တန်းလျားရှေ့ကညီမသုံးဖော်

*တန်းလျားရှေ့က ညီအမသုံးဖော်*📖📖📖 (စဆုံး)

*******************************

ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက် ရေးသားထားပါသည်။

(၁)

အစိုးရဝန်ထမ်းဘ၀က တာဝန်ကျရာသို့ပြောင်းရွှေ့နေထိုင်ရသည့် အချက်တစ်ချက်က ခက်ခဲလှသည်။ ယခုလည်း လင်ယောက်ျားဖြစ်သူ တာဝန်ကျရာနေရာသို့ မခိုင်ရွှေဝါတစ်ယောက် လိုက်လာပြောင်းရွေ့နေထိုင်ရပြန်သည်။ ယခုတာဝန်ကျသည့်နေရာက မြန်မာပြည်အထက်ပိုင်း မြို့ကလေးတစ်မြို့တွင်ဖြစ်သည်။ ထိုမြို့တွင် တောင်ကုန်းတောင်တန်းများလည်း ပေါများလေသည်။ သူတို့နေထိုင်ရန်အတွက် ဆောက်လုပ်ပေးထားသည့်လိုင်းခန်းများမှာ မြို့အပြင်ဘက်တွင်ရှိပြီး လိုင်းခန်း၏ အနောက်ဖက်နှင့် ဘေးဖက်တွင်တော့ သဘာ၀သစ်တောကြီးများရှိသလို စိုက်ပျိုးထားသည့် ကျွန်းတောကြီးများမှာလည်း စိမ်းညို့နေလေသည်။

ဝန်ထမ်းအိမ်ရာက အသစ်ဆောက်လုပ်ထားသည့် တစ်ထပ်အိမ်တန်းလျားကလေးဖြစ်သည်။ မခိုင်တို့ ရသည့်အခန်းကတော့ ထိုတန်းလျားရှိ အလယ်ခန်းဖြစ်သည်။ အလယ်ခန်းဆိုသည်မှာ ဘေးနှစ်ဖက်တွင် အခြားအခန်းများရှိပြီး အနည်းငယ်ကျဉ်းလှပေသည်။ မခိုင်ကတော့ ထိုအလယ်ခန်းတွင်နေရသည်မှာ မပျော်မွေ့ပေ၊ အခန်းက ကျဉ်းသလိုရှိပြီး အရှေ့ဖက်နှင့် အနောက်ဖက်ပေါက်တွင်သာ ပြတင်းတံခါးများရှိကာ အိပ်ခန်းများမှာ မွန်းကြပ်လှသည်။ သို့နှင့် ယောက်ျားဖြစ်သူနှင့် တိုင်ပင်ကြည့်ရတော့သည်။

“အကိုရေ၊ ထောင့်ခန်းလေးရရင် အဆင်ပြေမယ်နော်၊ ဟိုးခြေရင်းဘက် ထောင့်ခန်းက အကို့တပည့်လင်မယားရဲ့အခန်းမဟုတ်လား၊ သူတို့နဲ့ပြောပြီး အခန်းချင်းလဲကြည့်ရအောင်”

“အိုကွာ၊ ပြောလို့ကောင်းပါ့မလားကွ၊ ဒီမှာအကုန်အတည်တကျဖြစ်နေပြီဟာကို”

“အရင်ပြောကြည့်စမ်းပါရှင်၊ ကျွန်မတော့ ဒီအခန်းမှာနေရတာ မွန်းကြပ်လို့ပါ၊ နောက်ပြီး ကျွန်မလည်း စိုက်ချင်ပျိုးခင်သေးတယ်ရှင့်၊ ထောင့်ခန်းဆိုတော့ ဘေးဖက်မှာ တောကြီးပဲရှိတာ၊ မြေကိုချဲ့ပြီးတော့ အသီးအနှံလေးလည်း စိုက်ချင်သေးတယ်”

မခိုင်က စိုက်ပျိုးရေးကိုလည်း ဝါသနာပါသည်။ အလယ်ခန်းက အိမ်ရှေ့ အိမ်နောက်တွင် မြေနေရာအနည်းငယ်သာရှိသဖြင့် စိုက်ပျိုးရသိပ်မလွယ်ပေ၊ နောက်ဆုံး မခိုင်က အတန်တန်ပူဆာသည်မို့ ယောက်ျားဖြစ်သူက သူ့တပည့်လေးလင်မယားကို အားနာနာနှင့်ပြောရတော့သည်။ သို့သော် မခိုင်တို့လင်မယားပင် ထင်မထားပေ၊ သူ့တပည့်လင်မယားမှာ ပျော်ရွှင်သွားပြီး အခန်းကိုချက်ချင်းပြောင်းပေးမည်ဟုပြေလေရာ အဆင်ပြေသွားတော့သည်။

အနီးစပ်ဆုံး ရက်ရာဇာနေ့ကိုရွေးချယ်ပြီး အခန်းပြောင်းလိုက်ရတော့သည်။ ထောင့်အခန်းမှာ အလယ်ခန်းများထက်စာလျှင် ပိုမိုကျယ်ဝန်းလေသည်။ ထို့အပြင် တစ်ဖက်ခြမ်းတွင်လည်း ပြတင်းပေါက်များရှိသဖြင့် လေဝင်လေထွက်ကောင်းသလို အခန်းဘေးနားတွင်ရှိသည့် စိမ်းစိုအုပ်ဆိုင်းနေသည့် တောအုပ်ကြီး၏ အရိပ်ကြောင့်အေးမြနေလေသည်။

ထိုအခန်းတွင် တစ်ပတ်ပြည့်အောင် မနေလိုက်ရပေ၊ ခင်ပွန်းဖြစ်သူက အလုပ်တာဝန်နှင့် ခရီးထွက်ရတော့မည်ဖြစ်သည်။ မခိုင်လည်း နားလည်လိုက်ပါသည်။ အစိုးရအလုပ်ဆိုသည်မှာ အထက်ကခိုင်းသမျှ လုပ်ရခြင်းဖြစ်သည့်အတွက် ယောက်ျားဖြစ်သူအား မတားဆီးတော့ပါ၊ သို့နှင့် ထောင့်အခန်းသို့ရောက်ပြီး ဆယ်ရက်မပြည့်ခင်မှာပင် ခင်ပွန်းသည်က ခရီးထွက်သွားတော့သည်။

