တိုက်ခန်း၀န်းကျင်ကဝိညာဉ်များ

တိုက်ခန်း၀န်းကျင်ကဝိညာဉ်များ(စ/ဆုံး)

—————————————-

အချိန်ကာလအားဖြင့် ၁၉၉၆ခုနှစ်၀န်းကျင်ခန့်က ဖြစ်လေသည်။

“အောင်မောင်းရေ ကျောင်းသွားရအောင်ဟေ့ ”

အိမ်ရှေ့မှ သူငယ်ချင်း မြင့်သူ၏ခေါ်သံကြောင့် အောင်မောင်းတစ်ယောက် စားလက်စ ထမင်းကြော် လက်ကျန်အား ပလုတ်ပလောင်း စားကာ အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့၏။

“အမေ သား ကျောင်းသွားတော့မယ်
မုန့်ဖိုးပေးဦး”

” အေ..ရော့ ရော့ မတည့်တာတွေ ၀ယ်မစားနဲ့”

” ဟုတ်ကဲ့အမေ သားသွားပြီနော် ”

သူ၏မိခင်ထံမှ မုန့်ဖိုးကိုယူကာ
ကျောင်းလွယ်အိတ်အား ကပိုကယို လွယ်လျှက် အိမ်ထဲမှ ပြေးထွက်သွားသော အောင်မောင်းအား ကြည့်ကာ ဒေါ်သဲဖြူ သက်ပြင်းချလိုက်မိသည်။

သူမ၏ တစ်ဦးတည်းသောသားလေး အောင်မောင်းက ယခုစာသင်နှစ်တွင် သတ္တမတန်းသို့ပင်ရောက်ပြီဖြစ်သော်လည်း ကိုယ်မနိုင်သေးချေ။

လူပျိုပေါက်အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း ယခုထိ ကလေးငယ်တစ်ဦးလိုပင် အစစအရာရာ မိခင်ကို အားကိုးနေသေးသည်။

အ၀တ်လဲသည်မှစ မိခင်ဖြစ်သူ ဒေါ်သဲဖြူက စီစဉ် ပေးနေရတုန်းပင်။
ဒေါ်သဲဖြူ မီးဖိုခန်းထဲ၀င်ကာ ထမင်းစားပွဲအားကြည့်လိုက်ပြီး

” ကျွတ် စိတ်ညစ်ပါတယ် ၊ ဟင်းတွေလဲ ကြောင်အိမ်ထဲ မသိမ်းခဲ့ဘူး ၊ စားပြီးပန်ကန်တောင် ဘေစင် ထဲ မထည့်ခဲ့ဘူး ၊ နင့်တစ်ယောက်နဲ့တော့ မောပါ့ အောင်မောင်းရယ်”

အောင်မောင်း၏မိခင်က တစ်ဦးတည်း တီးတိုး ညည်းညူရင်း မီးဖိုခန်းထဲ၌ သိမ်းစရာရှိသည်များအား သိမ်းဆည်းကာ ဆေးကြောနေလေသည်။

အောင်မောင်းသည် ရပ်ကွက်ထဲရှိ အလက ( ခွဲ) ကျောင်းတစ်ကျောင်း၌ သတ္တမတန်းတွင်ပညာသင်ယူနေသော ကျောင်းသားတစ်ယောက်ဖြစ်၏။

အောင်မောင်းမှာ ကလေးစိတ်မပျောက်သေးသော အလယ်တန်းကျောင်းသားတစ်ယောက်ဖြစ်သော်လည်း အောင်မောင်းနှင့် တွဲနေသော သူ၏ သူငယ်ချင်း မြင့်သူနှင့် အပေါင်းပါတစ်စုမှာ လူပျိုပေါက်အရွယ်တို့၏ ထုံးကို နှလုံးမူလျှက် အရာရာကို စူးစမ်းကာ လက်တွေ့စမ်းသပ်လိုကြသည်။

မိဘဆရာ ပြောစကားများကို ‌နားထောင်လိုစိတ်လဲ သိပ်မရှိကြပေ။

အရှက်အကြောက်ကြီးသော အောင်မောင်းအား မြင့်သူတို့က လှောင်ပြောင်လေ့ရှိ၏။

သို့သော် အောင်မောင်းကမူ သည်းခံကာ ပေါင်းသင်းမြဲပင် ဖြစ်လေသည်။

သူတို့နေထိုင်ရာ ရပ်ကွက်ထိပ်တွင် ဈေးငယ်လေး တစ်ခုရှိ၏။

ထိုဈေးလေး သည် သင်္ချိုင်းဟောင်းတစ်ခုပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ထိုဈေး၏ အိမ်သာနောက်ကျော ဘက်တွင် အုတ်ဂူအပိုင်းအစ အချို့ ရှိနေသေးသည်ကိုလည်း တွေ့နေရသေး၏။

ဈေး၏ တောင်ဘက်တွင်လည်း ရေကန်ကြီးတစ်ခုရှိကာ ထိုရေကန်သည်လည်း လူများ( အထူးသဖြင့် ကျောင်းသားအရွယ်ကလေးများ )နှစ်စဉ် ရေနစ်သေဆုံးကြသဖြင့် လူစားသော ကန်အဖြစ် နာမည်ကြီးလေသည်။

သင်္ချိုင်းဟောင်းပေါ်တွင် ဆောက်လုပ်ထားသော ထိုဈေးလေးတွင် ဈေးသည် အချို့ အခြောက်အလှန့် ခံကြရဖူးလေသည်။

မချိုသည် ထိုဈေးလေးတွင် ငါးပိ၊ငါးခြောက် ရောင်းချသူတစ်ဦးဖြစ်၏။

ညနေဈေးသိမ်းချိန်ရောက်သောအခါ သူမရောင်းချနေသော ငါးပိအိုးနှင့် ငါးခြောက်များအား သူမ၏ ဆိုင်ခန်းလေးထဲတွင် ထည့်ပိတ်သိမ်းကာ အိမ်ပြန်သွားလေတော့သည်။

သူမသည် ငါးပိငါးခြောက်ဖိုးများအား ယနေ့ည‌နေစောင်းအချိန်၌ ရှင်းပေးရမည်မို့ အလောတကြီး ဆိုင်အားပိတ်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။

ထိုဈေးလေးတွင် အရှေ့ ၊အနောက်၊ တောင်၊မြောက်ဟူ၍ ၀င်ပေါက်လေးပေါက်ရှိရာ အရှေ့ပေါက်နှင့် အနောက်ပေါက်အားဆက်သွယ်ထားသော ဈေးလမ်းမကြီးတစ်လျှောက်သည် အစည်ကားဆုံးနေရာပင်ဖြစ်၏။

ထိုလမ်းမကြီးဘေးတဘက်တစ်ချက်တွင် ကုန်စုံဆိုင်၊ဆေးဆိုင် ၊အလှကုန်ဆိုင် ၊ဖိနပ်ဆိုင် ၊အ၀တ်အထည်ဆိုင် စသည်ဖြင့် ဆိုင်မျိုးစုံတို့အပြိုင်အဆိုင်ရောင်းချနေကြသည်ကို ဈေးဖွင့်ရက်တိုင်းတွေ့မြင်နိုင်၏။

