“တောကြီးတစ္ဆေ” (စ/ဆုံး)

“တောကြီးတစ္ဆေ” (စ/ဆုံး)

~~~~~~~~~~~~~~~~~~~~~

အောက်လမ်းတော့ အောက်လမ်းပဲဗျ။ ဒါပေမဲ့ ဆရာ စောရာမ ဆိုတဲ့လူကိုတော့ ကျုပ် ဘယ်တော့မှ မမေ့ဘူးဗျာ။

ကျုပ် အောက်လမ်းဆရာတွေကိုလည်း လိုက်ပြီးကူညီပေးဖူးပါတယ်။

ဆရာ ကိုတက်ခါးတုန်းကဆိုရင် ကိုးကျင်းအောင်သွားပေမယ့် အတောင်ပံနဲ့ သရဲကြီးက လည်ပင်းကို လိမ်ချိုး သတ်ပစ်လိုက်တာ။

(ဆရာကိုတက်ခါးအကြောင်းကို ဖတ်ချင်ရင်တော့ ကျုပ်ရေးခဲ့တဲ့ ကိုယ်တွေ့မဖဲဝါ စာအုပ်ထဲက ကိုးသချိုင်းကဝေ မှာ ပြန်ဖတ်ကြည့်ပါ။

အဲဒီဆရာကိုတက်ခါးက နည်းနည်းကြွားချင်တယ်ဗျ။ ကျုပ်ကို သူတတ်ထားတဲ့ပညာတွေ ပြသေးတာ။ မိန်းမကိစ္စကလည်း မကင်းဘူးဗျ။)

ဆရာစောရာမကတော့ ပညာသည်စစ်စစ်ဗျ။ ဘာပညာမှလည်း မပြဘူး။ ကြွားလည်းမကြွားဘူး။ ထောင်ထောင်လွှားလွှားလည်း မလုပ်ဘူးဗျ။

သူ့အစီအရင် အောင်ဖို့ကိုပဲ အာရုံစိုက်နေတာ။
ကျုပ်ကလည်း သူစီရင်မယ့် အစီအရင်ဟာ ဘာအစီအရင်ဆိုတာ မသိခဲ့ဘူးဗျ။

မဖဲဝါကို စီရင်ထားမှန်း ကျုပ်လုံးဝမသိခဲ့တာပါ၊ မဖဲဝါကို ကိုယ်တစ်ကိုယ်ခွဲခိုင်းတဲ့ ကိုယ်တူကိုယ်ခွဲ အစီအရင်ဆိုတာသိရင်

ကျုပ် ဘယ်ကူညီလိမ့်မတုံးဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ။

ကျုပ်နဲ့ သချိုင်းရှင်မကြီး မဖဲဝါနဲ့က တော်တော်ကို ခင်မင်ရင်းနှီးနေပြီလေဗျာ။

ကျုပ် အကူအညီလိုတိုင်း ကူညီနေတာဗျ။ ကျုပ်ဖြင့်ဗျာ ဆရာစောရာမကိစ္စတုန်းက မဖဲဝါကို အားနာလိုက်တာ မပြောပါနဲ့တော့ဗျာ။

ဆရာစောရာမဆိုတဲ့လူကလည်း ပညာတွေထက်လိုက်တာဗျာ။ မဖဲဝါကိုတောင် နိုင်တဲ့လူဗျ။

မဖဲဝါက ဒီဆရာကို ဘယ်လိုမှ မယှဉ်နိုင်လို့ကို အရုပ်လေးမှာ အသက်သွင်းပေးလိုက်ရတာဗျို့။

ဒါပေမဲ့ ဆရာစောရာမက သူသိပ်အောင်ချင်တဲ့ အစီအရင်အောင်သွားလို့ ဝမ်းသားအားရဖြစ်သွားတာဟာ သူ့အမှားပဲဗျ။ စည်းတွေတားထားဖို့ သူ သတိလစ်သွားပုံပဲဗျာ။

မဖဲဝါက အောက်လမ်းဆရာလက်ထဲကို သူ့အသက်သွင်းပေးလိုက်ရတဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်လေးကို လုံးဝအပါမခံဘူးဗျ။

ဒီအရုပ်လေး ကျုပ်ဆီမှာရှိတာ ဘယ်သူမှ မသိကြဘူးဗျို့။ ကျုပ်ကလည်း မဖဲဝါ မှာတဲ့အတိုင်း ဘယ်သူ့ကိုမှ မပြခဲ့ဘူး။

ပြဖို့နေနေသာသာ ပြောကိုမပြောတာဗျို့။
ကျုပ်မှာက ဘာအကြောင်းမှလည်း ခုချိန်အထိ မပေါ်ခဲ့ပါဘူး။

ဒီအရုပ်ကလေးကို ကျုပ်တစ်ခါမှ ထုတ်မသုံးခဲ့ရပါဘူးဗျာ။ သစ်စုန်းဆေးတော်နဲ့ မျက်ကွင်းဆေးကို ကတ္တီပါအိတ်ရှုံ့အနီကလေးနဲ့ ထားတယ်။

မဖဲဝါအရုပ်ကလေးကိုတော့ ကတ္တီပါအိတ်ရှုံ့အနက်ကလေးနဲ့ ထားတာဗျ။

ခင်ဗျားကိုတော့ ကျုပ်ပြောရဦးမယ်။ မဖဲဝါကိုယ်တိုင် အသက်သွင်းပေးထားရတဲ့ မဖဲဝါ ကိုယ်ခွဲအရုပ်ကလေးကို ပထမဆုံး ကျုပ် ကြည့်ဖူးတုန်းက အံ့သြလိုက်တာဗျာ မပြောပါနဲ့တော့။

ဘာဖြစ်လို့တုန်းဆိုတော့ အရုပ်ကလေးက လေးလက်မခွဲရှိတယ်။ ကျုပ် အပြင်မှာ မြင်ဖူးတဲ့ မဖဲဝါရဲ့ပုံစံနဲ့ ထုထားတဲ့ အရုပ်ကလေးရဲ့ ပုံစံက တစ်ထေရာတည်းဖြစ်နေလို့ပဲဗျို့။

ကျုပ်စိတ်ထင် ဆရာစောရာမက မဖဲဝါကို ကောင်းကောင်းမြင်ဖူးပုံရတယ်ဗျ။

သူပြောတဲ့ပုံအတိုင်း ပန်းပုဆရာက ထုပေးရတာကိုး။ ပြီးတော့ ထုပေးတဲ့ ပန်းပုဆရာကလည်း အောင်စိန်တို့လို လက်ရာမြောက်တဲ့ ဆရာ ဖြစ်မယ်ဗျို့။

ချွတ်စွတ်ကို တူနေတာဗျ။ ဒါကြောင့် ဆရာစောရာမကို ကျုပ် အထင်မသေးတာဗျို့။

အောက်လမ်းပေမယ့် ဒီလူ ပေါ့သေးသေးလူ မဟုတ်ဘူးဗျ။
အဲ ခင်ဗျားကို ပြောရဦးမယ်။

ဆရာစောရာမ မသေခင်က ကျုပ်ကို ပေးခဲ့တဲ့ ငွေဖို၊ ငွေမလေးတွေ ကျုပ်မှာ ရှိတယ်လေဗျာ။
မတ်စေ့လေး နှစ်စေ့လေး။

တာတေပဲဗျာ။ ပြောတိုင်း ယုံပါ့မလား။ ကျုပ် အဲဒီ ငွေဖို ငွေမကို လက်တွေ့စမ်းသပ်ပြီးပြီဗျို့။ စမ်းတာမှ တစ်ခါမဟုတ်ဘူး။ သုံးလေးခါ စမ်းတာဗျို့။

ငွေဖို ငွေမကို ကျုပ် သစ်သားသေတ္တာကလေးနဲ့ ထည့်ထားတယ်။ သေတ္တာမှာက မျောက်လက်ကလေး အဆင်သင့်ပါပြီးသားဆိုတော့

ကျုပ်က သေတ္တာထဲမှာ ငွေဖို ငွေမ ထည့်ပြီး တစ်ဆယ်တန်ကလေး ဆယ်ရွက်ထည့်ထားတယ်။

သေတ္တာကို သော့ခလောက် သေးသေးလေးနဲ့ ခတ်ထားတယ်။
ကျုပ် မြို့သွားတုန်းက အဲဒီပိုက်ဆံတစ်ရာကို ယူသွားတယ်။

မြို့မှာ ကျုပ် လုံချည်ဝယ်တယ်၊ စွပ်ကျယ်နှစ်ထည် ဝယ်တယ်။ အမေမှာလိုက်လို့ ဆီတို့၊ ငြုပ်သီးတို့ ဝယ်တယ်။

ပြောရရင်တော့ အဲဒီ ငွေတစ်ရာကို မကုန်ကုန်အောင်ကို ကျုပ် သုံးပစ်ခဲ့တာဗျ။

