တမလွန်ကလဲ့စား

တမလွန်ကလဲ့စား(စ/ဆုံး)

————————–

“ဂျိန်း”

“ဝေါ ဝေါ ဝေါ”

“ဖြောင်း”

မိုးချိန်းသံနှင့်အတူရုတ်တရက် လေပြင်းများတိုက်လာကာ သစ်ကိုင်းများကျိုးကျကုန်တော့သည်။

“ဟူး,မိုးကလည်းရုတ်တရက်ကြီး
ထရွာရတယ်လို့ကွာ”

ကိုမောင်ကြီးတစ်ယောက် မိုးရွာသည်ကိုစိတ်တိုင်းမကျဖြစ်ပြီး မည်တွန်တောက်တီးနေသည်။
ကိုမောင်ကြီးလည်းစားပွဲပေါ်က အရက်ပုလင်းကိုယူကာခွက်ထဲသို့ လောင်းထည့်လိုက်သည်။

“ဂလု ဂလု”

“အား,ကောင်းလိုက်တဲ့အရက် လည်ချောင်းထဲကိုပူဆင်းသွားတာပဲ”

“ကိုမောင်ကြီး မပြန်သေးဘူးလားဗျ ခဏနေရင်ကျုပ်လည်းဆိုင်ပိတ်တော့ မယ်ဗျာ။

“ပြန်မှာပါ လှအောင်ရာ ဒီဟာလေးတော့ကုန်အောင်သောက်ပါရစေအုံးဟ။

“သောက်သောက် ခင်ဗျားပြီးရင် ဆိုင်ပိတ်မယ်”

ကိုမောင်ကြီးလည်း စားပွဲပေါ်က လက်ကျန်အရက်ပုလင်းအား အပြတ်ရှင်းပြီးဆိုင်ထဲမှထွက်လာ ခဲ့တော့သည်။ ရာသီဥတုကြောင့်ပတ်၀န်းကျင် တစ်ခုလုံးမှောင်မည်းနေသည်။ မကြာခဏလင်းလက်သွားသည့် လျှပ်စီးအလင်းရောင်ကိုအားပြုကာ ကိုမောင်ကြီးအိမ်သို့ဦးတည်ပြီး ပြန်လာခဲ့သည်။ သောက်ထားတဲ့အရှိန်လေးကြောင့် ခြေလှမ်းများကရှေ့သို့မရောက်ချင်ပေ ရီဝေသောမျက်လုံးများဖြင့် အိမ်အပြန်လမ်းအားပြန်လာခဲ့သည်။

“ဂျိန်း” “ဝေါဝေါဝေါ”

“ဟ,မိုးကလည်းငါပြန်မှပဲ ပိုပိုသည်းလာသလိုပဲ ငါ့လခွီးထဲမှ”

မိုးသံများကြားမှ ကိုမောင်ကြီး၏ ဆဲဆိုသံကမပီမပြင်ကြားလိုက်ရသည်။

“အဟင့် အဟင့်” “ဟင့်”

“ဟင်…ဘာသံလဲ”

ရုတ်တရက်ကြားလိုက်သည့် အသံကြောင့်သွားနေသည့် ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ကိုမောင်ကြီးနားထဲ မိန်းကလေးတစ်ယောက်ရဲ့ ငိုရှိုက်သံအားပီပီပြင်ပြင်ကြားလိုက်ရ သည်။ မိုးသံလေများကြားမှကြားလိုက်ရသည့် ငိုရှိုက်သံအားလိုက်လံရှာဖွေလိုက်မိ သည်။

“ဟင်,မိန်းကလေးတစ်ယောက် ငါ့ကိုကျောပေးပြီးရပ်နေပါလား ဒီလောက်မိုးထဲလေထဲမှာ ဘယ်ကမိန်းကလေးပါလိမ့်။ နောက်ကကြည့်ရတာတော့ တောင့်တောင့်တင်းတင်းနဲ့လှလိုက်ပါပေ့ ”

ကျောပေးပြီးရပ်နေသော အမျိုးသမီးကိုကြည့်ကာ ကိုမောင်ကြီး တစ်ယောက်စိတ်ဖြင့်ပြစ်မှားနေမိ သည်။

“ဟိတ်,မိန်းကလေး ဘာလို့မိုးရွာကြီးထဲ ရပ်နေရတာလဲ”

ကိုမောင်ကြီး၏အမေးကို တစ်ဖက်မိန်းကလေးမှ မကြားသည့် အလားပြန်ဖြေခြင်းမရှိပေ။ ကိုမောင်ကြီးလည်းစိတ်မရှည်တော့ပဲ ထိုမိန်းကလေးအနီးသို့သွားကာ မိန်းမပျို၏ကိုယ်ခန္ဓာအားဆွဲလှည့် လိုက်တော့သည်။

“ဒီမှာငါမေးနေတာမကြားဘူးလား”

“ဟာ,

ကိုမောင်ကြီးတစ်ယောက် မြင်လိုက်ရ
သည့်မြင်ကွင်းကြောင့် နှလုံးရပ်မတတ်ဖြစ်သွားရလေသည်။