ကျန်နေရာများတွင်မူ လူသွားလူလာကျဲပါးတတ်၏။

ဈေး၀ယ်သူများကလည်း အတွင်းဘက်သို့ ၀င်လေ့ သိပ်မရှိကြပေ။

ထို့ကြောင့် အတွင်းဖက် ဆိုင်များက အရောင်းအ၀ယ် ထိုင်းကြသည်ဟုပင် ဆိုရပေမည်။

မချို၏ ဆိုင်ခန်းသည် ဈေးတောင်ဘက်ပေါက်နှင့်ပိုနီး၏။
ထိုအနီးတဝိုက်တွင် ငါးပိငါးခြောက်ရောင်းချသူ များသော်လည်း သူ့မိတ်နှင့်သူသာ ရောင်း၀ယ်ကြ သည်မို့ အရောင်းမသွက်လှသော်လည်း ခပ်မှန်မှန်တော့ အရောင်းအ၀ယ်ဖြစ်သည်ဟု ဆိုနိုင်သည်။

မချိုအိမ်သို့ပြန်ရောက်ပြီး ချက်ပြုတ်ရန်ပြင်ဆင် နေရင်း သူမ၏ သေတ္တာသော့အား သတိရသွားသည်။
ခဏနေ ငွေရှင်းရတော့မည်မို့ ငွေထည့်ထားသော သံသေတ္တာ သော့အား ရှာဖွေသော်လည်း လုံး၀ရှာမတွေ့ပေ။

သော့အား မည်သည့်နေရာ၌ သိမ်းမိလေသနည်းဟု တွေးရင်းမှ
သူမမနက်က ဆိုင်သို့ ရောက်သောအခါ သူမလက်ကိုင်အိတ်ပေါ် ရေများဖိတ်ကျသဖြင့် အိတ်ထဲမှပစ္စည်းများအား အံဆွဲ၌ထည့်ကာ အိတ်ကို နေပူလှမ်းထားလိုက်၏။

ဈေးသိမ်းချိန်သို့ရောက်သောအခါ အလျှင်စလိုဖြင့် အံဆွဲမှပစ္စည်းများအားသိမ်း၍ ပြန်လာသည်မို့ သံသေတ္တာသော့က အံဆွဲထဲ၌ ကျန်ခဲ့ခြင်းဖြစ်မည်။

” အင်း ခုချိန်သွားယူရင်တော့ ဈေးစောင့်ကြီးရှိလောက်သေးတယ် ”
သူမလဲ ဆိုင်ကယ်ဖြင့် ခပ်မြန်မြန်မောင်းကာ ဈေး၏ အနောက်ပေါက်တွင် ဆိုင်ကယ်အားရပ်လိုက်‌လေသည်။

သူမဆိုင်ကယ်ရပ်လိုက်သည်နှင့် ဈေးစောင့် အဖိုးကြီးအား အနောက်ပေါက်၏ ဘေးတွင် အသင့်တွေ့လိုက်ရသဖြင့် မချို၀မ်းသာသွားလေသည်။
ဈေးစောင့်အဖိုးကြီးသည် စည်ပင်၀တ်စုံ ၀တ်ဆင်ထားသော လူတစ်ဦးနှင့်စကားပြောနေလေသည်။

“ဈေးစောင့်ကြီးရေ ကျွန်မဆိုင်မှာ သော့ကျန်ခဲ့လို့ပြန်လာယူတာ ခဏစောင့်ပေးဦး ”

” အေမြန်မြန်သွား မြန်မြန်ပြန်ခဲ့ ၊ဒီဈေးက ညမှောင်ရင်မကောင်းဘူး”

သူမလဲ ခေါင်းညိမ့်ပြကာ သူမဆိုင်ရှိရာသို့ခပ်သွက်သွက်လေး သွားလိုက်၏။

တစ်ဈေးလုံး ခွေးတစ်ကောင် ကြောင်တမြီးမှ မရှိပဲ တိတ်ဆိတ်နေမှုကြီးက သူမအား ခြောက်က်ခြားစေသည်ကတော့ အမှန်ပင်။

သူမ… ငါးခြောက်တန်းဆီသို့ရောက်သောအခါ ခိုးခိုးခစ်ခစ်ရယ်သံများလိုလို၊
စကားပြောသံများလိုလိုကြားလိုက်ရသောကြောင့်

” ဟင် လူရှိသေးတာလားမသိဘူး ”

သူမတစ်ဦးတည်း ရေရွတ်ကာ အဖော်ရှိသေးသည်ဟူသောအသိစိတ်က အတော်အတန်တော့ အကြောက်ပြေသွားလေသည်။

သူမဆိုင်ရှေ့သို့ ရောက်သောအခါ သူမဆိုင်ခန်းထဲမှ တဂျွတ်ဂျွတ်မြည်အောင်ဝါးနေ‌သော အသံအား ကြားလိုက်လျှင်

“ဟင် ကြွက်တွေ ငါ့ရဲ့ငါးခြောက်တွေကို စားကုန်ပြီထင်တယ် ”

သူမလည်း ဆိုင်ခန်းသော့အားအမြန်ဖွင့်ကြည့်လိုက်ရာ

“အ..မ..လေး ”

သူမ မြင်လိုက်ရသောမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားကာ အသံကုန် အော်ဟစ်လိုက်မိသည်။

သူမတွေ့လိုက်ရသည်မှာ

ကတ္ထူစက္ကူကဲ့သို့ ပြားချပ်နေသော ခေါင်းကြီးတွင် ဆံပင်များ ကျိုးတိုကျဲတဲပေါက်နေကာ မျက်လုံးများကနီရဲလျှက် ဆောင့်ကြောင့်ထိုင်ရင်း ပါးစပ်ပြဲပြဲကြီးဖြင့် ငါးခြောက်များကို အားရပါးရ စားနေသော ပရလောကသားတစ်ဦးကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။

ဈေးစောင့်အဖိုးကြီးနှင့်စည်ပင်၀န်ထမ်းတို့လည်း
သူမ၏ အော်သံကြောင့် အပြေးလိုက်လာကြရာ ဆိုင်ရှေ့တွင် မေ့လဲ နေသော သူမအား တွေ့လိုက်ရလေတော့သည်။
သူတို့နှစ်ဦးလည်း သူမအား သတိပြန်လည်လာ ရန် ကြိုးစားသော်လည်း သတိပြန်မရသောကြောင့် ဆေးရုံသို့ ပို့ကြရတော့သည်။

သူမသည် ဆေးရုံရောက်ပြီးမကြာမီ သတိပြန်လည်လာသောအခါ
” အမလေး ခေါင်းပြားကြီးနဲ့ သရဲကြီး ငါးခြောက်တွေ စားနေတယ်၊ မလာနဲ့ ငါ့ဆီမလာ နဲ့ ”
ဟုသာ အဖန်ဖန် အော်ဟစ်ရုန်းကန်နေတော့သည်။

ထိုအဖြစ်အပျက်ဖြစ်ပြီးတစ်ပတ်ခန့်ကြာသောအခါ မချိုသည် အကြောင်းပြချက်မရှိပဲ ဈေးတောင်ဘက်က ရေကန်ကြီးထဲ ခုန်ချကာ ရေနစ်သေဆုံးသွားတော့သည်။

ထို့နောက်ပိုင်းတွင် ဈေးသူဈေးသားများက ဆိုင်ကိုစောစောပိတ်သိမ်းကြကာ ညနေစောင်း မှောင်ရီသန်းချိန်တွင် ဈေးသို့ မည်သည့်ကိစ္စကြောင့်ဖြစ်စေ လာလေ့မရှိကြတော့ပေ။

