“တေဇနှင့် နဂါးငြိုးခံရသူ”(စ/ဆုံး)

“တေဇနှင့် နဂါးငြိုးခံရသူ”(စ/ဆုံး)

=============================

” အရှင်နဂါးမင်းကြီးရယ် ကျွန်တော်မျိုးမတို့ရဲ့ပူဇော်ပသမှုကို လက်ခံပေးပါ ကျွန်တော်မျိုးမတို့ရဲ့ရွာကိုကာကွယ်စောင့်ရှောက်ပေးတော်မူပါ ပြောမှားဆိုမှားများရှိရင်ခွင့်လွှတ်ပေးတော်မူပါ အရှင်နဂါးမင်းကြီးဘုရား ”

တစ်နှစ်တစ်ခါ ကျင်းပသော မြေနီရွာ၏ နဂါးစာပူဇော်ပသပွဲဖြစ်လေသည်။ ယခင်က မြေနီရွာတွင် နဂါးပူဇော်မှု မရှိခဲ့ပေ။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့်က ရွာသူကြီး၏ ဇနီး အိမ်မက်ထဲတွင် အကြေးခွံအထပ်ထပ်နှင့် အစိမ်းရောင် ဝတ်စုံဝတ်ပြီး ခေါင်းပေါ်တွင် နဂါးခေါင်းဆောင်းထားသူ တစ်ဦးက

” ဟဲ့ မညို နင်တို့မိသားစုရော နင်တို့တစ်ရွာလုံးရော စီးပွားရေးအဆင်ပြေစေချင် အန္တရာယ်ကင်းစေချင်ရင် ရွာအရှေ့ဖက်က ညောင်ပင်ကြီးရဲ့အခေါင်းထဲမှာ ငါ့ရဲ့ရုပ်တုရှိတယ် ငါ့ကို နွားနို့ပေါက်ပေါက်တွေနဲ့ ပူဇော်ပသပေး နင်တို့ရွာကို ကူညီစောင့်ရှောက်မယ် ”

အဲ့လိုအိမ်မက်မက်ခဲ့ရာကနေ ရွာသူရွာသားဆယ်ယောက်ခန့်နှင့်စုပြီး ထိုညောင်ပင်ကြီး ရှိရာကိုသွားပြီး သစ်ခေါင်းထဲနှိုက်ကြည့်ရာ

” ဟာ… တကယ်ကြီးဟ နဂါးရုပ်တု တကယ်ရှိတာပဲ ”

” ဟုတ်ပကွာ ….ကြည့်စမ်းပါဦး နဂါးကြီးကအသက်ဝင်လိုက်တာ ”

” ကဲကဲ နွားနို့လောင်းကြဟေ့… ပေါက်ပေါက်ပက်ကြ… ဒါတို့ရွာနဲ့ရေစက်ရှိလို့ရောက်လာတာ ”

ဒီလိုနဲ့ မကြာခဏ နွားနို့ကပ်ကြသူ ပန်းအိုးထိုးပြီးလိုရာဆုတောင်းသူများ ပွဲပေးပြီး ဆုတောင်းကြသူများနှင့် ရွာဦးစေတီကြီးက တဖြည်းဖြည်းခြုံနွယ်ပိတ်ဖုံးလာခဲ့သော်လည်း နဂါးရုပ်တုရှိရာ နတ်နန်းမှာမူလူသူမပြတ်တော့ပေ။ ဤသို့ဖြင့် ဘုရားကိုမေ့ကာ နဂါးကိုသာ အားကိုးပြီး ပူဇော်ပသခဲ့ရာမှ တစ်နှစ်လျှင် သုံးရက်ဆက် နဂါးစာကျွေးပွဲပြုလုပ်ခဲ့ကြလေရာ ဓလေ့တစ်ခုလိုပင်ဖြစ်လာသည်။

” ဟေ့ကောင် ငနီ အခုရွာထဲမှာလုပ်နေတဲ့ နဂါးစာကျွေးပွဲကို မင်းမသွားဘူးလား ”

” မသွားပါဘူးကွာ…. ငါ ငယ်ငယ်တုန်းကသာ မသိလို့သွားခဲ့တာ ဘုရားမှတပါး ကိုးကွယ်ရာမရှိတဲ့ ”

” မင်းပြောတာ မှန်တယ် ငနီရဲ့ ငါတို့ရွာကလူတွေက ဘုရားတရားသာမလုပ်ကြတာ နဂါးရုပ်ကိုကျဆော့ နွားနို့ကပ်ရပန်းကပ်ရနဲ့ အလုပ်ရှုပ်နေကြတာ အိမ်က ဘုရားအိုးစင်ကျတော့ ထမင်းကိုဆီဆမ်းပြီးကပ်လိုက်တာ ”

” ဟုတ်ပါ့ကွာ ငါတို့မြို့မှာကျောင်းတက်တုန်းကဆို မနက်ဆို ရဟန်းသံဃာတွေ ဆွမ်းခံထွက်ချိန်ဆို ဘယ်လောက်ကြည်ညိုဖို့ကောင်းလိုက်သလဲ ”

” မင်းပြောတာ ဟုတ်တယ် ငါတို့ရွာကလူတွေက ဗုဒ္ဓဘာသာဆိုတာ နာမည်ခံပဲရှိတော့တာ ငါတို့မမွေးခင်က ရွာဦးစေတီရယ် တောကျောင်းလေးတစ်ကျောင်းရယ် ရှိသတဲ့ အခု အဲ့တောကျောင်းလေးလည်း မရှိတော့ဘူး ရွာဦးစေတီကလည်း ခြုံတွေပိတ်ဖုံးနေပြီ ”

” ဟုတ်တယ် အောင်ဒင်ရေ… ရွာဦးစေတီကို သွားတဲ့ လမ်းဆို လူသွားလမ်းသေးသေးလေးပဲရှိတော့တာ မင်းနဲ့ငါ ရှင်းထားလို့တော်သေးရဲ့ ”

” ငါတို့ရွာ သာသနာကွယ်နေတာ အမြန်ကင်းရှင်းပြီး သာသနာ့အလင်းရောင် ပြန်ထွန်းလင်းလာပါစေလို့ ဆုတောင်းမိတယ်ကွာ ”

” ဖြစ်လာမှာပေါ့ ငနီရာ ငါတို့ရင်ထဲမှာ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရှိတယ် …အဆုံးအမတွေနဲ့အညီနေတယ် မြို့မှာကျောင်းတက်တုန်းက ဆွမ်းခံထွက်တဲ့ ရဟန်းသံဃာတွေကို ရင်ထဲမှာ အမြတ်တနိုးထားတယ် ဒါကြောင့် ငါ့တို့ရင်ထဲမှာ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးရှိတယ် ငါတို့ရွာ သာသနာပြန်ပြီးတောက်ပလာစေရမယ် ”