ဆရာတော်ကို ဆွမ်းကပ်ဖို့ ဝက်သား နှစ်ပိသာလည်း ကျုပ် ဝယ်ခဲ့တယ်။ အဘက တစ်ခါ တစ်ခါ ဆေးတံဖွာတတ်တော့

အဘအတွက် ဆေးတံသောက်ဆေးဘူးလည်း ဝယ်လိုက်သေးတယ်ဗျ။

တိုတိုပြောရရင် ကျုပ် ယူသွားတဲ့ ငွေတစ်ရာကုန်ရော ဆိုပါတော့ဗျာ။ ကျုပ် ရွာပြန်ရောက်တော့ သော့ခတ်ထားတဲ့ သေတ္တာလေးကို ဖွင့်ပြီး ကြည့်လိုက်တယ်။

“ဟာ”
ကျုပ်ဖြင့်ဗျာ အံ့သြလွန်းလို့ ‘ဟာ’ကနဲတောင် ထအော်မိတယ်။ ငွေတစ်ရာဗျ။

ဆယ်တန်ကလေး ဆယ်ရွက် ကျုပ်ယူသွားတဲ့ ပိုက်ဆံတွေဗျ။ တစ်ရွက်မှ မလွဲဘူးဗျို့။

သေတ္တာထဲ ပြန်ရောက်နေတာ။ လောကကြီး ဆန်းကြယ်လှချည်လားလို့ ကျုပ်စိတ်ထဲက ပြောလိုက်မိတယ်။

ဒါကြောင့်လည်း ဒီလိုပညာမျိုးတွေကို လူတွေ လေ့လာလိုက်စားကြတာကိုး။

ဒါပေမဲ့ ဒီအကြောင်း ကျုပ် ဘယ်သူ့ကိုမှ မပြောခဲ့ဘူးဗျ။ ဆရာစောရာမက ဒီ ငွေဖို ငွေမ ကလေးတွေကို ကျုပ်ကို ပေးတုန်းက အနားမှာ ကိုဘညိုကြီး ရှိနေတာလေဗျာ။

ဒီနောက်ပိုင်းမှာ ကိုဘညိုနဲ့ ကျုပ်နဲ့ တစ်ခါ နှစ်ခါ တွေ့သေးတာပဲ။ သူလည်း ဒီအကြောင်းကို တစ်ခါမှ မမေးပါဘူး။ သတိတောင် ရပုံမပေါ်ပါဘူးဗျာ။

ကျုပ်ဆိုတဲ့ကောင်က ဘာမဆို သေချာမှ ကြိုက်တာဗျ။ နောက်တစ်ခါ ကျုပ် ထပ်စမ်းကြည့်တယ်။

ဒီတစ်ခါတော့ ငွေငါးဆယ်ယူပြီး အကုန်သုံးပစ်လိုက်တယ်။ တစ်နေရာတည်းမှာ ငါးဆယ်ဖိုး မသုံးဘဲ ဆယ်နေရာလောက်ခွဲပြီး သုံးလိုက်တာဗျ။

ညရောက်တော့ ကျုပ် သေတ္တာသော့လေးကို ဖွင့်ကြည့်လိုက်တယ်။
“ဟာ”
ပြန်ရောက်နေတာပဲဗျ။

တော်တော်ကို စွမ်းတဲ့ ပညာပဲဗျာ။ ကျုပ်ဖြင့် တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ဒါမျိုး မြင်လည်း မမြင်ဖူးဘူး။

ကြားလည်း မကြားဖူးဘူးဗျ။
ဒီအကြောင်းကို အိမ်က အဘနဲ့ အမေကိုတောင် ကျုပ် ပြောမပြဘူးဗျ။

နောက်တစ်ခါမှာတော့ ဆယ်တန် ဆယ်ရွက်စလုံးယူပြီး နံပါတ်တွေ သေသေချာချာ မှတ်တယ်။

ပြီးတော့ ပိုက်ဆံအရွက်တိုင်းကို ခဲတံနဲ့ အမှတ်ကလေးတွေ လိုက်မှတ်ပြီးမှ ကျုပ် မြို့ကို ယူသွားတယ်။

ဒီတုန်းက ရွှေတစ်ကျပ်သားမှ သုံးရာ့ငါးဆယ်ပဲရှိတာ။ ကျုပ် ရွှေဆိုင်ကို သွားပြီး တစ်မတ်သားရှိတဲ့ လက်စွပ်တစ်ကွင်း ဝယ်လိုက်တယ်။

အလျော့တွက်ပေးရတာနဲ့ လက်ခပေးရတာနဲ့ဆိုတော့ တစ်ရာကို နည်းနည်းတော့ ကျော်တာပေါ့ဗျာ။

ရွာပြန်ရောက်တော့ ငွေဖို ငွေမ သေတ္တာလေးကို ကျုပ် သော့ဖွင့်ကြည့်လိုက်တယ်။

“အို”
ပြန်ရောက်နေတာပဲဗျ။

ကျုပ် တစ်ဆယ်တန်တွေကို နံပါတ်တွေနဲ့ သေသေချာချာတိုက်ပြီး စစ်တယ်။ ကျုပ် မှတ်ထားတဲ့ အမှတ်တွေလည်း ပြန်စစ်တယ်။ ဆယ်ရွက်စလုံး ကျုပ် ပိုက်ဆံချည်းပါပဲဗျာ။

ဒီတုန်းက ဆယ်တန်ဆိုတာက အပြာရောင်ကလေးဗျ။ ဗိုလ်ချုပ်အောင်ဆန်းပုံတစ်ဖက်၊ ဒေါင်းပုံတစ်ဖက်ဗျ။

ကျုပ်ဖြင့် လက်မှာ ဝတ်ထားတဲ့ လက်စွပ်ကို ပွတ်ကြည့်ရင်း ငိုင်သွားတယ်။ ကျုပ် မတရားလုပ်ရာ ရောက်နေပြီပေါ့ဗျာ။

ကျုပ် ပစ္စည်းတွေ သွားဝယ်တဲ့ဆိုင်တွေက သက်သက်ဆုံးရှုံးရပြီပေါ့ဗျာ။

ငွေတွေက ကျုပ်ဆီကို အားလုံးပြန်ရောက်နေတယ်။ သူတို့ဆီက ဝယ်လာတဲ့ပစ္စည်းတွေကို ကျုပ် အလကားရတာပေါ့ဗျာ။

ဒါ ခိုးတာပဲလို့ ကျုပ်စိတ်ထဲမှာ ခံစားမိတယ်။ သေတ္တာထဲ ထည့်ထားတဲ့ ငွေတစ်ရာကို ကျုပ်ထုတ်ယူပြီး တခြားတစ်နေရာမှာ ထားလိုက်တယ်။

ငွေဖို ငွေမ မတ်စေ့လေး နှစ်စေ့ကို သေတ္တာထဲကယူပြီး သေတ္တာလေးကို ကျုပ် ကုတင်အောက်မှာ သိမ်းထားလိုက်တယ်။

ဝိုင်းထဲမှာ ပစ်ထားတဲ့ အုန်းမှုတ်ခွက်ကလေးတစ်ခွက်ကို ကောက်ယူပြီးတော့ ငွေဖို ငွေမကို ထည့်လိုက်တယ်။

“ဒီငွေဖို ငွေမမှာ အစောင့်ရှိတယ်ဆိုရင် ကျုပ်ကို သိသာအောင် ခုန်ပြပါ”
လို့ ကျုပ်ပါးစပ်က ပြောလိုက်တယ်ဗျ။

မကြာပါဘူးဗျာ။
“ချွင်၊ ချွင်၊ ချွင်၊ ချွင်”
မတ်စေ့လေး နှစ်စေ့က အုန်းမှုတ်ခွက်ထဲမှာ ခုန်နေရောဗျို့။

ကျုပ် တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်။ ဆရာစောရာမက ဝိညာဉ်အဖိုနဲ့ အမကို အစီရင်လုပ်ပြီး ငွေကို ပြန်ယူခိုင်းတာဗျ။

တာတေ ဒီပညာကို အရမ်းအံ့သြတယ်။ ဆရာစောရာမကိုလည်း တော်တော်ကို ချီးမွမ်းမိတယ်ဗျာ။

ဒါပေမဲ့ ဒီဝိညာဉ်တွေကို တာတေ လွှတ်ပေးရမယ်။
“ငွေဖို ငွေမမှာ ဆရာတစ်ယောက်ရဲ့ အမိန့်ကြောင့် စောင့်နေကြရတဲ့

အသင်ဝိညာဉ်တို့၊ သင်တို့ကို စီရင်ခဲ့တဲ့ ဆရာဆိုတဲ့လူလည်း လူ့လောကမှာ မရှိတော့ဘူး။

