ထိုတစ်ည

ထိုတစ်ည(စ/ဆုံး)

——————-

ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ

မိုးမှာ သဲကြီးမဲကြီး ရွာသွန်းနေလျက် လေများက လည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင့်မိုးသံတို့မှာရောနှောလျက်ရှိသည်။

ထိုအချိန်မှာ ည၁၁နာရီထိုးလုခါနီးအချိန် ဖြစ်သည်။

ပတ်၀န်းကျင်ကလည်းတိတ်ဆိတ်ငြိမ်သက်နေကြ
ပြီ။သို့သော် မိုးကတော့ တိတ်မည့်ပုံမပေါ်သေး။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေသော မိုးကာအင်္ကျီရှည်ကြီးတစ်ထည်နှင့် လက်နှိပ်ဓါတ်မီး တစ်လက်မှလွဲ၍ ဘာမျှမပါပေ။

ဘူတာရုံသို့သွားရာလမ်းမှာလည်း မြေနီလမ်း လေးဖြစ်သည့်အလျောက် မိုးရွာသည့်အခါ ရွှံ့ဗွက်များနှင့်ထူထပ်နေပေသည်။ မည်သို့ပင်ဖြစ်စေ အရေးကြီးသည်က ဘူတာရုံ သို့မြန်မြန်ရောက်ဖို့ပင်။

ဒီကနေ့ည၁၁နာရီကောင်နှင့်ကျွန်တော့်အမေ
လိုက်ပါလာမည်ဖြစ်သည်။အမေကမျက်စိမကောင်းသည့်အပြင် မိန်းမသားတစ်ဦးတည်းမို့ ယခုလိုညကြီးအချိန်မတော် မိုးသည်းထဲတွင် ဘူတာရုံသို့ ကျွန်တော်လာရောက်စောင့်ကြိုရ ခြင်းဖြစ်သည်။

မကြာမီ ပိန်းပိတ်အောင်မှောင်နေသော ပတ်၀န်းကျင်ထဲမှ မထင်ရှားသည့် ဝုိးတိုးဝါးတား အရာတစ်ခုကိုစတင်မြင်လိုက်ရသည်။

ထိုအရာကိုမြင်မှ ကျွန်တော်အားတက်သွားမိသည်။ ဟုတ်ပါသည်။ထိုအရာမှာကျွန်တော်တို့ရွာလေး၏ ရထားဘူတာရုံလေး။မိုးကလည်းတအားရွာနေ
သည်မို့ ခိုက်ခိုက်တုန်အောင်ချမ်းနေပြီဖြစ်သည်။ ထို့ကြောင့် ဘူတာရုံသို့ ခပ်သွက်သွက်လေး သုတ်ခြေတင်လာလိုက်သည်။

ဘူတာရုံထဲကိုရောက်တော့ လူသူအရိပ်အယောင် လုံးဝမတွေ့ရ။လူတစ်ယောက်တလေတော့ရှိတန်
ကောင်းပါရဲ့ဆိုပြီးရှာဖွေကြည့်ပြန်တော့လည်း လူမပြောနှင့် လူရိပ်မြင်၍ ဟောင်မည့်ခွေး တစ်ကောင်ပင်မတွေ့ရချေ။မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရသည်။

ဘူတာရုံစောင့်အဘိုးကြီးကရော ဘယ်ရောက်နေ တာလဲ။မိုးအေးအေးဖြင့်ကွေးနေပြီလား။နာရီကြည့်လိုက်တော့၁၁နာရီတောင်ကျော်နေပြီ။တကယ်ဆို ဘူတာရုံမှာရထားစီးခရီးသည်မရှိရင်တောင်မှ စျေးသည်တစ်ဦးတလေတော့ရှိသင့်တယ်လေ။အခုဟာက လုံးဝတိတ်ဆိတ်ခြောက်ကပ်နေပြီး စိတ်ချောက်ချားဖွယ်ရာအတိပဲ။

ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာမှာ တော့တစ်ယောက်ယောက်ရှိကောင်းပါရဲ့ဆိုပြီး
လှည့်ကြည့်လိုက်တော့…

“အောင်မလေးဗျ… … … …”