လျှပ်စီးလက်လိုက်သည့်အခိုက် မိန်းမပျို၏မျက်နှာကိုသဲသဲကွဲကွဲ မြင်လိုက်ရလေသည်။

“ခင် ခင် ခင်အေး”

မှန်ပေသည်. ကိုမောင်ကြီးမြင်နေရသောမိန်းမပျိုမှာ ခင်အေးပင်ဖြစ်သည်။ ကိုမောင်ကြီးရဲ့ခြေလှမ်းတို့နောက်သို့ပင် ဆုတ်သွားရလောက်အောင် အံ့သြထိတ်လန့်သွားရလေသည်။

“နင့်ကိုလက်စားချေဖို့ငါစောင့်နေတာကြာပြီ၊ဒီနေ့နင်သေရမယ့်နေ့ပဲဟေ့။

“ငါ ငါ့ကိုမသတ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့ဟာ ငါ ငါ ငါတောင်းပန်ပါတယ်ခင်အေးရယ်:

“နင့်အလှည့်ရောက်တော့ နင်ကြောက်နေပြီပေါ့လေ ဟုတ်လား။ ငါ့တုန်းကရော ငါတောင်းပန်ခဲ့တာတောင် နင်ငါ့ကိုသနားညှာတာခဲ့လို့လား ပြောစမ်း”

“ငါမှားပါတယ် ခင်အေးရယ် ငါ့ကိုခွင့်လွှတ်ပါ ငါငါ့မှာသားသမီးတွေနဲ့ ငါမသေချင်သေးဘူး။
ငါ့ကိုခွင့်လွှတ်ပါ”

“ဟားဟားဟားဟား ဘာတဲ့အခုမှလာပြီးခွင့်လွှတ်ရမယ် ဟုတ်လား။ မရဘူးနင်ဒီနေ့သေရမယ့်နေ့ပဲ ငါ့ရဲ့သွေးကြွေးကိုငါပြန်ဆပ်ဖို့ ငါရောက်လာပြီ ဟားဟားဟားဟား”

“မလာနဲ့ မလာနဲ့ သွားသွား”

ကိုမောင်ကြီးမည်သို့ပင် အနူးအညွှတ် တောင်းပန်တောင်းပန် ခင်အေးကတော့ ကိုမောင်ကြီးအနီးသို့ဖျက်ကနဲရောက် လာပြီးကိုမောင်ကြီး၏လည်ပင်းဆီသို့ ရှည်လျားလှသည့်လက်သည်းချွန်များဖြင့်ကုတ်ခြစ်လိုက်တော့သည်။

“အား,

မိုးသံများကြားမှ ကိုမောင်ကြီး၏ ချောက်ခြားဖွယ်အသံနက်ကြီးက ထွက်ပေါ်လာတော့သည်။ ကိုမောင်ကြီးလည်ပင်းမှသွေးများ ဖြာကနဲပန်းထွက်ကာမိုးရေများနှင့်အတူ နီရဲသောသွေးများကရောစပ်သွားလေ တော့သည်။ ခင်အေးလည်းကိုမောင်ကြီးအလောင်းကိုတစ်ချက်ကြည့်ပြီးပြုံးလိုက်သည်။ ခင်အေးလည်းလက်စားချေချင်သည့် မိမိဆန္ဒပြည့်ဝသွားပြီမို့၊ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ခင်အေးပျောက်ကွယ်သွားသည်နှင့် ရွာနေသောမိုးလည်းရုတ်ချည်းပင်တိတ်သွားလေတော့သည်။ ====================

“အင်း,မိုးတောင်တိတ်သွားပြီ အခုထိအိမ်ပြန်မလာသေးဘူး။ ဘယ်မှာသွားသေနေသလဲမသိဘူး အချိန်ကဖြင့်၈နာရီတောင်ကျော်နေပြီ ဒီအရည်ကိုပဲတမ်းတမ်းစွဲနေတော့တာပဲ”

မကြည်စိန်တစ်ယောက် ခင်ပွန်းဖြစ်သူ ကိုမောင်ကြီးပြန်ရောက်မလာသေး
သဖြင့်ပြောဆိုနေခြင်းဖြစ်သည်။

“အမေ,အဖေလည်းအခုထိပြန်မလာသေးဘူးနော် ကြာလိုက်တာ။ ခါတိုင်းဒီအချိန်ဆိုရောက်ပါပြီ”

“ဟုတ်ပါ့,အဖေ ဘာဖြစ်နေလဲမသိဘူး”

“သားနဲ့သမီးရယ် မင်းတို့အဖေက တို့ထက်အရက်ကိုပိုချစ်တယ်လေ အဲဒါကြောင့်အရက်ဆိုင်မှာ သွားသောင်တင်နေတာပေါ့ကွယ်။ သားတို့သမီးတို့အိပ်ကြတော့ မင်းတို့အဖေကိုအမေပဲစောင့်နေလိုက် မယ်”

“ဟုတ်အမေ”