အောင်ဒင်ရဲ့ စကားသံတွေက စိတ်အားထက်သန်မှု ယုံကြည်မှုတွေအပြည့်ပါနေလေသည်။ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး မိဘများပိုင်ဆိုင်သော လယ်ယာမြေအချို့ကို ကိုယ်တိုင် ဦးစီးကာ ရွာတွင် ဘုန်းကြီးကျောင်းဆောက်ပြီး မြို့မှရဟန်းတော်များကိုပင့်ပြီး သီတင်းသုံးစေရန် ကြိုးစားကြလေတော့သည်။
ကြိုးစားမှုက အရာထင်ခဲ့ပြီး အောင်ဒင်နဲ့ငနီ၏ လယ်ယာမြေမှ စိုက်ပျိုးသီးနှံများက အခြားလယ်ယာများထက်ပိုမိုများပြားစွာထွက်ရှိလေသည်။

” ငါတို့ရည်ရွယ်ချက်တွေပြည့်တော့မယ်ကွ အောင်ဒင်ရေ ”

” ဟုတ်တယ်ကွ ဒါ သာသနာအတွက် သီးပွင့်နေတဲ့ အသီးအပွင့်တွေကွ ငါတို့ရွာ သာသနာနဲ့ပြန်ကြုံတွေ့ရတော့မယ်ကွ ”

သူငယ်ချင်း နှစ်ယောက် အသီးအပွင့်များကိုကြည့်ကာ ကြည်နူးမဆုံးဖြစ်နေလေသည်။ အသီးအပွင့်များ ရိတ်သိမ်းဖို့ သုံးလေးရက်ခန့်အလိုတွင်

” ငနီ မင်းယာထဲက အသီးအနှံတွေ ပိုးကျပြီး အကုန်ပျက်ကုန်ပြီ ”

” ဟေ မဖြစ်နိုင်တာအောင်ဒင်ရ မနေ့ကမှ ငါကြည့်ခဲ့သေးတယ် ”

” မင်း မယုံရင်လိုက်ကြည့်ကွာ ငနီရေ ”

ငနီလည်း အိမ်ပေါ်မှပြေးဆင်းကာ ယာတဲဘက် သုတ်ခြေတင်ခဲ့လေသည်။ ဟော….. တွေ့ရပါပြီ။ မဲသည်းပြီး မီးကျွမ်းထားသလား အောက်မေ့ရသည့် မိမိစိုက်ခင်း။ သာသနာအတွက် ရည်မှန်းထားသည့် မျှော်လင့်ချက်ကြီးရိုက်ချိုးခံလိုက်ရသည့်နှယ်။ ဘေးမှ အောင်ဒင့် ယာကွက်လည်း အလားတူပင်။ အောင်ဒင်က ခြေပစ်လက်ပစ်ပင် ထိုင်နေပြီး ဝမ်းနည်းတဿဖြစ်နေလေသည်။
သာသနာအတွက်ရည်မှန်း ထားသည်မို့ ကြာရှည်စွာ စိတ်မကောင်းဖြစ်ချိန်မရ။ အခြားသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်ကြရပြန်သည်။ ပိုးကျထားသည့် အပင်များကို ခုတ်ရှင်းပြီးနောက် မြေထွန်ရာ

” ဒုတ်… ”

ထွန်တုံးနှင့်အရာဝတ္ထုတစ်ခုခုထိမိပြီး ထွန်တုံးများ ရပ်တန့်သွားလေသည်။ ငနီလည်း ထွန်တုံးကို မပြီး ဘေးသို့ရွေ့လိုက်ရာ ထွန်တုံး၌ငြိပါလာသော ရွှေဆွဲကြိုးအား ရုတ်တရက်မြင်လိုက်လေသည်။

” ဟာ ….ရွှေဆွဲကြိုးကြီးပါလား ”

ငနီလည်း ပေါက်တူးဖြင့် မြေများကို ယက်ထုတ်ကြည့်ရာ ရွှေထည်ပစ္စည်းအမြောက်အများကိုရရှိလေတော့သည်။ တစ်ဖက်တွင် အောင်ဒင်ကလည်း အပင်စိုက်ဖို့ မြေတူးနေရင်း ပတ္တမြား နှင့် စိန်ထည်များ ကျောက်စိမ်းများကိုရရှိလေသည်။
သူငယ်ချင်းနှစ်ယောက် မတိုင်ပင်ထားပဲ ရွာလူကြီးအိမ်သို့ ရောက်ရှိခဲ့ကြလေသည်။ လူကြီးသူမများက လက်ဝတ်လက်စားများကို စစ်ဆေးပြီးနောက်

” ရွှေထည်ငွေထည်တွေရော ကျောက်သံပတ္တမြားတွေရော အကုန်လုံးအစစ်တွေပဲ ဒါမင်းတို့နဲ့ထိုက်လို့ရတာ ”

ငနီနဲ့အောင်ဒင်လည်းအတိုင်းမသိ ဝမ်းသာသွားကြလေသည်။ ထိုသို့ ဝမ်းသာနေချိန်

” ဒါ… နဂါးမင်းကြီးက ပေးတာပဲနေမယ် နဂါးမင်းကြီးကို ပူဇော်ပသကြ မင်းတို့ ”

” ဘာဗျ… ကျုပ်တို့က သာသနာအတွက်ရည်မှန်းထားတာမို့ အစွန်းအထင်းလေး နည်းနည်းမှ အထင်မခံဘူး ဘာနဂါးမှ မပူဇော်ဘူး ”

” ဟုတ်တယ် ကျုပ်လည်းမပူဇော်နိုင်ဘူး ဒါ ကျုပ်ရည်ရွယ်ချက်အတိုင်းလုပ်မှာ ”

” အေး မင်းတို့ ဒုက္ခလှလှတွေ့လိမ့်မယ် စောင့်ကြည့်နေ ”

ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် ရတနာပစ္စည်းများကိုစုကာ

” အောင်ဒင် ငါရထားတဲ့ရွှေထည်တွေကတော့ စျေးကောင်းရမှာသေချာတယ် မင်းရထားတဲ့ ကျောက်သံပတ္တမြားတွေကိုတော့ ဌာပနာထည့်လိုက်မယ် အခုစေတီက အိုဟောင်းနေပြီ အသစ်တည်ရမယ် ငါတို့ ”

” အေးဟုတ်တယ် ကျောက်စျေးတွေကျ ငါတို့နားမလည်ဘူး တန်ဖိုးလည်းဖြတ်ရခက်မှာပဲ ရွှေတွေပဲ ရောင်းကြတာပေါ့ ”

” ဒါဆို ရတနာတွေကို ငါတို့ သိမ်းထားဖို့လိုလိမ့်မယ် ရွာထဲကလူတွေက မျက်စောင်းထိုးနေကြတယ် ”

