*ဘွားမယ်စိန်နှင့်တမလွန်မှာပျော်မွေ့သူ*📖📖📖(စ/ဆုံး)
**************************************************
—————————————————–
“ကိုဘသာ……..တော့်ကိုဘသာ……”
“ဟေ…ဘာတုန်း မြင့်စိန်…..”
“တော့်သမီး ဘယ်သွားလဲ”
“ဟ…ကလေးပါဆိုနေ သွားကစားနေတာ နေမှာပေါ့ဟ”
“အောင်မယ်…အောင်မယ်….တော့်သမီးက ကလေးလား…
အပျိုတောင်ဖြစ်နေပြီဟာကိုကလေးစိတ်မကုန်ဘဲ…
ကလေးလိုဆော့နေ…ကစားနေတုန်း”
“အိုကွာ…ကလေးက ကလေးပါပဲ…
မင်းကဘာခိုင်းစရာရှိလို့ ငါ့သမီးမိသဲကိုရှာနေရတာလဲ”
“ကျုပ် ရွာလယ်ပိုင်းက မိထူးတို့ဆိုင်မှာ ငါးပိသွားဝယ်ခိုင်းမလို့
တော့်သမီးကို……”
“ဒါလေးများနေနေ…ငါပဲသွားပေးမယ်……..”
ကိုဘသာနှင့် မမြင့်စိန်တို့သည် သောင်ထွန်းရွာ၌နေထိုင်ကြ၏။
မိသဲမှာ သူတို့၏တဦးတည်းသောသမီးဖြစ်ပေသည်။
မိသဲသည်ဖခင်ဖြစ်သော ကိုဘသာ ၏သည်းသည်းလှုပ်အချစ်ခံရသူဆိုလည်းမမှားချေ။
ထိုသို့သမီးကိုသည်းသည်းလှုပ်ချစ်တတ်သော
ကိုဘသာကို မမြင့်စိန် သဘောမကျ။
ထိုသို့ဖြစ်ရခြင်းက…
မမြင့်စိန်မှာသမီးဖြစ်သူကို ဆူချင်သောအခါ….အလိုမကျ၍ရိုက်ချင်သောအခါများ၌ ကိုဘသာမှာအမြဲကာကွယ်တားဆီးတတ်သောကြောင့်ပင်။
“ဟဲ့…မိသဲ…ဒီနေ့အမေတို့နဲ့
လယ်တောကိုလိုက်ခဲ့ဘယ်မှမသွားနဲ့…
ကြားသလား………..”
“ဟုတ်ကဲ့အမေ……”
“နေကပူပူနဲ့ကွာ…ငါ့သမီးကိုဘာလို့ခေါ်ရတာတုန်း…….”
“အိုတော်…ရွာမှာတော့်သမီးကျန်နေခဲ့ရင်လည်း
ဗြောင်းဆန်အောင်ဆော့နေမှာပဲ…
လယ်တောခေါ်ခဲ့တော့ မျက်စိရှေ့စိတ်ချရသေးတာပေါ့…”
ဟု…မမြင့်စိန်ပြောလိုက်လေမှ ကိုဘသာ သဘောတွေ့သွားဟန်ဖြင့်…
“အေး…ဒါလည်းဟုတ်တာပဲ…ငါ့သမီးအဖေတို့နဲ့
လိုက်ခဲ့ကြားလား”
ထိုသို့ဖြင့် မိသဲတစ်ယောက် မိဘတွေနှင့်အတူ လယ်တောသို့လိုက်ပါသွားတော့သည်။
လယ်တောသို့ရောက်တော့ ကိုဘသာတို့လင်မယား
လယ်တောရှိအလုပ်များလုပ်နေကြချိန်…
မိသဲမှာတော့ အခြားလယ်တောမှပါလာသော
ကလေးများနှင့်အတူ ပြေးလွှားဆော့ကစားနေတော့သည်။
နေ့ခင်းပိုင်းထမင်းစားသောက်ကြပြီးသောအခါ
မိသဲမဗာကလေးတစုနှင့်ဆော့ကစားပြန်သည်။
မိသဲတို့ဆော့နေကြသည့်နေရာမှာ
လယ်တောနှင့်မလှမ်းမကမ်းရှိ
အလေ့ကျပေါက်သော မာလကာပင်၌ဖြစ်သည်။
မာလကာသီးများ ရှာဖွေဆွတ်ခူးကြရင်း
အပင်ပေါ်အတက်အဆင်းလုပ်နေကြ၏။
ထိုစဥြ…
“ဘုန်း…….”
