ဒဏ်ရာ

*ဒဏ်ရာ*📖📖📖

************************
———
ပြက္ခဒိန် မျက်နှာဖုံးဆီက အရောင်တောက်တောက် ကြောင်ကြောင်ကျားကျား ထက်‌အောက် ဆင်တူဝတ်စုံနဲ့ ရုပ်ရှင်မင်းသမီး (သူပါတဲ့ ရုပ်ရှင်နှစ်ကား ကျုပ် ကြည့်ဖူးတယ်။) က စပ်ဖြီးဖြီး ပြုံးပြနေပြီး သူ့ နံဘေးမှာ မျောက်တစ်ကောင်လို ကုံးကွကွ ထိုင်နေတဲ့ ရုပ်ရှင်မင်းသား (သူ့ ကားတွေကတော့ တစ်ဒါဇင်ကျော်ကျော် ကျုပ် ကြည့်ဖူးတယ်။) ကတော့ ဝမ်းဗိုက် နာနေတာကို အောင့်အည်း ဖုံးကွယ်ထားတဲ့ အပြုံးမျိုးနဲ့ ကျုပ်ကို ပြောင်စပ်စပ် ကြည့်နေတယ်။ ဒါ လှလှ ဝယ်ထားခဲ့တဲ့ ပြက္ခဒိန်။ သူကြိုက်တာတွေကို ကျုပ် မကြိုက်တာတွေထဲမှာ ဒီပြက္ခဒိန်က တစ်ခုအပါအဝင် ဖြစ်ပေမယ့် ကျုပ်အိမ်မှာ ကြည့်စရာ ဒီပြက္ခဒိန် တစ်ခုသာ ရှိသမို့ ဆုတ်ဖြဲပစ်ချင်၊ မီးရှို့ပစ်ချင်ပေမယ့် ကျုပ် လက်ရှောင်ခဲ့တယ်။ လှလှ ကြိုက်လွန်းလှချည်ရဲ့ ဆိုပြီး သူကိုယ်တိုင် ဝယ်ထားခဲ့တဲ့ ငှက်ရုပ်တွေပါတဲ့ တရုတ် မျက်နှာသုတ် ပဝါကြီးကိုတော့ မနေ့က ကျုပ် ဓားနဲ့ အပိုင်းပိုင်းခုတ်ပြီး အိမ်သာထဲ ပစ်ချလိုက်ပြီးပြီ။ နောက် သူ တယုတယ လုပ်နေတဲ့ ပဒုမ္မာ ရေနွေး ဓာတ်ဘူးကိုလည်း သူ အိမ်က ဆင်းသွားတဲ့နေ့ကပဲ ကျုပ် ပေါက်ခွဲပစ်လိုက်ပြီ။ ဒါပေမယ့် ကျုပ်ကို ကျုပ် ပျစ်ပျစ်နှစ်နှစ် ပြန်ဆဲချင်တယ်။ နံရံက ပြက္ခဒိန်နဲ့ ကပ်လျက်မှာ မှန်ပေါင်နဲ့ ဓာတ်ပုံ တစ်ခုက ချိတ်လျက်သားကလေး။ လှလှရဲ့ ကိုယ်တစ်ပိုင်းပုံပေါ့။
ဘာပြောပြော သူ့ရဲ့ မျက်နှာပေါက်က ကြည့်လို့ကောင်းတယ်။ မျက်ခုံးကောင်း၊ မျက်လုံးကောင်း၊ နှာတံပေါ် တယ်။ ဒါပေမယ့် နှုတ်ခမ်းက သေးပြီး ပါးလွန်းတော့ တစ်ခါတလေ နှုတ်ခမ်း စေ့ထားရင် သူ့မှာ ပါးစပ် ပါတယ်လို့တောင် မထင်ရဘူး၊ ပါးစပ်ပေါက် သေးသလို သူ စကားပြောတဲ့ အသံကလည်း တိုးတယ်။ သူ့ သွားကလေးတွေကလည်း ကြွက်သွားကလေးတွေလို သေးသေး ချွန်ချွန်ကလေးတွေ။ သူ့ လည်ပင်းကလည်း သေးသေးမြင့်မြင့် ချောချောမွတ်မွတ်ပဲ၊ ဓာတ်ပုံထဲက သူ့ မေးစေ့အောက် လည်ပင်းနဲ့ ဦးခေါင်းဆက်တဲ့ နေရာကို ကျုပ် စူးစူးစိုက်စိုက် ကြည့်ပြီး ရင်ခေါင်းထဲမှာ အလိပ်လိုက် ထကြွလာတဲ့ အပူငွေ့တွေကို လွှင့်ထုတ်တဲ့ အနေနဲ့ ပါးစပ်ကနေ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။ အဲသည် အချိန်မှာပဲ ထုံးစံအတိုင်း အပေါ့သွားချင် လာတာနဲ့ အိမ်သာဘက်ဆီ ခပ်သွက်သွက် လျှောက်လာခဲ့တယ်။ ဆီး စွန့်ပြီးတော့ စောစောက ပြက္ခဒိန်ဆီ ပြန်လာကယ်။ ပြက္ခဒိန် မျက်နှာဖုံးကို လှန်ပြီး ကျုပ် သိချင်တဲ့ နေ့ရက်ကို ရှာတယ်။ တွေပြီ။ ကျုပ်ထင်တဲ့ အတိုင်း ဥပုသ်နေ့။ သေချာတယ်။ ဒီနေ့ ဥပုသ်နေ့။