ဒီလိုနဲ့ ရတနာပစ္စည်းများကို လုံခြုံသော နေရာမှာ သိမ်းပြီး သူငယ်ချင်းနှစ်ယောက် ရည်မှန်းချက်များ ပြည့်ဝတော့မည်ဖြစ်သောကြောင့် ရွှင်လန်းတက်ကြွစွာပြန်လာခဲ့ကြလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
” အောင်ဒင် မနေ့ညက ဆုံးသွားပြီတဲ့ ”

” ဟဲ့.. ငါမကြားရသေးပါလား …ဘယ်လိုဖြစ်တာလဲ မနေ့ကတောင်အကောင်းကြီးပါဟယ် ”

” ပိုးထိတယ်ပြောတာပဲ တစ်ကိုယ်လုံးမည်းတူးနေတာပဲတဲ့ ”

” ဒါ နဂါးမင်းကြီးကို မပူဇော်လို့ဖြစ်တာပဲနေမယ် ဒင်းတို့ကို နဂါးမင်းကြီးက ရတနာတွေပေးထားတာလေ ”

ဒီလိုနဲ့ပဲ အောင်ဒင်သေဆုံးရခြင်းမှာ နဂါးမင်းကြီးက ဒဏ်ခတ်သည်ဟု ပြောစမှတ်တွင်သွားလေသည်။ ငနီလည်း သူငယ်ချင်း သေဆုံးသွားသဖြင့် စိတ်မကောင်းဖြစ်နေလေတော့သည်။ တိုင်ပင်ဖော်တိုင်ပင်ဖက် လည်းမရှိတော့သဖြင့် ဘုရားတည်ကျောင်းဆောက်ဖို့ တစ်ယောက်တည်းလုံးပမ်းနေရတော့သည်။

” ဟေ့ကောင် ငနီ ထစမ်း မင်း အခုထစမ်း ”

” ဟင် ခင်ဗျားဘယ်သူလဲ ”

အစိမ်းရောင်နဂါးဝတ်စုံဖြင့်လူတစ်ယောက်က ငနီအား ဒေါသတကြီးကြည့်ကာ

” မင်းအခုလုပ်နေတဲ့ ဘုရားတည်ကျောင်းဆောက်မဲ့ကိစ္စကို ရပ်တန်းကရပ်တော့ မဟုတ်ရင် မင်းကိုပါ အသေသတ်ရလိမ့်မယ် ”

” ကျုပ်က သာသနာအတွက်လုပ်နေတာ ခင်ဗျားသတ်ချင်ရင်အခုသတ်သွားလိုက် ကျုပ်မသေမချင်း ကျုပ်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရလိမ့်မယ် ”

ထိုလူကြီးက ငနီအား လက်ညိုးထိုးပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံးဖြင့်ကြည့်ကာ

” တောက်….. မင်း ကံမြင့်နေသေးလို့ အသက်မသေသေးတာလို့ မှတ်ထားကောင်လေး ”

ငနီလည်း အိပ်မက်မှလန့်နိုးလာလေသည်။ ရင်ညွှန့်တည့်တည့်တွင်လည်း အောင့်သက်သက်ဖြစ်နေလေသည်။ မနက်စာ စားသောက်ပြီး ဘုရားဘေးရှိခြုံနွယ်များကို ခုတ်ထွင်းခြင်းလင်းရန် ဓားတစ်ချောင်းယူကာ အိမ်မှထွက်ခဲ့လေသည်။ ဘုရားဘေးရှိ ခြုံနွယ်အချို့ကို ရှင်းလင်းပြီးချိန်တွင် အမွှေးနံ့တစ်ခုက နှာခေါင်းထဲသို့ ဆွဲဝင်လာလေသည်။ အမွှေးနံ့ကို ရှူရှိုက်ရင်း ဘာကိုမှသတိမထားမိတော့ပေ။ သတိပြန်ရလာတော့ အိမ်ပြန်ရောက်နေလေပြီ။ မိဘများက

” ငါ့သားရယ် ဘုရားဘေးမှာ မေ့လဲနေလို့ အဖေတို့ပြန်ခေါ်လာရတာ ငါ့သား သတိမေ့နေတာ သုံးရက်ရှိပြီ ”

” တကယ်ကြီးလား အမေ သား အမွှေးနံ့ရလို့ ရှူမိသွားတာကနေ ဘာမှသတိမရတော့တာ သတိရတော့အိမ်ရောက်နေရော ”

” အေးကွယ် ဘုရားပေါ်က နတ်ကြီးတယ် နောက်ခါမသွားနဲ့နော် ငါ့သား ”

မိဘများက စိုးရိမ်စိတ်ဖြင့်ပြောသဖြင့် ခဏတာ ခေါင်းညိတ်လိုက်လေသည်။ ခန္ဓာကိုယ်တစ်ခုလုံး အားမရှိတော့သောကြောင့် အိပ်ယာထဲမှာပဲ လှဲနေရလေသည်။ ဒီကြားထဲ ရင်ဘတ်များက အောင့်သဖြင့် ငနီတစ်ယောက် လွန်စွာစိတ်ပျက်မိလေတော့သည်။ ဘုရားဂုဏ်တော်ကို အမြဲမပြတ်ရွတ်ရင်းသာ အချိန်ကုန်နေတော့သည်။ တစ်နေ့ထက်တနေ့ ရင်ဘတ်အောင့်သည်က ပို၍ဆိုးလာလေသည်။ သွေးများပင်အန်နေလေရာ ငနီတစ်ယောက်အိမ်မက်ကို သတိရမိလေတော့သည်။

” ငါ့မှာ အားကိုးရာ ဘုရား တရားရှိနေတာပဲ ငါ့ကို သူမပြုစားနိုင်ပါဘူး ”

စိတ်ထဲမှတွေးကာ ဘုရားဂုဏ်တော် သရဏဂုံသုံးပါး သမ္ဗုဒေ စသည့် ဂါထာတော်တို့အား မွှန်နေအောင် ရွတ်ဖတ်သရဇ္စျာယ်သည်။
တေဇလည်း ပင်းတယသို့ပြန်သွားရင်း ဟိုဟိုဒီဒီဝင်လိုက်ထွက်လိုက်လုပ်နေရင်း မြေနီရွာအနီးသို့ရောက်လာလေသည်။ နားထဲမှ တသဲ့သဲ့ကြားနေသော အသံနှင့်အတူမမြင်ရသည့် လှိုင်းတစ်ခုက တွန်းကန်နေသည်။

” အလို တော်တော်ထူးဆန်းတဲ့ လှိုင်းတစ်ခုပဲ ငါ့ကိုတောင် တွန်းကန်နိုင်ပါလား ဒီရွာထဲမှာပုဂ္ဂိုလ်ထူး တစ်ပါးပါးရှိပုံပဲ ”

