တောလမိုင်း

တောလမိုင်း(စ/ဆုံး)

——————-

လမိုင်းတဲ့…ဒီစကားက တောအလုပ်တောင်အလုပ် လုပ်နေတဲ့သူတွေဆီမှာ အများဆုံး ကြားရတဲ့စကားဖြစ်မည်။ဒီနေ့တော့ အလုပ်လုပ်ရတာ လမိုင်းမကပ်ဘူးကွာ။အလုပ်အဆင်မပြေတာကို လမိုင်းဟူသော စကားနှင့်တွဲသုံးလေ့ရှိကြတာ လူတိုင်းအသိ။လမိုင်းဆိုသော နတ်က အထီးလည်းရှိ အမလည်းရှိသယောင်ယောင်။တချို့ဒေသတွေမှာ လမိုင်းရှင်မ ကို ပူဇော်ပသရသည်။တချို့ဒေသတွေမှာတော့ တောပိုင်လမိုင်းအရှင်ကို ပူဇော်ပသရသည်။ဒါက တစ်ရွာတစ်ပုဒ်ဆန်းတဲ့ လမိုင်းနတ် ပါးစပ်ပြောရာဇဝင်တွေ။

“အွတ်..အွတ်…ကတောက် ကတောက်..ဝှီး ဖလပ် ဖလပ်”

ကြက်ဖတစ်ကောင်အိမ်ဝန်းထဲမှာ ပျံပြေးနေသည်။

“ကိုတောက်ထိန်ရေ ဖမ်းပါအုံးတော့ ကြက်လွတ်သွားရင် တော် အလုပ်ပျက်တော့မယ်…”

ကိုတောက်ထိန်မိန်းမ မပုတုက တောင်းထဲကို အိုးတွေခွက်တွေထည့်နေရင်းက ​အိမ်ပြင်မှာ တောတက်ဖို့ပြင်နေတဲ့ ကိုတောက်ထိန်ကိုလှမ်းအော်သည်။

“ဟာကွာ..ကြက်က ဘယ်လိုလွတ်သွားတာလဲ သေချာအုပ်ထားရဲ့နဲ့… တောတက်ရမယ်ဆိုပါမှ ဒီကြက်ဖမ်းနေရတာ အလုပ်တစ်လုပ်ပဲ..တောက်”

ကိုတောက်ထိန်က စိတ်မရှည်ဟန်နှင့် ပြောပြောဆိုဆို ပတ်ပြေးနေတဲ့ ကြက်ဖကြီးကို လိုက်ဖမ်းရသည်။

“တော့်ကိုတောက်ထိန် အပြောအဆိုလေး ဆင်ခြင်ပါအုံး… တောတက်တိုင်း လမိုင်းနတ်ကို ပသမှ ရှင့်အလုပ်က အဆင်ပြေတော့မပေါ့..ဒါဟာ ထုံးစံပဲဆိုတာ တော်မသိတာလည်းမဟုတ်ဘူး…လူ့ကန့်လန့်မလုပ်ချင်ပါနဲ့တော်ရယ်..”

ကိုတောက်ထိန်က ဒီလိုကိစ္စမျိုးတွေ သိပ်အယုံအကြည်မရှိတာကြောင့် မယားဖြစ်သူက တဗျစ်တောက်တောက်ပြောနေရပြန်သည်။

“တော် ကြက်ဖမ်းပြီးရင် ကြိုးနဲ့သေချာချည်ပြီး ဒီတောင်းထဲလာထည့်တော့… ဒီထဲမှာ အရက်၊ ကွမ်းယာ ၊ဆေးလိပ်၊ အမွှေးတိုင်၊ဖယောင်းတိုင် အစုံပါတယ်…တော့်အတွက်လည်း ထမင်းထုပ်ထည့်ထားပေးတယ်။
တော် သေချာလည်း လုပ်ခဲ့အုံးနော်…တော့်​ပြောရတာလည်း သိပ်စိတ်မချပါဘူး…ဒီကိစ္စတွေက မိန်းမတွေ လုပ်ပေးလို့မရလို့သာ..မဟုတ်ရင် ကျုပ်အသေအချာလုပ်ပေးလိုက်မှာ..”

”အမယ်…လမိုင်းနတ်က နင့်လင်မို့လို့လားဟဲ့..ဂန်းနာမရဲ့…”

မပုတု အကဲပိုနေပုံကိုကြည့်မရသည်နှင့် ကိုတောက်ထိန် ဆဲရေးတော့သည်။

“အလိုတော်..တော့်ပါးစပ်ကိုစည်းစောင့်စမ်းပါ…ကဲ..ကဲသွားတော့..လာမယ့်နွေမှာ သားလေး ဆိုးပေကို ရှင်ပြုပေးနိုင်ရင်သိပ်ကောင်းမှာပဲ.. တော်လည်း ထင်းများများရအောင်သာ ခုတ်ခဲ့ပါ..လမိုင်းအရှင်ကိုလည်း သေချာပသဖို့မမေ့နဲ့အုံး..”

