ထူးဆန်းသောအဘိုးအို

“မရဏ သစ်ပင်နှင့် ထူးဆန်းသော အဘိုးအို”📖📖📖

**********************************************

📒ရဲရင့်အဂ္ဂါ📒

အချိန်ကား လွတ်လပ်ရေး ရပြီးစကာလ 1955 လောက်တွင်ဖြစ်သည်။ရောင်စုံသပုန်တွေ ထကြွသောင်းကျန်းသော အချိန်ဖြစ်တာနှင့်အညီ တောရွာနေ ပြည်သူများ သူခိုးဓားပြရန်ကို ကြောက်နေကြရသည်။

ထိုအထဲတွင် ဦးဘကြိုင်တို့ ရွာလေးလည်း ပါဝင်ခဲ့လေသည်။

“ကိုဘကြိုင်”

“ဟေ”

“တော့ နွားတွေ စားကျက်က သိမ်းခဲ့ပြီလား တော့”

“သိမ်းခဲ့ပါပီ မိန်းမရဲ့”

“အင်းပါတော် ခေတ်ကာလကြီးက ကောင်းတာမဟုတ်ဘူး တော်ကြာ မတော်သူတွေ နွားတွေ ခိုးသွားမှာမို့တော့”

“အေးပါ မိန်းမရာ ငါ သိပါတယ် ဆရာမလုပ်စမ်းပါနဲ့”

“ဟုတ်ပါပြီတော် ဟုတ်ပါပြီ”

ဦးဘကြိုင်၏အပြောကြောင့် နှုတ်ခမ်းကို တစ်ထောင်လောက် ရှေ့ပြစ်ကာ ထ ထွက်သွားသော
ဇနီးချော ဒေါ်မြရင်အားကြည့်ကာ ဦးဘကြိုင်တစ်ယောက် ပြုံးနေမိသည်။

ဦးဘကြိုင်နှင့် ဒေါ်မြရင် ဆိုသည်မှာ ငယ်ကပင်ချစ်ကြသော ငယ်ချစ်တွေ ဖြစ်သည်နှင့်အညီ ရန်ဖြစ်စကားများကြသည်ဟူ၍ မရှိသလောက်ရှားလေသည်။ သားတစ်ယောက် သမီးနှစ်ယောက်မွေးထားသော သူတို့မှာ ယခု ဆိုလျှင် အသက် 50 ပင်ကျော်လေခဲ့ပြီးသည့်တိုင်အောင်
တစ်ယောက်နှင့်တစ်ယောက် စ နောက်နေကြသေးသည်။ ထိုမျှအထိ ချစ်ကြသော ဇနီးမောင်နှံပင်။

သားသမီးသုံးယောက်လုံး အိမ်ထောင်အသီးသီးကျကာ အတူလာနေရန် ခေါ်ကြသော်လည်း ၎င်းတို့နှစ်ယောက်မှာ သားသမီးတွေကို အပူမပေးချင်ဟုဆိုကာ နှစ်ယောက်ထဲ နေကြလေသည်။

#########

“အမေ အမေ “

အိမ်ရှေ့မှ ခေါ်သံကြောင့် မီးဖိုချောင်ထဲ ဝင်နေသော ဒေါ်မြရင်တစ်ယောက် အနှီးစုတ် တစ်ထည်ကိုင်ရင်း အိမ်ပြင်ထွက်လာခဲ့သည်။

“ဟော ဘယ်သူများလဲ လို့ သားကြီးပါလား လာလာ နင့်အဖေက မလာလို့ ဆိုပြီး မျှော်နေတာ”

“ဟုတ်တယ် အမေရေ ဒီတစ်ခေါက် မြန်မာပြည်အထက်ပိုင်းထိအောင် ခရီးထွက်နေရလို့ ကြာသွားတာဗျ ဒီမှာ အမေတို့ အဖေတို့ဖို့ လက်ဆောင်တွေ ပါလာတယ် “

ဒေါ်မြရင်၏ သားကြီး ဖြစ်သူမှာ အစိုးရသစ်တော ဝန်ထမ်း တစ်ဦးဖြစ်ကာ အစိုးရပေးသော ဝန်ထမ်းအိမ်ရာမှာပဲ ၎င်း၏ဇနီးနှင့် နေထိုင်လေသည်။ သစ်တော ဝန်ထမ်းဖြစ်တာကြောင့် မြန်မာပြည်အနှံ့တောတောင်တွေအကြား အမြဲ သွားလာနေရသောသူဖြစ်သည်။ ထို့အပြင် ၎င်း၏ဝါသနာမှာ ရှားပါးသော သစ်ပင်မျိုးစိတ်တွေကို ရှာဖွေစုဆောင်း စိုက်ပျိုးရခြင်းပင် ဖြစ်သည်။

“ဟော ငါ့သားကြီး ရောက်နေပါလားကွ ငါမျှော်နေတာကွ။ ဒါနဲ့ မင်းမိန်းမရော”

“ဟုတ်တယ်အဖေရ ဒီရက်ပိုင်း အလုပ်မအားလို့လေ အဖေ့ချွေးမကတော့ ကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေလို့ မလိုက်ခဲ့တာဗျ”

သိပ်မဝေးသော လယ်တောဆီမှ နေ့ခင်းနားချိန် ပြန်ရောက်လာသော ဦးဘကြိုင်တစ်ယောက် သားဖြစ်သူအား တွေ့လိုက်ရ ၍ အံ့သြဝမ်းသာနေတော့သည်။မိဘဆိုသည်မှာကား အတောင်စုံ၍ အသိုက်မှ ပျံထွက်သွားကြသော သားသမီးတို့အား အိမ်အိုကြီးဆီကို ဘယ်သူများအလည်လာမလဲဆိုပြီး နေ့စဥ် မျှော်နေတတ်ကြသည် မဟုတ်ပါလား။

###

“ကဲ မြရင်ရေ ထမင်းခူးကွာ တို့တွေ သားကြီးနဲ့ ထမင်း လက်စုံ မစားရတာကြာပြီ။ ခုစားကြမယ်”

“ဟာ နေပါဦး အဖေရ ဖြေး​ဖြေးပေါ့ဗျာ။ ဒီမှာ အဖေတို့ဖို့ လက်ဆောင်တွေ အပြင် ဒါလေးလည်း ပါတယ် အဖေကြည့်ပါဦး”

ထမင်းခူးဖို့ ဒေါ်မြရင်အား ပြောနေသော ဦးဘကြိုင်တစ်ယောက် သားဖြစ်သူ၏စကားကြောင့် ထုတ်ပြလာသော အရာဝတ္ထုလေးအား ကြည့်လိုက်မိရင်း

