*စုန်းထီးကြီးဦးဘသာနှင့် တောခြောက်သောနေ့*📖📖📖
*****************************************
(၁)
ဦးဘသာအကြောင်းပြောရင်း တော်တော်ရောက်လာခဲ့ပြီစာရေးဆရာ၊ ဒီတစ်ခါတော့ ကျုပ်တို့ကိုယ်တွေ့ကြုံခဲ့ရတဲ့ တောထဲက အမှတ်တရတွေပြောပြမယ်ဗျာ။ ကျုပ်တို့ဆီမှာက တစ်သီးပဲစိုက်တာဆိုတော့ လယ်တွေရိတ်သိမ်းပြီးသွားရင် အလုပ်အားသွားရောဗျ၊ တစ်ချို့တွေက ပဲတွေနှမ်းတွေစိုက်တတ်ကြပေမယ့် စီးပွားဖြစ်မဟုတ်ပါဘူးဗျာ၊ အကြောင်းကတော့ ရေမရတာရယ် ရာသီဥတုရယ်ကြောင့်ဗျ။
ဒီလိုလယ်ပြီးသွားတဲ့အချိန်ဆို ကျုပ်တို့အားသွားပြီလေ၊ အဲဒီအခါကျရင်တော့ ရွာရှေ့ဘက်က တောအုပ်ထဲကိုဝင်ပြီးတော့ ရစ်ထောင်၊ တောကြက်တောင်၊ ယုန်ထောင်ပေါ့ဗျာ၊ ပြောရရင်တော့ အမဲလိုက်ကျတာပေါ့ဗျာ၊ ကျုပ်တို့ရွာရဲ့အရှေ့နားကို တစ်ခေါ်လောက်ထွက်လိုက်ရင် တောအုပ်ကြီးတစ်ခုရှိတယ်ဗျ၊ အဲဒီတောကနေဆက်သွားရင်တော့ အနောက်ရိုးမတောင်တန်းကြီးနဲ့ဆက်နေတဲ့ တောင်တွေကိုရောက်သွားလိမ့်မယ်၊ အဲဒီတောင်ကြီးတွေကလည်း တောနက်ကြီးတွေဖုံးအုပ်ထားတာဗျ။
ကျုပ်တို့ရွာက တစ်ရွာလုံး ထင်းသုံးတာဆိုတော့ အရင်က ထင်းလိုရင် ရွာအရှေ့ဘက်တောစပ်ကိုထွက်လိုက်တယ်ဆိုရင်ပဲ ထင်းတစ်ထမ်းလောက်ကတော့ အသာကလေးရတယ်ဗျို့၊ ကျုပ်တို့ဘိုးစဉ်ဘောင်စဉ် အဲဒီတောထဲကပဲ ထင်းခွေသုံးလာကြတာ၊ အဲ အခုတော့ တောမရှိတော့ဘူးဗျို့၊ တောစပ်ကိုရောက်ဖို့ဆိုရင် အရှေ့ဘက်အတိုင်း ခုနစ်မိုင် ရှစ်မိုင်လောက်သွားပြီးတော့ တောင်ခြေကိုရောက်မှသာ တောကိုတွေ့ရတာ၊ တောဆိုပေမယ့်လည်း ကျုပ်တို့ငယ်ငယ်ကလို သစ်ကြီးဝါးကြီးနဲ့စိမ်းစိုနေတဲ့တောမဟုတ်ပါဘူးဗျာ၊ မိုးရာသီမှာသာ ချုံပင်တွေထူနေပြီး သစ်ပင်ကြီးကြီးမားမား သိပ်မရှိတော့ဘူးဗျ၊ ရှိတဲ့သစ်ပင်ဆိုရင်လည်း ရွာကနေထင်းလုခွေကြရင်း တောထဲမှ ဓါးနဲ့ခုတ်ကြ သတ်ကြနဲ့ဖြစ်အောင်ကို သစ်ပင်ကရှားသွားပြီဗျ။
ခုဆိုကျုပ်တို့ရွာမှာ လျှပ်စစ်မီးရပေမယ့် ကျုပ်တို့ကတော့ လျှပ်စစ်နဲ့မချက်တတ်ပေါင်ဗျာ၊ ဘိုးဘေးအစဉ်အလာအတိုင်း ထင်းလေးနဲ့ချက်မှ အနံ့မွှေးသလိုလို စားကောင်းသလိုလိုနဲ့ဗျ၊ ခုတော့ ထင်းက တခြားဆီကနေ လာရောင်းတဲ့ထင်းတွေကို ဝယ်သုံးနေရတယ်ဗျို့၊ ရွာမှာက သစ်ပင်မရှိသလောက်ဖြစ်သွားပြီမဟုတ်လား။ ဟိုတစ်လောက ဆရာလေးတွေဟောပြောပွဲလာတော့ ခင်ဗျားတို့ ထင်းတွေမတရားခုတ်လို့ တောပြုန်းသွားတာလို့ပြောတယ်ဗျ၊ ဖြစ်တော့လည်းဖြစ်နိုင်တယ်ဗျ၊ ကျုပ်အိမ်ထောင်ကျကာစ အဆင်မပြေတုန်းကဆိုရင် ကျုပ်တို့ညီအကိုတွေ တောထဲဝင်ပြီးထင်းခွေရောင်းကြတယ်ဗျ၊ တစ်နေ့ကိုတောထဲကနေ ထင်းကိုလှည်းတစ်စီးတိုက်၊ နှစ်စီးတိုက်လောက်ခုတ်ပြီးတော့ မြို့ကိုသွားရောင်းကြတာ၊ ထင်းတွေဈေးကောင်းတဲ့အချိန်ကပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်တို့တင်မဟုတ်ဘူး၊ တစ်ရွာလုံး တောထဲတိုးပြီး ထင်းတွေတိုက်ကြတာဗျ၊ ဒါကြောင့် တောပြုန်းသွားတာလားတော့ မသိတော့ပါဘူးဗျာ၊ အခုတော့ ရွာအရှေ့မှာ တလင်းကြီးဖြစ်နေပြီဗျ၊ မြေသားကလည်း မာကျစ်နေပြီး ပေါက်တူးနဲ့တောင်ပေါက်လို့မရတော့ဘူးဗျ၊ ဒါကြောင့် ဘာမှမစိုက်မပျိုးဘဲ လွှတ်ထားတဲ့ဖုန်းဆိုးမြေကြီးပေါ့ဗျာ။
