…”
၀င်းခိုင် ရယ်မိပါတယ်။ စိတ်လျော့လိုက်ဖို့လည်း ဆုံးဖြတ်လိုက်တယ်။
” ကဲပါ ထားပါတော့။ ဒါနဲ့ ခင်ဗျားရဲ့ သား ဒီကို ရောက်နေတယ်ဆိုတာ ခင်ဗျားကို ဘယ်သူက ပြောတာလဲ…”
” ဘယ်သူက ပြောရမလဲ။ ရွာအပြင် သရက်ပင်က သရဲမကြီးက ပြောတာ။ သူက ဒီရွာမှာနေတာ နှစ်တွေကြာပြီ။ သူပြောတာက ငါ့သားလေးက ငါ့ကို လိုက်ရှာနေတယ်တဲ့…”
၀င်းခိုင် ဘာမှ မပြောတော့ဘူး။ ၀င်းခိုင်က စကားမပြောတော့တာမို့ အရူးမကြီးက တစ်ဖက်ကို ထွက်သွားတယ်။
၀င်းခိုင်ကတော့ ထောငိချောကိကို ပြန်ဆင်နေလိုက်တယ်။ ပြီးတော့ ပြန်ဖို့ ပြင်တယ်။ ဒါပေမယ့်လည်း အရူးမကြီးကို စိတ်က မချသလိုဖြစ်ရတာမို့ လိုက်ရှာကြည့်လိုက်တယ်။
ဒါပေမယ့် အရူးမကြီးက သူ့ရဲ့ မြင်ကွင်းဆီမှာ ရှိမနေတော့ပါဘူး။
*******
မုဆိုးကြီးမုံခေါင်တစ်ယောက် မှေးမှိတ်ထားတဲ့ သူ့မျက်၀န်းတွေဆီမှာ ထင်ထင်ရှားရှား ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို စိတ်၀င်တစား ကြည့်ရှုနေမိတယ်။
နွားသူခိုးတစ်ယောက်…။
ရွာက လူတွေ လိုက်ဖမ်းလို့ ပြေးရာကနေ အိမ်တစ်အိမ်ဆီ၀င်ပုန်းအောင်းလိုက်တယ်။
အိမ်ထဲမှာက အတော့်ကို ချောမောလွန်းတဲ့ အမျိုးသမီးတစ်ယောက်သာ ရှိနေတယ်။
နွားသူခိုးက အိမ်ထဲ ပုန်းအောင်းရင်း လှပလွန်းတဲ့ အမျိုးသမီးကြောင့် စိတ်က မထိန်းနိုင်ခဲ့ဘူး။
ရွာထဲက အခြေအနေ တည်ငြိမ်တာနဲ့ အမျိုးသမီးကို ဗလက္ကာရပြုကျင့်မိခဲ့တယ်။ အမျိုးသမီးခမျာ အားမတန်တော့ မာန်လျော့ရတာပေါ့။
ကိစ္စက အထမြောက်သွားတယ်။
ပြီးတော့ မြင်ကွင်းက ပြောင်းပြီး အမျိုးသမီးနဲ့အတူ သူမရဲ့ ရင်ခွင်အတွင်းက ကလေးလေးတစ်ယောက်။ ပြီးတော့ ရပ်ရွာက လူတွေက အမျိုးသမီးကို ပစ်ပစ်ခါခါပြုထားတဲ့ ပုံစံ။
နောက်တော့ ကလေးလေးက အရွယ်ရောက်လာပုံတွေ။ အမျိုးသမီးကတော့ သူ့သားသမီးအတွက် လောကဓံကို ကြံ့ကြံ့ခံရင်း ရင်ဆိုင်တယ်။
နောက်တော့ ကလေးလေးက အရွယ်ရောက်ပြီး သိပ်လှတဲ့ မိန်းကလေးဖြစ်လာတယ်။
အဲ့ဒီ့လိုပဲ အစက သိပ်လှလွန်းတဲ့ အမျိုးသမီးဟာလည်း တဖြေးဖြေးအရွယ်ကျ ဇရာထောင်းပြီး အိုဇာလာတယ်။ ကျန်းမာရေးကလည်း ချွတ်ခြုံကျလို့။
နောက်တော့ အမျိုးသမီးကြီးကွယ်လွန်သွားတယ်။ မိန်းကလေးက အိမ်ထောင်ပြုတယ်။
နောက်ထပ် မြင်ကွင်းတစ်ခု။
ရွာသားတွေကို ဓားပြတွေက ဖမ်းဆီးထားတယ်။ ကြားထဲမှာလည်း ဓားပြတွေရဲ့ လက်ချက်နဲ့ သေဆုံးနေတဲ့ လူသေအလောင်းတွေ။
မိန်းကလေးတစ်ယောက် ပြေး၀င်လာပြီး အလောင်းကို ဖက်လို့ငိုတယ်။ အဲ့ဒီ့အချိန်မှာပဲ ဓားပြခေါင်းဆောင်က မိန်းကလေးကို မျက်ေ့စကျပြီး ဆွဲခေါ်ဖမ်းဆီးတယ်။
မြင်ကွင်းက ပြောင်းသွားပြန်ပြီ။
ဓားပြတွေရဲ့ စခန်းဆီမှာ နှိပ်စက်ခံထားရတဲ့ မိန်းကလေး။ ကြိုးတွေနဲ့လည်း တုပ်နှောင်ထားတယ်။
” ဆရာကြီးကို အိပ်နေတုန်း ဓားနဲ့ ၀င်ထိုးတာတဲ့…”
ဓားပြငယ်တွေက ပြောနေကြတာ။ အဲ့ဒီ့အချိန်မှာ ဆရာကြီးဆိုတဲ့လူ ရောက်လာတယ်။
” ဟာ…ဒါ…ဒါ…”
ဓားပြတိုက်တဲ့ မြင်ကွင်းတုန်းက မျက်နှာကို မျက်နှာဖုံးကြောင့် ဆရာကြီးဆိုသူရဲ့ မမြင်ခဲ့ရဘူး။
အခု မြင်ရချိန်မှာတော့ မုဆိုးကြီးရဲ့ ဦးခေါင်းတွေ ချာချာလည်သွားရတယ်။
ဓားပြခေါင်းဆောင်က နွားသူခိုးရယ်လေ။
ဟိုတုန်းက အမျိုးသမီးကို ကျူးလွန်ခဲ့တဲ့ နွားသူခိုး…။
ဖမ်းဆီးခံထားရတဲ့ မိန်းကလေးက အဲ့ဒီ့တုန်းက သူကျူးလွန်လို့ ရထားတဲ့ သမီးလေး။
အဖေနဲ့ သမီး…။
အခြေအနေတွေက လွန်ကုန်ပြီ။ ဓားပြခေါင်းဆောင်ကတော့ ဒါကို သိဟန်မတူဘူး။ ဖမ်းဆီးထားတဲ့ မိန်းကလေးကို ပါးရိုက်နားရိုက်နဲ့ လုပ်နေတယိ။
အားရအောင် ရိုက်ပြီးချိန်ကျတော့ ကြိုးဖြေပြီး အခန်းထဲကို ခေါ်သွင်းတယ်။ ဓားပြခေါင်းဆောင်က အ၀တ်အစားတွေ ချွတ်လိုကိတယ်။ အခြေအနေက ဘာဖြစ်လာတော့မယ်ဆိုတာကို မုဆိုးကြီး ကောင်းကောင်းနားလည်လိုက်မိတယ်။
” ဟေ့…ဟေ့ကောင် အဲ့ဒါ…မင်းရဲ့ သမီး။ မင်းရဲ့ သမီးကွ…”
မုဆိုးကြီး အော်လိုက်ပေမယ့် ပုံရိပ်တွေက တားမြစ်မရဘူး။
နောက်တော့ မြင်ကွင်းက ထပ်ပြောင်းသွားပြန်တယ်။
သေလုမျောပါး ဖြစိနေတဲ့ မိန်းကလေးကို ကြိုးတုပ်ပြီး မြင်းနောက်မှာ တရွတ်စွဲပြီး ရွာဆီကို ခေါ်ဆောင်လို့ လမ်းဆုံမှာ ပစ်ချထားခဲ့တာ။
ရွာကလူတွေက မိန်းကလေးကို လာရောက်ကယ်ဆယ်တယ်။ ပြီးတော့ ဆေးဝါးတွေ ကုသပေးတယ်။
နောက်တော့ မြင်ကွင်းဆီမှာ ဒဏ်ရာအမာရွတ်တွေနဲ့ ပြည့်နှက်နေတဲ့ ဗိုက်ကြီးသည် အရူးမလေး။
မြင်မြင်ရာကို ဟားတိုက်ရယ်မောနေပြီး မျက်၀န်းမှာတော့ မျက်ရည်စတို့ ရစ်ဝိုင်းနေတယ်။
” ဖြစ်မှဖြစ်ရလေကွာ…”
မုဆိုးကြီး ကြည့်နေရင်း စိတ်မကောင်းဖြစ် မချိတင်ကဲ ရေရွတ်မိတယ်။
နောက်တော့ မီးနေခန်းတစ်ခု။
အထဲက ထွက်လာကြတဲ့ အမျိုးသမီးကြီးတွေက မျက်စိမျက်နှာ ပျကိနေကြတယ်။
” ကလေးက ဘီလူးလေးလိုပဲ။ ရုပ်ဆိုးအကျည်းတန်လိုက်တာ…”
” ဓားပြကောင်က လူယုတ်မာမို့ ဒီကလေးက အခုလို ရုပ်ဖြစ်တာနေမှာ…”
အမျိုးသမီးတွေကဆီက တီးတိုးစကားတွေ။ မုဆိုးကြီးမှာတော့ ကြည့်နေရင်း အတော့်ကို စိတ်မကောင်းဖြစ်နေမိရတယ်။
ေဟာ…။
မြင်ကွင်းက ပြောင်းသွားပြန်ပြီ။ ကလေးငယ်လေးကို ပွေ့ပြီး လျှောက်သွားနေတဲ့ အရူးမလေး။
သူ့ပုံစံက အနောက်ကို လှည့်ကြည့်ပြီး သွားနေတာဆိုတော့ နောက်ကျောမလုံတဲ့ပုံပဲ။
အတော်ကလေးသွားပြီးတော့ တောတန်းလေးတစ်ခုကို ရောက်လာခဲ့တယ်။ သွားနေရင်း ခြေလှမ်းတွေကို ရပ်လိုက်တယ်။ ပတ်၀န်းကျင်ကို တစ်ချက်လှည့်ကြည့်ပြီး ကလေးငယ်ကို အသာချလိုက်တယ်။
နောက်တော့ တစ်ပိုတစ်ပါးသွားလိုဟန်နဲ့ ခပ်လှမ်းလှမ်းဆီကို ထွက်သွားတယ်။
” ဟာ…”
တောခွေးသုံးကောင်။
ကလေးငယ်ရှိရာဆီကို တဖြေးဖြေးကပ်လာနေတာ။
လူရိပ်လူခြေကြည့်ပြီး လစ်ပြီဆိုတာ သေချာတာနဲ့ တစ်ကောင်က ကလေးငယ်ကို ပြေးဆွဲတယ်။
အနှီးထုပ်ကလေးနဲ့ ကလေးငယ်ခမျာ တောခွေးဆွဲရာဆီကို တရွတ်တိုက်ပါလို့။
တောခွေးတွေက တောအုပ်ထဲဆီကို ၀င်ပြေးကုန်ကြတယ်။ ပြီးတော့ ဟိုကဆွဲ ဒီကဆွဲ ကလေးငယ်ကို ဝိုင်းဆွဲကြ။
ကလေးငယ်ရဲ့ ငိုသံတွေက တောကို လွှမ်းခြုံနေလေရဲ့။
