အောက်လမ်းဘိုးထင် နှင့် ဒေါင်းယောင်ဆောင်သောကျီး
(၇၅)
အခန်း (၁)
ပေပင်ရွာလူကြီး၏နေအိမ်တွင် ဖြစ်သည်။အိမ်အောက်တန်းလျားတွင် ရွာမှ ရွာလူကြီးနှင့် ရပ်မိရပ်ဖလူကြီးများထိုင်နေကြပြီး သူတို့၏ရှေ့ရှိ မောင်ဘိုးထင်တို့လူငယ်တသိုက်ကို စစ်ဆေးမေးမြန်းနေသည်။
“ကဲ မင်းတို့အဖွဲ့ထဲကအကြီးဆုံးနှစ်ယောက်ကို မေးမယ် နွားသူခိုးကို မင်းတို့ ဘာလို့မမိရတာလဲ”
ရွာလူကြီးမှ ထိုသို့ပြောသောအခါ သားဖြစ်သူဖိုးထွေးသည် မကျေမနပ်ဖြင့် ပြန်ကြည့်လိုက်ပြီး
“အဘတို့ဆိုတာလည်းနော် ကိုယ်တိုင်ကတော့ အဖြစ်မရှိဘူး ရှေ့ကနေ သူခိုးလိုက်ဖမ်းပေးတဲ့သူတွေကိုများ တရားခံစစ် စစ်နေတယ် “
“ဟေ့ကောင် ဖိုးထွေး မင်းက ငါ့သားဆိုပေမဲ့ အလျှော့ပေးမှာမဟုတ်ဘူး”
ရွာလူကြီး၏စကားကြောင့် ဖိုးထွေးအပါအဝင် သူခိုး ခိုးသွားသော နွားနီကိုပြန်ယူပေးခဲ့သော မောင်ဘိုးထင်တို့တစု စိတ်ဆိုးသွားကြပြီးလျှင် ရွာလူကြီးအပါအဝင် ရပ်မိရပ်ဖများကို မကျေမနပ်ဖြင့် ကြည့်ကာ
“အလကားလူတွေ သူခိုးကိုလည်း လိုက်ဖမ်းပေးရသေးတယ် သူခိုးမမိတာနဲ့ ကျုပ်တို့ကို လာအပြစ်တင်နေသေးတယ်”
“အေး ဟုတ်တယ်ကွာ ငါတို့ပြန်ယူလာတဲ့ နွားနီကြီးကို ပြန်လွှတ်ကြရအောင်ဟေ့ “
“ဟုတ်တယ် သူတို့ကတော့ သူခိုးမပြောနဲ့ သူခိုးရဲ့အရိပ်တောင် မြင်အောင်မလိုက်နိုင်ပဲနဲ့ “
“လိုက်နိုင်မလားကွ သူတို့က ဗိုက်ကြီးသည်တွေကိုး ကြည့်ပါလား ရွာတောင်ပိုင်းက ဗိုက်ကြီးသည် အမမိစိန်ဗိုက်တောင် သူတို့ဗိုက်လောက် မကြီးဘူး “
မောင်ဘိုးထင်တို့၏တယောက်တပေါက်ပြောစကားကြောင့် ရွာလူကြီးနှင့်အဖွဲ့သည် မျက်နှာများပျက်သွားကြပြီး အသက် ကြီးသူများရှက်သည့်အခါ ဖြစ်နေကြအတိုင်း မောင်ဘိုးထင်တို့ အဖွဲ့ကိုငေါက်ငမ်း၍ အိမ်ဝိုင်းထဲမှ ထွက်သွားခိုင်းလိုက်ကြပါလေတော့သည် ။
အခန်း (၂)
“ဟေ့ကောင် ချိုးသိန်း အသဲကွဲရင် အရက်နဲ့ပြန်ဆက်လိုက် ဒီအရက်က ညောင်စေးလိုပဲ ကွဲနေတဲ့ အသဲနှစ်ခြမ်းကို စေ့အောင်ကပ်ဖို့ ဒီအရက်ကို သောက်”
“ကိုပန်းချီငိုရာ ခင်ဗျား အရက်သောက်တာက လွန်နေပြီနော် ကိုယ့်ကိုကိုယ် မှန်လည်း ပြန်ကြည့်ဦး”
“ဟေ့ကောင် ငါက မကောင်းတဲ့ကောင်ကွ မကောင်းတဲ့ကောင်က မကောင်းသလိုနေတာ ဘာဖြစ်လဲကွာ “
ရုပ်ဆိုးလှသော ပန်းချီငိုမှာ အရက်သမားလုံးလုံးဖြစ်နေ၍ သာ၍ပင် ရုပ်ဆိုးနေလေ၏။သို့ပေမဲ့ သဘောကောင်းသော အကျင့်သည်ကာ ပျောက်ပျက်မသွားပဲ ညအချိန်မတော် အိမ်သို့ရောက်လာသော ချိုးသိန်းကို ကောင်းမွန့်စွာဧည့်ခံသည် ။ တမှိုင်မှိုင်တတွေတွေဖြစ်နေသော ချိုးသိန်းအား ရည်းစားသနာနှင့် အဆင်မပြေဘူးထင်ကာ နံနက်စောစောစီးစီး အရက်တိုက် နေခြင်းသာ ဖြစ်သည်။နံနက်မိုးလင်း ကိုးပုလင်းဆိုသော စကားနှင့်အညီ ဘယ်အချိန်ကတည်းကပင် ဝယ်ထားမှန်းမသိသောအရက်ပုလင်းများသည် သူ၏အိမ်အောက်စားပွဲတန်းလျားတွင်အပြည့်ဖြစ်သည်။ပန်းချီငိုသည် စားပွဲပေါ်မှ အရက်တပုလင်းကိုယူလိုက်ပြီးလျှင် ချိုးသိန်းအား စကားဆိုလေသည် ။
“ချိုးသိန်း ဒီဟာက ရေအိုးစင်က အရက်၊ဒါက မင်းတို့ပေပင်က၊ဒါကတော့ မြောက်ပြင်က၊ဒီစိမ်းဖန့်ဖန့်ပုလင်းလေးက မြောက်ဘက်ကမ်းက၊ဒါလေးကတော့ တောင်ဘက်ကမ်း ရေအိုးစင်အုပ်စုက အရက်၊ဒီဘက်က ဟာကတော့ တခြားရွာအုပ်စု “
“အရက်အားလုံးက အတူတူပဲ မဟုတ်လား”