ထားပါတော့ဗျာ၊ အဲ ကျုပ်တို့တောလည်သလို ဦးဘသာကြီးလည်းတောတိုးတယ်ဗျ၊ သူကတော့ ကျုပ်တို့လိုအမဲလိုက်ဖို့မဟုတ်ဘူးဗျ၊ သူမွေးထားတဲ့နွားတွေကိုကျွေးဖို့အတွက် တောထဲမှာ မြက်သွားရိတ်တာဗျ၊ ဆောင်းလယ်လောက်ဆိုရင် ရွာထိပ်ကရိုးချောင်းကလေးက ရေကုန်ခမ်းသွားပြီလေ၊ အဲဒီတော့ မြက်တွေလည်းမရှိတော့ဘူးဗျ၊ လယ်ကွင်းတွေဆိုရင်လည်း ရိုးပြတ်တွေထပြီး ပက်ကြားတွေအက်နေတာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့ရွာအရှေ့က တောအုပ်ကလေးကတော့ စိမ်းစိုနေတယ်ဗျ၊ တောအုပ်အလယ်လောက်မှာ တောင်ကျချောင်းကလေးတစ်ခုရှိတယ်၊ အဲဒီတောင်ကျချောင်းကလေးက ရေတော့မစီးပေမယ့် ရေအတော်များများကျန်ခဲ့တယ်၊ ချောင်းဘေးမှာ မြက်တွေကလည်း ခပ်ထူထူပေါက်နေတော့ ဦးဘသာကြီးအတွက် နွားစာ တစ်လ နှစ်လစာလောက်တော့ ဖူလုံတာပေါ့ဗျာ။
ဦးဘသာကြီးက နွားတွေကိုတော့ တော်တော်ဂရုစိုက်တယ်ဗျ၊ ကျုပ်တို့ဆိုရင် အဲဒီအချိန် တောထဲတကူးတကသွားပြီး နွားစာမရိတ်တော့ဘူး ပင်ပန်းတယ်လေဗျာ၊ နွားတွေကို ကောက်ရိုးတို့၊ မြက်ခြောက်တို့၊ နောက်ပြီးတော့ ဟိုအပင် ဒီအပင်ခုတ်ပြီး ကျွေးကြတာပေါ့၊ ဦးဘသာကတော့ အပင်ပန်းခံပြီး တောထဲမြက်ရိတ်တယ်ဗျာ။
(၂)
တစ်ရက်တော့ ထုံးစံအတိုင်း ကျုပ်တို့တောလည်ထွက်ခဲ့တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်အသက်က ဆယ့်ငါးနှစ်သာသာပဲရှိသေးတာ၊ ဒါပေမယ့်လည်း တောသားဆိုတော့ ထွားတယ်ဗျ၊ လူကြီးလောက်ကိုရုပ်ရင့်နေပြီလေ၊ ဒီနေ့တော့ ကျုပ်တို့က ထမင်းတွေဘာတွေထုပ်ပြီးလာခဲ့တာဗျ၊ ကျုပ်ယောက်ဖက ဘယ်ကယူလာမှန်းမသိတဲ့ တူမီးသေနတ်ကြီးကိုင်လို့ဗျာ၊ ကျုပ်တို့လည်း လူငယ်တွေဆိုတော့ တူမီးသေနတ်နဲ့လက်တည့်စမ်းချင်တာပေါ့၊ ဒါပေမယ့်အဖေက သေနတ်ကိုရွာအနားမှာ ပစ်ခွင့်မပေးဘူးဗျ၊ ရွာသားတွေလန့်မယ်ဆိုတာကြောင့် နောက်ဆုံးကျုပ်တို့လည်း တောထဲအမဲလိုက်ဆိုပြီးထွက်ခဲ့တာပေါ့ဗျာ။
တောစပ်ရောက်တော့ ဦးဘသာကြီးနဲ့တွေ့တယ်ဗျ၊ ဦးဘသာကြီးက တံပိုးကြီးကိုထမ်းပြီးတော့ ဝါးခမောက်အသေးလေးဆောင်းထားတယ်၊ သူ့ခါးကြားမှာတော့ မြက်ရိတ်တဲ့တံစဉ်ကြီးထိုးထားတာပေါ့ဗျာ။
“ဟေ့ကောင်တွေ၊ သေနတ်ကြီးတကားကားနဲ့ဘယ်သွားမလို့လဲကွ”
“ဟင်းစားသွားရှာမလို့ဗျ”
“အောင်မယ်၊ တို့အရှေ့ဘက်တောအုပ်ထဲမှာ မင်းတို့သေနတ်နဲ့ပစ်လို့ရတဲ့အကောင်ရှိလို့လား”
ဦးဘသာပြောတာလည်းမှန်တယ်ဗျ၊ ကျုပ်တို့ရွာနားက တောအုပ်မှာ တောကြက်တဲ့၊ ယုန်တို့လောက်သာရှိတာ၊ တစ်ခါတစ်ခါမှ ဖွတ်တွေဘာတွေတွေ့တတ်တာ၊ တောကြက်ဆိုတာကလည်း သိတဲ့အတိုင်းပဲ ငှက်သာသာရယ်ဗျ။ ယုန်ဆိုပေမယ့်လည်း အကောင်ထွားထွားမထင်နဲ့အုံး၊ လယ်ထဲက စပါးစားတဲ့ ကြွက်စုတ်တောင် အဲဒီတောထဲက ယုန်ထက်ကြီးနေသေးတာကလား။ ဦးဘသာကြီးက ရယ်ကျဲကျဲလုပ်နေတာနဲ့ ကျုပ်တို့လည်းမခံချင်ဘူးပေါ့ဗျာ။
