“ဒူးထောင်ကျွန်းက ဘိုးသရဲ” (စဆုံး)

“ဒူးထောင်ကျွန်းက ဘိုးသရဲ” (စဆုံး)

=============================

(၁)

အထက်အညာဒေသတစ်နေရာတွင် အင်တောင်းဟူသည့် ကန်ကြီးတစ်ကန်ရှိလေသည်။ ကန်ကြီးလျှင်အင်းဟုဆိုသည့်အတိုင်း ထိုရေကန်ကြီးမှာ အတော်ကြီးမားလှသည်။ ထိုရေကန်ကြီး၏ ပတ်ပတ်လည်တွင် အင်တောင်း၊ ကျောင်းလမ်း၊ လှည်းကူး၊ ကြို့ကုန်း၊ ပေလမ်းကုန်း၊ ကြက်တစ်ကောင် အစရှိသည့်ရွာကြီးများမှာ ပတ်ပတ်လည်တည်ရှိနေကြသည်။ တစ်ရွာနှင့်တစ်ရွာ သွားလာသည့်အခါတွင်လည်း ရေကန်ကြီးကိုဖြတ်သန်းလျှက် ရေလမ်းခရီးနှင့် သွားလာနိုင်သလို ကန်ပေါင်ကိုပတ်ရင်း ကုန်းလမ်းခရီးဖြင့်လည်း သွားလာနိုင်လေသည်။ ထိုရွာကြီးများမှာ တစ်ရွာနှင့်တစ်ရွာ မနီးမဝေးတည်ရှိနေကြသည်။

ရွာရှိ ရွာသူရွာသားများမှာ ရေကန်ကြီးမှရေကို သွယ်ယူလျှက်၊ လယ်၊ ယာ၊ ဥယျာဉ်ခြံနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသကဲ့သို့၊ ရေကန်ကြီးကို အမှီသဟဲပြုလျှက် တံငါအလုပ်ဖြင့် အသက်မွေးနေကြသူများလည်းရှိပေသည်၊ ထိုသူများအနက်တွင် ကြက်တစ်ကောင်ရွာမှ ဦးစံလင်းနှင့် ဒေါ်မာမာဝင်းတို့ လင်မယားနှစ်ယောက်လည်းအပါအဝင်ဖြစ်သည်။ ဦးစံလင်းတို့လင်မယားနှစ်ဦးစလုံးမှာ ဘ၀တစ်သက်တာကာလပတ်လုံး တံငါအလုပ်ဖြင့်အသက်မွေးကြသည်။ ဦးစံလင်းထံတွင် သမီးချည်းသုံးယောက်ရှိပြီး သမီးအကြီးဆုံးမှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိကာ ခိုင်ဝါလွင်ဟုခေါ်တွင်သည်။ ထိုသမီးကြီးအောက်တွင် သမီးလတ် သူဇာလွင်နှင့် သမီးငယ် မူမူလွင်သုံးယောက်ရှိကာ သမီးတစ်ယောက်နှင့်တစ်ယောက်မှာ တစ်နှစ်၊ နှစ်နှစ် ခန့်သာ အသက်ကွာကြလေသည်။

“ဂျိန်း . . .”

မိုးခြိမ်းသံတစ်ချက်ထွက်ပေါ်လာပြီးသည့်နောက် ဦးစံလင်းနှင့် ဒေါ်မာမာဝင်းတို့မှာ လှေကလေးကိုလှော်ခတ်လာလျှက် ငါးဖမ်းရန်အတွက်ဆင်းလာခဲ့ကြသည်။ ညနေအတော်စောင်းနေပြီဖြစ်ကာ ကောင်းကင်တစ်ခွင်တွင်လည်း နက်မှောင်လှသည့်မိုးသားတိမ်စိုင်တိမ်လိပ်များက အုပ်စိုးထားသည့်အတွက် ယခင်ကထက်ပိုမှောင်နေလေသည်။ ထိုမျှမကသေး ဦးစံလင်းတို့ လင်မယားနှစ်ယောက်မှာ မနက်ပိုင်းအချိန်က စကားများက ကတောက်ကဆဖြစ်ထားသဖြင့် တစ်ဦးနှင့်တစ်ဦး စကားသိပ်မပြောဘဲ လှေကိုလှော်ခတ်လာကြသည်။

“အမာဝင်းရေ၊ ငါတို့ဒီညတော့ ဒူးထောင်ကျွန်းဘက်ကို သွားပြီး ငါးတန်းမယ်ဟေ့”

“ကြည့်လည်းလုပ်အုံးနော်၊ အဲဒီနေရာက သိပ်ပြီးသရဲခြောက်တတ်တာမဟုတ်လား”

ဒေါ်မာမာဝင်းက ပြန်လည်ပြောဆိုလိုက်သည့်အခါ ဦးစံလင်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး

“အောင်မာ၊ ငါက ဒီအင်းကြီးထဲ နှစ်ပေါင်းများစွာ ငါးထောင်လာတဲ့ကောင်ပါကွ၊ မင်းကြောက်တယ်ဆိုရင် နေခဲ့ပေါ့ အမာဝင်းရဲ့”

ဒေါ်မာမာဝင်းက လင်ယောက်ျားကိုမျက်စောင်းထိုးလိုက်ပြီး

“တော်စမ်းပါရှင်၊ အမာဝင်းတဲ့ တစ်ဝင်းထဲရှိတယ်၊ ကျုပ်က သရဲဆိုကြောက်ဖို့မပြောနဲ့ ဖက်ဖက်ပြီး နပမ်းတောင်လုံးလိုက်ချင်သေးတာပ”

လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် စကားနိုင်လုရင်း လှေကိုလှော်ခတ်လာကြရာ တစ်နာရီသာသာလှော်ခတ်ပြီးသည့်အခါ ဒူးထောင်ကျွန်းဆိုသည့်နေရာသို့ရောက်လာခဲ့လေသည်။ ထိုနေရာမှာ သစ်ပင်ကြီးများဖြင့်အုပ်ဆိုင်းနေလေသည်။ တစ်ဘက်တွင်လည်း အင်တောင်းရွာ၏ သုဿန်ကြီးရှိသဖြင့် သစ်ပင်ကြီးများဖြင့်အုပ်ဆိုင်းနေသလို ဒူးထောင်ကျွန်းဟုခေါ်သည့် ကျွန်းကြီးအပေါ်တွင်လည်း နှစ်ချို့နေသည့် သစ်ပင်ကြီးများက လက်တံနှင့်တူသော သစ်ကိုင်းများကိုဖြန့်ကျက်ကာ တစ်ရွက်နှင့်တစ်ရွက်ထိမျှလောက်ပိန်းပိတ်အောင် အုပ်ဆိုင်းထားသဖြင့် မှောင်မိုက်နေလေသည်။

ကျယ်ပြန့်လှသည့် အင်းရေပြင်ကြီးတွင် ထိုကဲ့သို့ ကျွန်းပေါင်းများစွာရှိသည်။ အချို့ကျွန်းများမှာ ရေပတ်လည်ဝိုင်းရံနေသည့် ကျွန်းများဖြစ်သော်လည်း အချို့ကျွန်းများမှာတော့ ကုန်းပြင်နှင့်ထိစပ်နေကာ ရေပေါ်သို့ငေါထွက်နေသည့် ကျွန်းများဖြစ်ကြသည်။

(၂)