“အေးပါဟာ… နင်သာ အိမ်မှာ သားလေးနဲ့ သေချာ ဂရုစိုက်ပြီးနေခဲ့…ငါသွားပြီ”.

ကိုတောက်ထိန်က စကားစကိုဖြတ်ထားခဲ့ပြီး ပစ္စည်းတွေကောက်ငင်ကာ တောင်ခြေဘက်ကို ခြေဦးလှည့်လာခဲ့လေသည်။ပြောသာပြောရတာ ကိုတောက်ထိန်က တောတက်တိုင်း လမိုင်းနတ်တင်တာတွေ တစ်ခါမှမလုပ်ခဲ့..။ဒါကြောင့်ပေလားမပြောတတ် ..။သူများတွေ အဆင်ပြေပြေနဲ့တောင်ပေါ်က ပြန်ဆင်းလာတိုင်း သူ့မှာ ဘာဆိုဘာမှ မယ်မယ်ရရ ရလာသည်ဟူ၍မရှိ။သူများတွေလို မှိုဟင်းစားတွေလည်းမရလာ။ထင်းချောင်းလေး နှစ်ဆိုင်းသုံးဆိုင်းလောက်သာ ထမ်းပြီး ပြန်ဆင်းလာရသည်ချည်းပင်။
ဒါကြောင့်လည်း အိမ်ပြန်ရောက်တိုင်း လမိုင်းနတ်ကိုမတင်လို့ဟူသော မပုတု၏ အပြောအဆိုကို ခံရပြန်လေ၏။ယခုတစ်ခါ မပုတုပြောဖန်များသောကြောင့်သာ နတ်တင်မယ့်ပစ္စည်းတွေ ယူလာတာဖြစ်သည်။အတွေးတွေနဲ့ လျှောက်လာလိုက်တာ ခရီးတော်တော်ပေါက်နေပြီဖြစ်သည်။ဆောင်းရာသီဖြစ်တာမို့ တောပန်းရနံ့တွေက သင်းပျံ့လို့နေသည်။နေကလည်း သိပ်မပူသေးတာမို့ ကိုတောက်ထိန်အဖို့မပင်ပန်းလှ။လမိုင်းနတ် ပသမည်ဆိုပေမယ့် နတ်ကွန်းဆိုပြီး ရေရေရာရာရှိတာမဟုတ်။သူများတွေ ပြောတာကြားဖူးတာဆိုရင် အရိပ်ကြီးကြီးသစ်ပင်အောက်မှာ ဝါးတစ်လုံးခုတ်ပြီး ခွဲခြမ်းစိတ်ဖြာပြီး နတ်ကွန်းအငယ်လေးဆောက် သူ့ရှေ့မှာ မီးဖို အဲဒီမှာပဲ ချက်ပြုတ်ပြီး သူနဲ့အတူ စားပြရသည်တဲ့။

“ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်တဲ့ နတ်လဲကွာ…အိမ်ကလုပ်လာရင်ရရဲ့သားနဲ့ သူ့ရှေ့မှာမှ လာလုပ်ခိုင်းရတယ်..နတ်တောင် နတ်ပါးဝတယ်..”