“အိုဗျာ၊ ဦးဘသာကြီးကလည်း ကျုပ်တို့ကတောင်ခြေအထိသွားမှာဗျ၊ အဲဒီမှာစမ်းချောင်းရှိတော့ သားကော်လေးဘာလေး ရတတ်တယ်မဟုတ်လား”
ဦးဘသာက ဘာမှမပြောဘဲ ပြုံးပြုံးကြီးလုပ်နေတယ်ဗျ။ ကျုပ်နဲ့ ကျုပ်ယောက်ဖလည်း သေနတ်တကားကားနဲ့ဝင်ခဲ့တာပေါ့ဗျာ။
အရှေ့က ဦးဘသာကြီးက ခပ်မှန်မှန်သွားနေတယ်ဗျ။ ကျုပ်တို့ကတော့ သားကောင်တွေ့မလားဆိုပြီး ကျီးကန်းတောင်းမှောက်နဲ့လိုက်ရှာရတာပေါ့ဗျာ။
“အင်း၊မင်းတို့ကောင်တွေကတော့ မဟုတ်တဲ့အကောင်လေးတွေကို နှိပ်စက်ဖို့ရောက်လာကြတယ်ထင်ပါ့ကွာ”
ဒါပေမယ့် တောအစပ်လောက်သာသွားဖူးတဲ့ကျုပ်တို့က တောထဲရောက်တော့ မျက်စိလည်နေတယ်ဗျ၊ ဒါနဲ့ တောထဲသွားနေကျ ဦးဘသာကိုပဲ အားကိုးပြီးတော့ သူ့နောက်ကိုလိုက်လာခဲ့ရတာပေါ့ဗျာ၊ ကျုပ်ယောက်ဖက အလွန်ဆုံးရှိလှ အသက် ဆယ့်ရှစ်နှစ်လောက်ပေါ့ဗျာ၊ ယောက်ဖလို့သာခေါ်ပေမယ့် ယောက်ဖအရင်းမဟုတ်ပါဘူး၊ အမေ့ဘက်က အမျိုးတွေနဲ့တော်တဲ့လူပါ။ ကျုပ်နဲ့မတိမ်းမယိမ်းဆိုတော့ သူ့ကိုကျုပ်က ဆရာတင်ထားတာပေါ့ဗျာ။
“နေအုံးကွ၊ ဟိုမှာ ဖွတ်လားမသိဘူး”
တောအုပ်ထဲက သစ်ပင်ခွကြားကို ကုန်းတက်နေတဲ့ဖွတ်တစ်ကောင်ကိုတွေ့လိုက်ရတယ်ဗျ။ ဖွတ်က သိပ်မကြီးပါဘူးဗျာ၊ အလွန်ဆုံးရှိမှ တစ်တောင်လောက်ပေါ့။ ကျုပ်ယောက်ဖက တူမီးသေနတ်ကိုကျည်ဖြည့်နေတယ်ဗျ၊ မလုပ်တတ်မကိုင်တတ်နဲ့ဆိုတော့ ကျည်ဖြည့်တာအတော်ကြာတာ၊ ဖွတ်ကလည်း ကျုပ်တို့ကိုထူးဆန်းပြီးကြည့်နေတယ်ထင့်ပါ့ဗျာ၊ ငြိမ်လို့၊ ကျည်ဖြည့်ပြီးတော့ ယောက်ဖက မုဆိုးထိုင် ထိုင်လိုက်တယ်၊ နောက်တော့ တူမီးကိုသေချာကျကျနနကိုင်ပြီး ဖွတ်ကိုချိန်လိုက်တာပေါ့၊ ကျုပ်လည်း ယောက်ဖအနောက်ကနေကပ်ပြီးထိုင်နေမိတယ်။
“ရပြီယောက်ဖပစ်တော့”
“ဒိုင်း”
ကျယ်လောင်တဲ့သေနတ်သံက တောထဲမှာ ဖုံးလွှမ်းသွားတယ်ဗျ၊ ဒါပေမယ့် ကျည်ဆန်က ဖွတ်ကိုမထိဘဲ ဘေးနားက သစ်ပင်ကိုထိပြီး သစ်ကိုင်းကြီးပဲ့သွားတယ်။ ဖွတ်ကတော့ လန့်သွားပြီးတော့ ပြေးသွားတာပေါ့ဗျာ။ ကျုပ်ယောက်ဖလည်း သေနတ်ကိုသေချာကြည့်ပြီးတော့ မယုံနိုင်သလိုနဲ့ရေရွတ်နေတယ်။
“ဟာ၊ ဒီသေနတ်က ဘယ်လိုဖြစ်တာပါလိမ့်၊ ငါချိန်တာ တည့်ပါတယ်ကွာ”
ကျုပ်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဦးဘသာကြီးက ကျုပ်တို့ကိုပြုံးပြီးကြည့်နေတယ်ဗျ။
“မင်းတို့ဟာက နှံပြည်စုတ်ကို အမြှောက်နဲ့ပစ်သလိုဖြစ်နေပြီကွ၊ ဒီလောက်ဖွတ်ကို မင်းတို့ကျည်နဲ့ထိရင် တစ်စစီဖြစ်သွားမှာပေါ့ကွ”
ကျုပ်က ဦးဘသာကြီးလုပ်လိုက်မှန်းသိတယ်ဗျ၊ ဒါနဲ့ ဦးဘသာကိုလှမ်းအော်ပြောလိုက်တယ်။
“ဦးဘသာကြီးရာ၊ ကျုပ်တို့ကို မနှောင့်ယှက်ပါနဲ့၊ ဦးကြီးဖာသာလုပ်စရာရှိတာ လုပ်စမ်းပါဗျ”
ဦးဘသာကြီးက ပြုံးပြီးတော့ထွက်သွားတယ်ဗျ။ ကျုပ်တို့လည်း စမ်းချောင်းကလေးအတိုင်းလိုက်လာခဲ့တာပေါ့ဗျာ၊ စမ်းချောင်းက ရေသိပ်မရှိတော့ဘူးဗျ၊ အနက်ဆုံးနေရာတောင်မှ ခြေမျက်စိလောက်ရှိတော့မှာ၊ ဒါပေမယ့် နုံးတွေကတော့ ရှိနေသေးတယ်ဗျ။ ကျုပ်တို့စမ်းချောင်းနားမှာ ဟိုကြည့်ဒီကြည့် ကြည့်နေတော့ ခွာရာတွေကိုတွေ့တယ်ဗျ။
