ထူးဆန်းသောစေတီ

ထူးဆန်းသောစေတီ(စ/ဆုံး)

——————————

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကိုအခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။ မြို့ရွာအမည်များအား လွှဲပြောင်းရေးသားထားပါသည်။

ခရီးသည်များတင်ဆောင်ထားသော ဟိုင်းလတ်ကားလေးတစ်စင်းသည် တရိပ်ရိပ်ပြေးလျှက်ရှိ၏။

” ဟိုးထားဆရာရေ လမ်းဆင်းလေးပါသေးတယ် ”

နောက်ခန်းမှ စံပါယ်ယာ၏ အသံကြောင့် ဦးမောင်တစ်ယောက် မောင်းနေသောကားအား အရှိန်လျော့ကာ ရပ်လိုက်၏။

” အရေးထဲ လမ်းဆင်းကပါသေး ဟူး ”

ကားမောင်းသူသည် စိတ်ပျက်စွာရေရွတ်ရင်း လက်မှနာရီအားငုံ့ကြည့်လိုက်ရာ ညနေ ခြောက်နာရီခွဲပင် ကျော်လာလေပြီ။

ဤ နေရာနှင့်မလှမ်းမကမ်း၌ နာမည်ကြီးတောင်တက်လှမ်းအားမြင်နေရ၏။ ထိုလမ်း၌ မကြာခဏကားများမှောက်လေ့ရှိသကဲ့သို့ ဆိုင်ကယ်များလည်း မကြာခဏ ချောက်ထဲကျကာ ‌လူအသေအပျောက်များ၏။

ထိုတောင်တက်လမ်းသည် မတ်စာက်ကာ လမ်းတာလည်း ရှည်လေရာ နယ်ခံမဟုတ်သူများနှင့် လမ်းအထာမသိသူများအတွက် အလွန်အန္တရာယ်ရှိသောနေရာဖြစ်သည်။

ထို့ပြင် ထိုလမ်းသည် လူစားလဲသည့်နေရာများလည်းရှိကာ အခြောက်အလှန့်လဲကြမ်းလှသည်။

ထိုနေရာသည် ခရေပင်ကြွေရွာ ( အမည်လွှဲ)မှ လှမြိုင်(အမည်လွှဲ)ရွာသို့ သွားသောလမ်းဖြစ်သည်။

ရေမြေအနေအထားအရ ခရေပင်ကြွေရွာသည် မြေပြန့်၌ရှိကာ လှမြိုင်ရွာသည် မတ်ဆောက်သော တောင်ကမူပေါ်၌ ရှိသောရွာဖြစ်သည်။ထိုရွာမှတစ်ဆင့် တောင်တန်းများပေါ်ရှိ ရွာကြီးများသို့လည်းခရီးဆက်ရကာ နယ်စပ်အထိလမ်းပေါက်လေသည်။

လှမြိုင်ရွာသည် တောင်ပေါ်၌ ရှိသောရွာဟု ဆိုပင်ညား စိုက်ပျိုးရေး အင်မတန်မှဖြစ်ထွန်းကာ အဖိုးတန် တွင်းထွက်အချို့လည်း ထွက်ရှိလေရာ စည်ပင်သာယာ၀ပြောသော ရွာကြီးတစ်ရွာဖြစ်၏။

ရွာဟုဆိုပင်ညား မြို့ငယ်လေးနီးပါး စည်ကားလှလေရာ ထိုရွာသို့ လူအများက လာရောက်ကာ ရောင်း၀ယ်ဖောက်ကား ကြသကဲ့သို့ စိုက်ပျိုးရေးကုမ္ပဏီကြီးအချို့သည်လည်း လှမြိုင်ရွာ၌ အခြေချလျှက်ရှိ၏။

” ဆွဲဆရာရေ ”

နောက်ခန်းမှ စပါယ်ယာ၏ အသံကြောင့်ကား‌ေမာင်းသူ လည်း ကားစက်နိုးလိုက်၏။

” ဟူး ……”

ကားမောင်းရင်း စိတ်ထဲ၌ လေးလံနေသည်မို့ သက်မရှည်ကြီးအား မှုတ်ထုတ်လိုက်မိ၏။

ယနေ့၌ ကုန်တင်မှုကြန့်ကြာသွားသဖြင့် ကားထွက်ချိန်လည်းနောက်ကျခဲ့ရသည်။ ဤလမ်းဤခရီးသည် ညအချိန်သွားရန် မသင့်လျော်ပေ။ ညဘက်ခရီးဆက်မိသော ကားများအား လမ်းခရီး၌ မကျွတ်မလွတ်သေးသော ပြိတ္တာဘုံသားများက ခြောက်လှန့်နှောင့်ယှက်တတ်ကြသည်။

ကားမောင်းသူသည် မဲမှောင်နေသောပတ်၀န်းကျင်ကြားမှ သွားရမည့်လမ်းအား ကားမီးဖြင့်အာရုံစိုက်မောင်းနှင်လာရင်း နဖူးမှကျလာ‌‌သော ချွေးများအားသုတ်နေမိသည်။

တောင်တက်အကွေ့တစ်နေရာအရောက် လမ်းဘေးခြုံထဲမှ ကားမီးရှေ့သို့ ရုတ်တရက် အရာတစ်ခုက လှိမ့်၀င်လာ၏။
ထိုအရာသည် ကျောင်းတုံးကြီးတစ်တုံးပမာ လုံးဝိုင်း၏။ရုတ်တရက်ကြည့်ပါက ကျောက်တုံးဟုထင်ရသော်လည်း သေချာကြည့်ပါက မျက်စိမပါသော ဦးခေါင်းအကြီးကြီးတစ်လုံး။ ထိုဦးခေါင်းတွင်ပါ၀င်သော ပါးစပ်ကြီးမှာ မိမိတို့ကားအား ဝါးမြိုမည့်ဟန်ဖြင့် ကားရှိရာဘက်သို့ လှိမ့်လာသည်မို့ ဦးခေါင်းကြီးအား ရှောင်ကာ ကားအားတစ်ဘက်သို့ ကွေ့ချလိုက်၏။

” အား ကယ်ကြပါဦး ”

ခရီးသည်တင်ဟိုင်းလတ်ကားထဲမှ ကယ်ပါယူပါ အသံများဆူညံစွာထွက်ပေါ်လာပြီးနောက် ကားသည်လည်း ချောက်ထဲသို့ အရှိန်ဖြင့် ကျသွားတော့သည်။

” ညက ဦးမောင်တို့ကား ချောက်ထဲကျသွားတာ ပါသမျှလူ အကုန်သေပါရောလား ”

” ဟုတ်ပ ဦးစိုးရယ်၊ ဦးမောင်က ‌ချက်ချင်းမသေသေးဘူး၊ သူ့နှုတ်က ကယောင်ကတမ်းနဲ့ ခေါင်းပြတ်အကြီးကြီးပဲ ၊ ငါတို့ကားကို မြိုမလို့ လှိမ့်လာတာ ငါရှောင်လိုက်လို့ တော်သေးတယ်၊ မဟုတ်ရင် ငါတို့ကား အမြိုခံရမှာ လို့ ပြောနေသတဲ့၊ ဆေးရုံရောက်ပြီးမှ ဦးမောင်က ဆုံးသွားတာတဲ့ ”

” ဟင်ဟုတ်လား ၊ ခေါင်းပြတ်ကြီးဆိုတာက ဟိုး အရင်အဲ့ဒီလမ်းဖောက်တုံးက တောင်ကမ်းပါးယံက ကျောက်ကို မိုင်းခွဲရင်း ကျောက်စင်ပြီး ခေါင်းပြတ်ပြီးသေသွားတဲ့ လမ်းအလုပ်သမားများလား၊ သူက ခုထိ မကျွတ်သေးတာလား ”

” မပြောတတ်တော့ပါဘူး အောင်သူရာ ၊ မင်းလည်း ဂရုစိုက်မောင်းပေါ့ကွာ၊ ငါတော့ ဒီလမ်းမှာ ကားမောင်းစားနေရင်း ဘယ်နေ့သေမလဲ လန့်နေရတာကွာ ”

အောင်သူတစ်ယောက် ဦးစိုးအား ကြည့်ကာ သက်မရှည်ကြီးအား ချလိုက်မိသည်။
မိမိတို့၏ ကားသမားများသည် ဤခရီးအား တိမ်းရှောင်၍ မောင်းနှင်ခြင်းငှာ မစွမ်းသာ‌ခြင်း၌ ရှိချေ၏။

ခရေပင်ကြွေရွာအတွင်းရှိဘီယာဆိုင်ထဲမှ လူငယ်နှစ်ဦးထွက်လာကြ၏။

” ဟေ့ဟျောင် ဒီလမ်းက နာမည်ကြီးတယ်နော် ဖြစ်ပါ့မလား ”

” ဟာ ဖြစ်ပါတယ်ကွ ၊ ငါ မောင်းနေကျပါ ”

လူငယ်နှစ်ဦးသည် အပြန်အလှန်ပြောဆိုကြကာ ဆိုင်ရှေ့၌ ရပ်ထားသော ဆိုင်ကယ်ပေါ်သို့ တက်လိုက်ကြ၏။မကြာမီ ထိုလူငယ်နှစ်ဦးမောင်းသော ဆိုင်ကယ်လေးသည် တောင်တက်လမ်းလေးထံ တရိပ်ရိပ်တက်လာကြ၏။

” ဟေ့ဟျောင် ဂီယာချိန်းလေကွာ၊ တောင်တက်ကို ဂီယာအကြီးနဲ့ မတက်ဘဲ ဘာနဲ့တက်နေတာလဲ ”

” ဟာ ဂီယာကြီးပဲလေ ၊ ဆိုင်ကယ်ကိုက လေးနေတာကွ ၊ ဟာ အရေးထဲ ရှေ့မီးလွတ်သွားပြီ၊ မင်းကလဲ နောက်ကနေ ပူညံပူညံနဲ့ တောက် …အရေးထဲမှ ဘာမှမမြင်ရတော့ဘူး ”

တောင်တက်လမ်း၌ ဆိုင်ကယ်မီးရုတ်တရက်ပိတ်သွားသည်မို့ ဆိုင်ကယ်မောင်းသူက မြည်တွန်တောက်တီးနေ၏။

ဆိုင်ကယ်ခေါင်းအား လက်ဖြင့်ခပ်ဆတ်ဆတ်ပုတ်လိုက်ရာ ရှေ့မီးက ရုတ်တရက်ပြန်လင်းလာ၏။

” ဟာ ရှေ့မှာ ရပ်နေတာ ဘယ်သူတွေလဲ ၊ နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူး ”

ဆိုင်ကယ်မီးရောင်ရှေ့၌ ဖြူဖတ်ဖြူရော်မျက်နှာသေကြီးများဖြင့် ငြိမ်သက်စွာရပ်ကာ မိမိတို့အား ကြည့်နေသည်မို့ လွန်စွာလန့်သွားကြ၏။

” ဟာ သ သရဲတွေနေမှာ၊ ဟိုတလောက ကားမှောက်ပြီးသေသွားကြသူတွေနေမှာ ဘယ် ဘယ်လို လုပ်ကြမလဲ ”

” ဘု ..ဘုရားစာ ရွတ်… ရွတ် ”

ထိုလူငယ်နှစ်ဦးသည် ကုန်းတက်ခရီး မတ်စောက်သော လမ်း၌ ဆိုင်ကယ်အား ရုတ်တရက် ရပ်လိုက်ရာ ဆိုင်ကယ်သည်လည်း နောက်ပြန်လှိမ့်လျက် နှစ်ဦးသား ဆိုင်ကယ်ရော လူပါ ချောက်အတွင်းသို့ ကျသွားတော့သည်။

XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၂)

ခရေပင်ကြွေရွာနှင့် လှမြိုင်ရွာကြားရှိ တောင်တက်လမ်း‌ဘေး တစ်နေရာသို့ မကြာသေးမီက အာဂန္တုဂ ဦးဇင်းတစ်ပါးရောက်ရှိလာကာ ဝါးဖြင့်ဆောက်သော ကျောင်းသင်္ခန်းလေး၌ သတင်းသုံးလျက်ရှိ၏။