မချိုအဖြစ်က သူတို့အတွက် စံနမူနာတစ်ခုဖြစ်ခဲ့လေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxx

(၂)

အောင်မောင်းတို့ တက်ရောက်ပညာသင်ယူနေသော အလက (ခွဲ) ကျောင်းလေးသည် ထိုဈေး၏ တောင်ဘက် တစ်လမ်းကျော်တွင် ရှိလေသည်။

ဈေးတောင်ဘက်က ရေကန်ထဲတွင် ရေနစ်သေဆုံးကြသော ကလေးအများစုမှာ အောင်မောင်းတို့ ကျောင်းတွင်ပညာသင်ယူနေကြသော ကလေးများဖြစ်ကြလေသည်။

ရေကန်ကြီး၏ အရှေ့ဘက်တွင် ဘောလုံးကွင်းကျယ်ကြီးလည်း ရှိသောကြောင့် ကလေးများ ကျောင်းဆင်းလျှင် ကျောင်းနှင့်နီးသော ထိုဘောလုံးကွင်းတွင် ဘော်လုံးကန်တတ်ကြ၏။

ရပ်ကွက်ထဲမှ အရပ်သားများကလည်း ထိုဘောလုံးကွင်းတွင် စုကာ ခြင်းခတ်ခြင်း ဘောလုံးကန်ခြင်းများ ပြုလုပ် လေ့ရှိကြရာ ထို‌နေရာလေးတွင် ညနေစောင်းလျှင် လူစည်ကား တတ်လေသည်။

ရေကန်ကြီးကိုမူ မချိုသေပြီးနောက်ပိုင်း တိုင်များစိုက်ကာ သံဆူးကြိုးဖြင့် ပတ်ပတ်လည် ကာရံထားသည်။
ထိုရေကန်သည် ကား လမ်းမကြီး၏ အရှေ့ဘက် ကပ်လျှက်တွင် ရှိ၏။

ထော်လာဂျီ မောင်းသော ကားသမားများသည် ရေကန်ကြီးမှ ရေကို အသုံးပြုတတ်ကြသဖြင့် ရေကန်၏ အနောက်ဖက် တွင် လူတစ်ဦးစာ ၀င်ပေါက်နေရာကိုမူ သံဆူးကြိုးကာရံမထားပဲ ချန်လှပ်ထား၏။

ရေကန်နှင့် ဈေး သည် လမ်းသွယ်တစ်ခုသာ ခြားလေသည်။

အောင်မောင်းတို့ကျောင်းမှ ကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများက ကျောင်းမှကလေးများအား ထိုရေကန်သို့ သွားရောက်ရေကူးခြင်းမပြုရန် အမြဲ မှာကြားလေ့ရှိကြ၏။

သို့သော် မြင့်သူတို့ အုပ်စုသည် ညနေကျောင်းက အပြန် ဘောလုံးကွင်းတွင် ဘောလုံးကန်ကြပြီးလျှင် ထိုကန်၌ ရေဆင်းကူး ကြပြီးမှ ပြန်လေ့ရှိကြသည်။

အတန်းပိုင်ဆရာမသိလျှင် ရိုက်ကာ ဆုံးမ၏။

သို့သော် မြင့်သူတို့က ထိုရေကန်တွင် ရေကူးမြဲ ပင် ဖြစ်သည်။

” ဟျောင့် အောင်ခိုင် ၊ ဆရာမက ငါတို့ကို ရေကူးလို့ ရိုက်တာခဏ ခဏပဲ ၊ ငါတို့က ဒီကန်မှာ မွေးကတည်းက ရေကူးလာတာ သူမသိဘူး၊ သေကံပါရင်တော့ သေမှာပဲလေကွာ ၊ ‌ငါတို့ကို လာပြီး ဖြဲခြောက်နေတယ် ”

“ဟုတ်ပ ဟိုကောင် အောင်မောင်းက အခြောက်လိုလို ဂန်ဒူး လိုလိုနဲ့
ဆရာမကို ကြောက်လို့ ရေမကူးဘူးလေး ဘာလေးနဲ့ ၊
ဒီနေ့ ညနေ ဒီကောင့် ကို ရအောင် ရေခေါ်ကူးကြမယ် ”

” ဟုတ်တယ်ကွ ဒီညနေတော့ တွေ့ကြသေးတာပေါ့ကွာ ဟား ဟား ဟား”

အောင်ခိုင်၏ စကားကြောင့် အားလုံးက ‌သဘောကျစွာ ရယ်လိုက်ကြ၏။

မြင့်သူ၏ ဖခင်က စိုက်ပျိုးရေးသမားတစ်ယောက်ဖြစ်သည်။
မြင့်သူ၏ မိခင်က သူငယ်စဉ်ကတည်းကပင် တိမ်းပါးသွားပြီဖြစ်၏။
မြင့်သူဖခင်က သူ၏ စိုက်ခင်းတွင်သာ အမြဲ အချိန်ကုန်တတ်သည်မို့ မြင့်သူက ဖခင်ကွယ်ရာတွင် ထင်ရာ စိုင်းတတ် လေသည်။

ညနေကျောင်းဆင်းသောအခါ မြင့်သူက
” ငါတော့ အတန်းပိုင်ဆရာမစက်ဘီး ကိုလေလျော့ခဲ့တယ် ”

“ဟာ ”

“ဟင်”

မြင့်သူစကားကြောင့် အားလုံးက အံ့ဩသွားကြ၏။

“မင်းတို့က တဟာဟာ တဟင်ဟင်နဲ့ ဘာဖြစ်နေကြတာလဲ ၊ ငါတို့ကို ရေကူးလို့‌ဆိုပြီး ရိုက်တာ တစ်ခါလဲ မက၊ နှစ်ခါလဲ မကတော့ဘူး ”

ထိုအခါ အောင်မောင်းက

” မြင့်သူ မင်း မိုက်ရိုင်းတာကွာ၊
ဆရာမက ညနေကျောင်းဆင်းပြီးရင် လူမမာသူ့မိခင်ကြီးကို ပြုစုနေရတာကွ၊
ပြီးတော့ ဆရာမက သူ့အိမ်ရှေ့မှာ ညနေခင်းကုန်စိမ်းတွေ ခင်းပြီးရောင်းရဦးမှာ၊
ဆရာမက ရိုက်တယ်ဆိုတာကလည်း မင်းတို့ရေနစ်သေမှာစိုးလို့ကွ ”

” ဘာလဲ အောင်မောင်း ၊မင်းကမကျေနပ်ဘူးလား”

မြင့်သူက အောင်မောင်းလည်ပင်းမှ အင်္ကျီစအား ဆွဲကာ ထိုးမည့် ဟန်ပြင်နေ၏။

အောင်မောင်းက မြင့်သူမျက်နှာအား သေချာ ကြည့်ကာ

” မိဘဆရာကို စော်ကားရင် ကံကြီးထိုက်တတ်တယ်မြင့်သူ ” ဟု ဆိုလိုက်၏။

ကျောင်းဆင်းချိန်ဖြစ်သောကြောင့် ကျောင်းသားကျောင်းသူအချို့က သူတို့အား ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်မို့ အောင်ခိုင်က

” တော်တော့မြင့်သူ သူများတွေ ကြည့်နေတယ်
တော်ကြာရန်ဖြစ်လို့ နက်ဖြန်ကျောင်းအုပ်ကြီးရုံးခန်းရောက်နေမယ်”