ပါးစပ်ကစိတ်မရှည်စွာရေရွတ်ရင်း အရိပ်ကြီးတဲ့သစ်ပင်ကိုရှာရသေးသည်။ဝါးတစ်လုံးကတော့ လမ်းမှာတွေ့ကတည်းက ခုတ်လာသည်မို့ အပင်အောက်ခြေကို ရှင်းလင်းပြီး ဝါးခြမ်းတွေစိပ်ခွဲကာ နတ်ကွန်းအငယ်လေးတစ်ခုဆောက်ရသည်။ထို့နောက် တွင်းကလေးတစ်ကျင်းတူးပြီး မီးမွှေးဖို့ထင်းချောင်း သစ်ကိုင်းခြောက်လေးတွေထည့်ပြီး မီးခြစ်ဆံနဲ့မီးမွှေးရသည်။သစ်ကိုင်းတွေက နှင်းတွေစိုနေသည်မို့ တော်ရုံနဲ့မီးမတောက်ဘဲ မီးခိုးတွေအူနေတော့ ကိုတောက်ထိန်မီးတောက်အောင် ဝါးပြောင်းနဲ့ အားရပါးရ မှုတ်ရပြန်သည်။မီးတောက်လာတော့ ကြက်ကိုအရှင်လတ်လတ်လည်လှီးပြီး သွေးတွေကို နတ်ကွန်းပေါ်လောင်းချရသည်။ဒီနောက်မှာ မီးဖိုကျင်းပေါ်မှာ ကြက်ကိုတင်ပြီး အမွေးတွေ တဗျင်းဗျင်းဆွဲနှုတ်သည်။ရေနဲ့ပြုတ်စရာမလို။အမွှေးတွေစင်မှ တောင်းထဲက အိုးကိုထုတ် မီးဖိုပေါ်တင် အသင့်ပါလာတဲ့ရေဘူးထဲက ရေကိုထည့်ပြီး ကြက်ကိုပစ်ထည့် ဆားခတ်ထည့်ပြီး ပြုတ်ထားလိုက်သည်။အတော်လေးကြာတော့ ကြက်သားပြုတ်လည်းရေစစ်ပြီမို့ နတ်ကွန်းပေါ်တင် အမွှေးတိုင် ဖယောင်းတိုင်မီးညှိ ကွမ်းယာ ဆေးလိပ် ချ အရက်ပုလင်းဖောက် ခွက်တစ်လုံးတင်ပြီး လမိုင်းနတ်ကို ပင့်ဖို့လုပ်တော့ သူ ဘယ်ကစပြောရမှန်းမသိ။

“ကဲ ဒီတောကိုပိုင်တဲ့ဆိုတဲ့ လမိုင်းနတ်ရေ ခင်ဗျားအတွက် အစားအသောက်ယူလာတယ်..ကျုပ်နဲ့တူတူ လာစားပါ..ရောက်ရာအရပ်က အမြန်ကြွလာခဲ့ပါ…”

ဟု ပါးစပ်ကထွက်ကရာပြောလိုက်ပြီးသည်နှင့် တိုက်ခတ်လာသည့်လေတစ်ချက်က ကိုတောက်ထိန်ကျောထဲထိ စိမ့်သွားပြီး ကြက်သီးမွှေးညှင်းများလည်း ထလို့လာ၏။ကိုတောက်ထိန်ရှေ့က နတ်ကွန်းက အသာငယ်လှုပ်ရမ်းသွားတာကိုတော့ သတိပြုမိပါ၏။ဒါပေမယ့် ကြောက်တတ်သူမဟုတ်တာကြောင့်…

“ကဲ ခင်ဗျားရောက်ပြီဆိုရင်လည်း ချထားတာတွေ စားပေတော့… ကျုပ်ကတော့ ကြက်ပေါင်တစ်ချောင်းယူမယ်…ခင်ဗျားကတော့ ကျန်တာစားပေါ့..အရက်လည်းသောက်…”

ပြောရင်းနှင့်ပင် ကြက်ပေါင်တစ်ချောင်းကိုဆွဲယူပြီး ကိုက်လိုက်ပေမယ့် အရသာက ဖွယ်ဖွယ်ကြီး ဖြစ်နေသည်။ဘာဆို ဘာအရသာမှမရှိ။ဗိုက်ကလည်း ဆာနေတာမို့ အိမ်ကမိန်းမ ထည့်ပေးလိုက်တဲ့ ထမင်းထုပ်ကိုဖြည်ကြည့်တော့ ငါးပိဖုတ်ဆီဆမ်းနှင့်ဖြစ်နေသည်။

“ဒီမိန်းမ နတ်ကိုတော့ ကြက်တစ်ကောင်လုံးဝယ်ပြီးတင်တယ်..လင်ကျတော့ ငပိဖုတ်ဆီဆမ်းနဲ့ကျွေးတယ်…တော်တော်မိုက်တဲ့မိန်းမ.. ရော့ ခင်ဗျားစားချင်လည်းစား”

ဟုဆိုကာ နယ်ဖတ်ပြီးသား ထမင်းတစ်ပုံကို နတ်ကွန်းပေါ်ချကျွေးပြန်၏။စားသောက်ပြီးစီးတော့ ကွမ်းစားလိုက် ဆေးလိပ်သောက်လိုက်နှင့် လုပ်ပြန်၏။

“ကဲ… လမိုင်းကိုယ်တော်ရေ..ကျုပ်တော့ ခင်ဗျားကို ကျွေးမွေးလို့ပြီးပြီ…အဲဒီတော့ ကျုပ်ကိုလည်း အလုပ်အဆင်ပြေအောင် ကူညီပေး…ရွှေတိုရွှေစလေးများပေးရင်တော့ ပိုလို့တောင်ကောင်းပေါ့ဗျာ..ဟဲဟဲ..ဒါမှ နွေပေါက်ရင် ကျုပ်သားလေးကို ရှင်ပြုနိုင်မှာ…ဝါး…ထမင်းဆီတက်ပြီး အိပ်တောင်အိပ်ချင်လာပြီ…”