ထိုဦးဇင်း၏ သတင်းသည် ထိုအနီးအနားရှိ ရွာများထိတိုင်အောင်ပျံ့နှံ့လျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုဦးဇင်းသီတင်းသုံးသောနေရာသည် ထိုလမ်း၌ အခြောက်အလှန့်အကြမ်းဆုံးနေရာဖြစ်သောကြောင့်ဖြစ်၏။

ကိုဩဘာ ဆိုသူမှာ လှမြိုင်ရွာ၌ အခြေစိုက်ထားသော ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းဖြစ်၏။
ကိုဩဘာ၏မိသားစု အခြေချသောရွာသည် ခရေပင်ကြွေရွာဖြစ်လေရာ ကိုဩဘာတစ်ယောက်သည် အခါအားလျော်စွာ ဆိုင်ကယ်တစ်စီးဖြင့် လှမြိုင်ရွာမှခရေပင်ကြွေရွာသို့ ဆင်းလာလိုက် ၊ ခရေပင်ကြွေရွာမှ လှမြိုင်ရွာသို့ တက်လာလိုက်ဖြင့် ကူးချည်သန်းချည်ပြုလျက်ရှိ၏။

လှမြိုင်ရွာမှ ဆင်းလာစဉ် လမ်းဘေး မနီးမဝေး၌ သီတင်းသုံးနေသော အာဂန္တုဂရဟန်းသီတင်းသုံးရာ ကျောင်းသင်္ခန်းအားတွေ့မြင်လိုက်ရလေရာ သိလိုစိတ်ပြင်းပြလာသည်မို့ ထိုတောရကျောင်းလေးထံ သွားရောက်စပ်စုလေတော့သည်။

ကိုဩဘာအားတွေ့သည်နှင့် အာဂန္တုဂ ရဟန်းက

“လာ လာ ဒကာကြီး ”

ကိုဩဘာလည်း ကျောင်းသင်္ခန်းလေးထဲ၀င်ကာ ရဟန်းအား ဦးချကာ ဟိုဟိုဒီဒီကြည့်ရင်း

” အရှင်ဘုရား၊ ဘယ်အရပ်က ကြွလာတာလဲဘုရား ၊ အရှင်ဘုရားရဲ့ ဘွဲ့တော်ကဘာလဲဘုရား”

” အိမ်း ဦးဇင်းက သာသနာပြုပြီးတဲ့အရပ်ဒေသတစ်ခုကနေဒီအရပ်မှာ သာသနာပြုဖို့ကြွလာတာပါ ၊ ဦးဇင်းရဲ့ဘွဲ့က ပညာဝံသ ပါဒကာကြီး၊ ဒကာကြီးကိုကြည့်ရတာ ဦးဇင်းကိုမေးစရာများရှိနေသလားလို့၊ အားမနာပါနဲ့ဒကာကြီး သိလိုသည်များကိုသာ လျှောက်တင်ပါ ”

မိမိစိတ်ထဲ၌ သိလိုသည်များအား ထိုဦးဇင်းက သိနေသည့်အလား မိန့်လာသည်မို့ ကိုဩဘာတစ်ယောက်အနည်းငယ်တွန့်ဆုတ်သွားမိ၏။ထို့နောက် သိလိုသည်များအားမေးရန် ဆုံးဖြတ်လိုက်၏။

” အရှင်ဘုရား ဤနေရာမှာ သီတင်းသုံးရတာအဆင်ပြေပါရဲ့လားဘုရား၊ ဆွမ်းကိစ္စများ အခက်အခဲကြုံရသေးလားဘုရား ၊ ပြီးတော့ ဟို ဟိုလေ သရဲတွေဘာတွေရော မခြောက်ဘူးလားဘုရား ၊ ဒီနေရာမှာ ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးသွားသူတွေလည်းရှိပြီး ညအချိန်မှာ အခြောက်အလှန့်ခံရသူတွေလဲ မနည်းမနောမို့မေးလျှောက်ကြည့်တာပါဘုရား ”

” အင်းဒီနေရာက ကိုယ်တော်သာသနာပြုရမည့်နေရာမို့ အဆင်ပြေပါတယ်၊ ဆွမ်းကိစ္စကတော့ အနောက်ဘက်တောထဲက သစ်သီး၀လံတွေပေါတော့ အဆင်ပြေပါတယ်၊ ဒီနေရာမှာ ပြတ္တာဘုံသားတွေ အများကြီးရှိတယ်၊ အချို့ကတော့ ကိုယ်တော့်ကို မနေစေလိုတော့ နှောင့်ယှက်ကြတယ်၊ ဒါပေမဲ့ ကိုယ်တော်က မေတ္တာဘာ၀နာပွားများပြီးနေတော့ နောက်ပိုင်းမနှောင့်ယှက်ကြတော့ဘူး ”

တည်ငြိမ်ရင့်ကျက်လှသော ကိုယ်တော်အားကြည့်ကာ ကိုဩဘာတစ်ယောက်ကြည်ညိုလွန်းသဖြင့် ၀တ္ထုငွေအချို့အားဆည်းကပ်ကာ ထိုဦးဇင်းက လက်မခံပေ။

” ဒကာကြီး ကျုပ်တို့ရဟန်းစစ်စစ်တွေက ၀တ္ထုငွေ မလိုအပ်ပါ၊ ဦးဇင်းကဒီငွေတွေ လက်မခံလို့ ၀မ်းမနည်းလေနဲ့ဒကာကြီး၊ တစ်နေ့ ဒကာကြီးလည်း အလှူပြုရမှာစိတ်ချ၊ ကဲ ကဲ ကိုယ်တော် တရားထိုင်လိုက်ဦးမယ် ”

ကိုဩဘာလည်း ထိုဦးဇင်းအား ကြည်ညိုစွာဦးခိုက်ရင်း မိမိ၏ မိသားစုရှိရာ ခရေပင်ကြွေရွာသို့ ခရီးဆက်လာခဲ့၏။

စိတ်ထဲ၌လည်း ထိုရဟန်းသည် ထူးဆန်းသည်ဟုလည်း တွေးနေမိလေသည်။
ထိုဦးဇင်းကြွလာပြီးနောက်ပိုင်း၌ ထိုလမ်းခရီး၌ ယာဉ်မတော်တဆမှုများသိသိသာသာလျော့နည်းလာကာ ညဘက်၌လည်း တစ်ဖြည်းဖြည်း ခရီးသွားများ သွားရဲလာရဲ ရှိလာကြ၏။

” လာကွာ ဩဘာ ငါတို့ဒီည သောက်ရအောင် ”

” ဟာ ကျော်ခင်ရ မင်းကလည်းကြည့်သောက်ပါဟ…ဒီည စက် သွားပို့ရမှာမို့လား ”

” အေး ဟုတ်တယ်”

” ခုပဲကြည့် အချိန်တောင်အတော်လင့်နေပြီ၊ ဒီအချိန်မသွား ဘယ်အချိန်သွားမှာလဲ ”

” ဟာရပါတယ် ၊ ငါသွားရဲတယ် လာပါ ဘီယာလေးသောက်ပြီးမှ သွားတော့ လူလန်းတာပေါ့ဟဲ ဟဲ ”

ဩဘာနှင့်ကျော်ခင်တို့သည် စိန် ( အမည်လွှဲ )ဆောက်လုပ်ရေး ကုမ္မဏီမှ၀န်ထမ်းများဖြစ်ကြ၏။
ဆောက်လုပ်ရေးကုမ္ပဏီဟု ဆိုသော်လည်း လှမြိုင်ရွာ၌ စိုက်ပျိုးရေးလုပ်ငန်း၌လည်း ရင်းနှီးလုပ်ကိုင်လျှက်ရှိရာ ကျော်စိန်သည် ဆောက်လုပ်ရေးဘက်မှ၀န်ထမ်းဖြစ်ကာ ဩဘာသည်ကား စိုက်ပျိုးရေးဘက်၌တာ၀န်ထမ်းဆောင်နေခြင်း ဖြစ်၏။

နှစ်ဦးသား ဘီယာအတူသောက်ကြပြီးနောက်

“ဩဘာ မင်းရော စက်‌ဘယ်တော့ပို့ရမှာလဲ ”

” ငါအိမ်မပြန်တာ ကြာလို့ ဒီညတော့ မိန်းမနဲ့သားဆီမှာ နေဦးမယ် ၊ နက်ဖြန်တော့ ငါလည်း မ‌ဖြစ်မနေတောင်ပေါ်တက်ရမှာ ၊ ဘောစိကတော့ နောက်သုံးရက်လောက်နေပြီးမှ ရောက်မယ်ပြောတယ် ”

” အေးဗျာ မိန်းမရှိသူတွေဆိုတော့လည်း သာယာကြတာပေါ့ဗျာ ကဲ ကျုပ်သွားတော့မယ် ဩဘာရေ …”

ကျော်ခင်လည်းပြောဆိုနှုတ်ဆက်ပြီးနောက် ဘူဒိုဆာ ပေါ်တက်ကာ မောင်းနှင်ထွက်ခွာသွားလေသည်။

XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၃)

ကျော်ခင်မောင်းနှင်သောဘူဒိုဆာမှာ စက်သေး‌အမျိုးအစားဖြစ်၏။

ညနက်အချိန်၌ ပိုးကောင်လေးများအော်သံမှလွဲ၍ ၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။
ကျော်ခင်တစ်ယောက် ဘီယာအစွမ်းကြောင့် ဆီးသွားချင်လှပြီဖြစ်သော်လည်း လမ်း၌ မရပ်‌ရဲပေ။

မကြာမီ ဝါးကျောင်းသင်္ခန်းလေးမှ မီးရောင်ပြပြလေးအားမြင်လိုက်ရသည်မို့ စက်အားရပ်ကာ ဆီးသွားရန်ခြုံထဲတိုး၀င်လိုက်၏။

” ဟူး ခုမှပဲ ပေါ့သွားတော့တယ် ”

ကျော်ခင်တစ်ယောက် စက်ပေါ်ပြန်တက်ကာ စက်နှိုးပါသော်လည်း စက်က လုံး၀နိုးမရတော့ချေ။

ထိုစဉ် သူဆီးသွားထားသော သစ်ပင်ဘက်မှ လှုပ်ရှားသံအချို့အားကြားလိုက်ရ၏။

ကျော်ခင်လည်း ကြောက်လန့်တကြား ထိုခြုံဘက်သို့ ဓါတ်မီးဖြင့်ထိုးကြည့်လိုက်ရာ
မြင်လိုက်ရသောမြင်ကွင်းကြောင့်

” အမယ်လေး ခေါင်းကြီး၊ အကြီးကြီးပဲ ကယ်ပါဘုရား ကယ်ပါ ”

ကျော်ခင်တစ်ယောက် အသံကုန်အော်ကာ ကျောင်းသင်္ခန်းရှိရာဘက်သို့ သုတ်ခြေတင်ပြေးလေတော့သည်။

” ဟာ ဒကာကြီးဘယ်လိုဖြစ်လာတာလဲ ညကြီးမင်းကြီး လာ လာ ”

” သရဲ သရဲခြောက်လို့ပါဘုရား ခေါင်းပြတ်ကြီးခြုံထဲက ထွက်လာတာ ဘုရား …. အရှင်ဘုရား အရှင်ဘုရားကရော လူအစစ်ဘဲလား …သရဲက အယောင်ဆောင်ထားတာတော့ မဟုတ်ပါဘူးနော် ”

” ဩဒကာကြီးက အကြောက်လွန်ပြီး ကယောင်ကတမ်းဖြစ်နေတာကိုး ကဲကဲ ဒီညတော့ ဒီမှာပဲ နားလိုက်တော့ ”

ဦးဇင်းက ပေးသောနေရာလေးထက်၌ ကျော်ခင်တစ်ယောက်တလူးလူး တလွင့်လွင့်ဖြင့် အိပ်မပျော်နိုင်ပဲဖြစ်နေရှာ၏။

မကြာမီ သန်းခေါင်ယံကြက်တွန်သံကြားရပြီးနောက် မျက်လုံးများကလည်း မှေးစင်းလာ၏။
ဦးဇင်းကတော့ ဘုရားကျောင်းဆောင်ငယ်လေးရှေ့၌ တရားထိုင်နေပုံရ၏။