“မတူဘူး ချိုးသိန်းရ ငါ ပြောပြပါ့မယ် မင်းတို့ပေပင်ရွာက အရက်က နည်းနည်းပေါ့တယ် ရေရောများတယ်ထင်တယ် “
ပန်းချီငိုသည် အရက်ဋီကာဖွဲ့၍ ချိုးသိန်းအား ပြောပြနေလေရာ စိတ်ညစ်နေသော ချိုးသိန်းခမျာ ခေါင်းအား တဗျင်းဗျင်းကုတ်နေမိသည်။ဧည့်ခံသည်ဆိုရာ၌ အရက်နှင့် ပဲကြီးလှော်သာ ဖြစ်ပြီး တခြားမည်သည့်စားစရာမှ မရှိသည့်အတွက် ချိုးသိန်းတယောက် ဗိုက်ဆာလာပြီဖြစ်သည်။ထို့ကြောင့် အရက်ဋီကာ ချဲ့နေသော ပန်းချီငိုအား ကြားဖြတ်ပြီး ဗိုက်ဆာနေကြောင်း ပြောလိုက်ရတော့သည်။
“ကိုပန်းချီငို ကျုပ် ဗိုက်ဆာတယ်ဗျ”
“မင်းကလည်းကွာ ဗိုက်ဆာလား အရက်သောက် “
“ဗျာ “
“ဗျာ မနေနဲ့ အရက်ဆိုတာ ဗိုက်ဆာတဲ့ဝေဒနာတင် မဟုတ်ဘူး အရာအားလုံး ပျောက်တယ် ကုန်ကုန်ပြောမယ်ကွာ အသက်တောင် ပျောက်တယ် ဟားးးဟားးး”
ပန်းချီငိုသည် သူ့စကားသူသဘောကျကာ တဟားဟားဖြင့်ရယ်မောနေလေသည်။မကြာသောအချိန်တွင်တော့ အိမ်ဝိုင်းထဲသို့ မောင်ဘိုးထင်တို့သူငယ်ချင်းငါးယောက် ဆိုက်ဆိုက် မြိုက်မြိုက်နှင့် ဝင်လာလေသည်။သူတို့ဝင်လာသောအချိန်မှ ချိုးသိန်း၏မျက်နှာ ပြုံးရွှင်သွားလေသည်။ပေတူးသည် လက်ထဲမှကိုင်ထားသော အင်ဖက်ထုတ်ကို စားပွဲပေါ်တင်လိုက်ပြီးလျှင် ချိုးသိန်းအား စကားဆိုလေ၏ ။
“ကဲ ကိုချိုးသိန်း ဗိုက်ဆာနေပြီမလား ဒီက ကိုပန်းချီငိုကို ဦးကဲက ထမင်းလာပို့ပေးပြီး ငေါက်ငမ်းအတင်းကျွေးလို့သာ ထမင်း စားတာဆိုပဲ ကဲ ကဲ စားဗျာ ကောင်ညှင်းပေါင်းနဲ့ အကြော်ယူလာတယ် “
“အေးကွ မင်းတို့ကိုပန်းချီငိုက ဘာမှမကျွေးဘူး ညကတည်း က အခုထိ အရက်ပဲသောက်ခိုင်းနေတာ “
ချိုးသိန်း၏စကားကြောင့် အရက်ခိုးဖြင့်ရီဝေနေသော ပန်းချီငိုသည် သူ့အား အပြစ်ဆိုနေသော ချိုးသိန်းအား ငဲ့စောင်းကြည့်လိုက်ပြီး
“ချိုးသိန်း မင်းကို ငါက ဆေးတိုက်နေတာပါကွ အသဲကွဲရင်ပျောက်တဲ့ဆေး စိတ်ညစ်ရင် ပျောက်တဲ့ဆေး ကိုယ့်အပြစ်တွေကို ပြေအောင်ဖျောက်တဲ့ဆေး အဲ့ဆေးလုံးတော်ကြီးကို ငါက တိုက်နေတာပါကွ “
“အင်းပါဗျာ အင်းပါ “
ချိုးသိန်းသည် မည်သည့်စကားမှထပ်ပြီး မပြောတော့ပဲ အင်ဖက်ဖြင့်ထုတ်ထားသော ကောင်ညှင်းပေါင်းနှင့် အကြော်အား အားရပါးရလွေးနေလေသည်။ထို့နောက် သာအေးသည် အင်ဖက်ဖြင့်ထုတ်ထားသောနောက်ထပ်အထုတ်တထုတ်အား ကိုပန်းချီငိုအရှေ့ ပစ်ချပေးလိုက်ပြီး
“ရော့ ကိုပန်းချီငို ဒီအတိုင်းကြီး သောက်မနေနဲ့ အမြည်းလေးနဲ့သောက် “
“ဟာ ကြက်ကြော်တွေပါလားကွ အရက်ရဲ့အရသာကို ဖျက်ဆီးပစ်မဲ့ ကြက်ကြော်ကို ငါ မစားဘူး ဟေ့ကောင်”
“ခင်ဗျား စားဖို့လိုတယ် သောက်ချည်းသောက်မနေနဲ့ တော်ကြာ သင်္ချိုင်းကို ရောက်နေဦးမယ် “
“ရောက်ပါစေကွာ သေတော့လည်း အေးတာပဲ “
“ခင်ဗျားက သေရင် အေးပြီထင်တာ ခင်ဗျားသေရင် ကျုပ်က ခင်ဗျားကို ခိုင်းစားမှာ ကြည့်ထား “
မောင်ဘိုးထင် ခပ်တည်တည်ဖြင့်ထိုသို့ပြောလိုက်သောအခါ ပန်းချီငိုသည် ရီဝေဝေမျက်နှာဖြင့် မောင်ဘိုးထင်ကိုကြည့်ပြီး
“အေး အဲ့တာဆိုရင်တော့ သေလို့ မဖြစ်သေးဘူးပဲ စားမယ် ငါ စားမယ် ဟေ့ကောင်တွေ ဒီမှာ သေတ္တာသော့ သေတ္တာထဲမှာ ငွေရှိတယ် မင်းတို့ကြိုက်တာ ၀ယ် ကြိုက်ဝာာ ချက် ဒီနေ့ကစပြီး ပန်းချီငို ပြန်စားပြီ သေရင် ဘိုးထင် ငါ့ကိုခိုင်းစားမှာ ဒီကောင်ခိုင်းစားတာတော့ မခံနိုင်ဘူး ဒီတော့ ပန်းချီငို စားပြီ”