“သား မင်းဟာက ဘာပင်လေးလဲကွ အရွက်နှစ်ခွ လေးနဲ့ အပင်လေးက လှတော့လှတယ်ကွ။ ဘာထူးခြားလို့တုန်း”

သားဖြစ်သူ၏အကျင့်ကို သိနေသော ဦးဘကြိုင်တစ်ယောက် အကြောင်းမရှိဘဲ ၎င်းအပင်ကို ယူမလာနိုင်မှန်းသိ၍ မေးလိုက်ခြင်းဖြစ်သည်။

“ထူးခြားတာပေါ့ အဖေရ ဒီအပင်လေးက သားမိတ်ဆွေ တစ်ယောက် ဟိမဝန္တာဘက်ကနေ ယူလာပေးခဲ့တာ အိမ်မှာစိုက်ပျိုးထားရင် စီးပွားတက်တယ် လာဘ်ရွှင်တယ်တဲ့ အဖေရ။ အဲ့ဒါကြောင့် သားက အဖေတို့ ဖို့ ယူလာတာ အိမ်မှာလည်း တစ်ပင် ချန်ထားခဲ့တယ်”

“ဟေ ဟုတ်လား မင်းအပင်က ဟုတ်လှချည်လားကွ ဒါဆို အဆင်ပြေတာပေါ့ကွ မင်းအမေကို ပေးလိုက်။ ဟေ့ မြရင်ရေ ဒီမှာ မင့်သားက စီးပွားတက်အပင်တဲ့ကွ လာယူပြီး စိုက်ထားလိုက်ပါဦးဟ။ ဒီအပင်ကြောင့် စီးပွားတက်ပြီး သူဌေးကြီးတွေ ဖြစ်ခဲ့ရင် တို့လင်မယားနှစ်ယောက် မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ကြမယ်ကွာ ဟားဟား”

သူ့ဘာသာ ပြောရင်း သဘောကျစွာ တဟားဟားအော်ရယ်နေသော ဦးဘကြိုင်ကို ကြည့်ကာ ဒေါ်မြရင်တစ်ယောက် မျက်စောင်းထိုးကာ ထမင်းခူးခပ်ဖို့ရန် ပြင်လေတော့သည်။

ထို့နေ့က သားအစ်ဖ သုံးယောက် ထမင်းအတူစားကြရင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောဖြစ်ကြသည်။ နောက်နေ့မနက်ရောက်တော့ သားကြီးဖြစ်သူမှာ မနက်ကားအမှီ ခပ်စောစောပင် ပြန်သွားလေသည်။ ဒေါ်မြရင်တစ်ယောက် သားကြီးပေးထားခဲ့သော စီးပွားတက်သည်ဆိုသော အပင်လေးအား ရေတွင်းလေး ရှိရာ အိမ်နောက်ဖေးတွင် စိုက်ထားလိုက်လေတော့သည်။

အစပိုင်းတွင် အပင်လေးက ဘာမျှမထူးခြားပေ။ ထိုအပင်လေး စရောက်ပြီး သုံးလ မြောက်နေ့မှာတော့ ဦးဘကြိုင်တို့၏ အိမ်လေးတွင် ထူးခြားမှုများ စတင်ဖြစ်ပေါ်လာလေတော့သည်။

###########
ထိုကဲ့သို့ ထိုအပင်လေး ဦးဘကြိုင်တို့အိမ်ရောက်ပြီး သုံးလမြောက် ညတစ်ညတွင်တော့

“ဖလပ် ဖလပ် ဖလပ် ဖလပ်”

ညဘက် အတောင်ပံရိုက်သံ ခပ်သဲ့သဲ့ ကြားမိတာကြောင့် ဦးဘကြိုင်တို့ လင်မယားနှစ်ယောက် အိပ်နေရာမှ ထကာ ဓာတ်မီး ကိုယ်စီယူလိုက်ကြရင်း

“ကိုဘကြိုင် ကျုပ်တို့ကြက်တွေ ခွေးများဆွဲတာလားတော့ “

“အေး မြရင် ရ။ မဟုတ်လောက်ဘူးထင်တယ် တောင်ပံရိုက်တာကတော့ ကြက်တစ်ကောင်တောင်ပံခတ်သံမဟုတ်ဘူး။အသံကတော့ နောက်ဖေးကပဲ။ လာ လာ တို့ သွားကြည့်ရအောင်”

ပြောပြောဆိုဆိုဖြင့် လင်မယားနှစ်ယောက် အိမ်အောက်ထပ်သို့ ဆင်းခဲ့ကာ အသံကြားရာ နောက်ဘေးသို့ လျှောက်လာခဲ့ကြသည်။ထိုသို့ဖြင့် သားကြီးဖြစ်သူပေးထားခဲ့သော အပင်လေးအောက်သို့ဦးဘကြိုင်တစ်ယောက် မည်းမည်းအရာတစ်ခုအားတွေ့လိုက်ရသောကြောင့် ဓာတ်မီးဖြင့် လှမ်းထိုးလိုက်လေရာ

“ဂီ ဂီ ”
“ဖလပ် ဖလပ် ဖလပ် ဖလပ် “

“အမလေး”

ညငှက်တစ်ကောင်၏ ဘေးတွင် ငုတ်တုတ်ကြီးထိုင်ကာ တစ်ဂီဂီ တစ်ခွီခွီလုပ်နေသော မိမိတို့အိမ်က ရွှေဝါ ကြီးကိုတွေ့တော့မှ ဦးဘကြိုင်တစ်ယောက် သက်ပြင်းချလိုက်သော်လည်း ဒေါ်မြရင်တစ်ယောက်တွင်မူ ဦးဘကြိုင် လှမ်းထိုးကြည့်ရာ ဓာတ်မီးရောင်နောက်သို့ စိတ်ဝင်တစားလိုက်ကြည့်ရင်း ရုတ်တရက်မြင်လိုက်ရတာမို့ လန့်သွားကာ “အမလေး “တရင်း ဦးဘကြိုင်ကို မလွတ်စတမ်း
ဖက်တွယ်ထားလေတော့သည်။

“ဟာ ဒီမိန်းမ ကြောင်ပါကွ ရွှေဝါပါ ဘာတွေကြောက်နေတာလဲ။ ဘယ်စမ်းပါ ဒီလက်ကြီးက ယားကျိကျိနဲ့ကွာ”