အဲဒီဆရာက သင်တို့ကို ကျုပ်လက်ထဲ လွှဲပြောင်းပေးသွားတာဖြစ်လို့ သင်တို့ကို ကျုပ်ပိုင်တယ်။

ဒါကြောင့် အခုအချိန်ကစပြီး သင်တို့ကို ကျုပ်လွှတ်ပေးလိုက်ပြီ။ သင်တို့ သွားလိုရာကို လွတ်လွတ်လပ်လပ် သွားကြပေတော့။ သွားကြပေတော့”

“ချွင်၊ ချွင်၊ ချွင်၊ ချွင်”
ဟာ မတ်စေ့လေးနှစ်စေ့က အုန်းမှုတ်ခွက်ထဲမှာ ထပြီး တချွင်ချွင်နဲ့ ခုန်နေတယ်ဗျ။

“ဟော ရပ်သွားပြီ”
အခုန်ရပ်သွားပြီဗျ။ သူတို့ တချွင်ချွင်နဲ့ ခုန်ပြသွားတာ။

ဝမ်းသာအားရဖြစ်ပြီး ကျုပ်ကို နှုတ်ဆက်သွားကြတာ ထင်တယ်ဗျို့။
ကျုပ်လည်း ယောက်ျားခေါင်းခွံထဲက ယူထားတယ်ဆိုတဲ့

မတ်စေ့လေးနဲ့ မိန်းမခေါင်းခွံထဲက ယူထားတယ်ဆိုတဲ့ မတ်စေ့လေးကိုယူပြီး ထနောင်းကုန်းသချိုင်းမှာ ပစ်လိုက်တယ်။

ရွာထဲတော့ ကျုပ် မပစ်ရဲဘူးဗျ။ ဆရာစောရာမရဲ့ အစီအရင်က ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျုပ် သိတာမဟုတ်ဘူးလေ။

ကျုပ်စိတ်ထဲမှာတော့ ပေါ့သွားတာပေါ့ဗျာ။ လက်မှာ ဝတ်ထားတဲ့ တစ်မတ်သား လက်စွပ်ကလေးကိုလည်း ချွတ်ပြီး အံဆွဲထဲ ပစ်ထည့်ထားလိုက်တယ်။

ကျုပ်တစ်သက်မှာတော့ စောရာမဆိုတဲ့ အောက်လမ်းဆရာကို မေ့လို့ရမှာ မဟုတ်တော့ဘူးပေါ့ဗျာ။

မဖဲဝါကိုယ်တိုင် တာတေကို ထိန်းသိမ်းထားဖို့ ပေးလိုက်တဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကတော့ တာတေရဲ့ ကတ္တီပါအိတ်ရှုံ့

အနက်ကလေးထဲမှာ ငြိမ်ငြိမ်ကလေးပဲ အမြဲရှိနေတယ်ဗျ။
ဆရာစောရာမရဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးလို့

ခြောက်လလောက်အကြာမှာတော့ ကျုပ်တို့ အညာမှာ နှမ်းတွေသိမ်းချိန် ရောက်ခဲ့တာပေါ့ဗျာ။

ကျုပ်တို့ ရွာသူရွာသားတွေ အပင်ပန်းဆုံးနဲ့ ငွေအရွှင်ဆုံးအချိန်ပဲပေါ့။

အဘနဲ့ကျုပ်နဲ့ နှမ်းသိမ်းပြီးလို့ တစ်ပတ်လောက်အကြာမှာတော့ ကျုပ်လည်း ပျင်းနေတော့တာပေါ့ဗျာ။

ဒီနှစ် မိုးမှန်လို့ နှမ်းတော်တော်အောင်ကြတာဗျ။ ကျုပ်တို့ ရွာသူရွာသားတွေလည်း ရွှင်ရွှင်လန်းလန်း ဖြစ်နေကြတာပေါ့ဗျာ။

ကျုပ်တို့ရွာတင် မဟုတ်ပါဘူးဗျာ။ ကျုပ်တို့ တစ်နယ်လုံး နှမ်းအောင်ကြတာပါ။ ကျုပ်အဘနဲ့ အမေလည်း ပျော်နေကြတာပေါ့ဗျာ။

ကျုပ်ကတော့ဗျို့၊ ဝိုင်းထဲ လုပ်စရာရှိတာတွေ လုပ်နေရတာပေါ့ဗျာ။ လှည်းတွေမှာ ချို့ယွင်းတာလေးတွေ ပြင်ရ ဆင်ရတယ်။

ရေစည်လှည်းကိုလည်း ပြန်ပြီးပြင်ရဆင်ရ လုပ်ရတာပေါ့ဗျာ။
ကျုပ်တို့ တောင်သူအလုပ်ဆိုတာ လုပ်စရာအလုပ်တွေက အမြဲရှိနေတာဗျို့။

ရွှေမန်းတင်မောင်ပွဲထဲမှာ ပြောသလိုပေါ့ဗျာ။ ‘လယ်သမားဘဝ တကယ်မအားရဘူး’ ဆိုတဲ့ အတိုင်းပါပဲဗျာ။

ကျုပ် နွားတင်းကုတ်ထဲမှာ အလုပ်ရှုပ်နေတုန်း ဝိုင်းဝက မေးတဲ့အသံ ကြားလိုက်တယ်ဗျ။

“တာတေ ရှိလား အရီး”
“ဟေ ဘယ်သူတုံး၊ လာလေ၊ တာတေ ရှိတယ်၊ ဝိုင်းထဲမှာ အလုပ် လုပ်လို့”

“ယုန်တလင်းက စိန်မိုးပါ အရီး၊ တာတေဆီလာတာ”
ပြောရင်းဆိုရင်း ဝိုင်းထဲဝင်လာတဲ့ ကိုစိန်မိုးကို ကျုပ်

နွားတင်းကုတ်ထဲကနေ လှမ်းကြည့်နေမိတယ်။ ယုန်တလင်းဆိုတာ ကျုပ်တို့ ထနောင်းကုန်းနဲ့ ဝေးတယ်ဗျ။

အလယ်ရိုးမနားက ရွာတွေထဲကပေါ့ဗျာ။ အဲဒီဘက်မှာက ယုန်တလင်း၊ ထိန်ကုန်း၊ ဆင်မ၊ ကညင်စု၊ ထန်းညီနောင် ဆိုတဲ့ ရွာတွေ ရှိတယ်ဗျ။

အဲဒီရွာတွေက ရိုးမတောကြီးနားမှာ ရှိတာဆိုတော့ ယာလုပ်ငန်းအပြင် သစ်ဝါး ခုတ်ရောင်းတဲ့အလုပ်၊

ထင်းခုတ်ရောင်းတဲ့အလုပ်တွေပါ လုပ်ကြတာ။
“ကိုစိန်မိုး လာဗျို့၊ ကျုပ် ဒီမှာဗျ”

“ဘာတွေ လုပ်နေတာတုံးကွ၊ တာတေရ”
“ရေစည်လှည်း နည်းနည်းပြင်နေတာဗျ။ ကိုစိန်မိုးရ”

“အေး အေး ကောင်းတယ်၊ ပစ္စည်းဆိုတာ သိပ်မပျက်ခင်ပြင်တာ အကောင်းဆုံးပဲကွ၊ ငါလည်း လှည်းဘီးပြင်စရာ ရှိသေးတယ်”

“နို့ ကိုစိန်မိုး ဘယ်က လှည့်လာတာတုံး”
“ဟာ ဘယ်ကမှ လှည့်မလာဘူးကွ၊ မင်းဆီကိုပဲ တန်းလာခဲ့တာ၊

ကိစ္စလေး နည်းနည်းရှိနေလို့ကွ”
ကျုပ်က ကိုစိန်မိုးကို နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီးခတ်ကလေး

ပေးလိုက်တယ်။ ကိုစိန်မိုးက ကျုပ် အလုပ်လုပ်နေတဲ့နေရာမှာ ဝင်ထိုင်တယ်ဗျ။ ပြီးတော့ မီးခတ်ကလေးခတ်ပြီး ဆေးလိပ်ကို

မီးညှိပြီး နှစ်ဖွာ သုံးဖွာ ဆက်တိုက်ဖွာနေတယ်။
ကိုစိန်မိုးက အရပ်ရှည်ရှည်၊ ပိန်ပိန်ဗျ။ နှုတ်ခမ်းမွေး ပြားပြားကြီးကလည်း ရှိသေးဗျ။

လူကတော့ လွှတ်ရိုးတာဗျို့။