ပြတင်းပေါက်ကနေ ဝင်လာတဲ့ နေရောင်အရ အခု ညနေလေးနာရီခွဲ လောက်တော့ ရှိပြီ။ နည်းနည်း စောပါသေးတယ်။ ကျုပ် ရေချိုးလိုက်ရ ကောင်းမလားလို့ စဉ်းစားမိတယ်။ကျုပ် ရေမချိုးဖြစ်တာ ကြာပြီ။ လှလှ အိမ်ကဆင်းသွားတဲ့ နေ့ကစပြီး ကျုပ် ရေမချိုးခဲ့တာဆိုတော့ ဒီကနေ့ ဆိုရင် ကျုပ် ရေမချိုးတာ အရက်နှစ်ဆယ်တိတိ ရှိပြီပေါ့၊ “ရေမချိုးလို့ သေတဲ့မသာ မရှိဘူး” ဆိုတဲ့စကားပုံက ကျုပ် ဦးနှောက်ထဲကို အစီအစဉ် မရှိဘဲ ဗြုန်းခနဲ ဝင်လာတာနဲ့ ရေမချိုးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ရေမချိုးပေမယ့် ကျုပ် ဝတ်ထားတဲ့ မီးခိုးရောင် ဆွယ်တာကြီးနဲ့ မာဆလိုက် လုံချည်ကိုတော့ အသစ်လဲမှ ဖြစ်မယ်။ ရေချိုးပျင်းတဲ့ ကျုပ်ကို လှလှက –
“ဒီမယ် ကိုထွန်းပရယ်၊ အိမ်က ရေတွင်းမှာ ရေပေါရဲ့သားနဲ့၊ ရှင် ရေမှန်မှန် ချိုးစမ်းပါ၊ ရှင့်ကိုယ်က အဘိုးကြီးအိုနံ့ နံလွန်းလို့” တဲ့။
ဒီတော့ ကျုပ်က-
“အဘိုးကြီးပဲကွ၊ အဘိုးကြီး အနံ့ပဲ ထွက်မှာပေါ့” လို့ ဘုဆတ်ဆတ် ပြန်ပြောမိခဲ့ရဲ့။ မှန်သလေ။ ကျုပ်အသက်က အခု (၆၁) နှစ် ထဲမှာ။ လှလှနဲ့ ညားတော့ ကျုပ်အသက် ခြောက်ဆယ် ပြည့်ပြီးကာစ ရက်ပိုင်းပဲ ရှိသေးတယ်။ အဲသည်တုန်းက လှလှ အသက်က (၅၅) လို့ ပြောတာပဲ။ (၅၅) နှစ် ဆိုတာလည်း အဘွားကြီး အရွယ်ပဲ မဟုတ်လား။ ဒါပေမယ့် လှလှက အနေအထိုင် အင်မတန်မှ သန့်သန့်ပြန့်ပြန့် ရှိပြီး အပျိုပေါက်ကလေး ရှုံးအောင် သနပ်ခါး ကြိုက်လွန်းတော့ သူ့ကိုယ်က အဘွားကြီးအိုနံ့ နံတာ တစ်ကြိမ် တစ်ခါမျှ မရခဲ့ဖူးပါဘူး။
ရုပ်ရည်ရော အနေအထိုင်ပါ သန့်ပြန့် သပ်ရပ်သလောက် အပြောအဆိုလည်း အင်မတန် ရည်မွန်သိမ်မွေလှတဲ့ လှလှဟာ အသက် ခြောက်ဆယ်နား ကပ်တဲ့ အရွယ်ထိ တစ်ကိုယ်ရည် အပျိုကြီး ဘဝနဲ့ နေနိုင်ခဲ့တာဟာ မဆန်းကျယ်ပေမယ့် အသက် ခြောက်ဆယ်ထိ မ,ဆိုလို့ တစ်သက်တာလုံးမှာ ရည်စားသနာ တစ်ယောက်တလေတောင် မရှိခဲ့ဖူး၊ သူစိမ်းမိန်းမ တစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ခဲ့ဖူးတဲ့ ကျုပ်နဲ့ အကြောင်းဆက် ပေါင်းဖက်မိခဲ့တာ ကတော့ဖြင့် ထူးထွေတည့် အံ့ရာသော် ဆိုတဲ့စကားလိုပဲ။
အိုကြီးအိုမ အရွယ်နားကျမှ ကျုပ် လှလှကို ဘာကြောင့် လက်ထပ်ပေါင်းသင်း ရသလဲ ဆိုတာ ကျုပ်ကိုယ်တိုင် နားလည်ပေမယ့် လှလှက ဘယ်လို ရည်ရွယ်ချက်မျိုး၊ ဘယ်လို စိတ်ခံစားမှုမျိုးနဲ့ ကျုပ်ကို လက်ထပ်သလဲ ဆိုတာ ကျုပ်ခေါင်းက ကြာဆံလို ဆံပင်ဖြူတွေ ကျွတ်ထွက်ကုန်တဲ့ အထိ ခေါင်းပူအောင် စဉ်းစားပေမယ် မရခဲ့ဘူး။ သူ့အပြောကတော့ “ရှေးရေစက်ပေါ့ ကိုထွန်းပရယ်” တဲ့။