ခပ်တည်တည်မျက်နှာပေးဖြင့် ဦးဘကြိုင်အပြောကို ဒေါ်မြရင် နှုတ်ခမ်းစူကာ

“အမလေး ကိုဘကြိုင်ရယ် ကျုပ်က မိန်းမသားလေတော့ ။ရုတ်တရက် မို့ လန့်သွားတာကိုး။ရှင့်လို ယောကျ်ားရင့်မာကြီးလိုတော့ ဘယ်သတ္တိရှိပါ့မလဲ။နေပါဦး တော်ကရော ခုမှ ဘယ်လိုဖြစ်လို့ အဖက်မခံချင်တော့တာလဲ။အရင်တုန်းကဆိုရင် “မြရေ မြရေ” နဲ့  တော်ပဲ အတင်းလိုက်တွယ်ကပ် နေတာပဲမလား။အမလေးတော် ခုမှ ယားသလေး ဘာသလေးနဲ့ ယောကျ်ားတွေများ အပြောင်းအလဲတွေ မြန်လိုက်တာတော်။ ဒီမယ် အရင်ကဆို မြရင်တို့ကို ကြိုက်လို့ တန်းဆီနေတဲ့ ကာလသားတွေ တွေ”

“အော် မြရင် ရယ် တော်ပါတော့ကွာ ကဲ ကျုပ်မှားပါတယ်ဟုတ်ပီလား အပေါ်တက်ပြီး ပြန်အိပ်ကြရအောင်ကွာ အချိန်လည်း လင့်နေပြီ”

စက်သေနတ်ပစ်သလို ဒေါ်မြရင် ပါးစပ်မှ တရစပ်ပြောလာသော စကားတွေကြောင့် ဦးဘကြိုင် နားပူလာသည့်အလား ဒေါ်မြရင်စကားပြီးအောင် မစောင့်တော့ပဲ ပြန်အိပ်ဖို့ ပြောရလေတော့သည်။

“နေပါဦးတော် ကျုပ်စကားမပီးသေးဘူး။အဲ့တုန်းက ကျုပ် ဘယ်လောက်ထိ လှတယ်ဆိုတာ ပြန်စဥ်းစားလိုက်ပါဦး ကိုဘကြိုင်”

“အေး အေး မြရင် မင်းမကြောက်ရင်နေခဲ့တော့ ကျုပ်တော့သွားပြီ”

ပြောပြောဆိုဆို လှည့်ထွက်သွားသော ဦးဘကြိုင်နောက် ဒေါ်မြရင်တစ်ယောက် မပြေးရုံတမယ် လိုက်ရင်း ပါးစပ်က တစ်တွတ်တွတ်နဲ့ ပြောနေတော့သည်။ထိုနေ့ညက အပင်လေး၏ ထူးခြားမှုကိုကား ၎င်းတို့ လင်မယားနှစ်ယောက်တွေ့မသွားခဲ့ကြပေ။

#########

“အရီးမြရင် ရေ အရီး အရီးမြရင်ရှိလားဗျ”

အိမ်ရှေ့မှ ခေါ်သံတစ်ခုကြောင့် ဒေါ်မြရင်တစ်ယောက် နောက်ဘေးမှ ထွက်လာရင်း

“အေး ရှိတယ်ဟေ့ ဘယ်သူတုန်း”

“ကျနော်ပါ ရွာအလယ်ပိုင်းက မောင်ပု ပါ”

“အော် အေး အေး လာပြီ လာပြီ မောင်ပုရေ ဒီမှာ ထမင်းအိုးတန်းလန်းနဲ့မို့ “

တည်လက်စ ထမင်းအိုးကို လက်စသတ်ကာ ဒေါ်မြရင်တစ်ယောက် မောင်ပု ဘာလာလုပ်တာပါလိမ့်ဟု တွေးလျက် ခြံတံခါးဆီသို့ ​လျှောက်သွားကာ တံခါးဖွင့်ပေးရင်း

“ကဲ လာလာ မောင်ပု။ မင်းဘကြီးကတော့ လယ်တောသွားတယ်ကွဲ့။ ခနနေ ပြန်ရောက်တော့မှာပါ ကဲ ထိုင်ဦး။ အကြမ်းရည်ရှိတယ်ကွဲ့ နေဦး အရီး လက်ဖက်သွားသုပ်လိုက်မယ်”

“ဟာ နေပါစေ အရီးမြ သုပ်မနေတော့နဲ့ဗျ ကျနော်လည်း မအားသေးဘူး ခုလာတာက အရီးတို့နဲ့ ကပ်လျက်ခြံက ဘကြီးထွန်းတို့အိမ်မှာ ဟိုတစ်နေ့က ကျနော့် တိုက်ကြက်လေး ထားခဲ့တာ။ အဲ့ဒါလေး ပျောက်သွားလို့ဗျ”

“ဟေ ဟုတ်လား နေပါဦး မောင်ပုရဲ့ မင်းကြက်ပျောက်တာနဲ့ အရီးတို့ဆီလာတာနဲ့ ဘာဆိုင်လို့လဲမောင်ပုရဲ့”

” အော် ဒါက ဒီလိုပါ အရီးရဲ့ ဘကြီးထွန်း ပြောပုံအရ ကျနော့်ကြက်ကို မနေ့ညနေပိုင်းက အရီးတို့ခြံထဲ ဝင်သွားတာ မြင်လိုက်ရတယ် ဆိုလို့ အဲ့ဒါ အရီးတို့အိမ်ထဲမှာများ တစ်နေရာရာ ဝပ်နေမလားလို့ပါ”

“အော် အဲ့လိုလား အေး အေး ဒါဆို ရှာလေ မောင်ပုရဲ့ ။ အရီးကတော့ မျက်စိမှုန်လို့လား မသိပါဘူးကွယ် ဘာကြက်မှ မတွေ့မိပါဘူး ။အိမ်မှာရှိတဲ့ ကြက်လေး နှစ်ကောင်သုံးကောင်ပဲ တွေ့တယ်”

ထိုစဥှ

“ဟ မောင်ပုရောက်နေပါလားကွ။ အလည် လာတာလားကွ။ ဘယ်လိုလဲ ဒီနှစ် မင်းလယ်တွေ အခြေအနေက”

ဝါးခမောက်တစ်လုံး ဓားတစ်လက်ဖြင့် အိမ်ပြန်လာသော ဦးဘကြိုင်တစ်ယောက် မောင်ပုကိုတွေ့၍ မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ် ဘကြီး မဆိုးပေမဲ့ သိပ်အားမရပါဘူးဗျာ။စပါးတွေက ပိုးတွေ ကျနေလို့ဗျို့ ။ ဆေးဖြန်းရဦးမယ် “

“ဟုတ်လား အေး ဖြန်းကွာ နောက်မကျစေနဲ့ကွ။တော်ကြာ သူတို့အစာ ဖြစ်ပြီး ကိုယ့်အတွက် စားစရာမရှိဖြစ်သွားမယ် “

“ဟုတ် ဘကြီး”

“ဟေ့ မြရင် လက်ဖက်လေး သုပ်လေကွာ ဒါနဲ့ မောင်ပု အလည်သက်သက်လားကွ။ ဘာကိစ္စတုန်း”

“ဟာ နေပါစေ ဘကြီး ဘာလက်ဖက်မှ သုပ်မနေပါနဲ့ဗျ ကျနော်သိပ်မအားသေးလို့ဗျ။ ခုက ကျနော့်တိုက်ကြက်ဖလေး လာရှာတာပါ”

“ဟေ ဘယ်လိုဖြစ်တာလဲ မောင်ပုရ…..”