မှေးကနဲအိပ်ပျော်သွားစဉ် နားထဲ၌ ဆူဆူညံညံအသံများကြောင့်ကျော်ခင်တစ်ယောက်အိပ်နေရာမှ နိုးလာ၏။

” ထစမ်း အံမာမင်းကများ ဒီမှာအခန့်သားအိပ်နေတာ ”

” ဟင် ဘယ် ဘယ်သူလဲ …ခင်ဗျားက ဘယ်သူလဲ ”

ကျော်ခင်တစ်ယောက် အသံဩအစ်အစ်ပုဂ္ဂိုလ်ကြီးအား ‌မေးရန်ကြိုးစားသော်လည်း စကားသံများက လည်ချောင်း၀၌ တစ်စို့နေ၏။

အသံလာရာနေရာသို့ ကြည့်လိုက်ရာ အမှောင်ထဲရှိ သစ်ပင်အောက် ၌ မားမားကြီးရပ်ကာ မျက်ထောင့်နီကြီးဖြင့် သူ့အားစိုက်ကြည့်နေသော လူတစ်ဦး။
ထိုသူ၏ အသားအရည်မှာ မဲမှောင်သည်ထက်ပိုကာ မီးကျွမ်းထားသည်နှင့်ပင်တူသေး၏။ဟုတ်သည်။ ထိုသူ့ထံမှ အသားမီးလောင်ထားသော ညှော်နံ့အချို့ထွက်နေသည်မို့ ကျော်ခင်က သူ့နှာခေါင်းအား ယောင်ရမ်း၍ပင် ပိတ်လိုက်မိ၏။

ထိုသူသည် မပြောမဆိုဖြင့် လျှင်မြန်သော အဟုန်ဖြင့် ပြေးလာကာ ကျော်ခင်၏ခြေထောက်နှစ်ဖက်အား ခပ်ကြမ်းကြမ်းကိုင်ကာ လျှိုဘက်သို့ ဦးတည်ကာ တရကြမ်းဆွဲသွား၏။

ကျော်ခင်မှာနာကျင်လွန်းသဖြင့် အသံပင်မထွက်နိုင်တော့ပဲ သေရုံမှတပါးအခြားမရှိဟုပင်တွေးနေမိတော့သည်။

ထိုလျှိုကြီးအနီးရောက်လျှင် ထိုသူက
ကျော်ခင်၏ ခြေထောက်နှစ်ဖက်အားလွှတ်ပေးလိုက်၏။ကျော်ခင်လဲ အမြန်ထကာ သူရောက်ရှိနေသောနေရာအားကြည့်ရာ သူမောင်းလာသော စက်သည် လျှိုအတွင်းကျတော့မည်မှ တည်းတည်းလေးသာ လို‌တော့သည်။

ကျော်ခင်လည်း လွန်စွာစိုးရိမ်ကာ စက်အား လျှိုအတွင်းမကျရန် ပြုမည်ဟုတွေးမိ၏။
ထိုစဉ်စက်၏ဘေး၌ ဘယ်အချိန်ကတည်းက ရပ်နေသည်မသိသော သားအမိနှစ်ဦးအားတွေ့ရ၏။

မိန်းမကြီးမှာ ဘီးစပတ်ကြီးပတ်လျက် ချည်ကြမ်းထမီကို၀တ်ဆင်ထားကာ ကလေးငယ်တစ်ဦးအား ခါးထစ်ခွ ချီထား၏။

ကလေးမှာ ဦးခေါင်းတခြမ်းပိန့်ကာ မျက်နှာတစ်ခြမ်းမှာလဲ အတွင်းဘက်ခွက်၀င်နေ၏။

” ဟင် ဘာ ဘာတွေလဲ ”

ကြည့်နေစဉ်မှာပင် မိန်းမကြီးက ကလေးအား ဘူဒိုဆာပေါ်ပစ်တင်လိုက်၏။

ကလေးမှာ ထိုစက်ပေါ်တက်ခုန်နေလေရာ စက်မှာ ခြုံနှင့်ငြိနေရာမှ ‌လျှိုအတွင်း ပြုတ်ကျမည့်ဟန်ပေါ်နေသည်မို့

” မ မလုပ်ပါနဲ့ ”

ကျော်ခင်၏ အထစ်ထစ်အငေါ့ငေါ့အသံကြောင့် ထိုမိန်းမကြီးသည် သားဖြစ်သူအားကြည့်နေရာမှ ကျော်ခင့်ထံ လှည့်လာကာ
နေရာတစ်ခုအားလက်ညှိုးထိုးပြလေသည်။

ထိုအမျိုးသမီးကြီး၏ နှုတ်မှ မည်သည့်စကားမျှမပြောသော်လည်း ထိုမိန်းမကြီး ဘာကိုဆိုလိုသည်အား ကျော်ခင်က ကောင်းစွာသဘောပေါက်လိုက်၏။

****ထူးဆန်းသောစေတီ ****

အပိုင်း(၂)

အခန်း(၄)

ကျော်ခင်တစ်ယောက် ထိုမိန်းမကြီးညွှန်ပြသော နေရာအားကြည့်ကာ ဘာကိုပြောလိုသည်အား ကောင်းစွာနားလည်လိုက်၏။

” ခင်ဗျားက ဒီနေရာကို ကျုပ်ရဲ့မြေကော်စက်နဲ့ရှင်းစေချင်တယ် ၊ ကျုပ်စက်က ညကတည်းက နိုးမရဘူး၊ ကျုပ်က ဘယ်လိုရှင်းပေးရမှာလဲ ”

ကျော်ခင်၏ စကားအဆုံး၌ ဘူဒိုဆာစက်ငယ်ပေါ်၌ ဆော့ကစားနေသောကလေးက ‌သူ့၏စက်အားနိုးပြလိုက်၏။

” ဟင် ငါ့စက်က အကောင်းပါလား အေး အေးပါကွာ ငါ ငါ ဒီနေရာကိုရှင်းပေးပါ့မယ် ၊ ငါ့ကိုမနှောင့်ယှက်ကြပါနဲ့တော့ကွာ ”

” ဒကာကြီး ၊ ဒကာကြီး ဘာတွေယောင်အော်နေတာလဲ အာရုဏ်တက်ပြီ ၊ ကိုယ်တော် တောထဲ သစ်သီးရှာထွက်လိုက်ဦးမယ်၊ ဒကာကြီးလဲ ညကစက်ပျက်သွားတယ်ဆို ပြင်စရာရှိတာပြင်ပြီးခရီးဆက်ပါ”

ဦးဇင်းပညာဝံသ ၏စကားကြောင့် ကျော်ခင်တစ်ယောက် အိပ်မက်ဆိုးမှလန့်နိုးလာ၏။

” တင်ပါ့ဘုရား၊ တပည့်တော်အတွက်မကြောင့်ကျပါနဲ့ဘုရား ”

” အေး အေး ဒါဆိုလဲ ကိုယ်တော်ကြွလိုက်အုံးမယ်”

ကျော်ခင်လဲ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသကဲ့သို့ခံစားနေရ၏။

” ဟင် ငါ့ခြေထောက်မှာ ဆုပ်ကိုင်ထားတဲ့လက်ရာကြီးတွေပါလား၊ ဘုရား ဘုရား ဒါဆို ညက အိမ်မက်မဟုတ်ပဲတစ်ကယ်ဖြစ်ခဲ့တာပေါ့ ”

သူလဲရေရွတ်ရင်း စက်ဆီသို့အပြေးသွားကာ စက်အားနိုးကြည့်လိုက်ရာ အကောင်းပကတိဖြစ်နေသည်အားတွေ့လိုက်ရ၏။

ကျော်ခင်လဲတွေဝေမနေတော့ပဲ ညကအမျိုးသမီးကြီးညွှန်ပြသောနေရာ ( ကျောင်းသင်္ခန်းဘေး)ရှိ ခြုံနွယ်များအား သူ၏စက်ငယ်ဖြင့်ထိုးကော်ကာ ရှင်းလင်းလိုက်တော့သည်။

အချိန်အတော်ကြာသွားသောအခါ ထိုနေရာသည် အတော်အတန်ကျယ်၀န်းသော နေရာလေးအဖြစ် ပေါ်ထွက်လာလေသည်။မြေများမှာမူ ညီညာပြန့်ပြူးမှု လိုအပ်နေသေး၏။

” လာဟေ့ ဒကာကြီး ၊အဆာပြေ ငှက်ပျောသီးလာစားပါ ”

ဦးဇင်းခေါ်သံကြောင့် ကျော်ခင်လဲ ကျောင်းသင်္ခန်းလေးထဲ၀င်ထိုင်လိုက်၏။၀မ်းမှတကြုတ်ကြုတ်မြည်လာသည်မို့ ငှက်ပျောသီးအား အားရပါးရစားလိုက်၏။

” ခုမှ အမောပြေသွားတယ်ဘုရား၊ ညက အိပ်မက်ထဲမှာ မိသားစုတစ်စုက အဲ့ဒီနေရာကိုရှင်းခိုင်းလို့ တပည့်တော်လဲ အရှင်ဘုရားဆီတောင်ခွင့်မတောင်းပဲ ရှင်းလိုက်မိတယ်ဘုရား ၊ ဘာကြောင့်ဒီနေရာကို ရှင်းစေချင်လဲတော့ တပည့်တော်မသိပါဘူးဘုရား ”

” အိမ်း ဒကာကြီးပြောတဲ့မိသားစုဆိုတာ ဒီနားက လျှိုထဲမှာ ကားမှောက်သေသွားတဲ့ မိသားစုသုံးယောက်နေမှာ၊ ယောက်ျားဖြစ်သူက ကားခေါင်းထဲ ပိတ်မိနေပြီး ကားမီးလောင်တဲ့အထဲပါသွားရှာတယ်၊ သူ့သားလေးက ခေါင်းတခြမ်းကြေပြီးသေခဲ့ရှာတာ ၊ မိန်းမဖြစ်သူကတော့ သေလောက်တဲ့ဒဏ်ရာမရပေမဲ့ ယောကျာ်းနဲ့သားအဖြစ်ကိုတွေ့ရင်း နှလုံးရပ်ပြီးသေသွားရှာတယ်၊ သူတို့က ဦးဇင်းကို ဒီနေရာကနေ မသွားစေချင်ကြဘူး၊ မကြာခင် သူတို့မိသားစုအပါအ၀င် မမြင်အပ်တဲ့ ဘုံသားတွေ ကျွတ်လွတ်ကြဖို့ စောင့်နေကြတယ်၊ ဒါကြောင့် သူတို့ဟာ ကုသိုလ်ပြုဘုရားတည်ဖို့ စိတ်အားထက်သန်နေကြရှာတယ်၊ ဒါကြောင့် သူတို့ဘုရားတည်မယ့်နေရာကို ရှင်းစေချင်ကြတာ ဒကာကြီး ”

” ဟင် ထူးဆန်းလိုက်တာဘုရား၊ သူတို့က ဘုရားတည်စေချင်ကြတယ်တဲ့လားဘုရား ”

” ဟုတ်တယ်ဒကာကြီး ၊ အဲ့ဒီစိတ်ကြောင့်ပဲ သူတို့ဟာ မကြာမီ ကျွတ်သင့်ကျွတ်ထိုက်သူတွေ အဖြစ် ကျွတ်ခွင့်ရကြမှာ ”

ကျော်ခင်တစ်ယောက် အံ့ဩ၀မ်းသာမှုများဖြစ်လာကာ ကြက်သည်းများပင်ထလာတော့သည်။

မြေနေရာအားကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီးနောက် ခရီးဆက်ရန် စက်ပေါ်သို့တက်လိုက်၏။
သူ၏ ခြေထောက်နှစ်ဖက်၌ ထင်ကျန်နေသော လက်ရာကြီးသည်လည်း နာရီပိုင်းအတွင်း ထူးဆန်းစွာ ကွယ်ပျောက်သွားခဲ့ပြီ မဟုတ်ပေလော။

XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၅)