“ဒီမှာကြည့်စမ်း၊ ဒီခွာရာတွေက ချေလား၊ ဆတ်လားမသိဘူးကွ”
ဦးဘသာကြီးကိုလှမ်းကြည့်လိုက်တော့ ချောင်းအောက်ဘက် ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းမှာ မြက်တွေရိတ်နေတယ်ဗျ။ ဒီအချိန်မှာပဲ ကျုပ်ယောက်ဖက ကျုပ်ကိုလက်လှမ်းကုတ်တယ်ဗျ။ သူညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ မြက်တောအနောက်က ချုံကလှုပ်နေတယ်ဗျ၊ ကျုပ်တို့သေသေချာချာကြည့်နေတဲ့အချိန်မှာပဲ ချေငယ်လေးတစ်ကောင်ထွက်လာတယ်ဗျ၊ သိပ်တော့မကြီးပါဘူး နွားပေါက်လောက်ပဲရှိမယ့်အကောင်လေးပါ၊ ကျုပ်တို့လည်း ကံကောင်းပြီဆိုပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တာပေါ့ဗျာ။
သေနတ်ကိုကျည်ကထိုးပြီးသားဆိုတာ့ ချေငယ်ကလေးကို အသာချိန်လိုက်တယ်၊ ချေငယ်ကလေးကတော့ သိပုံမရပါဘူး၊ ချောင်းအထက်နား နွံတွေထဲကိုဆင်းလာတယ်ဗျ၊ ခြေထောက်တွေက နွံမှာနစ်နေတော့ ခပ်ဖြည်းဖြည်းလေးသွားနေတာပေါ့ဗျာ၊ မြက်တောထဲကထွက်လိုက်တော့ ပစ်ကွင်းကပိုပြီးရှင်းသွားတယ်ဗျ။
“ယောက်ဖ ပစ်ဗျာ”
ကျွန်တော်က အသာပြောလိုက်တော့ ယောက်ဖက ခေါင်းခါပြတယ်၊ သူကပိုသေချာအောင်လို့ ရေဆင်းသောက်တဲ့အချိန်ပစ်ချင်တယ်နဲ့တူပါတယ်ဗျာ၊ ဒီအချိန်မှာ ကျုပ်တို့အနောက်က ဝါးရုံကြီးက လှုပ်လာတယ်ဗျ၊ နောက်တော့ ချုံတွေထဲကို တစ်ခုခုတိုးလာတဲ့အသံကြားလိုက်ရတယ်။
ကျုပ်လည်းစိတ်ထဲထူးဆန်းသွားတာနဲ့ အနောက်ကိုလှည့်ကြည့်လိုက်မိတယ်၊ အားပါးပါး၊ အနက်နဲ့အဝါကြား အစင်းကြီးတွေနဲ့ ကျားကြီးတစ်ကောင်ဗျာ၊ အသွေးအရောင်က ပြောင်လက်နေတာပဲ၊ ကျားကြီးရဲ့မျက်လုံးကြီးတွေကလည်း ဝင်းလက်နေတယ်၊ ကျားက ကျုပ်တို့နောက်တည့်တည့်မှာရောက်နေတာဗျ။
ကျုပ်လည်းဘယ်ရမလဲ၊ ဘာကိုမှဂရုမစိုက်တော့ဘဲထပြေးတော့တာပဲဗျ။
“အောင်မယ်လေး၊ ကျား၊ ကျားကြီးဗျ”
သေနတ်ချိန်နေတဲ့ယောက်ဖလည်း ကျုပ်အနောက်က ပြေးလိုက်လာတာကိုတွေ့လိုက်တယ်၊ ကျုပ်ခြေထောက်တွေက မြေကြီးနဲ့တောင်မထိဘူးထင်ပါတယ်ဗျာ၊ ပြေးလိုက်တာ နောက်ဆုံးရွာကိုဘယ်လိုရောက်လို့ ရောက်လာမှန်းတောင်မသိလိုက်ပါဘူးဗျာ။
ကျုပ်တို့အိမ်ပြန်ရောက်တော့ အမောဆို့နေတာဗျာ၊ တစ်နာရီလောက်နားတာတောင်မှ မသက်သာဘူး၊ ကျုပ်ယောက်ဖဆိုရင် သေနတ်ပါထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးတာ။
“အဖေ၊ ကျား၊ တောထဲမှာ ကျားကြီးဗျ”
ကျုပ်တို့စကားကို အဖေကယုံပုံမရဘူးဗျ။
“ဟုတ်မှလည်းလုပ်စမ်းပါကွာ၊ အဲဒီတောက တို့ရွာက ဆယ်နှစ်သမီးတောင် မှိုချိုး မျှစ်ချိုးသွားနေတဲ့တောကွ၊ မင်းတို့ပြောတဲ့ကျားရှိပါ့မလား”
“တကယ်ပါဦးလေးရာ၊ အဝါနဲ့အနက်စင်းကျားကြီးဗျ၊ ကျုပ်တို့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ”
အဖေက အတော်စဉ်းစားနေတဲ့ပုံပါပဲဗျာ၊ တစ်နာရီလောက်ကြာတော့ ဦးဘသာကြီးက မြက်ထုံးကြီးကိုထမ်းပိုးကြီးနဲ့ထမ်းလာတယ်ဗျ၊ လက်ကလည်း တူမီးသေနတ်ကြီးကိုင်လာတယ်။
“ဘယ်လိုလည်း မုဆိုးကြီးတွေ၊ သူများအသတ်ကျတော့ သတ်ချင်လိုက်ကြတာ၊ ကိုယ့်အသက်ကျတော့ သေမှာကြောက်လိုက်ကျတာနော်၊ ပြေးတာကို မှုန်နေတာပဲ ဟား၊ ဟား”