မောင်ပု အပြောကြောင့် နားမလည်နိုင် ဖြစ်သွားရကာ ဆက်မေးမည့်ဟန်ပြင်နေသော ဦးဘကြိုင်ကို ကြည့်ကာ ဒေါ်မြရင် တစ်ယောက် စိတ်ရှည်မနေနိုင်တော့ပဲ

“ဒီမယ် ကိုဘကြိုင် တော်ကလေ ဘာမှကို နားမလည်ဘူး။ ခုမှ ရောက်လာပီးတော့ အ​ခြေအနေကို အရိပ်သုံးပါးနားမလည်ပဲ တော်ကြီးပဲ မေးလိုက် ပြောလိုက်လုပ်နေတာ “

“ဟ မြရင်ရ မသိလို့ မေးတာလေ။ ကြက်ပျောက်တာ လိုက်ရှာရမှာလေ ဒီမှာထိုင်နေလို့ မေးတာပါဟ”

“အဲ့ဒါပြောတာပေါ့ အရိပ်သုံးပါးနားမလည်ဘူးဆိုတာ။ ကျုပ်ရှင်းပြမယ် မောင်ပုက သူ့ကြက်ကို တစ်နေ့က ဟိုဘက်ခြံက သူ့ဘကြီးအိမ်မှာ ထားခဲ့တာ။ မနေ့ညနေကမှ ပြန်လာယူတော့ သူ့ကြက်ကို မတွေ့တော့ဘူး အဲ့ဒါနဲ့ သူ့ဘကြီးကို မေးကြည့်တော့ ကျုပ်တို့ ခြံထဲ ဝင်သွားတာ တွေ့လိုက်တယ်ဆိုလို့ လာရှာတာ တဲ့ ။ ကဲ သိပြီလား တော် ။ အော် ဒါနဲ့ မောင်ပု အရီးပြောတာ ဟုတ်တယ်မလား”

မမောနိုင်မပန်းနိုင် သူ့ခင်ပွန်းကို ရှင်းပြနေသော ဒေါ်မြရင်ကို ကြည့်ရင်း ဒေါ်မြရင် လှမ်းမေးလိုက်သံကြောင့် မောင်ပုတစ်ယောက် တံတွေးတစ်ချက် ကမန်းကတန်း မြိုချလိုက်ရင်းက

“ဟုတ် ဟုတ်ပါတယ် ခင်ဗျ”

ထိုအခါမှ ဒေါ်မြရင်တစ်ယောက် အောင်နိုင်သူအပြုံးမျိုးဖြင့် ဦးဘကြိုင်ဘက်သို့လှည့်ကာ

“ကဲ သိပြီလား ကိုဘကြိုင် ။ ဒီ လောက်ဆို တော် နားလည်လောက်ပါပြီနော်”

ရိသဲ့သဲ့ ပြောလာသော ဒေါ်မြရင် စကားကြောင့် အလုပ်ပင်ပန်းလာသော ဦးဘကြိုင် တစ်ယောက်သူ့ချစ်မယားကို ခပ်စောင်းစောင်းကြည့်ရင်း

” အေး အေး သိပါပီကွာ သိပါပီ ။ မင်းပဲ တော်၊ မင်းပဲ သိ ၊ သွား ခြံထဲကို မင်းပဲ လိုက်ပြလိုက်တော့”

ဒေါ်မြရင်တစ်ယောက် ချစ်လင် ၏ အရှိုက်ကို တည့်တည့်ပြစ်လိုက်နိုင်တာမို့ “လာ မောင်ပု “ဟု ဆိုကာ ရှေ့ကနေ ခါးကော့ ရင်မော့ပြီး ကော့ကော့ ကော့ကော့ နှင့် ထွက်သွားလေသည်။ ၎င်းတို့နှစ်ယောက်ကို ကြည့်ကာ မောင်ပုကတော့ ပြုံးစိစိဖြင့် နောက်မှ လိုက်သွားလေသည်။ဦးဘကြိုင်မှာမူကား တစ်ရှဲရှဲ ထွက်နေသော ဒေါသတွေကို ပြန်မြိုကျရလေအောင် ကော့ကော့ ကော့ကော့ နှင့် ထွက်သွားသော ဇနှီးချော၏ နောက်ကျောကိုကြည့်ရင်း အကြမ်းရည်ကို တရှုးရှုး တဖူးဖူးနှင့်သာ မှုတ်သောက်နေလေတော့သည်။

#############

“လာ မောင်ပု ရှာတာလည်း နှံ့နေပြီ မတွေ့ဘူး မင်းဘကြီးပြောတာ ဟုတ်ရော ဟုတ်ရဲ့လားဟယ်”

“ဟုတ်တယ်လို့ပြောတာပဲ အရီးရဲ့ “

ထိုသို့ ပြောနေစဥ် မောင်ပု၏အကြည့်တွေက အပင်တစ်ပင်ဆီသို့ အရောက်တွင်

“ဟာ အရီး ဟိုအပင်အောက်မှာ ကြက်မွှေးတွေဗျ၊ကျနော့်ကြက်မွှေးတွေလား မသိဘူး လာ လာ သွားကြည့်ရအောင်”

မောင်ပုစကားကြောင့် အပင်လေးနားသို့ ဒေါ်မြရင် ရောက်လာခဲ့ရသည်။

“ဒီအပင်က မင်းညီလေ အရီးသားအကြီးကောင် ကိုသိတယ်မလား သူ ယူလာပေးခဲ့တာ ။ရောက်စက 3 ပေ လောက်ပဲ မြင့်တာ ခုမှ လူတစ်ယောက် ခါးစောင်းလောက် ရှိနေတာ”

ဒေါ်မြရင်နောက်မှ ပြောနေတာတွေကို မောင်ပုတစ်ယောက် စိတ်မဝင်စားနိုင်ပဲ အပင်အောက်တွင် တွေ့ရသော ကြက်မွှေးတွေကိုသာ စူးစိုက်ကြည့်ရင်း

“အရီး အရီး ဒါ ကျနော့် ကြက်က အမွှေးတွေဗျ “.