” ဩဘာရေ လာဟေ့ ငါတို့စက်သွားပို့ရအောင် ”

ကုမ္ပဏီ၏ စိုက်ကွက်အတွက် လယ်ထွန်စက်ကြီးများပို့ဆောင်ရမည်ဖြစ်သောကြောင့် ဩဘာ၏လုပ်ဖော်‌ကိုင်ဖက်မြင့်‌ဆွေမှ စက်မောင်းရန်လာရောက်ခေါ်ဆိုခြင်းဖြစ်၏။
ကနဦး၌ ဩဘာတစ်ဦးသာ စက်မောင်းရမည်ဖြစ်သော်လည်း စိုက်ကွက်ချဲ့ထွင်ရန်အတွက် ထွန်စက်ကြီးများထပ်မံလိုအပ်သည်ဟု အကြောင်းကြားလာသဖြင့် မြင့်ဆွေပါ လိုက်ရန်အကြောင်းဖန်လာခြင်းဖြစ်၏။

ကိုမြင့်ဆွေသည် စက်ပြင်ဆရာဖြစ်၏။
စက်အကြောင်းနားလည်သဖြင့် ထွန်စက်ကြီးများ၀ယ်ယူရန်ကုမ္ပဏီမှ မြင့်ဆွေအားတာ၀န်ပေးထားသည်။
ထို့ကြောင့် ထပ်မံ လိုအပ်သော ထွန်စက်အားမြင့်ဆွေက ၀ယ်ယူပြီးသောကြောင့် နှစ်ဦးသား လှမြိုင်ရွာသို့စက်ပို့ရန် လာခေါ်ခြင်းဖြစ်သည်။

” ဩဘာ ဒီစက်အဟောင်းက အသားကျပြီးသားမို့ မင်းက စက်အဟောင်းကိုမောင်း၊ ငါကစက်အသစ်ကိုမောင်းမယ်၊ စက်အသစ်အတွက် လိုအပ်တာလဲ သိရအောင်ပေါ့ကွာ ”

” ရတယ်ကိုမြင့်ဆွေ ၊ အဆင်ပြေသလိုပေါ့၊ ဒါနဲ့စကားမစပ် ‌နေ့လည်ကတည်းက ပေါ်လာမယ်မှတ်တာ၊ နောက်ကျတယ်နော်”

” အင်း ဟုတ်ပဩဘာရေ စက်ကစိတ်တိုင်းမကျလို့ သေချာဆင်ခိုင်းနေရလို့နောက်ကျသွားတာ ၊ ဒို့တွေ သေချာဂရုစိုက်မောင်းကြတာပေါ့ ၊ ဒီလမ်းကလည်း စက်ကောင်းမှ မောင်းဖြစ်မှာလေ ၊ လမ်းက အတက်ကြီးတွေချည်းမို့လား ၊ ကဲ ကဲ ခင်ဗျားက ရှေ့ကမောင်း၊ ကျုပ်က နောက်ကမောင်းမယ် ”

ညနေငါးနာရီခန့်မှစတင်မောင်းနှင်လာကြရာ တဖြည်းဖြည်းနှင့်အမှောင်ထုက ကြီးစိုးလာချေပြီ ဖြစ်၏။

ထွန်စက်၏မီးရောင်အောက်၌လမ်းနံဘေးမှ ဆူးခြုံသစ်ပင်များအားမြင်ရသည်မှာ လက်ကားယားပြကာ ဘယ်ညာယိမ်းနွဲ့နေသော တစ္ဆေကောင်ကြီးများပမာ ရှိနေကြ၏။

” ဟူး ကိုမြင့်ဆွေပါလို့သာ တော်တော့တယ် …”

ကိုဩဘာတစ်ယောက် စိတ်ထဲမှ ညည်းညူနေမိ၏။

မကြာမီ ဦးဇင်းပညာဝံသ၏ ကျောင်းသင်္ခန်းရှိရာနေရာအနီးသို့ ရောက်ရှိလာကြပြီဖြစ်၏။

ဩဘာသည် စက်မောင်းနေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့်မျက်စိများပင် ပြာဝေသွား၏။

” ဟင် ဘာ ဘာကြီးလဲ ”

” တီ တီ…”

” ဩဘာရေ ဆက်မောင်းလေ ၊ ဘာလို့ရပ်လိုက်တာလဲ ။ရပ်ရင်လဲ လမ်းဘေးချရပ် ”

ပြောပြောဆိုဆိုဖြင့် မြင့်ဆွေက သူမောင်းလာသောထွန်စက်အား လမ်းဘေး၌ ကပ်ကာရပ်လိုက်၏။ ထိုနေရာသည် လမ်းအကွေ့နေရာ ဖြစ်ကာ အတော်အတန်ကျယ်၀န်း၏။

မြင့်ဆွေသည်စက်သတ်ကာ ထွန်စက်ပေါ်မှ ဆင်းလာ၏။

” ကိုဩဘာ ဟာ ကိုဩဘာ ဘာဖြစ်တာလဲ ဟိတ်လူ ဘာဖြစ်တာလဲလို့ ”

ထွန်စက်ပေါ်၌ မျက်လုံးကြီးပြူးကြောင်ကြောင်ဖြစ်နေသောဩဘာတစ်ယောက်အား မေးမရ ပြောမရဖြစ်နေ၏။

” ဒကာကြီး ဘာဖြစ်လို့လဲ ”

” အမယ်လေး လန့်တာဘုရား ”

နောက်မှရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ကိုမြင့်ဆွေမှာ လွန်စွာလန့်သွား၏။

“လာလာ ဒကာကြီး၊ ဒကာဩဘာကို ကိုယ်တော့်ကျောင်းဆီခေါ်ခဲ့ မြန်မြန် ၊ သူ့စက်ကို လမ်းဘေး ရွေ့‌မောင်း ခဲ့ဦး”

မြင့်ဆွေလဲ စက်အားဘေးချရပ်ကာ ဩဘာအား ကျောင်းသင်္ခန်းလေးဆီသို့ခေါ်လာ၏။

ဦးဇင်းပညာဝံသမှ ဩဘာ၏ဦးခေါင်းထက်သို့ ပရိတ်ရေဖြင့်တောက်ကာ ပါးစပ်မှလည်း တစ်စုံတစ်ခုအား ရွတ်ဖတ်နေပုံရ၏။

မကြာမီ ဩဘာထံမှ ရင်ခေါင်းသံကြီးဖြင့် သက်မချသံကြီးက ထွက်ပေါ်လာသည်။

” အိမ်း သင်တို့လူတွေကို ဒီလိုနှောင့်ယှက်နေမယ်ဆို ကိုယ်တော်ဒီမှမနေတော့ဘူး ”

” မ မလုပ်ပါနဲ့ ၊ ခွင့်လွှတ်ပေးပါ ဒီနေရာကို ထွန်စက်နဲ့ ရှင်းစေချင်လို့နှောင့်ယှက်မိတာပါ ၊ ဒီစက်နှစ်စီးနဲ့ ညတွင်းချင်း အပြီးရှင်းစေချင်လို့ပါ ”

” အိမ်းကောင်းပါပြီ ၊ ညတွင်းချင်း တော့ဘယ်ပြီးပါ့မလဲ ”

” မရပါဘူးဘုရား ၊ ဒီည ပြီးအောင်လုပ်မှ အဆင်ပြေမှာပါဘုရား ”

“ကဲ ကဲ ၊ ဒါဆိုလည်း ကိုယ်တော်ပဲ လုပ်အားဒါန ခံလိုက်ပါ့မယ်၊ မနှောင့်ယှက်ပါနဲ့တော့ ”

” တင်ပါ့ ”

ဦးမြင့်ဆွေမှာ ဩဘာအားတစ်လှည့် ဦးဇင်းအားတစ်လှည့်ကြည့်နေမိ၏။မြင့်ဆွေတစ်ယောက် တစ်သက်နှင့်တစ်ကိုယ် ဤသို့ကိစ္စရပ်များအား မကြုံဖူးပေ။ ဩဘာ၏ အသံမှာ အက်ရှရှဖြင့် ပြောင်းလဲနေခဲ့သည် မဟုတ်ပေလော။

” ကျုပ် ..ကျုပ် ဘယ်လိုလုပ်ဒီရောက်နေတာလဲ ၊ ဟင် ဦးဇင်းပညာဝံသ ပါလား ၊ ဟို ဟို ခြေထောက်အကြီးကြီးနှစ်ဖက်က ဘယ်ရောက်သွားတာလဲ ”

” ဘာ်က ခြေထောက်အကြီးကြီးလဲ ဩဘာ ”

” ဟာ ကျုပ်ဒီဘက်လမ်းချိုးဘက်ကွေ့လိုက်ရော ပေါင်မှာထိုးကွင်းတွေနဲ့ ကတောင်းမြောင်နေအောင်ကြိုက်ထားတဲ့ ခြေထောက်အကြီးကြီးက လမ်းမှာပိတ်ရပ်နေတာလေ ၊ ခါးအောက်ပိုင်းပဲ မြင်ရလို့တော်သေး မျက်နှာပါ မြင်ရရင် အသက်ပါထွက်မလားပဲ ”

” အိမ်း အဲ့ဒါ ဒီမှာရှိနေတဲ့ မမြင်ရတဲ့ အစောင့်အရှောက်ပါ ၊ ဒကာကြီးအရင်က အလှူငွေလှူချင်ခဲ့တော့ ဦးဇင်းလက်မခံခဲ့ဘူး ၊ ခုတော့ ဒီရှင်းထားတဲ့နေရာမှာ မြေညီအောင် လုပ်အားဒါနဲ့နဲ့ လှူပေးပါ ၊ ညဘက်ကြီး အပြီးလုပ်ဖို့အဆင်ပြေပါ့မလား ဒကာကြီး ”

” ဟာပြေပါတယ်ဘုရား ၊ တပည့်တော်တို့လဲ မနက်ကို စက်အရောက်ပို့ရမှာမို့ ခုပဲ လုပ်လိုက်ပါ့မယ်ဘုရား ။ ကဲ ဩဘာရေ မင်းက မြေညှိလိုက် ၊ ငါက ရှင်းထားတဲ့ခြုံတွေ ကို လျိုဘက် ပစ်လိုက်မယ် ”

” သာဓု သာဓု သာဓု ဤနေရာဟာ မကြာခင် သာသနာ့နယ်မြေဖြစ်လာတော့မှာပါ ဒကာကြီးတို့ ”

ဩဘာနှင့်မြင့်ဆွေတို့နှစ်ဦးသည် အချိန်မဆိုင်းဘဲ ဘူဒိုဆာငယ်ဖြင့်ရှင်းထားသော နေရာအား မြေညှိကာထပ်မံရှင်းလင်းလိုက်ကြ၏။

ဦးဇင်းပညာဝံသသည်လည်း စောင့်ကြပ်ကြည့်ရှုကာ မေတ္တာဘာ၀နာ ပွားလျက်ရှိ၏။

ထူးဆန်းသည်မှာ ဩဘာတို့ရှင်းလင်းနေသောနေရာသည် တစ်ဦးတစ်ယောက်ကူညီပေးသကဲ့သို့ အလုပ်သွင်လှ၏။

” ကဲ သာဓု သာဓု သာဓု ဒကာကြီးတို့ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ ”

” တင်ပါ့ဘုရား ဤနေရာကို သာသနာ့နယ်မြေဖြစ်ဖို့ ပါ၀င်ကုသိုလ်ပြုခွင့်ရလို့ ၀မ်းသာမိပါတယ်ဘုရား ”

မြင့်ဆွေနှင့် ဩဘာတို့နှစ်ဦးသည် ဦးဇင်းအား ဦးခိုက်ကာ ညတွင်းချင်းပင် ခရီးဆက်ခဲ့ကြလေသည်။ သို့သော် ဤတစ်ကြိမ်၌ နှစ်ဦးသားစိတ်ထဲ၌ ကနဦး ခရီးစထွက်လာစဉ်ကကဲ့သို့ စိုးရိမ်ကြောက်ရွံစိတ်များ ရှိမနေကြတော့ပေ။

XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၆)

“စိန်” ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးသူရသည် ကိုယ်ပိုင်ကားဖြင့် ခရီးဆက်လာခဲ့၏။