“ဒါဆိုသမီးတို့အိပ်တော့မယ်အမေ အမေလည်းအကြာကြီးထိုင်ပြီး စောင့်မနေနဲ့ဦး”

“အေးပါကွယ်”

သားဖြစ်သူမောင်သုတနှင့်သမီးယုခင် တို့အိပ်ရာထဲအသီးသီးဝင်သွားကြ ပေမယ့် မကြည်စိန်ကတော့ မအိပ်သေးပဲအိမ်ရှေ့ကိုသာ မျှော်ပြီးကြည့်နေမိတော့သည်။
ညဆယ်နာရီထိ စောင့်နေပေမယ့် ကိုမောင်ကြီးမှာပြန်ရောက်မလာသဖြင့် မကြည်စိန်လည်းအိပ်ရာထဲဝင်လာခဲ့ တော့သည်။

=================

သာယာသောနံနက်ခင်းဝေလီဝေလင်း အချိန်လေးအားကိုစိန်ပု၏အသံ​ကဖျက်ဆီးပစ်လိုက်လေသည်။

“ရွာထိပ်မှာ အလောင်းတွေ့လို့ဗျို့ ”
“ရွာထိပ်မှာအလောင်းကြီးဗျို့ ”

ကိုစိန်ပုအသံကြောင့် အိမ်တိုင်းရှိ လူများအလျိုလျိုထွက်လာကြပြီး

“စိန်ပု ဘယ်ကအလောင်းလဲကွ”

“ဘယ်သူ့အလောင်းလဲ ဘယ်သူသေတာလဲဟ”

“ကို ကိုမောင်ကြီးအလောင်းဗျ”

“ဟေ”

“ဟယ်”

“ကိုမောင်ကြီးဟုတ်လား”

“ဟုတ်တယ်ဗျ ကိုမောင်ကြီးမှကိုမောင်ကြီးအစစ်ပဲ ကျုပ်လယ်ထဲသွားမယ်ဆိုပြီး အိမ်ကထွက်လာခဲ့တာဗျ။ ရွာပြင်ရောက်တော့ကိုမောင်ကြီး အလောင်းကိုတွေ့တော့တာပဲဗျာ မျက်လုံးကြီးကပြူးလန်နေတာပဲ လည်ပင်းမှာလည်းဒဏ်ရာကြီးက နည်းတာကြီးမဟုတ်ဘူး။ ဘယ်သူကများသတ်သွားတာလဲ မသိဘူး”

“ဒါဆိုသူ့မိန်းမ မကြည်စိန်လည်း ဒီအကြောင်းကိုသိဦးမှာ မဟုတ်ဘူး မင်းတစ်ခါတည်းသွားပြီးပြောလိုက် ငါတို့ကတော့ရွာလူကြီးကိုသွားပြီး အကြောင်းကြားလိုက်ဦးမယ်ကွာ”

“ကောင်းပါပြီ ကျုပ်လည်းမကြည်စိန်အိမ်ကိုသွားပြီး အကျိုးအကြောင်းပြောလိုက်အုံးမယ်။

“အေးအေး”

ကိုစိန်ပုလည်းမကြည်စိန်အိမ်သို့ ထွက်လာခဲ့သည်။

“မကြည်စိန် ဗျို့ မကြည်စိန်တို့ နိုးကြပြီလားဗျ ”

“ဘယ်သူလဲ”

“ကျုပ် စိန်ပုပါဗျ အရေးတကြီးကိစ္စရှိလို့ တံခါးဖွင့်ပါဦး”

“ကျွီ”

“စိန်ပု မနက်စောစော ဘာအရေးတကြီးကိစ္စရှိလို့လဲ”

“ခင်ဗျားယောကျာ်းကိုမောင်ကြီးလေ ကိုမောင်ကြီး,,,,,,,

, ကိုစိန်ပုကပြောလက်စ စကားကိုမပြောပဲရပ်နေသည်။

“ဟဲ့,စိန်ပု ပြောလေဟယ် ပြောမယ့်စကားကိုမပြောပဲ ရပ်နေတယ်”

“ဒီလိုဗျ ကျုပ်ပြောမယ့်စကားက ခင်ဗျားအတွက်စိတ်ထိခိုက်စေမယ့် စကားဖြစ်နေလို့ ကျုပ်မပြောခင် ခင်ဗျားအနေနဲ့ စိတ်ကိုထိန်းထားဖို့ လိုလိမ့်မယ်ဗျ။

“ဘာစကားမို့လို့လဲ စိန်ပုရယ် နင်ပြောမှ ငါရင်တွေတောင်တုန်လာပြီ”

“ကိုမောင်ကြီး ဆုံးပြီဗျ”

“ဘာ,ဘာပြောတယ်”

“ဟုတ်တယ် ကိုမောင်ကြီးဆုံးပြီဗျ ကျုပ်မနက်အစောကလယ်ထဲသွားတဲ့ လမ်းမှာကိုမောင်ကြီးအလောင်းကို ရုတ်ပျက်ဆင်းပျက်တွေ့ခဲ့တာပဲဗျ။