“ဟုတ်ရဲ့ လား မောင်ပုရယ် သေချာကြည့်ပါဦး
အရီးတို့အိမ်မှာ ကြက်စားနိုင်တဲ့ တိရစ္ဆာန်ဆိုလို့ ရွှေဝါလေး တစ်ကောင်ပဲ ရှိတာ သူကလည်း အဲ့လို အကျင့်တော့ မရှိပါဘူးကွယ် သေချာကြည့်ပါဦး”

“ဟုတ်ပါတယ် အရီးရဲ့ ကျနော်သေချာ မွေးထားတဲ့ ကြက်ပဲ အမွှေးကို သေချာမှတ်မိတယ် ။သွားပါပီဗျာ ဒီကြက်လေးက ကျနော့်ကို နှစ်ပွဲတောင် စားခိုင်းထားတာဗျ ။နောက်ပွဲတွေကျရင် ပိုပြီးတောင်ရဦးမှာ ။သွားပါပီဗျာ”

စုတ်တသတ်သတ်ဖြင့် သူ၏ကြက်လေးအား နှမြောတသစွာ ပြောလာသော မောင်ပု အား ကြည့်ရင်း ဒေါ်မြရင်တစ်ယောက် မျက်စောင်းခဲကာ

“အမလေး မောင်ပုရယ် ကြက်ပဲ။ အဲ့လောက်ဖြစ်မနေပါနဲ့ ။ အရီးတို့အိမ်ထဲမှာဆိုတော့ အရီးတို့ တာဝန်ရှိပါတယ်။ ကြက်ဖိုးကို အရီးဆီက ယူသွား ဟုတ်ပီလား”

“အရီးတို့ကမှ ကြက်အကြောင်း နားမလည်တာ။ဘယ်ကိုယ်ချင်းစာပါ့မလဲ။ ကြက်ဖိုးကိုတော့ နေပါစေဗျာ။ သတ္တဝါ တစ်ခု ကံတစ်ခု လို့ပဲ မှတ်လိုက်ပါ့မယ်”

ကြီးကြီးကျယ်ကျယ်တွေ ပြောကာ လှည့်ထွက်သွားသော မောင်ပု နောက်ကျောကိုကြည့် “အောင်မယ် ​ကြက်သမားကများ”ဟု တီးတိုးရေရွတ်ရင်း ဒေါ်မြရင် တစ်ယောက် နောက်မှ လိုက်လာခဲ့ရတော့သည်။ထိုအချိန်တွင် ဒေါ်မြရင်၏ နောက်ဘက်တွင်ရှိသော အပင်မှ အရွက်တွေ လှုပ်လာတာကိုတော့ မည်သူမှ သတိမထားမိချေ။

########

“ဘယ်လိုလဲ ဟေ့ တွေ့ပလား ကြက်က”

နောက်ဖေးမှ မျက်နှာငယ်စွာ ထွက်လာသော မောင်ပုကို မြင်၍ ဦးဘကြိုင်တစ်ယောက် မေးလိုက်ခြင်းဖြစ်သည်။

“တွေ့ပါတယ် ဘကြီးရာ ကျနော်အထင် ဘကြီးတို့ ရွှေဝါ့ကို ဆုံးမရမယ် ထင်တယ်ဗျ။ ကျနော့်ကြက်လေး ကို စားတာ သူနေမှာ ။ ကဲ လုပ်စရာရှိလို့ မထိုင်တော့ဘူးဗျို့ ။ သွားပြီ”

“ကဲ ဘယ်လိုလဲ တော် နားမလည်ပြန်ဘူး မလား။ အဲ့ဒါကြောင့်ပြောတာ တော်ကလေ ဘာမှကို သုံးစားမရဘူး ဘာမှ လည်း မသိဘူး ။ ဘယ်လိုလဲ ကျုပ်ရှင်းပြရဦးမလားတော့”

အသေအချာ ရှင်းမပြပါပဲ ပြောဆိုထွက်သွားသော မောင်ပုအား ဦးဘကြိုင်တစ်ယောက် အူတူတူ ​ဖြင့် ကြည့်နေမိရင်းက နောက်ကျောဘက်ဆီမှ အသံတစ်ကြောင့် ပိုစိတ်ရှုတ်သွားက အကြမ်းရည်ခွက်ကို” ခွပ်”ခနဲ မြည်အောင် စောင့်ချ လိုက်လေတော့သည်။

ထိုအသံပိုင်ရှင်မှာကာ ဇနီးချော ဒေါ်မြရင်ပင် ဖြစ်ကာ

“အေး ဟုတ်တယ် အဲ့လိုပဲ ထားလိုက် မင်းဘာသာ ရှင်းပြပြ မပြချင်နေ ကျုပ် ဗိုက်ဆာပြီ ထမင်းခူးတော့ “

ဦးဘကြိုင် အတော် စိတ်တိုနေတာကိုတွေ့တော့မှ ဒေါ်မြရင် တစ်ယောက် မျက်နှာထားကို ပြင်ရင်း

“ကိုဘကြိုင် ခနနေပါဦးတော့ ခု ကြက်ပျောက်တဲ့ ကိစ္စက အတော်ထူးဆန်းတယ် “

“ဘာလို့ တုန်း မြရင်ရဲ့”

“တော့်သား ပေးခဲ့တဲ့ အပင်အောက်မှာ ကြက်မွှေးတွေကိုတော့ တကယ် တွေ့ခဲ့တာတော့။ ရွှေဝါကို သတိထား ကြည့်ရမယ် ထင်တယ်”

“ဟေ ဟုတ်လား သူက အဲ့လိုအကျင့်မရှိပါဘူးကွာ။ ဒါပေမဲ့လည်း ပြောမရဘူးလေ သူလည်း စားချင်စားမှာပေါ့ ဂရုစိုက် ကြည့်နေဦး ဟိုဘက်ခြံက ကြက်တွေ ဒီဘက်မလာစေနဲ့”

“အင်းပါတော် ကျုပ် ဂရုစိုက်လိုက်ပါ့မယ်။ ကဲ ခုတော့ ထမင်းစားရအောင် ခူးလိုက်တော့မယ်”

