တေစ္ဆမနဲ့အစောင့်

*တစ္ဆေမ နဲ့ အစောင့်*📖📖📖

*******************************
(စ/ဆုံး)

အခန်း(၁)

    ရွာတွေမှာက  အလှုတခု ရှိပြီဆိုတာနဲ့   ရွာက ကာလသားတွေရော၊ ကာလသမီးတွေပါ ကိုယ်စီကိုယ်ငှ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် နိုင်ရာတာဝန် ထမ်းကူကြသည်။ ဒါက  မြန်မာတို့ရဲ့ ချစ်စရာ ကျေးရွာဓလေ့ပဲပေါ့။

      လူငယ်လူရွယ်တွေအသီးသီးက ကာလသားခေါင်းကတောင်  အထူးတလည်  နှိုးဆော်စရာ မလိုချေ ။ လူငယ်များသည် သူတို့အသိစိတ်နဲ့ သူတို့ ရောက်လာလေ့ရှိသည်။

ချက်ရေး ပြုတ်ရေး၊အခင်းအကျင်း၊ ဧည့်ခံ၊ အသိမ်းအဆည်း ၊ပန်းကန်ဆေး စသဖြင့်  အလှုတခု ပြီးမြောက်သွားသည်အထိ အလှု့ရှင်များက နောက်လှည့်ကြည့်စရာမလို ။ ဘာတခုမှ မလစ်ဟင်းစေရဘူး။ အားလုံး လူငယ်များက လုပ်သွားကြလေ့ရှိသည်။

      အခု  ရွာရှည်မှာ ရွာခံ လယ်ပိုင်ရှင်ဖြစ်တဲ့ အလှု့ဒါယိကာ ဦးသိန်းစိုး ၊ အလှု့ဒါယိကာမ ဒေါ်နှင်းနှင်းအေးတို့ရဲ့ ရှင်ပြုနားသ အလှုတော် ရှိသည်။ အလှုကို  ရွာဦးကျောင်းဖြစ်တဲ့ လယ်ပြင်ကြီးမြောက်တိုက်မှာ စည်ကားသိုက်မြိုက်စွာ လှုဒါန်းဖို့  စီစဥ်နေကြပါသည်။

      လယ်ပြင်ကြီး (မြောက်တိုက်)လို့ ဆိုရခြင်းက ရွာရှည်ရွာမှာ လယ်ပြင်ကြီးကျောင်းက နှစ်ကျောင်းရှိတော့ တောင်တိုက်နဲ့ မြောက်တိုက်လို့ဆိုပြီး ခွဲခြားထားလို့ပဲပေါ့။
လယ်ပြင် မြောက်တိုက်က မူလကျောင်းတိုက်။တောင်တိုက်က  နောက်မှ ဆောက်လုပ်လှုဒါန်းတာဖြစ်ပြီး ရွာနဲ့ နည်းနည်းလှမ်းပတယ်။

      မြောက်တိုက် ဆရာတော်နဲ့ တောင်တိုက်ဆရာတော်က တအူတုံဆင်း ညီအစ်ကိုရင်းတွေ ဖြစ်ကြသည်။ နှစ်ပါးစလုံးက ဓမ္မာစရိယအောင် စာတတ်ဆရာတော်တွေ။

     မြောက်တိုက်ဆရာတော်ဦးအဂ္ဂဝံသက အကြီးဖြစ်ပြီး၊ တောင်တိုက်ဆရာတော် ဦးပညာသာမိ က ညီဖြစ်သည်။

      အခု အလှုကို မြောက်တိုက်မှာ ကျင်းပပေမယ့်၊ တောင်တိုက်ဆရာတော်ကိုလည်း ထုံးစံအတိုင်း အလှု့ရှင်များက အမှုးထား ဖိတ်ကြားထားကြသည်။

     တောင်တိုက်ဆရာတော်မှာက နာမည်ကြီးတဲ့ ကိုရင်ငယ်တပါးရှိတယ်။ အဲ့ဒါကတော့ အများကသိပြီးဖြစ်တဲ့ တစ္ဆေနိုင်ကိုရင်လေး လို့ အများက ခေါ်ကြတဲ့ ကိုရင်နန္ဒိယပဲပေါ့။

     ဒီကနေ့က အလှုဝင်နေ့။ ညပိုင်းမှာ နာမည်ကြီး ဧည့်ခံဆိုင်းဝိုင်းနဲ့ ဧည့်ခံမည်။  မနက်ဖြန် အလှုကြီးပေးမယ့်နေ့။

     မနက်ဖြန်က အကျွေးအမွေးနေ့ဆိုတော့ ကျွေးမွေးဧည့်ခံဖို့အတွက် ချက်ရေးပြုတ်ရေးကို ရွာက ကာလသားခေါင်းကိုဖိုးတေ က လူငယ်တချို့နဲ့ တာဝန်ယူထားသလို ၊ ကျန်သော ဗာရီယကိစ္စတွေအတွက် ကာလသမီးခေါင်း မမြစိန်ကလည်း ရွာထဲက အပျိုတွေနဲ့အတူ ဝိုင်းကူနေကြပါသည်။

      ကျောင်းဝင်းထဲမှာ ကိုယ်အစုနဲ့ကိုယ် ၊ ဘယ်သူမှ မအားလပ်ကြဘူး။
အမျိုးသမီးတွေက ကြက်သွန်နီခွါတဲ့သူက ခွါ၊ စပါးလုံးရွေးသူက ရွေး၊ ဆန်ပြာသူက ပြာပေါ့။ အသက်နည်းနည်းကြီးတဲ့ မိန်းမလတ်တွေကတော့ မနက်ဖြန်အတွက် မုန့်ဖုတ်နေကြသည်။ တချို့လည်း ကျောက်ကျော ကျိုနေကြသည်။

      ယောက်ကျားလေးတွေကလည်း မနက်ဖြန်အတွက်ရော၊ ဒီကနေ့ ညနေ ကျွေးမွေးဖို့ရောအတွက်ပါ  အိုးကြီးအိုးငယ် အသွယ်သွယ်ဖြင့် မအားလပ်နိုင်အောင် ချက်ပြုတ် ပြင်ဆင်နေကြသည်။

     အလှုဝင်ညနေမှာတော့ ဝက်သားနဲ့ ဘူးသီးသပြွန်း၊ သရက်ချဥ်သုပ်၊ ငရုတ်သီးငပိကြော်၊ ပဲဟင်းချို တည်ခင်းဧည့်ခံမည်။

     အလှုနေ့ကြီးမှာတော့ ငါးခြောက် အုန်းနို့နှပ်၊ ကုလားပဲချက်၊ပဲ ကြာဆံဟင်းချို ၊ ပဲတီချဥ်သုပ်၊ ငရုပ်သီးထောင်းကြော် တို့အပြင် အချိုပွဲအဖြစ် နနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။