အဲ့ဒီ့အချိန် ဘယ်ဆီက ရောက်လာမှန်းမသိတဲ့ ကျားသစ်မကြီးတစ်ကောင်။
ကလေးငယ်ကို ကိုက်ဖဲ့ဆွဲနေတဲ့ တောခွေးတွေကို အတင်း၀င်ရောက်တိုက်ခိုက်တာ။
တောခွေးက သုံးကောင်အုပ်ဆိုပေမယ့် အလစ်၀င်တိုက်ခံရတာလည်းဖြစ်ပြန်၊ အားချင်းကလည်း မတူတာကြောင့် တစ်ခဏအတွင်း တောထဲကို ၀င်ပြေးကုန်ကြတယ်။
ဒီအခါမှာတော့ ကျားသစ်မကြီးက ကလေးငယ်ကို လည်ကုတ်ကနေ ကိုက်ချီလိုက်တယ်။ ပြီးတော့ တရွေ့ရွေ့နဲ့ ထွက်ခွာသွားတော့တာပါပဲ။
နောက်ထပ်မြင်ကွင်းတစ်ခု။
ကျားသစ်ပေါက်တွေအကြားဆီမှာ ဆော့ကစားနေတဲ့ ခြေတစ်ဖက် ပေါင်ရင်းလောက်ကနေ ပြတ်နေတဲ့ ကလေးလေး။
ရုပ်ရည်က အတော့်ကို အကျည်းတန်လှပြီး လူရယ်လို့တောင် သတ်မှတ်ဖို့ မလွယ်။ မျောက်လိုလို ငှက်လိုလို မျက်နှာအသွင်နဲ့။
ကြည့်နေရင်း ကလေးက မတ်တပ်ရပ်တယ်။ ပြီးတော့ ရှိတဲ့ ခြေတစ်ဖက်နဲ့ ခုန်ဆွပြီး လှမ်းသွားတယ်။
” ဒုန်း…”
အိမ်ရှေ့ဆီက ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြောင့် မုဆိုးကြီးရဲ့ အာရုံက လွင့်ပါးသွားပြီး ပုံရိပ်တွေ ပျောက်ကွယ်ကုန်ရတယ်။
အသံလာရာဆီကို ကြည့်လိုက်တော့ သူ့ရဲ့ မျောက်ကလေး ငညို။
သူ့အာရုံတွေ လွင့်နေတုန်း အစာကျွေးချိန်လွန်တာမို့ ထုံးစံအတိုင်း စိတ်ကောက်သေုင်းကျန်းပြတာ။
” အင်း…အရေးကောင်း ဒိန်းဒေါင်းဖျက်ဆိုသလို ငါ့မှာ မြင်နေရတာ တယ်ပြီး စိတ်မကောင်းဘူး။ ဒီအာရုံကလည်း ဘာလို့ ငါဆီ့မှာ လာထင်နေရတာလဲ။ ဘာပဲဖြစ်ဖြစ် ကြည့်ရဆိုးတဲ့ အဖြစ်အပျက်ကြီးကို ငါ ထပ်မကြည့်ချငိတော့တာနဲ့ နင်လုပ်လိုက်တာ အတော်ပဲ…”
မုဆိုးကြီးက ငညိုကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ ငညိုကတော့ တကွစ်ကွစ်နဲ့။
မုဆိုးကြီးလည်း ငညိုအတွက် အစာကို ယူပြီး ကျွေးမွေးလိုက်တယ်။
ပြီးတော့ အပြင်ကို ထွက်ပြီး ရာသီဥတုအခြေအနေကို ကြည့်လိုက်တယ်။
” အင်း…ဒီအချိန်ဆိုရင်တော့ မြောက်ဘက်မှာ ငှက်အုပ်တွေ ကျလာတော့မှာပဲ။ ငါက ငှက်ခတ်သမား မဟုတ်ပေမယ့် ရွာထဲက ငဦးနဲု့ ငထူးတို့ အလုပ်တွင်အောင်တော့ ဆန်၀ယ်ရင်း အကြုံသွားပြောချေဦးမယ်…”
တစ်ယောက်ထဲ ရေရွတ်ပြီး မုဆိုးကြီး အိမ်ကနေ ရောင်းချပြီး ဆန်၀ယ်ဖို့ အသားခြောက်အချို့ကို ဆွဲလို့ ထွက်လာခဲ့တယ်။
သူ့အိမ်နဲ့ ရွာထဲက အတော်ကလေးတော့ လှမ်းတယ်လေ။
ရွာထဲကို ရောက်တော့ မုဆိုးကြီးက အသားခြောက်တွေကို အရင်ဆုံး လိုက်ရောင်းတယ်။ အချို့ကို ဆန်နဲ့ လဲတယ်။ ပြီးတော့ တင့်လူတို့ ကုန်စုံဆိုင်ဆီက အခြားလိုအပ်တာတွေကို ၀ယ်ပြီး ငဦးတို့ကို အိမ်ဘက်ကို လှည့်၀င်လိုက်တယ်။
” ငဦးရေ…ငထူးရေ…ငါနင်တို့ကို သတင်းကောင်းလာပေးတာဟေ့…”
မုဆိုးကြီး အော်သံကို ကြားတာနဲ့ ငဦးက အိမ်ပေါ်ကနေ ပြေးဆင်းလာတယ်။
” ဟား…လုပ်ပါဦး မုဆိုးကြီးရာ။ ဘာသတင်းကောင်းများလဲ။ ထိုင်ပါဦးဗျ…”
မုဆိုးကြီးလည်း ငဦးတို့ အိမ်ရှေ့က ကွပ်ပျစ်မှာ ၀င်ထိုင်လိုက်တယ်။
ငဦးကလည်း အနားမှာ ၀င်ထိုင်လာပြီး…။
” ငထူးကတော့ ရွာထဲသွားတယ် မုဆိုးကြီးရ။ ကဲ…လုပ်ချေပါဦး။ ဘာသတင်းကောင်းများလဲ…”
” အေး…ညနေက ငါ အပြင်ထွက်ရင်း ကောင်းကင်ကို ကြည့်မိတော့ မြောက်ဘက်ခြမ်းမှာ ငှက်အုပ်ကျမယ့် အခြေအနေတွေ့တယ်။ အဲ့ဒါက ငါက ငှက်ခတ်သမားမဟုတ်တော့ မင်းတို့ အသုံးတည့်အောင် လာပြောတာ…”
ငဦး ၀မ်းသာသွားတယ်။
” ဟား…ကျေးဇူးတင်မိပါပြီ မုဆိုးကြီးရာ။ ကျုပ်တို့ အခုတလော စားကျက်ပျောက်နေတာဗျ။ အရင်က စားကျက်တွေကလည်း ငှက်မကျတော့ဘူး။ မုဆိုးကြီး ပြောတဲ့ဘက်ကိုလည်း ရောက်သွားသေးတယ်။ ငှက်မကျဘူး။ အဲ့ဒါနဲ့ ကျုပိတို့လည်း စိတ်ညစ်နေမိကြတာ…”
” အေး…အခုတော့ ငါပြောတယ်။.မနက်ဖြန်ကစပြီး အဲ့ဒီ့ကို ငှက်အုပ်ကျလိမ့်မယ်…”
” ယုံပါတယ်ဗျာ ယုံပါတယ်။ မုဆိုးကြီးစကားက ဘယ်တုန်းကလွဲဖူးလို့လဲ။ တစ်ပွဲစားဆိုတဲ့ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေရဲ့ဗျာ…”
” ကဲပါ နင်တို့ပဲ ငါ့ကို မြှောက်နေကြတော့။ ကဲ…ကဲ…မိုးလည်းချုပ်တော့မယ်။ ငါလည်း ထမင်းချက်ဦးမယ်။ ငါပြန်တော့မယ်…”
” ဟုတ်ကဲ့ မုဆိုးကြီး။ မနက်ဖြန်ကျရင်တော့ ညစာအတွက် မုဆိုးကြီး ထမင်းမချက်နဲ့ဗျာ။ ကျုပ်တို့ ထမင်းစားလာခေါ်မယ်…”
” အေးပါ…အဲ့ဒါဆိုလည်း မနက်ဖြန်ကို ငါ ထမင်းမချက်တော့ဘူး…”
” အင်းဗျာ…မချက်နဲ့ ကျုပ်တို့ ညီအကို လာခေါ်မယ်…”
မုဆိုးကြီးလည်း နှုတ်ဆက်ပြီး အိမ်ဆီကို ပြန်ခဲ့တယ်။
အိမ်ရှေ့ကို ပြန်ရောက်တော့ နွားရိုင်းသွင်းချိန်၊ မှောင်ရီသမ်းပြီ။
ခြံဝိုင်းထဲကို ၀င်လိုက်တာနဲ့ အိမ်ရှေ့ကနေ လှစ်ခနဲ ပျောက်သွားတဲ့ မည်းမည်း အရိပ်တစ်ခု။
ဒါကို မုဆိုးကြီးက မြင်မိလိုက်တယ်။
” ဘယ်သူလဲ…ငါ့ခြံထဲကို ခွင့်မတောင်းဘဲ ၀င်တယ်။ ငါလာမှ ထွက်ပြေးတယ်။ ဘယ်သူလဲ ပြန်လာခဲ့စမ်း…”
မုဆိုးကြီး အော်လိုက်ပေမယ့် မည်းမည်း အရိပ်က ပြန်ရောက်မလာဘူး။
မုဆိုးကြီးရဲ့ မျက်နှာက တင်းမာသွားရတယ်။
” ကောင်းပြီလေ။ နင်က ငါ့ကို စမ်းလိုက်တာပဲ…”
မုဆိုးကြီး အထုပ်တွေကို အိမ်ထဲ၀င်ထားလိုက်တယ်။ ပြန်ထွက်လာတော့ လက်ထဲမှာ တုတ်တစ်ချောင်းပါလာခဲ့ရဲ့။
မုဆိုးကြီး အိမ်ပြင်ကို ထွက်လာတယ်။
အခုနက မည်းမည်းအရိပ်ရပ်နေတဲ့ နေရာ တုတ်ကို ထောက်လိုက်တယ်။ ပြီးတော့ တုတ်ကို လက်နဲ့ ပွတ်လှည့်လိုက်ပြီး…။
” ငါ မုံခေါင်ရဲ့ အမိန့်။ ငါ့ခြံထဲကို ကျူးကျော်တဲ့ အကောင် အခုချက်ချင်း ငါ့ရှေ့ရောက်စမ်း…”
မုဆိုးကြီးက အမိန့်သံနဲ့ ခပ်ပြတ်ပြတ်ပြောပြီး မြေကြီးကို တုတ်နဲ့ ဆောင့်ချလိုက်တယ်။
” ဒုန်း…”
” အမလေး…”
အသံနှစ်ခုက ရှေ့ဆင့်နောက်ဆင့်။ ချက်ချင်းပဲ မုဆိုးကြီးရဲ့ ရှေ့ဆီမှာ ခွေခွေလေး ရောက်ရှိလာတဲ့ မိန်းကလေးတစ်ယောက်။
မုဆိုးကြီး အံ့သြမိသွားရတယ်။
ဒီမိန်းကလေးကို သူတစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။
” မင်း ဘယ်သူလဲ ဘာကိစ္စနဲ့ ငါ့ ခြံထဲကို ၀င်လာရတာလဲ…”
မိန်းကလေးက ပုံ့ပုံ့လေး လဲနေရက်က ခေါင်းကို ငုံ့ထားတယ်။ ရှည်လျားတဲ့ ဆံပင်တွေက သူမရဲ့ မျက်နှာကို ဖုံးအုပ်ထားတာမို့ မျက်နှာကို မမြင်ရဘူး။