တူမီးသေနတ်ကို ချထားပြီးရယ်မောပြီးတော့ ထွက်သွားတယ်ဗျာ၊ ဒီတော့မှ အဖေကလည်း သဘောပေါက်သွားတယ်။
“အဲဒါ မင်းတို့ဦးဘသာနဲ့တွေ့ခဲ့တာကွ၊ ဟား၊ ဟား”
သေချာစဉ်းစားတော့မှ ဟုတ်တယ်ဗျ၊ ကျားရှိရင် ကျားဟိန်းသံဟောက်သံတော့ကြားရမယ်မဟုတ်လား၊ ဦးဘသာက နဂိုကတည်းက အစအနောက်သန်တယ်မဟုတ်လားဗျ၊ ကျုပ်လည်းကျားတွေ့တော့ ဘယ်တွေးနိုင်ပါ့မလဲဗျာ၊ ဦးဘသာက ကျုပ်တို့ကိုမြင်တိုင်း စနောက်ပြီး ရယ်မောနေတာကိုတော့ ကျုပ်အခံပြင်းဆုံးပဲဗျ။
(၃)
နောက်တစ်ခါကတော့ ထင်းခွေတဲ့အချိန်ပေါ့ဗျာ၊ ကျုပ်ရယ်၊ ကျုပ်အောက်က ညီရယ် ထင်းခွေထွက်ကြတာပေါ့ဗျာ၊ သူနဲ့ကျုပ်က မတိမ်းမယိမ်းဆိုတော့ အဖော်တော့ဖြစ်သားဗျ။ ထင်းခွေဖို့ ပေါက်ဆိန်ကောင်းကောင်းတစ်လက်ရယ်၊ ဓါးထက်ထက်တစ်ယောက်တစ်လက်ဆီ ခါးကြားထိုးပြီးတော့ ထွက်လာခဲ့ကြတာပေါ့၊ ပုခုံးမှာတော့ လက်သန်းလုံးလောက်ကြိုးတစ်ချောင်းကို လွယ်လာခဲ့တယ်ဗျ၊ ထင်းစည်းတွေစည်းနှောင်ဖို့၊ ဒါမှမဟုတ်လို့အပင်လှဲတဲ့အခါ သုံးဖို့ပေါ့ဗျာ။
ကျုပ်အရှေ့ကပြောခဲ့သလို ကျုပ်တို့အရှေ့ဘက်တောက မုဆိုးမကအစ ထင်းလိုရင် တောစပ်ဝင်ပြီးခုတ်လို့ရတဲ့အထိ သစ်ပင်သိပ်ပေါတာဗျ၊ ကျုပ်တို့တောထဲရောက်တော့ ထင်းလိုက်ရှာကြရင်း အပင်ကောင်းကောင်းတစ်ပင်ကိုတွေ့သွားတယ်၊ အပင်လေးက ကုန်းကမူလေးတစ်ခုထိပ်မှာပေါက်နေတဲ့အပင်ဗျ၊ ဘာပင်လဲတော့ ကျုပ်သိပ်မမှတ်မိဘူး။ လူကြီးပေါင်လုံးလောက်ရှိတဲ့အပင်ကလေးတစ်ပင်ပေါ့ဗျာ။
ကျုပ်အချက်ပြလိုက်တော့ ကျုပ်ညီလည်း သစ်ပင်ကိုပုဆိန်နဲ့စထွင်တယ်ပေါ့ဗျာ။ ဒီအချိန်မှာ ဦးဘသာကြီးက ရောက်လာတယ်ဗျ၊ သူလည်းထင်းခုတ်ဖို့ထင်တယ် ဓါးမကြီးကိုထမ်းလို့ဗျ။
“ကောင်လေးတွေ၊ မင်းတို့သစ်ပင်လှဲဖို့ကြံနေတာလားကွ၊ ထင်းအတွက်ပဲကွာ၊ ဘေးအကိုင်းတွေခုတ်ရင်တော်ရောပေါ့”
“ဟာဗျာ၊ ဦးဘသာကြီးကလည်း ကျုပ်တို့အိမ်က ထင်းအသုံးများတယ်ဗျ။ တော်ရုံအကိုင်းလောက်နဲ့ဆို ကဒီးကဒီးလာနေရမယ်၊ အခုဒီအပင်ကိုလှဲပြီးတော့ တစ်ခါတည်းခွဲစိတ်သယ်သွားမယ်ဗျာ”
“ဟေ့ကောင်တွေရ မင်းတို့ထင်းခုတ်တာလွယ်တယ်များမှတ်နေသလားကွ၊ ထင်းခုတ်ရင် အပေါ်ဆုံးက နတ်နေကိုင်းကို ချန်ထားပေးရတယ်၊ မဟုတ်ရင် မင်းတို့ကိုအပင်စောင့်နတ်က စိတ်ဆိုးမယ်ကွ”
“ဟာ၊ တစ်ရွာလုံးခုတ်နေတာကိုပဲ ဦးဘသာရာ၊ ဘာဖြစ်လဲ လူကြမ်းရင် နတ်ကြမ်းမခံနိုင်တဲ့၊ ဟေ့အငယ်ကောင် ခုတ်တော့ကွာ”
ဦးဘသာက ကျုပ်တို့ကိုဘာမှမပြောဘူးဗျ၊ သစ်ပင်ကိုတစ်ချက်ကြည့်ပြီး ဓါးကိုထမ်းပြီးထွက်သွားပါရော၊ အငယ်ကောင်နဲ့ကျုပ်နဲ့ သစ်ပင်ကိုခုတ်ကြတာပေါ့ဗျာ၊ သစ်ပင်ခုတ်တယ်ဆိုတာက ကျုပ်တော့လိုတောသားအတွက်တော့ ထမင်းစားရေသောက်ပဲဗျ၊ သစ်ပင်ကိုတစ်ဖက်သတ်ခုတ်ပြီး ပင်စည်အားနည်းသွားရင် လှဲချလိုက်တာမဟုတ်လား။
အငယ်ကောင်က လေးငါးဆယ်ချက်လောက် ပုဆိန်ကိုလွှဲပြီးခုတ်တယ်ဗျ၊ နောက်တော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကျုပ်ဆီကိုပြေးလာတယ်။
“ကိုကြီး တစ်ခုခုတော့မှားနေပြီထင်တယ်နော်”