ကျုပ်က တစ်လကို အငြိမ်းစားလစာ ပင်စင်ငွေ နှစ်ရာလောက်သာ ဝင်ငွေရှိတဲ့ တစ်ကောင်ကြွက်၊ နှစ်ပေါင်းများစွာ မသုံးမဖြုန်း မသောက်မစားဘဲ ခြိုးခြံနိုင်ခဲ့လို့ သစ်သားအိမ်ကလေး တစ်လုံးနဲ့ ခြံကွက် ကျဉ်းကျဉ်းကလေး တစ်ခုတော့ ပိုင်ခဲ့ပါရဲ့။ ဒါပေမယ့် အိမ်နဲ့ ခြံကလည်း ဒီခေတ်ကြီးထဲမှာ မော်တော်ကားအစုတ် တစ်စီးလောက်တောင် မတန်ပါဘူး။ သူ့အနေနှင့် ကျုပ်ဟာ သိပ်မက်မောလောက်စရာ မကောင်းလှပါဘူး။ ကျုပ်က တစ်ခေါင်းလုံး ဆံပင်တွေ ဖြူဖွေးနေပြီ။ ပခုံးကျယ်ကျယ်၊ ဖင်ရှူးရှူး၊ ခြေဆံလက်ဆံ ကြီးကြီးနဲ့၊ မျက်နှာကလည်း အစာမဝတဲ့ ခွေးဘီလူးလို ခပ်ဆိုးဆိုးရယ်။ ပြီးတော့ အဝတ်အစားတွေ ဘာတွေလည်း သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ ကျုပ်ကို ကြည့်လိုက်ရင် ပေစုတ်စုတ် ညှင်းသိုးသိုး ပုံစံပဲ တွေ့ရမယ်။
လှလှက ဆွေမျိုးမဲ့ တစ်ကောင်ကြွက်သာ ဆိုတယ်။ အမွေ ရထားတဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ပြီး အိမ်တစ်ခြမ်းကို အငှားလည်း ချထားတယ်။ မုန့်ပဲသွားရည်စာနဲ့ ဆေးလိပ်ဆိုင်ကလေးလည်း တည်ထားတယ်။ သူက ကျုပ်ထက်တောင် ဝင်ငွေ ပိုဖြောင့်ပါသေးရဲ့။
ကျုပ်တို့က တစ်လမ်းတည်း၊ တစ်ရပ်ကွက်တည်း နေကြတာ။ အိမ်ချင်းကလည်း တစ်ခေါ်လောက်ပဲ ဝေးကြတာ။ သူက ဒီလမ်းထဲကို ကျုပ်ထက် ဆယ်နှစ်လောက် စောပြီး ရောက်တယ်။ ကျုပ် ဒီအိမ်နဲ့ ဒီခြံကို ဝယ်ပြီး တစ်နှစ်လောက် အကြာမှာ ကျုပ်တို့ အိမ်ထောင် ကျခဲ့ကြတာပဲ။
ဖူးစာရေး နတ်ကတော့ “နဂါး” တံဆိပ် ဆေးပြင်းလိပ်ပေါ့။ ကျုပ်က နဂါး ဆေးပြင်းလိပ် သောက်တတ်တော့ သူ့ဆိုင်မှာ ဆေးပြင်းလိပ် သွားသွားဝယ်ရင်း သူနဲ့ မျက်မှန်းတန်းသွား၊ အဲသည်ကနေ ခင်မင်။ အဲသည်ကနေ ရင်းနှီးကျွမ်းဝင်ပြီး၊ အဆုံးမတော့ နှုတ်ခမ်းပဲ့ချင်း မီးအတူ မှုတ်မိခဲ့ကြတာပေါ့လေ။
ကျုပ် သူနဲ့ တရားဝင် အကြင်လင်မယား အဖြစ် ပေါင်းသင်းဖို့ ပထမဆုံး ဖွင့်ဟ တိုက်တွန်းလိုက်ခဲ့တဲ့ စကားကတော့ “မလှလှရယ်၊ ကျုပ်တို့ဟာ ဘဝတူတွေပါဗျာ” ဆိုတဲ့ စကားကလေးပဲ။ သူက ချက်ချင်း အတိအလင်း တုံ့ပြန်လိုက်တဲ့ စကားကတော့ “အင်း” တဲ့။
ဒါနဲ့ ကျုပ်တို့ အကျဉ်းရုံး မင်္ဂလာဆောင်ပြီး အတူတူ နေခဲ့ကြတာပဲ။ သူ့အိမ်ကိုတော့ သူငှားတဲ့ အိမ်ငှားတွေက ဝယ်ယူ လိုက်ကြတယ်။ ညားခါစတုန်းက သူ အိမ်ထဲက အိမ်ပြင်ကို တစ်ပတ်လောက် မထွက်ဘဲ ကျုပ်မျက်နှာကိုလည်း မျက်လုံးချင်း ဆိုင်မကြည့်ခဲ့ဘူး ဆိုတာ ကျုပ် မှတ်မိပါတယ်။ ကျုပ်လည်း အိမ်နီးချင်းတွေနဲ့ နှုတ်ဆက်စကား ပြောရတဲ့ အခါ၊ ဆွဲခြင်းကလေး ဆွဲပြီး ဈေးသွားရတဲ့ အခါ၊ ညဘက် လမ်းထဲက ကောင်ကလေးတွေက ကျုပ် အိမ်ရှေ့ ရောက်မှ ကျုပ် နားမလည်တဲ့ စာသားတွေပါတဲ့ ပေါက်ကရ တေးချင်းတွေကို ကြောက်လန့်နေတဲ့ တောကျီးကန်း အသံမျိုးတွေနဲ့ အော်ဆို သွားကြတဲ့ အခါ ဆေးမှားပြီးပဲ သောက်မိ သလိုလို ရုတ်တရက်ကြီးပဲ အဖျားဝင်လာ သလိုလို မျက်နှာကြီး ထူအန်းပြီး လက် တတုန်တုန်၊ ခြေ တတုန်တုန် ဖြစ်နေခဲ့တော့တာပဲ။