ဟု ဆိုကာ တဝါးဝါးသမ်း၍ အပင်ရင်းကိုမှီရင်းနှင့်ပင် အိပ်ပျော်သွားလေတော့သည်။

(၂)

“ဟေ့လူ..ထ.ထ..ဟေ့လူထ ”

”ဟင်…အင်း…”

ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ။မီးရောင်စူးစူးကိုမြင်တော့မှ ကိုတောက်ထိန် မျက်လုံးကိုပြူးပြဲ ပြီးကြည့်သည်။သူ့ရှေ့မှာ မီးတုတ်ကိုင်ပြီး လူတစ်ယောက်ရပ်နေသည်။ဒီလူကို သူတစ်ခါမှလည်းမမြင်ဖူး မတွေ့ဖူးခဲ့။ပတ်ဝန်းကျင်ကိုလှည့်ကြည့်တော့ အမှောင်စုံးစုံး ဖြစ်နေပေပြီ။သူ အမြန်မတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့က လူကို အကဲခတ်လိုက်၏။အရပ်ကအမောင်းမြင့်မားပြီး ခန္ဓာကိုယ်အလုံးအထည်ကြီးကာ အပေါ်ပိုင်းဗလာနှင့် ထိုးကွင်းတွေက ပေါင်နှစ်ဖက်မှာ အပြည့်ဖြစ်သည်။ မြှားဗူးနှင့်လေးကိုကျောပေါ်မှာ လွယ်ထားပုံထောက်လျှင်တော့ မုဆိုးတစ်ယောက်ပဲ ဖြစ်လိမ့်မည်။

“ကျုပ်ကို နှိုးလိုက်တာ ခင်ဗျား လား..”
ဟု ကိုတောက်ထိန်က မေးလိုက်တော့..

“ဟုတ်တယ်လေ..ခင်ဗျား ဒီမှာအိပ်နေတာ တော်တော်ကြာနေပြီ…မီးလည်းမဖိုဘဲနဲ့ ..ဒီနေရာမှာ သားရဲတွေပေါတာ ခင်ဗျားမသိတာလည်းမဟုတ်ဘူး..”

“ဟုတ်ပါရဲ့ဗျာ…ကျုပ် နေ့လည်က ထမင်းစားပြီးတာနဲ့ အိပ်ပျော်သွားတာ ဘာမှမသိတော့တာ..ဒါနဲ့ ခင်ဗျားကို ဒီအနီးအနားဝန်းကျင်မှာ ကျုပ်တစ်ခါမှ မတွေ့ဖူးပါဘူး..”

”ကျုပ်နာမည်က မုဆိုး သာပိန် လို့ခေါ်တယ်..ကျုပ် ဒီတောင်တစ်ကြောမှာ လှည့်လည်နေတာ ကြာလှပေါ့…တောင်ခြေဘက်တွေ သိပ်မရောက်ဖြစ်တော့ ခင်ဗျားမသိတာဖြစ်မှာပါ…ဘာပဲ ဖြစ်ဖြစ် ခင်ဗျားဒီမှာ ကြာကြာမနေသင့်ဘူး..ကျုပ်အိမ်ကိုလိုက်ခဲ့ပါ…တစ်ညတန်သည် နှစ်ညတန်သည် နေပြီးမှ သွားလည်းနောက်မကျပါဘူး…ခင်ဗျားကြည့်ရတာတော့ ထင်းခုတ်ဖို့ပဲ ဖြစ်မှာပါ…”

“အား..အားနာစရာကြီးဗျာ…”

“အားနာစရာမလိုပါဘူး…ကျုပ်အိမ်မှာ ကျုပ်တို့လင်မယားနှစ်ယောက်ထဲနေတာ..ကျုပ်မိန်းမက ကျုပ်စကားတစ်ခွန်းပဲ…ခင်ဗျားခုချိန်မှာ ရွာပြန်လည်း လမ်းကတော်ရုံနဲ့ရှာတွေ့မှာ မဟုတ်ဘူး..လာကျုပ်အိမ်ကိုလိုက်ခဲ့..မဟုတ်ရင် ခင်ဗျား တောကောင်တွေနဲ့လက်ချက်နဲ့ အသက်ထွက်သွားလိမ့်မယ်..”

မုဆိုးကြီးကလည်း အတင်းခေါ်နေတာတစ်ကြောင်း သူကိုယ်တိုင်ကလည်း တောထဲမှာ တစ်ယောက်ထဲ မနေလိုတာကတစ်ကြောင်းကြောင့် သာပိန်ဆိုတဲ့သူရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်လေ၏။

“ဒါဖြင့်လည်း လိုက်မယ်ဗျာ..ဒီနေ့တော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ..”