“အား……..”
“မမမိသဲ အပင်ပေါ်ကပြုတ်ကျပြီ…….”
“ဟယ်…ဟိုမှာတော့်သမီး အပင်ပေါ်ကပြုတ်ကျပြီတော့်”
အသံများကြားလိုက်သော မမြင့်စိန်သည် မာလကာပင်ရှိရာသို့
ကြည့်ကာပြောလိုက်လေတော့ ကိုဘသာမှာမိသဲဆီသို့
အပြေးတပိုင်းသွားတော့၏။
“သမီး…ဘာဖြစ်သွားသေးလဲ…တော်ပါသေးကွာ…
အပင်နိမ့်လို့…အပင်သာမြင့်ရင်တော့ မတွေးဝံ့စရာပဲ…
သမီး ထလို့ရလား…ထ…ထ…သမီး…………”
ကိုဘသာတယောက်မိသဲကိုပြာပြာသလဲဖြင့်ထူလေသည်။
ထိုသို့ထူပြီးဖုန်များခါပေးလေတော့…
“ကျုပ်…ရွာထဲပြန်တော့မယ်…………”
ဟု…မိသဲကပြောလေရာ…
“နေပါဦးသမီးရဲ့…တော်နေဆို နေစောင်းတော့မှာ
အဖေတို့နဲ့မှအတူတူပြန်ကြတာပေါ့…”
“ကျုပ်ပြန်ချင်ပြီ…ပြန်တော့မယ်………”
ကိုဘသာ၏စကားကိုမိသဲနားမထောင်ခဲ့။
ပြောချင်ရာပြောပြီး ရွာဘက်ကိုထွက်သွားတော့၏။
“ဟဲ့..မိသဲ….ဒါကဘယ်လဲ…ကိုဘသာတော့်သမီး
ဘယ်သွားတာလဲ”
မမြင့်စိန် မိသဲကိုအော်ခေါ်ပါသော်လည်း မိသဲက ပြန်မဖြေ၍
ကိုဘသာကို မမြင့်စိန်မေးလေတော့သည်။
“နင့်သမီးရွာပြန်ချင်တယ်ဆိုပြီးပြန်သွားတာပဲ…
ထားလိုက်ပါ…တော်နေဆို
တို့တွေလည်းအလုပ်နားတော့မှာပဲဟာ”
ကိုဘသာစကားကြောင့် မမြင့်စိန်၏မျက်စောင်းသည်
ကိုဘသာထံကျရောက်လာခဲ့တော့၏။
အချိန်အတော်ကြာလေတော့ သောင်ထွန်းရွာထဲဆီမှ
မောင်တိုးတယောက် အပြေးတပိုင်းဖြင့် ကိုဘသာတို့ထံရောက်ချလာလေသည်။
“ကိုဘသာ…ကိုဘသာ………”
“ဟေ……..မောင်တိုး မင်းဘာလို့ပြေးလာရတာလဲ…
ရွာမှာဘာဖြစ်လို့လဲဟ”
“ရွာထဲက ကိုသောင်းညွှန့်အိမ်မှာ
ကိုဘသာသမီးသောင်းကျန်းနေလို့ဗျ…
သောင်းကျန်းနေလို့……..”
“ဟေ……….ငါ့သမီးက”
“ဟုတ်တယ်ဗျ..တော်တော်ထိန်းရခက်နေတာ…။
အဲ့တာကြောင့်…
ကိုဘသာတို့ကိုခေါ်ဖို့သူကြီးကျုပ်ကိုခိုင်းလိုက်တာ…….”
“ကဲ…မမြင့်စိန်ကြားတဲ့အတိုင်းပဲဟေ့……..”
“သွားကြစို့…တော့်သမီးကတော့
ကျုပ်ကိုတော်တော်ဒုက္ခပေးတဲ့ကောင်မပဲ……..”