” ဟေ့…ငါမေးနေတယ်လေ…”
” ဟို…ဟို…ကျွန်မ နာမည် မြညိုပါ။ သဖန်းတောရွာက…”
မိန်းကလေးရဲ့ အသံက ခပ်တိုးတိုး။
” သဖန်းတော…”
မုဆိုးကြီး စဉ်းစားလိုက်တယ်။ သဖန်းတောရွာဆိုတာက သူတို့နဲ့ အတော့်ကို အလှမ်းဝေးဝေးမှာ ရှိတဲ့ရွာ။
” သဖန်းတောက အဝေးကြီးပဲ။ မင်းက ဘာကိစ္စနဲ့ ငါ့ဆီရောက်လာရတာလဲ…”
မိန်းကလေးက ခေါင်းကို ငုံ့ထားဆဲက…။
” တွေ့ဖူးချင်လို့…”
” ဟ…ဘာအကြောင်းနဲ့များ နင်က ငါ့ကို တွေ့ဖူးချင်ရတာလဲ။ ပြီးတော့ တွေ့ဖူးချင်တယ်လည်း ပြောသေးတယ်။ ငါ့ကို တွေ့တော့ နင်က ထွက်ပြေးတယ်။ ဒါကကော ဘာသဘောလဲ…”
မိန်းကလေးက မဖြေဘူး။ ဒီတော့ မုဆိုးကြီးက ဒေါသ ထွက်သွားရပြီး…။
” ဟဲ့…ဖြေလေ…”
” ခစ်…ခစ်…”
” ဟာ…ဒီမိန်းမတော့ ငါ တယ် လုပ်လိုက်ရ…”
” အဟိ…သဘောကျလိုက်တာရှင်…”
” ဟာ…ဒီလောက်ကြိမ်းမောင်းနေတာကို နင်က သဘောကျနေတယ်ပေါ့ ဟုတ်လား…”
” ဟုတ်တယ်လေ…သဘောကျတာပေါ့။ ဒီမိန်းမတော့ဆိုပြီး ကြိမ်းတာက ကျွန်မက ရှင့်ရဲ့ မိန်းမလိုလိုဘာလိုလို၊ အဟိ လင်မယားချင်း စိတ်ဆိုးနေသလိုလို ဘာလိုလိုနဲ့…ခစ်…ခစ်…”
မိန်းကလေးက ပြောတော့ မုဆိုးကြီး မျက်နှာ ထူအမ်းသွားရတယ်။
” ဟေ့…ဟေ့… နောက်ပြောင်မနေနဲ့။ ငါ မေးတာကို သေချာဖြေ…”
” မနောက်ပါဘူး အတည်ပြောနေတာ။ ကဲပါ ရှင်ကြီးရဲ့ မေးမယ်ဆိုလည်း မေး။ ကျွန်မ ဖြေပေးမယ် သိလား…”
ညုတုတုပြောပေမယ့် ဒီတစ်ကြိမ်တော့ မုဆိုးကြီး လစ်လှူရှုလိုက်တယ်။
” နင် ငါ့ကို ဘာကြောင့်တွေ့ချင်တာလဲ…”
” စိတ်၀င်စားလို့…”
” ဟာ…”
” ဟုတ်တယ်။ မုဆိုးကြီး မုဆိုးကြီးနဲ့ သိပ်ကို သတင်းကြီးနေတဲ့ ရှင်ကြီးကို စိတ်၀င်စားမိလို့ တကူးတက လာကြည့်တာ…”
ဘာကြောင့်ရယ်တော့ မသိဘူး။ လူပျိုကြီးဖြစ်တဲ့ မုဆိုးကြီးခမျာ ရင်တွေပူပြီး ရေတွေတောင် ငတ်လာရသလိုပဲ။ ဒါပေမယ့်လည်း ဟန်ကို ပြန်ထိန်းလိုက်ပြီး…။
တစ်ပွဲစားမုဆိုးနှင့် မဲလရွာ (အပိုင်း ၂ ဇာတ်သိမ်း)
ရေးသူ- ထမံ(တောင်ငူ)
xxxxxxx
” ကဲပါ ထားပါတော့။ ဒါဆို ငါ့ကိုတွေ့တော့ နင် ဘာဖြစ်လို့ ထွက်ပြေးတာလဲ…”
” ဪ…ခက်ပါရဲ့ရှင်။ ကျွန်မက ရှင်ကြီးကို အိမ်ထဲမှာ ရှိမယ် ထင်ထားတာလေ။ ရုတ်တရက်ကြီး ရှင်ကြီးက အနောက်က ရောက်လာတော့ လန့်ပြီး ပြေးမိတာ။ ဒါပေမယ့်လည်း မပြေးပါဘူး။ ဟိုထောင့်နားကနေ ကျွန်မ ရှငိကြီးကို ချောင်းကြည့်နေတာပါတော့်။ ရှင်ကြီးက သတင်းကြီးနေတဲ့အတိုင်း သိပ်ကို ကြည့်လို့ကောင်းတာပဲ…ခစ်ခစ်…”
” ဟူး…”
မုဆိုးကြီး ဆက်မေးဖို့ မတွေးနိုင်တော့ဘူး။
တစ်သက်နဲ့တစ်ကိုယ် မပူနွေးခဲ့ဖူးတဲ့ သူ့ရဲ့ ရင်ခုန်သံတွေက ဒီမိန်းကလေးနဲ့ကျမှ အတော့်ကို ဆိုးဆိုးရွားရွား လှုပ်ခတ်နေရတယ်လေ။
” ကဲ…ကဲ…မိုးလည်းချုပ်တော့မယ်။ ခးနင်လည်း နာမ်ခွဲလာတာဆိုတော့ လာရတာနဲ့ ပြန်ရမှာ အချိန်ရှိသေးတယ်။ သွား…သွားချေတော့…”
” အင်းပါ ကျွန်မ သွားမှာပါ။ မသွားခင် ရှင်ကြီးကို ကျုပ်ရွာဘက်အလည်လာဖို့ ဖိတ်ခေါ်တယ်နော်…”
မုဆိုးကြီး ဘာပြနိပြေရမယ် မသိဘူး။
အဲ့ဒီ့အချိန်မှာပဲ မိန်းကလေးရဲ့ ပ့်ုရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားတော့တာ။
” ဪ…မြညိုတဲ့လား…”
မုဆိုးကြီး ခပ်တိုးတိုး ညည်းမိလိုက်တယ်။
အဲ့ဒီနောက်မှာတော့ အိမ်ထဲကို လှည့်၀င်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်မှာတော့ အခုနက မြညိုဆိုတဲ့ မိန်းကလေးအကြောင်းကသာ အုံ့အုံ့ထဲထဲ လွှမ်းရစ်လို့…။
*******
ခုန်ဆွပြီးသွားနေတဲ့ သတ္တဝါကောင်တစ်ကောင်။ နံဘေးဆီမှာက ကျားသစ်တစ်ကောင်။
” ဒါက ကျားသစ်မကြီးကယ်တင်သွားတဲ့ ကလေးပဲ။ သူတောင် အရွယ်ရောက်နေပြီ။ ဒါနဲ့ ဘယ်ကို သွားနေတာပါလိမ့်…”
မုဆိုးကြီး အာရုံထဲမှာ ထပ်မံပြီး မြင်လာရတဲ့ ပုံရိပ်တွေ။
စိတ်၀င်စားနေမိတုန်းမှာပဲ ခုန်ဆွသွားနေတဲ့ကောင်လေးက ဂျီတစ်ကောင်ကို အလျင်အမြန် လိုက်ပြီး ဖမ်းတာကို မြင်လိုက်ရတယ်။
လျင်မြန်လွန်းတာမို့ ဂျီကောင်ငယ်ခမျာ ကောင်လေးရဲ့ လက်အတွင်းဆီ သက်ဆင်းရလေရဲ့။
ကောင်လေးက ဂျီကောင်ရဲ့ လည်မျိုကို ဖမ်းကိုက်လိုက်ပြီး သွေးကို စုပ်ယူနေတယ်။ ကျားသစ်ကတော့ နံဘေးကနေ ကောင်လေးလုပ်သမျှကို ကြည့်နေလေရဲ့။
သွေးဝအောင် စုပ်ပြီးတော့ ကောင်လေးက ဂျီသေကို ပစ်ချလိုက်တယ်။ အဲ့ဒီအချိန်ကျတော့ ကျားသစ်က ဂျီသေကောင်ကို ၀င်ရောက်ကိုက်ပြီး အသားတွေကို စားတယ်။
ကျားသစ်စားလို့ အသားစတွေ ထွာလာတော့ ကောင်လေးကလည်း ဂျီသေရဲ့ အသားတွေကို ၀င်ယူပြီး ကျားသစ်လိုပဲ လိုက်စားတယ်။
” ဪ…ငယ်ကတည်းက ကျားသစ်မကြီးက မွေးစားခဲ့တာမို့ ဒီကလေးဟာ အရိုင်းစိတ်၀င်သွားရတာပဲ…”
မုဆိုးကြီး မချိတင်ကဲ ညည်းညူမိလိုက်တယ်။ ဘာကြောင့် ဒီပုံရိပ်တွေကို သူမြင်နေရတယ်တော့ သေချာမသိဘူး။ ဒါပေမယ့် ဒါကို မြင်နေရတာ သူ့အတွက် တကယ်ကြေကွဲခံစားမိနေရတယ်။
မြင်ကွင်းက ပြောင်းလဲသွားတယ်။
ကောင်လေးနဲ့ ကျားသစ်တို့ ရွာတစ်ရွာအနားကို ကပ်သွားတယ်။ လူကို တိုက်ခိုက်ဖို့များလားဆိုပြီး မုဆိုးကြီး တွေးမိလိုက်ပေမယ့် အထင်နဲ့ အမြင်လွဲရပြနိပါတယ်။
ကောင်လေးနဲ့ ကျားသစ်က အဲ့ဒီရွာက အမျိုးသမီးတွေကို အဝေးကနေ အနံ့လှမ်းခံတဲ့ ပုံစံရှိနေတယ်။
တစ်ယောက်ပြီးတစ်ယောက်၊ လူစေ့လုနီးနီးပဲ။ လူစေ့ပြီဆိုတဲ့အခါကျတော့ သူတို့ နေုကိတစ်ရွာကို ဆက်ကူးပြန်တယ်။
အဲ့ဒီ့ရွာမှာလည်း ဒီအတိုင်းပဲ။
” လက်စသတ်တော့ ကောင်လေးက သူ့အမေကို လိုက်ရှာနေတာပဲ…”
မုဆိုးကြီး.အခြေအနေအရပ်ရပ်ကို နားလည်လိုက်ပြီ။
ကောင်လေးနဲ့ ကျားသစ်က ကောင်လေးရဲ့ မိခင်အရင်းကို လိုက်ရှာနေတာ။
မတွေ့မချင်း တစ်ရွာ၀င်တစ်ရွာထွက်နဲ့။
အဲ့ဒီ့နောက်မှာတော့ မြင်ကွင်းက ရုတ်ခြည်းကွယ်သွားပြီး ရွာတစ်ရွာဆီကို ရောက်သွားတယ်။
ကခုန်ပြီး.အော်ဟစ်နေတဲ့ သူရူးမိန်းမတစ်ယောက်။
ရွာထဲကို လှည့်ပတ်သွားနေပြီး ပါးစပ်က ထင်ရာမြင်ရာကို အော်ဟစ်ပြောဆိုနေတယိ။ ပြီးတော့ ဟားတိုက်ပြီးလည်း ရယ်မောတယ်။
ဒီမိန်းမကို မုဆိုးကြီး မှတ်မိတာပေါ့။