ကျောင်းအုပ်ကြီးဟူသော အသံအားကြားလိုက်ရလျှင် မြင့်သူက အောင်မောင်းလည်ပင်းမှ အင်္ကျီစအား လွှတ်ပေးလိုက်၏။

ကျောင်းအုပ်ကြီး၏ ကြိမ်လုံးကိုမူ တစ်ကျောင်းလုံးက ကြောက်ကြ၏။

အောင်မောင်းလည်းကျောင်းသို့ ပြန်လှည့်လာရာ အတန်းပိုင်ဆရာမက သူ၏ စက်ဘီးလေးအားတွန်းလာသည်ကို တွေ့လိုက်ရသည်။

“ဆရာမ စက်ဘီးကဘာဖြစ်တာလဲ၊
စက်ဘီး ကျွန်တော့်ကိုပေးလိုက်၊
ကျွန်တော်စက်ဘီးဆိုင်သွားပြီးပြင်ပေးမယ်”

” ကျေးဇူးပါသားရေ ဆရာမ‌‌ဖြေးဖြေးလိုက်လာခဲ့မယ်၊ ဆရာမက ၀တော့ လမ်းသိပ်မလျှောက်နိုင်ဘူးသား”

ဆရာမအားကြည့်ကာ အောင်မောင်းအတော်ပင် စိတ်မကောင်း ဖြစ်သွား၏။

အောင်မောင်းလည်း စက်ဘီးလေထိုးဆိုင်သို့ အမြန်သွားကာ စက်ဘီးအားလေထိုးလိုက်သည်။

ဆရာမက အသက်လည်း အတော်ကြီးကာ ခန္ဓာကိုယ်ကလည်း ၀သဖြင့် လမ်းလျှောက်သည်မှာနှေးလွန်းလှသည်။

အောင်မောင်းလည်း ဆရာမထံ ပြန်လာခဲ့ရာ

” ဟင် သားလေး မြန်လှချည်လား ဘီးဖာတာက”

” ဘီးပေါက်တာမဟုတ်ဘူး ဆရာမ၊
ဘီးလေလျော့တာတဲ့”

” ဟုတ်လား ဟိုကောင်လေး မြင့်သူလက်ချက်ပဲနေမှာ
သူဒီနေ့ ဆရာမစက်ဘီးနား ရစ်သီရစ်သီလုပ်နေတာ တွေ့လိုက်တယ်၊
ဆရာမကသူ့ကိုရိုက်လို့ မကျေနပ်တာနေမှာ၊
သူက မိတဆိုးသားလေးမို့ ဆရာမက ကိုယ့်သားလေးလိုသဘောထားပြီး ဆုံးမတာပါကွယ်”

စိတ်မကောင်းဖြစ်နေသော ဆရာမအား ကြည့်ကာ အောင်မောင်းသနားမိ၏။
“ဆရာမ လမ်‌းလျှောက်လာရတော့ မောနေမှာပေါ့၊
သားဆရာမအိမ် လိုက်ပို့ပေးမယ်၊
ဆရာမ က မောနေတော့ စက်ဘီးနင်းနိုင်မှာမဟုတ်ဘူး ”

” ကျေးဇူးပါသားရယ်
သားက လိမ္မာတယ်၊
သားသူငယ်ချင်း မြင့်သူတို့ အောင်ခိုင်တို့နဲ့
စိတ်ပေါင်းကိုယ်ခွာနေနော်သား”

အောင်မောင်းစက်ဘီးနင်းလာစဉ် ဆရာမကနောက်မှထိုင်၍ ဆုံးမစကား တတွတ်တွတ်ပြောနေရှာ၏။

ဆရာမ အိမ်သို့ ရောက်သောအခါ
” လာသားရေ ထိုင်ဦး ၊ရော့ ငှက်ပျောသီးလေးစားရင်း အမောဖြေဦး ”

” ဟုတ်ကဲ့ ဆရာမ ”
အောင်မောင်းက ဆရာမကျွေးသော ငှက်ပျောသီး အားစားကာ ဆရာမက သူမ၏ မိခင်အား ပြုစုသမျှအား ကြည့်နေမိ၏။

ကြည့်နေရင်းမှ သူ၏မိခင်ကိုလည်း ယနေ့ ညနေမှစ၍ အိမ်အလုပ်များ ကူလုပ်ပေးတော့မည်ဟုလည်း တွေးနေမိ၏။

” ဆရာမ ဈေးဆိုင်ခင်းပေးရမလား”

” သားလေး အိမ်ပြန်နောက်ကျနေပါ့မယ်ကွယ် ”

” ရတယ်ဆရာမ ၊သားက အိမ်ပြန်နောက်ကျနေကြပဲ ”

” ဟင် ဆရာမ ဈေးရောင်းမယ့် အသီးအရွက်တွေကလည်း နဲနဲပဲ ရှိတော့တာလား ”

” ဟုတ်ပသားရေ ၊ညနေကျောင်းဆင်းရင် ဈေး၀င်၀ယ်မယ်လို့စိတ်ကူးထားတာ စက်ဘီးလေလျော့တာနဲ့ အစီအစဉ် ပျက်သွားတာ”

” ဆရာမ ၀ယ်မယ့်စာရင်းရေးပေးလိုက် ကျတော်သွား၀ယ်ပေးမယ် ၊ ဆရာမ ဟိုတစ်ခါ သွားတဲ့ အဖွားဆိုင်က ၀ယ်ရမှာမို့လား”

” ဟုတ်တယ်သား ၊ဒါဆိုကျေးဇူးပဲ ဆရာမ၀ယ်မယ့်စာရင်း ရေးလိုက်မယ် ”

” ဟုတ်ဆရာမ ”

ထိုအချိန်တွင် မြင့်သူနှင့် အောင်ခိုင်တို့မှာ
” ဒီညနေ ဘောလုံးကန်ရတာ စိတ်ကိုမပါဘူး
တော်ပြီကွာ မကစားတော့ဘူး ရေပဲ ကူးတော့မယ် ”
” ဟုတ်တယ် အောင်ခိုင် ငါကောပဲ၊
ဟိုကောင် အောင်မောင်းကြောင့် ၊
နက်ဖြန်ဒီကောင့်ကို ပညာပေးရမယ် ”

“ဟုတ်တယ် ”

သူတို့နှစ်ဦးသည် ဘောလုံးကစားနေရာမှ ထွက်လာကာ ရေကန်ဘက်သို့ ရောက်လာကြ၏။

ထို့နောက် အဖြူအစိမ်းများချွတ်ကာ ရေထဲ ဒိုင်ဗင် ထိုးလိုက်ကြတော့သည်။

အောင်ခိုင်နှင့် မြင့်သူတို့ ရေငုပ်နေစဉ်
မြင့်သူ၏ နံဘေးတွင် မျက်စိဖြူကြီးဖြင့် မိန်းမကြီးတစ်ဦး၏ မျက်နှာကြီးအားတွေ့ လိုက်ကြရသည်။

ထိုမိန်းမကြီးက ရယ်နေကာ မြင့်သူနှင့် အောင်ခိုင်တို့အား လှမ်းဆွဲ လေ၏။

အောင်ခိုင်က အတင်းရုန်းကန်ကာ ရေကန်ပေါ် တက်ပြေးလိုက်နိုင်သော်လည်း မြင့်သူက ထိုမိန်းမကြီး ‌ဆွဲခေါ်ရာ‌နောက်သို့ ပါသွားတော့သည်။