     အလှု့ဒါယိကာမှာ ကုန်ချင်သလောက်ကုန် … အပြုံးမပျက် လှုမည့်သူ ဖြစ်သလို ၊ အလှု့ဒါယိကာမမှာလည်း ငွေထုတ်ရလို့ တချက်ကလေးမှ မငြီးငြူချေ။ စေတနာသဒ္ဓါတရား အင်မတန် ထက်သန်ကြသော လိုက်ဖက်ညီသည့် အလှုရှင်ဇနီးမောင်နှံ ဖြစ်ကြသည်။

                   _________
အခန်း(၂)

    မြသာသည် လူရွှတ်လူနောက် ဖြစ်သည်။ သူသည် လူငယ်သဘာဝ ခပ်ရွှင်ရွှင်နေတတ်သူတဦးဖြစ်သော်လည်း ရပ်ရေးရွာရေးတွင်တော့ အင်မတန် တက်ကြွသူ ဖြစ်ပါသည်။

        ယခု မြသာသည် ရွာဦးကျောင်းဖြစ်သော လယ်ပြင်ကြီး မြောက်တိုက်၌ ရွာက ကာလသားများနှင့်အတူ အလှုကို ဝိုင်းကူနေ၏။

    ထုံးစံအတိုင်း ဟာသပြောတတ်သော မြသာအနီး လူငယ်တွေ ဝိုင်းနေကြသည်။

        ကာလသားခေါင်းသည် ရွှတ်နောက်နောက်နှင့် ဗလွတ်ရွှတ်တ ပြောတတ်သော မြသာ ရှိနေလျင် အလုပ်မတွင်မှန်းသိ၍ …

   ” မြသာ … မင်းနဲ့ ဖိုးတုတ် ထင်းတွေ ပေါက်ချည်ကွာ … “

    ဆိုပြီး သူတို့ကို တမင်သက်သက် တဆိုင်းခွဲ ပေးလိုက်သည်။ မထားလို့လည်း မဖြစ်။ မြသာကိုသာ ထမင်းဟင်းချက်သည့်နေရာမှာ ခေါ်ထားလျင် တဟီးဟီးတဟားဟားနှင့် ပွဲကျနေကြလိမ့်မည်။ အလုပ်တွင်မည်မဟုတ်။

     တခါလည်း မြသာ  လေကြောမှာ ထမင်းချက်ရုံက ကာလသားတွေ မျောပါကြသောကြောင့်    ထမင်းအိုးကြီး အပျော့အမာ မညီဖြစ်ခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူး၏။

လူငယ်တွေသဘောက ရယ်စရာတွေ့လျင် တဟီးဟီးနှင့် ရယ်မောတတ်ကြသလို ၊လုပ်လက်စ အလုပ်ကိုလည်း ကောင်းစွာ သတိမရတော့ချေ။

    အထုးသဖြင့် မြသာလို လူပျော်လူနောက်၏ ဟာသမှာ မျောပါပြီး လုပ်လက်စအလုပ်ကို မေ့မေ့လျော့လျော့နှင့် တာဝန်လစ်ဟင်းတတ်ကြသည်။
ထို့ကြောင့် ကာလသားခေါင်း ဖိုးတေက မြသာအား တမင်ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။

       သို့နှင့် မြသာနှင့် ဖိုးတုတ်သည် လယ်ပြင်ကြီး မြောက်တိုက် ကျောင်းဝင်း၏ အနောက်ဘက်ကျသော ကိုးတောင်ပြည့်စေတီအခြေက ခြင်္သေ့ရုပ်နှစ်ကောင်အနီးမှာ ထင်းပေါက်ရန် ထွက်လာခဲ့ကြသည်။

      ထိုကိုးတောင်ပြည့်စေတီ၏ဘွဲ့အမည်မှာ ‘အောင်ချမ်းသာ’ ဟူ၏။ ရသေ့ကြီး ဦးခန္ဓီ၏ ကောင်းမှုတော်ဟု သမိုင်းမှတ်တမ်း ရှိလေသည်။ စေတီအခြေ၌ လွန်စွာ လက်ရာမြောက်သော ပန်းတမော့ ခြင်္သေ့ရုပ် နှစ်ရုပ်ရှိသည်။ ထိုအရုပ်နှစ်ရုပ်၌ပင် အမည်နာမ ရှိကြလေ၏။ ခြင်္သေ့ရုပ်အခြေ အုတ်ခုံ၌ သီဟနှင့် ဗာဟု ဟု အသီးသီး ရေးထိုးထားသည်။

    ယခင် ကျောင်းထိုင်ဘုန်းကြီး ဦးဩဘာသလက်ထက်ကတော့ ထိုအောင်ချမ်းသာစေတီ၌ ရိုးရာ သိုက်ပွဲများ ကျင်းပခွင့် ပေးခဲ့ဖူးသည်။

       သိုက်ဆက်ရှိသူများက ယခင်ဘဝက အစ်ကိုတော်အစ်မတော်များကို အရိုအသေပေး၊ ကန်တော့ပွဲဆက်၍ သိုက်နန်းရှင်တို့ကို ချော့သော ပွဲများဖြစ်သည်။

         သို့သော် ယခုလက်ရှိ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသ လက်ထက်၌  ဘုန်းကြီးကျောင်းနှင့် ထိုနတ်ပွဲများ မအပ်စပ်ဟုဆိုကာ သိုက်ပွဲ၊နတ်ပွဲများ ဆက်လက် ကျင်းပခွင့်မပြုတော့ပေ။

       အလှု မကျင်းပမီ ရက်တပါတ်အလိုက စေတီကို ထုံးသင်္ကန်း ဖွေးနေအောင် ကပ်ထားသည်။

    ယခု မြသာနှင့် ဖိုးတုတ်တို့နှစ်ဦးသည် ထိုအောင်ချမ်းသာစေတီအရှေ့က ရှိသော ထင်းပုံကို ခွဲနေကြသည်။

     မြသာမှာ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိပြီး ၊ ဖိုးတုတ်ကတော့ နာမည်နဲ့မလိုက် ဆေးလိပ်သောက်လွန်းသဖြင့် ရှုနာရှိုက်ကုန်းဖြစ်၏။

     မြသာသည် သူငယ်ချင်းများအပေါ် ညှာတာတတ်သည်ဖြစ်ရာ ၊ ယခုလည်း ထင်းများကို ပုဆိန်တလက်ဖြင့် သူချည်းသာ ဒိုင်ခံ ခွဲနေ၏။ ဖိုးတုတ်က ခွဲခြမ်းများကို စီရုံစီရသည်။