“ဟင်,ကိုမောင်ကြီးဆုံးပြီ ယောကျာ်းရေ ယောကျာ်းမသေရဘူး မသေရဘူး။

“စိတ်ကိုထိန်းပါ မကြည်စိန် ကိုခင်မောင်အလောင်းကိုကျုပ်တို့ သွားကြည့်ရအောင် မကြည်စိန် ခင်ဗျားစိတ်ကိုထိန်းပြီးကျုပ်နောက် လိုက်ခဲ့ပါ။

“အမေ ဘာဖြစ်လို့လဲဟင်”

“အမေ ဘာလို့ငိုနေတာလဲဗျ”

“သားနဲ့သမီး မင်းတို့အဖေဆုံးပြီတဲ့လေ” “ဗျာ”

“ရှင်”

“သားနဲ့သမီးအမေနဲ့လိုက်ခဲ့ကြ မင်းတို့အဖေအလောင်းကို အမေတို့ သွားကြည့်ရမယ်။

“ဟုတ်အမေ”

“အဖေရယ် သားတို့ကိုအစောကြီး ခွဲသွားပြီလားဗျာ ”

မကြည်စိန်လည်းသားနဲ့သမီး လက်ဆွဲကာကိုမောင်ကြီးအလောင်း ရှိရာသို့ရောက်လာခဲ့ကြသည်။
ကိုမောင်ကြီးအလောင်းနံဘေး၌ ရွာလူကြီးနှင့်အတူရွာသူရွာသားများ ဝိုင်းအုံပြီးကြည့်နေကြလေသည်။

“အဖေ ” “အဖေ ဖြစ်မှဖြစ်ရလေအဖေရဲ့”

“အီးဟီးဟီး အဖေရယ်သမီးတို့ကို ခွဲသွားပြီလား ”

“ကိုမောင်ကြီး ရှင်ညကပြန်မလာလို့ ကျုပ်တို့သားအမိစောင့်နေကြသေးတာ အခုတော့ရှင်က ပြန်မလာနိုင်မယ့် လမ်းကိုအပြီးတိုင်ထွက်သွားပြီပေါ့ အီးဟီးဟီး

” “ဟဲ့ကြည်စိန် နင့်စိတ်ကိုထိန်းမှပေါ့ နင်ကအခုလိုကြေကွဲခံစားနေရင် နင့်သားနဲ့နင့်သမီးကပိုဆိုးမှာပေါ့ဟယ်။ စိတ်ကိုဖြေမှပေါ့ ”

“ဟုတ်ပါတယ် ကြည်စိန်ရယ် သေတဲ့သူကသေသွားပြီပဲ၊ဒါကြောင့်တရားနဲ့ဖြေပြီး နင့်စိတ်ကို လျှော့စမ်းပါအေ။

“အင်း,ဘယ်လိုလူကများ မောင်ကြီး ကိုရက်ရက်စက်စက်သတ်ကြပါလိမ့်၊ သူနဲ့ရန်ငြိုးရန်စရှိတဲ့သူလည်း မကြားမိ ပါဘူးကွာ။

“ကျွန်မယောကျာ်းကိုမောင်ကြီးက အရက်သမားဖြစ်ပေမယ့် ဘယ်သူနဲ့မှ ရန်ငြိုးရန်စမရှိပါဘူးရွာလူကြီးရယ် ဒါအပြစ်မဲ့သက်သက်ကျွန်မယောကျာ်းကိုသတ်လိုက်ကြတာပဲဖြစ်မယ်။

“အင်းဒီကိစ္စကို သေချာစုံစမ်းမှဖြစ်တော့မယ်။ လွန်ခဲ့တဲ့၆လတုန်းက ခင်အေးလည်း အခုလိုပဲရက်ရက်စက်စက်အသတ်ခံခဲ့ ရတာ၊ဒီလူသတ်သမားဟာတစ်ယောက်တည်းပဲဖြစ်ရမယ်။

“ဘာကြောင့်အပြစ်မရှိတဲ့ ဒီလူ၂ယောက်ကို သတ်ရတာလဲသူကြီး”

“ဒါကတော့ဖြေဖို့ခက်တယ်ကွ သစ်ပင်ကောက်တာသာမြင်ရမယ် လူကောက်တာမမြင်ရဘူးဆိုတဲ့ စကားအတိုင်း ဒီလူသတ်သမားဟာ အင်မတန်မှကောက်ကျစ်လိမ့်မယ်လို့ ငါထင်တယ်ကွာ။

“အင်း,ခင်အေးကိုရော ကိုမောင်ကြီးကိုပါ သတ်သွားတဲ့ လူသတ်တရားခံကိုအမြန်ဆုံးမိအောင် ဖမ်းပေးပါသူကြီး။ မဟုတ်ရင်ဒီလူသတ်သမားရန်​ကို ကျုပ်တို့ကြောက်နေ ရလိမ့်မယ်ဗျ။

“ဟုတ်တယ်သူကြီး ကျွန်မယောကျာ်းကိုသတ်သွားတဲ့ လူသတ်တရားခံကိုအမြန်ဆုံးမိအောင် ဖမ်းပေးပါရွာလူကြီးရယ်”

“အေးပါ ကြည်စိန်ရယ် ဒီလူသတ်သမားကိုအမြန်ဆုံးမိအောင် ငါကြိုးစားပါ့မယ်။ ရွာသူရွာသားတွေကလည်း ဒီကိစ္စမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း လိုလိမ့်မယ်…….