“အေး အေး “

ထိုနေ့က လင်မယားနှစ်ယောက် မြိန်ရှက်စွာ ထမင်းစားကြရင်း ရွှေဝါလေးကို ပါ အသေအချာ ကျွေးမွေးလေသည်။ ရွှေဝါလေးကို အစာကြွေးရင်း ဒေါ်မြရင် နှုတ်က မူ

“ကဲ ကဲ ဝအောင်စားနော် ရွှေဝါလေး။ နင် ဟိုဘက်အိမ်က ကြက်တွေကို ယူယူစားမနေနဲ့ဦး ။ ဒီမှာလည်း ဝအောင်ကျွေးထားတာကို “

အစာစားနေသော ရွှေဝါလေး၏ဦးခေါင်းကို ပုတ်ကာ တစ်တွတ်တွတ်ပြောနေသော ဒေါ်မြရင်ကို ကြည့်ကာ ဦးဘကြိုင်တစ်ယောက် တစ်ချက်မျှ ပြုံးကာ ခေါင်းတရမ်းရမ်းနှင့် အိမ်ပေါ်ထပ်သို့ တက်ခဲ့တော့သည်။

ထို့နေ့ ညဦးပိုင်းအထိ လင်မယားနှစ်ယောက်လုံးရွှေဝါလေးအား စောင့်ကြည့်သော်လည်း မထူးခြားသောကြောင့် စိတ်ချလက်ချ အိပ်ရာဝင်ခဲ့ကြတော့သည်။

########

“အရီး အရီး အရီးရေ အရီး ရှိလား ”
“ဟေ အေး ဘယ်သူတုန်ကွဲ့ စောစောစီးစီး”
“ကျုပ်ပါအရီး ရွှေမိပါ”

ရွှေမိဟူသော အသံကြားမှ ဒေါ်မြရင်တစ်ယောက် ထလာကာ တံခါးဆီ လျှောက်လာခဲ့သည်။

“ဘာတုန်း အေ့ ရွှေမိ စောစောစီးစီး”

“ညကတော် အရီးတို့ခြံထဲ ကြက်တစ်ကောင်အော် နေသံ သဲ့သဲ့ ကြားတယ် အဲ့ဒါ ဒီမနက် ကျုပ် ကြက်စာကြွေးရင်း ကြက်တွေကို စစ်ကြည့်တော့ ကြက်မလေး တစ်ကောင် ပျောက်နေလို့တော့ ။ အဲ့ဒါ ညက ကြက်အော်သံက ကျုပ်ကြက်များလား လို့ လာကြည့်တာပါ အရီး”

ရွှေမိဆိုသည်မှာ ဒေါ်မြရင်ခြံ၏နောက်ဘက်တွင် ရှိသော ခြံက ဖြစ်သည်။ရွှေမိစကားကြောင့် ဒေါ်မြရင် သူ့ ရွှေဝါလေးကို ဒေါသထွက်ကာ “နေနှင့်ဦး မိရွှေဝါရေ ဒီတစ်ခါ သေချာရင် ညည်းတော့ အသေပဲ”ဟု တွေးလိုက်ကာ

“ဟုတ်လား ကဲ ဒါဆို လာလာ ရွှေမိ ခြံထဲ ရှာကြည့်လေ”

“ဟုတ် အရီး”

ဒေါ်မြရင် ဖွင့်ပေးသော ခြံတစ်ခါးမှ ရွှေမိ ခြံထဲ ဝင်လိုက်လေရာ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားမိသည်။ “ငါ့စိတ်ထင်လို့နေမှာပါ” ဟု ဖြေတွေးကာ
ဒေါ်မြရင် ခေါ်ရာနောက်သို့ လိုက်ခဲ့လေသည်။

“ဟော အရီးမြ တွေ့ပြီ ဟိုအပင်အောက်က အမွှေးတွေက ကျုပ်ကြက်မလေးရဲ့ ကြက်မွှေးတော့ “

ရွှေမိ အပြောကြောင့် ဒေါ်မြရင် အပင်အောက်သို့ ကြည့်လိုက်ရာ ဟုတ်သည်။ အမွှေးတွေသည် ညကမှ စားထားသလို ပြန့်ကြဲနေသည်။မိရွှေဝါ လက်ချက်ဆိုတာ သေချာသွားခဲ့ပြီဟု ဒေါ်မြရင် စိတ်ထဲ တွေးလိုက်တော့သည်။

“ရွှေမိရေ ဘယ်လိုပြောရမလဲတောင် မသိဘူး နောက်မဖြစ်စေရပါဘူးကွယ် ရွှေဝါလေး လက်ချက်ထင်ပါတယ်။ အရီး သေချာ ဆုံးမလိုက်ပါ့မယ် “

ဒေါ်မြရင် တောင်းတောင်းပန်ပန်နှင့် ပြောသော ကြောင့် “ရပါတယ် အရီးရယ် “ဟုဆိုကာ ရွှေမိတစ်ယောက် ခြံထဲမှ ထွက်လာလေတော့သည်။
စိတ်ထဲ တွင်တော့ သိပ်ဘဝင်မကျ ။

ဒေါ်မြရင် တစ်ယောက် ထွက်သွားသော ရွှေမိနောက်ကျောကို ကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း သားဖြစ်သူ ပေးထားခဲ့သော အပင်လေးဆီသို့ အကြည့်ရောက်သွားလေသည်။ထိုအခါမှ အပင်လေးကို သေချာကြည့်မိရာ အပင်လေး၏ ခေါင်းထိပ်တည့်တည့်မှ တစ်ထွာကျော်ကျော် လက်တံလေးတွေ ရှိနေတာကို ဒေါ်မြရင်  တွေ့ရလေတော့သည်။ စိတ်ထဲတွင်တော့ အပင်လေးက အတော်လေး လှတာပဲ ဟု တွေးလိုက်မိသည်။
ထိုစဥ် အိမ်ရှေ့မှ ဦးဘကြိုင်အသံကြား၍ နောက်ဘေးမှ ထွက်ခဲ့လေတော့သည်။

“မြရင် ဘယ်တွေသွားနေတာတုန်း ကျုပ် ထမင်းဆီစမ်း လာစားတာ”

“အင်းပါတော် ခုပဲ ခူးလိုက်ပါ့မယ်။ ဒါနဲ့ ကိုဘကြိုင် တော့် ရွှေဝါလေးကိုတော့ ဒီအတိုင်းထားလို့ မရတော့ဘူးတော့ ခုနကပဲ အနောက်ဘက်ခြံက ရွှေမိလေ ညက သူ့ကြက် ပျောက်သွားလို့ ဒီလာရှာ တာ။ ထုံးစမ်းအတိုင်း ဟိုအပင်လေးအောက်မှာ အမွှေးတွေ တွေ့တော့တာပဲ”