“ဒီလိုကွ တာတေရ၊ ငါတို့ရွာမှာ ပြဿနာလေး နည်းနည်းဖြစ်နေလို့ကွ၊ မင်းကို တိုင်ပင်ဖို့ လာခဲ့တာ”

“ဟင် ဟုတ်လားဗျ ကိုစိန်မိုး၊ ဘယ်လို ပြဿနာများတုံးဗျ”
“ဒီလိုဟေ့၊ ငါတို့ရွာထဲက ကိုစံရင် ဆိုတဲ့လူတစ်ယောက်

ဆုံးပါးသွားတယ်ကွ၊ အဲဒီကိုစံရင် ဆိုတဲ့လူက အသက်သုံးဆယ်လောက်ရှိပြီ တာတေရ၊

အလုပ်လွှတ်ကြိုးစားတဲ့လူကွ”
“နို့ ဘာရောဂါနဲ့ ဆုံးတာတုံး ကိုစိန်မိုးရဲ့”

“ဘာရောဂါနဲ့မှ မဟုတ်ဘူးကွ၊ ပိုးထိပြီး ဆုံးတာ”
“သြော် ဖြစ်ရလေဗျာ၊ အိမ်ထောင်တွေ ဘာတွေရော ရှိသလား”

“ရှိပါပြီကော တာတေရာ၊ သူ့မိန်းမက မခင်တဲ့၊ ရုပ်ရည်က သနားကမားပဲကွ၊ သမီးလေးတစ်ယောက်လည်း ရှိသေးတယ်၊ ငါးနှစ်သမီးလေးကွ”

“သြော် ဖြစ်ရလေဗျာ၊ မိန်းမနဲ့ သမီးလေးတော့ ဒုက္ခရောက်တော့မှာပေါ့လေ”

“အေး အဲဒါပေါ့ တာတေရာ၊ ကိုစံရင်က သူ့မိန်းမနဲ့ သမီးလေးကို တော်တော်ချစ်တာကွ၊ သေတာကလည်း အစိမ်းသေ၊ ပြီးတော့

မိန်းမနဲ့ သမီးကိုစွဲတဲ့စိတ်ကလည်း ရှိနေတော့ သူ့ခမျာ မကျွတ်ရှာဘူးကွ”

“ဟင် ဟုတ်လား၊ ကိုစိန်မိုးရဲ့”
“အေး အဲဒါ သူတို့အိမ်ထဲမှာပဲ သွားလာနေတာတဲ့ဟေ့၊

ညဆိုရင်လည်း သူ့မိန်းမအိပ်တဲ့ ခြင်ထောင်ဘေးမှာ ငုတ်တုတ်ကြီး လာထိုင်နေတာတဲ့ကွ၊ သူ့သမီးနဲ့ မိန်းမကိုပဲ ထိုင်ကြည့်နေတာတဲ့။

ဟိုတစ်ညကတော့ ကလေးက သူ့အဖေ ထိုင်နေတာကို မြင်သွားရောတဲ့ဟေ့၊ အဖေ၊ အဖေနဲ့ ခေါ်ပြီး အော်ငိုတော့တာတဲ့၊

ဒီတော့မှ တစ်အိမ်လုံး နိုးလာကြပြီး ‘စံရင် နင်က ဘဝခြားသွားပြီ၊ နင်နဲ့ သက်ဆိုင်တဲ့နေရာကို သွားပေတော့၊ ကလေးကို

မနှောင့်ယှက်နဲ့လို့’ စံရင့်အမေက ပြောတယ်တဲ့။ အဲဒီမှာတင် သူ့ကို နှင်ထုတ်ရပါ့မလားဆိုပြီး ကိုစံရင်က ထသောင်းကျန်းရောတဲ့ဟေ့။

ဟိုဟာ တွန်းချ၊ ဒီဟာ တွန်းချနဲ့ တစ်အိမ်လုံးကို ဆူညံနေတာဆိုပဲ။ ကိုယ့်အိမ်သားဆိုပေမယ့်လို့လည်း တစ္ဆေဆိုတော့ ကြောက်ကြတာပေါ့ကွာ၊

ဝိုင်းချင်းကပ်လျက်က လူတွေလည်း အသံတွေ ဆူညံနေတော့ လာကြည့်ကြတာပေါ့။

အကောင်အထည်တော့မမြင်ရဘူး။ အိုးတွေ တွန်းချ၊ ပန်းကန်တွေ တွန်းချ၊ ဖျာလိပ်တွေ လှဲချ လုပ်နေတာတွေတော့ မြင်နေ ကြားနေရတာပေါ့လေ၊

မနက်မိုးလင်းတော့ ဒီသတင်းက တစ်ရွာလုံးကို ပျံ့သွားတာပေါ့ကွာ။
ဟိုက သတင်းလာမေး၊ ဒီက သတင်းလာမေးနဲ့ ကာယကံရှင်တွေလည်း တော်တော်ကို စိတ်ညစ်ကြတာပေါ့၊

ဒါနဲ့ပဲ ရွာဦးကျောင်းသွားပြီး ဆရာတော်ကို အကျိုးအကြောင်းလျှောက်တော့ ဆရာတော်နဲ့ ဘုန်းကြီးတွေ ကြွလာပြီး ပရိတ်ရွတ်တယ်။

ပြီးတော့ ကိုစံရင်ကို ရည်စူးပြီး တရားဟောတယ်ကွ၊ ဘဝခြားသွားပြီဆိုတာ့ ဒီမှာ စွဲလန်းမနေဘဲ ကိုယ်နဲ့ဆိုင်ရာကို သွားဖို့တွေ ပြောတာပေါ့ကွာ။

ဒီမှာတင် အခြေအနေတွေက အရမ်းဆိုးသွားတာဟေ့ တာတေရေ”
“ဟင် ဘယ်လိုဖြစ်လို့တုံးဗျ”

“ဟာ မပြောပါနဲ့တော့ကွာ၊ ထုတ်တန်းပေါ်ကနေ ကြမ်းပြင်ကို ခုန်ချလိုက်တာ ‘အုန်း’ကနဲကို နေတာပဲဟေ့။

ဘုန်းကြီးတွေရော လူတွေရော လန့်ပြီး အိမ်ပေါ်က ဆင်းပြေးလိုက်တာ ကျွတ်ကျွတ်ကိုညံသွားတာဟေ့”

“ဟာ တော်တော်ကို ဆိုးနေတာပဲဗျ”
“အေး အဲဒီကတည်းက ဘယ်ဘုန်းကြီးမှလည်း ပင့်လို့မရတော့ဘူးဟေ့”

“အို အဲဒီတော့ ဘာတွေထပ်ဖြစ်တုံးဗျ”
“ကိုစံရင်တို့အိမ်သားတွေက အဲဒီမှာ မနေရဲတော့ဘဲ တခြားအိမ်ကို ပြောင်းပြေးရတာပေါ့ကွာ”

“အဲဒီတော့ အေးသွားရောလားဗျ”
“ဘယ်ကလာ အေးမှာတုံး တာတေရာ၊ ညဆိုရင် သူ့မိန်းမနဲ့

ကလေးကို လိုက်ရှာနေပုံရတယ်ကွ၊ ရွာထဲမှာ ခွေးတွေ ထိုးထိုးဟောင်တဲ့အသံတွေ တစ်ရွာလုံး ကြားနေတယ်ကွ၊

ရွာထဲကလူတွေလည်း ကြောက်လန့်ကုန်တာပေါ့ကွာ၊ ကိုယ့်ဝိုင်းထဲမှာ ခွေးဟောင်သံကြားရင် ဝိုင်းထဲကို

တစ္ဆေရောက်နေပြီလားဆိုပြီး မအိပ်ရဲကြတော့ဘူးဟေ့”
“ဟာ တစ်ရွာလုံးကို လျှောက်မွှေနေတော့တာပေါ့ ကိုစိန်မိုးရာ”

“အေးကွာ၊ လူတွေရဲ့ စွဲလန်းတဲ့စိတ်ဆိုတာ တယ်လည်း ကြောက်စရာကောင်းပါလားကွာ၊ တစ္ဆေဘဝကို ရောက်တဲ့အထိကို စွဲလန်းကြတာကလား တာတေရာ”

“နောက်ဆုံးတော့ တောကြီးတစ္ဆေကို တင်မြှောက်ပြီး သွားခိုင်းရတာပေါ့ကွာ”

“ဗျာ … ဘယ်လို၊ ဘယ်လို ကိုစိန်မိုး၊ တောကြီးတစ္ဆေ ဟုတ်လားဗျ၊ ဘယ်လိုဟာတုံးဗျ”

“သြော် မင်းက တို့ရွာတွေရဲ့ ဓလေ့ကို မသိသေးဘူးကိုးကွ”
“ပြောပါဦး ကိုစိန်မိုးရဲ့၊ ခင်ဗျားပြောတဲ့ တောကြီးတစ္ဆေအကြောင်း”

“ငါတို့ရွာတွေက ရိုးမတောကြီးတွေနားမှာ ရှိနေတာဆိုတော့ တောတက်တဲ့အခါ တောကြီးတွေထဲမှာနေတဲ့ တစ္ဆေသရဲတွေရဲ့