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကျွန်တော် ခေါင်းနားပန်းကြီးသွားသည်။ကျွန်တော်မြင်လိုက် ရတာက လက်မှတ်ရောင်းတဲ့ကောင်တာ အပေါက်မှာ ထင်းထင်းကြီးပြူ းထွက်နေတဲ့ မျက်နှာကြီးတစ်ခု။

ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး များက ဆွတ်ဆွတ်ဖြူ နေသည်။

“ကောင်လေး မင်း ဘာလာလုပ်တာလဲ”

အသံကြားတော့မှရထားဘူတာရုံစောင့်အဘိုးကြီး
မှန်း သိတော့သည်။

“ဟာ…ဦးဘတင့်ကြီးကလည်းဗျာ အသံလေးဘာလေးပေးတာမဟုတ်ဘူး”

“ဟကောင်ရ …ငါမင်းကိုဒီနေရာကနေ ကြည့်နေ တာကြာပြီ မင်းဒီကို တစ်ယောက်တည်း ဘာလာ လုပ်တာလဲ”

“ရထားလာစောင့်တာလေဗျာ”

“ဒီနေ့ ရထားမလာဘူး”

“ဗျာ……”

“အေး ဟုတ်တယ် ပဲခူးမှာလည်းမိုးတအားရွာပြီး ရထားလမ်းတွေရေကျော်နေလို့ ခရီးစဉ် ဖျက်ထား တယ် မနက်၄နာရီကောင်တော့ ဆိုက်မယ်”

“ဟာ…ဒုက္ခပါပဲဗျာ”

“ဘာဒုက္ခတာလဲကွ”

“အိမ်ကိုတစ်ယောက်တည်းပြန်ရတော့မှာပေါ့”

“ဟကောင်…မင်းလာတုန်းကရောတစ်ယောက်
တည်း မဟုတ်ဘူးလား”

“လာတုန်းကတော့တစ်ယောက်တည်းပေါ့ ဒါပေမဲ့ အပြန်ကျရင် အမေပါမယ်ဆိုတဲ့စိတ်ကဆောင်နေ တော့ ဘာမှမဖြစ်ဘူးဗျ… အခုက တစ်ယောက် တည်းပြန်ရမှာ…အချိန်ကလည်းလင့်နေပြီ”

“ဘာလဲ ကောင်လေး မင်းကသရဲကြောက်လို့ လား”

“မကြောက်ပါဘူးဗျ သရဲကိုမကြောက်ဘူး တောဆင်ကိုပဲကြောက်တာ”

“မင်းစိတ်ဓါတ်ကိုတော့ ကြိုက်သွားပြီ ကောင်လေးရေ…မင်းပြောသလိုပဲ လောကမှာ သရဲဆိုတာကြောက်စရာမကောင်းပါဘူးကွာ…သူတို့ကသနားစရာလေးတွေပါ”

“ဦးဘတင့်ကြီးကရော မအိပ်သေးဘူးလား”

“ငါက အသက်ကြီးပြီလေကွာ ဒီလိုအချိန်မျိုး ဘယ်အိပ်ချင်သေးပါ့မလဲ သက်ကြီးခေါင်းချချိန် ဆိုတာမင်းကြားဖူးမှာပေါ့ ”

“ဟုတ်ကြားဖူးပါတယ် ”

“အေး ကောင်လေး မင်းဒီအချိန်တစ်ယောက် တည်းပြန်ရင်လမ်းမှာ တောဆင်တွေနဲ့ တွေ့နေ ဦးမယ် မင်းအဆင်ပြေမယ်ဆို မနက်၄နာရီကောင် ဝင်မှ မင်းအမေပါမပါကြည့်ပြီး ပြန်ပါ့လား ပါလာ တော့လည်း အခန့်သင့်တာပေါ့ကွာ”

ဦးဘတင့်ပြောတာလည်း သဘာဝကျသည်။ ကျွန်တော်တို့ရွာနဲ့ ဘူတာရုံနဲ့ကြားမှာ ကြံတောကြီး ရှိသည်။ထိုတောထဲသို့ယခုလိုညအချိန်မတော်ဆိုလျှင် တောဆင်တွေက ကြံဝင်စားတတ်ကြသည်။ ကျွန်တော်ကြောက်သည်ကလည်း ထိုတောဆင် တွေကိုပင်ဖြစ်သည်။ကျွန်တော်တို့ရွာက လူအချို့မှာ တောဆင်နင်းခံရပြီး အသက်ဆုံးရှုံးခဲ့ကြရသည် ဖြစ်၍ မကြောက်လို့မရပေ…။

ထို့ကြောင့် ရွာသားအားလုံးတစ်ယောက်တည်း ဆိုလျှင် မည်သူမျှမသွားဝံ့။ အရေးတကြီးသွားစရာ ရှိလျှင် အနည်းဆုံး နှစ်ယောက်လောက်ရှိမှသွား တတ်သည်။

ကျွန်တော်လာတုန်းကလည်းဦးလေးကစိတ်မချ
သဖြင့်မှာလိုက်သေးသည်။သို့ပေမယ့် ကျွန်တော် ရွာထဲကထွက်လာချိန်က ဤမျှလောက် ညဉ့်မနက် သေးသဖြင့် သိပ်မစိုးရိမ်ခဲ့မိ။

“ကျွန်တော်လည်း အဲ့ဒါပဲစဉ်းစားနေတာဗျ အခုက ၁၁နာရီခွဲနေပြီ နောက် သုံးနာရီလောက်ဆို ၄နာရီ ကောင်လည်းဆိုက်မှာဆိုတော့ ဦးဘတင့်ပြော သလို အဲ့တော့မှပြန်တာကောင်းမယ်ထင်တယ်… မိုးတွေကလည်းတအားရွာနေတော့လေ”

“အဲ့ဒါငါပြောတာပေါ့ …ဒီမယ် ကောင်လေး မင်းဘာမှစိတ်မပူနဲ့ မင်းမပြန်ခင်အချိန်ထိ ငါနဲ့ စကားထိုင်ပြောကြတာပေါ့ကွာ ငါလည်း တစ် ယောက်တည်းဖြစ်နေတော့ စကားပြောဖော်က လည်းမရှိဘူးဟေ့”

“ဟုတ်ကဲ့ ဦးဘတင့် ကျွန်တော်အဆင်ပြေပါတယ် သက်ကြီးစကားသက်ငယ်ကြားရတော့ ကျွန်တော်လည်း ဗဟုသုတရတာပေါ့ ပြီးတော့ ဒီတိုင်းထိုင်စောင့်နေမယ့်အတူတူ စကားပြောနေ တော့အပျင်းပြေတာပေါ့”

“ကောင်းသကွာ လာ ကောင်လေး အထဲဝင် အပြင်မှာအရမ်းအေးတယ် ”

ဦးဘတင့်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် လက်မှတ်ရောင်းသော ကောင်တာခန်းတွင်းသို့ ကျွန်တော်ဝင်သွားလိုက်သည်။

အခန်းတွင်းရောက်တော့မှ အချမ်းဓာတ် အနည်း ငယ်သက်သာရာရလေသည်။

“ကောင်လေး ငါ့မှာလည်း ဧည့်ခံစရာဆိုလို့ ရေနွေးကြမ်းပဲရှိတယ်ကွာ ရော့…အချမ်းပြေ ရေနွေးကြမ်းလေးသောက်”

“ရပါတယ်ဦးဘတင့်ရယ် ရေနွေးကြမ်းလည်း အချမ်းပြေတာပါပဲ ကျွန်တော်အဆင်ပြေပါတယ်”

ဘူတာရုံလေး၏ အပြင်ဘက်တွင် သေလုမျောပါး ပိန်းကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေ ကြသော ပေါင်းပင်ကြီးများသည် မိုးဒဏ်လေဒဏ် ကြောင့် ပစ်စလတ်ခတ်ယိမ်းထိုးနေကြလေသည်။

ဦးဘတင့်ကြီးက ရေနွေးကြမ်းတစ်ငုံကို ဟန်ပါပါ တစ်ကျိုက်သောက်လိုက်ပြီး သူသောက်နေကျ ဆေးပေါ့လိပ်အားမီးညှိကာ အားရပါးရ ဖွာရှိုက် နေလေသည်။

ထို့နောက် ကျွန်တော်ကပင် စကားစလိုက်သည်..။

“ဦးဘတင့် သရဲခြောက်ခံရဖူးလား…”

ကျွန်တော်ထိုသို့မေးတော့ ဦးဘတင့်က ကျွန်တော့်ကို သေချာကြည့်သည်။

“ကောင်လေး မင်းဘာကိုဆိုလိုချင်တာလဲ”