တေဇလည်း မျက်စိမှိတ်ပြီး အာရုံခံကြည့်လေရာ တွန်းကန်နေသော လှိုင်းများကြောင့် ဆက်တိုးမရပေ။ ပညာစက်များလည်း လွှတ်မရပေ။

” ထူးတော့ထူးဆန်းနေပြီဟေ့ ”

” ဒီရွာကို စောင့်ရှောက်နေတဲ့ ရွာတော်ရှင် ငါ့အရှေ့ရောက်စေ ”

တေဇအမိန့်ပြန်ပြီးသည်နှင့် အဘိုးအိုတစ်ဦး တောင်ဝှေးကိုင်ကာ ဖြတ်ခနဲပေါ်လာလေသည်။ အဘိုးအိုက

” ဘာကိစ္စများရှိလို့ ကျုပ်ကိုဆင့်ခေါ်တာလဲ ”

” ဒီလိုပါ ဒီရွာထဲက ထွက်လာတဲ့ တွန်းကန်အားတစ်ခုအကြောင်းမေးမလို့ပါ ”

” သာသနာပြုဖို့ကြိုးစားနေတဲ့ ဟိုလူငယ်လေးဆီက တွန်းကန်အားဖြစ်မယ် ”

” ဘာကြောင့်လဲ သေချာရှင်းပြပါလား အဘိုး ”

” ဒီလိုကွဲ့ အစက လူငယ်လေးနှစ်ဦးပေါ့ကွယ်… သူတို့က ရွာမှာ ဘုရားတည်ကျောင်းဆောက်ပြီး သာသနာပြုမဲ့ရဟန်းသံဃာတွေကို ပင့်ဖို့ ရည်ရွယ်ပြီးအလုပ်ကြိုးစားခဲ့ကြတယ်… ဒါပေမဲ့ သူတို့သီးနှံတွေမရိတ်သိမ်းခင်မှာ နဂါးကြီးက ဖျက်ဆီးလိုက်တယ် …နောက်တစ်ခါ ထပ်ပြီး စိုက်ဖို့အလုပ်မှာ ရတနာတွေရတော့ သူတို့ရည်ရွယ်ချက်တွေ ပြည့်ဝပြီပေါ့ ဒါပေမဲ့ နဂါးကြီးက ကံနိမ့်နေတဲ့လူငယ်တစ်ယောက်ကို သတ်ပစ်လိုက်တယ်… အခုလူငယ်ကိုလည်း သူပြုစားထားတယ် လူငယ်က ဂုဏ်တော်တွေ ဂါဌာတော်တွေကို အမြဲမပြတ်ရွတ်နေတယ်ကွဲ့ သူ့ရဲ့ ဘုရားတရားကို ယုံကြည်အားကိုးမှုတွေ စိတ်အားထက်သန်မှုတွေကြောင့် သူရွတ်ဖတ်နေတဲ့အချိန်ဆို တွန်းကန်နိုင်တဲ့ လှိုင်းတွေထွက်ပေါ်နေတာ ”

” ဪ… ဒါဆို အဘိုးက အဲ့နဂါးကြီးကို မနှိမ်နင်းဘူးလား မဆုံးမဘူးလား ကောင်လေးကိုရော မကူညီဘူးလား ”

” ဒီရွာက လူတွေက ဘုရားတရားမလုပ်ကြဘူး အဘလည်း အဆင့်နိမ့်ပါးလွန်းတော့ နဂါးကြီးကိုမနိုင်ဘူး ရွာကလူတွေကလည်း နဂါးကြီးကိုပဲ ကိုးကွယ်နေကြတာ ဒါကြောင့် သူ့အပိုင်လိုဖြစ်နေတာ ”

” နဂါးကြီးက ဘာလို့ သာသနာပြုမဲ့သူတွေကို နှောက်ယှက်ရတာလဲ ”

” သူအခုလို အကိုးကွယ်ခံ ပူဇော်ပသခံရတာတွေ မရှိတော့မှာစိုးလို့လေ သေသွားတဲ့ ကောင်လေးခမျာမှာလည်း အကုသိုလ်မရှိပေမဲ့ စွဲလန်းစိတ်ကြောင့်မကျွတ်မလွတ်ဖြစ်နေရှာရော ”

” ဒါဆို ဒီကိစ္စကို အဘမကူညီနိုင်ဘူးပေါ့…”

” အဘမကူညီနိုင်ဘူး လူလေး ကူညီဖို့ကံပါတဲ့သူပဲ ကူညီနိုင်မယ် ”

ဆိုကာ အဘိုးအိုလည်းပျောက်ကွယ်သွားလေသည်။ တေဇလည်း ရွာထဲမဝင်တော့ပဲ ခရီးဆက်ဖို့ စဉ်းစားလိုက်ချိန် တစ်ကိုယ်လုံး မီးနဲ့ဟပ်သလို ပူကျစ်လာလေသည်။

” ဟာ တော်တော်ပူပါလား ဒီနားက မြန်မြန်သွားမှပဲ ”

ဆိုကာ ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းခဲ့လေသည်။ ပူလောင်မှုနှင့်အတူ စိတ်ထဲတွင်လည်း လေးလံနေသည်။

” ဟူးးးးးးးးး ”

တေဇ သက်ပြင်းရှည်ဆွဲချမိလေတော့သည်။ ဘာကြောင့် ဒီလို ခံစားနေရပါလိမ့်ဟု တွေးနေမိသည်။

” လူလေး အခုကိစ္စကို ခေါင်းရှောင်ပြီး ထွက်သွားရင် ဘယ်နေရာရောက်ရောက် ပူလောင်နေမှာပဲ ဒါကြောင့် လူလေးကိုယ်တိုင် ဒီကိစ္စကို ကူညီရမယ်… သာသနာကိုအကျိုးပြုပေတော့ ”

နားထဲတွင် ဘိုးလူရဲ့အသံကို ကြားလိုက်ရတော့မှ တေဇ သဘောပေါက်သွားလေသည်။ တေဇလည်း ကူညီမယ် ဟုဆိုကာ ရွာထဲသို့ဝင်သွားမှ ပူလောင်မှုများ လျာ့ပါးသွားလေတော့သည်။ လမ်းတွင် လူတစ်ယောက်က တေဇကို

” ဒီက နောင်ကြီးက ခရီးသွားထင်တယ် ”

” ဟုတ်တယ်ဗျ ကျုပ်က ခရီးသွား တစ်ယောက်ပါ ဒီရွာက အသိတစ်ယောက်ဆီ လမ်းကြုံဝင်လာတာပါ ဘာဖြစ်လို့လဲဗျ ”

” ဒီလိုဆိုလည်း နဂါးမင်းကြီးကို အရင်သွားပြီး ဦးခိုက်လိုက်ပါဦး ”

” နဂါးမင်းကြီး ဟုတ်လား ”