မခိုင်တစ်ယောက်တည်း တန်းလျားတွင်ကျန်နေရစ်သည်။ လင်ယောက်ျားမရှိသော်လည်း မခိုင်ဘာမှစိတ်ညစ်စရာမရှိပေ၊ ဝါသနာပါသည့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်မည်ဟုတွေးလိုက်ကာ အိမ်နံဘေးမှ တောကြီးကိုရှင်းတော့သည်။ တောအုပ်တွင် သစ်ပင်ကြီးကြီးမားမားမရှိဘဲ ချုံပင်များသာရှိသည်။ ထို့နောက် အိမ်ရှေ့ကိုလည်းရှင်းရသည်။ တန်းလျားအရှေ့တွင် ဖောက်ထားသည့်လမ်းနှင့် တန်းလျားမှာ ကိုက်တစ်ရာခန့်ကွာဝေးသည်။ အခြားအခန်းများရှေ့တွင် မြေကွက်လပ်ဖြစ်သော်လည်း မခိုင်တို့ ထောင့်အခန်းအရှေ့တွင်တော့  ချုံတောကြီးဖြစ်သည်။

(၂)

သုံးရက်ခန့်ကြာတော့ မခိုင်၏စိုက်ခင်းကလေးမှာ အခြေကျပြီဖြစ်သည်။ အိမ်နံဘေးမှစပြီး တောစပ်အထိ သီးပင်စားပင်ကလေးများကို ဘောင်များဖြင့်စိုက်ပျိုးထားလိုက်သည်။ အေးမြသောရာသီဥတုရှိသဖြင့် မုန်ညင်းပင်၊ ကိုက်လန်ပင်၊ မုန်ညင်းစိမ်းများမှာ အဖြစ်မြန်လေသည်။ တန်းလျားအနောက်ဘက်တွင်လည်း ဘောင်ကလေးများဖြင့် ချဉ်ပေါင်ပင်များ၊ ပင်စိမ်း၊ ခရမ်းသီးပင်များကိုစိုက်ပျိုးထားလိုက်သည်။

ညားခါစလင်မယားနှစ်ယောက်ဖြစ်သဖြင့် လင်ယောက်ျားမရှိသည့်အခါ အနည်းငယ်အထီးကျန်ဆန်သော်လည်း စိုက်ပျိုးရေးအလုပ်များလုပ်လိုက်၊ စာဖတ်၊ အိမ်တွင်းမှုလုပ်ငန်းများလုပ်ရင်း တစ်နေ့ဆိုသည့်အချိန်မှာ ကုန်မှန်းမသိပင်ကုန်သွားလေသည်။ ညဘက်ရောက်သည့်အခါတွင်တော့ တစ်ယောက်တည်း ဘုရားရှိခိုးပြီး စောစောအိပ်သည်။

မခိုင်တို့ အိမ်ခန်းဖွဲ့စည်းပုံမှာ အိမ်ရှေ့တွင် ဧည့်ခန်းတစ်ခုရှိပြီး ထိုအနောက်တွင် အိပ်ခန်းနှစ်ခန်းရှိကာ၊ အနောက်ဘက်တွင် မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာများပါ တွဲဆောက်ပြီးသား အုတ်တိုက်ကလေးဖြစ်သည်။ တစ်ယောက်တည်းအိပ်သည့် သုံးညမြောက်တွင် နေထိုင်ရအနည်းငယ်ထူးဆန်းနေသည်။ ဘယ်လိုပြောရမှန်းမသိဘဲ စိတ်ထဲမသန့်သလိုလိုကြီးဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထိုညလည်း အိပ်ရာဝင်ခဲ့ပြီး ခြင်ထောင်ချလိုက်ကာ ဖုန်းကိုကိုင်လိုက်သည့်အချိန်တွင် အသံတစ်ခုကိုကြားလိုက်ရသည်။

“ဂျလောက် . . .ကျွီ . . .”

အနောက်ဘက်အခန်းမှ ပြတင်းပေါက်တံခါးပွင့်သွားသည့်အသံဖြစ်သည်။ မခိုင်တစ်ယောက်ထိတ်လန့်သွားသည်။ လင်ယောက်ျားမရှိသည့်အချိန်တွင် အိမ်အား မသမာသူများ ဝင်ရောက်သလားဟု တွေးကာ စိုးထိတ်သွားသည်။ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် တင်ထားသည့် ဓါးမြှောင်ကိုယူလိုက်ပြီး အိပ်ခန်းအတွင်းမှ အသာကလေးထွက်လိုက်သည်။

အနောက်ခန်းကိုကြည့်လိုက်ရာ လူရိပ်လူခြေတော့မတွေ့ရပေ၊ သို့နှင့် ထိုအခန်းတံခါးကို ဖွင့်လိုက်ပြီး အခန်းအတွင်းသို့ လျှင်မြန်စွာဝင်လိုက်သည်။ လင်မယားနှစ်ယောက်နေသည့်မို့ ထိုအခန်းမှာ အားနေသည်၊ ပစ္စည်းအချို့ထည့်ထားသည်မှလွဲပြီး အခန်းမှာ အလွတ်သာသာဖြစ်နေသည်။ အခန်း၏ ခြေရင်းပြတင်းပေါက်မှာ ပွင့်ထွက်နေပြီး အပြင်ဘက်တောအုပ်အတွင်းမှ လေစိမ်းများက တိုးဝင်လျှက်ရှိသည်။

“ငါညနေက တံခါးပိတ်ရင်း ဂျက်မကျတာများလား”