ကိုဘသာတို့လင်မယား မောင်တိုးနဲ့ရွာထဲလိုက်လာခဲ့ကြသည်။ရွာရှေ့ပိုင်းရှိ ကိုသောင်းညွှန့်အိမ်သို့ရောက်တော့
လာကြည့်သူအတော်များနေသည်။
အိမ်အတွင်းမှ မိသဲ၏ငိုသံများ၊ရန်လုပ်သံကြီးများ
ကလည်းဆူညံလျက်…
“အီးးးးးးးးဟီးးးးးးးးဟီး…မသာကှီးးးးးးးးးး
ဂတိမတည်တဲ့လူကြီးးးးးးးးးး
အီးးးးဟီးးးးးးးးးဟီးးးးးးးးးးး”
မိသဲတယောက် ကိုသောင်းညွှန့်ကိုကြည့်၍ ပြောနေခြင်းပင်။
ကိုသောင်းညွှန့်ခမျာလည်း ခေါင်းကြီးတကုပ်ကုပ်ဖြင့်
မျက်နှာဟိုသည်လှည့်နေရ၏။
“မိသဲ…ညည်းဒါဘာဖြစ်နေတာလဲ…ခုထ……..”
မမြင့်စိန်မှာသမီးကြောင့်ရှက်၍ ဆွဲကာခေါ်တော့သည်။
မိသဲကလည်းရုန်း၏။
“လွှတ်…ကျုပ်ကိုလွှတ်…ဒီမသာနဲ့ကျုပ်ရှင်းရဦးမယ်….
လွှတ်…..”
မိသဲမှာ ကိုသောင်းညွှန့်၏ပုဆိုးကိုဆွဲ၍ မမြင့်စိန်ကိုရုန်း၏။
“ဟဲ့….ဟဲ့………..”
ကိုသောင်းညွှန့်မှာလည်း ပုဆိုးကျွတ်ကျမည်ဆိုး၍
သူ၏ပုဆိုးကိုပြန်ဆွဲထားရ၏။
“မိသဲ…မိသဲ………….”
မမြင့်စိန်အော်လေသည်။
“နေပါဦးကွာ…..ငါပြောပါ့မယ်…….”
ကိုဘသာဝင်တားသည်။
သမီးဖြစ်သူ မိသဲကိုကြည့်၍…
“သမီး…ဘာဖြစ်တာလဲအဖေ့ကိုပြော….
ဒီကောင်သောင်းညွှန့်ငါ့သမီးကိုဘာလုပ်ထားလို့
ငါ့သမီးအခုလိုဖြစ်နေရတာလဲ”
“ဟာဗျာ..ကိုဘသာကလည်း…
ကျုပ်ကခင်ဗျားသမီးကိုဘာလုပ်ရမှာလဲဗျာ….”
ကိုသောင်းညွှန့်မှာ ပြာပြာသလဲပြောလေသည်။
ကိုဘသာ၏လက်များကို မိသဲရုန်းကန်လွှတ်ပြီး…
“ကျုပ်ကတော့်သမီးမဟုတ်ဘူး…
ကျုပ်ကိုမထိနဲ့လွှတ်…လွှတ်………”
ဟု…အော်ပြန်သည်။
ထိုအခါ မမြင့်စိန်မှာ…
“ကိုဘသာ…တော့်သမီးအစောကအပင်ပေါ်ကပြုတ်ကျတာ
ခေါင်းများထိသွားသလားတော်….”
“မထိပါဘူးဟ…ငါသေချာကြည့်ပါတယ် မမြင့်စိန်ရာ…”
ကိုဘသာနဲ့မမြင့်စိန်တို့မှာလည်း
မိသဲကိုမည်သို့မှနားချ၍မရကြ။
မိသဲမှာလည်း ကိုသောင်းညွှန့်ကိုကြည့်၍ ငိုယိုဆဲဆိုနေပြန်သည်။
ထိုအဖြစ်ကြောင့် ကိုသောင်းညွှန့်နှင့်မိသဲတို့အား
လာရောက်ကြည့်သူများက ယုန်ထင်ကြောင်ထင်ဖြင့်
ထင်ကုန်ကြလေသည်။
ထိုအထဲရှိရွာသူကြီးဦးနောင်ချိုမှာ…
“သောင်းညွှန့်…မင်း…မှန်…မှန် ဖြေစမ်း…
မိသဲကိုမင်းဘာအမှားလုပ်မိထားသေးလဲ…ပြောစမ်းဟကောင်”
ဟု…မေးမြန်းလေသောအခါ ကိုသောင်းညွှန့်မှာ
တကျူကျူငို၍…
“ကျုပ်ဘာမှမလုပ်ပါဘူးဗျာ…ဒီကလေးမ
ဘာလို့ကျုပ်ကိုအခုလို လုပ်နေတယ်ဆိုတာ
ကျုပ်တကယ်မသိပါဘူးသူကြီးရယ်….”