ကံကြမ္မာရဲ့ လှည့်ဖျားမှုကြောင့် သားအဖချင်း မသိဘဲ ဖခင်အရင်းရဲ့ ခြေတော်တင် ရက်စက်တဲ့ ရိုက်နှက်ညှင်းပန်းမှုတွေကို ခံခဲ့ရတဲ့ မိန်းကလေးလေ။
အခုတော့ သူ့ပုံစံက အသက်အားဖြင့် လေးဆယ်လောက် ရှိပေတော့မယ်။
မြင်ကွင်းက ရုတိတရက်ကွယ်ပျောက်သွားခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ကောင်လေးလည်းမမြင်ရတော့သလို အရူးမကြီးကိုလည်း မမြင်ရတော့ဘူး။
” ဟူး…”
မုဆိုးကြီး သက်ပြင်းကိုသာ ချမိလိုက်တယ်။
” ဒီမြင်ကွင်းတွေကို ငါက ဘာကြောင့်များ မြင်နေရတာလဲ။ သူတို့သားအမိကိုများ ကူညီစေချင်တာများလား…”
မုဆိုးကြီးသေချာတွေးတော့ ရေးရေးပေါ်လာတယ်။
ဟုတ်ပါတယ်။
ဒီသားအမိအတွက် သူ့ကို ကူညီစေချငိလို့ ဒီအာရုံတွေကို ပြသနေတာပါ။
ဘာပဲဖြစ်ဖြစ် မုဆိုးကြီးက ဒါကို မြင်နိုင်ခဲ့ပြီဆိုတော့ ကူညီပေးမယ် မကူညီပေးဘူး ဆုံးဖြတ်ချက်အတွက် ဝေ၀၀ါးဝါး ဆုံးဖြတိစရာ မလိုတော့ပါဘူး။
*******
ငဦးနဲ့ ငထူးတို့ ညီအကို သိပ်ကို ပျော်ပျော်နေကြပါတယ်။
ဒီမနက်ကတည်းက မြောက်ဘက်အကွက်ကို မုဆိုးကြီးပြောတဲ့အတိုင်း သူတို့ညီမကို သွားစောင့်နေခဲ့တာ ငှက်အုပ်က အမှန်တကယ် ကျခဲ့ပါတယ်။
ဒီအတွက် သူတို့ ငှက်တွေအများကြီးရခဲ့ပြီး ပြန်လာနိုင်ခဲ့ကြတယ်။
အိမ်ပြန်ရောက်တော့ အားလုံးအထဲက အဆူဖြိုးဆုံးငှက်ကြီးသုံးကောင်လောက်ကို အကောင်းဆုံး ချက်ပြုတ်ထားတယ်။
ငှက်အုပ်စောင့်ရင်း ဗျိုက်တောစပ်ဆီက ချိုးယူလာတဲ့ ဇရစ်ရိုး၊ တက်ပြားဖူး၊ ရေကန်စွန်း စတဲ့ အရွက်တွေကိုတော့ အချဉ်တစ်ခွက်ကြော်ပြီး တက်ပြားဖူးကိုတော့ တစ်၀က် ပြုတ်လိုက်ပြီး တစ်၀က်ကို ခါးပြင်းပြင်းလေး ကြော်ထားတယ်။ နောက်တော့ ငပိရည်ကြိုစပ်စပ်တစ်ခွက်နဲ့ရယ်ပေါ့။
ဟင်းလျာတွေ အဆင်သင့်ဖြစ်လုတော့ ငဦးနဲ့ ငထူးတို့ မုဆိုးကြီးကို ခေါ်ဖို့ အိမ်က ထွက်လာကြတယ်။
သူတို့နှစ်ယောက် လမ်းမှာ မုဆိုးကြီးနဲ့ ပက်သက်တဲ့ အကြောင်းတွေကို ချီးမွမ်းခန်းဖွင့်ရင်း လာလိုက်ကြတာ ရွာအပြင်စပ်စပ်ဆီက မုဆိုးကြီးအိမ်ကို ရောက်တဲ့အထိပါပဲ။
” ဟာ…ငဦးရေ။ တံခါးကြီးပိတ်ထားလို့ပါလား…”
ငထူးက ပြောတာ။
” အိပ်များနေသလားပဲ…”
နှစ်ယောက်သား ခြံထဲကို ၀င်ခဲ့ကြပြီး အိမ်ထဲကို အကဲခတ်ကြတယ်။
” ငထူးရေ…ဒီမှာ စာရွက်တစ်ရွက် ချိတ်ထားပါလား…”
နှစ်ယောက်သား ချိတ်ထားတဲ့ စာရွက်ကို ကြည့်လိုက်ကြတယ်။
“” ခရီးတစ်ခုဆီသွားတယ်။ ကြာချင်ကြာမယ်၊ မကြာချင်မကြာဘူး””
စာကို ဖတ်ပြီး ငဦးတို့ညီအကို တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ကြတယ်။
” မုဆိုးကြီးကတော့ လုပ်ပြီကွာ…”
” အေးကွာ…အသေအချာ ပြောထားပါရဲ့နဲ့…”
” သူ့မှာ အရေးကြီးကိစ္စရှိလာတာမို့ ဖြစ်မယ်…”
” အင်းပေါ့…အဲ့ဒီ့လိုပဲ ဖြစ်မှာပါ…”
ငဦးတို့ အချင်းချင်းပြောပြီး စိတ်ပျက်လက်ပျက်နဲ့ မုဆိုးကြီးရဲ့ ခြံ၀န်းဆီက ဲန်လည်ထွက်ခဲ့ကြပါတော့တယ်။
*******
” တောက်…”
၀င်းခိုင် စိတ်တိုပြီး တောက်ခေါက်လိုက်မိတယ်။
ဘာကြောင့်လဲဆိုတော့…။
ဒီမနက် တောထဲ၀င်ပြီး ထောင်ချောက်တွေကို လိုက်ကြည့်ပြီး ပြန်မယ့်အချိန် ဟိုနေ့ကလိုပဲ အရူးမကြီးရယ်လေ၊ တောထဲကို ရောက်နေပြန်လေတာ။
” ခက်ပြီ ငမိုးရေ။ ဒီရက်ပိုင်း ဟိုငေါင်းကောင်ရဲ့ သတင်းက ပျောက်နေပါတယ်ဆို ဒင်းကြီးက တစ်မျိုး…”
၀င်းခိုင် မကျေမချမ်း ညည်းတွားမိတယ်။ သူနဲ့အတူ ဝါးခုတ်ဖို့ လိုက်ပါလာတဲ့ ငမိုးကတော့ နားမလည်နိုင်တဲ့ပုံနဲ့။ ၀င်းခိုင် အရူးမကြီးဆီကို ထွက်လာခဲ့လိုက်တယ်။
” ဟေ့…ဒေါ်စာဥ။ ခင်ဗျားကြီး ဒီတောထဲကို လာပြန်ပြီလား…”
အရူးမကြီးက ၀င်းခိုင်ကို လှည့်ကြည့်တယ်။ ပြီးတော့ ပတ်၀န်းကျင်ကို ဟိုဟိုဒီဒီ လိုက်လံကြည့်နေပြီး…။
” ဟုတ်တယ်။ ငါ့သားလေးလေ ဒီနေ့ သူ့ကို ငါ တွေ့မယ်လို့ ငါ့စိတ်က အလိုလို သိနေတယ်။ ငါ…ငါ သူ့ကို လိုက်ရှာနေတာ…”
၀င်းခိုင် သက်ပြင်းကိုသာ ချလိုက်မိတယ်။
အရူးမကြီးက မဖြစ်တန်တာကို စိတ်ထင်တိုင်း လျှောက်လုပ်နေတာ။ သူ့သားက သေတာဖြင့် ကြာကြာနေပြီ။ ဒါကို အခုခါမှ လာပြီး တမ်းတနေတော့ ၀င်းခိုင်ဘယ်လိုပြောရမယ် မသိဘူး။
ဒါပေမယ့်လည်း ဒီတစ်ခါလည်း အရူးမကြီးကို တောထဲပစ်ထားခဲ့လို့မဖြစ်။ ပြီးခဲ့တဲ့ ရက်တွေက အလွန်သောင်းကျန်းနေတဲ့ ငေါင်းကောင်နဲ့ ကျားသစ်က အခုရက်ပိုင်းမှာ သတင်းက ပျောက်နေတယ်။
ဒါက မုဆိုးတစ်ယောက်အနေနဲ့ တွေးမယ်ဆိုရင်တော့ သားရဲကောင်ဟာ မကြာခင် ထွက်လာပြီး ဆာလောင်မှုကို ဖြေဖျောက်မယ်တော့မယ်လို့ ယူဆမိတယ်။
သွေးသောက်ဖူးတဲ့သားရဲ၊ အသားကြိုက်တဲ့ သားရဲရဲ့ တည်ငြိမ်ခြင်းက ဆာလောင်မှုမရှိ ၀မ်းဝနေတုန်းအခိုက်သာ ဖြစ်နိုင်တယ်။
ဆာလောင်ရင်တော့ မည်းမည်းမြင်ရာ လူလူသူသူရွေးနေမှာ မဟုတ်တော့ဘူး။ ဒီတော့ အရူးမကြီးကို ထားရစ်ခဲ့လို့ မဖြစ်။ မရမက ပြန်လည်ခေါ်ဆောင်သွားမှသာ ဖြစ်ပေတော့မည်။
” ကဲ…ကဲ…ဒေါ်စာဥကြီး။ ခင်ဗျားက အခု ခင်ဗျားသားကို လိုက်ရှာနေတာမှတ်လား…”
အရူးမကြီးက ပြာပြာသလဲပဲ ခေါင်းကိုညိတ်ပြလို့…။
” ဟုတ်…ဟုတ်တယ်။ ငါ ငါ့သားလေးကို တွေ့ချင်လှပြီ။ ဘာလဲ နင်…နင်သူ့ကို တွေ့ခဲ့လို့လား…”
၀င်းခိုင် ခေါင်းကို ညိတ်ပြလိုက်တယ်။
” ဟုတ်တယ်ဗျ။ ကျုပ် ကိုယ်တိုင် တွေ့ခဲ့တာတော့ မဟုတ်ဘူး။ ဟိုလေ…ရွာထဲက အကြော်သည်ဒေါ်ဗျိုင်းကို သိတယ်မလား…”
” အင်း…သိတာပေါ့။ သူက ငါ့ကို အမြဲတမ်း အကြော်ကျွေးနေတာပဲ…”
ဒေါ်ဗျိုင်းကို အရူးမကြီး သိကြောင်း ၀င်းခိုင် ကြိုသိထားတယ်။ ဒေါ်ဗျိုင်းက အရူးမကြီးနဲ့ ဆွေမျိုးနီးစပ်တော်သူဖြစ်ပြီး အကြော်ရောင်းထွက်တိုင်း အရူးမကြီးအတွက် အကြော်ကျွေးနေကျရယ်။ ဒါကြောင့် တမင်ရွေးပြောလိုက်တာ။
” အင်း…သူက ကျုပ်ကို ပြောလိုက်တာ။ ခင်ဗျားရဲ့သားက ရွာထဲမှာတဲ့။ သူတောင် အကြော်ကျွေးထားသေးတယ်တဲ့…”
” ဟင်…ဟုတ်လား။ တ…တကယ်လား…”
အရူးမကြီးက ၀မ်းသာအားရနဲ့ မေးလာတာ။ ငမိုးက…
” ဟုတ်တယ်ဗျ…”
” ရော်…ဟုတ်ပါတယ်ဆို။ ကဲ…ကဲ…ကျုပ် အခု ရွာကို ပြန်မှာ ခင်ဗျားကော လိုက်မှာလား…”