မောင်ဘိုးထင်တို့သည် ပန်းချီငို၏လေးလေးပင်ပင်အသံနှင့်ပြောလာသောစကားကြောင့် တယောက်ကိုတယောက်ကြည့်ကာ ပြုံးလိုက်ကြပါလေတော့သည် ။
အခန်း (၃)
မောင်ဘိုးထင်တို့သည် ပန်းချီငို၏အိမ်တွင် ချက်ပြုတ်စားသောက်ကြသည်။ပန်းချီငိုသည်လည်း ထမင်းကို အားရပါးရစားနေသောကြောင့် ထမင်းလာပို့သော ဦးကဲပင် အံ့သြဝမ်းသာ လျက်ရှိသည်။
“ပန်းချီငို မင်းကွာ ငါ ထမင်းလာပို့နေတုန်းကကြ မစားဘူး ဒီကောင်တွေ ချက်ပြုတ်ကျွေးမှပဲ စားနေတယ်ပေါ့”
“မစားလို့ မရဘူး ဆရာကြီးကဲရေ ကျုပ်သေရင် ဟိုကောင်အောက်လမ်းဆရာပေါက်စက ခိုင်းစားမယ်တဲ့ဗျာ “
“သြော် အဲ့လိုလား အေး အေး စား စား မင်းသိတဲ့အတိုင်းနော် ဘိုးထင်က ခိုင်းပဲ စားမှာ ကျွေးမဲ့ကောင် မဟုတ်ဘူး “
“သိတယ်လေ အဲ့တာကြောင့် မသေအောင် ထမင်းစားနေတာပေါ့”
ဦးကဲသည် မောင်ဘိုးထင်တို့နှင့်အတူ ထမင်းစားနေသော ပန်းချီငိုအား ကျေနပ်စွာကြည့်ပြီးနောက် သူ ယူလာသော ထမင်းနှင့် ဟင်းများကိုထားခဲ့ကာ အားလုံးကို နှုတ်ဆက်ပြီး ပြန်သွားကြလေသည်။ထို့နောက် ဘိုးထင်တို့အုပ်စုသည် ထမင်းစားသောက်ပြီးသွား၍ တန်းလျားတွင်ထိုင်ပြီး ချိုးသိန်းအား နွားခိုးရသောကိစ္စ၏အကြောင်းရင်းပြည့်ပြည့်စုံစုံကို မေးလိုက်လေသည်။
“ကဲ ချိုးသိန်း ရွာကလူတွေက သူခိုးမိအောင် မဖမ်းနိုင်ခဲ့လို့ ငါတို့ကိုတောင် မကောင်းမြင်နေတယ်ဗျ မင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အမှန်အတိုင်းသာ ပြောပြ ငါတို့လည်း ကူညီသင့်တာကူညီမှာပေါ့ကွာ “
“အေးပါ သာရရာ ငါ အမှန်အတိုင်းပြောပြပါ့မယ် မင်းတို့တွေက ငါ့ဘဝကို ကယ်တင်ထားတဲ့သူတွေပါကွာ မင်းတို့ကျေးဇူးကို ငါ တသက်မမေ့ပါဘူး”
“ရပါတယ် မင်းအကြောင်းကို ငါတို့အကုန် သိနေတာပဲ မင်းက ငါတို့အပေါင်းအသင်းပါကွာ ရွာကနွားတွေကိုတောင် မင်းကယ်ခဲ့ဘူးတာပဲ မင်းစိတ်နဲ့ မခိုးဘူးဆိုတာ ငါတို့ သိတာပေါ့ “
“ငါကိုက မှားတာပါကွာ ငါ့ဆရာ မင်းနောင်ဆီမှာ အေးအေး ဆေးဆေးအလုပ်လုပ်နေရင် ရတာကို ချိုးထောင်တဲ့ဝါသနာက ငါ့ကို ဒုက္ခပေးသွားတာ “
ချိုးသိန်းသည် စားပွဲခုံပေါ်မှ ရေနွေးကြမ်းတခွက်ကိုသောက်ရင်း သူဖြစ်ခဲ့သောအကြောင်းအရာများကို ပြန်ပြောင်းပြောပြလာပါလေတော့သည် ။
အခန်း (၄)
နှမ်းခင်းကျွတ်များတွင် ချိုးငှက်များသည် အုပ်လိုက်ကျလေ့ရှိသည်။ထိုချိုးများကိုဖမ်းရန်အတွက် ပေပင်ရွာမှ ချိုးသိန်းတယောက် ချေနင်းကိုင်းများ၊ချိုးထောင်သည့် ဂုတ်များကို ယူကာ ပေပင်ရွာမှ ထွက်လာလေသည်။သူသည် သဖန်းပိုးရွာပြင်ရှိ နှမ်းခင်းကျွတ်များဆီသို့ သွားနေသည်။ထို့နောက် သစ်ပင်ရိပ်တွင်ထိုင်ကာ ပါလာသောချိုးထောင်ခြောက်များကို ပြင်ဆင်နေလေသည်။ပြီးစီးသွားသောအခါ သူသည် နှမ်းခင်းကျွတ်ထဲကို ထောင်ခြောက်များ သွားရောက်ထောင်ထားလိုက်သည်။ထို့နောက် ပါလာသော တည်ချိုးကို ကြိူးချည်၍ချထားလိုက်ပြီးလျှင် သူသည်က သစ်ပင်ရိပ်သို့ပြန်လာကာ တရေးတမောအိပ်လိုက်လေသည်။ထိုစဥ်
“ဟယ် ချိုးလေးတွေမိနေတယ်”
မိန်းကလေးတယောက်၏အသံလွင်လွင်ကြောင့် ချိုးသိန်းအိပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး သူ ချိုးထောင်ထားခဲ့သော နှမ်းခင်းကျွတ်နေရာသို့ လှမ်း၍ကြည့်လိုက်ရာ သူနှင့်ရွယ်တူမိန်းကလေးတယောက်သည် သူ ထောင်ထားသော ထောင်ခြောက်မှ ချိုးလေးများကို ဖြုတ်ပေးနေသည် တွေ့လိုက်လေသည်။ထို့ကြောင့် သူသည် စိတ်တိုသွားပြီး