ဟုဆိုကာ ကိုသာပိန်နောက်သို့ လိုက်ပါသွားလေသည်။

“ကျုပ်နေတဲ့နေရာက နည်းနည်းတော့လှမ်းတယ်..ဒါပေမယ့် ဟိုးရှေ့က တောင်ကုန်းလေးကျော်ပြီး နည်းနည်းထပ်သွားရင် ရောက်တော့မှာပါ…ဒါထက် ခင်ဗျားနာမည်က”

“တောက်ထိန်လို့ခေါ်တယ်ဗျ..ကျုပ်မိန်းမနာမည်က မပုတုတဲ့ သားလေးတစ်ယောက်ရှိတယ် ဆိုးပေတဲ့..ရှစ်နှစ်လောက်ရောက်ပြီပေါ့…”

“ရှင်ပြုလို့ရပြီပေါ့..”

“ဟုတ်တယ်ဗျ.. ဒီနွေပေါက်ရင် လုပ်ပေးမယ် စဥ်းစားထားတာပဲ”

“ဒါဖြင့် အတော်လေးစုမိဆောင်းမိထားပြီပေါ့.. ”

“ဘယ်ကစုမိရမှာလဲဗျာ…ရရစားစားထဲက ကုန်သွားတာပါပဲ..ဒါကြောင့် ဒီတစ်ခါတော့ သေချာစုမယ်လို့အားခဲရင်း လာခဲ့တာပဲ…ကြားထဲမှာ ဘယ်လိုအိပ်ပျော်သွားမှန်းမသိပါဘူးဗျာ..အိမ်က မယားနဲ့သားကတော့ မျှော်နေတော့မှာပဲ…”

“အဲလောက်လည်း မပူလောက်ပါဘူးဗျာ..ခင်ဗျားအလုပ်ပိုလုပ်နေတယ်လို့ပဲ သူတို့တွေးမှာပါ..ခုလည်းခင်ဗျားဘေးကင်းနေတာပဲ မဟုတ်လား..”

“ဒါလည်း ဟုတ်ပါတယ်လေ”

စကားတပြောပြောနှင့်လာလိုက်ကြရာ တောင်ကုန်းကလေးကိုကျော်တော့

“ရောက်ပြီဗျ…”

ဟုဆိုမှ သူကြည့်မိတော့ ချိုင့်ကလေးထဲမှာ ဆောက်ထားတဲ့ တဲလေး က မီးလေးမှိတ်တုတ်လင်းနေသည်။ကိုသာပိန်နောက်က လိုက်ဆင်းသွားတော့ တဲအိမ်ရှေ့ကို ရောက်၏။

“မိန်းမ…ဝေ့…မညို..ငါပြန်လာပြီဟေ့..”.

“ဘာများရခဲ့လဲ ကိုပိန်ရေ..”

တဲအတွင်းမှ ပြန်မေးတဲ့အသံကိုကြားရလေသည်။

”ဘာမှမရပါဘူးကွာ…ဧည့်သည်တစ်ယောက်တော့ပါလာတယ်..လာ..ကိုတောက်ထိန် အိမ်ပေါ်တက်ရအောင်”

ကိုသာပိန်ဦးဆောင်ခေါ်ရာနောက်ကိုပဲ လိုက်သွားရသည်။

“ဘာမှမရခဲ့ရင်လည်း အကြမ်းအိုးလေးနဲ့ထိုင်စောင့်အုံးရှင်.. ဟင်းက ခဏနေရင်ရတော့မယ်..”

ဟုဆိုကာ ခပ်​ ချောချောအမျိုးသမီးတစ်ယောက်
ရေနွေးဗန်းကိုင်ပြီး ထွက်လာလေ၏။

“ကိုတောက်ထိန်..ဒါက ကျုပ်မိန်းမ မညိုတဲ့..သားသမီးတော့မရသေးပါဘူးဗျာ…မိန်းမ ဒါ ငါနဲ့လမ်းမှာတွေ့လာလို့ ခဏတဖြုတ်တည်းရအောင်ခေါ်လာတာ…”

“ဧည့်သည်ဆိုပေမယ့် ကိုယ့်အိမ်လိုပဲ သဘောထားပြီးနေပါရှင်.. ”