” ဘယ်ရောက်ပြီလဲ ဦးသိန်း ”

” ဟုတ်ဆရာ ခရေပင်ကြွေရွာကနေ တောင်တက်ခရီး စပါပြီ”

ဒရိုက်ဘာဦးသိန်း၏ စကားကြောင့် ခေါင်းတစ်ချက်ညိမ့်လိုက်ပြီးနောက်

” အေး အေး ဒီလမ်းက ဂရုစိုက်မှရမယ်ဦးသိန်း၊ ကျုပ်တစ်မှေးလောက်မှေးလိုက်အုံးမယ် ”

” စိတ်ချပါဆရာ၊ အနားယူပါဆရာ ”

ဦးသူရသည် ၀န်ထမ်းဟောင်းတစ်ဦးမို့ စနစ်ကျ၏။ လာဘ်မြင်၏။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်၏။ထို့ကြောင့်လည်း မကြာမီအချိန်အတွင်း လုပ်ငန်းမှာ အောင်မြင်ခဲ့လေသည်။
ယခုလဲ စိုက်ပျိုးရေးလုပ်ငန်းချဲ့ထွင်ရန်အတွက် လိုအပ်သည်များညွှန်ကြား ဖြည့်ဆည်းရန် လှမြိုင်ရွာသို့ ခရီးဆက်လာခြင်းဖြစ်၏။

လမ်းခရီး၌ ငိုက်မြည်းရင်းလိုက်ပါလာ၏။

” ဦးသူရ ဦးသူရ ”

” ဟေ ဘယ်သူလဲ ဘာလဲဟ”

” လမ်းမှာ ထူးခြားတာတွေကြုံရင် ကျော်မသွားပါနဲ့ ”

” အွန် အေအေ ဘယ်လိုထူးခြားတာလဲ ”

” မကြာခင် တွေ့ရပါလိမ့်မယ် ”

” ဘာလဲ ၊ ဘာတွေ့ရမှာလဲ ”

” ဆရာ ဆရာ အိမ်မက်ယောင်နေတာလား ”

” ဟင် အင်း အေး ၊ ဟုတ်ပကိုသိန်းရာ ၊ ဒါနဲ့ လမ်းမှာ ဘာထူးခြားတာတွေ တွေ့မိသေးလဲ ”

” ဘာမှတော့မတွေ့မိဘူးဆရာ ဘာဖြစ်လို့လဲ ”

” ဩ ဘာမှမဟုတ်ပါဘူး ၊ ကားကိုသာ ဂရုစိုက်မောင်းပါ”

” တီ တီ ”

နောက်မှဟွန်းသံကြောင့် ဦးသူရသည် လှည့်ကြည့်ကာ

” ဟင် သစ်တောဌာနကလူတွေနဲ့ ရဲတွေပါလား၊ ကိုသိန်း သူတို့ကိုပေးကျော်လိုက် ”

” ဟုတ်ဆရာ ”

ရဲ ၀တ်စုံ၀တ်ထားသူများက ဆိုင်ကယ်နှစ်စီး၊ သစ်တောဌာနမှ ၀န်ထမ်းများကဆိုင်ကယ်နှစ်စီး ပေါင်းလေးစီးဖြင့် ကားအား ကျော်တက်ကာ အလျှင်စလို မောင်းနှင်သွားကြလေ၏။

” ဘာတွေအရေးကြီးနေတာလဲမသိဘူးဆရာရေ၊ နင်းကန်လမ်းတောင်းနေကြတာ ”

” အင်းရှေ့မှာ ဘာတွေဖြစ်နေလို့လဲမသိဘူး၊ ရဲတွေရော သစ်တောဦးစီးက လူတွေရော၊ တစ်ခုခုတော့ ထူးခြားတဲ့ အရေးရှိပုံပဲ ”

” ဟုတ်တယ်နော်ဆရာ ၊ သစ်တောက လူတွေရော ပါလာတော့ ဘာများပါလိမ့်”

” အင်း မမှန်းတက်ဘူးပဲ ကိုသိန်း၊ တွေ့မှပဲသိရမှာပ”

နှစ်ဦးသားအတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။

” အင်း ငါ့ကိုအိမ်မက်ထဲမှာ ထူးခြားတာတွေ့ရင် ကျော်မသွားနဲ့ဆိုတာ ဒီကိစ္စများလား၊ ဘာတွေဖြစ်နေလို့ပါလိမ့် …ဟူး ”

ဦးသူရတစ်ယောက် တွေးတောစဉ်းစားလျက်ရှိသော်လည်း အဖြေကားပေါ်မလာသည်မို့ သက်မရှည်ကြီးအား မှုတ်ထုတ်လိုက်မိတော့၏။

****ထူးဆန်းသောစေတီ ****

အပိုင်း(၃) ဇာတ်သိမ်း

အခန်း (၇)

ဦးသူရတစ်ယောက် သက်မရှည်ကြီးအားချလိုက်သည်မို့ ‌ကားမောင်းနေသော ဦးသိန်းက

” ဆရာအဆင်ပြေရဲ့လား ”

” ပြေပါတယ် ကိုသိန်း၊ စိတ်ထဲမှာ စနိုးစနှောင့်ဖြစ်နေမိတာကတော့ အမှန်ပဲ ”

” ဘာလို့လဲဆရာ ”

” အင်း ခရေပင်ကြွေရွာကစတဲ့ တောင်တက်လမ်းမှာ ကျုပ်ကငိုက်မြည်းရင်း လိုက်ပါလာတယ်လေ၊ အဲ့ဒီလိုငိုက်မြည်းနေရင်း နားထဲက အမျိုးသမီးကြီးတစ်ယောက်ရဲ့ အသံကို သေချာကြားလိုက်ရတယ် ၊ လမ်းမှာ ထူးခြားမှုတွေ့ရင် ကျော်မသွားဖို့သေချာမှာလိုက်တာ ၊ ကျုပ်တို့ခရီးက အန္တရာယ်မှ ကင်းပါ့မလားလို့စိတ်ပူနေမိတယ်၊ဒီလမ်းမှာကလည်း ယာဉ်မတော်တဆဖြစ်တဲ့အရေအတွက်ကလည်းအများသားပဲမို့လား ”

” စိတ်မပူပါနဲ့ဆရာ ကျွန်တော်သေချာဂရုတစိုက်မောင်းပါ့မယ် ”

မကြာမီ နာမည်ကြီးလျှို၏ အကွေ့နေရာသို့ရောက်လာပြီမို့ ဦးသိန်းက ကားအား အရှိန်ယူကာ ကွေ့လိုက်စဉ်

” ဟင် ”

” ဟာ ဘယ်လိုဖြစ်တာလဲ ”

နှစ်ဦးသား တွေ့လိုက်ရသောမြင်ကွင်းကြောင့် နှုတ်မှ အာမေ‌ဋိတ်အသံများပေါ်ထွက်လာကြ၏။

ဟုတ်ပါသည်။လျှို၏အကွေ့တစ်နေရာ၌ မကြာမီကမှရှင်းလင်းထားဟန်ရှိသော မြေနေရာပေါ်၌ သစ်လုံးများတင်ဆောင်လာသော ခြောက်ဘီးကားကြီးသည် ဘေးစောင်းအနေအထားဖြင့်တိမ်းမှောက်လျက်ရှိ၏။
ထိုကားအနီး၌ သစ်တော၀န်ထမ်းများ ရဲများအလုပ်ရှုပ်လျက်ရှိ၏။ထိုလူအုပ်များထဲမှ သီလရှင်တစ်ပါးနှင့် ဦးဇင်းတစ်ပါးအားလည်း တွေ့နေရ၏။သာမန်ကားမှောက်မှုမျိုးထက် သာသနာ့ဘောင်အတွင်းမှ လူများပါ ရှိနေသည်မို့

” ရပ် ရပ် ဦးသိန်းကားရပ်လိုက် ….ဘေးချရပ် ”

ဦးသူရက ကားအား ဘေးချရပ်ခိုင်းကာ ကားပေါ်မှအလျင်စလိုဆင်းလိုက်၏။

ထို့နောက် သစ်တင်ကားကြီးဘေးတစောင်းလဲနေရာ နေရာသို့ သွားရောက်ကြည့်ရှုလေ၏။

” ဟာ ကိုသူရမို့လား”

” ဟာ ကိုအာကာ ဒီမှာဘာတွေဖြစ်နေတာလဲ ”

” အင်း ကျွန်းသစ်တွေတင်လာတဲ့ကားက ဒီမှာ လာမှောက်တာလေ၊ အဲ့ဒါ အကြောင်းကြားလာလို့ ကျုပ်တို့သစ်တောကလူတွေပါ ရောက်လာရတာ၊ သစ်တွေပိုင်ရှင်က ဒီဆရာလေး ၊ ဆရာလေးက သာသနာအဆောက်အဦးအတွက်အသုံးလိုလို့ သစ်တွေသယ်လာတာ ၊ ဒါပေမဲ့ လိုင်စင်ကမပါဘူး ၊ ဆရာလေးက လက်ရှိ ( ……….)အဲ့ဒီပုဂ္ဂိုလ်ရဲ့ ညီမတော်စပ်သူဆိုတော့ အဲ့ဒီအရာရှိရဲ့လက်မှတ်တော့ပါတယ်.. ဒီမြေနေရာကလည်း ဒီက ဦးဇင်းပညာဝံသက ကျောင်းဆောက်ဖို့ရှင်းထားတာ ၊ ကားကလဲ ဒီနေရာရောက်မှ ဘေးကတစ်ခုခုဖိအားကြောင့် မှောက်သွားပြီး ဒီနေရာထိ လိမ့်သွားတဲ့သဘော၊ကားက ဒီလိုလှိမ့်ပြီးမှောက်တာ‌ေတာင် လူအသေအပျောက် မရှိကြဘူး ဒဏ်ရာလဲကြီးကြီးကျယ်ကျယ်မရကြဘူး၊ ကျုပ်တို့ကတော့ လိုင်စင်မရှိရင် ဒီသစ်တွေကို သယ်ခွင့်မပေးနိုင်ဘူး ၊ ရဲအရေးပိုင်တွေကလဲ တရားမ၀င် သစ်သူခိုးဆို ဖမ်းမယ်ဆီးမယ်နဲ့၊ ကျုပ်တို့က တစ်ခုခုဆို ဟိုလက်မှတ်က အကျုံးမ၀င်ဘူး၊ အရေးယူရအောင်လည်း ဆရာလေးက သစ်တင်လာသူဆိုတော့ ခက်နေတာ၊ ပြီးတော့ ဒီကားတောင်မနည်း ဆွဲရမှာ ”

ဦးသူရမိတ်ဆွေ သစ်တောဌာနမှ အရာရှိက ရှည်လျားစွာရှင်းပြရင်း စိတ်ညစ်ညူးဟန်ဖြင့် ခေါင်းအား တဗျင်းဗျင်းကုပ်နေလေသည်။

” အင်း ဒါဆိုဒီလိုလုပ်ပါလား ကိုအာကာ ”

” ဘယ်လိုလုပ်ရမလဲ ကိုသူရ”

“ဒီနေရာမှာကလည်း ကျောင်းဆောက်မှာဆိုတော့ သစ်ဖိုးငွေအားလုံးကို ဆရာလေးက ဈေးဖြတ်ပြီး ပြောပေး၊ ကျုပ်တတ်နိုင်တဲ့ဈေးဆို ကျုပ်ငွေစိုက်မယ်၊ ဒီသစ်တွေကို ဒီက ဦးဇင်းရဲ့ ကျောင်းဆောက်ဖို့အတွက် ကျုပ်လှူလိုက်မယ်၊ ဒီနေရာက နာမည်ကြီးဆိုတော့ ဒီနေရာမှာ စေတီလေးရယ် ကျောင်းလေးရယ်ရှိရင် ကျုပ်တို့သွားလာနေတဲ့သူတွေအတွက် အင်မတန်မှ အန္တရာယ်ကင်းသွားမယ်၊ မဟုတ်လဲ ဆရာလေးက ဒီသစ်တွေကို သာဿနာအဆောက်အဦးအတွက်လှူမှာပဲမို့လား ”