ဟု…ပြောရှာသည်။
“တောက်…ငါ့နှယ်ကွာ…မိသဲလည်းမေးမရ…
ဒီအကောင့်လည်းမေးမရနဲ့…ငါကဘာဆက်လုပ်ရမှာတုန်း”
သူကြီးဦးနောင်ချိုစိတ်တိုနေလေပြီ။
“သူကြီးဘာမှလုပ်စရာမလိုပါဘူးကွယ်…
ဘွားပဲဆက်လုပ်ပေးပါ့မယ်….”
ဘွားမယ်စိန်ရောက်လာချေပြီ။
“ဟာ…ဘွား………ဘွားရောက်လာတာပဲဗျ….”
“ကျုပ်သွားခေါ်ခဲ့တာသူကြီး”
“မင်းဒါကြောင့်ပျောက်နေတာကိုး”
မောင်အုန်းမှာ ဘွားမယ်စိန်နှင့်အတူရောက်လာခဲ့သည်။
ဘွားမယ်စိန်မှာရွာသူရွာသားများကိုတလှည့် မိသဲကိုတလှည့်ကြည့်ပြီး…
“လူတွေအတော်များနေတာပဲ…ကဲ…မောင်နောင်ချိုရေ
လူလေးရှင်းအောင်လုပ်ပါဦး”
“ဟုတ်ကဲ့ဘွား…….”
“နေ…နေ…နေပါဦးဗျာ….သူကြီး ကျုပ်ကအရှက်ကွဲထားရတဲ့ကောင်ဗျ…ဒီကလေးမဘာဖြစ်တယ်ဆိုတာသူတို့မသိရင်ကျုပ်ကို ယုန်ထင်ကြောင်ထင် ထင်နေကြဦးမှာပဲ…
ဒီတော့ဘွားရယ်…ဒီလူတွေရဲ့အရှေ့မှာပဲ
ကျုပ်ကိုဖြေရှင်းပေးပါဗျာ……….”
ကိုသောင်းညွှန့်မှာပြာပြာသလဲပြောလေမှ
ဘွားမယ်စိန်သည်ခေါင်းညိတ်လိုက်ပြီး…
“ကောင်းပြီလေ…မောင်ရင်ကဒီလိုဆိုမှတော့လည်း
ဘွားဘက်က လက်ခံရမှာပေါ့…
မောင်နောင်ချိုရေ…နေပါစေတော့ အားလုံးရှိနေပါစေ”
“ဟုတ်ကဲ့ဘွား……”
ဘွားမယ်စိန်သည် မိသဲနှင့်မပြောသေးပေ။
အစောပိုင်း၌ ကိုသောင်းညွှန့်ကိုဆဲလိုက်ငိုလိုက်လုပ်နေသော
မိသဲတယောက် ယခုငြိမ်ချက်သားကောင်းနေ၏။
ဘွားမယ်စိန်ကိုကျောပေးထားပြီးလူသည်
တုပ်တုပ်မျှပင်မလှုပ်ရှား။
ဘွားမယ်စိန်မှာတော့မိသဲ၏ရှေ့သို့တလှမ်းခြင်းလျောက်လှမ်းလာခဲ့တော့၏။
ထိုအခါ မိသဲတယောက်လှုပ်ရှားလာသည်။
လှုပ်ရှားလာရခြင်းမှာ မိသဲ၏ ခန္ဓာကိုယ်မှာတုန်ရီနေပြီး
ခေါင်းကိုအောက်သို့ငုံ့သွားခြင်းပင်။
ဘွားမယ်စိန်မှာလည်း မိသဲကိုစိုက်ကြည့်ပြီး…
“ညည်းဘယ်သူလဲပြော………”
ဟု…လေသံမာမာဖြင့်မေးလေသောအခါ မိသဲတယောက်…
“ကျုပ်…ကျုပ်ပါ……”
“ကျုပ်ဆိုတာ ဘယ်သူတုန်း……”
ကိုသောင်းညွှန့် ကိုမိသဲတချက်စိုက်ကြည့်သည်။
ကိုသောင်းညွှန့်မှာမိသဲအကြည့်ကြောင့်
တတွေးတချက်မြိုချနေရသည်။
“ကျုပ်က…ကျုပ်က သန်းလှပါ………”
“ဟာ……”
“ဟင်….”