ဟုဆိုကာ ကိုတောက်ထိန်လက်ကိုလှမ်းပုတ်လေ၏။ရဲတင်းလှသော မညို၏ အပြုအမူကြောင့် ကိုတောက်ထိန်မှာ မျက်နှာပူပူနှင့်နေရခက်သွားလေ၏။ကိုသာပိန်ကတော့ မမြင်ချင်ယောင်ဆောင်လိုက်တာလား..မမြင်မိတာလားမပြောတတ်ပါချေ။အရာအားလုံးဟာ ပုံမှန်ပဲ ဖြစ်လေသည်။ကိုသာပိန်နဲ့စကားပြောနေချိန်မှာတောင် မညို၏မျက်လုံးတွေက ကိုတောက်ထိန်ဆီမှာပဲရှိနေသည်မို့ တော်တော်အနေရခက်နေပေပြီ။သူ့အကြောင်း ကိုယ့်အကြောင်းမေးကြပြောကြနှင့် စကားတွေကောင်းနေကြ၏။

“ကဲ မိန်းမ စကားကောင်းနေတာကွာ ဟင်းကျက်လောက်ရောပေါ့…ထမင်းပွဲပြင်တော့လေ..ကိုတောက်ထိန်ကြီးလည်း ဗိုက်ဆာနေလောက်ပြီပေါ့..”

ဟုဆိုတော့ မညိုက အလိုက်သိစွာပင် မီးဖိုချောင်ထဲဝင်ပြီး ထမင်းတွေ ဟင်းတွေ ခူးခပ်လာလေသည်။ဟင်းတွေက နှစ်မျိုးသုံးမျိုး..

“ယောကျာ်းရေ ဟင်းစားကလည်းမရှိတော့လေ အိမ်မှာမွေးထားတဲ့ ကြက်လေးကိုပဲ ချက်လိုက်ရတယ်။ကန်စွန်းတွေကိုချိုးပြီး ကြော်ထားတာရယ်။ဟောဒါက မှိုတွေကို ငရုပ်ကောင်းဟင်းချက်ထားတာလေးရယ်..ဒီမှာကတော့ ရှင်ကြိုက်တဲ့ ကြက်သားရေလုံပြုတ်ကလေးရယ်…ကိုတောက်ထိန်ကြီးလည်း အားမနာနဲ့ထည့်စားနော်…ကျွန်မတို့ဆီကို ဧည့်သည်လာခဲတယ်ရှင့်…”

ဆိုကာ အမူပါပါပြောပြီး ဟင်းဖတ်တွေ ခပ်ထည့်ပေးနေပြန်တော့ ကိုတောက်ထိန်က အသာလေး လက်ကာပြီး

“နေ.. နေပါ..ကျုပ်ဘာသာ ထည့်စားပါ့မယ်..”

“အဟွတ်….အဟွတ်…ဝေါ့…”

ဟူသော အသံနှင့်အတူ ကိုသာပိန် စားသောက်နေရာမှ သွေးတွေ ထအန်တော့သည်။

“မညို..မင်း…မင်း…”

ဟုဆိုကာ မညိုကိုလက်ညှိုးထိုး၍ ပြောစရာစကားတွေက ထွက်မလာ…

“ဟုတ်တယ်..ကျွန်မပဲ…အရင်တစ်ခေါက်ကမအောင်မြင်လို့ အခုတစ်ခေါက်ထပ်လုပ်တာ..ရှင့်မလည်း အသက်ကပြင်းလိုက်တာ…”

ကိုတောက်ထိန်က သူတို့အဖြစ်ကို နားမလည်စွာကြည့်ရင်း

“မညို..ခင်ဗျားယောကျ်ားဘာဖြစ်တာလဲ..”
.”ဟင်း. အဆိပ်မိတာလေ…လူ့သက်ပြင်းကြီးက..”

“ဗျာ…ဟာ..ဒါဖြင့်တစ်ခုခုလုပ်လေ…အဆိပ်​ပြေအောင်..”

”အို..ဒီလူမျိုးက သေတာပဲကောင်းတာ..သေစေချင်လွန်းလို့ကို အဆိပ်ခပ်လိုက်တာကို ဘာလို့ တစ်ခုခု လုပ်ပေးရမှာလဲ..ကိုတောက်ထိန်ကြီးရဲ့…ကျွန်မလို လှတပတလေးက ဒီတောကြီးမျက်မည်းထဲမှာ ကုန်ဆုံးပြီးနေသွားရမယ့်သူမှမဟုတ်တာ…အဟင်း…ဟောဒီက ကိုတောက်ထိန်ကြီးက ကျွန်မကိုတာဝန်ယူမယ်မလားဟင်…”

ဟုဆိုကာ ကိုတောက်ထိန်၏ လက်မောင်းကို လာကိုင်လေ၏။ကိုတောက်ထိန်က မညိုရဲ့ လက်တွေကို ဖယ်ချကာ

“ကျုပ်မှာ သားနဲ့မယားနဲ့ဗျ…ကျုပ် အဲလိုသစ္စာမဲ့တဲ့ လူစားမဟုတ်ဘူး..”