ဒူးထောင်ကျွန်းကို နွားကူးစွန်းဟုလည်း ခေါ်ဆိုကြသည်။ ထိုနေရာမှာ ကုန်းပေါ်မှဆန့်တန်းထွက်နေသည့် ကျွန်းမြေဖြစ်ပြီး နွားများကို တစ်ရွာနှင့်တစ်ရွာသို့ ပို့ချင်ကြသောအခါ ထိုနေရာမှ အင်းပြင်ကြီးကို ဖြတ်သန်းကူးခိုင်းကြသည့် နေရာဖြစ်သဖြင့် နွားကူးစွန်း (နကူးစွန်း)ဟု ခေါ်တွင်ကြခြင်းဖြစ်သည်။ သို့သော် အများကတော့ ဒူးထောင်ကျွန်းဟုဆိုလိုက်လျှင် သိကြပေသည်။

ဒူးထောင်ကျွန်းဆိုသည့် အမည်ရလာပုံကလည်း ဆန်းသည်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည့် အချိန်ကာလာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြသည့် အဖွဲ့များမှာ ထိုအစွန်းကြီးပေါ်တွင် အခြေချရင်း တစ်ရက်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်းများကြရာမှ မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်အား သတ်ဖြတ်ပြီး မူးယစ်ဆေးများကို လုယူသွားကြလေသည်။ ဂိုဏ်းခေါင်းဆောင်မှာ သေဆုံးသည့်အခါ ဒူးထောင်ပြီးသေဆုံးနေသဖြင့် ဒူးထောင်ကျွန်းဟု ခေါ်ဆိုကြရာမှ အမည်တွင်လာခြင်းဖြစ်သည်။

သို့သော် ဒူးထောင်ကျွန်း၏ အမည်ကျော်ကြားရခြင်းမှာ ထိုအကြောင်းဖြင့်သာမကသေးပေ၊ ဒူးထောင်ကျွန်းအနီးတစ်ဝိုက်တွင် အလွန်သရဲအခြောက်အလှန့် ကြမ်းသောကြောင့်ဖြစ်သည်။ ညဘက်ဆိုမထားနှင့် မနက်ခင်း နေ့ခင်းကြောင်တောင်ကြီးမှာပင် သရဲများက ခြောက်လှန့်လေ့ရှိသဖြင့် တော်ရုံလူများ ရှောင်ရှားကြသည့်နေရာဖြစ်သည်။

သို့သော်လည်း ဦးစံလင်းတို့ကတော့ ရံဖန်ရံခါ ထိုနေရာဘက်သို့ ငါးပိုက်တန်းထောင်လေ့ရှိသည်။ ထိုနေရာတွင် လူအသွားအလာပြတ်ရုံသာမက အရိပ်လည်းရကာ အေးမြနေသဖြင့် ငါးကြီးငါးကောင်းများက ထိုနေရာတစ်ဝိုက်တွင် ကျက်စားနေထိုင်ကြရာ သာမန်တံငါသည်များ မသွားဝံ့ကြသော်လည်း အကြောက်အလန့်ကင်းသည့် ဦးစံလင်းတို့လင်မယားမှာတော့ ငါးကြီးကြီးမားမား လိုအပ်သည့်အခါတိုင်း ငါးဖမ်းထွက်လေ့ရှိသည်။

တံငါလမိုက်ဆိုသည့်စကားအတိုင်း ငါးကြီးငါးကောင်းများမှာ ညအချိန်မှ ကျက်စားတတ်သည်ဖြစ်သဖြင့် ညနေပိုင်းကတည်းက လင်မယားနှစ်ယောက် လှေတစ်စီးဖြင့်ဆင်းလာခဲ့ရင်း ဒူးထောင်ကျွန်းအနီးတွင် ငါးပိုက်တန်းကြလေသည်။ ဒေသအခေါ် ရေသီတန်းသည်ဟု ခေါ်ကြသည်။ ငါးဖမ်းပိုက်ကို တန်းထောင်ကာ အထဲတွင်တော့ ငါးမျှားရန် ငါးစာများထည့်သွင်းကာ ပိုက်တန်းခဲ့ကြခြင်းဖြစ်သည်။

ဦးစံလင်းက လှေဦးပိုင်းမှလှော်ခတ်ကာ ငါးပိုက်တန်းသည်၊ ဒေါ်မာမာဝင်းလည်း လှေပဲ့ပိုင်းမှထိုင်ကာ ငါးပိုက်တန်းကြလေရာ ညသန်းခေါင်နီးသည့်အချိန်မှ ငါးပိုက်တန်းခြင်းပြီးဆုံးသွားလေသည်။ ပိုက်တန်းသို့ တစ်ညလုံးတိုးဝင်သည့်ငါးများကိုစောင့်ရင်း ပိုက်တန်းကိုမနက်မိုးလင်းခါနီးမှ ပြန်ဖော်ခြင်းဖြစ်သည်မို့ လင်မယားနှစ်ယောက် ပိုက်တန်းပြီးသည့်အခါ လှေပေါ်တွင်ပင် အိပ်စက်ကြလေသည်၊ ဒူးထောင်ကျွန်းပေါ်တွင် ငုတ်စိုက်ကာ လှေကိုချည်နှောင်လိုက်ကာ အိပ်ကြရသည်။ ဦးစံလင်းက လှေဦးပိုင်းတွင်အိပ်စက်သလို၊ ဒေါ်မာမာဝင်းကတော့ လှေပဲ့ပိုင်းတွင် အိပ်စက်ကြသည်။ အိပ်စက်နေရင်း အိပ်မပျော် တပျော်အချိန်တွင် ဒူးထောင်ကျွန်းပေါ်တွင် လူခြေသံကိုကြားရသည်၊ လူခြေသံမှာ ရေစပ်တွင် တစွက်စွက်နှင့် သွားလာနေရင်း ရေထဲသို့ဆင်းလာခဲ့လေသည်။

ဦးစံလင်းတွေးသည်မှာ ဒေါ်မာမာဝင်းတစ်ယောက် ငါးဖမ်းပိုက်ဆင်းကြည့်ချင်းဖြစ်မည်ဟုတွေးလိုက်သကဲ့သို့ ဒေါ်မာမာဝင်းမှာလည်း ဦးစံလင်းဖြစ်မည်ဟု တွေးကာ နှစ်ဦးစလုံးဆက်အိပ်နေကြသည်။

ထိုစဉ် လှေပေါ်သို့ လူတစ်ယောက်တက်လာသဖြင့် လှေကငြိမ့်ခနဲဖြစ်သွားလေသည်။ ပဲ့ပိုင်းတွင်အိပ်နေသည့် ဒေါ်မာမာဝင်းက ခေါင်းထောင်ကြည့်kလိုက်ရာ တစ်ကိုယ်လံးမဲနက်နေသည့် သရဲကြီးမှာ ဒေါ်မာမာဝင်းကိုယ်ပေါ်သို့ တက်ခုန်လိုက်ပြီး ဒေါ်မာမာဝင်းနှင့် နပမ်းလုံးတော့သည်။ သရဲမကြောက်တတ်သည့် ဒေါ်မာမာဝင်းမှာလည်း သရဲကြီးနှင့် နပမ်းပြန်ဖက်လုံးကြသည်။ ထိုအခါ လှေဦးတွင်အိပ်နေသည့် ဦးစံလင်းမှာ လှေကယိမ်းထိုးနေသဖြင့် လန့်နိုးသွားသည်။

“ဟဲ့၊ အမာဝင်း၊ နင်အိပ်တာ ငြိမ်ငြိမ်အိပ်စမ်း၊ ဘာဖြစ်နေတာလဲ”