အောင်ခိုင်က ထိတ်လန့်စွာဖြင့်

” လာကြပါဦး မြင့်သူရေနစ်နေလို့ ၊
ရေထဲက မိန်းမကြီးက မြင့်သူကို ဆွဲခေါ်သွားပြီ ”
ဟု အသံကျယ်ကြီးဖြင့် အော်လိုက်လေသည်။

အောင်ခိုင်၏အော်သံကြောင့် အနီးအနား၀န်းကျင်မှ လူများက ရေကန်အနီးသို့ရောက်လာကြ၏။

သို့သော် အောင်ခိုင်က ရေထဲက မျက်စိဖြူကြီးဖြင့် မိန်းမကြီးရှိသည်ဆိုသောကြောင့် ကန်ထဲသို့ မဆင်းရဲကြဘဲ အုတ်အော်သောင်းနင်းဖြစ်နေကြလေသည်။

ထိုအချိန်တွင် အောင်မောင်းသည် စက်ဘီးဖြင့် ရေကန်ဘေးသို့ ရောက်လာချိန်နှင့် တိုက်ဆိုင်နေသဖြင့်
အောင်မောင်းက မြင့်သူ၏ဖခင် ရှိရာစိုက်ခင်းသို့
စက်ဘီးဖြင့် သွားကာ
” ဦးလေး ဦးလေးသား ဈေးတောင်ဘက်က ကန်မှာရေနစ်နေလို့ ”

အောင်မောင်း၏ စကား သံကြောင့် မြင့်သူ၏ ဖခင်မှာသူ၏ စက်ဘီးဖြင့် အမြန်နင်းကာ ဈေးတောင်ဘက် ရေကန်သို့ ရောက်လာတော့သည်။

” သားလေး ငါ့သားလေး ၊ ရေနစ်မသေရဘူး ”

ထိုသို့ အော်ကာ သူ၏ဦးခေါင်းတွင် ဆောင်းထားသော ခမောက်ပင် မချွတ်တော့ ပဲ ရေကန်ထဲ ခုန်ချလိုက်တော့သည်။

အတန်ကြာသောအခါ ခမောက်လေးသာ ရေကန်ထက်သို့ ပေါ်လာခဲ့သော်လည်း မြင့်သူ၏ ဖခင်မှာမူ ရေပေါ်သို့ ပြန်တက်မလာနိုင်တော့ချေ။

ရေကူး ကျွမ်းကျင်သူများက မြင့်သူတို့ သားအဖ နစ်မြှုပ်သွားရာနေရာတဝိုက်၌ ရှာကြသော်လည်း မတွေ့ကြပေ။
ညနေမီးထွန်းချိန်ရောက်မှသာ ရုပ်အလောင်းများအား တွေ့ကြရလေတော့သည်။

မြင့်သူနှင့်သူ၏ ဖခင်အလောင်းအား တွေ့ရှိချိန်၌ သူတို့၏ လက်ထဲတွင် ရှည်လားသော ဆံချည်မျှင် တထွေး ကြီးအား ဆုပ်ကိုင်ထားကြသည်ကို ထူးဆန်းဖွယ် တွေ့ကြရလေတော့သည်။

အောင်ခိုင်မှာလဲ စိတ်ကယောက်ကယက်ဖြစ်ကာ ထိုစာသင်နှစ်တွင် ကျောင်းအား ဆက်မတက်နိုင်တော့ပဲ ကျောင်းမှ အနားယူခဲ့ ရလေသည်။

မြင့်သူတို့ သားအဖ သေဆုံးခြင်းသည် ရေထဲမှ သရဲမက သတ်သည်ဟု ပြောကြကုန်လေ၏။

နောက်ပိုင်းတွင် ညအချိန်၌ထိုကန်ကြီးရှေ့သို့ ဖြတ်ဝံ့သူ မရှိကြတော့ပေ။

မြို့ ခံလူကြီးများ ကလည်း ထိုကန်ကြီးတွင် နောက်ထပ် လူသေဆုံးမှုများ မရှိစေရေး အတွက် ရေကန်ကြီးအား မြေဖို့ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxx

(၃)ဇာတ်သိမ်း

ကာလ အတန်ကြာသောအခါ ဆောက်လုပ်ရေး၀န်ကြီး၏ စီမံကိန်းအရ ထိုမြေဖို့ ထားသော နေရာတွင် လုံးချင်း တိုက်ခန်းလေးများစွာ ဆောက်လုပ်လေတော့သည်။

ထိုအချိန်တွင် အလက( ခွဲ)ကျောင်းလေးသည်လည်း အထက (ခွဲ ) ကျောင်းအဖြစ်သို့ အဆင့်ဆင့် တိုးမြှင့် လာပြီဖြစ်၏။

ကိုမောင်စိန်သည် ပန်းထိမ်ဆရာတစ်ဦးဖြစ်သည်။

သူသည် ဈေးတွင် ရွှေဆိုင်နှင့် ပန်းထိမ်ဖိုကို တွဲကာ ဖွင့်ထား၏။

သူ၏ ဆိုင်လေးသည် အတော်လေးပင် အလုပ်ဖြစ်သည်ဟု ဆိုရပေမည်။

ရွှေထည်များအား ရောင်းရခြင်းထက်
ရွှေအထည်ပျက်များအား ပြင်ပေးရသည်က ပိုများလေသည်။

လက်ရာ‌ သေသပ် သော ရွှေပန်းထိမ်သည်မို့ အလုပ်နှင့် လက်က ပြတ်သည်ဟူ၍လည်း မရှိပေ။

” ကိုမောင်စိန်ရေ ကျုပ်မိန်းမ ရဲ့ လက်စွပ်လေး ကျောက်ပြုတ်သွားလို့ တပ်ပေးပါဦး”

” ရတယ်ဗျာ နေ့လည်လာယူလိုက်ပါ”

” ကိုမောင်စိန်ရေ ကျမသမီးရဲ့ ဆွဲကြိုးလေး ပြတ်သွားလို့ ဆက်ပေးပါဦး ”

” ဟုတ်ကဲ့ ဒေါ်တင်မြ ၊ တစ်နာရီလောက်နေပြီးရင် လာယူလိုက် ၊
နေဦး ရွှေချိန်ကြည့်ဦးမယ် ၊
ဘောက်ချာတော့ယူသွားအုံး၊
အထည်ရွေးရင် ဘောက်ချာပြန်ယူလာလိုက် ၊ လူရင်းပေမဲ့ ရွှေထည်ပြင်ရတာ တာ၀န်ကြီးလို့ပါဗျာ ”

အလုပ်လုပ်ရာတွင် မှန်ကန်တိကျမှုရှိသလို စိတ်ချယုံကြည်ရကာ လက်ရာသေသပ်သော ကိုမောင်စိန်၏ ရွှေပန်းထိမ်လေးသည် တစ်ဖြေးဖြေး နာမည်ရလာလေသည်။

ထို့ကြောင့်လည်း ကိုမောင်စိန်သည် ဈေးတောင်ဘက်၌ လုံးချင်းတိုက်ခန်းလေး တစ်ခုကို ငှားရမ်းကာ ဈေးပိတ်ပြီး ချိန်တွင် အိမ်၌ ပန်းထိမ်အလုပ်ကို ဆက်လက်လုပ်ကိုင်လေတော့သည်။