မခိုင်တွေးလိုက်ပြီး ထိုပြတင်းပေါက်ဆီသို့သွားလိုက်သည်။ အပြင်ကိုတွန်းဖွင့်ရသည့်ပြတင်းပေါက်ဖြစ်သဖြင့် တံခါးရွက်များကို ထွက်အဆွဲတွင် တစ်ကိုယ်လုံးတဖြန်းဖြန်းနှင့် ကြက်သီးမွှေးညှင်းများ ထောင်ထသွားလေသည်။

တောအုပ်အတွင်းမှ လေစိမ်းများတိုက်သဖြင့် ချမ်းတုန်သွားခြင်းဖြစ်မည်ဟုတွေးလိုက်ကာ ပြတင်းပေါက်တံခါးရွက်များကို သေချာစေ့လိုက်ပြီး ချက်ကိုမြဲနေအောင်ထိုးလိုက်သည်။ ထို့နောက် တံခါးအား ပြန်တွန်းကြည့်သော်လည်း တံခါးမှာ မပွင့်တော့ပေ၊ မခိုင်လည်း တစ်ချက်ပြုံးလိုက်ပြီး အခန်းအတွင်းမှ ထွက်ရန်ပြင်လိုက်စဉ်မှာပင် ထိုအခန်း၏ ခေါင်းရင်းဘက်ပြတင်းပေါက်မှာ ဂျက်ကိုတစ်ယောက်ယောက်က ဖွင့်လိုက်သလို အသံမြည်သွားပြီး အပြင်သို့ပွင့်ထွက်သွားလေသည်။

မခိုင်တစ်ယောက် အလွန်ထိတ်လန့်သွားသည်။ သို့နှင့် ထိုပြတင်းပေါက်ဆီသို့ ပြေးလိုက်ကာ တံခါးကိုပိတ်လိုက်သည်။ ထိုစဉ် အခန်းတံခါးအနီးမှ သူ့ကိုလူတစ်ယောက်က မတ်တပ်ရပ်ကြည့်နေသည့်ပုံကို မျက်စိထောင့်တွင် လှစ်ခနဲတွေ့လိုက်ရသည်။ သေချာကြည့်လိုက်သည့်အခါ လူမရှိပေ၊ မခိုင်လည်း အခန်းပြတင်းပေါက်ကို သေချာပိတ်လိုက်ပြီး အခန်းအတွင်းမှ ထွက်လာသည့်အချိန်တွင် အိမ်ရှေ့ပြတင်းပေါက် နှစ်ချပ်စလုံး ရုတ်တရပ်ပွင့်ထွက်သွားသည်။ ထိုမျှမကသေး အိမ်နောက်ဖေးမီးဖိုချောင်မှ ပြတင်းပေါက်များပါ သူ့အလိုလိုပွင့်ထွက်သွားပြီး လေတိုက်သဖြင့် ပြတင်းပေါက်တံခါးများမှာ အုတ်နံရံနှင့်ရိုက်မိကာ တဂျိန်းဂျိန်းအသံမြည်နေလေသည်။ မခိုင် တစ်ခုခုပုံမှန်မဟုတ်မှန်းသိလိုက်ပြီး လက်တွင်ကိုင်ထားသည့် ဓါးမြှောင်ကိုချိန်ရွယ်လိုက်ကာ

“ဘယ်ကောင်လာနှောင့်ယှက်နေတာလဲဟေ့၊ ဒီတစ်ခါ ထပ်လုပ်ရင် ဟောဒီဓါးနဲ့ ထိုးသတ်ပစ်မယ်”

မခိုင်ကြိမ်းမောင်းလိုက်ပြီး အခြေအနေကိုစောင့်ကြည့်လိုက်သည်။ သို့သော် အားလုံးက ငြိမ်သက်သွားပြီဖြစ်သည်။ ပွင့်သွားသည့် ပြတင်းပေါက်များကို ပြန်လိုက်ပိတ်ပြီးနောက် အိပ်ရာဝင်ခဲ့သည်။ ခေါင်းအုံးအနားတွင်လည်း ဓါးမြှောင်ကိုချထားသည်။ တစ်ယောက်တည်းမို့ စိတ်ချောက်ချားဖို့ကောင်းလှသည်။ သို့သော်လည်း နေ့လည်ခင်းက ပင်ပန်းထားသည်မို့ မကြာခင်မှာပင် အိပ်ပျော်သွားလေသည်။

(၃)

စိုက်ပျိုးရေးလုပ်ငန်းက ဖြစ်ထွန်းသည်ဟုဆိုရမည်၊ တစ်ပတ်ခန့်ကြာသည့်အခါ ပျိုးပင်များမှာ အညွန့်တလူလူနှင့် စိမ်းစိုနေလေသည်။ မခိုင်က စိုက်ပျိုးရုံနှင့်အားမရပေ၊ မွေးမြူရေးလည်းလုပ်ချင်သည်။ သို့နှင့် ဝက်မွေးဖို့အကြံရသည်။ ဝက်မွေးရန်နေရာရှာသည့်အခါ အိမ်နောက်ဖေးနှင့် အိမ်ဘေးတွင် ဝက်ခြံဆောက်ရန် အဆင်မပြေပေ၊ အကြောင်းမှာ တောအုပ်များရှိသည့်အတွက် ဝက်များကိုစိတ်မချချင်းဖြစ်သည်။ သို့နှင့် အိမ်ရှေ့ကိုတစ်ချက်ကြည့်လိုက်မိသည်။ အိမ်ရှေ့လမ်းမဘေးအနီးတွင် ကြီးမားပြီး အုပ်ဆိုင်းနေသည့် သဖန်းပင်ကြီးတစ်ပင်ရှိသည်၊ သဖန်းပင်ပုံစံက လှပပြီး ခပ်အုပ်အုပ်ကလေးဖြစ်သည်။ မခိုင်လည်း ထိုသဖန်းပင်အောက်တွင် ဝက်ခြံဆောက်ရန် စိတ်ကူးလိုက်သည်။ လိုင်းခန်းမျက်နှာစာဖြစ်သဖြင့် မခိုင်မမြင်လျှင်တောင် လိုင်းခန်းမှအခြားလူများ မြင်ရေမည်ဖြစ်သဖြင့် ဝက်များ၏လုံခြုံရေးကို သိပ်စိုးရိမ်စရာမလိုပေ၊