ဦးစံလင်းက ငေါက်ငမ်းလိုက်သော်လည်း လှေမှာငြိမ်သွားဘဲ ပိုမိုလှုပ်ယိမ်းလာလေရာ ဦးစံလင်းက ခေါင်းထောင်ကြည့်လိုက်သည့်အခါမှ မဲနက်နေသည့် သရဲကြီးမှာ ဒေါ်မာမာဝင်းပေါ်မှတက်ကာ လုံးထွေးနေသည်ကိုတွေ့လိုက်ရသည်။

“ဟ၊ သရဲကြီးပါလား”

ဦးစံလင်းလည်း သူ့နံဘေးတွင်ချထားသည့် လှော်တက်ကိုဖြုတ်လိုက်ပြီးနောက် ထိုအကောင်ကြီးအား တဖုန်းဖုန်းနှင့်ရိုက်ခတ်လိုက်သောအခါ ထိုအကောင်ကြီးက ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။

“အမာဝင်း၊ ဘာ . . . ဘာဖြစ်တာလဲ”

“ကျုပ် . . . ကျုပ်ကို သရဲက နပမ်းဖက်လုံးလို့တော့ . . .”

ဦးစံလင်းနှင့် ဒေါ်မာမာဝင်းလည်း ကြောက်လန့်ကာ ငါးပိုက်တန်းများကိုပင် မဖော်တော့ဘဲ ထိုနေရာမှ အလျှင်အမြန်လှော်ခတ်ကာ ထွက်ပြေးခဲ့ကြလေသည်။

(၃)

ကြက်တစ်ကောင်ရွာကြီးတွင် ဒေါ်မာမာဝင်းတစ်ယောက် ဒူးထောင်ကျွန်းတွင် သရဲကြီးနှင့် နပမ်းလုံးခဲ့သည်ဟူသောသတင်းမှာ တောမီးပမာပျံနှံ့သွားလေသည်။ ဒေါ်မာမာဝင်းတို့ လင်မယားလည်း နောက်ဆို ထိုဒူးထောင်ကျွန်းကို မသွားဖို့ဆုံးဖြတ်လိုက်သလို အခြားရွာသား၊ တံငါသည်များမှာလည်း ဒူးထောင်ကျွန်းကို မသွားဝံ့ကြတော့ပေ။

ထိုအဖြစ်အပျက်များဖြစ်ပွားပြီး တစ်လခန့်အကြာတွင် ဒေါ်မာမာဝင်းတစ်ယောက် ရာသီသွေးမပေါ်သဖြင့် လက်သည်နှင့်စမ်းသပ်ရာ ကိုယ်ဝန်ရှိနေပြီမှန်းသိလိုက်ရတော့သည်။

“ထူးဆန်းလိုက်တာ အမာဝင်းရယ်၊ ညည်းလည်း အသက်ပဲ လေးဆယ်ပြည့်ဖို့ တစ်နှစ်လိုတော့တာ၊ အခုမှ ကိုယ်ဝန်ရတယ်လို့”

“အို၊ သားသမီးရတာပဲ ဒေါ်ထွားရယ်၊ ဘာဖြစ်သလဲ”

“သားသမီးကတော့ သားသမီးပေါ့၊ ဒါပေမယ့် နင့်အသက်ကိုလည်းပြန်ကြည့်အုံး၊ နင်တစ်ခုခုဖြစ်ရင် ကလေးရော၊ နင်ရောထိခိုက်မယ်”

ဦးစံလင်းကတော့ ပျော်ရွှင်နေလေသည်။

“ဟုတ်တယ်အမာဝင်း၊ နင်အင်းထဲမဆင်းတော့နဲ့ အိမ်မှာပဲနေ၊ ငါ့ကိုသာ သားကလေးမွေးပေးစမ်းပါ”

ဦးစံလင်းမှာ ကလေးသုံးယောက်မွေးထားသော်လည်း သမီးချည်းသာဖြစ်သဖြင့် သားယောက်ျားလေး လိုချင်သည်မှာ တစ်ပိုင်းသေနေပြီဖြစ်သည်။ ဦးစံလင်းပျော်ရသလို သမီးများကလည်း အလွန်ပျော်ရွှင်ရလေသည်။

သို့နှင့် ကိုးလလွယ်ဆယ်လဖွားဆိုသည့်အတိုင်း မြန်မာသကရာဇ် ၁၃၆၂ ခုနှစ်၊ ကဆုန်လဆန်း (၁၂)ရက်၊ တနင်္လာနေ့၊ မနက် (၁၁) နာရီအချိန် တွင် ဦးစံလင်းတောင့်တထားသည့်အတိုင်း ဒေါ်မာမာဝင်းမှာ သားယောက်ျားကလေးကို ဖွားမြင်လေတော့သည်။ အမများမှာလည်း မောင်လေးရသည့်အတွက် အလွန်ပျော်ရွှင်ကြသည်။ အမအကြီးဆုံး ခိုင်ဝါလွင်မှာပင် အသက်ဆယ့်ငါးနှစ်ခန့်ကျော်နေပြီဖြစ်လေသည်။

တနင်္လာသား သားငယ်ကလေးကို ခန့်ဝေလင်းနောင်ဟု အမည်ပေးလိုက်ကြလေသည်။ ရပ်ရွာမှလူများက ဒေါ်မာမာဝင်း မီးထွက်သည်အထိ ကူညီပေးကြလေသည်။

“ဆန်းတော့ဆန်းတယ် အမာဝင်းရဲ့၊ အခုဆိုရွာထဲက လူတွေက ကောလဟာလတစ်ခုတောင် ပြောနေကြတယ်”

ဦးစံလင်းက သားငယ်ကိုချီပိုးရင်း ပြောဆိုနေလေသည်။

“ဘာတွေပြောလို့လဲ ကိုစံလင်းရဲ့”

“နင့်သားက ဒူးထောင်ကျွန်းက သရဲဝင်စားတာတဲ့ဟ”

“ပေါက်ကရတွေပြောတော့မယ်”

“အေးဟ၊ တစ်နေ့က ဘကြီးထိန်ကပြောတယ်၊ ဒူးထောင်ကျွန်းမှာ ခြောက်နေကျ သရဲကြီး မခြောက်တော့တာကြာပြီတဲ့၊ မှတ်မှတ်ရရဆိုရင် နင်ကိုယ်ဝန်ရကတည်းက အဲဒီကျွန်းမှာ သရဲကြီးမရှိတော့တာတဲ့၊ အဲဒါ သူကတော့ နင့်သားက သရဲဝင်စားတာလို့ ပြောတာပဲ”

“ကြံကြံဖန်ဖန် ကိုစံလင်းရယ်၊ ဟုတ်ပါ့မလား”

ရွာသားအများစုကတော့ ဘကြီးထိန်ပြောသည့်အတိုင်း လက်ခံကြသည်။ သို့နှင့် ခန့်ဝေလင်းနောင်အား ရွာမှလူများက ဘိုးသရဲ၊ ဘိုးသရဲဟု ခေါ်ဆိုကြလေသည်။

(၄)