ပြင်ထည်များလွန်းသောကြောင့် အလုပ်သင် ပန်းထိမ်ဆရာနှစ်‌ယောက်ကိုလည်း ခေါ်ထားလေသည်။

ထိုအလုပ်သင်ပန်းထိမ်ဆရာများက မြို့ခံ အိမ်ထောင် ရှိသူများမို့ ညအချိန်တွင် သူတို့အိမ်သို့ ပြန်အိပ်ကြသည် ဖြစ်လေရာ
တိုက်ခန်းတွင် ကိုမောင်စိန်တစ်ဦးတည်းသာ အိပ်လေသည်။

တစ်ကိုယ်ရေ သကာယ သမားမို့ ထမင်းအားပေါင်းအိုးဖြင့် တည်ကာ ဟင်းများအား ကျောင်းရှေ့က ထမင်းဆိုင်လေး တွင်၀ယ်စားသည်ကများ၏။

” ဆရာစိန်ကျတော်တို့ ပြန်တော့မယ်၊ ည၈နာရီ ထိုးတော့မယ် ဆရာ”

” ဟေ၊ ဟုတ်သားပဲ ကျုပ်တောင်သတိမထားမိဘူး ၊ နောက်ရက်တွေကျရင်တော့ ခုနှစ်နာရီလောက်ဆို ပြန်တော့ဗျာ၊
ခင်ဗျားတို့က မိန်းမနဲ့ ကလေးတွေနဲ့ ဆိုတော့
‌သူတို့က ခင်ဗျားတို့ကို မျှော်နေကြမှာ ”

” ကျေးဇူးပါဆရာ၊ ဒါဆို ကျွန်တော်တို့ ပြန်ပြီနော် ”

တပည့်များပြန်သွားပြီမို့ ကိုမောင်စိန်လဲ အလုပ်ခန်း၏ မီးများကို ပိတ်လိုက်လေသည်။

ကိုမောင်စိန်က ခွေးများကိုလည်း ချစ်တတ်သူတစ်ယောက်ဖြစ်သည်။

ဈေးမှ ခွေးလေခွေးလွင့်များသည် ညပိုင်းတွင် ကိုမောင်စိန်အခန်းရှေ့တွင် အိပ်ကြသည်။

ညပိုင်းစားသောက်ပြီး အကြွင်းအကျန်များအားလုံးကို နယ်ဖတ်ကာ ထိုခွေးလေခွေးလွင့်များကို ကျွေးလေ့ ရှိသဖြင့် ခွေးများက အစာကျွေးသူအား ပြန်လည်စောင့်ရှောက်‌သည့် သဘောဖြင့် ကိုမောင်စိန်တိုက်ခန်းရှေ့တွင် စုပြုံအိပ်ကြ၏။

ကိုမောင်စိန်တိုက်ခန်း‌သို့ လူဆိုးသူခိုးများ၀င်ရန် မဆိုထားနှင့် အခန်းရှေ့သို့ ညအချိန်၌ လူစိမ်းများပင် ဖြတ်မလျှောက်ရဲကြပေ။

သို့သော် ညပိုင်းခွေးအူသည့် အချိန် ရောက်လျှင်တော့ ကိုမောင်စိန်အိမ်ရှေ့က ခွေးအုပ်ကြီးက အားရပါးရ ထအူတတ်ကြလေသည်။

ကိုမောင်စိန်၏ ဘေးကပ်လျှက် တိုက်ခန်းတွင် လူမရှိပေ။

တိုက်ခန်းအတော်များများကလည်း အလွတ်တွေကများသည်။

လမ်းမျက်နှာစာဖက် အခန်းအားလုံးကတော့ ဆိုင်ဖွင့်ကြသည်မို့ အတော်လေးစည်ကားလေသည်။

ကိုမောင်စိန်တို့လို ကြားတိုက်ခန်းတွေကသာ လူမနေသော အခန်းလွတ်များနေခြင်းဖြစ်သည်။

ကိုမောင်စိန်သည် ညဘက်တွင် အရက်သောက်လေ့ရှိသည်။
အရက်သောက်ကာ ထမင်းစားပြီးမှ အိပ်ယာ၀င်သည်က အကျင့်လိုပင် ဖြစ်နေလေပြီ။

ကိုမောင်စိန်က ရေမိုးချိုးပြီးနောက် ရေခဲသေတ္တာထဲမှ အရက်ပုလင်းကိုယူကာ မီးဖိုခန်းရှိ စားပွဲပေါ်သို့တင်လိုက်သည်။
အမြည်းက မရှိသဖြင့် လမ်းမဘက်၌ ဖွင့်လှစ်ထားသောကုန် စုံဆိုင်၌ အသင့်စား ဆတ်သား‌ခြောက်တစ်ထုတ်ကို ၀ယ်ကာပြန်လာခဲ့သည်။

“ရှပ် ရှပ် ရှပ်”

သူ၏ နောက်မှ ခြေသံကြားရသဖြင့် လှည့်ကြည့်သော်လည်း မည်သူမျှ ရှိမနေပေ။

ကိုမောင်စိန်၏ အခန်းရှေ့မှ ခွေးများက လည်း သူ့အား ကြည့်ကာ တအီအီ ဖြင့်အသံပြုလျှက် အမြီးကုပ်နေကြ၏။

” မင်းတို့ကို ပြီးမှကျွေးမယ်ကွာ၊ စောင့်နေကြဦး ၊ငါအရင်စားလိုက်ဦးမယ် ”

အောင်စိန်က ခွေးများအားကြည့်ကာ ထိုသို့လှမ်းပြောပြီး အိမ်ထဲ၀င်လိုက်သည်။

တံခါးမကြီးအား ပိတ်လိုက်၏။
ထို့နောက် မီးဖိုခန်းထဲ ၀င်၍ ဆတ်သားခြောက်အနည်းငယ်အား ယူကာ ဒယ်နီထဲသို့ ဆီထည့်ကာ နွေးလိုက်၏။

ဆတ်သားခြောက်ကြော်နံ့က မီးဖိုခန်း တစ်ခုလုံး မွှေးကြိုင်သွား သည်မို့ ကိုမောင်စိန် ထမင်းပင်ဆာလာတော့သည်။

ထို့ကြောင့် အရက်သောက်ပြီးလျှင် ထမင်းစားမည်ဟူသောစိတ်ကူးဖြင့် ထမင်းပေါင်းအိုးထဲမှ ထမင်းအနည်းငယ်ကို ခူးကာ စားပွဲပေါ်တင်လိုက်သည်။

သူ၏ စားပွဲပေါ်တွင် ရေရောထားသော အရက်ခွက်၊ အရက်ပုလင်း၊ ဆတ်သားခြောက်ကြော် ၊ထမင်းပန်းကန်တို့အား အသင့်ပြင်ကာ ဗိုက်နာလာသဖြင့် အိမ်သာထဲ ‌‌ ခေတ္တ၀င် လိုက်သည်။

အိမ်သာမှ ပြန်ထွက် လာလျှင် လက်ဆေးပြီး မီးဖိုခန်းထဲ ၀င်ကာ အရက်အား စသောက်လေတော့သည်။

သူအရက်သောက်စဉ် မီးဖိုခန်းမှ မီးချောင်းက တဖျတ်ဖျတ်ခါနေသည်။

” ကျွတ် အရေးထဲ မီးချောင်းက ကျွမ်းတော့မှာ နေမှာ”
ကိုမောင်စိန်က အရက်သောက်ရင်း စိတ်ပျက်စွာ ညည်းညူလိုက်၏။

ထို့နောက် သူနှင့် မျက်နှာချင်းဆိုင်အား ကြည့်လိုက်ရာ တစ်ကိုယ်လုံး ရေများရွှဲစိုကာ ခမောက်အား ခပ်ငိုက်ငိုက် ဆောင်းထားသော လူတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူ၏ မျက်နှာသည် ခမောက်ဖြင့် ကွယ်နေသောကြောင့် မျက်နှာအား ကောင်းစွာ မမြင်ရချေ။

” ဟာ ဟေ့လူ ခင်ဗျား ဘယ်လိုလုပ် ကျုပ်အခန်းထဲ ရောက်နေတာလဲ ၊ ခင်ဗျားက လူလား သရဲလား”

“…..”