“စိတ်ချသူကြီး ကျုပ်တို့ကတော့ ဒီလူသတ်ကောင်ကိုမိလို့ကတော့ ဟောသလို ဟောသလို လုပ်ပြီးသားပဲ”

“အေးပါ စိန်ပုရယ် မင်းလက်စွမ်းကိုယုံပါတယ် အခုလောလောဆယ်တော့ မောင်ကြီးအလောင်းထားဖို့ စင်ရိုက်ကြကွာ။

“ဟုတ်ကဲ့သူကြီး”

“သူကြီး ကျွန်မယောကျာ်းအလောင်းကို အိမ်မှာထားလို့မရဘူးလားရှင်”

“ဘယ်ဖြစ်မလဲကြည်စိန်ရဲ့ ရပ်ရွာဓလေ့ထုံးစံအရ ရွာပြင်မှာသေတဲ့ သူကိုရွာထဲအဝင်ခံလို့မဖြစ်ဘူးလေ။ အဲသလိုလုပ်ရင်ရွာနာတတ်တယ်ဟဲ့ ဒါကြောင့်ဓလေ့ထုံးစံကိုအလေးထားဖို့ လိုတယ်ကြည်စိန်ရဲ့။

“ကျွန်မယောကျာ်းအလောင်းကို စိတ်မချလို့ပါသူကြီးရယ်”

“ဘာမှမစိုးရိမ်ပါနဲ့ကြည်စိန်ရယ် နင့်ယောကျာ်းအလောင်းကိုစောင့်ဖို့ ငါရွာကကာလသားလေးငါးယောက်ကို အစောင့်ထားပေးပါမှာပါဟ။ နင်ဘာမှစိတ်မချစရာမရှိပါဘူးကွယ်”

“ကျေးဇူးပါပဲသူကြီးရယ်”

ရွာလူကြီးဦးသိန်းမောင်လည်း လိုအပ်သည်များကိုမှာကြားပြီး ပြန်သွားလေသည်။ ရွာမှကာလသားများကဝိုင်းဝန်းကူညီကြ သဖြင့်ကိုမောင်ကြီး၏နာရေးမှာ အဆင်ပြေစွာဖြင့်ပြီးဆုံးသွားလေသည်။ ၇ရက်ပြည့်တော့ ကိုမောင်ကြီး၏ ရက်လည်အားပြုလုပ်ပေးကြသည်။

“အေးမြတို့ခင်ထားတို့က ကြက်သွန်နီဘာညာလှီးထားကြအုံး သန်းမောင်တို့ကမုန့်ဟင်းခါးဟင်းရည် အတွက်တာဝန်ယူချက်ပြုတ်ကြလိမ့် မယ်။ အားလုံးလိုလေသေးမရှိအောင် လုပ်ကြမယ်ဟေ့

” “အင်းပါ မတင်ခိုင်ရယ် ကျွန်မတို့သေချာလုပ်ပါ့မယ်တော့်”

“ဟုတ်ပါ့ မတင်ခိုင်ရယ် ဘာမှစိုးရိမ်မနေနဲ့ အားလုံးပြည့်စုံအောင် လုပ်ပါ့မယ်တော်။

“အေးပါ ငါကအများအပြစ်ပြောမခံရအောင်လို့ အခုကတည်းကသေချာလုပ်ရအောင် လို့ပြောနေတာပါ။

အိမ်နီးချင်းများကဝိုင်းဝန်းကူကြ သဖြင့်မုန့်ဟင်းခါးချက်သည့်ကိစ္စမှာ အဆင်ပြေစွာပြီးဆုံးသွားခဲ့သည်။
မနက်လင်းသည်နှင့်ကိုမောင်ကြီး ရက်လည်သို့ဆွမ်းတရားနာဖိတ်ခံရသည့် လူများရောက်လာကြလေသည်။

“သန်းမောင်ရေ ဒီဘက်ကို ဟင်းရည်လေးလာချပေးပါအုံး”

“ဟုတ်ပြီ မတင်ခိုင်လာပြီလာပြီ”

“အေးမြရေ ငရုပ်သီးအလှော်မှုန့်လေး ယူလာပေးပါအုံး”

“ခဏလေးနော် လာခဲ့မယ်”

“ဟဲ့,ကြည်စိန် ဘာမှအားမငယ်နဲ့နော် ဒေါ်ကြီးဆွေတို့လည်းရှိနေတာပဲ သေသူကသေသွားပြီ၊ရှင်နေသူက လွမ်းဆွေးနေလည်းကိုယ့်အတွက်ရော သူ့အတွက်ပါဘာမှအကျိုးမရှိဘူးမလား ဒီတော့သူ့အတွက်ကုသိုလ်ကောင်းမှု များများသာပြုလုပ်ပေး၊အဲဒါကမှ နှစ်ဦးနှစ်ဖက်အတွက်အကျိုးရှိမှာကွဲ့ ပြီးတော့ အကူအညီတစ်ခုခုလိုရင်လာပြောနော် ကြားလား”