      ဖိုးတုတ်သည် ထိုမျှလောက်သော သက်သာသည့်အလုပ်ကိုပင် ပင်ပန်းသည်ဟု ထင်ရှာလေသလား မပြောတတ်။ဘုရား ခြေတော်ရင်းက အင်္ဂတေဖြင့် ပြုလုပ်ထားသော ခြင်္သေ့ရုပ်တရုပ်အနီး ထိုင်ကာ …

   ” လခွမ်း … ကိုဖိုးတေကြီး(ကာလသားခေါင်း)ကလဲ … ထင်းပေါက်တာ ဒို့နှစ်ယောက်ပဲ ခိုင်းရတယ်လို့ ၊ သူသာ  ဟိုကောင် အေးမင်းတို့ တင်ညွန့်တို့ပါ ထည့်ပေးလိုက်ရင် ဒို့ မသက်သာဘူးလား ။ ဟူး မောလိုက်တာ သေတောင် သေချင်ရဲ့ “

     ဖိုးတုတ်က ငြီးငြီးငြူငြူ လုပ်ရင်း နားတဖက်မှာ ညှပ်ထားတဲ့ ဆေးပေါ့လိပ်တိုကို ဖြုတ်၍ မီးညှိကာ ဖွါရှိုက်လိုက်သည်။ ဆေးလိပ်မီးသည် ရဲခနဲ ရဲခနဲ ရှိလေ၏။

       တကယ်တမ်း တဒုတ်ဒုတ်နဲ့ ခွန်အားသုံး ထင်းပေါက်နေတဲ့ မြသာကတော့ ဖိုးတုတ်ကိုကြည့်၍  မဲ့ကာရွဲ့ကာ ပြောလိုက်သည်။

   ” မင်းပဲ ငြီးတော့ ဖိုးတုတ်ရေ ။ လခွမ်းတယ်မှ … ရှေ့ကနေ ရုန်းရတဲ့ နွားက တခွန်း မငြီးရဘူး ၊ နောက်လိုက် လှည်းဘီးက တကျီကျီနဲ့  နားလဲ ငြီးပါ့ကွာ “

   ” ဟီးဟီး … ငါက မင်းသက်သာအောင် ပြောပေးတာပါ ယောက်ဖရ ။ မင်း   ကြည့်လေ … အေးမင်းနဲ့ တင်ညွန့်က ဘာချက်တတ်လို့လဲ ။ အပေါ့အငံတောင် ကောင်းကောင်း မြည်းတတ်တာမဟုတ်ဘူး ။ သူတို့ကျ ထမင်းချက်ရုံမှာ ခေါ်ထားပြီး ဒို့နှစ်ယောက်ကျ ထင်းခွဲခိုင်းထားတယ်။ ဒီလူကြီး (ကိုဖိုးတေ)ဟာ ခေါင်းဆောင်ကောင်း မပီသဘူးကွ “

    ” ဟကောင်ရ … တင်ညွန့်နဲ့ အေးမင်းတို့မှာ နှမတွေ အစ်မတွေ ရှိတယ်လေကွာ။ မင်းလဲ  ကိုဖိုးတေ မျက်နှာသာပေးတာခံချင်ရင် မင်းအမေကို  နှမတယောက်လောက် မွေးခိုင်းပေါ့ကွာ ။ ဒါဆိုရင် … မင်းကိုလဲ  ကိုဖိုးတေက ခေါ်ထားလိမ့်မယ် ဟားဟားဟား “

   ” တော်ပါကွာ  ငါ့အမေ အသက်၅၀ကျော်လို့ သွေးဆုံးနေပါပြီဟ ၊ မမွေးခိုင်းပါရစေနဲ့တော့ … ဟားဟားဟား “

     မြသာက  ကိုဖိုးတေကို နှာဗူးလို့ သွယ်ဝိုက် သရော်လိုက်တာကို  အထာပေါက်တဲ့ ဖိုးတုတ်က သဘောကျစွာ အသက် ၅၀ကျော်နေပြီ ဖြစ်တဲ့ သူ့အမေကို ဒုက္ခမပေးလိုပါဟု ပြန်ပြောရင်း ရယ်မောလိုက်၏။

      ထိုအခိုက်  သူတို့ရှိရာကို ကိုဖိုးတေနဲ့ ကာလသားနှစ်ယောက် ပေါက်ချလာပြီး …

   ” အေး   ငါ အထင်သား ၊ မြသာတို့ကတော့ ဘယ်လိုနေရာ ခိုင်းခိုင်း အရွှန်းဖေါက်ပြီး တဟီးဟီးပဲ နေမှာလို့ ။
ခုလဲ  နှစ်ယောက်တည်း ရှိတာတောင် တဟီးဟီးနဲ့ ပွဲကျနေကြတယ်။ မင်းတို့ကွာ … ထင်းခွဲခြမ်းလေးများ ထမင်းချက်ရုံဆီ လာပို့ပေးမယ်မရှိကြဘူး ။ ဟိုမှာ မီးထိုးစရာ ထင်းမရှိတော့ဘူးဟ “

     တော်သေးသည်။ ခုဏက သူတို့ပြောနေတာကို ကာလသားခေါင်း ကိုဖိုးတေ ကြားမသွားလို့။

     ကိုဖိုးတေက သူ့လူနှစ်ယောက်ကို ခွဲထားပြီးသား ထင်းခြမ်းတွေ ထမင်းချက်ရုံသို့ အသယ်ခိုင်းလိုက်သည်။ ပြီးနောက် မျက်နှာပိုး မသတ်နိုင်သေးသော ဖိုးတုတ်ဘက်သို့ လှည့်ကာ

    ” ဖိုးတုတ် … ထင်းခြမ်းက လိုသေးတယ်လေကွာ ၊ ဘာလဲ  ပေါက်ဆိန် တလက်ပဲ ရှိတာလား ။ မနက်ဖြန်အတွက်ရော ပေါက်ခဲ့ရမှာနော်။
မင်းတို့ ပန်းရင်လဲ ပြော။ ငါ ဒီပြင်ကောင်တွေ ဆက်ပေါက်ခိုင်းလိုက်မယ်  ၊ ဦးဇင်း ဦးသော(ဦးသောဘိတ)ဆီ ငါ ပေါက်ဆိန်တချောင်း ထပ်တောင်းခဲ့လိုက်မယ် “

     ဤတွင် မြသာက …

  ” ကျုပ်က  ဆက်ပေါက်နိုင်ပါတယ် ကိုဖိုးတေရာ ။ ဖိုးတုတ်က ခင်ဗျား မြင်တဲ့အတိုင်း လူက ရှုနာရှိုက်ကုန်းရယ်။ ပေါက်ဆိန်  နောက်တလက် ယူလာလဲ အလုပ်ဖြစ်မှာ မဟုတ်ဘူး ။
ကဲပါ … ကျုပ်ဟိုဘက်က ထင်းတုန်းတွေ အကုန် ပေါက်ပေးမယ်လေ ။ ဒါဆို မနက်အတွက်ပါ မလောက်ဘူးလား”