“ဟုတ်လား မြရင်ရ ဒီညတော့ သေချာ စောင့်ကြည့်တာပေါ့ကွာ ကြာရင်မလွယ်ဘူးကွ။ မျက်နှာပျက်စရာတွေ ဖြစ်လိမ့်မယ်”

“ဟုတ်ပါတယ်ဆိုတော်”

ဦးဘကြိုင်စကားကို ဒေါ်မြရင်တစ်ယောက်ထောက်ခံရင်း ထမင်းဆီစမ်း ခူးဖို့ ပြင်ဆင်လိုက်လေတော့သည်။

#########

ထိုနေ့ညက လင်မယားနှစ်ယောက်လုံး မအိပ်ဘဲ စောင့်ကြည့်မည်ဟုဆိုကာ ရွှေဝါလေးကိုပဲ သေချာ စောင့်ကြည့်နေခဲ့ကြသည်။ ညက ပိုနက်လာတော့ မနေနိုင်။ အပေါ်ထပ်တက်ပြီး အိပ်ရာထဲတွင် ရွှေဝါလေးအသံကို နားစွင့်နေလိုက်ကြရင်း နှစ်ယောက်လုံး မှေးခနဲ ဖြစ်သွားကြသည်။

ထိုစဥှ

“ခွီ ခွီ”
“ဂီ”
“ညောင် ညောင်”

မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ရွှေဝါလေး၏အော်သံကြားမှ ဦးဘကြိုင်တစ်ယောက် လန့်နိုးလာသည်။

“မြရင် မြရင် ထစမ်းပါဦးဟ ရွှေဝါလေး အော်သံ ကြားတယ် သွားကြည့်ရအောင် “

ဦးဘကြိုင် လှုပ်နှိုးတော့မှ ဒေါ်မြရင်တစ်ယောက် အိပ်မှုန်စုံမွှား ထလိုက်ခဲ့ကာ ကြက်သခိုးဖမ်းရန် အောက်သို့ ဆင်းလာခဲ့ကြသည်။အောက်သို့ရောက်သောအခါ အသံကြားရာ နောက်ဖေးဘက်သို့ ထွက်လာခဲ့ရင်း သားကြီးပေးထားခဲ့သော အပင်လေးရှိရာ ဓာတ်မီးရောင် အရောက်မှာတော့

“ဟာ”
“ဘုရား ဘုရား ကို ကိုဘကြိုင် အဲ့ အဲ့ဒါ ဘာကြီးတုန်း”

မှန်ပေသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လင်မယားနှစ်ယောက်လုံး အံ့သြမှင်သက်သွားကာ ဦးဘကြိုင်ကိုယ်တိုင်ပင် မျက်လုံးပြူးသွားရလေတော့သည်။

လူတစ်ယောက်၏ ခါးလောက်ရှိသော ထိုအပင်မှာ
နတ်ပူးနေသည့်အလား တစ်ဆက်ဆက်တုန်ကာ အပင်ရှိ ငှက်ပျောရွက်သာသာ အရွက်ကြီးတွေက လူတစ်ယောက်၏ လက်တံတွေကဲ့သို့ ရှည်ထွက်လာကာ ဖျာလိပ်သလို လျှောခနဲ့ ဖြန့်ဆင်းလာပြီး အပင်အောက်တွင် တစ်ခွီခွီ နှင့် မာန်ဖီနေသော ရွှေဝါလေးကို ဆွဲယူရစ်ပတ် ခေါ်ဆောင် သွားလေတော့သည်။

မချိမဆန့် အော်ဟစ်နေသော ရွှေဝါလေးသည် ခနအတွင်းမှာပင် အသက်ရှူရပ်ပြီး သေဆုံးသွားကာ ရွှေဝါ၏ကိုယ်မှ ထွက်လာသော သွေးတို့သည် ထိုသစ်ပင်၏ထိပ်မှ ပင်အောက်ခြေသို့ တစ်စိမ့်စိမ့်စီးဝင်သွားတော့သည်။ပြီးနောက်တွင်တော့ “ဘုတ်ခနဲ”မြည်သံနှင့်အတူ တစ်ကိုယ်လုံး သွေးမရှိတော့သော ရွှေဝါ၏ ခန္ဓာကိုယ်အား ထိုအရွက်လိပ်ထဲမှ ပြန်ထုတ်လိုက်လေတော့သည်။ပြီးနောက်တွင်မူ ထိုအပင်လေးသည် သူ မဟုတ်သည့်အလား တည်ငြိမ်အေးဆေးသွားတော့သည်။

အံ့သြမှင်သက် ကြောက်ရွံ့တုန်လှုပ်စွာ ကြောင်ကြည့်နေသော ဦးဘကြိုင်နှင့် ဒေါ်မြရင်တို့မှာ ထိုအခါမှ ကြက်ပျောက်သည့်တရားခံကို လုံးဝနားလည်သိရှိသွားပေတော့သည်။ထိုအပင်အောက်သို့ ရောက်ရှိလာသော ကြက် တို့အား ၎င်းအပင်သည် ယခုကဲ့သို့ သွေးစုတ်ကာ ပြန်ချလာသော ခန္ဓာကိုယ်ကို ရွှေဝါလေးက စားပေလိမ့်မည်။ယခုအခါတွင်တော့ စားစရာမရှိ၍ ဆာလောနေသော ထိုအပင်နှင့် စားနေကျမို့ အစာ လာရှာသော ရွှေဝါလေးသည် ကံဆိုးစွာ အစားခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

(ထိုအပင်၏ ပုံစံမှာ အဘိုးပြောပြပုံအရ ယခုခေတ် ငှက်ပျောပင်ပုံစံနှင့် ဆင်တူလှသည်။သို့သော် ထိုခေတ်အခါက မှတ်တမ်းတင်စရာ မည်သည့်အရာမျှ မရှိသောကြောင့် စာဖတ်ပရိတ်သတ်တို့ကို ပုံနှင့်တကွ မ​ဖော်ပြနိုင်တာ ကို နားလည်မည်ဟု ထင်ပါသည်။လွန်ခဲ့သော 11 နှစ်လောက်က ဂမ္ဘီရ မဂ္ဂဇင်း တစ်ခုတွင် ယခုကဲ့သို့သော အပင်မျိုးအကြောင်း စာရေးသူ ဖတ်ခဲ့ဖူးပါသည်။ ထိုသို့ ပြောပြရခြင်းမှာ ယခု စာဖတ်ပရိတ်သတ်တို့ထဲတွင် ထိုမဂ္ဂဇင်း စာအုပ်ကို ဖတ်ဖူးခဲ့သူများ ရှိသော် စာရေးသူ၏ စာမူအား copy ဟု ပြောကြမည်စိုးသောကြောင့် ဖြစ်ပါသည်။ယခုဇာတ်လမ်းမှာ စာရေးသူ၏ အဘိုးကိုယ်တိုင် ကြုံခဲ့ရသောကြောင့် တကယ့်အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း အာမခံပါသည်။)