သို့နှင့် သစ်သားအတိုအစများဝယ်ယူပြီး ဝက်ခြံဆောက်လိုက်လေသည်။ ဝက်ကလေးနှစ်ကောင်ကို နီးစပ်ရာဈေးမှဝယ်ယူပြီး မွေးလိုက်သည်။ လိုင်းခန်းတွင် နေထိုင်သူများ၏ ထမင်းကျန်ဟင်းကျန်များကြောင့်လည်း ဝက်ကလေးနှစ်ကောင်အတွက် စားရေးသောက်ရေး အဆင်ပြေနေတော့သည်။

တစ်ပတ်ခန့်ကြာသည့်အခါ မခိုင်က ဝက်ကလေးနှစ်ကောင်ကို အစာကျွေးရန်လာခဲ့သည်။ ဝက်ကလေးနှစကောင်မှာ ဗိုက်ဆာနေသဖြင့် အမြီးတနံ့နံ့နှင့် သူ့အားကြိုဆိုနေသည်။ မခိုင်က ဝက်ခြံအတွင်းဝင်ခဲ့ပြီး လက်ထဲရှိအစာပုံးထဲမှ အစာများကို ဝက်စာခွက်အတွင်းသို့ထည့်ပေးလိုက်သည်။ ဝက်လေးနှစ်ကောင်မှာ အစာများကို အားရပါးရ ကျုံးစားလေသည်။ ထိုအခိုက် ဝက်ကလေးတစ်ကောင်မှာ အစာစားနေရင်း ရပ်တန့်သွားသည်။ ပါးစပ်ထဲမှ အစာများပြန်လည်အန်ကျလာပြီးနောက် စူးစူးဝါးဝါးအော်ဟစ်ကာ ဘေးစောင်းလဲကျသွားလေသည်။ မခိုင်လည်း ဝက်ကလေးကို ပွေ့ပြီး ပွတ်သပ်ပေးနေမိသည်။ ဝက်ကလေးက ဘာဖြစ်မှန်းလည်းမသိပေ၊ ဝက်ကလေးမှာ သူ့လက်ပေါ်တွင် ရုန်းကန်ရင်းပင် အသက်ဆုံးသွားတော့သည်။

“ဘာဖြစ်တာလဲ၊ ဘာမှားလို့လဲ”

ဝက်တစ်ကောင်သေဆုံးသွားသည့်အတွက် မခိုင်စိတ်မကောင်းဖြစ်မိသည်။ ထိုအခါ လိုင်းခန်းမှလူများမှာ တစ်ယောက်တစ်ပေါက်ထင်ကြေးပေးကြသည်။

“ဟာ၊ နင်က သစ်ပင်အောက်မှာ သွားမွေးတာကိုးဟ”

“ဪ၊ အမရယ် သစ်ပင်အောက်မှာမွေးတော့ သူတို့လဲအရိပ်ရပြီး အေးအေးဆေးဆေးနေရတာပေါ့”

“မခိုင်ရဲ့ သစ်ပင်ဆိုတာ ပိုးမွှားတွေနေတတ်တယ်၊ နင့် ဝက်စာခွက်ထဲ ပိုးမွှားတွေကျပြီး သူတို့က စားမိလို့ တောက်ပြီး သေတာဖြစ်မှာပေါ့”

မခိုင်စဉ်းစားမိပြီး သဖန်းပင်အနားသို့ သွားကာ သဖန်းပင်ကိုမော့ကြည့်မိသည်။ သဖန်းပင်တွင် ဘောက်ဖက်များ၊ ခူကောင်ကလေးများရှိသလို ပိုးကောင်မွှားကောင်ကလေးများကိုလည်း တွေ့ရသဖြင့် လိုင်းခန်းမှလူများပြောသလို ဖြစ်နေမလားဟုတွေးမိသည်။

“မခိုင်၊ နင်ဝက်မွေးမယ်ဆို အဲဒီသဖန်းပင်ကိုခုတ်လိုက်ဟာ၊ ငါအထက်ကနေ ခွင့်ပြုမိန့်တောင်းပေးမယ်”

မခိုင်လည်း မထူးတော့၊ သဖန်းပင်ကို ခုတ်လိုက်ရန်စိတ်ကူးသည်။ သို့နှင့် အထက်လူကြီးများသို့တင်ပြရာ အထက်မှလည်းခွင့်ပြုသည်။ ခွင့်ပြုမိန့်ကျသည့်နေ့မှာပင် မခိုင်က သူတို့တန်းလျားစုများ အရှေ့ဘက်လမ်းနားတွင် တဲထိုးပြီးနေထိုင်ကြသည့် ပျံကျအလုပ်သမားများကို သွားပြောရသည်။ ကိုမြကြီးဆိုသည့် အလုပ်ကြမ်းသမားကြီးက သဖန်းပင်ကြီးကို ခုတ်ထွင်ပေးရန် တာဝန်ယူလိုက်သည်။

“ဒီနေ့တော့ နောက်ကျနေပြီ၊ မနက်ဖြန်မနက်မှ ခုတ်တာပေါ့ရှင်”

ကိုမြကြီးကို ငွေအနည်းငယ်ပေးပြီး မခိုင်တန်းလျားသို့ပြန်လာသည့်အချိန် ညနေစောင်းနေဝင်ချိန်ဖြစ်သည်။