၀င်းခိုင်ကလည်း ပြောလိုက်တယ်။
” အို…လိုက်မှာပေါ့။ ငါက ငါ့သားလေးနဲ့ သိပ်တွေ့ချင်နေတာကို။ လိုက်မယ်နော်…လိုက်မယ် လိုက်မယ် အဟိဟိ…”
အရူးမကြီးပျော်သွားတယ်။
” ကဲ…အဲ့ဒါဖြင့်လည်း သွားမယ်။ လိုက်မယ်ဆိုလိုက်ခဲ့…”
၀င်းခိုင်နဲ့ ငမိုးတို့ အရှေ့က ခပ်သုတ်သုတ် လှမ်းထွက်ခဲ့တယ်။ အရူးမကြီးကလည်း အနောက်က ပြေးလိုက်လာတယ်။
အဲ့ဒီ့အချိန် သူတို့မမြင်နိုင်တဲ့ ခြုံတစ်ခုအတွင်းဆီက မျက်၀န်းတစ်စုံကိုတော့ သူတို့ သတိမထားမိခဲ့ကြဘူး။
******
“ကလောက်…ကလောက်…ချွင်…ချွင်…”
၀င်းခိုင်တို့ ထွက်လာခဲ့တာ ဘယ်လောက်မှ မကြာသေးဘူး။
အနောက်မှာ ကျန်ခဲ့တဲ့ ထောင်ချောကိဆီက ထွက်ပေါ်လာတဲ့အသံတွေ။
၀င်းခိုင်က ထောင်ချောက်ဆင်ရာမှာ သားကောင်မိရင် သိရအောင်လို့ အသံမြည်နိုင်တဲ့ ပစ္စည်းတွေ ချိတ်ဆွဲထားတာ။
” မိပြီ…မိပြီ။ တခြားအကောင်မဟုတ်ဘဲ ငေါင်းကောင်ပဲ ဖြစ်ပါစေ…”
၀င်းခိုင် နောက်ကြောင်းပြန်လှည့်ပြီး အပြေးအလွှားပဲ။ ငမိုးနဲ့ အရူးမကြီးကလည်း အနောက်က ပြေးလိုက်လာကြတယ်။
ထောင်ချောက်နေရာဆီကို ရောက်ချိန်မှာတော့…။
” ဟား…ဟား…ဟား…မိပြီကွ မိပြီ။ ဒင်းကို ငါမိပြီ…”
၀င်းခိုင် ၀မ်းသာအားရ အော်ဟစ်လိုက်တယ်။
ခြေတစ်ဖက်နဲ့ ငေါင်းကောင်ကတော့ သုတ်ကိုင်းဆီမှာ ကြိုးတန်းလန်းနဲ့ ရုတိးကန်နေတာမို့ နိမ်ချည်မြင့်ချည်။ ပါးစပ်ကလည်း တအူးအူးနဲ့ အော်ဟစ်နေတယ်။
ငမိုးကတော့ သူတစ်ခါမှ မမြင်ဖူးတဲ့ ငေါင်းကောင်ရဲ့ ပုံသဏ္ဍာန်ကြောင့် အထူးအဆန်းကိုဖြစ်လို့…။
” ကို…ကို၀င်းခိုင်။ သူက လူနဲ့ တူတယ်နော်…”
“အေး…ဟုတ်တယ်။ သူက လူနဲ့ တူတယ်။ ဒါပေမယ့် ငေါင်းက ငေါင်းပါပဲ။ လူတော့ ဖြစ်လာမှာမဟုတ်ဘူး…”
၀င်းခိုင် အလွန်ကိုပဲ ၀မ်းသာနေမိတယ်။ ဒီဇမ္ဗူမှာ သူတစ်ယောက်သာလျှင် ရှားပါးတဲ့ ဒဏ္ဍာရီလာ ငေါင်းကောင်ကို ဖမ်းမိတာရယ်လေ။ အပျော်လွန်မှုကြောင့် ၀င်းခိုင် ပတ်၀န်းကျင်ကိုလည်း သတိမေ့လျော့လို့။
အရူးမကြီးကတော့ တန်းလန်းကြီးဖြစ်နေတဲ့ ငေါင်းကောင်ကို လှည့်ပတ်ပြီး စူးစူးစိုက်စိုက်ကြည့်နေတယ်။
ငေါင်းကောင်ကလည်း ရုန်းရင်းဆန်ခတိပြုနေရာက အရူးမကြီးကို မြင်တော့ ငြိမ်သွားတယ်။ ပြီးတော့ အကြည့်တွေက စူးစိုက်လို့။
သူတို့အကြည့်ချင်းဆုံနေကြတယ်။
အရူးမကြီးက လှည့်ပတ်ပြီး ကြည့်နေသလို ငေါင်းကောင်ကလည်း အရူးမကြီးဆီက မျက်စိမခွာဘူး။
” ဒါ…ဒါ… သား…သားလေး…ငါ့သားလေး…”
အရူးမကြီးဆီက စကားသံ။ မျက်ရည်တွေလည်း ရစ်ဝိုင်းလာတယ်။
၀င်းခိုင်တို့ရဲ့ အာရုံက ငေါင်းကောင်ဆီမှာမို့ အရူးမကြီးကို သတိမထားမိဘူး။
” မင်းက ရွာကို ဒီလောက်ဒုက္ခပေးထားတာ။ မင်းကြောင့် လူတစ်ယောက် ဒဏ်ရာရပြီး ကလေးတစ်ယောက် အပြစ်မဲ့သက်သက် သေရတယ်။ ဒီအတွက် မင်းကိုလည်း ငါက လက်စားချေပေးရမှာပ့…”
ခါးဆီက ဓားမြှောင်ကို ၀င်းခိုင်ထုတ်ယူလိုက်တယ်။
ငေါင်းကောင်က လူတစ်ရပ်သာသာမှာဆိုတော့ ဓားနဲ့ထိုးသတ်ဖို့ သူစဉ်းစားနေတာ။
” သား…ဒါ…ငါ့သား။ ငါ့သား…”
၀င်းခိုင်က ငေါင်းကောင်ရဲ့ အရှေ့မှာ ပီတိအပြုံးနဲ့ ဓားကို ကစားနေတယ်။
အရူးမကြီးခမျာ ကြည့်နေရင်း သားဖြစ်သူအတွက် အလွန်ပူပန်ရလေပြီ။ ၀င်းခိုင်က ဓားကို ၀င့်လိုက်ပြီ…။
” သား…ငါ့သား ငါ့သားကို မလုပျနဲ့…”
အရူးမကြီးက အဆက်မပြတ်ရေရွတ်ရင်း သားဖြစ်သူကို အထိမခံနိုင်တာမို့ ၀င်းခိုင်ကို ၀င်ရောက်တွန်းတိုက်လိုက်လေပြီ။
” ဘုန္း…”
ထင်မှတ်မထားတာမို့ ၀င်းခိုင် လွင့်စင်သွားရတယ်။
အရူးမကြီးလည်း ပစ်လဲကျသွားရတယ်။ မောင်မိုးကတော့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်အတွက် ကြောင်အမ်းငေးကြည့်လို့။
၀င်းခိုင်က လူးလဲထပြီး ဒေါသတကြီးနဲ့ အရူးမကြီးကို ကြည့်လာလို့…။
” ဟေ့…ခင်ဗျား ဒါဘာလုပ်တာလဲ…”
အရူးမကြီးက ၀င်းခိုင်စကားကို မတုန့်ပြန်နိုင်ဘူး။ လူးလဲထပြီး ငေါင်းကောင်ဆီကို ြပေးသွားလိုက်ပြီး…။
” သား…သား အမေ့သားလေး။ အမေ့သား…အီး…ဟီး…ဟီး…အမေတို့သားအမိတွေ ပြန်ဆုံကြပြီ။ ပြန်ဆုံကြပြီနော်။ ၀မ်းသာလိုက်တာ…”
ငိုလည်းငို ပြောလည်းပြောပြီး အရူးမကြီးက ငေါင်းကောင်ကို ဖက်လိုက်တယ်။ ငေါင်းကောင်ကလည်း အရူးမကြီးကို ပြန်ဖက်ပြီး ပါးစပ်က တအုအုနဲ့ တစ်စုံတစ်ရာ ပြန်ပြောနေဟန်။
၀င်းခိုင်ရော ငမိုးပါ ဒီအဖြစ်အပျက်ကို ကြောင်အမ်းကြည့်နေမိတယ်။
ဒါပေမယ့် ခဏပါပဲ။ ၀င်းခိုင် သတိ၀င်လာရပြီး…။
” ဟေ့…အဘွားကြီး။ ဒါ ကျုပ်ရဲ့ သားကောင်ဗျ။ ခင်ဗျား ဖယ်…အမြန် ဖယ်…”
အရူးမကြီး မျက်ရည်လည်ရွဲနဲ့ ၀င်းခိုင်ကို ကြည့်လာတယ်။
” မ…မဟုတ်ဘူး။ ဒါက ငါ့သား။ ငါ့သားကို နင်မသတ်နဲ့။ ငါ့သားကို နင် ဘာမှမလုပ်နဲ့…”
” ဟာ…ဒီအဘွားကြီးကတော့ ရူးနေတာကို ရိုးရိုးမရူးဘူး…”
” ကို ကို၀င်းခိုင်…မလုပ်နဲ့…”
၀င်းခိုင်က ဒေါသတကြီးနဲ့ အရူးမကြီးကို တွန်းထိုး ဖယ်ထုတ်လိုက်တယ်။ မောင်မိုးလှမ်းတားပေမယ့်လည်း မမှီလိုက်ဘူး။ အရူးမကြီး တစ်ဖက်ကို လဲကျသွားတယ်။ အဲ့ဒီ့အချိန်မှာ ထင်မှတ်မထားဘဲ ငေါင်းကောင်က ဖောက်ထိုးအနေအထားက လွတ်နေတဲ့ လက်နဲ့ ၀င်းခိုင်ကို ဖြတ်ရိုက်ချလိုက်တယ်။
” ဖြန်း…”
သန်စွမ်းလွန်းတဲ့ ရိုက်အားကြောင့် ၀င်းခိုင် လည်ပြီး ပစ်ကျသွားရတယ်။
၀င်းခိုင် ဒေါသတို့ အစွမ်းကုန်ထွက်ရပြီး မျက်၀န်းဆီမှာလည်း မီး၀င်း၀င်းတောက်နေရသလိုပဲ။
” တောက်…သေပေတော့…”
၀င်းခိုင် ဓားနဲ့ ပြေးထိုးလေပြီ။
သို့ပေမယ့် ထင်မှတ်မထားတဲ့ နေုက်ထပ်အခြေအနေတစ်ခုက ထပ်ပြီး ဖြစ်ပေါ်လာပြန်တယ်။
” ဂီး….” ဆိုတဲ့ အသံနဲ့အတူ ရုတ်တရက် ပြေး၀င်လာတဲ့ ကျားသစ်ကောင်။
ကျားသစ်က ၀င်းခိုင်ကို ကြားဖြတ်လုံးထွေးလိုက်တာမို့ လုံးထွေးပြီး ပစ်ကျသွားကုန်တယ်။
ကျားသစ်ကို မြင်တော့ မောင်မိုးမှာ လန့်ဖျပ်ပြီး ဘာလုပ်ရမယ် မသိဘူး။ ကျားသစ်က လျှင်မြန်လွန်းတဲ့ တိုက်ခိုက်မှုတွေနဲ့ ၀င်းခိုင်ကို တိုက်ခိုက် ကုတ်ဖဲ့နေတယ်။
ဓားကလည်း လက်ထဲမှာ မရှိတော့တာမို့ ၀င်းခိုင် ပြန်ပြီး တိုက်ခိုက်ပေမယ့်လည်း အလကားပဲ။