* * *
ကျုပ် ရေချိုးလိုက်တယ်။ ပြီးတော့ အဝတ်အစား လဲတယ်။ ဆပ်ပြာမတိုက်ဘဲ ကျုပ် လျှော်ထားတဲ့ ချည်လုံချည် တစ်ထည်ရယ်၊ မဝတ်တာ ကြာပြီး ပိုးဟပ်ချေးစော် နံနေတဲ့ ရှပ်အင်္ကျီ တစ်ထည်ရယ်၊ ကျုပ် ညဘက် အပြင်ထွက်ရင် ဝတ်လေ့ရှိတဲ့ အမည်းရောင် ကုတ်အင်္ကျီဟောင်းကြီး တစ်ထည်ရယ်ကို ဖြစ်သလို ဝတ်ဆင် လိုက်တာပါပဲ။ အဝတ်အစား ဝတ်ပြီးမှ အိပ်ရာဆီကို လာပြီး ခေါင်းအုံး ညစ်တူးတူးအောက်ကို လက်တစ်ဖောင် လျှိုသွင်းပြီး နှိုက်လိုက်တယ်။ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ ပလတ်စတစ် ပိုက်ဆံအိတ် (အထဲမှာ ကိုးဆယ်ကျပ်တန် တစ်ရွက်နဲ့ ငါးကျပ်တန် သုံးရွက် ရှိတယ်။) ရယ်၊ သတင်းစာ စက္ကူနဲ့ ပတ်ထားတဲ့ ရှည်ရှည်သေးသေး အလေးချိန်စီးစီး အထုပ်ကလေး တစ်ထုပ် ကျုပ် လက်ထဲ ပါလာတယ်။ ပိုက်ဆံအိတ်ကို ရှပ်အင်္ကျီ ရင်ပတ်အိတ်ထဲ ထည့်လိုက်တယ်။
အထုပ်ကလေးက ကျုပ်ရဲ့ အေးစက်စက် လက်ဝါးထဲမှာ အေးအေးစက်စက်ပဲ မလှုပ်မယှက်နဲ့။
ရစ်ပတ်ထားတဲ့ သတင်းစာ စက္ကူကို ဖြေလိုက်တော့ အထဲမှာ အသွားက လက်ကိုင်ထဲမှာ မြုပ်နေတဲ့ အော်တိုမက်တစ် ခလုတ်ဓားကလေး ပေါ်လာတယ်။ လက်ကိုင်က ဖိုက်ဘာ အနက်ရောင်။ အသစ်ကျပ်ချွတ် ဆိုတော့ ပြောင်လက်နေတယ်။ လက်ကိုင် ရှေ့ပိုင်းက နီကယ်ရောင် တောက်နေတဲ့ ဘုကလေးကို လက်မနဲ့ အသာကလေး နှိပ်ချလိုက်တာနဲ့ (ကလစ်) လို့ အသံမြည်ပြီး လေးလက်မနီးနီး ရှည်တဲ့ သံမဏိ ဓားသွားက ပေါက်လိုက်တဲ့ မြွေလိုပဲ ခုန်ထွက်လာတယ်။
မျှော့ကြောင်း မျှင်မျှင်ကလေးသာ ပါပြီး နှစ်ဖက်သွား ဓားရွက်က ခိုပြာရောင် ဖျော့ဖျော့နဲ့ လက်လက်ထ နေလေရဲ့။ ဓားသွား နှစ်ဖက်လုံးကလည်း ခြေသလုံးမွေး ပြတ်ရုံသာမက နှုတ်ခမ်းမွေးပါ ရိတ်လို့ရအောင် ထက်မှထက်ပဲ။ ဒီဓားနဲ့ လူတစ်ယောက်ကို မပြောနဲ့ ချက်ကောင်းကို ထိုးနိုင်မယ်ဆိုရင် ကျားတစ်ကောင်ကိုတောင် အသေသတ်နိုင်လိမ့်မယ်လို့ ကျုပ် ထင်တယ်။
* * *
ကျုပ်အပေါ် လှလှ အေးစက်စက် ဆက်ဆံလာတာ၊ ခင်မင်ကြင်နာဟန် မပြတော့တာတွေရဲ့ ဇာတ်ကြောင်းအစ မူရင်းကတော့ သူနဲ့ ကြီးမောင် တွေ့ဆုံ သိကျွမ်းခဲ့ရခြင်းပဲ။ (ကျုပ်နဲ့ လှလှနဲ့ ကြီးမောင်ကို ပြိုင်တူ စတင် သိကျွမ်းခဲ့ရတာပါ။) ကြီးမောင်ဟာ ရဟန်းဝါ (၃၅) ဝါ ရပြီးမှ လူဝတ်လဲလာခဲ့တဲ့ လူပြန်တော် ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ပေါ့။ ဥပဓိရုပ် ကောင်းတယ်။ စကားပြောရာမှာ အသံသြဇာ ကောင်းတယ်။ ဝတ်ပုံစားပုံ သပ်ရပ် သန့်ရှင်းတယ်။ အညိုရောင် ကျွဲကော်ကိုင်း စာကြည့်မျက်မှန် နောက်က သူ့ မျက်လုံးတွေဟာ ကြောင်မျက်လုံးတွေလိုပဲ ပြောင်လက် အသက်ဝင် နေတတ်ကြတယ်။ ကျုပ်တို့ ရပ်ရွာတစ်ဝိုက်မှာတော့ ကြီးမောင်ကို အထင်ကြီး လေးစားကြတဲ့သူတွေ အတော်အများသား။ ဥပုသ်နေ့နဲ့ အခါကြီး ရက်ကြီး ညပိုင်းတွေမှာ ကြီးမောင်ကို ကျုပ်တို့ရပ်ကွက် တောင်ဘက် အဖျားမှာရှိတဲ့ “ဓမ္မကုသလ” ဆိုတဲ့ ဓမ္မာရုံ မှာ အမြဲတမ်း တွေ့မြင်နိုင်ကြတယ်။ အဲသည်မှာ သူက တရားဓမ္မ စကားတွေ ပြောချင် ပြောနေလိမ့်မယ်။ စကားတွေ ကမ္မဋ္ဌာန်း ကျင့်စဉ်တွေ ရှင်းချင် ရှင်းပြနေလိမ့်မယ်။ မနှစ်က နွေရာသီ နှောင်းပိုင်း လောက်မှာ လှလှ အဆွယ်ကောင်းတာနဲ့ အဲဒီဓမ္မာရုံကို ကျုပ် လိုက်သွားတော့ ကျုပ်တို့ ကြီးမောင်ကို စတွေ့ဖူးကြတာ)။ (ကျုပ်က ဓမ္မာရုံတို့၊ ဘုန်းတော်ကြီး ကျောင်းတို့ဆီ သွားခဲတယ်) နောက်ဥပုသ်ရက် တစ်ရက်မှာ လှလှက အတင်းကပ် ခေါ် နေတာမို့ ကျုပ် ကြီးမောင်ရှိတဲ့ ဓမ္မာရုံကို ဆုတ်ကန် ဆုတ်ကန်နဲ့ ရောက်သွားခဲ့ပြန်ပြီ။ ဓမ္မာရုံက တရားဓမ္မ အာရုံဝင်စားသူတွေ ကြားမှာ ကျုပ်ဟာ ဥဒေါင်းငှက်တို့အလယ် ရောက်နေတဲ့ ကြက်တိန်ညင်ကလေးလို ယောင်တောင်ပေါင်တောင် ဖြစ်ခဲ့ရသေးရဲ့။ (ကျုပ် ဒီအသက် ဒီအရွယ်ထိ စနစ်တကျ ကမ္မဋ္ဌာန်းထိုင်ဖို့ မပြောနဲ့ စိပ်ပုတီး တစ်ပတ် ပြည့်အောင်တောင် ပုတီးမစိပ်ခဲ့ဖူးဘူး။) စုစုပေါင်း ဓမ္မကုသလ ဓမ္မာရုံကို အဲဒီနှစ်ခေါက်ပဲ ကျုပ် ရောက်ဖူးတယ်။ ကြီးမောင်ကိုတော့ ကျုပ်က ကုန်လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ဆယ်ကြိမ်ထက် မနည်း တွေ့ဖူး စကားပြောဖူးပါတယ်။ ဒါပေမယ့် အများသူငါလို ကျုပ်က ကြီးမောင်ကို အထင်ကြီး လေးစားခြင်း မရှိဘူး။ သူ ဆွေးနွေး တင်ပြတဲ့ တရားတွေကိုလည်း ကျုပ်က စိတ်မဝင်စားဘူး။ ကျုပ်ဟာ သူ့ကို လူထဲက လူတစ်ယောက် အဖြစ်ပဲ သဘောထားခဲ့ပါတယ်။ ရိုင်းပျတယ်လို့ပဲ ဆိုချင်ဆို၊ မလိမ်မညာစတမ်း ပြောရရင်တော့ ကျုပ်ဟာ ကြီးမောင်ရဲ့ တရားစကားတွေ နားထောင်မယ့်အစား အိမ်က ဓာတ်ခဲရေဒီယိုကလေး ဖွင့်ပြီး မိန်းမ အဆိုတော် တစ်ယောက်ရဲ့ ခပ်မြူးမြူး ခပ်သွက်သွက် သီချင်းတစ်ပုဒ်ကိုသာ နားထောင် လိုက်ချင်တယ်။
ဒါပေမယ့် လှလှကတော့ ကြီးမောင်နဲ့ စ‌တွေ့လိုက်ပြီ ဆိုကတည်းက ပိုးတုံးလုံးကောင် ဘဝကနေ လိပ်ပြာတစ်ကောင် အဖြစ် ပြောင်းလဲသွားသလို လုံးလုံးလျားလျား အသွင်ပြောင်း သွားခဲ့တော့တာပဲ။ ယောဂီရောင်ထဘီ ခါးက မချွတ်ချင်တော့သလို စိပ်ပုတီးလည်း လက်က မချတော့ဘူး။ ဒါနပါရမီ ဖြည့်ဆည်းတာ ဆိုပြီး လှူလိုက် တန်းလိုက် ပေးကမ်း စွန့်ကြဲလိုက် လုပ်နေတာ သူ့အိမ်ကလေး ရောင်းထားတဲ့ ငွေတစ်သောင်း ပြုတ်လုတည်းတည်း ဖြစ်သွားရော။