ထိုညက မခိုင်တစ်ယောက် စောစောအိပ်ရာဝင်ခဲ့သည်။ သို့သော် အိပ်နေရင်း သူ့မသိစိတ်က နိုးထလာသဖြင့် ဖြတ်ခနဲမျက်လုံးကိုဖွင့်ကြည့်မိသည်။ ထိုအခါ သူအိပ်နေသည့်ခြင်ထောင်ကြီးမှာ တစ်ယောက်ယောက်က ဆွဲလှန်လိုက်သလို ဝုန်းခနဲလန်သွားသည်။ အိပ်ခန်းထဲတွင် မီးလုံးအသေးလေးထွန်းထားသဖြင့် အရာအားလုံးကို ခပ်ရေးရေးမြင်နေရသည်။

မခိုင်ထူးဆန်းနေချိန်တွင် သူ့ပေါ်သို့ လူတစ်ယောက်တက်သလို လေးလေးပင်ပင်အဖိခံလိုက်ရသည်။ မျက်လုံးထဲတွင် မည်သည့်အရာမှ မတွေ့သော်လည်း ထိတွေ့မှုကို ခံစားရသည်။ လူတစ်ဦးက သူ့ကိုအတင်းအကြပ် တက်ဖိနေခြင်းဖြစ်သည်။ မခိုင်လည်း ပိပြီး အသက်ရှုအောင့်လာသည်။

“နင်ဘာကောင်လည်း၊ ဖယ်စမ်း။ ငါ့အပေါ်ကနေဖယ်စမ်း”

ဘာမှမမြင်တွေ့ရသော်လည်း ကြမ်းတမ်းသည့် အထိအတွေ့ကိုခံစားမိသည်။ မခိုင်ကြောက်ရမည်ထက် ဒေါသထွက်နေမိသည်။ လက်က ဓါးမြှောင်ကိုစမ်းလိုက်ပြီး ထိုအရာကို ဓါးမြှောင်နှင့်ထိုးလိုက်သည့်အခါ ထိုအရာမှာ သူ့အပေါ်မှ လိမ့်ဆင်းသွားသည်။ ခဏကြာသည့်အခါ သူ့ကုတင်ပေါ်ကို တစ်ခါခုန်တက်ပြီး သူ့ကိုဖိပြန်သည်။ မခိုင်လည်း ဓါးဖြင့်ခပ်မြန်မြန်ထိုးနှက်ပြီး ဆဲဆိုကာ ထိုအရာနှင့်လုံးထွေးနေတော့သည်။ အတော်ကြာသွားတော့မှ ထိုအရာက ပြေးဆင်းသွားသည်။ မခိုင် မကြောက်တော့ပေ၊ အိပ်ရာမှထပြီး ဓါးဖြင့်ပြေးလိုက်လာသည်။ ထိုအချိန် တစ်အိမ်လုံးရှိ ပြတင်းပေါက်များမှာ သူ့အလိုလိုပွင့်သွားပြီး တံခါးချပ်များအချင်းချင်း တဂျိန်းဂျိန်းနှင့် ရိုက်နေကြလေသည်။ အိမ်ရှေ့ပြတင်းပေါက်တွင် တပ်ဆင်ထားသည့် ခန်းဆီးလိုက်ကာအစများမှာ လေပေါ်သို့ဝဲပျံနေသည်။ မခိုင်လည်း အိမ်နောက်ဖေးကိုပြေးဝင်လိုက်ပြီး စတီးဓါးပါးလေးကို ဆွဲယူလိုက်လေသည်။

“ဟဲ့၊ သတ္တိရှိရင် နင်လာခဲ့စမ်း၊ နင့်ကိုငါစိန်ခေါ်တယ် . . . လာခဲ့”

ဓါးနှစ်လက်ကို လက်တွင်ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စိန်ခေါ်သည့်အခါ ထိုအရာမှာ ခေါင်မိုးပေါ်သို့ ပြေးတက်သွားသည့်အသံကိုကြားလိုက်ရသည်။ ပြတင်းပေါက်တံခါးများမှာ အားလုံးငြိမ်သက်သွားသည်။ သို့သော် အိမ်ခေါင် သွပ်မိုးပေါ်တွင်တော့ လူတစ်ဦးလျှောက်သကဲ့သို့ ခြေသံများက တဝုန်းဝုန်းထွက်ပေါ်လာလေသည်။

အခိုင်အခန့်ဆောက်ထားသည့် အိမ်ကြီးပင် ပြိုကျတော့မည့်အလား အသံများထွက်ပေါ်လာခဲ့သည်။ ခေါင်မိုးပေါ်မှ လျှောက်နေသည့်အသံကလည်း မသိလျှင် ခေါင်မိုးကြီး ပြိုကျတော့မည့်အလား ကြောက်စသရာကောင်းနေသည်။ မခိုင်က တစ်အိမ်လုံးကို ပတ်အော်ဆဲပြီး ဓါးကြိမ်းကြိမ်းတော့မှ အားလုံးရပ်တန့်သွားလေသည်။

မခိုင်ပြတင်းပေါက်များကို ပိတ်လိုက်ပြီးအိပ်ရာပေါ်ပြန်ထိုင်လိုက်သည်။ ဓါးနှစ်လက်ကို ဘေးချပြီး ငုတ်တုတ်ထိုင်နေမိသည်။ သို့သော် မကြာခင်မှာပင် မိုက်ခနဲ အိပ်ပျော်ကျသွားလေသည်။

“ဝုန်း”

အိပ်ရာကြီးတုန်ခါသွားတော့မှ မခိုင်လန့်နိုးသွားမိသည်။ လာပြန်ပြီနောက်တစ်ခါ၊ သူမျက်လုံးဖွင့်လိုက်သည့်အချိန်မှာပင် သူ့အားအတင်းခုန်အုပ်ပြီး နပမ်းလုံးပြန်သည်၊ မခိုင်က ဓါးနှစ်လက်ကိုကြည့်လိုက်သည့်အခါတွင် ဓါးနှစ်လက်က အနားတွင်မရှိတော့ပေ။ ဒီကောင်ကြီးက ဓါးကိုကြောက်သဖြင့် ဓါးများကိုအရင်ဆုံး ရှင်းထုတ်လိုက်ပုံရသည်။