အချိန်သုံးနှစ်ခန့်ကြာပြီးသည့်အခါ ဦစံလင်းမှာ လည်ချောင်းကင်ဆာရောဂါဖြစ်ပွားလေသည်။ သို့နှင့် ဒေါ်မာမာဝင်းမှာ ယောက်ျားဖြစ်သူအား အနီးကပ်ပြုစုရတော့သည်။ ထိုအခါ အိမ်၏စီးပွားရေးမှာ ပြိုလဲတော့သည်။ နဂိုကတည်းကမှ ချမ်းချမ်းသာသာမဟုတ်သည့် တံငါသည်မိသားစုမှာ ဆေးဖိုး၊ ဓါတ်စာဖိုးများကြောင့် စုဆောင်းထားသမျှကုန်ခမ်းကာ အကြွေးများပင် ပိနေလေတော့သည်။ ထိုအခါ အိမ်၏ စီးပွားရေးမှာ အမအကြီးဆုံး ခိုင်ဝါလွင်၏ ပုခုံးပေါ်သို့ရောက်လာလေသည်။ ခိုင်ဝါလွင်မှာ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး အပျိုကြီးဖားဖားဖြစ်နေပြီဖြစ်သည်။

“အမေ သမီးက တံငါသည်ရဲ့သမီးဆိုတော့ သမီးတံငါလိုက်လုပ်မယ်”

“ဖြစ်ပါ့မလားသမီးရယ်၊ သမီးက အပျိုကလေး၊ တံငါအလုပ်ဆိုတာ ယောက်ျားသားတွေသာလုပ်တဲ့အလုပ်ကွဲ့၊ သမီးတံငါလုပ်ရင်း မတော်တဲ့လူတွေနဲ့တွေ့မှ အမေရင်ကျိုးနေပါအုံးမယ်”

“မတတ်နိုင်ဘူးအမေ၊ လောလောဆယ်တော့သမီးတို့ စားသောက်ဖို့ ငွေလိုတယ်၊ အဖေ့အတွက် ဆေးဝယ်ပေးဖို့ ငွေလိုတယ်၊ သမီးကတော့ တံငါအလုပ်နဲ့ ငွေရှာမယ်လို့ဆုံးဖြတ်လိုက်ပြီ”

ဒေါ်မာမာဝင်းလည်း စိတ်ဓါတ်ခိုင်မာသည့် ခိုင်ဝါလွင်အား တားမရတော့သည်မို့ နောက်ဆုံးခေါင်းညိတ်လိုက်ရသည်။ ဖခင်ဦးစံလင်းမှာလည်း ခိုင်ဝါလွင်ကို တံငါမလုပ်စေချင်သဖြင့် ခေါင်းတခါခါ လည်တစ်ခါခါနှင့်ဖြစ်နေလေသည်။ ခိုင်ဝါလွင်က ညီမအငယ်ဆုံး မူမူလွင်ကိုကြည့်ပြီး

“မူမူလွင် ၊ ညည်းလည်း ကျောင်းထွက်တော့၊ ငါက ငါးရှာပေးမယ်၊ နင်က ငါးတွေကို ရွာထဲပတ်ရောင်း”

မူမူလွင်လည်းခေါင်းညိတ်လေသည်။

“ဟဲ့အလတ်မ၊ နင်ကတော့ စာတော်တယ်၊ ဒီတော့ နင်ကျောင်းမထွက်နဲ့၊ အိမ်မှာအမေ့ကို ကူညီချက်ပြုတ်ရင်း ကျောင်းဆက်တက်ပေါ့၊ နင့်ကျောင်းစရိတ်ကို ငါထောက်မယ်”

အလတ်မ သူဇာလွင်လည်း အမကြီးစီစဉ်သမျှခေါင်းညိတ်ရတော့သည်။ ထိုညနေမှာပင် အဖေ၏ လက်စွဲတော် ပိုက်တန်းများကိုယူလျှက် ဆယ့်နှစ်တောင်လှေကလေးကို ဖြုတ်ရင်း အိမ်ပေါ်မှဆင်းသည့်အခါ သုံးနှစ်အရွယ်ရှိ ဘိုးသရဲက ခိုင်ဝါလွင်အနားသို့ တိုးကပ်လာသည်။

“မမကြီး သားလည်းလိုက်မယ်”

“နင်ကဘာလိုက်လုပ်မှာလဲ၊ အိမ်မှာပဲနေစမ်းပါ မောင်လေးရာ”

“မဟုတ်ဘူးမမကြီး၊ သားလည်းလိုက်ချင်တယ်”

ထိုအခါ ဒေါ်မာမာဝင်းက ဆင်းလာကာ

“အေးဟယ်၊ ကလေးလိုက်ချင်တယ်ဆိုရင်လည်း ခေါ်သွားလိုက်ပေါ့၊ နင်လည်း အဖော်ရတာပေါ့သမီးရယ်”

သို့နှင့် ခိုင်ဝါလွင်လည်း လှေဦးထိပ်တွင် ဘိုးသရဲကိုတင်လိုက်ပြီးနောက် လှေကိုလှော်ခတ်ကာ အိမ်မှထွက်လာခဲ့တော့သည်။ ညနေ နေဝင်ချိန်ရောက်သဖြင့် ကောင်းကင်တွင်ဖြစ်ပေါ်နေသည့် တိမ်စိုင်တိမ်သားများအား ညနေခင်းနေရောင်ခြည်က ထိမှန်ကာ ပုစွန်ဆီရောင်သန်းနေလေသည်။ ခိုင်ဝါလွင်လည်း လှေကိုလှော်ခတ်လာရင်း ငါးပိုက်ချရန်နေရာကို ရှာဖွေနေမိသည်။ ဒူးထောင်ကျွန်းအား ခပ်ရေးရေးမြင်ရသည့် နေရာကိုရောက်သည့်အခါ လှေဦးထိပ်တွင်ထိုင်နေသည့် ဘိုးသရဲက ထိုနေရာသို့ လက်ညှိုးထိုးလိုက်သည်။

“မမကြီး၊ ဟိုးကိုသွားမယ်၊ ဟိုးက သစ်ပင်အုပ်ကြီးကို သွားကြမယ်”

ခိုင်ဝါလွင်လည်း ဘိုးသရဲလက်ညှိုးထိုးသည့်နေရာကိုကြည့်လိုက်ရင်း

“အဲဒီနေရာက ငါးတော့ရပါရဲ့၊ သရဲအရမ်းခြောက်တယ်မောင်လေးရဲ့၊ မမကြီးတို့ တခြားကိုသွားရအောင်”

“သရဲကြောက်မနေပါနဲ့ မမကြီးရယ်၊ သားရှိပါတယ်၊ အဲဒီကိုသွားရအောင်”

ခိုင်ဝါလွင်လည်း သရဲမကြောက်တတ်ပေ၊ ထို့အပြင် ထိုနေရာတွင်လည်း ငါးများများရသည်ဟု အများကဆိုသဖြင့် လှေကို ဒူးထောင်ကျွန်းဘက်သို့ ထိုးကွေ့လိုက်လေသည်။ ဒူးထောင်ကျွန်းအနီးရောက်သည့်အခါ လှေကလေးတစ်စီးက ဒူးထောင်ကျွန်းအနီးမှ ထွက်လာလေသည်။

“ဟဲ့၊ ခိုင်ဝါလွင်၊ ဟာ . .. ဘိုးသရဲ၊ နင်တို့ဒီကိုဘာလာလုပ်ကြတာလဲ”

ဘကြီးထိန်က ပြောဆိုရင်း သူတို့လှေအနီးသို့တိုးကပ်လာလေသည်။

“သမီးတို့ ငါးပိုက်ချမလို့ ဘကြီးထိန်ရဲ့”