ထိုသူက ဘာမှပြန်မပြောပဲ ထိုနေရာတွင်သာ တောင့်တောင့်ကြီး ထိုင်နေ၏။

ကိုမောင်စိန်က သရဲကြောက်တတ်သူ တစ်ယောက်တော့ မဟုတ်ပါချေ။

ထိုလူကြီးက ငြိမ်သက်နေရာမှ အနည်းငယ်လှုပ်ရှားလာကာ
” ငါ ဗိုက်ဆာလို့ပါ ၊ငါ့ကို အမဲခြောက် ကျွေးပါလား ၊ထမင်းလည်း မစားရတာ ကြာပြီ”

ထိုလူက အသံဩဩကြီးဖြင့် ဗလုံးဗထွေး ပြောကာ
သူ၏ လက်ဖဝါး အား ကိုမောင်စိန်ရှေ့ သို့ ထိုးပေးလေသည်။

ထိုအခါ ထိုလူ၏ လက်ဖဝါးတစ်ခုလုံးမှာ ဖြူဖွေးဆွတ်နေပြီး အသားများမှာ ပဲကြီးရေစိမ်ထားသကဲ့သို့ ပွယောင်းကာ တွန့်ကြေနေလေ၏။

ထိုလက်ကြီးအား ကြည့်ကာ ကိုမောင်စိန်မှာ လန့်လွန်း၍ ထိုင်နေသော ခုံပေါ်မှပင် ပြုတ်ကျသွားတော့သည်။

” စား စား မင်းဟာမင်း ကြိုက်သလောက်စား ၊ ငါ့ကိုတော့ မနှောင့်ယှက်နဲ့ ၊
ငါသွားအိပ်တော့မယ်”

ကိုမောင်စိန်လဲ အိပ်ယာခန်းထဲ သို့ ကြောက်အားလန့်အား ဖြင့် ပြေး၀င်လေတော့သည်။

အခန်းထဲသို့ ရောက်သောအခါ အသားများပင် တဆတ်ဆတ်တုန်ကာ ဇောချွေး များပင် ပျံလာ၏။
အခန်းအပြင်ဘက်၌မူ လူများ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ခြေသံများ၊
မီးဖိုခန်း၌ ကြောင်အိမ်တံခါးဖွင့်သံ ၊အိုးခွက်ပန်းကန်သံများ ကိုလည်း ကြားနေရ၏။

ကိုမောင်စိန်လဲ ကြောက်အားလန့်အားဖြင့် မှတ်မိသမျှ ဘုရားစာများကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ဆိုကာ မည်မျှကြာသွားသည်မသိ အိပ်ပျော်သွားလေတော့သည်။

” ဒုန်း ဒုန်း ဒုန်း ”
” ဆရာမောင်စိန် ၊ ဆရာ အိပ်ယာမထသေးဘူးလား ”

တံခါးထုသံနှင့် ခေါ်သံများ ကြောင့် ကိုမောင်စိန် အိပ်ယာမှ နိုးလာ၏။

တံခါးအား ဖွင့်လိုက်သောအခါ သူ့အား စိုးရိမ်ကြီးစွာ ကြည့်နေကြသော အလုပ်သင် ပန်းထိမ်ဆရာ နှစ်ဦးအား တွေ့လိုက်ရ၏။

” ဆရာ့ကို ကျွန်တော်တို့ နိုးနေတာ ကြာပြီ၊ ဆရာအတော်နဲ့ ပြန်မထူးလို့ လန့်သွားတာပဲ ”

” ညက အတော်နဲ့ အိပ်မပျော်လို့ မနက်မထနိုင်တော့တာ ၊မင်းတို့ အလုပ် လုပ်နှင့်ကြအုံး ၊ငါ မျက်နှာသစ်ရေချိုးလိုက် အုံးမယ် ”

” ဟုတ်ကဲ့ ဆရာ ”

ကိုမောင်စိန်လည်း မီးဖိုခန်းထဲ ၀င်ကြည့် လိုက်ရာ
စားပွဲပေါ်တွင် ထမင်းပန်းကန်ထဲမှ ထမင်းများက အရည်များတစီစီ ထွက်သည်အထိ သိုးနေပြီး ဆတ်သားခြောက်များက တစ်ဖတ်မှ မရှိတော့ပေ။

ထမင်းပေါင်းအိုး အဖုံးလည်းပွင့်လျှက် ပေါင်းအိုးထဲမှ ထမင်းများက အရည်များပင်ထွက်နေ၏။
ဆတ်သားခြောက်များလည်း မရှိတော့ဘဲ အိတ်အခွံချည်းသာ ကျန်နေ၏။
ကြောင်အိမ်ထဲ မှ အသားဟင်းခွက်ကလဲ လျှာဖြင့်လျှက်ထားသကဲ့သို့ ပြောင်နေ၏။

ကြောင်အိမ်၏ အစွန်ဘက် သစ်သားနှစ်ခု ဟနေသော နေရာ၌ ဆံချည်မျှင်များ တစ်ထွေးကြီး ညှပ်ကျန်နေခဲ့ သည်ကို တွေ့လိုက်ရသောအခါ

” ဟေ့ ကောင်တွေ လာကြည့် အုံးဟ ”

သူ၏ ခေါ်သံကြောင့် သူ၏ တပည့် နှစ်ယောက်လဲ လာကြည့်ကြရာ

” ဟာ ဆရာ၊ ဆံချည်မျှင် အရှည်ကြီးတွေ အထွေးလိုက်ကြီးပါလား ”

ထိုအခါမှ ကို‌ မောင်င်စိန်က ညက အဖြစ်အပျက်များအား သူ၏ တပည့်များကို ခရေစေ့ တွင်းကျ ပြောပြလိုက်တော့သည်။

“ဟင် ဒါဆို ဆရာညက သရဲခြောက် ခံရတာပေါ့ ”

” ဟုတ်တယ်ကွာ အတော်ကြောက်စရာကောင်းတယ်၊ သရဲမကြောက်တဲ့ ငါတောင် တစ်ကယ်တန်း သရဲနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတော့ နေစရာနေရာတောင် မရှိအောင်ကို ထိတ်လန့်သွားတာ၊
နှလုံးရပ်ပြီးမသေတာ ကံကောင်းတယ် ”

“ဆရာ ပန်းထိမ်ဆရာ အောင်မောင်းကို သိလား”

” သိတယ်လေကွာ ၊ သူက ကျောက်ထည်တွေချည်းကိုင်တဲ့ ပန်းထိမ်ဆရာလေ ၊သူနဲ့ ခင်တယ်၊ဘာလို့လဲ ”