မခိုင်လည်း နပမ်းဖက်လုံးရင်း အလွန်မောပန်းလာသည်။ မမြင်ရသည့်အရာကြီးက သူ့ရင်ဘတ်ပေါ်ကိုတက်ဖိပြီး သူ့လည်ပင်းတွေကို လက်နှင့်ညှစ်တော့သည်။ သို့သော် လက်ဖြင့်ညှစ်သလိုမခံစားရဘဲ အဝတ်ပုဆိုးဖြင့် လည်ပင်းကိုအတင်းညှစ်နေသည့် ပုံမျိုးဖြစ်သည်။ မခိုင်မျက်လုံးတွေ ပြာဝေလာသည်။ အိပ်ရာနံဘေးမှ စားပွဲကိုကြည့်လိုက်သည့်အခါ ခဲတံများထည့်ထားသော ခွက်တွင် ကတ်ကြေးတစ်ချောင်းကို ထောင်လျှက်သားမြင်တွေ့ရသဖြင် ထိုကတ်ကြေးကို လှမ်းဆွဲကာ ထိုအရာကို ပိတ်ထိုးချထည့်လိုက်သည်။

လည်ပင်းညှစ်နေသူအား အချက်ပေါင်းများစွာ ကတ်ကြေးနှင့်ထိုးတော့မှ ထိုအရာမှာ ၀ရုန်းသုန်းကားနှင့် ထွက်ပြေးသွားလေသည်။ တစ်ညတည်း သရဲနှင့် နှစ်ကြိမ်တိုင်တိုင် နပမ်းလုံးခဲ့ရသဖြင့် မခိုင်တစ်ယောက်အလွန်ပင်ပန်းနေလေသည်။

တစ်ညလုံးသာ ထိုအတိုင်းဆိုလျှင် မခိုင်မည်သို့ ဖြတ်သန်းရတော့မည်နည်းဟု တွေးနေမိသည်။ နာရီကိုကြည့်လိုက်တော့ ညနှစ်နာရီကျော်ခဲ့ပြီ၊ နောက်တော့ မခိုင်အခန်းထဲမှထွက်ခဲ့သည်။ ဘုရားကျောင်းဆောင်တွင် ကပ်လှူထားသော ဘုရားသောက်တော်ရေကို စွန့်ပြီး သောက်ချလိုက်သည်။ စိတ်မချသေးသဖြင့် ဘုရားညောင်ရေအိုးမှ ရေများကိုပါ သောက်လိုက်သည်။ ထို့နောက် ဘုရားစာရွတ်၊ စည်းချခြင်းများကိုပြုလုပ်ပြီးတော့မှ အိပ်ရာအတွင်းသို့ဝင်ခဲ့သည်။ လူတစ်ကိုယ်လုံး ညောင်းချိကာအားအင်ကုန်ခမ်းနေပြီဖြစ်သည်။ မခိုင်လက်တစ်ဖက်တွင် သူ့အသက်ကိုကယ်ခဲ့သည့် ကတ်ကြေးလေးကို မချသေးဘဲ ကိုင်ထားမြဲဖြစ်သည်။ သို့နှင့် မောပန်းစွာဖြင့် အိပ်ရာပေါ်သို့ လှဲချလိုက်ပြီးနောက် မခိုင်တစ်ယောက်အိပ်ပျော်သွားမိသည်။

(၄)

“ဟဲ့ကောင်မ”

“ဟဲ့ကောင်မ၊ ဒီကိုကြည့်စမ်း”

သူ့ကိုအော်ခေါ်နေသံကြားသဖြင့် မခိုင်မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ အခန်းထဲတွင် အစိမ်းရောင်ဝမ်းဆက်များကို ဝတ်ဆင်ထားကြသည့် မိန်းကလေးသုံးယောက်က မတ်တပ်ရပ်နေလေသည်။ ထိုမိန်းကလေးများမှာ ကြည့်ပျော်ရှုပျော်ရုပ်အဆင်းရှိသော်လည်း မခိုင်ကိုမျက်ထောင့်နီကြီးများဖြင့် သဲကြီးမဲကြီးစိုက်ကြည့်နေကြသဖြင့် အလွန်အရုပ်ဆိုးလှသည်။ ထိုမိန်းကလေးများအနက် အလယ်မှ မိန်းကလေးက မခိုင်ကိုလက်ညှိုးထိုးကာ စကားပြောသည်။

“ဟဲ့ကောင်မ၊ နင်တော်တော် သတ္တိရှိတဲ့ကောင်မပဲ၊ နင်ဘာလို့အလုပ်ခံရတယ်ဆိုတာကို နင်မသိဘူးလား”

“မသိဘူး”

မခိုင်က ခတ်ပြတ်ပြတ်ပင်ဖြေလိုက်သည်။

“နင် ငါတို့ညီအမသုံးယောက်နေတဲ့ သစ်ပင်ကို ခုတ်မလို့လုပ်နေတယ်မဟုတ်လား”

“သစ်ပင်ခုတ်ဖို့ကို နင့်ခေါင်းထဲကနေ ထုတ်ထားစမ်း၊ နင်ငါတို့ သစ်ပင်အောက်မှာ နံစော်ညစ်ပတ်နေတဲ့ ဝက်တွေလာမွေးကတည်းက ငါတို့နင့်ကိုမကျေနပ်လို့ ဝက်တစ်ကောင်ကို နင့်ရှေ့တင်ပဲ သတ်ပစ်ခဲ့တာ နင်မမှတ်ဘူးလား၊ ဒီတစ်ခါ သစ်ပင်ခုတ်မယ်ဆိုရင်တော့ နင့်ကိုငါတို့သတ်ရလိမ့်မယ်”

မခိုင်က ရယ်မောလိုက်ပြီး

“ဟား၊ ဟား ငါကနင်တို့ကိုကြောက်တယ်များထင်နေသလား၊ မှတ်ထား၊ နင်တို့ဘာကောင်တွေဖြစ်ဖြစ်ငါဂရုမစိုက်ဘူး၊ နင်တို့ကို မင်းမိန့်နဲ့နှင်ပြီးတော့ အဲဒီသစ်ပင်ကို ငါရအောင်ခုတ်မယ်”