“ဘာကိုမှမဆိုလိုပါဘူး ဦးဘတင့်ကြီး ခုနက ပြောတယ်လေ…သရဲတွေကကြောက်စရာ
မကောင်းပါဘူး သနားဖို့ကောင်းတယ်ဆိုလို့ ကျွန်တော်ကမေးကြည့်တာပါ”

“သြော်…ဒါလား…မင်းမေးတော့လည်း ငါက ပြောပြရတာပေါ့ကွာ…ငါအခုအသက်၇၀ကျော်ပြီ ငါအသက်၃၅နှစ်ကတည်းက ဒီဘူတာမှာ ဘူတာ စောင့်လုပ်လာခဲ့တာကွ”

ဦးဘတင့်က သူ၏ စကားကိုခေတ္တရပ်နား၍ ရေနွေးကြမ်းတစ်ကျိုက်မော့ချလိုက်သည်။
ထို့နောက်ဆက်လက်၍…

“ငါဘူတာရုံစောင့်လုပ်ခဲ့တဲ့ အဲ့ဒီနှစ်ပေါင်း ၃၅နှစ် ကျော်အတွင်းမှာ သရဲတစ္ဆေ ပရလောကသားတွေ နဲ့လည်း ကြုံဖူးတာပေါ့ကွာ…”

“ဟုတ်လား…ဒါဆို ဦးဘတင့်က သရဲအခြောက်ခံ ဖူးတာပေါ့”

“ဒါပေါ့ ကောင်လေးရ… သိပ်အခြောက်ခံခဲ့ရဖူး တာပေါ့ …အဟား…ဟား…ဟား…ဟား”

ဦးဘတင့်ကြီး၏ စကားအဆုံးတွင် ရယ်လိုက်သည့် အသံက ခြောက်ကပ်ကပ်နိုင်လွန်းနေသည်ကို ကျွန်တော်သတိထားမိသည်။

“ဘယ်လိုများ အခြောက်ခံခဲ့ရတာလဲ ပြောပြပါ လား…”

“အေး…ငါမှတ်မိသလောက်တွေပြောရရင်တော့ ငါဒီဘူတာမှာစလုပ်ပြီး တစ်ပတ်လောက်မှာ ဖြစ်လိမ့်မယ် အဲ့မှာစအခြောက်ခံရတာပဲ……
အဲ့ညမှာငါက တာဝန်အရ ရုံထဲလှည့်ပတ်စစ်ပြီး တော့ ငါ့အတွက်ပေးထားတဲ့ အခန်းလေးထဲ ဝင်ထိုင်နေတာပေါ့ကွာ…ပြီးတော့ထုံးစံအတိုင်း
ဆေးပေါ့လိပ်ဖွာနေတယ်ပေါ့…အဲ့ဒီအချိန်မှာငါ့
အခန်းရှေ့ကိုလူတစ်ယောက် ရောက်လာတယ်…

အဲ့ဒီအချိန်ကလဲ ဘူတာရုံထဲမှာ ရထားစီးမယ့်ခရီးသည်တွေစျေးသည်တွေလဲရှိ
တော့ ငါလည်း အကူအညီတစ်ခုခုလိုလို့ လာမေး တာထင်ပြီး ဘယ်သူလဲ ဘာလာလုပ်တာလဲပေါ့…
အဲ့လိုမေးလိုက်တော့အပေါက်ဝမှာရပ်နေတဲ့သူက ဘာပြောတယ်မှတ်လဲ…မီးလေးတစ်တို့လောက်တဲ့…ငါလည်း…သြော်သူလည်းဘကိုယ့်လိုဆေးလိပ်သမားပဲဆိုပြီးမီးခြစ်ယူပေးမလို့လုပ်တုန်း…ငါ့ပါးစပ်မှာခဲထားတဲ့ ဆေးပေါ့လိပ်ကို ဆတ်ခနဲ ဆွဲဖြုတ် သွားတယ်…ပထမတော့ ငါဇဝေဝါဖြစ်သွားတယ်… ပြီးမှတဖြည်းဖြည်းပြန်စဉ်းစားတော့ သူရပ်နေတဲ့ တံခါးဝနဲ့ငါထိုင်နေတဲ့နေရာက လေးငါးပေ လောက်ဝေးနေသဟ…သူအခန်းထဲဝင်မလာဘဲ ငါ့ပါးစပ်ကဆေးပေါ့လိပ်ကိုဘယ်လိုယူလိုက်ပါ
လိမ့်ပေါ့…တွေးနေတုန်းပဲရှိသေးတယ် သူ့လက်ကြီး ကငါ့ဆီရှည်ထွက်လာပြီးဆေးပေါ့လိပ်ပြန်ပေးတယ်… ပြီးလည်းပြီးရော ကျေးဇူးပဲနော်တဲ့ ပြောပြီးထွက် သွားပါလေရော…”