ခြောက်တာလှန့်တာ မကြာခဏ ခံကြရတာတွေ တာတေရဲ့”
“ဟင် ဟုတ်လား ကိုစိန်မိုး”

“ဟာ ဟုတ်ပါပြီလား တာတေရာ၊ တောခြောက်တယ်ဆိုတာ လွှတ်ကြောက်စရာကောင်းတာကွ၊ တောထဲမှာ

ကြောက်စရာကောင်းတဲ့ အသံကြီးတွေ ဟိုကပေါ်လာ၊ ဒီကပေါ်လာကွ၊ တောတက်တဲ့လူတွေဆိုတာ ဘယ်ပြေးလို့

ပြေးရမှန်းကို မသိတော့တာ၊ ဒီတော့ တောမတက်ခင် တောထဲက တစ္ဆေတွေကို အုပ်ချုပ်တဲ့ တစ္ဆေကြီးကို ပင့်ဖိတ်ပြီး

တင်မြှောက်ကြတယ်။ တောထဲဝင်ပြီး အလုပ်လုပ်တဲ့အချိန်မှာ အန္တရာယ်မရှိအောင် ကာကွယ်ပေးဖို့ပေါ့ကွာ၊ အဲဒ်ီလို

တင်မြှောက်ပြီးမှ တောတက်ရင် ဘာအန္တရာယ်မှ မကြုံဘဲ ပျော်ပျော်ပါးပါး အလုပ်လုပ်လို့ ရကြတယ်ဆိုပဲ။

အဲဒီလူတွေ တင်ကြမြှောက်ကြတဲ့ တစ္ဆေအချုပ်ကြီးကို တောကြီးတစ္ဆေလို့ ခေါ်ကြတာကွ”

“သြော် ဒီလိုလား”
“အေး နောက်ကျတော့ ရပ်ထဲရွာထဲမှာ တစ္ဆေ သရဲခြောက်တာ

လှန့်တာရှိရင် တောထဲဝင်ပြီး တောကြီးတစ္ဆေကို ပင့်ဖိတ်ပြီး အကျိုးအကြောင်းတွေ ပြောပြလိုက်ရင် တောကြီးတစ္ဆေက

ရွာထဲဝင်ပြီး ခြောက်လှန့်နေတဲ့ တစ္ဆေကို တောထဲ ခေါ်သွားတာကွ”
“ဟင် ဟုတ်လား ကိုစိန်မိုး၊ ဒါဆိုရင် ခင်ဗျားတို့ရွာတွေမှာ

တောကြီးတစ္ဆေက တော်တော်ကို အရေးပါတဲ့နေရာမှာ ရှိတာပေါ့”
“လူတစ်ယောက်သေလို့ မကျွတ်မလွတ်ဘဲ အိမ်မှာ

ခြောက်လှန့်နေရင် တောကြီးတစ္ဆေကိုသွားပြီး တင်ကြမြှောက်ကြ လုပ်လိုက်ရင် အိမ်မှာ ခြောက်လှန့်နေတဲ့

တစ္ဆေပျောက်သွားရောဟေ့”
“တောကြီးတစ္ဆေခေါ်သွားတယ်လို့ပဲ ပြောကြမှာပေါ့ဗျာ”

“အေးပေါ့ တာတေရ၊ ဟုတ်လည်း ဟုတ်လောက်တယ်ကွ၊ မင်းနှယ် တစ်ခါတလေများဆိုရင် ရွာထဲက တစ္ဆေက တောကြီးတစ္ဆေနောက်ကို

ကောင်းကောင်းလိုက်မသွားဘဲ ရွာထဲမှာ လှည့်ပတ်ပုန်းနေတာကွ၊ အဲဒီလိုအခါဆိုရင် တောကြီးတစ္ဆေကလိုက်၊ ဟိုတစ္ဆေကပြေးနဲ့

ရွာထဲမှာ ခွေးတွေက လိုက်ပြီးဟောင်ကြတာ တကယ်ကို ခြောက်ခြားစရာကြီးကွာ၊ နောက်တော့လည်း ပါသွားရော ထင်ပါရဲ့၊ တိတ်သွားတာပါပဲ”

“နို့ နေပါဦး ကိုစိန်မိုးရဲ့၊ ကိုစိန်ရင်က သူ့သမီးနဲ့ မယားကို စွဲလန်းပြီး တစ္ဆေဖြစ်နေတာ ဘုန်းကြီးတွေနဲ့လည်း နှင်လို့လည်း

မရတော့ဘူးဆိုတော့ တောကြီးတစ္ဆေကို မခေါ်ခိုင်းဘူးလားဗျ”
“အေး . . . ဒီလိုကွ တာတေရ၊ ပထမတော့ ဒါမျိုးဖြစ်လာရင်

ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ကြတာပေါ့ကွာ၊ သိမ်သိမ်မွေ့မွေ့ ချော့မော့ပြီး နှင်ထုတ်ကြည့်ကြတာပေါ့၊ အဲဒီအဆင့်မှာ

တော်တော်များများက ကျွတ်သွားကြတာပါပဲ၊ တစ်ယောက်တလေသာ အခုလို ကြုံရတာပါ၊

အစွဲအလန်း သိပ်ကြီးလွန်းလို့ ထင်ပါရဲ့ကွာ၊ တောကြီးတစ္ဆေကတော့ ရိုတ်ပုတ်ပြီး ခေါ်သွားတာဆိုတော့ ဘယ်လိုလုပ်လို့မှ

မရတဲ့အဆုံးမှာ လုပ်ရတာကွ၊ ကိုယ့်အိမ်သားတစ်ယောက်ကို တောကြီးတစ္ဆေလက်ကို ဘယ်သူမှ မအပ်ချင်ကြဘူး၊

မဖြစ်တော့တဲ့အဆုံးကျမှ အပ်ရတာ”
“ဒါဆိုရင် ကိုစံရင် တစ္ဆေကို တောကြီးတစ္ဆေဆီ မအပ်သေးဘူးပေါ့”

“ဟာ အပ်ပြီးပြီကွ၊ တောကြီးတစ္ဆေပင့်နေကျ အဘိုးကြီးတစ်ယောက် တို့ရွာမှာ ရှိတယ်၊ ဒီဘိုးတော်က တောကြီးတစ္ဆေပင့်တာ

လွှတ်တော်တာကွ၊ သူပင့်ရင် တောကြီးတစ္ဆေက တန်းကြွတာကွ၊ ပြီးတော့ သူ့ကိုတင်မြှောက်တဲ့ အရက်နဲ့ ကြက်ကြောက်ကိုလည်း

ကုန်အောင်စားတာဆိုပဲ၊ အခု အဲဒီဘိုးတော်ကြီးကိုယ်တိုင် အရက်နဲ့ ကြက်ကြော်တင်မြှောက်ပြီး တောကြီးတစ္ဆေကို ပင့်ပြီး ကိုစံရင်တစ္ဆေကို အပ်တာပဲကွ”

“အဲဒီတော့ ငြိမ်မသွားဘူးလား ကိုစိန်မိုးရဲ့”
“အဲဒါကြောင့် မင်းဆီ လာတိုင်ပင်ရတာပေါ့၊ တာတေရ”

“ဟင် ဘယ်လိုဖြစ်လို့တုံးဗျ”
“တောကြီးတစ္ဆေ ပင့်လိုက်မှ ပိုဆိုးနေလို့ဟေ့”

“ညညဆိုရင် ကိုစံရင်တို့အိမ်မှာ ဝုန်းဒိုင်းကို ကြဲနေတာဟေ့၊ အိမ်ဆိုတာ သွက်သွက်ကို ခါနေတာ၊ ဘာတွေ ဖြစ်နေလဲတော့

မသိဘူးကွ၊ အရင်တုန်းက ဒါမျိုး တို့ရွာမှာ မဖြစ်ဖူးပါဘူးကွာ၊ ရွာထဲမှာလည်း ခွေးတွေအူတာ ညတိုင်းပါပဲကွာ၊ ကိုစံရင်တို့

အိမ်မှာလည်း လူမနေဝံ့တော့ တံခါးပိတ်ထားရတာ၊ အဲဒါကို အိမ်ကြီးသွက်သွက်ခါအောင် တဝုန်းဝုန်း တဒိုင်းဒိုင်း ဖြစ်နေတာကွ”
“ဟာ ဘာတွေဖြစ်နေပါလိမ့်”

“အေး ငါတို့လည်း ဘာမှမလုပ်တတ်ကြတော့ဘူးကွ၊ ဒါကြောင့် မင်းနဲ့ လာပြီးတိုင်ပင်တာကွ”

“ဒီအတိုင်းဆိုရင်တော့ ကိုစိန်မိုးရေ၊ ခင်ဗျားပြောတဲ့ကိစ္စက သိပ်တော့လွယ်မယ် မထင်ဘူးဗျ”