“ဟာ၊ ငါးပိုက်ချတယ်ဆိုတာ တစ်ညလုံးချရတာနော်၊ ပြီးတော့ နင်က မိန်းမပျိုကလေးနော်၊ လူရဲ့ရန်ကိုလည်းကြောက်ရတယ်၊ နောက်ပြီးတော့ ဒီနေရာကလည် သရဲခြောက်တယ်မဟုတ်လား”

“သရဲကတော့ ကြောက်မနေပါနဲ့ဗျာ၊ သားသားရှိတယ်၊ သားသားမကြောက်ဘူး”

နောက်ဆုံး ဘကြီးထိန်က ပြောမရသဖြင့် လက်လျှော့ကာ လှေကိုဆက်လက်လှော်ခတ်သွားလေတော့သည်။ ခိုင်ဝါလွင်တို့မောင်နှမလည်း ဒူးထောင်ကျွန်းအနီးသို့ရောက်လာခဲ့သည်။ ရေပြင်အပေါ်သို့ အုပ်ဆိုင်းကျနေသည့် သစ်ပင်ကြီးများအရိပ်ကြောင့် ဒူးထောင်ကျွန်းမှာ ပိုမိုမှောင်မိုက်နေလေသည်။ ခိုင်ဝါလွင်က ငါးဖမ်းပိုက်တန်းရန် နေရာရှာနေစဉ်မှာပင် ဘိုးသရဲက လှေ၏ လက်စတိုင်ဟုခေါ်သည့် တိုင်နေရာတွင်မတ်တပ်ရပ်လိုက်ပြီး

“သူငယ်ချင်းတို့၊ ငါ့အဖေနေမကောင်းဘူးကွ၊ သူ့ကိုဆေးကုဖို့ ငါတို့ပိုက်ဆံများများလိုတယ်၊ ဒီတော့ ငါးကြီးကြီးတွေ ပေးစမ်းကွာ”

ထိုအချိန် လေရူးတစ်ချက်ဝှေ့လိုက်သဖြင့် ခိုင်ဝါလွင်မှာ အလွန်အေးစိမ့်သွားသည်ဟုထင်ရသည်။ ဘိုးသရဲ၏ စကားကိုလည်း ထူးဆန်းနေမိသည်။ သို့သော် ကလေးမို့ စနောက်သည်ဟုယုံမှတ်ပြီး ပိုက်တန်းကိုချရတော့သည်။

ညသန်းခေါင်ရောက်သည့်အခါ သုံးနှစ်ကျော်သာရှိသေးသည့် ဘိုးသရဲမှာ လှေဝမ်းထဲတွင် ကွေးကွေးကလေးအိပ်နေပြီဖြစ်သည်။ အပျိုလေး ခိုင်ဝါလွင်ကတော့ မအိပ်ရဲပေ၊ ပုရိသလူယောက်များ၏ ရန်ကိုကြောက်ရသလို၊ သရဲဘသက် ရန်ကိုလည်း ကြောက်ရသဖြင့် ဓါးကိုလက်နှင့်ကိုင်ကာ တစ်ညလုံးငုတ်တုတ်ထိုင်နေခဲ့ရသည်။ သို့သော် သရဲအခြောက်မခံရသည့်အပြင် ရိုးခနဲ ရိပ်ခနဲပင်မတွေ့ရပေ။

သို့နှင့် မနက်ဝေလီဝေလင်းအချိန်တွင် ပိုက်တန်းများကိုပြန်ဖြုတ်သည်။ ထိုအခါ ပိုက်တန်းများတွင် ငါးရံ့အကောင်ကြီးများ၊ ဖွေးဖွေးလှုပ်နေသည့် ငါးဘတ်ကြီးများကိုတွေ့ရသဖြင့် ဖမ်းဆီးကာ လှေဝမ်းထဲသို့ထည့်လာရသည်။ ယခင်ကထက်စာလျှင် ငါးကြီးငါးကောင်းများရသည်မို့ မောင်နှမနှစ်ယောက် ပျော်ရွှင်စွာဖြင့် အိမ်သို့ပြန်လာခဲ့ကြသည်။

(၅)

ခိုင်ဝါလွင်က နေ့ရောညပါ ငါးဖမ်းချင်သည်။ ခိုင်ဝါလွင်တစ်ယောက် လောဘကြီးသည်ဟုလည်း မဆိုသာပေ၊ အိမ်၏ စားစရိတ်အပြင်၊ အဖေဖြစ်သူ၏ ဆေးဖိုးဝါးခများသာမက အတိုးနှုန်းဖြင့်ချေးယူထားရသည့် အကြွေးများကိုပါ ပြန်ဆပ်ချင်သည်။ ထို့ကြောင့် နေ့ရောညပါ ငါးရှာထွက်ရလေသည်။ ဘိုးသရဲနှင့် ခိုင်ဝါလွင်မှာ တံငါသည်ကြီးများဖြစ်သွားကြတော့သည်။

“မမကြီး၊ ဒူးထောင်ကျွန်းကိုပဲသွားပါ၊ သား ငါးများများရှာပေးမယ်”

“အေးကွာ၊ ဒီနေ့ငါးတွေရတာများလို့ကတော့ ငါ့မောင်လိုချင်တာဝယ်ပေးမယ်”

ဘိုးသရဲက လှေဦးထိပ်တွင်ထိုင်ကာ စဉ်းစားလိုက်ရင်း

“ဒါဆို ပါဝါရိမ်းဂျားအရုပ်ဝယ်ပေးမလား”

“အေးပေါ့ကွ၊ ဝယ်ပေးမှာပေါ့”

သူတို့မောင်နှမနှစ်ယောက် ဒူးထောင်ကျွန်းနှင့် အင်တောင်းရွာသုဿန်အနီးသို့ရောက်လာကြသည်။ ထိုနေရာနှစ်ခုစလုံးမှာ ကျွန်းကြီးများသဖွယ်ဖြစ်နေလေသည်။ အင်တောင်းသုဿန်ကြီးမှာလည်း အုတ်ဂူများဖွေးဖွေးဖြူလျှက် မြေပုံမို့မို့များမှာလည်း ဗရပွဖြစ်နေသည်။ ထုံးစံအတိုင်း ဘိုးသရဲက လှေဦးထိပ်တွင် မတ်တပ်ရပ်လိုက်ပြီး

“သူငယ်ချင်းတို့၊ ဒီနေ့တော့ ငါ့ကို ငါးကြီးငါးကောင်းတွေ၊ များများပေးစမ်းပါကွာ၊ ငါ ပါဝါရိမ်းဂျားအရုပ် လိုချင်လို့ကွ”

ခိုင်ဝါလွင်က ဒူးထောင်ကျွန်းအနီးလှေကပ်လိုက်သည်နှင့် ဘိုးသရဲက ကျွန်းပေါ်သို့ပြေးတက်သွားပြီး ဆော့ကစားနေလေသည်။ ခိုင်ဝါလွင်ကတော့ မနက်တစ်ပိုင်း ငါးပိုက်လိုက်ထောင်ရပြန်သည်။

ခိုင်ဝါလွင်က ငါးပိုက်ထောင်ရင်း ဘိုးသရဲကိုအကဲခတ်မိသည်။ ဘိုးသရဲက တစ်ယောက်တည်းဆော့ကစားနေသည်ဆိုသော်လည်း ကစားပုံမှာ တစ်ယောက်တည်းကစားသည့် ကစားနည်းများမဟုတ်ပေ။ တစ်ခါတစ်ရံ လေထဲကိုလက်သီးနှင့်ထိုးနှက်နေတတ်သည်။ တစ်စုံတစ်ယောက်က ပြေးသဖြင့် သူက လိုက်တမ်း၊ တစ်ဖန် သူကပြေးပြီး တစ်စုံတစ်ယောက်က လိုက်ဖမ်းနေသည့်ဟန်ဖြင့် ဆော့ကစားနေတတ်သည်။