   မြသာက တောင်ဘက်က ခြင်္သေ့ရုပ်ရှေ့က လေးငါးဆယ်ခန့်ရှိမည့် ထင်းတုန်းများကို လက်ညှိုးထိုးပြရင်း ပြောလိုက်တော့၊

    ” အေး   အဲ့သဟာဆိုရင် လောက်ကောင်းပါရဲ့ ။ မင်း  အဲ့ထင်းတုန်းတွေ အကုန် ပေါက်ခဲ့မှာလား။ မင်း မနိုင်ရင် ငါ  ချစ်ကို လွှတ်လိုက်မယ်လေ “

     ချစ်ကို ဆိုတော့ မြသာ မျက်နှာ ရှုံ့သွား၏။ ချစ်ကိုဆိုတာလည်း ခါးလျားရှည်ကြီးနဲ့ ခွန်အားဗလရှိသူမဟုတ်။ ထင်းတုန်းက လေးငါးဆယ်လောက်ကျန်တော့တာပဲမို့  ချစ်ကိုလည်း မခေါ်လိုတော့ပေ။ ထို့ကြောင့် …

  ” ရတယ် ကိုဖိုးတေ … ဘယ်သူ့မှ မလွှတ်ပါနဲ့ ။ ကျုပ်နဲ့ ဖိုးတုတ်ပဲ အဲ့ဒီထင်းတွေ အကုန်ပေါက်ခဲ့လိုက်မယ်”

  ” အေး အေး  မင်းတို့က အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ။ ဒါဖြင့်  ငါသွားပြီဟေ့ “

     သို့ဖြင့် ကာလသားခေါင်း ဖိုးတေလည်း ထမင်းချက်ရုံသို့ ပြန်သွားခဲ့သည်။ ကိုဖိုးတေ ထွက်သွားမှ ဖိုးတုတ်က တစခန်းထပြန်သည်။

   ” မအေပေးကြီး  … ဒို့ကို ထပ်သတ်ပြန်ပြီ။ ဟူး … ဒီထင်းတုံးတွေကို ထပ်ခွဲရအုံးမှာပေါ့လေ။ မင်းကွာ … သူက ချစ်ကို ကို လွှတ်လိုက်မယ် ပြောနေတာကို ဘာပြုလို့  မလွှတ်နဲ့ တားရတာတုန်း။ တယောက် ထပ်လာတော့ ဒို့ တယောက်စာ သက်သာတာပေါ့ဟ “

    မြသာက …
” တော်စမ်းပါကွာ၊ ချစ်ကို အကြောင်း မင်းလဲ မသိတာကျလို့။ ဒီကောင်က ဘာမှ မယ်မယ်ရရ အဖြစ်ရှိတာမဟုတ်ဘူး ။ တွက်က တွက်ကပ်သေး။ နေပစေ … မင်းသာ ငါ ပေါက်ပြီးသား ထင်းခြမ်းတွေ နိုင်အောင်စီ။ ဒီထင်းတုန်းတွေ ငါ အကုန်ခွဲပေးမယ် “

     မြသာက ထိုသို့ ပြောလည်းပြောသလို ၊ ထင်းတုံးကို ယူ၍ ပေါက်ဆိန်နှင့် ခွဲလေသည်။ မြသာသည် ထင်းတုန်းတွေကို တတုန်းပြီး တတုန်း ပေါက်ဆိန်ဖြင့် အားပါပါ ပေါက်ခွဲနေတော့သည်။

      မကြာမီ မြသာ ခွဲထားသော ထင်းခွဲခြမ်းများ မြေမှာ ပြန့်ကျဲနေသဖြင့် ဖိုးတုတ်က သောက်လက်စ ဆေးပေါ့လိပ်တိုကို အင်္ဂတေဖြင့် ပြုလုပ်ထားသော ခြင်္သေ့ရုပ်၏ ခြေသည်းကြား ညှပ်ထားခဲ့ကာ ၊ ထင်းခွဲခြမ်းတွေကို လိုက်ကောက်၍ စီလေသည်။

     ခြင်္သေ့ရုပ်မှာ အင်္ဂတေနှင့်မို့ တော်တော့သည်။ သစ်သားရုပ်ဆိုပါက ဖိုးတုတ်ဆေးလိပ်မီးဖြင့် မီးစွဲလောင်နေလောက်ပြီ။ ယခုလည်း ထုံးဖွေးဖွေး ခြင်္သေ့ရုပ် ခြေချောင်းလေးများမှာ ဖိုးတုတ်၏ဆေးလိပ်မီးဒဏ်ကြောင့် မည်းနေတော့သည်။

                ___________
အခန်း(၃)

      ညကိုးနာရီလောက်တွင် ကျောင်းထဲရှိ အလှုမင်္ဂလာမဏ္ဍာပ်၌  ဧည့်ခံဆိုင်းဝိုင်းက မြန်မာ့ရိုးရာ အတီးအမှုတ်များဖြင့် ဖျော်ဖြေနေပါသည်။ ဆိုင်းနောက်ထများ၏ ဟာသပျက်လုံးများကလည်း ပွဲကြည့်ပရိတ်သတ်ကို မပြန်နိုင်အောင် တသောသောနဲ့ ပွဲကျနေစေသည်။

      အဆိုကောင်း၊အတီးကောင်းမို့ ရွာခံပရိတ်သတ်များက နှစ်သက်ကြသည်။ တနေကုန်  စိတ်ပန်းလူပန်း ဖြစ်နေကြသော အလှု့ရှင် ဇနီးမောင်နှံမှာ အလှုဆိုင်း၏ ရှေ့တည့်တည့်မှာ မျက်နှာ ရွှင်ပြစွာ ရှိနေကြသည်။

     ထို မြန်မာ့ဆိုင်းဝိုင်းမှာ ယခင်က ရွာရှည်ရွာသို့ တခါမျှ လာရောက် ဧည့်ခံဖူးခြင်း မရှိချေ။

      ယခု အလှု့ဒါယိကာ ဦးသိန်းစိုးကိုယ်တိုင် မြို့တက်ငှါးရမ်းခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိုး မြို့ကိုသွားတာတော့ တကယ့်နာမည်ကြီး ဆိုင်းအဖွဲ့ဖြစ်တဲ့ စိန်ဒူးဝါးဆိုင်းကို သွားငှါးတာပါပဲ။ ဆိုင်းနောက်ထတွေ ဖြစ်တဲ့ ဘဲတောတို့ လှဟန်တို့ကလည်း တကယ့်ဒိတ်ဒိတ်ကြဲတွေမဟုတ်လား။ဒါပေမဲ့ သူ လှုမယ့် ရက်က စိန်ဒူးဝါးဆိုင်းကမအားဘူး။ တခြား အလှုပွဲနဲ့ တိုက်နေ၏။