“ဟေ့ ငါထောင်ထားတဲ့ ချိုးတွေကို ဘာလို့ဖြုတ်နေတာလဲ”
ချိုးသိန်း၏စကားကြောင့် မိန်းခလေးသည် လန့်ဖြန့်သွားပြီး ဖြုတ်လက်စချိုးငှက်ကို ကိုင်ထားရင်းက အံ့သြနေလေသည်။ ထို့နောက် ချိုးသိန်းသည် မိန်းကလေးဆီပြေးလွှားသွားလိုက်ပြီး မိန်းကလေးလက်ထဲမှ ငှက်ကို လုယူလိုက်ကာ
“ငှက်သူခိုးမ နင်ငါ့ငှက်တွေကို ခိုးမလို့မလား”
“ရာရာစစ ငါက ငှက်ခိုးစရာလား ငှက်လေးတွေသနားလို့ လွှတ်ပေးမလို့”
“သူခိုးက လူမိသွားလို့ အဲ့စကားပြောတာာမလား “
“နင့်ငှက်လောက်တော့ မပြောနဲ့ ဝက်တကောင်လုံးတောင် ပေါ်စားနိုင်တယ် သိရဲ့လား”
“အေး အဲ့တာဆိုသွားပေါ်လေ ဘာလို့ ငါ့ငှက်တွေ ဖြုတ်ခိုးနေတာလဲ”
“နင့်ကို ငါ ပြောတယ်လေ ငါ မခိုးဘူးလို့ သနားလို့လွှတ်ပေးမလိုပါဆို “
မိန်းကလေးသည် ချိုးသိန်း သူခိုးယိုးစွပ်နေမှုကို မခံသိမခံသာဖြစ်ကာ ငိုမဲ့မဲ့ဖြစ်နေရှာသည်။ထို့အတွက် သူမသည်၏ အသံမှာ ငိုသံပါလာ၍ ချိုးသိန်းတယောက် သနားသွားပြီး
“ကဲ ကဲမခိုးဘူးဆိုလည်း ထားလိုက်တော့ နင်က ဘယ်ရွာကလဲ “
“ဒီသဖန်းပိုကပဲ နင်က တို့ရွာက မဟုတ်ပါဘူး ဘယ်ရွာကလဲ “
“ငါက ပေပင်က “
“နင် ဒီချိုးလေးတွေကို ဘာလုပ်မှာလဲ”
“ဘာလုပ်ရမှာလဲ ကြော်စားမယ်၊ချက်စားမယ် ပိုရင် ရောင်းမှာပေါ့ဟ”
ချိုးသိန်း၏စကားကြောင့် မိန်းကလေးသည် ချိုးလေးများကိုကြည့်ကာ စိတ်မကောင်းဖြစ်လို့နေသည်။ထို့နောက် မိန်းကလေးသည် ချိုးသိန်းကိုကြည့်ကာ
“နင် ဒီငှက်တွေအကုန် ရောင်းပါလား”
“နင်က ဝယ်နိုင်လို့လား “
“ဝယ်နိုင်တာပေါ့ တကောင်ဘယ််လောက်လဲသာ ပြော “
“နင် အကုန်လုံးဝယ်မှာဆိုရင်တော့ တကောင် ငါးကျပ်ပဲပေး”
“ငါးကျပ် မများဘူးလား နင်က အလကားရထားတာကို”
“ဘာအလကားလဲ ဒီအထိ လာရတယ် ပြီးတော့ ငါ့ထောင်ခြောက်တွေက မိုးပေါ်ကကျတာ မဟုတ်ဘူး ငွေနဲ့ ဝယ်ရတာ”
“အေးပါ နင် လွှတ်လိုက်တော့ “
စျေးလည်းတည့်သွားပြီမို့ ချိုးသိန်းသည် ရုန်းကန်နေသောချိုးငှက်ကလေးများကို ထောင်ခြောက်မှ တကောင်ချင်းလွှတ် ပေးနေရင်းက အကောင်အရေအတွက်ကို မှတ်သားလေသည်။
“ကောင်မလေး နင်လည်း မှတ်ထားနော် ပြီးမှ မငြင်းနဲ့ တစ်ကောင်နှစ်ကောင်”
“အေးပါတော် လွှတ်မှာသာ လွှတ်စမ်းပါ”
ချိုးသိန်းသည် သူထောင်ထားသောထောင်ခြောက်မှ ချိုးငှက်ကလေးများကို တကောင်နှစ်ကောင်စသဖြင့် ရေတွက်ပြီးလွှတ်ပေးနေလေရာ ချိုးငှက်ပေါင်းတဆယ့်ငါးကောင်တိတိရှိလေသည်။ချိုးသိန်းသည် နောက်ဆုံးဖြစ်သော ငှက်ကလေးအား လွှတ်ပေးပြီးသည်နှင့် မိန်းကလေးကိုကြည့်လာကာ
“ကဲ အားလုံးတဆယ့်ငါးကောင် တကောင်ကိုငါးကျပ်ဆိုတော့ ဆယ်ကောင်ကိုက ငါးဆယ် ဟိုငါးကောင််က “
“တွက်မနေနဲ့ ခုနှစ်ဆယ့်ငါးကျပ်”
“အေး ဟုတ်တယ် ခုနှစ်ဆယ့်ငါးကျပ်ပေး”
“တောထဲလာတာ ငွေမယူလာခဲ့ဘူး ငါ ပြန်ယူလိုက်ဦမယ် နင်ဒီမှာ စောင့်နေ”
“အမလေး ဒါမျိုးတွေက ရိုးနေပြီ “
“ငါ တကယ်ပြန်လာပေးမယ် “
“မရဘူး “
“ကဲ အဲ့တာဆိုလည်း နင် ငါ့အိမ်ကိုသာ လိုက်ခဲ့တော့”
မိန်းကလေးသည် ထိုသို့ပြောပြီးသည်နှင့်ထွက်သွားရာ ချိုးသိန်းသည်လည်း ပြုံးရယ်ပြီး အနောက်မှ လိုက်သွားပါလေတော့သည်။
အခန်း (၅)
“ဟဲ့ သမီး ဘယ်ကမောင်ရင် ခေါ်လာတာလဲကွယ့် “