“ကျေးဇူးတင်ပါတယ်ကြီးဆွေရယ် ကျွန်မအကူအညီလိုရင်လာခဲ့ပါ့မယ် အခုတော့ဘာမှမလိုသေးပါဘူးရှင်။ ကြီးဆွေထည့်စားနော် ဘယ်လိုလဲ မုန့်ဟင်းခါးက သန်းမောင်တို့အုပ်စုရဲ့ လက်ရာလေ။

“ကောင်းပါတယ်ကွယ် ကျန်းမာရေးကြောင့်အများကြီးတော့ အစားနိုင်ဘူးကြည်စိန်ရေ။

“ဟုတ်တာပေါ့ ”

အသိမိတ်ဆွေများတဖွဲဖွဲ ရောက်လာကြပြီး ၁၀နာရီကျော်မှ လူအလာကျဲသွားတော့သည်။
မကြာမီဘုန်းကြီး၅ပါးကြွလာကြလေ သည်။
မကြည်စိန်တို့မိသားစုနှင့် မကင်းရာမကင်းကြောင်းလူအနည်းစု သာဆွမ်းတရားနာရန်ရှိနေကြလေ သည်။ ဘုန်းကြီးငါးပါးထဲက သက်တော်နှင့် ဝါတော်ကြီးဟန်ရှိသောဆရာတော်ကြီးမှတရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဆုံးမလေသည်။ တရားပြီးဆုံးသည်နှင့်ကွယ်လွန်သူ ကိုမောင်ကြီးအားရည်စူးကာ အမျှအတန်းများပေဝေကြသည်။

“ဟီးဟီးဟီး အီးဟီးဟီး”

“ဟဲ့,ခင်ထား နင်ကဘာဖြစ်လို့ထငိုနေရတာလဲအေ့”

“ဟဲ့,ခင်ထား သတိထားစမ်းပါဦး နင်ဘာဖြစ်နေတာလဲ”

မအေးမြကမခင်ထားအား သတိကပ်ရန်ပြောနေလေသည်။

ဆွမ်းတရားနာ၌ရှိနေသောလူများလည်း မခင်ထားအားဝိုင်းပြီးကြည့်နေကြ သည်။

“အီးဟီးဟီး”

“ခင်ထားငိုမနေနဲ့လေ ဆရာတော်ကြီးကအမျှဝေနေပြီ တိုးတိုးနေစမ်းပါ။

“ငါခင်ထားမဟုတ်ဘူး ငါခင်ထားမဟုတ်ဘူး ”

အသံကျယ်ကျယ်အော်ဟစ်လိုက် သဖြင့်အားလုံးမျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားကြလေသည်။

“အခုဝင်ရောက်ပူးကပ်နေတာ ဒကာမောင်ကြီးလား”

“မဟုတ်ဘူး တပည့်တော် တပည့်တော်မ ခင်အေးပါဘုရား”

“ဟေ”

“ဟာ”

“ဘယ်လိုဖြစ်ရတာပါလိမ့်”

“အေးဟယ်ထူးဆန်းလိုက်တာ”

ဆွမ်းတရာနာ၌ရှိနေကြသောလူများ တအံ့တသြဖြစ်ကုန်ကြလေသည်။

“ခင်အေးဆိုတာက လွန်ခဲ့တဲ့လေးငါးခြောက်လလောက်က ဆုံးပါးသွားတဲ့ ကလေးမမလား။

“ဟုတ်ပါတယ် ကျွန်မခင်အေးပါ ကျွန်မပြောစရာတွေရှိနေလို့ အခုလိုဝင်ရောက်ပူးကပ်ရတာပါရှင်။

“ဘာများပြောချင်လို့လဲ ဒကာမခင်အေး” “တပည့်တော်မကိုသတ်သွားတဲ့ လူသတ်တရားခံကိုတပည့်တော်မ ပြန်ပြီးလက်စားချေခဲ့ပါပြီဘုရား။ ဒါပေမယ့်တပည့်တော်မကို သတ်တဲ့လူသတ်သမားကိုဘယ်သူကမှ မသိသေးတဲ့အတွက် အခုလာပြီးပြောပြတာပါဘုရား”

“ဒကာမကြီးကဘယ်သူ့ကို လက်စားချေပြီး၊ဘယ်သူကဒကာမကြီးကိုသတ်ခဲ့တာလဲ”

“တပည့်တော်မကိုသတ်သွားတာ တခြားလူမဟုတ်ပါဘူးဘုရား ဒီကနေ့ရက်လည်ပြုလုပ်နေတဲ့ ကိုမောင်ကြီးပါပဲဘုရား”

“ဟာ” “ဟေ” “ဟင်”