ကျားသစ်ကောင်ရဲ့ တိုက်ခိုက်မှုမှာ ၀င်းခိုင် တစ်ခဏအတွင်းပဲ အရုပ်ကြိုးပြတ်ဖြစ်သွားရတယ်။
သွေးတွေလည်း ရွှဲရွှဲစိုလို့။
အေုခအနေက လျှပ်တပြက်အတွင်းမို့ မောင်မိုးမှာ ဘာမှမကူညီလိုက်နိုင်ဘူး။
၀င်းခိုင် အခြေအနေကို မြင်တော့ မောင်မိုး အလွန်ပဲ သွေးပျက်သွားရပြီ။ အနားမှာ ဆက်နေရင် ကျားသစ်က သူ့ကို ဆက်ပြီးတိုက်ခိုက်လာမှာမို့ နောက်ကြောင်းလှည့်ပြီး ပြေးမိတော့တာ။
အဲ့ဒီ့အချိန်မှာ ကျားသစ်က ၀င်းခိုင်ဆီက ခွာလိုက်ပြီ။
အို…။
ကျားသစ်ရဲ့ ရင်ပုံဆီမှာ ၀င်းခိုင်ရဲ့ ဓားက တစ်ဆုံးထိုးစိုက်၀င်နေတယ်။ ဒဏ်ရာဆီက သွေးတွေ ပန်းထွက်နေတယ်။
ကျားသစ် လှစ်ခနဲ ယိုင်ပြီး ခွေလဲကျသွားရတယ်။
ကျားသစ်လဲကျသွားတာကို မြင်တော့ ငေါင်းကောင်က အသံကုန်ပဲ တအူးအူးအော်ဟစ်ပြီး ခြေထောက်မှာမိနေတဲ့ ကြိုးကို လက်နဲ့ လှမ်းလို့ ဖြတ်ချတော့တာ။
” ဘုန္း…”
ကြိုးပြတ်ပြီး ပြုတ်ကျသံ။
အောက်ကျကျချင်း ငေါင်းကောင်က လူးလဲထပြီး တရွတ်ဆွဲသွားလို့ ကျားသစ်ဆီကို ပွေ့ထူလိုက်တယ်။
” ဂီး…ဂီး…ဂီး…”
ကျားသစ်ဆီက အသက်ပြင်းပြင်းရှိုက်ရှူသံ။
မျက်၀န်းဆီမှာ စွတ်စိုနေတဲ့ မျက်ရည်စတချို့။
ငေါင်းကောင်ကလည်း ကျားသစ်ရဲ့ ဒဏ်ရာကို လက်နဲ့ အုပ်ပြီး တအူးအူးအသံပေးလို့ ငိုနေတယ်။
အဲ့ဒီ့အချိန် အရူးမကြီးကတော့ ၀င်းခိုင်တွန်းလိုက်တဲ့အရှိန်နဲ့ ခွေလဲနေရာက ပြန်ထဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အသက်အရွယ်ကြီးနေတာမို့ တော်ရုံနဲ့ ထမရဘူး။
ကျားသစ်က ငေါင်းကောင်ရဲ့ လက်ဆီမှာ ငြိမ်သက်သွားခဲ့ပြီ။
ငေါင်းကောင်က ကျားသစ်ရဲ့ အခြေအနေမှန်ကို သိလိုက်ချိန်မှာတော့ ရင်ကွဲသလို ခံစားသွားရပုံပဲ။
ကျားသစ်သေကို တင်းကျပ်စွာပွေ့ဖက်လို့ ဦးခေါင်းကို မော့ပြီး အသံကုန်အော်ဟစ်လိုက်တော့တာ။
*******
၀င်းခိုင်ကို ကျားသစ်ကိုက်တယ်ဆိုတာကြောင့် မဲလရွာကလူတွေ စုဝေးပြီး တုတ်၊ ဓား လက်နက်တွေနဲ့ လိုက်လာကြတယ်။
၀င်းခိုင်ရဲ့ထောင်ချောက်တွေက ရွာနဲ့ညသိပ်မဝေးတာဆိုတော့ မကြာခင်မှာပဲ အခင်းဖြစ်ရာ နေရာကို ရောက်လာခဲ့ကြပြီ။
အဲ့ဒီ့အချိန် လူသံသူသံတွေကို ကြားမိတာမို့ ငေါင်းကောင်က ကုန်းထလိုက်တယ်။ ပြီးတော့ ကျားသစ်သေကို နမ်းရှုံ့လိုက်ပြီး အသာချလို့ လဲကျနေတဲ့ အရူးမကြီးဆီကို သွားလိုက်တယ်။
” သား…သား…အမေ့ကို ထူပါဦး။.အမေ့ ခြေထောက် အ…အ…”
အရူးမကြီးက ပြောတာကို ငေါင်းကောင်က နားလည်တဲ့အလား ဆွဲထူလိုက်တယ်။ ပြီးတော့ တစ်ဦးကို တစ်ဦးဖက်လဲလိုက်ကြပြီး ငေါင်းကောင်က တအုအုနဲ့ ပြောတယ်။
အရူးမကြီးက ငေါင်းကောင်ရဲ့ စကားကို နားမလည်ဘူး။
” လိုက်ဟေ့…လိုက်ဟ…”
လူအုပ်ကြီးရဲ့ ညာသံပေး အော်ဟစ်သံက အတော့်ကို နီးကပ်လာနေပြီ။
ငေါင်းကောင်က အရူးမကြီးရဲ့ လက်ကိုဆွဲပြီး ထွက်ပြေးဖို့ ကြိုးစားပေမယ့် ခြေထောက်နာနေတဲ့ အရူးမကြီးကြောင့် အရာမထင်ဘူး။
” ဟိုမှာဟေ့…ဟိုမှာ…တွေ့ပြီ။ လိုက်ကြ…ဖမ်းကြ…”
လူအုပ်ကြီးက သူတို့ကို မြင်သွားပြီ။
ငေါင်းကောင် ဘာကိုမှ မစဉ်းစားနိုင်တော့ဘူး။ အရူးမကြီးကို သူ့ရဲ့ သန်မာလှတဲ့ လက်နှစ်ဖက်နဲ့ ပွေ့ချီလိုက်တယ်။ ပြီးတော့ နေရာကနေ ခုန်ဆွလို့ ထွက်ပြေးတော့တာ။
******
မုဆိုးကြီး မုံခေါင် တောလမ်းခရီးကို အလျင်အမြန်ပဲ သွားနေတယ်။
လမ်းမှာဆုံတဲ့ နာနာဘာ၀တစ်ကောင်ကို မေစမြန်းကြည့်ချက်အရ မဲလဆိုတဲ့ရွာကို ရောက်ဖို့ ခရီးက သိပ်မလိုတော့ဘူး။
နောက်ထပ် ခပ်သုတ်သုတ်သွားလိုက်တော့ ရွာကို လှမ်းမြင်ရပြီ။
မကြာဘူး မုဆိုးကြီး ရွာထဲကို ရောက်လာခဲ့တယ်။
ရွာထဲမှာ မိန်းမသားတွေချည်းပဲ ရှိနေပြီး ဟိုတစ်စု ဒီတစ်စု ကျွတ်ကျွတ်စီ စကားတွေပြောနေတာကို မြင်တော့ တစ်စုံတစ်ခုတော့ ဖြစ်နေပြီဆိုတာကို မုဆိုးကြီး နားလည်လိုက်မိတယ်။
အဲ့ဒီ့အချိန် နားထဲဆီမှာ…။
” မြန်မြန်လိုက်သွား…တောထဲကို မြန်မြန်လိုက်သွား။ သူတို့ကို လိုက်ဖမ်းနေကြပြီ…”
မုဆိုးကြီးရဲ့ ခြေလှမ်းတွေက တုန့်ခနဲပဲ။
” ဘယ်သူလဲ သူတို့က ဘယ်မှာလဲ…”
” ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ သူတို့ အနောက်ဘက် တောတန်းဆီမှာ…”
မုဆိုးကြီး အမြန်ကိုပဲ လှမ်းသွားဖြစ်လိုက်တာ တစ်ခဏအတွင်းပဲ တောအုပ်ထဲကို ရောက်သွားတယ်။
” လိုက်ဟေ့…လိုက်ဟေ့…”
ညာသံပေး လိုက်နေတဲ့ အသံအချို့ကို ကြားမိရတယ်။
မုဆိုးကြီးရဲ့ ခြေလှမ်းတို့ အသံကြားရာဆီကို ဦးတည်မိသွားလေရဲ့။
ခပ်မြန်မြန်သွားလိုက်တာ သိပ်ကြာကြာ မသွားလိုက်ရဘူး။
တစ်စုံတစ်ခုကို ဝိုင်း၀န်းပြီး ကြည့်နေတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရလေပြီ။
မုဆိုးကြိး အလွန်ပဲ စိုးရိမ်မိသွားရတယ်။
” ဟေ့…ဟေ့…နေကြပါဦး။ ဘာမှမလုပ်ကြနဲ့ဦးဟ…”
မုဆိုးကြီး အမြန်ဆုံး လှမ်းတားပြီး လူအုပ်အတွင်းကို ပြေး၀င်လိုက်တယ်။
” ဟာ…”
မြင်လိုက်ရတဲ့ မြင်ကွင်းက ထင်မှတ်မထားတဲ့ မြင်ကွင်း။
ငြှောင့်ကျင်းထဲဆီမှာ ပင်လက်အနေအထားနဲ့ ပြုတ်ကျပြီး ငြှောင့်တွေစူးခံထားရတဲ့ ခြေတစ်ဖက်နဲ့ အကျည်းတန်လူသားလေး။
သူ့ရဲ့ လက်ထဲမှာတော့ မိခင်ဖြစ်တဲ့ အရုးမကြီးကို ပွေ့ချီထားတယ်။ နာကျင်နေပေမယ့် မိခင်ကို အောက်ဆီ မချဘူး။
” သား…သားလေး။ သွေတွေ ထွက်နေတယ်။ လုပ်ကြပါဦး။ သားလေး…အမေ့သားလေး…”
အရူးမကြီးက အကျည်းတန်ကောင်လေးကို သားရယ်လို့ တသွင်သွင်ခေါ်ပြီး ငိုနေတယ်။
” အု…အု…အူး…”
အကျည်းတန်ကောင်လေးဆီက နာနာကျင်ကျင် ညည်းညူအော်ဟစ်သံ။
ရွာကလူတွေကကျတော့ မြင်ကွင်းကို ကြည့်ပြီး ဘာလုပ်ရမယ်မသိ၊ ငြိမ်သက်နေတယ်။
” မလုပ်ကြပါနဲ့။ သူတို့က သားအမိတွေ။ သူတို့ကို ဘာမှမလုပ်ကြပါနဲ့။ သူတို့ကို အမြန်ကယ်ပေးကြပါ…”
ရွာကလူတွေရဲ့ အာရုံက မုဆိုးကြီးဆီကို ရောက်လာတယ်။
” ခင်ဗျားက ဘယ်သူလဲ။ ဘယ်ကလဲ…”
” ငါက သရမီရွာက မုဆိုးကြီးမုံခေါင်ပါ…”
မုဆိုးကြီးရဲ့ စကားကြောင့် မဲလရွာသားတွေ အံ့အားသင့်ကုန်ကြတယ်။
” ဒါဖြင့် နာမည်ကြီးနေတဲ့ တစ်ပွဲစားမုဆိုးကြီး မုံခေါင်ဆိုတာ ခင်ဗျားပေါ့…”