“ချိုးထောင်တဲ့ ကောင်ပါ အဘရယ် ချိုးလေးတွေ သနားလို့ သမီး သူ့ဆီကဝယ်ပြီး လွှတ်လိုက်တယ် အဲ့တာ ငွေမပါသွားလို့ သူက ငွေလိုက်ယူတာ “
“အေး အေး ပေးလိုက်ဦး ကဲ မောင်ရင် ဒီမှာ လာထိုင်စောင့် “
ဥပဓိရုပ်ကောင်းကောင်း တိုက်ပုံအဖြူကိုဝတ်ဆင်ထားသော အသက်ငါးဆယ်ကျော်လူကြီးမှ ချိုးသိန်းအား ထိုင်ခိုင်းသည့် အတွက် ချိုးသိန်းလည်း ထိုင်လိုက်သည်။မိန်းခလေးသည်ကား အိမ်ကြီးပေါ်သို့တက်ကာ ငွေ သွားယူနေသည်။အိမ်ရှင်လူကြီးသည် သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ချိုးသိန်းအား ရေနွေးကြမ်းတခွက်ထဲ ရေနွေးထည့်ပြီး ကမ်းပေးလိုက်ကာ
“မောင်ရင်က ဘယ်ရွာကတုန်းကွယ့် “
“ကျုပ်က ပေပင်ရွာကပါ”
“ပေပင်ဟုတ်လား”
လူကြီးသည် ပေပင်ရွာဟုကြားသည်နှင့် မျက်နှာပြုံးရွှင်သွား လေသည်။ထို့နောက် သူသည် သူ၏အမည်ကို စတင်မိတ်ဆက်လာသည် ။
“မောင်ရင် ကျုပ်နာမည်ကိုမှတ် ဦးတက်ခလို့ ခေါ်တယ် မောင်ရင်နဲ့တွေ့တာက ကျုပ်သမီး နှင်းမှုံတဲ့ “
“ဪ ဟုတ်ကဲ့ “
သူတို့စကားပြောနေစဉ် အိမ်ပေါ်သို့ ငွေတက်ယူသော မိန်းကလေးနှင်းမှုံမှ အိမ်အောက်ပြန်ရောက်လာပြီး လက်ထဲတွင်ကိုင်ထားသော ငွေစက္ကူအား ကမ်းလိုက်ပြီး
“ရော့ ကိုအဝှာ ရှင့်ကို ပေးရမဲ့ငွေ”
“ကျုပ်နာမည်က ကိုအဝှာမဟုတ်ဘူး ချိုးသိန်းဗျ ချိုးသိန်း”
“ချိုးသိန်း နာမည်နဲ့ လူနဲ့လည်း လိုက်ပါ့ ကြွ ကြွ”
“ဟဲ့သမီး ဧည့်သည်ကို ဘယ်လိုတွေပြောနေတာလဲ ကဲ ကဲ ဧည့်သည်ကို ထမင်းကျွေးဖို့ လုပ် “
ချိုးသိန်းသည် ဦးတက်ခ၏စကားကြောင့် အံ့အားသင့်နေသ လို နှင်းမှုံသည်လည်း အံ့ဩနေပုံပေါ်လေသည်။ထို့နောက် နှင်းမှုံမှ မကျေမနပ်ပြောမယ်ကြံစဉ် ဦးတက်ခမှ လက်ကာပြလိုက်ပြီး
“သမီး အဘပြောတာကိုပဲ လုပ် “
“ဟုတ်ကဲ့ အဲ့တာဆို သမီး ဟင်းချက်လိုက်ဦးမယ် “
“အေး အေး ဖွယ်ဖွယ်ရာရာလေး လုပ်ကွယ် “
ဖခင်ဖြစ်သူ၏စကားကို မပယ်ရှားသူပီပီ နှင်းမှုံသည်လည်း မည်သည့်စကားမှ မပြောတော့ပဲ မီးဖိုချောင်ဖက်ထွက်သွားလေ သည်။ထို့နောက် အားနာနေသောချိုးသိန်းသည် ဦးတက်ခကိုကြည့်ကာ
“ရတယ် ဦးကြီး ကျုပ် မစားတော့ဘူး”
“မောင်ရင် ဦးကြီးက စေတနာရှိလို့ကျွေးတာ မငြင်းသင့်ဘူးထင်ပါတယ် “
ချိုးသိန်းသည်လည်း သူ့ကို ခပ်တည်တည်ကြည့်၍ ပြောလာသောစကားကြောင့် မည်သည့်စကားမှမဆိုနိုင်တော့ပဲ ဦးတက်ခ၏စကားကိုသာ နားထောင်လိုက်ရပါလေတော့သည်။
အခန်း (၆)
ချိုးသိန်းသည် သဘောကောင်းသောဦးတက်ခ၏နေအိမ်သို့ အမြဲအလည်လာတတ်လေသည်။တနေ့တွင် ဦးတက်ခသည် ချိုးသိန်းအား နှမ်းရိတ်ရာ၌ ကူညီပေးဖို့ရာတောင်းဆိုသဖြင့် ချိုးသိန်းတယောက် မငြင်းသာပဲ ကူညီလိုက်လေသည်။ထို့ကြောင့် ချိုးသိန်းသည် ဦးတက်ခ၏နေအိမ်တွင် နေဖြစ်သွားလေသည်။အစက သဘောထားဆိုးမည်ဟုထင်ထားသော နှင်းမှုံမှာလည်း သူ့အပေါ်တွင် မထင်မှတ်လောက်အောင် စိတ်ကောင်းစိတ်စေတနာရှိလာသဖြင့် ချိုးသိန်းတယောက် နေရထိုင်ရသည်မှာ အဆင်ပြေလွန်းနေပြီး အားနာရသည့်အထိပင် ဖြစ်လာသည်။
“ကိုချိုးသိန်း ဒီနေ့ ဘာဟင်းစားချင်လဲ နှင်းမှုံချက်ကျွေးမယ်”
“ကိုချိုးသိန်းလို့ မခေါ်ပါနဲ့ဗျာ ကျုပ်က အသက်နှစ်ဆယ်တောင် မပြည့်သေးပါဘူး”
“အဲ့တာဆို နှင်းမှုန်နဲ့ အတူတူပါပဲနော် “
“မတူဘူး နှင်းမှုန်က ကျုပ်ထက် အများကြီးနုတယ် “