“ဟေ၊ ဘာဖြစ်လို့လဲဟ”
“သစ်ပင်က ပေါက်မရဘူးဗျ”
ကျုပ်လည်းထူးဆန်းသွားတာနဲ့ အငယ်ကောင်လက်ထဲက ပုဆိန်ကိုဆွဲယူလိုက်တယ်။
“ပေးစမ်းပါကွာ၊ မင်းတို့ကိုခိုင်းလိုက်ရင် အဲဒီလိုချည်းပဲ”
ကျုပ်လည်းအပင်ဆီသွားလိုက်ပြီးတော့ ပုဆိန်နဲ့အားကုန်လွှဲပေါက်လိုက်တယ်ဗျ၊ ဒါပေမယ့် ပုဆိန်က သစ်ပင်စည်ကိုထိပေမယ့် အရာတောင်မထင်ဘူးဗျာ၊ ကျုပ်ဖြင့်အံ့ဩသွားတာ၊ လေးငါးဆယ်ချက်ပေါက်ကြည့်တော့လည်း ဒီအတိုင်းပဲဗျ။
“အေးကွ၊ ထူးဆန်းတယ်”
“ဦးဘသာကြီးပြောသလို သစ်ပင်မှာရှိတဲ့နတ်က မကြိုက်ဘူးထင်တယ် ကိုကြီး”
“မင်းကလည်းကွာ၊ သူများတွေလည်းခုတ်နေတာပဲမဟုတ်လား”
ဒါနဲ့ ကျုပ်တို့နောက်တစ်ပင်ကိုပြောင်းခုတ်ကြတယ်။ အစောပိုင်းကလိုပဲ သစ်ပင်တွေက ခုတ်လို့မရဘူးဖြစ်နေတာဗျာ၊ နောက်တော့ ကျုပ်လည်းအကြံအိုက်သွားတာနဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်လိုက်တယ်၊ အဲဒီသစ်ပင်ကြီးကတော့ လူတစ်ဖက်လောက်ရှိမယ့် အပင်ကြီးဗျ၊ ကျုပ်တို့ညီအကိုနှစ်ယောက် ထင်းတစ်ချောင်းမှမရသေးဘူး၊ လူကတော့ ဖတ်ဖတ်ကိုမောနေပြီလေ။
“ကိုကြီးရာ အပင်လေးတွေရဲ့ အကိုင်းတွေချိုင်ပြီး ပြန်ကြစို့ကွာ”
“ငါ့စိတ်ထဲတော့ တစ်ခုခုထူးဆန်းနေတယ်ကွ၊ မဟုတ်မှလွဲရော ဦးဘသာကြီးလုပ်သွားတာဖြစ်မယ်”
“အောင်မာ မင်းတို့ကများ ငါ့ကိုစွပ်စွပ်စွဲစွဲ”
ကျုပ်တို့အနောက်ကနေ ဦးဘသာကြီးရဲ့ အသံကိုကြားလိုက်ရတယ်၊ ကျုပ်က ဦးဘသာနဲ့အနီးကပ်နေတာဆိုတော့ သူ့အသံကို အလွတ်ရနေပြီဗျ၊ ဒါနဲ့ကျုပ်တို့ညီအကိုနှစ်ယောက်လှည့်ကြည့်တော့ တောထဲကျုပ်တို့ကလွဲပြီး ဘယ်သူမှမရှိဘူးဗျ၊ သစ်ပင်အနောက်မှာလားလို့သွားကြည့်တော့လဲ ဘယ်သူမှမတွေ့ဘူးဗျ။
“ငါသေချာကြားလိုက်တာပါကွ”
“ဟုတ်တယ်ကိုကြီး ကျွန်တော်လည်းကြားလိုက်တယ်”
“ဦးဘသာမှ ဦးဘသာအစစ်ပါကွာ”
“ဟေ့ကောင်တွေ၊ ဘာတွေရှာနေတာလဲကွ”
အသံက သစ်ပင်နားကနေလာနေတာနဲ့ ကျုပ်တို့လည်း သစ်ပင်ကိုကြည့်လိုက်တယ်။ သစ်ပင် ပင်စည်လူတစ်ရပ်စာလောက်မှာ လူမျက်နှာကြီးတစ်ခုကိုတွေ့လိုက်ရတယ်ဗျ၊ အဲဒီလူမျက်နှာကြီးက ကျုပ်တို့ကိုသေချာကြည့်နေတယ်ဗျာ။
“မင်းတို့လှဲကြလေကွာ၊ တို့တောမှာ သစ်ပင်တွေပေါပါတယ်ကွ၊ လှဲကြည့်ကြစမ်းပါ”
သစ်ပင်စည်မှာ လူမျက်နှာကြီးနဲ့ဗျာ၊ ခင်ဗျားတို့တော့ဘယ်လိုနေမလဲတော့မသိဘူး ကျုပ်တို့ညီအကိုတော့ အော်ပြီးတော့ တောထဲကနေထွက်ပြေးတာပဲဗျို့၊ နေ့ခင်းကြောင်တောင်ကြီး တောခြောက်လိုက်တာနော်ဗျ။ အဲဒီမျက်နှာကြီးကို ကျုပ်အခုထိမြင်ယောင်နေမိသေးတယ်ဗျာ။
ဦးဘသာက အစအနောက်အလွန်သန်တာဗျ၊ ဒါပေမယ့် သူက ကာလသားတွေ၊ သူနဲ့သက်တူရွယ်တူတွေကို အမြဲစနောက်တယ်၊ ကျုပ်တို့အဖေဆိုရင်လည်း ခဏခဏကျီစယ်တယ်ဗျ။
တစ်ခါကလည်း ကျုပ်အမေက လယ်ထဲကိုထမင်းလာပို့တာပေါ့ဗျာ၊ အဖေက တစ်ခါတစ်လေ လယ်ထဲဆင်းတတ်တယ်ဗျ၊ အမေက တောင်းကလေးရွက်လာတာကိုမြင်တော့ ဦးဘသာက လှမ်းမေးတယ်။
“ဟဲ့ မသန်း၊ နင်တို့ဘာဟင်းချက်သလဲဟ”
“ငါးလေးကြော်တယ် ဦးဘသာရေ”
ငါးလေးကြော်ဆိုတာ ငါးသေးသေးကလေးတွေကို ကြွပ်နေအောင်ကြော်ထားတာဗျ၊ ကျုပ်တို့အဖေသိပ်ကြိုက်တဲ့ဟင်းပေါ့ဗျာ။