” ဟာ ကောင်းတာပေါ့ တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ ၊ ကဲ ဆရာလေးကရော ဘယ်လိုသဘောရလဲ ”

ထိုအခါ ဆရာလေးသည် အနီးအနား၀န်းကျင်အား သေချာစွာ ကြည့်ရှုနေရင်း

” အင်း ဒီသစ်တွေဟာ ဒီနေရာမှာရှိသင့်တဲ့ သာသနာအဆောက်အဦးအတွက်ပဲသင့်တော်မှာပါ ၊ ဘာလို့လဲဆိုတော့ ကားမှောက်ပုံမှောက်နည်း ထူးဆန်းတာရယ်၊ ပါလာတဲ့သူတွေ ဘေးမဖြစ်တာရယ်ကိုကြည့်ခြင်းအားဖြင့် မမြင်အပ်တဲ့ဘုံသားတွေဟာ သစ်လုံးတွေကို ဒီနေရာအတွက်လှူစေချင်လို့ ကားကိုတမင်မှောက်လိုက်ပုံပဲ၊
ရပါတယ် ဒကာကြီးတို့တွေလဲ ဘေးကြပ်နံကြပ်ဖြစ်စေခဲ့လို့ ဆရာလေးစိတ်မကောင်းပါဘူး၊ ဆရာလေး ၀ယ်လာတဲ့ သစ်ရဲ့ မူရင်းဈေးကိုသာပြန်လှူပေးပါ ၊ ဆရာလေး ဆောက်လှူမယ့် သာသနားအဆောက်အဦးကို တိုက်အဆောင်အ‌ဖြစ်ပဲ လှူလိုက်ပါတော့မယ် ”

ကိုသူရသည် ဆရာလေးထံသို့ ချက်လက်မှတ်တစ်စောင် လှူလိုက်၏။

ဦးသူရသည် ဦးဇင်းပညာဝံသာအား ‌ဦးခိုက်ကာ

“အရှင်ဘုရား ဤ သစ်များကို ဒီနေရာရဲ့ သာသနာအဆောက်အဦးအတွက် လှူခွင့်ပေးပါ ဘုရား ”

” သာဓု သာဓု သာဓု …. ဒီက ဒကာကြီးက ဘယ်သူလဲ ဒီဘက်ကို ဘယ်လိုအကြောင်းကိစ္စနဲ့ရောက်လာတာလဲ လာပါ ဦးဇင်းရဲ့ ကျောင်းသင်္ခန်းလေးထဲ လိုက်ခဲ့ပါ”

ဦးသူရနှင့်ဦးသိန်းတို့နှစ်ဦးသည် ဦးဇင်း၏ကျောင်းသင်္ခန်းလေးထဲသို့ လိုက်ပါလာကြသည်။

” အရှင်ဘုရား တပည့်တော်က စိန် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ပါဘုရား ဒီကို စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ဖို့အတွက်ရောက်လာတာပါဘုရား ”

” ဩ ဒကာကြီးတို့ကုမ္ပဏီကလူတွေနဲ့ ဒီနေရာက ရေစက်ရှိမယ်ထင်တယ် ။ ဒီမြေကိုပထမဆုံး ရှင်းလင်းပေးသွားတာက ကျော်ခင်ဆိုတဲ့ဒကာကြီးပေါ့၊ နောက်ထပ်ရှင်းလင်းပေးတာက ဒကာဩဘာနဲ့ စက်ပြင်ဆရာဆိုတဲ့သူပဲ၊ ခု ကျောင်းအဆောက်အဦးအတွက် သစ်အလှူရှင်ကလဲ ဒကာကြီးကိုယ်တိုင်ဆိုတော့ နည်းတဲ့ရေစက်မဟုတ်ဘူး ”

” ဟင် ဆန်းကြယ်လိုက်တာဘုရား၊ အဲ့ဒီသူတွေအကုန်လုံးက တပည့်တော်ရဲ့ ကုမ္ပဏီက ၀န်ထမ်းတွေချည်းပဲဘုရား ”

” အင်း ဒါကြောင့် ရေစက်ရှိတယ်လို့ ပြောရတာပဲ ဒကာကြီး”

” အရှင်ဘုရား ဒီမှာ အဆောက်အဦးဆောက်လုပ်မယ့် ကုန်ကျငွေတွေအတွက် တပည့်တော်လှူပါရစေဘုရား ”

” ဒီလိုလုပ်ပါလားဒကာကြီး ဒီနေရာမှာ မမြင်အပ်တဲ့ဘုံသားတွေအားလုံးကိုရည်စူးပြီး စေတီငယ်တစ်ဆူကို တည်ထားကိုးကွယ်ကြမယ် ၊စေတီလေးအတွက် ခုနစ်ရက်သားသမီးတို့အလှူပါ၀င်ရအောင် ဒကာကြီးကပဲ ဆော်အောပေးပါ ”

” တင်ပါ့ဘုရား တပည့်တော် ဆောင်ရွက်ပေးပါ့မယ်ဘုရား ”

” သာဓု သာဓု သာဓုပါ ဒကာကြီး ”

ဦးသူရတို့ ဆရာတပည့်နှစ်ဦးလည်း ဘုန်းကြီးအား ဦးခိုက်ကာ လှမြိုင်ရွာသို့ခရီးဆက်ခဲ့ကြလေသည်။

နောက်ပိုင်းစေတီတည်ရန်ကိစ္စအ၀၀အား ဩဘာကဆောင်ရွက်ရလေသည်။

မကြာမီ ဦးဇင်းပညာဝံသ သီတင်းသုံးရာနေရာလေး၌ ရွှေစေတီငယ်လေးတစ်ဆူအား ဖူးတွေ့ရလေ၏။

စေတီ၏ ထီးတင်ပွဲ၌ ခရေပင်ကြွေရွာမှ ဘုန်းတော်ကြီးနှင့် လှမြိုင်ရွာမှ ဘုန်းတော်ကြီးများပါ ကြွရောက်ကာ ရေစက်သွန်းချအမျှပေးဝေကြ၏။

” ကဲ ဤစေတီလေး တည်ထားကိုးကွယ်ရန် အကြိမ်ကြိမ်လျှောက်ထားသော မမြင်အပ်သော ဘုံသားများအား ရည်စူး၍ ခုနစ်ရက်သားသမီးများ၏ အလှူအား ထပ်တူကုသိုလ်ရရန် သာဓုခေါ်ဆိုပါသည်။

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ”

သာဓု အနုမောဒနာ သုံးကြိမ်ခေါ်ဆိုမှုအပြီးတွင် လျှိုကြီးထဲမှ ထူးဆန်းသောမြည်ဟီးသံကြီးအားလည်းကောင်း ၊ တောတောင်များမှ တိရိစ္ဆာန်များ၏အော်သံများအားလည်းကောင်း ကြားလိုက်ရ၍ တရားနာပရိတ်သတ်ပင် လန့်သွားကြလေသည်။

ထို့နောက်ပိုင်း ခုနစ်ရက်သားသမီး အလှူရှင်များကောင်းမှုဖြင့် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်ကိုလည်း ဆောက်လုပ်ပြီးစီးခဲ့လေသည်။

ထိုကျောင်းဆောင်အား ကျွန်းတိုင်များဖြင့်ခန့်ထည်စွာ ဆောက်လုပ်ထားသည်အား တွေ့ကြရ၏။

XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၈)

အညာဒေသရှိ မြို့ကြီးတစ်မြို့၌ ဖြစ်၏။

အောင်သူ တစ်ယောက် သူ၏အခန်းအတွင်း၌ နေရင်း အလုပ်ရှုပ်လျက်ရှိ၏။

” ဟာ ဒီပန်းအိုးကြီးက ပျူခေတ်က ပန်းအိုးကြီးများလား ”

ပန်းအိုးပေါ်၌ တွေ့ရသော အမှတ်အသားများအားကြည့်ကာ နှစ်ခြိုက်စွာပြုံးလိုက်၏။

“တူ တူ တူ တူ ”

ဖုန်းကရုတ်တရက်ထမြည်လာသည်မို့

” ဟလို ဟုတ် ကိုပေသီးလား ”

” ………….”

” ဟာ ဟုတ်လား ၊ ကျုပ်သိပ်စိတ်၀င်စားတယ်၊ ခုက ဘယ်မှာလဲ ”

” ကျုပ်လာကြည့်မယ်လေ ရှေးဟောင်းဘုရားသာ မှန်ရင် ကြိုက်ဈေးပေးမယ် စိတ်ချ”

အောင်သူတစ်ယောက် ကျောပိုးအိတ်ထဲသို့ အ၀တ်တစ်စုံထည့်ကာ မြို့ငယ်လေးထံခရီးဆက်ခဲ့လိုက်၏။

‘အောင်သူ ငါ့ဆီကို ရှေးဟောင်းဘုရားစစ်စစ်တစ်ဆူ မှာထားတာရှိတယ်၊ တွေ့လို့ကတော့ နယ်စပ်ထိသာ အရောက်ပို့ ၊ ဟိုဘက် ရောက်ဖို့က ငါ့တာ၀န် ၊ ခုက ရှေးဟောင်းဘုရားတွေ အရမ်းအ၀ယ်လိုက်နေတာ ”

ကုန်သည်တစ်ယောက်ပြောသောစကားများအား ပြန်လည်ကြားယောင်ရင်း ‌တစ်ချက်ပြုံးလိုက်၏။

အောင်သူတစ်ယောက် ကားသမားဘ၀အားစိတ်ကုန်လာသောကြောင့် ကားမောင်းသည့်အလုပ်မှအနားယူကာ ရှေးဟောင်းပစ္စည်းအလေးများအရောင်းအ၀ယ်ပြုသော လုပ်ငန်းအားလုပ်ကိုင်လျက်ရှိ၏။ ကံအကျိုးပေးသည်လားမပြောတတ် ထိုလုပ်ငန်းနှင့် အတော်လေးအဆင်ပြေလေသည်။

ကားသမားဘ၀အားစိတ်ကုန်ရခြင်းမှာလည်း သူမောင်းခဲ့ရသော ခရေပင်ကြွေနှင့် လှမြိုင်ရွာ၏လမ်းက ကြမ်းကာ အသေအပျောက်များခဲ့၏။

သူ့၏မိတ်ဆွေ ကားသမား ဦးမောင် မောင်းနှင်သောကားတစ်စီးလုံးသည် ချောက်ထဲကျကာ ကားပေါ်ပါသူအားလုံးသေဆုံးခဲ့၏။

ဦးမောင်မသေမီက ကယောင်ကတမ်းပြောသော ဦးခေါင်းအကြီးကြီး ဟူသောစကားက ပြန်တွေးတိုင်း ကြက်သည်းထစေသည်။

ဦးမောင်၏ကား မှောက်ခဲ့သော လျှိုကြီးနားရောက်တိုင်း ဦးမောင်၏ အမြဲပြုံးနေတတ်သော မျက်နှာအားပြန်မြင်ယောင်ရင်း စိတ်ထဲ၌ လွန်စွာ၀မ်းနည်းရ၏။
နောက်ဆုံး မခံစားနိုင်တော့သည့်အဆုံး၌ ကားမောင်းခြင်းလုပ်ငန်းအားစွန့်လွှတ်ခဲ့၏။

ကားမောင်းခြင်းအလုပ်မှ ရပ်နားလိုက်သော်လည်း စိတ်စွဲ၍လားမပြောတတ် ဦးမောင်အား မကြာခဏ အိမ်မက်မက်တတ်၏။

အိပ်မက်ထဲ၌ ဦးမောင်သည် တောင်ကြောတစ်နေရာ၌ ရပ်ကာ သူ့အားညှိုးငယ်စွာကြည့်နေတတ်၏။

တစ်ခါတစ်ရံ လျှိုထဲမှ ညည်းညူသံများအားလည်း ကြားရသည်ဟု အိမ်မက်မက်တတ်သေးသည်။

ယခုတော့ ဦးမောင်နှင့်ထိုနေရာများအား အိမ်မက်မမက်တော့သည်မှာ ကြာခဲ့လေပြီ။

ဦးမောင်အား သေဆုံးသွားသောနေရာ၌ ရှိနေသည်ဟုထင်ကာ ကောင်းမှုကုသိုလ် သွားရောက်ပြုပေးမည်ဟု တွေးထားသော်လည်း တစ်ခါမှ ထိုနေရာသို့ မရောက်ဖြစ်ခဲ့ပေ။