     ဒါနဲ့  ဦးသိန်းစိုးလည်း အခုတီးနေတဲ့  စိန်မျိုးမြင့်ဆိုင်းဝိုင်းကိုပဲ ငှါးခဲ့ရသည်။ ငှါးစဥ်ကတော့ ကောင်းမှ ကောင်းပါ့မလားလို့ စိုးတထင့်ထင့်ပင်။ အခု  ထင်ထားတာထက် စိန်မျိုးမြင့်ဆိုင်းက ပိုကောင်းနေတာကြောင့် အလှု့ဒါယိကာကြီးမှာ ဟင်းချနိုင်တော့သည်။

     နောက်ထနှစ်ယောက်နှင့် အဆိုတော်မလေးကလည်း အပေးအယူ ကောင်း၍  ပရိတ်သတ်က တဝါးဝါးတဟားဟားနှင့် ပွဲကျနေကြသည်။

  ဆိုင်းနောက်ထ ဦးစီက …

    ” ဟဲ့  နှင်းဆီမေ … နင် လင်ကောင်းသားကောင်းများ မရချင်ဘူးလား “

   ” အို … ဘယ့်နှယ် မေးလိုက်ပါလိမ့် ဦးစီရယ် ၊ ကိုယ့်ကို သားမှတ်မှတ် မယားမှတ်မှတ်နဲ့ လုပ်ကျွေးမယ့် ယောက်ကျားဆို ရချင်တာပေါ့ရှင့် “

    ထိုအခါ  ဆိုင်းနောက် တဦးဖြစ်သော ကိုမင်းမင်းက  သူ့ကော်လံကတုံးကို တရွရွကိုင်၍ ‘ အဟမ်း အဟမ်း ‘ ဟု အသံပြုသည်။

   ဦးစီက  ကိုမင်းမင်းဘက်ကို မကြည့် မမြင်ချင်ယောင်ဆောင်၍ …

   ” အေးဗျာ … ဒါဖြင့် အတော်ပဲဟ၊ ညည်းအတွက်  ဒီည ပွဲကြည့်ပရိတ်သတ်တွေထဲမှာ ငါ  လူတော်တယောက်ကို မြင်ထားသဟေ့ “

    နှင်းဆီမေက ရှက်နိုးနိုး အမူအယာဖြင့် …

” ဟင်! တကယ် … သူက ဘယ်သူလဲဟင် ဦးစီ “

   ” အဲ့ဒီလူကတော့ … “

     ထိုသို့ပြောပြီး ဦးစီက ပထမဦးစွာ ကိုမင်းမင်းဘက်သို့ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ ဆိုင်းနောက်ထ လူရွှင်တော် ကိုမင်းမင်းက သူ၏ ရယ်ချင်စဖွယ် စုပ်ချွန်းချွန်း မျက်နှာကို ချီ ၊ ရင်ကို ကော့၍  နှင်းဆီမေရှိရာသို့ လာဟန်ပြင်သည့်အခါ …

    ဦးစီ လက်ညှိုးက ကိုမင်းမင်းထံ ရပ်မသွားဘဲ ယောက်ကျားလေးပရိတ်သတ်များ ရှိရာဘက်သို့ ဟိုဟိုဒီဒီ ညွှန်ပြလိုက်လေ၏။  ဆိုင်းနောက်ထ ကိုမင်းမင်းမှာ လှမ်းမည့် ခြေလှမ်း တုန့်ခနဲ ဖြစ်သွားပြီး လူက  ကိုရို့ကားယားနှင့် လဲကျမလို လုပ်လိုက်တော့ ပရိတ်သတ်က တဟားဟားနဲ့ ရယ်ကြပြန်သည်။

    ” အံမယ်  လူက လူချောအေ့ ၊ အသားကလည်း ဖြူသဟေ့ “

      ဦးစီက ထိုသို့ ပြောလိုက်လျင် ကိုမင်းမင်းက အနီးက အသင့်ရှိသော တို့ဖတ်ဖြင့် သူ့မျက်နှာကို ပေါင်ဒါများဖြင့် မြင်မကောင်းအောင် တဖတ်ဖတ် ရိုက်တော့သည်။ ကိုမင်းမင်းမျက်နှာပေါ်မှာ ပေါင်ဒါတွေက ထုံးရိုက်ထားသလို ဖွေးနေတော့ ပရိတ်သတ်လည်း ကိုမင်းမင်းကို ကြည့်၍ တဝါးဝါးတဟားဟားနှင့် အူတက်မတတ် ရယ်မောကြသည်။

    ” အံမယ်  အံမယ် ခုမှ သေချာကြည့်မိတယ် ။ လူက နုတ်ခမ်းမွှေးနဲ့ ခန့်ချောကြီးပါလား “

     ထိုအခါ  ကိုမင်းမင်းက သူ့နုတ်ခမ်းပေါ်ကို ဆော့ပင်ဖြင့် နုတ်ခမ်းမွှေး ရေးခြစ်ပြန်သည်။ နုတ်ခမ်းမွှေး ရေးခြစ်ရာမှာ တလွဲတချော်တွေ လုပ်ပြသဖြင့် ပရိတ်သတ်မှာ အရယ်မရပ်နိုင်တော့ပေ။

” မှန်း … ငါ သေချာကြည့်စမ်းမယ် “

    ဦးစီက ထိုသို့ပြောပြီး ပရိတ်သတ်ထဲကို ကြည့်ဟန်ပြုသည်။ ပြီးလေမှ သူ့ပါးစပ်က တကျွတ်ကျွတ် စုပ်သပ်၍ …

   ” ငါတော့  လူရွေးမှားပြီ … နှင်းဆီမေရေ ။ ငါက အပေါ်ပိုင်းပဲ ကြည့်ပြီး လူချောလို့ အောက်မေ့လိုက်တာ …  အခု အောက်ပိုင်းကို ဆက်ကြည့်လိုက်တော့ ဒင်းက  ဟိုဟာလဲ မပါဘူး နှင်းဆီမေရေ “

   ထိုအခါ နှင်းဆီမေက အထိတ်တလန့် အမူအယာဖြင့် …

  ” ဟင်!  ဘာမပါတာတုန်း ဦးစီရဲ့ “

     ထိုအချိန်မှာ အောက်က ပရိတ်သတ်က တဟားဟားနဲ့ အလွန်ပွဲကျနေကြသည်။ မကျဘဲ နေမလား ဆိုင်းနောက်ထ ကိုမင်းမင်းက သူ့အောက်ကို သူ ငုံ့ကြည့်လိုက် ၊ ဆိုင်းရဲ့ဟိုတဖက်မှနေ၍ ‘ ပါတယ်လေ  ပါတယ်လို့’ ဟု  အသံပျက်ကြီးနဲ့ တဖွဖွအော်နေသည်မဟုတ်လား။