တဲအတွင်းမှာ မိန်းမတစ်ယောက်နှင့်ဗျာများနေရတဲ့ကိုတောက်ထိန်အဖြစ်က ရယ်ချင်စရာတော့ကောင်းလှသည်။ကိုသာပိန်ကတော့ ကုန်းရုန်းထဖို့ကြိုးစားနေ၏။

“ကိုတောက်ထိန်ခေါင်းထဲမှာတော့ ဝေခွဲမရသော အဖြစ်တွေနှင့် အကြောင်းအရင်းမယ်မယ်ရရမရှိ တစ်ခါဖူးမျှတွေ့ဆုံဖူးခြင်းမရှိသော မိန်းမတစ်ယောက်လက်ထဲကနေ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းပြီး ကိုယ်လွတ်ရုန်းနေရသည်။ကြာတော့ မညို ဒေါသထွက်လာသည်။

“ဟင်..ရှင်ကများ..ကျွန်မလို မိန်းမတစ်ယောက်ကိုငြင်းရဲတယ်ပေါ့…ရှင့်ကိုလည်းအရှင်မထားဘူးဟေ့..”

ဟုဆိုကာ ကျူထရံကြားမှာ ထိုးထားတဲ့ ဓားမြောင်ကိုယူဆွဲကာ သတ်ဖို့အလာ ကိုသာပိန်က မရှိရှိသမျှအားနဲ့ ကုန်းထလာပြီး မညိုကိုအားကုန်တွန်းချလိုက်တော့ သူ့ဓားနဲ့သူပြန်စိုက်ကာ မညို အသက်ထွက်လေ၏။ ပြန်လဲကျသွားသော ကိုသာပိန်ကို တောက်ထိန်က ပြေးထူကာ..

“ကိုသာပိန်..ခင်ဗျားမိတဲ့အဆိပ်ကို ပြော..ကျုပ်ရအောင်ကုပေးမယ်…”

“မရတော့ဘူး…ကိုတောက်ထိန်…ဒီအဆိပ်က ဖြေဆေးမရှိဘူး..ဒီမိန်းမကိုထပ်ခါတလဲလဲ ယုံမိတဲ့ ကျုပ်ကပဲမှားတာ…ခင်ဗျားကိုနောက်ဆုံးအနေနဲ့ ကျုပ်လက်ဆောင်တစ်ခုပေးခဲ့မယ်…ကျုပ်ရဲ့မြှားခေါင်းတွေကို ချွတ်ယူလိုက်ပါ အဲဒါတွေကို ခင်ဗျားသား ရှင်ပြုတဲ့နေရာမှာသုံးပါ…ပြီးတော့ ခင်ဗျားသားရှင်ပြုတဲ့အခါ ကျုပ်ကိုလည်းအမျှဝေပေးပါ…”

တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ဟာ မြူငွေ့များစိုင်းလာပြီး ဘာဆိုဘာမှမမြင်ရတော့တဲ့အထိ ဖြစ်သွားသည်။ကိုသာပိန်ရော သူ့မိန်းမရော သူတို့နေတဲ့အိမ်လေးရော သူ့မြင်ကွင်းထဲက အရာအားလုံး ပျောက်ကွယ်သွားလေသည်။

“ဗျို့….ကိုတောက်ထိန်…ကိုတောက်ထိန်ရေ..ရှာကြစမ်းပါအုံးဟ…”

မီးတုတ်တွေ တရမ်းရမ်းနဲ့ ရွာသားတွေလိုက်လာကြပြီထင်၏။

“ကိုတောက်ထိန်ရေ…ကျုပ်ခေါ်နေတယ်..အသံကြားရင်ပြန်ထူးပါအုံးတော်…ကိုတောက်ထိန်…”

မပုတုအသံက ငိုသံစွက်နေပြီ…သူပြန်မလာတာ နှစ်ရက်ကျော်ပြီမို့ လူကြီးအိမ်သွားပြီးအကူအညီတောင်းရှာရတာ နေ့လည်ကတည်းက ခု မိုးတောင်ချုပ်တော့မည်။
ဆူဆူညံညံ အသံတွေကြောင့် ကိုတောက်ထိန် နိုးလာတော့ သူအရင်နေ့က သစ်ပင်အောက်မှာရှိနေဆဲ…လက်ထဲမှာဆုပ်ကိုင်မိထားတဲ့ အရာလေးကို ဖြန့်ကြည့်တော့ ရွှေအတိပြီးတဲ့ မြှားခေါင်းငါးခု..။သူ ဘာဖြစ်နေလဲတောင်ရေရေရာရာမသိ ။သေချာတွေးကြည့်မှ သူကြုံခဲ့ရတာက တကယ်မဟုတ်မှန်းသိသွားသည်။ဒါပေမယ့် သူ့လက်ထဲက မြှားခေါင်းတွေကတော့ ရွှေရောင်တဖိတ်ဖိတ်တောက်လို့…