နေ့လည်ထမင်းစားသောက်ပြီး ပိုက်တန်းဖော်သည့်အခါ ငါးတွေမနည်းပေ၊ မနက်ပိုင်းတွင် ငါးအရနည်းသည်ဟု ဆိုကြသော်လည် ယခုတော့ ပိုက်တန်းဆွဲလိုက်တိုင်း၊ ငါးရံ၊ ငါးဘတ်၊ ငါးလုံး များက အထွေးလိုက်အထွေးလိုက် ပါလာကြလေသည်။ ထိုနေ့က အလွန်ထူးခြားသည်ဟုပြောရမည်၊ ယခင်က အဖေတို့ငါးဖမ်းလျှင် စတီးဇလုံကြီးတစ်လုံးစာ ရရန်ပင် တစ်ညလုံးငါးပိုက်ထောင်ရသော်လည်း ယခုတော့ လှေဝမ်းပြည့်လုမျှ ငါးကောင်တွေရပြီး ရသည့်ငါးများမှာလည်း ဈေးကောင်းရသည့် ငါးအကောင်ကြီးများသာဖြစ်သည်။ မောင်နှမနှစ်ဦး ပျော်ရွှင်စွာဖြင့် အိမ်သို့ပြန်လည်လှော်ခတ်လာရာ ဒူးထောင်ကျွန်းအထွက်နားအရောက်တွင် ဘိုးသရဲက အနောက်သို့လှည့်ကြည့်ရင်း

“သူငယ်ချင်းတို့၊ လိုက်မလာနဲ့ ငါပြန်လာခဲ့မယ်”

တစ်ယောက်တည်း စကားပြောနေလေသည်။

“ဪ၊ မင်းတို့က ဗိုက်ဆာလို့လား၊ အေးအေး၊ ငါကျွေးမယ်”

ဘိုးသရဲက လှေဝမ်းထဲမှ ငါးများကိုကောက်ကိုင်လိုက်ပြီး ငါးသုံးလေးကောင်ကို ရေထဲသို့ပစ်ချလိုက်လေသည်။ ခိုင်ဝါလွင်လည်း ဘိုးသရဲလုပ်ပုံကိုကြည့်ရင်း မသိချင်ယောင်ဆောင်ထားရသည်။

“ဟာ၊ ငါးတွေအများကြီးပဲဟေ့”

လှေကပ်သည့်အခါ ကမ်းစပ်တွင်စောင့်နေသည့် ညီမငယ် မူမူလွင်က ပျော်ရွှင်စွာဖြင်ပြောဆိုလေသည်။ မူမူလွင်မှာ ပညာရေးတွင် အကျိုးမပေးသော်လည်း ဈေးရောင်းချရာတွင်တော့ အကျိုးပေးသည်ထင်သည်။ ယခုဆို ငါးရောင်းသူချင်းအတူတူ ရွာထဲမှလူများက မူမူလွင်ထံတွင် ငါးဝယ်စားကြလေသည်။ ထိုနေ့က မူမူလွင်ပင် ရွာတွင်ငါးရောင်းရာပိုလျှံနေသဖြင့် အခြားရွာသို့ပင်သွားရောင်းချရသည်။

“မူမူလွင်ရေ၊ နင်ငါးရောင်းပြီးအပြန်ကျရင် ရွာထိပ်က စတိုးဆိုင်မှာ ပါဝါရိမ်းဂျားအရုပ်တစ်ရုပ်လောက် ဝယ်ပေးစမ်းပါဟာ”

ခိုင်ဝါလွင်နှင့် ဘိုးသရဲတို့မှာ အိမ်တွင်အနားယူကြလေသည်။ ညနေစောင်းလျှင် ညဘက်ငါးရှာရန်အတွက် ထွက်ရဦးမည်ဖြစ်သည်။ မကြာခင် မူမူလွင်က ငါးရောင်းချပြီးပြန်လာခဲ့လေသည်။ ပါဝါရိမ်းဂျားအရုပ်မျှော်နေသည့် ဘိုးသရဲမှာ အိမ်ပေါ်သို့တက်လာသည့် မူမူလွင်ဆီသို့ ပြေးသွားလိုက်သည်။

“မမလေး၊ သားသားမှာလိုက်တဲ့ ပါဝါရိန်းဂျားအရုပ်ရော”

မူမူလွင်က တစ်ချက်မျက်နှာပျက်သွားပြီး

“ဟိုလေ၊ မမလေးလဲ ဝယ်ပေးမလို့ပဲ၊ စတိုးဆိုင်က အဒေါ်ကြီးက မမလေးတို့ယူထားတဲ့အကြွေးတွေကို ဆပ်အုံးလို့ပြောတာနဲ့ အတိုးတွေဖဲ့ဆပ်ခဲ့ရတယ်”

ထိုအခါ ဘိုးသရဲမှာ မျက်ရည်ပေါက်ကြီးငယ်ကျလာပြီးနောက် အိမ်ခန်းထဲသို့ဝင်သွားလေသည်။ လိမ်မာရေးခြားရှိသည့် ဘိုးသရဲမှာ တစ်ခါမှ ငိုကြီးချက်မ မငိုဖူးပေ၊ ငိုချင်သည့်အခါ အိမ်ခန်းထောင့်သို့သွားပြီး ဒူးတုပ်ထိုင်လျှက် တစ်ယောက်တည်း ငိုကြွေးလေ့ရှီသည်။ ညီမငယ် မူမူလွင်၏ လုပ်ရပ်ကိုလည်း အပြစ်မဆိုသာပေ၊ စတိုးဆိုင်တွင် အကြွေးယူထားသည်က များနေသည့်အတွက် အတိုးပြန်ဆပ်မှတော်ကာကျမည်မို့ အမကြီးခိုင်ဝါလွင်တစ်ယောက် အခန်းထဲသို့ဝင်လာခဲ့သည်။

“ဘာမှမငိုပါနဲ့ မောင်လေးရယ်၊ နောက်နေ့တော့ မမကြီးဝယ်ပေးပါ့မယ်”

“မုန်းတယ်၊ မမကြီးတို့ကိုမုန်းတယ်၊ မမကြီးတို့က ကတိမတည်ဘူး၊ ကတိမတည်တဲ့လူကို သားသားမုန်းတယ်”

ငိုယိုနေသည့် ဘိုးသရဲကိုဖက်ထားရင်း ခိုင်ဝါလွင်လည်း မျက်ရည်များစီးကျလာခဲ့သည်။ ထိုညက ငါးပိုက်ထောင်ရန်ထွက်လာသည့်အခါ ဘိုးသရဲတစ်ယောက် မျက်နှာမကောင်းပေ၊ မလိုက်ချင်သော်လည်း သူ့အမကြီး ခိုင်ဝါလွင်ကိုလည်း အဖော်ပြုပေးချင်သဖြင့် လိုက်လာရခြင်းဖြစ်သည်။