” ဟုတ်တယ်ဗျ… နဂါးမင်းကြီးက ကျုပ်တို့ရွာကို စောင့်ရှောက်နေတာလေ အခုလိုရွာထဲ သူစိမ်းဝင်တာ သူသဘောမကျရင် ဒဏ်ပေးတတ်တယ်ဗျ ”

” အဲ့လို ရှိခဲ့ဖူးလို့လား အရင်က ”

” အရင်က မဟုတ်ဘူး ဒီအတောအတွင်းမှာပဲဗျ တစ်ယောက်ကတော့ သေသွားပြီး နောက်တစ်ယောက်ကလည်း အိပ်ယာထဲလှဲနေပြီ …အဲ့ဒါ နဂါးမင်းကြီး အမျက်ထွက်ပြီး ဒဏ်ခတ်လိုက်တာ ”

” ဘာလို့ ဒဏ်ခတ်လိုက်တာလဲ…တစ်လက်စတည်း ပြောပြပါဦး ”

” ဒီလိုဗျ သူ့တို့လယ်ယာထဲကနေ ရတနာတွေရတာ နဂါးမင်းကြီးက မစတာပေါ့ဗျာ ဒါကို နဂါးမင်းကြီးကို ပူဇော်ပသဖို့ပြောတာကို လက်မခံကြဘူး ဒီတော့ နဂါးမင်းကြီးက အမျက်ထွက်ပြီး ဒဏ်ခတ်လိုက်တာပဲ ”

” ဟာ …ကျုပ်တောင် ကြက်သီးတွေထလာပြီ ဒါဆိုလည်း အဲ့နဂါးမင်းကြီးရှိတဲ့ဆီ လမ်းညွှန်ပေးပါဦးဗျာ ”

” ဒီလမ်းကနေ ဟိုဘက်ကိုချိုးလိုက် တည့်တည့်သွား တွေ့လိမ့်မယ် ”

” ဟုတ်ပါပြီဗျာ ကျုပ်သွားလိုက်ပါဦးမယ် ”

တေဇလည်း ထိုလူကိုနှုတ်ဆက်ပြီး နဂါးနတ်နန်းရှိရာသို့ထွက်လာခဲ့လေသည်။ နဂါးနတ်နန်းအား ပေနှစ်ဆယ်ခန့် ဆောက်လုပ်ထားပြီး ခမ်းနားထည်ဝါစွာ ခင်းကျင်းထားကြလေသည်။ တေဇက နဂါးနန်းထဲဝင်မည်အပြု ခြေထောက်နှင့်တစ်တောင်အကွာတွင် မီးထတောက်လေသည်။

” ဒီကိစ္စက ပုံမှန်အတိုင်း ဖြေရှင်းလို့ရမှာ မဟုတ်ဘူး မှောင်စလည်းပျိုးနေပါပြီ ညသန်းခေါင်မှ လုပ်မှရမယ် ”

ဆိုကာ ရွာအပြင် စေတီရှိရာသို့ ထွက်ခဲ့လေသည်။ ဘုရားစေတီပေါ်ရောက်တော့ ဘုရားဝတ်ပြုပြီး တရားထိုင်နေလိုက်သည်။ အတန်ကြာ တရားထိုင်ပြီး တရားဖြုတ်သောအခါ

” ပညာကလည်း ထက်ပါဘိ စွမ်းပါဘိ အောက်လမ်းပညာသည်ဆိုပေမဲ့ သာသနာအတွက်အကျိုးပြုမဲ့ သူပါတကော ”

အသံနှင့်အတူ ပိတ်ဖြူဝတ်ထားသည့် အဖိုးအိုနှင့်အတူ မိန်းမပျိုလေးဦး တေဇရှိရာသို့ လာထိုင်ကြလေသည်။ မိန်းမပျိုလေးများက လက်ထဲမှ သီးနှံများကို တေဇအားပေးကာ

” အမောင် ဒီသစ်သီးများကိုစားပါလော့… စောစောက အမောင်ပို့သတဲ့ မေတ္တာကို နှမတို့ရပါရဲ့ ”

တေဇလည်း သစ်သီးများကိုယူကာ ပန်းသီးတစ်လုံးကို ကိုက်စားလိုက်ပြီး

” အဘိုး ဘာကိစ္စကြောင့် ရောက်လာရပါသလဲ ”

” လူလေးနဲ့စကားစမြည်ပြောဖို့ပါ ပြီးတော့အခုဖြစ်ပျက်နေတာတွေလည်းပြောပြပါမယ် ”

” ဟုတ်အဘ… အဘရဲ့ကိုယ်ရောင်ကိုယ်ဝါတွေကိုကြည့်ကတည်းက အဘက ဒီဘုရားရဲ့သိုက်ချုပ်အဘိုးမှန်း ကျုပ်သိပါတယ် အနောက်က နှမများက သိုက်နန်းရှင်တွေမို့လား ”

” ဟုတ်သပေါ့ လူလေးရယ် လူလေးပြောတာအမှန်ပဲ အခုကိစ္စကို ကူညီမဲ့သူမျှော်နေတာ ကြာပါပြီ အခုမှဆိုက်ဆိုက်မြိုက်မြိုက်ပေါ်လာတော့တယ်… ဒီကိစ္စကို လူလေးကူညီမှာဆိုတော့ မှာစရာတွေရှိလို့ကွဲ့…. ရော့ဒါက နတ်မင်းကြီးတွေချီးမြှင့်ထားတဲ့ အင်းချပ်ပဲ… ဒီဘုရားတည်ဖို့အတွက် ရတနာတွေနှင့်ဌာပနာတွေကိုတော့ လူငယ်လေးတွေလက်ထဲရောက်နေပါပြီ… ဒါက အကုန်မဟုတ်သေးဘူးကွဲ့ လူငယ်လေးတွေရဲ့စိတ်ကို စမ်းသပ်တဲ့အနေနဲ့အနည်းငယ်ပဲပေးရသေးတာ… ဘုရားတည်ကျောင်းဆောက်လို့ ဌာပနာပိတ်တဲ့အချိန်ကျရင်မြင်ရပါလိမ့်မယ် …အဓိကမှာချင်တာက ဟိုနဂါးက နာမ်ပဲရှိတာမို့ လူလေးနာမ်ခွဲထွက်ပြီးမှ လုပ်ရလိမ့်မယ်… သူ့ရဲ့အားနည်းချက်က သူ့ရုပ်တုပဲ ကဲ အဘတို့ပြန်တော့မယ် ”

” ကျေးဇူးပါအဘ ဒီဘုရားထီးတော်တင်တဲ့အချိန်ကျရင် အဘတို့ကိုပါရည်စူးပြီး အမျှဝေပေးပါ့မယ် ”