“ငါ့နည်းနည်းကျွေးစမ်းပါအေ”
“အိုတော်၊ ကိုယ့်လင်စားစေချင်လို့ ချက်လာတာကို ဦးဘသာကြီးကို ကျွေးစရာလား”
အမေက မျက်စောင်းထိုးပြီး ဦးဘသာကို တစ်ခွန်းနှစ်ခွန်းဆဲလိုက်သေးတယ်တဲ့။ နောက်တော့လယ်စောင့်တဲထဲကိုဝင်လာတာပေါ့၊ ကျုပ်တို့လည်း ဆာဆာနဲ့တောင်းကိုဖွင့်ပြီး ဟင်းထည့်တဲ့ချိုင့်ကိုဖွင့်လိုက်တော့ အထဲမှာ သစ်ရွက်ခြောက်တွေချည်းပဲဗျ၊ အမေဖြင့်လန့်သွားတာပေါ့။
“အလိုသစ်ရွက်ခြောက်တွေပါလား”
ကျုပ်တို့လယ်စောင့်တဲနဲ့ ဦးဘသာတဲနဲ့က နည်းနည်းကပ်နေတယ်လေ၊ ဦးဘသာက တစ်ဖက်တဲကနေလှမ်းအော်ပြောတယ်။
“ဟဲ့မသန်း ညည်းလင်က သစ်ရွက်ခြောက်တွေ ကြိုက်တာလားဟ၊ ဟား၊ ဟား”
ဒီတော့မှ အမေလည်း ဘယ်သူ့လက်ချက်လဲဆိုတာ သိတော့တယ်။
“မလုပ်ပါနဲ့ဦးဘသာကြီးရယ်၊ ကျုပ်တောင်းပန်ပါတယ်”
“အေးပါ၊ ငါကလည်းနင့်ကိုစနောက်ချင်လို့ပါ၊ ဘာမှမဖြစ်ဘူး စားစား”
ဒါနဲ့ဟင်းချိုင့်ထဲကိုပြန်ကြည့်လိုက်တော့ ငါးလေးကြော်တွေဖြစ်နေတယ်ဗျာ၊ ကျုပ်တို့ဖြင့် အံ့ဩလို့မဆုံးဘူး၊ ဒီအဘိုးကြီးဘယ်လိုများလုပ်လိုက်တာလဲလို့ပေါ့ဗျာ၊ သူကစားဆိုပေမယ့် ကျုပ်တို့က စားရဲပါ့မလားဗျ၊ တော်ကြာစားရင်း သစ်ရွက်ခြောက်တွေဖြစ်သွားတော့ ဘယ့်နှယ့်လုပ်မလဲ။
(၄)
နောက်တစ်ခါကျတော့ မြို့ကနေလာတဲ့လူကြီးတွေဗျ၊ စာရေးဆရာတွေထင်ပါတယ်ဗျာ၊ ကျုပ်တို့ရွာမှာ ဟောပြောပွဲတွေ လာလုပ်ကြတယ်၊ အဲဒီအထဲက လူကြီးတစ်ယောက်က ရုပ်ဝါဒီသမားကြီးဗျ၊ ကျုပ်တို့အညာမှာက အယူသီးတယ်မဟုတ်လား၊ ဒါတွေကိုသူက နင်းပြီးတော့ ကျုပ်တို့ကို အတွေးအခေါ်ကြောင်တဲ့လူတွေလို့ သမုတ်ပါရောဗျာ၊ နောက်ပြီး သူတို့က စုန်းတွေဘာတွေဆို ပိုပြီးတော့တောင် မယုံသေးတာဗျာ၊ လူတွေကိုတမင်ခြောက်လှန့်နေတယ်ထင်ကြတာပေါ့။
ဒါနဲ့ အဲဒီလူကြီးတွေကို အိမ်မှာတည်းခိုင်းတယ်ဗျ၊ နောက်တော့ ရွာအနားက အရာတွေကိုလိုက်ပြပေးတာပေါ့ဗျာ၊ အိမ်မှာပဲ တည်းခိုစားသောက်ကြတာပေါ့။ တစ်ညအိပ်ပြီး နောက်နေ့မနက်ရောက်တော့ အဲဒီလူကြီးတွေ အိမ်ရှေ့မှာ မနက်စာစားသောက်ပြီး စကားပြောနေတဲ့အချိန် ဦးဘသာကြီး ခြံထဲဝင်လာတယ်ဗျာ။
“ဟဲ့ မသန်း မြို့ကလူကြီးတွေကို ဟင်းကောင်းလေး ဘာလေးချက်မကျွေးဘူးလား”
“ချက်ကျွေးပါ့တော်၊ ဟောဒီမှာအိမ်ကြက်ကိုင်နေတယ်”
“နင်ကလည်းဟာ၊ ငါးရံ့အကောင်ကြီးတွေဘာတွေ ချက်ပေါ့ဟ”
အမေက ဦးဘသာကြီးကို မျက်စောင်းထိုးလိုက်တယ်။
“ဦးဘသာကြီးကလည်း ဒီလောက်နွေခေါင်ခေါင်ကြီး ဘယ်က ငါးရံ့က ရမှာတုန်းတော့”
ဦးဘသာကြီးက ဘာလုပ်တယ်မှတ်သလဲဗျ၊ အိမ်ရှေ့ကိုထွက်သွားပြီးတော့ သရက်ရွက်နှစ်ရွက်ကိုခူးလိုက်တယ်ဗျ၊ သရက်ပင်က အရွက်သစ်ထွက်စဆိုတော့ အရွက်ကြီးတွေက တစ်တောင်လောက်ရှိတာပေါ့ဗျ။ ဦးဘသာက သရက်ရွက်နှစ်ရွက်ကိုခူးပြီးတော့ အိမ်ထဲပြန်ဝင်လာတယ်ဗျ။
“ဟဲ့ မသန်း၊ ရော့ ငါးရံ့အကောင်ကြီးတွေ လူကြီးတွေကို ကောင်းကောင်းချက်ကျွေးလိုက်စမ်းပါ”