“ဘာဖြစ်လို့တုံး တာတေရ”
“ကိုစိန်မိုး စဉ်းစားကြည့်လေဗျာ၊ ဘုန်းကြီးတွေကလည်း

ဟောပြောပြီး ပရိတ်တွေ ရွတ်ပြီးပြီ၊ ခင်ဗျားတို့နယ်က အမြဲလို တင်မြှောက်နေတဲ့ တောကြီးတစ္ဆေကိုလည်း ပင့်ဖိတ်ပြီး

ခေါ်သွားခိုင်းပြီးပြီ၊ အခြေအနေက ပိုပိုဆိုးလာနေတယ်မို့လားဗျ”
“အေး ဟုတ်တော့ ဟုတ်သားကွ၊ ဒါဆိုရင် မင်း ဘယ်လိုသဘောရတုံး တာတေ”

“အဲဒါကို ကျုပ် စဉ်းစားနေတာပဲ ကိုစိန်မိုးရ”
“အေး ငါ့သဘောပြောရရင်တော့ မင်းကို ပင့်သွားချင်တာကွ”

“ဗျာ ကျုပ်ကို ပင့်သွားမယ်၊ ဟာ မဟုတ်တာ ကိုစိန်မိုးရယ်၊ ကျုပ်က ဆရာမှ မဟုတ်တာ၊ ခေါ်သွားချင်တယ်လို့ ပြောပါဗျာ”

“မင်းကသာ ဆရာမဟုတ်ဘူး ငြင်းနေတ၊ ဒီနယ်တစ်ဝိုက်မှာတော့ မင်းကို မဖဲဝါ စောင့်ရှောက်တဲ့သတင်းက ကျော်ထွက်နေပါ့ မောင်ရာ”

“ကျုပ်ကိုက လူတွေကို ကူညီချင်တာကိုး ကိုစိန်မိုးရဲ့၊ ဒီကိစ္စအားလုံးဟာ အဲဒီက စခဲ့တာပါပဲဗျာ”

“အခုလည်း ငါနဲ့ ရွာကို လိုက်နိုင်ရင် သိပ်ကောင်းမှာပေါ့ တာတေရာ”
ကျုပ် စဉ်းစားတယ်။

ယုန်တလင်းကိုလိုက်ရင် တစ်ညကတော့ အိပ်ရမှာဗျ။ ပြီးတော့ သူတို့ရွာတွေက ကျုပ် အရောက်အပေါက်နည်းတဲ့ ရွာတွေဗျ။

ကျုပ်နဲ့စိမ်းတယ်။ ကိုစိန်မိုးကလည်း အဝေးကြီးကနေ အားကိုးတကြီး လာခဲ့ရှာတာ။

နောက်တစ်ခုကတော့ မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို စမ်းပြီးသုံးကြည့်ချင်နေတာဗျို့။

“ကဲ ကိုစိန်မိုး၊ ကျုပ် လိုက်ခဲ့မယ်ဗျာ၊ ခင်ဗျားတို့ရွာကို ကုန်းကြောင်းသွားရင် ဘယ်လောက်လျှောက်ရမှာတုံးဗျ”

“ဟ တာတေ၊ ကုန်းကြောင်းလျှောက်ဖို့ မလိုဘူးလေကွာ၊ ငါ့မှာ လှည်းပါလာတယ်”

“ဟင် ဘယ်မှာတုံး၊ ခင်ဗျားလှည်း”
“မင်း ရှိလား၊ မရှိလား မသိလို့ လှည်းကို ဘန့်ဘွေးကုန်းက ငါတို့ဘထွေး ဦးစံပအိမ်မှာ ထားခဲ့တာကွ”

“သြော် ဒီလိုလား၊ ဒါဆိုရင် ဒီက ထမင်းစားပြီးလောက် သွားကြတာပေါ့ဗျာ”

“ဟာ ခုမှ မနက်ကိုးနာရီပဲရှိသေးတာ၊ ဟိုရောက်မှ စားပါကွ တာတေရ၊ ငါ့အမေက မင်းတစ်ပါတည်း ပါလာရင် စားဖို့ဆိုပြီး

ချက်ပြုတ်ထားမှာကွ၊ မွန်းတည့်လောက်ဆိုရင် ငါတို့ရွာရောက်မှာပဲ”

“ကဲ ဒါဆိုလည်း ကျုပ် အဘနဲ့ အမေ့ကို သွားပြောလိုက်ဦးမယ်၊ ပြီးတော့ ကျုပ် ယူစရာလေးတွေလည်း ယူလိုက်ဦးမယ်”

“အေးအေး ယူပါ၊ ယူပါ၊ ငါ ဒီကပဲ စောင့်နေပါ့မယ်”
ကိုစိန်မိုးက အဘတို့ အမေတို့နဲ့ မသိဘူးဗျ။ ကျုပ်နဲ့သာသိတာ။

ကျုပ်တို့ရွာ ရွှေတောင်ဦး ဘုရားပွဲဆိုရင် လာနေကျဗျ။
ကိုးနာရီခွဲတော့ ဘန့်ဘွေးကုန်းကနေ လှည်းစထွက်လာပြီဗျ။

ကိုစိန်မိုးက လှည်းမောင်း တော်တော်ကောင်းတဲ့လူပဲဗျ။
“ဟဲ့နွား၊ တယ် ဒီနွား၊ ဟဲ့ ဘယ်ကပ်ဆွဲနေပြန်တာတုံး။ ဟာ ဟိုနညိုကြီး၊ တောက်”

လှည်းဆိုတာ ရိပ်ကနဲ ရိပ်ကနဲနေအောင် ပြေးတာဗျို့၊ မွန်းတည့်တာနဲ့ ယုန်တလင်းရောက်ရောဗျာ၊ ကိုစိန်မိုးက သူတို့ဝိုင်းထဲ တန်းဝင်တာဗျ။

“ဟာ စိန်မိုးတောင် ပြန်လာပြီဟေ့၊ တာတေလည်း ပါလာတာပဲ၊ ဟဲ့ ပုကြည်တို့ ထမင်းပွဲ ပြင်ကြဟဲ့၊ အချိန်တောင် အတော်ရှိနေပြီ၊

နင့်အစ်ကိုကြီးရော ဧည့်သည်ရော ဆာလှရော့မယ်၊ လှည်းလည်း တစ်လမ်းလုံး ခုန်နေတာဟဲ့”

ကိုစိန်မိုး လှည်းရပ်လိုက်တာနဲ့ သူ့ညီ စိန်တိုးက နွားစာစဉ်းနေရာကနေ ပြေးထွက်လာပြီး လှည်းကြိုးဆွဲတယ်ဗျ။

“ကိုတာတေ ပါမှာလာပါ့မလားတို့ ကျုပ်က ပူနေတာဗျ”
“အခုရက်က အလုပ်တွေ ပြီးသွားပြီကွ၊ စိန်တိုးရ၊ ငါ အားနေတာ တစ်ပတ်လောက် ရှိပြီလေ”

“တော်သေးရောဗျာ၊ ဒီရွာမှာကတော့ ညညဆိုရင် ဗြောင်းဆန်နေတာဗျို့၊ တောကြီးတစ္ဆေတောင် မနိုင်သလို ဖြစ်နေတာဗျ”

“ကဲ စိန်တိုး၊ နွားတွေ မင်းပဲဖြုတ်လိုက်တော့၊ ငါ တာတေ့ကို ထမင်းကျွေးလိုက်ဦးမယ်၊ ငါလည်း ဆာတာ အူလိမ်နေပြီကွ”

“သွား သွား၊ ကိုကြီးစိန်မိုး၊ ကျုပ် လုပ်လိုက်မယ်”
ကျုပ်အိမ်ပေါ်ရောက်တော့

ကိုစိန်မိုး အဘရော အမေရောက ကျုပ်ကို လှိုက်လှိုက်လှဲလှဲကို နေရာထိုင်ခင်း ပေးကြတာဗျို့။

“မောင်တာတေဆိုတာ အငယ်ကလေးရှိသေးတာကိုး”
ကိုစ်ိန်မိုးအဘက ကျုပ်ကို သေသေချာချာကြည့်ပြီး ပြောတယ်ဗျ။

“လူသာငယ်တာ ကိုရင်ရေ၊ မောင်တာတေက ပညာတော့ တော်တော်ထက်တာ၊ သူ့သတင်းတွေ ကျုပ်တို့ ကြားနေတာ

ကြာပေါ့၊ အခုမှသာ လူကိုမြင်ဖူးတာ၊ ကိုရင့်သား စိန်မိုးတို့ စိန်တိုးတို့နဲ့ မောင်တာတေနဲ့က လူခင်တွေတော့၊ ဒါကြောင့် စိန်မိုးက