အဘိုးအိုနှင့်မိန်းမပျိုလေးယောက်လည်း ဘုရားပေါ်မှဆင်းကာ အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွားလေသည်။ တေဇလည်း သစ်သီးများကုန်စင်အောင်စားပြီး ဘေးပတ်ပတ်လည်တွင် အင်းချပ်များချကာ အကာအကွယ်စည်းများချပြီး တင်ပလ္လင်ခွေထိုင်ကာ နာမ်လွှင့်လာခဲ့လေသည်။ ငနီနေထိုင်သော အိမ်ရှေ့အရောက်တွင် တေဇက လက်တစ်ဖက်ကို ဆန့်ပြီး

” ငနီရဲ့ဝိဉာဉ် ငါ့အရှေ့ရောက်စေ အောင်ဒင်ရဲ့ဝိဉာဉ် ငါ့အရှေ့ရောက်စေ ”

ဆိုပြီး ခေါ်လိုက်ရာ အောင်ဒင်က ချက်ချင်းရောက်လာသော်လည်း ငနီ့ဝိဉာဉ်က တဖြည်းဖြည်းချင်း ခန္ဓာကိုယ်မှ ခွဲထွက်လာလေသည်။ ငနီ့ခန္ဓာကိုယ်နှင့်ဝိဉာဉ်တွင် အဖြူရောင်အမျှင်အတန်းလေးတစ်ခုက သွယ်တန်းလျှက်ပါလာလေသည်။ ငနီက

” ခင်ဗျားက ဘယ်သူလည်း ကျုပ် လမ်းမလျှောက်နိုင်ပဲ ခင်ဗျားဆီ ဘာလို့ရောက်လာတာလဲ ”

” ငါ့နာမည်က တေဇ အောက်လမ်းဆရာတစ်ယောက်ပဲ မင်းဝိဉာဉ်ကို ငါဆွဲထုတ်လိုက်တာ ”

” ခင်ဗျား ကျုပ်ကိုဘာလို့ခေါ်တာလဲ ကျုပ်ဆီက ရတနာတွေ လိုချင်လို့လား ကျုပ်ကမပေးဘူး အသက်ပဲအသေခံမယ် ”

” တိတ်စမ်း… မင်းဆီက ရတနာနည်းနည်းလေးလောက်ကို စိတ်မဝင်စားဘူး ပြီးတော့ ဘုရားပစ္စည်းမို့ စိတ်နဲ့တောင်မပြစ်မှားဘူး… မင်းသိထားဖို့က ငါအခုမင်းတို့ကို ခေါ်လိုက်တာက မင်းတို့ရဲ့ရည်ရွယ်ချက်ကို ကူညီပေးမို့ပဲ ဟိုမှာ ဘယ်သူလဲမင်းကြည့်လိုက် ”

ငနီလည်း တေဇလက်ညိုးထိုးပြတဲ့ဘက်ကိုကြည့်လိုက်ရာ

” အောင်ဒင် သူငယ်ချင်း မင်းမကျွတ်ဘူးပေါ့ဟုတ်လား ”

” ဟုတ်တယ် ငါ့ရဲ့အစွဲတွေကြောင့်မကျွတ်နိုင်သေးဘူး ဘုရားတည်ပြီးတဲ့အချိန် ငါ့နာမည်ခေါ်ပြီး အမျှဝေပေးမှ ကျွတ်နိုင်မှာ ”

” ဖြစ်မှ ဖြစ်ရလေသူငယ်ချင်းရယ် ငါရအောင်လုပ်ပေးပါ့မယ်ကွာ ”

” ကဲ အခုက အရေးကြီးတဲ့အချိန်ရောက်နေပြီမို့ ရွာထိပ်က နဂါးနန်းဆီသွားရလိမ့်မယ် လိုက်ခဲ့ကြတော့ ”

သုံးယောက်စလုံး ရွာထိပ်ရှိ နဂါးနန်းဆောင်ဆီရောက်သွားလေသည်။ တေဇက

” မင်းတို့ ဒီစည်းဝိုင်းအပြင်က မထွက်နဲ့ ဘာမြင်မြင်မကြောက်ကြနဲ့ ထွက်ရင်တော့မင်းတို့ ဘုရားမတည်ရသေးပဲသေလိမ့်မယ် ”

တေဇလည်း စည်းဝိုင်းတားပေးလိုက်ပြီး အရှေ့သို့ထွက်ကာ

” ဒီလူငယ်နှစ်ယောက်ကို ပြုစားတိုက်ခိုက်ပြီး သာသနာကိုအမှောင်ဖုံးစေခဲ့တဲ့ နဂါးကောင် အခုထွက်ခဲ့ ”

တေဇလည်း သုံးကြိမ်သုံးခါခေါ်ပေမဲ့အခြေအနေက မထူးလာပဲဖြစ်နေလေရာ

” ကဲ နတ်မင်းကြီးတွေချီးမြှင့်ထားတဲ့အင်းနဲ့ခေါ်ရတာပေါ့ နတ်မင်းကြီးတွေရဲ့အမိန့်နဲ့ နန်းဆောင်ထဲက နဂါးအခုရောက်စေ ”

အင်းကို လက်ဝါးပေါ်မှာတင်ပြီး အမိန့်ပြန်လိုက်ရာ အင်းချုပ်ထဲမှ အလင်းတန်းများထွက်လာပြီး နဂါးနန်းဆောင်ဆီသို့ဝင်သွားလေသည်။ ရုတ်တရက် မီးလုံးတစ်လုံး နန်းဆောင်ထဲမှ လျှင်မြန်စွာ ဝဲပျံလာလေရာ

” ငါဟဲ့သုနန္ဒတေဇရာဇာတဲ့ဟေ့ ကဲဟာ……… ဝုန်းးးးးးးးးး ”

ရုတ်တရက်မို့ တေဇ မကာမိချိန် သုနန္ဒတေဇက မီးလုံးကို ဝင်ရိုက်ပြီးကာလိုက်လေသည်။

” အချိန်အခါကောင်းပဲ သုနန္ဒတေဇရေ အထဲကကောင်ကို ခေါ်ပါဦး ”

” ကောင်းပါပြီ အရှင်…. ဟဲ့ အထဲက နဂါးစုတ် အခုထွက်ခဲ့စမ်း ဘုန်းးးး ”

သုနန္ဒတေဇက ဖနှောင့်ပေါက်ပြီး အမိန့်ပေးလိုက်ရာ နန်းဆောင်ထဲမှ ဓားကိုင်ထားသူနှစ်ယောက်ထွက်လာပြီး

” ငါ့တို့သခင် မလာခင် ငါတို့နဲ့အရင်တိုက်ကြည့်စမ်းဘီလူးစုတ်ရဲ့ ”

” တယ်… ရာရာစစ လာကြစမ်း ငါဟဲ့သုနန္ဒတေဇ ”