“အားပါးပါး……… ဦးဘတင့်ကြီး အဲ့တုန်းက မကြောက်ဘူးလား”

“ဟ…ကောင်လေးရ… နောက်နေ့ငါ လန့်ဖျား ဖျားတာခွင့်နှစ်ပတ်ယူလိုက်ရပါလေရောလား”

“ဦးဘတင့်ပြောတော့သရဲဆိုတာကြောက်စရာ
မကောင်းဘူးဆို”

“အေးလေကွာ ကြောက်စရာမကောင်းဘူး…ဒါပေမဲ့ လန့်စရာတော့ကောင်းတယ်ကွ…အဟား…ဟား…ဟား”

ဦးဘတင့်၏ ဒုတိယအကြိမ်မြောက် အက်ရှရှ ရယ်သံကြီးကြောင့် ကျွန်တော် ကြက်သီးမွေးညှင်း များပင် ထသွားသည်။

ဦးဘတင့်ကြီးကတော့ သတိပြုမိဟန်မတူဘဲ ဆေးပေါ့လိပ်ကိုဖွာမြဲဖွာနေသည်။

အပြင်မှာမိုးကတော့တိတ်သွားပြီဖြစ်သည်။နာရီကို
ကြည့်လိုက်တော့၁နာရီထိုးတော့မည်။
၄နာရီကောင်ဆိုက်ဖို့က ၃နာရီလောက်လိုသေး သည်။

ဒီညမှပင် အချိန်တွေကုန်သည်က ကြာလွန်းနေ သည်ဟုပင်ထင်ရသည်။

“အချိန်ကုန်တာကြာလို့ဆိုပြီး တွေးမနေစမ်း ပါနဲ့ကွာ ”

“ဟင်! ကျွန်တော်တွေးနေတာကို ဦးဘတင့်က ဘယ်လိုသိတာလဲ…”

“ကောင်လေးရာ မင်းငယ်ပါသေးတယ်… ငါအသက်၇၀ကျော်နေပြီ…ငါလူပေါင်းများစွာနဲ့ကြုံခဲ့ဖူးတယ် အဲ့တော့ လူတွေရဲ့စိတ်ကိုလည်း မျက်နှာ ကြည့်ရုံနဲ့ ခန့်မှန်းတတ်တာမဆန်းပါဘူး ကောင်လေးရာ…”

ထိုသို့ပြောပြီးနောက် သူ၏ ဆေးပေါ့လိပ်အား တရှိုက်မက်မက်စွဲလမ်းနှစ်ခြိုက်စွာ ဖွာရှိုက်နေပြန် လေသည်။

ှီုီုဦးဘတင့်ကြီးကို ဒီနေ့ကြည့်ရတာ အရင်နေ့တွေ နှင့်မတူ ထူးခြားနေသလို ကျွန်တော်ခံစားနေမိ သည်။ဘာထူးခြားနေသည်တော့ ကျွန်တော်လည်း ပြောမပြတတ်ပေ။

* * * * * * * * * *

ဂီးးးးးးးး ခနဲအော်မြည်ကာ ပျံသန်းသွားသော ငှက်ဆိုးတစ်ကောင်၏ အသံကြားမှ ကျွန်တော် အသိပြန်ဝင်လာသည်။

ကျွန်တော် အိပ်ရာကနိုးလာသောသူတစ်ယောက် ကဲ့သို့ဖြစ်နေသည်။

“ကောင်လေး…နိုးပြီလား”

“ဟင်! ဦးဘတင့်… ကျွန်တော်အိပ်ပျော်သွားတာ လား”