   ဦးစီက …
”  ခြေနှစ်ဖက် မပါဘူး ပြောတာပါ နှင်းဆီမေရယ် ” ဟု ပြောလိုက်သည့်အခါ ၊ ပေါင်ဒါဖွေးဖွေး မျက်နှာကြီးနဲ့ ကိုမင်းမင်းက ပြေးလာပြီး လက်ကိုင်ဖတ်နဲ့ တဖတ်ဖတ် ရိုက်လေတော့၏။

     ပရိတ်တွေမှာ ရယ်မဆုံးကြတော့ပေ။

     စိန်မျိုးမြင့်က ဆက်၍ ဧည့်ခံတီးလုံးဖြင့် ဖျော်ဖြေပြန်သည်။ တီးလုံးသံက မြိုင်နေတော့သည်။

               ____________

အခန်း(၄)

      ည ဆယ်နာရီသာသာလောက်တွင်  ဆိုင်းဝိုင်းသံ ရုတ်တရက် ရပ်သွားသည်။ လူတွေလည်း အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။

    ဖြစ်ပုံက အဆန်းသား။ မင်းသမီး နှင်းဆီမေသည် သီချင်းတပုဒ် ဖျော်ဖြေရန် ထအလာ ၊ ရုတ်တရက်ကြီး  ခြေခေါက်လဲကျသွားသည်။

      ဆိုင်းနောက်ထ နှစ်ယောက်က နှင်းဆီမေကို ပြေးအထူ ၊ ပရိတ်သတ်ထဲက ကာလသားတယောက်မှာ နာကျင်စွာနဲ့ ထအော်လိုက်ကြသည်။

    ” အား   အား  အမေရေ ကယ်ပါအုံး ၊ အောင်မယ်လေးဗျ  နာလိုက်တာ “

ကြည့်လိုက်တော့ ဖိုးတုတ် ဖြစ်နေသည်။

  ” ဟာ  ဖိုးတုတ်  ဖိုးတုတ် ဘာဖြစ်တာလဲ “

   ” ဟဲ့  ဟဲ့  ဘာလဲဟဲ့။ ဖိုးတုတ်ကို ကြည့်ကြပါအုံး “

     ဖိုးတုတ်သည်  ဆိုင်းပွဲကို လာကြည့်နေရာမှ  ရုတ်တရက် ထအော်ခြင်း ဖြစ်သည်။  မြေပေါ် ထိုင်ချသား တွေ့ကြရသည်။ သူ့မျက်နှာမှာ နီရဲနေပြီး၊ နဖူးနဲ့ နားထင်မှ ချွေးသီးပေါက်များ ယိုစီး ကျနေသည်။

     မျက်နှာမှာ အလွန်နာကျင်နေဟန် အထင်းသား ပေါ်လွင်နေပြီး၊ သူ၏ လက်နှစ်ဘက်သည် ညာဘက်ပေါင်လယ်လောက်ကို ဖျစ်ညှစ် ဆုပ်ကိုင်ထားလေ၏။

   ” အံမယ်လေး  နာလိုက်တာဗျ ၊ ကျွန်တော့ပေါင်ကို သံချွန်နဲ့ ထိုးနေတဲ့အတိုင်းပါပဲ … ဟီးဟီး ကယ်ကြပါအုံးဗျ “

     ထို့အတူ  စောနက ခြေခေါက် လဲကျသွားသော ဆိုင်းမင်းသမီး အဆိုတော် နှင်းဆီမေထံမှလည်း အသံကြောင်သေးသေးဖြင့် ရယ်မောသံ ထွက်ပေါ်လာပြန်သည်။

   ” ခစ်ခစ်  ဟစ်ဟစ်  ခစ်ခစ် “

     ဆိုင်းဝိုင်းက မိုက်က မပိတ်ရသေး၍ နှင်းဆီမေ၏ ရယ်သံ ကြောင်တောင်တောင်က လော်စပီကာမှ ထွက်ပေါ်လာရာ … ပရိတ်သတ်မှာ ကြက်သီးမွေးညင်းတွေ ထကုန်ကြသည်။

      စိန်မျိုးမြင့်က …

” အောင်မောင်း  စက်ကို ခဏ ပိတ်ထားပေးအုံးဟေ့ “

    ပွဲအတွေ့အကြုံများနေသော ဦးစီက  စိန်မျိုးမြင့်ကို လှမ်းပြောလိုက်သည်။

   ” ဆရာသမား  … နှင်းဆီမေတော့ အပမှီနေပြီ ၊ ဘယ်လို လုပ်ကြမလဲ “

     နှင်းဆီမေသည်  လဲကျနေသော ဖိုးတုတ်ကို လက်ညှိုးထိုး၍ ရယ်မောနေခြင်း ဖြစ်သည်။

    စိန်မျိုးမြင့်မှာ ဦးစီလောက် သမ္ဘာရင့်သူမဟုတ်၍ စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းကို တဗျင်းဗျင်းမြည်အောင် ကုန်ရှာသည်။

     ထိုအခိုက်မှာ … ဖိုးတုတ်အနီး ဝိုင်းနေသူများက ဘေးသို့ ရှဲသွားကြသည်။ ထို့အတူ ပွဲကြည့်လာ ပရိတ်သတ်သည်  တဦးတယောက်ကို လမ်းဖယ်ပေးသည့်အနေဖြင့် ဘေးသို့ ဆုတ်ပေးလိုက်ကြသည်။

      ဦးစီက လှမ်းကြည့်လိုက်တော့ ဣန္ဒြေသိက္ခာ အပြည့်နှင့် တလှမ်းချင်း လျှောက်လာနေသော ကိုရင်တပါးကို မြင်တွေ့လိုက်ရသည်။ နှဲဆရာကိုထွန်းက  ဒီဘက်နယ်သားဆိုတော့ ထိုကိုရင်လေးကို သိနေ၏။ ထို့ကြောင့် သူက ဆိုင်းဆရာ စိန်မျိုးမြင့် ကြားလောက်ရုံ ခပ်တိုးတိုး လှမ်းပြောလိုက်သည်။

   ” အဲ့ဒါ  ဒီဘက်နယ်တလွှားမှာ နာမည်ကြီးနေတဲ့ တစ္ဆေနိုင်ကိုရင်လေး ဆိုတာပဲ။ သူ့ဘွဲ့နာမည်က ကိုရင်နန္ဒိယတဲ့ “

     ကိုရင့် ဥပဓိကို မြင်ရသည်နှင့်ပင် ဆိုင်းဆရာ ကိုမျိုးမြင့် ရင်ထဲက အလုံးကြီးက တဝက်မျှ လျောကျသွားလေတော့သည်။ အေးချမ်းသော ကိုရင်လေး၏ မျက်နှာက  အထူးပင် ကြည်လင်ဝင်းပနေသည်မဟုတ်လား။