သုနန္ဒတေဇက တင်းပုတ်ကို ဓားအသွင်ပြောင်းလိုက်ပြီး လျှင်မြန်စွာ ခုတ်ပိုင်းလေတော့သည်။ သုနန္ဒတေဇ၏ ဓားချက်များကို အသည်းအသန်ကာကွယ်ရင်း တစ်ယောက်က ဓားချက်မိကာ ပျောက်ကွယ်သွားပြီး နောက်တစ်ယောက်က မြွေနဂါးအသွင်ပြောင်းသွားလေသည်။ မြွေနဂါးကြီးက လူကြီးနှစ်ဖက်စာကြီးမားပြီး ပါးပျဉ်းကြီးထောင်ကာ တိုက်ခိုက်လေသည်။
သုနန္ဒတေဇကလည်း ကြီးမားသော ကိုယ်ခန္ဓာဖန်ဆင်းကာ ပြန်လည်တိုက်ခိုက်လေသည်။ သုနန္ဒတေဇ၏ ဓားချက်မိကာ မြွေနဂါးကြီး နှစ်ပိုင်းပြတ်သွားပြီး ပျောက်ကွယ်သွားလေသည်။ ထိုအချိန် နန်းဆောင်ထဲမှ လူတစ်ယောက်ထွက်လာပြီး

” ဟိုနှစ်ကောင် မင်းတို့ဘယ်က ဆရာအစုတ်ပလုတ်ကိုခေါ်လာတာလဲ အဟက်ဟက်ဟက် ”

တေဇက ငနီနဲ့အောင်ဒင်ကို ကြည့်ကာ

” ငနီ မင်းကိုအိမ်မက်ပေးတာ သူလား သေချာကြည့်စမ်း ”

” ဟုတ်တယ် အဲ့လူပဲ ကျုပ်ကိုကြိမ်းမောင်းသွားတာ ”

” ကဲ နဂါးမင်းရေ… ခင်ဗျားလုပ်နေတာတွေကို ရပ်တန်းကရပ်ပြီး နတ်မင်းကြီးတွေဆီသွားပြီး အပစ်တွေကိုဝန်ခံပါ ဒါမှမဟုတ်ရင်ကျုပ်ဆုံးမရမလား ”

” တယ် ဒီဆရာစုတ်ကတော့ ကဲဟယ်… ”

ဆိုကာ ပါးစပ်ဟပြီး မီးနဲ့မှုတ်လေတော့သည်။
တေဇလည်း နဂါးမီးတောက်ကို စက်တစ်ခုထုတ်ပြီး ပြန်ကာလိုက်လေသည်။ နဂါးမင်းက

” တယ် …ဒီလောက်ခံနိုင်လှ ငါ့ရဲ့အပြင်းထန်ဆုံး မီးနဲ့မှုတ်မယ် ခံနိုင်အောင်ခံစမ်း ”

ဆိုကာ အပြာရောင်မီးတောက်များဖြင့် မှုတ်လေသည်။ တေဇလည်း ငရဲမီးတောက်စက်ဖြင့် ပြန်ကာထားလေသည်။ နဂါး၏မီးတောက်က တဖြည်းဖြည်းနဲ့တေဇဆီ နီးကပ်လာလေသည်။ တေဇက ဖနှောင့်တစ်ချက်ပေါက်ကာ စက်ကို ဆောင့်တွန်းလိုက်လေသည်။ တေဇက အနောက်သို့ ငါးလှမ်းခန့်ဆုတ်သွားပြီး နဂါးမင်းက တစ်လှမ်းဆုတ်သွားလေသည်။

” ဒီလောက်တောင်အစွမ်းထက်လှ အရိုးအသား ညက်ညက်ကြေအောင်လုပ်ပစ်မယ် ”

ဟုဆိုကာ ဧရာမနဂါးကြီးအသွင်ဖန်ဆင်းကာ တေဇကို ရစ်ပတ်ဖို့ ရှေ့သို့ လျှောခနဲတိုးလာလေသည်။ တေဇလည်း ဘာလုပ်ရမှန်း မသိချိန်

” ရပ်လိုက်စမ်း နန္ဒိယ ”

ဟူသော အသံနှင့်အတူရောက်လာသူက နဂါးမင်းသမီး သီရိမာလာ။ ( နဂါးမင်းသမီးသီရိမာလာနဲ့တေဇ တစ်ခါဆုံတွေ့ဖူးပါတယ်။ တေဇနှင့်ခင်လွှမ်း စက္ခထင်ပေါ်ကို စောင့်ရှောက်ဖို့ ကဝေတစ်ရာရွာထိပ်မှာ ထင်ပေါ်ကို နဂါးမင်းသမီး သီရိမာလာကိုယ်တိုင်လာပို့ဖူးပါတယ်။ စာဖတ်သူတွေမှတ်မိကြမှာပါ)

” အလို နဂါးမင်းသမီးသီရိမာလာပါလား… ဘာကိစ္စရောက်လာရသလဲ ”

” သာသနာတော်အတွက် အရေးကြီးတဲ့အချိန်မို့ သင့်ကို ကူညီဖို့ရောက်လာရခြင်းဖြစ်ပါတယ်… ကဲ နန္ဒိယနဂါး… နဂါးတိုင်းပြည်ကနေ ခိုးထွက်ပြီး လူ့ပြည်လူ့ရွာကို သာသနာအမှောင်ဖုံးအောင်လုပ်တဲ့အတွက် သင့်ကို နှစ်ပေါင်းတစ်ရာ ဒဏ်ခတ်ရမည် ”

နန္ဒိယနဂါးလည်း နဂါးမင်းသမီးစကားကိုကြားကာ ပါးပျဉ်းကို ဖြေချပြီးနောက်

” နှစ်ပေါင်းတစ်ရာ ဒဏ်ခတ်မယ်ဆိုလည်း ကျုပ်ကိုအရင်တိုက်ခိုက်လော့ ”

ဆိုကာ ပါးပျဉ်းကို ပြန်ထောင်လိုက်လေသည်။ နဂါးမင်းသမီးလည်း နန္ဒိယ နဂါးထက်ကြီးမားသော အရွယ်အစားဖန်တီးကာ ပြန်တိုက်ခိုက်လေသည်။ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေကြချိန် တေဇက ကျွန်းနက်ဖြင့်ထုထားသော နဂါးရုပ်ထုအားယူကာ နတ်မင်းကြီးများ ချီးမြင့်ထားသော အင်းဖြင့် ခေါင်းကိုဖိချလိုက်လေသည်။

” အားးးးးးးး ပူတယ်…. ပူတယ် ငါ့ခေါင်းတွေ ပေါက်ကွဲမတတ်ပူနေပြီ အားးးး ပူတယ်… ပူတယ် ”