“အို……”
ကိုသောင်းညွှန့်တင်မက သူကြီးတို့လူစုထံမှအံ့သြသံများ
ထွက်ပေါ်လာခဲ့သည်။
“နင်…နင်က သန်းလှ…ဟုတ်လား”
“ဟုတ်တယ်မသာကြီး…ငါနင့်မယားသန်းလှ…..
အီးးးဟီးးးးးဟီးးးးဟီးးးးအယုတ်တမာကောင်……..”
မိသဲ… ကိုသောင်းညွှန့်ကိုပြောရင်းငိုပြန်သည်။
သန်းလှဆိုသည်မှာ အခြားသူမဟုတ်ဘဲ
ကိုသောင်းညွှန့်၏မိန်းမပင်ဖြစ်၏။
အမှန်မှာ သန်းလှနှင့်ကိုသောင်းညွှန့်တို့လက်ထပ်ပြီးတစ်နှစ်မျှကြာလေတော့ သန်းလှမှာလယ်တော၌ ပိုးထိ၍ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယခုတော့ မိသဲမှာ မိသဲဟုတ်မနေခဲ့ဘဲ သန်းလှဆို၍
အားလုံးအံ့သြကုန်ကြသည်။
သန်းလှဆုံးသွားသည်မှာလည်း ငါးနှစ်မျှကြာချေပြီဖြစ်သည်။
“သန်းလှ…ညည်းကဘယ်လိုကြောင့်
မိသဲဆီမှာပူးကပ်နေရတာလဲ…”
ဘွားမယ်စိန်မေးလေသောအခါ …
“ကျုပ်…ကျုပ်မကျွတ်လွတ်ဘဲရွာပြင်မှာနေနေတာ
အတော်ကြာပါပြီ…ကျုပ်လင်လယ်တောဆင်းရင်
လိုက်ကြည့်လိုက်…သူပြန်ရင်ကျန်ခဲ့လိုက်နဲ့
ကျုပ်ဒီဘဝမှာနေပျော်နေခဲ့တာ…
အခုတော့ ဒင်းကတဖက်ရွာကမိန်းမနဲ့လက်ထပ်ဖို့ကြံနေတယ်ဘွားရဲ့…အီးးးးဟီးးးးးးးးဟီးးးးးးးးးးးး”
“ဟာ…မင်းဘာတွေပြောနေတာလဲသန်းလှရယ်…”
ကိုသောင်းညွှန့်မှာ မိသဲကိုယ်ထဲဝင်ပူးနေသော ဇနီးသည်
သန်းလှကိုပြော၏။
“ဘာပြောရမှာလဲ…တနေ့က…တော်ရွာပြင်ကထန်းတောမှာ
ငသိန်းနဲ့ထန်းရည်သောက်ရင်းပြောနေတာလေ…
ကျုပ်သိတာပေါ့”
“အာ…အဲ့တာ အဲ့ကောင်ကစနေတာပါ…
ငါ့မှာမင်းမရှိတဲ့နောက် ဘယ်မိန်းမ မှ
မင်းလောက်မချစ်မိတော့ဘဲ…
တယောက်ထဲနေနေတာပါကွာ….သန်းလှရယ်….”
ကိုသောင်းညွှန့်ကြီးငိုယို၍ပြောလေပြီ။
သန်းလှမှာလည်းကိုသောင်းညွှန့်စကားကြောင့် ကျေနပ်သွားဟန်ပင်။
သူတို့ကိုကြည့်နေသော ဘွားမယ်စိန်မှာ…
“မိသန်းလှ…ညည်းမှာလည်းလင်ကိုစိတ်မချတာနဲ့
ကိုယ့်ဘဝကိုယ်ပျော်နေရတယ်လို့အေ…
ညည်းဒီဘဝကြီးမှာဆက်မနေဘဲ ကျွတ်လွတ်ဖို့ကြိုးစားသင့်တယ်အေ့”
ဟု…ပြောလေသောအခါ သန်းလှခေါင်းငုံ့သွားသည်။
ကိုသောင်းညွှန့်မှလည်း…
“ဟုတ်တယ်သန်းလှရယ်…မင်းကိုဒီဘဝကြီးနဲ့
ငါတကယ်မကြည့်ရက်ဘူး…ငါမင်းအတွက်ရည်စူးပြီး
ကုသိုလ်ပြုပေးပါ့မယ်ကွာ…မင်းသာဓုခေါ်ပေးပါသန်းလှရယ်”
“ဘာလဲ တော်ကနောက်မယားယူချင်လို့လား….”