ဤသို့ဖြင့် ဦးဘကြိုင်နှင့်ဒေါ်မြရီတို့နှစ်ယောက် ကြောက်လန့်တုန်လှုပ်စွာဖြင့် မနက်လင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားလေရာ ဝတ်ဖြူစင်ကြယ်ဝတ်ထားသော အဘိုးအိုတစ်ယောက်ကို ကိုယ်စီ အိပ်မက်မက်ခဲ့ကြလေတော့သည်။

အိပ်မက်ထဲတွင်

“ငါ့မြေးတို့ အခု ငါ့မြေးတို့ဆီမှာ ရောက်နေတဲ့ အပင်က မနုဿလူသားတွေနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အပင်ပဲကွဲ့။ဒါကြောင့် နောက်နေ့ရောက်တာနဲ့ အဲ့ဒီအပင်ကို သေချာဖျက်စီးလိုက်ပါ။ခုလို လာပြောပြတာက ငါ့မြေးတို့ဟာ ရတနာသုံးပါးကို အမြဲကြည်ညိုပြီးတော့ အဘကိုလည်း အိမ်ဦးခန်းမှာ ထားပြီးတော့ ကိုးကွယ်လို့ပဲကွဲ့ “ဟုဆိုကာ ပျောက်ကွယ်သွားလေမှ လင်မယားနှစ်ယောက် အိပ်ရာမှ လန့်နိုးခဲ့လေတော့သည်။

ထူးဆန်းသောအိပ်မက်ကို လင်မယားနှစ်ယောက်လုံး အံံ့သြစွာ ပြောနေကြရင်း ဦးဘကြိုင်၏အကြည့်တွေဟာ ဘုရားပုံများ၏အောက်တွင် သေချာဆည်းကပ် ပူဇော်ထားသော ပဌမံ ဘိုးဘိုးအောင်၏ ရုပ်ပုံတော်ကို ကြည့်ကာ အကြိမ်ကြိမ်ရှစ်ခိုး ဦးခိုက်နေမိတော့သည်။

ဤသို့ဆိုလျှင် ၎င်းတို့ လင်မယားနှစ်ယောက်အား အိပ်မက်ပေးသွားသော ဝတ်ဖြူစင်ကြယ်အဘိုးအိုကြီးက အင်း ၊စမ ပညာဖြင့် ထွက်ရပ်ပေါက်သွားသော ပဌမံဆရာကြီးဘိုးဘိုးအောင် ဟုတ်မဟုတ်ဆိုတာကိုတော့ မည်သူမျှမသိနိုင်ပေ။

ထိုစဥှ

“အဖေ အဖေ “

အိမ်ရှေ့မှ ခေါ်သံကြောင့် လင်မယားနှစ်ယောက်လုံးထကာ ကြည့်မိတော့ စိုးရိမ်တကြီးရောက်လာသော သားဖြစ်သူကို တွေ့လိုက်ရလေတော့သည်။ထိုအခါမှ သားအစ်ဖတစ်စု ထူးခြားဖြစ်စဥ်တွေ၏ တရားခံမှာ ယင်းအပင်ပင် ဖြစ်သည်ကို သိရှိသွားကာ ထိုအပင်အား အမြစ်ပါမကျန် တူးကာ ဓားနှင့်အပိုင်းပိုင်းခုတ်ကာ မီးရှို့ပစ်လိုက်ကြလေတော့သည်။ သားဖြစ်သူအားလည်း ၎င်းအိမ်ရှိ အပင်အား အသေအချာ မီးရှို့ဖျက်ဆီးရန် ဦးဘကြိုင်တို့ လင်မယားနှစ်ယောက် မှာလိုက်ရပေတော့သည်။

ထိုကဲ့သို့ ၎င်းအပင်အား ဖျက်စီးခဲ့သည့်နောက်တွင်မူ မည်သည့်ထူးခြားမှုမျှ မရှိတော့ပဲ ဦးဘကြိုင်နှင့် ဒေါ်ရင်မြတို့သည် အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ထိုအိမ်ကလေးမှာပင် နေထိုင်သွားကြလေတော့သည်။

ဤတွင် ကျနော်ရေးသားသော “မရဏသစ်ပင်နှင့် ထူးဆန်းသော အဘိုးအို ” အမည်ရှိ ဖြစ်ရပ်ဆန်းကြယ် ဂမ္ဘီရ ဝတ္ထုတို တစ်ပုဒ်အား အဆုံးသတ်လိုက်ပေတော့သည်။

‌မှတ်ချက်။ စားရေးသူ၏အဘိုးဆိုသည်မှာ ဦးဘကြိုင်ဆီသို့ ထိုထူးဆန်းသော အပင်အားယူဆောင်လာခဲ့သော သားကြီးဖြစ်သူ၏ သားပင် ဖြစ်လေတော့သည်။ယခုအဖြစ်အပျက်သည် စစ်ကိုင်းတိုင်း ဟုမ္မလင်းနယ်ဘက်တွင် ဖြစ်သွားခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ စာဖတ်သူတို့ထဲတွင် ယခုကဲ့သို့ ထူးဆန်းသောအပင်အားတွေ့ရှိဖူးပါကာ comment ပေးကာ ဝင်ရောက်မျှဝေပေးခဲ့ပါဦးခင်ဗျာ။ စာ​ရေးသူအထင်တော့ ၎င်းအပင်ဟာ ရုပ်ရှင်တွေထဲတွင် ကြည့်ဖူးသော နွယ်ရှင်ကဲ့သို့ အပင်မျိုး ဖြစ်လိမ့်မည်ဟုထင်မိပါသည်။  ဆက်လက်ပြီးတော့လည်း စာရေးသူရဲ့ စာမူလေးတွေကို ဝေဖန်ဖတ်ရှုအားပေးကြပါဦးလို့ တောင်းဆိုရင်း။

   သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။

  “ရဲရင့် အဂ္ဂါ”

Leave a Reply

Your email address will not be published. Required fields are marked *