နန္ဒိယ နဂါးလည်း လူးလှိမ့်ကာ အော်ဟစ်နေလေတော့သည်။ တေဇလည်း အင်းကို ဖယ်လိုက်ပြီး

” နန္ဒိယနဂါး သင့်ကို နဂါးမင်းသမီးနဲ့အတူ ပြန်ထည့်ပေးလိုက်မယ်… ဟို သူငယ်ကို သင်လုပ်ထားတာတွေပြန်ယူပါ”

” ပြန်ယူပါ့မယ် ”

ဟုဆိုကာ ငနီဘက်သို့လှည့်ကာ လက်တစ်ဖက်ဆန့်ပြီး အခိုးအငွေ့များကို ပြန်ထုတ်ယူလေတော့သည်။ အခိုးအငွေ့များကုန်သွားသောအခါ တေဇက

” သူ့ကိုပြန်ခေါ်သွားလို့ရပြီ နဂါးမင်းသမီး ဒီလိုထပ်မဖြစ်အောင် စောင့်ကြပ်ပေးပါဦး ”

နဂါးမင်းသမီးလည်း လက်ထဲမှ ရဲရဲတောက်နေသည့် ပတ္တမြားတစ်လုံးကိုထုတ်ပြီး တေဇကို

” ဒါက နဂါးတိုင်းပြည်ရဲ့ရတနာ ပတ္တမြားမျက်ရှင်လို့ခေါ်ပါတယ်… အာခံတွင်းထဲငုံထားရင် မြေလျှိုးမိုးပျံပြီး ရေအောက်မှာ အသက်ရှူလို့ရပါတယ်… မီးထဲလည်းနေနိုင်ပါတယ် ဘုရားတည်ရင် ဌာပနာထည့်ပေးပါ ”

တေဇလည်း နဂါးမင်းသမီးဆီက ပတ္တမြားမျက်ရှင်ကို လက်ခံပြီးနောက်

” ကောင်းပါပြီ နဂါးမင်းသမီး ”

ဟုဆိုလိုက်လေသည်။ နဂါးမင်းသမီးလည်း တေဇကို တစ်ချက်ကြည့်ကာ နန္ဒိယနဂါးကို ဂုတ်ကဆွဲပြီး ပျောက်ကွယ်သွားလေသည်။ တေဇလည်း အောင်ဒင်နှင့် ငနီကိုခေါ်ကာ ဘုရားစေတီအနားပြန်လာခဲ့လေသည်။

” သုနန္ဒတေဇနဲ့ သိုက်ချုပ်အဘိုးနှင့်သိုက်နန်းရှင်များ ကျုပ်အရှေ့ကြွခဲ့ပေးပါ ”

သုနန္ဒတေဇနှင့် သိုက်ချုပ်အဘိုးနှင့်သိုက်နန်းရှင်များ တေဇအရှေ့သိုက်ရောက်လာခဲ့လေသည်။ တေဇက

” သိုက်ချုပ်အဘိုးကို ဒီပတ္တမြားအပ်ထားချင်ပါတယ်… ပြီးတော့ သုနန္ဒတေဇက ဒီဘုရားကို လက်အောက်ငယ်သားများနှင့် စောင့်ကြပ်ပေးထားပါ ”

” ကောင်းပါပြီ အရှင်…… ကောင်းပါပြီလူလေး ”

” ပြီးတော့ အောင်ဒင်ကိုလည်း ဒီဘုရားဝန်းကျင်အတွင်းမှာ နေစရာတစ်ခု ခဏတာစီစဉ်ပေးချင်ပါတယ် …သိုက်ချုပ်အဘိုး တာဝန်ယူပေးပါ ”

” ကောင်းပြီလူလေး ဟိုက ညောင်ပင်မှာ နေထိုင်ခွင့်ပြုပေးမယ် ”

” ကဲ ငနီရေ မင်းလည်း ကိုယ့်အိမ်ကိုပြန်ပေတော့ …မနက်ဖြန်ကစပြီး ရွှေထည်ငွေထည်တွေရောင်းပြီး ဘုရားတည်ကျောင်းဆောက်ဖို့ မြို့တက်ပြီးစီစဉ်ပေတော့ ”

ဆိုကာ ငနီ့နဖူးကို လက်ဖဝါးဖြင့်တွန်းထုတ်လိုက်လေတော့သည်။ နောက်တနေ့နံနက်တွင် ငနီတစ်ယောက် ကျန်းမာစွာ ပြန်နိုးထလာလေတော့သည်။ ညက ကြုံတွေ့ခဲ့သည့်အရာကို ကိုယ်တိုင်မျက်မြင်မို့ တေဇကို လေးစားလျှက်ရှိနေပေသည်။ နောက်ထပ်သတင်းတစ်ခုက နဂါးမင်းနတ်နန်းတစ်ခုလုံး ပြာကျသည်အထိမီးရှို့ခံထားရခြင်းဖြစ်လေသည်။ တေဇလက်ချက်ဆိုတာ ငနီကလွဲပြီး ဘယ်သူမှ မသိနိုင်ပေ။ ငနီလည်း ရွှေထည်ငွေထည်များယူကာ မြို့တက်ကာ ထုခွဲရောင်းချပြီး ဘုရားတည်သည့်အဖွဲ့နှင့် ပန်းရံလက်သမားများကို ရွာသို့ခေါ်ပြီး ဘုရားတည် ကျောင်းဆောက်လုပ်လေတော့သည်။ ဘုရားအဝင် မုခ်၏ တစ်ဖက်တွင် ဘီလူး တစ်ဖက်တွင် နဂါးမယ်ရုပ်တုကို ထုလုပ်လေသည်။ ဘုရားဌာပနာပိတ်သည့်အချိန်တွင် တစ်ခါမြင်ဖူးသော သိုက်နန်းရှင်များမှ ရတနာများကို ရွှေလင်ပန်းများနှင့် ယူဆောင်လာပြီး ဌာပနာထည့်လေသည်။ ငနီလည်း သိုက်စောင့်အဘိုးနှင့်တကွ သိုက်နန်းရှင်များ သူငယ်ချင်းဖြစ်သူ အောင်ဒင်အတွက်ပါ နာမည်ခေါ်၍ ရေစက်ချအမျှဝေပေးလေသည်။
နှစ်ထပ်ကျောင်းကြီး ဆောက်လုပ်ပြီးချိန်တွင် မြို့က စာသင်တိုက်ကနေ ဆရာတော်တစ်ပါးနှင့် ဥူးပဉ္ဇင်း နှင့် သာမဏေငယ်ဆယ့်ငါးပါးကို ကျောင်းထိုင် သီတင်းသုံးရန် ပို့ဆောင်ပေးလေသည်။
ဤသို့ဖြင့် မြေနီရွာတွင် သာသနာ့အလင်းရောင် ပြန်လည်ထွန်းလင်းလာခဲ့လေသည်။

ပြီးပါပြီ

စာရေးသူ – လင်းတေဇ

#crd