“ကိုတောက်ထိန်ရေ…ကြားရင်ပြန်ထူးပါတော် .ကျုပ်ရင်တွေပူလှပြီ…”

ငိုသံစွက်နေတဲ့ မပုတုအသံက သူနဲ့မလှမ်းမကမ်းမှာပင်…မြှားခေါင်းတွေကို ခါးပုံစထဲ ထည့်ဝှက်လိုက်ပြီး

“ငါဒီမှာဟေ့ .”
.”ဟောဟော..တွေ့ပြီ..ခုနက ဒီအပင်နားမှာ ရှာတာမရှိပါဘူး…”

“ဟုတ်တယ်…တောခြောက်တာထင်တယ်..”

တစ်ယောက်တစ်ပေါက်ပြောသူကပြော မပုတုကတော့ ကိုတောက်ထိန်ဆီ ပြေးလာပြီး..

“အမလေး..ကိုတောက်ထိန်…ကျုပ်ကတော့ တော်နှစ်ရက်လုံးလုံးပျောက်လို့ ရှာလိုက်ရတာ..တော်က ဘယ်မှာသွားသေနေတာတုံး..ကိုတောက်ထိန်ရဲ့..အီးဟီး…”

“ဟဲ့…ဟဲ့..တော်စမ်း…ငါသေသွားတာကျနေတာပဲ…ငါလည်းခုထိ ဘာဖြစ်သွားမှန်းကိုမသိတာပါဟာ..”

“တော်ဖြစ်မှာပေါ့…အိမ်ကထွက်ကတည်း ပါးစပ်စည်းမစောင့်ဘဲ တော်ပြောချင်ရာပြောခဲ့တာလေ..ဟင်…သေနာကြီး..ခုတော့ တောမှောက်လို့မသေကောင်းမပျောက်ကောင်းဟင်…တော်တစ်ခုခုဖြစ်ရင် ကျုပ်တို့ သားအမိဘယ့်နှယ်လုပ်ရမတုံး…”

“ကဲပါ မပုတုရယ်…အိမ်ရောက်မှအလွမ်းသယ်ပါဗျာ…မှောင်လာတော့မှာ..တောကောင်တွေကလည်းပေါတာနဲ့…ရွာအမြန်ရောက်အောင်ပြန်ရမယ်ဗျ…”

ဟု ေဘးလူတွေ ပြောကြတော့မှ တောင်ပေါ်ကနေ ခပ်သုတ်သုတ်ပြန်ဆင်းကြလေ၏။

(၃)
သိပ်မကြာလိုက်ပါ နွေရောက်တော့ ကိုတောက်ထိန် သားရှင်ပြုပွဲကို ကြီးကြီးကျယ်ကျယ် လုပ်လေ၏။ရှင်ပြုပွဲရေစက်ချမှာလည်း ကိုသာပိန်ကို လမိုင်းအရှင်ဟုခေါ်ကာ အမျှဝေ၏။လူတွေကတော့ ကိုတောက်ထိန်ကို လမိုင်းနတ်က ရွှေအိုးပေးလိုက်တာလိုလို၊တောထဲက ဥစ္စာစောင့်တွေကပဲ ပစစ္စည်းပေးလိုက်တာလိုလို သို့လော သို့လော​ပြောဆိုကြ၏။တချို့မိန်းမတွေများဆိုလျှင် အိမ်ကယောကျ်ားတွေကို အားအားရှိ တောတက်ခိုင်းပြီး လမိုင်းနတ်ကို သွားသွားပသခိုင်းကြ၏..။ဘာပဲ ဖြစ်ဖြစ် ကိုတောက်ထိန်ကတော့ သူကြုံခဲ့ရတာက တကယ်လား အိပ်မက်လားဆိုတာကို ယခုအချိန်ထိ စဥ်းစားမရ ဖြစ်နေတုံးပါပေ…။ဒါပေမယ့် ကိုတောက်ထိန်တစ်ယောက် မကြာခဏတော့ တင်မြှောက်စရာ ပစ္စည်းတွေယူပြီး တောင်ပေါ်တက်သွားတတ်တာကိုတော့ ရွာကလူတွေ မြင်ကြပါ၏။အရင်က တောလမိုင်း ကိုမယုံကြည်သည့်ကိုတောက်ထိန် ယခုတော့ဖြင့်………….။

ပြီးပါပြီ
ဖြစ်ရပ်မှန်ကိုအခြေခံ၍ရေးဖွဲ့ပါသည်။

#နွေးနွေးအေးချမ်း