” ဟုတ်တယ် ငါက အဲ့ဒီ့မုံခေါင်ပါ။ မြန်မြန်ဟာ…သူတို့ကို မြန်မြန်ကယ်ပေးကြပါ။ မဟုတ်ရင် သူတို့သေကုန်တော့မယ်။ ကျန်တာကို နေုာက်မှ ငါဆက်ပြီး ပြောပြပါမယ်…”
ရွာသားတွေက မုဆိုးကြီးမုံခေါင်ဆိုတာသိလိုက်တာနဲ့ စကားကို မပါယ်ရှားဝံ့တော့ဘူး။
ချက်ချင်းပဲ မျောတိုင်တွေခုတ်၊ ကျင်းဆီကို ဆင်းသူဆင်းနဲ့ အလုပ်များကုန်ကြပြီး အထဲက သားအမိကို ကယ်တင်ဖို့ လုပ်ကြတယ်။
လူကလည်းများ အင်တိုက်အားတိုက်လည်း လုပ်ကြတော့ ခဏပဲကြာတယ်။ သားအမိနှစိယောက် ကျင်းအပေါ်ကို ရောက်လာခဲ့တယ်။
” သား…အမေ့သား။ ကယ်ပေးကြပါဦး။ သားကို ကယ်ပေးကြပါဦး…အီး…ဟီး ဟီး…”
အရူးမကြီးက သွေးအလိမ်းလိမ်းနဲ့ သူ့သားအကျည်းတန်လူသားလေးကို ဖက်ပြီး ငိုကျွေးနေပါတယ်။
မြင်ရကြားရသူအဖို့ ဖြစ်ကြောင်းကုန်စင်ကို ဂဃနဏမသိရသေးပေမယ့် ရင်ထဲတော့ ဆို့တက်လာရတာ အမှန်ပဲ။
မုဆိုးကြီးက အကျည်းတန်လူသားလေးကို သူတတ်နိုင်သလောက် ကယ်တင်ပေးဖို့ ကြိုးစားနေတယ်။
ဒါပေမယ့်လည်း သူက တန်ခိုးရှင် မဟုတ်တာ။ သေအံ့ဆဲဆဲလူတစ်ယောက်ကို ဘယ်မှာ ကယ်တင်နိုင်ပါအံ့…။
အကျည်းတန်လူသားလေးဆီက သွေးတွေတပွက်ပွက် အန်ကျလာနေတယ်။
” သူ အခြေအနေ မကောင်းဘူး။ သူ့ကို ရွာထဲကို ခေါ်သွားမှဖြစ်မယ်…”
မုဆိုးကြီးလည်း ပြောပြောဆိုဆို အကျည်းတန်ကောင်လေးကို ကောက်ထမ်းလိုက်တယ်။
ပြီးတော့ ရွာဆီကို ဦးတည်လို့…။
လမ်းတစ်လျှောက် အရူးမကြီးရဲ့ ငိုသံကတော့ ကြေကွဲဖွယ်ရာပေါ့။
*******
ဆေးဆရာကြီးရဲ့ အိမ်ဆီမှာ လူနာနှစ်ယောက် ရှိနေတယ်။
တစ်ယောက်ကတော့ ၀င်းခိုင်ဖြစ်ပြီး တစ်ယောက်ကတော့ ငေါင်းကောင်ရယ်လို့ သူတို့သတ်မှတ်ထားကြတဲ့ အကျည်းတန်ကောင်လေး။
ဆေးဆရာကြီးက ပထမတော့ ငေါင်းကောင်လေးကို လူရယ်လို့ မထင်ဘူးလေ။ အနားကိုလည်း မကပ်ဝံ့ဘူး။
မုဆိုးကြီး မုံခေါင်နဲ့အတူ ရွာသားတွေက ဝိုင်း၀န်းပြောပါမှ သေချာစမ်းသပ်ပြီး လူစင်စစ်ဆိုတာကို လက်ခံသွားလေတယ်။
သိသွားတာနဲ့ သမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ဆေးဆရာကြီးက ချက်ချင်းကုသပေးဖို့ စီမံပါတယ်။
သို့ပေမယ့်လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ ငြှောင့်ဆူးတွေက အကျည်းတန်ကောင်လေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မွစာကြဲအောင် ထိုးစိုက်ထားခဲ့ပါပြီ။
” သူ့ကို ကယ်လို့ မရနိုင်တော့ဘူး…”
အခုမှ ပြန်တွေ့ရတဲ့ သားဖြစ်သူကို မိခင်စိတ်နဲ့ စိုးရိမ်တကြီးကြည့်နေတဲ့ အရူးမကြီးဆီက ရင်ကွဲသံနဲ့ အော်ဟစ်ငိုယိုသံထွက်ပေါ်လာတယ်။
အားလုံးလည်း မျက်ရည်မဖြေဆည်နိုင်ပါ။
တစ်ဖက်မှာ ဒဏ်ရာဗရပွနဲ့ သတိလစ်နေတဲ့ ခင်ပွန်းဖြစ်သူအတွက် ငိုယိုနေတဲ့ ၀င်းခိုင်ရဲ့ ဇနီးသည်။
ဒီဘက်မှာက နှစ်ပေါင်းများစွာ ကွဲခဲ့ရပြီး အခုမှ ပြန်ဆုံကြရတဲ့ သားအမိနှစ်ယောက်ရဲ့ ဖြစ်အင်။
မုဆိုးကြီးမုံခေါင်တော့ အံကိုသာတင်းတင်းကြိတ်မိလိုက်တယ်။
” ငါ မင်းကို မကယ်တင်နိုင်ခဲ့ဘူး ကောင်လေးရယ်…”
မုဆိုးကြီး.မချိတင်ကဲ ညည်းတွားလိုက်မိတယ်။
အဲ့ဒီ့နောက်မှာတော့…။
*******
မဲလရွာသူရွာသားတို့ရဲ့ အရှေ့မှာ မုဆိုးကြီးမုံခေါင်က အကျည်းတန်လှတဲ့ အဖြစ်အပျက်ဆိုးတစ်ခုကို ပြောပြနေတယ်။
နွားသူခိုးဆီကနေ စတင်ခဲ့တဲ့ ဇာတ်လမ်းလေး။
နွားသူရဲ့ ယုတ်မာမှုကြောင့် အရုးမကြီးဖွေးဥရဲ့အမေ ကိုယ်၀န်ဆောင်ရပြီး လင်ကောင်မပေါ်ဘဲ ဖွေးဥကို မွေးခဲ့ရပုံ။
နောက်တော့ ဖွေးဥအရွယ်ရောက်ချိန် ဖခင်ရင်းဖြစ်တဲ့ ဓားပြကြီးက သွေးသားမှန်းမသိဘဲ ခြေတော်တင်မိခဲ့ပုံ။
နောက်တော့ လူယုတ်မာကို ဓားဖြင့် လုပ်ကြံမိတဲ့ ဖွေးဥအပေါ် နှိပ်စက်ကလူပြုမူမှုတွေအကြောင်း။
နောက် ဖွေးဥကို မြင်းနဲ့ တရွတ်ဆွဲပြီး ရွာအပြင်မှာ လာချထားခဲ့ပုံ။
ဖခင်ရင်းနဲ့ ရရှိတဲ့ ကိုယ်၀န် ဖွေးဥမှာ ပါရှိလာခဲ့ပြီး မွေးဖွားချိန်မှာတော့ သွေးသားရင်းချာချင်း ဖြစ်တဲ့ကိစ္စမို့ သန္ဓေသားအဖြစ်ညမွေးဖွားလာတဲ့ ကလေးငယ်ဟာ ပ့်ုမကျ ပန်းမကျ လူရယ်လို့ သတ်မှတ်ရခက်တဲ့ ပုံပန်းသဏ္ဍာန်ရှိခဲ့ရပုံ။
အရူးမကြီးဖွေးဥ တောစပ်မှာ ကလေးကို ချထားပြီး တပိုတပါးသွားနေချိန် တောခွေးအုပ်က ကလေးကို အစာအဖြစ် ဆွဲယူတာကို ခံခဲ့ရပြီး ခြေတစ်ဖက်ပြတ်ခဲ့ရပုံ။
သားသည် ကျားသစ်မကြီးက မိခင်စိတ်နဲ့ တောခွေးတွေဆီကနေ ကလေးကို လုယူပြီး သူ့သားသမီးတွေနဲ့အတူ စောင့်ရှောက်ထားခဲ့ရာက ကလေးငယ် အရွယ်ရောက်လာခဲ့ရပုံ။
ကလေးငယ်ဟာ တောရိုင်းသတ္တဝါနဲ့ပဲ နေခဲ့ရတာမို့ အသားစိမ်းတွေ၊ ပိုးမွှားကောင်တွေကိုပဲ စားခဲ့ရပြီး အဆိပ်အတောက်တွေမိလို့ လူရယ်လို့ သတ်မှတ်ဖို့ ပိုမိုခက်ခဲခဲ့ရပုံတွေနဲ့အတူ နောက်ဆုံး အရွယ်ရောက်ချိန် သူနဲ့ညီရင်းအကိုလို နေခဲ့ရတဲ့ ကျားသစ်တစ်ကောင်နဲု့အတူ မိခင်ကို ရှာဖွေခဲ့ပုံတို့ကို မုဆိုးကြီးက တစ်ခုချင်း ပြောပြလိုက်ပါတယ်။
ကြားရသူတို့မှာ ဒီတော့မှ အကြောင်းစုံကို သိကြရပြီး ဖွေးဥတို့ မိသားစုရဲ့ ရက်စက်လွန်းတဲ့ ကံကြမ္မာဆိုးကို သံဝေဂယူ အံ့အားသင့်မိကြရပါတယ်။
စိတ်မခိုင်လို့ ငိုမိကြသူတွေလည်း ရှိကြလေရဲ့။
အချို့ကတော့ မုဆိုးကြီးက ဒီအကြောင်းတွေကို ဘာကြောင့်သိနေရတာလဲလို့ သိချင်နေကြရတယ်။
ဒါကို မုဆိုးကြီးက ကြိုတင်သိနေတဲ့အလားပါပဲ ဘယ်သူမှ မမေးဘဲနဲ့…။
” နင်တို့အားလုံး ငါ ဘာကြောင့် ဒါတွေကို သိနေရသလဲလို့ တွေးနေကြတယ်မလား။ ငါလည်း ဘာကြောင့်ရယ်တော့ညသေချာမသိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်တွေက သူတို့တတွေ ဖြစ်ပျက်ခဲ့ကြတာတွေကို မြင်ယောင်လာရတယ်။ အားလုံးကို အသေးစိတ် မြင်ယောင်နေရတာ။ နင်တို့တတွေ သူ့ကို ဝိုင်းလိုက်ဖမ်းကြတဲ့အထိညငါမြင်ယောင်မိထားတယ်။ ငါ့ကို ဘယ်သူက ဒီလိုမြင်နေစေတာလဲလို့ ငါလည်း မသိဘူး။ ဘယ်သူက ငါ့ကို စေ့ဆော်နေမှန်းကိုလည်း ငါမသိဘူး။ ဒါပေမယ့် ဒါဟာ ငါ့ကို ဒီကိစ္စထဲ ပါ၀င်စေချငိနေတယ်လို့ ယူဆမိတယ်။ ဒါကြောင့်ပဲ နင်တို့ရွာကို ငါလိုက်လာခဲ့တာ။ ဟင်း…ငါ နောက်ကျသွားခဲ့ရပါတယ်လေ။ သူ့ကို ငါမကယ်တင်နိုင်ခဲ့ဘူး။ ငါ စိတ်မကောင်းဖြစ်ရပါတယ်…”