“အို မဟုတ်တာ “
“ဟုတ်ပါတယ် ဟိုတလောက အလှူမှာ နှင်းမှုံက သိပ်လှတာပဲ ဒါနဲ့ ဦးကြီးရော “
“အဘက နွားတွေတအားဝါသနာပါတာ ရွာလယ်ပိုင်းမှာ နွားမွေးတာ သွားကြည့်တယ် “
“ဟုတ်လား ဦးကြီးက ငွေတော်တော်ရှာနိုင်တယ်ပြောတယ် ဟုတ်လား”
“အဖေက အထက်လမ်းပညာနဲ့ ဆေးလည်း ကုတယ်လေ လူတွေက အတင်းကန်တော့ရင်လည်း သူ့ခမျာ ယူတာပါပဲ “
သူတို့သည် အိမ်ရှေ့ကွပ်ပျစ်တွင်စကားပြောနေရင်းက ချိုးသိန်းမှ နှင်းမှုံအား ငေးကြည့်နေလေသည်။အပျိုလေးနှင်းမှုံမှာ စူးစိုက်ကြည့်နေသောချိုးသိန်း၏အကြည့်ကိုမခံနိုင်ပဲ ရှက်သွေးဖြာနေစဉ် ငှက်ဖမ်းရာ၌ ကျွမ်းကျင်သောသကောင့်သားသည် နှင်းမှုံ၏လက်ကလေးအား သူဖမ်းနေကြ ချိုးနှင့် မှား သည့်အလား လျင်မြန်စွာဆုပ်ကိုင်လိုက်ပြီး
“ကျုပ် ကျုပ် နှင်းမှုံကို ချစ်တယ်ဗျာ”
“အို ကိုချိုးသိန်းကလည်း”
အို ဆိုသောအသံကြားကတည်းက သကောင့်သားချိုးသိန်းသည် အခြေအနေကောင်းပြီဟုတွက်လိုက်ကာ လက်ကလေးမှ တဆင့် ပုခုံးလေးဆီတိုးဖက်လိုက်ကာ သမီးရည်းစားအဆင့်ဆီသို့ တက်လှမ်းလိုက်ကြပါလေတော့သည် ။
အခန်း (၇)
ချိုးသိန်းသည် ယခုနောက်ပိုင်း ပေပင်ရွာသို့မပြန်ဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်သည်။ရွာကလူတွေကိုဖြင့် ချိုးထောင်သွားသည်ဟု ပြောထားခဲ့လေသည်။ယခုလည်း ချိုးသိန်းသည် နှင်းမှုံနှင့်အတူ အိမ်တွင် လွတ်လွတ်လပ်လပ်ရှိနေလေသည်။ သို့ပေမဲ့ လွန်လွန်ကြုးကြူးတော့ မဖြစ်ပေ။ဤသို့ဖြင့် တနေ့သောညနေတွင် ဦးတက်ခသည် ထန်းရည်နှင့်အရက်များအပြင် အမျိုးစုံလှသော အမြည်းများကို အိမ်သို့ယူလာပြီးလျှင် အိမ်ပေါ်၌ပြင်ဆင်လိုက်ပြီး ချိုးသိန်းကို ပြုစုလေသည်။
“ကဲ မောင်ရင် မင်းနဲ့ငါတို့နဲ့ဆိုတာ မိသားစုလိုဖြစ်နေပြီ နှမ်းခါဖို့အတွက်ပဲ အကူညီတောင်းတာ မင်းက ထယ်ရေးတွေပြီးအောင်တောင် ထိုးပေးခဲ့တယ်ဆိုတော့ ကျေးဇူးက များပြီ ထိုက်သင့်တဲ့အဖိုးအခလည်း ပေးမယ် ဦးကြီးတို့ဧည့်ခံတာလေးလည်း လက်ခံပါကွာ “
“ဟာ မဟုတ်တာ ကျုပ် အဖိုးအခမယူပါဘူး”
“ယူရမယ်ကွာ “
“မယူပါရစေနဲ့ ခင်ဗျာ ခုလိုကျွေးမွေးထားတာနဲ့တင် အတော်ကိုပြည့်စုံနေပါပြီ”
“မဟုတ်သေးပါဘူးကွ ဦးကြီး မတရားလုပ်သလိုဖြစ်နေမှာပေါ့”
“မဖြစ်ပါဘူးခင်ဗျာ”
ချိုးသိန်း၏စိတ်ထဲတွင်တော့ တနေ့ ငါ့ဥစ္စာတွေပဲ ဖြစ်လာမှာ အလကားလုပ်ပေးရမှာပေါ့ ဟူ၍သာတွေးနေမိသည် ။သူအကြိမ်ကြိမ်အခါအခါငြင်းသောအခါ ဦးတက်ခသည် ထန်းရည်များကို ခွက်ထဲလောင်းထည့်လိုက်ပြီး
“မယူဘူးဆိုရင်လည်း ဦးကြီးဧည့်ခံတာလေးတော့ မငြင်းရဘူးနော် “
“ဟုတ်ကဲ့ပါ ဦးကြီးက ဧည့်ခံတာဆိုတော့လည်း ကျုပ်က သောက်ရမှာပေါ့ “
ချိုးသိန်းသည် ဦးတက်ခငှဲ့ပေးသော ထန်းရည်နှင့် အရက်များကို သောက်နေလေရာ နှစ်ပင်လိမ်သွားသောကြောင့် မကြာခင်မှာပင် အတော်မူးလာပြီဖြစ်သည်။ထို့နောက် လမ်းလျှောက်ရန်ပင် မတတ်နိုင်သည်အထိမူးလာရာ ဦးတက်ခမှ သူ၏ပုခုံးကိုပုတ်ပြီး စကားဆိုလေသည်။
“ကဲ မောင်ရင် ဒီည အိမ်အောက်မှာ မအိပ်နဲ့ အိမ်ပေါ်မှာသာ အိပ်ပေတော့ ဦးကြီးက ဆေးကုစရာရှိသေးလို့ သွားလိုက်ဦးမယ် နောက်ကျမယ်ကွယ့်”
“ဟုတ်ကဲ့ သွားစရာရှိတာ သွားပါ ဦးကြီး”
ချိုးသိန်းသည် ခေါင်းကိုပင်မထူနိုင်တော့ပဲ နောက်သို့ လှဲချလိုက်သည်။သူ၏နားထဲတွင်တော့ အိမ်အောက်သို့ဆင်းသွားသော ဦးတက်ခ၏ခြေသံသဲ့သဲ့ကိုသာ နောက်ဆုံးကြားလိုက်ရပါလေတော့သည်။