မောင်တာတေဆီကို တန်းပြေးတော့တာ ကိုရင်ရေ”
“သြော် ဒီလိုလား၊ အေး အေး၊ မောင်တာတေရေ၊

ကျုပ်တို့လည်း ဒါမျိုး တစ်ခါမှ မကြုံဖူးပါဘူးကွယ်၊ ရွာထဲမယ် မကျွတ်မလွတ်တဲ့သူမျိုးရှိရင် အလှူအတန်း လုပ်ပေးတာပါပဲ၊

အဲဒါမှ မရရင်တော့ တောကြီးတစ္ဆေပင့်ပြီး အပ်လိုက်ကြတာပေါ့ကွာ၊ အခုဟာက ဘာလုပ်လို့မှကို မရတာကွဲ့၊

ကျုပ်က တွေးကြည့်တယ်၊ သူတို့ထင်သလို စံရင်တစ္ဆေရော ဟုတ်ရဲ့လားလို့ပေါ့၊ တခြားက အကောင်တစ်ကောင်များ ရောက်နေတာလားလို့ ပေါ့ကွယ် ”

“ကိုရင်ရယ် အတွေးကလည်း တယ်လွန်တာကိုး၊ စံရင်မှ စံရင်ပါတော်၊ သူ့သမီးလေးမျက်စိနဲ့ကို တပ်အပ်မြင်တာတဲ့တော်၊ ကလေးက ‘အဖေ၊ အဖေ’ ဆိုပြီး ထလိုက်လို့ မယ်ခ ခမျာ မနည်းကို ဆွဲထားရတယ်ဆိုပဲတော့”

ကိုစိန်မိုးရဲ့ အဘက အသားညိုညို အရပ်ရှည်ရှည် နှုတ်ခမ်းမွေးကြီးနဲ့ဗျ။ လူပုံကတော့ တော်တော်ကို ရိုးမယ့်ပုံပါဗျာ။

ကိုစိန်မိုးအမေကတော့ အရပ်ပုပု၊ အသားလတ်လတ်ဗျ။ နှစ်ယောက်စလုံး အသက်ခြောက်ဆယ်ဝန်းကျင်လောက် ရှိရော့မယ်။

နာမည်တွေတော့ ကျုပ် မသိဘူးဗျ။
“ကဲ လာဟေ့ တာတေ၊ ထမင်းပွဲ ပြင်ပြီးပြီကွ”

ကိုစိန်မိုးရော ကျုပ်ရော ဆာဆာနဲ့ စားလိုက်ကြတာဗျာ။ ကြက်သားလေး ချက်ထားတာကလည်း ကောင်းပါ့ဗျာ။

ငြုပ်ပွသီးကို ခရမ်းချဉ်သီးနဲ့ စိမ်းစားငါးပိလေးရောပြီး ထောင်းထားတာကလည်း တော်တော်စားကောင်းတာဗျို့။

ထမင်းစားပြီးတော့ ကျုပ်က ပါလာတဲ့ နဂါးဆေးပေါ့လိပ်ကလေး ထိုင်ဖွာနေတယ်ဗျ။ ကိုစိန်မိုးကတော့ ရေနွေးကြမ်းသောက်နေတယ်။

ထန်းလျက်ခဲရော၊ လက်ဖက်သုပ်ရော၊ အမဲခြောက်ဖုတ် ဆီဆမ်းရော မြည်းစရာကလည်း အစုံဗျာ။

“ကိုတာတေ၊ ဒီမှာ ကိုတာတေကို တွေ့ချင်လို့တဲ့ဗျို့”
စိန်တိုးက ဝိုင်းထဲက လှမ်းအော်ပြောတယ်။

ဘယ်သူတွေတုံးကွ၊ အိမ်ပေါ်တက်ခဲ့ကြလေ၊ အသက်ခြောက်ဆယ်ကျော် ဘိုးတော်တစ်ယောက်နဲ့

ဘွားတော်တစ်ယောက်ဗျ။ သူတို့နောက်က

အသက်သုံးဆယ်လောက် အမျိုးသမီးတစ်ယောက်နဲ့ အသက်ငါးနှစ်လောက်ရှိတဲ့ ကလေးမလေးတစ်ယောက်ဗျ။

“ဟာ လာကြ၊ လာကြ၊ ဘထွေး ဖိုးကွန်းတို့၊ အရီးမြတို့”
ကိုစိန်မိုးက ခရီးဦးကြိုပြုတယ်ဗျ။

“မောင်တာတေ၊ ဒါ စံရင်ရဲ့ အဖေနဲ့ အမေပဲကွဲ့၊ ဟိုက စံရင်ရဲ့ မိန်းမနဲ့ သမီးကွ”

“သြော် ဟုတ်လား၊ ကျုပ်က ထနောင်းကုန်းကပါ၊ တာတေပါဗျာ၊ ကျုပ်က ဆရာ မဟုတ်ပါဘူး၊ အထက်လမ်းတို့ အောက်လမ်းတို့

ဘာပညာမှ ကျုပ် မတတ်ပါဘူးဗျာ၊
ဒါပေမဲ့ ဒီကိစ္စမျိုးတွေမှာ ကျုပ် ကူညီနိုင်ပါတယ်”

“ဝမ်းသာလိုက်တာ လူလေးရယ်၊ အရီးတို့လည်း အိမ်မှာနေလို့ မရအောင်ကို ဖြစ်နေတာပါကွယ်၊

ဒီလိုအချိန်ဆိုရင် ဘာမှမဖြစ်သလို ငြိမ်နေတာကွဲ့၊ ည ညဉ့်နက်တော့မှ ဝုန်းဒိုင်းဆန်နေတော့တာ၊ ဘာတွေဖြစ်နေမှန်းကို မသိတော့တာပါ မောင်တာတေရယ်”

“ကျုပ် ဒီည လုပ်ပေးပါ့မယ် အရီး၊ ဒီကိစ္စပြီးရင်တော့ ကိုစံရင်ကို ဆွမ်းတစ်ကြိမ် ထပ်သွတ်ပေးလိုက်ပါဗျာ”

“ဟာ လုပ်ပေးပါ့မယ်ကွယ် လုပ်ပေးပါ့မယ်”
ကိုစံရင်ရဲ့ အဖေက ဝင်ပြောတာဗျ။

ညနေစောင်းလောက်ကျမှ သူတို့မိသားစုတွေ ပြန်သွားကြတာဗျို့။ လောလောဆယ်တော့ ရွာတောင်ပိုင်းက အမျိုးတွေအိမ်မှာ တက်နေကြရတာဆိုပဲ။

ညဆယ့်နှစ်နာရီလောက်ရောက်တော့ ကိုစိန်မိုးညီ စိန်တိုးဝိုင်းထဲကို ပြေးဝင်လာတယ်။

“ကိုတာတေရေ၊ ဟိုအိမ်ကြီးမှာတော့ ဝုန်းဆန်နေပြီဗျို့”
“ဟေ ဟုတ်လားကွ၊ စိန်တိုး၊ ကဲ ဒါဆိုရင် သွားကြစို့ ကိုစိန်မိုးရေ”

ကျုပ်က မျက်ကွင်းဆေးကို အဆင်သင့် ကွင်းပြီးသားဗျ။ ကျုပ်မှာ လွယ်အိတ်တစ်လုံးကို စလွယ်သိုင်းလွယ်ထားတယ်။

ယုန်တလင်းက ရွာတော့ကြီးသားဗျို့။ ရွာရှေ့ပိုင်းကို ရောက်တယ်ဆိုကတည်းက အသံတွေ ကြားနေတော့တာပါပဲဗျာ။
“ဝုန်း၊ ဘုန်း၊ ဘုန်း၊ ဝုန်း”

ကျုပ်တို့ဝိုင်းထဲရောက်တော့ သေသေချာချာ တွေ့ရပြီပေါ့ဗျာ။
“ကျွိ၊ ကျွိ၊ ကျွိ၊ ဝုန်း”

ဟာ အိမ်ကြီးပါ လှုပ်ခါနေပါလား။ ကျုပ်တောင် လန့်သွားတယ်ဗျာ။
“ကဲ ကိုစိန်မိုးတို့ ဒီမှာနေခဲ့ကြ၊ ကျုပ် အိမ်ထဲကို ဝင်ကြည့်လိုက်မယ်”

ကျုပ်က ပြောပြောဆိုဆို စိန်တိုးလက်ထဲက ဓာတ်မီးကို ဆွဲယူပြီး အိမ်ပေါ်တက်ခဲ့တယ်ဗျ။

“ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ၊ ကျွိ”
အိုး ကြမ်းပြင်ကို ခြေထောက်နဲ့ ဆောင့်နင်းတဲ့ အသံဗျ။ အိမ်ကို သွက်သွက်ခါသွားတာ၊ အိမ်ပေါ်ထပ်ကလာတဲ့ အသံတွေဗျ။ ကျုပ် အိမ်ပေါ်ထပ်ကို တက်လာခဲ့တယ်။