ယခုလဲ သွားရင်းလာရင်း မဆီမဆိုင် ဦးမောင်အားသတိရလာသည်မို့ ခေါင်းအားဖြည်းညင်းစွာ ခါရမ်းလိုက်၏။

ယခုလိုခရီးသွားချိန်၌ ကားမှောက်သေသွားသော လူတစ်ဦးအား သတိရနေခြင်းက မလျော်ကန်သောကြောင့်ဖြစ်၏။

” လာဟေ့ အောင်သူ မျှော်နေတာ”

” အင်း ကျုပ်က အချိန်သိပ်မရဘူး ကြည့်ပြီး ကြိုက်ရင်ဈေးဖြတ်ပြီး တစ်ခါတည်းပြန်မယ်။ ညဘက် လမ်းက အစစ်အဆေးသိပ်မရှိဘူး ”

” အေး လာလေ ဒီမှာ ၊ ဒီအခန်းထဲမှာ ”

အခန်းထဲရှိ စားပွဲပေါ်၌ သပ္ပါယ်စွာစံနေသော ရုပ်ပွားတော်အားကြည့်ကာ ကြက်သည်းများထလာ၏။

” ဟာ သပ္ပါယ်လိုက်တာ ၊ ဘုရားက အနက်ရောင်ပါလား ”

” နက်ဆို ကျွန်းနက်ဘုရားစစ်စစ်လေ ”

” ဟာ ဟုတ်လား ကြိုက်ပြီဗျာ ၊ ကဲဈေးပြော တစ်ခါတည်းငွေချေခဲ့မယ် ၊ အင်း ကျုပ်က အခြားပစ္စည်းသာ အရောင်းအ၀ယ်လုပ်ဖူးတာ ဘုရားက ရောင်းကောင်း၀ယ်ကောင်းရဲ့လားမသိပါဘူး၊ ဒီဘုရားကိုကြည့်ပြီး ကြက်သည်းတွေထနေမိလို့”

” အဟက် ဟက် စိတ်မပူပါနဲ့၊ ဒီလိုပဲ လုပ်နေကြတာပဲ ၊ နိဗ္ဗာန်ဆိုင်တွေမှာလဲ ဘုရားရုပ်ပွားတော်တွေ ရောင်းနေကြတာပဲ ”

” အင်း ခုက ရှေးဟောင်းဘုရားလေ ၊ ပြီးတော့ တစ်ဖက်နိုင်ငံထဲ ပို့ရမှာဆိုတော့ ”

” ကဲပါ ကိုအောင်သူရာ တွေးမနေပါနဲ့ ဘာမှမဖြစ်ပါဘူး ”

အောင်သူတစ်ယောက် ငွေများပေးချေပြီးနောက် ဘုရားအား သေချာထုပ်ပိုးကာ ပြန်လာခဲ့၏။

ညအပြန်လမ်း၌ အမှောင်ထုက ပို၍ သိပ်သည်းနေသည်ဟု ထင်ရ၏။

လမ်းမထက်၌လည်း လူသူများက ခါတိုင်းထက် ရှင်းလင်းနေ၏။

လမ်းချိုးကွေ့တစ်နေရာ၌
ကားမီးရောင်အောက်၌ ငုတ်တုတ်ထိုင်နေသော လူတစ်ယောက် ။

” တီ တီ ”
ကားဟွန်းအား တီးလိုက်၏။

ထိုသူသည် ကားဟွန်းသံကြောင့် ရုတ်တရက်ထကာ လှည့်လာ၏။

ထိုသူ၏ ဖြူရော်ရောမျက်နှာထက်က အသက်မပါသောပြုံးဖြဲဖြဲမျက်နှာ။

” ဟင် ဦး ဦးမောင်ပါလား ”

” ကျွီ ”

” ဟေ့လူ သေချင်လို့လား ဒီမှာ ၀င်တိုက်တော့မယ် …ကားရပ်ပြီး အပေါ့ခဏစွန့်ပါတယ် ဘယ်လိုကားမောင်းတဲ့ကောင်နဲ့လာတွေ့နေမှန်းမသိဘူး ”

” Sorryပါ အစ်ကို ကျွန်တော်က အစ်ကိုရုတ်တရက် ထလာတော့ ကြောင်သွားလို့ပါ ”

” အေး ကားသမားချင်းမို့ နားလည်တယ် အရမ်းအိပ်ချင်ရင် ကားမမောင်းနဲ့ အန္တရာယ်ရှိတယ် ”

” ဟုတ် ဟုတ် ”

အောင်သူ တစ်ယောက် တစ်ဖက်လူကို ချေငံစွာပြန်ပြောရင်း စောစောက မြင်လိုက်ရသည်မှာ မိမိမျက်စိပင် မှားလေသလားဟု တွေဝေသွား၏။

” ငါအစောတုန်းက တွေ့လိုက်တာ ဦးမောင်ကြီးပါ၊ ဘယ်လိုလုပ်သူများဖြစ်သွားပါလိမ့်၊ ငါ စိတ်စွဲနေလို့များလား ”

အောင်သူတစ်ယောက် ဘုရားစာရွတ်ရင်း ကားအား ခပ်သွက်သွက်မောင်းနှင်လျက်ရှိလေသည်။

အိမ်သို့ရောက်သောအခါမှသာ သက်မ ချနိုင်တော့၏။

ကားနောက်ခန်းမှ ကျွန်းနက်ဘုရားအား တယုတယ ပွေ့ယူကာ ကျောပိုးအိတ်ထဲမှ ထုတ်၍ ဘုရားကျောင်းဆောင်ထက်သို့တင်လိုက်၏။

” ဟာ သပ္ပါယ်လိုက်တာ သူများနိုင်ငံကို ရောင်းလိုက်ရမှာ စိတ်တောင်မကောင်းဘူး ၊ ”

ဘုရားဆင်းတုတော်အား ဦးခိုက်ရင်း စိတ်ထဲ၌ တစ်မျိုးတစ်မည်ခံစားနေရလေသည်။

” ဟလို ဘောစိ ၊ ဘုရားက ကျုပ်အိမ်ရောက်နေပြီ ”

” ……”

” ဟာ နက်ဖြန်လား ….”

“……”

” အဲ့ဒါဆို ခရေပင်ကြွေရွာလမ်းက လာခဲ့မယ်၊ အဲ့လမ်းက ကျုပ်ကားမောင်းခဲ့ဖူးတော့ ကျွမ်းတယ်လေ ”

” ……”

” စိတ်ချ စိတ်ချ ဒါပဲနော် ဘောစိ”

အောင်သူတစ်ယောက် ဖုန်းချကာ ဘုရားကျောင်းဆောင်ထက်မှ ဆင်းတုတော်ကြီးအား ကြည့်ကာ သက်မရှည်ကြီးအား ချလိုက်မိသည်။

စိတ်ထဲ၌ ၀မ်းနည်းလာသကဲ့သို့လည်း ခံစားလာရ၏။

XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၉)

” အူး ဝူး ဝူး ”

ညနက်အချိန်၌ ခွေးအူသံများက ရှည်လျားစွာ ထွက်ပေါ်လာ၏။

မရောက်တာကြာပြီဖြစ်သော ခရေပင်ကြွေလမ်းသို့ ပြန်သွားရပေတော့မည်။

ထိုလမ်းအကြောင်းအား တွေးမိရင်း ကားသမားဦးမောင်အားသတိရလာပြန်သည်။
ထို့နောက် အပြန်ခရီး၌ တွေ့ခဲ့ရသော ဦးမောင်၏ ဖြူဖတ်ဖြူရော် ပြုံးဖြဲဖြဲမျက်နှာ ကြီး။

အောင်သူတစ်ယောက် ယောင်၍ပင် စောင်ဖြင့်ခေါင်းမြီးခြုံလိုက်မိ၏။

မကြာမီ မျက်လုံးများမှေးစင်းကာ အိပ်ပျော်သွား၏။

တောင်တက်လမ်း၌ မြင်ကွင်းများက တရိပ်ရိပ်ကျန်နေခဲ့၏။

” ဟင် ဦးမောင်တို့ ကားမှောက်တဲ့နေရာဆီတောင်ရောက်လာတော့မှာပါလား ၊ ဘုရားဘုရား ညနက်ကြီး ငါ့တစ်ယောက်တည်း ကားမောင်လာရတာ ဒုက္ခ ”

လမ်းချိုးအကွေ့တစ်နေရာအရောက် ကားမီးရောင်ရှေ့၌ ဟိုင်းလတ်ကားတစ်စီးက မောင်းနှင်လျက်ရှိ၏။
မကြာမီထိုကားသည် ဘယ်ညာယိမ်းခါကာ

” ဟာ ကျ ကျပြီ လျှိုထဲ ”

အောင်သူအထိတ်တလန့် ရေရွတ်လိုက်စဉ်

ကားပေါ်မှ ကယ်ပါယူပါဟူ၍ ခရီးသည်များ၏ အော်ဟစ်ငိုကြွေးသံများ။

ခဏ၌ ပတ်၀န်းကျင်တစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွား၏။

” ဒု ဒုက္ခပဲ ငါဘယ်လိုများကူညီရပါ့မလဲ ”

” အီး ဟီး ဟီး အဟင့် ဟင့် ဟင့် ”

လျှိုထဲမှ ညည်းတွားသံကြီးများက တဖြည်းဖြည်းနီးလာ၏။

အောင်သူလဲ ကားထဲသို့ အလန့်တကြား၀င်ပြေးရန်ဟန်ပြင်စဉ်

” အောင်သူ ငါ့ ငါ့ကို ကယ်ပါ ”

” ဟာ ဦးမောင် ခင်ဗျားက သေပြီ လွှတ် လွှတ် ကျုပ်လက်ကိုလွှတ် ”

” ငါ့ကိုကယ်ပါ ငါမင်းကို စောင့်နေတယ် မင်းလာမယ့်နေ့ကို စောင့်နေတယ် ”

” အား မလာနဲ့ သွား သွား သ သရဲ ”

” အောင်သူ သား ဘာတွေအော်နေတာလဲ ”

“ဟင် အမေ ကျွန် ကျွန်တော် အိမ်မက်ဆိုးတွေမက်နေလို့ ”

” သား ဘုရားဆင်းတုအရောင်းအ၀ယ်မလုပ်ကောင်းဘူး အဲ့ဒါကြောင့် အိမ်မက်ဆိုးမက်နေတာနေမှာ ပြီးတော့ သားပြောပုံအရဆို ဒီဘုရားက ရှေးဟောင်းကျွန်းနက်ဘုရား၊ တန်ခိုးကြီးတယ် ၊ ဖြစ်နိုင်ရင် ဒီဘုရားကို မရောင်းပါနဲ့လား ”

” မရဘူးအမေ ၊ အခုဘုရားကို ၀ယ်မယ့်သူက သားရဲ့ အလုပ်ရှင်လိုဖြစ်နေတာ ၊ သားကတိပျက်ရင် သူကသားနဲ့ နောက်ပိုင်းဆက်သွယ်တော့မှာမဟုတ်ဘူး ”

” အင်းပါ သားသဘောလေ ၊ အမေကတော့ ဘုရားကို ကြည်ညိုလွန်းလို့ တစ်ဘက်နိုင်ငံကို ရောက်မှာ နှမြောမိတယ် ”

” ဘယ်တတ်နိုင်ပါ့မလဲ အမေရာ ”

” ကဲ ဒီနေ့ သားခရီးသွားရမယ်မို့လား ”

” ဟုတ်တယ်အမေ ခုပဲထပြီး ခရီးထွက်ဖို့ပြင်ဆင်လိုက်တော့မယ် ၊ အဲ့ဒီဘက်ကို မမှောင်ခင်ရောက်အောင်မောင်းမှ ရမယ် ”

” အေးအေး ၊ မိဘကို လုပ်ကျွေးနေတဲ့သားလေး ဘေးရန်ကင်းပါစေကွယ်”