“အာ….မဟုတ်တာကွာ…ဒီမှာဘွားလည်းရှိတယ်…
သူကြီးလည်းရှိပါတယ်ကွာ…ငါတကယ်ပြောတာပါသန်းလှရယ်…ငါ့မှာမင်းအပြင်အခြားသူကိုယူဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးကွာ……..”
ကိုသောင်းညွှန့်ပြောလိုက်သောစကားကြောင့်
သန်းလှမှာပြုံး၍ခေါင်းညိတ်တော့သည်။
“ဒါဆိုရင်ကျုပ်လက်ခံပါတယ်…တော်ပေးတဲ့ကုသိုလ်ကို
ကျုပ်သာဓုခေါ်ပေးပါ့မယ်……….”
“ဝမ်းသာလိုက်တာကွာ….”
ဟုပြောရင်းသန်းလှကို ကိုသောင်းညွှန့်ဖတ်ဖို့ပြင်လေတော့
ကိုဘသာမှာ အလန့်တကြားဖြင့်…
“ဟကောင်… ဒါမင်းမယားကိုယ်မဟုတ်ဘူး…
ဒါငါ့သမီး..မင်းထိဖို့မကြိုးစားနဲ့…”
ဟုအော်လိုက်သောအခါ ကိုသောင်းညွှန့်မှာရှက်ရွံ့သွားပြီး
“အင်း….ကျုပ်…ကျုပ်သိပါတယ်ဗျာ….”
အခြေအနေအရပ်ရပ်ကိုအားလုံးနားလည်သွားကြသောအချိန်၌…
“ကဲ…ဒီလိုဆိုရင်…ညည်းလည်းဒီကလေးမကိုယ်ထဲက
ထွက်သွားပေတော့သန်းလှ…
ညည်းအတွက်ရည်စူးပြီးကုသိုလ်ပြုအမျှအတန်းဝေရင်သာ
ညည်းသာဓုခေါ်တော့အေ…..”
“ဟုတ်ကဲ့ပါဘွား…ကျုပ်သွားပါတော့မယ်…
ကိုသောင်းညွှန့်ကျုပ်သွားပြီနော်………..”
သန်းလှမှာသူ့ယောကျ်ားကိုသောင်းညွှန့်ကိုနှုတ်ဆက်ပြီး
မိသဲကိုယ်မှထွက်ခွာသွားတော့သည်။
သန်းလှထွက်သွားသည်နှင့်မိသဲမှာ လဲကျသွားတော့၏။
“ဘွား…ကျုပ်သမီးကိုကယ်ပါဦးဗျာ…လုပ်ပါဦးဗျာ…”
ကိုဘသာမှာသမီးဖြစ်သူအတွက်စိုးရိမ်ပြီး
ဘွားမယ်စိန်ကိုပြောလေသည်။
“ကဲ…ရော့…ရော့…ဒီပရိတ်ရေလေးတိုက်လိုက်မောင်ဘသာ…”
“ဟုတ်ကဲ့…ဟုတ်ကဲ့”
ဘွားမယ်စိန်ပေးသောပရိတ်ရေများကို
မိသဲပါးစပ်အတွင်းသို့လောင်းထည့်ပေးသည်။
ခဏမျှကြာတော့မိသဲသတိရလာ၏။
ဘွားမယ်စိန်ကတော့ ကိုသောင်းညွှန့်လာချပေးသော
ကုလားထိုင်၌ထိုင်နေခဲ့တော့သည်။
“သမီး…အမလေးတော်ပါသေးရဲ့သမီးရယ်…”
မမြင့်စိန်သမီးဖြစ်သူနိုးလာလေမှ ဝမ်းသာတကြီးပြောတော့သည်။
မိသဲမှာတော့ ပြူးကြောင်ကြောင်ဖြင့်ဘေးကိုကြည့်လိုက်
မိဘတွေကိုကြည့်လိုက်ဖြင့်…
“အဖေ…ကျုပ်ဘယ်ရောက်နေတာလဲ”
“ဟေ…ဒါရွာကသောင်းညွှန့်အိမ်မှာလေသမီးရဲ့”
“ဟင်….ကျုပ်မာလကာပင်ပေါ်ကပြုတ်ကျတာ…
ဒီကိုဘာလို့ခေါ်လာတာလဲ…ကိုကြီးသောင်းညွှန့်ကဆေးဆရာမှမဟုတ်တာအဖေရယ်….”