ကြီးမောင်ကိုလည်း အိမ် မကြာခဏ ဖိတ်ခေါ်ပြီး ဟင်းကျွေးဟင်းလျာ ကောင်းကောင်းတွေ တပင်တပမ်း ချက်ပြုတ် ကျွေးမွေးတယ်။ ယောဂီဝတ်စုံနဲ့ တင်ပြင်ခွေ ထိုင်နေတဲ့ ကြီးမောင်ရဲ့ ဆေးရောင်စုံ ဓာတ်ပုံတစ်ပုံကိုလည်း အိမ်က ဘုရားစင်နားမှာ တခမ်းတနား ချိတ်ထား လိုက်သေးတယ်။ ကျုပ် နားကလောမိတာကတော့ လှလှက ကျုပ် ရှေ့မှာ ကြီးမောင်ကို (ဆရာ… ဆရာ) နဲ့ တရိုတသေ ခေါ်နေတတ်တာကိုပဲ။
ကျုပ်တို့လင်မယား ကြားထဲကို ကြီးမောင် ဝင်လာလိုက်တာဟာ တစ်ချက်ချက်နဲ့ တိုးတိုးသက်သာ မြည်နေတဲ့ နှိုးစက်နာရီတစ်လုံး အချိန်စေ့ပြီး တစ်ဂွမ်းဂွမ်း ထ, မြည်လိုက်သလို ဖြစ်သွားတယ်။ ကိုယ်စိတ်နှလုံး သုံးပါးလုံး အသွင်ပြောင်းသွားတဲ့ လှလှကြောင့် ကျုပ်ဟာ တောထဲကနေ ရုတ်တရက် တိရစ္ဆာန်ရုံက လှောင်အိမ်ထဲ ရောက်လာတဲ့ မျောက်လို ထိတ်လန့် အံ့သြသွားမိတယ်။
နောက်ပိုင်း လှလှဟာ ကျုပ်အပေါ် သံယောဇဉ် လျော့လာရုံမျှမကဘဲ အရိုအသေ တန်လာတယ်။ မထီလေးစား လုပ်လာတယ်လို့လည်း ကျုပ် ထင်တယ်။ သူက ကျုပ်ကို ဝေဖန်ပုတ်ခတ်တဲ့ စကားတွေ အခု လောလောလတ်လတ် အချိန်ထိ ကျုပ် ခရေစေ့တွင်းကျ မှတ်မိပါသေးရဲ့)။ ကျုပ်ဟာ အိမ်မှာ ဘုရားစင် ရှိလျက်နဲ့ မိစ္ဆာဒိဋ္ဌိ ဖြစ်နေသတဲ့။ ဒီအတိုင်း ကျုပ် ဆက်နေသွားရင် သေတာနဲ့ အပါယ်ကို တန်းကျမှာပဲတဲ့။ သူက သည်ရွေ့ သည်မျှ တရားဘာဝနာ လိုက်စား ကျင့်ကြံနေခိုက်မှာ ကျုပ်က ဘုရားမရှိ တရားမရှိ ခပ်ပေါ့ပေါ့ နေတော့ သူ့အတွက် ပတ်ဝန်းကျင်မှာ အရှက်ရစရာ ဖြစ်သတဲ့။
ဟုတ်တယ်။ ကျုပ်ဟာ ဘုရားကျောင်းကန်ဘက်သာ မရောက်ရင် ရှိရမယ်၊ ရုပ်ရှင်ရုံတို့ အပန်းဖြေဥယျာဉ်တို့ဆီတော့ မကြာခဏ ရောက်တတ်တယ်။ တစ်ခါတလေ ပျင်းပျင်းရှိရင် သီချင်းကျယ်ကျယ် ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်က လူပျိုပေါက်တွေ ကြားမှာ ပေစုတ်ပေစုတ်နဲ့ သွားထိုင်ချင် ထိုင်နေတတ်တာကလား။
ကျုပ်နဲ့ လှလှ အယူအဆချင်း ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြပေမယ့် ရန်စောင်မနေခဲ့ကြပါဘူး။ ခွန်းကြီး ခွန်းငယ်လည်း စကားမများဖြစ်ခဲ့ကြပါဘူး။ သူအိမ်က ထွက်သွားမယ့် နေ့ကတော့ ကြီးမောင်ရဲ့ ဓာတ်ပုံကို ကြက်မွှေးတံမျက်စီးနဲ့ တရိုတသေ ဖုံသုတ်ပေးနေတဲ့ လှလှကို ကြည့်ရင်း ကျုပ် ရင်ထဲမှာ ယားကျိကျိ ဖြစ်ဖြစ်လာတာနဲ့ “ကျုပ်နဲ့အတူတူ နေမယ့်အစား ဆရာကိုကြီးမောင်နဲ့ တစ်အိမ်တည်း နေရရင် ခင်ဗျား ပိုပြီး ပျော်လိမ့်မယ်လို့ ကျုပ် ထင်တယ်” လို့ ကျုပ် ပြောလိုက်မိတယ်။ သူက ဓာတ်ပုံ (အဲဒီဓာတ်ပုံကို ကျုပ် အမှိုက်ပုံဆီ ပို့လိုက်ပါပြီ။) ဓာတ်ပုံကို ဖုံသုတ်နေရာက ကျုပ်ကို လှည့်လို့တောင် မကြည့်ဘဲ “ဒါပေါ့” လို့ သံပြတ်နဲ့ ပြန်ပြောလေရဲ့။