ဟာတွေ့ပြီဗျို့။ ဓာတ်မီးက အလင်းရောင်အောက်မှာ တောကြီးတစ္ဆေဆိုတာကို ကျုပ်တွေ့ပြီဗျို့။

ဘုရား၊ ဘုရား။ နည်းတဲ့ အကောင်ကြီးမှ မဟုတ်တာဗျာ။ တစ်ကိုယ်လုံး မည်းနက်နေတာဗျ။

ဘာ အဝတ်အစားမှ မပါဘူး။ အမွေးအမျှင်တွေ တစ်ကိုယ်လုံးမှာ ဖုံးနေတာ။ နားရွက်ကြီး တစ်ဖက် တစ်ဖက်က ဆင်နားရွက်ကြီးတွေလိုပဲဗျ။

တဖျတ်ဖျတ်ခတ်နေတာ။ ကိုယ်လုံးက ရေတိုင်ကီ သုံးလုံးစာလောက်ရှိတယ်။

ခြေထောက်ကြီးတွေကလည်း အကြီးကြီးတွေပါဗျာ။ နီရဲနေတဲ့ မျက်လုံးကြီးတွေက လက်ဖက်ရည် ပန်းကန်ပြားအဝိုင်းလောက်ရှိတယ်။

နီရဲနေတာဗျို့။
တစ္ဆေကိုစံရင်က အိမ်လက်တိုင်ကို ဖက်ထားတာဗျို့။

နည်းနည်းမှကို မလွှတ်ဘူးဗျ။ တောကြီးတစ္ဆေက တစ္ဆေကိုစံရင်ကို အတင်းဆွဲပြီး ခေါ်နေတာဗျ။

ဘယ်လိုခေါ်လို့မှကို မရဘူး။ တစ္ဆေကိုစံရင်က တိုင်ကို ဖက်ထားတဲ့ လက်နှစ်ဖက်ကို တောကြီးတစ္ဆေဖြည်လို့ကို မရတာဗျ။

တစ္ဆေကိုစံရင်ကို တောကြီးတစ္ဆေက ခြေထောက်နဲ့ ကန်တယ်။ ကျောကုန်းကို သူ့လက်ကြီးနဲ့ ရိုက်တယ်။

အိမ်ကြီးဆိုတာ သိမ့်သိမ့်ခါနေတာဗျို့။ ဒါပေမဲ့ တစ္ဆေကိုစံရင်က ဘာမှမဖြစ်သလိုပဲဗျ။

ကျုပ် ချက်ချင်း သဘောပေါက်လိုက်တယ်။ ကိုစံရင် ပြုခဲ့တဲ့ ကုသိုလ်ကံတွေကြောင့် တောကြီးတစ္ဆေက လုပ်လို့မရဖြစ်နေတာဗျ။ ကိုစံရင်က သူ့သမီးနဲ့ မိန်းမကို စွဲလန်းသွားလို့သာ တစ္ဆေ ဖြစ်နေတာ ဖြစ်မယ်။

တောကြီးတစ္ဆေက ကျုပ်ကို မျက်လုံးနီနီကြီးတွေနဲ့ စိုက်ကြည့်နေတယ်။

တစ္ဆေကိုစံရင်ကလည်း တိုင်ကို ဖက်ထားလျက်နဲ့ ကျုပ်ကို လှမ်းကြည့်တယ်။

ကျုပ်က ကတ္တီပါအိတ်အနက်ကလေးထဲက မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို ထုတ်ယူပြီး မဖဲဝါကို ပင့်လိုက်တယ်။

“သချိုင်းရှင်မ မဖဲဝါဗျာ၊ တာတေက ပင့်ပါတယ်၊ အခုချက်ချင်း ကြွပါခင်ဗျာ”
ဟော လှုပ်တယ်ဗျို့။ လှုပ်တယ်။

ကျုပ်လက်ထဲက မဖဲဝါရဲ့ ပုံစံတူ ကိုယ်ခွဲရုပ်ကလေးက လှုပ်နေတယ်။ ကျုပ်က မဖဲဝါရုပ်ကလေးကို တောကြီးတစ္ဆေမြင်အောင် ပြလိုက်တယ်။

ဟာ အံ့သြစရာဗျာ။ တောကြီးတစ္ဆေလို့ခေါ်တဲ့ တစ္ဆေရိုင်းကြီးက ချက်ချင်း ကြမ်းပြင်မှာ ဒူးထောက်လိုက်တယ်ဗျ။

ဟာ တစ္ဆေကိုစံရင်လည်း ဒူးထောက်နေတယ်ဗျို့။
“တောကြီးတစ္ဆေ ဒီတစ္ဆေကိုစံရင်ဟာ သားမယားကို စွဲတဲ့စိတ်ကြောင့် မေ့လျော့ပြီး တစ္ဆေဖြစ်နေတာ

၊ သူပြုခဲ့တဲ့ကံက သင့်ထက်မြင့်တယ်၊ ဒါကြောင့် သူ့ကို သင်ဘယ်လိုမှ နှိပ်စက်လို့ မရနိုင်တာ၊ သချိုင်းရှင်မ မဖဲဝါရှဲ့အမိန့်၊

သင် အခုချက်ချင်း ဒီနေရာကနေ သင်နေတဲ့ တောထဲကို ပြန်ပေတော့။ ဒီတစ္ဆေကိစ္စကို ကျုပ် တာဝန်ယူတယ်၊ ဒါဟာ မဖဲဝါရဲ့ အမိန့်”

ဟာ အစွမ်းထက်လှချည်လားဗျာ၊ ကြောက်စရာကောင်းတဲ့ တောကြီးတစ္ဆေကောင်ကြီးက ဆံပင်ဖားလျားကြီးနဲ့ လှေကားက ဆင်းသွားလေရဲ့။

“ဒုန်း၊ ဒုန်း၊ ဒုန်း”
ခြေသံကြီးကို အတိုင်းသား ကြားနေရတယ်ဗျ။

“ကဲ ကိုစံရင် ခင်ဗျားက သေပြီးသွားပြီ၊ ဘဝခြားသွားပြီ၊ ခင်ဗျား သားမယားပေါ်မှာထားတဲ့ သံယောဇဉ်ကိုဖြတ်ပြီး ခင်ဗျား ဘဝကူးရတော့မယ်”

ကျုပ်ပြောတာကို တစ္ဆေကိုစံရင်က ခေါင်းညိတ်ပြတယ်ဗျ။ မျက်ရည်တွေလည်း ကျလို့ဗျာ။ သူကတော့ ရုပ်ပျက်ဆင်းပျက်

မဟုတ်ဘူးဗျ။ အဝတ်အစားနဲ့ လူပုံအတိုင်းပါပဲ။
“ဒီတော့ ခင်ဗျား နားထောင်ပါ၊ ဒီအိမ်ထဲကနေ အခုချက်ချင်း

ထွက်သွားပါ၊ ဝိုင်းထဲက အပင်တစ်ပင်မှာ ခဏနေ၊ ခင်ဗျားမိသားစုက ခင်ဗျားကို ရည်စူးပြီး ဆွမ်းထပ်သွတ်ကြလိမ့်မယ်၊ တရား

သေသေချာချာနာ၊ အမျှဝေရင် သေသေချာချာ သာဓုခေါ်ပါ”
ဟော ခေါင်းညိတ်ပြတယ်ဗျို့။ ခေါင်းညိတ်ပြတယ်။ တစ္ဆေကိုစံရင် ကျုပ်ကို သေသေချာချာ ခေါင်းညိတ်ပြတာဗျ။

“ကဲ ဒါဆိုရင် အခုသွားတော့၊ ဒါဟာ သချိုင်းရှင်မ မဖဲဝါရဲ့ အမိန့်”
ဟော သွားပြီဗျို့။

တစ္ဆေကိုစံရင် အိမ်ပေါ်က ဆင်းသွားပြီး ကျုပ် ဝိုင်းထဲရောက်တော့ အပင်တွေကို မော့ကြည့်တယ်။

တွေ့ပြီတွေ့ပြီ၊ ဝိုင်းထဲက သရက်ပင်ကြီးပေါ်မှာ တစ္ဆေကိုစံရင် ထိုင်လို့ဗျ။

ကျုပ်လည်း ညတွင်းချင်းပဲ ကိုစံရင်ရဲ့ မိသားစုကို အကျိုးအကြောင်းပြောပြလိုက်တယ်။

သူတို့လည်း မနက်ဖြန် မြို့သွားပြီး သင်္ကန်းတွေ ဘာတွေဝယ်ဖို့၊ ဆွမ်းထပ်သွတ်ဖို့ ပြင်ဆင်ကြလေရဲ့။

ကျုပ်ကတော့ နောက်တစ်နေ့မှာပဲ ရွာကို ပြန်ခဲ့တာပေါ့ဗျာ။

ပြီးပါပြီ။

မူရင်းရေးသားသူ-ဆရာတာတေ

#crd