              _______________
အခန်း(၅)

     ” ကဲ … ဘာကို အလိုရှိလို့  အခုလို လုပ်ရတာလဲ ။ သူများ အလှုကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ မသိလို့လား။ တယ်လဲ  မိုက်မဲတဲ့ ပေတတွေကိုး “

      ကိုရင်နန္ဒိယသည်  ရှင်လောင်းစင်ပေါ် တင်ပလ္လင်ခွေထိုင်နေပြီး၊ ဖိုးတုတ်နှင့် ဆိုင်းမင်းသမီး နှင်းဆီမေမှာ ကော်ဇောခင်းထားသော မြေပြင်ပေါ်  ထိုင်လျက် ရှိကြသည်။

     အစကတော့ နှင်းဆီမေသည် ကိုရင်ငယ်အား ပမာမခန့်ပြုလျက်  ရန်လိုသောဟန်ဖြင့် တဟင်းဟင်း အသံပြုနေသည်။

     ကိုရင်က  နှင်းဆီမေအား စူးစူးစိုက်စိုက် ကြည့်လျက် …

     ” နေစရာ မရှိဘဲ ဖြစ်သွားချင်သလား ” ဟု တခွန်းသာ ပြောလိုက်ရာ နောက်သို့ ဆုတ်သွားပြီး၊ ဣန္ဒြေမဲ့စွာ သူ့လက်သည်း သူ ပြန်ကိုက်လိုက်၊ ခေါင်းကို တောင်စောင်းလိုက်၊ မြောက်စောင်းလိုက် လုပ်နေတော့သည်။

     ဖိုးတုတ်ကတော့ သူ့ပေါင်ကို သူကိုင်လျက် နာနာကျင်ကျင် အော်ဟစ်နေဆဲပင်။

    ကိုရင်သည် ဖိုးတုတ်၏ ဝန်းကျင်ကို အသေအချာ ကြည့်၍ အကဲခတ်သည်။ ဖိုးတုတ်မှာ ပေါင်ကို သံချွန်ဖြင့် အထိုးခံသူပမာ မခံမရပ်နိုင်အောင် အော်ဟစ်နေသည်ကိုလည်း သတိပြုမိ၍  ဖိုးတုတ် ပေါင်ပေါ်ကို သူ့လက်ဖြင့် အသာသပ်ချပေးလိုက်သည်။

     ထိုအခါ  အနာသည်းနေသော ဖိုးတုတ်မှာ သက်သာရာ ရဟန်တူ၏။ ယခင်ကလောက် အော်ဟစ်ငြီးငြူခြင်း မရှိတော့ချေ။

      ” ကဲ  ဒကာကိုဖိုးတုတ်ကိုပဲ အရင်မေးတော့မယ် ၊ ဒကာ ညနေပိုင်းက ဘယ်မှာ ရှိနေသလဲ “

     ” တပည့်တော် မြသာနဲ့အတူ ကိုးတောင်ပြည့်စေတီမှာ ထင်းခွဲနေပါတယ်ဘုရား “

     ” ဟုတ်ပြီလေ … ဒကာ  အဲ့ဒီမှာ ဘာများ အမှားကျုးလွန်ခဲ့သလဲ “

    ဖိုးတုတ်ခမျာ သူ ဘာမှ မလုပ်ခဲ့၍

  ” တပည့်တော်  ထင်းစီရုံပဲဘုရား၊ ဘာတခုမှ အမှားမလုပ်ခဲ့ပါဘူး “

    ” အင်း ဒကာကတော့ ကိုယ်ဘာလုပ်ခဲ့သလဲ မမှတ်မိဘူးပေါ့ ။ ဒကာ့ကို ဗာဟုအစောင့်က မကျေနပ်လို့ ဒေါသနဲ့ လုပ်နေတာ။  သူနာကျင်ရသလို  ခံစားစေဖို့  ဒကာ့ပေါင်ကို လှံချွန်နဲ့ ထိုးနေတယ်ဗျ “

  နားထောင်နေကြသော ပရိတ်သတ်များထဲက …

    ” ဘုရား   ဘုရား  “

    ” ဖိုးတုတ်  ကိုးတောင်ပြည့်စေတီက ခြင်္သေ့ရုပ်မှာ မဖွယ်မရာ လုပ်ခဲ့တာများလား “

    ကိုရင်ငယ်က ဗာဟုအစောင့် လို့ မြွက်လိုက်တော့ လူတွေက ခြင်္သေ့ရုပ်ကို တန်းမြင်ကြဟန်တူသည်။

     ထိုအခါ  ဖိုးတုတ်သည် အသေအချာ ပြန်စဥ်းစားလိုက်သည်။ သူ  မီးမသေသေးသော ဆေးလိပ်ကို ဗာဟုခြင်္သေ့၏ ခြေသည်းတွေကြား ထိုးထားခဲ့သည်ကို  ပြန်လည်အမှတ်ရသွားသည်။

    ” တင် … တင်ပါ့ဘုရား ၊ တပည့်တော် ဗာဟုခြင်္သေ့ရုပ်ရဲ့ ခြေချောင်းတွေကြားကို ဆေးလိပ်မီးမသေဘဲ ထိုးထားခဲ့မိပါတယ်ဘုရား “

    ” အေး  … ဒကာကတော့ သဘောရိုးနဲ့ ထိုးခဲ့တာမှန်ပေမယ့်၊ ခမျာမှာ ခင်ဗျားရဲ့ ဆေးလိပ်မီးကြောင့် ခြေတွေ ပူလောင်ခဲ့ရသတဲ့။
ဒါကြောင့် ခင်ဗျားကို မကျေနပ်လို့  ဒီပွဲခင်းထဲအထိ ဗာဟုရဲ့အစောင့်က လိုက်လာပြီး ၊ ခင်ဗျားပေါင်ကို လှံချွန်နဲ့ ထိုးထားသတဲ့ “

    ” အောင်မယ်လေး  … တပည့်တော် မှားမိပါတယ်ဘုရား ၊ နောက်တခါ မဖြစ်စေရပါဘူး ။ ဒီတခါတော့ ခွင့်လွှတ်ပေးပါလို့ ပြောပေးပါအုံးဘုရား”

     ” တောင်းပန်ရုံတော့ မရဘူး ဒကာ။ ခင်ဗျားကြောင့် မီးကြွမ်းသွားတဲ့ ဗာဟုရဲ့ ခြေချောင်းလေးတွေနဲ့ ခြေဖမိုးကို  ဆေးပြန်သုတ်ပေးလိုက်မှ သူ ကျေနပ်လိမ့်မယ် “

    ” တင်ပါ့ဘုရား  တင်ပါ ။ တပည့်တော်  အခုချက်ချင်း  သွားပြီး လုပ်ပေးပါ့မယ် ။ ကျေနပ်ပေးပါလို့ ။ ခုနင်က  တပည့်တော်ကို သူ လှံချွန်နဲ့ထိုးတာ မခံနိုင်လွန်းလို့ပါဘုရား “