မခိုင်ကလည်း အလျော့မပေးပေ။

“ဟဲ့ကောင်မ၊ ခုတ်ရဲရင်ခုတ်ကြည့်စမ်း၊ ဘာအမိန့်တွေ ညာအမိန့်တွေ ငါတို့နားမလည်ဘူး၊ ငါတို့ကို နေစရာမရှိအောင်လုပ်ရင် နင့်ကိုငါတို့သတ်ပစ်မယ်”

“လာခဲ့စမ်းပါ၊ ခိုင်ရွှေဝါဆိုတဲ့ မိန်းမကလည်း ခပ်ညံ့ညံ့မိန်းမ မဟုတ်ဘူး၊ နင်တို့သစ်ပင်ကို ငါရအောင်ခုတ်မှာ၊ နင်တို့စောင့်ကြည့်နေလိုက်”

“တယ်၊ ဒီကောင်မ ပြောလေဆိုးလေပါလား၊ ခုနက ငါ့ညီမနှစ်ယောက် နင့်ကိုဝင်လုံးတာ နင်သေမလို့နော်၊ အေး အခုတစ်ခါတော့ ငါတို့နင့်အနားကို ကပ်မရလို့ နင့်ကိုသတိလာပေးတာ၊ နင်ဆက်လုပ်မယ်ဆိုရင် ငါတို့ကလည်း နင့်ကိုသတ်ဖို့အပြင် တခြားမရှိဘူး”

“တောက် . . .”

ကျယ်လောင်သည့် တောက်ခေါက်သံကြိးကို ကြားလိုက်ရပြီး မခိုင်လန့်နိုးသွားသည်။ နာရီကိုကြည့်လိုက်တော့ မနက် ခုနစ်နာရီထိုးနေပြီဖြစ်သည်။ နေအလင်းရောင်က ကောင်းကောင်းလင်းထိန်နေလေပြီ။

အိပ်ရာမှထလိုက်သည်နှင့် မခိုင်တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေသည်။ တစ်ကိုယ်လုံးလည်း ချမ်းတုန်တက်နေသည်မို့ အနွေးထည်တစ်ထည်ကို ကောက်ဝတ်လိုက်ပြီး အပေါ်မှ စောင်တစ်ထည်ကိုပတ်လိုက်သည်။ ထို့နောက် အိမ်ရှေ့တံခါးကိုဖွင့်လိုက်ကာ သဖန်းပင်ကြီးကို အသေအချာစိုက်ကြည့်လိုက်သည်။

“နင်တို့မှတ်ထား၊ နင်တို့အပင်ကို ငါရအောင်ကိုခုတ်မှာ”

မခိုင်က အိမ်အပြင်သို့ထွက်လာသည်။ မနက်စောစော အပင်လာခုတ်မည်ဆိုသည့် ကိုမြကြီးရောက်မလာသေးသဖြင့် ဖျားနေလက်စဖြင့်ပင် ကိုမြကြီးအိမ်သို့လိုက်လာခဲ့သည်။ ကိုမြကြီးအိမ်ရောက်တော့ ကိုမြကြီးက အိမ်ရှေ့ခန်းတွင် စောင်ကြီးချုံလျှက် စင်းစင်းကြီးဖြစ်နေလေသည်။

“ကိုမြကြီး၊ အပင်ခုတ်ဖို့မလာဘူးလား”

“ကျုပ် . .. ကျုပ်မခုတ်ရဲဘူးဗျ၊ အခုလည်း ကျုပ်ဖျားနေပြီ၊ ခင်ဗျားပေးထားတဲ့ငွေကို ကျုပ်ပြန်ပေးမယ်၊ ကျုပ် အဲဒီသစ်ပင်ကို နောက်ဘယ်တော့မှ မခုတ်ပေးဘူး”

ကိုမြကြီးဘာတွေဖြစ်ခဲ့မှန်း မခိုင်မမေးတော့ဘဲပိုက်ဆံကိုယူကာ ပြန်ထွက်လာခဲ့သည်။ အိမ်ရောက်တော့ စိတ်ကိုဒုံးဒုံးချလိုက်ပြီမို့ မခိုင်တစ်ယောက်ဖျားတော့သည်။ သုံးရက်ခန့်ဖျားပြီး မခိုင်နာလန်ပြန်ထသည်။ ဝက်ကလေးကိုတော့ အိမ်နံဘေးသို့ယာယီရွှေ့ထားလိုက်ရသည်။ ခုနစ်ရက်ခန့်ကြာသည့်အခါ မခိုင်က သစ်ပင်ခုတ်ရန် လူလိုက်ရှာရပြန်သည်။ ထိုအခါ အရက်သမားတစ်ယောက်က သစ်ပင်ခုတ်ပေးမည်ဟု ဆိုလာပြန်သည်။ ထိုညတွင်လည်း မခိုင်တစ်ယောက် သရဲများနှင့် နပမ်းလုံးရပြန်သည်။ သရဲတစ်ကောင်နှင့် နပမ်းလုံးပြီးသည့်အခါ ဘုရားစာရွတ်လိုက်သဖြင့် သရဲများက ထပ်မလာတော့သော်လည်း အိမ်ကိုပတ်ပြီး အမျိုးစုံခြောက်လှန့်လေတော့သည်။

နောက်ဆုံးတော့ မခိုင်လက်လျော့လိုက်ရသည်။ မခိုင်ဖြစ်သည့်အကြောင်းများမှာလည်း လိုင်းခန်းအတွင်းပျံ့နှံ့သွားလေသည်။ ထိုအခါ လိုင်းခန်းထဲမှလူများက ထိုအပင်ကြီးအကြောင်းနှင့် ထိုအခန်းအကြောင်းကို လာရောက်ပြောဆိုကြလေသည်။