“အေးလေ မင်းနဲ့ငါ စကားပြောနေရင်းနဲ့ ငါအပေါ့ခဏသွားတယ်လေ…ငါပြန်လာတော့ မင်းအိပ်ပျော်နေတာပဲ”

ကျွန်တော့်ခေါင်းတွေနောက်ကျိနေသည်။အိပ်ရေး
မဝသေးသောသူတစ်ယောက်လိုခံစားမိသည်။
ခန္ဓာကိုယ်အနှံ့အပြားမှလည်း နာကျင်ကိုက်ခဲမှု အချို့ကို ခံစားနေရသည်။ပိုဆိုးသည်က ဦးဘတင့် ပြောသွားသလို သူအပေါ့သွားတာကိုလည်း ကျွန်တော်မမှတ်မိ။

နောက်ဆုံးမှတ်မိသည်က…ကျွန်တော့်စိတ်ထဲတွင် စဉ်းစားနေသောအကြောင်းအရာကို ဦးဘတင့်ကြီး သိနေသဖြင့် ဦးဘတင့်အပေါ် မသင်္ကာဖြစ်မိခြင်း ပင်…။ကျန်တာဘာမျှမမှတ်မိတော့…။

“ဦးဘတင့်…ကျွန်တော် ကိုယ်တွေလက်တွေ အရမ်းကိုက်ခဲနေတယ်ဗျာ…ပြီးတော့ ခေါင်းတွေ လည်းမူးနေတယ်…ဖျားချင်နေပြီလားမသိဘူး”

“အိပ်ရေးပျက်လို့နေမှာပါကွာ…ကဲ…ကဲ ကောင်လေး ၄နာရီကောင်ဆိုက်တော့မယ်… အဆင်သင့်လုပ်ထားတော့…”

“ဗျာ…ဟုတ်…ဟုတ်ကဲ့”

နာရီကိုလှမ်းကြည့်လိုက်တော့ မနက်၄နာရီထိုးဖို့ မိနစ်အနည်းငယ်မျှပင်လိုတော့သည်။ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ လက်မှတ်ဖြတ်သော ကောင်တာခန်းလေးအတွင်းမှကျွန်တော်ထွက်လာ လိုက်တော့သည်။

များမကြာမီအချိန်အတွင်း၌ ရထားဥသြဆွဲသံ သဲ့သဲ့အား ကြားရလေသည်။

* * * * * * * * * *

နံနက်၆နာရီ…

မောင်ထွန်းဇော်လေး တစ်ယောက် ၄နာရီ ရထားဆိုက်ပြီးကတည်းက ပျောက်သွားလိုက်တာ ကျွန်ုပ်ကိုပင် နှုတ်ဆက်မသွားတော့…

သူ့မိခင်နှင့်တွေ့၍ ဝမ်းသာအားရဖြစ်ကာ ကျွန်ုပ်အားဝင်နှုတ်ဆက်ရန်မေ့လျော့သွားခြင်းဖြစ်
နိုင်သည်ဟုယူဆပြီး ကျွန်ုပ်လုပ်စရာရှိသည်များကို လုပ်ကိုင်နေလိုက်လေသည်။

ထိုအချိန်၌ လူတချို့စုရုံးစုရုံးဖြစ်ကာ တစ်စုံတစ်ခု အားအရေးတကြီးပြောဆိုနေကြသည်ကိုတွေ့မြင်ရသဖြင့် ကျွန်ုပ်၏ စူးစမ်းတတ်သောညာဉ်အရ ထိုလူအုပ်အနီးသို့ ချဉ်းကပ်ကာ နားထောင်ကြည့်မိ သည်။

“ဟုတ်တယ်ဗျ…ထွန်းဇော်မှ ထွန်းဇော် အစစ်ပဲ… ကြံတောထဲမှာ သေနေတာ မြင်ရက်စရာတောင် မရှိဘူး…”

“ခါးရိုးလည်းထက်ပိုင်းကျိုးသွားတယ်ဆို”

“ခေါင်းပါပွင့်သွားတာဗျ…သေချာတာတော့ တောဆင်တစ်ကောင်တည်း နင်းခံရတာ မဖြစ် နိုင်လောက်ဘူး…သုံးလေးကောင်ဆင်းလာတဲ့
အချိန်နဲ့သွားတိုးမိတာဖြစ်မယ်ဗျာ…”