” ဆရာဒီကအကြောင်းတွေ သိချင်ရင် သူ့ကိုသာမေးကြည့် ၊သူတစ်ခေါက်က ပြောနေတာ ကြားဖူးတယ်”

” ဟင်ဟုတ်လား ၊ ဒါဆို ငါ ခု မနက်စာ ထွက်စားရင်း သူ့ဆီသွားမေးကြည့်ဦးမယ် ”

ကိုမောင်စိန်လည်း ပန်းထိမ်ဆရာ ကိုအောင်မောင်းထံ ထွက်လာခဲ့တော့သည်။

သက်သေအဖြစ် ကြောင်အိမ်ထောင့်တွင် ညှပ်နေသော ဆံချည်မျှင် တစ်ထွေးကြီးအား အိတ်တစ်အိတ်ထဲ ထည့်ကာ ယူလာခဲ့၏။

ကိုအောင်မောင်းထံသို့ ရောက်သောအခါ ကိုအောင်စိန်က ‌တိုင်ပင်စရာရှိသည်ဟု ဆိုကာ နှစ်ဦးသား လက်ဖက်ရည် ဆိုင်သို့ ထွက်လာကြလေ၏။

လက်ဖက်ရည်ဆိုင် သို့ ရောက်သောအခါ လက်ဖက်ရည် ကျစိမ့်နှစ်ခွက်ကို မှာယူလိုက်သည်။

” ပြောလေ ကိုမောင်စိန် ကျုပ်နဲ့ တိုင်ပင်စရာရှိတယ်ဆို ဘာများလဲ ”

” ဒီလိုဗျ ကိုအောင်မောင်းရ …”
ဟု အစချီကာ ‌ကိုမောင်စိန်က ညက ကြုံတွေ့ရသော အဖြစ်အပျက် များအား ပြောပြကာ သူယူလာသော ဆံချည်မျှင်တစ်ထွေးကြီးအား ပြလိုက်တော့သည်။

ထိုအခါ ကိုအောင်မောင်းကလည်း ထိုဆံချည်မျှင်တစ်ထွေးကြီးအားကြည့်ကာ အံ့ဩသွားလေသည်။

သူကလည်း ကိုမောင်စိန်အား သူငယ်စဉ်က ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်များကို ပြောပြလိုက်ရာ

” ဟာ …ဒါဆို.. ညက ခမောက်နဲ့လူက ခင်ဗျားသူငယ်ချင်းမြင့်သူရဲ့ အဖေ များဖြစ်နေမလား”

” သိပ်ဖြစ်နိုင်တာပေါ့ဗျာ ၊
သူတို့ဟာ ရေကန်ကြီးမှာ ရေနစ်သေသွားကြတာလေ။
ကန်ကြီးကို ဖို့လိုက်တော့လည်း မကျွတ်မလွတ်တဲ့ ဘ၀နဲ့ အဲဒီမြေမှာ ပဲ ကျင်လည်နေပုံရတယ်၊
သနားစရာပေါ့ဗျာ ၊
ဒီဆံပင် ပိုင်ရှင်က ‌မြင့်သူကို ရေထဲ မှာ ဆွဲခေါ်သွားတဲ့ သရဲမဆံပင်ဖြစ်နိုင်တယ်ဗျ၊
သူတို့ သားအဖရဲ့ အလောင်းကိုတွေ့တုန်းကလည်း
ဒီလိုဆံချည်မျှင်တစ်ထွေးကြီးကို သူတို့လက်မှာ ဆုပ်ကိုင်ထားလျှက်နဲ့ ပြန်တွေ့ရတာ ကျုပ် ခုထိ မှတ်မိနေသေးတယ်၊
အဲ့ဒီတုန်းက သူတို့လက်ထဲက ဆံပင်ချည်ဟာ ခုခင်ဗျားယူလာတဲ့ဆံပင်ချည်နဲ့ တစ်ပုံစံတည်းပဲ”

” နှစ်တွေဒီလောက်ကြာသွားတာတောင်ခုထိ ရှိနေကြတုန်းပါလား ၊စိတ်မကောင်းလိုက်တာဗျာ၊
သူတို့ကို ကုသိုလ်ပြု အမျှဝေပေးမယ့်သူတွေ မရှိတာကြောင့်များလား၊
ကျုပ် တော့ မနက်ဖြန်ကို ဘုန်းကြီးငါးပါးပင့်ပြီး သူတို့ကိုရည်စူး အလှူပြု အမျှဝေပေးမယ်ဗျာ”

” သိပ်ကောင်းတာပေါ့ ကိုမောင်စိန်၊ ကျုပ်လည်းအလှူအတွက်ထည့်ချင်တယ်ဗျာ ၊ကျုပ်သူငယ်ချင်း မြင့်သူတို့သားအဖနဲ့ ရေကန်ထဲမှာသေဆုံးတဲ့သူတွေအားလုံး၊ အဲဒီအနီး၀န်းကျင်တဝိုက်က မကျွတ်မလွတ်တဲ့ သူတွေအားလုံးကို ဖိတ်ပြီးရေစက်သွန်းချ အမျှပေးဝေရအောင်ဗျာ ”

နောက်တစ်ရက် မနက်ခင်းစောစောတွင် ကိုမောင်စိန်၏ တိုက်ခန်းလေး၌ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းကြလေတော့သည်။

ထို့နောက် လှူဖွယ်၀တ္ထု အစုစုအားကပ်လှူကာ ရေစက်သွန်းချအမျှပေးဝေကြလေတော့သည်။

ဆရာတော်များကလည်း မကျွတ်မလွတ်ကုန်သော ပရလောကသားများအား အကြိမ်ကြိမ်ဖိတ်ခေါ်ကာ တရားတော်များ ဟောကြားကာ သာဓုခေါ်စေလေသည်။

” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါ ကုန်သော်
သာဓု သာဓု သာဓု ”
ထိုသို့ သုံးကြိမ်တိတိ သာဓု ခေါ်ဆိုပြီးသည်နှင့်
ကိုမောင်စိန်၏ တိုက်ခန်းရှေ့မှ

” အူး ဝူ ဝူး …..”

ခွေးလေခွေးလွင့် တစ်အုပ်က ဆွဲဆွဲငင်ငင်ထအူလိုက်လေတော့သည်။

ခွေးအူသံများအား ကြားလိုက်ရသောအခါ ဆရာတော်က ပြုံးလျှက်

“ကဲ ဒကာကြီး မောင်စိန်နဲ့ ဒကာကြီး အောင်မောင်းတို့ရဲ့ စေတနာအလှူကြီး အထမြောက်သွားပါပြီ၊ ကျွတ်သင့် ကျွတ်ထိုက်သူတွေလည်း သာဓုခေါ်ကြလို့ ကျွတ်သွားကြပါပြီ၊
ဒကာတို့ရဲ့ မွန်မြတ်တဲ့ အလှူအတွက် ကိုယ်တော် တို့သာဓု ခေါ်ပါတယ်
သာဓု သာဓု သာဓု ”

“တင်ပါ့ဘုရား”

ကိုမောင်စိန်နှင့် ကိုအောင်မောင်းတို့ နှစ်ဦးသည်
တစ်ဦးကို တစ်ဦးကြည့်ကာ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ကြလေတော့သည်။

လေးစားစွာဖြင့်
စာရေးသူ -နန်းကြာညို