အခန်း (၈)
“အဟင့် အဟင့် “
မိန်းကလေးတယောက်၏ငိုသံသဲ့သဲ့ကြောင့် ချိုးသိန်း အိပ်နေရာမှနိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။သူ၏မျက်လုံးထဲတွင် အိမ်ခေါင်မိုးကိုအရင်မြင်လိုက်ရပြီး ဘေးဘီဝဲရာကိုလှည့်ကြည့်လိုက်သောအခါ ဆီမီးခွက်အလင်းရောင်အောက်တွင် တရှုံ့ရှုံငိုကျွေးနေသည့် သူ၏ချစ်လှစွာသောချစ်သူ နှင်းမှုံအား တွေ့လိုက်ရသည်။ချိုးသိန်းတယောက် မျက်လုံးများပြာဝေသွားပြီး ထထိုင်လိုက်ချိန် အိမ်ခန်းအတွင်းသို့ ဒေါသတကြီးဝင်လာသော ဦးတက်ခကြောင့် ပို၍လန့်ဖျန့်သွားရသည်။ဦးတက်ခသည် သူ့အား အင်္ကျီဂုတ်မှဆွဲပြီး အိမ်ခန်းအပြင်သို့ဆွဲခေါ်သွားကာ အသံခပ်အုပ်အုပ်နှင့် စကားဆိုလေသည်။
“မင်းကို ငါကတော့ ယုံကြည်လိုက်ရတာ အခု မင်းက”
“ဗျာ ကျုပ် ဘာလုပ်မိလို့လဲဗျာ “
“ဟိတ်ကောင် မင်း မင်းတော့နော် ဘာလဲ မင်းက ငါ့သမီးကို တာဝန်မယူချင်လို့လား ပြောစမ်း”
“မဟုတ်ပါဘူး ခင်ဗျာ ကျုပ် ဦးကြီးသမီးနဲ့ မေတ္တာမျှနေတာပါ ကျုပ် တာဝန်ယူပါမယ်”
“အေး ပြီးရော မင်းပေါက်ကရလုပ်လို့ကတော့ တက်ခတဲ့ကွ မင်း သေမယ်သာ အောက်မေ့တော့ လက်သည်မပေါ်ပဲ အသက်ပျောက်မယ်မှတ်”
ချိုးသိန်းသည် တခါမှပင်မမြင်ဖူးသော ဦးတက်ခ၏ ကြောက်မက်ဖွယ်ရာဟန်ပန်ကြောင့် ကြက်သီးထသွားသည် ။ ထို့နောက် သူသည် အိမ်ခန်းထဲသို့ပြန်သွားကာ နှင်းမှုံအား သူ လက်ထပ်ယူမည့်အကြောင်းပြောပြီး ပုခုံးလေးကိုဖက်လိုက်စဉ် နှင်းမှုံတယောက် အဖက်မခံပဲ စိတ်ဆိုးဟန်ဖြင့် အိမ်ပေါ်မှ ပြေးဆင်းသွားပါတော့သည်။သူ နောက်မှလိုက်ပြေးသွားမည်ကြံစဉ် ဦးတက်ခမှ တားလိုက်ပြီး
“ဟေ့ကောင် မင်းသောက်ခွက်ကြီးသွားပြမနေနဲ့ဦး ငါ့သမီးက ဒီထက်ကျယ်ကျယ်အော်ငိုရင် အကုန်လုံးသောက်ရှက်တွေ ကွဲကုန်မယ် “
“ကျုပ် ကျုပ် ဘာလုပ်ရမှာလဲ “
“မင်းက ဘာလုပ်ချင်သေးလို့လဲ”
“ကျုပ်က ဦးကြီးသမီးကို တာဝန်ယူရမှာလေဗျာ အဲ့တော့ သူ့အနားလေး”
“တောက် ဒီကောင်တော့ ပြောရဆိုရခက်လိုက်တာ ဒီမှာပဲ ဆက်နေ မနက်မှ ငါ အစီအစဉ်ပြောမယ် “
“ဟုတ် ဟုတ်ကဲ့ “
ချိုးသိန်းလည်း ဦးတက်ခပြောသည့်အတိုင်း အိမ်ဦးခန်းတွင်သာ ကွေးကွေးလေးပြန်အိပ်လိုက်ရပါလေတော့သည်။
အခန်း (၉)
“ကဲ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီ ငါ ဒေါသနဲ့ မဖြေရှင်းတာပဲ မင်း ကံကောင်းတယ် မှတ်”
“ကျေးဇူးတင်ပါတယ် ဦးကြီးရယ် “
“အေး အဲ့တော့ မင်းငါ့သမီးကိုယူရမယ်ကွ”
“ယူမှာပါ ဦးကြီး ဘယ်နေ့ယူရမလဲ ခင်ဗျ”
“မင်းမေကြီးတော် ငါ့သမီးကိုများ လယ်ထဲမှာပေါက်တဲ့ လယ်ပတူရွက်အောက်မေ့နေလား”
“အဲ့ အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူးခင်ဗျာ”
ချိုးသိန်း၏ စကားပြောအမှားကို ဦးတက်ခမှ မကျေမနပ် ပြန်တုန့်ပြန်လာခြင်း ဖြစ်သည်။ထို့နောက် ဦးတက်ခသည် သူ၏ရှေ့တွင် မျက်နှာငယ်လေးနှင့်ထိုင်နေသော ချိုးသိန်းအား စူးစိုက်ကြည့်ကာ
“ကောင်လေး မင်းငါ့သမီးကို တင့်တောင်းတင့်တယ်တောင်း ရမ်းရလိမ့်မယ် “
“ဗျာ ကျုပ် ကျုပ်ပိုင်တာဆိုလို့ ချိုးထောင်တဲ့ ထောင်ခြောက်တွေပဲ ရှိတာပါခင်ဗျာ “
“မရဘူး မင်းငါ့သမီးကို လယ်ငါးဧက နွားသုံးရှဉ်းနဲ့ တောင်းရလိမ့်မယ် “