    ” ကောင်းပြီလေ ။ အခုချက်ချင်း လုပ်ပေးစရာ မလိုပါဘူး။ ဒကာကိုးဖိုးတုတ် အနေနဲ့ မနက်ဖြန်ကျရင်တော့ ဗာဟု ခြင်္သေ့ရုပ်ရှေ့မှာ အုန်း၊ငှက်ပျောနဲ့ ကန်တော့ပွဲထိုးပြီး တောင်းပန်လိုက်ပါ။ ပြီးတော့ မီးကြွမ်းထားတဲ့ ဗာဟု ခြင်္သေ့ရုပ်ရဲ့ ခြေချောင်းတွေကို ဆေးအသစ် ပြန်သုတ်ပေးလိုက်ပေါ့ “

  ”  တင်ပါ့ဘုရား “

    ဖိုးတုတ်က ကိုရင်လေးကို ကန်တော့လိုက်သည်။ ကိုရင်လေးက ဆိုင်းမင်းသမီး  နှင်းဆီမေ၏ဘက်သို့ လှည့်လာပြီး၊

   ” ကဲ … နင်ကရော ရွာကို လာတဲ့ ဧည့်သည်ကိုယ်မှာ ဘာကြောင့် ဝင်ပူးရတာလဲ တစ္ဆေမ ၊ ဒီနယ်မြေက သာသနာနယ်မြေနော်။
သာသနာနယ်မြေဆိုတာ နင်တို့နဲ့ အပ်စပ်တဲ့နေရာမဟုတ်ဘူး။ နင့်နေရာ ပျောက်သွားအောင် သာသနာစောင့်နတ်မင်းကြီးတွေ ငါ ပင့်ဖိတ်လိုက်ရမလား ပြောစမ်း “

     ” မလုပ်ပါနဲ့ … တပည့်တော် သူ့ကို ချစ်လို့  လိုက်လာမိတာပါဘုရား “

    ” အံမယ်  ချစ်လို့ ဟုတ်စ။ နေပါအုံး နင်က ဘယ်က လိုက်လာတာလဲ “

    ” တပည့်တော်က  ခင်မွန်ရွာထိပ်က ဇရပ်မှာ မှီခိုစားနေရတဲ့ တစ္ဆေမပါဘုရား ။ သူတို့ ဆိုင်းကားကြီး ဇရပ်မှာ ခဏတဖြုတ် နားနေတုန်း ၊ ဒီဆိုင်းမင်းသမီးလေးက ဇရပ်အနောက်မှာ အပေါ့စွန့်ခဲ့ပါတယ်ဘုရား။ သူ အပေါ့စွန့်နေတုန်း တပည့်တော် သူ့ကိုယ်မှာ ဝင်ဖို့ ကြိုးစားပေမယ့် ဝင်လို့မရတော့ သူ့ နောက်ကို လိုက်လာခဲ့ပါတယ်။
တပည့်တော် လူ့ဘဝက အဆိုအက အင်မတန် ဝါသနာကြီးခဲ့သူပါ။ ဒါကြောင့် သူ့ကို ချစ်လို့  သူကိုယ်မှာ ဝင်ပူးကပ်ပြီး သူ့လို သီချင်းဆိုချင်လို့ ပူးကပ်မိတာပါဘုရား “

      ကြားရသော ပရိတ်သတ်မှာ တစ္ဆေမ စကားကြောင့် ရယ်ရမလို ဖြစ်ကုန်ကြသည်။ သို့သော် နိမ့်ကျသော ပရလောကသားဘဝ ရောက်နေတာတောင် ဝါသနာကြောင့် ဝင်ပူးကပ်ရပါသည်ဆိုတော့ သနားလည်း သနားသွားကြသည်။

     ကိုရင်သည် တစ္ဆေမကို ဆုံးမစကားပြော၍ နှင်းဆီမေ၏ကိုယ်မှ ထွက်စေသည်။ နှင်းဆီမေမှာ တစ္ဆေမ ထွက်ခွါသွားသည့်အခါ သတိလစ် မေ့မြောသွား၏။ သူ့ကို ရွာက အမျိုးသမီးအချို့က ပြုစုပေးကြသည်။ မကြာခင် နှင်းဆီမေလည်း သက်သာလာ၏။

  ”  ကဲ  ကဲ … မနက်ဖြန်ကျ  အလှုပွဲ ကျင်းပကြရအုံးမှာမို့လား ၊ ဆိုင်းအဖွဲ့လဲ နားပါစေတော့ ၊ ညဥ့်လဲ နက်နေပါပြီ။ ပရိတ်သတ်လဲ ပြန်ကြတော့။ အိပ်ရေးပျက်ရင် အလှုမှာ လုပ်စရာရှိတာတွေ လစ်ဟင်းကုန်မယ် “

     သို့ဖြင့် ဆိုင်းလည်း နားလိုက်လေ၏။ ကိုရင်နန္ဒိယက  တောင်ကျောင်းဆရာတော် ဦးပညာဝံသက ခိုင်း၍ အလှုရှိရာ ဤမြောက်ကျောင်းသို့ရောက်ခိုက် ပြဿနာများကို ဖြေရှင်းပေးသွားခြင်း ဖြစ်သည်။

      နောက်တနေ့မှာ အလှုပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပအောင်မြင်ခဲ့ပြီး၊ အလှု့ဒါယိကာ ဦးစိုးသိန်းနှင့် အလှု့ဒါယိကာမ ဒေါ်နှင်းနှင်းအေးတို့က  တစ္ဆေနိုင်ကိုရင်လေး မြွက်ကြားသွားသည့်အတိုင်း  ညနေပိုင်းတွင် ပရလောကသားများအား ရည်းစူး၍ ရွာစာချ ကျွေးမွေးခဲ့ကြသည်။

      လှုတန်းခဲ့သမျှ ကုသိုလ်အစုစုကိုလည်း ပရလောကသားများ သာဓုခေါ်နိုင်စေရန် ကုသိုလ်အမျှ ပေးဝေခဲ့သည်။

      အံဩထူးဆန်းဖွယ်ကတော့ အလှု့ရှင်များက ကုသိုလ်အမျှဝေသည့်အခါ တရွာလုံးရှိ ခွေးများက စွဲငင်စွာ အူဟစ်လိုက်ကြခြင်းနှင့် တချို့အပင်များက လေမတိုက်ဘဲ ယိမ်းတိုက်သလို လှုပ်ခတ်သွားခြင်းပင် ဖြစ်လေတော့သတည်း။

ပြီးပါပြီ

စာရေးသူ  ပီပီ၊မန္တလေး၊အားလေးစားလျက်