မောင်နှမနှစ်ယောက် လှေကိုလှော်ခတ်လာရင်း ဒူးထောင်ကျွန်းအနီးအရောက်တွင် အခြားလှေတစ်စင်းကိုတွေ့လိုက်ရသည်။ ထိုလှေပေါ်တွင် ယောက်ျားသား လေးယောက်စီးနင်းလာပြီး သောက်စားမူးယစ်နေကြဟန်တူသည်။ ခိုင်ဝါလွင်နှင့် ဘိုးသရဲတို့ လှေလှော်လာသည်ကိုတွေ့ရသည့်အခါ ထိုသူများမှာ သူတို့လှေအနီးသို့ လှော်ခတ်လာလေသည်။

“ဟေး ညီမလေး၊ ငါးဖမ်းမလို့လား၊ အကိုကြီးတို့ဝိုင်းကူပေးရမလား”

ထိုယောက်ျားသားများက ပြီတီတီမျက်နှာထားဖြင့် ခိုင်ဝါလွင်အား စနောက်ကြလေသည်။ လူခြေတိတ်ဆိတ်သည့် နေရာဖြစ်သည့်အတွက် ထိုယောက်ျားသားလေးယောက် မကောင်းကြံခဲ့သည်ရှိသော် ခိုင်ဝါလွင် ဘာမှမတတ်နိုင်ပေ၊ သို့နှင့် လှေကိုတစ်ဖက်သို့ပြန်လှည့်လိုက်ရသည်။ ခိုင်ဝါလွင်ထွက်ပြေးတော့မည်မှန်းသိသဖြင့် ထိုလူများကလည်း လှေကိုလှော်ခတ်ကာ လိုက်လာကြသည်။ သို့သော် ခိုင်ဝါလွင်က တစ်ယောက်အားဖြင့်လှော်ခတ်နေခြင်းဖြစ်ပြီး ထိုလူများက နှစ်ယောက်သုံးယောက်ဝိုင်းလှော်ခတ်ကြသဖြင့် မကြာခင်တွင် ခိုင်ဝါလွင်တို့လှေအနီးသို့ တိုးကပ်လာလေသည်။ ငိုယိုနေသည့် ဘိုးသရဲက ခိုင်ဝါလွင်ကိုတစ်ချက်ကြည့်ရင်း

“မမကြီး၊ ဘာဖြစ်တာလဲ”

“ဟိုလူတွေ၊ ဟိုလူတွေက ငါတို့ကိုရန်ပြုမယ့်လူတွေပဲ”

ဘိုးသရဲက ထိုလူများကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း

“ကျောင်းလမ်းရွာက လူမိုက်တွေဖြစ်မယ်မမကြီး၊ မမကြီးကြောက်ရင် သူတို့ကိုသား မောင်းထုတ်ပေးမယ်”

ခိုင်ဝါလွင်ဘာမှမပြောဘဲ လှေကိုလှော်ခတ်နေလိုက်သည်။ တစ်ဖက်လှေက လှေချင်းကပ်လာသောအခါ ဘိုးသရဲက

“ဟေ့လူတွေ၊ သွားကြ၊ ကျုပ်အမက ခင်ဗျားတို့လာတာမကြိုက်ဘူး သွားကြ”

“အောင်မာ၊ ကောင်လေးက အလာသားပဲကွ၊ ဟား . . . ဟား၊ မသွားဘူးဟေ့၊ ငါတို့က မင်းကိုချစ်လို့ မင်းဆီလာတာ”

ဘိုးသရဲကမျက်မှောင်ကြုတ်ရင်း

“သူငယ်ချင်းတို့ရေ၊ ဒီလူတွေလှေကို ခပ်ဝေးဝေးရောက်အောင် ပို့လိုက်စမ်းပါကွာ”

ဘိုးသရဲပြောလိုက်သည့်အခါ ထိုလူများလှော်ခတ်နေသည့်လှေမှာ အရှေ့သို့ဆက်ရွေ့လျားမလာတော့ပေ၊ ခိုင်ဝါလွင်လည်း အလွန်ထူးဆန်းကာ ကြည့်နေမိသည်။ ထိုလူလေးယောက်က မျက်စိပျက်မျက်နှာပျက်နှင့် လှေကိုအားစိုက်လှော်သော်လည်း အရှေ့သို့မရွေ့ပေ၊ ထို့အပြင် တဖြည်းဖြည်းနှင့် ထိုသူများစီးနင်းနေသည့်လှေမှာ နောက်ပြန်ကြီးရွှေ့လျားသွားကာ ရေစီးအားနှင့်မြောသကဲ့သို့ အင်းလယ်ခေါင်သို့ မြောပါသွားလေတော့သည်။ ထိုသူများလည်း ကြောက်လန့်တကြားနှင့် လှေကို အားကုန်လှော်ခတ်ကာ ပြေးကြသည်။

ဘိုးသရဲအဖြစ်ကိုကြည့်ရင်း ခိုင်ဝါလွင် ပါးစပ်ပင်မပိတ်နိုင်တော့အောင် အံ့ဩနေမိသည်။ ဘိုးသရဲကတော့ ငိုမဲ့မဲ့မျက်နှာထားနှင့် ရှိနေသေးသည်။ ထိုညတော့ ငါးပိုက်တန်းများဆက်ထောင်သည်။ ဘိုးသရဲမှာ သိပ်ပြီးရွှင်ရွှင်ပျပျမရှိလှပေ၊ မနက်ဝေလီဝေလင်း ငါးဖော်သည့်အခါ ပိုက်တန်းများတွင် ငါးမတွေ့ရ၊ ငါးရသော်လည်း ငါးဖျင်း၊ ငါးနုပ်ကလေးများသာ ရရှိပြီး အိမ်စားရန်ဟင်းစားပင်မလောက်ပေ၊ ခိုင်ဝါလွင်လည်း ဘိုးသရဲကြောင့်ဟုသိလိုက်ပြီးနောက် ဘိုးသရဲကိုခေါ်ဆောင်လျှက် ရွာသို့ပြန်လာခဲ့သည်။ ငါးယူရန် စောင့်နေသည့် မူမူလွင်ပင် အလွန်အံ့ဩနေမိသည်။

“မမကြီး၊ ငါးမရခဲ့ဘူးလား”

ခိုင်ဝါလွင်က ဘာမှမပြောတော့ဘဲ ဘိုးသရဲကိုလက်ဆွဲကာ ရွာထိပ်သို့ထွက်လာခဲ့သည်။ ရွာထိပ်ရှိစတိုးဆိုင်သို့ ရောက်သောအခါ ဘိုးသရဲလိုချင်သည့် ပါဝါရိမ်းဂျားရုပ်ကိုဝယ်ပေးလိုက်သည့်အခါမှ ဘိုးသရဲမှာ ပြန်လည်ရွှင်မြူးလာလေသည်။ ခိုင်ဝါလွင်လည်း ဘိုးသရဲကိုဖက်လိုက်ရင်း

“နောက်ဆို မောင်လေးလိုချင်တာကို မမကြီး အကုန်ဝယ်ပေးမယ်နော်”

ဘိုးသရဲက ခိုင်ဝါလွင်ကိုပင် ဂရုစိုက်မအားဘဲ အရုပ်ကိုဆော့နေလေသည်။ ခိုင်ဝါလွင်လည်း ဘိုးသရဲ၏ နဖူးကိုနမ်းရှုံ့လိုက်လေသည်။

(၆)

“ဒါဆို ရွာထဲကလူတွေပြောတာ တကယ်ပဲပေါ့”

ခိုင်ဝါလွင်က ဘိုးသရဲ၏ ထူးခြားချက်များကို မိခင်ဖြစ်သူ ဒေါ်မာမာဝင်းအား ပြောပြလေသည်။