အောင်သူတစ်ယောက် မိခင်အားကန်တော့ကာ ဘုရားဆင်းတုတော် ထည့်ထားသော အိတ်အား ကားနောက်ခန်း၌ ထည့်ကာ ခရီးထွက်လာခဲ့၏။

ညနေသုံးနာရီခန့်၌ ခရေပင်ကြွေရွာသို့ ရောက်လာခဲ့၏။

” အင်း မရောက်တာတောင်အတော်ကြာပါရောလား အရင်က မိတ်ဆွေတွေရော နေကောင်းကြရဲ့လား၊ အဆင်မှပြေကြရဲ့လား “ဟု တခုတ်တရ ညည်းညူလိုက်မိသည်။

ညနေပိုင်း အချိန်က စောနေသေးသော်လည်း တောရိပ်တောင်ရိပ်များကြောင့် အနည်းငယ်ပိုမှောင်သည်ဟု ထင်ရ၏။

ဆောင်းတွင်းအချိန်မို့လည်း နေက ကျလွယ်သည်။

“ဘာလိုလိုနဲ့ လျှိုကြီးနား ရောက်တော့မှာပါလား ”

ထိုနေရာနှင့်နီးလေ အောင်သူတစ်ယောက် စိုးရိမ်စိတ်လွန်ကဲလေ ဖြစ်ကာ ကားမောင်းနေသော လက်များပင် ချွေးများထွက်လာ၏။

ဘေးမှ ပဝါဟောင်းအား လှမ်းယူရန်ကြိုးစားစဉ် တစ်ဖက်မှ ဆင်းလာသော ဆိုင်ကယ်က သူ့ကားထံ တည့်တည့်၀င်လာ၏။

” ဟာ ဒီကောင်တွေတော့ ”

သူ့နှုတ်မှ အလန့်တကြားအော်ကာ ဘေးမှ လျှိုဘက်သို့ စီယာတိုင်အား ဆွဲချလိုက်၏။

” ကျွီ ”

” ဒုန်း ”

” အားးး”

ကျယ်လောင်သော အော်သံနက်ကြီးက ပတ်၀န်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွား၏။

သူနောက်ဆုံးတွေ့လိုက်ရသည့်မြင်ကွင်းက စေတီငယ်လေးတစ်ဆူ။
ထို့နောက် အရာအားလုံး အမှောင်တိကျသွား၏။

” ဟေး လူသစ်ဟေ့ ခေါ်ကြ ခေါ်ကြ ၊ လာဟေ့ လာဟေ့ ”

ဆူညံစွာ အော်ဟစ်သံများကြောင့် သူအသိပြန်၀င်လာ၏။ သူ၏ နဖူးမှ စေးကပ်ကပ် အရာများ။

” ဟင် သွေး သွေးတွေပါလား ”

” ဟား ဟား ဟား လာဟေ့ ၊ လာဟေ့ ”

လျှိုထဲမှ အော်ကာတက်လာကြသော အသံများ ၊ ထို့နောက် အရိပ်သဏ္ဌာန်များ ပြေးလွှားနေကြ၏။

” လာခဲ့ ငါတို့နဲ့ လိုက်ခဲ့ ”

ရုပ်ပျက်ဆင်းပျက် လူအချို့က သူ့အားဆွဲခေါ်ရန်ပြင်နေကြစဉ်

” ရပ်လိုက်ကြစမ်း ဒါ ငါ့လူ ”

ဖြူဖတ်ဖြူရော်မျက်နှာထက်၌ ပြုံးဖြဲဖြဲ အပြုံးတစ်ခု ။

” ဦး ဦးမောင် ၊ ကျုပ်ကိုကယ်ပါ ”

” သူ့ဆီနင်တို့ကပ်လို့ရမယ် ထင်နေလား သူ့နောက်ကိုကြည့်လိုက် ”

ဦးမောင်စကားကြောင့် အောင်သူလဲ နောက်လှည့်ကြည့်လိုက်ရာ
လေထဲ၌ သပ္ပါယ်စွာစံတော်မူနေသော ကျွန်းနက်ဘုရား ။

” အ အရှင်ဘုရား တပည့်တော်ကို ကယ်ပါ ၊ တပည့်တော်ကို ကယ်ပါ ”

” မင်းကို ငါစောင့်နေခဲ့တာကြာပြီအောင်သူ၊ မင်းက ဘုရားလှူမယ့်သူမို့ မင်းအမျှဝေတာ ကို စောင့်နေခဲ့တာ၊ မင်းကြည့်စမ်းပါ မင်းရဲ့ အလှူကို သာဓုခေါ်ချင်လို့ နှစ်ရှည်လများစွာ စောင့်နေခဲ့တာ ၊ ဘုရားကို ဒီနေရာမှာ အလှူပြုပြီး ငါတို့တွေကို အမျှဝေပေးပါ ”

” စိတ် စိတ်ချ ကျုပ်ကိုသာ အန္တရာယ်မပြုရင် အလှူပြု အမျှဝေပေးပါ့မယ် ”

ထိုအခါ၌ အရိပ်ပမာ အရာများနှင့် မမြင်အပ်သော ဘုံသားများသည် ၀မ်းသာကြဟန်ဖြင့် ‌ခုန်ပေါက်နေကြလေ၏။

” အင်း ဟင်း ဟင်း ”

” ဒကာကြီး သတိရပြီလား ”

” အရှင်ဘုရား တပည့်တော်ဘယ်ရောက်နေတာလဲ ဘုရား ”

” ဩ ဒကာကြီးရဲ့ ကားက ဒီလမ်းအကွေ့မှာ ဘရိတ်ပေါက်ပြီး သစ်ပင်ကိုသွား၀င်တိုက်မိတာ ၊ ကားမှန်နဲ့ ဒကာရဲ့ နဖူးရိုက်မိတာ အရှိန်ပြင်းတော့ သတိမေ့သွားတာ ..ဒကာရဲ့ သူငယ်ချင်းဩဘာကလည်း ဒီရောက်နေတာနဲ့ တိုက်ဆိုင်တော့ ဒကာကြီးကံကောင်းသွားတယ် ၊ ဩဘာကပဲ နာစ့်ရော ကားပြင်ဆရာရော ခေါ်ပေးတာ ”

” ဟုတ်တယ်သူငယ်ချင်း ၊ ဒါနဲ့ မင်းကိုမတွေ့တာကြပြီ၊ ခုဒီကို မင်းဘာလာလုပ်တာလဲ”

” အင်း ပြောရမယ်ဆိုရင် ” ဟု အစချီကာ လာရင်းကိစ္စများအား မချွင်းမချန်ပြောပြလိုက်၏။

” ခုတော့ ငါစိတ်ပြောင်းသွားပြီဩဘာ ၊ ငါပင့်လာတဲ့ ကျွန်းနက်ဘုရားကို ဟောဒီကျောင်းမှပဲ စံပ္ပါယ်ဖို့ လှူလိုက်တော့မယ်”

” သာဓု သာဓု သာဓုပါ ဒကာကြီး ၊ ဦးဇင်းက ဘုရားကြွလာမယ်လို့ အိမ်မက်မက်တာ ကြာပြီ၊ ဒါကြောင့် ဘုရားကျောင်းဆောင်လေး သေချာ ဆောက်ထားတာ ၊ ဆင်းတုတော်မရှိလို့ ဒကာတွေက လှူမယ်ပြောလဲ ကိုယ်တော်အလှူမခံခဲ့ဘူး ၊ ဒီနေ့တော့ ဒီမှာစံမယ့် ရှေးဟောင်းဆင်းတုတော်ကြီး ကြွလာခဲ့ပါပြီ၊ ဦးဇင်း၀မ်းသာလိုက်တာ ဒကာကြီးရယ်၊ ခုတော့ ဦးဇင်းဆန္ဒတွေ ပြည့်၀သွားပါပြီ။ ဒကာကြီးနေကောင်းမှ ဘုရားအလှူအတွက် ရေစက်ချအမျှဝေကြတာပေါ့ ၊ ဩ ဒါနဲ့ ဒကာဩဘာကလည်း မကြာမီ သမီးရတနာ ထွန်းကားလိမ့်မယ်နော် ”

” ဟင် အရှင်ဘုရား တပည့်တော်က သားပဲချစ်တာ သမီးမလိုချင်ပါဘူးဘုရား ”

” ဩ ရေစက်ပါလာရင် အမျိုးတော်ကြရတဲ့ သူချည်းပါပဲ ဒကာကြီး ”

အောင်သူတစ်ယောက် နဖူးမှဒဏ်ရာအား ကုသရန် ဩဘာ၏ အိမ်သို့ သုံးရက်ခန့်လိုက်နေလေ၏။

” မိန်းမရေ ၊ ဦးဇင်းကတော့ ငါတို့ကလေးနောက်ထပ်ထပ်ရမယ် မိန်းခလေးတဲ့ ၊ ငါကသားပဲလိုချင်တာ၊ သားကြီးလဲ အဖော်ရအောင် သားပဲထပ်လိုချင်တာ၊ မိန်းခလေးဆိုရင် ယူကိုမယူနဲ့ အာ့ကလေး ”

” အာ့ဆို တော်လဲ ကျုပ်အနား ကပ်ကိုလာမကပ်နဲ့ ”

” ဟာ ဒါကတော့ မိန်းမရယ် ”

” ဟား ဟား ဟား တော်ပါတော့ ဩဘာရာ၊ ငါ့ရှိနေတာလဲ သတိရဦး၊ ရန်ချည်းဖြစ်မနေနဲ့ ”

” ဟီးးး အပျင်းပြေမိန်းမကို စနေတာပါ ၊ ဒါပေမဲ့ သမီးမိန်းခလေးတော့ တစ်ကယ်ကို မလိုချင်ဘူး ”

” ကဲ ထားပါ မင့်သမီးကိစ္စ နက်ဖြန် ဘုရားအလှူအတွက် ပြင်ဆင်ရအောင်၊ ငါ့အမေလဲ ဒီည ရောက်မှာ ၊ ငါ့အမေတော့ ၀မ်းတွေသာနေရှာတာ ”

” အေးပေါ့ကွာ မင်းအိမ်မက်အရဆို ငါတို့ရဲ့ မိတ်ဆွေကြီးဦးမောင်တော့ သာဓု ခေါ်ခွင့်ရတော့မှာပေါ့ကွာ”

ဘုရားရုပ်ပွားတော်မြတ်အား လှူဒါန်းကာ ရေစက်ချအပြီး၌ လျှိုကြီး၏ဘေး ကမ်းပါးယံ၌ရှိသော လက်ပံပင်အိုကြီးသည် လေမတိုက်ပါပဲ ရုတ်တရက်ပြိုလဲကာ အရွက်များလည်း ညှိုးခြောက်သွားလေသည်။

ထိုအလှူပြုပြီးနောက်ပိုင်း အောင်သူတစ်ယောက် ဦးမောင်အား တစ်ခါမျှ အိမ်မက်မက်ခြင်းမရှိတော့ပါချေ။

ရာသီစက်ဝိုင်းတစ်ခုနီးပါး လည်ပတ်ပြီးသောအခါ ဩဘာ၏မိန်းမသည်လည်း အမှန်တစ်ကယ်ပင် သမီးလေးအား မွေးဖွားခဲ့လေသည်။

ဩဘာသည် သမီးလေးအား လွန်စွာချစ်မြတ်နိုးလေသည်။
သမီးလေးသည် ယခုချိန်၌ အသက်ရှစ်နှစ်၀န်းကျင်ခန့် ရှိပြီဖြစ်၏။

ကျွန်းနက်ဘုရားစံပ္ပာယ်ရာ ပြိတ္တာဘုံသားများ အကြိမ်ကြိမ်ကူ၍တည်ခဲ့သော ထူးဆန်းသော စေတီလေးသည်လည်း စစ်ကိုင်းဒေသကြီး အထက်ပိုင်းတစ်နေရာ၌ ယနေ့ထက်တိုင် အပူဇော်ခံကာ တည်ရှိနေဆဲဖြစ်၏။

လေးစားလျက်
စာ‌ရေးသူနန်းကြာညို