“အဲဒီအပင်ကြီးက လိုင်းခန်းဆောက်တဲ့လူတွေတောင် မခုတ်လှဲဝံ့လို့ လိုင်းခန်းကို အနောက်ဘက်ကိုရွှေ့ပြီးလွတ်အောင်ဆောက်လိုက်ရတယ်လို့ပြောတယ်၊ ဒါကြောင့် လိုင်းခန်းက လမ်းနဲ့အတော်ဝေးနေတာပေါ့”

“နောက်ပြီးအဲဒီအခန်းဆောက်ပြီးပြီးချင်း နေသွားတဲ့လင်မယားမှာ၊ မိန်းကလေးဖြစ်သူက သူ့ယောက်ျားကိုစိတ်နာပြီးတော့ ဆွဲကြိုးချပြီး သတ်သေသွားတဲ့အခန်း၊ အမျှဘယ်လောက်ဝေဝေ အဲဒီမိန်းကလေးက မကျွတ်ဘူးတဲ့”

“ဒါတင်ဘယ်ကမလဲ၊ အဲဒီလိုင်းခန်းအလွတ်ကို အရင်က ယောက်ျားသားတွေ နှစ်ယောက်လောက်တောင် လာမနေဝံ့ဘူး၊ ယောက်ျားသား ငါးယောက်လာနေတာတောင်မှ ကြောက်လန့်ပြီးထွက်ပြေးရလို့ ပိတ်ထားတဲ့အခန်း”

ထိုအခါ အရာရှိက

“မခိုင်မနေဝံ့ရင်ပြောပါ၊ အဲဒီအခန်းမှာ ဘယ်သူမှ တစ်ပတ်ထက်ပိုပြီး မနေရဲကြဘူး၊ ကျုပ်တခြားလိုင်းခန်းကို ရွေ့ပေးပါ့မယ်”

မခိုင်ပြန်လည်စဉ်းစားလိုက်တော့မှ ထိုအခန်း တွင် အရင်နေထိုင်သွားသည့် တပည့်လေးလင်မယားကို အခန်းပြောင်းပြီး လဲအိပ်ကြဖို့ပြောသည့်အခါ ထိုလင်မယားမှာ ပျော်ရွှင်စွာနှင့် အခန်းချင်းလဲပေးသည်ကို ပြန်လည်တွေးမိလိုက်သည်။

“မခိုင်၊ မနေချင်ဘူးဆိုရင် တခြားလိုင်းခန်းပြောင်းနေလေ”

“ရပါတယ်ဆရာ၊ ကျွန်မ ဒီလိုင်းခန်းမှာပဲနေမယ်၊ အဲဒီသစ်ပင်ကို ကျွန်မရအောင်ခုတ်မယ်”

မခိုင် တစ်ယောက်တည်းမနေတော့ဘဲ အမေဖြစ်သူကိုခေါ်နေသည်။ အမေဖြစ်သူပင် အမျိုးစုံခြောက်လှန့်ခံရသည်။ အပင်ခုတ်မည်ကြံလိုက်တိုင်း သူ့ကိုအမျိုးမျိုးခြောက်လှန့်ကြသည်ဖြစ်ရာ သုံးကြိမ်သုံးခါ ကြိုးစားပြီး နောက်ဆုံးတော့ မခိုင်သာလက်လျှော့လိုက်ရသည်။

တစ်မနက်တွင် သဖန်းပင်ကြီးအောက်သို့ လမ်းလျှောက်လာခဲ့သည်။ အပင်အောက်ဝင်သည်နှင့် တစ်ကိုယ်လုံးစိမ့်နေအောင်အေးသွားကာ ကြက်သီးမွှေးညှင်းတွေထလာခဲ့သည်။

“ကောင်းပြီ၊ နင်တို့အပင်ကိုလည်း ငါမခုတ်တော့ဘူး၊ နင်တို့မကြိုက်ရင် ဝက်လည်းမမွေးတော့ဘူး၊ ဒါပေမယ့် အပြန်အလှန်အနေနဲ့ နင်တို့လည်း ငါ့ကိုမနှောင့်ယှက်နဲ့၊ ပြီးတော့ ငါတို့အိမ်နားက အကောင်တွေကိုပါ နင်တို့ထိန်းပေး၊ ဟုတ်ပြီလား”

မခိုင်ပြောပြီးသည့်အခါ သဖန်းပင်ကြီးမှာ ငလျင်လှုပ်သကဲ့သို့ တဖြန်းဖြန်းလှုပ်ခါသွားလေသည်။ ထိုအဖြစ်မှာ သဖန်းပင်ကြီးတွင်နေထိုင်သည့် ညီအမသုံးဦးက မခိုင်ပြောသည့်စကားများကို လက်ခံလိုက်သောကြောင့် လှုပ်ပြခြင်းဖြစ်သည်။

ထိုနောက်ပိုင်းတွင် မည်သည့်ခြောက်လှန့်မှုမျိုးမှ မတွေ့ရတော့ပေ၊ မခိုင်၏ စိုက်ခင်းလေးမှာလည်း စိမ်းလန်းစိုပြေလာပြီး အိမ်စားရုံမက၊ လိုင်းခန်းအတွင်းမှလူများကိုပါ ရောင်းချရသဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလေသည်။ ဝက်ကလေးကိုတော့ ဆက်မမွေးတော့ဘဲ ရောင်းချလိုက်ရသည်။

ထိုနေရာတွင် မခိုင်တစ်ယောက် နှစ်အတော်ကြာနေထိုင်ခဲ့ပြီး အသံကြားခြင်း၊ ရိုးတိုးရိပ်တိတ်မြင်ရခြင်းပင် မရှိတော့ပေ။ နှစ်အတော်ကြာမှသာ ခင်ပွန်းဖြစ်သူ၏ တာဝန်ဖြင့် အခြားနေရာသို့ရွှေ့ပြောင်းသွားခဲ့ကြလေသည်။

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်