ဟု…မိသဲပြောလေသည်။
“ကဲ…မောင်ဘသာရေ…မောင်ရင့်သမီးကိုအိမ်ခေါ်သွားပြီး
နားခိုင်းလိုက်တော့ သူလည်းအတော်ပင်ပန်းထားရှာမှာပဲ”
“ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့ပြန်ပါဦးမယ်……”
ကိုဘသာတို့ ပြန်သွားကြတော့သည်။
ဘွားမယ်စိန်နှင်သူကြီးဦးနောင်ချို၊မောင်တိုး၊မောင်အုန်းတို့သာ
ကိုသောင်းညွှန့်အိမ်၌ကျန်ရစ်ခဲ့ကြသည်။
“မောင်သောင်းညွှန့်…မောင်ရင့်မိန်းမအတွက် ကုသိုလ်ရေးလေးလုပ်ဖို့ပြင်နော်…ဒါမှမောင်ရင့်မိန်းမဒီထက်ဘဝမဆိုးမှာကွဲ့”
“ဟုတ်ကဲ့ဘွား…ကျုပ်သူ့အတွက်သေချာ
အလှူလေးလုပ်ပေးမှာပါ”
“အေးကွယ်…မိသန်းလှကသိပ်လည်တဲ့မိန်းမ…
ဘသာ သမီးကမာလကာပင်ပေါ်ကပြုတ်ကျတာနဲ့
တန်းဝင်ပြီးမောင်ရင့်ဆီရောက်လာတာပဲကြည့်…
ကိုယ့်ကြောင့်ကျန်သူတွေဒုက္ခရောက်တာမကောင်းဘူးကွဲ့…
ဒီထက်မဆိုးစေနဲ့”
“ဟုတ်ကဲ့ဘွား…”
ကိုသောင်းညွှန့်မှာသန်းလှအတွက်ကူသိုလ်မပြုလုပ်ပေးခင်
တပတ်လောက်ထိ ရွာပြင်ရှိလယ်တောအိမ်၌သာနေ၏။
သန်းလှအတွက်လည်း သေချာအလှူလုပ်ပေးဖို့ပြင်ရှာသည်။
ထိုသို့အားလုံးစီစဉ်ပေးပြီး…သန်းလှအတွက်နောက်ဆုံးအမျှဝေပေးချိန်၌ ကိုသောင်းညွှန့်ကြီး မျက်ရည်များပိုးပိုးပေါက်ပေါက်ကျဆင်းပြီး ….
“သန်းလှရေ…မိန်းမရဲ့…အမျှ…အမျှ…အမျှ………..”
ဟုအမျှအတန်းပေးလေသည်။
ရွာသူ၊ရွာသားတို့မှာ
ကိုသောင်းညွှန့်အတွက်စိတ်မကောင်းဖြစ်ကြရသလို…
သရဲဘဝရောက်နေသော
သန်းလှအတွက်လည်းစိတ်မကောင်းကြပေ။
ကိုသောင်းညွှန့်နှင့်သန်းလှတို့လင်မယား၏သနားဖွယ်အဖြစ်အပျက်အပြီး သန်းလှတယောက်ပျောက်ကွယ်သွားတော့သည်။
ကိုသောင်းညွှန့်ကတော့…
“ကျုပ်မိန်းမ…ကောင်းရာဘုံဘဝရောက်သွားပြီဗျ…..”
ဟု…စကားစပ်မိသူတိုင်းကိုပြောရှာ၏။
ကိုသောင်းညွှန့်ပြောတာကိုလည်းအားလုံးကထောက်ခံပေးကြသည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)