သူ့စကားကို ကြားရဘော့ ကျုပ် ခံပြင်းသွားပေမယ့် ကျုပ်စိတ်ကို နိုင်အောင် ထိန်းပြီး ဖာသိဖာသာပဲ နေလိုက်တယ်။ သူ့ဖက်ကတော့ ကျုပ်လို ပြီးပြီးပျောက်ပျောက် သဘောထားတာမှ မဟုတ်ဘဲ။ တအောင့်လောက်နေတော့ လှလှက သူရဲ့ အဝတ်အစား သေတ္တာလေးကို လက်ကဆွဲပြီး အခန်းထဲက ထွက်လာတယ်။ ဘုရားစင်ရှေ့မှာ ပုဆစ်ဒူးတုပ် ထိုင်ပြီး ဘုရား ဝတ်ပြုတယ်။ ပြီးတော့ သူ့ကို နားမလည်တဲ့ မျက်နှာကြီးနဲ့ ကြည့်နေတဲ့ ကျုပ်ရှေ့မှာ ပုဆစ်ဒူးတုပ် ထိုင်ချပြီး “ကိုထွန်းပ၊ ကျွန်မကို ခွင့်ပြုပါ၊ ရှင်ပြောသလို ကျွန်မ ဆရာကိုကြီးမောင်နဲ့ တဖဝါးမခွါဘဲ နေရအောင် သွားတော့မယ်။ အထင်တော့ မလွဲနဲ့ ကျွန်မတို့ ဆရာနဲ့ တပည့်လို နေကြမှာပါ” လို့ မတုန်မလှုပ် ကျောက်ရုပ် မျက်နှာနဲ့ ပြတ်သား အေးစက်တဲ့ အသံနဲ့ ပြောလာတော့တာပဲ။ ကျုပ် အံ့အားသင့်ပြီး ပါးစပ် ဟောင်းလောင်းနဲ့ ငိုင်နေတုန်း သူက ဦးသုံးကြိမ် ချတယ်။
ကျုပ်ကို ဦးသုံးကြိမ်လည်း ချပြီးရော လှလှဟာ ဈေးကို ခဏတဖြုတ် သွားမယ့် အမူအယာမျိုးနဲ့ သေတ္တာကလေး ဆွဲပြီး အိမ်ပေါ်က ဆင်းသွားတော့ရဲ့။ ကျုပ် သူ့ကို အော်ဟစ် တားဆီးဖို့ မပြောနဲ့၊ ကျုပ် ပါးစပ်က အသံတစ်ချက်တောင် မထွက်နိုင်ဘဲ ကျုပ် မတ်တတ်ရပ်နေတဲ့ အလောင်းကောင်ကြီးလို ကျန်ရစ်ခဲ့တယ်။ ခဏလောက် လေဖြတ် သွားသလိုပါပဲ။ တအာင့်လောက်ကြာမှ ကျုပ် ခြေတွေ လက်တွေသာမက (ကျုပ် အထင်) မျက်တောင်တွေ လျှာတွေကိုပါ ပြန်လည် လှုပ်ရှားနိုင်ခဲ့တော့တယ်။
ကျုပ် သတိမှန် ပြန်ဝင်လာတယ်ဆိုရင်ပဲ ကျုပ် အချက် (၂) ချက် ကို ထင်ထင်ရှားရှား နားလည် သိရှိလိုက်တယ်။ တစ်အချက် လှလှ ဘယ်တော့မှ ကျုပ်ဆီကို ပြန်မလာတော့ဘူး။ နှစ်အချက် ကျုပ်ဘဝမှာ အစားထိုးခြင်းငှာ မစွမ်းသာတဲ့ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးကို ရင်ဆိုင်တွေ့ကြုံ လိုက်ရပြီ ဆိုတာပဲ။ “အသည်းကွဲတယ်” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို အသက် ခြောက်ဆယ့်သုံးနှစ် အရွယ်ကြမှ ကွက်ကွက်ကွင်းကွင်း ကိုယ်တွေ့ကြုံ နားလည်လိုက်ရ သလိုပါပဲ။
လှလှ ထွက်သွားတဲ့နောက် သုံးရက်လောက် ကျုပ် ထမင်းမေ့ ဟင်းမေ့နဲ့ ယောင်ချာချာ ကြောင်တက်တက်ကြီး ဖြစ်နေခဲ့တာပေါ့။ အိပ်မပျော်တာနဲ့ အိပ်ဆေးတွေ မသောက်စဖူး သောက်လိုက်တော့လည်း အချည်းနှီးပဲ။ စိတ်ငြိမ်မလား ဆိုပြီး ဘုရားရှိခိုးကြည့်တော့ “ဩကာသ” ကနေ ရှေ့ကို ဆက်မရွတ်တတ်တော့တာနဲ့ ကိုယ့်ဟာကိုယ် အရှက်ကြီးရှက်ပြီး ဘုရားစင်ကို မော့်မကြည့်ဝံ့တော့ဘူး။ စိတ်ရောဂါ အထူးကု ဆေးရုံကြီးမှာတောင် ကိုယ့်ကိုယ်ကို သွားပြဦးမလို့ ကျုပ် စိတ်ကူးမိသေးတယ်။