“ဗျာ ကျုပ် ကျုပ် ဘယ်လိုလုပ်ရမလဲဗျာ “
“မင်း တောင်းရင်တောင်း မတောင်းရင် မင်းကို အသေသတ်မယ် “
ကောင်းကောင်းမွန်မွန်စကားဆိုနေရင်းမှ ရုတ်ချည်းဆိုသလို မျက်နှာထားတင်းမာလာသော ဦးတက်ခကိုကြည့်ကာ ချိုးသိန်းကြောက်ရွံလာလေသည်။ထိုကြောင့် ထိုင်နေရာမှ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလိုက်ကာ
“ကျုပ်ကို သတ်လည်းခံရမှာပဲ “
ဦးတက်ခသည် ချိုးသိန်းကိုကြည့်ပြီး တချက်ပြုံးလိုက်သည် ။ထို့နောက် ချောင်းတချက်ဟမ့်လိုက်ကာ
“ကောင်လေး မင်းကို ငါ သနားလာပြီကွာ အဲ့တော့ အခွင့်အရေးတခု ပေးမယ် ငါခိုင်းတာကို အောင်မြင်အောင် လုပ်နိုင်ရင် မင်းကို ငါ့သမီးနဲ့ ကြီးကြီးကျယ်ကျယ်မင်္ဂလာ ဆောင်ပေးမယ်ကွာ “
မျှော်လင့်ချက်ရောင်ချည်သန်းလာပြီဖြစ်သောကြောင့် ချိုးသိန်း ဦးတက်ခကိုကြည့်ကာ
“ဦးကြီးခိုင်းချင်တာသာ ခိုင်းဗျာ ကျုပ် လုပ်ပေးမယ် သေရင်လည်း သေပါစေ”
“အဲ့လောက်ကြီးမလိုပါဘူးကွာ လာ ငါ ပြောပြမယ် “
ဦးတက်ခသည် လက်အုပ်ချီထိုင်နေသော ချိုးသိန်းကို ခေါ်လိုက်ပြီး သူအနီးတွင်ထိုင်ခိုင်းလိုက်ကာ အသံခပ်အုပ်အုပ်ဖြင့် စကားဆိုလာလေသည်။
“ကောင်လေး မင်း ငါ့ကို မင်းတို့ရွာက အကောင်းဆုံးနွားဆယ်ကောင် ခိုးပေး”
“ဗျာ “
“ဘာလဲ မင်း မခိုးပေးနိုင်ဘူးလား”
“မ မဟုတ်ပါဘူး ကျုပ်က ဆယ်ကောင်လုံး တရွာတည်းမှာ ခိုးရမှာဆိုတော့ လူမိမှာပေါ့ဗျ”
“အဲ့ဒီအတွက်တော့ မင်းမပူနဲ့ ခိုးပေးမှာလားသာ ပြော “
“ကျုပ်မှာ ရွေးချယ်စရာဘာရှိသေးလို့လဲဗျာ “
ဦးတက်ခသည် ကျေနပ်စွာပြုံးလိုက်ပြီးလျှင် ချိုးသိန်းကို အိမ်ပေါ်ခေါ်သွားလိုက်သည်။ထို့နောက် ကျွန်းသေတ္တာအမဲကြီးတလုံးထဲမှ စုတ်တံများထုတ်ကာ စားပွဲဝိုင်းပေါ်မှ ပွဲများထိုးပြီးနောက် ချိုးသိန်း၏ကျောပြင်၊ရင်ဘတ်နှင့် ပေါင်များတွင် အစီအရင်များ စတင်ထိုးပေးလိုက်ပါလေတော့သည် ။
အခန်း (၁၀)
“အဲ့တာပဲပါကွာ ငါလည်း သူခိုင်းတဲ့အတိုင်း ရွာထဲဝင် နွားတွေကို နဖားကြိုးကကိုင်ပြီး လူကိုစကားပြောသလို အမိန့်ပေးလိုက်တယ် ပြီးတာနဲ့ နွားတွေကိုတက်စီးပြီး တကောင်ပြီးတကောင်ခိုးနေတာပေါ့ကွာ “
“နေပါဦး ခိုးထားတဲ့နွားတွေ ဘယ်မှာသွားထားလဲ “
“ညတွင်းချင်းပဲ တောအုပ်တခုဆီကို ပို့ရတာကွ အဲ့ဒီနေရာကို ငါ သိတယ် ငါသွားပို့ရင် ဦးတက်ခကြီးက တခြားနေရာဆွဲသွားရော “
“နွားတွေကို နွားသတ်ကုန်းကိုတော့ပို့တာ မဟုတ်လောက်ပါဘူးနော် “
“အဲ့တာတော့ မဟုတ်ဘူးကွ ဒီလူကြီးက တော်တော်နွားချစ်တာကွ ဝယ်နိုင်ရဲ့သားနဲ့ ခိုးခိုင်းတာ ငါ့ဖြင့် နားကိုမလည်ပါဘူးကွာ “
ချိုးသိန်းမှ မောင်ဘိုးထင်တို့အား သူကြုံတွေ့ခဲ့ရသော အကြောင်းစုံ ပြောပြနေခြင်းဖြစ်သည်။ထို့နောက် မောင်ဘိုးထင် သည် ချိုးသိန်းကိုကြည့်ကာ
“ကဲ ကိုချိုးသိန်း ဘာမှမပူနဲ့ ခင်ဗျားရဲ့ယောက္ခမလောင်းကြီး နဲ့ ထိပ်တိုက်တွေ့ကြတာပေါ့ဗျာ “
“မင်းတို့သဘောပါပဲကွာ”
ဤသို့ဖြင့် မောင်ဘိုးထိုင်တို့သည် ဦးတက်ခအား မည်သို့ မည်ပုံရင်ဆိုင်ကြမည်ကို ဆွေးနွေးတိုင်ပင်နေကြပါလေတော့ သည် ။
အောင်လမ်းဘိုးထင်နှင့် ဒေါင်းယောင်ဆောင်သောကျီး သည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် နွားခိုးကြီး တက်ခ အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
မောင်တင်ဆန်း