အဲဒီလိုပြောပြီး သရက်ရွက်တွေကို စားပွဲပေါ်ပစ်တင်လိုက်တာဗျာ၊ စားပွဲပေါ်ရောက်သွားတာနဲ့ သစ်ရွက်ကြီးတွေက ငါးရံ့ကြီးတွေဖြစ်သွားတာဗျာ၊ တစ်တောင်လောက်ရှိတဲ့ ငါးရံ့ကြီးနှစ်ကောင်က စားပွဲပေါ်မှာထွန့်ထွန့်လူး ခုန်ပေါက်နေတာပေါ့ဗျာ၊ ဦးဘသာကြီးက ခြံထဲကနေပြန်ထွက်သွားပေမယ့် ဟိုလူကြီးတွေကတော့ ပါးစပ်ကြီးတွေအဟောင်းသားနဲ့ ကျန်နေခဲ့တာဗျာ၊ ဒီတော့မှ ကျုပ်တို့က ဒီလူကြီးက စုန်းထီးကြီးလို့ပြောပြလိုက်တာပေါ့ဗျာ၊ လာတဲ့သူသုံးယောက်မှာ နှစ်ယောက်က ယုံသလိုလိုရှိပေမယ့် တစ်ယောက်ကတော့ လုံးဝမယုံဘူးဗျ။
စစ်သားလူထွက် ခေါင်းကဆံပင်ဖြူဖြူနဲ့အဘိုးကြီးတစ်ယောက်ပေါ့ဗျာ၊ သူက မျက်လှည့်ပြတယ်လို့ပဲ ဆိုတယ်ဗျ။
“စုန်းမဟုတ်ပါဘူးကွာ၊ ဒီလူက လက်လှည့်အကွက်တွေတတ်တာနေမှာပါကွ၊ ငါးတွေကိုဖွက်ယူလာပြီးတော့ သစ်ရွက်နဲ့လှည့်ပြလိုက်တာနေမှာ”
ငါးတွေကိုမချက်ရဲဘူးလေ၊ ဒါနဲ့ အင်တုံတစ်ခုထဲထည့်ထားကြတာပေါ့ဗျာ၊ ထမင်းစားသောက်ပြီးတော့ ဘုရားဖူးမယ်ဆိုပြီး ထတော့ ခုနက အဘိုးကြီးက ထမရဘူးဗျ၊ အားလုံးက အဲ့ဩသွားကြတာပေါ့ဗျာ၊ သူ့ခြေထောက်တွေက ဆက်ထိုင်နေတယ်ဗျ။
“ဆရာကြီး ထလေဗျာ၊ သွားရအောင်”
ဆရာကြီးချွေးသီးချွေးပေါက်တွေကျလာတယ်ဗျ။
“ငါ၊ ငါထမရဘူး” တဲ့ဗျာ။
ဒါနဲ့အကြောတွေကပ်သွားသလားဆိုပြီးသူ့ခြေထောက်တွေကို လှုပ်ခိုင်းတော့လည်း ခြေထောက်ကလှုပ်ရတယ်ဗျ၊ ဒူးနန့်လို့လဲရတယ်၊ ဒါပေမယ့် ထလို့လုံးဝမရတာဗျာ၊ ကျုပ်နဲ့ ကျုပ်အကိုနဲ့တစ်ယောက်တစ်ဖက်ချီပြီး ဆွဲမတာတောင်မှ မလို့မရဘူးဖြစ်နေတာ အံ့ရောဗျာ။
နောက်တော့ အဖေက ကျုပ်ကိုဦးဘသာကြီးကိုသွားခေါ်ခိုင်းတယ်။ ကျုပ်နောက်ကနေ ဦးဘသာကြီးက ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်လာတယ်ဗျ။ အိမ်ရောက်တော့ အဖေက ဦးဘသာကြီးကို ပြန်တောင်းပန်ခိုင်းတယ်။
“ဦးဘသာ၊ ကိုယ့်ရွာကို အလည်လာတဲ့သူကို ခင်ဗျားဒီလိုမလုပ်ရဘူးလေဗျာ၊ ခင်ဗျားပြန်တောင်းပန်လိုက်ပါ”
ဦးဘသာက အဖေပြောတော့မှ ခေါင်းငုံ့ပြီး
“ကျုပ်၊ ကျုပ်တောင်းပန်ပါတယ်ဆရာကြီး၊ ဆရာကြီးကို စိတ်ကွက်သွားမိလို့ လုပ်လိုက်တာပါ၊ ဆရာကြီးကို ကျုပ်တောင်းပန်ပါတယ်”
ဆရာကြီးက မတ်တပ်ထရပ်လိုက်တယ်ဗျ၊ ဘာမှအားစိုက်စရာမလိုဘဲ အသာကလေးပဲရပ်လိုက်တာ၊ သူလည်း သူ့ကိုယ်သူတော်တော်အံ့ဩသွားပုံရတယ်ဗျ။
“ကဲ ဆရာကြီးတို့ အချိန်လင့်နေပြီ၊ တန်းမြင့်ရွာဦးကျောင်းက ဆင်းတုတော်က ရှေးဘုရင်တွေလှူခဲ့တာဗျ၊ သွားဖူးရအောင်”
အဖေက အိမ်ရှေ့မှာပြင်ထားတဲ့လှည်းပေါ်ကို ဆရာကြီးတွေကိုခေါ်သွားတယ်ဗျ။ နောက်တော့လှည်းထွက်သွားတော့ ကျုပ်တို့လည်းကျန်ခဲ့တာပေါ့ဗျာ။
ညနေအဖေတို့လှည်းပြန်လာတော့ ဆရာကြီးတွေ ပါမလာတော့ဘူးဗျ၊ တန်းမြင့်မှာတစ်ညတည်းပြီးတော့ နောက်နေ့မြို့ကိုပြန်မယ်ဆိုပဲဗျ။ သေချာတာတစ်ခုကတော့ ဦးဘသာကြီးကို ကြောက်သွားကြတာဖြစ်မှာပေါ့ဗျာ။ အစောပိုင်းက ရွာမှာ သုံးရက်လောက်ကြာမယ်လို့ ပြောထားတာမဟုတ်လား။
ကဲတော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့ကြုံတော့မှ ဆက်ပြောကြတာပေါ့ဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်