လှလှရဲ့ သတင်းကို ကျုပ် ပုန်းလျှိုးကွယ်လျှိုး ဖုံးဖုံးဖိဖိ စုံစမ်းကြည့်တယ်။ သူက အခု ကျုပ်တို့ ရပ်ကွက်ရဲ့ အိမ်နီးချင်း ရပ်ကွက် တစ်ခုမှာ ရှိတဲ့ သူ့တူမ တစ်ယောက် အိမ်မှာ ရောက်နေတယ်။ ဥပုသ်နေ့တိုင်း ဓမ္မကုသလဓမ္မာရုံက ကြီးမောင်ရဲ့ တရားပွဲကို လာတတ်တယ်လို့လည်း ကျုပ် သတင်း အတိအကျ သိထားတယ်။
သူ ထွက်သွားစကလို ကျုပ်ရဲ့စိတ်တွေ ဂယောင်ချောက်ချား ဖြစ်မနေတော့ဘူးလေ။ ကျုပ်စိတ်တွေ အရမ်း တည်ငြိမ်နေပြီး ဆုံးဖြတ်ချက်က သံတုံးသံခဲလို ခိုင်မာနေပြီ။ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ သိကြားမင်းက ဝရဇိန် လက်နက်ကြီး ပြပြီး ခြိမ်းခြောက်လည်း မရနိုင်တော့ဘူး။
ဒီနေ့ ဥပုသ်နေ့၊ လှလှ ဓမ္မာရုံမှာ ရှိနေလိမ့်မယ်။ သူ့ကို ကျုပ် သတ်ရတော့မယ်။ သူ့ကို ဓားနဲ့ မထိုးခင်ကလေးမှာ ကျုပ် ပြောလိုက်မယ့် စကားကတော့ “လှလှ ကောင်းရာသုဂတိ လားပါစေ” လို့ပဲ။
* * *
မှောင်တော့မယ်။
ကျုပ် အိမ်တံခါးတွေ အကုန် လိုက်ပိတ်တယ်။ ကျုပ် အိမ်ရှေ့တံခါးမကြီးကို သော့ခတ်လိုက်တယ်။ သော့တွဲကို ကုတ်အင်္ကျီ ဘယ်ဘက်အိတ်ထဲ ထည့်ပြီး လမ်းဘက်လည်း လှည့်လိုက်ရော ခြံဝမှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ သူရဲ့ကျွဲကော်ကိုင်း မျက်မှန်က ဝင်လုဆဲ နေရောင်ထဲမှာ ပုစွန်ဆီရောင် လက်နေရဲ့။
ကျုပ်က အိမ်ရှေ့လှေကားက ဆင်းလာပြီး လှေကားခြေရင်းမှာ ရပ်လိုက်တာနဲ့ သူက လှမ်းပြောတယ်။ သူ့အသံက ဓမ္မာရုံက ပရိဿတ်တွေအကြားမှာ ခက်ခဲ နက်နဲတဲ့ ကမ္မဋ္ဌာန်းကျင့်စဉ် တစ်ရပ်ကို ရှင်းပြနေတုန်းကလို လေးလေးမှန်မှန်နဲ့ ကြည်လင် ပြတ်သားပြီး စကားလုံးတိုင်းက ဝါကျတိုင်းမှာ အပိုအလိုမရှိ ကွက်တိနေရဲ့။
“စိတ်မကောင်းစရာပဲ ဦးထွန်းပ။ ဒေါ် လှလှ တစ်ယောက် ဓမ္မမိတ်ဆွေတွေနဲ့ အထက်မြန်မာပြည်ကို ဘုရားဖူးသွားရင်း ကားမှောက်တဲ့သတင်း ခုနလေးကပဲ ကျွန်တော့်ဆီ ကြေးနန်း ဝင်လာတယ်။ ဒေါ်လှလှခမျာ နေရာမှာတင် ဆုံးသွားရှာသတဲ့”
ဘယ်လို စေ့ဆော်မှုကြောင့်မှန်း မသိဘဲ ကျုပ်လက်က အိတ်ထဲက ဓားဆီ ရောက်သွားတယ်။ ဓားကို ထုတ်ပြီးပြီးချင်း ခရုတ်ဖုကို နှိပ်လိုက်တော့ နေရောင်ဖျော့ဖျော့ထဲမှာ ဓားသွားက ငှက်တကောင် ဖြတ်သန်းသွားသလို ဖြတ်ခနဲ လက်သွားတယ်။
သူက နေရာမရွေ့ဘဲ တိုင်တစ်တိုင်လို ငြိမ်ငြိမ်ရပ်လို့။ ကျုပ်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေတယ်။ ကျုပ် အမြင်မှာ သူ့ပုံရိပ်က ဝါးတားတား ဖြစ်လာတယ်။
“မစိုးရိမ်ပါနဲ့ ဆရာကိုကြီးမောင်။ ဒီဓားနဲ့ တစ်ပါးသူတွေကို ကျုပ် ဘယ်လို ဒဏ်ရာမျိုးမှ မရစေချင်ပါဘူး။ ဒီဓားက ကျုပ်အတွက်ပါ”
သူ့ရဲ့ စူးစူးဝါးဝါး အော်ဟစ် တားဆီးသံကို ကျုပ် ကြားမိသလိုပဲ။
———-
#ကြူးနှစ်
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၁။
စာမျက်နှာ ၁၃၃-၁၃၆