“ဟုတ်လိမ့်မယ်ဗျာ ကောင်လေးကတော့ သနားစရာပဲ ဘယ်အချိန်ကတည်းက သေနေလဲ မသိဘူး…သူ့ဦးလေးက သူ့အစ်မ( ထွန်းဇော် အမေ) ကိုသွားကြိုတာကြာလို့ စိတ်မချလို့ လိုက်ကြည့်တော့မှ ကြံတောထဲမှာ သေနေတာ တွေ့တာတဲ့ဗျာ…”

ဟင်…ထွန်းဇော်ဆိုပါလား…။
ကျွန်ုပ်နှင့်ညကတစ်ချိန်လုံးစကားပြောနေသော
ထွန်းဇော်တော့ဖြစ်ဟန်မထင်။ကျွန်ုပ်ကိုယ်တိုင်
တောင် ထွန်းဇော်အား တောဆင်နှင့်တိုးမည်စိုး၍ အိမ်မပြန်ရန်တားမြစ်ခဲ့သေးသည်။ထို့ကြောင့် သေချာစေရန် မေးမြန်းကြည့်လိုက်သည်။

“လူလေးတို့…လူလေးတို့ပြောနေတဲ့ထွန်းဇော်ဆိုတာ မြို့တက်ပြီးသနပ်ခါးရောင်းတဲ့ မြကြည်ရဲ့သား လား”

“မဟုတ်ပါဘူးဗျာ မြို့မှာကျောင်းတက်နေတဲ့ ထွန်းဇော်လေ…ကျောင်းပိတ်တုန်းရွာကိုခဏပြန်လာတဲ့ထွန်းဇော်”

ဘုရားဘုရား…။ကြက်သီးမွှေးညင်းများထကာ ခေါင်းနားပန်းကြီးသွားမိသည်။
သူတို့ပြောနေသော ထွန်းဇော်က ကျွန်ုပ်နှင့် တစ်ညလုံးရှိနေသည့် ထွန်းဇော်…။

ဘူတာရုံသို့ တစ်ယောက်တည်းလာခဲ့သော ထွန်းဇော်…။

မနက်၄နာရီကတည်းကမတွေ့ရတော့သည့် ထွန်း
ဇော်………………။

ယခုတော့ ထွန်းဇော်မှာ ညကတည်းကပင် တောဆင်နင်းခံရလို့သေပြီတဲ့…။

ဒါဆို…ဒါဆို …ကျွန်ုပ်နှင့် ညက တညလုံးရှိနေခဲ့သည် ထွန်းဇော်က ………။
…………………
…………………………
သြော်…ဒါ့ကြောင့်မို့ သူညက ကျွန်ုပ်ကို ပြောခဲ့တာ ကိုး …သူကိုယ်တွေလက်တွေ အရမ်းကိုက်နေ တယ် ခေါင်းလည်းအရမ်းမူးတယ်တဲ့…

အခုကြားလိုက်ရတဲ့ သတင်းက ထွန်းဇော်တစ် ယောက် တောဆင်နင်းခံရတာ ခေါင်းလည်းပွင့် သွားတယ် ခါးလည်းထက်ပိုင်းကျိုးသွားတယ်တဲ့…။

“ကောင်လေးရေ…ငါပြုသမျှကုသိုလ်ကောင်းမှုတွေမင်းကို အမျှဝေပါတယ်…မင်းကြားရာအရပ်ကနေ သာဓုခေါ်ပါကွာ……………

အမျှ……အမျှ……အမျှ ယူပါကောင်လေးရေ……………”

ဦးဘတင့်ကြီး၏ ရုတ်တရက်အပြုအမူကြောင့် ရပ်စကားပြောနေသော လူတစ်စုမှာ ဦးဘတင့်ကြီးအား စိုက်ကြည့်နေကြလေသည်။

ထိုလူတစ်စုအပြင် ဦးဘတင့်ကြီးအားကြည့်၍ ဝမ်းသာအားရ သာဓုခေါ်နေသော တစ်စုံတစ်ယောက်ရှိနေသည်ကို ဦးဘတင့် သိခဲ့ပါမူ………………………………………။ ။

* * * * * * * * * *
ပြီးး ။ ။

🙂 🙂

Credit – D lu