လူတွေအကုန်လုံးမျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားကြ သည်။
မကြည်စိန်လည်းတအံ့တသြဖြစ်ကာ မခင်ထားကိုကြည့်နေသည်။ ဆရာတော်ကြီးများက အေးအေးလူလူပင်ခေါင်းတဆက်ဆက်ညိတ်ကာကြည့်နေကြလေသည်။

“တပည့်တော်မကိုသတ်သွားတဲ့ ကိုမောင်ကြီးကိုလက်စားချေဖို့အတွက် တပည့်တော်မအချိန်ကာလတစ်ခုအထိ စောင့်ခဲ့ပါတယ်။ ကိုမောင်ကြီးဟာတပည့်တော်မအပေါ် အင်မတန်မှယုတ်မာခဲ့ပါတယ်ဘုရား”

====================

ခင်အေးတစ်ယောက်ညနေစောင်း အချိန်တစ်ဖက်ရွာမှအကြွေးတောင်းပြီး ပြန်လာခဲ့သည်။ ရွာမှာအသိမိတ်ဆွေများနှင့်စကား လက်ဆုံကြနေသဖြင့် အိမ်အပြန်နောက်ကျနေခြင်းဖြစ်သည်။ မိမရှိဖမရှိတော့တဲ့သူမို့ ခင်အေးအား အနိုင်ကျင့်စော်ကားချင်သည့်လူက ခပ်များများပင်။ သို့ပေမယ်ခင်အေးသည်လည်း နယ်နယ်ရရတော့မဟုတ်ပေ၊စပ်စပ်ထိမခံပြန်ပြောတတ်သူဖြစ်သည်။

ဤသို့ပြောဆိုနေထိုင်တာတောင်မှ မိမိအားအထင်သေးစော်ကားချင်သူက ခပ်များများပင်။ ယခုလည်းရစရာရှိသည့်အကြွေးကို ချိန်းထားသည့်ရက်မပေးသဖြင့် လိုက်လံတောင်းရခြင်းဖြစ်သည်။ မှောင်မည်းနေသည့်အချိန်ပြန်လာရ ပေမယ့် ခင်အေးဘာကိုမှမကြောက်ပေ။ မိမိအိမ်ကိုသာတန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

ရွာရောက်ခါနီး၌အမှတ်မထင် လူတစ်ယောက်နှင့်ဆုံတွေ့လေသည်။

“ဟိုရှေ့က ခင်အေးပါလား ဒီအချိန်ကြီးဘယ်ကများပြန်လာပါလိမ့် ငါနည်းနည်းပါးပါးတီးခေါက်ကြည့်ဦးမှ”

“ခင်အေး ညီမလေးဘယ်ကပြန်လာတာလဲ မိုးချုပ်နေပြီနော်။

“မိုးချုပ်တော့ဘာဖြစ်လဲ ကျွန်မဟာကျွန်မဘယ်ကပြန်လာပြန်လာ ရှင့်အပူပါလား”

“ဟ,ခင်အေးလေးကလည်း စွာလိုက်တာကွာ ကိုမောင်ကြီးက ညီမလေးခင်အေးကို စိတ်ပူလို့ မေးတာပါကွနော်”

“ရှင်ဘာလုပ်တာလဲ ဖယ်စမ်းပါ အရက်မူးလာရင် အေးဆေးနေနော် ကိုမောင်ကြီး ခင်အေးလက်ဝါးက ပါးမရွေးဘူးနော်။

“ချစ်လို့ပါခင်အေးရယ် နော်နော်”

“ရှင်ပြောလေကဲလေပါလား”

“ကဲ,ဟယ်” “ဖြန်း”

“အား,ကျွတ်ကျွတ်ကျွတ်”
“နင်ငါ့ပါးကိုရိုက်တယ် ဟုတ်လား”

“ဟုတ်တယ် ရိုက်တယ် ရိုက်တော့ ဘာဖြစ်ချင်လဲ”

“ဟင်း,ခင်အေး ခင်အေး နင်ကအသာတကြည်ပြောမရဘူးဆိုတော့၊အကြမ်းနည်းလေးသုံးရတာပေါ့။

“ကဲကွာ, “ခွပ်”

“အား,အမေ့”

ကိုမောင်ကြီးရဲ့လက်သီးချက်ကြောင့် ခင်အေးတစ်ယောက်မြေပေါ်သို့ လဲကျသွားလေသည်။

ယောကျာ်းအားဖြင့်အထိုးခံရသဖြင့် ခင်အေးတစ်ယောက်မူးဝေသွားလေ သည်။ ထိုအချိန် ကိုမောင်ကြီးမှာ ခင်အေးအပေါ်သို့ကားယားတက်ခွပြီး ချုပ်ထားသည်။

“ရှင်လွှတ်နော် လွှတ်”

“မရဘူး ငါနင့်ကိုမလွှတ်ပေးနိုင်ဘူး နင့်ကိုစိတ်တိုင်းကျ အသုံးပြုမယ်။ ငါဆန္ဒတွေပြည့်ပြီဆိုမှ နင့်ကိုလွှတ်မယ်”