“ဒါဆို ကျွတ်ချိန်တန်လို့များ ကျွတ်လာတာလား၊ ဒါမှမဟုတ်၊ လူဝင်စားချင်လို့များ ငါတို့ဆီရောက်လာတာလားမသိဘူးနော် သမီး”

ခိုင်ဝါလွင်က ခေါင်းခါလျှက်

“သမီးတော့ သေချာမသိပါဘူးအမေရာ၊ ဘာပဲပြောပြော မောင်လေးက သမီးတို့နဲ့ရေစက်ရှိလို့ ရောက်လာတာပဲဖြစ်မှာ”

တံငါအလုပ်နှင့် မည်မျှဝင်ငွေကောင်းစေကာမူ ကင်ဆာဆိုသည့် ရောဂါဆိုးကြီးအား အန်တုကုသရန်အတွက် ငွေကြေးမလုံလောက်သဖြင့် တစ်နှစ်ခန့်ကြာမြင့်သည့်အခါ ဦးစံလင်းတစ်ယောက် လည်ချောင်းကင်ဆာရောဂါနှင့် ဆုံးပါးသွားတော့သည်။

ဦးစံလင်း သေဆုံးပြီးသည့်အခါ ဒေါ်မာမာဝင်းက သမီးကြီး ခိုင်ဝါလွင်အား တံငါမလုပ်ခိုင်းတော့ပေ၊ တံငါအလုပ်မှာ အလွန်ပင်ပန်းလှသဖြင့် တစ်နှစ်ခန့်လုပ်ကိုင်ခဲ့သည့် ခိုင်ဝါလွင်မှာ အသားအရေတွေနေလောင်ကာ မဲတူးလျှက်၊ အပျိုရုပ်ပင်မပေါက်တော့ဘဲ တင်းတိပ်များဗရပွနှင့် အဘွားကြီးအိုသဖွယ်ဖြစ်နေလေသည်။

အမေက ရွာထဲတွင် အလုပ်လုပ်သည်။ မူမူလွင်ကလည်း ငါးရောင်းနေရာမှာ ဟင်းသီးဟင်းရွက် ကုန်စိမ်းများရောင်းချကာအဆင်ပြေသဖြင့် ခိုင်ဝါလွင်လည်း တံငါအလုပ်ကို စွန့်လွတ်လိုက်လေတော့သည်။

ယခုဆိုလျှင် ဘိုးသရဲပင် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရနေခဲ့ပြီဖြစ်သည်။ သမီးသုံးယောက်မှာ အိမ်ထောင်ရက်သားကျကာ အလုပ်ကိုယ်စီဖြင့် ကြက်တစ်ကောင်ရွာမှ ထွက်ခွာသွားကြသော်လည်း ဘိုးသရဲမှာတော့ မိခင်ဖြစ်သူ ဒေါ်မာမာဝင်းအား လုပ်ကျွေးလျှက် ဆက်လက်နေထိုင်လျက်ရှိသည်။ ဒေါ်မာမာဝင်းမှာလည်း အတော်ပင်အိုမင်းနေပြီဖြစ်သည်။

ဘိုးသရဲမှာ ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကာ အသက်မွေးသော်လည်း တစ်ခါတစ်ရံငါးစားချင်သည့်အခါမျိုးတွင် လှေတစ်စင်းဖြင့် ထွက်သွားလေ့ရှိသည်။ သူသွားလေ့ရှိသည့်နေရာမှာတော့ သူငယ်ငယ်ကဆော့ကားခဲ့ဖူးသည့် ဒူးထောင်ကျွန်းနေရာသို့ပင်ဖြစ်သည်။

“အမေရေ၊ ကျုပ်တော့ ငါးလေးဘာလေး ဟင်းစားသွားရှာလိုက်အုံးမယ်”

ဘိုးသရဲက ဟင်းစားဟုပြောကာ ငါးရှာထွက်သွားလျှင် ပြန်လာသည့်အခါ အိမ်စားဖို့ပင်ရလေသည်။ တစ်ခါတစ်ရံတော့ ဘိုးသရဲ ဘာစိတ်ကူးပေါက်သည်မသိ၊ ငါးများများရှာလာမည်ဟုပြောလျှင်တော့ အိမ်စားဖို့အပြင် အနီးအပါးသို့ပါ ရောင်းချနိုင်သည်အထိ ငါးများရရှိတတ်လေသည်။

ညနေစောင်းခဲ့ပြီဖြစ်သည်။ အင်းစပ်တွင်တည်ဆောက်ထားသည့် အိမ်ပေါ်မှ ဒေါ်မာမာဝင်းက အင်းရေပြင်ကြီးအား ငေးကြည့်နေမိသည်။ ထိုအခါ ဘိုးသရဲက သူ့မိန်းမနှင့် စကားပြောနေလေသည်။

“ဒီအချိန် ငါးဘတ်ကြီးတွေ အသားတွေတော်တော်ဆူနေမှာပဲ၊ ငါ ဟင်းစား ငါးဘတ်သွားရှာလိုက်အုံးမယ်မိန်းမရေ၊ စပါးလင်ကလေးထောင်းပြီးတော့ ငါးဘတ်မွှေစာရင်းသိပ်ကောင်းမှာကွ”

ဘိုးသရဲကပြောဆိုလိုက်ပြီးနောက် ပိုက်တန်းများကိုဖြုတ်ကာ အိမ်ပေါ်မှဆင်းရန်ပြင်လေသည်။ ထိုအခါ ဒေါ်မာမာဝင်းက

“သားရယ်၊ ဒီအကုသိုလ်အလုပ်တွေကို ဆက်မလုပ်စမ်းပါနဲ့တော့သားရယ်၊ အမေတို့ ဝယ်စားနေနိုင်ပါပြီ ငါ့သားရဲ့”

သို့သော် ဘိုးသရဲကတော့ ခေါင်းမာစမြဲပင်

“အမေရာ၊ ကျုပ်လည်းအခုနေ့တိုင်း ငါးရှာနေတာမှမဟုတ်တာ၊ တစ်ပတ်တစ်ခါတောင် ဆင်းတာမဟုတ်ပါဘူး၊ အခုလည်း အမေ့အကြိုက် ငါးဘတ်သွားရှာမယ်လေဗျာ၊ မမကြီးကပြောဖူးတယ်၊ အဖေနဲ့အမေနဲ့က ငါးဘတ်သိပ်ကြိုက်တာဆိုပဲ၊ ငါးဘတ်ဟင်းချက်ရင် ထမင်းလေးလုံးချက် ပြောင်ရောတဲ့လေ”

ဘိုးသရဲက ပြောဆိုကာ အိမ်အောက်သို့ဆင်းသွားလေသည်။ ဒေါ်မာမာဝင်းလည်း သားဖြစ်သူ ဘိုးသရဲ၏ ကျောကုန်းကိုကြည့်လျှက် အတွေးစများက ခေါင်းထဲသို့ဝင်လာကာ မျက်ရည်များလည်လာပါတော့သည်။

(ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် အမည်၊ နေရပ် များအားလုံး မပြောင်းမလဲဘဲ ရေးသားတင်ဆက်ထားပါသည်။ ဇာတ်လမ်းအ ​ေကြာင်းအရာပြောပြသည်​ အမ ခိုင်ရွှေဝါ အားလည်း အထူးကျေးဇူးတင်ရှိပါသည် – စာရေးသူ)

ပြီးပါပြီ။

ရေးသားသူ-အဂ္ဂဇော်

#crd