မုဆိုးကြီးရဲ့ ရင်ထဲက စကား။
ရွာသူရွာသားအားလုံးလည်း မုဆိုးကြီးလိုပဲ ထပ်တူခံစားမိနေကြပါတယ်။
အဲ့ဒီ့အချိန် အရူးမကြီးကတော့ သူ့သားရဲ့ အလောင်းနံဘေးနားဆီက ဘယ်ကိုမှ မခွာပါဘူး။ ငိုလိုက်ရယ်လိုက်နဲ့ ရှိနေပြီး အိပ်ရင်တောင် အဲ့ဒီ့အနားမှာပဲ အိပ်နေတတ်တာ။
ဒါပေမယ့် ဒီဖြစ်ရပ်လေးမှာ တွေးစရာတွေတော့ ရှိနေတာပေါ့။
ပထမတစ်ခုက အကျည်းတန်ကောင်လေးရဲ့ အရွယ်ရောက်ချိန်မှာ မိခင်ကို တမ်းတတဲ့စိတ်။
နောက်တစ်ခုက အရူးမကြီးက သူ့သားလာရှာမယ်ဆိုတာကို ကြိုတင်ပြီးသိနေတဲ့ စိတ်။
သားအမိချင်းဆုံချိန်မှာ ချက်ချင်းသိရှိသွားကြတဲ့ ဖြစ်အင်လေးကတော့ သွေးက စကားပြောတာပဲလို့ တွေးချင်စရာပါ။ တကယ်တမ်းလည်း အဲ့ဒီ့လိုပဲ ဖြစ်ခဲ့တာ သေချာပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းမှာ မုဆိုးကြီးမုံခေါင်ကတော့ သူရဲကောင်းအဖြစ် အပြည့်အ၀ မပါ၀င်နိုင်ခဲ့ပေမယ့် တစ်ထောင့်တစ်နေရာဆီကတော့ ဖြေရှင်း ပါ၀င်ခဲ့ပါလေရဲ့။
အခုတော့လည်း ပြီးတာက ပြီးဆုံးခဲ့ပါပြီ။
*******
တလူလူလွင့်နေတဲ့ မီးခိုးငွေ့တွေကို ကြည့်ပြီး မုဆိုးကြီး စိတ်မကောင်းစွာနဲ့ သက်ပြင်းကို ချမိလိုက်တယ်။
” ကောင်းရာ ဘုံဘ၀ကို ရောက်ရှိပါစေ ကောင်လေးရေ…”
မုဆိုးကြီးရဲ့ ဆုတောင်းပေးသံအဆုံး အရူးမကြီးစာဥတစ်ဖြစ်လဲ ဖွေးဥဆီက အော်ငိုသံကြီးက သုသာန်တစ်စပြင်ကို လွှမ်းခြုံသွားခဲ့တယ်။
မုဆိုးကြီး မြင်ကွင်းအားလုံးကို တစ်ခဏ ငေးကြည့်မိလိုက်တယ်။
သုသာန်ပြင်တစ်ခုလုံး နာရေးပို့သူတွေရှိနေပေမယ့် ရင်နာစရာ ဇာတ်လမ်းလေးကြောင့် ဘယ်သူကမှ စကားပြောဆိုခြင်း မပြုနိုင်ကြဘူး။
အရူးမကြီးစာဥရဲ့ ငိုသံက လွဲလို့ပေါ့။
မုဆိုးကြီးရဲ့ ခြေလှမ်းတွေက သုသာန်အပြင်ဆီကို ဦးတည်လှမ်းထွက်လိုက်တယ်။
ပြီးတော့ အားလုံးနဲ့ ဝေးရာဆီကို တစ်လှမ်းချင်း လှမ်းလို့ပေါ့…။
******
” မိတ်ဆွေကြီး…မိတ်ဆွေကြီး…”
မုဆိုးကြီး အပြန်လမ်းကို ဦးတည်လှမ်းရင် နေ၀င်ချိန် တောတန်းကလေးတစ်ခုကို အလွန်၊ လယ်ကွင်းပြင်အစပ်ဆီကို အရောက် အနောက်ပါးဆီက ခေါ်သံ။
မုဆိုးကြီး လှည့်ကြည့်လိုက်မိတော့ အရပ်အမောင်း ဆယ်နှစ်ပေလောက်ရှိမယ့် သဘက်ကြီးတစ်ကောင်။
အမွေးအမျှင်တွေက တစ်တောင်လောက်ရှည်လျားပြီး ဆူးချွန်တွေလိုဖြစ်ကာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတယ်။
” နင်က ဘယ်သူလဲ…”
သဘက်ကြီးက ဆောင့်ကြောင့် ထိုင်ချလိုက်တယ်။
” ကျုပ်က အခုဖြစ်ခဲ့တဲ့ အကြောင်းတွေရဲ့အရာအားလုံးကို စတင်မိခဲ့တဲ့သူပါ…”
သဘက်ကြီးရဲ့ အဖြေကြောင့် မုဆိုးကြီးရဲ့ ခေါင်းထဲမှာ ဘယ်သူဆိုတာ ချက်ခနဲ သိလိုက်မိတယ်။
” ဒါဆို နင်က နွားသူခိုး ဓားပြကြီးပေါ့…”
” ဟုတ်ပါတယ်။ ကျုပ် ယောက်ျားမပီသ၊ ဖခင်မပီသတဲ့ လူယုတ်မာကြီးပါပဲ။ ကျုပ် သိပ်ကို မိုက်မဲခဲ့မိပါတယ်။ ကျုပ် မိုက်ပြစ်တွေနဲ့ တဏှာကို ကျူးတာထက် ကျူးခဲ့မိတာကြောင့် ကျုပ်တပည့်ရဲ့ ဇနီးနဲ့ ငြိစွန်းပြီး တပည့်သတ်တာကို ကျုပ် ခံခဲ့ရတယ်။ သေလွန်တော့ မိုက်မဲခဲ့တာတွေကို ပြန်ပေးဆပ်ဖို့ ဒီဘ၀နဲ့ ရှိနေရပါတယ်။ ဒီဘ၀ကို လွန်ရင်လည်း နောက်ထပ်ဆိုးသွမ်းတဲ့ ဘ၀ဆီကို ကျုပ် ဆက်သွားရဦးမယ်။ ဘာပဲဖြစ်ဖြစ် ကျုပ် မိတ်ဆွေကြီးကို ကျေးဇူးတင်ပါတယ်…”
” အင်း…”
မုဆိုးကြီး စိတ်ထဲ တွေဝေသွားရတယ်။
သဘက်ကြီးက ခေါင်းကို ငုံ့ပြီး ရှိနေလေရဲ့။
အဲ့ဒီ့အချိန် မုဆိုးကြီးရဲ့ အတွေးဆီမှာ တစ်စုံတစ်ခုကို တွေးမိသွားတယ်။
” ဒါနဲ့ ငါ့ကို ဒီအကြောင်းတွေမြင်နိင်အောင် ပြသပေးတာ နင်လား…”
သဘက်ကြီးက ခေါင်းမော့ကြည့်လာတယ်။
” ဟုတ်ပါတယ်။ ကျုပ် ကိုယ်တိုင်တော့ မဟုတ်ပါဘူး။ ကျုပ်ရဲ့ အထက်က ပုဂ္ဂိုလ်ကို အကူအညီတောင်းရတာပါ…”
” ဘာကြောင့်များ ငါ့ကို ရွေးချယ်ပြီး အကူအညီတောင်းရတာလဲ…”
” ကျုပ်သေတော့ ဘာကြောင့်ရယ်မသိဘူး။ သားလေးရဲ့ အနားဆီကို ရောက်သွားခဲ့တယ်။ သားလေးနဲ့ ကျုပ် ဆက်သွယ်နိုင်ခဲ့တယ်။ သားလေးကို သနားမိရတယ်။ ဒါနဲ့ ကျုပ် မဲလရွာကို ပြန်သွားကြည့်မိတော့ သူ့မှာ ကျုပ်ရဲ့ သမီး သူ့ရဲ့ အမေရှိသေးတာကို သိလိုက်ရပြန်တယ်။ ပြန်ဆုံစေချင်မိတယ်။ သူ့အမေဆီက အ၀တ်တစ်ခုကို ယူပြီး သားလေးကို ပေးခဲ့တယ်။ သူ့အမေဆိုတာကိုလည်း ပြောပြခဲ့တယ်။ ဒီကနေစလို့ သားလေးက သူ့အမေကို လိုက်ရှာတော့တာပဲ။ သူ စပြီး လိုက်ရှာချိန်မှာ ကျုပ်က အထက်ပုဂ္ဂိုလ်ရဲ့ စေခိုင်းချက်အရ ခရီးတစ်ခုကို သွားနေရတယ်။ ကျုပ် အ၀တ်သွားယူတုန်းက ရွာအပြင်က သရဲမတစ်ကောင်ကို အကြောင်းစုံပြောပြခဲ့ဖူးတယ်လေ…”
သဘက်ကြီးက စကားကို ခဏနားလိုက်တယ်။ ပြီးတော့မှ…
” ကျုပ် မရှိချိန်မှာ သူက သားလေးရဲ့ အမေကို အကြောင်းစုံ ပြောပြလိုက်တယ်။ ဒီလိူနဲ့ပဲ သားလေးက မဲလဆီကို ရောက်လာတယ်။ ကျုပ် ပြန်ရောက်လာချိန် မဲလရွာမှာ သားလေးနဲ့ ပက်သက်ပြီး ပြဿနာတွေရှိနေရပြီ။ ဒါကြောင့် သူတို့အားလုံးကို နားလည်အောင်ရှငိးလင်းပြောပြဖို့ ကြားခံတစ်ယောက်ယောက် လိုအပ်နေတယ်။ ဒီအခါမှာ မိတ်ဆွေတစ်ယောက်က မိတ်ဆွေကြီးကို အကူအညီတောင်းပါလို့ ပြောခဲ့တယ်။ ဒါနဲ့ပဲ မိတ်ဆွေကြီးကို အကူအညီတောင်းမိခဲ့တာပါ။ ဒါပေမယ့်လည်း သားလေးရဲ့ ကြမ္မာက ဒီလောက်ပဲဆိုတော့။.အင်းလေ…ဘာပဲဖြစ်ဖြစ် စွမ်းနိုင်သလေညက်ကူညီပေးခဲ့တဲ့ မိတ်ဆွေကြီးကို ကျုပ် ကျေးဇူးတင်ပါတယ်။ အခု ဒီစကားကို ပြောချင်လို့ မိတ်တွေကြီးဆီကို ရောက်လာခဲ့တာပါ…”
သဘက်ကြီးက စကားကို ရပ်နားလိုက်ပါပြီ။
မုဆိုးကြီးလည်း စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။
” ကျုပ်ကို ခွင့်ပြုပါဦး မိတ်ဆွေကြီးရေ…”
သဘက်ကြီးက ကျောခိုင်းပြီး လှည့်ထွက်သွားခဲ့ပြီ။
မုဆိုးကြီးကတော့ တဖြေးဖြေး ထွက်သွားရင်း ပျောက်ကွယ်သွားခဲ့တဲ့ သဘက်ကြီးရဲ့ ကျောပြင်ကို ငေးမောလို့။
နေလုံးကြီးကတော့ အနောက်ဘက် ဂေါ်ရာကျွန်းဆီမှာ မေးတင် မှေးစက်ခဲ့ပါပြီ။
ပြီးပါပြီ။