“ကျွန်မကိုအဲ့သလိုမလုပ်ပါနဲ့ရှင် ကျွန်မတောင်းပန်ပါတယ်၊ကျွန်မကို လွှတ်ပေးပါ။

“ဟားဟားဟား အခုတော့ နင်ပျော့နေပြီမလားဟမ်၊ဒီအချိန်ကြီး ပြန်လာမှတော့ ရိုးရိုးသားသားပြန်လာ တာတော့မဖြစ်နိုင်ဘူး။ နင့်စိတ်ဆန္ဒကိုငါ့ဖြည့်ဆည်းပါ့မယ် ခင်အေးရာ”

“မဟုတ်ဘူး မဟုတ်ဘူး ရှင်ထင်သလိုမဟုတ်ဘူး ကျွန်မကိုလွှတ်”

“ဟာ,လျာရှည်တဲ့ကောင်မ ကဲကွာ”

“ခွပ် ခွပ် ခွပ်” “ဒုတ် ဒုတ်”

ကိုမောင်ကြီးလည်းခင်အေးကို သန်မာလှသောလက်သီးချက်များဖြင့် အဆက်မပြတ်ထိုးပြီး ခေါင်းအားမြေကြီးဖြင့် နှစ်ချက်လောက် ပစ်ဆောင့်လိုက်ရာ ခင်အေးတစ်ယောက် ငြိမ်သက်သွားတော့သည်။

ထို့နောက်ခင်အေးအား စိတ်တိုင်းကျစော်ကားဖျက်ဆီးလေ တော့သည်။ ကံဆိုးမလေးခင်အေးလည်း အသက်လည်းဆုံးဘဝလည်းဆုံးပါးခဲ့ရတော့သည်။

မှောင်မည်းလွန်းသောညအချိန်၌ မိန်းမပျိုတစ်ဦး၏ဘဝတစ်ခုအား ပေးဆပ်လိုက်ရသည်ကိုမည်သူမှ မသိခဲ့ကြပေ။ ကိုမောင်ကြီးလည်း ခင်အေးအလောင်းအားရွာနှင့်ခပ်ဝေးဝေးကိုသယ်ပြီးပစ်ထားလိုက်သည်။
ထို့နောက်ဟန်မပျက်ရွာသို့ပြန်လာခဲ့ တော့သည်။ နာမည်ပျက်မရှိခြင်း၊ဟန်ဆောင်ကောင်းခြင်း၊သက်သေမရှိ ခြင်းတို့ကြောင့် ခင်အေးကိုသတ်သည့် တရားခံအားမည်သူကမှဖော်ထုတ် နိုင်ခြင်းမရှိခဲ့ပေ။
ကိုမောင်ကြီးလည်းဟန်မပျက်နေထိုင် သွားလာခဲ့ရာမှ ခင်အေးဆုံးပြီး ၆လခန့်အရောက်မှာ ခင်အေး၏ ကလဲ့စားချေခြင်းကိုခံခဲ့ရလေသည်။ ====================

“အင်း,ဒကာမကြီးလက်စားချေတယ်ဆိုတာသူ့အတွက်လည်းမကောင်းသလို ကိုယ့်အတွက်သံသရာမှာလည်း မကောင်းပေဘူးကွဲ့။ အငြိုးအတေးတွေကိုလျှော့လိုက်ပါတော့ဒကာမကြီး အရာအားလုံးဟာ ကံစီမံရာအတိုင်းဖြစ်လာကြတာပါ။ မကောင်းတဲ့အကုသိုလ်ကိုရှောင်ပြီး ကောင်းတဲ့အမှုကိုသာပြုလုပ်ပါတော့”

“တင်ပါ့ဘုရား တပည့်တော်မ နားလည်သဘောပေါက်ပါပြီဘုရား တပည့်တော်မကိုအခုလို အမြင်မှန်ရအောင်ဟောကြားပေးလို့ ကျေးဇူးကြီးလှပါတယ်ဘုရား”

“ဒကာမကြီးအခုရေစက်ချအမျှဝေတဲ့ အချိန်ဒီနေရာမှာ ကွယ်လွန်သူကိုမောင်ကြီးနဲ့အတူ သာဓုခေါ်ဆိုနိုင်ပါတယ်။ ဒကာမကြီးခေါ်ဆိုနိုင်ပါသလား”

“ခေါ်ဆိုနိုင်ပါတယ်ဘုရား တပည့်တော်မ သာဓုခေါ်ဆိုပါ့မယ်ဘုရား”

“ကဲအားလုံးရေစက်ခွက်ကို ကိုင်ပြီးလိုက်ဆိုကြပေတော့”

“ဒကာကိုမောင်ကြီးနဲ့တကွ အားလုံးကြားကြားသမျှ အမျှ ၃ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု ၃”

ခင်အေးလည်းကိုမောင်ကြီး ရက်လည်မှာပင်သာဓုခေါ်ဆိုကာ ကျွတ်လွတ်သွားလေတော့သည်။

ပြီးပါပြီ။
လိုအပ်ချက်များအားနားလည်ပေးပါ ရွှင်လန်းချမ်းမြေ့ကြပါစေ။

#အောင်ဓူဝံ